အခန်း (၂၅၃-၂၅၅)
Vol. 17 Ch. 253-255
အခန်း (၂၅၃) စွမ်းအား (က)
လျို့ဟယ်တာအို စည်းတံဆိပ်က ပြန့်ကားလာပြီးနောက် ကျုံ့သွားလေ၏။
ကျင့်ကြံသူများသည် ၎င်းကြောင့် နောက်ဆုတ်သွားရသည်။ ထိုအရာကို မြင်တွေ့ပြီး မြေပြင်ပေါ်ရှိ ကျင့်ကြံသူများအားလုံး ထိတ်လန့်သွားကြလေ၏။ သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်း၏ခွန်အားကြောင့် မှင်တက်ရန် အချိန်မရှိလိုက်ဘဲ သူတို့က တတ်နိုင်သမျှ ပဒုမ္မာစင်မြင့်ကနေ ထွက်သွားနိုင်အောင် အရာအားလုံး ပြုလုပ်နေကြသည်။ ပဒုမ္မာစင်မြင့်နားတစ်ဝိုက်ရှိ မြင့်မားသော တိုင်များသည် အနက်ရောင်ချိန်းကြိုးများကဲ့သို့ စွမ်းအင်များဖြင့် လွှမ်းခြုံခံလိုက်ရ၏။ ယင်းက သူတို့ကို မလွတ်မြောက်နိုင်အောင် တားနေပုံပေါ်သည်။ သူတို့က အင်မတန်ကြီးမားသည့် လှောင်ချိုင့်ကြီးထဲ ပိတ်မိနေပုံရ၏။ ဟွားဝူတောက်သည် တောက်ပနေသည့် အနက်ရောင်စွမ်းအင် ချိန်းကြိုးများကို ကြည့်ပြီးပြောလိုက်တော့၏။
“စိတ်မပူနဲ့ မျှော်နန်းသခင် ကျုပ်ဒီမှာ ရှိနေသရွေ့ ရထားလုံးပျံရဲ့ ဘေးကင်းမှုကို အာမခံနိုင်တယ်”
လုကျိုးက ခေါင်းညိတ်လိုက်လေ၏။ ဟွားဝူတောက်၏ခွန်အားနှင့် ကျင့်ကြံဆင့်ဖြင့် ဟွားဝူတောက်က ရထားလုံးပျံကို ကာကွယ်ဖို့က ပြဿနာတစ်ရပ် မဟုတ်ပေ။ ပြိုင်ဘက်က ခမ်းနားသော ပြသမှုဖြစ်နေသော်ငြား အားနည်းသော ရုပ်သေးများကို ထိန်းချုပ်ရန် စုန်းအတတ်သာ အသုံးပြုနေတာ ဖြစ်သည်။ မိစ္ဆာဝေဟင်မျှော်နန်းကို မလွယ်ကူတာ သိသာနေ၏။ သူ အနားတစ်ဝိုက်တွင် ရှိနေလေရာ လော့ရှင်းခုံ၏ ခန္ဓာကိုယ်မှတစ်ပါး မည်သည့်အရာကိုမျှ သတိမပြုမိခဲ့ပေ။ ကျင့်ကြံဆင့်မြင့်မားသည့် လော့ရှင်းခုံသည် သူ့ကိုယ်သူ စတေးပြီး များပြားသည့် စွမ်းအင်များ ကမ်းလှမ်းခဲ့၏။ သွမ့်မုရှန်း၊ မင်ရှစ်ရင်နှင့် ရှောင်ယွမ်အာတို့က ရုပ်သေးများစွာ ထုတ်လိုက်ကြသည်။ မြေပြင်ပေါ်၌ ထွက်ပြေးနေသည့် အဆင့်နိမ့် ကျင့်ကြံသူများအတွက်မူ သူတို့က သတ်ဖြတ်ခံရမှာကို စောင့်နေသည့်သူများနှင့် တူနေ၏။ သူတို့ ပြုလုပ်နိုင်သည့်တစ်ခုတည်းသောအရာက တိုက်ခိုက်မှုများကို ကြိုးစားရှောင်တိမ်းခြင်းသာ ဖြစ်သည်။ ကံကောင်းသည်မှာ ကျင့်ကြံသူများစွာက ပိုပြီး ပြန်ကန်ခံနေရ၏။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို သေမျိုးများနှင့် ယှဉ်လျှင် ပိုပြီး ပြန်ကန်နိုင်စွမ်း ရှိသည်။
ဘီး..
အနက်ရောင်ချိန်းကြိုးများက အက်ကွဲလာပြီး လျှပ်စီးကြောင်းများက သူတို့ဆီသို့ တိုးဝင်လာ၏။ သူတို့၏ မျက်နှာပြင်တွင် အပြာရင့်ရင့် အလင်းတစ်ခု ပေါ်လာလေသည်။ ဟွားဝူတောက်က တအံ့တဩ ပြောလိုက်၏။
“သူတို့တွေက တစ်ချက်တည်းနဲ့ အားလုံးကို သတ်ဖို့ ကြိုးစားနေတာ ရက်စက်လိုက်တာ”
မှော်ပညာမန္တာန်ဖြင့် ထိန်းချုပ်ခံထားရသည့် သေလွန်ပြီးသော ကျင့်ကြံသူများက လုကျိုး၏ တပည့်သုံးယောက်ဆီ သူရူးများပမာ ဆက်လက်တိုက်ခိုက်နေကြ၏။ ရုပ်သေးများထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။
“မင်း ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”
လုကျိုးက သူ့တပည့်ဘေးကင်းမှုကို စိုးရိမ်ပူပန်မှု မရှိပေ။ ရုပ်သေးများသည် ရံဖန်ရံခါ၌ တိမ်ခွင်းရထားလုံးကိုလည်း တိုက်ခိုက်ကြ၏။ သို့သော်ငြား မည်သူကမျှ လျို့ဟယ်တာအိုစည်းကို မဖြိုဖျက်နိုင်ချေ။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျောင်းရွဲ့က ရုတ်တရက် အော်ပြောလိုက်၏။ သူမက ပဲ့ထိန်းနေသောကြောင့် အကောင်းဆုံး မြင်ကွင်းရထားလေ၏။ အနက်ရောင်စွမ်းအင်ချိန်းကြိုးများ ဆက်သွားသည့်နေရာ၌ ဖြတ်ခနဲ တစ်စုံတစ်ခု ပေါ်လာတာကို မြင်လိုက်ရ၏။
“စွမ်းအင်ဆုံမှတ်.. အဲဒါက တစ်ချိန်တည်းမှာ အသန်မာဆုံးနဲ့ အားအနည်းဆုံး ဖြစ်တဲ့ စွမ်းအားရှိတဲ့နေရာပဲ”
လုကျိုးက ပြောလိုက်၏။
ဟွားဝူတောက်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် တစ်ဖက်လူက ကျုပ်တို့အားလုံးကို အဲဒီစွမ်းအားနဲ့ ဖျက်ဆီးဖို့ ရည်ရွယ်ထားတာ”
“တကယ်ကြီး အဲလောက် အစွမ်းထက်တယ်လား”
ကျောင်းရွဲ့သည် ရုပ်သေးများက သိပ်မသန်မာကြောင်း မြင်နိုင်၏။
“စုန်းအတတ်အကြောင်း ကြောက်ဖို့ကောင်းတဲ့အရာက သူ့ခွန်အား မဟုတ်ဘဲ လူတစ်ယောက်ရဲ့စိတ်စွမ်းအားနဲ့ ခန္ဓာကိုယ်ယိုယွင်းစေတာကြောင့်ပဲ”
“အခု ဘာလုပ်သင့်လဲ”
ဘီး..
အနက်ရောင်ချိန်းကြိုးများ အက်ကွဲသံက ပိုကျယ်လောင်လာသည်။ ဟွားဝူတောက်က သက်ပြင်းချပြီး ပြောလိုက်တော့၏။
“ဗုဒ္ဓမဟာသမာဓိဓာရနီ၊ တာအိုနှလုံးသားသန့်စင်ခြင်း သုတ်တော်၊ ကွန်ဖြူးရှပ်ချဲ့ထွင်ခြင်း ကောင်းကင်စွမ်းအင်တို့ပဲ ဒါကို ဖိနှိပ်နိုင်တာ။ ယင်ဂိုဏ်းက တာအိုရင်းမြစ်တွေ ရှိပေမဲ့ လျို့ဟယ်တာအိုကိုပဲ ကျွန်တော် လေ့လာခဲ့ရတာ သုတ်တော်တွေအကြောင်း တစ်ခါမှ မလေ့လာဖူးဘူး အခု တကယ် နောင်တရနေပြီ”
ဗုဒ္ဓ၊ တောက်နှင့် ကွန်ဖြူးရှပ် ကျောင်းတော်များသည် ကျောင်းခွဲများစွာ ခွဲထား၏။ အရာအားလုံးကို ကျွမ်းကျင်ဖို့က မဖြစ်နိုင်ပေ။ ကျောင်းရွဲ့သည် ရှေ့ရှိမြင်ကွင်းကို လေ့လာပြီးနောက် ရထားလုံးပျံကို ကူညီပေးနေသည့် အမျိုးသမီး ကျင့်ကြံသူများကို ပြောလိုက်သည်။
“မကြောက်ကြနဲ့ ရှစ်စွင်း ဒီမှာ ရှိနေတော့ ငါတို့ စုန်းအတတ်ကို ကြောက်နေဖို့ မလိုဘူး”
လုကျိုး၏ အမူအရာက မပြောင်းလဲသွားပေ။ သို့သော် သူ့ဘာသာသူ တစ်ယောက်တည်း တွေးလိုက်တော့၏။
‘ငါ ဂါထာရွတ်ဆိုသူကို မမြင်ရရင် ဘာမှမလုပ်နိုင်ဘူးလေ။
သူနဲ့အတူသာဆို အဲဒီလူကို ဖမ်းဖို့က ဖြစ်နိုင်လောက်မလား’
ဘီး..
အနက်ရောင်စွမ်းအင် ချိန်းကြိုးများ၏ အက်ကွဲသံက ယခင်ကထက် ပိုတောင် ကျယ်လောင်လာ၏။
မြေပြင်ပေါ်ရှိ အဆင့်နိမ့် ကျင့်ကြံသူများက ယင်းကို သတိပြုမိပုံပေါ်သည်။ သူတို့က ယခုအချိန်တွင် မဟာအန္တရာယ်အငွေ့အသက်ကို ခံစားမိလာ၏။ သူတို့က အဆုံးမရှိ ရုပ်သေးများကို ဟန့်တားရန် အုပ်စုဖွဲ့လိုက်ကြသည်။ ထိုစဉ် ချိန်းကြိုးများ ဆုံသည့် အမှတ်က တောက်ပလာတော့၏။ အားလုံး၏ အာရုံစိုက်မှုက ထိုအရာဆီ ရောက်သွားလေ၏။ အလင်းတန်းပမာ တောက်ပလွန်းလှပြီး သူတို့မျက်စိကို ကျိန်းစေသည်။ ရုတ်တရက် ရုပ်သေးများ ရွေ့လျားတာ ရပ်တန့်သွားတော့၏။ သူတို့က တောင့်တောင့်ကြီး ရပ်နေကြလေသည်။ အနက်ရောင်အငွေ့များက မြင့်တက်လာ၏။ အနက်ရောင်အရိပ်တစ်ရိပ်က စွမ်းအင်ကို ဖြတ်ကျော်လျက် လေထဲ၌ မိုးခြိမ်းပြီး ဖိအားပေးနိုင်သော ဟိန်းသံရှည်၌ နေတစ်စင်းပမာ တောက်ပနေလေသည်။
ဝါး..
“ဒီခြင်္သေ့ရဲ့ဟိန်းသံက အသံစနစ်ပဲ ဒါက မဟာနတ်ဆရာမဟုတ်ဘူးလား”
ဟွားဝူတောက်က သူ၏ကိုးပါးဖြတ်တောက်ခြင်း လျို့ဟယ်တာအိုစည်းကို ချက်ချင်း အသက်သွင်းလိုက်လေ၏။
ကြီးမားသည့် အက္ခရာကိုးလုံးက ရွှေရောင်ရောင်ခြည် ဖြာထွက်မှုဖြင့် တောက်ပလာပြီး အသံလှိုင်းကို ပိတ်ဆို့လိုက်၏။
မင်ရှစ်ရင်နှင့် သွမ့်မုရှန်းတို့က သူတို့၏ကာကွယ်ရေးစွမ်းအင်များကို အသက်သွင်းပြီး တိုင်များနား ရောက်သည်အထိ နောက်ဆုတ်လိုက်၏။ တစ်ဖက်တွင်မူ ရှောင်ယွမ်အာက သက်ရောက်မှုမရှိပုံရသည်။ သူမ၏ တိမ်ယံငှက်မွေးဝတ်စုံက ခပ်ဖျော့ဖျော့ တောက်ပလာပြီး အသံနည်းစနစ်ကို လျစ်လျူရှုထား၏။
မင်ရှစ်ရင်က ရှောင်ယွမ်အာကို ကြည့်နေစဉ် အားကျမှုများ ပြည့်နေတော့၏။ ယေဘူယျအားဖြင့် ဤအဆင့်ရှိ လက်ရွေးစင်တစ်ယောက်သည် အသံနည်းစနစ်တစ်ခုတည်းဖြင့် ရပ်တန့်သွားမှာ မဟုတ်ပေ။ သို့သော် ပုံရိပ်က မည်သည့်နည်းမနစ်ကိုမျှ ထပ်ပြီး မထုတ်ဖော်တော့ပေ။ လုကျိုးက စိတ်မပါလက်မပါ ပြောလိုက်၏။
“အဲဒါ လူသားမဟုတ်ဘူး”
ထိုပုံရိပ်ကို ကြည့်လိုက်သည့်အချိန်၌ ထိုပုံရိပ်က လူဖြစ်ကြောင်း အကြံပြုသည့်စနစ်ကနေ မည်သည့်အချက်အလက်ကိုမျှ မတွေ့ရပေ။ တာ့ရင်၏ နေရာအနှံ့၌ ဆန်းကျယ်ပြီး ထူးဆန်းသော သားရဲများ မြူတောအုပ်နှင့် ယုန်ပေ့တွင် တွေ့နိုင်၏။ လူသားအားလုံးက တောရိုင်းသတ္တာဝါများ၏ စွယ်စုံကျမ်း ရှိနေသော်ငြား မည်သူကမျှ တစ်မိုးအောက်၌ ထိုစွယ်စုံကျမ်းထဲတွင် သားရဲအားလုံး ပါဝင်မည်ဟု မပြောရဲချေ။
“အဲဒါက လူသား မဟုတ်ဘူးလား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျောင်းရွဲ့ ဇဝေဇဝါ ဖြစ်သွား၏။
“လူသား မဟုတ်ရင်တောင် ပါးလျတဲ့လေထဲမှာ သရုပ်သကန် မပြနိုင်ဘူး မဟုတ်လား”
လုကျိုးက အလင်းလုံးထဲရှိ အရပ်ကို ကြည့်ပြီး ပြောလိုက်၏။
“အဲဒါက စိတ်အာရုံမြင်ကွင်းပဲ”
ဟွားဝူတောက်က ခေါင်းညိတ်လိုက်၏။
“စုန်းအတတ်တစ်မျိုး ဂါထာရွတ်ဆိုသူက သေချာပေါက် ရှားပါးတဲ့ ပါရမီရှင် ကျင့်ကြံသူ ဆိုတာပဲ”
ပဒုမ္မာစင်မြင့်ပေါ်ရှိ စတေးခြင်းနှင့် အစီအရင်ကမ်းလှမ်းမှုတို့က မြင့်မားသည့် ထောက်တိုင် ကိုးခုကို အသုံးပြုထားပြီး ထိန်းချုပ်မှုက ပြီးပြည့်စုံ၏။ ယင်းက နောက်ကွယ်မှ ကြိုးကိုင်သူသည် ပါရမီရှင်ဖြစ်ကြောင်း ပြသနေ၏။ အရိပ်၏ နက်ရှိုင်းသော အသံသည် လူတိုင်း၏နားထဲ မြည်ဟီးသွားသည်။ ပုံရိပ်က ဖြည်းဖြည်းချင်း စကားပြောလာပြီး သူ့အသံက တိုးတိုးသက်သာ ဖြစ်နေကာ ရေအောက်ကနေ ဖြတ်လာသည့်အသံပမာ ဖြစ်နေ၏။
“မင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့သခင်လား”
လုကျိုးက ပြန်ပြောလိုက်သည်။
“ခင်ဗျားဘယ်သူလဲ”
အရိပ်က မေးခွန်းကို မဖြေပေ။ ထိုအစား၊
“ဒီအစီအရင်ကို မင်း ဖြိုခွင်းနိုင်မယ်လို့ မျှော်လင့်တယ်”
သာမန်တိုက်ပွဲတစ်ပွဲသာဆိုလျှင် ကျင့်ကြံသူများက စုန်းဂါထာသုံးရန်အတွက် အချိန်သိပ်ရှိကြမှာ မဟုတ်ပေ။ စုန်းအတတ်က အစွမ်းထက်သော်ငြား ၎င်း၏ဟာကွက်က သိသာလွန်းပေ၏။ ရွတ်ဆိုရန်အတွက် အလွန်ရှည်ညောင်းသည့် ကြာချိန်ကို လိုအပ်သည်။ သို့သော်ငြား ရွတ်ဆိုတာ အောင်မြင်သွားသည်နှင့် အင်မတန် ကြောက်မက်ဖွယ် ကောင်းလာ၏။ စွမ်းအင်ချိန်းကြိုးက စတင်လှုပ်ခါလာပြီး ဆူညံသံများက ယခုအချိန်တွင် ထွက်ပေါ်လာတော့သည်။
အရိပ်က ယုံကြည်ချက်ရှိရှိ ပြောလိုက်တော့၏။
“ကြည့်ရတာ ဒီနေ့ တာ့ရန်ရဲ့ အကြီးမြတ်ဆုံး လက်ရွေးစင်ကို အနိုင်ယူနိုင်တော့မဲ့ပုံပဲ”
စွမ်းအင်လှိုင်းများစွာက ရထားလုံးပျံဆီသို့ ပျံဝဲလာသည်။
“သူတို့ကို ပိတ်ဆို့ထားလိုက်မယ်”
သွမ့်မုရှန်း၊ မင်ရှစ်ရင်နှင့် ရှောင်ယွမ်အာတို့က တစ်ချိန်တည်းတွင် လှုပ်ရှားကြ၏။ ရုပ်သေးများက လှုပ်ရှားလာပြီး သုံးယောက်ကို ထိန်းထားလေ၏။ သူတို့က ရွေးချယ်စရာ မရှိဘဲ ရုပ်သေးများကို ဖြေရှင်းရတော့သည်။
ဝင်လာသည့် စွမ်းအင်လုံးများကို ရင်ဆိုင်ပြီး လုကျိုးက သူတို့ဆီ ထိပ်တိုက်ပျံသန်းသွားသည်။
“မျှော်နန်းသခင်..”
“ရှစ်စွင်း..”
“လောင်ချန်ပေ့..”
အရိပ်က အထိတ်တလန့် ထုတ်ပြောလိုက်၏။
“ဘာ..”
အရာအားလုံးကို တိတ်ဆိတ်စေသည့် စွမ်းအင်ကို ရရှိရန် စိတ်တည်ငြိမ်မှုနှင့် သမာဓိကို ထိန်းထားရမည်။
လုကျိုးက ရထားလုံးပျံထဲမှ ထွက်လာသည်နှင့် ကောင်းကင်ကျိန်စာ၏ ထူးကဲစွမ်းအင်က သူဆန္ဒရှိသလို ထည့်သွင်းလာနိုင်၏။ သူ့ခန္ဓာကိုယ်ကလည်း ယခုအချိန်၌ အပြာဖျော့ဖျော့ အလင်းဖြင့် တောက်ပလာပုံရကာ သူ၏ခြေထောက်အောက်၌ မိုးပြာကြာပေါ်လာပြီးနောက် သူ့ကို ရှေ့သို့ သယ်သွားလေ၏။
“ဒါက..”
…
အခန်း (၂၅၃) စွမ်းအား (ခ)
ဟွားဝူတောက်က အတွေ့အကြုံများပြီး ဗဟုသုတကြွယ်ဝသော်ငြား သူသည် ထိုမြင်ကွင်းကြောင့် ဝေခွဲမရ ဖြစ်နေသေးသည်။
သူတို့ရဲ့ကြာပန်းကို သိသာပေါ်လွင်စေပြီး စိတ်ဝိညာဉ်သဏ္ဌာန်ကို မပေါ်လွင်စေအောင်လုပ်တာ ဘယ်သူများလုပ်နိုင်လဲ။
ထိုမိုးပြာရောင်ကြာပန်းကို မြင်တွေ့ရတာ ဒုတိယအကြိမ်ဖြစ်သည်။ ၎င်းကို ပထမဆုံးမြင်တွေ့သည်က လုကျိုးတံခါးပိတ်ကျင့်ကြံနေသည့်အချိန်တွင်ဖြစ်သည်။ မိုးပြာရောင်ကြာ၏စွမ်းအားက ပေါ်ထွက် လာသည့် အချိန်၌ ကိုးပါးဖြတ်တောက်မှုကို ချက်ချင်းဖြိုခွဲသွားသည်။ ၎င်းကို ထပ်မြင်ရသည့်အချိန်၌ သူမည်ကဲ့သို့မထိတ်လန့်ဘဲနေမည်နည်း။
“ဒါက အရံအတားရဲ့စွမ်းအားလား” ယင်းက သူတွေးမိသည့်တစ်ခုတည်းသော ဖြေရှင်းချက် ဖြစ်သည်။
ခရမ်းရောင်စွမ်းအင်တစ်ဒါဇင်ခန့်က လုကျိုးဆီသို့ဦးတည်လာကြသည်။ သို့သော် သူတို့အားလုံးကို မိုးပြာရောင်ကြာပန်းနှင့် အလင်းက ဟန့်တားခံလိုက်ရ၏။
အလင်းနှင့် အရိပ်ကဲ့သို့ပင် နေရာအနှံ့စိမ့်ဝင်ပျံ့နှံ့သွားပြီး သမာဓိရှိနေသေးဆဲဖြစ်သည်။
အရိပ်က အနည်းငယ်လှုံ့ဆော်ခံလိုက်ရပုံပေါ်ကာ အမိန့်ပေးလိုက်၏။ “သူ့ကိုတား”
ရုပ်သေးများက ကောင်းကင်ထဲသို့ ချက်ချင်းပျံတက်သွားပြီး လုကျိုးကို တဟုန်ထိုး ဝင်ရောက် တိုက်ခိုက်တော့သည်။ ဟွားဝူတောက်က ထိုအရာကိုမြင်တွေ့သည့်အချိန်၌ လျှို့ဝှက်ခန်းပေါက်ကွဲပြီး မိုးပြာရောင်ကြာပန်းဖူးပွင့်လာသည့်အချိန်က ကြောက်မက်ဖွယ်ကောင်းသည့် တန်ပြန်သက်ရောက်မှု ကို သူခန့်မှန်းပြီးပြီဖြစ်သည်။
ရှောင်ယွမ်အာ၊ မင်ရှစ်ရင်၊ ကျောင်းယွဲ့နှင့်တွမ့်မူရှန်း ၏ အာရုံစိုက်မှုက သူတို့ရှစ်စွင်း၏ ခြေဖဝါးအောက်ရှိ မိုးပြာရောင်ကြာပန်းဆီတွင်သာရှိနေသည်။
အနက်ရောင်စွမ်းအင်ချိန်းကြိုးများဆုံမှတ်၏ တောက်ပမှုက ယိုစိမ့်ထွက်လာသည်။ တောက်ပမှုက အမြင့်ဆုံးဖြစ်သည်။
ရုပ်သေးတစ်ဒါဇင်ခန့်က လုကျိုးကို ဝင်ရောက်တိုက်ခိုက်ကြစဉ် မိုးပြာရောင်ကြာပန်းက ဖူးပွင့်လာ၏။ ပွင့်ချပ်များက မကားလာဘဲ စွမ်းအင်တစ်ခုသည် မဟာလှိုင်းသဖွယ်ပတ်ဝန်းကျင်နဲ့ ဂယက်ရိုက်သွား၏။ ယင်းက သန္ဓေပြောင်းသည့်စွမ်းအားဖြစ်သည်။ အသံတိတ်စွမ်းအားပဲ။ ရုပ်သေးများအားလုံး မြေပြင်ပေါ်လဲပြိုကျကုန်ပြီး ချက်ချင်းပင် ဖျက်စီးခံလိုက်ရ၏။
အလင်းလုံးထဲရှိ အရိပ်ကကြောက်လန့်ပြီးတုန်ယင်နေသောအသံဖြင့် ပြောလိုက်၏။
“ဒီ ဒီစွမ်းအားက” သူပြောတာ မပြီးသေးခင် ကန့်လန့်ဖြတ်နေရာသည် မိုးပြာကြာပန်းကြောင့် လွှမ်းမိုးခံလိုက်ရပြီး ပျောက်ကွယ်သွားတော့၏။
အနက်ရောင်စွမ်းအင်ချိန်းကြိုးများကလည်း ဖန်ကဲ့သို့ ကွဲကြေကုန်၏။ တစ်ချိန်ထဲတွင် အပြာရောင်အလင်းသည် ပဒုမ္မာစင်မြင့်ပေါ်၌ တောက်ပလာပြီး အနက်ရောင်စွမ်းအင်ကို ဘာမှမရှိတော့သည်အထိ မှိန်ဖျော့သွားစေ၏။
လုကျိုးသည် အောက်ရှိအခြေအနေကို ငုံ့မကြည့်ပေ။ ထိုအစားသူက ရှေ့သို့သာကြည့်နေတာ ဖြစ်သည်။ ခဏအကြာတွင်သူက စနစ်မှမည်သည့်အချက်ပေးသံကိုမှမကြားရသေးပေ။
အပြာရောင်ကြာပန်း၏အလင်းက တဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး တိတ်ဆိတ်မှုက ပဒုမ္မာစင်မြင့်ထက်ကျရောက်လာလေ၏။
ဒီစွမ်းအားက တစ်ချက်တည်းနဲ့ကြီးမြတ်တဲ့နတ်ဆရာကို သတ်ဖို့မလုံလောက်သေးဘူးလား။ လုကျိုးက ဟွားဝူတောက်နှင့်ကျန်သည့်သူများသည် လျှို့ဝှက်အခန်းထဲ၌ ဒဏ်ရာအသေးစား ရခဲ့တာကို မှတ်မိလိုက်၏။ သို့သော်ငြား ထိုစဉ်ကသူ၏စွမ်းအားသည် ယခုလောက်မပြင်းထန်ပေ။ ယခုအခေါက်တွင် သူက ရှိသလောက်အကုန်သုံးခဲ့တာဖြစ်၏။ နတ်ဆရာက အသတ်ခံရသင့်သည်။
ထိုစဉ် လုကျိုးက သူ၏ကနဦးချီအများစုလျော့ပါးသွားတာကို ရုတ်တရက်အာရုံခံမိလိုက်သည်။
ဟမ် နေပါဦး။ လေထဲမှာ နေနေတာ သောက် မကျနဲ့လေ။ ဒီမှာလူအုပ်ကြီးရှိနေတာဟ။ ငါ ကျလို့မရဘူးလေ။
လုကျိုးက ပတ်ဝန်းကျင်ကို စစ်ဆေးရန်အတွက် လက်နောက်ပစ်ထားလျက် ပတ်ဝန်းကျင်ကို ဖြေးဖြေးချင်းလှည့်ကြည့်လိုက်သည်။ ဟမ် ကျန်တဲ့သူတွေဘယ်မှာတုန်း။
မင်ရှစ်ရင်က ခြေထောက်ခွဲထားလျက် တိုင်ကိုမှီထားရ၏။ တွမ့်မူရှန်းကမူ မြေပြင်ပေါ် နယ်ရှင်လှံကို စိုက်ထားပြီး၎င်းကို ထိန်းကိုင်ထားရ၏။ တိမ်ယံငှက်မွှေးဝတ်စုံဖြင့် ရှောင်ယွမ်အာကတောင် ကြောက်လွန်းသောကြောင့်တိုင်နောက်၌ပုန်းနေလေ၏။
ရထားလုံးပျံ လုကျိုးက မျက်မှောင်ကျုံ့သွားသည်။ ရထားလုံးပျံက အခြေနေကောင်းပုံမရပေ။ ယင်းက ယိုင်တိယိုင်တိုင်ဖြစ်နေပြီး ၎င်းပေါ်၌ အက်ရာအနည်းငယ်ရှိလာသည်။
ဟွားဝူတောက်က ပဲ့နား၌ ဒူးတစ်ဖက်ထောက်ထားလေ၏။ သူကပဲ့ကိုလက်တစ်ဖက်ဖြင့် ကိုင်ထား ပြီး ကျန်တစ်ဖက်ဖြင့် လျှို့ဟယ်တာအိုစည်းတံဆိပ်ကို ထိန်းထားလေ၏။ သူ၏ မျက်နှာ၌ ချွေးများပျံနေတော့သည်။
လုကျိုးက ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရ၏။
ဒီကျင့်စဉ်က ရန်သူနဲ့မိတ်ဆွေမခွဲခြားဘူးပဲ။ သူက ငုံ့ကြည့်လိုက်၏။ တစ်ဖက်တွင်အဆင့်နိမ့် ကျင့်ကြံသူများက မသက်ရောက်ပေ။ သူတို့အားလုံးက ကြာပန်းချပ်များထဲ၌ ပုန်းနေပြီး သက်ရောက်မှုကြောင့် သိပ်မထိခိုက်ပေ။
ယခုအချိန်တွင် ကိစ္စများက တည်ငြိမ်သွားပုံရသောအခါ သူတို့ကပုန်းနေရာမှထွက်လာပြီး ကောင်းကင်ကိုမော့ကြည့်လိုက်၏။ သူတို့က လေထဲတွင်ဖာသိဖာသာ ပျံဝဲနေသည့် မိစ္ဆာဝေဟင် မျှော်နန်း၏ သခင်ကိုတွေ့လိုက်ရ၏။
“ကယ်တင်ပေးတာအတွက် ကျေးဇူးတင်ပါတယ်။ ဂိုဏ်းချုပ်”
“ကယ်တင်ပေးတာအတွက် ကျေးဇူးတင်ပါတယ်။ မျှော်နန်းသခင်”
လူအုပ်ကြီးက တညီတညွတ်တည်း ဒူးထောက်လိုက်ကြ၏။
“တင်း လူနှစ်ရာနှစ်ဆယ့်ငါးယောက်ဆီမှ စစ်မှန်သည့်ချီးကျူးမှုရရှိပါသည်။ ကုသိုလ်မှတ် နှစ်ထောင့်နှစ်ရာ့ငါးဆယ်”
ယင်းက ဘာမှမရတာထက်ပိုကောင်း၏။ လုကျိုးက ယင်းကို နတ်ဆရာအားဖြေရှင်းပေးရသည့် လျော်ကြေးအနေဖြင့်သတ်မှတ်လိုက်၏။ နောက်ဆုံးတွင်သူက ဒူးထောက်နေသော လူအုပ်ကြီးကို ကြည့်ပြီး အင်္ကျီလက်တစ်ချက်ခါကာပြောလိုက်၏။ “ဟုတ်ပြီ။ ထွက်သွားကြ”
လူအုပ်ကြီးက တွေဝေမနေဘဲ လူစုခွဲသွားကာ ဤထူးဆန်းသည့်နေရာမှ ထွက်သွားကြကုန်၏။ “ကျေးဇူးတင်ပါတယ်”
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ဂိုဏ်းချုပ်က ပစ်မှုအားလုံးကို ကျူးလွန်နေတဲ့သူလို့ ဘယ်သူကပြောတာလဲ။ ဒီနေ့က စပြီး ဂိုဏ်းချုပ်က ငါ အလေးစားဆုံးပုဂ္ဂိုလ်ပဲ”
တပည့်များသည် ထိုစကားကြောင့် မှင်သက်သွား၏။ ရုတ်တရက် ပဒုမ္မာစင်မြင့်၏တိုင်များထဲရှိ စင်မြင့်တစ်ခုထဲမှ ပေါက်ကွဲသံကြားလိုက်ရ၏။ ထူးဆန်းလိုက်လေခြင်း။
လုကျိုးက အသံလာရဖက်ကိုလှည့်ကြည့်လိုက်လေ၏။
“ရထားလုံးပျံလား” ငရဲဂိုဏ်း၏ ရထားလုံးပျံက ယိမ်းယိုင်ပြီး ဒယိမ်းဒယိုင်ဖြစ်ကာ လွင့်ထွက်သွား၏။
“ရှစ်စွင်း ငရဲဂိုဏ်းရဲ့ ရထားလုံးပျံကရှစ်စွင်းရဲ့ခွန်အားကြောင့် ထိသွားတာပါ” တွမ့်မူရှန်းက အမြန်လှုပ်ရှား၏။ နှစ်လှမ်းခန့်ဖြင့် သူက လေထဲခုန်တက်လိုက်သည်။
လုကျိုးက စကားမပြောပေ။ သူ၏လက်ရှိအခြေအနေတွင် သူက လိုက်ဖို့မဖြစ်နိုင်ပေ။
နောက်ထပ်မျှော်နန်းနားရှိ သစ်ပင်တစ်ပင်နောက်တွင်ဖြစ်သည်။
စီးဝူယာ့က မျက်မှောင်ကျုံ့လိုက်လေ၏။ သူ၏မျက်လုံးထဲမယုံနိုင်မှုများဖြင့်ပြည့်နေသည်။ သူက လက်ဆစ်များ ဖြူရော်သွားသည်အထိလက်သီးကျစ်ကျစ်ဆုပ်လိုက်၏။ ဒါက အရံအတားရဲ့ စွမ်းအားလား။ ထင်တဲ့အတိုင်းပဲ ရှစ်စွင်းက အရံအတားရဲ့စွမ်းအားတွေ စုပ်ယူထားတာကိုး။"
“ဂိုဏ်းချုပ် လောင်ချန်းပေ့က သန်မာသေးတာပဲ။ ဖြောင့်မတ်ခြင်းလမ်းစဉ်က အုပ်စုတွေက ဒီနေရာက ထွက်သွားပြီ။ ဒါက ဂိုဏ်းချုပ်လိုချင်တဲ့ရလဒ်မဟုတ်ဘူးလား”
“မဟုတ်ဘူး” စီးဝူယာ့က လက်မြှောက်ကာပြောလိုက်၏။ "ဆန့်ကျင်ဖက်ပဲ။ အရံအတားရဲ့စွမ်းအင် လျော့သွားပြီဆိုတာနဲ့ ဒါဆိုဘာဆက်ဖြစ်မလဲ”
“နားလည်ပါပြီ။ ဖြောင့်မတ်ခြင်းလမ်းစဉ်ကလူတွေရဲ့ လှုပ်ရှားမှုကို ထောက်လှမ်းဖို့ လူတစ်ယောာက် ပို့ထားလိုက်ပါ့မယ်။
ပဒုမ္မာစင်မြင့်ပေါ်ရှိလုကျိုးက တိမ်ခွင်းရထားလုံးဆီသို့ဖြေးဖြေးချင်းရွေ့သွားလေ၏။ အပြင်ပန်း တွင်တော့သူက ပြီးပြည့်စုံသည့်အခြေအနေတွင်ရှိပုံရသည်။ သူက “ပဲ့ထိန်းဦး”
မင်ရှစ်ရင်က ခုန်တက်ပြီး ရထားလုံးပျံ၏ ပဲ့ကိုင်ကို လွှဲလိုက်လေ၏။ ပဲ့ကိုင်လက်ကိုင်ကို လှည့်လိုက်လေ၏။ သူက အချိန်ဖြုန်းမနေတော့ဘဲ ရထားလုံးပျံကိုထိန်းရန် သူ၏ကနဦးချီကို သွင်းလိုက်သည်။
ဟွားဝူတောက်က စိတ်သက်ရာရပြီး အသက်ရှူထုတ်လိုက်လေ၏။ သူ၏လက်ဖဝါးကို ပဲ့ကနေဖယ်လိုက်ပြီး ဘာမှမပြောတော့ဘဲ လုကျိုးကို လက်သီးဆုပ်မိုးပြလိုက်၏။ ဟွားယွဲ့ရှင်း၏ မျက်နှာတွင်လည်းရိုကျိုးသည့် အမူအရာရှိနေသည်။ သူမသာ ၎င်းကိုကိုယ်တိုင်မမြင်တွေ့ခဲ့လျှင် မိစ္ဆာဝေဟင်မျှော်နန်းသခင်က ထိုမျှအစွမ်းထက်လိမ့်မည်ဆိုတာယုံကြည်မှာမဟုတ်ပေ။ ယင်းက သူမ မှန်းဆထားသည်ကို အပြည့်အဝကျော်လွန်၏။
“ရှစ်စွင်း တိမ်ခွင်းရထားလုံးရဲ့ ဘယ်ဖက်ခြမ်းကအစီအရင်ကြောတွေက အနည်းငယ်ထိခိုက် သွားတယ်။ ကျွန်တော်တို့ပျံသန်းနေစဉ်အတွင်း အဟန့်အတားတစ်ချို့ မြင်တွေ့ရနိုင်တယ်” လုကျိုးက ခေါင်းညိတ်လိုက်၏။ “ကိစ္စမရှိဘူး”
“အရှိန်ကိုထိန်းဖို့ကြိုးစားမယ်။ ကျွန်တော်တို့အတွက် မိစ္ဆာဝေဟင်မျှော်နန်းကိုပြန်ဖို့ပြဿနာမဟုတ် ဘူး”
ရှောင်ယွမ်အာကပြော၏။ "စန်းရှစ်ရှိုးပြန်မလာသေးဘူး”
“ငါတို့တွေ သူ့ကို စောင့်နေစရာမလိုဘူး” မင်ရှစ်ရင်သည် သူ၏တာ့ရှစ်ရှိုးက မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်သွားသည့်တိုင် စန်းရှစ်ရှိုးအပေါ် တာ့ရှစ်ရှိုးရက်စက်မှာမဟုတ်မှန်းသိနေပေ၏။ ထိုအကြောင်း အရင်းကြောင့် တွမ့်မူရှန်းကိုစောင့်စရာမလိုဟု ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်သည်။ ဟွားဝူတောက်က လည်း လက်သီးဆုပ်မိုးလိုက်၏။ “မျှော်နန်းသခင် အဲ့ဒီမိုးပြာရောင်ကြာပန်း အကြောင်းမေးလို့ ရမလား”
လုကျိုးက လက်တစ်ဖက်မြှောက်ပြီး ကြားဖြတ်ပြောလိုက်၏။ “တစ်မိုးအောက်က သိုင်းကျင့်စဉ်တွေအားလုံးက ဆင်တူတာတွေမျှဝေထားတာပဲ။ တာအိုဂိုဏ်းကပဲဖြစ်ဖြစ်၊ ဗုဒ္ဓဂိုဏ်းကပဲဖြစ်ဖြစ်၊ ကွန်ဖြူးရှပ်ကျောင်းတော်ကပဲဖြစ်ဖြစ် သူတို့အားလုံးက တူညီတဲ့အဆုံးသတ်ရှိကြတယ်။ ဘိုးဘေးတွေက စာအုပ်တွေကို လိုက်နာခဲ့ပြီးကျင့်ကြံခြင်း လမ်းကြောင်းတွေရှာတွေ့ခဲ့တယ်။ ဆက်ခံသူတွေက သင်ယူတယ်။ အဆင့်ချိုးဖြတ်တတ်တယ်။ အသစ်အသစ်တွေတီထွင်တယ်” ဟွားဝူတောက်က အရိုအသေပေးလိုက်၏။
“ဒီနေ့တစ်စုံတစ်ခုသစ်ဆန်းတာကို သင်ယူခဲ့ရတယ်။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်တုန်းက မျှော်နန်းသခင်ကို ရှုံးရတာ ကျွန်တော်ကံမကောင်းရုံလို့ပဲတွေးခဲ့တာ။ အခုမှတော့ ကျွန်တော်တို့နှ စ်ယောက်ကြားက ကွာဟချက်က ကျင့်ကြံဆင့်တစ်ခုတည်းမဟုတ်တာရှင်းသွားပြီ။ အရင်တုန်းက သဘောထားအတွက် တကယ်နောင်တရမိတယ်”
လုကျိုးက မုတ်ဆိတ်သပ်လျက်ဘာမှမပြောတော့ပေ။ သူက ပဲ့ပိုင်းဆီသို့လျှောက်သွားလိုက်ရာ မြင့်မားသည့်ထောက်တိုင်များက သေးသည်ထက်ပိုသေးသွားတာတွေ့လိုက်ရ၏။
မြင့်မားသော တောက်တိုင်များဖြင့် စတေးခြင်းကမ်းလှမ်းသည့်အစီအရင်ကို ဖန်တီးခဲ့သည်က ကြီးမြတ်သည့်နတ်ဆရာဖြစ်သည်။ သို့သော် ယင်းကလည်း ပါရမီရှင်များသာ ပြုလုပ်နိုင်သည့်အရာဖြစ်ပုံပေါ်၏။
မြင့်မားသော တိုင်များက အပြည့်အဝဖျက်ဆီးခံထားရသည်။ စွမ်းအင်က ပဒုမ္မာစင်မြင့်ထက်ရှိ အရာအားလုံးကို ဖျက်ဆီးခဲ့၏။ ကံကောင်းသည်မှာ တိမ်ခွင်းရထားလုံးက လုကျိုးနောက်တွင် ရှိနေပြီး ကိုးပါးဖြတ်တောက်ခြင်း၊ တာအိုလျှို့ဟယ်စည်းဖြင့် ကာကွယ်ပေးခြင်းခံထားရသည်။ ဆန့်ကျင်ဖက်အနေဖြင့် ငရဲဂိုဏ်း၏ရထားလုံးပျံက ကံမကောင်းပေ။ သက်ရောက်မှုကြောင့် အဝေးတွင်ရှိနေသော်ငြား လှိုင်းကြောင့်သက်သာရာ မရခဲ့ပေ။ ထို့အပြင် လိပ်ခွံကျင့်စဉ််ကို လေ့ကျင့်နေသည့် ဟွားဝူတောက်ကဲ့သို့ တစ်စုံတစ်ယောက်၏ ကာကွယ်ပေးမှုရှိမနေပေ။ ဝေးဝေးသို့ ပျံသန်းလေလေ ကိုယ်ထည်ပေါ်ရှိအက်ကွဲကြောင်းများက ပိုကြီးမားလာလေဖြစ်သည်။ ဂျွတ် ဂျွတ် ဂျွတ်
“ဂိုဏ်းချုပ် ရထားလုံးပျံက ကွဲတော့မယ်”
“မရပ်လိုက်နဲ့” ယွီကျန့်ဟိုင်က သုန်မှုန်သည့်အမူအရာဖြင့် အမိန့်ပေးလိုက်၏။ “မင်း မရပ်နဲ့”
…
အခန်း (၂၅၄) ရှစ်ရှိုးမှာ ရွေးချယ်စရာ မရှိဘူး
ဝုန်း ဝုန်း ဝုန်း …
ရထားလုံးပျံက ကျိုးကြေသံများ ထွက်လာကာ အက်ကြောင်းလည်း ကြီးမားလာသည်။
နဂါးပြာခန်းမသခင် ဟွားချုံးယန်က ကိုယ်တိုင် ပဲ့ထိန်းလိုက်သည်။ သူက ချွေးအေးများ မထွက်ဘဲ မနေနိုင်တော့ပေ။
အရည်အချင်း ပြည့်မှီသည့် အိမ်ထောင်ရှင်မပင် မီးဖိုလွတ်တစ်လုံးကြောင့် ဒုက္ခရောက်တတ်သည် မဟုတ်ပါလော။
သူက ပဲ့ထိန်းမည်မျှကျွမ်းကျင်နေစေကာမူ ရထားလုံးပျံ ပျက်စီးသွားပါက ဘာမှမတတ်နိုင်တော့ပေ။ သူက ရွေးချယ်စရာ မရှိဘဲ အရှိန်လျော့လိုက်ရသည်။ သူက ချုပ်တည်းမထားတော့ဘဲ ပြောလိုက်သည်။
“ ဂိုဏ်းချုပ် … ရထားလုံးပျံက မရတော့ဘူး ”
“ပါးစပ်ပိတ်ထား ” ယွီကျန့်ဟိုင်၏ အမူအရာက တင်းမာနေဆဲ ဖြစ်၏။ သူတို့က ရထားလုံးပျံ တစစီ ဖြစ်သွားလျှင်ပင် ထွက်ပြေးလွတ်မြောက်ရမည်။ သူ့စိတ်ထဲ အပြာရောင် ကြာပန်းအကြောင်း တွေးမိသည့်အခါ တုန်လှုပ်လာရသည်။ သူက နားမလည်နိုင် ဖြစ်နေမိ၏။
သူ့ရှစ်စွင်းက ဒီအသက်အရွယ်မှာ ဘာလို့ အားကောင်းနေသေးတာလဲ …
မည်သို့ပင်ဆိုစေကာမူ ထွက်ပြေး၍ မမှားပေ။
ဟွားချုံးယန်က သတ္တိမွေးကာ ထပ်ပြောလိုက်သည် “ ကျွန်တော် ပြောချင်တာက အခု ရထားလုံးပျံရဲ့ အရှိန်နဲ့ ကိုယ့်ဘာသာ ပျံသန်းတာ ပိုကောင်းမယ်တူတယ် …”
“ ဟမ် ” ယွီကျန့်ဟိုင်က မတ်တတ်ရပ်လိုက်သည်။ သူက ပဲ့ထိန်းနေရာဆီ လျှောက်လာပြီး ငုံ့ကြည့်လိုက်၏။
ရထားလုံးပျံက ယိုင်တိုင်တိုင်ဖြင့် နှေးကွေးစွာ ဆက်သွားနေသည်။
ဒါက သေမျိုးတစ်ယောက် မြေပေါ် ပြေးနေတာနဲ့ ဘာကွာသေးလို့လဲ … ကိုယ့်ဘာသာ ပျံသန်းတာ ကောင်းတယ်
ယွီကျန့်ဟိုင်က လက်နောက်ပစ်လျက် ပြောလိုက်သည်။
“ ရထားလုံးပျံကို ထားခဲ့တော့”
“အမိန့်အတိုင်းပါ ” ငရဲဂိုဏ်းသားများက ရထားလုံးပျံပေါ်မှ ခုန်ဆင်းလိုက်ကြသည်။
ဟွားချုံးယန်က ယွီကျန့်ဟိုင်သည် ရထားလုံးပျံပေါ် ရပ်နေဆဲ ဖြစ်ကြောင်း မြင်သည့်အခါ ပြောလိုက်သည်။
“ ဂိုဏ်းချုပ် ကျွန်တော်တို့ နောက်ထပ် ရထားလုံးပျံ ထပ်ဆောက်လို့ ရပါတယ်”
သူတို့ ဒီမှာအသက်ဆုံးရှုံးသွားလျှင် အရာအားလုံး အဆုံးသတ်သွားလိမ့်မည် ဖြစ်ကြောင်းကိုတော့ ထည့်မပြောလိုက်ပေ။
ယွီကျန့်ဟိုင်က ခေါင်းညိတ်ကာ ခုန်ဆင်းလိုက်သည်။ ထို့နောက် ဟွားချုံးယန်လည်း ရထားလုံးပျံပေါ်မှ ခုန်ချလိုက်သည်။
ဝှစ်
ချီစွမ်းအား အထောက်အပံ့ မရှိတော့သောကြောင့် ရထားလုံးပျံက ချက်ချင်းဆိုသလို ကောင်းကင်မှ ပြုတ်ကျသွားသည်။ ယွီကျန့်ဟိုင်နှင့် ဟွားချုံးယန်တို့က လေထဲ ရပ်ကာ ရထားလုံးပျံကို နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်လိုက်ကြသည်။ တစ်ချိန်တည်းဆိုသလို ပြုတ်ကျလာသည့် ရထားလုံးပျံနှင့် မနီးမဝေးတွင် နယ်ရှင်လှံ ကိုင်ဆောင်ထားသည့် ခပ်တောင့်တောင့် ပုံရိပ်တစ်ခုက ချည်းကပ်လာသည်။
တွမ့်မူရှန်းက လှမ်းအော်လိုက်၏။
“ သစ္စာဖောက် ”
သူက ညာဘက်လက်ဖြင့် နယ်ရှင်လှံကို ဝေ့လိုက်ပြီးနောက် မြေပြင်နှင့် ရေပြင်ညီ ပျံသန်းလာလိုက်သည်။ လှံထိပ်တွင် ကတော့ပုံစွမ်းအား ဖြစ်တည်လာလေ၏။
ယွီကျန့်ဟိုင်က လှုပ်ရှားလိုက်ပြီး ပုံရိပ်ကို အာရုံစိုက်ကြည့်လိုက်သည်။
အိုး စန်းရှစ်တိပဲ … ရှစ်ရှိုး မဟုတ်ဘူးပဲ တော်သေးတယ်
သူက နေရာမှာ ရပ်နေကာ လက်မြောက်လိုက်သည်။ သူ့ညာဘက်လက်မှ သိပ်သည်းသည့် စွမ်းအား စည်းတံဆိပ်တစ်ခု ထွက်လာသည်။
ဘန်း ဘန်း ဘန်း
ယွီကျန့်ဟိုင်က နယ်ရှင်လှံ တိုက်ကွက်များကို ခုခံလိုက်ကာ စိတ်ထဲမှ အံ့အားသင့်မိသွားသည်။ သူက လက်ကို ဆန့်ထုတ်လိုက်သည်။
ဘန်း
မဟာအမှောင်ကောင်းကင် လက်ဝါး …
ထိုလက်ဝါးချက်က ယခင်ထက် အဆများစွာ ကြီးမား၏။ ထိုအရာက တွမ့်မူရှန်းဆီ ဧရာမကိတ်တစ်လုံးလိုမျိုး ပျံသန်းလာသည်။
သူတို့စွမ်းအားအချင်းချင်း ထိပ်တိုက်တွေ့သွားကြ၏။
တွမ့်မူရှန်းက သူ့လက်မောင်း ထုံသွားသလို ခံစားလိုက်ရသည်။ သူက လေထဲ ကျွမ်းထိုးကာ ဖြည်းဖြည်းချင်း ဆင်းလာလိုက်သည်။
ထိုအရာကို မြင်ပြီး ဟွားချုံးန်က ပြောလိုက်သည် “ကျွန်တော်ဆီ အပ်လိုက်ပါ ”
“ မလိုဘူး ” ယွီကျန့်ဟိုင်လည်း ဖြည်းဖြည်းချင်း ဆင်းသက်လာလိုက်သည်။
သုံးယောက်သား တစ်ချိန်တည်းလိုလို ဆင်းသက်လာလိုက်ကြသည်။ ငရဲဂိုဏ်းမှ တပည့်များက ယွီကျန့်ဟိုင်နှင့် ဟွားချုံးယန်နောက်တွင် မြန်မြန် စုလာကြသည်။ နှစ်ဖက်လုံး ထိပ်တိုက်တွေ့လေပြီ။
တွမ့်မူရှန်းက နယ်ရှင်လှံကို မြေကြီးထဲ ထိုးစိုက်လိုက်သည်။
ဝုန်း
တွမ့်မူရှန်းက ယွီကျန့်ဟိုင်အား တည့်တည့်ကြည့်ကာ “သစ္စာဖောက် ”
ယွီကျန့်ဟိုင်က ခေါင်းခါလိုက်ပြီး “ စန်းရှစ်တိ …. ဘယ်လောက်ကြာသွားပြီလဲ။ မင်းရဲ့ ဒေါသက အရင်လိုပဲ ”
“ ခင်ဗျားထက်တော့ ကောင်းတယ်” တွမ့်မူရှန်းက ပြန်လည်ချေပလိုက်သည်။
“ ရှစ်စွင်း ဘယ်မှာလဲ ” ယွီကျန့်ဟိုင်က တွမ့်မူရှန်းကို ကျော်ကြည့်လိုက်သည်။
“ ရှစ်စွင်းက ခင်ဗျားကို ပြန်ခေါ်ခိုင်းလိုက်တယ်။ တကယ်လို့ မှားတယ်ဆိုတာ ဝန်ခံရင် သူက ခင်ဗျား အသက်ကို ချမ်းသာပေးလိမ့်မယ် ” တွမ့်မူရှန်းက မင်ရှစ်ရင်လို မဟုတ်ပေ။
ယွီကျန့်ဟိုင်က တွမ့်မူရှန်းနောက်တွင် ဘာမှပါမလာသည်ကို မြင်မှ စိတ်အေးသွားကာ “ စန်းရှစ်တိ … မင်းရဲ့ နတ်ဒေဝါထိပ်သီးကျင့်စဉ်က တော်တော်တိုးတက်လာတာပဲ။ ငါသာ မဟာအမှောင်ကောင်းကင် လက်ဝါးကို စောစောမသုံးလိုက်ရင် ဒဏ်ရာရသွားလောက်တယ်”
“ အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ … ကျုပ်နဲ့အတူ လိုက်မှာလား ” တွမ့်မူရှန်းက ယွီကျန့်ဟိုင်၏ လှည့်ကွက်များအောက် ကျဆုံးမသွားပေ။
ယွီကျန့်ဟိုင်က သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး “ငါ့မှာ ရွေးစရာ မရှိဘူး။ ကမ္ဘာထဲ ငါ့ကို သေစေချင်တဲ့လူတွေ အများကြီးပဲ။ ဖြောင့်မတ်ခြင်းလမ်းစဉ်ရော မိစ္ဆာလမ်းစဉ်ပါ ငါ့ကို သေစေချင်နေကြတာ …”
တွမ့်မူရှန်းက တွေဝေသွားကာ တာ့ရှစ်ရှိုးအား ဗလာအကြည့်ဖြင့် ကြည့်လိုက်သည်။ သူက တာ့ရှစ်ရှိုးသည် ရုတ်ချည်း ဒီလိုစကားမျိုး ပြောလာလဲ မသိပေ။
ယွီကျန့်ဟိုင်က ဆက်ပြောလိုက်သည် “ ဒီကမ္ဘာအကျယ်ကြီးထဲ ငါ့အတွက် နေရာရော ရှိသေးရဲ့လား”
သူက တွမ့်မူရှန်း စိတ်ရှုပ်ထွေးသွားသည်ကို သိလိုက်သည်။ သူက နောက်ထပ် သက်ပြင်းအရှည်ကြီးချကာ “ မင်း ငါ့စကားတွေကို နားမလည်ဘူးမလား။ လောင်ပါ့သာ ဒီမှာရှိရင် သိပ်ကောင်းမှာ … သူက ငါ ဘယ်လိုခံစားရလဲဆိုတာ ကောင်းကောင်း နားလည်တယ် ”
တွမ့်မူရှန်းက ခပ်တည်တည် မျက်နှာဖြင့် ပြန်ဖြေလိုက်သည် “သူသာ ရှိနေရင် သူ့ကို အရင်ဖမ်းလိုက်မယ် ”
“ မင်းလုပ်နိုင်မှာလား” ယွီကျန့်ဟိုင်က မေးလိုက်သည်။
“ အဲဒါက …” တွမ့်မူရှန်းက ယွီကျန့်ဟိုင်ဘေးတွင် ရပ်နေသည့် ဟွားချုံးယန်ကို ကြည့်လိုက်သည်။ ဟွားချုံးယန်က မလှုပ်ရှားရသေးသော်လည်း သူက ဟွားချုံးယန်သည် အဆင့်မြင့် ကျင့်ကြံသူ ဖြစ်ကြောင်း ပြောနိုင်လေ၏။ ထို့အပြင် ဟွားချုံးယန်သည် သူ့ထက် ပိုအားကောင်းပေသည်။ ဒီနေရာတွင် ဟွားချုံးယန် မရှိလျှင်ပင် သူက ယွီကျန့်ဟိုင်နှင့် မရင်ဆိုင်နိုင်ကြောင်း သိထား၏။ သူက ယွီကျန့်ဟိုင်နောက် လိုက်လာခြင်းမှာ ယွီကျန့်ဟိုင်တစ်ယောက် သူ့ရှစ်စွင်း၏ နည်းစနစ်အောက် ဒဏ်ရာရသွားမလားဟု ကံစမ်းလိုက်ခြင်းသာ ဖြစ်ပေသည်။ သို့သော် ကံက သူ့ဘက် မရှိနေပေ။
နောက်ဆုံးတွင် သူက မေးလိုက်၏ “ ပဒုမ္မာစင်မြင့်နဲ့ ကောင်းကင်ဓားဂိုဏ်းကိစ္စနောက်ကွယ်က ကြိုးကိုင်သူက ခင်ဗျားလား ”
ယွီကျန့်ဟိုင်က အားပါးတရ ရယ်မောလိုက်ကာ “ငါ့ငရဲဂိုဏ်းက ဒီလိုမျိုး အဆင့်နိမ့်တဲ့ ကောင်းကင်ဓားဂိုဏ်းနဲ့ တွဲလုပ်စရာလား။ ကောင်းကင်ဓားဂိုဏ်းက ငါ ဖျက်ဆီးချင်တဲ့ ပစ်မှတ်ထဲက တစ်ခုပဲ။ ကောင်းကင်ဓားဂိုဏ်းက ဂိုဏ်းချုပ်လော့ချန်းဖုန်း မရှိတော့ကတည်းက အင်အား မရှိတော့ဘူး။ လော့ရှင်းခုံဆိုတာက နောက်ဆုံးထွက်သက်ရောက်နေတဲ့သူပဲ။ ငါတို့ ငရဲဂိုဏ်းအနေနဲ့ သူတို့ကို အပြတ်ရှင်းနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ … ”
“ ခင်ဗျားက ရှစ်စွင်းကို ကူညီပေးချင်တာလား” တွမ့်မူရှန်းက နည်းနည်း အံ့ဩသွားလေသည်။
“ မဟုတ်ဘူး ” ယွီကျန့်ဟိုင်က ခေါင်းခါကာ “ငါ့ဘာသာ ကူနေတာ ”
“ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ ” တွမ့်မူရှန်းက မေးလိုက်သည်။
ယွီကျန့်ဟိုင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူက တွမ့်မူရှန်းဆီ လျှောက်လာသည့်အခါ တွမ့်မူရှန်းက နောက်တစ်လှမ်း ဆုတ်လိုက်သည်။
“မကြောက်ပါနဲ့ ” ယွီကျန့်ဟိုင်က သူ့ပခုံးကို အသာပုတ်လိုက်ပြီး “ ရှစ်စွင်း အဆင်ပြေနေရဲ့လား ”
“အဆင်ပြေတယ်” တွမ့်မူရှန်း မျက်နှာအထက် စိုးရိမ်သည့် အမူအရာ ထွက်ပေါ်လာသည်။
“ တကယ်လား ”
“ ဟုတ်တယ်။ တကယ် … တကယ်လို့ သူ အဆင်မပြေဘူး ထင်ရင် ခင်ဗျားက ဘာလို့ ထွက်ပြေးမှာလဲ” တွမ့်မူရှန်းက ပြန်လည်ချေပလိုက်သည်။
“ …” ယွီကျန့်ဟိုင်က ခဏတာမျှ ပြောစရာစကားရှာမတွေ့ ဖြစ်သွားလေသည်။ သူက အပြုံးလေးနှင့် မြန်မြန်ထိန်းလိုက်ပြီး “ မင်း ဖြည်းဖြည်းချင်း ထွက်ပြေးတဲ့သူကို မြင်ဖူးလို့လား”
“ ဟုတ်သား … ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် ရထားလုံးပျံကို မြန်မြန်ပစ်ပြီး ပြေးတာကြာရောပေါ့” တွမ့်မူရှန်းက ပြောလိုက်သည်။
ဟွားချုံးယန်က ပြောစရာမဲ့သွားလေသည်။
ယွီကျန့်ဟိုင်၏ အမူအရာက ရာသီဥတုအကြောင်း ပြောနေသည့်အလား တည်ငြိမ်နေဆဲ ဖြစ်၏။
နှစ်ဖက်လုံးက တိတ်ဆိတ်သွားပြီးနောက် ယွီကျန့်ဟိုင်က ရုတ်ချည်း မေးလိုက်သည် “ရှစ်စွင်းက ငါ့အကြောင်းပြောသေးလား ”
တွမ့်မူရှန်းက ခေါင်းခါလိုက်သည်။ သူက ထပ်ပြောချင်မိ၏။
ဘာလို့ ပြောရမှာလဲ … ခင်ဗျားနာမည်က သူ့ကို ဒေါသထွက်စေရုံအပြင် ဘာမှမဟုတ်ဘူး။ ပြီးတော့ သူတို့က ယွီကျန့်ဟိုင်ရဲ့ နာမည်ကို ရှစ်စွင်းရှေ့ မပြောရဲပါဘူး …
“ အဲဆို အာ့ရှစ်တိအကြောင်းရော ” ယွီကျန့်ဟိုင်က မေးလိုက်သည်။
“ မမေးဘူး ” တွမ့်မူရှန်းက ဖြေလိုက်သည်။
“ကောင်းတယ် ”
ယွီကျန့်ဟိုင်က တွမ့်မူရှန်း ပခုံးကို ထပ်ကာထပ်ကာ ပုတ်လိုက်ပြီး “ မင်း ပြန်သင့်ပြီ ”
တွမ့်မူရှန်းက ယွီကျန့်ဟိုင်အား အလေးအနက် ပြောလိုက်သည် “ နှစ်ဝက် အချိန်ပေး ”
“ဘာအတွက်လဲ ”
“နောက်နှစ်ဝက်နေရင် ကျုပ်တို့ ပြိုင်ကြမယ်” တွမ့်မူရှန်းက ပြောလိုက်သည်။
ယွီကျန့်ဟိုင်က ခေါင်းညိတ်ကာ ချီးကျူးလိုက်သည် “မင်းက ငါ့ကို စိန်ခေါ်ရဲလောက်အောင် သတ္တိရှိလာပြီဆိုတော့ ကောင်းတယ်။ ပြန်ရောက်တဲ့အခါ ကောင်းကောင်းလေ့ကျင့်ထား …”
“ ခင်ဗျားကို အနိုင်ပိုင်းပစ်မယ်” တွမ့်မူရှန်းက ပြောလိုက်သည်။
ယွီကျန့်ဟိုင်က မျက်မှောင်အသာကြုတ်ကာ အသာရယ်လိုက်ပြီး “ အ မင်းရဲ့ အာ့ရှစ်ရှိုးလည်း အဲလိုပဲ ပြောခဲ့တာပဲ ”
…
အခန်း (၂၅၅) လောင်ချီနှင့်ကြွက်ငါးကောင်
“အာ့ရှစ်ရှိုးရဲ့ပါရမီက ကျွန်တော့်ထက်သာတယ်။ ဒါပေမဲ့ တာ့ရှစ်ရှိုးထက် သာလို့လား”
တွမ့်မူရှန်းက မေးလိုက်ပြီး အနည်းငယ်ဇဝေဇဝါဖြစ်သွား၏။ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကြားရှိ အငြင်းပွားမှုအကြောင်း သူ ဝိုတဝါးတော့သိ၏။ လက်တလော၌ သူတို့နှစ်ယောက်ကြားရှိ တင်းမာမှုကပိုပြင်းထန်ပုံရသည်။ ယွီရှန်းရုန်က လက်ရွေးစင်များစွာကို စိန်ခေါ်ခဲ့ပြီး တစ်ပွဲမှ မရှုံးနိမ့်ခဲ့ပေ။ ယွီရှန်းရုန်၏ ကျင့်ကြံဆင့်နှင့်ခွန်အားက ယွီကျန့်ဟိုင်နှင့်ယှဉ်နိုင်လောက်၏။ ထိုသို့ဆိုလျှင် ရလဒ်က အဘယ်ကြောင့် မဆုံးဖြတ်ရသေးသနည်း။
“မဟုတ်ဘူးပေါ့” ယွီကျန့်ဟိုင်က တွမ့်မူရှန်းကို ကျောပေးထားလိုက်၏။ ပြီးနောက် သူကပြောလိုက်တော့သည်။ “မင်း ရှစ်ရှိုးရဲ့အမှားအတိုင်း ထပ်မလုပ်ဖို့ ငါ မျှော်လင့်တယ်”
“…” တွမ့်မူရှန်းက ယာယီဆွံ့အသွားလေ၏။ သူက ပါရမီရှိပြီး ဇွဲလုံ့လဝီရိယရှိကြောင်းသူသိသည်။ သို့သော် အာ့ရှစ်ရှိုးနှင့်ယှဉ်လျှင် မှိန်ဖျော့သွားပေ၏။ အာ့ရှစ်ရှိုးကတောင် တာ့ရှစ်ရှိုးအတွက် ပြိုင်ဘက်မဟုတ်ပုံပေါ်နေလေရာ သူက တာ့ရှစ်ရှိုးအတွက် ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
ယွီကျန့်ဟိုင်ပြောပြီးနောက် သူက မြေပြင်ကနေ ကောင်းကင်ထက်သို့ ခုန်တက်လိုက်၏။ ဟွားချုံးရန်က တွမ့်မူရှန်းကို လက်သီးဆုပ်နှုတ်ဆက်ပြီးနောက် သူ၏ဂိုဏ်းချုပ်နောက်သို့အမြန် လိုက်သွားသည်။
ငရဲဂိုဏ်း၏တပည့်များကလည်း တညီတညာတည်းဖြင့်ထိုနေရာကနေထွက်သွားလေ၏။
တွမ့်မူရှန်းက ယွီကျန့်ဟိုင်နောက်ဆုတ်သွားတာကိုကြည့်နေသည်။ သူတကယ်ထွက်မပြေးဘူးလား။
ယွီကျန့်ဟိုင်က အလွန်မြန်မြန်ဆန်ဆန်ပျံသန်းနေတာမဟုတ်ပေ။ သူက ဟွားချုံးရန်နှင့်အတူ ပန်းခြံထဲအေးအေးလူလူလမ်းလျှောက်နေပုံပေါ်၏။ သူ၏ရှစ်စွင်းမလာကြောင်း သေချာသော ကြောင့် စိတ်အေးနေတာ သဘာဝကျသည်။ ယင်းက သူ မျှော်လင့်ထားပြီးသားရလဒ်ဖြစ်၏။
“ဂိုဏ်းချုပ် ကောင်းကင်ဓားဂိုဏ်းက အခုဘာမှမရှိတော့ဘူး။ နောက်ထပ်ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကကော” ဟွားချုံးရန်က မေးလိုက်လေ၏။
“ပိုအားနည်းတဲ့သူကို ရွေးသင့်တယ်" ယွီကျန့်ဟိုင်က ပြန်ပြောလေ၏။
ယွီကျန့်ဟိုင်က ပဲ့ပိုင်းသို့သွားပြီး လက်နောက်ပစ်ထားလျက် သူ့ရှေ့ရှိမြစ်များနှင့်တောင်တန်းများကို ကြည့်နေလိုက်၏။ သူ၏စိတ်အခြေအနေက ပိုကောင်းလာပုံရသည်။ သူက မေးလိုက်တော့သည်။ “ ပိုင်ယွီချင်းပြန်လည်ကုစားတာဘယ်လိုလဲ”
“လာမယ့်နှစ်ဝက်အတွင်း ဘယ်တိုက်ပွဲမှာမှ သူဝင်မပါနိုင်မှာစိုးရိမ်မိပါရဲ့” ဟွားချုံးရန်က ပြောလိုက်သည်။
ယွီကျန့်ဟိုင်က သက်ပြင်းသဲ့သဲ့ချပြီးပြောလိုက်တော့၏။ “ဒါက ငါ့ရဲ့အမှားပဲ။ ငါက အာ့ရှစ်တိကို သက်ညှာပေးလွန်းမိတာ”
ဟွားချုံးရန်က ခေါင်းခါလိုက်ပြီး အနည်းငယ်ကူကယ်ရာမဲ့သွားလေ၏။ သူနှင့် ပိုင်ယွီချင်းက လက်ရွေးစင်များဖြစ်သော်ငြား ဓားနတ်ဆိုးကဲ့သို့အလွန်ထူးချွန်သည့် မမှန်းဆနိုင်သူရှေ့၌ စွမ်းအင်ကင်းမဲ့ရလေ၏။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်၌ ပွင့်ချပ်ငါးလွှာကိုကျော်လွန်လျှင် ပွင့်ချပ်တစ်လွှာတိုးလာတိုင်း ခွန်အားကွာဟချက်ရှိပေ၏။ နောက်ဆုံးတွင် ဟွားချုံးရန်က မေးလိုက်တော့သည်။ “သတ္တမသခင်လေးကိုသွားရှာသင့်လား”
“မလိုဘူး” ယွီကျန့်ဟိုင်က ခေါင်းခါလိုက်သည်။
“ချီရှစ်တိက သူ့ဖက်မှာရှိနေနိုင်ချေအများဆုံးပဲ”
ထိုစကားကိုကြားသောအခါ ဟွားချုံးရန်က တိတ်သွားပြီး ခေါင်းအမြန်ငုံ့လိုက်လေ၏။ သူက ပိုင်ယွီချင်းနှင့်တူညီသည့်ကံကြမ္မာကို မမျှဝေချင်ပေ။ နှစ်ဝက်ပြန်လည်ကုစားပြီး ဒဏ်ရာမရချင်ပေ။ ထို့အပြင် ယင်းက ကံကောင်းနေတာပဲဖြစ်၏။ ဓားရူးချန်ဝယ်ကျယ်ဆိုလျှင် ပြန်လည်ကုစားရန်အခွင့်အရေးတောင်မရဘဲ ကောင်းကင်ဘုံသို့ တန်းကြွသွားရ၏။
“ပဒုမ္မာစင်မြင့်ထက်ကစတေးကမ်းလှမ်းခြင်းအစီအရင်အကြောင်း စုံစမ်းစစ်ဆေးဖို့လူလွှတ်လိုက်။ ပြီးတော့ ချီရှစ်တိကို ဆက်သွယ်ဖို့ကြိုးစား”
“အမိန့်အတိုင်းပါ ဂိုဏ်းချုပ်။ ကျွန်တော်တို့ ဓားနတ်ဆိုးနဲ့တွေ့ရင်ကော”
“သူ့ကိုရှောင်”
နှစ်ယောက်သားက လေးဖင့်မနေတော့ဘဲပျံထွက်သွား၏။
နေ့ဝက်ခန့်ကြာပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းတွင်ဖြစ်သည်။
တိမ်ခွင်းရထားလုံးက နောက်ဆုံး၌ မိစ္ဆာဝေဟင်မျှော်နန်းကိုရောက်လာ၏။ ခရီးစဉ်က ချောချောမွေ့မွေ့ရှိနေပြီးအရာအားလုံးက တွေးထင်ထားသည့်အတိုင်းပင်။
သူတို့က ရထားလုံးပျံကနေ မဆင်းရသေးခင် ဖန်ကျုံးက ရင်ဘတ်ပေါ်လက်တင်ထားလျက် ပြေးလာလေ၏။
“မျှော်နန်းသခင်၊ အကြီးအကဲဟွား နောက်ဆုံးတော့ပြန်လာပြီပဲ”
ဖန်ကျုံးက ဒူးတစ်ဖက်ထောက်ပြီးပြောလိုက်၏။ သူက ဖန်ကျုံး၏ စိုးရိမ်ပူပန်နေသောအမူအရာကို မြင်သောအခါ မင်ရှစ်ရင်က ရထားလုံးပျံပေါ်ကနေခုန်ဆင်းပြီး မေးလိုက်လေ၏။
“ဘာဖြစ်လို့လဲ”
“သ သ သူခိုး” ဖန်ကျုံးက ထိတ်လန့်လွန်းသောကြောင့် စကားထစ်နေလေ၏။ သူ၏မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးသည့်အမူအရာကိုမြင်ရသည်။
ဖန်ကျုံးက အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် ပြီးအောင်ပြောလိုက်သည်။ “မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ သူခိုးတစ်ယောက်ရှိတယ်”
“အဓိပ္ပာယ်မရှိတာ။ မိစ္ဆာဝေဟင်မျှော်နန်းကနေ ဘယ်သူက ခိုးရဲမှာလဲ” မင်ရှစ်ရင်ကပြော၏။ ဖန်ကျုံးက ပြောသည်။
“အမ် အဲ့ဒီအကြောင်းကို လန်လော့ကိုမေးရမယ်။ ကံကောင်းတာက သူအဲ့ဒီကို အချိန်မှီရောက်သွားလို့”
တစ်မိုးအောက်၌ မိစ္ဆာဝေဟင်မျှော်နန်းရှိ ရတနာများကို ရယူချင်သည့်လူများစွာရှိသည်။
လုကျိုး၏အမူအရာက တည်ငြိမ်နေလေ၏။ သူက ရွှေနန်းဥယျာဉ်တောင်၏ အရံအတားကို ကြည့်လိုက်သည်။ အရံအတားက ခွန်အား၏သုံးပုံတစ်ပုံမျှသာ ကျန်တော့သော်ငြား သာမန်သူခိုးက အရံအတားကို မဖြိုဖျက်နိုင်သည်။ သူက လက်နောက်ပစ်ထားလျက် ပေါ့ပါးသောရွေ့လျားမှုဖြင့် ရှေ့လျှောက်သွားသည်။ သူ၏ခွန်အားအများစု ဆုံးရှုံးသွားသော်ငြား ကောင်းနေသေး၏။ မကြာမီ၌ သူက မဟာခန်းမထဲသို့ရောက်သွား၏။
အမျိုးသမီးကျင့်ကြံသူများစွာက ခန်းမကျယ်ထဲတွင် စောင့်ဆိုင်းနေပြီးဖြစ်သည်။
လန်လော့က မတ်တတ်ရပ်နေလျက် လုကျိုးနှင့် ဟွားဝူတောက်ကို အရိုအသေပေးပြီးနောက် ပြန်ထိုင်လိုက်သည်။
လုကျိုးကလည်းမဟာခန်းမထက်ရှိ သူ၏ခုံသို့ပြန်လာ၏။ ထိုခုံက ကျန်သည့်ခုံများထက် ပိုမြင့်လေ၏။ သူက ဘာမှမပြောပေ။
လန်လော့က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေ၏။
“အထက် ရှန့်စုရှုမြို့က ကြွက်ငါးကောင်လေ။ သူတို့တွေက အဲ့ဒီတုန်းက ရှန့်စုရှုမြို့မှာ အတွင်းပိုင်း ပဋိပက္ခဖြစ်အောင် ဖန်တီးတဲ့သူတွေ။ အမှောင်သူရဲကောင်းလေးယောက်ကိုခေါ်သွားပြီး အဲ့ဒီကပဋိပက္ခတွေကိုဖြေရှင်းချင်တာ။ ဒါပေမဲ့ ကြွက်ငါးကောင်းကို ဘယ်မှာမှရှာမတွေ့ခဲဖူး။ သူတို့မိစ္ဆာဝေဟင်မျှော်နန်းကို ရောက်လာလိမ့်မယ်လို့ ကျုပ်တကယ်မထင်ထားဘူး”
သူက ခဏရပ်တန့်ပြီးနောက်ဆက်ပြောလိုက်သည်။ "သူတို့အတင့်ရဲလိုက်တာ"
ဟွားဝူတောက်က ခေါင်းညိတ်လိုက်၏။
“စန်းရှုကျူရဲ့ကြွက်ငါးကောင်က ခိုးတဲ့နေရာမှာတော်ပြီး အင်မတန်ကောက်ကျစ်တာ။ ကျင့်ကြံခြင်းလောကမှာ သူတို့ရဲ့နာမည်က ယန်ကျစ်ယွင်စန်းနဲ့ယှဉ်ရင် ဒုတိယပဲ။ တစ်ခုတည်းသောကွာဟချက်က ယွင်စန်းက တစ်ကိုယ်တော် လှုပ်ရှားတာဖြစ်ပြီး ကြွက်ငါးကောင်က အဖွဲ့လိုက်လှုပ်ရှားတာ”
မင်ရှစ်ရင်က ဇဝေဇဝါဖြစ်သွားပြီးမေးလိုက်တော့၏။ “သူတို့တွေကအရံအတားကိုဘယ်လို ဖြတ်ကျော်တာလဲ”
ရွှေနန်းဥယျာဉ််တောင်၏ အရံအတားမည်မျှအားနည်းသွားစေကာမူ သာမန်သူခိုးများက အရံအတားကို ဖောက်ဝင်နိုင်မှာမဟုတ်ပေ။ လန်လော့ကပြောလိုက်၏။
“ကြွက်ငါးကောင်က ခိုးတဲ့နေရာမှာ ကျွမ်းတယ်ဆိုတာက သူတို့တွေက လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာတစ်ခုကို တတ်ကျွမ်းထားလို့ပဲ။ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရပ်က ငါသင်ယူဖူးတဲ့ တာအိုကိုယ်ပျောက်သိုင်းနဲ့ ဆင်တူမှုတစ်ချို့ရှိတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ကြွက်ငါးကောင်က ဂိုဏ်းတော်တော်များများကို ထိုးဖောက်ဝင်ရောက်ပြီး အရံအတားကို ဖောက်ဖျက်ပြီး သူတို့တွေက ပစ္စည်းခိုးတာလေ။ ဒါက သူတို့နာမည် ကြွက်ငါးကောင်ဆိုပြီးရလာတဲ့ပုံပဲ”
လုကျိုးက ခေါင်းညိတ်လိုက်၏။ ယန်ကျစ်ယွင်စန်းကို ချုပ်နှောင်ခြင်းလှောင်ချိုင့်နှင့်ဖမ်းစဉ်က ယန်ကျစ်ယွင်စန်းသည် မြေအောက်ထဲသို့ထွက်ပြေးသွားကြောင်း သူမှတ်မိသည်။ သူခိုးများ၌ ကိုယ်ပိုင်ထူးကဲသည့်နည်းလမ်းများရှိနေကြဖြစ်၏။ သူတို့က ကောက်ကျစ်တဲ့လူတစ်စုသာ ဖြစ်သည်။
ထိုစဉ် ဖန်ကျုံးက ရောက်လာပြီးပြောလိုက်၏။ “မျှော်နန်းသခင် ကျွန်တော်တို့ အသေးစိတ် စာရင်း တစ်ခုပြုစုထားပါတယ်။ အရှေ့ဘက်မျှော်နန်းက အမှိုက်တချို့ပဲပျောက်သွားတာပါ”
“အမှိုက်တချို့လား” လူတိုင်းက စိတ်ရှုပ်ထွေးသွားလေ၏။
တစ်စုံတစ်ယောက်ကအဘယ်ကြောင့် အမှိုက်တွေကိုခိုးတာလဲ။
“တခြားဘာမှမပျောက်ဘူးလား” မင်ရှစ်ရင်က မေးလိုက်၏။
“မပျောက်ဘူး။ ဖြစ်နိုင်တာက သူတို့ကြောက်သွားလို့လား” ဖန်ကျုံးသည် မိစ္ဆာဝေဟင်မျှော်နန်းမှ တစ်စုံတစ်ခုခိုးယူနိုင်ဖို့အတွက် အတော်လေးသတ္တိရှိသည်ဟုခံစားမိသည်။
“အကြီးအကဲလန်က ရောက်လာတဲ့အချိန် သူတို့ထွက်ပြေးသွားပြီလေ”
မင်ရှစ်ရင်က ခေါင်းညိတ်ပြီးမေးစေ့ပွတ်ကာပြောလိုက်တော့၏။ “ဒါ အဓိပ္ပာယ်ရှိတာပဲ”
လုကျိုးနှင့်ကျန်သည့်သူများထွက်သွားစဉ် အဖိုးကြီးတစ်စုကတောင်ပေါ်တွင်ကျန်ခဲ့၏။ သူတို့က ကြွက်ငါးကောင်ကို မဖမ်းနိုင်ခဲ့တာသဘာဝကျသည်။ ထိုအဖြစ်အပျက်က ပြင်းထန်သည်လည်း မဟုတ်။ လျစ်လျူရှု၌လည်းမရနိုင်ပေ။ လျစ်လျူရှုခြင်းမှာ အရေးကြီးသည့်အရာ မပျောက်သွားသောကြောင့်ဖြစ်သည်။ သို့သော်ငြား မပြင်းထန်သည်ဟုလည်း သတ်မှတ်၍မရပေ။ ရွှေနန်းဥယျာဉ်တောင်၏အရံအတားနှင့်သက်ဆိုင်နေသောကြောင့်ဖြစ်၏။ သူတို့က အရံအတားကို မပြုပြင်ခဲ့လျှင် ကြွက်ငါးကောင် အသတ်ခံရလျှင်တောင် ကျန်သည့်ကြွက်များက မိစ္ဆာဝေဟင်မျှော်နန်း၏ ရတနာများကို လုယက်နိုင်သေး၏။ ထို့အပြင် အရံအတားက ဆက်လက်အားနည်းနေဆဲဖြစ်သည်။ လုကျိုးက ယခုအချိန်တွင် အရံအတားကိုပြင်တာက အဓိပ္ပာယ်မဲ့သည်ဟု ခံစားမိသည်။ သူကိုယ်တိုင်ပြင်ရန်အတွက် ခွန်အား လုံလုံလောက်လောက် မရှိသေးပေ။ သူ့တပည့်များ၏ ကျင့်ကြံဆင့်အခြေခံအရ နှစ်ပေါင်းများစွာကြာပေလိမ့်မည်။ နှစ်အနည်းငယ်အတွင်းဖြောင့်မတ်ခြင်းလမ်းစဉ်သည် သူမီးစာကုန်ခန်းတော့မည်ကို သတိပြုမိကာ ရွှေနန်းဥယျာဉ်တောင်ကို လှုပ်ရှားလာလိမ့်မည်။ ထိုအကြောင်းအရင်းကြောင့် သူသည် အရံအတားကို ပြင်ရန်အတွက်မျှဖြင့် အထွတ်အထိပ်ကတ်ကို မဖြုန်းတီးချင်ပေ။ လန်လော့က ထပ်ပြောလိုက်၏။ “ကျုပ် စိတ်ထဲမှာ ပြောဖို့တစ်ခုခုရှိနေတယ်။ ဒါပေမဲ့ ပြောဖို့ သင့်တော်ပါ့မလားမသိဘူး”
“ပြော”
လုကျိုးကပြောလိုက်လေ၏။
“မဟူရာသူရဲကောင်းတွေက အရင်တုန်းက ရှန့်စုရှုရဲ့ကြွက်ငါးကောင်ကို တိုက်ခိုက်ခဲ့ဖူးတယ်။ သူတို့ခွန်အားရဲ့ ကျင့်ကြံဆင့်က မနက်နဲဘူး။ သူတို့အသက်ကိုရင်းပြီး အလုပ်လုပ်နေကြ။ ကျွန်တော် သံသယဖြစ်မိတာက” လန်လော့က ခဏရပ်နားပြီးမှ ဆက်ပြောလိုက်သည်။ "ရှန့်စုရှုမြို့ရဲ့ ကြွက်ငါးကောင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတ္တမမြောက်တပည့်စီးဝူယာ့နဲ့အဆက်အသွယ်ရှိတာ”
“ဘာကြောင့်ဒီလိုပြောတာလဲ။" အခြေအမြစ်မရှိသော မှန်းဆချက်သည်ကျန်သည့်သူများအား ယုံကြည်စေနိုင်ရန်ခက်ခဲလှ၏။ နောက်ကွယ်၌ ခိုင်မာသည့်အကြောင်းအရင်းရှိရပေမည်။
“လွန်ခဲ့တဲ့နှစ်များစွာက ကြွက်ငါးကောင်က မဟူရာကွန်ယက်ကို ဆက်သွယ်တယ်လို့ကြားဖူးတယ်။ ကြွက်ငါးကောင်က မိစ္ဆာဝေဟင်မျှော်နန်းထဲဘာမှမခိုးယူဘဲ ဖောက်ဝင်ခဲ့တယ်ဆိုတာတော့ စိတ်ထဲ မှာ သူတို့တစ်ခုခုရှိနေတာသိသာတယ်။ သူတို့က ဒေါင်းမြီးယပ်တောင်အတွက် ရောက်လာတာပဲ ဖြစ်ရမယ်။ သူတို့ ဒီတစ်ခေါက်ကျရှုံးခဲ့တယ်ဆိုတော့ ဒါက နောက်ဆုံးတစ်ကြိမ်မဖြစ်မှာ စိုးရိမ်မိတယ်”
“ရှစ်စွင်း အဲ့ဒီသစ္စာဖောက်က သူ့ရဲ့ကျင့်ကြံဆင့်အပိတ်ခံထားရတာတောင် မောက်မာထောင်လွှားကာ ပြုမူနေသေးတယ်။ တောင်အောက်ဆင်းခွင့်တောင်းပါတယ်။ သူ့ကိုမေးမြန်းဖို့အတွက် ဒီခေါ်လာခဲ့မယ်” မင်ရှစ်ရင်ကပြောလိုက်၏။ လုကျိုးကမူ အတွေးနက်နေကာ မုတ်ဆိတ်သပ်လိုက်လေ၏။
…