← Chapters

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

အခန်း (၂၅၉) နည်းရှစ်သွယ်ဆက်နွယ်ခြင်း

လုကျိုးသည် အရေးကြီးသည့်အချက်ကို ကျော်ကြည့်လိုက်၏။ စက္ကူပုရပိုက်ပုံကြမ်းသည် ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာနှင့် အတူတကွထားရှိတာ သိသာနေ၏။ ယင်းက ပုံကြမ်း အဟောင်းဖြစ်စေ၊ မြေပုံဖြစ်စေ သူတို့က အရေးကြီးသည့်လုပ်ဆောင်ချက်တစ်ခုရှိပြီး ပထဝီဝင်အနေအထားကို အမှတ်အသားပြုထားရမှာပဲဖြစ်၏။

လုကျိုးက ခါးကိုင်းပြီး စက္ကူပုရပိုက်ပုံကြမ်းကို လေ့လာလိုက်၏။ ခဏအကြာတွင် ပုံကြမ်းဟောင်း၏ ကွက်လပ်ဖြစ်နေသောအပိုင်းများက အမှန်တကယ်ပင်ပျောက်ဆုံးနေကြောင်း သတိပြုမိလိုက်၏။ ထိုနေရာ၌ ဖုံးကွယ်ထားတာဘာမှမရှိပေ။ ထိုမှအပ ဝေဝါးနေသည့်အပိုင်းက အပြင်မျဉ်းသာဖြစ်သည်။

ကံကောင်းသည်မှာ လုကျိုးက တာ့ယန်နှင့်အလွန်ရင်းနှီး၏။ မြေပုံပေါ်တွင်မပြထားလျှင်တောင် နန်းတော်၏တည်နေရာကို အကြမ်းဖျင်းခန့်မှန်းနိုင်သည်။

“ယန်စီရင်စု၊ ကျင်းစီရင်စု၊ လျန်စီရင်စု၊ ယီစီရင်စု၊ ချင်းစီရင်စု၊ ယုံစီရင်စု” လုကျိုးက ကျယ်လောင်စွာအော်ပြောလိုက်၏။ “မြူတောအုပ်၊ ရုံရှီး၊ ရုံပေ့၊ အရှေ့ဖက်မှာ ပင်လယ်တွေ၊ မဟာရေဝဲ”

“ဟမ်” နယ်စပ်ကရှင်းနေ၏။ လုကျိုးက အဆုံးသို့တောက်လျှောက်ကြည့်လိုက်ပြီး သူ၏အကြည့်က အနောက်အရပ်ဆီရောက်သွားသည်။ တာ့ယန်ကိုကျော်လျှင် ကျန်သည့်မျိုးနွယ်စုများ နေထိုင်ရာ အနောက်ဖက်ဒေသရှိ၏။ ယင်းက ရုံပေ့ဖြစ်ပြီး သူတို့အားလုံးက ကွက်လပ်ဖြစ်နေလေ၏။

လုကျိုးသည် တာ့ယန်၏အံ့ဖွယ်မြို့တော်ကို ပြန်ကြည့်လိုက်၏။ သံသယဖြစ်နေတာထက် ယုံကြည်တာက ပိုကောင်းသည်။

“ကျောင်းယွဲ့” လုကျိုး၏ နက်ရှိုင်းသောအသံက အရှေ့ဖက်မျှော်နန်းဆီသို့ အတွင်းအားကနဦးချီဖြင့် ပေါ်ထွက်လာသည်။

ကျောင်းယွဲ့က တောင်ပိုင်းမျှော်နန်း၏ခြံဝိုင်းထဲတွင် ကျင့်ကြံနေတာဖြစ်သည်။ သူမလုပ်နေတာကို အမြန်ရပ်ပြီး အရှေ့ဖက်မျှော်နန်းဆီသို့ ကမန်းကတန်းရောက်လာလေ၏။

“ဝူရှစ်ကျဲ” ရှောင်ယွမ်အာက နိဗာနခါးစည်းနှင့်အတူ လေထဲပေါ်လာလေ၏။

“ရှစ်မေ့ အခုညီမနဲ့လက်ရည်ကျင့်ဖို့အချိန်မရှိဘူး။ ရှစ်စွင်းက ခုဏကပဲဆင့်ခေါ်တယ်”

“ညီမကို နားလည်မှုလွဲနေပြီ ရှစ်ကျဲ။ ညီမ အစ်မနဲ့အတူသွားချင်လို့”

နှစ်ယောက်သားက အရှေ့ဖက်မျှော်နန်းဆီသို့ ဦးတည်သွားလိုက်သည်။ မကြာမီ၌ သူတို့က အရှေ့ဖက်မျှော်နန်းသို့ ရောက်သွားလေ၏။

“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”

“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”

သူတို့နှစ်ယောက်က လုကျိုးနေထိုင်ရာအခန်းအပြင်ဖက်၌ ရပ်နေပြီး လုကျိုးကို တညီတညွတ်တည်း နှုတ်ဆက်လိုက်၏။ လုကျိုးက လျှောက်လာပြီး သူတို့ကိုတစ်ချက်ကြည့်လိုက်တော့၏။ ပြီးနောက် သူကပြောသည်။ “ကျန်းအိုက်ကျန့်ကို စာပို့လိုက်။ မိစ္ဆာဝေဟင်မျှော်နန်းက ပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခု သူ့ကိုရှာခိုင်းချင်တယ်”

ကျောင်းယွဲ့က ပြောလိုက်သည်။ "ရှစ်စွင်း လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ကျန်းအိုက်ကျန့်ကို ဆက်သွယ်ဖို့ ကျွန်မကြိုးစားခဲ့တယ်။ ဒါပေမဲ့ စာပြန်မလာသေးဘူး”

ရှောင်ယွမ်အာက ရှုံချပြီးပြောလိုက်၏။ "အဲ့ဒီအရှက်မရှိတဲ့သူကို ယုံလို့မရဘူးဆိုတာ သိသားပဲ”

လုကျိုးက မုတ်ဆိတ်သပ်လျက် ထိုအရေးကိစ္စကိုတွေးဆနေလေ၏။ ကျန်းအိုက်ကျန့်နှင့် ပြောဆို ဆက်ဆံရာ၌ သူ၏အတွေ့အကြုံအရ ကျန်းအိုက်ကျန့်သည် သူ၏ယုံကြည်မှုကို သစ္စာဖောက်မည့် သူဟူ၍ သူမထင်ထားပေ။ ထို့အပြင် ကျန်းအိုက်ကျန့်က သူ့ဘဝကို အလွန်တန်ဖိုးထားသူဖြစ်ပြီး ပြဿနာရှာမည့်သူမဟုတ်ပေ။

ဝေ့ကျိုးယန်သည် ပုန်ကန်ထကြွမှုကိုဖြေရှင်းရန်အတွက် ကျင်းစီရင်စုတွင်ရှိနေကြောင်း နောက်ဆုံးစာ၌ ကျန်းအိုက်ကျန့်ပြောခဲ့ကြောင်း လုကျိုး ရုတ်တရက်မှတ်မိသွား၏။ လီကျင်းရီလည်း ထိုနေရာတွင် ရှိလောက်သည်။

သူက သူတို့နောက်ကိုလိုက်နေတာမဟုတ်ဘူးမလား။

“ငါတို့သူ့ကို ဆက်သွယ်လို့မရဘူးဆိုတော့ သူ့ကိုရှာကြတာပေါ့”

“ကျောင်းယွဲ့ နန်းတော်ကိုသွား”

လုကျိုးက ပြောလိုက်၏။

ကျောင်းယွဲ့၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သူမက အကြပ်တွေ့နေသည့် အမူအရာဖြင့် ပြောလေ၏။

“အမ်း ကျွန်မရဲ့ကျင့်ကြံဆင့်က အားနည်းနေသေးတာလေ။ စစ်ရှစ်ရှိုးကိုပို့လိုက်ရင်ကော”

လုကျိုးကကျောင်းယွဲ့ သံသယဖြင့်ကြည့်လိုက်တော့၏။ သူမသည် တာဝန်များဆောင်ရွက်ရန်အမြဲ တမ်းစိတ်အားထက်သန်နေကျဖြစ်၏။ သူမကြောက်ရွံ့သည့်အခိုက်အတန့်ရှိလာလိမ့်မည်ဟု သူမထင်ထားပေ။ “မင်း ကြောက်နေတာလား”

“ရှစ်စွင်းရဲ့အစီအစဉ်တွေကို နှောင့်ယှက်မိမှာစိုးရိမ်မိရုံပဲ” ကျောင်းယွဲ့ကဖြေလိုက်သည်။

နောက်ဆုံးတွင် လုကျိုးကပြောလိုက်သည်။ "လောင်စစ်ကို ဒီခေါ်လိုက်”

“ဟုတ်ကဲ့ ရှစ်စွင်း” ကျောင်းယွဲ့က ကမန်းကတန်းလှည့်ထွက်သွားတော့၏။

လုကျိုးက ကျောင်းယွဲ့၏ဆုတ်ခွာသွားသည့်နောက်ကျောကိုကြည့်နေလိုက်၏။ သူမ စိတ်ရှုပ်ထွေး ကာ အလျင်စလိုနိုင်ပုံပေါ်နေ၏။ ဒီမိန်းကလေးက တစ်စုံတစ်ခုကို ကွယ်ဝှက်ထားတာပဲဖြစ်ရမယ်။

သို့သော် ယဲ့ထျန်းရှင်ကိစ္စ အဆုံးသတ်ပြီးချိန်မှစပြီး ကျောင်းယွဲ့၏သစ္စာရှိမှုက တည်တည်ငြိမ်ငြိမ်တိုး လာလေ၏။ အမှန်တကယ်တွင် ဆက်လက်တိုးလာနေသေးဆဲဖြစ်သည်။ နန်းတော်အကြောင်း ပြောသည့်အချိန်၌ သူမကအနည်းငယ် ကြောက်နေပုံပေါ်၏။ သူက နန်းတော်ထဲက တစ်စုံတစ်ယောက်နဲ့ဆက်စပ်နေတာများလား။

လုကျိုးသည် သူ သူမကိုခေါ်လာစဉ်ကမြင်ကွင်းကိုပြန်တွေးလိုက်၏။ ကျောင်းယွဲ့သည် နိမ့်ကျသည့်နောက်ခံမှလာကြောင်းသူမှတ်မိလိုက်၏။ ကျောင်းယွဲ့၏ပါရမီက ကောင်းမွန်ကြောင်း မြင်တွေ့ရသောကြောင့် သူ့ကိုခေါ်ရန်ဆုံးဖြတ်ခဲ့တာပဲဖြစ်သည်။ သူမက နန်းတော်နှင့် မည်သည့်ဆက်နွယ်မှုမှမရှိသင့်ပေ။

ကြည့်ရတာ ဒီကိစ္စပြီးရင် သူ့ကိုအာရုံပိုစိုက်ရမဲ့ပုံပဲ။ အချိန်အတိုင်းအတာ တစ်ခုအထိတော့ သူလုပ်ချင်တာ လုပ်လို့ရတယ်။

တင်းကျပ်သည့်စောင့်ကြည့်မှုအောက်တွင် သူတို့ကို ကောင်းကောင်းထားခြင်းက ထိခိုက်မှုပိုဖြစ်စေလိမ့်မည်။

“ရှစ်စွင်း တပည့်နိဗ္ဗာနခါးစည်းက လက်တလောမှာ အဆင့်တချို့တက်လာခဲ့တယ်” ရှောင်ယွမ်အာကကြွားလုံးထုတ်တော့၏။

“အဲလိုလား”

“တပည့်ကို ရှစ်စွင်းလေလမ်းမညွှန်ပေးတာအတော်ကြာနေပြီလေ” ရှောင်ယွမ်အာလိုချင်တာက သိသာသည်။

လုကျိုးက မုတ်ဆိတ်သပ်လျက်ခေါင်းညိတ်လိုက်၏။ သူသည် ကျန်သည့်အရေးကိစ္စများနှင့် အလုပ်များနေခဲ့၏။ သူ၏တပည့်များကို သင်ပေးတာရှားနေတာအမှန်တကယ်ပင်ဖြစ်သည်။

“မေး”

ရှောင်ယွမ်အာက ပွင့်ပွင့်လင်းလင်းပြန်ပြောလိုက်၏။ "ရှစ်စွင်းနဲ့ လက်ရည်ခြင်းယှဉ်ချင်ပါတယ်။ တိုက်ပွဲကနေ တပည့်ဘယ်နေရာချို့တဲ့လည်းဆိုတာမြင်ချင်တယ်”

“…” လုကျိုးက ဆိတ်ဆိတ်သာနေလေ၏။ သူက မုတ်ဆိတ်ကိုဆက်ပွတ်သပ်လိုက်၏။ ဆရာ၊ တပည့်ကြားတွင် ဤကဲ့သို့တိုက်ပွဲမျိုးက လက်ရည်ယှဉ်သည်ဟု သတ်မှတ်၍မရနိုင်ပေ။ လက်ရည်ယှဉ်သည်ထက် ရှုံးနိမ့်မှုကိုညွှန်ကြားပြသပေးခြင်းသာဖြစ်၏။ ယင်းက ဆရာဟူသည် တပည့်၏နည်းပရိယာယ်များအားလုံးကို မြင်ရမည်ဖြစ်သောကြောင့် ဆရာ၏ဘက်ခြမ်း၌ နက်နဲသည့်ကျင့်ကြံဆင့် လိုအပ်သည်။ သို့မှသာ သူတို့၏အားနည်းချက်ကို သဘောပေါက်နိုင်ပြီး လမ်းညွှန်ပြသပေးနိုင်မှာပဲဖြစ်၏။

လုကျိုးက သူ၏ကျင့်ကြံဆင့်ကိုတွေးလိုက်မိသည်။

ထားလိုက်တော့။ သူ့ဖာသာသူ ကစားခွင့်ပဲပေးထားလိုက်မယ်။

ထိုစဉ်မင်ရှစ်ရင်က ဝင်လာပြီးပြောလိုက်လေ၏။

“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”

လုကျိုးကခေါင်းညိတ်ကာပြောလိုက်သည်။ “ကျန်းအိုက်ကျန့်ဆီကို စကားပါးလိုက်။ မိစ္စာဝေဟင်မျှော်နန်းက ပိုင်ဆိုင်တဲ့အရာ နန်းတော်ထဲမှာ တစ်ခုခုရှိနေခဲ့မယ်ဆိုရင် ရှာဖို့ သူ့ကိုပြောလိုက်”

“သူအကြောင်းမပြန်ရင် စစ်ဆေးဖို့မင်းသွားသင့်တယ်” လုကျိုးကပြောလိုက်၏။

“ဟုတ်ကဲ့ ရှစ်စွင်း” မင်ရှစ်ရင်က လှည့်ထွက်သွားတော့၏။

လုကျိုးက သူ့ကိုတားလိုက်တော့သည်။ “နေဦး”

“အမိန့်ရှိသေးလားရှစ်စွင်း” မင်ရှစ်ရင်က လှည့်လာ၏။

“မင်းရဲ့ရှစ်မေ့က နောက်ပိုင်းတိုးတက်မှုတချို့ရလာခဲ့တယ်။ မင်း သူနဲ့လက်ရည်ယှဉ်သင့်တယ်” လုကျိုးက ဖြည်းဖြည်းချင်းပြောလိုက်၏။

မင်ရှစ်ရင်က ခေါင်းညိတ်ကာပြောလိုက်တော့၏။ “ဟုတ်ကဲ့ ရှစ်စွင်း။ ကျွန်တော်က သစ်သားပြာနှလုံးသားကျင့်စဉ်ကို နောက်ပိုင်းလေ့လာနေပြီး တိုးတက်လာခဲ့ပြီ။ အခွင့်အရေးရမယ်ဆိုရင် ရှစ်စွင်းကျွန်တော့ကို လမ်းညွှန်ပြသပေးနိုင်ဖို့မျှော်လင့်ပါတယ်” လုကျိုးက တင်းမာစွာပြောလိုက်၏။

“ရိုင်းလိုက်တာ”

“မလုပ်ရဲပါဘူး။ ကျွန်တော် အမှားလုပ်မိတာပါ” မင်ရှစ်ရင်သည် သူရဲတင်းစွာပြောမိမှန်း ရုတ်တရက်သဘောပေါက်သွားလေ၏။ သူ၏ရှစ်မေ့ကို သူတို့ဆရာကချစ်မြတ်နိုးသည်။ ထို့ကြောင့် သူမရဲတင်းသည့်အမူအကျင့်များပြုလုပ်နိုင်၏။ သူမအမူအကျင့်အတိုင်း တုပခြင်းက သေခြင်းတရားကိုရှာနေခြင်းဖြစ်သည်။

လုကျိုးက ထူးမခြားနားပြောလိုက်၏။ "မင်းရဲ့စန်းရှစ်ရှိုးကို သွားရှာ"

“ဟုတ်ကဲ့ ရှစ်စွင်း”

တွမ့်မူရှန်း၏ပါရမီနှင့် ကျင့်ကြံဆင့်က မင်ရှစ်ရင်ထက် မလျော့ပေ။ ဉာဏ်ရည်ကိုသာ ဖယ်ထုတ်ခဲ့မည်ဆိုလျှင် တွမ့်မူရှန်းက အမှန်တကယ်တွင် မင်ရှစ်ရင်ထက်သာ၏။

တွမ့်မူရှန်းကကော လမ်းညွှန်ပေးဖို့တောင်းဆိုလာရင်ဘယ်လိုလုပ်မလဲ။ လုကျိုးက သူ့ဖာသာသူ တွေးလိုက်မိ၏။

လုကျိုး၏ စိတ်ထဲတွင် ဟွားဝူတောက်က ပေါ်လာတော့သည်။ သို့သော် ဟွားဝူတောက်ကလည်း သူနှင့် လက်ရည်ခြင်း ယှဉ်ချင်သူ ဖြစ်သည်။ ဆိုရလျှင် ဟွားဝူတောက်သည် လွန်ခဲ့သည့်အနှစ်နှစ်ဆယ်တည်းက သူ့ကို ရှုံးနိမ့်သွားချိန်မှစပြီး သူ့ရင်ထဲ၌ အထုံးတစ်ခုဖြစ်လာခဲ့၏။

ဟွားဝူတောက်ကို ဘယ်သူများ လမ်းညွှန်နိုင်မလဲ။

လန်လော့နှင့် ဖန်လီထန်းက မကြာမီ၌ ပြန်ကောင်းလာလောက်မှာမဟုတ်ပေ။ “နေဦး” လုကျိုးက မင်ရှစ်ရင်ကိုထပ်ခေါ်လိုက်၏။

“အမိန့်ရှိပါ ရှစ်စွင်း” မင်ရှစ်ရင်ကလှည့်လာပြီး အရိုအသေထပ်ပေးလိုက်၏။

“အကြီးအကဲဟွားက ပဒုမ္မာစင်မြင့်ကတိုက်ပွဲမှာ အကျိုးဆောင်ခဲ့တယ်။ အရေးကြီးကိစ္စမရှိရင် သူ့ကို နားပါစေ”

“ဟမ်” မင်ရှစ်ရင်က ဇဝေဇဝါဖြစ်သွားလေ၏။ သူ့ရှစ်စွင်းက ဟွားဝူတောက်အကြောင်း ဘာကြောင့် ရုတ်တရက်ကြီးပြောတာလဲ။ သူက အဆင်ပြေတဲ့ပုံပေါ်တယ်မလား။ ဘာကြောင့် အနားယူဖို့လိုမလဲ။

သို့သော် တပည့်တို့၏ဝတ္တရားသည် နာခံရန်ဖြစ်သော်ကြောင့် သူကအမေးမထုတ်ခဲ့ပေ။ သူက အမြန်အရိုအသေပေးပြီးပြောလိုက်၏။ "သူ့ဆီသတင်းစကားပို့လိုက်ပါ့မယ်”

မင်ရှစ်ရင်က ရှောင်ယွမ်အာကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။ နှစ်ယောက်သားက ခြံဝန်းထဲမှ ထွက်လာ၏။

ပြီးနောက် လုကျိုးက သူ့အခန်းထဲသို့ပြန်သွားသည်။ စားပွဲပေါ်ရှိ ပုရပိုက်ပုံကြမ်းကို တစ်ချက်ကြည့်ပြီးနောက် လှည့်လာကာ အနောက်သို့သွားပြီး တင်ပလ္လင်ချိတ်ထိုင်လိုက်၏။ ပြီးနောက် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။

ရှောင်ယွမ်အာ၏တောင်းဆိုချက်က ကျင့်ကြံခြင်းအခြေခံသည် ကျင့်ကြံသူတစ်ယောက်အတွက် အရာအားလုံးဖြစ်ကြောင်း သူ့ကို သတိပေးနေ၏။ ပြဿနာက ယခုအချိန်တွင် သူက နည်းရှစ်သွယ်ဆက်နွယ်ခြင်းကို ဝယ်ယူခဲ့လျှင် သူ့ကျင့်ကြံဆင့်က တိုးတက်သွားမည်ဖြစ်ကာ အသုံးပစ္စည်းကတ်များ၏တန်ကြေးကို တိုးသွားစေလိမ့်မည်။ သူ ဒါမတိုင်ခင် ကတ်များစွာဝယ်သင့်၏။

လုကျိုးကဈေးဆိုင်ထဲဝင်ပြီးနောက် ဈေးနှုန်းများကိုစစ်ကြည့်လိုက်၏။

“ဟမ်” စိတ်ထဲ၌ တသီတတန်းကြီးကျိန်ဆဲမိသွားသည်။ ဘယ်အချိန်ထဲကဈေးတက်သွားတာလဲ။

မကြာသေးမီက ဈေးနှုန်းကို စစ်ဆေးခဲ့မိကြောင်းသူမှတ်မိသည်။ သေတ္တာကို ဖွင့်ပြီးတော့ ကျန်ရှိတဲ့အပိုင်းအစတွေက ဈေးနှုန်းကို တက်သွားစေတာများလား။ ယင်းက လက်တလော၌ သူပြုလုပ်ခဲ့သည့်တစ်ခုတည်းသောအရာဖြစ်သည်။ ထိုသို့ဆိုလျှင် သူ၏ယူဆချက်များက မတိကျတာဖြစ်သည်။

တနည်းဆိုရလျှင် အသုံးပြုသည့်အကြိမ်အရေအတွက် ဝယ်ယူခြင်းနှင့် ကျင့်ကြံဆင့် တိုးတက်မှုတို့သည် အချက်အလက်များ၏ တစိတ်တပိုင်းသာဖြစ်၏။ အရေးကြီးဆုံးအကြောင်းမှာ စနစ်မှ သူလက်ခံရရှိသောအသုံးပစ္စည်းများက ဈေးနှုန်းမြင့်တက်သွားစေသည့်အကြောင်းအရင်း ဖြစ်နိုင်သည်။

စမ်းသပ်မှုကဲ့သို့ အဆင့်နိမ့်မှ သာမန်အဆင့်သို့ လူတစ်ယောက်၏အမှတ်ကို အလွယ်တကူ မြှင့်တင်နိုင်၏။ ထိုအမှတ်သို့ရောက်ပြီးနောက် ထပ်မြှင့်တင်ရန်က ခက်ခဲသွားလိမ့်မည်။

ထားလိုက်တော့လေ။ ဈေးတက်သွားတာလဲကောင်းတာပဲ။ အကျိုးအမြတ်တွေအကြောင်း စိုးရိမ်ပူပန်နေရင် ငါပဲဒုက္ခများမှာ။ လုကျိုးက ဈေးနှုန်းကို စစ်ဆေးလိုက်၏။

အသေရိုက်ချက်ကတ်= ထောင့်ငါးရာ

ပြစ်ချက်မဲ့ကတ်= တစ်ထောင်

အရေးပေါ်ကုသရေးကတ်= ခြောက်ရာ

မိုးကြိုးသွား= ငါးရာ

ချုပ်နှောင်ခြင်းလှောင်ချိုင့်= ရှစ်ရာ

ဈေးကတက်ပြီးသားဆိုတော့ မကြာခင်ထပ်မတက်လောက်ဘူးမလား။

နောက်ဆုံးတွင် လုကျိုးက နည်းရှစ်သွယ်ဆက်နွယ်မှုကို ဝယ်ရန်ဆုံးဖြတ်လိုက်တော့၏။

“တင်း စိတ်ဝိညာဉ်သဏ္ဌာန်နည်းရှစ်သွယ်ဆက်နွယ်မှုကို ရရှိပါပြီ။ ကုသိုလ်မှတ်နှစ်သောင်းသုံး လိုက်ပါပြီ။"

“ဝတ်ဆင်မယ်”

လုကျိုးက မျက်လုံးမှိတ်ထားလျက် ဆိတ်ဆိတ်သာနေလျက် နည်းရှစ်သွယ်ပြောင်းလဲမှုမှ သူ၏ခန္ဓာကိုယ်ထဲရှိပြောင်းလဲမှုကို ခံစားကြည့်လိုက်သည်။

ကျင့်ကြံသူများအတွက် စိတ်ဝိညာဉ်သဏ္ဌာန်ကို ပထမဆုံးအသုံးပြုခြင်းက ခန္ဓာကိုယ်ကိုကျင့်ကြံရန် အခွင့်အရေးတစ်ခုလည်းဖြစ်သည်။ ကျင့်ကြံသူ၏ရုပ်ခန္ဓာနှင့်စိတ်က အသွင်ပြောင်းလဲမှုဖြစ်လာ၏။ ပြောင်းလဲမှုသဏ္ဌာန်ပြောင်းလဲမှုက ကျင့်ကြံသူ၏အသွင်ပြောင်းလဲမှုလည်းဖြစ်သည်။ နည်းရှစ်သွယ် ဆက်နွယ်မှုသည် သဘောထားပြောင်းလဲပြီး အအေးမှအပူ၊ ဒြပ်မဲ့မှဒြပ်ရှိအဖြစ်၊ အပေါ်ယံမှအတွင်း၊ ယင်မှယန်ပြောင်းလဲသွားခြင်းဖြစ်သည်။ နည်းရှစ်သွယ်စိတ်ဝိညာဉ်သဏ္ဌာန်ဖွဲ့တည်ပြီးသည်နှင့် ကျင့်ကြံသူက အထက်ကဖော်ပြခဲ့သည့်အချက်များကို မြှင့်မားစွာခုခံနိုင်မှုရရှိလာလိမ့်မည်။ တနည်းဆိုရလျှင် ကျင့်ကြံသူက ပိုကျန်းမာလာပြီး အလွယ်တကူဖျားနာတော့မှာမဟုတ်ပေ။ ကြမ်းတမ်းသည့်ပတ်ဝန်းကျင်တွင် အသက်ရှင်ရန်လွယ်ကူသွားလိမ့်မည်။ အသွင်ပြောင်းလဲနေသည့် အတောအတွင်း ကျင့်ကြံသူက၎င်းကိုမတောင့်ခံနိုင်လျှင် ကျဆုံးသွားလိမ့်မည်။ သို့သော်လုကျိုးအဖို့ စိုးရိမ်ပူပန်နေစရာမလိုပေ။ သူ၏ထူးကဲသောကျင့်စဉ်ကကျန်သည့်သူများနှင့် ယှဉ်လျှင် မတူညီသည့် အတွေ့အကြုံရရန် ကံပါပြီးသားဖြစ်၏။ ထိုစဉ် အံ့ဖွယ်မြို့တော်၏ခန်းမထဲတွင်ဖြစ်သည်။

ခမ်းနားသည့်ကြက်သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသောအမျိုးသမီးက ကြေးမုံထဲရှိ သူမ၏ ရောင်ပြန်ဟပ်မှုကိုကြည့်နေလိုက်သည်။ ပြီးနောက် သူမက ချောင်းဆိုးလိုက်လေ၏။

ကြေးမုံ၏တစ်ဖက်ခြမ်း၌ ထူးဆန်းသည့်မျက်နှာဖုံးဝတ်ထားသည့်အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် သူက လက်နောက်ပစ်ထားလျက်ပေါ်လာသည်။

“ညီလေးမော့လီ မင်းက ငါ့ကိုခက်ခဲတဲ့တာဝန်ပေးခဲ့တာပဲ” မျက်နှာဖုံးဖြင့်လူကမေး၏။

“ညီမက အစ်ကို့ကို...” မော့လီက ပြန်ပြောလိုက်၏။

မျက်နှာဖုံးဖြင့်လူ၏ အမူအရာက မသိသာပေ။ သူကလှည့်ကြည့်ပြီးအပြင်ဖက်ရှိ မြင်ကွင်းကို ကြည့်ကာပြောလိုက်တော့၏။

“အရှင်မင်းသားက ဒီလိုစွဲလမ်းမှုရှိနေတာကြောင့်လား”

မော့လီက တိတ်ဆိတ်သွားလေသည်။ ခဏကြာပြီးနောက် သူကပြောလိုက်၏။

“ငါ့ပန်းတိုင်ကို ရနိုင်သရွေ့ ဘာမဆိုလုပ်မှာပဲ”

“တာ့ယန်ရဲ့တော်ဝင်မိသားစုက မင်းထင်သလိုမရိုးရှင်းဘူး။ စတုတ္ထမင်းသားက ပြန်လာနေပြီ။ အရှင်မင်းသားက အခုဆို နောက်ထပ်ပြိုင်ဘက်တစ်ယောက်ရှိလာမယ်” မျက်နှာဖုံးဖြင့်လူက ပြောသည်။

“ဒါကြောင့် ရှစ်ရှိုးရဲ့အကူအညီကိုပြောနေတာပေါ့” မော့လီကပြော၏။

“အရင်တုန်းက မိစ္ဆာကြီးနဲ့ ငါတိုက်ခိုက်ခဲ့ဖူးတယ်။ ငါ့ ထျန်းယွီသားရဲက ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပြီး အချိန်အတော်ကြာ မတိုက်ခိုက်နိုင်ဖြစ်ခဲ့တာ” မျက်နှာဖုံးဖြင့်လူကပြော၏။

ထိုစကားကိုကြားသောအခါ မော့လီက သက်ပြင်းချပြီး ပြောလိုက်တော့သည်။

“မိစ္ဆာကြီးက ဒီလောက်အထိစွမ်းဆောင်နိုင်လိမ့်မယ်လို့မထင်ထားဘူး။ ဒါပေမဲ့ ရှစ်ရှိုးကို ယုံနေသေးတုန်းပဲ။ ရှစ်ရှိုးက အနှစ်သုံးရာအတွင်း လို့လန်ရဲ့ အကြီးမြတ်ဆုံး စုန်းအတတ် ပါရမီရှင်တစ်ယောက်ပဲ။ ရှစ်ရှိုးရဲ့ အထွတ်အထိပ် ကာလမှာရှိနေတုန်း တစ်ဖက်မှာတော့ အဲဒီမိစ္ဆာကြီးကို ကြည့်လိုက်ဦးလေ။ ကျင့်ကြံခြင်းလောကထဲက လူတိုင်းက သူသက်တမ်းကုန်မှာ စောင့်နေကြတာ။ သူသေပြီဆိုတာနဲ့ ငါ့ရဲ့အစီအစဉ်တွေကို ဘယ်သူမှ တားနိုင်တော့မှာ မဟုတ်တော့ဘူး”

မျက်နှာဖုံးဖြင့်လူက ဆိတ်ဆိတ်သာနေနေ၏။

မော့လီက ဆက်ပြောလိုက်သည်။

“ငါ့ ဒဏ်ရာတွေမပျောက်သေးဘူး။ ဒီအတွက် ရှစ်ရှိုးကို ဒုက္ခပေးရမှာပဲ” ထိုစဉ်လေထဲ၌ အမျိုးသမီးရံရွေတော်တစ်ဦး၏အသံကပေါ်လာ၏။ “သခင်မလေး ဒုတိယမင်းသားက ဆင့်ခေါ်နေပါတယ်”

“နားလည်ပါပြီ”

“အရှင်မင်းသားက သခင်မလေးပြောတဲ့ပါရမီရှင်ကျင့်ကြံသူကို တွေ့ချင်ပါတယ်လို့ပြောတယ်” ရံရွေတော်က ပြောလိုက်၏။

မော့လီက ရယ်မောကာပြောလိုက်တော့သည်။

“ရှစ်ရှိုး ငါ မပြောခဲ့ဘူးလား။ ခင်ဗျားရဲ့ စွမ်းဆောင်ရည်ကို တာ့ယန်မှာ သေချာပေါက်ပြနိုင်မှာ” နှစ်ရက်ကြာပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းတွင်ဖြစ်သည်။

အရှေ့ပိုင်းမျှော်နန်းထဲတွင် ထူးကဲသောစွမ်းအင်လှိုင်းများက ချက်ချင်းပေါ်ထွက်လာ၏။ ရံဖန်ရံခါ၌ အေးကာ ရံဖန်ရံခါ၌ ပူသည်။

ကျောင်းယွဲ့၊ ရှောင်ယွမ်အာနှင့် တွမ့်မူရှန်းတို့သည် အတက်အကျကိုခံစားမိသောကြောင့် အရှေ့ဖက်မျှော်နန်းသို့စုဝေးလာ၏။

“ဘာ ဘာဖြစ်တာလဲ”

“ဒီစွမ်းအင်အတက်အကျက တစ်ယောက်ယောက်က သူတို့ရဲ့နည်းရှစ်သွယ်ကို ဆက်နွယ်နေတာနဲ့ တူတယ်”

တွမ့်မူရှန်းက မျက်မှောင်ကျုံ့ကာပြောလိုက်တော့၏။

ရှောင်ယွမ်အာက နှုတ်ခမ်းပေါ်လက်ညှိုးတင်ကာ တိုးတိုးနေရန်ပြောလိုက်၏။ “စစ်ရှစ်ရှိုးက ပြောထားတယ်။ ရှစ်စွင်းနားမှာ ထူးဆန်းတာဘာဖြစ်ဖြစ် ညီမတို့ အဲဒီအကြောင်းမပြောရဘူး။ သတိမပြုမိသလိုပဲနေရမယ်”

ကျောင်းယွဲ့က ခေါင်းညိတ်ပြီးပြောလိုက်၏။ "ညီမပြောတာ အဓိပ္ပါယ်ရှိတယ်။ အစ်မတို့တွေ ဘာမှမတွေ့သလိုနေနေရမယ်”

ဝှစ်

ပတ်ဝန်းကျင်၌ ပိုအစွမ်းထက်သည့်စွမ်းအင်လှိုင်းတစ်ခုကပေါ်ထွက်လာ၏။ ခဏကြာပြီးနောက် ဟွားဝူတောက်က လက်နောက်ပစ်ထားလျက်ပေါ်လာသည်။ သူက ဗဟုသုတ ကြွယ်ဝပြီး အတွေ့အကြုံရှိသောကြောင့် ထိုစွမ်းအင်အတက်အကျကို သိလေ၏။

“နည်းရှစ်သွယ်ဆက်နွယ်မှုလား”

…

အခန်း (၂၆၀) ဒါက အဆင့်မြင့် ပညာရှင်အစစ်အမှန်ပဲ

ဟွားဝူတောက်က အရှေ့မျှော်နန်းဆောင်အထက် ထွက်ပေါ်လာသည့် ချီများနှင့် စွမ်းအားများကို အလန့်တကြား မျက်ခုံးပင့်ကြည့်လိုက်မိသည်။

“ဒါက ဘာလဲ …”

သူက လက်မြှောက်ရင်း ပြေးထွက်လာလိုက်သည်။

ကျောင်းယွဲ့က မေးလိုက်၏။ “ အကြီးအကဲဟွား အဲဒါဘာဖြစ်တာလဲ သိလား ”

ဘယ်လိုအခြေအနေဖြစ်ဖြစ် တပည့်များက သူတို့မြင်သည့်အရာကို သဘောမပေါက်ကြပေ။ သူတို့အတွက် သူတို့ရှစ်စွင်းသည် ရံဖန်ရံခါ ဖြောင့်မတ်ခြင်း လမ်းစဉ်လိုမျိုး လုပ်တတ်ကြောင်း သိထားကြရုံသာ ဖြစ်၏။

ဟွားဝူတောက်က ခေါင်းညိတ်ကာ “ မင်းတို့ကျင့်ကြံဆင့်က အရမ်းမနက်နဲသေးဘူး။ သေချာကြည့်ကြည့် …”

သူက ပတ်ဝန်းကျင်သို့ စိမ့်ထွက်လာနေသည့် ချီစွမ်းအားလှိုင်းများအား လက်ညှိုးထိုးပြလိုက်ပြီး “ နည်းရှစ်သွယ်ဆက်နွယ်ခြင်းက ခန္ဓာကိုယ်နဲ့ စိတ်ကို လေ့ကျင့်ပေးတယ်။ နည်းရှစ်သွယ်ဆက်နွယ်ခြင်းကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်တဲ့ ကျင့်ကြံသူက သူ့ကျင့်ကြံဆင့်မှာ အပြောင်းအလဲကြီး တိုးတက်လာလိမ့်မယ်။ ဒါပေမဲ့ မျှော်နန်းသခင်က နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ထိပ်သီးကို ရောက်နေပြီးတော့ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူဆိုတော့ ဒီလိုမျိုး နည်းရှစ်သွယ်ဆက်နွယ်ခြင်းလိုမျိုး အဆင့်နိမ့် စိတ်ဝိညာဉ်သဏ္ဌာန်မျိုး ဘာလို့ ဖွဲ့စည်းဖို့ လိုတာလဲဆိုတာ စဉ်းစားကြည့် ”

“ ဘာလို့လဲ ” ကျောင်းယွဲ့၊ ရှောင်ယွမ်အာနှင့် တွမ့်မူရှန်းတို့က ဟွားဝူတောက်ဆီ သိချင်နေသည့် အမူအရာများဖြင့် နှိမ့်ချမေးလိုက်ကြသည်။

“ သူက သူ့ဘာသာ ဆက်တိုက်တိုးတက်အောင် လုပ်နေတာပဲ ” ဟွားဝူတောက်က ယုံကြည်ချက်ရှိရှိ ပြောလာသည်။

“တကယ်လို့ ကျင့်ကြံဆင့်တူနှစ်ယောက်က လက်နက်တွေ၊ ချပ်ဝတ်တွေ မပါဘဲ တိုက်ကြတယ်ဆိုရင် သူတို့နှစ်ယောက်ကြား ဘယ်အရာက အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်မယ် ထင်လဲ ”

“ကံကောင်းမှုလား” တွမ့်မူရှန်းက ခေါင်းကုတ်လိုက်သည်။

ဟွားဝူတောက်က ပြောစရာပင် ရှာမတွေ့တော့ပေ။

ကျောင်းယွဲ့နှင့် ရှောင်ယွမ်အာတို့က သူတို့စန်းရှစ်ရှိုးအား ကြည့်ကာ အဖြေကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ဟွားဝူတောက်က ချောင်းဟန့်လိုက်ပြီးနောက် အလေးအနက် ပြောလိုက်သည်။

“အဲဒါ ကျင့်စဉ်နဲ့ အတွေ့အကြုံပဲ … အရှေ့မျှော်နန်းဆောင်ပေါ်က ချီမငြိမ်သက်မှုကို ကြည့်လိုက် … တစ်ချိန်တည်းမှာ အေးပြီး ပူနေတယ်။ ကြည့်ရတာ ယင်ယန် သဟဇာတ ဖြစ်သလိုပဲ … သူတို့က တစ်သားတည်းဖြစ်ပြီးတော့ တည်ငြိမ်နေတယ်။ ပါရမီမရှိတဲ့ ကျင့်ကြံသူဆိုရင် သူတို့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ ကြိုးစားတဲ့အခါ ချီစွမ်းအားအတက်အကျတွေ အလွယ်တကူ ဖြစ်စေနိုင်တယ်။ အသေးငယ်ဆုံး အမှားကတောင် သူတို့ကို ကျရှုံးသွားစေပြီး သေသွားစေနိုင်တယ်။ ပုံမှန်ဆိုရင် ကျင့်ကြံသူတစ်ဦးက နည်းရှစ်သွယ်ဆက်နွယ်ခြင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို သုံးကြိမ်အတွင်း အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ကြတယ်။

ပထမတစ်ခေါက်နဲ့ တန်းအောင်မြင်သွားသူတွေကို ပါရမီရှင်အဖြစ် ယူဆနိုင်တယ်။ ဒုတိယအကြိမ် ကြိုးပမ်းမှုမှာ အောင်မြင်သွားရင်တော့ သာမန်ထက် ပိုတယ်လို့ မှတ်ယူနိုင်တယ်။ တတိယအကြိမ်မှ အောင်မြင်သွားသူတွေကိုတော့ သာမန်အဖြစ် ယူဆကြတယ် ”

ဘန်း

အရှေ့မျှော်နန်းဆောင် အပေါ်ဘက် စွမ်းအားပုံစံရှစ်မျိုး အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်သွားလေပြီ။ သူတို့က ဆက်နွယ်ကာ လှည့်ပတ်နေလေ၏။

“ အကြီးအကဲ စကားတွေက တကယ်ကို မျက်စိပွင့်နားပွင့် ဖြစ်စေပါတယ်။ အခုမှ အားလုံး ရှင်းသွားတော့တယ်။ ကျွန်တော် နတ်ဒေဝါထိပ်သီးကျင့်စဉ်ကို စကျင့်ကြံတုန်းက အတော်ခက်တယ်လို့ ခံစားခဲ့ရတယ်။ အခု နတ်ဒေဝါထိပ်သီးကျင့်စဉ် နည်းလမ်းရဲ့ အခန်းဆက်ကို လေ့ကျင့်နေတော့ သူတို့က ပိုလွယ်လာတယ်။ ကျွန်တော့်အရည်အချင်းနဲ့ အတွေ့အကြုံက တိုက်ပွဲအတွင်း အရေးသာမှုတစ်ခု ဖြစ်လာတယ် ” တွမ့်မူရှန်းက အရှေ့မျှော်နန်းဆောင်ဆီ လှမ်းကြည့်လိုက်သည်။

“အမှန်ပဲ …” ဟွားဝူတောက်က အရှေ့မျှော်နန်းဆောင်ကို ဆက်ကြည့်နေသည်။

“ တကယ်ကို ဗဟုသုတ ရခဲ့ပါတယ်” ကျောင်းယွဲ့က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ စွမ်းအားလှိုင်းက ဖြည်းဖြည်းချင်း ငြိမ်ကျသွားပြီး အရှေ့မျှော်နန်းဆောင်က တဖန် ပြန်လည်ငြိမ်သက်သွားသည်။

“ အကြီးအကဲဟွားပြောတာ ဟုတ်တယ်” မင်ရှစ်ရင်က လျှောက်လာသည်။ သူက ကိစ္စလေးများ ရှင်းပြီး ပြန်လာမှန်း သိသာလှသည်။

“ စစ်ရှစ်ရှိုး ” ကျောင်းယွဲ့နှင့် ရှောင်ယွမ်အာတို့က မင်ရှစ်ရင်ကို နှုတ်ဆက်လိုက်ကြသည်။

“ ရှစ်စွင်းက လျို့ဝှက်ခန်းထဲမှာ ကျင့်ကြံနေတုန်းက ကျွန်တော်တို့ မတော်တဆ နှောင့်ယှက်သလို ဖြစ်ခဲ့ဖူးတာကို အမှတ်ရမိတယ် … အကြီးအကဲဟွား မယုံလောက်ပေမဲ့ ရှစ်စွင်း သူ့ချီသွေးကြောရှစ်ခု ဆက်နွယ်တုန်းက ပေါက်ကွဲမှုကို ကျွန်တော် မခံနိုင်ခဲ့ဘူး … ရှစ်စွင်းသာ ချုပ်တည်းမထားခဲ့ရင် ကျွန်တော်တော့ ဒဏ်ရာအပြင်းအထန် ရသွားလောက်တယ်” မင်ရှစ်ရင်က ပြောလိုက်သည်။

ဟွားဝူတောက်က ခေါင်းညိတ်ကာ “ တကယ့်ကို အဆင့်မြင့် ပညာရှင် အစစ်အမှန်ဆိုတဲ့အတိုင်းပဲ ”

ထိုစဉ် နည်းရှစ်သွယ်ဆက်နွယ်ခြင်းကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့သည့် လုကျိုးက ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာသည်။ သူက ဒီလောက်ကြာလိမ့်မည်ဟု မထင်ခဲ့ပေ။ သို့သော်လည်း သူ မျှော်မှန်းထားသည်ထက် ကြာနေရုံမှအပ ဘာမှမထူးပေ။ သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းစဉ်အခါက အတားအဆီးနှင့်ပင် မကြုံတွေ့ခဲ့ရပေ။ ချီလှည့်ပတ်မှုနှင့် စိတ်ဝိညာဉ်သဏ္ဌာန် ဖွဲ့စည်းမှုတို့က ချောမွေ့လွန်းလှသည်။

လုကျိုးက သူ့ကျင့်ကြံဆင့်ကို စစ်ကြည့်လိုက်သည်။

နတ်ဒေဝါဦးတည်နယ်ပယ်၏ တာအိုထိန်းချုပ်ရေးအဆင့်တွင် ရောက်နေလေပြီ။ သူက တာအိုအသွင်ပြောင်းအဆင့် ရောက်ဖို့ ခြေတစ်လှမ်းမျှ ကွာဝေးတော့၏။ ထိုအဆင့်၌ သူက ရွေးချယ်ထားသည့် ကျင့်ကြံရေးလမ်းကြောင်းကို အလွယ်တကူ ကျွမ်းကျင်လာနိုင်သည်။

ကျင့်ကြံသူတိုင်း၏ ကျင့်ကြံရေးလမ်းကြောင်းက နတ်ဒေဝါဦးတည်နယ်ပယ်၏ အစောပိုင်းအဆင့်၌ ဆုံးဖြတ်ထားနိုင်သည်။ သူတို့က ဓား၊ ဓားမော့၊ လေးမြား၊ လှံ အစရှိသဖြင့် ဖြစ်၏။ ကျင့်ကြံသူအများစုက သူတို့လမ်းကြောင်းကို အမြဲလိုလို စောစောစီးစီး ဆုံးဖြတ်လေ့ရှိကြသည်။ သူတို့လမ်းကြောင်းအတွက် အစစ်အမှန် ယှဉ်ပြိုင်ခြင်းက နတ်ဒေဝါဦးတည်နယ်ပယ်၏ တာအိုပုံသွင်းအဆင့်တွင် ဖြစ်ပေသည်။ တာအိုထိန်းချုပ်ရေးအဆင့်၌ ရွေးချယ်ထားသည့်လမ်းကြောင်းက လက်နက်များမှတဆင့် ပိုမို တိုးတက်လာကြသည်။ ထို့ကြောင့် ကောင်းကင်အဆင့် လက်နက်များက အင်မတန် အဖိုးတန်နေခြင်း ဖြစ်၏။

“ တာအိုထိန်းချုပ်ရေးအဆင့် …” လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။

လုကျိုးက ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ် စွမ်းအား အနေအထားကို ကြည့်ရင်း ကျေနပ်နေသည်။ အားအပြည့်၏ သုံးပုံတစ်ပုံမျှရှိသော်လည်း သူက အားရမိသည်။ သူက ကောင်းကင်ကျမ်းကို ယခု မြန်မြန်ဆန်ဆန် ဆင်ခြင်နိုင်လာဟန်တူသည်။

ထိုစဉ် လုကျိုးက မျှော်နန်းဆောင် အပြင်ဘက်မှ ဆူညံဆူညံကို ကြားလိုက်ရသည်။ သူက ချီစွမ်းအားဖြင့် အသံမြှင့်ကာ အပြစ်တင်လိုက်သည်။ “ ရဲတင်းလိုက်ကြတာ ”

အသံလှိုင်းက အရှေ့မျှော်နန်းဆောင်မှ ပျံ့လာပြီး မင်ရှစ်ရင်၊ ဟွားဝူတောက်နှင့် အခြားလူများက နောက်ဆုတ်လိုက်ကြသည်။

“ ရှစ်စွင်း ”

“မျှော်နန်းသခင်”

ဟွားဝူတောက်လို မာနာကြီးသူပင် ခေါင်းငုံ့လိုက်သည်။

လုကျိုးက လက်နောက်ပစ်လျက် ထွက်လာပြီး ခြံဝန်းထဲမှ လူများကို တစ်ချက်ကြည့်လိုက်သည်။

“ မင်းတို့အားလုံး အချိန်တွေပိုပြီး အားနေကြတာလား ”

“ မဟုတ်ပါဘူး” မင်ရှစ်ရင်က အလျင်စလို ဦးညွှတ်လိုက်သည်။

“ ရှစ်စွင်း … ကျွန်တော် ကျန်းအိုက်ကျန့်ဆီ ဆက်သွယ်ပြီးပါပြီ။ သူပြောတာ ရှစ်စွင်း စုံစမ်းခိင်းတဲ့ သေတ္တာက နန်းတော်ထဲမှာ မရှိဘူးတဲ့။ မိစ္ဆာဝေဟင်မျှော်နန်း အပိုင် တခြားပစ္စည်းတွေကို‌တော့ သူ စုံစမ်းစစ်ဆေးဖို့ အချိန်လိုသေးတယ်တဲ့ ပြောလိုက်ပါတယ်။ အဲဒါကလွဲရင် သူ့အနေနဲ့ စီးဝူယာ့က သူ့ကို စုံစမ်းနေတယ်လို့ သံသယဝင်မိတယ်တဲ့ … အဲဒီအကြောင်းအရင်းကြောင့် သူက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ အချိန်တစ်ခုလောက်အထိ မဆက်သွယ်နိုင်သေးပါဘူးတဲ့ ”

အဲဒီ ငမိုက်သားပဲ …ချုပ်နှောင်ရေးမန္တန်ရဲ့ ပြစ်ဒဏ်က စီးဝူယာ့ကို ကောင်းကောင်းပြုမူလာအောင် မလုပ်နိုင်သေးပုံပဲ။

“ ပြီးတော့ ကျန်းအိုက်ကျန့်က ပဒုမ္မာစင်မြင့်ကိစ္စကို သိထားတယ်လို့ ပြောထားသေးတယ်။ သူက ရှစ်စွင်းနဲ့ တိုက်ခိုက်ခဲ့တဲ့လူက ရုန်ရှီက လို့လန် ဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးနေတယ် … ”

“ လို့လန် အဆင့်မြင့် ပညာရှင်လား ” ဟွားဝူတောက်က နည်းနည်း အံ့အားသင့်သွားမိသည်။

ရှောင်ယွမ်အာက နားမလည်စွာဖြင့် “သူက အားကောင်းလို့လား ”

“ ဟိုးနှစ်တွေတုန်းက လို့လန်နဲ့ တာ့ယန် စစ်ဖြစ်ခဲ့တုန်းက လူတွေက အခြေအနေဆိုးရွားခဲ့ကြတယ်။ အများစုက လို့လန်က စုန်းအတတ် ကျင့်ကြံသူတွေကြောင့် အိမ်မရှိယာမရှိ ဖြစ်ကုန်ကြတယ်။ အဲလိုဆိုရင်တောင် လို့လန်က ကြီးကြီးမားမား ရှုံးနိမ့်သွားခဲ့တယ်။ အဲဒီအဖြစ်အပျက်ပြီးကတည်းက တာ့ယန်က ကျင့်ကြံသူ‌တွေက စုန်းအတတ်ကို အထင်မသေးရဲကြတော့ဘူး …” ဟွားဝူတောက်က ရှင်းပြလိုက်သည်။

“ တာ့ယန်ထဲမှာ စုန်းအတတ် ပညာရှင် မရှိဘူးလား”

“စုန်းအတတ်က တာ့ယန်ကနေ အစပြုခဲ့တာ။ ဒါပေမဲ့ သိသာလွန်းတဲ့ အားနည်းချက်တွေကြောင့် လူတချို့လောက်ပဲ ကျင့်ကြံခဲ့ကြတယ်။ ပြောရရင် ဒီမှာ အသက်ရှင်လျက်ရှိတဲ့ စုန်းအတတ် ကျင့်ကြံသူဆိုလို့ လက်တစ်ဆုပ်စာလောက်ပဲ ကျန်မယ်” ဟွားဝူတောက်က ပြန်ဖြေလိုက်သည်။

မင်ရှစ်ရင်က ခေါင်းညိတ်ကာ လုကျိုးအား ဦးညွှတ်လိုက်ပြီး “ ရှစ်စွင်း ဒီသတင်းက ယုံရလောက်တယ်။ သူက ပဒုမ္မာစင်မြင့်မှာ အားကောင်းတဲ့ မန္တန်ချနိုင်တယ်ဆိုတော့ ကျွန်တော်တို့ သူ့ကို သတိထားရမယ် ”

လုကျိုးက သူ့စိတ်ထဲမှ အဖြေမရှိသည့် မေးခွန်းတချို့ ရှိနေသည်။ သူတို့ စွမ်းအားထိပ်တိုက်တွေ့မှုတွင် ကြုံတွေ့ခဲ့ရသည့် သက်ရှိက လူသား မဟုတ်ဘဲ သားရဲတစ်မျိုးမျိုး ဖြစ်၏။ ဒီလိုဆိုရင် ဒီလူက အများဆုံး သားရဲသခင်လောက် ဖြစ်နိုင်၏။ သူက မုတ်ဆိတ်သပ်လိုက်ကာ မေးလိုက်သည်။ “ အံ့ဖွယ်မြို့တော်ကို သွားတုန်းက မင်းလှုပ်ရှားမှုတွေ ပေါက်ကြားသွားသေးလား ”

“ မပေါက်ကြားပါဘူး ” မင်ရှစ်ရင်က ယုံကြည်ချက်ရှိရှိ ဖြေလိုက်သည်။

“လောင်ချီက ဉာဏ်ထက်ပေမဲ့ ကျွန်တော် သန့်စင်ခန်းသွားတဲ့အထိ တစ်ယောက်ယောက်ကို စောင့်ကြည့်ခိုင်းထားလောက်အောင်အထိ လုပ်မှာ မဟုတ်ဘူးမလား ”

အားလုံးက သူ့အား မသတီသည့် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ သူပြောသည်က အချက်ကျသော်လည်း စကားပြောပုံက ဆိုးရွားလွန်းလေသည်။ ဒီလိုဆိုလျှင် မင်ရှစ်ရင်က သူ့လမ်းကြောင်းကို ဖုံးကွယ်ဖို့ ဘာပြဿနာရှိခဲ့ပုံမပေါ်ပေ။

ဝုန်း

ထိုစဉ် လေထဲ ပေါက်ကွဲသံများ ပဲ့တင်ထွက်လာသည်။

အားလုံးက အသံလားရာ နေရာဆီ လှည့်ကြည့်လိုက်ကြ၏။

“တောင်အနောက်ဘက်ပဲ … ပြန်လည်သုံးသပ်ရေးဂူ ” လုကျိုးက အကာအရံကို ကြည့်လိုက်သည်။ ထိုအရာက အားပျော့နေသော်လည်း တောင့်ခံထားနိုင်သေးသည်။ ထို့အပြင် အသံက အကာအရံမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။

ထိုစဉ် ကျိုးကျစ်ဖုန်းက အပြေးအလွှား ရောက်လာသည်။ သူက ဒူးတစ်ဖက် ထောက်ကာ “ မျှော်နန်းသခင် … အဋ္ဌမသခင်လေး … သူ တစ်ခုခု ဖြစ်နေပြီ ”

လုကျိုးက တိတ်ဆိတ်လျက်ရှိနေသည်။ သူက အင်္ကျီလက်ဖျားကို ခါကာ တောင်အနောက်ဘက်ဆီ သွားလိုက်၏။ အခြားလူများလည်း နောက်မှ လိုက်ပါလာကြသည်။

မင်ရှစ်ရင်က ရေရွတ်လိုက်သည်။ “လောင်ပါ့ အဲဒီအရူး … တစ်စက္ကန့်လောက် တိတ်တိတ်လေး မနေနိုင်ဘူးလား ”

မင်ရှစ်ရင်အနားမှ လျှောက်လာသည့် ကျိုးကျစ်ဖုန်းက ပူပင်စွာ ပြောလိုက်သည်။ “ အဋ္ဌမသခင်လေး … သူ့ဇင်အဝတ် ပျောက်သွားပြီ … ”

…

အခန်း (၂၆၁) ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုး

ခဏကြာပြီးနောက် လုကျိုးသည် ကျန်သည့်သူများကို ပြန်လည်သုံးသပ်ရေးဂူဆီသို့ ဦးဆောင်ခေါ်သွားလိုက်၏။ သူတို့က ကြောင်အသောအမူအရာဖြင့် ရပ်နေသော ဖန်ကျုံးကို ဂူပေါက်၀၌ တွေ့လိုက်ရသည်။

ဖုန်း ဖုန်း ဖုန်း

သူတို့ရောက်သည်နှင့် ကျောက်တုံးများ ကွဲအက်သည့်အသံကို ကြားနေရသည်။

ဖုန်း ဖုန်း ဖုန်း

“ဘာလဲ။ ဒါ မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဖန်ကျုံးက မှင်တက်စွာရေရွတ်ပြောလိုက်၏။

“ဘာအကြောင်းကို ပြောနေတာလဲ။ ဘာက မဖြစ်နိုင်တာလဲ” မင်ရှစ်ရင်က မေးလိုက်၏။

“ကျွန်တော်က အဌမသခင်လေးရဲ့ ကျင့်ကြံဆင့်ကိုပိတ်ထားတဲ့သူလေ။ ဘယ်လိုလုပ်ပြေသွားမှာလဲ”

ဖန်ကျုံးသည် သူ၏ယုံကြည်ချက် ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ ထိတ်လန့်သည့် အမူအရာနှင့် မယုံနိုင်မှုတို့က သူ၏မျက်နှာပေါ်တွင်မြင်နေရ၏။

“ဪ ဒါလား။ ဘာများ အံ့ဩစရာရှိလဲ” မင်ရှစ်ရင်က မျက်လုံးလှန်ကြည့်လိုက်၏။

ဘန်း ဘန်း ဘန်း

ကျူးဟုန်ကုန်းသည် နံရံပေါ်ရှိစွမ်းအင်စည်းတံဆိပ်များကို ဆက်လက်ဆောင်ရွက်နေလေ၏။

“ဒါက ပရမ်းပတာစွမ်းအင်ပဲ။ အတင်းကျင့်ကြံလိုက်လို့ဖြစ်သွားတာ။ ကျုပ်တို့တွေ ဒါကို တတ်နိုင်သမျှ မြန်မြန် ဖိနှိပ်ရမယ်” ဟွားဝူတောက်သည် ကျူးဟုန်ကုန်းနား၌ ပေါက်ကွဲနေသော စွမ်းအင်များကို မြင်တွေ့သည့်အချိန်၌ပြောလိုက်၏။ “ပရမ်းပတာစွမ်းအင်လား”

“ပြီးပြည့်စုံမှုမရှိတဲ့ ကျင့်စဉ်ကို ကျင့်ကြံတာက ပရမ်းပတာစွမ်းအင်ကိုဖြစ်စေတယ်။ ကျင့်ကြံသူတစ်ယောက်က ပြီးပြည့်စုံမှု မရှိတဲ့ အပိုင်းတွေကို ဖြည့်ရတာဆိုတော့ သူတို့က ပါရမီရှင်တစ်ယောက်ဆိုရင်တော့ အကျိုးရှိမှာပေါ့။ ဒါပေမဲ့ ပါရမီရှင် မဟုတ်ရင်တော့ ဒီလိုဖြစ်လာလိမ့်မယ်” ဟွားဝူတောက်က ပြောလိုက်၏။

ပြီးပြည့်စုံမှုမရှိသောကျင့်စဉ်ဟူသောစကားသည် တပည့်များကို တုန်ယင်သွားစေ၏။ သူတို့က ဆက်မပြောရဲတော့ဘဲ သူတို့ရှစ်စွင်းကို ကြည့်ရုံသာကြည့်နေသည်။

လုကျိုးက ခေါင်းခါလိုက်လေ၏။ သူက ပြန်လည်သုံးသပ်ရေးဂူထဲတွင်ရှိသော ကျူးဟုန်ကုန်းကို ကြည့်ကာပြောလိုက်တော့သည်။ “သူစိုက်ပျိုးတာကို သူရိတ်သိမ်းရတာပဲ” ပြောပြီးသည်နှင့် သူက ဂူထဲဝင်သွားလိုက်တော့သည်။

ထိုစဉ် ကျူးဟုန်ကုန်းက မော့ကြည့်လာပြီး သူ၏ရှစ်စွင်းကိုတွေ့လိုက်ရ၏။ “ရှစ်စွင်းလား”

သူက လက်ဖဝါးကနေ ပျက်သုန်းခြင်းကိုးပါးမိုးကြိုးကို ထုတ်တော့မှာဖြစ်သည်။ ထို့ကြောင့် အမြန်ပင် တိုက်ခိုက်မှုလားရာကို လွှဲလိုက်ပြီး သူ့ရင်ဘတ်ဆီသို့ ပို့လိုက်၏။ တိုက်ခိုက်မှုမှ တွန်းကန်အားသည် သူ့ကိုမီတာပေါင်းများစွာ လွင့်ထွက်သွားစေပြီး ကြမ်းပြင်ကို ကြေမွသွားစေ၏။

“အို့” ကျူးဟုန်ကုန်းက အော်လိုက်ပြီး မြေကြီးပေါ်လိမ့်သွားသည်။

‘အနည်းဆုံးတော့ သူက ငါ့ကို အသိအမှတ်ပြုပြီး သူ့ကိုယ်သူ ထိခိုက်ပြီး ငါ့ကိုမထိခိုက်အောင် သူ့ကိုယ်သူ တားလိုက်တယ်။ သူ့မှာအသိစိတ်ရှိသေးတာပဲ’

လုကျိုးက လက်မြှောက်ပြီး စွမ်းအင်စည်းတံဆိပ် ပို့လိုက်၏။

ဘန်း

သိမ်မွေ့သည့်စွမ်းအင်စည်းက ကျူးဟုန်ကုန်း၏ရင်ဘတ်ပေါ်ကျရောက်သွားသည်။

ကျူးဟုန်ကုန်းသည် ရေအေးတစ်ပုံးဖြင့် အလောင်းခံရသည့်ပမာစိတ်ငြိမ်သွားသည်။ တလိမ့်လိမ့် တက်လာသော ပူလောင်သည့်စွမ်းအင်လှိုင်းများက သူ့ခန္ဓာကိုယ်ထဲ မွှေနှောက်နေရာမှာ ငြိမ်သက်သွားပုံရသည်။ ထိုအရာကိုမြင်သောအခါ လူတိုင်းက မျက်နှာထက်တွင် ထိတ်လန့်သည့်အမူအရာ ပေါ်လာလေ၏။

ဟွားဝူတောက်က ကျောင်းယွဲ့၊ မင်ရှစ်ရင်နှင့် ကျန်သည့်သူများကို ကြည့်ပြီးပြောလိုက်တော့၏။ သူကပြောသည်။

“ဒါက အစောတုန်းကပြောတဲ့ အရည်အချင်းနဲ့ အတွေ့အကြုံဆိုတာပဲ။ ကျူးဟုန်ကုန်းက တာအိုအသွင်ပြောင်း နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲ။ သူ့ခန္ဓာကိုယ်ထဲက ကနဦးချီတွေက အတော်လေး ပရမ်းပတာ ဖြစ်နေတာ။ အတင်းအဓမ္မ ဖိနှိပ်လိုက်ရင် ပိုဆိုးသွားလိမ့်မယ်။ အဲဒီအစား သိမ်မွေ့ပြီး စွမ်းအင်ကပဲ သူ့ကို ကူညီပေးနိုင်မှာ။ အဲ့ဒီလက်ဝါးရိုက်ချက်ကို အထင်မသေးနဲ့။ ကိုယ့်ရဲ့လက်ဝါးရိုက်ချက်ကို တိတိကျကျထိန်းချုပ် ထားတာမျိုးမရှိရင် ကျန်တဲ့သူ အထိအခိုက်မရှိဘဲနေနိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲတာ”

ကျောင်းယွဲ့က ပြောလိုက်၏။ "အကြီးအကဲဟွားဆီက အများကြီးသင်ယူခဲ့ရပါပြီ။"

ဟွားဝူတောက်က ပြုံးရုံသာပြုံးပြီးပြောလိုက်၏။

"ဒါက ပြောပလောက်အောင်မတန်ပါဘူး။ တစ်ခါတစ်လေ မင်းတို့အားလုံးကို ငါ အားကျတယ်”

“အားကျတယ်လား”

“ဆရာတစ်ယောက်က မင်းကို ခေါ်ရုံပဲ ခေါ်သွားနိုင်မှာ၊ ကျင့်ကြံတယ်ဆိုတာက ကိုယ့်ပေါ်ပဲ မူတည်တယ်။ မျှော်နန်းသခင်က နေ့တိုင်းကိစ္စတွေအများကြီးဖြေရှင်းနေရပြီး သူက ကျင့်ကြံခြင်း အကြောင်းလမ်းညွှန်ဖို့ အချိန်သိပ်မရှိလောက်ဘူး။ ဒါပေမဲ့ မျှော်နန်းသခင်ရဲ့လုပ်ရပ်တွေက လမ်းညွှန် ပေးတာ ဒါမှမဟုတ် သင်ကြားပေးတာထက် ပိုပြီးထိုက်တန်တယ်။ အားလား ငါ အသက်ကြီးနေပြီ။ သင်ယူဖို့ အခွင့်အရေးမရှိတော့မှာကို စိုးရိမ်မိတယ်” ဟွားဝူတောက်က သက်ပြင်းချလိုက်၏။

“အမ်း”

ကြားရတာဘာကြောင့်မှားနေသလို ခံစားနေရတာပါလိမ့်။

မည်သို့ပင်ဆိုစေကာမူ ကျောင်းယွဲ့နှင့်ကျန်သည့်သူများက ခေါင်းညိတ်လိုက်ကြသည်။ အကြီးအကဲဟွား၏ စကားက မမှားပေ။ သူ၏အထောက်အထားရာထူးနှင့် အသက်အရွယ်ကြောင့် အနေခက်ပုံသာပေါ်နေ၏။ သူက သူတို့ရှစ်စွင်းကို မျက်နှာချိုသွေးရန် ကြိုးစားနေခြင်းလော။

ထိုစဉ် လုကျိုးက လက်နောက်ပစ်ထားလျက် ကျူးဟုန်ကုန်းလောင်ပါ့ကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်လိုက်သည်။ ဟွားဝူတောက်၏ရှင်းပြချက် အရှည်ကြီးကိုကြားလိုက်ရသောအခါ သူက ဆွံ့အသွားလေ၏။ အမှန်တကယ်တွင် သူ သုံးလိုက်သည့်လက်ဝါးရိုက်ချက်ကို များများစားစား မတွေးထားပေ။ သူက ကျူးဟုန်ကုန်း၏ ပရမ်းပတာဖြစ်နေသော စွမ်းအင်များကို ငြိမ်ကျသွားစေရန် စီစဉ်ထားတာပဲဖြစ်သည်။ ကျူးဟုန်ကုန်း ဒဏ်ရာရရမရရ ဂရုမစိုက်ပေ။ ကျူးဟုန်ကုန်းက မာသောကြောင့်ဖြစ်၏။

ကျူးဟုန်ကုန်းသည် အသက်အောင့်ထားလိုက်ပြီးနောက် တုန်ယင်နေကာ အမြန်ဒူးထောက်ပြီး ပြောလိုက်၏။ "ရှစ်စွင်း ရောက်လာပြီ”

အစောတုန်းက သူ၏တိုက်ကွက်ကို သူ့ကိုယ်သူ ပြန်ချိန်ရွယ်တာ တွေးမိသွားပြီး ကောင်းကင်ဘုံကို ကျေးဇူးတင်မိသွား၏။ မဟုတ်လျှင် နောက်ဆက်တွဲကို သူမမှန်းဆနိုင်တော့ချေ။

လုကျိုးက ကျူးဟုန်ကုန်းကို တင်းမာစွာကြည့်ပြီးပြောလိုက်တော့၏။ “ပြော ဘာဖြစ်တာလဲ”

“ရှစ်စွင်း လွန်ခဲ့တဲ့သုံးရက်တုန်းက ကြွက်ငါးကောင်ရောက်လာပြီး ကျွန်တော့ရဲ့ဇင်အဝတ်ကို ခိုးသွားခဲ့တာ။ ဇင်အဝတ်က ကျွန်တော့်ရဲ့ ပရမ်းပတာချီတွေကို ဖိနှိပ်ပေးဖို့ ကူညီခဲ့တာ။ ကျေးဇူးပြုပြီး ကူညီပေးပါရှစ်စွင်း” ကျူးဟုန်ကုန်းက ကြောက်ကြောက်လန့်လန့်ပြောလိုက်၏။

“စန်းရှုကျု့မြို့ရဲ့ကြွက်ငါးကောင်လား”

ကျူးဟုန်ကုန်းလောင်ပါ့က အသံကျယ်လိုက်ပြီးဖြောင့်မတ်မှန်ကန်သည့် လေသံဖြင့်ပြောလိုက်၏။ ယင်းက အကြောင်းကို ကောင်းကောင်းမသိသည့်သူများထံမှ လေးစားမှုကိုရနိုင်သည်။

“သူတို့တွေက ရွှေနန်းဥယျာဉ်တောင်ကနေ ကျွန်တော့်ကို ခေါ်သွားချင်နေတာ။ ဒါပေမဲ့ ကျွန်တော် သူတို့နဲ့ ထွက်သွားစရာအကြောင်းမရှိဘူးလေ။ တွေဝေမနေဘဲ သူတို့ရဲ့ အဓိပ္ပါယ်မဲ့တဲ့ တောင်းဆိုချက်ကို ငြင်းလိုက်တာပေါ့။ အဲ့ဒီမခံမရပ်နိုင်အောင် ဒေါသထွက်နေတဲ့ ကြွက်ငါးကောင်က ကျွန်တော့်ရဲ့ ဇင်အဝတ်ကိုလုယက်သွားတော့တာပဲ။ သူတို့က တကယ်ကောက်ကျစ်တယ်။ ကျွန်တော့ရဲ့ သစ္စာရှိမှုကို နေနဲ့လက မျက်မြင်သက်သေပြုပေးနိုင်တယ်။ ရှစ်စွင်းအပေါ် ကျွန်တော့်ရဲ့သစ္စာရှိမှုကို သံသယမဝင်ဖို့မျှော်လင့်ပါတယ်”

မင်ရှစ်ရင်က ဆွံ့အသွားလေ၏။ ‘ဒါက ငါသိတဲ့အရူးလောင်ပါ့လား။ သူက တကယ် အပြောကောင်းတာပဲ’

လုကျိုးကမေးလိုက်သည်။

“မင်း ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုးကို ဘယ်အဆင့်ထိ ရောက်အောင် လေ့ကျင့်ပြီးပြီလဲ”

“အမ်း” ကျူးဟုန်ကုန်း၏ နဖူး၌ ချွေးစေးများပြန်လာကာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေလေ၏။

“ရှစ်စွင်းရဲ့မေးခွန်းကို အကြောင်းပြန်ပါတယ်။ သတ္တ သတ္တမအဆင့်ပါ”

လုကျိုးက သဘောမတွေ့ပေ။

“အတင့်ရဲလိုက်တာ။ မင်းရဲ့ ကျင့်ကြံဆင့်နဲ့ အတွေ့အကြုံနဲ့ ကျန်ရှိတဲ့အဆင့်နှစ်ဆင့်ကို ဖြည့်ပေးနိုင်မယ်လို့ ထင်နေတာလား”

“မလုပ်ရဲပါဘူး” ကျူးဟုန်ကုန်းက အမြန်အရိုအသေပေးကာပြော၏။

“ကျွန်တော် တုံးအပါတယ်။ စတုတ္ထအဆင့် ကရုဏာနဲ့ ပဉ္စမအဆင့် လျစ်လျူရှုခြင်းကို ကျင့်ကြံတုန်းက တစ်ခုခုမှားယွင်းခဲ့တယ်။ ကျွန်တော့်ရဲ့ ကနဦးချီတွေက တက်လာပြီး ကျွန်တော်သွေဖည်မှုထဲ ကျရောက်လုနီးပါး ဖြစ်ခဲ့တယ်”

လုကျိုးက ပြောလိုက်၏။

"အဲဒါကြောင့် အဲ့ဒီလူလိမ်လူကောက်လောင်ချီက ကောင်းကင်ဘုရားကျောင်းရဲ့ ဇင်အဝတ်ကိုခိုးယူပြီး ကနဦးချီကို ဖိနှိပ်ခိုင်းတာလား”

“…” ကျူးဟုန်ကုန်းသည် ယခုအချိန်၌ လေလျော့သွားသည့် ပူဖောင်းပမာဖြစ်နေလေသည်။ သူက ရွေးချယ်စရာမရှိဘဲ ခေါင်းညိတ်ကာ ပြောလိုက်ရ၏။

“ဟုတ်ပါတယ်”

မင်ရှစ်ရင်က လက်သီးဆုပ်မိုးလျက် ဂူအပြင်တွင် ရပ်နေသည်။ သူက “ရှစ်စွင်း လောင်ချီလှည့်စားတာ ခံလို့မရဘူး။ သူက လက်ရှိချုပ်နှောင်ခြင်းမန္တန်နဲ့ သက်ရောက်ခံထားရတော့ ရှစ်စွင်းလှုပ်ရှားအား မျှားချင်နေတာ”

“ဟမ်” လုကျိုးက ဖြည်းဖြည်းချင်းလှည့်လာ၏။

“လောင်ပါ့ရဲ့ အခြေအနေကိုချုပ်နှောင်ခြင်းမန္တန်နဲ့ပဲ စီမံနိုင်တယ်လို့ ကျွန်တော်ခန့်မှန်းမိတယ်။ မဟုတ်ရင် နောင်ကျ ဒါမျိုးထပ်ဖြစ်လာမှာပဲ။ ချုပ်နှောင်ခြင်းမန္တန်ကို ရှစ်စွင်းက ရွတ်ဆိုထားတာ။ ဖြေနိုင်တဲ့သူကလည်း တစ်ယောက်ပဲရှိမယ်။ ဒါကြောင့် လောင်ချီက ဆက်နွယ်တဲ့ဂါထာတစ်ချို့ ဒါမှမဟုတ် လောင်ပါ့ဆီမှာ ချုပ်နှောင်ခြင်းစည်းတံဆိပ်ကိုထားပြီး သူ့ကိုယ်ပေါ်မှာရှိတဲ့မန္တန်ကို ဖြိုခွဲဖို့ စီစဉ်ထားတာလို့ သံသယဝင်မိတယ်” မင်ရှစ်ရင်ကပြော၏။

ဆက်နွယ်ခြင်းဂါထာဟူသည် တာအိုဂိုဏ်းများမှာ လျှို့ဝှက်ဆန်းကြယ်သော အတတ်ပညာများထဲမှ တစ်ခုဖြစ်သည်။ ဤပညာရပ်ဖြင့် ဆက်နွယ်ထားသောကျင့်ကြံသူများသည် တူညီသည့်ထိခိုက်မှု သို့မဟုတ် ကုသမှုတစ်ခုကို အချိန်အတိုင်းအတာတစ်ခုအတွက်မျှဝေရလိမ့်မည်။ ပြီးနောက် ဗုဒ္ဓဂိုဏ်းများကလည်း ထိုအတတ်ကို ပြန်ဖန်တီးကာ ဗုဒ္ဓ၏ကျောင်းဆောင်၌ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ပြီး တစ်ချိန်တည်းတွင် လူများစွာ၏ ဒဏ်ရာကို ကုသပေးနိုင်သည့်နေရာ၌ သုံးကာ ကုသခြင်းပညာရပ်အဖြစ် သုံးခဲ့သည်။ သို့သော်ငြား ထိုဂါထာကို ရွတ်ဆိုရန်အတွက် စွမ်းအင်ပမာဏ များစွာ လိုအပ်သောကြောင့် အသုံးပြုတာရှားသည်။

ကျူးဟုန်ကုန်းက မင်ရှစ်ရင်၏စကားကြောင့် ဆွံ့အသွားတော့သည်။ မင်ရှစ်ရင်က ကျူးဟုန်ကုန်းကို ကြည့်လိုက်၏။ စိတ်ထဲတွင်မူ စီးဝူယာ့ကို လှောင်ပြောင်နေလေသည်။

‘လောင်ချီ ဒီလှည့်ကွက်နဲ့ ငါ့ကိုတောင် အရူးမလုပ်နိုင်ဘူး။ ရှစ်စွင်းကို အရူးလုပ်နိုင်မယ်လို့ထင်နေလား’

“မင်ရှစ်ရင်ပြောတာ အဓိပ္ပါယ်ရှိတယ်” ဟွားဝူတောက်က ထောက်ခံလိုက်၏။

လုကျိုးက ခေါင်းလည်းမညိတ် ခေါင်းလည်းမခါ ထိုအစား လောင်ပါ့ ကျူးဟုန်ကုန်းကို ကြည့်ကာပြောလိုက်တော့၏။ “လောင်ပါ့ မင်းရှင်းပြမှာစောင့်နေတယ်”

ကျူးဟုန်ကုန်းက သူနှင့်ပူးပေါင်းရန်သဘောမတူလျှင် စီးဝူယာ့က ဤနည်းလမ်းကို သုံးဖြစ်မှာမဟုတ်တာသိသာနေ၏။

ကျူးဟုန်ကုန်း၏မျက်နှာက မျက်ရည်များ စိုရွှဲနေ၏။ သူက သနားစဖွယ်ပြောတော့၏။ “ရှစ်စွင်း ကျွန်တော်မှားယွင်းစွပ်စွဲခံရတာပါ။ ကျွန်တော်စွပ်စွဲခံရတာပါ”

“စွပ်စွဲတယ်။ ငါ့-င်ကို... လောင်ချီက မင်းကို အကြိမ်ပေါင်းများစွာ ကူညီခဲ့တာ မင်းသူ့ကိုပြန်ကူညီဖို့ အကြောင်းအရင်းရှိတယ်” မင်ရှစ်ရင်ကပြော၏။

လုကျိုးက ပြောလိုက်သည်။ “သူ့ကိုစစ်ဆေး”

ဆိုရလျှင် စစ်ဆေးမှုတစ်ခုဖြင့်မှန်မမှန်သိရပေလိမ့်မည်။ ဆက်နွယ်ခြင်းဂါထာတစ်ခု အမှန်ကတယ် ရှိနေလျှင် မင်ရှစ်ရင်၏သံသယက မှန်ကြောင်းသက်သေပြပြီးသားဖြစ်သွားမည်။ မရှိလျှင် သူတို့သံသယက မှားနေတာပဲဖြစ်မည်။

…

All Chapters