အခန်း (၂၆၂-၂၆၄)
Vol. 18 Ch. 262-264
အခန်း (၂၆၂) ပိုရက်စက်သည့် နည်းလမ်း
“ ငါ လုပ်မယ်” တွမ့်မူရှန်းက နယ်ရှင်လှံကို ဘေးတွင် ရပ်နေသည့် ဖန်ကျုံးဆီ ပစ်ပေးလိုက်သည်။
ဖန်ကျုံးက နယ်ရှင်လှံ အလေးချိန်ကြောင့် လဲကျလုမတတ် ဖြစ်သွားလေ၏။ ကံကောင်းစွာဖြင့် သူက အချိန်မီ ချီစွမ်းအား လှည့်ပတ်ကာ အလေးချိန်ကို သယ်နိုင်လိုက်သည်။
မင်ရှစ်ရင်က တွမ့်မူရှန်းအတွက် ပြန်လည်သုံးသပ်ရေးဂူထဲ ဝင်ဖို့ လမ်းဖယ်ပေးလိုက်သည်။
တွမ့်မူရှန်း၏ တည်ဆောက်ပုံဖြင့် သူက ကျူးဟုန်ကုန်းကို သိမ်းငှက်တစ်ကောင်က ကြက်လေးတစ်ကောင်ကို ချီလိုက်သလိုမျိုး ချီစွမ်းအား မပါဘဲ အသာ မ လိုက်နိုင်သည်။ သူက ကျူးဟုန်ကုန်း ကျောပေါ် လက်တင်လိုက်ကာ ချီစွမ်းအား ထည့်သွင်းပေးလိုက်သည်။ သူက ခပ်တည်တည် ပြောလိုက်သည်။
“ မလှုပ်နဲ့ ”
ကျုးဟုန်ကုန်းက မရယ်ချင်သော်လည်း မအောင့်နိုင်ပေ။
“ ကျွန်တော် … မလှုပ်ပါဘူး။ စန်းရှစ်ရှိုး ဒါ … ဒါပေမဲ့လေ … ဒါက ….”
သူက ထပ်ရယ်လိုက်ပြီး ခက်ခက်ခဲခဲ ပြောလိုက်ရသည်။ “ ဒါပေမဲ့ ယားတယ်ဗျ။ ကျွန်တော် အောင့်မထားနိုင်ဘူး”
စိတ်ထဲ၌ သူက တွေးမိနေသည်။
ကျွန်တော်လည်း အရှက်မရှိ ဒီလိုဖြစ်ချင်တယ်များ ထင်နေလား …
ဒီနေရာမှာ လူအုပ်ကြီး စုဝေးနေတာလေ … ဘာပြောပြော ကျွန်တော်လည်း မိစ္ဆာဝေဟင်မျှော်နန်း တပည့်တစ်ယောက်ပဲကို။
တွမ့်မူရှန်းက ကျူးဟုန်ကုန်းကို လျစ်လျူရှုထားလိုက်သည်။ သူက ကျူးဟုန်ကုန်းအား သေချာ စစ်ဆေးလိုက်သည်။
ကျုးဟုန်ကုန်းက ချီစွမ်းအားဖြင့် မခုခံရဲဘဲ သူ့ရှစ်ရှိုး စိတ်ကြိုက်သာ လုပ်ခွင့်ပေးထားရသည်။
ခဏအကြာတွင် တွမ့်မူရှန်းက စစ်ဆေးမှု အပြီးသတ်လိုက်သည်။ သူက လုကျိုးဆီ ဦးညွှတ်ကာ “ ရှစ်စွင်း … ကျွန်တော် သူ့ကို စစ်ဆေးပြီးပါပြီ။ ဘာမှထူးဆန်းတာ မတွေ့မိပါဘူး”
မင်ရှစ်ရင်က ကြောင်အမ်းအမ်းဖြင့် ‘ငါတော့ သွားပြီ … ရှစ်စွင်းက ငါ့ကို ဆုံးမတော့မှာပဲ ’
သို့သော်လည်း လုကျိုးက ခေါင်းခါကာ “ ဒါက သူ့အပေါ် နောက်တစ်ခါ မန္တန်မချနိုင်ဘူးလို့ ပြောတာတော့ မဟုတ်ဘူး။ လောင်စစ် ပြောတာ မှန်တယ် ”
“ ကျွန်တော် မှားယွင်းစွပ်စွဲခံရတာပါ ” ကျူးဟုန်ကုန်းက မျက်ရည်ဝဲလုမတတ် ဖြစ်နေရှာသည်။ သူက တစ်ဘဝလုံး ဤမျှ ဆိုးဆိုးရွားရွား မခံစားမိဖူးပေ။
မင်ရှစ်ရင်က စိတ်ထဲမှ သက်ပြင်းချလိုက်ကာ “လောင်ပါ့ … မင်း လေလုံးကြီးမနေနဲ့။ ကြွက်ငါးကောင်က မင်းဇင်အဝတ်ကို ယူသွားတာတောင် ပြန်မယူနိုင်ဘဲနဲ့များ… လောင်ချီက မင်းကို ကူညီမယ် ထင်နေလား။ သူက မင်းကို အသုံးချနေတာကွ ”
ဇင်အဝတ် အကြောင်း ကြားသည့်အခါ ကျူးဟုန်ကုန်းက အေးခဲသွားသည်။ သူက ထိုပစ္စည်းကို တန်ဖိုးအထားဆုံး ဖြစ်၏။ ဇင်အဝတ်ကို ယူသွားခြင်းက သူ့အသက်ကို ယူသွားခြင်းနှင့် ညီမျှပေသည်။ သူက ရုတ်ခြည်းဆိုသိသလို မော့ကြည့်လိုက်ပြီး “ ရှစ်စွင်းကို ပြောစရာရှိပါတယ် ”
“ ပြော ”
“ ရှစ်စွင်းက ချီရှစ်ရှိုးကို အပြစ်ပေးချင်နေတာကို သိပါတယ်။ ကျွန်တော်ဆီမှာ အစီအစဉ်တစ်ခု ရှိတယ်” ကျူးဟုန်ကုန်းက ပြောလိုက်သောကြောင့် မင်ရှစ်ရင်က စိတ်ရှုပ်ထွေးသွားလေသည်။
အားလုံးက ကျူးဟုန်ကုန်းကို စိတ်ရှုပ်ထွေးသည့် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
သူ့ဦးနှောက်လေးနဲ့ အစီအစဉ်တစ်ခု တင်ပြဖို့ ကြိုးစားနေတာလား …
လုံးဝကို ယုံချင်စရာမကောင်းဘူးပဲ …
“ မင်းက အစီအစဉ် ရှိတယ်ပေါ့လေ။ မင်းအကြံအားလုံးက အစုတ်တွေချည်းပဲကို” မင်ရှစ်ရင်က လှောင်ရယ်လိုက်သည်။
ကျူးဟုန်ကုန်းက မလုံမလဲ ပြုံးလိုက်သည်။ သူက လှောင်ရယ်ခံရတာများတော့ အသားကျနေပြီး ဒီနှစ်တွေမှာ အရည်ထူလာခဲ့လေပြီ။ သူက ပြောလိုက်သည်။
“ ရှစ်စွင်း … လောင်ချီနဲ့ ကြွက်ငါးကောင် ပုံမှန်တွေ့နေကျ နေရာကို ကျွန်တော် သိထားတယ်”
ကျူးဟုန်ကုန်း စကားများက အားလုံးကို အံ့အားသင့်သွားစေသည်။
မင်ရှစ်ရင်က မယုံနိုင်စွာ မေးလိုက်သည်။
“လောင်ချီရဲ့ အကျင့်စရိုက်နဲ့ ဒီလျှို့ဝှက်ချက်ကို မင်းဆီ ဘယ်လိုလုပ် ပေးသိထားမှာလဲ”
ကျူးဟုန်ကုန်းက ပြောလိုက်သည် “ ကျွန်တော် မတော်တဆ သိသွားတာပါ။ ပြီးတော့ အဲတုန်းက ချီရှစ်ရှိုးက ကျွန်တော်ကို ယုံတယ်လေ”
“ အဲဆိုတော့ မင်းက ဘာလို့ အခု သူ့ကို သစ္စာဖောက်ချင်ရတာလဲ” မင်ရှစ်ရင်က ကျူးဟုန်ကုန်းပေါ် ရေအေးလောင်းချလိုက်သည့်အလား တန်းမေးခွန်းထုတ်လိုက်သည်။
“ … ” ကျူးဟုန်ကုန်းက ငိုချင်လာလေပြီ။
စစ်ရှစ်ရှိုးရေ အဲဒါတွေ မပြောလို့ ရမလားဗျာ … ကျွန်တော်ကို သေစေချင်နေတာလား
“အဲဒါ ဘယ်မှာလဲ ” လုကျိုးက မေးလိုက်သည်။
ကျူးဟုန်ကုန်း၏ အချက်အလက်က ဘာမှမဟုတ်သော်လည်း ဘာမှမရှိခြင်းထက် ပိုကောင်းလေသည်။ ထို့အပြင် သူတို့က ထိုငမိုက်သား စီးဝူယာ့ကို ထောင်ချောက်ဆင်ထားရမည် ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် လုကျိုးက အရမ်းမစိုးရိမ်မိပေ။ သူ လုပ်ဖို့လိုသည်က စီးဝူယာ့ကို တွေ့ဖို့သာ ဖြစ်၏။
အကြံအစည်နှင့် လှည့်ကွက်အားလုံးက အဆုံးမဲ့ အင်အားရှေ့တွင် ဘာမှအသုံးမဝင်ပေ။
“ရှန့်စုရှုမြို့ရဲ့ လေပြေညင်း စားသောက်ဆိုင်မှာပါ ” ကျူးဟုန်ကုန်းက အလျှင်စလို ပြောလိုက်သည်။
“ မဟူရာစစ်သည်တော်တွေက ရှန့်စုရှုမြို့ကို ရှင်းထားတာကို ကြွက်ငါးကောင်က သတ္တိကောင်းပြီး ဆက်နေနေတာလား” ကျောင်းယွဲ့က မေးလိုက်သည်။
“အန္တရာယ်အများဆုံး နေရာက အလုံခြုံဆုံးဆိုသလိုပေါ့။ ပြီးတော့ ကြွက်ငါးကောင်ရဲ့ ရုပ်ရည်ကို မသိကြဘူးလေ။ သူတို့နဲ့ လမ်းပေါ် ထိပ်တိုက်တွေ့ရင်တောင် သူတို့ကို မှတ်မိမှာ မဟုတ်ဘူး။ သူတို့ ရှန့်စုရှုမြို့မှာ တွေ့တာ မဆန်းတော့ပါဘူး ” မင်ရှစ်ရင်က ပြောလိုက်သည်။
လုကျိုးက မင်ရှစ်ရင်အား လှည့်ကြည့်လိုက်ကာ “ မင်ရှစ်ရင်”
“ဟုတ် ရှစ်စွင်း”
“ မင်း ရှန့်စုရှုမြို့ဆီ သွားပြီး စီးဝူယာ့ကို ပြန်ခေါ်ခဲ့ ”
လုကျိုးက ဆက်ပြောလိုက်သည်။
“ ကြွက်ငါးကောင်ကိုလည်း သူတို့ ဒီလာပြီး သေချာတောင်းပန်တာ ကောင်းလိမ့်မယ်လို့ ပြောလိုက် မဟုတ်ရင်တော့ … ”
မင်ရှစ်ရင်က သူ့ရှစ်စွင်း၏ “ မဟုတ်ရင်တော့ ” စကားဆက်ကို ကြားလိုက်ရသည့်အခါ အနည်းငယ် တုန်ယင်သွားလေသည်။ သူက သည်တာဝန်ကို သတိလက်လွတ် မပြုမူရဲပေ။
စီးဝူယာ့၏ ကျင့်ကြံဆင့်က ပိတ်ဆို့ခံထားရသည်။ သူ့ကို ဖမ်းဆီးဖို့ သိပ်မခက်သင့်ပေ။ အရင်တစ်ခါ သူ့အသိုက်အထိ လိုက်ဖမ်းတာပင် မအောင်မြင်လိုက်သောကြောင့် ထိုစဉ်ကတည်းက အနည်းငယ် မကျေမနပ် ဖြစ်နေမိသည်။ ယခု သူက သတင်းရလာပြီဖြစ်ရာ ကောင်းကောင်း အသုံးချရမည်။
အမှားကနေ သင်ယူသင့်သည် မဟုတ်ပါလော။
အရင်တစ်ခါ အာ့ရှစ်ရှိုး ရှိခဲ့ပေမဲ့ အခုတစ်ခါ ဘယ်သူရှိနေလဲ …
ယွီရှန်းရုန်လိုမျိုး ပြိုင်ဘက်ကင်း ကျင့်ကြံသူက စီးဝူယာ့အတွက် သက်တော်စောင့် လာလုပ်ပေးဖို့ မဖြစ်နိုင်ချေ။
“ ဟုတ် ရှစ်စွင်း ” မင်ရှစ်ရင်က နောက်ဆုတ်လိုက်သည်။ အပြင်ဘက်တွင် မှောင်နေပြီ ဖြစ်ရာ သူက ထွက်သွားဖို့ အလျှင်မလိုပေ။
ကျူးဟုန်ကုန်းက ဒူးထောက်ကာ “ ရှစ်စွင်း … ဒါကို အကျိုးပြုတယ်လို့ ယူဆရတယ်မလား။ ရှစ်စွင်း၊ ရှစ်ရှိုးတို့ ကျွန်တော်ရဲ့ ဇင်အဝတ်လေးကို ကျေးဇူးပြုပြီး ပြန်ယူပေးပါနော်”
လုကျိုးက ကျူးဟုန်ကုန်းကို ကြည့်လိုက်ကာ “ငမိုက်သား … မင်းက သတင်းအချက်အလက်ကို ထိန်ချန်ထားမှတော့ မင်းကို ဘယ်လိုရှင်းမယ် ထင်လဲ”
ကျူးဟုန်ကုန်းက တုန်လှုပ်သွားလေသည်။ သူက ဘာမှမတောင်းဆိုရဲတော့ဘဲ အလျင်စလို ပြောလိုက်ရသည်။
“ ကျွန်တော် အမှားလုပ်မိသွားပါတယ် ”
ထိုစဉ် အခြားလူများက သဘောပေါက်သွားကြသည်။ လောင်ပါ့သည် သတင်းအချက်အလက်ကြီးကို တစ်လျှောက်လုံး သိထားခဲ့ပြီး ယခုအထိ ထိန်ချန်ထားခဲ့လေသည်။ သူ့တွင် မကောင်းသည့် အကြံအစည်များ ရှိနေသည်မှာ သိသာလှ၏။
“ ကြိမ်ဒဏ်ငါးဆယ် … လောင်စန်းက ရိုက်လိမ့်မယ်” လုကျိုးက လက်နောက်ပစ်လျက် နောက်လှည့်လိုက်သည်။
ကျူးဟုန်ကုန်းက သူ့ရှစ်စွင်း ထွက်သွားမည့် အရိပ်အယောင်မရှိသည်ကို မြင်သည့်အခါ ကြောက်လန့်တကြား ဖြစ်လာမိသည်။ သူ့ရှစ်စွင်းက ပြစ်ဒဏ်ကို ကိုယ်တိုင်ကြီးကြပ်နေမှန်း သိသာလှသည်။ ကြိမ်ဒဏ်ငါးဆယ်က ယခင် ကြိမ်ဒဏ်တစ်ရာ ခံယူစဉ်ထက် ပိုပြင်းထန်မည်မှန်း တန်းသိလိုက်သည်။
“ ဟုတ် ရှစ်စွင်း” တွမ့်မူရှန်းက ပြန်လည်သုံးသပ်ရေးဂူဆီ တုတ်တစ်ချောင်းဖြင့် ပြန်ရောက်လာသည်။ ထို့နောက် သူက ကျူးဟုန်ကုန်းကို မြောက်ကာ ကျောက်စားပွဲပေါ် တင်လိုက်သည်။
“ ရှစ်ရှိုး ရှစ်ရှိုး .. သက်သက်သာသာလေး လုပ်နော် ”
“ရှစ်တိ စိတ်မကောင်းပါဘူးကွာ … စည်းမျဉ်းက စည်းမျဉ်းပဲ။ ပြင်းပြင်းရိုက်တာက ငါ့အတွက် ပိုကောင်းတယ်၊ ဒါတွေက မင်းကောင်းဖို့ပါ။ တကယ်လို့ ရွှေနန်းဥယျာဉ်တောင်မှာ စည်းမျဉ်းမလိုက်နာရင် ငါတို့ အရင်ကလို ဂုဏ်ကျက်သရေမျိုး ဘယ်လိုလုပ်ပြန်ရနိုင်မှာလဲ”
ဖြောင်း
“ အို့ အား …” ရိုက်နှက်သံများ တစ်လျှောက်လုံး ထွက်ပေါ်လာသည်။
“ တင်း … ကျူးဟုန်ကုန်းကို ရက်ရက်စက်စက် ပြစ်ဒဏ်ပေးတဲ့အတွက် ကုသိုလ်ရမှတ် ငါးရာ ရရှိပါတယ်”
လုကျိုးက ကျူးဟုန်ကုန်းကို လှည့်ပင် မကြည့်ချေ။ သူက လက်နောက်ပစ်လျက် ပြန်လည်သုံးသပ်ရေးဂူထဲမှ ထွက်လာလိုက်သည်။
“ရှစ်စွင်း ဖြည်းဖြည်းသွားပါ ”
“ မျှော်နန်းသခင် နှုတ်ဆက်ပါတယ် ”
အခြားလူများလည်း ဦးညွှတ်လိုက်ကြသည်။
အခြားသူများက လုကျိုး ထွက်သွားသည်ကို မြင်မှ သက်ပြင်းချနိုင်တော့သည်။
မင်ရှစ်ရင်က အပြုံးလေးဖြင့် ပြောလိုက်သည်။ “ လောင်ပါ့ မင်းဘာသာ ဒါဖြစ်လာအောင် လုပ်ခဲ့တာပဲ။ မင်းရဲ့ ပြစ်ဒဏ်က ဒီလောက်နဲ့ ပြီးသွားတာ ကျေးဇူးတင်သင့်တယ် … ဒီထက်ဆိုးရင် မင်းကျင့်ကြဆင့်ကို ဖျက်ဆီးလိုက်တာမျိုး ဒါမှမဟုတ် သတ်ပစ်လိုက်တာမျိုး ဖြစ်သွားနိုင်တယ်”
“ ရှစ်ရှိုး … ကျေးဇူးပါ အာ့ အား ”
ဖြောင်းဖြောင်း
ခန္ဓာကိုယ် လေ့ကျင့်ကာ ကာကွယ်ရေးစွမ်းအားများ ထားနိုင်သည့် သူတို့လို ကျင့်ကြံသူများအတွက်ပင် သည်အပြုအမူဖြင့် အရိုက်နှက်ခံရခြင်းက ပိုမိုနာကျင်ပေသည်။ ထို့အပြင် တွမ့်မူရှန်းက ဖြောင့်မတ်သည့်လူ ဖြစ်သောကြောင့် တမင်လျှော့ပေးနေမည် မဟုတ်ပေ။ ထို့ကြောင့် သူ ကျူးဟုန်ကုန်းကို ရိုက်နှက်နေစဉ် သက်ညှာမှုလုံးလုံး မရှိနေချေ။
ကျူးဟုန်ကုန်း တစ်ယောက် မျက်ရည်များစီးကျလာသည်။
မင်ရှစ်ရင် ခေါင်းခါကာ ပြောလိုက်သည်။
“ မင်းအတွက် ဇင်အဝတ် ရအောင်ယူပေးဖို့ နည်းလမ်း စဉ်းစားပေးမယ် ”
ကျူးဟုန်ကုန်းက ထိုသတင်းကြားသည့်အခါ အပျော်လုံးစို့သွားလေသည်။ သူက ရိုက်နှက်ခံနေရဆဲ ဖြစ်သော်လည်း ခက်ခက်ခဲခဲ လက်နှစ်ဖက်ယှက်ကာ “ ရှစ်ရှိုးပဲ … ရှစ်ရှိုးပဲ ကျွန်တော့်အပေါ် ကောင်းကောင်း ဆက်ဆံတယ် … ”
မင်ရှစ်ရင်က သူ့ကို ဆက်မကြည့်တော့ပေ။ သူက လှည့်ထွက်သွားလေသည်။
ဖန်ကျုံးက အလျင်စလို ပြေးလာကာ “ စတုတ္ထသခင်လေးက တကယ်ကို ဉာဏ်ထက်တာပဲ။ တကယ်လို့ ဒီလှည့်ကွက်ကို မမြင်ခဲ့ရင် ကျွန်တော်တို့တော့ သတ္တမသခင်လေး အဲလေ သစ္စာဖောက်ရဲ့ အရူးလုပ်တာ ခံရတော့မလို့ … ”
“တခြားကိစ္စ ရှိသေးလား” မင်ရှစ်ရင်က ထူးဆန်းသည်ဟု ထင်မိသည်။
“ မရှိ … မရှိတော့ပါဘူး။ ကျွန်တော် ခင်ဗျားကို လေးစားမိနေရုံပါ … ကျွန်တော် စကားထဲမှာ အလိမ်အညာ မပါပါဘူး ” ဖန်ကျုံးက အလေးအနက် ပြောလိုက်သည်။
“ ငါ သဘောကျတယ်။ သူတို့က မြောက်ပင့်စကားဆိုပေမဲ့ လေးနက်တယ်” မင်ရှစ်ရင်က ပြောပြီးနောက် မျက်စိရှေ့မှ ပျောက်ကွယ်သွားလေသည်။
………..
ထိုစဉ် သီးသန့် တဲအိမ်လေး အပြင်ဘက်၌ …
စီးဝူယာ့သည် ယခင်ကလို မန္တန်ချိုးဖောက်ဖို့ မကြိုးစားတော့ပေ။ ထို့အစား သူက ဝါးထိုင်ခုံပေါ်တွင် ထိုင်ကာ နေရောင်ခံနေသည်။ သူ့အနားတွင် မန္တန်အကြောင်း ပါသည့် စာအုပ်မျိုးစုံ ရှိနေပြီး နည်းနည်းရှုပ်ပွနေသည်။
“ ရှစ်စွင်းက ဒီလိုမျိုး အဆင့်မြင့် မန္တန်ကို ဘယ်တုန်းက သင်လိုက်တာလဲ”
စီးဝူယာ့က ထိုမေးခွန်း အဖြေကို ရှာမတွေ့ပေ။ ထိုအရာက သူ့အား အရှက်ရစေသည်။
သူက မန္တန်ချိုးဖောက်နိုင်ရန်အတွက် ဒီစာအုပ်များကို သူ့လူများအား ရှာဖွေခိုင်းခဲ့သည်။ သူက စာအုပ်ထဲတွင် ပြောထားသမျှ နည်းလမ်းအများစုကို စမ်းကြည့်ပြီးပြီ ဖြစ်သော်လည်း တစ်ခုမှ အလုပ်မဖြစ်ခဲ့ပေ။
ထိုစဉ် မီးခိုးရောင်ဝတ် ကျင့်ကြံသူက သူ့ဆီ ရောက်လာသည်။ လက်အောက်ငယ်သားက ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။
“ ဂိုဏ်းချုပ်ရဲ့ အမိန့်အတိုင်း မိစ္ဆာဝေဟင်မျှော်နန်းကို စုံစမ်းပြီးပါပြီ။ သူတို့က ဗုဒ္ဓဂိုဏ်း ဒါမှမဟုတ် တာအိုအဆင့်မြင့် ကျင့်ကြံသူတွေနဲ့ အဆက်အသွယ် မရှိပါဘူး ”
စီးဝူယာ့က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူက တဲအိမ်လေးတစ်လျှောက် လက်နောက်ပစ်လျက် လျှောက်လာလိုက်သည်။
“ ယူနန်မှာတုန်းက ယဇ်ပလ္လင်က ဗုဒ္ဓကိုယ်တော်ကြီး၊ ထျန်းကျန့်မြစ်မှာ တာအိုသူတော်စင်နဲ့ ထန်းကျီမြို့မှာ တောက်ကိုးပါး ဖြတ်တောက်ခြင်းလက်ဟန် … ပဒုမ္မာစင်မြင့်မှာ အမည်မသိစွမ်းအား … ဒါတွေအားလုံးက ပြင်ပအကူအညီနဲ့ ဘာမှမသက်ဆိုင်ဘူးတဲ့လား ”
စီးဝူယာ့က ပဒုမ္မာစင်မြင့် မြင်ကွင်းကို ကိုယ်တိုင် မြင်လိုက်ရခြင်း ဖြစ်၏။ သူက ထိုစွမ်းအားသည် အကာအရံမှ ဖြစ်တည်လာကြောင်း သေချာလေသည်။
“ အဲဒါနဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှ မရသေးပါဘူး ”
စီးဝူယာ့က ခေါင်းညိတ်ကာ “ ဒီလိုဆိုရင် ရှစ်စွင်းက နည်းလမ်းအသစ်ရှာနေတာ သေချာသွားပြီ။ သူက အရင်ကလိုပဲ ”
“ ဂိုဏ်းချုပ် ကျွန်တော် ဆက်စုံစမ်းလိုက်ရမလား ”
“မလိုတော့ဘူး” စီးဝူယာ့က ခေါင်းခါကာ မေးလိုက်သည် “ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သူလျိုက ဘယ်သူလဲဆိုတာ သိပြီလား ”
“အခုအထိတော့ ကျွန်တော်တို့သိထားသလောက် သူက အရည်အချင်းရှိတယ်ဆိုတာပဲ။ ဘယ်သူဆိုတာတော့ အတိအကျ မသိရသေးပါဘူး ”
“နန်းတော်ကရော ဘယ်လိုလဲ ”
“ ကျွန်တော်တို့ ဘာသဲလွန်စမှ မရသေးပါဘူး … ဒါပေမဲ့ နောက်ထပ် သတင်းတစ်ခုတော့ ရလိုက်တယ်။ ရုန်ရှီရဲ့ လို့လန် ပညာရှင်က အခု နန်းတော်ထဲမှာတဲ့။ အဲဒီလူက ပဒုမ္မာစင်မြင့်ပေါ်က မဟာအစီအရင်နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်နိုင်တယ် ”
“မော့လီက ဝှက်ဖဲတချို့ ရှိနေတာပဲ” စီးဝူယာ့က ပြောလိုက်သည်။
“ ဒါအကုန်ပဲ ”
“ ဟုတ် နားလည်ပါပြီ ” မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားက ထွက်သွားလေသည်။
စီးဝူယာ့က တဲအိမ်ထဲ ပြန်လာကာ ဝါးထိုင်ခုံပေါ် ထိုင်လိုက်သည်။ သူက မျက်လုံးကို အသာမှိတ်ကာ အနားယူလိုက်၏။
ခဏအကြာတွင် နောက်ထပ် လက်အောက်ငယ်သားတစ်ဦး ထပ်ပေါ်လာသည်။
“ ဂိုဏ်းချုပ် … ရှန့်စုရှုမြို့က သတင်းရောက်လာပါတယ် ”
“ ဘာတဲ့လဲ ”
“ရှန့်စုရှုမြို့ရဲ့ ကြွက်ငါးကောင်က အဋ္ဌမသခင်လေးရဲ့ ဇင်အဝတ်ကို ခိုးခဲ့တယ်တဲ့။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းဆီ သွားခဲ့ရတဲ့ လျော်ကြေးလို့ ပြောပါတယ်”
လက်အောက်ငယ်သား စကားအဆုံးတွင် စီးဝူယာ့၏ မျက်လုံးများ ပြန်ပွင့်လာသည်။ အမူအရာကင်းမဲ့နေသည့် သူ့မျက်နှာက သူ့စကားတို့ဖြင့် ဆန့်ကျင်နေသည်။
“အရူးတွေ ”
“ ဂိုဏ်းချုပ်… ရှန့်စုရှုမြို့ရဲ့ ကြွက်ငါးကောင်က မဟူရာကွန်ယက် အဖွဲ့သားတွေ မဟုတ်ဘူးလေ။ သူတို့ကို ထိန်းချုပ်ဖို့ ခက်တယ်။ ကျွန်တော်တို့ ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ကို ရှင်းလိုက်ရမလား ”
စီးဝူယာ့က ဘာမှပြန်မဖြေပေ။ သူက သူ့ဘာသာ ရေရွတ်လိုက်၏။
“နှစ်ရက်အတွင်း ရှန့်စုရှုမြို့မှာ တွေ့ကြမယ်လို့ ကြွက်ငါးကောင်ဆီ သတင်းပို့လိုက် …”
“ ဂိုဏ်းချုပ်ရဲ့ လက်ရှိအခြေအနေနဲ့ အပြင်ထွက်တာ အကြံကောင်းတော့ မဟုတ်ဘူး။ ကျွန်တော် ကိုယ်စား လုပ်ပေးပါ့ရစေ” လက်အောက်ငယ်သားက ပြောလိုက်သည်။
“ကောင်းပြီ ” စီးဝူယာ့က ပြောလိုက်၏။
“ ရုန်ရှီရဲ့ လို့လန် ပညာရှင်လည်း ရောက်နေပြီ။ ရှန့်စုရှုမြို့က အချိန်အတော်ကြာ ငြိမ်သက်နေတာ ကြာလှပြီ။ အခု မီးစမွေးဖို့ အကောင်းဆုံးအချိန်ပဲ ”
“ နားလည်ပါပြီ။ ကျွန်တော် ချက်ချင်း လုပ်လိုက်ပါ့မယ်”
…………..
မိစ္ဆာဝေဟင်မျှော်နန်းအတွင်း ဒုတိယနေ့မြောက် မနက်ခင်း၌ …
လုကျိုးက ကောင်းကင်ကျမ်း ဆင်ခြင်နေရာသည့် အခြေအနေမှ နိုးထလာသည်။ သူက ထူးခြားအံ့ဖွယ် စွမ်းအားကို စစ်ကြည့်လိုက်သည့်အခါ တစ်ဝက်ပြည့်နေကြောင်း တွေ့လိုက်ရသည်။ ကံကောင်းစွာဖြင့် သူ့နားလည်နှုန်းက ပိုမို မြန်ဆန်လာခဲ့သည်။ ယခင် သူက ထူးခြားအံ့ဖွယ် စွမ်းအား အပြည့်အဝ ပြန်ကောင်းမွန်အောင် ခုနှစ်ရက်မှ ဆယ်ရက်လောက်အထိ အချိန်လိုအပ်ခဲ့သည်။ ယခုလက်ရှိအနေအထားအရ သူက ငါးရက်လောက်သာ လိုတော့သည်။ သူက ကောင်းကင်ကျမ်းကို ဆက်မလေ့လာတော့ဘဲ စားပွဲပေါ်ဆီ လာကာ ပုံကြမ်းအထုပ်ကို ကြည့်လိုက်သည်။ ထိုပုံကြမ်းအထုပ်က မနေ့နှင့် ဘာမှမကွာပေ။ အံ့ဖွယ်မြို့တော်၏ နန်းတော်သာ ရှင်းလင်းသွားပုံပေါ်သည်။ အခြားအစိတ်အပိုင်းများက ဝါးနေတာမျိုး ဒါမှမဟုတ် ဗလာကျင်းနေတာမျိုးသာ ဖြစ်နေသေးသည်။
“ကြည့်ရတာ ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာရဲ့ ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေက နန်းတော်ထဲမှာ တူတယ်”
ငါ ဘယ်လိုလိုက်ရှာရမလဲ …
ကျန်းအိုက်ကျန့်က ပြောစမှတ် တွင်လောက်သည့် စွမ်းရည်မျိုး ပိုင်ဆိုင်ထားသော်လည်း ဤတာဝန်က ကောက်ရိုးပုံထဲ အပ်ရှာနေသည်နှင့် မကွာပေ။ ထို့အပြင် ကျန်းအိုက်ကျန့်က ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာသည် ဘာနှင့်တူမှန်း မသိထားပေ။
ငါ အဲဒီကို ကိုယ်တိုင်သွားရမလား … သူက လွဲလျှင် ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာကို မည်သူမှ မသိထားပေ။
“ ရှစ်စွင်း … လောင်ပါ့က မပြောင်းလဲသွားဘူး။ သူ့ချီစွမ်းအားတွေက ဖရိုဖရဲ ဖြစ်နေတုန်းပဲ ”
တွမ့်မူရှန်း၏ အသံက အပြင်ဘက်မှ ရုတ်ခြည်း ထွက်လာသည်။
“ဖန်ကျုံးကို သူရဲ့ ချီပင်လယ်၊ စွမ်းအင်ဗဟိုချက်နဲ့ ချီသွေးကြောတွေကို ပိတ်ခိုင်းထားလိုက် … တကယ်လို့ ပိတ်မရရင် သူ့စွမ်းအားကုန်တဲ့အထိ တိုက်ခိုက်လိုက် ” လုကျိုးက ပြောလိုက်သည်။
“ရှစ်စွင်း အဲဒါက တကယ်ကို အကြံကောင်းပဲ။ ကျွန်တော် ဘာလို့ မတွေးမိပါ့လိမ့် ”တွမ့်မူရှန်းက တက်ကြွလာသည်။ ထို့နောက် သူက ရေရွတ်လိုက်၏။
“ ငါ လက်ရည်မစမ်းရတာတောင် ကြာလှပြီ ”
သူက လှည့်ထွက်တော့မည့်အချိန် လုကျိုးက မေးလိုက်သည်။ “ကျောင်းယွဲ့ ဘယ်မှာလဲ”
ကျောင်းယွဲ့က အခုတလော ထူးဆန်းနေတယ် … သူမကို အာရုံပိုစိုက်ထားတာ ကောင်းမယ်
ကျောင်းယွဲ့က အမြဲတမ်း သတင်းလာပို့ပေးသူ ဖြစ်ရာ ဒီတစ်ခေါက် တွမ့်မူရှန်းက ဘယ်လိုလုပ် ရောက်လာတာလဲ …
“ရှစ်မေ့ကျောင်းယွဲ့က သိပ်နေမကောင်းတာနဲ့ တောင်ပိုင်းမျှော်နန်းဆောင်မှာ အနားယူနေပါတယ်”
တွမ့်မူရှန်းက ပြန်ဖြေလိုက်သည်။
နေမကောင်းဘူးလား … နတ်ဒေဝါဦးတည်နယ်ပယ် တာအိုဖွဲ့စည်းခြင်းအဆင့်မှာ သာမန်ဖျားနာတာလောက်က သက်ရောက်မှု မရှိတော့ဘူးလေ။
လုကျိုးက မျှော်နန်းဆောင်မှ ထွက်လာလိုက်သည်။ သူက တွမ့်မူရှန်းသည် ရိုရိုကျိုးကျိုး ရပ်နေသည်ကို မြင်လိုက်ရသည်။ သူက ပြောလိုက်သည်။
“လောင်ပါ့ကို သွားစစ်ဆေးချည် ”
“ကျွန်တော် ချက်ချင်း သွားလိုက်ပါ့မယ်” တွမ့်မူရှန်းက ချက်ချင်း လှည့်ထွက်သွားတော့သည်။
လုကျိုးက တောင်ပိုင်းမျှော်နန်းဆောင်ဘက် သွားလိုက်သည်။
ထိုနေရာ၌ လုံးဝကို တိတ်ဆိတ်နေသည်။
“ကျောင်းယွဲ့ ” လုကျိုးက အသံမြင့်ကာ ခေါ်လိုက်သည်။
“ရှစ် … ရှစ်စွင်းလား” အခန်းအတွင်းမှ အံ့ဩသွားသည့် အသံထွက်လာသည်။
သို့သော်လည်း ကျောင်းယွဲ့က ရုပ်လုံးထွက်မပြပေ။
လုကျိုးက လက်နောက်ပစ်လျက် လျှောက်လာပြီး ချက်ချင်း မဝင်သွားပေ။ သူက ကျောင်းယွဲ့အသံ၌ စိတ်လှုပ်ရှားမှုနှင့် နာကျင်မှုအရိပ်အယောင်ကို အာရုံခံမိလိုက်သည်။ သူက တံခါးနားရောက်သည့်အခါ မှောင်မှိုက်ကာ အေးစက်သည့် လေထုကို ခံစားမိလိုက်၏။ သူက မျက်မှောင်ကြုတ်ကာ လက်အသာဝှေ့လိုက်သည်။
စွမ်းအားက တံခါးကို ဗန်းခနဲ ဖွင့်လိုက်သည့်အချိန် လုကျိုးက ကျောင်းယွဲ့ကို ကြည့်လိုက်၏။
ကျောင်းယွဲ့က အနားယူနေခြင်း မဟုတ်ပေ။ ထို့အစား သူမက ထောင့်တစ်နေရာ၌ တုန်တုန်ယင်ယင် ဖြစ်နေခြင်း ဖြစ်၏။ သူမ နဖူးမှ ချွေးများစီးကျနေကာ ခန္ဓာကိုယ်မှ အေးစက်စက် လေများ ထွက်နေသည်။ အအေးဓာတ်နှင့် အပူဓာတ်က သူမ ဆံပင်များအား စိုစွတ်လာစေသည်။ သူမအဝတ်၌ ရေခဲပါးတစ်လွှာကိုပင် မြင်နေရသည်။
ကျောင်းယွဲ့ မျက်နှာအထက် တုန်လှုပ်သွားသည့် အမူအရာတစ်ခု ပေါ်ထွက်လာသည်။ သူမက ရှစ်စွင်း ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမက အအေးဓာတ်ကို တောင့်ခံကာ မြေပေါ် ဒူးထောက်လိုက်ပြီး မေး တဆတ်ဆတ်တုန်ကာ နှုတ်ဆက်လိုက်သည် “ ရှစ်စွင်း … ကို ဂါရဝပြုပါတယ် ”
လုကျိုးက ကျောင်းယွဲ့ အခြေအနေကို မြင်လိုက်သည်နှင့် အဖြစ်အပျက်ကို အကြမ်းဖျင်း မှန်းဆမိလိုက်သည်။ သူက ခေါင်းခါလိုက်မိ၏။
ဒီတပည့်တွေကတော့ ငါ့ကို အနားယူဖို့ အချိန်ကို မပေးကြဘူးပဲ ….
…
အခန်း (၂၆၃) ကျောက်စိမ်းကဲ့သို့တောက်ပသောလ
ပြောင်မြောက်ခြင်းကျောက်စိမ်းကျင့်စဉ်သည် စိတ်ဝင်စားစရာကောင်းသည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ကျောင်းယွဲ့ကိုယ်တိုင် ထိုကျင့်စဉ်ကိုရွေးချယ်ထားတာဖြစ်၏။
ခွန်အားအပြည့်ဖြင့်သူမက လှည့်ပတ်သည့်နည်းလမ်းကို အသုံးပြုခဲ့လျှင် သူမခန္ဓာကိုယ်၏ အပေါ်ယံတွင် ဖောက်ထွင်းမြင်နေရသော ရေခဲမြူတစ်လွှာဖြင့် ရစ်ပတ်ခံထားရသည့်ပုံ ပေါ်လာလိမ့်မည်။ ခန္ဓာကိုယ်အပြင်ဖက်ရှိ ကနဦးချီက စွမ်းအင်အဖြစ်ပြောင်းလဲသွားသည့်အချိန်၌ ကနဦးချီက အပူနှင့်အအေးကြားကူးပြောင်းမှုတစ်ခုရှိလာလိမ့်မည်။
ကျောင်းယွဲ့ကမတော်တဆတစ်ခုကြုံတွေ့ခဲ့တာသိသာ၏။ သူမကျင့်ကြံပုံက ဘာမှမမှားပေ။ သို့သော် သူမကစိတ်မရှည်ဖြစ်လွန်းပြီး ရလဒ်ကိုမြင်ရန်စိတ်လောနေခဲ့၏။ အအေးဓာတ်ကို တွန်းလှန်ရန် လုံလောက်သည့်ကာကွယ်ခြင်းစွမ်းအင်မရှိဘဲ သူမကအတင်းအဓမ္မကျင့်ကြံခဲ့လျှင် ပြင်းထန်သည့်နာကျင်မှုကိုသာခံစားရရုံရှိသည်။
လုကျိုးက ကျောင်းယွဲ့ရှေ့၌ ရပ်ကာသက်ပြင်းချပြီးပြောလိုက်၏။ "အကြောင်းပြချက်က...”
“တပည့်အမှားတစ်ခုလုပ်မိပါတယ်။ တပည့်အဆင့်တက်ဖို့ဒီလောက်စိတ်မလောသင့်ဘူး”
ကျောင်းယွဲ့ကခေါင်းငုံ့ထားလိုက်၏။
“ဒါပဲလား”
“တ တ တပည့် မ မပြောရဲပါဘူး” ကျောင်းယွဲ့က စကားထစ်နေ၏။
“ပြော”
ကျောင်းယွဲ့သည် စိုးရိမ်ကြောင့်ကြနေသော်ငြား ခေါင်းညိတ်ကာပြောလိုက်၏။
“တပည့် ဘာဖြစ်မှန်း မသိဘူး။ ပြီးပြည့်စုံတဲ့ကျင့်စဉ်ကို စကျင့်ကြံချိန်ကစပြီး တပည့်ရဲ့ကနဦးချီစီးဆင်းမှုက မငြိမ်သက် တော့ ဘူး။ အရင်ကလောက် မြန်မြန်ဆန်ဆန်မကျင့်ကြံနိုင်တော့ဘူး”
ထိုစကားကိုကြားသည့်အချိန်၌ လုကျိုးက ဇဝေဇဝါဖြစ်သွားလေ၏။ သူ၏ ကျန်သည့်တပည့်များထံတွင် ထိုကဲ့သို့အရာမဖြစ်ဘူးပေ။ အမှန်တကယ်တွင် ကျန်သည့်တပည့်များက ပြီးပြည့်စုံသည့် ကျင့်စဉ်များ ရရှိပြီးသည့်နောက် ပိုမြန်ဆန်သည့် ကျင့်ကြံခြင်းအရှိန်တစ်ခု ရလာကြသည်။ ကျောင်းယွဲ့ သည် မျှော်နန်းထဲသို့ရှောင်ယွမ်အာ ဝင်မလာခင် မျှော်နန်းသို့ဝင်လာခဲ့တာပဲဖြစ်၏။ သူမသည် ရှောင်ယွမ်အာလောက် ပါရမီ မထူးလျှင်တောင် အနည်းဆုံးတော့ထိုမျှနောက်ကောက်မကျသင့်ပေ။
“မလှုပ်နဲ့” လုကျိုးက လက်မြှောက်လိုက်၏။ သိမ်မွေ့သည့် ကနဦးချီက သူ၏လက်ဖဝါးထဲကနေ ထွက်လာပြီး ကျောင်းယွဲ့ဆီသို့ကျရောက်သွား၏။
လုကျိုးထင်သည့်အတိုင်းပင် ကနဦးချီက ကျောင်းယွဲ့၏ ထူးကဲချီသွေးကြောရှစ်ကြောဆီသို့ ဝင်ရောက်သွားစဉ်၌ အေးစက်သောလေက တုံ့ပြန်ပြီး လုကျိုး၏ ကနဦးချီကိုဖယ်ရှားရန် ကြိုးစားလိုက်လေ၏။
“ဒါမဟုတ်သေးဘူး။ ဒီဟာက ပြောင်မြောက်ခြင်းကျောက်စိမ်းကျင့်စဉ်က အအေးဓာတ် မဟုတ်ဘူး”
တစ်ခုခုက ထူးကဲပြီး ထူးဆန်းနေပုံပဲ။ သူမဆီမှာ အချိန်အတော်ကြာရှိနေတဲ့ပုံပဲ။
လုကျိုးက လက်ဝါးတစ်ဖက်ကို မြှောက်လိုက်၏။ "မင်းခေါင်းမော့လိုက်”
လုကျိုး၏ စိတ်နေသဘောထားက ယခင်နှင့်ကွဲပြားလာပြီ ဖြစ်သော်ငြား လုကျိုး၏ ခြိမ်းခြောက်နိုင်သော အမူအရာနှင့် အတိတ်တုန်းက သူပြုလုပ်ခဲ့သည့်ကိစ္စများက ကျောင်းယွဲ့ကို စိုးရိမ်ပူပန်စေ၏။ ခဏကြာပြီးနောက် သူမခေါင်းမော့လိုက်သည်။
လုကျိုးကမေးလိုက်သည်။
“မင်းကိုမေးမယ် မိစ္ဆာဝေဟင်မျှော်နန်းဆီမဝင်ခင် ဘယ်ကျင့်စဉ်ကို မင်း ကျင့်ကြံခဲ့လဲ”
ကျောင်းယွဲ့က ခေါင်းခါပြီးပြောလိုက်၏။ “မရှိပါဘူး”
“ငါ့ကိုမလိမ်နဲ့”
မျက်ဝန်းများသည် စိတ်ဝိညာဉ်၏ပြတင်းပေါက်များဖြစ်သည်။
ကျောင်းယွဲ့က သူမကို လုကျိုးက တင်းမာစွာစိုက်ကြည့်နေတာကိုမြင်သောအခါ ကျောင်းယွဲ့ ကြောက်ရွံ့လာ၏။ သူမ မလိမ်ရဲတော့ဘဲ ပြောလိုက်တော့သည်။ “တပည့်အမှန်အတိုင်း ပြောနေတာပါ”
လုကျိုးက ခေါင်းညိတ်လိုက်၏။ သူက မုတ်ဆိတ်သပ်ကာပြောလိုက်တော့သည်။
“မင်းကို ပြောင်မြောက်ခြင်းကျောက်စိမ်းကျင့်စဉ်ပေးခဲ့တာ ဘယ်နှဆင့်ထိလေ့ကျင့်ပြီးပြီလဲ”
ကျောင်းယွဲ့က ပြန်ပြောလိုက်၏။ “တပည့်က တုံးအပြီး ခြောက်ဆင့်ထိပဲပဲတတ်မြောက်ခဲ့ပါတယ်။ သတ္တမမြောက်အဆင့်နဲ့သိပ်မကျွမ်းဝင်သေးပါဘူး။ ရှစ်စွင်းသင်ပေးခဲ့တဲ့ အဌမနဲ့ နဝမအဆင့်က တပည့်အတွက် နားလည်ဖို့ခက်ခဲလွန်းတယ်။ သူတို့ကိုကျင့်ကြံဖို့အချိန်မရသေးပါဘူး”
ထိုသို့ဆိုလျှင် ကျင့်စဉ်၏ နောက်ဆုံးနှစ်ဆင့်က သူမလက်ရှိအခြေအနေအတွက်ဖြစ်တာ မဟုတ်လောက်ပေ။ အလွန်ဆုံးမှ ပြဿနာကို ဖွင့်မိတာပဲဖြစ်လောက်မည်။ ကျောင်းယွဲ့၏ခန္ဓာကိုယ် အတွင်းရှိ အအေးအဆိပ်က သူမ၏အခြေအနေကို ဖြစ်စေတာပင်။
“ထပ်စဉ်းစားကြည့် မင်းပြောင်မြောက်ခြင်းကျင့်စဉ်ကိုမကျင့်ခင်မှာ တခြားကျင့်ကြံသူတစ်ယောက်နဲ့ တွေ့မိပြီး အမည်မသိကျင့်စဉ်တစ်မျိုးမျိုးကျင့်မိလား။ ဒါမှမဟုတ် ဒဏ်ရာရဖူးလား” လုကျိုးက မေးလိုက်၏။
အအေးအဆိပ်၏ဇစ်မြစ်သည် ဆန်းကြယ်နေသည်။ သို့သော် ပါးလျသည့်လေထုထဲကနေ အကြောင်းပြချက်ပေါ်လာမှာ သံသယဖြစ်ဖွယ်မရှိပေ။
ကျောင်းယွဲ့သည် တပည့်ကိုးယောက်ထဲ၌ ပါရမီအရှိဆုံးလူမဟုတ်သော်ငြား အပြင်ရှိ လူများထက် ပိုသာနေသေးဆဲဖြစ်သည်။ သူမသင့်တော်စွာကျင့်ကြံခဲ့လျှင် ထိုကဲ့သို့အခြေခံအမှားတစ်ခုကို လုပ်မိမှာမဟုတ်ပေ။ အအေးအဆိပ်က တစ်စုံတစ်ယောက်ကြောင့် ဖြစ်တာဖြစ်လောက်သည်။
ကျောင်းယွဲ့က အတွေးထဲနစ်သွားလေ၏။ ခဏအကြာတွင် သူမက သိမ်မွေ့စွာပြောလိုက်သည်။
"တပည့်မျှော်နန်းထဲဝင်တဲ့အချိန် အသက်ကိုးနှစ်ရှိပြီ။ တပည့်ရှင်းရှင်းလင်းလင်းမမှတ်မိနိုင်တဲ့ ကိစ္စတွေအများကြီးပဲ”
“အဲဒီအချိန်မတိုင်ခင်ကကော” လုကျိုးက မေးလိုက်၏။
မိစ္ဆာဝေဟင်မျှော်နန်းပြီးနောက် ဖြစ်ရပ်များကဖော်ထုတ်ရန်ပိုလွယ်ကူ၏။ သို့သော် ထိုမတိုင်ခင်က အဖြစ်အပျက်များကို သူမ ပြန်တွေးရမည်။
ကျောင်းယွဲ့က ကြောင်အသွား၏။ သူမသည် ပျာယာခတ်သွားပုံပေါ်လေ၏။
လုကျိုးက ထောက်ပြသည့်လေသံဖြင့်ပြောလိုက်သည်။
“မင်း ငါ့ကို တစ်ခုခုဖုံးကွယ်ထားတာလား”
“တပည့်မလုပ်ရဲပါဘူး”
ကျောင်းယွဲ့သည် ချက်ချင်းအရိုအသေပေးပြီး ထစ်အသွားလေ၏။ “တ တ တစ်စုံတစ်ယောက် ပြော ပြောတာက တပည့်က နန်းတော်ကတဲ့။ ဒါပေမဲ့ အဲ့ဒါကို တပည့်မယုံဘူး”
သူမစပြောပြီး ပြီးသွားသည့်အချိန်ကျမှသာခေါင်းခါလိုက်၏။ သူမက ငြင်းနေလေတော့သည်။
“မင်းကို ဘယ်သူပြောပြတာလဲ” လုကျိုးက မေးလိုက်သည်။
“တပည့်သူ့ကိုမသိဘူး။ ဒါပေမဲ့ သူက သိုင်းပညာရှင်တစ်ယောက်ဆိုတာပြောနိုင်တယ်။ နန်းတော်က ဖြစ်လောက်တယ်။ အဲ့ဒီတုန်းက ရှစ်မေ့ထျန်းရှင်းနဲ့တွေ့ခါစ။ ရှစ်မေ့ထျန်းရှင်းက တပည့်ကို အစီအရင်အသက်သွင်းဖို့ပြောတော့ တပည့် သူနဲ့ သူရိန်ပြာတောင်တန်းမှာတွေ့ခဲ့တာ။ အဲ့ဒီနောက်ဖြစ်ပျက်ခဲ့တာကို ရှစ်စွင်းသိမှာပါ” ကျောင်းယွဲ့ကပြန်ပြောလိုက်၏။
ယဲ့ထျန်းရှင်းက သူတို့ကိုသူရိန်ပြာတောင်တန်း၌ လူတစ်စုကိုဦးဆောင်ပြီး သူတို့ကိုခြုံခိုတိုက်ခိုက်ခိုင်း ပုံကို လုကျိုးဘယ်တော့မှ မေ့မှာမဟုတ်ပေ။
ယဲ့ထျန်းရှင်းက သူ၏တပည့်ကိုးယောက်ထဲ၌ အတင့်အရဲဆုံးဖြစ်၏။ ယခုလုကျိုး ထိုအကြောင်းကို တွေးမိသောအခါ ယခုအချိန်ထိ မိစ္ဆာဝေဟင်မျှော်နန်းကနေ မောင်းထုတ်ခံထားရသည့် ယဲ့ထျန်းရှင်း အသက်ရှင်လျက်ရှိသေးလား သူသိချင်သွားသည်။
“မင်း နန်းတော်ကဆိုမှတော့ နန်းတော်ကနေ မင်းရဲ့စစ်ဆေးမှုကို စတင်သင့်တယ်”
လုကျိုးကပြောလိုက်၏။
ကျောင်းယွဲ့သည် ယခင်က နန်းတော်ကိုစစ်ဆေးရန်အခွင့်အရေးရခဲ့သည်။ သို့သော် မင်ရှစ်ရင်ကို သူမအခွင့်အရေးပေးခဲ့မိ၏။
“တပည့် မိစ္ဆာဝေဟင်မျှော်နန်းရဲ့စည်းမျဉ်းတွေကို လိုက်နာပါတယ်။ မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ပြီဆိုတာနဲ့ အတိတ်ရဲ့နှောင်ကြိုးကို ဖြတ်တောက်ပြီးပါပြီ။ တပည့် စည်းမျဉ်းကို မချိုးဖြတ်ရဲပါဘူး” ကျောင်းယွဲ့ကပြောလိုက်၏။
“ငါ ထင်တာမမှားရင် မင်းမိထားတဲ့အအေးဓာတ်အဆိပ်က အမှောင်ယင်လက်ဝါးက ဖြစ်မယ်။ ဒါက အင်မတန်ပြင်းထန်တဲ့အမှောင်တာအိုစည်းတံဆိပ်ပဲ။ မင်း အဲ့ဒီအကြောင်းမရှာဖွေတော့ဘူးလား” လုကျိုးကမေးလိုက်၏။
ကျောင်းယွဲ့က ခေါင်းခါလိုက်သည်။
လုကျိုးက ကျောင်းယွဲ့၏ခါး၌ ချိတ်ထားသောကျောက်စိမ်းအဆောင်ကိုကြည့်လိုက်သည်။ သူ တပည့်များကို စုဆောင်းစဉ်က မြင်ကွင်းကိုပြန်တွေးလိုက်၏။ ယင်းက သူမကလေးဘဝတည်းက သယ်ထားသည့် ကျောက်စိမ်းဆွဲပြားပင်ဖြစ်သည်။ ထိုအကြောင်းကို ယခုတွေးမိသောအခါ ယင်းက သံသယဝင်စရာကောင်းလာလေ၏။ နိမ့်ကျသည့်မိသားစုမှ တစ်စုံတစ်ယောက်သည် ထိုကဲ့သို့ တန်ဖိုးကြီးကျောက်စိမ်းဆွဲပြားမည်ကဲ့သို့ဆောင်ထားနိုင်မည်နည်း။
“အပြင်ကတစ်ယောက်”
“အမိန့်အတိုင်းပါ မျှော်နန်းသခင်” တံခါးအပြင်ဖက်မှ အမျိုးသမီးကျင့်ကြံသူကပြောလိုက်၏။
“ဟွားယွဲ့ရှင်းကို ဒီခေါ်လာခဲ့”
“နားလည်ပါပြီ”
မကြာမီ၌ ဟွားယွဲ့ရှင်းသည် တောင်ပိုင်းမျှော်နန်းထဲ၌ ပေါ်လာလေ၏။ သူမကကျောင်းယွဲ့၏ အခန်းအပြင်သို့ရောက်သည့်အချိန် အရိုအသေပေးကာ ပြောလိုက်တော့သည်။
“နှုတ်ဆက်ပါတယ်။ မျှော်နန်းသခင်”
လုကျိုးက နောက်ကျောကလက်ကိုဆန့်ထုတ်ပြီးမေးလိုက်လေ၏။ “မင်း နန်းတော်ထဲမှာ ခစားတာ ဘယ်လောက်ကြာပြီလဲ”
“မျှော်နန်းသခင်ရဲ့အမေးကိုအကြောင်းပြန်ချင်ပါတယ်။ တစ်နှစ်မပြည့်သေးပါဘူး”
“အဲ့ဒီကာလအတွင်း အမှောင်ယင်လက်ဝါးကို တတ်ကျွမ်းတဲ့သိုင်းပညာရှင်တစ်ယောက်ယောက်ကို တွေ့ဖူးလား”
“အမှောင်ယင်လက်ဝါးလား” ဟွားယွဲ့ရှင်းက ဇဝေဇဝါဖြစ်သွား၏။ သူမသည် ခေါင်းခါကာပြော လိုက်တော့သည်။ “ကျွန်မ အဲ့လိုလူတစ်ခါမှမတွေ့ဖူးပါဘူး။ ဒါပေမဲ့ နန်းတော်ထဲမှာ ဂိုဏ်းအသီးသီးက လက်ရွေးစင်တွေအများကြီးရှိနေတာ။ အမှောင်ယင်လက်ဝါးကျွမ်းတဲ့ လက်ရွေးစင်တစ်ယောက် ရှိဖို့က မဖြစ်နိုင်တာမဟုတ်ဘူး”
ထိုအဖြေသည် အဖြေမရှိသည်နှင့် လုံးဝမခြားပေ။
“ထားလိုက်တော့ ထွက်သွားလို့ရပြီ” လုကျိုးက လက်ကိုဝှေ့ယမ်းလိုက်သည်။
“ဒါဆို ကျွန်မသွားလိုက်ပါဦးမယ်” ဟွားယွဲ့ရှင်းသည် မိစ္ဆာဝေဟင်မျှော်နန်းထဲက လှည့်ထွက်သွား ၏။ မျှော်နန်းအပြင်ဖက်၌ သူမဖာသာရေရွတ်ပြောလိုက်တော့သည်။ “မျှော်နန်းသခင်က တကယ်ကြင်နာတတ်တာပဲ”
လုကျိုးက အခန်းထဲပြန်သွား၏။ ကျောင်းယွဲ့၏ ဖြူဖျော့နေသော မျက်နှာကိုကြည့်ကာ ပြောလိုက်တော့သည်။ “မတ်မတ်ထိုင်” ထိုစကားကို ကြားသောအခါ ကျောင်းယွဲ့အပျော်လွန် သွား၏။ သူမက အမြန်အရိုအသေပေးလိုက်တော့၏။ “ကျေးဇူးတင်ပါတယ် ရှစ်စွင်း”
သစ္စာရှိမှု အပေါင်း ငါးရာခိုင်နှုန်း။
သူမက အမြန်မတ်မတ်ထိုင်လျက် တင်ပလင်ခွေချိတ်လိုက်၏။
လုကျိုးက သူမနောက်ကျောကို လျှောက်သွားလျက် သူလည်း တင်ပလင်ခွေချိတ်ထိုင်လိုက်သည်။
သူ၏ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်၏ တာအိုထိန်းချုပ်ရေးအဆင့်တွင်သာ ရှိသေး သည်။ ထိုသို့တိုင် ကျောင်းယွဲ့က နတ်ဒေဝါဦးတည်နယ်ပယ်၏ တာအိုအသွင်ပြောင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူမက အအေးအဆိပ်ကို မတွန်းလှန်နိုင်သောကြောင့် သူ့အဖို့တွန်းလှန်ဖို့က အကြောင်းအရင်းကြောင့် သူသည် ထူးကဲစွမ်းအားကို အသုံးပြုရန်ကြိုးစားလိုက်၏။ သူသည် ကျဆုံးခဲ့လျှင်တောင် ဘာမှဆုံးရှုံးမှာမဟုတ်ပေ။
“မခုခံနဲ့”
“နားလည်ပါပြီ”
လုကျိုးက လက်ဖဝါးကိုမြှောက်လိုက်၏။ သူ့လက်ဖဝါးထဲကနေ ကနဦးချီများက ဒီရေပမာ ပေါ်ထွက်လာ၏။ တစ်ချိန်ထဲတွင် သူက ကောင်းကင်ကျမ်းစာ၏ ထူးကဲစွမ်းအားသည် သူ၏အမိန့် အတိုင်းလိုက်နာနေသည်ဟုခံစားလိုက်ရသည်။ ယခုအချိန်တွင် သူ၏ ကနဦးချီဖြင့် ပိုမိုချောမွေ့စွာ ပေါင်းစပ်နေပြီဖြစ်သည်။
ဘန်း
သူ၏ကနဦးချီသည် ခန္ဓာဝိညာဉ်၏ တံခါး နှလုံးသားပို့ဆောင်မှုကို ဖြတ်ကျော်လျက် ကျန်သည့် အမှတ်များကနေ သူမ၏အဓိကချီသွေးကြောများဆီ စီးဝင်သွား၏။
မည်သည့်သတိပေးချက်မှမရှိဘဲ ကျောင်းယွဲ့က သွေးတစ်ပွက်ရုတ်တရက်အန်တော့သည်။ သူမက မြည်တမ်းရုံသာမြည်တမ်းနိုင်၏။ လှုပ်လည်းမလှုပ် ခုခံခြင်းလည်းမရှိပေ။ ထင်တဲ့အတိုင်းပဲ။ အအေးအဆိပ်က တစ်ခါတည်းတုံ့ပြန်တာကိုး” လုကျိုးက ထူးမခြားနားပြောလိုက်သည်။
“ရယ်စရာကောင်းလိုက်တာ အအေးဓာတ်အဆိပ်လေးကများ တွန်းကန်ဖို့ကြိုးစားနေတယ်လား”
…
အခန်း (၂၆၄) ပုဂ္ဂိုလ်ကြီးဘေးက သိုင်းပညာရှင်
ချိန်ရွယ်ပြီးသား မြားကို ပစ်လွှတ်ရမည်။
လုကျိုးက ချီစွမ်းအား လှည့်ပတ်နေစဉ် ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ် စွမ်းအားက ထွက်ပေါ်လာသည်။ ကြည်လင်နေသည့် ချီက အပြာရောင်သမ်းနေကာ ထူးခြားအံ့မခန်း ဖြစ်နေသည်။ ကြည့်ရသည်မှာ သူ့လက်ဝါးထဲ အပြာရောင် ပိုးစုန်းကြူးလေးများ ဝဲပျံနေသလို ဖြစ်နေသည်။
မျက်စိတစ်မှိတ်အတွင်း ကျောင်းယွဲ့၏ ချီသွေးကြောများထဲမှ အအေးဓာတ်အဆိပ်က လုကျိုး၏ ကောင်းကင်ကျမ်း ထူးခြားအံ့ဖွယ်စွမ်းအားနှင့် ချီစွမ်းအားအောက်တွင် ဖြည်းဖြည်းချင်း လျော့ကျသွားသည်။
ကျောင်းယွဲ့ ခန္ဓာကိုယ်အပေါ်ယံ၌ မြူခိုးအလွှာတစ်ခု ပေါ်လာက သူမခေါင်းအထက်မှ အပူဓာတ် မြင့်တက်လာသည်။
ခဏအတွင်း ကျောင်းယွဲ့၏ ချီသွေးကြောထဲမှ အအေးဓာတ်အဆိပ်က စတင် အားပျော့လာသည်။ ထို့နောက် လုံးဝ ပျောက်ကွယ်သွားလေသည်။ သူမ ခန္ဓာကိုယ်တစ်လျှောက် နွေးထွေးမှု စီးဆင်းသွားပြီး သူမအဝတ်အစားပေါ်မှ ရေခဲလွှာပင် အလျင်အမြန် အရည်ပျော်ကျသွားသည်။
ထိုစဉ် တောင်ပိုင်းမျှော်နန်းမှ ထွက်လာသည့် ဟွားယွဲ့ရှင်းက အတွေးထဲ နစ်မျှောနေသည်။ သူမက တွေးလေလေ ပို၍ နားမလည်နိုင် ဖြစ်လာလေလေ ဖြစ်၏။ နန်းတော်အတွင်း ရှိစဉ် သူမက ကျောက်စိမ်းမိန်းမပျိုလေး ပြောသမျှ မေးခွန်းပြန်မထုတ်ဘဲ လုပ်လေ့ရှိသည်။ ယခု သူမ မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်လာပြီးနောက်တွင်ပင် သူမက မပြောင်းလဲသေးကြောင်း သိလိုက်ရ၏။
ဟွားယွဲ့ရှင်းက ရပ်ကာ သူမဘာသာ တီးတိုးပြောလိုက်သည်။
“ မျှော်နန်းသခင်က ငါ့ကို ဘာလို့ ဒီမေးခွန်း မေးပါ့လိမ့်”
သူမက ခေါင်းကုတ်ကာ စဉ်းစားသော်လည်း အဖြေမရပေ။
ထိုစဉ် သူမက ဖန်ကျုံးနှင့် ဖန်လီထန်းတို့ကို တွေ့လိုက်ရသည်။
ဖန်ကျုံးက ဟွားယွဲ့ရှင်းတစ်ယောက် တောင်ပိုင်းမျှော်နန်း အပြင်ဘက်တွင် ရပ်နေသည်ကို မြင်လိုက်ရ၍ ရောက်လာကာ နှုတ်ဆက်လိုက်သည်။
“မိန်းကလေးဟွား … မင်္ဂလာပါ ”
“ ကျွန်မကို ဘယ်လိုခေါ်လိုက်တာလဲ”ဟွားယွဲ့ရှင်းက မျက်မှောင်ကြုတ်လိုက်သည်။
“ ကျွန်တော် ပြောချင်တာ အဲလို မဟုတ်ပါဘူး … အစ်မကြီးဟွား …” ဖန်ကျုံးက သူ့ဘာသာ ပြင်ပြောလိုက်သည်။
ဟွားယွဲ့ရှင်းက ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။
ဖန်လီထန်းက ဖန်ကျုံး၏ ကုပ်ပိုးကို ချလိုက်လေသည်။ ဖန်ကျုံးတစ်ယောက် သူ့မျှော်မှန်းထားသလို မဟုတ်သည့်အတွက် စိတ်ပျက်မိနေသည်။
သူက ပြောလိုက်သည်။ “ မိန်းကလေးယွဲ့ရှင်း … ”
သူက ဖန်ကျုံး၏ အခေါ်အဝေါ်ကို ပြင်ပေးလိုက်ပြီး သူ့ကို အကြည့်တစ်ချက် ပေးလိုက်သည်။ သူ့အမူအရာတို့က ဖန်ကျုံးသည် တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေသည်မှာ မထူးဆန်းကြောင်း ပြနေဟန်ပေါ်သည်။
ဖန်ကျုံးက လက်နှစ်ဖက်ယှက်လိုက်ရင်း နေရခက်စွာ ပြောလိုက်သည်။ “ မိန်းကလေး ယွဲ့ရှင်း … ”
ဟွားယွဲ့ရှင်းက အသေးအဖွဲ့လေးအတွက် ဒေါသထွက်တတ်သည့်သူ မဟုတ်ပေ။ သူမက တုံ့ပြန်သောအားဖြင့် လက်နှစ်ဖက်ယှက်လိုက်သည်။
ဖန်ကျုံးက မေးလိုက်၏။ “မျှော်နန်းသခင်ကို မြင်မိသေးလား ”
“ လောင်ချန်းပေ့နဲ့ ဘာကိစ္စများရှိလို့လဲ ” ဟွားယွဲ့ရှင်းက ဖန်လီထန်းအား ကြည့်ကာ မေးလိုက်သည်။
ဖန်လီထန်းက ပြောလိုက်သည်။
“ ကျုပ်ကို ဟေးမုလျန် ချီးမြင့်ထားတော့ အခု ချီပင်လယ် ပြန်ကောင်းသွားခဲ့ပြီ။ အဲဒီအတွက် သူ့ကို ကျေးဇူးတင်မလို့ပါ ”
“ ချန်းပေ့က ကျင့်ကြံဆင့် ပြန်ကောင်းသွားပြီလား” ဟွားယွဲ့ရှင်းက ကျင့်မင်တာအိုဂိုဏ်း၏ နာမည်ကျော် ပညာရှင်အကြောင်း ဇာတ်ကြောင်းများ ကြားဖူးလေသည်။ ဒီလိုလူမျိုးက သူမ၏ အကြီးအကဲများ ပြောပြသည့် ဇာတ်ကြောင်းများတွင်သာ ရှိ၏။ သူမက သူ့ကျင့်ကြံဆင့် ပြန်ကောင်းလာပြီ ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ တုန်လှုပ်အံ့ဩသွားသည်မှာ ပုံမှန်သာ ဖြစ်၏။
ဖန်လီထန်းက ခေါင်းခါကာ “ ပြန်ကောင်းတယ်လို့တော့ ပြောလို့ မရသေးဘူး။ အချိန်တော့ ယူရဦးမယ်။ ငါးနှစ်အတွင်းမှာ အားအပြည့် ပြန်ရလာနိုင်တယ် ”
ဖန်ကျုံးက အပြုံးလေးဖြင့် ခေါင်းညိတ်လိုက်သည်။
ဖန်လီထန်းက ဖန်ကျုံးနှင့် အခုတလော စကားပြောဖြစ်လာသည်။ ထို့ကြောင့် သူတို့က ပိုမို ရင်းနှီးလာကြ၏။ သို့သော်လည်း ဖန်လီထန်းက သူ့ကိုယ်သူ ဖန်လီထန်း ဖြစ်ကြောင်း ဝန်ခံဖို့ ငြင်းဆိုနေဆဲ ဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် ဖန်ကျုံးသည် ထိုချန်းပေ့က သူ့အား ကောင်းကောင်းဆက်ဆံသည်မှာ ကျင့်မင်တာအိုဂိုဏ်းမှ ဖြစ်ခဲ့ဖူးသောကြောင့်ဟု မှတ်ယူထားသည်။ သူတို့က မတွေ့ရတာကြာလှသည့် မိတ်ဆွေရင်းလိုမျိုး အသက်အရွယ် အကန့်အသတ်မရှိ ဆက်ဆံကြသည်။ တစ်ခါတစ်ရံ သူတို့က ဝါစဉ်ကြီး၊ ဝါစဉ်ငယ်အလိုက် မပြုမူကြပေ။ ဖန်လီထန်းကလည်း ထိုအကြောင်းအရာကို စိတ်ထဲ ထားဟန်မပေါ်ပေ။
“ချန်းပေ့ ဂုဏ်ပြုပါတယ် ” ဟွားယွဲ့ရှင်းက ပြောလိုက်သည်။
“ မျှော်နန်းသခင် ဘယ်မှာလဲဆိုတာ မပြောရသေးဘူး။ အရှေ့မျှော်နန်းဆီ သွားရှာသေးတယ်။ သူ့ကို ရှာမတွေ့လို့ ” ဖန်လီထန်းက ပြောလိုက်သည်။
ဟွားယွဲ့ရှင်းက ဖြေလိုက်သည် “သူက တောင်ပိုင်းမျှော်နန်းမှာ ရှိပါတယ်။ မကြာခင် ထွက်လာလောက်တယ် ”
“ကျေးဇူးပါ ”
“ကျေးဇူးပါ မိန်းကလေးဟွား အဲလေ …” ဖန်ကျုံးက သူ့ဘာသာ အမြန်အဆန် ပိတ်ချလိုက်သည်။ ပါးစပ်က ယောင်ထွက်သွားခြင်း ဖြစ်၏။
“…” ဟွားယွဲ့ရှင်းက ကူယ်ရာမဲ့စွာ ကြည့်လိုက်သည်။ သူမက တောင်ပိုင်းမျှော်နန်းဆီ သူတို့နှစ်ယောက်နှင့်အတူ ပြန်လာလိုက်သည်။
သုံးယောက်သား တောင်ပိုင်းမျှော်နန်းဆီ ရောက်လာစဉ် ကျောင်းယွဲ့ ခန္ဓာကိုယ်မှ အပြာဖျော့ဖျော့ စွမ်းအားက လှိုင်းလုံးသဖွယ် ပတ်ဝန်းကျင်သို့ ထွက်ပေါ်လာသည်။
“ သတိထား ”
ဟွားယွဲ့ရှင်း၊ ဖန်လီထန်းနှင့် ဖန်ကျုံးတို့က တစ်ပြိုင်နက်ဆိုသလို ကာကွယ်ရေးစွမ်းအားများ အသက်သွင်းလိုက်ကြသည်။ သူတို့က ကြည်လင်နေသည့် အကာအရံများဖြင့် စွမ်းအားလှိုင်းမှ သူတို့ဘာသာ ကာကွယ်ထားလိုက်ကြသည်။
ဘန်း
သို့သော်လည်း သူတို့စွမ်းအားအကာအရံက စက္ကန့်ပိုင်းမျှသာ ခံလိုက်ပြီး ဖန်လိုမျိုး ကြေမွသွားတော့သည်။
သုံးယောက်လုံး စွမ်းအားလှိုင်း ပျောက်မသွားခင်အထိ နောက်ဆုတ်လိုက်ကြရသည်။ သူတို့က ကျောင်းယွဲ့ အခန်းကို ထိတ်လန့်သည့် အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
“ အာ …” ဖန်ကျုံးက ဘာပြောရမှန်းပင် မသိတော့ပေ။
ဟွားယွဲ့ရှင်းက စဉ်းစားရင်း အသံထွက်ကာ ပြောလိုက်မိသည်။
“ အဲဒါ ဘယ်လိုစွမ်းအားမျိုးလဲ ”
ဖန်လီထန်းက ဖြည်းဖြည်းချင်း ထရပ်ကာ ကောင်းကင်မှ အကာအရံကို ကြည့်လိုက်သည်။
“ အကာအရံ စွမ်းအားပဲ ”
“ မထူးဆန်းတော့ပါဘူး ”
“ မျှော်နန်းသခင်က ဘာကြောင့် အကာအရံစွမ်းအားကို သုံးနေတာလဲ ” ဟွားယွဲ့ရှင်းက နားမလည်ပေ။
သူမ တစ်ယောက်တည်း နားမလည်ခြင်း မဟုတ်ပေ။ အတွေ့အကြုံများကာ ဗဟုသုတကြွယ်ဝသည့် ဖန်လီထန်းပင် ရှုပ်ထွေးနေမိသည်။
ထိုစဉ် လုကျိုးက လက်နောက်ပစ်လျက် အခန်းထဲမှ ထွက်လာသည်။ သူက ဟွားယွဲ့ရှင်း၊ ဖန်ကျုံးနှင့် ဖန်လီထန်းတို့အား ကြည့်လိုက်ပြီးနောက် “ ကျင့်ကြံဆင့် ပြန်ရတာ ဘယ်လိုနေလဲ ”
ဖန်လီထန်းအနေနှင့် အားအပြည့် ပြန်ရဖို့ အကြာကြီးဖြတ်ကျော်ရဦးမည် ဖြစ်သော်လည်း အနည်းဆုံးတော့ ယခု မျှော်လင့်ချက် ရှိလာလေပြီ။
ဖန်လီထန်းက ဦးညွှတ်ကာ “ ကျုပ် ကျေးဇူးလာတင်တာပါ။ ဒီနေ့ကစပြီး ကျုပ်အသက်က မိစ္ဆာဝေဟင်မျှော်နန်း အပိုင်ပါပဲ ”
ဟွားယွဲ့ရှင်းနှင့် ဖန်ကျုံးတို့အား ဖန်လီထန်းအား တပြိုင်နက် ကြည့်လိုက်မိကြသည်။
လုကျိုးက ဖန်လီထန်း၏ သစ္စာရှိနှုန်းက တိုးတက်လာကြောင်း သတိထားမိလိုက်သည်။ သူ့စကားများက သူ့သဘောထားအတွက် သက်သေ ဖြစ်၏။
ဖန်လီထန်းက ထိုအကြောင်းပြောစဉ်အခါ နှိမ့်ချခြင်းမရှိသလို မောက်မာခြင်းမျိုး မရှိသလို နှေးခြင်းမြန်ခြင်းလည်း မရှိပေ။ သူက တည်ငြိမ်နေ၏။ သူ့စကားများထဲ သူ့သဘောထားကို မြင်တွေ့နိုင်သည်။
လူတစ်ယောက်၏ ဒဏ်ခံနိုင်မှုကို အခက်အခဲများကြားတွင် သိနိုင်စဉ် လူတစ်ယောက်၏ သစ္စာရှိမှုကိုတော့ ဆင်းရဲဒုက္ခကြား ထုတ်ဖော်မိလိမ့်မည်။
ဖန်လီထန်းက သူ့သစ္စာရှိမှုကို ဒီလိုစကားများဖြင့် ပြောဖူးသည့် ပထမဆုံးလူ ဖြစ်၏။ လေးနက်မှုအပြင် နားထောင်ရကောင်းလေသည်။
တစ်ဖက်တွင် ဟွားယွဲ့ရှင်းနှင့် ဖန်ကျုံးတို့က နေရခက်လာကြသည်။ သူတို့က သူတို့ဘာသာ တွေးလိုက်ကြသည်။
ချင်းတက်က အရွယ်ရောက်လာရင် ပိုစပ်လာသလိုပဲ သူနဲ့ ယှဉ်လိုက်ရင် ငါတို့က ဘာမှမဟုတ်ပါ့လား …
ဖန်လီထန်းက ဆက်ပြောလိုက်သည်။ “ ကျုပ် စောစောလေးက အရှေ့မျှော်နန်းဆီ သွားတုန်းက အားကောင်းတဲ့ စွမ်းအားတစ်ခု ထွက်လာတာကို ခံစားမိလိုက်တယ်။ မျှော်နန်းသခင်ရဲ့ ကျင့်ကြံဆင့်က ကျုပ်ကို မျက်စိပွင့်နားပွင့် ဖြစ်သွားစေပါတယ်။ ကျုပ် ဒီလိုထူးခြားတဲ့ စွမ်းအားမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဒီတစ်မိုးအောက် မျှော်နန်းသခင်တစ်ယောက်ပဲ ဒီလိုလုပ်နိုင်လောက်တယ် ”
ဖန်ကျုံးနှင့် ဟွားယွဲ့ရှင်းတို့က နားမလည်ဖြစ်သွားကြသည်။
လုကျိုးက တိတ်ဆိတ်လျက်ရှိနေ၏။ ဖန်လီထန်းက အမှန်တွေ ပြောနေသည် မဟုတ်ပါလော။
လုကျိုးက ဖန်လီထန်းသည် ခရီးအများကြီး သွားဖူးကြောင်း ရုတ်ခြည်း အမှတ်ရသွားသည်။ ဖန်လီထန်း၏ ဗဟုသုတက သူ့ထက် နိမ့်ကျမည် မဟုတ်ပေ။
“ကျောင်းယွဲ့ ငယ်ငယ်တုန်းက အမှောင်ယင်လက်ဝါး ထိထားပြီးတော့ အအေးဓာတ်အဆိပ် ကူးစက်ခဲ့တယ်။ အကြီးအကဲဖန် ဒါကို ကြားဖူးလား ”
“အမှောင်ယင်လက်ဝါးလား ” ဖန်လီထန်းက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
“အမှောင်ယင်လက်ဝါးက အတော်လေးကို ဆိုးရွားတဲ့ တာအိုနည်းစနစ်ပဲ။ ကျုပ် အဲလိုအမှောင်ယင်လက်ဝါးကို သုံးတဲ့လူတစ်ယောက်ကို သိတယ်”
လုကျိုးက တိတ်ဆိတ်နေသည်။
ဟွားယွဲ့ရှင်းနှင့် ဖန်ကျုံးတို့က ကြည့်လိုက်ကြ၏။
ဖန်လီထန်းက ခရီးသွားခဲ့ရုံမျှ မဟုတ်ပေ။ ပြောရလျှင် သူ ကျင့်မင်တာအိုဂိုဏ်းမှ ထွက်လာပြီးနောက် နန်းတော်ထဲမှ တစ်ချို့လူများနှင့် မကြာခဏ အဆက်အသွယ် ရှိခဲ့ဖူးသည်။ သို့သော်လည်း သူ မရှိစဉ်အတွင်း သူ ဘာလုပ်ခဲ့မှန်း မည်သူမှ မသိကြပေ။
“ အဲဒီလူက ဘုရင့်မယ်တော်နားက ပညာရှင်တစ်ယောက်ဖြစ်တဲ့ ယွင်ကျောက်ပဲ”
“လီယွင်ကျောက်လား ”ဟွားယွဲ့ရှင်းက မျက်လုံးအပြူးသားဖြင့် မေးလိုက်သည်။
ထိုစဉ် ကျောင်းယွဲ့၏ ချောင်းဆိုးသံက အခန်းမှ ပျံ့လွှင့်လာသည်။ ချောင်းဆိုးသံအဆုံးတွင် သူမက ဖျော့တော့စွာ ပြောလိုက်သည်။
“ ရှစ်စွင်း … ကျွန်မ အခုမှတ်မိသွားပြီ။ ကျွန်မကို လာတွေ့သွားတဲ့လူက လီယွင်ကျောက်ပဲ ”
…