အခန်း (၂၆၈-၂၇၀)
Vol. 18 Ch. 268-270
အခန်း (၂၆၈) အသိအကျွမ်းဟောင်း၊ စွန့်စားမှုထဲမှ အမြတ်
အိမ်တော်ထိန်းအိုကြီး ဟုန်ဖုက လှည့်ကြည့်လိုက်ပြီး “သခင်လေး ... သခင်မလေး ... ”
ရောက်လာသူများက အစေခံလေးဦး ပါရှိသည့် ငယ်ရွယ်ကျက်သရေရှိသည့် လူငယ်လေးနှင့် လှပကြော့ရှင်းသည့် မိန်းမငယ်လေးတို့ ဖြစ်ကြသည်။ သူတို့ ဝင်လာလာချင်း သူတို့က ဂုဏ်ကျက်သရေ ထိုင်ခုံပေါ်တွင် သိက္ခာရှိရှိ ထိုင်နေသည့် လုကျိုးကို မြင်လိုက်ရသည်။
အိမ်ရှင်၏ စည်းမျဉ်းအရ ဂုဏ်ကျက်သရေရှိ ဧည့်သည်ပင် ထိုနေရာကို အကြောင်းပြချက်မရှိ မထိုင်ကြပေ။
သို့သော်လည်း လူငယ်လေးက ဘာမှမပြောနိုင်ခင် ဟုန်ဖုက ပြောလိုက်သည်။
“ သခင်လေး ကျွန်တော်တို့ လေးလေးစားစား ဆက်ဆံရမယ်။ သခင်ကြီး ဒီမှာရှိနေရင်တောင် သူက ဒီလိုဧည့်ဝတ်ကျေပွန်ရမှာပါ ”
ဟုန်ဖုက အရည်အချင်းပြည့်ဝသူ ဖြစ်၏။ သူက သခင်လေးသည် မရင့်ကျက်သေးဘဲ အလျှင်စလို ပြုမူတတ်သည်ကို သိထားသောကြောင့် သခင်လေး တစ်ခုခု ပြော၍ ပြဿနာမဖြစ်စေခင် အရင်ဝင်ပြောလိုက်ခြင်း ဖြစ်သည်။
လူငယ်လေး ချင်ရှောက ခေါင်းညိတ်လိုက်ပြီးနောက် သူ့အပြုအမူကို ထိန်းလိုက်သည်။ လောင်ဟုန်က အိမ်တော်ကို ခံစားလာသည်မှာ နှစ်များစွာ ကြာမြင့်နေပြီ ဖြစ်၍ အမြဲတမ်း သတိကြီးသူ ဖြစ်ခဲ့သည်။ သူ့စကားများအရ ဒီဧည့်သည်တော်ကို လေးလေးစားစား ဆက်ဆံရမည်မှန်း သိသာလှသည်။ ထို့ကြောင့် ချင်ရှောက ထိုဧည့်သည်ကို မသိလျှင်ပင် လုကျိုးထံ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည် “ဆရာကြီးကို ဂါရဝပြုပါတယ် ”
လုကျိုးက လက်ဖက်ရည်ကြမ်းခွက်ကို မြောက်ကာ သူ့အား အရေးမစိုက်ပေ။ သူက အရေးမပါသူများနှင့် စကားပြောရသည်မှာ အဓိပ္ပါယ်မရှိကြောင်း သိထားပြီးပြီ ဖြစ်၏။
ချင်ရှောက လက်ဖက်ရည်ကြမ်းဆီ အာရုံရောက်သွားသည်။
ဒါက သူ့အဖေအကြိုက်ဆုံး ဝတ်ရုံနီ လက်ဖက်ရည်ကြမ်း မဟုတ်ဘူးလား …
တော်ဝင်မြို့တော်မှ နာမည်ကြီးတစ်ယောက် ရောက်လာလျှင်ပင် သူ့အဖေက အချိန်အတော်ကြာ သိမ်းထားသည့် ဝတ်ရုံနီကို ထုတ်ကာ အလွယ်တကူ ဧည့်ခံမည် မဟုတ်ပေ။ ဟုန်ဖု၏ အမူအရာက ခဏတာ အေးခဲသွားပြီးနောက် လက်ဟန်ပြကာ “သခင်လေး … ဒီဆရာကြီးက ဒီကို အဝေးကြီးကနေ လာခဲ့တာပါ။ သခင်လေး တခြားနေရာ သွားလိုက်ပါ့လား ”
“လောင်ဟုန် … ခင်ဗျား ..”
“ ကျွန်တော့်စကား ဒီတစ်ခါတော့ နားထောင်ပေးပါ။ ဒါပြီးလို့ ကျွန်တော်ကို အမှားရှာချင်ရင်လည်း ဘာမှမပြောပါဘူး ”
ဘေးမှ မိန်းမငယ်လေးက ဝင်ပြောလိုက်သည် “အစ်ကိုကြီး လောင်ဖုန်က အဖေ့ဘေးမှာ နေလာတာ နှစ်၂၀ကြာတောင် ခစားလာတာ။ အစ်ကိုကြီးနဲ့ ညီမထက် သူက ပိုသိတယ်။ ဒါက လောင်ဟုန် ဖြစ်စေချင်တာဆိုရင် ညီမတို့ သူ့စကားကို နားထောင်သင့်တယ် ”
ချင်ရှောက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လုကျိုး၊ ရှောင်ယွမ်အာနှင့် ကျောင်းယွဲ့တို့အား ထပ်မံ ဦးညွှတ်လိုက်သည်။
“ ဆရာကြီး ကောင်းကောင်းအနားယူပါ။ ကျွန်တော် သွားလိုက်ပါဦးမယ် ”
“ သခင်လေး ကောင်းကောင်းသွားပါ ”
ချင်ရှောတို့က လှည့်ထွက်သွားကြသည်။
ချင်ရှောနှင့် သူ့ညီမလေးတို့က အပြင်ထောင့်ချိုးရောက်မှ သူက မျက်မှောင်ကြုတ်လိုက်သည်။
“အစ်ကိုကြီး ဘာဖြစ်လို့လဲ ”
“ ဘာမှမဟုတ်ပါဘူး … လောင်ဟုန်လည်း သူ့အကြောင်းအရင်းနဲ့သူ ရှိမှာ သိတယ်။ ဒါပေမဲ့ လောင်ဟုန် ဒီလိုမျိုး ပြုမူတာကို ခံရတဲ့ လူအိုကြီးက ဘယ်လိုလူမျိုး ဖြစ်မလဲ စဉ်းစားနေတာ ”
“ အဲဒါ အဖေ ပြန်ရောက်လာတာနဲ့ သိမှာပဲ မလား ”
“ ဟုတ်တယ် … ညီမပြောတာ မှန်တယ်။ သွားကြစို့ … ”
နှစ်ယောက်သား ထွက်သွားကြလေသည်။
လောင်ဟုန်က ဧည့်ခန်းအတွင်း ပြန်ရောက်လာကာ “ အခန်းသုံးခန်း ပြင်ပေးထားပါတယ်။ ဆရာကြီးနဲ့ မိန်းကလေးတို့ ဒီမှာ သက်သောင့်သက်သာ နေကြပါ ”
လုကျိုးက မတ်တတ်ထရပ်လိုက်သည်။ သူက လက်နောက်ပစ်လျက် လျှောက်လာလိုက်သည်။ သူက ဘေးပတ်လည်ကိုပါ စစ်ဆေးလိုက်ပြီး သက်ပြင်းတစ်ချက် ချကာ “ ဟူး နှစ် ၂၀ တောင်ရှိသွားပြီပဲ။ ကိစ္စတွေက ပြောင်းလဲကုန်ပြီ ထင်ထားတာ။ ဒါပေမဲ့ သူတို့က အခုထိ မပြောင်းမလဲ ရှိနေသေးတာပဲ ”
လောင်ဟုန်က ခေါင်းညိတ်ကာ “ သခင်ကြီးက အတိတ်ကို လွမ်းဆွတ်တတ်တဲ့သူမျိုးပါ ”
“နန်းတော်မှာ ချင်ကျွင်းရဲ့ အခြေအနေရော ဘယ်လိုလဲ” လုကျိုးက မေးလိုက်သည်။
ချင်ကျွင်းက ပြန်မရောက်သေးသောကြောင့် လုကျိုးက လောင်ဟုန်ဆီမှ သတင်းအချက်အလက် ရယူဖို့ ဆုံးဖြတ်လိုက်သည်။ လောင်ဟုန်က ချီအိမ်တော် မင်းသားထံ ခစားနေသည်မှာ ကြာမြင့်လှလေပြီ။ သူက တစ်ခုခုတော့ သိထားပေလိမ့်မည်။
“ အမှန်အတိုင််းပြောရရင် နန်းတော်ထဲမှာ လှည့်ဖျားမှုတွေ၊ အကွက်ချမှုတွေက အရမ်းကို များတယ်။ သခင်ကြီးက အမြဲတမ်း ဝင်မပါခဲ့ဘူး။ သူက သူ့ဘာသာ အေးဆေးပဲ နေခဲ့တာ။ သူက အားအရမ်းမကောင်းပေမဲ့ လေးစားခံရပါတယ် ” လောင်ဟုန်က ပြောလိုက်သည်။
လုကျိုးက တည့်တိုးမေးလိုက်သည် “ မင်း လီယွင်ကျောက်ကို သိလား”
နာမည်ကို ပြောလိုက်သည်နှင့် လောင်ဟုန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
“ဆရာကြီး … သူက ဘုရင့်မယ်တော်နားက လူလေ။ သူက တကယ်တမ်း အာဏာမရှိပေမဲ့ တော်ဝင်မျိုးနွယ်အများစုက သူ့ရဲ့ ထူးခြားတဲ့ ရာထူးကြောင့် သူ့ကို မျက်နှာသာပေးကြတယ်။ သူက စွမ်းအားရှိတဲ့လူတစ်ယောက်ပဲ ”
လုကျိုးက ခေါင်းညိတ်ကာ ဘာမှဆက်မပြောတော့ပေ။ လောင်ဟုန်က သူ သိလိုသမျှ ပြောပြနိုင်မည် မဟုတ်ပေ။
ထိုစဉ် မင်ရှစ်ရင်က လုချိုးဖင်းနှင့်အတူ ပျံသန်းလာနေသည်။ ခရီးတစ်ဝက်၌ သူက မောပန်းလာလေ၏။
“ ရှစ်စွင်းက ဒီလိုအချိန်မျိုးမှာ ဘာလို့ အံ့ဖွယ်မြို့တော်ဆီ သွားပါ့လိမ့်။ အရမ်းဝေးလွန်းတယ်။ သူ့ဆီမှာ စီးတော်သားရဲ ရှိရင်တောင် ငါ့ဆီမှာ ဘာမှမရှိဘူးလေ။ ငါ အဲဒီကို ဘယ်တော့မှ ရောက်မှာလဲ ”
လုချိုးဖင်းက ပြုံးကာ ပြောလိုက်သည် “ အဲလိုဆိုရင် ကျုပ်ကို မရှိတဲ့လေလို လွှတ်ပေးလိုက်ပါ့လား … ကျုပ် အခုချက်ချင်း ဇင်အဝတ်ကို သွားယူပေးပါ့မယ်လို့ အာမခံပါတယ် ”
“ ပါးစပ်ပိတ်ထား … ဇင်အဝတ်လောက် ရိုးရှင်းမယ် ထင်နေလား“ မင်ရှစ်ရင်က လုချိုးဖင်အား တင်းတင်းကျပ်ကျပ် ဆွဲထားလိုက်သည်။
လုချိုးဖင်းက နာကျင်မှုကြောင့် ချွေးစီးများ ထွက်လာလေသည်။
“ မိစ္ဆာဝေဟင်မျှော်နန်းထဲ ရတနာအများကြီး ရှိတာကို တစ်ခုမှ မမေ့ဘူးဆိုတာ သေချာရဲ့လား။ ကျုပ်တို့ ဘာလို့ ဒီလိုလုပ်နေရမှာလဲ။ ကျုပ်သာ သေသွားရင် ကျုပ်အစ်ကိုကြီးက ဒေါသထွက်လိမ့်မယ်။ အာ့ရှစ်ရှိုး၊ စန်းရှစ်ရှိုးနဲ့ စစ်ရှစ်ရှိုးက ကျုပ်ထက် ခိုးတာကျွမ်းတယ်။ သူတို့တွေ ကျုပ်အတွက် လက်စားချေပေးမှာ ကျိန်းသေတယ်။ ဒီသံသရာက … အား …” မင်ရှစ်ရင်က သူ့ကို ထပ်မံ တင်းတင်းဆွဲလိုက်သောကြောင့် နာကျင်စွာ အော်လိုက်ရသည်။
မင်ရှစ်ရင်က ပြန်ပြောလိုက်သည်။
“ ကြွက်ငါးကောင်ကများ မိစ္ဆာဝေဟင်မျှော်နန်းကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ။ ဇင်အဝတ်က ငါ့ပါ့ရှစ်တိကို အသက်ရှင်ဖို့ ထိန်းပေးထားတဲ့အရာဆိုတာရော သိရဲ့လား”
“ဟမ် ”
“ဇင်အဝတ်ကို ယူသွားလိုက်တာက ငါ့ပါ့ရှစ်တိကို သတ်လိုက်တာနဲ့ အတူတူပဲ။ မင်းကို ပြောလိုက်မယ်။ ငါ့မျက်စိထဲ မင်းတို့ကြွက်ငါးကောင်လုံးက သေလူ … ကြွက်သေတွေပဲ ”
“ …” လုချိုးဖင်း၏ စိတ်က ဗလာကျင်းသွားပြီး သတိမေ့သွားသည်။
မင်ရှစ်ရင်က သူ့အား ကြည့်ကာ ကျိန်ဆဲလိုက်သည် “အမှိုက်”
လုချိုးဖင်းနှင့် သွားလာရသည်မှာ စိတ်ပျက်ဖွယ်ကောင်းလှသည်။ အံ့ဖွယ်မြို့တော်က ကြီးမားလှ၏။ သူက ဒီအမှိုက်ကို သယ်နေရင်း ရှစ်စွင်းကို တွေ့ဖို့ ဖြစ်နိုင်ချေ သိပ်မရှိပေ။ “ ငါ အံ့ဖွယ်မြို့တော်ဆီ မသွားခင် မိစ္ဆာဝေဟင်မျှော်နန်းဆီ အရင်ပြန်လိုက်ရမလား ”
ရှန့်စုရှုမြို့၊ မိစ္ဆာဝေဟင်မျှော်နန်းနှင့် အံ့ဖွယ်မြို့တော်တို့က တြိဂံပုံစံလို တည်ရှိကြသည်။
မင်ရှစ်ရင်က မိစ္ဆာဝေဟင်မျှော်နန်းဆီ အရင်ဆုံး ပြန်လာဖို့ ဆုံးဖြတ်လိုက်ခြင်းမှာ သိပ်မဝေး၍ ဖြစ်သည်။ သူက အချိန်မဖြုန်းတော့ဘဲ မိစ္ဆာဝေဟင်မျှော်နန်းဆီ ဦးတည်လိုက်သည်။
………….
ရှန်စုရှုမြို့၊ လေပြေညင်း စားသောက်ဆိုင်
ရှန်စုရှုမြို့က ယခု အုတ်အော်သောင်းနင်း ဖြစ်နေလေပြီ။
မီးတောက်များလည်း နေရာအနှံ့ စွဲညှိကာ တောက်လောင်နေသည်။
ပုံရိပ်လေးခုက ရဲမက်များ မမြင်နိုင်သည့် ခေါင်မိုးကို ဖြတ်ကာ လမ်းမများနှင့် ထောင့်ချိုးများဘက်မှ ပျံသန်းလာသည်။ သူတို့က လေပြေညင်း စားသောက်ဆိုင်ဆီ လျှပ်စီးလို အလျင်ဖြင့် ရောက်လာကြသည်။
ဝှစ် ဝှစ် ဝှစ်
လေးယောက်သား စားသောက်ဆိုင်ကို ကြည့်ရင်း ရပ်လိုက်ကြသည်။
“ အစ်ကိုကြီး ဒါက ဝူရှစ်တိ စီးဝူယာ့နဲ့ သွားတွေ့ဖို့ ဆုံမဲ့နေရာပဲ ”
“ သွားစစ်ကြည့်ရအောင် ”
“နားလည်ပါပြီ”
တစ်ယောက်က သွားစစ်ဆေးလိုက်ပြီး နောက်တစ်ယောက်က ဘေးပတ်ဝန်းကျင် စစ်ဆေးဖို့ နေခဲ့သည်။ နောက်တစ်ယောက်က သတင်းပို့သူအဖြစ် ဟန်ဆောင်နေသည်။
တာ့ရှစ်ရှိုးက လေပြေညှင်း စားသောက်ဆိုင်အောက်တွင် ရပ်နေသည့် တစ်ဦးတည်းသော သူ ဖြစ်သည်။ သူက ရလဒ်ကို စောင့်ဆိုင်းနေလေ၏။
ထိုစဉ် သုံးယောက်လုံး ပြန်ရောက်လာကြသည်။
“ တာ့ရှစ်ရှိုး ဝူရှစ်တိရဲ့ အရိပ်အယောင် မတွေ့ရဘူး”
“ စီးဝူယာ့လည်း ဒီမှာ မရှိဘူး ”
လေးယောက်မြောက် ညီအစ်ကိုက အော်ပြောလိုက်သည် “ တာ့ရှစ်ရှိုး တာ့ရှစ်ရှိုး … ကျွန်တော် တွေ့ပြီ။ ဒါက ဝူရှစ်တိရဲ့ ဓားမြောင်ပဲ ”
တာ့ရှစ်ရှိုးကို ဓားမြောင်ကို ယူကာ တစ်ချက်ကြည့်လိုက်သည်။ သူက အော်ငေါက်လိုက်၏ “ အဲဒီစီးဝူယာ့က မိစ္ဆာဝေဟင်မျှော်နန်းက ဆိုတာနဲ့ ငါ သူ့ကို ရင်မဆိုင်ရဲဘူးလို့များ ထင်နေလား ”
“ တာ့ရှစ်ရှိုး … ဝူရှစ်တိ အဖမ်းခံလိုက်ရတာ ဖြစ်မယ်” အာ့ရှစ်ရှိုးက ပြောလိုက်သည်။
“ သူ့ကို စီးဝူယာ့အကြောင်း သတိထားဖို့ မှာခဲ့ပေမဲ့ သူက နားမထောင်ဘူး။ အဲဒီလူက အရမ်းဉာဏ်များတယ်။ သူ့စိတ်ထဲ အကြံအစည်တွေနဲ့ပြည့်နေတာ ” တာ့ရှစ်ရှိုးက သက်ပြင်းချကာ ပြောလိုက်သည်။
“ တာ့ရှစ်ရှိုးရဲ့ အမိန့်အတိုင်း လုပ်ပါ့မယ်။ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ” သုံးယောက်သား တာ့ရှစ်ရှိုးကို ကြည့်လိုက်ကြသည်။
သူက ခဏတာရေရွတ်လိုက်ပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းဘက် ကြည့်ကာ “ ဘုန်းကြီးက ပြေးနိုင်ပေမဲ့ ကျောင်းဆောင်က လိုက်မပြေးနိုင်ဘူး။ စီးဝူယာ့က စည်းဖောက်ထားမှတော့ ငါတို့လည်း ဘာမှဖြောင့်မတ်တာ လုပ်နေစရာ မလိုဘူး”
“ တာ့ရှစ်ရှိုး ဘာကိုပြောချင်တာလဲ ”
တာ့ရှစ်ရှိုးက သုံးယောက်လုံးကို ကြည့်လိုက်ပြီး “ ရှန်စုရှုမြို့ရဲ့ ကြွက်ငါးကောင်က ဘယ်တော့မှ ကြီးကြီးမားမား မစွန့်စားဖူးဘူး။ အခု မင်းတို့ကိုမေးမယ်။ စွန့်စားရဲလား ”
ကျန်သုံးယောက်၏ မျက်နှာအထက် စိတ်လှုပ်ရှားသည့် အရိပ်အယောင်တို့ ပေါ်ထွက်လာသည်။ သူတို့ လုပ်ခဲ့သမျှအရာများက ခိုးယူခဲ့ခြင်းသာ ဖြစ်သည်။ သူတို့က ပစ္စည်းများခိုးကာ အဖမ်းခံရခြင်းမှ ရှောင်ရှားခဲ့သည်။ ဖြောင့်မတ်ခြင်းလမ်းစဉ်က သူတို့က ကြွက်များ၊ အမှိုက်များသဖွယ် ဆက်ဆံကြသည်။
လူများက သူတို့သည် ဆက်တိုက်ထွက်ပြေးနေ၍ အသုံးမကျသောအဖွဲ့ဟု ဆိုကြကာ အားလုံးက သူတို့ကို ရိုက်နှက်လိုကြသည်။
ဒီကြွက်များက ဗုဒ္ဓမီးအိမ်ကို ခိုးရဲလောက်အောင် သတ္တိကောင်းလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူတို့က အချိန်အတော်ကြာ ဘေးကင်းနေခဲ့သည်။ သူတို့ကိုယ်ပိုင်ဘဝအတွက် ဒီလိုတွေးသူများ ရှိကြသည်။
အနာမခံရဘဲ အသာမစံရပေ။ စွန့်စားမှုမရှိဘဲ အကျိုးအမြတ် မရနိုင်ပေ။
မိစ္ဆာဝေဟင်မျှော်နန်း၏ ရတနာများကို မည်သူမှ မတပ်မက်ရဲကြပေ။ သို့သော် သူတို့က တစ်ကြိမ်တိုင်တိုင် အောင်မြင်ခဲ့သည်။
“အခုနောက်ဆုတ်ကြတာပေါ့ ”
လေးယောက်သား ရှန့်စုရှုမြို့မှ ထိပ်တန်းအလျင်နှုန်းဖြင့် ထွက်သွားကြသည်။
…
အခန်း (၂၆၉) မင်းသားချီချင်ကျွင်း
နေဝင်ရီတရောအချိန် အံ့ဖွယ်မြို့တော်တွင်ဖြစ်သည်။ မင်းသားချီအိမ်တော်ထဲ၌ အိမ်တော်ထိန်းကြီး ဟုန်ဖုက ဧည့်သည်များအတွက် အခန်းပြင်ဆင်ပေးပြီး ပင်မတံခါး၌ စောင့်နေလေ၏။ သူက ဒယ်ပြားပူပေါ်ရှိပုရွက်ဆိတ်များပမာ ထွန့်ထွန့်လူးနေလျက် သူက တံခါးရှေ့၌ ရှေ့လျှောက်နောက်လျှောက်ဖြစ်နေ၏။
လောင်ဟုန်သည် အစေခံတစ်ယောက် ပြေးလာတာကို မြင်သောအခါ သူက ထိုအစေခံ အနားရောက်လာမှာကိုစောင့်မနေဘဲမေးလိုက်၏။ “သခင်ကြီး ပြန်ရောက်ပြီလား”
“မရောက်သေးပါဘူး။ အချက်အလက်ရှာဖို့ကြိုးစားပေမဲ့ အရေးကြီးကိစ္စရှိနေတဲ့ပုံပဲ။ သခင်ကြီးက တော်ဝင်မြို့တော်ကနေ မထွက်လာရသေးဘူး”
“အရေးကြီးကိစ္စရှိတယ်လို့ သူ့ကိုပြောဖို့ တစ်ယောက်ယောက်လွှတ်လိုက်”
“အိမ်တော်ထိန်းဟုန် အရပ်သားတွေက ဝင်သွားလို့မရဘူးလေ။ အရေးကြီးကိစ္စရှိကြောင်း သူ့ကို ဘယ်လိုလုပ်ပြောနိုင်မှာလဲ” အစေခံက ကူကယ်ရာမဲ့ပုံပေါ်နေ၏။
လောင်ဟုန်က ခေါင်းငုံ့ပြီး သက်ပြင်းချလိုက်တော့သည်။ ထိုကိစ္စများကို ဖိအားပေးရန်နည်းလမ်း မရှိချေ။ အစေခံများက နိမ့်ကျစွာမွေးဖွားလာတာဖြစ်၏။ သူတို့အဖို့တော်ဝင်မြို့ထဲ ဝင်ခွင့်ပြုခံရတာကတင် ဂုဏ်တက်စရာဖြစ်နေလိမ့်မည်။ လအတွက် မမေးသင့်ပေ။
“လောင်ဟုန်”
“သခင်လေးလား”
လောင်ဟုန်က သူ၏သခင်လေးချင်ရှောကို ဇဝေဇဝါအကြည့်ဖြင့် ကြည့်နေလိုက်၏။ ချင်ရှောက လောင်ဟုန်နားချဉ်းကပ်လာသည်။ သူက ပတ်ဝန်းကျင်ကိုကြည့်ပြီး တီးတိုးပြောလိုက်တော့သည်။
“ပြောပြ အဲ့ဒီဂုဏ်သရေရှိဧည့်သည်တွေက ဘယ်သူတွေလဲ။ အခုချိန် ဒီမှာဘယ်သူမှမရှိဘူး”
လောင်ဟုန်က အခက်တွေ့နေပုံပေါ်ပြီးထိုစကားကြားသောအခါ စိတ်ကျဉ်းကျပ်သွားပုံပေါ်၏။
“သခင်လေး ကျွန်တော်မပြောချင်တာမဟုတ်ဘူး။ ဒါပေမဲ့ ဒီကိစ္စကအရမ်းအရေးကြီးတယ်။ သေမယ်ဆိုရင်တောင် မင်းသားချီအိမ်တော်ကို ပြဿနာမတက်စေရဲဘူး။ ဒီအကြောင်း ကျေးဇူးပြုပြီး ထပ်မမေးပါနဲ့တော့ သခင်လေး”
“မင်းက ဒီလိုပြုမူလေလေ ငါပိုသိချင်လေပဲ။ အံ့ဖွယ်မြို့တော်က ဒီလောက်ကျယ်ဝန်းတာ မင်းကို ဒီလောက်စိတ်ပင်ပန်းအောင်လုပ်နိုင်တဲ့သူရှိတယ်ဆိုတာ ငါ မတွေးမိဘူး။ မင်းက သူ့ကို ငါ့အဖေရဲ့ ဝတ်ရုံနီလက်ဖက်ရည်နဲ့တောင် သူ့ကို ဧည့်ခံခဲ့တာ” ချင်ရှောက တိုးသဲ့သဲ့လေသံဖြင့်ပြော၏။
“ဒီအကြောင်းမရှင်းပြရင် အဖေက မင်းကို သေချာပေါက်အပြစ်ဒဏ်ပေးမှာပဲ”
လောင်ဟုန်က ပြောလိုက်သည်။
"သခင်လေး ဒီကိစ္စက အင်မတန်အရေးကြီးတယ်ဆိုတာ ကျွန်တော့်ရဲ့ခေါင်းနဲ့အာမခံရဲပါတယ်။ သခင်ကြီးပြန်ရောက်တဲ့အချိန်အရာအားလုံး ရှင်းလင်းသွား လိမ့်မယ်"
“ဟုတ်ပြီလေ။ ငါ စောင့်နေမယ်” ချင်ရှောက လောင်ဟုန်နဲ့စောင့်ရန်ဆုံးဖြတ်လိုက်၏။
လောင်ဟုန်ကို မင်းသားချီက တန်ဖိုးထားသည်။ ချင်ရှောက လောင်ဟုန်ကိုဒေါသထွက်လျှင်တောင် သူလောင်ဟုန်ကို ဘာမှမလုပ်နိုင်ပေ။ အလွန်ဆုံးမှ သူလောင်ဟုန်ကို ကြိမ်းမောင်းရုံသာတတ်နိုင်၏။ လောင်ဟုန်က သူတို့အဆင့်အတန်းကို တွေးပြီးဆန့်ကျင်မှာမဟုတ်ပေ။ သို့သော်ငြား ကလေးဆန် နေတာက အကျိုးမထူးပေ။ ချင်ရှောသည် အထက်တန်းလွှာမိသားစု၏ သခင်လေးတစ်ယောက် ဖြစ်သောကြောင့် သူ့၌ သင့်လျော်မှန်ကန်သည့်အကျင့်သိက္ခာရှိပေသည်။
တက်ကလုပ် တက်ကလုပ် တက်ကလုပ်
မြင်းလှည်းက ရောက်လာတော့၏။
လောင်ဟုန်သည် အသံကိုကြားသောအခါ ပျော်ရွှင်စွာအော်လိုက်၏။
“သခင်ကြီးပြန်လာပြီ”
ကျန်သည့်အစေခံများကလည်း ထွက်လာပြီး သူတို့သခင်ကိုကြိုဆိုရန်စောင့်နေကြ၏။
မြင်းလှည်းက လောင်ဟုန်၊ ချင်ရှောနှင့်ကျန်သည့်သူများရှေ့ရောက်လာသည်။
နောက်ဆုံးတွင် မြင်းလှည်းရပ်တန့်သွားလေ၏။ “သခင်ကြီး နောက်ဆုံးတော့ပြန်လာပြီပဲ” လောင်ဟုန်က ဦးစွာပြောလိုက်၏။
အမှုထမ်းဝတ်စုံနှင့် ခေါင်းဆောင်းဖြင့်လူရွယ်တစ်ဦးက မြင်းလှည်းကနေထွက်လာ၏။
“အဖေ” ချင်ရှောက အရိုအသေပေးလိုက်၏။
ချင်ကျွင်းသည် လက်ကိုဝှေ့ယမ်းလိုက်သည်။ သူက စိတ်ပူပန်နေသော လောင်ဟုန်ကိုကြည့်ပြီးပြော လိုက်တော့၏။
“လောင်ဟုန် ဘာဖြစ်လို့လဲ။ မင်းက အမြဲတမ်းတည်ငြိမ်ပြီး စိတ်အေးအေးထားနိုင်တာ။ ဒီနေ့ ဘာကြောင့် သတိလက်လွတ်ပြုမူနေရတာလဲ” ချင်ကျွင်းသည် ဟုန်ဖု၏ မျက်နှာထက်ရှိ စိတ်ပူပန်နေသော အမူအရာကို မြင်သောအခါ မျက်မှောင်ကျုံ့လိုက်လေ၏။
ချင်ရှောက ပြောလိုက်သည်။
“အဖေ ကျွန်တော်တို့အိမ်တော်ထဲမှာ ဂုဏ်သရေရှိဧည့်သည်တစ်ယောက်ရောက်နေတယ်။ လောင်ဟုန်က သူ့ကို အဖေ့ရဲ့တန်ဖိုးကြီး ဝတ်ရုံနီလက်ဖက်ရည်နဲ့ ဧည့်ခံခဲ့တာ။ စိတ်ပူပန်တာ အတွက် သူ့ကို အပြစ်တင်လို့မရဘူး”
“ဟမ်”
ချင်ကျွင်းက မျက်မှောင်အနည်းငယ်ကျုံ့သွား၏။ “ဒါ ဘာအဓိပ္ပာယ်လဲ”
လောင်ဟုန်က ချင်ကျွင်းဖက်သို့သွားကာ နားနားကပ်ပြီး တီးတိုးပြောရန် ပြင်လိုက်သည်။
ချင်ရှောက ကူကယ်ရာမဲ့သွားပြီး ထွက်သွားရသည်။
ချင်ကျွင်းသည် ခေါင်းအနည်းငယ်ညိတ်ပြီး နားထောင်ရန်အတွက် နားကိုကပ်လိုက်သည်။
ချင်ကျွင်းသည် ဟုန်ဖု၏စကားကို ကြားသည်နှင့် သူ၏မောပန်းနွမ်းနယ်သည့်ပုံပျောက်သွားပြီး အားအင်များ ပြည့်လာကာ အံ့ဩမှုက မျက်လုံးများပြူးကျယ်သွားသည်။
“ဒါ အမှန်ပဲလား”
“သခင်ကြီး ဒီလိုကိစ္စကို ကျွန်တော်က အမှားလုပ်မှာမဟုတ်ပါဘူး” လောင်ဟုန်က ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
ချင်ကျွင်း၏လက်များက အနည်းငယ်တုန်ယင်နေလေ၏။
သူ၏သားချင်ရှောက ၎င်းကိုသတိပြုမိသည်။ သူက စိတ်လေးသွားကာ အံ့ဩသွားလေ၏။
ဒီဧည့်သည်ကြီးက အဲလောက်ထိ မှတ်သားလောက်စရာပုဂ္ဂိုလ်လား။
ချင်ကျွင်းက အမြန်ပြောလိုက်တော့သည်။
“ငါတို့တွေရဲ့တိုက်ရိုက်မျိုးနွယ်တွေကို အိမ်တော်ဆီဆင့်ခေါ်။ မြန်မြန်လေး”
“နားလည်ပါပြီ”
သူ၏ဖခင်က စိုးရိမ်ပူပန်နေသောအမူအရာဖြင့် အိမ်တော်ထဲပြေးဝင်သွားတာ ချင်ရှောက ပိုတောင် ဝေခွဲမရဖြစ်သွား၏။ ဧကရာဇ်လာရောက်လည်ပတ်သည့်အချိန်တွင်တောင် သူ၏ဖခင်က ထိုကဲ့သို့ ပျာယာခပ်မနေခဲ့ပေ။ ဒီလူက ဧကရာဇ်ထက် ပိုတောင် ကြီးမြတ်တာလား။ ရင်ထဲမှာ အကြောက် တရားတိုးလာပြီး သူ့အဖေနောက် လိုက်သွားတော့သည်။ သူက မိသားစု၏တိုက်ရိုက်မျိုးဆက် ဖြစ်သောကြောင့် ထိုနေရာတွင် ရှိနေရပေမည်။
နေဝင်သွားချေပေ။
မင်းသားချီ၏တိုက်ရိုက်မျိုးဆက်က ခြံဝန်းထဲတွင် အချိန်တိုအတွင်း ညီညီညာညာစီတန်းနေလေ၏။ သူ၏ဇနီး၊ ကိုယ်လုပ်တော်နှင့် ကျင့်ကြံသူများက ဇဝေဇဝါဖြစ်နေလေ၏။
“အားလုံးကို သခင်ကြီးက ဘာကြောင့်ဆင့်ခေါ်တာလဲ”
“အိမ်တော်ထဲမှာ အရေးကြီးဧည့်သည်တချို့ရှိတယ်လို့ကြားတယ်”
“ဒါပေမဲ့ ဒါလောက်ရေးကြီးခွင်ကျယ်လုပ်နေဖို့လိုလို့လား။ ဒါ့အပြင် ဒီလောက် ရုတ်တရက် ဆန်လွန်းတယ်”
သူတို့သည် နောက်ဆုံးဧကရာဇ် လာရောက်လည်ပတ်ချိန်က ထိုကဲ့သို့ကြိုဆိုပွဲလုပ်ခဲ့တာကို မှတ်မိသေးသည်။ သူတို့မည်ကဲ့သို့ ဇဝေဇဝါ မဖြစ်ဘဲ နေမည်နည်း။
“တိတ်ကြ” ချင်ကျွင်း၏အသံက အားလုံးရဲ့နားထဲရောက်လာသည်။
“ငါ့ရဲ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ စကားမပြောရဘူး”
ကျန်သည့်သူများက အရိုအသေပေးလိုက်သည်။
ချင်ကျွင်းက လှည့်ကြည့်ပြီး လုကျိုးနေထိုင်ရာခြံဝန်းဆီသို့ ဦးတည်လိုက်၏။ ကျန်သည့်သူများ ကလည်း သူ့နောက်မှ ဂရုတစိုက်လိုက်ပါသွားသည်။ မကြာမီ၌ ခြံဝန်းရှေ့သို့ရောက်လာသည်။
လောင်ဟုန်က ညင်သာစွာပြောလိုက်၏။ "ဆရာကြီးက အထဲမှာပါ”
ချင်ကျွင်းက ခေါင်းညိတ်လိုက်၏။ တံခါးဝနားရောက်သွားပြီးနောက် သူက အရိုအသေ ပေးလိုက်တော့သည်။ “နှုတ်ဆက်ပါတယ် ဆရာကြီး”
နေရာတစ်ခုလုံးက သင်္ချိုင်းပမာ တိတ်ဆိတ်နေလေ၏။ ကျန်သည့်သူများက သူတို့၏ထိုမျှ လေးလေးစားစားပြုမူနေရသည့်အကြောင်းအရင်းကို နားမလည်နိုင်ပေ။ အခန်းထဲရှိလူ၏ အထောက်အထားအကြောင်း သူတို့သိချင်နေကြ၏။ မည်သူကများ သူတို့သခင်ထံမှ ထိုကဲ့သို့လေးစားမှုနှင့်လောကဝတ်ပြုမှုရရှိကြသနည်း။ သူတို့အတွေးများကို မည်သူမှမထုတ်ဖော်ရဲ ကြချေ။ သူတို့က ဆိတ်ဆိတ်နေသာနေလျက် ပြန်ပြောမှာကိုသာစောင့်နေလေသည်။
“ဝင်ခဲ့” အသံက တည်ငြိမ်ပြီးပေါ့ပါးသည်။ မကြာမီ၌ သူက ထပ်ပြောသည်။ “တစ်ယောက်တည်း”
“နားလည်ပါပြီ” ချင်ကျွင်းက သတိလက်လွတ်မနေရဲချေ။ သူကလှည့်ထွက်လာပြီး လက်ဝေ့ရမ်းကာ ပြောလိုက်၏။ "ဒီနေ့အတွက် ဒီလောက်ပဲ။ အားလုံးပြန်သွားပြီး မင်းတို့လုပ်နေတာဆက်လုပ်လို့ရပြီ”
အားလုံးကိုဒုက္ခခံကာ ဤနေရာသို့ဆင့်ခေါ်ပြီးနောက် သူတို့ယခုအချိန်တွင် အကြောင်းပြချက် တစ်ခုမှမရဘဲ ထွက်ခွာလာရ၏။ သူတို့ပိုတောင်စိတ်ရှုပ်ထွေးသွားသည်။ ထိုသို့တိုင် မည်သူကမှ သူတို့သခင်၏အမိန့်ကို မနာခံဘဲမနေရဲချေ။
ခြံဝန်းက နောက်ဆုံး၌ ရှင်းလင်းသွားသည့်အချိန်တွင် ချင်ကျွင်းက တံခါးကို တရိုတသေဖွင့်လိုက်၏။ သူက လုကျိုးရှေ့လျှောက်သွားသည့်အချိန်၌ ခါးကိုင်းထားကာ ကြမ်းပြင်ကိုသာ ငုံ့ကြည့်လျက် နှုတ်ဆက်လိုက်သည်။ “နှုတ်ဆက်ပါတယ် ဆရာကြီး” ပြီးနောက် ချင်ကျွင်းသည် အခန်းထဲရှိပန်းချီကို သဘောကျစွာကြည့်နေသည့်လုကျိုးကို အမြန်ကြည့်လိုက်၏။
သူပဲ။
ချင်ကျွင်းသည် လုကျိုးရောက်လာသည့်အကြောင်း သိပြီးသားဖြစ်သော်ငြား သူက စိတ်လှုပ်ရှားနေသေး၏။
လုကျိုးက အခန်းထဲရှိလက်ရာများကို စစ်ဆေးကြည့်ပြီး စိတ်ဝင်စားဖို့မရှိတော့ပေ။
“ဆရာကြီး ဒါတွေကို ကြိုက်တယ်ဆိုရင် ကျွန်တော်ရဲ့နိမ့်ကျတဲ့ အိမ်တော်က လက်ဆောင်အနေနဲ့ ဒါတွေကိုပေးနိုင်ပါတယ်” ချင်ကျွင်းက ပြောလိုက်၏။
လုကျိုးက ထိုပစ္စည်းများကို စိတ်မဝင်စားပေ။ သူက လက်ကာပြီးပြောလိုက်၏။ "ထိုင်"
“မလုပ်ရဲပါဘူး။ ကျွန်တော် မတ်တပ်ရပ်နေပါ့မယ်” ချင်ကျွင်းက အကြောက်တရားကြောင့် ရင်တုန်နေသည်။
“အနှစ်နှစ်ဆယ်ရှိသွားပြီ။ မင်းရဲ့ ကျင့်ကြံဆင့်တိုးတက်လာပြီလား” လုကျိုးက ချင်ကျွင်း၏ ကျင့်ကြံဆင့်အကြောင်းမေးဖို့စိတ်အနှောင့်အယှက်ဖြစ်မနေပေ။
“လွန်ခဲ့တဲ့နှစ်တွေတုန်းက လမ်းညွန်ပေးတာအတွက် ကျေးဇူးတင်ပါတယ်။ လုံ့လဝီရိယရှိရှိ ကျင့်ကြံပြီးနောက် ကျွန်တော် နတ်ဒေဝါဦးတည်နယ်ပယ်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ကျွန်တော်က ပါရမီမရှိဘူး။ ဆရာကြီးကို စိတ်ပျက်စေမိမှာစိုးရိမ်မိပါရဲ့” ချင်ကျွင်းကပြောလိုက်၏။
လုကျိုးက ခေါင်းညိတ်လိုက်သည်။ သူက စားပွဲရှေ့သို့လျှောက်သွားကာ ထိုင်ချပြီး ချင်ကျွင်းကိုကြည့်လိုက်၏။
“ကျွန်တော့်ရဲ့အိမ်တော်ကို လာရောက်လည်ပတ်တဲ့အတွက် ဂုဏ်ယူဝင့်ကြွားမိပါတယ်။ လိုအပ်တာများ ရှိရင် ဆရာကြီး ကျွန်တော်အကောင်းဆုံးကူညီပေးပါ့မယ်” သူက ပွင့်ပွင့်လင်းလင်းပြောလိုက်လေ၏။
“မင်းရဲ့အောင်မြင်မှုအတွက် ကျေနပ်တယ်” လုကျိုးသည် ကွေ့ဝိုက်ပြီးပြောမနေတော့ပေ။ “မင်း လီယွင်ကျောက်ကို သိလား”
ချင်ကျွင်းသည် ထိုအရာကိုကြားသောအခါ အနည်းငယ်မှင်တက်သွား၏။ သူကမေးလိုက်သည်။ “လီယွင်ကျောက်က မယ်တော်ကြီးဘေးမှာရှိတဲ့ ထူးချွန်တဲ့ပုဂ္ဂိုလ်ပဲ။ သူဘယ်သူလဲဆိုတာ ကျွန်တော်သိပါတယ်”
“သိပ်ကောင်းတယ်”
လုကျိုးက ဆက်ပြောလိုက်၏။ "ဒီမှာငါနဲ့တွေ့ဖို့ သူ့ကိုပြောလိုက်”
…
အခန်း (၂၇၀) အမှောင်ယင်လက်ဝါး လီကုန်းကုန်း
ချင်ကျွင်းက သူ မေးချင်သည့် မေးခွန်းကို တုံ့ဆိုင်းနေမိသည်။
သူက ဆရာကြီးသည် သူ့မေးခွန်းကြောင့် ဒေါသထွက်သွားမည်ကို စိုးရိမ်နေသောကြောင့် ချိတုံချတုံ ဖြစ်နေသည်။
“ မင်း မလုပ်နိုင်ဘူးလား ” လုကျိုးက တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။
“အဲလို မဟုတ်ပါဘူး ” ချင်ကျွင်းက ဦးညွှတ်ကာ ပြောလိုက်သည်။
“လီယွင်ကျောက်ရဲ့ ကျင့်ကြံဆင့်က မြင့်မားတယ်။ သူက နန်းတော်မှာတောင် ထူးခြားတဲ့ ပညာရှင်ဖြစ်ပြီးတော့ နန်းတော်ကနေ အပြင်ကို မထွက်လုနီးပါးပဲ ”
လုကျိုးက ဘာမှပြန်မပြောပေ။
ချင်ကျွင်းက သူ ပြောလိုက်တာ မှားယွင်းသွားကြောင်း သတိပြုမိသွားသည်။ သာမန်လူသာ သူ့အတွက်သူ အကြောင်းပြချက်ရှာကြလိမ့်မည်။ သူက အလျင်စလို ထပ်ပြောလိုက်သည်။
“ဆရာကြီး စိတ်မပူပါနဲ့။ ကျုပ် လီယွင်ကျောက်ကို ဒီကို သေချာခေါ်လာခဲ့ပါ့မယ် ”
“တကယ်လို့ မင်း တခြားပြောစရာမရှိရင် ထွက်သွားလို့ ရပြီ ” လုကျိုးက ပြောလိုက်သည်။
ချင်ကျွင်းက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် “ ကျုပ် အရဲစွန့်ပြီး မေးခွန်းတစ်ခုလောက် မေးလို့ရမလား”
“ဘာလဲ ”
“ အခုတလော ကျင့်ကြံရေးလောကမှာ ရွှေနန်းဥယျာဉ်တောင်ရဲ့ အကာအရံက အားပျော့လာပြီးတော့ ငါးနှစ်အတွင်း ကျိုးပျက်သွားလိမ့်မယ်လို့ သတင်းတွေ ထွက်နေတယ်။ ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ ဂိုဏ်းကြီးတွေကလည်း မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရတနာတွေကို မျက်စိကျနေကြတယ်။ အချိန်ကျလာတဲ့အခါ သူတို့က ဒီအခွင့်အရေးကို ယူပြီး တိုက်ခိုက်ကြလိမ့်မယ်တဲ့။ အဲဒါ အမှန်ပဲလား ”
ချီမင်းသားက အံ့ဖွယ်မြို့တော်တွင် နေထိုင်သောကြောင့် နန်းတော်တံတိုင်းအတွင်းမှ လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။ သူ ရထားသည့် သတင်းအချက်အလက်က ပါးစပ်စကားသာ ဖြစ်ပြီး သူတို့၏ အခွင့်အာဏာကို အတည်မပြုပေးနိုင်ပေ။ သူက အမှန်ဖြစ်ချင်လား သိချင်နေမိ၏။
ခဏကြာတိတ်ဆိတ်သွားပြီးနောက် လုကျိုးက ဖြေလိုက်သည် “အမှန်ပဲ ”
ချင်ကျွင်းက ကျိန်ဆဲလိုက်သည်။
“အဲဒီဖြောင့်မတ်ခြင်းလမ်းစဉ်လို့ခေါ်တဲ့ဟာတွေက အမှန်တကယ် စက်ဆုပ်ဖို့ကောင်းလိုက်တာ ”
လုကျိုးက သူ့ဆီမှ မမျှော်လင့်ထားပေ။
“ တာ့ယန်ရဲ့ တော်ဝင်မိသားစုကလည်း ငါ့ကို သေစေချင်နေကြတာ … မင်း ပြောလိုက်တာတွေကို နံရံမှာ နားတွေရှိနေမှာ မစိုးရိမ်ဘူးလား”
“ကျုပ် ဘာမှမကြောက်ဘူး။ ကျုပ် ဒီနေ့လို ကျုပ်ဖြစ်နေတာက ဆရာကြီးကြောင့်ပဲ။ ကျုပ်သာ သူတို့လိုဆိုရင် ကျုပ်က ခွေးတစ်ကောင်ထက်တော် မိုက်မဲသွားလိမ့်မယ် ”
ချီမင်းသား အိမ်တော်ရှိ လူများက မြင်ရသလောက် မရိုးရှင်းကြပေ။
တစ်ယောက်ချင်းစီက အရင်ထက် နှုတ်ရေးကောင်းကြလေသည်။ သူ့တပည့်များနှင့် ယှဉ်ကြည့်လိုက်သည့်အခါ မည်သူမှ ချင်ကျွင်းလို ဆုံးဖြတ်ချက်ပြတ်သားတာမျိုး မရှိကြပေ။
လုကျိုးက သူ့စိတ်ထဲ လှောင်ရယ်မိလိုက်သည်။
ကံဆိုးစွာဖြင့် ချင်ကျွင်းက ဒီလိုမျိုး သဘောထားရှိလျှင်ပင် မလုံလောက်သေးပေ။ ထို့အပြင် သူ့ကျ့င်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်သာ ရှိသေး၏။
“ အဲတုန်းက ငါ မင်းကို အသုံးချခဲ့ရုံပဲ။ မင်းရဲ့ ဝေဒနာက ငါ့အတွက် ဘာမှမဟုတ်ဘူး ” လုကျိုးက သူ့မှတ်ဉာဏ်များထဲ ရှာရင်း ပြောလိုက်သည်။
“အသုံးချခဲ့တာလား” ချင်ကျွင်းက ဦးညွှတ်ကာ “ နန်းတော်ထဲမှာ ဘယ်သူကများ တစ်ယောက်ယောက်ကို အသုံးမချတဲ့လူလို့ကို မရှိပါဘူး ”
သူက နေ့စဉ်နေ့တိုင်း လှည့်ကွက်များ၊ လိမ်လည်မှုများ၊ အကွက်ချမှုများကို မြင်တွေ့ခဲ့ရသည်။
“မင်းက အကောင်းမြင်တတ်တာပဲ ”
“ ဆရာကြီးက ချီးကျူးနေပါပြီ ”
ချင်ကျွင်းက ဘာမှထပ်မပြောရဲတော့ပေ။ သူက ဦးညွှတ်ကာ “ ဆရာကြီး ကောင်းကောင်းအနားယူပါ။ ကျုပ် သွားလိုက်ပါဦးမယ်”
လုကျိုးက လက်ဝေ့လိုက်သည်။
…………
ညအခါ ရောက်လာလေပြီ။
ချီမင်းသား အိမ်တော်တစ်ခုလုံး တိတ်ဆိတ်နေလေသည်။
လုကျိုးက ကောင်းကင်ကျမ်းကို ဆင်ခြင်တော့မည့်ဆဲဆဲတွင် …
“ချင်လော့ပင်းက ဆရာကြီးနဲ့ တွေ့ခွင့်တောင်းပါတယ်ရှင့် ”
ဟမ် …
လုကျိုးက ထူးဆန်းသည်ဟု ထင်မိသည်။
သူ့ကို ဒီအချိန်ကြီး ဘယ်သူက လာနှောင့်ယှက်တာလဲ …
ဒီလိုရူးကြောင်ကြောင် အပြုအမူမျိုးက သူ့အနေနှင့် ချီမင်းသား အိမ်တော်မှ မျှော်လင့်ထားသလို မဟုတ်ပေ။ သူက ဒါကတခြားကိစ္စဖြစ်ကြောင်း ခံစားမိလိုက်သည်။
ထို့နောက် သူက ပြောလိုက်သည် “ဝင်ခဲ့ပါ ”
ကျွီ
သူနှင့် တစ်ခါတွေ့ဖူးသည့် မိန်းမငယ်လေး ပေါ်လာသည်။ သို့သော်လည်း သူမက မတူညီသည့် အဝတ်အစားများ ဝတ်ဆင်ထားလေသည်။ သူမကို ကြည့်ရသည်မှာ ဟိတ်ဟန်နည်းသွားပုံပေါ်သည်။ လက်ရှိ သူမက ရိုးရှင်းသည့်လူတစ်ယောက်နှင့် တူသည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ မျက်နှာသွင်ပြင်က လှပကြော့ရှင်းနေဆဲ ဖြစ်ကာ အလှပဂေးတစ်ယောက်အဖြစ် မှတ်ယူနိုင်ဆဲ ဖြစ်၏။
“ဘာကိစ္စလဲ ” လုကျိုးက သူမအား အကြည့်တစ်ချက်သာ ပေးပြီး မျက်လုံးပြန်မှိတ်ထားလိုက်သည်။
ချင်လော့ပင်းက ဒူးထောက်ကာ “ဆရာကြီးက မိစ္ဆာဝေဟင်မျှော်နန်းကဆိုတာ သိတာနဲ့ တောင်းပန်ဖို့ ရောက်လာတာပါ ”
လုကျိုးက ဘာမှမပြောပေ။ အကယ်၍ သူသာ သဘောထားသေးလျှင် သူမအနေနှင့် တောင်းပန်ဖို့ အခွင့်အရေးပင် ရလာမည် မဟုတ်ချေ။ ထို့အပြင် သူမက သူ့အား ဆန့်ကျင်ခဲ့ခြင်းလည်း မဟုတ်ပေ။ ထို့ကြောင့် သူမအနေနှင့် ဘာမှတောင်းပန်နေစရာ မလိုပေ။
ချင်လော့ပင်းက ကြမ်းပြင်ပေါ် နဖူးထိသည့်အထိ ဦးတိုက်ကာ “ တကယ်လို့ ကျွန်မ ရဲတင်းနေသလို ဖြစ်ပေမဲ့ ဆရာကြီး ကျွန်မကို ကျေးဇူးပြုပြီး တပည့်အဖြစ် လက်ခံပေးပါ ”
သူမက ပြောလိုက်ပြီးနောက် ထပ်မံ ဦးတိုက်လိုက်သည်။
လုကျိုးက မျက်လုံးကို အသာဖွင့်ကြည့်လိုက်ပြီး ဦးတိုက်နေဆဲ ဖြစ်သည့် ချင်လော့ပင်းအား ကြည့်လိုက်သည်။
သူမ၏ ကျင့်ကြံဆင့်က အသိအာရုံစုစည်းခြင်း နယ်ပယ်အဆင့်သာ ရှိသေး၏။ သူမ၏ အသက်အရွယ်ဖြင့် သူမပါရမီတို့က သာမန်မျှသာ ဖြစ်လေသည်။
“ ဘယ်ကနေ ဒီလိုသတ္တိတွေ ရလာတာလဲ” လုကျိုးက ခြောက်ကပ်ကပ် ပြောလိုက်သည်။
“အဲဒါက … ”
ချင်လော့ပင်းက နည်းနည်းကြောက်ရွံ့လာသလို ခံစားမိလာသည်။ သူမက သတ္တိစုစည်းကာ ဆက်ပြောလိုက်သည်။
“ ကျွန်မ ငယ်ငယ်လေးကတည်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဇာတ်ကြောင်းအများကြီး ကြားဖူးပါတယ်။ အဲဒီကတည်း ကျွန်မက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်လိုမျိုး ကျင့်ကြံသူ ဖြစ်ရမယ်လို့ ဆုံးဖြတ်ထားခဲ့တာပါ …
ကျွန်မ ဘဝမှာ လူတစ်ယောက်ကိုပဲ လေးစားခဲ့တာပါ။ အဲဒါက ဆရာကြီးပါပဲ။ ဆရာကြီး ကျေးဇူးပြုပြီး ကျွန်မရဲ့ ရှစ်စွင်း ဖြစ်ပေးပါ ”
ဘန်း
သူမ၏ နဖူးက ကြမ်းပြင်ကို ထိသွားလေသည်။
အဆုံးသတ်၌ သူမက မိစ္ဆာဝေဟင်မျှော်နန်း၏ ဒဏ္ဍာရီလာ ဇာတ်ကြောင်းများကို ငယ်စဉ်ကတည်းက နားထောင်ခဲ့ရသည့် စိတ်အားပြင်းပြသည့် ကိုးကွယ်သူတစ်ဦးသာ ဖြစ်ပေသည်။ ဒီနေရာကို ကူးပြောင်းလာသူအနေနှင့် သူက ဒီလိုလူမျိုးများ၏ တည်ရှိမှုအကြောင်း သိထား၏။ ထို့အပြင် မိစ္ဆာအိုကြီးလုက ကောင်းကင်ဘုံအောက် ပြိုင်ဖက်ကင်း ကျင့်ကြံသူ ဖြစ်သောကြောင့် သူ့အနေနှင့် ပရိသတ်မရှိဘဲ နေမည် မဟုတ်ပေ။
သို့သော်လည်း ချီမင်းသား အိမ်တော်မှ သခင်မလေးသည် သူတို့ထဲမှ တစ်ယောက် ဖြစ်ချင်နေလိမ့်မည်ဟု မထင်ထားပေ။
ဟားဟား
လုကျိုးက ရယ်ရမည်လား မသိတော့ပေ။
တပည့်တဲ့လား …
သူမ ပါရမီက သာမန်လေးလေ … ပြီးတော့ တပည့်ကိုးယောက်ပေးတဲ့ ပြဿနာတွေတောင် ဖြေရှင်းမပြီးသေးဘူး …
သူမကို ငြင်းပယ်တော့မည့်ဆဲဆဲတွင် …
ချီမင်းသား ချင်ကျွင်းက အခန်းထဲ ပြေးဝင်လာသည်။ သူက မြင်ကွင်းကို မြင်လိုက်ရသည့်အခါ ချင်လော့ပင်းဆီ ရောက်လာကာ ပါးရိုက်ချလိုက်သည်။
“ ဘယ်လိုတောင်လား … ဆရာကြီးရဲ့ အခန်းထဲ ဝင်နှောင့်ယှက်ရအောင် ဘယ်သူ ခွင့်ပြုပေးထားလဲ ”
ချင်လော့ပင်းက ကြောင်သွားလေသည်။ သူမတစ်ဘဝလုံး တစ်ခါမှ အရိုက်မခံဖူးပေ။ သူမအဖေသည် ဒီလိုကိစ္စလေးအတွက် သူမကို ရိုက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားပေ။
သူမက မှားယွင်းခံလိုက်ရသလို ခံစားမိသော်လည်း ဘာမှမပြောရဲပေ။ သူမက ပါးပြင်ကို အုပ်ကိုင်ထားလိုက်သည်။
ချင်ကျွင်းက ဒူးထောက်ကာ “ ကျုပ်ကို ခွင့်လွတ်ပေးပါ ဆရာကြီး … ကျုပ်သမီးက စည်းမျဉ်းတွေ မသိလို့ပါ။ ဒီအတွက် အပြင်းအထန် အပြစ်ပေးလိုက်ပါ့မယ် ”
လုကျိုးက အပေါ်ယံ၌ တည်ငြိမ်နေဆဲ ဖြစ်၏။ သို့သော် စိတ်ထဲ သက်ပြင်းချလိုက်မိသည်။
သူမက သူ့ပရိသတ် ဖြစ်လေသည်။ ဒီရိုက်ချက်တစ်ခုတည်းဖြင့် ပြစ်ဒဏ် သတ်မှတ်ဖို့ လုံလောက်နေလေပြီ။
“ ထားလိုက်ပါတော့ ” လုကျိုးက လက်ဝှေ့ပြလိုက်သည်။
“ ထပြီး ထွက်သွားတော့” ချင်ကျွင်းက အသံနိမ့်ကာ ပြောလိုက်ပြီး ချင်လော့ပင်းအား ဆွဲခေါ်သွားသည်။
ချင်ကျွင်း အခန်းထဲမှ ထွက်လာသည့်အခါ တံခါးကို သူ့ဘာသာ ပိတ်လိုက်သည်။
ထို့နောက် လုကျိုးက မျက်လုံးမှိတ်လိုက်ကာ ကောင်းကင်ကျမ်းကို စတင်လေ့လာလိုက်သည်။
သူ ကောင်းကင်ကျမ်းကို ဆင်ခြင်နေစဉ် အခန်းအပြင်ဘက်မှ လှုပ်ရှားမှုများနှင့် အခြေအနေတို့ကို အာရုံခံနိုင်လာလေပြီ။ ဤသည်မှာ ကျမ်းထဲ စိတ်နှစ်သွားပြီး အပြင်ဘက်တွင် ဘာဖြစ်နေမှန်း မသိတော့သည့် အရင်တစ်ခေါက်လိုမျိုး မတူပေ။
ထို့ကြောင့် လုကျိုးက စိတ်အေးသွားရ၏။
နောက်တစ်ရက် မနက်ခင်း၌ လုကျိုးက မျက်လုံးဖွင့်လိုက်သည့်အခါ အခန်းအပြင်ဘက်တွင် တစ်ယောက်ယောက် သူ့ကို စောင့်နေကြောင်း အာရုံခံလိုက်မိသည်။ သူက အသံဩဩဖြင့် မေးလိုက်သည်။
“ဘာကိစ်စလဲ ”
“ ကျွန်တော်က အိမ်တော်ထိန်း ဟုန်ဖုပါ။ သခင်ကြီးက တော်ဝင်မြို့တော်ဆီ မနက်စောစောကပဲ ထွက်သွားပါပြီ။ နှစ်နာရီအတွင်း ပြန်လာပါလိမ့်မယ် ”
အမှန်တော့ လုကျိုးက အိမ်တော်ထိန်းသည် အခန်းအပြင်ဘက် တစ်နာရီကြာအောင် စောင့်နေကြောင်း သိပေသည်။
အိမ်တော်ထိန်းက ကျင့်ကြံသူတစ်ယောက်၏ အကျင့်ကို မသိသည့်အတွက် သူက ကြိုတင်စောင့်နေဖို့ ရွေးချယ်ခဲ့သည်။
လုကျိုးက ခုတင်ပေါ်မှ ဆင်းလာသည်။ သူက လက်ဝေ့လိုက်သည့်အခါ စွမ်းအားဖြင့် တံခါးကို ဖွင့်ပြီးသား ဖြစ်သွားလေသည်။
“နှစ်နာရီ …” လုကျိုးက ရေရွတ်လိုက်သည်။
ဟုန်ဖုက အလျင်စလို ဦးညွှတ်ကာ “လီကုန်းကုန်းက ဘုရင့်မယ်တော်ဘေးက အရေးပါတဲ့လူဆိုတော့ နန်းတော်ကနေ ထွက်ဖို့ သူမရဲ့ ခွင့်ပြုချက် လိုပါသေးတယ် “
လုကျိုးက ခေါင်းညိတ်လိုက်သည်။
ချင်ကျွင်း၏ နည်းလမ်းအကြောင်း ဂရုမစိုက်တော့ဘဲ တည်ငြိမ်စွာ ထွက်လာလိုက်သည်။
တစ်ညတာ အနားယူပြီးနောက် သူက အံ့ဖွယ်ထူးခြားစွမ်းအား၏ တစ်ဝက်လောက်ကို ပြန်ရနေလေပြီ။
နှစ်နာရီကြာမြင့်ပြီးနောက် ဧည့်ခန်းအပြင်ဘက်မှ အသံကို ကြားလိုက်ရသည်။
“လီကုန်းကုန်း ဒီဘက်ကို ကြွပါ ”
လုကျိုးက ဧည့်ခန်းတံခါးအပြင်ဘက်ဆီ လှမ်းကြည့်လိုက်သည်။
ရှောင်ယွမ်အာနှင့် ကျောင်းယွဲ့တို့လည်း တစ်ဖက်တစ်ချက်စီ နေရာယူလိုက်ကြသည်။
အိမ်တော်ထိန်း ဟုန်ဖုက ဦးညွှတ်ကာ “ ဆရာကြီး လီကုန်းကုန်း ရောက်လာပါပြီ ”
ထိုစဉ် အရပ်ရှည်ရှည်၊ ဝတ်ရုံရှည်ဝတ်ဆင်ထားပြီး ငွေမှင်ရောင် ဆံပင်တို့ဖြင့် လီယွင်ကျောက်က အခန်းတံခါးဝဆီ ရောက်လာသည်။
ဤသည်မှာ ဘုရင့်မယ်တော်ဘေးမှ အဆင့်မြင့် ကျင့်ကြံသူ ဖြစ်သည့် အမှောင်ယင်လက်ဝါး ပိုင်ရှင် လီကုန်းကုန်း ဖြစ်ပေသည်။
…