အခန်း (၂၈၀-၂၈၂)
Vol. 19 Ch. 280-282
အခန်း (၂၈၀) သက်ကြီးရွယ်အိုကို ဦးစားပေးခြင်း
ကျန်းအိုက်ကျန့်က သူ့ပတ်လည်ကို ကြည့်လိုက်ရင်း အနီးကပ်လာပြီးနောက် အလျင်စလို ပြောလိုက်သည်။
“ မယ်တော်ကြီးက ဖျားနားနေတာ။ ပြောကြတာတော့ ဗလာ ကောင်းကင်ကျမ်းစာလိပ်က သူမကို ကုသပေးနိုင်တယ်တဲ့လေ … အဲဒါကြောင့် သူမက အရင်ဧကရာဇ်ဆီ တစ်ခုပေးထားပေမဲ့ အသုံးမပြုခဲ့ရဘူး။ နောက်ပိုင်းကျ စာလိပ်ကို အရင်ဧကရာဇ်နဲ့အတူတူ မြှပ်နှံထားတာ ….”
ရှောင်ယွမ်အာက ထိုအကြောင်းကြားလိုက်ရသည့်အခါ ပြောလိုက်သည်။
“ အဲဆိုတော့ ရှစ်စွင်းအတွက် ရှင်က အလောင်းပြန်ဖော်ချင်နေတာလား”
“ဘာတွေပြောနေတာလဲ … ငါက အဲလိုဟာတွေ မလုပ်ပါဘူး။ ငါက ဒီကို နတ်ဆိုးဓား လာရှာတာ”
ကျန်းအိုက်ကျန့်က ပြောလိုက်သည်။
“နတ်ဆိုးဓားလား ”
“ ဓားသင်္ချိုင်းက တော်ဝင်သင်္ချိုင်းနားမှာ ရှိတာလေ။ တည်နေရာက ယင်ယန်ပေါကြွယ်ဝတော့ ဓားကောင်းလေးတွေ ရှိမှာ အသေအချာပဲ။ ဒီလိုအခွင့်ကောင်းမျိုးမှာ ဓားရူးသုံးယောက်ထဲက တစ်ယောက်အနေနဲ့ ငါက မသွားလို့ မဖြစ်ဘူးလေ … မိန်းကလေး ငါ့ကို စိုက်ကြည့်မနေပါနဲ့ ”
ကျန်းအိုက်ကျန့်က ပြောလိုက်သည်။
လုကျိုးက မေးလိုက်သည်။
“ တခြားလူတွေကရော တော်ဝင်သင်္ချိုင်းကို တူးကြတာပဲလား”
ကျန်းအိုက်ကျန့်က လက်ခါကာ “ ဓားသင်္ချိုင်းနဲ့ တော်ဝင်သင်္ချိုင်းက မတူဘူး။ ခရမ်းနေတောင်က တောင်ပိုင်းမှာ ယန်သဘာဝရှိပြီးတော့ မြောက်ပိုင်းမှာ ယင်သဘာဝရှိတယ်။ အဲဒါက မိုင်အတော်အတန် နေရာယူထားတယ်ဆိုပေမဲ့ တစ်ခုနဲ့တစ်ခု ပတ်သက်နေတာမျိုး မရှိဘူး”
သူက စကားပြောရပ်လိုက်သည်။ သူက လောင်ချန်းပေ့သည် သူ့ထက် ဗဟုသုတကြွယ်ဝကြောင်း ရုတ်ခြည်း အမှတ်ရသွားကာ သူ့ကိုယ်သူ အရူးဖြစ်သွားသလို ခံစားလိုက်ရသည်။
လုကျိုးက ကျန်းအိုက်ကျန့်အား ကြည့်လိုက်ကာ “ အမှန်ပဲ … တည်နေရာနှစ်ခုလုံးက မတူပေမဲ့ နှစ်ခုလုံးက ခရမ်းနေတောင်ပေါ်မှာပဲ။ ကြည့်ရတာ သူတို့ ဆက်နွယ်နေတာ ကြာမြင့်နေတာ ဖြစ်နိုင်တယ်။ မင်း ဒီမှာပဲ ရပ်နေတော့မှာလား ”
ထိုအခါမှ မင်းသားတစ်ပါးအနေနှင့် သူ့မိသားစု သင်္ချိုင်းကို အခြားလူဆီ ဂူဖောက်ခိုင်းပြီး ဘေးကနေ ထိုင်ကြည့်နေရမှာလား ….
“ကောင်းပြီလေ ” ကျန်းအိုက်ကျန့်က အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားလေသည်။
လုကျိုးက လမ်းပိတ်ထားသည့် ကျောက်တုံးဆီ လျှောက်လာလိုက်သည်။
ကျင့်ကြံသူအဖွဲ့၏ အာရုံက လုကျိုးဆီ တန်းရောက်လာသည်။ သူတို့က လူအိုကြီးကို မြင်လိုက်ရသည့်အခါ မြန်မြန်လမ်းဖယ်ပေးလိုက်ကြသည်။
လုကျိုး၏ သွင်ပြင်က ယခင်နှင့် ယှဉ်လိုက်လျှင် အတော်လေး ပြောင်းလဲသွားခဲ့သည်။ သူ့အသက်အရွယ်ကို နောက်ပြန်နေရုံတင် မကဘဲ အဝတ်အစား ရွေးချယ်မှုလည်း ပြောင်းလဲသွားခဲ့သည်။ ကျိထျန်းတောက်က ဆံပင်ကို ဖိုသီဖတ်သီ ပစ်ထားလေ့ရှိပြီး ဒေါသကြီးကာ ဘာမှမစီးနှောင်ထားချင်ပေ။ သူ ဝတ်သည့် အဝတ်တို့က အရိုးရှင်းဆုံးနှင့် သဘာဝအကြမ်းတိုင်းသာ ဖြစ်သည်။ တစ်ဖက်တွင် လုကျိုးက သူ့သွင်ပြင်ကို သေသပ်အောင်ထား၏။ အနည်းဆုံးတော့ သူ့အဝတ်အစားတို့က ကွက်တိ ဖြစ်ကာ သူ့အနား သက်ကြီးရွယ်အိုတစ်ယောက်၏ လေထုမျိုး ရှိလေသည်။ ထိုတစ်ချက်တည်းဖြင့် သူနှင့် ကျိထျန်းတောက်တို့က တူညီသည့်လူ လုံးလုံး မဟုတ်တော့ပေ။
လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်ပြီး “ ဒါကို ရှင်းလိုက် ”
သူ့ဘေးနားရှိ လူများက အချင်းချင်း ကြည့်လိုက်ကြသည်။
လူအိုကြီးက ဘယ်သူ့ကို ပြောနေတာလဲ …
ရှောင်ယွမ်အာက ကျန်းအိုက်ကျန့်ကို လက်ညှိုးထိုးကာ “ သွားလေ ”
“ငါလား ” ကျန်းအိုက်ကျန့်က သူ့ဘာသာ လက်ညှိုးထိုးလိုက်သည်။
“ ဟုတ်တယ် ရှင်ပဲ ”
ကျန်းအိုက်ကျန့်က ငိုချင်လာလေပြီ။
နတ်ဆိုးဓားအတွက် ငါ သည်းခံရမယ် …
သူက မြေကို ဆောင့်ကန်ကာ နဂါးတေးသံကို ထုတ်ဖော်လိုက်သည်။ ထိုအရာကို မြင်ပြီး ကျင့်ကြံသူများက အလန့်တကြား ဖြစ်သွားကာ သူ့အတွက် မြန်မြန်လမ်းဖယ်ပေးလိုက်ကြသည်။
“အားကောင်းလိုက်တာ ”
“သူက စောစောလေးက ဘာမှတတ်နိုင်တာ မရှိဘူးလို့ ပြောသွားတာ မဟုတ်ဘူးလား”
“ဒါက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ပဲ … သူက နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူပဲ ”
နဂါးတေးသံ ထွက်လာသည်နှင့် ရွှေရောင်အလင်းစက်ဝန်းတစ်ခုက ဓားကို လွှမ်းခြုံသွားကာ ဧရာမ စွမ်းအင်ဓားကြီး ပေါ်ထွက်လာသည်။ ကျန်းအိုက်ကျန့်က ဓားဖြင့် လွဲခုတ်ချလိုက်သည်။
ဝုန်း
စွမ်းအင်ဓားက ကျောက်တုံးကြီးနှင့် ထိပ်တိုက်တွေ့သွားသည်။
ဖုန်မှုန့်များ နေရာအနှံ့ လွင့်စဉ်လာသည်။
ကျင့်ကြံသူများက သူတို့အကာအကွယ် စွမ်းအားကို အသက်သွင်းလိုက်ကြပြီး ဖုန်မှုန့်များနှင့် အကျိုးအပဲ့များ လွင့်စဉ်လာမည့်အရေးမှ ကာကွယ်ထားလိုက်ကြသည်။
ခဏအကြာတွင် လေထု သန့်ရှင်းသွားပြီး သူတို့လည်း ရှင်းရှင်းလင်းလင်း ပြန်မြင်လာရသည်။
ကျောက်တုံးကြီးက နဂါးတေးသံကြောင့် တစစီ ဖြစ်သွားလေသည်။ ကျန်းအိုက်ကျန့်က သူ့ဘာသာ ကျေနပ်နေမိ၏။ သူက ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ သူ မြေပေါ်ရောက်သည်နှင့် နဂါးတေးသံက သူ့ဓားအိမ်ထဲ ပြန်ရောက်လာသည်။
“ ငါ့ဓားချက်က အားကောင်းလွန်းနေတာတော့ မတတ်နိုင်ဘူး ”
ကျင့်ကြံသူများက နောက်ဆုတ်လိုက်ကြသည်။
အရမ်းအားကောင်းလိုက်တာ …
ရှောင်ယွမ်အာပင် အရှက်မရှိလူက ဒီလောက်အားကောင်းကောင်း တိုက်ကွက်မျိုး ထုတ်ဖော်နိုင်လိမ့်မည်ဟု မထင်ထားပေ။ သူမက သူ့ကို တစ်လျောက်လုံး လျှော့တွက်ခဲ့ပုံရ၏။
လုကျိုးက ခေါင်းညိတ်ကာ အသာပြောလိုက်သည် “သွားကြစို့”
ချင်ကျွင်းနှင့် ရှောင်ယွမ်အာက နောက်မှ လိုက်ပါလာကြသည်။
“ အကြီးက အရင်သွားပါ ”
“ဟုတ်ပါတယ် ဟုတ်ပါတယ်။ အကြီးက အရင်သွားသင့်ပါတယ် ”
ကျင့်ကြံသူများက ကျန်းအိုက်ကျန့်သည် လူအိုကြီးထံ လေးလေးစားစား ဆက်ဆံကြောင်း မြင်လိုက်ရသည့်အခါ သူတို့က လုကျိုးကို အထင်မသေးရဲတော့ပေ။
ရှောင်ယွမ်အာက အံ့ကြိတ်ကာ ပြောလိုက်သည်။
“ ဘယ်သူ့ကို အသက်ကြီးတယ် ပြောနေတာလဲ။ ရှင်တို့သာ အသက်ကြီးတာ … ရှင်တို့ တစ်မိသားစုလုံးသာ အသက်ကြီးနေတာ ”
ကျင့်ကြံသူအုပ်စုက အနားမကပ်ရဲကြတော့ဘဲ တုန်လှုပ်သွားကြသည်။ သူတို့က အဝေးမှသာ လိုက်လာကြသည်။
ခဏကြာလျှောက်လှမ်းပြီးနောက် ရှောင်ယွမ်အာက ကျင့်ကြံသူအုပ်စုသည် လိုက်လာဆဲ ဖြစ်ကြောင်း မြင်လိုက်ရသည်။ သူမက မေးလိုက်၏။
“ ရှစ်စွင်း … သူတို့က စိတ်ပျက်ဖို့ကောင်းတယ်။ သူတို့ကို မောင်းထုတ်လိုက်ရမလား ”
“ မလိုဘူး ” လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ရှေ့လှမ်းကြည့်လိုက်ပြီး “ ဓားသင်္ချိုင်းမှာ ဓားတွေအများကြီး ရှိတယ်။ သူတို့ကျင့်ကြံဆင့်က နတ်ဆိုးဓားကို လှုပ်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ သူတို့က ဓားသင်္ချိုင်းက ဓားတွေကို ဖယ်နိုင်ရင် ဓားအစီအရင်က အားနည်းလာမှာပဲ ”
ကျန်းအိုက်ကျန့်က ပြောလိုက်သည်။
“ လောင်ချန်းပေ့ ပြောတာ ဟုတ်တယ်။ လောင်ချန်းပေ့ဆိုတဲ့အတိုင်းပဲ အမြဲတမ်း ဗဟုသုတကြွယ်ဝနေတာပဲ။ ကျွန်တော့်ကို အမြင်ကျယ်လာစေပါတယ်”
“ နှုတ်ကောင်းနေတာ” ရှောင်ယွမ်အာက ရွဲ့ပြောလိုက်သည်။
ချင်ကျွင်းက လက်နှစ်ဖက်ယှက်ကာ “ဆရာကြီးက ဓားအစီအရင် သင်္ချိုင်းထဲက ဓားတွေက ပိုင်ရှင်မရှိဘူးလို့ ပြောချင်တာလာ”
“ သူတို့က ပိုင်ရှင် မရှိဘူးဆိုတော့ ပိုင်ရှင်အသစ်ကို အလွယ်တကူ အသိအမှတ်ပြုနိုင်တယ်။ သူတို့ကို ဖျက်ဆီးပစ်ဖို့ စွမ်းအားနည်းနည်းပဲ လိုလိမ့်မယ်” လုကျိုးက ပြောလိုက်သည်။
“ ဆရာကြီးကနေ သင်ယူလိုက်ရပြန်ပါပြီ” ချင်ကျွင်းက ဦးညွှတ်လိုက်သည်။
သူတို့နောက်မှ ကျင့်ကြံသူအုပ်စုလည်း သူတို့စကားဝိုင်းကို ကြားကာ စိတ်အေးသွားကြသည်။ သတ္တိကောင်းသည့် ကျင့်ကြံသူတချို့က လုကျိုးအား ဦးညွှတ်လိုက်ကြပြီး “ ဆရာကြီး ပြောတာ ဟုတ်တယ်။ ကျုပ်တို့ ဓားသင်္ချိုင်းထဲ အတူတူတွဲလုပ်လို့ ရတာပဲ။ ကျုပ်တို့ကျင့်ကြံဆင့်က အားနည်းတော့ သာမန်ဓားလောက်ပဲ ရနိုင်မှာ။ ဆရာကြီးရဲ့ ကျင့်ကြံဆင့်က နက်နဲပြီး အားကောင်းတယ်ဆိုတော့ ပိုကောင်းတဲ့ ဓားတွေ ရမှာပဲလေ။ အဲလိုဆို ပြည့်စုံသွားပြီ … ”
“ ဆရာကြီးက တစ်ကိုယ်ကောင်းဆန်ပြီး ရွံ့စရာကောင်းတဲ့ စီးဝူယာ့နဲ့ မတူဘဲ သဘောထားကြီးလိုက်တာ ”
“ … ” ရှောင်ယွမ်အာက သူ့ရှစ်စွင်းကို နေရခက်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
လုကျိုးက ဒေါသမထွက်ပေ။ ဟိုငမိုက်သားက သူ လုပ်ခဲ့သည့်အရာများအတွက် ကျိန်ဆဲခံရသင့်သည်။
သူတို့က လုကျိုးသည် ချဉ်းကပ်ရလွယ်ကြောင်း တွေ့သွားပြီး ကျင့်ကြံသူများက ပိုသတ္တိကောင်းလာကြသည်။ သူတို့က အကွာအဝေးကို ချုံ့လိုက်ကြကာ သူတို့နှင့်ပင် အတူတူ လျှောက်လာကြသည်။
ခဏအကြာတွင် သူတို့က ဓားသင်္ချိုင်းအဝင်ဝသို့ ရောက်လာကြသည်။
“ ဓားသင်္ချိုင်းက ရှေ့မှာပဲ ”
“ ဝင်ပေါက်ကို တားထားပြန်ပြီ ”
“ သူက ဘာလို့လုပ်နေတာလဲ။ ဒါက အခြားသူတွေနဲ့ သူကိုယ်တိုင်အတွက် အရှုပ်ထုပ်ပဲကိုး ”
လုကျိုးက သူတို့ဆွေးနွေးသံများကို လျစ်လျူရှုလိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည် “ ကျန်းအိုက်ကျန့် ”
“ ဘာကိုလဲ ”
“ဖြေရှင်းလိုက် ”
“ ကျွန်တော်ပဲလား” ကျန်းအိုက်ကျန့်က အားလုံး သူ့ကို ကြည့်နေကြကြောင်း မြင်လိုက်ရသည်။
“ကောင်းပြီလေ”
သူက သူ့ဘာသာ တွေးလိုက်မိသည်။
ဒါက ငါ စီစဉ်ထားသလို မဟုတ်ဘူးလေ …
ကျန်းအိုက်ကျန့်က အတားအဆီးကို ထပ်ဖယ်ပေးလိုက်သည်။
ချင်ကျွင်းက ပြောလိုက်သည် “ ဒါက အချိန်ဆွဲထားတာပဲ ဖြစ်လိမ့်မယ်။ ဒီအတားအဆီးတွေက အားကောင်းတဲ့ ကျင့်ကြံသူတွေကို မတားဆီးနိုင်ဘူးလေ။ သူက အချိန်ဆွဲရအောင် လုပ်ထားမှန်း သိသာနေတာပဲ”
“ နတ်ဆိုးဓားကို အလွယ်လေး မရနိုင်ဘူးပဲ ” ကျန်းအိုက်ကျန့်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ မင်း ပြောတာ မှန်တယ်။ ဒါပေမဲ့ စီးဝူယာ့က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတ္တမမြောက် တပည့်ဆိုတာ မေ့နေတာပဲ” ချင်ကျွင်းက ပြန်လည်ချေပလိုက်သည်။
ကျန်းအိုက်ကျန့်လည်း ပြောစရာစကားမဲ့သွားကာ ချင်ကျွင်း စကားကြောင့် ပျာယာခတ်သွားလေသည်။
စကားအပြောမတတ်ရင်လည်း မပြောပါနဲ့လား …
လုကျိုးက တိတ်ဆိတ်နေသည်။ ထို့အစား သူက တခြားသူတွေရှေ့မှ လျှောက်လာကာ လက်နောက်ပစ်လျက် ဓားသင်္ချိုင်းထဲ လျှောက်သွားလိုက်သည်။
ရှောင်ယွမ်အာက အလျင်စလို လိုက်သွားလေ၏။
ကျင့်ကြံသူများလည်း ဓားသင်္ချိုင်းထဲ ဝင်သွားကြသည်။
သူတို့ ဝင်သွားသည့် အခိုက်အတန့် ဓားအပုံလိုက်ကို မြင်လိုက်ရသည်။ ဓားအမျိုးမျိုးက ဓားတောင်ပို့စာထဲ နစ်ဝင်နေကြသည်။ သူတို့က အရွယ်အစားမျိုးစုံ၊ အရှည်မျိုးစုံ ဖြစ်၏။ ကျင့်ကြံသူများက တအံ့တဩ ဖြစ်လာကြသည်။
တစ်ဖက်တွင် ကျန်းအိုက်ကျန့်က ခေါင်းခါလိုက်သည်။
“ သူတို့အားလုံးက တတိယအဆင့် ပစ္စည်းတွေပဲ”
သူက နတ်ဆိုးဓား ရဖို့ မစောင့်နိုင်တော့ပေ။ သူ့အတွက် ဒီနေရာရှိ ဓားများက သာမန်သာ ဖြစ်သည်။ ဓားအစီအရင်ထဲမှ နတ်ဆိုးဓားကသာ သူ့နှလုံးသားထဲမှ အလှလေး ဖြစ်၏။ ဤနေရာ၌ ထိုဓားတစ်ချောင်းကိုသာ လိုအပ်လေသည်။
…
အခန်း (၂၈၁) ခုနစ်စင်ကြယ်
လုကျိုးသည် ထိုဓားများအကြောင်း များများစားစားမတွေးထားတာ သဘာဝကျသည်။ သူတို့လေးယောက်သားက ရှေ့သို့ဆက်လျှောက်သွား၏။
အဆင့်နိမ့်များကထိုပြဿနာကို သတိပြုမိကြသည်။ ပတ်ဝန်းကျင်ကိုကြည့်ပြီးနောက် သူတို့ကို စိတ်ကျေနပ်စေသည့်မည့်သည့်ဓားကိုမှ ရှာမတွေ့ခဲ့ပေ။ သာမန်ဓားများက ပျိုးထောင်ရမည်ဖြစ်ကာ သွေးဆောင်ခံရမည်ဖြစ်သည်။ ယင်းက ဒုက္ခများလွန်း၏။ ပုံမှန်ဆို သင်္ချိုင်းထဲ၌ ပိုဝေးဝေးသွားလျှင် ပိုကောင်းသည့်ဓားများ တွေ့နိုင်သည်။
ကျန်းအိုက်ကျန့်က ဆက်လျှောက်သွားပြီးပြုံးကာပြောလိုက်တော့သည်။
“ဆရာကြီး ကျွန်တော် သိချင်လို့ပါ။ ဘယ်သူကများ ဒီကြီးမားတဲ့သင်္ချိုင်းကြီးကိုလုပ်ထားတာလဲ။ ဘယ်သူက ဒီလောက်များတဲ့ဓားတွေစုထားတာလဲ။ သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ”
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်တော့သည်။ “ဓားသင်္ချိုင်းလို့ခေါ်တဲ့ဟာတွေက ဓားတွေ မြှုပ်နှံထားတဲ့နေရာပဲလေ။ ဓားတွေရဲ့သက်တမ်းက လူတွေထက်ပိုရှည်တယ်။ အချိန်ကြာလာတာနဲ့အမျှ လူတွေသေကုန်တယ်။ ဓားအရေအတွက်တွေ တိုးလာတယ်။ သူတို့လက်ထဲမှာ အချိန်များတဲ့သူတွေက ဓားတွေစုထားပြီး ဓားသင်္ချိုင်း လုပ်လိုက်တာလေ၊ ဒီတော့ အဲဒါတွေကို သန့်စင်၊ သိမ်းသွင်း၊ ပျိုးထောင်လို့ရတယ်”
ချင်ကျွင်းက ထပ်ပြောသည်။
“ဓားသင်္ချိုင်းက ဘာမှမဟုတ်သေးဘူး။ အရင်တုန်းက တာ့ယန်ရဲ့ မြူတောအုပ်ထဲမှာ ဓားပေါင်းတစ်သောင်းကို ထိန်းထားတဲ့ ဓားသင်္ချိုင်းတစ်ခုရှိတယ်လို့ ပြောကြတယ်။ ပွင့်ချပ်ခုနစ်လွှာနဲ့ ရှစ်လွှာကျင့်ကြံသူတွေရဲ့ဓားတွေကို မြှုပ်နှံထားတဲ့နေရာလေ။ သူတို့ဓားတွေက တစ်သန်းလောက်ရှိတာ။ ဓားတစ်သောင်းနဲ့အတူ အဲဒါတွေကို မြှုပ်နှံထားတယ်"
ရှောင်ယွမ်အာက မကျေမချမ်းရေရွတ်ပြောလိုက်၏။ “အရူးတစ်သိုက်ပဲ”
“သူတို့ရူးနေတာမဟုတ်ဘူး။ ငါ သူတို့ကိုနားလည်တယ်။ ငါ သေသွားမယ်ဆိုရင် ဓားကောင်းတွေ အားလုံးကို စုပြီး အတူမြှုပ်နှံလိုက်မှာ။ ဘယ်သူကမှ ငါ့ရဲ့တန်ဖိုးရှိတဲ့ဓားတွေကို ညစ်ညမ်းစေလို့ မရဘူး။ ငါ သူတို့ကိုကာကွယ်ဖို့အတွက် ခမ်းနားခြင်းအစီအရင်တစ်ခုတည်ဆောက်မယ်။ ပြီးရင် ငါနဲ့ အတူမြှုပ်နှံဖို့အတွက် ဓားတစ်သန်းလောက် လိုက်ရှာမှာ။ ဓားသင်္ချိုင်းရဲ့အလယ်မှာ ငါ့ရဲ့ဓားကို မြှုပ်နှံမယ်။ အဲဒီအချိန်ကျရင် ငါရဲ့ဓားတွေကို ဘယ်သူလုရဲလဲဆိုတာ ကြည့်တာပေါ့”
ကျန်းအိုက်ကျန့်က ကြေညာလိုက်၏။
“အမ်း ... ငါ့ကို အဲ့လိုမကြည့်နဲ့... ငါက ..ကြွား.. ကြွားနေရုံပဲ” သူက ရယ်မောပြီးနောက် အသံကတိုးသွားသည်။
ကျန်သည့်သူများက ခြေရာခံတာ ရပ်တန့်လိုက်သည်။ သူတို့က ကျန်းအိုက်ကျန့်ကို လူထူးလူဆန်းတစ်ဦးပမာ ကြည့်နေကြ၏။
လုကျိုးက ကျန်းအိုက်ကျန့်ကို တစ်ချက်မျှသာ ကြည့်ပြီးနောက် ဆက်လျှောက်သွားသည်။ ဓားရူးသုံးယောက်ထဲတွင် တစ်ဦးအနေဖြင့် ကျန်းအိုက်ကျန့်က သူ၏အမည်အတိုင်းပင်။
ချင်ကျွင်းကပြောလိုက်တော့သည်။
“ဓားသင်္ချိုင်းထဲမှာရှိတဲ့ ဓားအစီအရင်က ခုနစ်စင်ကြယ်ဓား အစီအရင်ပဲ။ အစွမ်းထက်တဲ့ အဆုံးသတ်ခုနစ်ပါးဓားအစီအရင်နဲ့ အစွမ်းထက်တဲ့ကျင့်ကြံသူတွေက ခုနစ်စင် ကြယ်ကို အကိုးအကား ယူထားတာလို့ ကောလာဟလရှိတယ်။ နှစ်ပေါင်းဘယ်လောက်ကြာပြီလို့ ဘယ်သူကသိမှာလဲ”
“ခုနစ်စင်ကြယ် ဆင်းသက်ခြင်းလား...”
“စာအုပ်တွေထဲက ဟာပါပဲလေ။ ဒါပေမဲ့ ဓားအစီအရင်က တကယ်အစွမ်းထက်တာ။ ပြောရရင် အဆုံးသတ်ခုနစ်ပါးဓားအစီအရင်ကို ဖြတ်ပေးနိုင်စွမ်းရှိတဲ့အဆင့်နိမ့်ကျင့်ကြံသူတွေက ဓားအစီအရင်ရဲ့ဗဟို နေရာကို ဘယ်တော့မှသွားနိုင်မှာမဟုတ်ဘူး။ နတ်ဆိုးရဲ့ဓားကိုယူဖို့ဆိုတာ ဝေလာဝေးပေါ့” ချင်ကျွင်းကပြောလိုက်လေ၏။
သူတို့ပြောပြီးသည်နှင့် ဓားသင်္ချိုင်း၏အတွင်းပိုင်းကနေ အော်သံကိုကြားလိုက်ရသည်။
ကျန်သည့်သူများက ဆူညံသံလာရာဖက်ကိုကြည့်လိုက်ကြသည်။
“တစ်ယောက်ယောက်အဲ့ဒီမှာ...”
“သွားကြည့်ကြရအောင်”
ကျန်းအိုက်ကျန့်သည် ချင်ကျွင်း၏စကားများကို မှတ်မိပြီး ခြေလှမ်းများကို သွက်လိုက်သည်။ သူက နတ်ဆိုးဓားကို ရရန် ဆုံးဖြတ်ချက်ချပြီး ဖြစ်၏။ စီးဝူယာ့က ၎င်းကို ယူသွားလျှင် သူပြန်ယူနိုင်မှာ မဟုတ်ပေ။
ကျန်သည့်သူများကလည်း လှုပ်ရှားကြပြီး အဆင့်နိမ့်ကျင့်ကြံသူများက နောက်ကနေ ကပ်လိုက်လာလေ၏။
သူတို့က စိတ်ပူပန်နေပြီး ဓားသင်္ချိုင်းအတွင်း၌ ဓားကောင်းများ ကြုံတွေ့နိုင်သည့်အကြောင်းကို တွေးမိသောအခါ စိတ်လှုပ်ရှားပြီး တက်ကြွလာ၏။
ဆိုရိုးစကား ရှိသည့်အတိုင်း ‘အမျိုးသားများသည် ဥစ္စာဓနအတွက် သေသည်။ ငှက်များက အစာအတွက်သေ၏’ သူတို့ကြွယ်ဝချမ်းသာချင်လျှင် လျှောက်ရန်လွယ်ကူသည့်လမ်းကြောင်း မရှိပေ။ သူတို့ရှေ့သို့ဆက်လျှောက်ရမည်။
လုကျိုးက ရှေ့သို့ပျံသန်းသွားသည်။ ကျန်းအိုက်ကျန့်က သူ့ကိုတစ်ချက်ကြည့်ကာ ပြုံးပြီးပြောလိုက်တော့၏။ “ဆရာကြီး...”
“ဘာလဲ” လုကျိုးက မေးပြီးပျံသန်းသွား၏။
“ဘာမှမဟုတ်ဘူး”
ချင်ကျွင်းက ရင်ထဲထိသွားပြန်သည်။ လုကျိုးက ကြင်နာလွန်းသောကြောင့် သူ့ကိုထိန်းညှိပေးရန် အရှိန်လျော့ထားတာဟု ထင်မိ၏။ အရေးကြီးသည့်အချိန်တွင်တောင် လုကျိုးက သူ့ကို တွေးပေးနေသေးဆဲ ဖြစ်သည်။
ကျန်သည့် အဆင့်နိမ့်ကျင့်ကြံသူများက မြေပြင်ပေါ်တွင် ပြေးရုံသာ တတ်နိုင်သည်။ ခဏကြာ၌ လေးယောက်သားက ဓားသင်္ချိုင်းထဲသို့ ပျံသန်းသွား၏။
ဝှစ် ဝှစ် ဝှစ်
ဓားများက လေထဲပျံသန်းနေသည်။ သူတို့မော့ကြည့်မိသည့်အချိန်၌အလင်းအရင်းအမြစ်မရှိပေ။
“ဓားပျံတွေပဲ ... ငါတို့တွေ ဓားအစီအရင်ထဲရောက်နေတာ ... “
ထူးကဲသည့်စွမ်းအင်က ဆွဲထုတ်ခံလိုက်ရသည့်ပမာ ကနဦးချီက လေထဲတွင်စီးဆင်းနေ၏။ ဓားပျံများသည် လေစီးကြောင်းကြောင့် ပျံသန်းနေ၏။
ဝှစ် ဝှစ် ဝှစ်
ဓားပျံများစွာက သူတို့ကိုဖြတ်ကျော်သွားသည်။
“အဲ့မှာ အလောင်းတစ်ခု...”
အလင်းရောင်ကြောင့် သူတို့သည် မြေပြင်ပေါ်ရှိကျင့်ကြံသူ၏အလောင်းကို တွေ့လိုက်ရသည်။
ကျန်းအိုက်ကျန့်က သွားရောက်စစ်ဆေးပြီးနောက် ပြောလိုက်၏။
“သူ ... ခုနကမှ သေသွားတာ”
“မဟူရာကွန်ယက်ရဲ့အဖွဲ့ဝင်တစ်ယောက်လား” လုကျိုးကမေးလိုက်လေ၏။
“အမြုတေနှလုံးသားဂိုဏ်းသား” ကျန်းအိုက်ကျန့်က ပြန်ပြောသည်။
“အမြုတေနှလုံးသားဂိုဏ်းက သူ့အမြုတေကိုမကျင့်ကြံဘဲ ဒီကိုဘာလာလုပ်တာလဲ” ချင်ကျွင်းက မေးလိုက်တော့၏။
“တိတိကျကျပြောရရင် အမြုတေဂိုဏ်းတစ်ခုပဲမဟုတ်ဘူး။ အဇဋာအကျော်အမောဂိုဏ်း၊ ဟုန်ချူးဂိုဏ်းခွဲနဲ့ ခုနစ်စင်ကြယ်ပွဲကြည့်စင်က လူတွေက ဒီကိုရောက်လာကြတာ။ ဓားသင်္ချိုင်းနောက်ဆုံးတော့ဖွင့်ပြီဆိုတော့ ဒီအခွင့်အရေးကို သူတို့ဘယ်လိုလုပ်လွဲချော်ခံမှာလဲ”
ရှောင်ယွမ်အာသည် ထိုစကားကို ကြားသောအခါ ဇဝေဇဝါဖြစ်ကာ မေးလိုက်တော့၏။
“ရှစ်စွင်း နတ်ဆိုးဓားက တကယ်ကြီး အဲလောက်အစွမ်းထက်လား”
“အကြီးမြတ်ဆုံးကောင်းကင်အဆင့်ရတနာတွေထဲကတစ်ခုလေ” လုကျိုးကပြန်ပြောလိုက်၏။ ပြီးနောက် ကောင်းကင်အဆင့်အသုံးအဆောင်ဟုသာ ဖော်ပြရုံမျှက အဆင်မပြေဟု သူတွေးမိပုံပေါ်ကာ ဆက်ပြောလိုက်၏။
“အကောင်းဆုံးတွေထဲက တစ်ခု”
ယင်းက ၎င်းကို ဖော်ပြရန်အတွက် ဝေဝါးသောနည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော်ငြား နတ်ဆိုးဓား၏ တန်ဖိုးကို ဖော်ပြရန် လုံလောက်နေပြီးသား ဖြစ်သည်။
ဝှစ် ဝှစ် ဝှစ်
ကနဦးချီပေါ်ထွက်လာမှုက လေထဲ ဓားများ ပျံသန်းတာ ပိုများလာစေသည်။
ကျန်းအိုက်ကျန့်၏ မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ပေါ်လာပြီး သူက နဂါးတေးသံကို ဆွဲထုတ်လိုက်သည်။ သူ၏ဓားက တောက်ပသည့်ရွှေရောင်အလင်းဖြင့် ထွန်းလင်းလာပြီး စွမ်းအင်ဓားသွားက စတင်လည်ပတ်လာ၏။
ဘန်း ဘန်း ဘန်း
ဓားဆယ်လက်ကျော်က လေထဲ၌ တစ်ဆို့သွားသည်။
ကျန်းအိုက်ကျန့်က သူတို့ကို ကြည့်ရုံမျှသာ ကြည့်ပြီး စိတ်ပျက်သွားကာပြောလိုက်၏။
“အဝါရောင်အဆင့်လား”
နဂါးတေးသံက သူ၏ဓားအိမ်ထဲ ပြန်ရောက်သွားသည်။ ပြုတ်ကျသွားသည့်ဓားများက တုန်လှုပ်လာပြီး ဓားအစီအရင်ထဲ ပြန်သွားချင်နေ၏။
“အား ... ဒီတော့ သူတို့ကို ဖျက်ဆီးရမယ်။ နှမြောစရာပဲ” ကျန်းအိုက်ကျန့်က လက်မြှောက်လိုက်သည်။
ထိုစဉ် လိုက်မှီလာသည့် လူများက တအံ့တဩပြောလိုက်၏။
တစ်စုံတစ်ယောက်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
“အဝါရောင်အဆင့် အဲ့ဒါက အဝါရောင်အဆင့်ဓားပဲ ... ငါ လိုချင်တယ်”
“အနည်းဆုံးတော့ အဆင့်သတ်မှတ်လို့ရတယ်”
ကျင့်ကြံသူများက ဓားများဆွဲကိုင်ပြီးအစီအရင်ဆီ ပြန်သွားလိုက်၏။
“သူတို့ကို ဒီခေါ်လာတာမှန်တယ်” ကျန်းအိုက်ကျန့်ကပြောလိုက်သည်။
ချင်ကျွင်းက ပြောလိုက်သည်။
“သူတို့ဓားရတဲ့သူတွေက အခုချိန်မှာ သွားစေချင်စိတ်ရှိမှာ မဟုတ်ဘူး”
“ကျေးဇူးပါဆရာကြီး”
“ကျေးဇူးပါချန်းပေ့”
“ငါ့ကို ကျေးဇူးမတင်နဲ့ ... ဒီဆရာကြီးကိုပဲ ကျေးဇူးတင်” ချင်ကျွင်းက ပြောလိုက်၏။
"ဓားရပြီးတဲ့သူတွေ မသေချင်ရင် အခုထွက်သွားသင့်ပြီ”
“ကျေးဇူးပါ ချန်းပေ့”
“ငါ့ကို ကျေးဇူးမတင်နဲ့ ... ကျေးဇူးတင်ချင်ရင် ဒီဆရာကြီးကိုပဲတင်” ချင်ကျွင်းကပြောလိုက်၏။
ကျင့်ကြံသူတစ်ဒါဇင်ခန့်က လုကျိုးကို အရိုအသေပေးလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ်ဆရာကြီး”
“တင်း ... လူဆယ့်နှစ်ယောက်ဆီမှ စစ်မှန်သောယုံကြည်ကိုးကွယ်မှု ရရှိပါပြီ၊ ဆုလာဘ် ကုသိုလ်မှတ် တစ်ရာ့နှစ်ဆယ်”
အဝါရောင်အဆင့်ဓားဖြင့်လောက်သာ မကျေနပ်သည့် ကျန်သည့်ကျင့်ကြံသူများလည်းရှိသည်။ သူတို့က လုကျိုးနှင့် ကျန်သည့်သူများနောက် ဆက်လိုက်သွား၏။
ဘန်း ဘန်း ဘန်း
နောက်ထပ် ပေါက်ကွဲသံက ထပ်မံပေါ်ထွက်လာသည်။
လုကျိုးက ဓားအစီအရင်၏ အကွာအဝေးထဲ ဝင်ရောက်ချိန်တွင် ယင်းက ဘာမှမဟုတ်သည့်တိုင် သူ၏ ကာကွယ်ခြင်းစွမ်းအင်ကို ထုတ်ဖော်လိုက်သည်။ ဓားအစီအရင်က ထိခိုက်မှု ဖြစ်ပေါ်စေသည်။ ၎င်းက မမြင့်သောကြောင့် သူ၏ စွမ်းအားဖြင့် ပိတ်ဆို့နိုင်သည်။
ကျန်းအိုက်ကျန့်က ၎င်းကိုမြင်သောအခါပြောလိုက်၏။
"ဆရာကြီးရဲ့ ကနဦးချီအပေါ် ထိန်းချုပ်နိုင်စွမ်းက တကယ်ကောင်းတာပဲ။ ဆရာကြီး ကျွန်တော်အထင်ကြီးမိပါရဲ့” လုကျိုးက သူ့ကို လျစ်လျူရှုထားပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။
အချိန်မရှိပေ။ သူတို့က ဓားသင်္ချိုင်း၏အနက်ဆုံးအပိုင်းသို့ရောက်သွား၏။
သူတို့ကို ထိတ်လန့်စေသည့်မြင်ကွင်းတစ်ခုက ဆီးကြိုနေသည်။
ထိပ်ပိုင်းက အမိုးထဲပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ကြီးမားပြီးမြင့်မားသော ကျောက်စာတိုင်တစ်ခု ရှိသည်။ ကျောက်တုံးပေါ်၌ သိပ်သည်းသည့်ထွင်းစာများကို မြင်နိုင်ပေ၏။
ကျောက်စာတိုင်သည် မတူညီသည့်အရပ်မျက်နှာများရှိ သိပ်သည်းသော သံချိန်းကြိုးရှစ်ကြိုးကြောင့် လှုပ်ခါသွားသည်။ သင်္ချိုင်း၏အလည်၌ တည်ငြိမ်စွာရပ်နေ၏။ အရွယ်အစား အတိုင်းအတာ အမျိုးမျိုးသောဓားများက ကျောက်စာတိုင်နားတစ်ဝိုက်ပြန့်ကျဲနေသည်။ ဓားပျံများက ကျောက်စာတိုင် နားလည်ပတ်နေသော ဓားများက ရေတွက်နိုင်ရန်များပြားလွန်း၏။ သူတို့က ပင်လယ်ထဲ ကူးခတ်နိုင်သော ငါးများနှင့် ဆင်တူသည်။
အနားနားကပ်ချင်သည့်ကျင့်ကြံသူများကို ဓားများကတွန်းကန်နေ၏။ ကျင့်ကြံသူတစ်ရာနီးပါးက ထောင့်ဖက်သို့ ပြန့်ကားသွားပြီး သူတို့က ကျောက်စာတိုင်ကို စောင့်ကြည့်နေသည်။
လုကျိုးက မျက်မှောင်ကျုံ့ကာပြောလိုက်တော့သည်။
“ငါလိုချင်တဲ့ ပစ္စည်းကဘယ်မှာလဲ” သူက ထိုဓားများကိုစိတ်မဝင်စားပေ။ သူ၏ပန်းတိုင်က ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ စာလိပ်၏နောက်ဆုံးကြွင်းကျန်အပိုင်းအစကိုရယူရန်ဖြစ်သည်။
ချင်ကျွင်းသည် မလှမ်းမကမ်းတွင် မှိန်ဖျော့ဖျော့လင်းနေသော လမ်းကြောင်းကို လက်ညှိုး ထိုးပြလိုက်၏။
“အဲဒီဥမင်”
ရှောင်ယွမ်အာက ၎င်းကိုသတိပြုမိ၏။ သူမက လက်ညှိုးထိုးပြီးပြောလိုက်တော့သည်။
“ရှင့်မိသားစုအုတ်ဂူဆီကို ဦးတည်နေတဲ့ဥမင်ထင်တယ်”
ကျန်းအိုက်ကျန့်က ထိတ်လန့်သွား၏။ ဒီဘိုးဘေးလေးရဲ့စကားက သီးစေတာပဲ။ ဒါပေမဲ့ သူ့စကားက မှန်တာကို...
ချင်ကျွင်းကပြောလိုက်၏။ "ကျုပ်တို့အဲ့ဒီကိုဘယ်လိုသွားမလဲ။ အဆုံးသတ်ခုနစ်ပါးအစီအရင်က ကျုပ်တို့ကို ပိတ်ထားတာ။ မလွယ်ဘူး”
လုကျိုးက ထိုအကြောင်းကို တွေးလိုက်၏။ ဓားအစီအရင်ထဲ၌ ပျံသန်းနေသည့် ဓားများ များလွန်း၏။ သူတို့က အစွမ်းထက်ရပေမည်။ သူက ပျံသန်းသွားနေစဉ် ပြစ်ချက်မဲ့ကတ်ကိုအသုံးပြုရပေမည်။ သို့သော် တစ်ကတ်က လုံလောက်မည်လော။ ဥမင်ထဲ၌ ကျန်သည့်ထောင်ချောက်များ ရှိနေလျှင် မည်သို့ ဖြစ်မည်နည်း။
ထိုစဉ် ကျောက်စာတိုင်နား၌ဝိုင်းနေသည့် ကျင့်ကြံသူများက ဓားအစီအရင်ဆီသို့ ပြေးသွား၏။
“ငါ့အမိန့်ကို နာခံ။ ဓားအစီအရင်ကိုဖြိုလှဲ”
“လူသစ်တွေနောက်ပြန်ဆုတ် တန်းစီ”
တန်းစီဖို့လား။
…
အခန်း (၂၈၂) ပထမပွဲမှာ ရှုံးနိမ့်ခြင်း
သူတို့က ဓားကောင်းရမလားလို့ ကံစမ်းဖို့ရာ ရောက်နေကြခြင်း ဖြစ်၏။
သူတို့က ဘာကြောင့်တန်းစီရမှာလဲ …
ကျန်းအိုက်ကျန့်လည်း နားမလည်နိုင်ဖြစ်သွားလေသည်။
ချင်ကျွင်းက အပြုံးလေးဖြင့် ပြောလိုက်သည်။
“ဒီနေရာမှာ လူအရမ်းများတယ်လေ။ ဂိုဏ်းကြီးဆယ်ဂိုဏ်းမှာ လေးဂိုဏ်းကလည်း ရောက်နေတာဆိုတော့ သူတို့ကို ဦးစားပေးတာ ပုံမှန်ပါပဲ။ ကျန်ရှိနေတဲ့ ဂိုဏ်းအသေးလေးတွေက သေချာပေါက် အဖွဲ့ဖွဲ့ကြမှာပဲ။ ဖြောင့်မတ်ခြင်းလမ်းစဉ်က ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ စည်းမျဉ်းတွေနဲ့ ပတ်သက်ရင် ကျော်ကြားတယ်။ အဆုံးတော့ ဘယ်သူက ရနိုင်လဲ ဆုံးဖြတ်ပေးမှာက ကိုယ်ပိုင်အင်အားပဲ”
စုဝေးနေသည့် ကျင့်ကြံသူများအထက်တွင် ပျံသန်းနေသည့် ကျင့်ကြံသူတစ်ယောက် အမှန်ပင် ရှိနေသည်။ သူက ဒီနေရာရှိ လူများ ရွေးချယ်ထားသည့် ယာယီခေါင်းဆောင် ဖြစ်ပုံပေါ်၏။ သူက အားလုံးကို တိုက်ခိုက်ဖို့ ညွှန်ကြားနေသူ ဖြစ်လိမ့်မည်။
ထိုစဉ် ဂူသင်္ချိုင်းကို မူတည်၍ ပတ်လည်ဝိုင်းထားသော ဓားအစုလိုက်က လူအုပ်ထံ တရှိန်ထိုး ဝင်ရောက်လာကြပြန်သည်။
“တိုက်ကြ ”
လက်ဝါးရာများ၊ စွမ်းအင်ဓားများ၊ တာအိုစည်းတံဆိပ်များ၊ ဗုဒ္ဓစည်းတံဆိပ်များက လေထဲ လွှင့်ပျံလာကြသည်။ ဤသည်မှာ ကောင်းကင်ပန်းမိုး ရွာသွန်းလာသလိုမျိုး ဖြစ်၏။
ဝုန်း ဝုန်း ဝုန်း
ကျန်းအိုက်ကျန့်က ကြည့်ရင်း သဘောကျနေသည်။ သူက ဝင်ပြောလိုက်၏။
“ အဲဒီလူတွေက ဉာဏ်ကောင်းတယ် ပြောရမယ်။ သူတို့က ငါးမျှားနေသလိုမျိုးပဲ ”
တိုက်ခိုက်မှုတစ်ကြိမ် အပြီးတွင် ဓားပျံများစွာက လေထဲမှ ပြုတ်ကျလာကြသည်။ သို့သော်လည်း လေစီးဆင်းနှုန်းက ဓားအပုံလိုက်ပေါ်မှ ဓားပျံများကို အလျင်အမြန် ဆွဲခေါ်လိုက်ပြီး ထိပ်တန်းအလျင်နှုန်းဖြင့် သူတို့လည်း ပတ်လမ်းကြောင်းထဲ ရောက်ရှိလာကြသည်။
ဒီအဆုံးသတ်ခုနှစ်ပါး အစီအရင်ကို ခင်းကျင်းခဲ့သူသည် သေချာပေါက် ပါရမီရှင် ဖြစ်ရမည်။ အဆုံးသတ်ခုနှစ်ပါး အစီအရင်သည် ဓားပျံများကို သယ်ဆောင်ရင်း ဂူသင်္ချိုင်းကို ပတ်လည်ဝိုင်းထားပေးသည်။
“ရပ်လိုက်” ပျံသန်းနေသည့် ကျင့်ကြံသူက အော်ပြောလိုက်သည်။
“နောက်တစ်ကြိမ်အတွက် ပြင်ဆင်ကြ ”
ချင်ကျွင်းက သူတို့သည် ပြုတ်ကျနေသည့် ဓားပျံများကို သူတို့အချင်းချင်း ခွဲဝေယူနေကြသည်ကို မြင်သောအခါ ခေါင်းခါလိုက်သည်။
“ သူတို့တွေ ဓားတော်တော်ရသွားကြတာပဲ။ ဒါပေမဲ့ အဆုံးသတ်ခုနှစ်ပါး အစီအရင် ဖန်တီးသူက ဒီဟာကို ထည့်မစဉ်းစားမိတာ မဖြစ်နိုင်ဘူး။ အစီအရင်ထဲက ဓားအရေအတွက် အရေအတွက်တစ်ခုအထိ လျော့ကျသွားတဲ့အခါကျ အဆုံးသတ်ခုနှစ်ပါး အစီအရင်က ဓားတွေကို ပြန်ယူလိမ့်မယ် ”
ကျန်းအိုက်ကျန့်က ထိုအရာကို ကြားသောအခါ သူ့ဓားကို တင်းတင်းဆုပ်ထားလိုက်သည်။
ဒီလိုသာသိရင် ငါ နဂါးတေးသံဓားကို ဒီယူမလာပါဘူး … သူက ဆုံးရှုံးရမလား ကြိုမတွေးဘဲ မနေနိုင်တော့ပေ။
ချင်ကျွင်းက ပြုံးကာ “ စိတ်မပူပါနဲ့။ အဆုံးသတ်ခုနှစ်ပါး အစီအရင်က သူတို့ဓားအစီအရင်ထဲမှာ ရှိခဲ့တဲ့ ဓားတွေကိုပဲ ပြန်ယူမှာပါ ”
ထိုစဉ် လေထဲရှိ ကျင့်ကြံသူက လုကျိုးတို့ အုပ်စုအား ကြည့်ကာ မေးလိုက်သည် “ခင်ဗျားတို့က ဘယ်ဂိုဏ်းကလဲ ”
“ ငါတို့က ဘယ်ဂိုဏ်းကမှ မဟုတ်ဘူး” ကျန်းအိုက်ကျန့်က ပြန်ဖြေလိုက်သည်။
“ ဒီလိုဆိုရင် နောက်ဆုတ်နေကြ … ဒါက အဆုံးသတ်ခုနှစ်ပါး အစီအရင် … ထိခိုက်သွားရင် လာမပြောကြနဲ့”
ရှောင်ယွမ်အာက စိတ်တိုလာတော့မည့်ဆဲဆဲတွင် လုကျိုးက ဝင်ပြောလိုက်သည်။
“ သူတို့ကို လုပ်ခိုင်းလိုက်”
ဒီလိုအားနည်းတဲ့သူတွေက အမြောက်စာ ဖြစ်ချင်နေတယ်ဆိုရင်လည်း သူကတော့ မတားဘူး …
“ဟင်း … ” ရှောင်ယွမ်အာက နောက်ဆုတ်လိုက်သည်။
“ ကောင်းလိုက်တာ …လောင်ချန်းပေ့ .. ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့” ကျန်းအိုက်ကျန့်က နောက်တစ်လှမ်းဆုတ်ကာ ပြောလိုက်သည်။
“ ဒါက ကျွန်တော်ပုံစံနဲ့ ကွက်တိပဲ ”
သို့သော်ငြား ချင်ကျွင်းက ပြောလိုက်သည် “ကျုပ်တို့ ဂိုဏ်းကြီးလေးဂိုဏ်းက လူတွေကို သတိထားရမယ်။ ကြည့်ရတာ သူတို့ပစ်မှတ်က နတ်ဆိုးဓား ဖြစ်နေပုံပဲ ”
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ တိတ်တဆိတ်သာ ဆက်ကြည့်နေသည်။
……..
ထိုစဉ် သီးသန့်တဲအိမ်လေးနားတွင်
စီးဝူယာ့က နေပူဆာလှုံနေသည်။
ယဲ့ကျစ်ရှင်းက သူ့အနားပေါ်လာကာ ဦးညွှတ်လိုက်ပြီး “ ဂိုဏ်းချုပ် … ကျွန်တော်တို့ ဓားသင်္ချိုင်းကနေ သတင်းရောက်လာပါတယ်။ လောင်ချန်းပေ့က ဓားသင်္ချိုင်းထဲ ဝင်သွားပြီတဲ့ ”
စီးဝူယာ့၏ မျက်လုံးပွင့်လာကာ မျက်မှောင်ကြုတ်လိုက်ရင်း “ မင်း ဘာပြောလိုက်တာလဲ ”
ယဲ့ကျစ်ရှင်းက အံ့အားသင့်သွားလေသည်။
ဤသည်မှာ စီးဝူယာ့၏ စိတ်ခံစားချက် အခြေအနေ ပြောင်းလဲသွားသည်ကို ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူက ထပ်ပြောလိုက်သည် “ လောင်ချန်းပေ့က ဓားသင်္ချိုင်းထဲ ဝင်သွားပါပြီ ”
စီးဝူယာ့က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ့အမူအရာတို့က တောင့်တင်းနေလေ၏။ သူက ဒေါသထွက်နေဟန် မပေါ်သော်လည်း သူ့ဒေါသကို ခံစားမိနိုင်သည်။ သူက ခေါင်းအသာခါကာ “ချစ်လှစွာသော ရှစ်စွင်းရေ အရာအားလုံးကို ဖျက်ဆီးနေတာပဲ …”
ထို့နောက် သူက ခပ်နှေးနှေး ရေရွတ်လိုက်သည် “ကျွန်တော်က ဓားသင်္ချိုင်းဖွင့်ပြီဆိုပြီး တမင်သတင်းလွှင့်ထားတာလေ။ အာ့ရှစ်ရှိုးကိုယ်တိုင် ဖွင့်ပေးခဲ့ရတာ … ကျွန်တော်တို့က ဖြောင့်မတ်ခြင်းလမ်းစဉ်က လူတွေကို တစ်ခါတည်းစုစည်းပြီး အပြီးတိုင် အဆုံးသတ်ပစ်နိုင်အောင် လုပ်ထားရတာလေ။ … ”
အခု သူတို့ရှစ်စွင်းက အထဲဝင်သွားပြီဆိုတော့ သူတို့အစီအစဉ် အောင်မြင်အောင် ရှစ်စွင်းကို သတ်ရတော့မှာလား …
ယဲ့ကျစ်ရှင်းက ဘာမှမပြောရဲပေ။ သူက ဘေး၌ တိတ်တဆိတ်သာ ရပ်ပြီး အမိန့်ကို စောင့်နေသည်။ အမိန့်က ဘယ်လိုဖြစ်ဖြစ် သူက ခြွင်းချက်မရှိ လုပ်ဆောင်မည် ဖြစ်၏။
ခဏအကြာတွင် စီးဝူယာ့က ပြောလာသည်။
“အာ့ရှစ်ရှိုးဆီက ဘာပြောသေးလဲ ”
“ဓားနတ်ဆိုးက ဓားသင်္ချိုင်းကို ဖွင့်ပေးပြီးတော့ ထွက်သွားပါတယ်။ ဓားနတ်ဆိုးက နောက်က အလိုက်ခံရတာ သဘောမကျတော့ ကျွန်တော်တို့ မျက်ခြေပြတ်သွားပါတယ် ”
“ တာ့ရှစ်ရှိုးကရော ဘယ်မှာလဲ ”
“ ပထမသခင်လေးက သမာသမတ်ဂိုဏ်းနဲ့ ဖြေရှင်းနေပါတယ်။ ဒါပေမဲ့ သူက ဂိုဏ်းချုပ် လိုအပ်တဲ့အချိန်တိုင်း ဆက်သွယ်ဖို့ မှာထားပါတယ်” ယဲ့ကျစ်ရှင်းက ပြောလိုက်သည်။
စီးဝူယာ့က သက်ပြင်းချကာ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“ ရှစ်ရှိုးတို့ရဲ့ အတွေးလည်း ငါနဲ့အတူတူ ဖြစ်လိမ့်မယ်လို့ ယုံတယ် …”
ခဏအတွင်း သူ့အမူအရာက နဂိုပုံစံ ပြန်ဖြစ်သွားကာ “ ဓားသင်္ချိုင်းက အစီအစဉ်ကို ဖျက်လိုက်တော့ ”
“ ဂိုဏ်းချုပ် သဘောအတိုင်းပါပဲ”
ယဲ့ကျစ်ရှင်းက ထွက်သွားတော့မည်ဆဲဆဲတွင် စီးဝူယာ့က ပြောလိုက်သည်။
“ အဲဒီသတင်းကို ဘယ်သူက ပေးတာလဲ ”
“ဓားရူးသုံးယောက်ထဲက ကျန်းအိုက်ကျန့်ပါ ” ယဲ့ကျစ်ရှင်းက ပြောလိုက်သည်။
“သူ့နောက်ကြောင်းကို စစ်ဆေးကြည့် ”
“ နားလည်ပါပြီ ”
စီးဝူယာ့က ယခု ပိုတည်ငြိမ်လာလေပြီ။ သူ့ဘာသာ ရေရွတ်လိုက်၏။
“ အဲဒါက အဆိုးကြီးတော့ မဟုတ်ဘူး။ ငါတို ငါးအကြီးကြီး မျှားလို့ရပြီ ”
ဓားသင်္ချိုင်းအတွင်း ဂူသင်္ချိုင်းတစ်ခု ရှိလေသည်။ ဓားပျံများက ဂူကို ဗဟိုပြုကာ ဆက်လက်လည်ပတ်နေဆဲ ဖြစ်၏။
ကျင့်ကြံသူအုပ်စုက တူညီသည့် နည်းလမ်းကို ဆက်လက် အသုံးပြုနေကြသေးသည်။
“ရပ်လိုက် ” နောက်ထပ် တစ်ကြိမ် အစပြုလာသည်။
“ ဆုလာဘ်တွေ ရေတွက်ကြည့်ကြ” လေထဲမှ ကျင့်ကြံသူက ပြောလိုက်သည်။
“ အဆင့်မရှိတဲ့ ဓားဆယ်လက်၊ အဝါရောင်အဆင့် ဓားသုံးဆယ်နဲ့ ဆန်းကြယ်အဆင့် ဓားဆယ်လက် … စုစုပေါင်း ဓားငါးဆယ်”
“ ငါတို့က မြေကမ္ဘာအဆင့် ရလာအောင် ကံမကောင်းသေးဘူးပဲ ”
“ ဓားသင်္ချိုင်းက ဓားကောင်းတွေကို အကြိမ်တိုင်း ထုတ်ပေးတယ်လို့ ပြောကြတာ မဟုတ်ဘူးလား။ အခုကျ မြေကမ္ဘာအဆင့် ဓားတစ်ချောင်းတောင် ပါမလာရသေးတာလဲ” တစ်ယောက်က မေးလိုက်သည်။
“အဲလိုတော့ မဟုတ်နိုင်ဘူး။ ငါတို့က ဓားအလက်ငါးဆယ်ပဲ ရသေးတာလေ။ မြေကမ္ဘာအဆင့်နဲ့အထက် ဓားတွေက အစကတည်းက ရှားတာကိုး။ ငါတို့တွေ အလွယ်လေး ရနိုင်မှာ မဟုတ်ဘူး”
ထို့နောက် လေထဲမှ ကျင့်ကြံသူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဆက်လုပ်ကြ”
သို့သော်လည်း ဂူအနားမှ ဓားအပုံလိုက်က နောက်တည်နေရာတစ်ခုဆီ ချက်ချင်း ပျံသန်းသွားကြသည်။
ဘန်း ဘန်း ဘန်း
ဓားများက အချင်းချင်း ထိပ်တိုက်တွေ့ကုန်ကြ၏။
သူတို့ ဓားအပုံလိုက်ကို ဖြတ်ကျော်သွားကြသည့်အခါ မြေပေါ်ရှိ ဓားများကို ဆွဲယူလိုက်ပြီး အပုံအကြီးကြီး ဖြစ်လာသည်။ အဆုံးသတ်ခုနှစ်ပါး အလင်းရောင်က မြေပေါ် တောက်ပလာသည်။
ချင်ကျွင်းက မျက်မှောင်ကြုတ်ကာ “ သွားပြီ … အဆုံးသတ် ခုနှစ်ပါးအစီအရင် အသက်ဝင်လာပြီ။ အဲဒါက ဓားငါးဆယ် ပါပြီးမှ အသက်ဝင်လာတာပဲ။ ဟိုအရူးတွေ ”
ကျန်းအိုက်ကျန့်က ကြောင်အမ်းသွားလေသည်။ သူက ဓားပျံများကို မော့ကြည့်ကာ “ ဓားသင်္ချိုင်းအဝင်ဝက မဖွင့်ရသေးဘူး။ လောင်ချန်းပေ့ … ကျွန်တော်တော့ ခင်ဗျားရဲ့ တပည့် အရူးလုပ်တာ ခံလိုက်ရပြီ”
“ဟမ် ” လုကျိုးက ကျန်းအိုက်ကျန့်အား သံသယဖြင့် ကြည့်လိုက်သည်။
“ ကျွန်တော့်သတင်းအရင်းအမြစ်တွေကိုမဟူရာကွန်ယက်က ဖယ်လိုက်ပြီ။ အဲကြောင့် ကျွန်တော်ကိုယ်တိုင် ဒီရောက်လာရတာ” ကျန်းအိုက်ကျန့်က ဓားပျံများကို လက်ညိုးထိုးပြရင်း သက်ပြင်းချကာ “ကျွန်တော် စီးဝူယာ့နဲ့ ပထမပွဲမှာ ရှုံးနိမ့်သွားပြီ။ ဆိုးလိုက်တာ ”
ဒါက အဖြစ်ဆိုးကြုံတွေ့ရတဲ့ လူတစ်ယောက်ရဲ့ သွင်ပြင်လား …
လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “သူက အသေးအမွှားလောက်ပဲ တော်တာပါ။ သူက ဒီအစီအရင်ကို သုံးပြီး ဖြောင့်မတ်ခြင်းလမ်းစဉ်က လူတွေနဲ့ ကစားချင်နေတာ။ အကြံကောင်းပဲ … ဒါပေမဲ့ ဓားသင်္ချိုင်းက တော်ဝင်သင်္ချိုင်းနဲ့ ဆက်စပ်နေတာဆိုတော့ ဓားသင်္ချိုင်းဝင်ပေါက်ကို တားထားလည်း ကွာခြားချက် မရှိဘူး ”
ကျန်းအိုက်ကျန့်က ခေါင်းကုတ်ကာ “ဟုတ်သားပဲ ”
ချင်ကျွင်းက ပြောလိုက်သည် “ ကြည့်ရတာ လမ်းမှာ ထောင်ချောက်တွေ ရှိနေသေးပုံပဲ။ အဲကြောင့် သူက ဒီအစီအစဉ်ပေါ် အရဲကိုးထားတာ ဖြစ်နိုင်တယ်”
“ကျွန်တော်တို့ သွားကြည့်ကြမှာလား ” ကျန်းအိုက်ကျန့်က မေးလိုက်သည်။
ဓားပျံများက အတူတကွ စုစည်းသွားလေပြီ။ သူတို့က ဖြောင့်မတ်ခြင်းလမ်းစဉ်မှ ကျင့်ကြံသူများဆီ ညှာတာမှုမရှိ ဝင်ရောက်ထိုးစိုက်လာကြသည်။
ဝှီး ဝှီး ဝှီး …
“ သွားပြီ … အဆုံးသတ်ခုနှစ်ပါး အစီအရင် အသက်ဝင်လာပြီ။ နောက်ဆုတ်ကြ ”
“နောက်ဆုတ်ကြ ”
ကျင့်ကြံသူအုပ်စုလိုက်က ထွက်ပေါက်ဆီ ပြေးလာကြသည်။
ဓားပျံများက အရှိန်မြင့်ကာ ကျင့်ကြံသူများ၏ ရင်ဘတ်ကို ထိုးဖောက်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်း အဆင့်နိမ့် ကျင့်ကြံသူဆယ်ယောက်ကျော် အသက်ပျောက်သွားလေပြီ။
ထို့နောက် စိတ်ဝိညာဉ်သဏ္ဌာန်များ ပေါ်ထွက်လာကြသည်။ ကျင့်ကြံဆင့် မြင့်မားသည့်လူများက သူတို့စိတ်ဝိညာဉ်သဏ္ဌာန်များကို ထုတ်ကာ ကာကွယ်ရေးစွမ်းအားကို အသက်သွင်းထားကြသည်။
ဝုန်း ဝုန်း ဝုန်း
ဓားလမ်းကြောင်း၌ ဧရာမရွှေခန္ဓာကြီးလည်း ဖြစ်ပေါ်လာသည်။ ဤသည်မှာ စိတ်ဝိညာဉ်သဏ္ဌာန် မဟုတ်ဘဲ ရွှေခန္ဓာသာ ဖြစ်၏။ ဓားပျံများက ရွှေခန္ဓာကို ထိကာ လွင့်စဉ်ကုန်ကြသည်။ အားလုံး၏ အာရုံက ရွှေခန္ဓာဆီ ရောက်လာကြ၏။
…