← Chapters

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

အခန်း (၂၈၆) ဓားဘုရင်

ဝှီး

နတ်ဆိုးဓားက ခုံယွမ်ဆီ တဟုန်ထိုး ဝင်လာသည်။ သူက နတ်ဆိုးဓားကို မြင်လိုက်သည့်အခါ မျက်လုံးပြူးသွားလေသည်။ သူ့ ဈာနမုဒြာက ကျယ်ပြန့်လာသည်။

ဘန်း

နတ်ဆိုးဓားက ဈာနမုဒြာဖြင့် တားဆီးခံလိုက်ရသော်လည်း လေထဲတွင် ခေတ္တမျှသာ တုံ့ဆိုင်းသွားပြီး ခုံယွမ်ဆီ ထိုးဖောက်သွားသည်။

“ ဒါက နတ်ဆိုးဓား ပိုင်နက်ပဲ။ အဲဒါက အဆုံးသတ်ခုနှစ်ပါး အစီအရင်ကြောင့် ပိုအားကောင်းနေတာ။ ခုံယွမ်တော့ ဒီတစ်ခါ ကံဆိုးပြီ” ကျန်းအိုက်ကျန့်က ကြည့်နေရင်း စိတ်လှုပ်ရှားနေဟန်ပေါ်သည်။

ထိုစဉ် နတ်ဆိုးဓားက မကုန်ခမ်းနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည့်အလား ခုံယွမ်ကို ထပ်ကာ တိုက်ခိုက်လိုက်သည်။

ဘန်း ဘန်း ဘန်း

ခုံယွမ်က နတ်ဆိုးဓားကို အားအပြည့်ထုတ်တိုက်ရုံမှအပ ရွေးချယ်စရာ မရှိပေ။ မိစ္ဆာဇင်၊ သူ့ဗုဒ္ဓစည်းတံဆိပ်များနှင့် သူ့တိုက်ကွက်အားလုံး နတ်ဆိုးဓားဆီ ကျရောက်သွားသည်။ သို့သော်လည်း နတ်ဆိုးဓားအပေါ် သက်ရောက်မှုရှိဟန်မပေါ်ပေ။

အချိန်ကြာလာသည်နှင့် နတ်ဆိုးဓား စွမ်းအားက လျော့ကျသွားရမည့်အစား တိုးပွားလာသည်။

ထို့နောက် ဗုဒ္ဓရွှေခန္ဓာ ပေါ်ထွက်လာသည်။ ဧရာမဗုဒ္ဓရွှေခန္ဓာကြီးက ဓားပျံများကို တွန်းထုတ်ပစ်လိုက်သည်။ နတ်ဆိုးဓား တစ်လက်တည်းသာ ရှေ့ဆက်တိုးလာခြင်း ဖြစ်၏။

“မဖြစ်နိုင်တာ … ဗုဒ္ဓရွှေခန္ဓာတောင် နတ်ဆိုးဓားကို မချိုးနှိမ်ထားနိုင်ဘူးလား” ကျန်းအိုက်ကျန့်က တံတွေးမျိုချလိုက်သည်။

အဲဆို ဒီဓားကို သူ ဘယ်လိုယူရမှာလဲ …

ဗုဒ္ဓရွှေခန္ဓာကြီးက နတ်ဆိုးဓားကို မနှိပ်ကွပ်နိုင်သောကြောင့် ခုံယွမ် ရှုံးနိမ့်သွားမည်မှာ သံသယဖြစ်ဖွယ် မရှိချေ။

စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ရွှေခန္ဓာကြီးကို ထိန်းထားဖို့ စွမ်းအားအမြောက်အများ လိုအပ်လေရာ အချိန်အတော်ကြာ ထိန်းထားဖို့ ခက်လှသည်။ ထင်ာထးသည့်အတိုင်း ဗုဒ္ဓရွှေခန္ဓာကြီးက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

ဝှီး

နတ်ဆိုးဓားက ခုံယွမ်ဆီ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ဝင်ရောက်သွားသည်။

ခုံယွမ်က မျက်လုံးအပြူးသားဖြင့် နတ်ဆိုးဓားကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

“ ငါ မယုံနိုင်ဘူး ”

ခုံယွမ်က လေထဲမှ ဘုန်းခနဲ ပြုတ်ကျလာသည်။ သူ့အလောင်းက မြေပေါ် ငြိမ်သက်နေသည်။ ထူးထူးဆန်းဆန်း ဗုဒ္ဓဆုတောင်းပုတီးစေ့များက မှိန်ဖျဖျ လင်းလက်နေသေး၏။

အားလုံး၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားကြသည်။

ခုံယွမ်က ပွင့်ချပ်ခုနှစ်လွှာ အမြွှာဇင်ရှိထားသည့် မဟာနတ္ထိဘုရားကျောင်းမှ ကျောင်းထိုင် ဖြစ်ပေသည်။

နတ်ဆိုးဓားကြောင့် သေဆုံးဖို့ရာ မည်သို့ဖြစ်နိုင်မည်နည်း။ အားလုံးက ယုံကြည်ဖို့ ခက်နေကြသည်။ သို့သော် အမှန်တရားက မျက်မြင်ကိုယ်တွေ့ မဟုတ်ပါလော။

နတ်ဆိုးဓားက ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်၍ ဂိုဏ်းကြီးလေးဂိုဏ်းမှ ကျင့်ကြံသူများဆီ ပျံသန်းလာကာ စတင် သတ်ဖြတ်တော့သည်။

ခုံယွမ်နှင့် ယှဉ်လိုက်လျှင် ထိုလူများက အင်မတန် အားနည်းကြသည်။ ဓားချက်တစ်ချက်စီတိုင်းအောက်တွင် အသက်တစ်သက် ပေးဆပ်နေရသည်။ မကြာခင် သွေးမိုး ရွာသွန်းလာလေ၏။

ထိုအရာကို မြင်ကာ ချင်ကျွင်းက စိုးရိမ်စွာ ပြောလိုက်သည်။

“လောင်ချန်းပေ့ နတ်ဆိုးဓားက သိပ်မကြာခင် ကျွန်တော်တို့ဆီပါ ရောက်လာလိမ့်မယ် တူတယ် ”

သို့သော်လည်း ရှောင်ယွမ်အာက ဝင်ပြောလိုက်သည်။

“ သူတို့ထိုက်နဲ့ သူတို့ကံပဲ … ရွှေနန်းဥယျာဉ်တောင်ကို ဝန်းတိုက်တုန်းက ဘယ်လိုပြုမူခဲ့ကြလဲ …”

ဂိုဏ်းကြီးလေးဂိုဏ်းမှ လူများသည် အစကတည်းက မိစ္ဆာဝေဟင်မျှော်နန်း၏ ရန်သူများ ဖြစ်ကြသည်။ သူတို့အသတ်ခံရသည်မှာ သတင်းကောင်း ဖြစ်၏။ မဟုတ်လျှင် သူတို့က အခြားဂိုဏ်းများနှင့် မိစ္ဆာဝေဟင်မျှော်နန်းကို သိပ်မကြာခင် သေချာပေါက် တိုက်ခိုက်လာလိမ့်မည်။

ဂိုဏ်းငယ်များမှ လက်ကျန်အဖွဲ့သားများက ထွက်ပြေးကြသည်။ သူတို့က အားနည်းလွန်းနေ၍ နတ်ဆိုးဓားက သူတို့ထဲမှ တချို့ကို သတ်ပြီးနောက် လုကျိုးတို့ဆီ ဦးတည်လာသည်။

ကျန်းအိုက်ကျန့်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ ဟူး ဒီနတ်ဆိုးဓားက ပြိုင်ဘက်ကို ဘယ်လိုရွေးရမလဲ သေချာသိသားပဲ”

“ ဓားက ဓားပဲ … အစီအရင်ကြောင့်သာ အားကောင်းနေတာ ဘာမှပြောဖို့မတန်ဘူး။ နောက်ကွယ်ကနေ တစ်ယောက်ယောက် ထိန်းချုပ်နေတာပဲ ဖြစ်မယ်” ချင်ကျွင်းက စမ်းစစ်လိုက်သည်။

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ခေါင်းညိတ်လိုက်သည်။ သူက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သော်လည်း သာမန်မဟုတ်တာ ဘာမှမတွေ့ရပေ။

ထိုစဉ် ကျန်းအိုက်ကျန့်က ခုန်ထွက်လိုက်သည်။ သူက နဂါးတေးသံနှင့် နတ်ဆိုးဓားကို ယှဉ်လိုက်၏။

မီးပွားများ လွင့်စဉ်သွားလေသည်။

စွမ်းအားများက ထိပ်တိုက်တွေ့သွား၏။

သူတို့က အကြိမ်ရေတချို့ တိုက်ကွက်လဲလှယ်ပြီးသော်လည်း ကျန်းအိုက်ကျန့်က အရေးမသာပေ။ ဒီလိုသာဆက်ဖြစ်နေလျှင် သူလည်း ခုံယွမ်လို အဆုံးသတ်သွားလိမ့်မည်။ ထို့ကြောင့် သူက နောက်ဆုတ်ဖို့ရာ ရွေးချယ်လိုက်၏။ သူက နဂါးတေးသံ စွမ်းအားဓားနှင့် ပြိုင်ဖက်ကင်း တာအိုကို ပေါင်းစပ်ကာ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုများနှင့်အတူ လုကျိုးနောက် ရောက်လာသည်။ သူက မျက်နှာပေါ်မှ ချွေးကို သုတ်လိုက်ရင်း “ ကျွန်တော် အနိုင်မယူနိုင်ဘူး … အဲဒီအစီအရင် မကျိုးပျက်မချင်း အနိုင်မရနိုင်ဘူး ”

“ ရှင်က အားနည်းလွန်းတယ်။ ဟူး နောက်ဆုံးတော့လည်း ကျွန်မ ဝင်ပါရတော့မှာပဲ ” ရှောင်ယွမ်အာက ဘေးထွက်မနေနိုင်ပေ။ သူမက တိမ်ပေါ်ခုန်တက်လိုက်ပြီး နိဗာနခါးစည်းကို ထုတ်ဖော်လိုက်သည်။

ကျန်းအိုက်ကျန့်က ခေါင်းခါလိုက်ပြီး သက်ပြင်းချကာ “ မိန်းကလေးက ယှဉ်ပြိုင်လိုစိတ်ရှိတာ ကောင်းပါတယ်လေ။ ဒါပေမဲ့ သူမက အလျင်စလို ပြုမူလွန်းတယ်”

သူက တည်ငြိမ်နေသည့် လုကျိုးကို လှည့်ကြည့်လိုက်ပြီး ထပ်ပြောလိုက်ပြန်သည်။

“ လောင်ချန်းပေ့က အနိုင်ရမယ်လို့ ယုံကြည်ချက်ရှိနေပုံပဲ။ ဒီအစီအရင်ကို ချိုးဖောက်ဖို့ နည်းလမ်းများ ရှိနေတာလား ”

သူ့အမြင်အရ နတ်ဆိုးဓားကို အနိုင်မယူခင် အဆုံးသတ်ခုနှစ်ပါး အစီအရင်ကို ဖျက်ဆီးပစ်ရမည် ဖြစ်၏။ မဟုတ်လျှင် သူတို့အားလုံး သေသွားနိုင်သည်။

“အစီအရင်ကို ချိုးဖောက်ဖို့ နည်းလမ်း မရှိဘူး ” လုကျိုးက ပြောလိုက်သည်။

“ …” ကျန်းအိုက်ကျန့်က ခေါင်းကုတ်ကာ တောင့်တင်းတင်း ပြောလိုက်သည်။

“ မဟုတ်လောက်ပါဘူး … ”

“ မင်း ယုံချင်ယုံ မယုံချင်နေ ” လုကျိုးက ထပ်ပြောလိုက်သည်။

ချင်ကျွင်းက ပြောလိုက်သည်။

“ အဆုံးသတ်ခုနှစ်ပါး အစီအရင် ဗဟိုချက်က ဒီနေရာမှာ မရှိတော့ ချိုးဖောက်လို့ မရဘူးလေ”

“ သွားပြီ သွားပြီ … ကျန်းအိုက်ကျန့်ရဲ့ ကြီးမြတ်လှတဲ့ အမွေအနှစ်တွေ ဒီနေရာမှာ အဆုံးသတ်ရတော့မှာလား။ ကျွန်တော်က ဓားကောင်းတစ်သန်း ပိုင်ဆိုင်ဖို့ အိပ်မက်လေးတောင် အကောင်အထည် မဖော်ရသေးဘူးလေ” ကျန်းအိုက်ကျန့်က စိုးရိမ်သောကအပြည့်ဖြင့် ပြောလိုက်သည်။

ဘန်း ဘန်း ဘန်း

နတ်ဆိုးဓားက ဆက်လက် တိုက်ခိုက်နေသည်။ ရှောင်ယွမ်အာက စွမ်းအားတချို့ ထုတ်ကာ နောက်ဆုတ်လိုက်သည်။ သူမက ခြေမခိုင်သလို ဖြစ်သွားသေးသည်။

“နောက်တစ်ကြိမ် ” ရှောင်ယွမ်အာက ထပ်မံ ရှေ့တက်သွားပြန်သည်။

“ တိမ်ယံငှက်မွေးဝတ်စုံလည်း အားပြန်ဖြည့်ဖို့ လိုသေးတယ်လေ။ ဒီလိုဆက်လုပ်နေရင် မင်း အသက်အန္တရာယ်ရှိလာနိုင်တယ်” ချင်ကျွင်းက ပြောလိုက်သည်။

နတ်ဆိုးဓားက ပစ်မှတ်များအား ခွဲခြားမနေဘဲ ဒီတစ်ခါ ချင်ကျွင်းဆီ ဝင်ရောက်လာသည်။

ဘန်း

ချင်ကျွင်း၏ ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်သာ ရှိသေး၏။ သူက စွမ်းအားကုန် ထုတ်လိုက်သော်လည်း နတ်ဆိုးဓား၏ ထိုးစိုက်မှုကို ခံလိုက်ရသည်။ သူ့စွမ်းအားက ချက်ချင်းဆိုသလို ကွဲကြေသွားပြီး လွှင့်စင်သွားကာ သွေးအန်လိုက်ရသည်။

နတ်ဆိုးဓားက လေထဲဝဲနေပြီးနောက် လုကျိုးဆီ ပြေးဝင်လာပြန်သည်။

“ ရှစ်စွင်း ” ရှောင်ယွမ်အာက ရင်တထိတ်ထိတ်ဖြင့် လှမ်းအော်လိုက်သည်။

“လောင်ချန်းပေ့ ”

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ ဒီတစ်ချိန်လုံးက သူက ဓားကို ထိန်းချုပ်ရမည်လား သို့မဟုတ် အစီအရင်ကို ချိုးဖောက်ရမည်လား စဉ်းစားနေသည်။ နတ်ဆိုးဓားသည် သူ့ကို ပစ်မှတ်ထားလာလိမ့်မည်ဟု မထင်ထားပေ။ သူက ဓားကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက မပြောင်းမလဲ ပြောလိုက်သည်။

“နောက်ဆုတ် ”

ကျန်းအိုက်ကျန့်က ချင်ကျွင်းဆီ ပြေးဝင်သွားပြီး ဘေးဘက်ခေါ်ထားလိုက်သည်။

ရှောင်ယွမ်အာလည်း နောက်ဆုတ်လိုက်သည်။

ထိုစဉ် လုကျိုးက လေထဲ မြင့်တက်လာသည်။ နတ်ဆိုးဓားက သူ့ဘာသာ မထိန်းချုပ်ထားတော့ဘဲ လုကျိုးဆီ တဟုန်ထိုး ပြေးဝင်လာလေ၏။

ဝှီး

ဘန်း

နတ်ဆိုးဓားက ဗုဒ္ဓရွှေခန္ဓာနှင့် ထိပ်တိုက်တွေ့သွားသည်။

ပေတစ်ရာ မြင့်မားသည့် ဗုဒ္ဓရွှေခန္ဓာကြီး ပေါ်ထွက်လာသည်။

အားလုံးက မော့ကြည့်လိုက်ကြ၏။ နောက်ဆုံး အသက်လုရှုနေရသည့် ဂိုဏ်းငယ်များမှ ကျင့်ကြံသူများပင် ခြွင်းချက် မဟုတ်ပေ။

ဗုဒ္ဓရွှေခန္ဓာကိုယ်ကြီးသည် ဧရာမဂူသင်္ချိုင်းထက် ပိုမြင့်မား၏။

လုကျိုးက လေထဲ လမ်းလျှောက်လာသည်။ သူက အဆုံးသတ်ခုနှစ်ပါး အစီအရင် ဗဟိုချက်ဆီ ဗုဒ္ဓရွှေခန္ဓာဖြင့် လျှောက်လာသည်။

နတ်ဆိုးဓားက မည်မျှတိုက်ခိုက်စေကာမူ ဗုဒ္ဓရွှေခန္ဓာကို ပျက်စီးအောင် မလုပ်နိုင်ပေ။

ဆယ်စက္ကန့် … ငါ့ဆီမှာ ဆယ်စက္ကန့်ပဲ အချိန်ရတာ အစီအရင်ဗဟိုချက်က ဘယ်မှာလဲ …

ထိုစဉ် အဆုံးသတ်ခုနှစ်ပါး အစီအရင်မှ ဓားများသည် အားကောင်းသည့် ရန်သူကို ခံစားမိသည့်အလား ဗုဒ္ဓရွှေခန္ဓာဆီ တစ်ပြိုင်နက် ချီတက်လာကြသည်။ သိပ်သည်းနေသော ဓားများက အားလုံး၏ မြင်ကွင်းကို ပိတ်ဆို့ထားလေ၏။

ပေတစ်ရာ မြင့်မားသည့် ဗုဒ္ဓရွှေခန္ဓာက နည်းနည်းလေးမှ အားလျော့မသွားပေ။

“အားကောင်းလိုက်တာ”

“ဒါက တကယ့်ဗုဒ္ဓရွှေခန္ဓာပဲ ”

မြေပေါ်တွင် လဲနေသည့် ကျင့်ကြံသူများက ဗုဒ္ဓရွှေခန္ဓာအား ကြည့်လိုက်ကြရင်း သူတို့ဘာသာ မေးလိုက်ကြသည်။

“အဲဒါ ဘယ်သူလဲ “

ကံဆိုးသည်မှာ ဆယ်စက္ကန့်လေးက တိုတောင်းလွန်းလှသည်။

ဗုဒ္ဓရွှေခန္ဓာ ပျောက်ကွယ်သွားသည်နှင့် နတ်ဆိုးဓားနှင့် ဓားများစွာက လုကျိုးဆီ ပျံသန်းလာကြသည်။

ဝုန်း

နောက်ထပ် ဗုဒ္ဓရွှေခန္ဓာ ထပ်ပေါ်ထွက်လာသည်။

ဗုဒ္ဓရွှေခန္ဓာ နယ်နမိတ်အတွင်းရှိ ဓားပျံများက ချက်ချင်း ဖိနှိပ်ခံရကာ မြေပေါ် ပြုတ်ကျသွားကြသည်။

ကျန်းအိုက်ကျန့်က တအံ့တဩဖြင့် “ အရမ်းမိုက်တယ် … သူက ရွှေခန္ဓာကိုယ်ကို ကြီးတာသေးတာ ထိန်းချုပ်နိုင်တာပဲ။ ငါတော့ သောက်ရမ်း အံ့ဩမိသွားပြီ ”

လုကျိုးက နည်းလမ်း ရှာတွေ့သွားပုံပေါ်သည်။ ဓားပျံများ ပြုတ်ကျလာပြီး မြေပေါ် မလှုပ်မယှက် ဖြစ်နေကြ၏။ သူတို့က ပျက်စီးသွားမှန်း သိသာလှသည်။ လုကျိုးက ညာဘက်လက်ကို အသာမြောက်လိုက်သည့်အခါ ပုတိုတို လက်ရာမြောက်သည့် အမည်မဲ့က အနီရောင်အလင်းတန်းများဖြင့် တောက်ပလာသည်။

ဆယ်စက္ကန့်ဆို လုံလောက်ပြီ …

အားလုံးက ထိပ်တန်းအဆင့် ကျင့်ကြံသူများကြားမှ တိုက်ပွဲကို ကြည့်နေကြသည်။ ထို့အပြင် နတ်ဆိုးဓားက ရှောင်ရှားရန် ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။

ဒီလိုဆိုမှတော့ ထိပ်တိုက် တိုက်ကြတာပေါ့ …

သူက မျက်စိပြာသွားစေလောက်သည့် အမြန်နှုန်းဖြင့် နတ်ဆိုးဓားဆီ တုံ့ဆိုင်းခြင်းမရှိ ချီတက်သွားလိုက်သည်။

…

အခန်း (၂၈၇) အညံ့ခံခြင်း

ကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုတွေ့လိုက်ရသောအခါ မျက်လုံးအပြူးသားဖြစ်ကုန်၏။ ရွှေဗုဒ္ဓခန္ဓာကိုယ်က ရှေ့သို့တက်လာ၏။ သူတို့သည် ရွှေဗုဒ္ဓခန္ဓာကိုယ်၏အထက်ပိုင်းကိုသာ မြင်နိုင်သည်။ အောက်ပိုင်းက ဓားအစုအဖွဲ့ကြောင့် အကွယ်ခံထားရသည်။

လုကျိုး၏ လျင်မြန်သောလှုပ်ရှားမှုကြောင့် ဓားအစုအဝေးသည် ချက်ချင်းပင် ပြိုကွဲသွားပြီး လေထဲကနေ ပြုတ်ကျလာလေ၏။

နတ်ဆိုးဓားကမီးပွင့်သွားပုံပေါ်၏။ ၎င်းက တုန်လှုပ်လာပြီး ဘီးခနဲမြည်လာကာ ၎င်း၏ဘုံရန်သူကို ရှာတွေ့လိုက်ပုံပေါ်၏။ လုကျိုးက အမည်မဲ့ကို ကိုင်ဆောင်ထားလျက် ၎င်းဖြင့်နတ်ဆိုးဓားကို ပိုင်းဖြတ်လိုက်တော့သည်။ ဓားနှစ်လက်တိုက်မိသွားချေပြီ ...

ဘန်း ....

ထိခိုက်သည့်နေရာကိုဗဟိုပြုထားပြီး မျက်စိကျိန်းလောက်သည့်အလင်းတန်းတစ်ခုက ပေါ်ထွက်လာ ၏။ လေထဲ၌ ကနဦးချီများသည် လေပြင်းမုန်တိုင်းတိုက်ခတ်သည့်ပမာပေါ်ထွက်လာ၏။ စွမ်းအင်များက ဓားပျံများကို ရေခဲဓားသွားများပမာပြုတ်ကျစေသည်။

လုကျိုးက အမည်မဲ့ကိုမကြည့်ခဲ့ပေ။ သူ့လက်ဖဝါးဖြင့်၎င်းကိုခံစားမိပုံအရ အမည်မဲ့မထိခိုက်ခဲ့ ကြောင်း သူသိသည်။ သူက နတ်ဆိုးဓားကို မျက်တောင်မခတ်စိုက်ကြည့်နေလေ၏။ စနစ်မျက်နှာပြင်ပေါ်ရှိ အချိန်အရေအတွက်ကိုလည်းရေကြည့်နေသည်။

သုံးစက္ကန့်၊ နှစ်စက္ကန့်၊ တစ်စက္ကန့်

သူ့အချိန် စေ့သွားချေပြီ။ ထိုအချိန်ကိုက်ပင် ရွှေဗုဒ္ဓခန္ဓာကိုယ်ကပျောက်ကွယ်သွား၏။

အရာအားလုံးတိတ်ဆိတ်သွားတော့သည်။

အဆုံးသတ်ခုနစ်ပါးအစီအရင်အတွင်းရှိ ဓားအစုအဝေးကပြုတ်ကျလာ၏။ ဓားများမှရောင်ပြန်ဟပ် သည့်အလင်းကြောင့် ပတ်ဝန်းကျင်သည်တလက်လက်တောက်နေ၏။ မြင့်မားသည့်အုတ်ဂူအချို့ ကမူ ဖြူကောင်နှင့်တူနေတော့သည်။

နတ်ဆိုးဓားက မထိခိုက်သွားပေ။ သို့သော် ထူးဆန်းသည့်အရာက ၎င်းသည် တိုက်ခိုက်တာကို ရပ်တန့်လိုက်တာပဲဖြစ်သည်။ ထိုအစား လုကျိုးရှေ့၌ ပျံဝဲနေပြီးအနည်းငယ်တုန်နေ၏။ ၎င်း၏ ဓားထိပ်ဖျားသည် မူလက လုကျိုး၏နဖူးကိုချိန်ရွယ်နေခဲ့သည်။ ယခုမူဘေးသို့ ချိန်ရွယ်ထားက ၎င်း၏ပစ်မှတ်က အမည်မဲ့ဖြစ်သွားပုံပေါ်သည်။

လုကျိုးက သူစင်းလုံးချောကတ်အားလုံးကို အသုံးပြုခဲ့ပြီး နတ်ဆိုးဓားကို မဖိနှိပ်နိုင်သေးလျှင် မည်သို့ ပြုလုပ်သင့်ကြောင်း စဉ်းစားနေ၏။ ထိုသို့တိုင်ဆိုလျှင် သူ၏နောက်ဆုံးသောအထွတ်အထိပ် အသွင်ကတ်ကို အသုံးပြုရန်သာဖြစ်သည်။ သို့သော်ငြား နတ်ဆိုးဓားက မလှုပ်ရှားခဲ့ပေ။

ဓားသင်္ချိုင်းထဲရှိကျင့်ကြံသူများအားလုံးက လူတစ်ယောက်၊ ဓားတစ်လက်ကိုကြည့်နေကြ၏။ အံ့ဩ နေသည့်အပြင် သူတို့အားလုံးကစိတ်ရှုပ်ထွေးကုန်၏။ ထိုရွှေဗုဒ္ဓခန္ဓာကိုယ်သည် ခုံရွှမ်ထက် ပိုအစွမ်း ထက်ကြောင်းသူတို့သေချာသိသည်။ ဆိုလိုသည်က နတ်ဆိုးဓားကိုယဉ်ပါးစေရန် မျှော်လင့်ချက် ရှိပေ၏။ အဆင့်မတူညီသည့်ဓားများက မြေကြီးပေါ်၌ လွှင့်စဉ်ကျနေသည်။ သူတို့လိုချင်သည့် ရတနာများဖြစ်၏။ ဤနည်းဖြင့် နတ်ဆိုးဓားသယ်ဆောင်လာသောကြောက်မက်ဖွယ်ကောင်းမှုက စတင်မှေးမှိန်လာပြီဖြစ်သည်။

ဘီး ...

နတ်ဆိုးဓားက ထပ်မံတုန်လှုပ်လာပြန်၏။

လုကျိုးက ညာလက်ဖဝါးကို ဖြန့်လိုက်သည်။ အမည်မဲ့က သူ့လက်ဖဝါးအထက်၌ ပျံဝဲနေလေ၏။ သူ့ကိုအံ့ဩသွားစေသည်က နတ်ဆိုးဓားသည် နောက်ဆုတ်ပုံပေါ်နေတာပဲဖြစ်၏။

ကျန်းအိုက်ကျန့်က ထိတ်လန့်သွားတော့သည်။ “ဓားရူးသုံးယောက်ရဲ့ ခေါင်းဆောင် အနေနဲ့ ကျွန်တော်ကြေညာစရာတစ်ခုရှိပါတယ်”

ရှောင်ယွမ်အာနဲ့ချင်ကျွင်းက ကျန်းအိုက်ကျန့်ကိုဆွံ့အစွာကြည့်နေကြသည်။ ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မှာ ဘာအထောက်အကူဖြစ်စေတဲ့စကားပြောနိုင်မှာလဲ။

ကျန်းအိုက်ကျန့်က ဆက်ပြောသည်။ “နဂါးတေးသံက လောင်ချန်းပေ့ရဲ့ဓားကို ရှိန်နေတယ်... သူ့ဓားက သိပ်လှလွန်းတယ်”

နတ်ဆိုးဓားက မလှုပ်ရှားပေ။

လုကျိုးက နတ်ဆိုးဓားကိုကြည့်ပြီး စဉ်းစားကာလက်ဝေ့ယမ်းလိုက်၏။ အမည်မဲ့က ပေါ်လာတော့သည်။ နတ်ဆိုးဓားက နောက်ဆုတ်သွား၏။ အမည်မဲ့က လုကျိုး၏လက်ထဲပြန်ရောက်လာသည်။

လုကျိုးက ခေါင်းညိတ်လိုက်သည်။ အစောတုန်းက တိုက်ကွက်ဖလှယ်မှုသည် နတ်ဆိုးဓားကို မဖျက်ဆီးနိုင်ခဲ့သော်ငြား ၎င်းကိုကြောက်လန့်သွားစေရန်ရုံလုံလောက်သည်။ ၎င်းကထူးဆန်းသည့် မြင်ကွင်းဖြစ်၏။

နတ်ဆိုးဓားက အမည်မဲ့ကိုကြောက်ရွံ့သည်ဖြစ်သောကြောင့် လုကျိုးက အမည်မဲ့၏ စွမ်းရည်ကို ထုတ်ဖော်ရန်ဆုံးဖြတ်လိုက်၏။ သူက အမည်မဲ့ကိုလှည့်ပတ်လိုက်၏။ လေထဲတွင်ပျံဝဲနေပြီး စွမ်းအင်များက၎င်းကိုစတင်ရစ်ပတ်လာတော့သည်။ တစ်ခုကနှစ်ခု၊ နှစ်ခုကလေးခု၊ လေးခုကရှစ်ခုဖြစ်လာပြီး မရေမတွက်နိုင်သည့် အမည်မဲ့စွမ်းအင်ဓားသွားများပေါ်လာ၏။

ကနဦးချီအတက်အကျနှင့် စွမ်းအင်သိပ်သည်းမှုက အစွမ်းမထက်ပေ။ သို့သော်ငြား နတ်ဆိုးဓားသည် အမည်မဲ့မှခြိမ်းခြောက်မှုကို အာရုံခံမိသေး၏။

ဝှစ်

ဓားပျံများက အဆုံးသတ်ခုနစ်ပါးအစီအရင်နားနီးပါး တပြိုင်နက်တည်းနီးပါးတုန်လှုပ်လာကြသည်။

နတ်ဆိုးဓားသည် ဓားများကိုဆင့်ခေါ်နေသည့်ပုံပေါ်၏။ အချိန်အတိုင်းအတာတစ်ခုထိ ဓားပျံများက မျက်စိကန်းလောက်သည့်အရှိန်ဖြင့်အမည်မဲ့ဓားကို ထိုးစိုက်ပုံပေါ်သည်။

ဘန်း ဘန်း ဘန်း

လုကျိုးက လျှင်မြန်စွာနောက်ဆုတ်လိုက်သည်။ လိုအပ်လာလျှင်သူက စင်းလုံးချောကတ် တစ်ကတ်ကိအသုံးပြုပြီးဖြစ်သည်။ သို့သော်ငြား လက်တွေ့အရ သူ၏စိုးရိမ်ပူပန်ရန်မလိုကြောင်း သက်သေပြလိုက်သည်။

နတ်ဆိုးဓားသည် ဓားအစုအဝေးကိုဆင့်ခေါ်ပြီး အမည်မဲ့ကိုတိုက်ခိုက်ခဲ့၏။ သူတို့က ပေါင်းစည်းသွားပုံပေါ်သည်။

ဘန်း ဘန်း ဘန်း

နောက်ထပ်အကြိမ်ရေအနည်းငယ်ဆက်တိုက်ခိုက်တော့သည်။

ဖုန်း

ဗဟို၌ အမည်မဲ့နှင့်ကြီးမားသည့်ရောင်ခြည်စက်ဝန်းတစ်ခုပေါ်လာပြီး ၎င်းက ဓားအစုအဝေးထဲ တဟုန်ထိုးဝင်သွားကာဓားများအားလုံးကိုတွန်းကန်လိုက်တော့သည်။ တမူထူးကဲသော စွမ်းအင်များ ပေါက်ကွဲသွားပြီးနောက် အမည်မဲ့ကမူလသွင်ပြင်ကိုထိန်းသိမ်းထား၏။ လေထဲဝဲနေလျက် အနီဖျော့ဖျော့ရောင်ခြည်ဖြင့်တောက်ပနေတော့သည်။

အစုအဝေးက ပြုတ်ကျလာလေ၏။

ဘန်း ဘန်း ဘန်း ... ကျွတ်

အဆင့်နိမ့်ဓားများက ကြောက်မက်ဖွယ်ကောင်းသည့်ခံနိုင်မရှိတော့ဘဲ နေရာမှာတွင်ဖျက်ဆီးခံ လိုက် ရသည်။ အဆင့်သတ်မှတ်ခံရသည့်ဓားများကတောင် မြေကြီးပေါ်ပြန့်ကျဲနေပြီး ကြောက်လန့်နေပုံ ပေါ်၏။

ယင်းက ကျင့်ကြံသူများကို စိတ်ပျက်အားငယ်သွားစေသည်။

အမည်မဲ့နှင့် တိုက်မိသည့်ဓားအားလုံးကျိုးကုန်၏။ သူတို့က အမည်မဲ့ကို ကြည့်နေလျက် မျက်လုံးအပြူးသား ဖြစ်နေကြသည်။

“ဒီဓားက ဘာလဲဟ”

“နတ်ဆိုးဓားကလွဲရင် ကျန်တဲ့ဓားတွေက ဒီဓားနဲ့မယှဉ်နိုင်ဘူး” ကျန်းအိုက်ကျန့်၏မျက်လုံးက လက်သွားတော့သည်။ သူက နဂါးတေးသံကိုပစ်ထုတ်လုနီးပါးဖြစ်သွား၏။ ယခုအချိန်တွင် အမည်မဲ့ကိုသာ သူ့မျက်လုံးထဲတွင်ရှိတော့သည်။

လုကျိုးသည် ထိုအရာကြောင့် အံ့ဩသွားလေ၏။ အမည်မဲ့၏ထက်မြေ့မှုက သူ မှန်းဆထားသည်ထက် ကျော်လွန်နေသည်။

ဝှစ်

နတ်ဆိုးဓားက သူ့ဆီဝင်ရောက်လာသည်။ လုကျိုးက အမည်မဲ့ကိုထိန်းချုပ်ရန် ကနဦးချီကို စုစည်းပြီးနောက် ၎င်းကို တန်ပြန်တိုက်ခိုက်လိုက်တော့သည်။

ဘန်း ဘန်း ဘန်း

သုံးကြိမ်ဆက်တိုက် ထိခိုက်မှုပေါ်လာတော့သည်။ နတ်ဆိုးဓားက တွန်းကန်ခံလိုက်ရ၏။ ယခုအခေါက်တွင်မူ ယခင်လောက်ကံမကောင်းပေ။

နတ်ဆိုးဓားပြုတ်ကျသွားချေပြီ။

“အဆုံးသတ်ခုနစ်ပါးအစီအရင်ဖျက်ဆီးခံလိုက်ရပြီး ဓားအစုအဝေးမရှိတော့ဘဲ အဆုံးသတ်ခုနစ်ပါး အစီအရင်ကို ထပ်ပြီးမလည်ပတ်နိုင်တော့ဘူး”

ကျင့်ကြံသူများက ယခုအချိန်တွင် မျှော်လင့်ချက် မြင်လိုက်ရပြီဖြစ်သည်။ အဆင့်နိမ့်ဓားများပျက်စီးသွားတာကို သူတို့နှမြောမိသော်ငြား ကျန်ရှိသည့် မပျက်စီးသေးသည့်ဓားများက ဓားကောင်းများဖြစ်သည်။ ဓားကောင်းနှင့်ဓားဆိုးကိုရွေးချယ်ရာ၌ ယင်းက သူတို့ကို အချိန်ကုန်သက်သာစေလိမ့်မည်။

ချင်ကျွင်းက ကျောမတ်မတ်ထားလိုက်၏။ သူ၏နှုတ်ခမ်းထောင့်ရှိသွေးများကိုသုတ်ကာ မြေပြင်ပေါ် ရှိအဆုံးသတ်ခုနစ်ပါးအစီအရင်ကို ကြည့်လိုက်သည်။

သူတို့တွေက အစီအရင်ရဲ့မျက်လုံးကိုတောင် ရှာမတွေ့နိုင်တဲ့အခြေအနေမှာ အစီအရင်က ဘာကြောင့်ပျက်သွားရတာလဲ။ ဒါက အဓိပ္ပာယ်မရှိဘူးလေ။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မူမမှန်တာ မတွေ့ရဘဲ အမည်မဲ့ကို သာတွေ့ရသည်။

ကျန်းအိုက်ကျန့်ကမူ ကြောင်အနေလေ၏။ သူက အမည်မဲ့ကို မျက်တောင်မခတ်စိုက်ကြည့်နေသည်။ သူက သွားရေကျလုနီးပါးဖြစ်နေ၏။ သူသည် နဂါးတေးသံကို ယခင်ကလောက်တန်ဖိုးထားခြင်း ရှိပုံမပေါ်ပေ။ ထိုစဉ်လုကျိုးက မတ်မတ်ရပ်နေလျက် လေထဲဝဲပျံနေကာ အမည်မဲ့ကိုကြည့်လိုက်၏။

ရုတ်တရက်တွင် ........

ဘန်း

နတ်ဆိုးဓားသည် အဆုံးသတ်ခုနစ်ပါးအစီအရင်၏အလယ်သို့ပြုတ်ကျသွားလေ၏။ ဝှီးကနဲ မြည်လာ ပြီး တုန်လှုပ်လာတော့သည်။ ထွင်းစာများက ပေါ်ထွက်လာပြီးနောက်လေထဲသို့ ပျားအုပ်ပမာ ပျံသန်းလာတော့သည်။

“အဲဒီကျမ်းစာတွေ စွမ်းအား .....” လုကျိုးက စိတ်ရှုပ်ထွေးသွားတော့၏။ သူက အမည်မဲ့ကို ချက်ချင်း မခေါ်ခဲ့ပေ။ ထိုအစားတိတ်တဆိတ်ကြည့်နေ၏။ ကျမ်းစာများက အမည်မဲ့ဆီသို့ ပေါင်းစည်းလာပြီး စွမ်းအားကအမည်မဲ့ထဲတိုးဝင်လာသည်။

“အမ်...” ကျန်းအိုက်ကျန့်က ငိုချင်သွားသည်။ “နတ်ဆိုးဓားက သူ့ဖာသာသူအညံ့ခံနေတယ်။ သူနှစ်ပေါင်းများစွာပျိုးထောင်လာတဲ့စွမ်းအင်တွေကို လောင်ချန်းပေ့ရဲ့ဓားကလုယူသွားပြီ”

ယင်းက အတော်ဆုံးများသာ ရှင်သန်နေထိုင်မှု၏ ဥပမာကောင်းတစ်ရပ်ဖြစ်သည်။ ဓားလောကက လူသားလောကထက် ပိုပြီးရိုးရှင်းပုံပေါ်သည်။ အနိုင်ရသူက အုပ်စိုးသူများဖြစ်လာပြီး နိမ့်ပါးသူက ဓားပြများအဖြစ် လျှောကျခံရမည်။ နတ်ဆိုးဓားသည် မြေကြီးပေါ်ပြုတ်ကျပြီးနောက် ကိုယ်တိုင် အရှုံးဝန်ခံလာ၏။ ထိုသို့ဖြစ်မည်ဆိုတာ မည်သူကထင်မိမည်နည်း။

နတ်ဆိုးဓားကမြေပြင်ပေါ်၌ ဆက်လက်တုန်နေလေ၏။ ထွင်းစာများက အမည်မဲ့ဆီသို့တဟုန်ထိုး ဝင်လာတော့သည်။ အရေအတွက်တစ်သောင်းကျော်ရှိသည့် အုတ်ဂူပေါ်ရှိစာများက ပေါ်ထွက်လာပြီး အနက်ရောင်မီးခိုးတိမ်တိုက်ပမာလေထဲသို့တက်လာကြသည်။

ထွင်းစာများမှ စွမ်းအင်များရရှိပြီးနောက် အမည်မဲ့က စတင်လည်ပတ်လာတော့သည်။

လုကျိုးက အမည်မဲ့ကိုသံသယဖြင့်ကြည့်လိုက်၏။ သူအမည်မဲ့ကိုရချိန်မှစပြီး သူလုပ်နိုင်သမျှက ၎င်း၏ထက်မြေ့မှုကို လေ့လာပြီး သူ့အဆင့်ကိုရှာဖွေတာပဲဖြစ်သည်။ အမည်မဲ့၏ခွန်အားသည် ဤစွမ်းအင်ကိုစုပ်ယူပြီးနောက်တိုးတက်လာမည်လော ...

ခဏအကြာ၌ အမည်မဲ့က လှည့်ပတ်တာရပ်တန့်သွား၏။

နတ်ဆိုးဓားက မြေကြီးပေါ်၌ ငြိမ်နေပြီးမလှုပ်ရှားတော့ပေ။ ၎င်းပေါ်ရှိထွင်းစာများက အပြည့်အဝ ပျောက်ကွယ်သွားပြီဖြစ်သည်။

…

အခန်း (၂၈၈) မိစ္ဆာဇင်မှာ ဒုတိယ

လုကျိုးက အမည်မဲ့ပေါ်ရှိ အနီရောင်က ပိုမိုတောက်ပလာကြောင်း အသေအချာ မြင်လိုက်ရသည်။ ပိုမိုလည်း ကြာရှည်လာ၏။

အဆင့်လား …

လုကျိုးကိုယ်တိုင် သေချာမသိပေ။ အတွေးတစ်ချက်ဖြင့် သူက အမိန့်ပေးလိုက်သည်။ ထင်ထားသည့်အတိုင်း အမည်မဲ့က သူ့လက်ထဲ ပြန်ရောက်လာသည်။ သူက နောက်ထပ် အမိန့်တစ်ခု ပေးလိုက်သည့်အခါ အမည်မဲ့က အနက်ရောင်ကျောက်တုံး၊ တူ၊ ဓားမော့နှင့် အခြားလက်နက်များအဖြစ် ပြောင်းလဲသွားသည်။ သို့သော်လည်း ဓားအဖြစ် ဖွဲ့စည်းသည့်အခါပင် ထူးထူးဆန်းဆန်း စွမ်းအားမျိုး ခြုံလွှမ်းနေခြင်း ဖြစ်၏။ ဓားသွင်ပြင်က အခြားသွင်ပြင်ပုံစံများထက် ပိုမို အားကောင်းလေသည်။ ကြည့်ရသည်မှာ အဆုံးမဲ့ အလားအလာ ရှိသောကြောင့် အဆင့်ကို မသိနိုင်ခြင်းလား။

ဤသည်မှာ အမည်မဲ့ကို လေ့လာနေရမည့် အချိန် မဟုတ်သေးပေ။ လုကျိုးက ပြန်သိမ်းထားလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အတော်လေး တိတ်ဆိတ်နေလေ၏။ သူက ဘေးကင်းကြောင်း သေချာသွားသည့်အခါ မြေပေါ် ပြန်ဆင်းလာလိုက်သည်။ သူက တွက်ချက်ပြီးနောက် ပြစ်ချက်မဲ့ကတ် နှစ်ကတ် ဆုံးရှုံးသွားကြောင်း သိလိုက်ရသည်။ ဒီတစ်ခါ သူ့အနေနှင့် ကုသိုလ်ရမှတ် မရလိုက်ပေ။

သူက အဆုံးသတ်ခုနှစ်ပါး အစီအရင်ကို ကြည့်လိုက်သည်။ အမှန်ပင် ထပ်မံ တောက်ပနေခြင်း မရှိတော့ပေ။ ပြောရလျှင် အသက်ဝင်နေသည့် အရိပ်အယောင် မရှိတော့ပေ။

ထူးဆန်းလှသည်။

လုကျိုးက နတ်ဆိုးဓားဆီ လျှောက်လာလိုက်၏။

ဂူသင်္ချိုင်း အက်ကြောင်းရာ၌ သံကြိုးပျက် ရှစ်ခုနှင့် အကျိုးအပဲ့များမှလွဲ၍ တခြားအရာ မရှိပေ။ မြေပေါ်ရှိနေသော ဓားလက်တစ်ဆုပ်စာလောက်သာ အကောင်းအတိုင်း ကျန်ရှိနေခြင်း ဖြစ်၏။ ပြောရလျှင် တိုက်ပွဲအတွင်း ရှင်ကျန်ရစ်သည့် ဓားများက ဓားကောင်းများ ဖြစ်ကြသည်။

ထိုစဉ် ဒဏ်ရာရ ကျင့်ကြံသူအုပ်စုက ထလာကာ လုကျိုးအား ဦးညွှတ်လိုက်ကြသည်။ သူတို့နဖူးနှင့်မြေကြီး ထိသံများက ဂူအတွင်း ဟိန်းထွက်သွားသည်။

“လောင်ချန်းပေ့ကို ကျေးဇူးတင်ပါတယ် ”

“ဆရာကြီးကို ကျေးဇူးတင်ပါတယ် ”

“ ခင်ဗျားက ကျုပ်မွေးစားမိဘပါပဲ။ ကျုပ် ဦးညွှတ်ဂါရဝပြုတာကို လက်ခံပေးပါ”

“ တင် … လူ ၁၅ ယောက်မှ စိတ်လိုလက်ရ ကိုးကွယ်ယုံကြည်အားကိုးသည့်အတွက် ဆုလာဘ် ကုသိုလ်ရမှတ် ၁၅၀ ရရှိပါတယ်”

လုကျိုးက ထိုအသိပေးချက် ကြားလိုက်ရသည့်အခါ ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။

ဂိုဏ်းကြီးလေးဂိုဏ်းမှ ကျင့်ကြံသူများက ရှင်းထုတ်ခံလိုက်ရသည်။ ကျန်ရှိနေသော ကျင့်ကြံသူများက ဂိုဏ်းငယ်များမှ ဖြစ်သောကြောင့် သူ့အနေနှင့် စိုးရိမ်နေစရာ မလိုပေ။

လုကျိုးက နတ်ဆိုးဓားဆီ လျှောက်သွားလိုက်ပြီး ချီအနည်းငယ် ထည့်သွင်းလိုက်သည်။

ဘုန်းကြီး ခုံယွမ်က ရုတ်ခြည်းဆိုသလို ကုန်းထလာသည်။ သူ့ဈာနမုဒြာပြန်လည် အသက်ဝင်လာသည်။ သူက ဘေးပတ်လည်ကို မျက်လုံးအပြူးသား ကြည့်လိုက်သည်။ သူ အားလုံးကို သဘောပေါက်သွားသည့်အခါ သူ့မျက်နှာအထက် ယုံရခက်သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။

ဘာဖြစ်သွားတာလဲ … ငါ မေ့နေတာ ဘယ်လောက်ကြာသွားပြီလဲ

အဆုံးသတ်ခုနှစ်ပါး အစီအရင်ကရော ဘယ်မှာလဲ … နတ်ဆိုးဓားက ဘာလို့ မြေပေါ် လဲနေတာလဲ

သူက ခေါင်းကိုက်လာပြီးနောက် မှတ်ဉာဏ်များ ပြန်လည် မှတ်မိလာသည်။ သူက နတ်ဆိုးဓားကို လုယူဖို့ ရောက်လာခြင်း ဖြစ်၏။ သူက နတ်ဆိုးဓား၏ အနိုင်ပိုင်းမှုကို ခံရကာ မြေပေါ် ပြုတ်ကျသွားခဲ့သည်။ သို့သော် ကံကောင်းသည်က ဗုဒ္ဓပုတီးက သူ့အား ကာကွယ်ပေးထားခဲ့သောကြောင့် ဆိုးဆိုးရွားရွား မထိခိုက်သွားပေ။

“ခင်ဗျားလား ” ခုံယွမ်၏ အမူအရာက တောင့်တင်းနေရာမှ အံ့ဩသင့်သွားပြီး ဒေါသအဖြစ် ပြောင်းသွားသည်။

“ ခုံယွမ် ” လုကျိုးက မုတ်ဆိတ်သပ်လိုက်သည်။

“ ဘယ်သူက ငါ့အပိုင်ကို ထိလို့မရဘူး။ ခင်ဗျား အဆုံးသတ်ခုနှစ်ပါး အစီအရင်ကို ဘယ်လိုဖျက်ဆီးလိုက် ဖျက်ဆီးလိုက် ဂရုမစိုက်ဘူး။ ကျုပ် နတ်ဆိုးဓားကို ယူသွားမယ်”

ခုံယွမ်က အဖြစ်အပျက်ကို အပြည့်အဝ မသိပေ။

“ အိုး ”အကြောင်းအရင်းတချို့ကြောင့် လုကျိုးက ခုံယွမ် အသက်ရှင်နေသည်ကို မြင်သည့်အခါ စိတ်လှုပ်ရှားပြီး စိတ်ပေါ့ပါးသွားသည်။

ခုံယွမ်က လက်ဝါးချက် ထုတ်ဖော်လိုက်ပြီး “ ဒကာကြီး ခင်ဗျား ဒီအစီအရင်ကို ချိုးဖောက်နိုင်တာ ဝမ်းသာပါတယ်။ ဒီလိုဓားမျိုးက စွမ်းရည်ရှိတဲ့သူပဲ ကိုင်ဆောင်နိုင်မှာ”

ခုံယွမ်က သတိပေးခြင်းမရှိ သူ့ ဈာနမုဒြာကို ထုတ်ဖော်လိုက်သည်။

လုကျိုးက မုတ်ဆိတ်သပ်ကာ “ ငါ အရင်ကလည်း ပြောဖူးတယ်။ ဇင်က ဇင် … မိစ္ဆာက မိစ္ဆာ … မိစ္ဆာဇင်က စစ်မှန်တဲ့ ဇင် မဟုတ်ဘူး ”

“ ကျင့်ကြံရေးအကြောင်း လာသင်ပေးချင်နေတာလား” ခုံယွမ်က ရယ်မောလိုက်သည်။ သူက နှစ်ဆ ဈာနမုဒြာကို ပြန်မရုပ်သိမ်းပေ။ သူက သဘောမတူသည့်ဟန်ဖြင့် “ ကျို့ရှင်းချန်ရဲ့ မိစ္ဆာဇင်က ကလေးကစားစရာပဲ။ သူက ငါနဲ့ မယှဉ်နိုင်ဘူး။ ငါက ကမ္ဘာမှာ တစ်ဦးတည်းသော မိစ္ဆာဇင် ကျင့်ကြံနိုင်သူပဲ။

ငါသာ မိစ္ဆာဇင်မှာ ဒုတိယဆိုရင် ဘယ်သူက ပထမယူရဲမှာလဲ ”

ဈာနမုဒြာအလင်းရောင်များက အကောင်းဆုံး သက်သေဖြစ်၏။

လုကျိုးက ခေါင်းခါကာ “ရေအိုင်ထဲက ဖားသူငယ်ပဲ”

သူက ဆက်မပြောခင် ခဏရပ်လိုက်ပြီး “ မိစ္ဆာဇင်ဆိုတာ ဘာလဲ သင်ပေးမယ်”

သူက ညာလက်ကို မြှောက်ကာ လက်ဝါးကို အောက်စိုက်ချလိုက်သည်။ သူ့လက်ဝါး၌ မှိန်ဖျဖျ လင်းလင်လာသည်။ တောက်ပမှုက နာရီပြောင်းပြန်အတိုင်း လည်ပတ်နေလေ၏။

“ဟမ်” ခုံယွမ် စိတ်ထဲ မပြောပြတတ်သည့် ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။ လူအိုကြီးဆီမှ ချီအတက်အကျ မရှိသော်လည်း သူ့အနေနှင့် အန္တရာယ်ကို ခံစားမိနေသည်။

အနီးရှိ ကျင့်ကြံသူများလည်း မျက်မှောင်ကြုတ်သွားကြသည်။

“အဲဒီလူအိုကြီးက ဘယ်သူလဲ ”

“ သူ့အင်အားက ခုံယွမ်နဲ့တောင် လက်ရည်တူတယ်ဟ ”

“ ဗုဒ္ဓဂိုဏ်းက အချင်းချင်း ချကုန်ကြပြီလား ”

သူတို့က အစောလေးက ဗုဒ္ဓရွှေခန္ဓာကိုယ်ကြီးကို အမှတ်ရသွားသည့်အခါ အတွင်းပဋိပက္ခ ဖြစ်လိမ့်မည်ဟု ထင်လိုက်ကြသည်။ သူတို့က ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းနှင့် မဟာနတ္ထိဘုရားကျောင်းတို့ကြား ပဋိပက္ခများက ကျင့်ကြံရေးလောကအတွင်း ပျံ့နှံ့နေမှန်း သိထားကြသည်။ မဟာနတ္ထိဘုရားကျောင်းက လူများလွှတ်ကာ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းအား ဆိုးဆိုးရွားရွား လုပ်ခဲ့သေးသည်။ အကြောင်းအရင်းတချို့ကြောင့် အံ့ဖွယ်ဘုန်းကြီးလေးပါး အသတ်ခံလိုက်ရပြီး ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းက ထပ်မရှိတော့ပေ။ ယနေ့အထိ မည်သူမှ ဘာြဖစ်ခဲ့မှန်း မသိကြပေ။ လက်ရှိအခြေအနေက ဗုဒ္ဓဂိုဏ်းအတွင်းရေး ပဋိပက္ခများနှင့် ကွက်တိတူနေသည်။

လုကျိုးက မတ်မတ်ရပ်လိုက်သည်။ သူက လက်ကို ကွေးကာ လက်ဝါးကို အသာတွန်းထုတ်လိုက်သည်။ ထိုစဉ် လက်ဝါးချက် အသေးစားလေး ပေါ်ထွက်လာသည်။

“ကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ်အသေးစားလးလား” ခုံယွမ်က ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။ သူက မကျေမနပ် ပြောလိုက်သည်။

“ ဒါက ခင်ဗျားရဲ့ မိစ္ဆာဇင်အစစ်အမှန်ဆိုတာကြီးလား … ကျုပ်တော့ …”

သူက စကားဆက်ပြောနေတုန်း လက်ဝါးရာ အသေးစားလေးက ကြီးလာကာ သူ့အပေါ် ရောက်လုနီးပါး ဖြစ်လာသည်။ ယခုအခါ ပေအတော်အတန် မြင့်မားသွားပြီ ဖြစ်၏။

ကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ် အသေးစားလေးက ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်တော် ဖြစ်လာသည်။

ခုံယွမ်က မြန်မြန် နောက်ဆုတ်လိုက်ရသည်။ သူ့မျက်နှာအထက် စိုးထိတ်သည့် အမူအရာတို့ ရှိနေဆဲ ဖြစ်၏။

အခြားလူများက ပါးစပ်ဟောင်းလောင်းဖြင့် ကြည့်နေကြသည်။

နောက်ထပ် အမွှာဇင် ကျင့်ကြံသူကွ

ဗုဒ္ဓဂိုဏ်းတွေမှာ ဘယ်တုန်းက အဲလောက် လူတော်တွေ ပေါလာတာလဲ … ဒီလိုရော ခွင့်ပြုထားရဲ့လား

ခုံယွမ်က သူ့ရွှေခန္ဓာကို အသက်သွင်းလိုက်ပြီး နှစ်ဆဈာနမုဒြာကို ဆက်ထိန်းထားသည်။

“ ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်တော်က ငါ့ကို ဘာမှမလုပ်နိုင်ဘူး”

ဝုန်း

ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်တော်က ပိုကြီးလာသည်။

ဗုဒ္ဓရွှေခန္ဓာက ပိုကြီးသော်လည်း လက်ဝါးချက်လောက် အားမရှိဘဲ ဟန်ပြလိုသာ ဖြစ်နေသည်။

ဝုန်း

ပေါက်ကွဲသံအကျယ်ကြီး ထွက်လာပြီးနောက် အရာအားလုံး တိတ်ဆိတ်သွားလေသည်။

လုကျိုးက ပျောက်ကွယ်လာပြီ ဖြစ်သည့် အနက်ရောင်လက်ဝါးရာကို ကြည့်လိုက်သည်။

“တင် … နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူကို သတ်နိုင်ခဲ့တဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါမယ် ”

နောက်ဆုံးတော့ ကျေသွားခဲ့ပြီ…

သို့သော်လည်း ဒီလိုသာဆက်ဖြစ်နေလျှင် တစ်ရက်တော့ အသေရိုက်ချက် ကတ်ပင် မဝယ်နိုင်သည့် အခြေအနေသို့ ကျရောက်သွားလိမ့်မည်။ ထို့ကြောင့် သူက ခုံယွမ်ကို သတ်ဖို့ လို၏။

လက်ဝါးရာကြီး ပျောက်ကွယ်သွားပြီးနောက် ပုတီးကုံးမှ ပုတီးစေ့များက လေထဲမှ ပြုတ်ကျလာသည်။

“တင် … ဗုဒ္ဓပုတီးစေ့ကို ရရှိပါတယ်။ ပြန်လည်အသုံးမပြုခင် သန့်စင်ဖို့ လိုအပ်ပါတယ် ”

ဤသည်မှာ မျှော်မှန်းမထားသည့် အကျိုးမြတ် ဖြစ်၏။ သူက လက်ကို ဝေ့လိုက်သည့်အခါ ဗုဒ္ဓပုတီးက သူ့လက်ထဲ ရောက်လာသည်။

ဗုဒ္ဓဂိုဏ်းကြီး လေးဂိုဏ်းကြား ပထမဖြစ်သည့် မဟာနတ္ထိဘုရားကျောင်း၏ ကျောင်းထိုင်တစ်ဖြစ်လည်း ပထမဆုံး မိစ္ဆာဇင် ကျင့်ကြံသူ ခုံယွမ်က ယနေ့ သေဆုံးသွားလေပြီ။

ကျန်းအိုက်ကျန့်ပင် ကြောင်အမ်းသွားလေ၏။

ချွမ်

ကျန်းအိုက်ကျန့် လက်ထဲမှ နဂါးတေးသံက လွှတ်ကျသွားသည်။ ရှောင်ယွမ်အာက ထိုအရာကို မြင်လိုက်သည့်အခါ ဝင်ပြောလိုက်သည် “ သူက သူ့ဘာသာ မိစ္ဆာဇင်ရဲ့ ပထမဆုံးလေး ဘာလေး ခေါ်လိုက်သေးတာ ဖွီး ”

ကျန်းအိုက်ကျန့်က လက်ရှိ အသိပြန်ကပ်လာပြီး သူ့အချစ်လေး နဂါးတေးသံကို မြန်မြန် ကောက်ယူလိုက်ပြီး သေချာပွေ့ဖက်ကာ သုတ်ပေးလိုက်သည်။

“လောင်ချန်းပေ့က ဘယ်နေရာသွားသွား သက်ရောက်မှုအားကြီးတယ်။ ကျွန်တော် ကျန်းအိုက်ကျန့်တော့ လောင်ချန်းပေ့ကလွဲပြီး ဘယ်သူကိုမှ အထင်မကြီးဘူး ”

ကျန်ကျင့်ကြံသူများလည်း အသိအမှတ်ပြုကြသည်။

“လောင်ချန်းပေ့ ကျေးဇူးပါ ”

နှစ်ကြိမ်တိုင်တိုင် ဦးညွှတ်ခံရ၍ အမှတ်ပိုရမလာသည်မှာ နှမြောစရာကောင်းလှသည်။

လုကျိုးက သူတို့ကို လျစ်လျူရှုထားလိုက်သည်။ သူက လက်အသာဝေ့လိုက်သည့်အခါ နတ်ဆိုးဓားက သူ့လက်ထဲ ရောက်လာသည်။ သူက သေချာကိုင်လိုက်သည်။ သူ့လက်ဖဝါးမှ အေးစက်စက် ခံစားချက်က စီးဝင်လာသည်။ သူ ထင်ထားသည့်အတိုင်း သာမန်ပစ္စည်း မဟုတ်ပေ။

လုကျိုးက မျက်မှောင်အသာကြုတ်လိုက်သည့်အခါ နတ်ဆိုးဓားက သူ့ကို ကြောက်နေသည်လား ဒါမှမဟုတ် သူ့ထိန်းချုပ်ထားမှုကို ချိုးဖောက်ဖို့ ကြိုးစားနေသည်လား မသည်းမကွဲ တုန်ခါသွားသည်။

ထိုစဉ် လှိုဏ်ခေါင်းမှ ထူးထူးဆန်းဆန်း အသံထွက်လာသည်။

ခြစ် ခြစ် ခြစ် …

အားလုံးက ထိုအသံဆီ အာရုံရောက်သွားကြသည်။

…

All Chapters