← Chapters

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

အခန်း (၂၈၉) ရှင်နေသော သေသူ

ဘီး

နတ်ဆိုးဓားက တုန်နေသေးဆဲဖြစ်သည်။ ထွင်းစာများ၏ အားဖြည့်မှုမပါဘဲ နတ်ဆိုးဓားက ယခုဆို ပိုအားနည်းသွားပြီး၏။

လုကျိုးသည် ဥမင်ထဲမှ အသံအကြောင်း ပူပန်ရန်အချိန်မရှိပေ။ သူက နတ်ဆိုးဓားကို ဖိနှိပ်ရန် ကနဦးချီကို သုံးလိုက်တော့၏။

ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

"လောင် ... လောင်ချန်းပေ့ ... ကျွန် ... ကျွန်တော်...” သူက သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်သည်။

လုကျိုးက သူ့ကိုတစ်ချက်ကြည့်ကာမေးလိုက်တော့၏။ “မင်း လိုချင်တာလား”

ကျန်းအိုက်ကျန့်က ပြောင်ချော်ချော်ဖြင့် သူ့ခေါင်းသူကုတ်လိုက်သည်။

နတ်ဆိုးဓားက ကြီးမားလွန်းပေ၏။ လူတစ်ယောက်၏အရပ်အမြင့်တစ်ဝက် နီးပါးရှိပြီး အပြားကျယ်ကာ ထူထဲ၏။ ထွင်းစာမှ စွမ်းအားများဆုံးရှုံးသွားပြီး အင်မတန်ရုပ်ဆိုးလာသည်။ ဓားသွားက ကြမ်းတမ်းပြီး ညီတောင်မညီပေ။

လုကျိုးက သူ၏ဆုပ်ကိုင်ထားမှုကိုဖြေလျော့ကာ လက်ဖဝါးဖြင့်ရှေ့သို့တွန်းထုတ်လိုက်၏။

ဘန်းးးးး

နတ်ဆိုးဓားကြီးက ကျန်းအိုက်ကျန့်ဆီသို့လွင့်ပျံသွားသည်။

ကျန်းအိုက်ကျန့်က အပျော်လွန်သွားပြီး နတ်ဆိုးဓားကိုဖမ်းကိုင်လိုက်ကာ ဓားပေါ်၌ လက်ဝါးရာအချို့ ကျလာတော့၏။ ကျန်ရှိသည့်ထွင်းစာစွမ်းအားက လေထဲပျောက်ကွယ်သွားသည်။ နတ်ဆိုးဓားက နောက်ဆုံးတော့ ငြိမ်သွားပြီဖြစ်သည်။

“ကျေးဇူးပါ လောင်ချန်းပေ့ .... ဆယ်နှစ်။ လောင်ချန်းပေ့ ကျွန်တော့်ကို ဆယ်နှစ်ခေါ်လို့ရပါပြီ”

ကျန်းအိုက်ကျန့်က နတ်ဆိုးဓားကို ချစ်မြတ်နိုးစွာကြည့်လိုက်၏။

ရှောင်ယွမ်အာနှင့် ချင်ကျွင်းတို့က သူ့ကို ဆွံ့အစွာကြည့်လိုက်သည်။

လုကျိုးက သူ့ကိုစိတ်ထဲမထားပေ။ သူ၏အလိုလိုသိစိတ်အရ ထိုထွင်းစာများ၏စွမ်းအားသည် နတ်ဆိုးဓား၏ အခြေခံခွန်အားဖြစ်ကြောင်းပြောပြနေ၏။ ထွင်းစာမရှိသည့်နတ်ဆိုးဓားသည် ဝိညာဉ်မရှိသည့်ပစ္စည်းတစ်ခုနှင့်တူနေပေလိမ့်မည်။ သူ့အတွက် မဆွဲဆောင်နိုင်ပေ။ ကျန်းအိုက်ကျန့် ကဲ့သို့ စုဆောင်းသူတစ်ဦးသာလျှင် သူ့ကိုတန်ဖိုးထားလိုက်မည်။

ကျန်းအိုက်ကျန့်သည် သူ၏အိတ်ထဲမှ ကြိုးတစ်ချောင်းကိုထုတ်ပြီး နတ်ဆိုးဓားကို နောက်ကျောပေါ်၌ သိုင်းချည်လိုက်ပြီး သူ့ရှေ့တွင်မူနဂါးတေးသံကို သယ်ဆောင်ထားလေ၏။ ယခုချိန်၌ သူမည်မျှပျော်ရွှင်နေကြောင်း ဖော်ပြရန်မလိုအပ်တော့ချေ။ သူ၏အပျော်က ထိတွေ့လို့ ရလုနီးပါးဖြစ်နေလေ၏။ လူတစ်ယောက်အတွက် သူတို့ဘဝတွင်အပျော်ဆုံးအချိန်က သူတို့လိုချင်သည့်အရာကို ရလိုက်ခြင်းပင်ဖြစ်သည်။

ဂျွတ် ဂျွတ် ဂျွတ်

ဥမင်အသံက ပိုကျယ်ပြီးရင်းပိုကျယ်လာ၏။

ဥမင်ထဲတွင် ကျန်သည့်သူများက ရှိသေးသည်။ အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူများက ထပ်သွားရန်ရည်ရွယ်ချက်မရှိပေ။

ချင်ကျွင်း၏အသံက တုန်ယင်နေကာပြောလိုက်၏။ “ဒါက တော်ဝင်သင်္ချိုင်းဆီ ဦးတည်တဲ့ဥမင် ... အစောတည်းက ဆက်ထားတာနဲ့တူတယ်”

ကျန်းအိုက်ကျန့်က အနေခက်စွာပြောလိုက်၏။ "လောင်ချန်းပေ့ ... ကျွန်တော်တို့တွေ နောက်နေ့မှ ပြန်လာမလား”

“ဟမ်”

“ကျွန်တော် သွားမယ် ... သွားမယ်” ကျန်းအိုက်ကျန့်က လက်ကိုဝေ့ယမ်းလိုက်၏။ ဆိုရလျှင် သူ၏ဘိုးဘေးအုတ်ဂူကို တခြားသူများတူးတာ သူခွင့်မပြုနိုင်ပေ။

ချင်ကျွင်းက ကျန်းအိုက်ကျန့်ကို ဇဝေဇဝါကြည့်လိုက်လေ၏။ ကျန်းအိုက်ကျန့်က တမူထူးခြားမှန်း သူသိသည်။ သို့သော် ကျန်းအိုက်ကျန့်က ဤတာဝန်အတွက် အဘယ်ကြောင့်ထိုမျှ စိတ်အားထက်သန်နေရသနည်း။ သူသည် ကျန်းအိုက်ကျန့်အကြောင်းယခင်က ကြားခဲ့ဖူး၏။ ထိုလူက ဓားများကိုအချစ်ဆုံးဖြစ်ပြီး သူ့အသက်ကို တန်ဖိုးအထားဆုံးဖြစ်သည်။ ဥမင်က အင်မတန် အန္တရာယ်များပုံပေါ်၏။ ကျန်းအိုက်ကျန့်သည် သူ့အသက်ကိုစိုးရိမ်ပူပန်ခြင်းမရှိသည်လော။

ကျန်းအိုက်ကျန့်က နောက်ကျောတွင် နတ်ဆိုးဓားဖြင့်ဥမင်ဆီသို့ဂရုတစိုက်သွားလိုက်၏။ သူက ယခုဆိုဥမင်ဝင်ပေါက်ရောက်နေပြီဖြစ်သည်။

ရုတ်တရက်တွင် ဥမင်ထဲမှ အနက်ရောင်အရာကြီးတစ်ခုပေါ်ထွက်လာ၏။

ဘန်း ဘန်း ဘန်း

ကျန်းအိုက်ကျန့်သည် သူ၏ကာကွယ်ရေးစွမ်းအင်ကို အလိုအလျောက်မြှင့်တင်ပြီးနောက် အနက်ရောင် အရာဝတ္ထုနှင့် တိုက်ခိုက်ရန် စီစဉ်လိုက်သည်။

ကျန်သည့်သူများက ထိုအနက်ရောင်အရာဝတ္ထုက ဘာမှန်းချက်ချင်းသိလိုက်၏။ “အခေါင်းတစ်ခု”

“ဘုရားရေ ... ဒါက အခေါင်းတစ်ခုတဲ့”

ကျန်ရှိသည့်ကျင့်ကြံသူများက ကြောက်လန့်မှုကြောင့် မလှုပ်နိုင်ဖြစ်သွားသည်။ သူတို့ဒူးများက ပျော့ခွေကုန်၏။ အစောတုန်းက ဓားအစုအဝေးကြောင့် သူတို့ဒဏ်ရာရပြီးဖြစ်သည်။ သူတို့မပြေးနိုင်တော့ချေ။

ဘန်း ဘန်း ဘန်း

အခေါင်းကလေထဲလည်ပတ်နေပြီးနောက် ကျန်းအိုက်ကျန့်ဆီသို့ဝင်ရောက်လာတော့သည်။

ကံကောင်းသည်မှာ ကျန်းအိုက်ကျန့်သည် သူ့ကို သွက်သွက်လေးရွေ့လျားနိုင်သည့် တောက်ကိုယ်ပျောက်ခြင်းကျင့်စဉ်ကိုကျင့်ကြံထား၏။ သူ၏စွမ်းအင်နှင့်ခြေသိုင်းတို့၏ အဆင့်တို့ဖြင့် အခေါင်း၏တိုက်ခိုက်မှုကို သူရှောင်တိမ်းခဲ့သည်။ သူက နောက်သို့အတွန်းခံရရုံမျှသာရှိသည်။

“ငါ ဒီနေ့ ဘာဖြစ်နေရတာလဲ။ ဘာကြောင့် ငါ့ကံ ဒီလောက်ဆိုးနေရတာလဲ” ကျန်းအိုက်ကျန့်က လေဟုန်စီးလျက် ဥမင်မှ ကျန်သည့်သူများရှိသည့်နေရာဆီသို့ပြန်ဆုတ်လိုက်သည်။

ခေါင်းတလားက ဆက်မတိုက်ခိုက်တော့ပေ။ သူက ဥမင်၏ဝင်ပေါက်၌သာ ပျံဝဲနေရုံသာရှိသည်။

“သက်ရှိသေလူလား” ချင်ကျွင်းက မျက်မှောင်ကျုံ့လိုက်၏။

“သေလွန်သူတွေက အသက်ပြန်မဝင်နိုင်ဘူး။ ဒါက သေသူ ရှင်တာမဟုတ်လောက်ဘူး။ တစ်ယောက်ယောက်က လှည့်ကွက်သုံးဖို့ကြိုးစားနေတာပဲ” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

ကျန်သည့်သူများက ခေါင်းတလားကိုစိုက်ကြည့်နေကြ၏။

ခဏအကြာတွင် အခေါင်းထဲက နက်ရှိုင်းသည့်အက်ကွဲကွဲအသံပေါ်လာ၏။

“ဘယ်သူက ဓားသင်္ချိုင်းထဲကျူးကျော်လာတာလဲ”

ရှောင်ယွမ်အာက ကျန်းအိုက်ကျန့်ကိုကြည့်ပြီးပြောလိုက်သည်။

“သူ့ကို သွားပြောလိုက်သည်။ အခေါင်းထဲမှာက နင့်ရဲ့ဘိုးဘေးဖြစ်နိုင်တယ်”

“အင်း” သူပြောတာမမှားဘူးလေ။ ဆိုရလျှင် ဥမင်ထဲမှပေါ်ထွက်လာတာဖြစ်သည်။ တော်ဝင် မိသားစု၏အလောင်းကိုသာ တော်ဝင်သင်္ချိုင်းထဲတွင်ထားထား၏။ ဆိုရလျှင် ၎င်းကိုကြားသောအခါ ချင်ကျွင်းက ကျန်းအိုက်ကျန့်ကို အထိတ်တလန့်ကြည့်လိုက်သည်။

သူက တော်ဝင်မိသားစုက တစ်ယောက်ယောက်လား ... ဒါမှမဟုတ် ... ဒီကောင်မလေးက သူ့ကို စနေတာလား။

ကျန်းအိုက်ကျန့်က ခေါင်းကုတ်ကာပြောလိုက်သည်။ “ကျုပ် နာမည်က ကျန်းအိုက်ကျန့် ... ချန်းပေ့ကို ဘယ်လိုများ ခေါ်ရမလဲ”

ခေါင်းတလားထဲမှ နက်ရှိုင်းသည့်အသံပေါ်ထွက်လာ၏။ “လူငယ်တစ်ယောက်လား”

ကျန်းအိုက်ကျန့်က သူ့ဖာသာသူစစ်ဆေးလိုက်၏။ ငယ်ရွယ်တာ ဘာမှားလို့လဲ။ ငါက သန်မာပြီး လေထဲက ကျောက်စိမ်းသစ်ပင်လိုချောမောခန့်ညားတယ်။

ခေါင်းတလားထဲက အသံက ဆက်လက်ထွက်ပေါ်နေ၏။

“နတ်ဆိုးဓားကို ဖြိုခွင်းနိုင်တဲ့သူက တစ်မိုးအောက်မှာတစ်ယောက်ပဲရှိတယ်။ အဲ့ဒီလူ ရှေ့တိုးလာသင့်တယ်”

မည်သူပင်ဖြစ်စေကာမူ ခေါင်းတလားထဲရှိ လူက ထက်မြက်ပေ၏။

ကျန်းအိုက်ကျန့်က လုကျိုးကို တစ်ချက်ကြည့်လိုက်သည်။ အံ့ဩစရာမရှိပေ။ လောင်ချန်းပေ့က သူ၏အရှိန်အဝါကို ဖုံးကွယ်ထား၏။ ယခုအချိန်တွင် သူက အားနည်းသည့်အဖိုးအိုတစ်ဦးပမာ ထင်မှတ်ရသည်။ ထို့ကြောင့် ခေါင်းတလားသည် လုကျိုး၏တည်ရှိမှုကိုကျော်ကြည့်မိသွားတာပဲ ဖြစ်၏။

“မင်းလား...” လုကျိုးက နောက်ဆုံးတွင်ပြောတော့သည်။

လုကျိုး၏ စကားကိုကြားသောအခါ လူတိုင်းက ထိတ်လန့်သွားလေ၏။ သူတို့တစ်ယောက်နှင့် တစ်ယောက်သိတယ်လား။

ခေါင်းတလားက အတော်ကြာတိတ်ဆိတ်သွားပြီးနောက် ထပ်ပြောပြန်၏။

“ထင်တဲ့အတိုင်း မင်းပဲကို...” လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်တော့သည်။

“မင်းသေတာကြာပြီလို့ ထင်နေတာ။ ဒါပေမဲ့ မင်း ဒီမှာပုန်းနေလိမ့်မယ်လို့မထင်ထားဘူး”

ခေါင်းတလားထဲရှိလူက ထူးထူးဆန်းဆန်းရယ်လိုက်၏။

“မိတ်ဆွေကြီးရေ ... လူတိုင်းသေကြမှာ။ ငါက ဒီနေရာကိုစောပြီးရောက်လာပြီးစောင့်နေရုံပဲ”

လုကျိုးက ခေါင်းညိတ်လိုက်၏။ သို့သော်ငြား သူက ပြောလိုက်တော့၏။ “အဲ့လိုမဟုတ်မှာ စိုးရိမ်မိတယ်။ နတ်ဆိုးဓား၊ အဆုံးသတ်ခုနစ်ပါးအစီအရင်၊ ထွင်းစာတွေ မင်းရဲ့သက်တမ်းကို ဆွဲဆန့်နိုင်မဲ့ နည်းလမ်းတစ်ခုရှာတွေ့နိုင်မယ်လို့ထင်နေတာလား”

“သက်တမ်းဆွဲဆန့်ဖို့လား...”

လူတိုင်းက ထိုအရေးကိစ္စ၏ အဓိကသော့ချက်ကိုဖမ်းမိသွား၏။ အစတည်းက ထိပ်သီး၌ ရပ်နေနိုင်သည့်ကျင့်ကြံသူများသည် အသက်ရှည်ရန်နည်းလမ်းများရှာဖွေကြပြီး အချို့ဆို ထာဝရအသက်ကိုတောင် ရှာဖွေကြ၏။ လက်ရွေးစင်က အကန့်အသတ်သာရှိသည်။

ခေါင်းတလားက ပြန်ပြောသည်။ “မင်းကော တူတူပဲမဟုတ်ဘူးလား”

လုကျိုးက အနည်းငယ်အံ့ဩသင့်သွားလေ၏။ အပြင်ဖက်တွင်မူ သူ၏အမူအရာက တည်ငြိမ်နေလျက် မုတ်ဆိတ်သပ်ကာပြောလိုက်တော့သည်။

“မဟုတ်ဘူး ... ငါက အစောတည်းက သေခြင်းရှင်ခြင်းကိုကြုံတွေ့ပြီးသား”

ခေါင်းတလားက ရှူးရှူးရှဲရှဲမြည်လာပြီးပြောလိုက်တော့၏။ “ငါ့ရဲ့တွက်ချက်မှုအရ မင်းရဲ့အချိန် စေ့ခါနီးပြီ။ မိစ္ဆာဝေဟင်မျှော်နန်းကို မင်း ကာကွယ်နေသေးတုန်းလား”

ထိုစကားပေါ်ထွက်လာသည်နှင့် ကျင့်ကြံသူများ၏မျက်နှာ၌ ကြောက်လန့်သည့် အမူအရာရှိနေ၏။ သူတို့က ဘာတွေဖြစ်နေမှန်း နားမလည်သေးလျှင် သူတို့က အရူးများဖြစ်နေလိမ့်မည်။ သူတို့ရှေ့တွင် ရပ်နေသည့်အဖိုးကြီးက မိစ္ဆာဝေဟင်မျှော်နန်း၏ဂိုဏ်းချုပ် နယ်မြေများကို စိုးမိုးထားသူ လူဆိုးကြီးကျိပဲ ဖြစ်သည်။

“သူက မိစ္ဆာကြီးကျိလား"

“ဒါက ...” ကျင့်ကြံသူများသည် သူတို့၏စိတ်ပိုင်းဆိုင်ရာဆက်တိုက်ထိုးနှက်ခံရပြီးနောက် စအော် တော့သည်။ သူတို့မျက်နှာသည် အော်ဟစ်နေစဉ် ရှုံ့တွနေလေ၏။ သူတို့က ကြောက်ရွံ့နေကြ တော့သည်။

“ပြေး ... ပြေး” သူတို့သည် ဓားအစုအဝေးအောက်တွင်ရှင်သန်ခဲ့ပြီး ရဟန်းခုံယွမ် ရှေ့မှောက်တွင် လည်း အသက်ရှင်ခဲ့ကာ နတ်ဆိုးဓားကနေလည်းလွတ်ကင်းခဲ့၏။ သို့သော် ယခု သူတို့အကြောက် ရဆုံး လူဆိုးကြီးက ရှိနေ၏။ သူတို့အသက်အန္တရာယ် စွန့်စားရသည်ဆိုလျှင်တောင်ပြေးမှာဖြစ်သည်။ ကျင့်ကြံသူတစ်ဒါဇင်ခန့်က သူတို့ခန္ဓာကိုယ်ရှိနာကျင်မှုများကို အမှုမထားဘဲထွက်ပြေးလေ၏။

လုကျိုးက ထိုအသေးအမွှားဂိုဏ်းများမှ ကျင့်ကြံသူများကို စိတ်ထဲမထားပေ။ ထိပ်သီးဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ လူများဆိုလျှင် မျက်တောင်မခပ်ဘဲ သူက သူတို့အားလုံးကို သတ်လိုက်မှာပဲဖြစ်သည်။ သို့သော် ဂိုဏ်းလေးများနှင့် သူက စကားများမှာမဟုတ်။ သူတို့ကိုလွှတ်ထားရန်ဆုံးဖြတ်လိုက်၏။ သူက ခေါင်းတလားကိုကြည့်ကာ မုတ်ဆိတ်သပ်လိုက်တော့သည်။

“ကုန်းယွမ်တု ... ငါက အသက်ကြီးပေမဲ့ မင်းထက်အသက်ပိုရှည်မှာ”

ခေါင်းတလားထဲက လှောင်ပြောင်သည့်ရယ်မောသံကပေါ်ထွက်လာလေ၏။

“ဖြစ်နိုင်ပါတယ်လေ...”

“ဓားသင်္ချိုင်းထဲမှာ ပုန်းနေတာက ထာဝရအသက်ကိုရဖို့နည်းလမ်းတစ်ခုရှာဖို့ပဲလား။" လုကျိုးက မေးလိုက်၏။

“အဲ့လိုမဟုတ်ဘူး” ကုန်းယွမ်တုက အက်ရှရှအသံဖြင့်ပြောလိုက်သည်။ “ဓားလမ်းကြောင်းနဲ့ ငါ့ရဲ့ကျင့်စဉ်မှာ အမြင်တချို့တော့ရလာခဲ့တယ်”

“ဓားလမ်းကြောင်းကိုမှ အသိအမြင်ရတာလား”

“ငါ့တဘဝလုံး မင်း .. ညီအစ်ကိုကျိ .. မင်းကိုပဲကြွားချင်နေခဲ့တာ။ အချိန်နဲ့ဒီရေက လူကို မစောင့်ဘူးပဲ။ ငါ့ရဲ့ကျင့်ကြံဆင့်က တဖြည်းဖြည်းချင်း ငါ့နားက ကမ္ဘာကြီးဆီပြန်ရောက်လာနေပြီ”

…

အခန်း (၂၉၀) တိုက်ပွဲတစ်ခု၏ ကတိကဝတ်

အနက်ရောင် ခေါင်းတလားက လေထဲ မျောလွင့်နေကာ မလှုပ်ပေ။

“အစ်ကိုကျိကို ဒီမှာတွေ့ရမယ် မထင်ထားမိဘူး ”

လုကျိုးက ထပ်မေးလိုက်သည်။

“ အဆုံးသတ်ခုနှစ်ပါး အစီအရင်နဲ့ နတ်ဆိုးဓားက မင်း လက်ချက်လား ”

“ အစီအရင်တွေနဲ့ ပတ်သက်ပြီး ဘာမှမသိပါဘူး” အခြားနည်းဖြင့်ဆိုရလျှင် ကုန်းယွမ်တုက နတ်ဆိုးဓားကို ထားခဲ့ပြီး ဂူ တည်ဆောက်ခဲ့သူ ဖြစ်၏။

“ ဒီနှစ်တွေမှာ ခေါင်းတလားထဲ နေပြီး အသိအမြင်အသစ်တွေ ရလာရဲ့လား”

ကုန်းယွမ်တုက သက်ပြင်းချကာ “ ငါ့ဓားအရည်အချင်းတော့ တိုးတက်လာပေမဲ့ ကျင့်ကြံဆင့် ကန့်သတ်ချက် ရှိနေတုန်းပဲ။ ငါ သူတို့ကို အပြည့်အဝ ထုတ်မသုံးနိင်ဘူး။ အခု အစ်ကိုကျိရဲ့ ပြိုင်ဘက် ဖြစ်မလားတော့ မသေချာဘူး ”

ကုန်းယွမ်တုနှင့် လုကျိုးတို့က ပြိုင်ဘက်ကင်း ထိပ်တန်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ကုန်းယွမ်တုသာလျှင် သူက လုကျိုးကို မည်မျှအနိုင်လိုချင်နေကြောင်း သိပေမည်။

“ ငါ့ကို အဲလောက်တောင် အနိုင်လိုချင်နေတာလား ”

“မင်းကို အနိုင်လိုချင်တာ ငါ တစ်ယောက်တည်း မဟုတ်ဘူး ” ကုန်းယွမ်တုက ပြန်လည်ချေပလိုက်သည်။

“ကောင်းပြီလေ ”

အဖြေက ရှင်းလင်းလှသည်။ မိစ္ဆာဝေဟင်မျှော်နန်းမှ ရတနာများကို လုယူကာ မိစ္ဆာအိုကြီးကို သတ်ချင်နေချင်ကြသည့်သူ ဒုနှင့်ဒေး ရှိလေသည်။

ထိုစဉ် လုကျိုးနှင့် ခေါင်းတလားထဲရှိ ကုန်းယွမ်တုတို့က ပြိုင်ဘက်ဟောင်းတွေ ဖြစ်ကြောင်း အားလုံးက သိသွားကြသည်။ ပုံမှန်အားဖြင့် သူတို့က ဝါစဉ်ကြီးနှစ်ယောက်ကြား စကားဝိုင်းကို ဝင်ရှုပ်ဖို့ နေရာမရှိကြောင်း သိထားလေသည်။

ခေါင်းတလားထဲမှ အသံထွက်လာပြန်သည်။

“ ငါ သိချင်နေတာ … မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဆရာကြီးက ဓားသင်္ချိုင်းမှာ ဘာလာလုပ်နေတာလဲ။ ငါ့နတ်ဆိုးဓားကြောင့် ရောက်လာတာလား။ မင်းဆီမှာ ငါနဲ့ ယှဉ်နိုင်တာတွေ အများကြီးရှိပြီးသားကို ”

လေထုက နွေးထွေးလာလေပြီး ခေါင်းတလားထဲမှ ထွက်လာသည့် ဖိအားက အတော်အတန် လျော့ကျသွားသည်။

လုကျိုးက ပြန်ဖြေလိုက်သည်။

“ ဒီတော်ဝင်သင်္ချိုင်းထဲမှာ ငါ့အပိုင်ပစ္စည်းတစ်ခု ရှိနေလို့ ”

“ မင်းက အမြဲတမ်း ကပ်စေးနည်းလိုက်တာ … အစ်ကိုကျိ အဲဒါကို ပြောနေတာလား” ကုန်းယွမ်တု၏ အသံက တဖြည်းဖြည်း တိုးဝင်သွားပြီး ခေါင်းတလားက လှန်သွားကာ စာအုပ်တစ်အုပ် ထွက်လာသည်။ ခေါင်းတလားက ထပ်မံ လှန်သွားကာ အဖုံးပြန်ပိတ်သွားသည်။

လုကျိုးက စာအုပ်ကို ပေါ့ပါးသွက်လက်စွာ ဖမ်းလိုက်သည်။ ထိတွေ့ရသည်မှာ အေးစက်စက် ဖြစ်နေသည်။ သို့သော်လည်း အအေးဓာတ်က လုကျိုးအတွက် ဘာမှမဟုတ်ပေ။ သူ့နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကာကွယ်ရေးစွမ်းအားက အလွယ်လေး တွန်းလှန်ပစ်နိုင်သည်။

စာအုပ်ကို သေချာထုတ်ပိုးထားလေသည်။ ထို့အပြင် တော်ဝင်မိသားစု၏ အရောင်နှင့် နဂါးအဆောင်အယောင်နှင့်ပါ အလှဆင်ထားသေးသည်။ တော်ဝင်မိသားစုက ကောင်းကင်ကျမ်းသည် အမှောင် စိုစိုထိုင်းထိုင်း ပတ်ဝန်းကျင်ထဲ ပျက်စီးသွားမည်ကို စိုးရိမ်နေကြ၏။ ထို့ကြောင့် သူတို့က သေချာပြင်ဆင်ပေးထားခြင်း ဖြစ်သည်။

လုကျိုးက စာအုပ်ကို လှန်လိုက်သည်။

“ တင်း … ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်း လက်ကျန်အပိုင်းအစ(နောက်ဆုံး)ကို ရရှိသွားပါပြီ ”

ထင်ထားသည့်အတိုင်း ဤသည်မှာ ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်း အစိတ်အပိုင်း ဖြစ်နေသည်။

လုကျိုးက ပြန်ပိတ်ကာ ရှောင်ယွမ်အာဆီ ပေးလိုက်သည်။

ရှောင်ယွမ်အာက ဖမ်းလိုက်ပြီးနောက် သိချင်စွာ ဖတ်ကြည့်လိုက်သည်။ သို့သော်လည်း သူမက တစ်လုံးမှ နားမလည်သောကြောင့် မြန်မြန်ဆန်ဆန်ပဲ စိတ်ဝင်စားမှု မရှိတော့ပေ။

ကုန်းယွမ်တုက ခေါင်းတလားထဲမှ ထပ်ပြောလိုက်သည် “ ဒီတော်ဝင်သင်္ချိုင်းထဲ အဲဒါတစ်ခုပဲ ငါ့အာရုံကို ဖမ်းစားနိုင်တာ။ အခြားပစ္စည်းတွေက သာမန်တွေချည်းပဲ။ မင်းက ဂူဖောက်ဖို့ ရောက်လာတာဆိုတော့ ဒီဟာကိုပဲ စိတ်ဝင်စားတာ ဖြစ်ရမယ် ”

ကုန်းယွမ်တုက လုကျိုးသည် သူ့ထက် စံနှုန်းနိမ့်ကျလိမ့်မည်ဟု မထင်ပေ။

လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။

“ ဒါ ငါရှာနေတာ ကွက်တိပဲ ”

“ စာအုပ်ထဲမှာ ထူးခြားစွမ်းအားတချို့ ပါပေမဲ့ ငါ နားမလည်ဘူး။ ထာဝရအသက်ရှင်နေတဲ့ ဧကရာဇ်နဲ့အတူ မြှုပ်နှံထားတာဆိုတော့ ရတနာပဲလို့ တွေးပြီး သိမ်းထားလိုက်တာ ”

ဤရှင်းပြချက်ကြောင့် အရာအားလုံး ရှင်းသွားလေပြီ။

လုကျိုး၏ ရည်ရွယ်ချက်လည်း အောင်မြင်သွားလေပြီ။ ကျန်းအိုက်ကျန့်၏ ဘိုးဘေးဂူကို တူးဖော်စရာ မလိုတော့ပေ။

“ကုန်းယွမ်တု … တကယ်လို့ မင်း ထွက်သွားချင်ရင် ငါ ခေါ်သွားပေးလို့ ရတယ်” လုကျိုးက ပြောလိုက်သည်။

ကျေးဇူးကို ကျေးဇူးဖြင့်သာ ပြန်ပေးဆပ်ရမည်။

“မလိုဘူး ကျေးဇူးပဲ” ခေါင်းတလားထဲမှ အသံက မာဆတ်ဆတ် ဖြစ်နေသည်။

ကုန်းယွမ်တုက လည်ချောင်းထဲ တစ်ခုခု တစ်ဆို့နေသည့်အလား “ ငါ မင်းထက် ပိုနေရတော့မယ် မထင်ဘူး”

“ မင်း အချိန်မပြည့်ခင် ရာစုနှစ်တစ်ခုစာလောက် အချိန်ရပါသေးတယ် ” လုကျိုးက ခေါင်းတလားကို ကြည့်လိုက်သည်။ သူက သက်ပြင်းချလိုက်ပြီး ကုန်းယွမ်တိအား ဖျောင်းဖျဖို့ လက်လျှော့လိုက်သည်။

“နှစ်တစ်ရာအပြည့် နေနိုင်တဲ့ သေမျိုးတွေ ဘယ်လောက်ရှိလို့လဲ။ ကျင့်ကြံသူတစ်ယောက်အတွက်လည်း ခက်တယ် … ”

ထိုလူက သူနှင့် အတိတ်တုန်းက မကြာခဏ ယှဉ်ပြိုင်တတ်သူ ဖြစ်၏။ ရွက်ဟောင်းကြွေကာ ရွက်သစ်ထွက်လာတတ်သည်မှာ သဘာဝသာ ဖြစ်၏။ လူတိုင်း မွေးဖွားခြင်း၊ ရှင်သန်ခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့ကို မလွဲမသာ တွေ့ကြုံကြရသည်။ ဤသည်မှာ သံသရာစက်ဝန်းသာ ဖြစ်၏။

“ဒီလိုဆိုမှတော့ အတင်းမပြောတော့ဘူး ”

လုကျိုးက ထွက်သွားတော့မည့်ဆဲဆဲတွင် ကုန်းယွမ်တုက သက်ပြင်းချကာ မေးလိုက်သည်။

“ငါ့အချိန်မပြည့်ခင် အစ်ကိုကျိ မင်းနဲ့ တိုက်လို့ ရဦးမလား”

အခြားလူများက အံ့အားသင့်သွားကြသည်။

ပြိုင်ဘက်ကတော့ ပြိုင်ဘက်ပါပဲ …

ကုန်းယွမ်တုက မသေခင် လုကျိုးအား ပြဿနာပေးရမည့် အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။

ရှောင်ယွမ်အာက အစပိုင်းတွင် ခေါင်းတလားထဲ အသက်ရှင်ဖို့ ကြိုးပမ်းနေသည့် ကုန်းယွမ်တုကို သနားသွားခဲ့သော်လည်း ယခု ထိုသနားစာနာမှုလေးက အငွေ့ပျံသွားလေပြီ။ သူမက ဝင်ပြောလိုက်သည်။

“ ဘာဖြစ်ချင်တာတုံး။ ရှစ်စွင်းက တခြားလူနဲ့ အကြိမ်အများကြီး တိုက်ထားရတာလေ။ ရှင် ဒီပွဲကို နိုင်သွားမယ်ဆိုရင်တောင် ဂုဏ်မရှိဘူး … ပြီးတော့ ရှင်က ရှစ်စွင်းအတွက် ပြိုင်ဘက် မဟုတ်ဘူး ”

ခေါင်းတလားက အနည်းငယ် လှုပ်ခါသွားကာ ရယ်သံထွက်ပေါ်လာသည်။

“အစ်ကိုကျိ … မင်းက မင်းလိုမျိုး ဒေါသကြီးတဲ့ တပည့်တွေ ရထားတာပဲ။ ငါတော့ အံ့ဩမိပါ့ ”

လုကျိုးက ဘာမှမတုံ့ပြန်ပေ။ ထိုအစား သူက ပြောလိုက်သည်။

“တိုက်ချင်ရင် ထွက်ခဲ့ ”

ရှောင်ယွမ်အာက ရယ်လိုက်သည် “ ဟုတ်တယ် .. ထွက်ခဲ့ ”

ကျန်းအိုက်ကျန့်လည်း ဝင်ပြောလိုက်သည်။ “ ချစ်လှစွာသော လောင်ချန်းပေ့တို့ နှစ်ယောက်လုံးက အသိအကျွမ်းတွေဆိုတော့ သေတဲ့အထိ တိုက်ခိုက်စရာ ဘာလိုမလဲ။ ပြီးတော့ ကန့်သတ်ချက် ရောက်နေပြီလို့ ပြောထားတာဆိုတော့ ခင်ဗျားရဲ့ ကျင့်ကြံဆင့်လည်း အတော်အတန် အားယုတ်နေလောက်ပြီမလား။ ဒါတွေ ဘာလို့လိုဦးမှာလဲဗျာ ”

ကုန်းယွမ်တုက‌ ပြောလိုက်သည်။ “ မင်းတို့အားလုံးက အထင်လွဲနေကြတာပဲ။ ငါ အစ်ကိုကျိနဲ့ တိုက်ခိုက်မယ်ဆိုမှတော့ မျှမျှတတ တိုက်ခိုက်မှာပေါ့။ အစ်ကိုကျိ နောက်တစ်လနေရင် မိစ္ဆာဝေဟင်မျှော်နန်းမှာ တွေ့ကြရင် ဘယ်လိုလဲ ”

လုကျိုးက စိတ်ထဲ မထားပေ။ “ မင်း ဒီလကို ကျော်နိုင်ပါ့မလား စိုးရိမ်မိသား ”

ကန့်သတ်ချက်ရောက်သည့်အခါ ဘယ်အချိန် သေဆုံးမည်မှန်း မည်သူမှ သေချာမသိပေ။

ယနေ့ ဖြစ်မလား ဒါမှမဟုတ် မနက်ဖြန်လား … ဒါမှမဟုတ် နောက်တစ်နှစ်နေမှလား …

ကုန်းယွမ်တုက ခပ်ဩဩ ရယ်လိုက်ရင်း “ ကောင်းပြီ နောက်တစ်လနေရင် တွေ့ကြမယ်။ တကယ်လို့ ငါ မလာနိုင်ခဲ့ရင်လည်း ရှိပါစေတော့”

သူက တစ်ဘဝလုံး ရုန်းကန်ပြီးနောက် သူ့ကံတရားကို လက်ခံဖို့ ဆုံးဖြတ်လိုက်ဟန် ပေါ်သည်။

လုကျိုးက မုတ်ဆိတ်မွေးအသာသပ်ကာ တခြားလူများကို ကြည့်လိုက်သည်။

ကျန်းအိုက်ကျန့်က ခေါင်းတလားကို ကြည့်ရင်း “ လောင်ချန်းပေ့က ဒီမှာဆက်နေမယ်ဆိုရင် ကျွန်တော်ကို တစ်ခုလောက် မျက်နှာသာပေးပြီး ကူညီပေးပါ့လား။ အထဲက ပစ္စည်းတွေကို မပျက်စီးစေပါနဲ့နော်”

“ မင်းနဲ့ ဘာဆိုင်လို့လဲ ”

“ ကျွန်တော်တို့က သေဆုံးပြီးသားသူတွေကို လေးစားသင့်တယ်လေ ”

ဤတစ်ကြိမ် ခေါင်းတလားက ဘာမှပြန်မဖြေတော့ပေ။

လုကျိုးက မြေပေါ် ပြန့်ကျဲနေသည့် ဓားများကို ကြည့်လိုက်သည်။

ကျန်းအိုက်ကျန့်ကလည်း ပြောလိုက်သည်။

“ ကျွန်တော်က တတိယအဆင့် ပစ္စည်းတွေကို မယူဘူး ”

ချင်ကျွင်းက ခေါင်းကုတ်ကာ နေရခက်စွာ ပြောလိုက်သည်။ “ နှစ်လက်လောက် ယူလို့ရမလား ”

ကျန်းအိုက်ကျန့်က မျက်လုံးဝေ့ကြည့်လိုက်ရင်း “ယူပါ ”

ချင်ကျွင်းက ပျော်ရွှင်သွားကာ သူ ရှာတွေ့သည့် မြေကမ္ဘာအဆင့် ဓားထဲမှ အကောင်းဆုံး နှစ်လက်ကို ရွေးလိုက်သည်။

ကျန်းအိုက်ကျန့်က ပြောလိုက်သည်။ “ တစ်ယောက်ယောက်တော့ မျက်စိကျနေလောက်တယ် ”

“ ဓားတွေကို မြတ်နိုးတဲ့ ယောကျ်ားတစ်ယောက်က ဘယ်တော့မှ မလျော့နည်းသွားဘူး ”

“ ငါတို့က ဝါသနာတူနေတာပဲ ”

“ ပြောစရာကို မလိုပါဘူးဗျာ ”

လုကျိုးက ခေါင်းခါလိုက်သည်။ သူက လက်နောက်ပစ်လျက် ဓားသင်္ချိုင်းမှ ထွက်လာလိုက်သည်။

ခေါင်းတလားက လိုဏ်ခေါင်းထဲ ပျောက်ကွယ်သွားလေသည်။

ရှောင်ယွမ်အာလည်း ရှစ်စွင်းနောက်မှ လိုက်သွားသည်။

အဆုံးသတ်ခုနှစ်ပါး အစီအရင်က စွမ်းအားတချို့ စုစည်းလာသည်။

“ ရှစ်စွင်း ခေါင်းတလားထဲက လူက ဘယ်သူလဲဟင်”

“အသိမိတ်ဆွေ ”

“ရှစ်စွင်းဆီမှာ မိတ်ဆွေရှိတယ်လား ”

“အတိအကျပြောရရင်တော့ ပြိုင်ဘက်ပေါ့ ” လုကျိုးက လမ်းလျှောက်ရင်း ရှင်းပြလိုက်သည်။

“အဲဆို ရှစ်စွင်းမှာ မိတ်ဆွေရှိတာပေါ့” ရှောင်ယွမ်အာက မေးလိုက်သည်။

“ အများကြီး ရှိတယ် ”

“ အိုး ”‌

နောက်ဆုံးတွင် သူတို့ ဓားသင်္ချိုင်းအပြင်ဘက်ဆီ ပြန်ရောက်လာကြပြီး ကောင်းကင်ကို မြင်လိုက်ကြရသည်။ သူတို့က မနေနိုင်ဘဲ သက်ပြင်းချလိုက်ကြ၏။

“နတ်ခြင်္သေ့ ”

ကျန်းအိုက်ကျန့်နှင့် ချင်ကျွင်းလည်း ပြေးလာကြသည်။ လုကျိုးက နတ်ခြင်္သေ့ပေါ် ချက်ချင်း ခုန်တက်မသွားသေးဘဲ “ ကျန်းအိုက်ကျန့် ”

“လောင်ချန်းပေ့ ဘာဖြစ်လို့လဲ ”

“ကျောင်းယွဲ့က နန်းတော်ထဲမှာပဲ ရှိသေးတယ်။ သူမကို စောင့်ရှောက်ပေးထား ” လုကျိုးက ပြောလိုက်သည်။

“ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ လောင်ချန်းပေ့ကို တစ်ခုပြောရဦးမယ်”

“ ဘာလဲ ”

“ စီးဝူယာ့က ကျွန်တော်ကို စုံစမ်းနေတယ်။ ပြီးတော့ သူက ကျွန်တော့်ဇစ်မြစ် ဖော်ထုတ်နိုင်လုနီးပါး ဖြစ်နေပြီ။ သတင်းအချက်အလက် စုစည်းတဲ့နေရာမှာ ကျွန်တော်က သူ့ကို မယှဉ်နိုင်ဘူး။

သူ့လူတွေက ကျွန်တော့်အရင်းအမြစ်တွေကို လိုက်ဖျက်နေကြတာ … ဒီရက်ပိုင်းထဲ ငါးယောက်ထက်မနည်း ဆုံးရှုံးသွားတယ်။ သူတို့က ကျွန်တော်အတွက် အရေးကြီးတဲ့ အဆက်အသွယ်တွေ … တကယ်လို့ ဖြစ်နိုင်ရင် သူ့ကို တစ်ခု၊ နှစ်ခုလောက် သတိပေးပေးလို့ ရမလား” ကျန်းအိုက်ကျန့်က တောင်းဆိုလိုက်သည်။

…

အခန်း (၂၉၁) အဖြူရောင်အမျိုးသမီး

“ငါ ဘာလုပ်ရမယ်ဆိုတာ သိတယ်” လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်၏။

“ကျေးဇူးပါ ဆရာကြီး”

လုကျိုးက နတ်ခြင်္သေ့ပေါ် ခုန်တက်လိုက်လေ၏။ ရှောင်ယွမ်အာက ရှေ့တွင်ထိုင်ပြီး ချင်ကျွင်းက နတ်ခြင်္သေ့၏နောက်၌ ထိုင်ကာ ၎င်းသည် မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ ဦးတည်ပျံသန်းသွားလေ၏။ နောက်ကျော၌ နတ်ဆိုးဓားကိုလွယ်ထားပြီး ကျန်းအိုက်ကျန့်သည် ပျော်ရွှင်နေသူတစ်ဦးပမာ ဓားသင်္ချိုင်းထဲကနေထွက်လာသည်။

…………………

ထိုစဉ် ဝေးလံသည့်တဲအိမ်လေးထဲတွင် ဖြစ်သည်။

မီးခိုးရောင်ဝတ်ရုံကျင့်ကြံသူ ယဲ့ကျစ်ရှင်းကပေါ်လာ၏။ သူကအရိုအသေပေးကာ ပြောလိုက်တော့သည်။

“ဂိုဏ်းချုပ် ... လောင်ချန်းပေ့က ဓားသင်္ချိုင်းကနေ လုံလုံခြုံခြုံ ထွက်သွားပါပြီ။ နတ်ဆိုးဓားက အခု ကျန်းအိုက်ကျန့်ရဲ့လက်ထဲမှာပါ”

စီးဝူယာ့က မျက်လုံးဖွင့်လိုက်၏။ သူက နေကို ကြည့်ကာ သက်ပြင်းချပြီး ပြောလိုက်၏။

"သူထွက်သွားတာ ကောင်းတယ်။ ကျန်းအိုက်ကျန့်အကြောင်း ရှာတွေ့သေးလား”

“အဲ့ဒီလူရဲ့လှုပ်ရှားမှုတွေက မှန်းဆလို့မရဘူး။ သိုသိပ်တယ်။ ဘာမှရှာမတွေ့သေးပါဘူး”

“မင်း ဆက်ပြီးစစ်ဆေးထားလိုက်”

“နားလည်ပါပြီ”

စီးဝူယာ့က ထရပ်လိုက်၏။ သူက လက်နောက်ပစ်ထားကာ မေးလိုက်တော့သည်။

“ကျန်တဲ့ကြွက်လေးကောင်ဆီက သတင်းကောရသေးလား”

ရှန့်စုရှုမြို့တွင်း ပုန်ကန်ချိန်မှစပြီး မဟူရာကွန်ယက်က ကြွက်ငါးကောင်နှင့်အဆက်အသွယ်တစ်ခု တည်ထောင်ခဲ့သည်။ သူတို့က မဟူရာကွန်ယက်အဖွဲ့ဝင်များ မဟုတ်ကြပေ။ သူတို့၏စိတ်နေ သဘောထားအပေါ် သူ၏နားလည်သဘောပေါက်ထားပုံအရ သူတို့သည် အလွန်ရက်စက်သည့် ကိစ္စကို လုပ်ကောင်းလုပ်နိုင်လောက်သည်။

“ခေါင်းဆောင်ရဲ့မေးခွန်းကိုပြန်ဖြေပါတယ် ... ကြွက်ငါးကောင်အကြောင်း သတင်းမရသေးပါဘူး”

“မိစ္ဆာဝေဟင်မျှော်နန်းကကော ...” စီးဝူယာ့က မေးလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းကို ထပ်တိုက်ခိုက်ရလောက်တဲ့အထိ အတင့်ရဲမယ်လို့ ကျွန်တော်မထင်ပါဘူး။ အခု မိစ္ဆာဝေဟင်မျှော်နန်းမှာ လန်လော့လိုလူတစ်ယောက် ရှိနေပြီဆိုတော့ သူ့အတွက် သူတို့ကို သတ်ဖို့ဆိုတာလွယ်လွယ်လေးပါပဲ” ယဲ့ကျစ်ရှင်းကပြောလိုက်၏။

“တာ့ရှစ်ရှိုးနဲ့ အခြေအနေကကော...” စီးဝူယာ့က မေးလိုက်သည်။

“သမာသမတ်ဂိုဏ်းမှာ အထွတ်အမြတ်ယဇ်ပလ္လင် ခြောက်ခု ရှိတယ်။ ကျောက်စိမ်းယဇ်ပလ္လင်က ဖြေရှင်းရအခက်ခဲဆုံး ဆိတာ သက်သေပြသွားပြီးပြီ။ ကျန်ရှိတဲ့ယဇ်ပလ္လင်က ငါးခုက ပြဿနာမဟုတ်တော့ဘူး။ ဂိုဏ်းချုပ်ယွီက ဒီကိစ္စအတွက် အရှင့်ရဲ့အမြင်ကိုတောင်းခံနေပါတယ်”

ယဲ့ကျစ်ရှင်းက သတင်းပို့လိုက်၏။

စီးဝူယာ့က ထိုအကြောင်းကို ခဏတာစဉ်းစားပြီးနောက်ပြောလိုက်တော့သည်။

“ပါ့ရှစ်တိနဲ့ငါ အရင်တုန်းက ကျောက်စိမ်းယဇ်ပလ္လင်မှာ ရှိခဲ့တာ ... ငါတို့တွေ အဲ့ဒီတုန်းက အစီအရင်တစ်ခုကို တိတ်တဆိတ်ဆွဲခဲ့ကြတယ်။ အဲ့ဒါကို တာ့ရှစ်ရှိုးကိုပေးလိုက်”

“အမိန့်အတိုင်းပါ .. ဂိုဏ်းချုပ်” ယဲ့ကျစ်ရှင်းက အရိုအသေပေးပြီးပြောလိုက်၏။

စီးဝူယာ့က ယွီကျန့်ဟိုင်၏အတွေးကိုနားလည်သည်။ ကျင့်မင်တာအိုဂိုဏ်းက အဆုံးသတ်သွားပြီး သမာသမတ်ဂိုဏ်း၏နေ့ရက်များက ရေတွက်နေရပြီဖြစ်သည်။ ယွီကျန့်ဟိုင်သည် ယခုအချိန်၌ သမာသမတ်ဂိုဏ်းကို ရှင်းထုတ်ချင်နေတာ လက်ယားနေပြီဖြစ်သည်။ ယွီကျန့်ဟိုင်က သူ၏အမြင်ကို တောင်းခံရန် ရည်ရွယ်ချက်မရှိ ယင်းက အကြောင်းကြားရုံမျှသာဖြစ်သည်။ သူက အစီအရင်၏ပုံကို လိုချင်နေတာပဲဖြစ်သည်။

……………

မိစ္ဆာဝေဟင်မျှော်နန်းတွင်ဖြစ်သည်။

လုကျိုးနှင့် ရှောင်ယွမ်အာသည် နောက်ဆုံးတော့ မိစ္ဆာဝေဟင်မျှော်နန်းကိုရောက်လာ၏။ တွမ့်မူရှန်းက လက်ထဲတွင်နယ်ရှင်လှံကို ကိုင်ဆောင်ထားလျက်သူတို့ဆီလျှောက်လာသည်။ သူက ဒူးထောက်ပြီးပြောလိုက်၏။ “ရှစ်စွင်း .... နောက်ဆုံးတော့ပြန်လာပြီ”

“ဘာဖြစ်လို့လဲ” လုကျိုးက တွမ့်မူရှန်းစိတ်အခြေအနေမကောင်းပုံရတာကို သတိပြုမိပုံရသည်။

“လုချိုးဖင်းကို ကယ်သွားပါပြီ” တွမ့်မူရှန်းကပြော၏။

လုကျိုးသည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကျုံ့လိုက်၏။

"ဒီကြွက်တွေက မထီလေးစားနိုင်လွန်းတာပဲ။ သူတို့ဒီကိုနောက်ဆုံးတစ်ခေါက်ရောက်တဲ့အချိန်တုန်းက သူတို့ သင်ခန်းစာရသင့်တယ်။ ဒါတောင်မှ အရင်ကလိုစိတ်လိုက်မာန်ပါလုပ်တုန်းပဲ”

“လောင်စစ် ... ဘယ်မှာလဲ” မင်ရှစ်ရင်၏ အရည်အချင်းဖြင့်ဆို သူက ကြွက်ငါးကောင်ကို မဖမ်းနိုင်လျှင်တောင် သူတို့နောက်လိုက် လိုက်သင့်သည်။

“လောင်စစ်လား ... လောင်စစ်က အံ့ဖွယ်မြို့တော်ကိုသွားတယ်လေ။ ရှစ်စွင်း သူ့ကို မတွေ့ခဲ့ဘူးလား”

တွမ့်မူရှန်းက မေးလိုက်ရာ ထိတ်လန့်သွားတော့၏။

လုကျိုးသည် အံ့ဖွယ်မြို့မှ ပြန်ရောကခါစဖြစ်၏။ သူက မင်ရှစ်ရင်ကို မတွေ့ခဲ့ပေ။ သူတို့ တစ်ယောက်နှင့် တစ်ယောက် လွဲချော်သွားတာပဲဖြစ်ရမည်။

သို့သော် လုကျိုးက မင်ရှစ်ရင် တစ်စုံတစ်ခုဖြစ်မှာကိုမစိုးရိမ်ပေ။ ထို့အပြင် မင်ရှစ်ရင်က သူ့ကို အံ့ဩစေသည့်ယိမ်းယိုင်မှုတစ်ခု ရှိသည်။ သူက မင်ရှစ်ရင်ကိုလွှတ်ထားရန်ဆုံးဖြတ်လိုက်၏။ လက်ရှိအခြေအနေအရ သူကူးပြောင်းလာကာစအခြေအနေနှင့်ယှဉ်လျှင် သူ၏တပည့်များကို ထိန်းချုပ်ထားရန်မလိုအပ်ပေ။

တွမ့်မူရှန်းက ဆက်ပြောလိုက်သည်။ "သူတို့ဘာမှမခိုးသွားပါဘူး။ လုချိုးဖင်းကိုပဲ ကယ်သွားတာ။ အကြီးအကဲဟွားနဲ့ မိန်းကလေးယွဲ့ရှင်းတို့က သူတို့ကိုဒဏ်ရာရအောင်လုပ်ခဲ့တယ်။ အဲ့ဒီ ကြွက်တွေက ကောက်ကျစ်လွန်းတယ်” တွမ့်မူရှန်းက ပြောပြီးသည်နှင့် ဟွားဝူတောက်နှင့် ဟွားယွဲ့ရှင်းတို့က လျှောက်လာ၏။

ဟွားယွဲ့ရှင်းက အရိုအသေပေးကာပြောလိုက်သည်။

"ကျွန်မ အရည်အချင်းမမီပါဘူး ... ကြွက်ငါးကောင်ကိုလွတ်သွားစေတယ်။ ကျေးဇူးပြုပြီး အပြစ်ပေးပါ ... မျှော်နန်းသခင်"

ဟွားဝူတောက်က တိုက်ခိုက်ရာ၌ မကျွမ်းကျင်ပေ။ သူက ကြွက်ငါးကောင်ကိုဘာမှမလုပ်နိုင်တာ နားလည်နိုင်သည်။ သို့သော်ငြား နတ်လေးရှင်တစ်ပါးအနေဖြင့် ဟွားယွဲ့ရှင်းသည် ကြွက်ငါးကောင်ကို လွတ်သွားစေသည်။ ကြွက်ငါးကောင်က သာမန်လူဆိုးများထက် ပိုကောက်ကျစ်တာသိသာသည်။

ခဏတာတိတ်ဆိတ်သွားပြီးနောက် လုကျိုးကပြောလိုက်တော့သည်။ “ကြွက်ငါးကောင်ကိစ္စက နောက်မှပြောတာပေါ့”

ကိစ္စအတွက်ရက်အနည်းငယ်အလုပ်များပြီးနောက် လုကျိုးသည် သူ့အတွက် သူအချိန်လိုချင်သည်။

“နားလည်ပါပြီ” ကျန်သည့်သူများက အရိုအသေပေးလိုက်သည်။

……………………..

တောအုပ်ထဲတွင်ဖြစ်သည်။

“အစ်ကိုကြီး ညီငါးရဲ့ကျင့်ကြံဆင့်က အပိတ်ခံထားရတာ တချိန်လုံးဘာမှမလုပ်နိုင်ဘူး။ ကျွန်တော်တို့ အခုဘာလုပ်ရမလဲ”

ဦးဆောင်လာသည့်သူက ကြွက်ငါးကောင်ထဲတွင် အကြီးဆုံးဖြစ်သည့် ဟန်ယွီဖန်းဖြစ်သည်။

ဟန်ယွီဖန်းက သစ်ပင်ကိုမှီနေသည့်လုချိုးဖင်းကိုကြည့်ကာပြောလိုက်တော့၏။

“အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးပဲ။ မိစ္ဆာဝေဟင်မျှော်နန်းကငါတို့ ရွှေနန်းဥယျာဉ်တောင် နားမှာ အနားယူနေမယ်လို့ ဘယ်သူကထင်မှာဟုတ်ဘူး”

“ပြောင်မြောက်လိုက်တာ တာ့ကောရယ် ... ဒါပေမဲ့ ဒီအတိုင်းတစ်သက်လုံးလုပ်လို့မရဘူးလေ နှစ်ရက်ရှိသွားပြီ” လောင်အာ့ ရွှီဝန်ကပြော၏။

လောင်စန်း ကျန်းထန်က သူသွားကြားထိုးနေသော မြေခွေးမြီးမြက်ကို ထွေးထုတ်ပြီးနောက် ပြောလိုက်၏။

“တာ့ကောရဲ့ အမြင် မှန်တယ်ထင်တာပဲ။ မလှုပ်ရှားခင် အခွင့်အရေးစောင့်သင့်တယ်။ ကျွန်တော်တို့ကယ်ဆယ်တဲ့တာဝန်က သူတို့သတိထားမှုကို မြင်သွားစေမှာပဲ။ ကျွန်တော်တို့ ဒဏ်ရာတွေအပြည့်အဝပြန်ကောင်းမှ အကောင်းဆုံးအခြေအနေကိုပြန်ရောက်မှာ”

“အစ်ကိုကြီး တတိယအစ်ကိုပြောတာ အဓိပ္ပာယ်ရှိတယ်။ တစ်စုံတစ်ယောက်ကိုကယ်တာက ကျွန်တော်တို့ရဲ့ အဓိကအချက် မဟုတ်ဘူး။ နှစ်ခါသွားပြီးတာတောင်မှ မိစ္ဆာဝေဟင်မျှော်နန်းကနေ ဘာမှ ခိုးမလာနိုင်တာက ရှက်စရာပဲ။ ကြွယ်ဝမှုဆိုတာ စွန့်စားပြီးတော့ယူရတာ။ ကျွန်တော်တို့တွေက ဘယ်လိုပဲဖြစ်ဖြစ် မိစ္ဆာဝေဟင်မျှော်နန်းကိုရန်စပြီးပြီလေ။ ကျွန်တော်တို့လက်ထဲ ရတနာတချို့ ရအောင်ယူရမယ်။ ဒါဆိုရင် ကျွန်တော်တို့ အထောက်အထားကို ပြောင်းပြီး တခြားတနေရာမှာ နေလို့ရပြီ။ လူဆိုးကြီးကျိက နောင်နှစ်ပေါင်း ခြောက်ဆယ်ကြာပြီးရင် မြေကြီးအောက် ခြောက်ပေထဲရောက်တဲ့အချိန် ကျွန်တော်တို့ကို ဘယ်သူမှ ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး” လောင်စစ် လျိုယွင်ပိုင်က ပြောလိုက်၏။

ကျန်သည့်သူများက ခေါင်းညိတ်လိုက်၏။

လုချိုးဖင်းက သူ့ရင်ဘတ်ပေါ်ရှိနာကျင်မှုကို တင်းခံပြီးကာပြောလိုက်တော့သည်။

“ကျေးဇူးပါ အစ်ကိုကြီး ဒုတိယအစ်ကို တတိယအစ်ကိုနဲ့ စတုတ္ထအစ်ကို ... အစ်ကိုကြီးတို့ ကျွန်တော့ကို ကယ်ပေးတာအတွက်ကျေးဇူးတင်ပါတယ်”

“ငါတို့က ညီအစ်ကိုတွေပဲ။ ရေးကြီးခွင်ကျယ်လုပ်နေဖို့မလိုဘူး”

သူတို့သည် နောက်ထပ်လုယက်မှုကြီးအကြောင်း အစီအစဉ်ချနေကြစဉ် တောအုပ်ထဲ၌ အေးမြသည့်လေပြည်တစ်ချက် ဝေ့တိုက်လာ၏။

ဝှီး

“အဲမှာဘယ်သူလဲ” ကြွက်ငါးကောင်၏ ခေါင်းဆောင် ဟန်ယွီဖန်းက လှည့်ကြည့်လိုက်ပြီး တောအုပ်အတွင်းသို့လှမ်းကြည့်လိုက်သည်။

ကျင့်ကြံသူများကအာရုံခံကောင်း၏။ ထို့အပြင်ကြွက်ငါးကောင်သည် အကင်းပါးစွာ မွေးဖွား လာတာပဲဖြစ်သည်။ ယနေ့က တောက်ပပြီးနေသာသည့်နေ့တစ်နေ့ဖြစ်၏။ ရုတ်တရက်ကြီး ထူးဆန်းသော လေသံက သူတို့ကိုသတိထားသွားစေသည်။

ကြွက်ငါးကောင်က တပြိုင်နက်ထဲထလိုက်၏။

လမ်းကြောင်းပေါ်၌ လူရိပ်တစ်ရိပ်က ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ ထိုလူရိပ်က အဖြူရောင်ဝတ်ရုံ၊ အဖြူရောင်ဂါဝန်၊ အဖြူရောင်ဖိနပ်ကိုဝတ်ဆင်ထားပြီး သူမက အဖြူရောင်ထီးကို ကိုင်ထား၏။ ဆံနွယ်များတောင် ဖြူနေလေသည်။ ထိုအမျိုးသမီးက နုနယ်ပြီး ဆွဲဆောင်မှုရှိသောသွင်ပြင်ရှိ၏။ ငါးယောက်သားက ယာယီမှင်တက်သွားသည်။ သူတို့သည် ဤကဲ့သို့ပုံမျိုး ဝတ်ဆင်ထားသည့်အမျိုးသမီးတစ်ယောက်ကို တခါမှမတွေ့ဖူးပေ။ သူမသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသူပမာ ထင်မှတ်ရပြီး သေမျိုးတစ်ယောက်ဖြစ်ပုံမပေါ်ပေ။

အမျိုးသမီးက သူတို့နှင့်ဆယ်မီတာအကွာ၌ ရပ်တန့်သွားလေ၏။

ဟန်ယွီဖန်းက ပထမဆုံးတုံ့ပြန်တာပဲဖြစ်၏။ တောကြီးထဲကနေ အမျိုးသမီးတစ်ယောက်က ဒီနေရာကိုဘယ်လိုလုပ်ထွက်လာတာလဲ။ ထိုသို့တွေးနေသော်ငြား သူကပြောလိုက်၏။

“မိန်းကလေးရေ ... မင်းရဲ့နာမည်ကိုသိခွင့်ရမလား။ ဘယ်နေရာကနေလာတာလဲ။ ဘယ်သွားနေတာလဲ” ရွှီဝန်ကပြုံးပြီးပြောလိုက်၏။

“ဒီတောအုပ်ကြီးထဲကနေထွက်လာတာ။ ကိုယ့်ရဲ့မိန်းကလေးရေ .... မင်းရဲ့အိမ်ကိုပြန်ပို့ပေးရမလား”

ထိုအမျိုးသမီးက မျက်လွှာပင့်လျက် ငါးယောက်ကိုကြည့်လိုက်သည်။ သူမကပြောလိုက်သည်။

"ကြွက်ငါးကောင်လား”

“မင်း ငါတို့ကိုသိတယ်လား ... မိန်းကလေး” ဟန်ယွီဖန်းက မှင်တက်သွားသည်။ သူက ချက်ချင်းပင် သတိအနေအထားဖြင့်နေလိုက်သည်။

“ဟမ် ... တွေ့လား။ ကျုပ်တို့ရဲ့ဂုဏ်သတင်းအ...ရ ကျုပ်တို့က ကြွက်ငါးကောင်ပဲ”

“ဒါက ငါ့ရဲ့အစ်ကိုကြီး ခေါင်းဆောင်နဲ့ဗျူဟာမှူး၊ ဒါက ငါ့ရဲ့ ဒုတိယအစ်ကို အရိပ်မရှိတဲ့သူ ရွှီဝန်၊ ငါက ...” ကျန်းထန်က သူ့ရင်ဘတ်သူပုတ်ပြီးနောက် “ရေအောက်မှာပြိုင်ဖက်ကင်းပဲ လောင်စစ်ကျန်းထန်း သူက စတုတ္ထညီလေး သူက လေပြည်လိုပဲ ... လျိုယွင်ပိုင်တဲ့။ နောက်ဆုံးတော့ ဒီမှာ ပဉ္စမညီလေးထွက်ပြေးတာတော်တဲ့သူပေါ့”

မိန်းမပျိုလေးက ခေါင်းညိတ်လိုက်၏။ “ကောင်းတယ်”

ဟန်ယွီဖန်းက ထူးဆန်းနေသလိုခံစားမိလိုက်၏။ သူက မေးလိုက်တော့၏။ “မိန်းကလေး ငါတို့မေးခွန်းကို မဖြေရသေးဘူးနော်”

မိန်းကလေး၏အကြည့်က ဟန်ယွီဖန်းဆီ ရောက်သွားသည်။ “ရှင်တို့အားလုံးသေတော့မှာဆိုတော့ မေးခွန်းကို ဖြေနေလဲ အပိုပဲ”

…

All Chapters