အခန်း (၂၉၂-၂၉၄)
Vol. 20 Ch. 292-294
အခန်း (၂၉၂) ဒဏ္ဍာရီလာ နတ်မိမယ်မျိုးနွယ်နှင့် တတိယနည်းစနစ်
ဟန်ယွီဖန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “သခင်မလေး ဘာလို့ အဲလိုပြောရတာလဲ”
အဖြူဝတ်စုံနှင့် မိန်းမပျိုလေးက သူမခန္ဓာကိုယ်မှ ချီစွမ်းအားများ ဖြည်းဖြည်းချင်း ထွက်ပေါ်နေကာ တိတ်တိတ်နေနေသည်။
ရွှီဝန်က ပြုံးကာ ပြောလိုက်သည်။
“ ကျုပ်တို့ကို ဖမ်းဖို့ စဉ်းစားနေတာလား။ အမှန်အတိုင်းပြောရရင် ကျုပ်တို့က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ နတ်လေးသျှင်လက်အောက်ကတောင် လွှတ်မြောက်ခဲ့တာ … မိစ္ဆာဝေဟင်မျှော်နန်းတောင် ကျုပ်တို့ကို ဘာမှမလုပ်နိုင်ဘူး”
“ ဒါပေမဲ့ ကျုပ်တို့ ဒဏ်ရာရလာတယ် ”
ငါးယောက်လုံးက မိစ္ဆာဝေဟင်မျှော်နန်းမှ လွတ်မြောက်ခဲ့သော်လည်း ဒဏ်ရာအမျိုးမျိုး ရခဲ့သည်။ ထို့ကြောင့် သူတို့က ရွှေနန်းဥယျာဉ်တောင် အနီးတစ်ဝိုက်တွင် ပြန်လည်အားဖြည့်နေကြခြင်း ဖြစ်၏။ သူတို့က ထူးထူးဆန်းဆန်း ဝတ်စုံဖြူ မိန်းမပျိုလေးနှင့် တည့်တည့်တိုးသွားလိမ့်မည်ဟု မထင်ထားမိပေ။
ဝတ်စုံဖြူ မိန်းမပျိုလေးက ထူးမခြားနား ပြောလိုက်သည်။ “ ကိုယ့်လမ်းကို သွား ”
သူမ ညာဘက်လက်တွင် တစ်ခုခု ရှိနေလေသည်။
သူမက အသာဝှေ့လိုက်သည့်အခါ လေထဲ အဖြူရောင်ထီးတစ်ချောင်း ပျံသန်းသွားလေသည်။ သူမက လျှပ်စီးလိုအလျှင်ဖြင့် လှုပ်ရှားလိုက်ပြီး ငါးယောက်လုံးထံ ပစ်လွှတ်လိုက်သည်။
ဟန်ယွီဖန်းက ပျာယာခတ်စွာ အော်ပြောလိုက်သည် “သွားပြီ … ပြေးကြ ”
ဝှစ်
ဝတ်စုံဖြူ မိန်းမပျိုလေးက တစ္ဆေတစ်ကောင်အလား လျင်မြန်လှသည်။ စက်ဝိုင်းခြမ်းလိုမျိုး ပစ္စည်းက လည်ကာ ထွက်ပေါ်လာသည်။
ကြွက်ငါးကောင်က ဝတ်စုံဖြူ မိန်းမပျိုလေးသည် နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူဖြစ်ကြောင်း မြန်မြန်ဆန်ဆန် ရှာဖွေတွေ့သွားကြသည်။ သူမတွင် ကောင်းကင်အဆင့် လက်နက်ပင် ရှိနေသေး၏။
“ပြေးကြ ”
“ အသက်လုပြေးကြ” ကြွက်ငါးကောင်က ထွက်ပြေးရာ၌ အတွေ့အကြုံကြွယ်ဝနေလေပြီ။ သူတို့က ချက်ချင်းဆိုသလို လမ်းခွဲပြေးကြသည်။ သူတို့က ဒီတိုက်ကွက်မှ လွတ်မြောက်ဖို့ရာ မျှော်လင့်ချက်ဖြင့် ယခင်နည်းလမ်းအတိုင်း ကစားနေကြသည်။
သို့သော် သူတို့ တစ်နေရာစီ ခွဲပြေးစဉ် ဝတ်စုံဖြူ မိန်းမပျိုလေး ပစ်လွှတ်လိုက်သည့် စက်ဝိုင်းခြမ်းက သူတို့ဆီ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ဝင်ရောက်လာ၏။
ပေါ့ပါးသွက်လက်သော လှုပ်ရှားမှုနှင့်အတူ ပုံရိပ်တစ်ခုမှ လေးခုအဖြစ် ပြောင်းသွားသည်။
ဘန်း ဘန်း ဘန်း
လျိုယွင်ပိုင် လဲကျသွားသည်။
ရွှီဝန်၏ ခြေထောက်လည်း ကျိုးသွားလေသည်။ ထန်းကျန့်က နေရာမှာတင် သေဆုံးသွားပြီး မြေပေါ် လဲကျသွားသည်။
ဟန်ယွီဖန်းက ခါးသီးသည့် အမူအရာဖြင့် မြေပေါ်တွင် ထိုင်နေပြီး ထွက်ပြေးဖို့ရာ လက်လျော့လိုက်သည်။ သူက ဝတ်စုံဖြူ မိန်းမပျိုလေးသည် ဒီလောက်ကြောက်စရာကောင်းလိမ့်မည်ဟု မထင်ထားမိပေ။ မည်သူကမှ တုံ့ပြန်ဖို့ အင်အား မရှိကြချေ။ သူက အသက်ပြင်းပြင်းရှုကာ “ မင်း … မင်းက ဘယ်သူလဲ။ ကြွက်ငါးကောင်က မင်းနဲ့ ရန်ငြိုးမရှိဘူး ”
သူက အသက်လေး ထိန်းထားနိုင်ဖို့ နောက်ဆုံးအခွင့်အရေးအတွက် တိုက်ခိုက်လိုနေသည်။
“ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ယဲ့ထျန်းရှင်း ” ဝတ်စုံဖြူ မိန်းမပျိုလေး၏ လေသံက အင်မတန် အေးစက်လှသည်။
သူမစကားက ဟန်ယွီဖန်း၏ နောက်ဆုံး မျှော်လင့်ချက်ကြိုးလေးကို ဖြတ်တောက်ပစ်လိုက်သည်။ သူ့မျက်နှာထားက ချက်ချင်းဆိုသလို ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။ ဝတ်စုံဖြူ မိန်းမပျိုလေးကို မိစ္ဆာဝေဟင်မျှော်နန်း၏ ခြောက်ယောက်မြောက် တပည့် ယဲ့ထျန်းရှင်း ဖြစ်နေလိမ့်မည်ဟု မထင်ထားမိပေ။
ဟန်ယွီဖန်းက သက်ပြင်းချလိုက်ပြီး ပါးစပ်ဖွင့်ဟကာ စကားပြောတော့မည့်ဆဲဆဲတွင် …
ရွှပ် …
သူ စကားမပြောနိုင်ခင် စက်ဝိုင်းခြမ်းက သူ့လည်ပင်းကို ဖြတ်သွားတော့သည်။ ဟန်ယွီဖန်းက မျက်လုံးအပြူးသားဖြင့် ဘေးသို့ လဲကျသွားသည်။ ကြွက်ငါးကောင်လုံး အသက်ဆုံးရှုံးလိုက်ရလေပြီ။
လေထဲ လွင့်မျောနေသည့် အဖြူရောင်ထီးက ယဲ့ထျန်းရှင်း လက်ထဲ ပြန်ရောက်ရှိလာသည်။ သူမ ပြောသလိုမျိုး သေဆုံးခါနီး လူတစ်ယောက်က ထိုအရာများကို သိဖို့ အသုံးမဝင်ပေ။ သူတို့ကို ပြောပြနေဖို့ အဓိပ္ပာယ်မရှိပေ။ အချိန်ကုန်ရုံမှအပ ဘာမှအကျိုးမရှိပေ။ ကြွက်ငါးကောင်ကို သတ်ပြီးနောက် သူမက ထန်းကျီမြို့ဆီ ဖြည်းဖြည်းချင်း လှည့်ထွက်သွားတော့သည်။
ခဏအကြာတွင် သေမျိုးများစွာက ထန်းကျီမြို့မှ ထွက်လာကာ ကြွက်ငါးကောင် အလောင်းရှိရာဆီ ရောက်လာကြသည်။ ထိုအမျိုးသားများက အလောင်းများကို ကြည့်ကာ ခဏတာ ကြောင်အမ်းသွားကြ၏။
“ သူမက ဒီအလောင်းတွေကို ရွှေနန်းဥယျာဉ်တောင်ဆီ ပို့ဖို့ ပြောခဲ့တာမလား။ မိစ္ဆာအိုကြီးက ငါတို့ကို သတ်လိုက်ရင် ဘယ်လိုလုပ်ကြမလဲ ”
အမျိုးသားတစ်ယောက်က သက်ပြင်းချကာ “အဲဒါတွေ တွေးမနေနဲ့။ ပိုက်ဆံရဖို့ လွယ်တာ မဟုတ်ဘူး။ ကျင့်ကြံရေးလောကမှာ နေ့တိုင်း မတော်တဆတွေ ဖြစ်နေတာပဲ ”
“ရပ်မနေနဲ့တော့ … အလုပ်လုပ်ကြ ”
…………….
မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဘက်မျှော်နန်းဆောင်၌ …
လုကျိုး ပထမဆုံး လုပ်သည့်အရာမှာ အရှေ့ဘက် မျှော်နန်းဆောင်ဆီ ပြန်ရောက်လာသည့်အခါ စားပွဲပေါ်မှ ရှေးဟောင်းပုံကြမ်းကို ရှာခြင်း ဖြစ်၏။
ထင်ထားသည့်အတိုင်း အံ့ဖွယ်မြို့တော်နှင့် ဓားသင်္ချိုင်းတို့၏ ကောက်ကြောင်းက ပို၍ ထင်ရှားလာသည်။ ဤသည်မှာ မိစ္ဆာဝေဟင်မျှော်နန်းလည်း ပါဝင်၏။ ထိုအရာများက ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်း၏ အပိုင်းအစ သုံးခု တည်ရှိရာ ဖြစ်ပေသည်။
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ရှေးဟောင်းပုံကြမ်းကို လေ့လာလိုက်သည်။
“ ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာရဲ့ အပိုင်းအစတွေကို ရှာတွေ့သွားပြီဆိုတော့ ဒီပုံကြမ်းက တန်ဖိုးမရှိတော့ဘူးလား ”
ရှေးဟောင်းပုံကြမ်းက စားပွဲပေါ်မှာ ရှိနေဆဲ ဖြစ်၏။ သို့သော်လည်း တစ်စုံတစ်ခုက လုကျိုးအား သူ့လုပ်ဆောင်ချက်မှာ ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်း အပိုင်းအစများကို ပြသဖို့ရာသာ ဖြစ်ကြောင်း ပြောနေသည်။ ဒီလိုဆိုလျှင် နောက်ထပ် လုပ်ဆောင်ချက် ဘာပါရှိနိုင်ဦးမည်နည်း။
လုကျိုးက အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် “ထားလိုက်ပါတော့ ”
လုကျိုးက နောက်ဆုံး အပိုင်းအစကို ထုတ်လိုက်သည်။ ထို့နောက် သူက ချီစွမ်းအားကို စုစည်းလိုက်၏။
ဘန်း
ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်း၏ အပြင်ပိုင်းအလွှာက ကြေမွသွားသည်။
“တင်း ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းကို ရရှိပါတယ် ”
ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းက ကြယ်တာရာအလင်းအဖြစ် ပျော်ဝင်သွားကာ လုကျိုးဆီ စီးဝင်လာသည်။ ထို့နောက် အလင်းအစက်အပြောက်များက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ပျောက်ကွယ်သွားသည်။
လုကျိုးက ခြေချိတ်ထိုင်နေလိုက်သည်။ သူက ကောင်းကင်ကျမ်းကို ဆင်ခြင်လေ့လာတော့မည့်ဆဲဆဲတွင် သူ့စိတ်ထဲ အတွေးတစ်ခုပေါ်လာသည်။
ငါ တတိယ ကောင်းကင်ကျမ်း နည်းစနစ်ကို ရပြီးတဲ့နောက် အသုံးပြုပစ္စည်းကတ်ရဲ့ ဈေးနှုန်းက ထပ်မြင့်တက်သွားရင် ဘယ်လိုလုပ်မလဲ …
လုကျိုးက အသုံးပြုပစ္စည်းကတ်များ၏ လက်ရှိဈေးနှုန်းကို စစ်ကြည့်လိုက်၏။
ပြစ်ချက်မဲ့ကတ် - ၁၅၀၀
အသေရိုက်ချက်ကတ် - ၁၈၀၀
အရေးပေါ်ကုသရေးကတ် - ၁၀၀၀
မိုးကြိုးကတ် - ၈၀၀
ချုပ်နှောင်ရေး လှောင်ချိုင့်ကတ်- ၁၀၀၀
လုကျိုး၏ အမူအရာက မည်းမှောင်သွားလေသည်။ ထိုဈေးနှုန်းများက မတန်တဆ ဖြစ်၏။ သူ ရရှိလိုက်သည်က နည်းစနစ်တစ်ခုသာ ဖြစ်၏။ ဈေးနှုန်းများက သူ့ကျင့်ကြံဆင့် တိုးမြင့်သွားစဉ်အခါကပင် ဒီလောက်မြင့်တက်လာခြင်း မရှိပေ။ လုကျိုးက အပိုင်းအစများသည် သူ ရထားသော ပစ္စည်းများနှင့် တစ်နည်းနည်း ဆက်စပ်နေလိမ့်မည်ဟု သံသယဝင်လာမိသည်။ လက်ရှိ ဒီလိုမျို ဖြစ်နေ၏။ သူ့ကျင့်ကြံဆင့်၊ ခဏတိုင်း ဝယ်ယူခြင်းနှင့် မကြာခဏ အသုံးပြုခြင်းတို့ကသာ ဈေးနှုန်း မြင့်တက်လာစေသည့် အကြောင်းအရင်း မီးပွား ဖြစ်စေခဲ့သည်။
လုကျိုးက လက်ကျန် အသုံးပြုပစ္စည်းများနှင့် ကုသိုလ်ရမှတ်များကို တစ်ချက်ကြည့်လိုက်သည်။
ကုသိုလ်ရမှတ် - ၃၃၅၀
ပစ္စည်းများ - အသေရိုက်ချက်ကတ် နှစ်ကတ်၊ ပြစ်ချက်မဲ့ကတ် နှစ်ကတ်၊ အတိုက်ခိုက် ဒဏ်ပြင်းကို ကာကွယ်နိုင်သော ကတ် ၁၂ ကတ်၊ ချုပ်နှောင်ရေး လှောင်ချိုင့်ကတ် လေးကတ်၊ သန့်စင်ရေးအဆောင် တစ်ခု၊ ကျိထျန်းတောက်ရဲ့ အထွတ်အထိပ်သဏ္ဍာန်ကတ် တစ်ကတ်၊ နတ်ခြင်္သေ့၊ ပိအန်း၊ အရေးပေါ် ကုသရေးကတ် နှစ်ကတ်၊ အဆင့်မြင့် ချုပ်နှောင်ရေး လှောင်ချိုင့်ကတ် သုံးကတ်၊ အဆင့်မြင့် အရေးပေါ်ကုသရေးကတ် သုံးကတ်၊ မိုးကြိုးကတ် နှစ်ကတ်၊ အကြောင်းပြန်လှန်ရေးကတ် နှစ်ကတ်
လက်နက် - အမည်မဲ့၊ အသက်ဓားသွား၊ မျက်ရည်စွန်း သေတ္တာ၊ ကောင်းကင်ဓားမြှောင်၊ ကျောက်စိမ်းမြင်းမြီးတုတ်တံ၊ ဗုဒ္ဓပုတီး
ကံကောင်းစွာဖြင့် အကြောင်းပြန်လှန်ကတ်၏ ဈေးနှုန်းက မပြောင်းလဲသေးပေ။
ယင်ယန် အသွင်ပြောင်းခြင်းကိုးမျိုး စိတ်ဝိညာဉ်သဏ္ဍာန်က အမှတ် သုံးသောင်း ဖြစ်၏။ သူက နည်းနည်း လွန်လွန်းသည်ဟု ထင်မိသည်။ သူ့လက်ရှိအနေအထားအရ ကုသိုလ်ရမှတ်များကို သတ်ဖြတ်ခြင်းဖြင့် ရရှိဖို့ သိပ်လက်တွေ့မကျပေ။ ထိုဈေးနှုန်းဖြင့် သူက ဘာမှမဝင်ရုံသာမက ဆုံးရှုံးမှုအကြီးကြီး ဖြစ်သွားနိုင်သည်။
အေးအေးဆေးဆေး လုပ်ကြတာပေါ့ … အရင်ဆုံး အသေရိုက်ချက်ကတ်ကို ဝယ်ပြီး လက်ကျန်အမှတ်တွေကို ကံစမ်းမဲမှာ သုံးလိုက်မယ်
သူက စိတ်မပျက်မိပေ။ သူ့တွင် ကံကောင်းမှတ် ၄၁ မှတ် ရှိနေသေး၏။
လုကျိုးက ခေါင်းခါလိုက်သည်။ ထို့နောက် သူက ကောင်းကင်ကျမ်း ဆင်ခြင်ဖို့သာ အာရုံစိုက်လိုက်သည်။
ထင်ထားသည့်အတိုင်း သူ တရားထိုင်နေစဉ်အတွင်း ကောင်းကင်ကျမ်း သင်္ကေတများက သူ့စိတ်ထဲ ဝင်ရောက်လာကာ ယခင်ထက် ပိုမို အသက်ဝင်နေသည်။ ဤသည်က သူ့စိတ်ကို များစွာ လှုံ့ဆော်ပေးလေသည်။
သင်္ကေတများက ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး သူ့စိတ်ထဲ သံစုံတိးဝိုင်း တီးခတ်နေသလိုမျိုး ခံစားနေရသည်။ လုကျိုးက ထိုသင်္ကေတများ၏ အဓိပ္ပာယ်ကို နားမလည်သေးပေ။ သူက ဒီငြိမ်းချမ်းအေးဆးသည့် အနေအထားမျိုးကို သဘောကျမိသည်။ သူ့စိတ်ထဲမှ အရှုပ်အထွေးအားလုံး ရှင်းလင်းသွားလေသည်။
“ တတိယမြောက် ကောင်းကင်ကျမ်း နည်းစနစ်က ဘာဖြစ်မလဲ”
……….
မိစ္ဆာဝေဟင်မျှော်နန်း အပြင်ဘက်တွင်
ဟွားဝူတောက်နှင့် ဟွားယွဲ့ရှင်းလည်း အရှေ့ဘက် မျှော်နန်းဆောင် အပြင်ဘက်မှာ စောင့်နေကြသည်။
ရှောင်ယွမ်အာနှင့် တွမ့်မူရှန်းက သတင်းရရချင်း ပြေးလာကြသည်။
“အကြီးအကဲဟွား ဘာလို့ အလျင်လိုနေတာလဲ”
တွမ့်မူရှန်းက အဝေးကနေ လှမ်းမေးလိုက်သည်။
ဟွားယွဲ့ရှင်းက လက်နှစ်ဖက်ယှက်ကာ “ ကြွက်ငါးကောင်ရဲ့ အလောင်းကို ရွှေနန်းဥယျာဉ်တောင်ခြေမှာ တွေ့လို့ပါ။ သူတို့ကို ဘယ်သူသတ်လိုက်မှန်း ကျွန်မတို့ မသိရသေးဘူး ”
တွမ့်မူရှန်းက ထိုအကြောင်းကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။
“ ကြွက်ငါးကောင်က အင်မတန် ဉာဏ်နီဉာဏ်နက်များတာ ဘယ်လိုလုပ် အသတ်ခံလိုက်ရတာလဲ ”
ဟွားဝူတောက်က ခေါင်းညိတ်ကာ “ တစ်ယောက်ယောက် သူတို့ကို စောင့်ကြည့်နေတာတူတယ်။ ကြွက်ငါးကောင် ထွက်သွားတော့ ယွဲ့ရှင်းနဲ့ ကျုပ်ကြောင့် သူတို့ ဒဏ်ရာရသွားတယ်။ သူတို့က ထွက်ပြေးတဲ့နေရာမှာ ကျွမ်းကျင်တာတော့ အမှန်ပဲ။ ဒါပေမဲ့ အနီးကပ်တိုက်တဲ့အခါ သူတို့ကို အလွယ်လေး သတ်လို့ရတာတော့ ပုံမှန်ပဲ”
ပြဿနာကား ထိုသတ်ဖြတ်သူက မည်သူမှန်း မသိလိုက်ရသည့်အတွက် ဖြစ်၏။
“လောင်စစ်များလား” တွမ့်မူရှန်းက ခေါင်းကုတ်လိုက်သည်။
“မဖြစ်နိုင်ဘူး …မင်ရှစ်ရင်က အံ့ဖွယ်မြို့တော်ဆီ သွားတာဆိုတော့ တောင်ခြေကနေ စောင့်နေစရာအကြောင်း မရှိဘူး ” ဟွားဝူတောက်က ဝင်ပြောလိုက်သည်။
အခြားသူများလည်း နားမလည်နိုင်ဖြစ်နေကြ၏။
ရှောင်ယွမ်အာက တီးတိုးပြောလိုက်သည်။ “သူတော့ မဟုတ်လောက်ဘူးမလား … ”
…
အခန်း (၂၉၃) ခေါင်းတလားထဲကလူ
ကျန်သည့်သူများက ရှောင်ယွမ်အာကို သိချင်စိတ်ဖြင့် ကြည့်လိုက်လေ၏။ တွမ့်မူရှန်းက မေးလိုက်တော့သည်။
“ဒါကို ဘယ်သူလုပ်လဲဆိုတာသိလား ... ရှောင်ရှစ်မေ့”
ရှောင်ယွမ်အာက နှာခေါင်းရှုံ့ကာပြောလိုက်တော့၏။
“အဲဒါက ခေါင်းတလားထဲမှာနေတဲ့ လူထူးလူဆန်း ဖြစ်လောက်တယ်။ သူက ကုန်းယွမ်တုလို့ခေါ်တယ်ထင်တာပဲ။ သူက လူထူးလူဆန်း တစ်ယောက်ပဲ။ လောကကြီးက အကျယ်ကြီးပဲကို ... ဒါတောင် သူက ခေါင်းတလားထဲမှာနေဖို့ ရွေးခဲ့တာ။ ရှစ်ရှိုး မေးတော့ ညီမကြောက်သွားပြီ”
ဟွားဝူတောက်က ဆွံ့အသွားလေ၏။ လူငယ်မျိုးဆက်အဖို့ ကုန်းယွမ်တုကိုမသိတာ ပုံမှန်ပဲဖြစ်သည်။ သို့သော် သူကဲ့သို့အဖိုးအိုတစ်ယောက်အဖို့ ကုန်းယွမ်တု၏အမည်က မိုးခြိမ်းသံပမာကျယ်လောင် သည်။ သူက မျက်မှောင်ကျုံ့လိုက်၏။ "ကုန်းယွမ်တုလား”
“သူ့ကိုသိတယ်လား ... အကြီးအကဲဟွား”
“ကြားဖူးတယ်”
ရှောင်ယွမ်အာကပြောလိုက်၏။
"ရှစ်စွင်းက ခုံယွမ်ကိုလက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ သတ်ပြီးတော့ ကုန်းယွမ်တုက ထွက်လာတာ။ သူက ရှစ်စွင်းကို တိုက်ခိုက်ဖို့တောင် စိန်ခေါ်ချင် နေတယ်။ ဒါပေမဲ့ အဲ့ဒီလူက သတ္တိကြောင်တာ သိသာတာပဲကို။ သူက ရှစ်စွင်းရဲ့ စွမ်းဆောင်ရည်ကြောင့် ခြိမ်းခြောက်ခံထားရပြီး ခေါင်းတလားထဲက ထွက်မလာရဲဘူးလေ”
“နေဦး” ဟွားဝူတောက်က လက်တဖက်မြှောက်လိုက်၏။ “မျှော်နန်းသခင်က ခုံယွမ်ကို လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ သတ်ခဲ့တာလား”
“ဟုတ်တယ်လေ ... ဘာလို့လဲ”
ဟွားဝူတောက်က မင်သက်သွားလေ၏။ ကုန်းယွမ်တုကသာလျှင် သူသိသည့် တစ်ဦးတည်းသောသူ မဟုတ်ပေ။ ခုံယွမ်ကိုလည်း သူသိသည်။ တကယ်တော့ ကုန်းယွမ်တုထက် ခုံယွမ်ကို ပိုသိပေ၏။ ခုံယွမ်သည် ပွင့်ချပ်ခုနစ်လွှာလက်ရွေးစင်တစ်ယောက်ဖြစ်ခဲ့တာ ကြာနေပြီပင်။ တံခါးပိတ်ကျင့်ကြံ ပြီးနောက် ခုံယွမ်အဆင့်တက်သွားပြီဟု ကောလဟလရှိသည်။ မဟုတ်လျှင် ရဟန်းခုံယွမ်က ယူနန်၏အထွတ်အမြတ်ယဇ်ပလ္လင်၌ ဘုန်းကြီးများကိုလွှတ်ပြီး မကောင်းမှုကျူးလွန်ခိုင်းရဲသည် အထိ သတ္တိရှိလောက်မှာမဟုတ်ပေ။ သို့သော်ငြား မျှော်နန်းသခင်က လက်ဝါးရိုက်ချက်တစ်ချက် တည်းဖြင့် လက်ရွေးစင်ဇင်ကျင့်ကြံသူ ခုံယွမ်ကိုသတ်ခဲ့သည်လော။ ထိုအရာကိုယုံနိုင်ရန်ခက်ခဲ နေသည်။ သို့သော် ရှောင်ယွမ်အာအဖို့လိမ်ရန်အကြောင်းမရှိပေ။ အလွန်ဆုံးမှ သူမက ချဲ့ကားပြော တာ သို့တည်းမဟုတ် ခုံယွမ်ကို တစ်ယောက်ယောက်၌မှားတာဖြစ်ရမည်။ သို့သော်ငြား ယခုအချိန်၌ ထိုကိစ္စကိုတွေးနေတာက အကျိုးမထူးပေ။ မျှော်နန်းသခင်က ကျင့်ကြံရာမှ ထွက်လာသောအခါ သူတို့ဖြေရမည်။ နောက်ဆုံး၌ ပြောလိုက်၏။ "ဘာမှမဟုတ်ပါဘူး ... အစောတုန်းက ကုန်းယွမ်တုကို ပြောတာလေ ... သူက ဓားသင်္ချိုင်းထဲမှာလား”
“ဟုတ်တယ်”
“ကုန်းယွမ်တုက အစွမ်းထက်လား” တွမ့်မူရှန်းက မေးလိုက်တော့သည်။
“ပြောရရင် အရှည်ကြီးပဲ” ဟွားဝူတောက်က သူသိသမျှကိုပြန်တွေးနေလေ၏။
“မင်းတို့မယုံလောက်ဘူး ... ဒါပေမဲ့ ကုန်းယွမ်တုနဲ့မျှော်နန်းသခင်က တူညီတဲ့ခေတ်ရဲ့ ကျင့်ကြံသူတွေပဲ။ တိတိကျကျပြောရရင် ကုန်းယွမ်တုက သူ့ထက် ရာစုနှစ်တစ်စုစာလောက် ပိုငယ်တယ်။ သူက မြောက်ပိုင်းမြို့တော်ကနေလာတာ။ မြောက်ပိုင်းမြို့တော်ရဲ့စာအုပ်ထဲက မှတ်တမ်းတွေအရ အသက် ငါးနှစ်အရွယ်ကစပြီး ကျင့်ကြံခဲ့တယ်။ အသက်ဆယ့်ငါးနှစ်အရွယ်မှာ နတ်ဒေဝါဦးတည် နယ်ပယ်ကို ရောက်ခဲ့ပြီး အသက်နှစ်ဆယ်မှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကို ရောက်ခဲ့တာ။ ပြီးတော့ သူက ရာစုနှစ်ပေါင်းများစွာ တလောကလုံးက လက်ရွေးစင်တွေကို စိန်ခေါ်ခဲ့တယ်။ သူ့မှာ ပွင့်ချပ် ဘယ်လောက်ရှိမှန်း ဘယ်သူမှမသိကြဘူး။ ဒါကို မျှော်နန်းသခင်နဲ့တွေ့တဲ့အထိသိမ်းထားတာ”
သူက စကားပြော ခဏရပ်ပြီးနောက် ပြောလိုက်တော့၏။
“တွေးကြည့်တော့မှ မျှော်နန်းသခင်က ပါရမီရှင်တွေကို ဒုက္ခရောက်စေပုံပဲ” သူက အနေခက်စွာ လည်ချောင်းရှင်းပြီးနောက် ပြောလိုက်၏။
“အဲဒီတုန်းက ကျုပ်ရဲ့ သတိလစ်ဟင်းမှုကြောင့် မျှော်နန်းသခင်ကိုလည်း ရှုံးနိမ့်ခဲ့ရတယ်”
ကျန်သည့်သူများက စိတ်လေသွားသည်။
‘သူ့ကိုယ်သူ ချီးကျူးဖို့ကြိုးစားနေတာလား’
‘သူ့မျက်နှာအိုကြီးမပူဘူးလား ...’
“ဒါပေမဲ့ ကုန်းယွမ်တုနဲ့ယှဉ်ရင် ငါက တကယ်နိမ့်တယ်။ ကုန်းယွမ်တုက တာအိုစည်းသင်္ကေတနဲ့ ဇင် မှာ ကျွမ်းကျင်တယ်။ အထူးသဖြင့် သူ ကျွမ်းကျင်တာကတော့ ဓားသိုင်းပေါ့။ ကုန်းယွမ်တုက မျှော်နန်းသခင်ကိုရှုံးသွားချိန်မှစပြီး နှစ်စဉ်နှစ်တိုင်းမျှော်နန်းသခင်ကို စိန်ခေါ်ခဲ့တာ ... ပွဲတိုင်း သူရှုံးတယ်လေ”
ရှောင်ယွမ်အာက ရုတ်တရက်ကြီး ကြားဖြတ်ပြောလိုက်တော့၏။
“သူကော ရင်ထဲမှာ အထုံးတစ်ခုဖြစ်တည်သွားတာလား”
ကျန်သည့်သူများက ရှောင်ယွမ်အာကိုလှည့်ကြည့်ကြသည်။
တွမ့်မူရှန်းက ခေါင်းကုတ်ပြီးနောက် ထုတ်ပြောလိုက်သည်။
"ဟုတ်တယ် ... ကျွန်တော်လည်း အဲဒီအကြောင်း သိချင်နေတာ”
ဟွားဝူတောက်က ချောင်းဟန့်ပြီးပြောလိုက်တော့၏။
“ကျင့်ကြံခြင်းရဲ့ နှောင်းအဆင့်တွေက ဆုံးဖြတ်ချက်နဲ့အမြင်အာရုံတစ်ခုတည်းတင်မဟုတ်တော့ဘူး။ လူတစ်ယောက်ရဲ့ စိတ်ကလည်းအရေးပါသွားပြီ။ ကုန်းယွမ်တုက ပါရမီရှင်ကျင့်ကြံသူတစ်ယောက်ပဲ ... သူ့ရဲ့နှလုံးသားက ကျန်တဲ့ကျင့်ကြံသူတွေနဲ့ယှဉ်ရင် ပိုခိုင်မာတယ်။ မဟုတ်လျှင် သူ တခြားလက်ရွေးစင်တွေကို အနိုင်ယူနိုင်ခဲ့မှာမဟုတ်ဘူး”
“ပြီးတော့ ဘာဖြစ်သွားလဲ” ရှောင်ယွမ်အာကမေးလိုက်၏။
“ပြီးတော့ မျှော်နန်းသခင်က တပည့်တွေခေါ်ယူခဲ့ပြီးသူ့ရဲ့ကျင့်ကြံမှု အထွတ်အထိပ်ကာလကို ရောက်တာနဲ့ ပြိုင်ဖက်ကင်းသွားတယ်လေ။ ကုန်းယွမ်တုက သူ့ကိုစိန်ခေါ်တာ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့တစ်ခုတည်းသောအဖတ်ဆယ်စရာက သူက မျှော်နန်းသခင်ထက် ပိုငယ်နေတာပဲ။ အဲ့ဒီတုန်းက ကျင့်ကြံခြင်းလောကက တွေးခဲ့တာက ကုန်းယွမ်တုက မျှော်နန်းသခင် အသက်ကြီးလာဖို့စောင့်နေတာဖြစ်နိုင်လောက်တယ်ပေါ့။ တခြားသူတွေကိုပဲလေ။ ကံဆိုးတာကသူ ပျောက်ကွယ်သွားပြီးတော့ ကုန်းယွမ်တုက ဘယ်တော့မှထပ်ထွက်မလာတော့ဘူး”
ထိုစဉ် အားလုံးက တိတ်ဆိတ်သွားလေ၏။
တွမ့်မူရှန်းက နောက်ဆုံးတော့ ဇဝေဇဝါဖြင့်ဝင်ပြောလိုက်သည်။
“တွေးကြည့်တော့မှ ဒီအကြောင်းကို ကျုပ်လည်းနည်းနည်းမှတ်မိပြီ။ မျှော်နန်းထဲဝင်တဲ့အချိန် တာ့ရှစ်ရှိုးအဲ့အကြောင်းကို ပြောတာကြားဖူးတယ်။ ဒါပေမဲ့ အဲဒီတုန်းက ရှစ်စွင်းရဲ့ စိတ်နေစိတ်ထားအရ ကုန်းယွမ်တုက အကြိမ်တိုင်း ဒဏ်ရာမရဘဲ လွတ်မြောက်မှာ မဟုတ်ဘူး။ သူ ဘယ်လိုများလုပ်ပါလိမ့်”
“ငါ ... အဲဒီအကြောင်းကို မသိဘူး။ ငါကြားခဲ့တာကို ပြန်ပြောပြရုံပဲ” ဟွားဝူတောက်က ခေါင်းခါလိုက်တော့သည်။
ဟွားယွဲ့ရှင်းက ဇဝေဇဝါဖြစ်ကာမေးလိုက်တော့၏။
“ကုန်းယွမ်တုက ဓားလက်ရွေးစင်တစ်ယောက် ... သူ့အဖို့အသိအမြင်ရဖို့ ဓားသင်္ချိုင်းကိုသွားတာက နားလည်နိုင်သေးရဲ့။ ဒါပေမဲ့ သူက အခေါင်းထဲဘာကြောင့်ပုန်းနေရတာလဲ”
ဟွားဝူတောက်က ခေါင်းထပ်ခါလိုက်သည်။
“အထွတ်အထိပ်ကာလမှာရှိတဲ့ကျင့်ကြံသူအများစုလိုပဲ သူက ထာဝရအသက်ကိုရှာဖွေတာ။ ကျယ်ဝန်းတဲ့လောကကြီးထဲမှာ ကောင်းကင်ဘုံရဲ့နိယာမကို ချိုးဖြတ်နိုင်မယ်လို့တွေးတဲ့ လောဘကြီးတဲ့လူတွေက လက်တစ်ဆုပ်စာအမြဲတမ်းရှိနေတာပဲ။ ကျင့်ကြံခြင်းလောကက မျိုးဆက်တွေပြောင်းလဲနေပြီး ထာဝရအသက်ရှည်ချင်တဲ့ကျင့်ကြံသူတွေ က ပိုများလာတာ။ ဒါပေမဲ့ ဘယ်သူမှ မအောင်မြင်ခဲ့ဘူး”
“ဒါက ကျင့်ကြံခြင်းလောကရဲ့ မချိုးဖြတ်နိုင်တဲ့မဟာအကန့်အသတ်လား” ရှောင်ယွမ်အာက မေးလိုက်၏။
“ဒါပေါ့” ဟွားဝူတောက်က အသက်ပြင်းပြင်းတချက်ရှူလိုက်သည်။
“ဒီအမှန်တရားကို တခြားသူတွေက သက်သေပြခဲ့ပြီးပြီ ... သက်တမ်းအရှည်ဆုံးလူက နှစ်ပေါင်းထောင့်တစ်ရာ့ငါးဆယ်အထိ နေခဲ့တာလို့ကြားထားတယ်”
“ဒါကကော သက်တမ်းအကန့်အသတ်ကို ချိုးဖြတ်တယ်လို့ပြောလို့ရလား”
“မရဘူး ... နှစ်ပေါင်းတစ်ထောင်အကန့်အသတ်ဆိုတာ အပြောစကားပဲရှိတာ။ ကျင့်ကြံသူတွေက သူတို့ရဲ့ ကျင့်ကြံဆင့် တိုးတက်အောင်လုပ်ပြီး အသက်ရှည်အောင်လုပ်လို့ရတယ်။ အနှစ်ကိုးရာ ဝန်းကျင်မှာ ငါတို့ရဲ့ကျင့်ကြံဆင့်တွေက ယိုယွင်းလာတယ်။ ငါတို့တွေက ခုခံရင်း အချိန်ဖြုန်းမနေတော့ဘူးလေ။ ဥပမာအနေနဲ့သေမျိုးတွေက အနှစ်တရာလောက်နေနိုင်တယ်ဆိုရင် အသက်ရှည်ပြီ လို့သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ တာ့ယန်တစ်ခုလုံးမှာတောင် မရေမတွက်နိုင်အောင် များပြားတဲ့ သေမျိုးတွေရှိနေတာ။ ဒါတောင် အနှစ်တရာထိနေနိုင်တဲ့သူက အနည်းစုပဲရှိတယ်”
ဟွားဝူတောက်က ပြန်ပြောလိုက်၏။
ကျန်သည့်သူများက ဟွားဝူတောက်၏စကားကိုကြားသောအခါ ခေါင်းညိတ်လိုက်သည်။
တွမ့်မူရှန်းက လက်သီးဆုပ်မိုးလျက် ဟွားဝူတောက်ကိုပြောလိုက်၏။
“ကျုပ် ဉာဏ်အလင်းပွင့်သွားပြီ ... အကြီးအကဲဟွားဆီကနေ ကိစ္စရပ်အသစ်တွေ အမြဲတမ်းသင်ယူနေရတာပဲ”
ဆိုရလျှင် သူတို့ရှစ်စွင်းက သူတို့ကို ထိုကိစ္စများတခါမှ မသင်ပြဖူးပေ။ သူတို့မျှော်နန်းသို့ ဝင်ရောက်ချိန်မှ စပြီး သူတို့၏နေ့ရက်များကို ကျင့်ကြံခြင်းဖြင့် သို့မဟုတ် အရိုက်ခံရခြင်းဖြင့်သာ အချိန်ကုန်ဆုံးနေလေ၏။ ရှောင်ယွမ်အာလည်း ထိုအတိုင်းပင်ဖြစ်သည်။
ဟွားဝူတောက်က စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူက တွမ့်မူရှန်း၏ရုန်းကန်ရမှုကို နားလည်သည်။
အမှန်တကယ်တွင် ယင်းက ဖြောင့်မတ်ခြင်းလမ်းစဉ်ရှိ ဂိုဏ်းများစွာကဲ့သို့ပင်ဖြစ်သည်။ တစ်ခုတည်းသော ကွာဟချက်က သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်းလောက် မထူးချွန်တာပဲ ဖြစ်သည်။
“ကုန်းယွမ်တုက တစ်လအတွင်းလာမယ်လို့ပြောတယ်။ ဒီတော့ ... သူက ဘာကြောင့်လာမှာလဲ။ သူက ဘယ်လိုပါရမီရှင်မျိုးလဲ။ သူက စကားတောင်ရုပ်သိမ်းခဲ့တာပဲ” ရှောင်ယွမ်အာက အခဲမကြေ ပြောလိုက်၏။
“သူလို့ မထင်ဘူး” ဟွားဝူတောက်က ခေါင်းခါလိုက်သည်။
“ကုန်းယွမ်တုက သူ့ကိုယ်သူ ခပ်မြင့်မြင့်တွေးတာ ... သူက အရိုးထဲအောင်ဂုဏ်ယူဝင့်ကြွားမှုတွေ စွဲထင်နေတဲ့လူတစ်ယောက်လည်း ဟုတ်တယ် မင်းတို့နောက်ကိုလိုက်ပြီး မိစ္ဆာဝေဟင်မျှော်နန်းဆီ ခိုးဝင်လာတဲ့ ကြွက်တွေကို မောင်းထုတ်တာမျိုးက သူလုပ်မဲ့ကိစ္စမျိုးမဟုတ်ဘူး။ ဒါ့အပြင် ကုန်းယွမ်တုက လူကောင်းတစ်ယောက်မဟုတ်ဘူး”
“ဪ” ရှောင်ယွမ်အာက ရေရွတ်ပြောလိုက်သည်။
“ကျွန်မက တကယ်ကြီး ဒီလိုဆိုလိုတာမှမဟုတ်တာ”
“…” ဟွားဝူတောက်က ဆွံ့အသွားလေ၏။ ‘ဘိုးဘေးလေးရယ် မင်းရဲ့ ကြုံရာမှတ်ချက်ကြောင့် ငါ ဒီကိစ္စတွေကို အကြာကြီးရှင်းပြလိုက်ရတယ်’
တွမ့်မူရှန်းက မျက်မှောင်ကျုံ့ပြီးပြောလိုက်တော့၏။ “ကုန်းယွမ်တုက ဒီလောက်အစွမ်းထက်တယ် ဆိုရင် သူက မိစ္ဆာဝေဟင်မျှော်နန်းကိုတလအတွင်းလာမှာ အဲ့ဒီအချိန်ကျ ...”
“စိုးရိမ်နေစရာမလိုဘူး” ဟွားဝူတောက်က ပြော၏။
“အရင်တုန်းက မျှော်နန်းသခင်ရဲ့အခြေအနေကို ငါလေ့လာပြီးသား ... သူက တတ်နိုင်သလောက် အရှိန်အဝါကို ဖိနှိပ်ဖို့ကြိုးစားနေပြီး နတ်ဒေဝါ ဦးတည်နယ်ပယ်ကို ထိန်းသိမ်းထားပေမဲ့ သူ့ရဲ့ စွမ်းဆောင်ရည်အရ သူက အလွန်ဖျတ်လတ်နေသေးတုန်းဆိုတာ မြင်ရတယ်။ ကုန်းယွမ်တု ရောက်လာခဲ့မယ်ဆိုရင် ရှုံးမှာသေချာတယ်”
“ဖျတ်လတ်တယ်လား”
“သူ့မျက်နှာကို ဖတ်ထားတာ ... ယွင်ဂိုဏ်းမှာ တာအိုရင်းမြစ်ရှိတယ်။ ငယ်ရွယ်စဉ်တုန်းက တစ်ခု နှစ်ခုသင်ယူထားတာလေ” ဟွားဝူတောက်က ရဲတင်းစွာပြောလိုက်၏။ သို့သော် စိတ်ထဲတွင်မူ သူတို့ထပ်မမေးရန်ဆုတောင်းလိုက်သည်။
ရှောင်ယွမ်အာက ချက်ချင်းပင် တက်ကြွသွားကာမေးလိုက်၏။ “အမ်း ... အကြီးအကဲဟွား ... ကျွန်မရဲ့မျက်နှာကို တစ်ချက်ကြည့်ပါဦး။ ဒါဆို ကျွန်မရဲ့အနာဂတ်က ဘယ်လိုလဲ”
…
အခန်း (၂၉၄) သီးသန့်လေ့ကျင့်ခြင်း
ဟွားဝူတောက်က တည်တည်ငြိမ်ငြိမ် အမူအရာ ထိန်းထားသော်လည်း ပြောစရာစကား ရှာမတွေ့တော့ပေ။ သူ မဖြစ်စေချင်သည့် ကိစ္စများက သူ့ထံ ဆက်တိုက်ဖြစ်ပွားနေသည်။ သူက ရှောင်ယွမ်အာကို ကြည့်လိုက်ပြီးနောက် တည့်တိုးပြောလိုက်သည်။
“ မင်းက ကုန်းယွမ်တုကို ကျော်ပြီး နှစ်တစ်သန်းမှာ အထူးခြားဆုံး ပါရမီရှင် ဖြစ်လာလိမ့်မယ်။ ကုန်းယွမ်တုလို ပါရမီရှင်မျိုးက မင်းရှေ့မှာ အမှိုက်လိုပဲ … ”
ရှောင်ယွမ်အာ၏ အင်အားက ပါရမီတစ်ခုတည်းဖြင့် ညွှန်းဆို၍ မရပေ။
ဟွားဝူတောက်က မိစ္ဆာဝေဟင်မျှော်နန်းတွင် နေထိုင်ရင်း တပည့်များကို သေချာလေ့လာဖို့ ကြိုးစားခဲ့သည်။ သူက သူတို့ကို စောင့်ကြည့်ရင်း နောင်တရလုမတတ် ဖြစ်လာခဲ့သည်။ သူက သူတို့ကို လေ့လာနေရင်း သူတို့သည် သာမန်ကျင့်ကြံသူများနှင့် ယှဉ်လိုက်လျှင် တိုးတက်မှုမြန်ဆန်ကြောင်း တွေ့ခဲ့ရသည်။ တပည့်များအနက် သူက တွမ့်မူရှန်းကို အကောင်းဆုံး သိထားသည်။ တွမ့်မူရှန်းသည် ယှဉ်ပြိုင်လိုစိတ် ကြီးမားပြီး သူ့လျို့ဟယ်စည်းတံဆိပ်ကို ချိုးဖောက်ဖို့ မကြာခဏ စိန်ခေါ်လေ့ရှိသည်။
ရှောင်ယွမ်အာက ချီးကျူးမှု ကြားလိုက်ရသည့်အခါ စိတ်ပေါ့ပါးသွားသည်။ သူမက ပြုံးရယ်လိုက်ရင်း မေးလိုက်သည် “ ကျွန်မက အဲလောက်တောင် တော်တာလား”
“အဲလိုပေါ့ ”
“ အဲဆို ကျွန်မ အားကောင်းလာတဲ့အခါ အကြီးအကဲဟွားရဲ့ လျို့ဟယ်စည်းတံဆိပ်နဲ့ စမ်းကြည့်မယ်။ ဟီး အကြီးအကဲဟွားရဲ့ ကာကွယ်ရေး တိုးမြင့်လာအောင် ကူညီပေးမယ်လေ”
ဟွားဝူတောက် “ … ”
တွမ့်မူရှန်းက ထိုအရာများကို ဂရုမစိုက်ပေ။ ထို့အစား သူက မေးလိုက်သည်။
“ ကုန်းယွမ်တုက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံဆင့် ရှိတာလား ”
ဟွားဝူတောက်က မသေမချာ ပြောလိုက်သည်။
“ငါလည်း အဲလိုထင်တာပဲ ”
တွမ့်မူရှန်းက သက်ပြင်းချကာ “ ကြည့်ရတာ ရှောင်ရှားလို့ မရတော့တဲ့ တိုက်ပွဲပဲ ”
ဟွားဝူတောက်က ခေါင်းညိတ်လိုက်သည်။ “ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကာအရံက အားနည်းလာပြီ။ ဒီမှာ တိုက်ပွဲဖြစ်ဖို့ အကောင်းဆုံးအချိန် မဟုတ်ဘူး။ ရွှေနန်းဥယျာဉ်တောင်ရဲ့ မြောက်ဘက် မိုင်တစ်ရာလောက်ဝေးတဲ့ တောအုပ်ထဲ တိုက်တာ ပိုကောင်းလိမ့်မယ် ”
ဟွားယွဲ့ရှင်းက ဝင်ပြောလိုက်သည်။ “ ကျွန်မတို့ သင့်တော်တဲ့ နေရာကို ရှာသင့်တယ်။ မြောက်ဘက် တောအုပ်က တိုက်ပွဲကို ကြည့်ဖို့ နေရာကောင်းပဲ။ တကယ်လို့ ဒီလိုတိုက်ပွဲမျိုးကို တစ်ခါလောက် ကြည့်ခွင့်ရရင် ဘဝမှာ နောင်တမရှိလောက်တော့ဘူး ”
ထိပ်တန်းပညာရှင်ကြားမှ တိုက်ပွဲကို ကြည့်လိုသူများစွာ ရှိသော်လည်း ဘယ်တော့မှ အခွင့်အရေး မရကြပေ။ ကျင့်ကြံသူအများစုက တိုက်ပွဲကို ကြည့်ရင်း ဉာဏ်အလင်းပွင့်သွားတတ်ကြသလို အဆင့်တက်သွားတတ်ကြသည်။ ဤသည်မှာ သူတို့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်၏။
“ ခဏ .. ငါတို့တွေ ဘာလို့ ဒီဟာကို ပြောနေတာလဲ” တွမ့်မူရှန်းက ခေါင်းကုတ်လိုက်သည်။
သူတို့ဆွေးနွေးပွဲက လုကျိုးအတွက် တိုက်ပွဲနေရာ ရွေးပေးမည့်ဘက် ရောက်သွားခဲ့သည်။
ဟွားဝူတောက်က ပြုံးကာ “ကြွက်ငါးကောင်အကြောင်းပဲ ပြန်ပြောရအောင် … ”
“ ဟုတ်တယ် ကြွက်ငါးကောင် … ”
“ ကြွက်ငါးကောင်ကို ဘယ်သူ သတ်လိုက်တာဖြစ်ဖြစ် သူတို့က မိစ္ဆာဝေဟင်မျှော်နန်းအတွက် ကူညီပေးလိုက်တာပဲ။ သူတို့ ကောင်းကောင်းလုပ်ခဲ့တယ်။ ငါတို့တွေအတွက် ပြဿနာ မများတော့တာပေါ့” ဟွားဝူတောက်က ပြောလိုက်သည်။
“ အကြီးအကဲဟွား ပြောတာ ဟုတ်တယ် ” တွမ့်မူရှန်းက ခေါင်းညိတ်လိုက်သည်။
ထိုစဉ် ကျိုးကျစ်ဖုန်း၏ အသံသည် အဝေးမှ ထွက်ပေါ်လာသည်။
“အကြီးအကဲဟွား ကြွက်ငါးကောင် သေပြီဆိုတော့ ဇင်အဝတ်က ဘယ်မှာလဲ ”
ဟွားဝူတောက်က ပြောစရာရှာမတွေ့ ဖြစ်သွားလေသည်။
ဒီနေ့ ဘာတွေဖြစ်နေပါ့လိမ့် … မျှော်နန်းသခင် သီးသန့်လေ့ကျင့်ရေး ဝင်သွားတော့ ငါ အကြီးအကဲတစ်ယောက်လို ဆောင်ရွက်ရမဲ့ အချိန်ရောက်လာပေမဲ့ ဒီအဖြစ်အပျက်တွေက တန်းစီရောက်လာတာပဲ …
တွမ့်မူရှန်းက ကိုယ့်နဖူးကို ပြန်ရိုက်လိုက်ရင်း “ ဟုတ်သားပဲ … မေ့သွားတယ်။ ပါ့ရှစ်တိရဲ့ ပြဿနာက ဇင်အဝတ်နဲ့မှ ဖြေရှင်းလို့ ရမှာ ”
“ အာ ..” ဟွားဝူတောက် မျက်နှာအထက် တောင့်တင်းတင်း အမူအရာမျိုး ပေါ်ထွက်လာသည်။
“တစ်ယောက်ယောက်က သူတို့ကို သတ်သွားပြီးတော့ ဇင်အဝတ်ကို ယူသွားခဲ့တာပဲ ”
ကျိုးကျစ်ဖုန်းက ပြောလာသည်။ “ အဋ္ဌမသခင်လေးကို ဒီလိုအကြာကြီးနေခိုင်းလို့ မဖြစ်ဘူးလေ”
ဟွားဝူတောက်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် ရှေ့နောက်လျှောက်ကာ စဉ်းစားနေသည်။ ရံဖန်ရံခါ အရှေ့ဘက်မျှော်နန်းဆောင်ဘက်ပါ လှည့်ကြည့်လိုက်သေး၏။ သို့သော်လည်း အရှေ့ဘက်မျှော်နန်းဆောင်မှ လှုပ်ရှားမှု အရိပ်အယောင် ရှိမလာပေ။ သူက မိစ္ဆာဝေဟင်မျှော်နန်း တပည့်များသည် သူတို့ကျင့်ကြံဆင့်ဖြင့် အဘယ်ကြောင့်များ ပြဿနာကြုံတွေ့နေရလဲဟု နောက်ပိုင်း စဉ်းစားခန်းဖွင့်လာမိ၏။ ထို့နာက် သူက မိစ္ဆာအိုကြီးသည် ထွက်မသွားသည့် သူ့တပည့်များကို ရည်ရွယ်ချက် ဖိနှိပ်ထားသည့်အကြောင်းအရင်းအား နားလည်စပြုလာသည်။
“ ကျွန်တော်တို့တွေ မျှော်နန်းသခင်ရဲ့ အတွေးကို မေးကြည့်သင့်တယ် တူတယ်” ကျိုးကျစ်ဖုန်းက ပြောလိုက်သည်။
“မဖြစ်ဘူး ” ရှောင်ယွမ်အာက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည် “ ရှစ်စွင်းက ဒီတစ်ကြိမ် ဘယ်သူမှ လာမနှောင့်ယှက်ဖို့ ပြောထားတယ်။ အခုကစပြီး ကျွန်မ အရှေ့ဘက်မျှော်နန်းဆောင်မှာ နေမယ် …”
သူမ စကားအဆုံးတွင် အရှေ့ဘက်မျှော်နန်းဆောင် အဝင်ဝနှင့် မျက်နှာချင်းဆိုင်ဘက်ဆီ သွားလိုက်ပြီးနောက် အားလုံးကို တားဆီးထားသည့်အလား လက်ကို ဆန့်ထုတ်ထားလိုက်သည်။
ကောင်းပြီလေ … မျှော်နန်းသခင်က ဒီလိုပြောထားမှတော့ သူတို့ရွေးချယ်စရာ မရှိတော့ဘူး။ ပြီးတော့ သူတို့က ဒါကို တွေ့ကြုံပြီးသား …
တကယ်လို့ သူတို့ တူညီတဲ့ အမှားကို ထပ်လုပ်လိုက်ရင် အကျိုးဆက်က မတွေးဝံ့စရာပဲ …
အားလုံးက ဘာလုပ်ရမှန်းမသိခင် အသံတစ်သံ ထွက်လာသည်။ “ အကြီးအကဲဟွား တစ်ယောက်က ဒီဟာကို တောင်ခြေမှာ ထားပစ်ခဲ့တယ် ”
အားလုံးက လှည့်ကြည့်လိုက်ကြသည်။ သူတို့က အမျိုးသမီး ကျင့်ကြံသူလက်ထဲတွင် ပစ္စည်းတစ်ခု ကိုင်ထားသည်ကို မြင်လိုက်ရ၏။ ဤသည်မှာ ဇင်အဝတ် ဖြစ်လေသည်။
အားလုံးက အံ့ဩကုန်ကြ၏။
ဟွားဝူတောက် မေးလိုက်သည်။ “ ဘယ်သူပို့လိုက်တာလဲ ”
“ ထန်းကျီမြို့က သာမန်လူတစ်ယောက်ပါ ”
“သာမန်လူတစ်ယောက်က ကြွက်ငါးကောင်ဆီကနေ ဇင်အဝတ်ကို ဘယ်လိုလုပ်ယူနိုင်မှာလဲ။ မဖြစ်နိုင်လိုက်တာ ” တွမ့်မူရှန်းက ပြောလိုက်သည်။
အမျိုးသမီး ကျင့်ကြံသူက ဆက်ပြောလိုက်သည်။ “ အဲဒီလူက ဝတ်စုံဖြူ အမျိုးသမီးတစ်ယောက်က သူ့ကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ဒီအဝတ် လာပို့ခိုင်းတာလို့ ပြောပါတယ် ”
ဝတ်စုံဖြူ အမျိုးသမီးလား …
ရှောင်ယွမ်အာက ရေရွတ်လိုက်သည်။
“ လျို့ရှစ်ကျဲလား ”
ယဲ့ထျန်းရှင်းကသာ ထိုဖော်ပြချက်များနှင့် ကိုက်ညီနေသည်။ သူမက မိစ္ဆာဝေဟင်မျှော်နန်းကို ကူညီဖို့ ရည်ရွယ်ချက်ရှိသည့် တစ်ဦးတည်းသောသူ ဖြစ်၏။ ယခု အရာအားလုံး ရှင်းလင်းသွားလေပြီ။
တွမ့်မူရှန်းက သက်ပြင်းချကာ “ အဲဒါ လျို့ရှစ်မေ့ပဲ ဖြစ်ရမယ်။ သူမကျင့်ကြံဆင့်က ပြန်ကောင်းလာပြီ ထင်တယ်။ သူမရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ကြွက်ငါးကောင်ကို အနိုင်ပိုင်းဖို့က အသေးအမွှားပဲ။ ပြီးတော့ ကြွက်ငါးကောင်က နဂိုကတည်းက ဒဏ်ရာရနေကြတာဆိုတော့ ပိုဖြစ်နိုင်ခြေရှိတယ် ”
အခြားလူများလည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ ခြောက်ယောက်မြောက် တပည့် ယဲ့ထျန်းရှင်းလက်ချက် ဖြစ်လိမ့်မည်ဟု မထင်ထားကြပေ။ သူမက မိစ္ဆာဝေဟင်မျှော်နန်းမှ အထုတ်ခံထားရ၍ မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့ဝင် မဟုတ်တော့ပေ။
သူမက ဘာလို့လုပ်ခဲ့တာပါ့လိမ့် …
သူမက မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ဝင်ချင်နေတာလား …
အခြားလူများက အရှေ့ဘက်မျှော်နန်းဆောင်ကို တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။ ဆုံးဖြတ်နိုင်သည့် တစ်ဦးတည်းသောသူက ထိုနေရာတွင် ရှိနေလေသည်။
ထိုစဉ် လုကျိုးက ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာမှ အသိအမြင်အသစ်များတွင်း နစ်မျောနေဆဲ ဖြစ်၏။
တကယ်ကို ခံစားချက်ကောင်းပဲ …
သူ့ဘေးပတ်ဝန်းကျင်မှ လှုပ်ရှားမှုများကို ကောင်းကောင်း ခံစားမိနေသော်လည်း အရာအားလုံးက ရပ်တန့်နေသလို ခံစားရပြန်သည်။ အတိအကျဆိုရလျှင် သူက အချိန်ကုန်လွန်သွားသည်ဟု မခံစားရပေ။ သက်တောင့်သက်သာရှိလှ၍ ဒီခံစားချက်ကို လွယ်လွယ်မလွှင့်ပျောက်သွားစေလိုပေ။ သူ့အတွက် ဒီလိုအခြေအနေရောက်ဖို့ ရှားပါးသည့် အခွင့်အရေး ဖြစ်၏။ သူက သူ့ကျင့်ကြံဆင့် တိုတိုတုတ်တုတ် မဖြတ်ဖို့ ဆုံးဖြတ်လိုက်သည်။
လုကျိုးက ဆက်လက်ကျင့်ကြံနေရင်း အချိန်များက ကုန်လွန်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်း ခုနှစ်ရက် ကုန်ဆုံးသွား၏။
ဟွားဝူတောက်နှင့် အခြားလူများက အရှေ့ဘက်မျှော်နန်းဆောင် အပြင်ဘက်တွင် စောင့်နေကြဆဲ ဖြစ်သည်။
“ကောင်မလေး … မျှော်နန်းသခင်က ထွက်လာမဲ့ အရိပ်အယောင် မရှိသေးဘူးလား” ဟွားဝူတောက်က ရှောင်ယွမ်အာသည် ပြောထားသည့်အတိုင်း လုပ်နေသည်ကို မြင်သည့်အခါ မေးလိုက်သည်။ သူမက အရှေ့ဘက် မျှော်နန်းဆောင် ရှေ့တွင် ရပ်ကာ နိဗာနခါးစည်းဖြင့် လေ့ကျင့်နေသည်။ သူမက နေရာမှ လုံးလုံးထွက်မသွားပေ။
“ ဟင့်အင်း ” ရှောင်ယွမ်အာက ခေါင်းခါလိုက်သည်။
“ကောင်းပြီလေ ”
“ ရှစ်စွင်းက မကြာခင် ထွက်လာတော့မှာပါ။ စိုးရိမ်မနေပါနဲ့ ” ရှောင်ယွမ်အာက ပြောလိုက်သည်။
“ငါ အဲဒါကို စိုးရိမ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်ရှစ်ရင် ဒီနေ့အထိ ပြန်မရောက်လာတာကို စိတ်ထင့်နေတာ ” ဟွားဝူတောက်က ပြောလိုက်သည်။
ရှောင်ယွမ်အာက ရယ်လိုက်ပြီး “ အကြီးအကဲဟွားရဲ့ စိတ်ထင့်တာက အလကားပဲ။ စစ်ရှစ်ရှိုးက ကျွန်မ သိသမျှလူထဲ ဉာဏ်အများဆုံးပဲ ”
“အဲဒါတော့ အမှန်ပဲ ” ဟွားဝူတောက်က ပြုံးလိုက်သည်။
“ အကြီးအကဲဟွား ပြန်သင့်ပြီ။ ရှစ်စွင်း ထွက်လာတာနဲ့ တန်းအကြောင်းကြားလိုက်ပါ့မယ် ”
“ ကျေးဇူးပဲ ” အကြီးအကဲဟွားက အရှေ့ဘက် မျှော်နန်းဆောင်မှ ထွက်လာလိုက်သည်။
ရှောင်ယွမ်အာက အရှေ့ဘက်မျှော်နန်းဆောင်ထဲ ကျန်နေခဲ့ကာ သူမ၏ သန့်စင်ကျောက်စိမ်း ကျင့်စဉ်ကို ကျင့်ကြံနေသည်။
နောက်ထပ် ခုနှစ်ရက် ကုန်ဆုံးသွားလေသည်။
မိစ္ဆာဝေဟင်မျှော်နန်းက အံ့ဖွယ်မြို့တော်မှ မင်ရှစ်ရင် ပို့လိုက်သည့် စာကို လက်ခံရရှိလိုက်သည်။ သူက ကျောင်းယွဲ့ကို အတူတူခေါ်ဆောင်လိုသောကြောင့် အချိန်တချို့ လိုကြောင်း ပြောထားလေသည်။ တွမ့်မူရှန်းက ထိုအကြောင်းကို ရှစ်စွင်းဆီ တင်ပြလို၏။ သို့သော်လည်း ရှောင်ယွမ်အာက တားထား၍ သူ့အနေနှင့် စောင့်နေရုံမှအပ ဘာမှမတတ်နိုင်ပေ။
ဤသို့ဖြင့် တစ်လတာ ကုန်ဆုံးသွားပြီး ကုန်းယွမ်တုနှင့် ချိန်းထားသည့်အချိန်သို့ ရောက်လာရန် နီးကပ်လာသည့်အခါ မိစ္ဆာဝေဟင်မျှော်နန်းရှိ လူများက ဒီအတိုင်းဆက်မနေနိုင်တော့ပေ။
ဟွားဝူတောက်၊ တွမ့်မူရှန်းနှင့် အခြားလူများက အရှေ့ဘက်မျှော်နန်းဆောင်ဆီ ထပ်ရောက်လာကြသည်။
“အကြီးအကဲဟွားရဲ့ ကျင့်ကြံဆင့်က နက်နဲတယ်ဆိုတော့ မျှော်နန်းဆောင်အတွင်းက အခြေအနေတွေကို မှန်းဆနိုင်မလား” တွမ့်မူရှန်းက မေးလိုက်သည်။
သူတို့က အထဲမဝင်နိုင်သောကြောင့် အပြင်ဘက်ကနေသာ စူးစမ်းလေ့လာနေရသည်။
ဟွားဝူတောက်က ခေါင်းခါကာ “ သူ သီးသန့်လေ့ကျင့်နေတုန်း မနှောင့်ယှက်တာ အကောင်းဆုံးပဲ။ ဒါပေမဲ့ ချီအတက်အကျအရတော့ အငွေ့အသက်က တည်တည်ငြိမ်ငြိမ် စီးဆင်းနေတုန်းပဲ ”
တွမ့်မူရှန်းက ခေါင်းညိတ်လိုက်သည်။ သူက အရှေ့ဘက်မျှော်နန်းဆောင်ဆီ သွားလိုက်သည်။ သူက တံစက်မြိတ်အောက် တွဲလောင်းခိုနေသည့် ရှောင်ယွမ်အာကို မြင်လိုက်သည့်အခါ အကြည့်တို့ တောက်ပလာပြီး “ ရှောင်ရှစ်မေ့ … ရှစ်စွင်းကို လေ့ကျင့်နေတာကနေ ခေါ်ထုတ်ခဲ့ပါ့လား ”
…