အခန်း (၅၁၆-၅၁၇)
Vol. 33 Ch. 516-517
Chapter 516
ယာဉ်တန်း အဆင့်မြှင့်တင်ခြင်း ၁
ထို့နောက် လင်းရှန်က ကီကီဘက်သို့ လှည့်ကာ
“မင်းရဲ့ အဖေက အာရုဏ်ဦး စီမံကိန်းမှာ ပါဝင်ခဲ့တယ်၊ ဒါပေမဲ့ မင်းရဲ့ ဒုတိယအဒေါ်ကတော့ ထာဝရရှင်သန်ဖို့ ကြိုးစားရင်း အမှောင်ထုယုံကြည်သူအဖွဲ့စည်းထဲက အနီရောင်ကမ္ဘာရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့တယ်… မထူးဆန်းဘူးလား”
“ထူးတော့ ထူးဆန်းတယ်... ဒါပေမဲ့ ကျွန်မ သူတို့အကြောင်းကို ဂရုမစိုက်ဘူး”
ကီကီသည် လင်းရှန်ဘက်သို့ လှည့်လိုက်ရာ သူမ၏ မျက်လုံးများက စနောက်ချင်စိတ်ဖြင့် တောက်ပနေသည်။
“ဒါပေမဲ့ ရှင်က ဘာကိုပြောချင်လဲဆိုတာတော့ ကျွန်မသိတယ်”
လင်းရှန် ခေါင်းညိတ်ပြလိုက်သည်။ သူနှင့် ချန်ဆီရွှမ်၊ ကီကီတို့သည် ယိကျင်းမြို့မှ တွင်းနက်ဇုန် အမှတ် ၅ မှ လွတ်မြောက်သည်နှင့်တပြိုင်နက် နောက်တစ်ဆင့်မှာ ပူးပေါင်းထားသော ရထားတွဲမှ ခွဲထွက်ပြီး ကျင်းဟိုင်မြို့သို့ ဦးတည်ရန် ဖြစ်ကြောင်း ဆွေးနွေးထားပြီးဖြစ်သည်။ သမုဒ္ဒရာရထားလမ်းကြောင်းထဲသို့ မဝင်မီတွင် သူသည် ပြင်ဆင်မှုများစွာ ပြုလုပ်ရန် လိုအပ်သည်။ အဓိက အလုပ်တစ်ခုမှာ ရထား၏ မောင်းနှင်စနစ်ကို အဆင့်မြှင့်တင်ရန် ဖြစ်သည်။
မြေပြင်အမျိုးအစားအားလုံးတွင် မောင်းနှင်နိုင်သောစနစ်သို့ အဆင့်မြှင့်တင်ခြင်းသည် စွမ်းအင် ပိုမိုသုံးစွဲမည်ဖြစ်ပြီး အမြန်နှုန်းကို လျော့ကျစေမည်ဖြစ်သော်လည်း အနန္တ ရထားကို ရထားလမ်းမှ ခွာ၍ မောင်းနှင်နိုင်စေကာ ရွေ့လျားနိုင်စွမ်း ပိုမိုရရှိစေမည်။
သူတို့သည် အနည်းဆုံးတော့ သမုဒ္ဒရာရထားလမ်းငယ်ကို သွားရဖွယ်ရှိပြီး၊ ဆိုလိုသည်မှာ ရေပေါ် သို့မဟုတ် ပင်လယ်ရေပြင်ပေါ်တွင်ပင် မောင်းနှင်ရန် လိုအပ်ပေမည်။ ဝင်ရိုးစွန်းဒေသသို့ ဦးတည်သွားပါက ရွေးချယ်စရာ နှစ်ခုရှိသည်။ ပထမလမ်းကြောင်းမှာ ချုံးကူရေလက်ကြားကို ဖြတ်ကျော်ပြီး မြောက်အမေရိကတိုက်ငယ် အများအပြားကို ဖြတ်သန်းကာ သမုဒ္ဒရာဖြူမှ တောင်ဘက်သို့ ဆင်းသွားခြင်း ဖြစ်သည်—သို့သော် ရထားလမ်းများ မပျက်စီးပါက ဧရာမ ကူးတို့သင်္ဘောကြီး လိုအပ်ပေမည်။
အခြားလမ်းကြောင်းမှာ ပစိဖိတ်သမုဒ္ဒရာကို သမုဒ္ဒရာရထားလမ်းငယ်မှ တိုက်ရိုက်ဖြတ်ကျော်ခြင်း ဖြစ်ပြီး ပိုမိုကျယ်ပြန့်သော အကွာအဝေးကို လွှမ်းခြုံသော်လည်း လက်ရှိ အခြေအနေကို သိသူ နည်းပါးသောကြောင့် အန္တရာယ် နည်းပါးပေမည်။
ကျင်းဟိုင်သည် ကမ္ဘာပေါ်တွင် အသေးငယ်ဆုံး ဂြိုဟ်ပတ်ရထားထုတ်လုပ်ရေး အခြေစိုက်စခန်းများထဲမှ တစ်ခုဖြစ်ပြီး နဂါးနိုင်ငံ၏ နျူကလီးယား ရူပဗေဒသိပ္ပံကျောင်း တည်ရှိရာလည်း ဖြစ်သည်။ ၎င်းသည် ကီကီ၏ ဇာတိမြို့နှင့် လင်းလုံအဖွဲ့၏ ရုံးချုပ်လည်း ဖြစ်သည်။
မောင်းနှင်စနစ် အဆင့်မြှင့်တင်ရန်အတွက်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ “စုံတွဲလုယက်ခြင်း စီမံကိန်း” အတွက်ဖြစ်စေ သူ ထိုနေရာသို့ သွားရပေမည်။
မကြာမီ တင်းကျန်းရီ ရောက်လာသည်။ လုံခြုံရေးအရ တာလို့နှင့် ရှုချင်းတို့လည်း စောင့်ကြည့်ရေးခန်းမသို့ ရောက်လာသည်။
“အတော်ပဲ… ကျွန်မ ရှင်သန်ရေးအသိုက်ရဲ့ ဒေတာတွေကို ပြန်လေ့လာတော့ ထူးဆန်းတာတစ်ခု တွေ့ခဲ့တယ်”
တင်းကျန်းရီက လျင်မြန်စွာ ပြောရင်း ဝင်လာသည်။ လျှို့ဝှက်ဆန်းကြယ်သူအကြောင်း ကြားသောအခါ သူမသည် အာရုံကြောဦးနှောက်လှိုင်း စကင်နာနှင့် အိတ်ဆောင် ဆေးဘက်ဆိုင်ရာ pod ကို ချက်ချင်း ယူဆောင်လာခဲ့သည်။ တာလို့က သွေးကပ်ဘေးပန်းကို သယ်လာခဲ့သည်။
“ဘာပဲဖြစ်ဖြစ် ကာကွယ်ဖို့အတွက် ဒါကိုလည်း ယူလာတယ်”
“ဘာပြဿနာလဲ” လင်းရှန် ချက်ချင်း မေးလိုက်သည်။
တင်းကျန်းရီသည် သီးခြားခွဲထားသော အခန်းဘက်သို့ လျှောက်သွားကာ အမျိုးသမီး၏ ဦးခေါင်းကို ကြိမ်နှုန်းမျိုးစုံသုံး ဇီဝရောင်ခြည်မီးဖြင့် စကင်ဖတ်ပြီးနောက် ကိရိယာကို သိမ်းလိုက်သည်။ သူမသည် အခန်းကို ဖွင့်ကာ ရှုချင်းကို အမျိုးသမီးကို ဖိထားရန် အချက်ပြပြီးနောက် ထန်ယွမ်၏ ဦးနှောက်လှိုင်း စောင့်ကြည့်ကိရိယာကို တပ်ဆင်ရန် စတင်လိုက်သည်။
“ရှားရှား ပြောတဲ့စကားကြောင့် ကျွန်မ သတိရသွားတယ်။ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ဦးနှောက်လှိုင်း ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာတဲ့အခါ ထူးခြားတဲ့ ပုံစံတစ်ခုကို ကျွန်မ သတိထားမိတယ်။ သူတို့ရဲ့ ဦးနှောက်က Y-gamma လှိုင်း ၂၀၀hz နဲ့ ၇၀uV ကျော် ထုတ်လုပ်တဲ့အခါ၊ သာမန် ထင်ယောင်ထင်မှားဖြစ်ခြင်းနဲ့ လုံးဝ ကွဲပြားတဲ့ စည်းချက်ညီ ဝင်ရောက်နှောင့်ယှက်မှုမျိုးကို ဖန်တီးတယ်”
“တစ်လုံးမှ နားမလည်ဘူး”
ကီကီက နှုတ်ခမ်းဆူပြီး ရေရွတ်သည်။
“ဒီတစ်ယောက် သတိပြန်ရလာရင် တစ်စိတ်တစ်ပိုင်းလောက်တော့ နားလည်နိုင်လိမ့်မယ်”
တင်းကျန်းရီ ပြန်ဖြေသည်။
“ကောင်းပြီ”
လင်းရှန် ခေါင်းညိတ်လိုက်သည်။
“မင်းတို့ နှစ်ယောက် သူမကို စောင့်ကြည့်ထား။ ငါ တခြားလုပ်စရာတွေ ရှိသေးတယ်”
ထို့နောက် လင်းရှန်သည် တင်းကျန်းရီကို အနှောင့်အယှက်မဖြစ်စေရန် လော့ယန်နှင့် အခြားသူများကို သူ့နောက်လိုက်လာရန် လက်ဟန်ပြကာ လော့ယန်နှင့် သူ၏ အစီအစဉ်များကို ဆွေးနွေးလိုက်သည်၊၊
“တကယ်လား…အစ်ကိုလင်း ကျွန်တော်တို့ တကယ်ပဲ ခင်ဗျားရဲ့ ယာဉ်တန်းမှာ ပါလို့ရလား”
လင်းရှန်သည် အချက်အလက်ကို တိုက်ရိုက်ပြောလိုက်သည်။ လော့ယန်သည် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး မျက်လုံးများ ပြူးကျယ်လာသည်။
“ဒီအကြောင်းကို ခင်ဗျားနဲ့ ဆွေးနွေးချင်နေတာ ကြာပါပြီ… အရမ်းကောင်းတာပဲ… ကျွန်တော်တို့အားလုံး ခင်ဗျားယာဉ်တန်းမှာ ပါဝင်ချင်ပါတယ် အစ်ကိုလင်း”
သူ၏ နောက်တွင် လိုလိုနှင့် အာမင်တို့သည်လည်း ပျော်ရွှင်စွာ ပြုံးနေကြသည်။
“ကပ္ပတိန်လင်း… ကျွန်တော်တို့ ဆွေးနွေးပြီးပြီ”
“ဟုတ်တယ်၊ ဟုတ်တယ်”
“ကျွန်တော်တို့ ယာဉ်တန်းသုံးခုလုံး စီလန်ကို ဖြတ်လာတုန်းကတည်းက ပူးပေါင်းဖို့ ဆွေးနွေးခဲ့ကြတာ”
လော့ယန်က ခဏရပ်ကာ မဟာလင်းယုန်ယာဉ်တန်းကို ပြန်သတိရရင်း မျက်လုံးများတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ပေါ်လာသည်။
လင်းရှန် သက်ပြင်းချကာ လော့ယန်၏ ပခုံးကို ပုတ်လိုက်သည်။
“ငါ နားလည်ပါတယ်။ အရာအားလုံးကို ပူးပေါင်းလိုက်တာက ငါတို့ကို ပိုသန်မာစေတယ်။ ငါတို့ ဝင်ရိုးစွန်းညကနေ လွတ်မြောက်တာနဲ့ မင်းတို့ ရထားတွေကို ငါပေါင်းစည်းမယ်။ အဲဒီအခါကျရင် ငါ အကုန်လုံးကို အကြီးစား ပြုပြင်ပြောင်းလဲမှု လုပ်လိုက်မယ်”
အနန္တရထားတွင် လက်ရှိ ၁၆ တွဲ ရှိသည်။ နေမင်းရထား၏ ၁၁ တွဲကို ပေါင်းလိုက်သောအခါ စုစုပေါင်း ၂၇ တွဲကျော် ရှိလာမည်—အနန္တရထားသည် မီတာ ၈၀၀ ကျော် ရှည်လျားလာမည်ဖြစ်ပြီး စွမ်းဆောင်ရည်လည်း များစွာ တိုးလာမည်ဖြစ်သည်။
“အံ့ဩစရာပဲ… အရမ်းကောင်းတယ်”
လော့ယန်သည် စိတ်လှုပ်ရှားကာ မျက်မှန်ကို ပင့်တင်လိုက်သည်။
“အစ်ကိုလင်း… ကျွန်တော် အခုပဲ တခြားသူတွေကို သတင်းကောင်း သွားပြောလိုက်တော့မယ်”
သူ လှည့်ထွက်သွားရာမှ ခဏရပ်ကာ လင်းရှန်ကို ကြည့်လိုက်သည်။
“ဪ၊ ဒါနဲ့ အစ်ကိုလင်း နောက်ပြီးတော့...”
သူ စကားမဆုံးမီ လင်းရှန်က ဖြတ်ပြောလိုက်သည်။
“လီယီနဲ့ သူ့အဖွဲ့ လည်းခေါ်မယ်… ငါ သူမနဲ့ တိုက်ရိုက် စကားပြောလိုက်မယ်”
လော့ယန်၏ မျက်လုံးများ တောက်ပလာပြီး သက်ပြင်းချလိုက်သည်။
“ဟုတ်ကဲ့”
သူတို့သည် လော့ယန်အဖွဲ့နှင့် ယာယီပူးပေါင်းထားသော်လည်း လီယီ၏ ယာဉ်တန်းသည် အဖွဲ့ဝင်များစွာဖြင့် သီးခြားယူနစ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ နောင်တွင် နားလည်မှုလွဲမှားခြင်း မရှိစေရန် လင်းရှန်က သူမနှင့် ကိုယ်တိုင်စကားပြောဆိုခြင်းသည် အကောင်းဆုံးဟု ယူဆသည်။
နေမင်းရထားသည် အဝါရောင်-အနက်ရောင် သံချပ်ကာရထားဖြစ်ပြီး ကြီးမားသော အရွယ်အစားရှိကာ ပိုမိုအဆင့်မြင့်သော ဟွမ်ရှင်း-10A လျှပ်စစ်စက်ခေါင်းနှင့် လင်းလုံနျူကလီးယား စွမ်းအင်သုံးတွဲဖြင့် မောင်းနှင်ထားသဖြင့် စစ်မှန်သော ကမ္ဘာပျက်ကပ်ရထားတစ်စီး ဖြစ်သည်။ စက်ခေါင်းတွဲနှစ်ခုအပြင် ထောက်ပံ့ရေးတွဲ၊ လက်နက်တိုက်နှင့် ထမင်းစားခန်းတို့လည်း ရှိသည်—ကျန်ရှိသော ခြောက်တွဲမှာ အိပ်ဆောင်တွဲများဖြစ်ပြီး အနန္တ ရထား၏ ရည်ရွယ်ချက်မျိုးစုံသုံး အစီအစဉ်ထက် နေရာပိုများစွာ ပေးစွမ်းနိုင်သည်။
လင်းရှန် ရထားပေါ် တက်သည်နှင့် အေးစိမ့်နေသော ခံစားမှုတစ်ခုကို ခံစားရသည်။ ယူဆောင်လာသော ထောက်ပံ့ပစ္စည်းများကို အပြည့်အဝ မသိမ်းဆည်းရသေးဘဲ ခရီးသည်များသည် ၎င်းတို့၏ ကိုယ်ပိုင်နေရာများကို တိတ်တဆိတ်စီစဉ်နေကြသည်မှာ Bigfoot ယာဉ်တန်းက အစောပိုင်းက လုပ်ခဲ့သလိုပင်။
ပထမ အိပ်ဆောင်နှစ်တွဲတွင် လော့ယန်၏ လူငယ်အဖွဲ့သားများ နေထိုင်သည်—အမျိုးသားများ တစ်တွဲ၊ အမျိုးသမီးများ တစ်တွဲ ဖြစ်သည်။ သူတို့၏ ပုံစံများသည် ထူးခြားပြီး တက်ကြွသည်။ အမျိုးသားများတွဲတွင် အများစုသည် ၎င်းတို့၏ စွမ်းအားဝတ်စုံအသစ်များကို စိတ်လှုပ်ရှားစွာ ကိုင်တွယ်နေကြပြီး၊ အမျိုးသမီးတွဲတွင် အချို့မှာ ထောက်ပံ့ပစ္စည်းများကို ရှင်းလင်းကာ သန့်ရှင်းရေးလုပ်နေကြပြီး၊ အချို့မှာ သေနတ်များ အသုံးပြုပုံကို လေ့လာနေကြသည်။ လေထုတစ်ခုလုံးသည် တက်ကြွနေသည်။
Chapter 517
ယာဉ်တန်း အဆင့်မြှင့်တင်ခြင်း ၂
ထိုနှစ်တွဲကို ကျော်လွန်၍ ကျန်ရှိသော လေးတွဲမှာ မူရင်း အဝေးပြေးယာဉ်တန်း၏ အပိုင်ဖြစ်သည်။ ပထမတွဲတွင် ကျယ်ဝန်းသော စင်္ကြံတစ်ခုနှင့် ပိတ်ထားသော အိပ်ခန်းငယ်များပါရှိပြီး လွယ်ကူစွာ သွားလာနိုင်ပြီး သိုလှောင်ရန် နေရာများစွာ ရှိသည်။
လင်းရှန်သည် ဤရထားတွဲ၏ နေထိုင်ရန် နေရာသည် အဘယ်ကြောင့် ဤမျှ ကျစ်လစ်နေရကြောင်း အံ့ဩနေစဉ် အပေါ်ထပ် အိပ်ရာခွဲခြားထားသောနေရာမှ ဦးခေါင်းငယ်တစ်ခု ပြူထွက်လာသည်။ မှိန်နေသော အလင်းရောင်ထဲတွင် ကြည်လဲ့သော မျက်လုံးတစ်စုံက သူ့ကို ကြည့်ကာ ညင်သာစွာ ခပ်တိုးတိုး မေးလိုက်သည်။
“အစ်... အစ်ကို... အစ်ကိုကြီးက ဘယ်သူ့ကို... ရှာနေတာလဲ”
လင်းရှန် မျက်တောင်ခတ်လိုက်သည်။ ကလေးမလေးသည် လေးနှစ် သို့မဟုတ် ငါးနှစ်ခန့်သာ ရှိပုံရပြီး ဆံပင်တိုတိုနှင့် ညစ်ပေနေသော်လည်း ချစ်စရာကောင်းသောမျက်နှာဖြင့် အသက်ဝင်နေသည်။
သူမ၏ အသက်အရွယ်တွင် ပျော်ရွှင်သော ကလေးဘဝကို ပိုင်ဆိုင်သင့်သည်။ သို့သော် သူမ၏ မျက်နှာတွင် ရှည်လျားကြမ်းတမ်းသော ထွက်ပြေးမှု၏ အစအနများ ရှိနေသည်။ လင်းရှန် စိတ်ထဲမှ သက်ပြင်းချကာ ပြုံးလိုက်သည်။
“ငါ ရှာနေတာက...”
“ရှူး~”
သူ စကားမဆုံးမီ ကလေးမလေးသည် သူ၏ နှုတ်ခမ်းတွင် လက်ညှိုးတင်ကာ တိုးတိုးလေး ပြောလိုက်သည်။
“မေမေ... လီယီ... က... တိုးတိုးလေး ပြောပါ... လို့ပြောထားတယ်~”
“ဟုတ်ပါပြီ~”
လင်းရှန် ရယ်မောလိုက်ပြီး သူမ၏ လေသံကို အတုခိုးလိုက်သည်။
“ကပ္ပတိန်လင်း”
ထိုစဉ် လီယီ၏ အသံ ထွက်ပေါ်လာသည်။ လင်းရှန် မော့ကြည့်လိုက်ရာ သော့များနှင့် ဝက်အူလှည့်များ ပြည့်နေသော ပြုပြင်ရေးပစ္စည်းအစုံကို သယ်ဆောင်လာသည့် သူမကို တွေ့လိုက်ရပြီး သူမ၏ ကျောနောက်တွင် သေနတ်ကြီးတစ်လက်ကို လွယ်ထားသည်။ သူမက အံ့ဩဟန်ဖြင့်
“ကပ္ပတိန်လင်း၊ ကျွန်မကို ရှာနေတာလား”
“မေမေ လီယီ~”
သူမ၏ အသံကြောင့် ပတ်ဝန်းကျင်မှ သိချင်စိတ်ဖြင့် ကြည့်နေကြသည်။ တစ်ယောက်ပြီးတစ်ယောက် ကလေးငယ်များ၏ ခေါင်းငယ်လေးများ အိပ်ဆောင်ငယ်များမှ ထွက်လာကြသည်။
လင်းရှန် ခေါင်းညိတ်ပြီး ကလေးများကို ကြည့်ကာ လီယီကို မျက်ရိပ်ပြလိုက်သည်။
လီယီလည်း ခေါင်းညိတ်ပြီး ကိရိယာအစုံကို လျင်မြန်စွာ ချလိုက်ကာ သူမ၏လက်မှ အမဲဆီများကို သုတ်ပြီး အပေါ်ဘက်ရှိ ကလေးမလေးကို လှမ်းပြောလိုက်သည်။
“ဒူဒူ၊ အိပ်ဖို့ အချိန်ရောက်ပြီ”
“ဟုတ်~”
ဒူဒူ အမည်ရှိ ကလေးမလေးက သွားဖြဲကာ လင်းရှန်ကို ရှက်ရွံ့စွာ ခိုးကြည့်ပြီးနောက် နာခံစွာ အတွင်းသို့ ပြန်ဝင်သွားသည်။
လင်းရှန် ဆင်းလာသောအခါ လီယီက လျင်မြန်စွာ ပြောလိုက်သည်။
“ကျွန်မတို့ ကလေးတွေကို စောင့်ရှောက်ရတာ ပိုလွယ်အောင် အလယ်ပိုင်းမှာ သီးသန့် အိပ်ဆောင်ကားတစ်တွဲကို ရွှေ့ထားလိုက်တယ်။ ဒါပေမဲ့ ဒီရထားက ကျွန်မတို့ရဲ့ ဘတ်စ်ကားအဟောင်းထက် အများကြီး ကျယ်တာကြောင့် ပိုနေတဲ့ နေရာလွတ်တွေက ကျွန်မတို့ မခွဲထုတ်ရသေးတဲ့ ပစ္စည်းတွေနဲ့ ပြည့်နေတယ်။ ဒီလို မြင်လိုက်ရတာကို စိတ်ထဲမရှိပါနဲ့”
“လျန်လေးရဲ့ ဒဏ်ရာက ဘယ်လိုလဲ”
လင်းရှန် မေးလိုက်သည်။
“အများကြီး သက်သာလာပါပြီ”
လီယီသည် လင်းရှန်ကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
“ကပ္ပတိန် ချန်နဲ့ သူ့အဖွဲ့က လျန်လေးကို ရှင်တို့ရဲ့ ဆေးဘက်ဆိုင်ရာတွဲဆီကို နောက်တစ်ခါ ထပ်စစ်ဆေးဖို့ ခေါ်သွားခဲ့တယ်။ သူ့ရဲ့ အသက်လက္ခဏာတွေ အားလုံးက... တည်ငြိမ်နေပါပြီ။ သူက အရေပြားထူပြီး ကြွက်သားတွေ သန်မာတဲ့သူပါ—သူ့ရဲ့ စွမ်းအားကလည်း အတော်မြန်တဲ့နှုန်းနဲ့ ပြန်ကောင်းလာတယ်”
လင်းရှန် ခေါင်းညိတ်ပြီးနောက် အချက်အလက်ကို တိုက်ရိုက်ပြောလိုက်ကာ လော့ယန်၏ ယာဉ်တန်းကို ပူးပေါင်းရန် ဖိတ်ခေါ်ခြင်းအကြောင်း ပြောပြလိုက်သည်။
“လော့ယန်နဲ့ တခြားသူတွေ သဘောတူခဲ့ကြပြီ။ မင်းတို့ ယာဉ်တန်းလည်း အနန္တ ရထားမှာ ပါဝင်စေချင်လို့ ကျုပ်လာရှာတာပါ”
လီယီ၏ မျက်နှာအမူအရာ ခဏမျှ ရပ်တန့်သွားသည်။ သူမသည် လင်းရှန်ကို အံ့ဩတုန်လှုပ်စွာ စိုက်ကြည့်နေပြီး သူမ၏ ပါးစပ်မှာ အနည်းငယ် ပွင့်နေကာ မယုံနိုင်သည့်အသွင်ဖြစ်သည်။
“လင်း... ကပ္ပတိန်လင်း၊ အတည်ပြောတာလား”
“မင်းက စိတ်မဝင်စားဘူးလား” လင်းရှန် မေးလိုက်သည်။
“မဟုတ်... မဟုတ်ပါဘူး၊ မဟုတ်ပါဘူး” လီယီသည် အံ့ဩမှုနှင့် ဝမ်းသာမှု နှစ်မျိုးလုံး ခံစားနေရပြီး အကြောင်းတစ်ခုခုကြောင့် သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။
“လျန်လေး၊ လော့ယန်နဲ့ ကျွန်မတို့က... ဒီအကြောင်းကို အရင်က ဆွေးနွေးခဲ့ဖူးပါတယ်။ ဒါပေမဲ့...”
သူမသည် ရထားတွဲကို နောက်ပြန် တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ၏ ပူဖောင်းနေသောဗိုက်ကို အကူအညီမဲ့စွာ ငုံ့ကြည့်လိုက်သည်။
“ကျွန်မ စိုးရိမ်မိတာက... ကျွန်မက ရှင်တို့ကို နှေးကွေးစေမှာပဲ…ကပ္ပတိန်လင်း”
လင်းရှန်၏ မျက်နှာအမူအရာမှာ တည်ကြည်လာသည်။ “လမ်းတစ်လျှောက်မှာ အကူအညီမဲ့နေတဲ့ ရှင်သန်ကျန်ရစ်သူ ဒါဇင်ပေါင်းများစွာကို မင်းက ကယ်ခဲ့တယ်လို့ ကျုပ်ကြားတယ်”
လီယီက ခါးသီးစွာ ပြုံးလိုက်သည်။
“လူတိုင်းက မလွယ်ကူကြပါဘူး။ တစ်ယောက်ကို တစ်ယောက် ကူညီနိုင်မယ်ဆိုရင်... ကျွန်မတို့အားလုံး အသက်ရှင်သန်ဖို့ အခွင့်အရေး ပိုရနိုင်ပါတယ်”
လင်းရှန် အသက်ပြင်းပြင်း ရှူသွင်းကာ
“မင်းတို့လို ယာဉ်တန်းမျိုးနဲ့ တွေ့ဆုံရတာ ကျုပ်အတွက်ကံကောင်းခြင်းပဲ။ ကျုပ်က ကမ္ဘာပျက်ကပ်မှာ ရုန်းကန်နေရတဲ့ ရှင်သန်ကျန်ရစ်သူတစ်ယောက်သာဆိုရင် မင်းတို့လို လူမျိုးနဲ့ ဆုံဆည်းရဖို့ ငါ အိပ်မက် မက်နေမိမှာပဲ… မင်းက ကျုပ်တို့ကို နှေးကွေးစေလိမ့်မယ်လို့ ငါ ဘယ်လိုလုပ် တွေးနိုင်မှာလဲ”
အစောပိုင်းတွင် လင်းရှန်သည် သူ၏ ရထားပေါ်တွင် လူသစ်များကို လက်ခံရန်အတွက် အလွန်ရှင်းလင်းသော စံနှုန်းများ ရှိခဲ့သည်။
သစ္စာစောင့်သိမှု။ တန်ဖိုးရှိမှု။
သူ့အတွက် ကမ္ဘာပျက်ကပ်တွင် ရှင်သန်ရန် ထိုနည်းလမ်းတစ်ခုတည်းသာ ရှိသည်။
လုံးဝ အတ္တကြီးရမည်။ လူတိုင်းသည် အရင်းအမြစ်တစ်ခု ဖြစ်သည်။
သို့သော် အာရုဏ်ဦးခရီးစဥ်အပြီးတွင်လင်းရှန်သည် အခြားအရာတစ်ခုကို နားလည်လာခဲ့သည်။ စစ်မှန်သော ဆက်ဆံရေးကို ဖန်တီးသူများ၊ လူသားချင်း စာနာထောက်ထားမှု မပျက်ယွင်းဘဲ ကပ်ဘေးတွင် အခြားသူများကို ကူညီရန် လက်ကမ်းသူများ—ထိုသူများသာ တောင်ပေါ်တက်ကာ လူသားမျိုးနွယ်၏မီးတောက်ကို ရှေ့သို့ ဆက်လက်သယ်ဆောင်ရန် စစ်မှန်သော ထိုက်တန်သူများဖြစ်ကြသည်။
ကလေးငယ်များ ပြည့်နေသော ထိုရထားတွဲ—သူတို့ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ကမ္ဘာပျက်ကပ်အခြေအနေများအောက်တွင် သူတို့သည် အများကြီး အထောက်အကူ မဖြစ်နိုင်ပေ။ သို့သော် ထိုအပြစ်ကင်းသော နှလုံးသားများသည် လူသားမျိုးနွယ်က ကာကွယ်ရမည့်အရာများ မဟုတ်ပေလား။
“ကပ္ပတိန်လင်း၊ ကျွန်မ...”
လီယီသည် သူ့စကားများကြောင့် ခဏတာ စကားမပြောနိုင် ဖြစ်သွားသည်။
“မင်းတို့က ကျုပ်တို့ရဲ့ အစိတ်အပိုင်းပဲ”
လင်းရှန် တိုက်ရိုက်ပြောလိုက်သည်။
“ဒီမိသားစုကို အတူကာကွယ်ကြမယ်”
လီယီသည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက် ချက်ချင်းပင် သူမ၏ ပါးစပ်ကို အုပ်လိုက်ကာ မျက်လုံးများတွင် မျက်ရည်စများဖြင့် လင်းရှန်ကို ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်၊ ကပ္ပတိန်လင်း”
“လျန်လေးနဲ့ ကလေးတွေကို ခဏဂရုစိုက်ထားဦး… ပြီးတော့ မင်းရဲ့ အဖွဲ့သားတွေကို စက်ပစ္စည်းအသစ်တွေနဲ့ ကျင့်သားရအောင် လုပ်ပါ။ ကျုပ်တို့ ဝင်ရိုးစွန်းညကို ဖြတ်ကျော်ရတော့မယ်။ အရာအားလုံး အဆင်ပြေနေမှာတော့ မဟုတ်ဘူး”
“ဟုတ်ကဲ့ပါ”
လော့ယန်၊ လီယီတို့နှင့် စကားပြောဆိုပြီးနောက် လင်းရှန်သည် သူ၏ ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။
အရာအားလုံး အဆင်ပြေပါက အနန္တရထားသည် မကြာမီတွင် လက်နက်ခဲယမ်းများသာမက ထောက်လှမ်းရေးစနစ်နှင့် မောင်းနှင်စနစ်များပါမကျန် အဓိက အဆင့်မြှင့်တင်မှုတစ်ခု ရရှိတော့မည်။
သူ အချိန်ကို စစ်ဆေးလိုက်သည်။ မနက် ၅ နာရီ ကျော်နေပြီဖြစ်သောကြောင့် သူသည် ပစ္စည်းများ ဝါးမျိုခြင်းကို ဆက်လုပ်ရန် ဇီးရိုးဒြပ်စင်ဗဟိုဌာသို့ ချက်ချင်းပြန်သွားခဲ့သည်။
[ဝါးမျိုမှုအောင်မြင်သည်။ ယန္တရားရင်းမြစ် +၁၀၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၅]
[ဝါးမျိုမှုအောင်မြင်သည်။ ယန္တရားရင်းမြစ် +၁၅၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၆]
[ဝါးမျိုမှုအောင်မြင်သည်။ ယန္တရားရင်းမြစ် +၂၀၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၈]
….
စောင့်ကြည့်ရေးခန်းမအတွင်းတွင် လင်းရှန်သည် သူတွေ့သမျှ အရာအားလုံးကို ရှာဖွေခဲ့သည်။ အသုံးဝင်နိုင်သော မည်သည့်အရာကိုမဆို သူယူဆောင်သွားပြီး ၎င်းတို့အားလုံးကို ရင်းမြစ်ပစ္စည်းနှင့် ယန္တရားအမှတ်များအဖြစ် ပြောင်းလဲပစ်နေသည်။