အခန်း (၅၂၆-၅၂၇)
Vol. 33 Ch. 526-527
Chapter 526
နှုတ်ဆက်ပါတယ် အကိုဟွာ ၃
ဝူး
လျှပ်စစ်စက်ခေါင်းများ၏ အင်ဂျင်သံများ ဟိန်းထွက်လာသည်၊၊ ချိတ်ဆက်ထားသော ရထားတွဲများသည် တစ်ပြိုင်နက်တည်း အင်အားသုံး၍ စတင်ရွေ့လျားလာကြသည်၊၊
၁၅ ကီလိုမီတာ ရှည်လျားသော မြေအောက် ပေါင်းစည်းရထားကြီးသည် စတင်ထွက်ခွာခဲ့ပြီ ဖြစ်သည်၊၊
ဂျုံး... ဝူး... ဂျုံး ဂျုံး ကလန် ကလန်
ထိုအချိန်တွင် မြေအောက်ဘူတာများ၊ ဇီးရိုးဒြပ်စင်ဗဟိုဌာနနှင့် မျှော်စင်တို့တွင် အမည်းရောင် အရိပ်များပေါ်ထွက်လာသည်၊၊
ထိုထူးဆန်းသော သတ္တဝါများသည် တစ်ခုခုကို အာရုံခံမိပုံရပြီး မြေအောက်ထဲသို့ အရူးအမူး တိုးဝင်လာကြသည်၊၊
ဘိ... ဘိ... ဘိ
ရထားသည် အရှိန်မြှင့်၍ ထွက်ခွာသွားစဉ်မှာပင် မှိုမျှင်မျှော်စင်ကြီးသည် ပြင်းထန်စွာ တုန်ခါလာသည်၊၊
ဇီးရိုးဒြပ်စင်ဗဟိုဌာနအတွင်းရှိ မီးများသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်၊၊ အသက်ကယ်ခန်း အမှတ်စဉ် ၀၄၀၃ အတွင်း၌ ထန်ယွမ်သည် ငြိမ်းချမ်းစွာ လဲလျောင်းနေသည်၊၊ သူမ၏ ခေါင်းပေါ်မှ အချက်ပြမီးသည် နောက်ဆုံးတစ်ကြိမ် လင်းလက်သွားပြီးနောက် ငြိမ်းသွားလေသည်၊၊ နောက်ဆုံးအခိုက်အတန့်တွင် သူမ ပြုံးနေပုံရသည်၊၊ သူမ၏ အသက်ရှူသံနှင့် နှလုံးခုန်သံများ ရပ်တန့်သွားသည်၊၊ သူမသည် ဤမျှော်လင့်ချက်မဲ့သော လောကကြီးမှ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့လေပြီ၊၊
အပေါ်ဘက် ကောင်းကင်တွင် လင်းရှန်နှင့် ကီကီတို့သည် ရှက်ကိုးရှက်ကန်းဖြစ်နေသော လုရှင်းချန်ကို ဆွဲလျက် မှိုမျှင်မျှော်စင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းနေကြသည်၊၊
လင်းရှန်က နောက်လှည့်ကြည့်လိုက်သည်၊၊ လုရှင်းချန်သည် အသက်ရှင်နေသော်လည်း သူ၏ စိတ်ဓာတ်မှာမူ သေဆုံးသွားပုံရသည်၊၊
ဂုဏ်သိက္ခာကို အလွန်အလေးထားသော မီးတောက်အတွက် ယခုဖြစ်ရပ်မှာ ကမ္ဘာပျက်ကပ်ကြီးထက်ပင် ပို၍ ဆိုးရွားပေလိမ့်မည်၊၊
သို့သော် လင်းရှန်နှင့် ကီကီတို့သည် သူ့ကို စနောက်ရန် အားမရှိကြတော့ပေ၊၊ အစောပိုင်းက သူပြောခဲ့သော ရိုးသားသည့် စကားများမှာ တကယ်ပင် စိတ်မကောင်းစရာ ဖြစ်ခဲ့သည်၊၊ အရေးကြီးဆုံးမှာ သူ၏ အကြံဉာဏ်သည် လင်းရှန်အတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်စေခဲ့သည်၊၊
သူတို့သာ ထိုမျှော်စင်ကို ဖောက်ခွဲနိုင်လျှင် အဖွဲ့သားများ လွတ်မြောက်ရန် အချိန်အလုံအလောက် ရရှိနိုင်ပေလိမ့်မည်၊၊
ပျံသန်းနေစဉ်မှာပင် လင်းရှန်သည် မြင့်မားသော စွမ်းအင်သုံး ချိန်ကိုက်ဗုံးများကို စတင် ထုတ်လုပ်လိုက်သည်၊၊
“လင်းရှန်၊ ဟိုမှာ ကြည့်ဦး’’
ကီကီက ရုတ်တရက် အော်လိုက်သည်၊၊
သူ မော့ကြည့်လိုက်ရာ မှိုမျှင်မျှော်စင်ကြီးကို အနီးကပ် မြင်လိုက်ရသည်၊၊ သူ၏ မျက်စိရှေ့မှ မြင်ကွင်းသည် ကြောက်မက်ဖွယ်ကောင်းလှသည်၊၊
သန်းပေါင်းများစွာသော မှိုမျှင်များက မျှော်စင်ကို ရစ်ပတ်ထားပြီး ၎င်းတို့အတွင်း၌ အနီရောင်လိုင်းများက ဒေတာကေဘယ်ကြိုးများကဲ့သို့ လင်းလက်နေသည်၊၊ တာဝါ၏ အောက်ခြေတွင် လူသားနှင့် မှိုမျှင် ရောနှောနေသော သတ္တဝါပေါင်း သောင်းချီ၍ ချိတ်ဆက်နေကြသည်၊၊
ဒါရိုက်တာတင်း ပြောသည့်အတိုင်းဆိုလျှင် ၎င်းမှာ လူသားဦးနှောက်များကို အသုံးပြုထားသည့် စူပါကွန်ပျူတာကြီး ဖြစ်ပေလိမ့်မည်၊၊
၎င်းက ဘာကို တွက်ချက်နေသနည်း၊၊ ဘာကို အာရုံခံရန် ကြိုးစားနေသနည်း၊၊
စဉ်းစားမိလေ ပို၍ ကြောက်စရာကောင်းလေဖြစ်သည်၊၊
လင်းရှန်သည် ချိန်ကိုက်ဗုံး အလုံးပေါင်းများစွာကို ခဏချင်း ထုတ်လုပ်လိုက်သည်၊၊ ၎င်းမှာ သူ၏ ယန္တရားထုတ်လုပ်မှု စွမ်းရည်ဖြင့် လုပ်နိုင်သမျှ အကောင်းဆုံးဗုံးများ ဖြစ်သည်၊၊
ဝူး
အမှောင်ရိပ်ကြီးအောက်တွင် မှိုအမှုန်မွှားများစွာက လေထဲ၌ လွင့်မျောနေသည်၊၊ လေထုအတွင်း၌ ဖိအားများ ပြည့်နှက်နေသည်၊၊ လင်းရှန် အော်လိုက်သည်၊၊
“မြန်မြန်... ငါ တိုင်မင်ပေးထားပြီးပြီ၊၊ အားလုံးကို ခွဲပြီး ပစ်ချလိုက်ကြ’’
ကီကီက ခေါင်းညိတ်ပြီး သူမ၏ စိတ်စွမ်းအားဖြင့် ချိန်ကိုက်ဗုံးများကို တာဝါ၏ အောက်ခြေရှိ မှိုမျှင်အစုအဝေးများထဲသို့ ပစ်ချလိုက်သည်၊၊
၎င်းတို့ သုံးဦးစလုံးသည် မျှော်စင်ကို ပတ်၍ ဗုံးများကို ပစ်ချခဲ့ကြသည်၊၊
ထိုအချိန်တွင် မြို့အတွင်းမှ ကြီးမားသော အမည်းရောင် အရိပ်များ နီးကပ်လာနေသည်၊၊ ကောင်းကင်ရှိ တိမ်တိုက်များကြားမှ ထူးဆန်းသော ကြောက်မက်ဖွယ်လက်တံကြီးများ မြေပြင်သို့ ဆင်းသက်လာနေသည်၊၊
“ပြီးပြီ၊၊ အခု ထွက်သွားရမယ်… မြန်မြန်’’
ဗုံးများ တပ်ဆင်ပြီးပြီ ဖြစ်သဖြင့် အောင်မြင်မည်လားဆိုသည်မှာ ကံတရားအပေါ်၌သာ မူတည်တော့သည်၊၊ သူတို့ အမှောင်အမှတ်အသားကို မရရန် လိုအပ်ပေသည်၊၊
နောက်ဆုံး ဗုံးကို ပစ်ချပြီးသည်နှင့် ကီကီသည် လင်းရှန်နှင့် လုရှင်းချန်တို့ကို ဆွဲကာ အရှေ့ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံထွက်ခဲ့သည်၊၊
“အစ်ကိုလင်း... ကျွန်တော့်ကို ကောင်းကင်ဘုံ မီးတောက်နဲ့ မပစ်ခိုင်းစေချင်တာ သေချာလား’’
လုရှင်းချန်က တိုးတိုးလေး မေးသည်၊၊
“မလိုဘူး’’
“ဟုတ်ကဲ့’’
“အစ်ကိုလင်း...’’
“စိတ်မပူပါနဲ့၊၊ ငါ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး’’
“ကျေးဇူးတင်ပါတယ်... တကယ်ပဲ ကျေးဇူးတင်ပါတယ်’’
လုရှင်းချန်၏ မျက်နှာမှာ ရှက်ရွံ့မှုနှင့် ဒေါသတို့ကြောင့် ရှုံ့တွနေသည်၊၊
“ငါ ကျိန်ရဲတယ်... အဲဒီကျိန်စာသင့်တဲ့ အင်္ကျီကို နောက်ဘယ်တော့မှ မဝတ်တော့ဘူး၊၊ အဲဒီ အင်္ကျီစက်ရုံကို ဘယ်သူပိုင်လဲဆိုတာ သိရင်တော့... သူ့အရိုးကို ပြာဖြစ်အောင် လုပ်ပစ်မယ်...’’
“ကဲ... တော်လိုက်တော့၊၊ အခု ငါတို့ ဘယ်လို အခြေအနေ ရောက်နေလဲဆိုတာ ကြည့်ဦး’’
ကီကီက သူ့ကို စိတ်တိုတိုနှင့် လှည့်ကြည့်လိုက်သည်၊၊
အမှန်အတိုင်းပြောရလျှင် စောစောက သူတို့ အသေအလဲ ကြောက်သွားခဲ့ရသည်၊၊ ကံကောင်း၍သာ မှိုမျှင်ကူးစက်မခံရခြင်း ဖြစ်သည်၊၊ ကီကီ နောက်ဆုံးတွင်မှ စိတ်အေးလက်အေး သက်ပြင်းချနိုင်ေသည်၊၊
သို့သော် မီးတောက်၏ အဖြစ်အပျက်ကို ပြန်စဉ်းစားမိလျှင် သူမ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်၊၊
“နှုတ်ဆက်ပါတယ် မီးတောက်...’’
“မင်္ဂလာပါ... ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ကောင်လေး”
ဂျုံး ဂျုံး
မြေအောက်ရထားကြီးသည် ပြင်းထန်သော အင်အားဖြင့် မြို့ပြရထားလမ်းများပေါ်သို့ တက်လာသည်၊၊ ၁၅ ကီလိုမီတာ ရှည်လျားသော သံမဏိသားရဲကြီးသည် လှိုဏ်ခေါင်းများကို ဖြတ်သန်းရင်း ယိကျင်းမြို့ကို တုန်ခါစေသည်၊၊
လမ်းမပေါ်တွင် ဖုန်မှုန့်များ ထနေသည်၊၊ ရထားသံလမ်းမှ မီးပွင့်များ ထွက်နေသည်၊၊
အနန္တရထားပေါ်ရှိ လူတိုင်းသည် တိတ်ဆိတ်စွာဖြင့် သတိထားနေကြသည်၊၊
နဂါးတောင် ၁ ၏ ထိန်းချုပ်ခန်းအတွင်း၌ ရှီတိယွမ်နှင့် နန်ကျင်းတို့က အမိန့်ပေးနေကြသည်၊၊
နေမင်းရထားတန်းပေါ်တွင် လော့ယန်နှင့် အဖွဲ့သားများသည် စွမ်းအားမြှင့်ဝတ်စုံများ ဝတ်ဆင်၍ တိုက်ပွဲအတွက် ပြင်ဆင်နေကြသည်၊၊
ချီလီကတော့ သူ၏ ကိုယ်ပိုင်တွဲထဲတွင် အေးအေးဆေးဆေးပင် ရှိနေသည်၊၊ ရထားဖြင့် ဆုတ်ခွာရခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်၊၊ သူ ဘာမှလုပ်စရာ မလိုသဖြင့် စိတ်ပူနေရန်လည်း မလိုအပ်ပေ၊၊
တကယ်တော့ ၎င်းမှာ အတော်လေးကောင်းမွန်သည်၊၊ တပ်ဖွဲ့အားလုံးက တစ်ခုတည်းသော ရထားတွဲအဖြစ် ချိတ်ဆက်ထားသဖြင့် လမ်းပျောက်ရန်လည်း မရှိပေ၊၊ ရထားလမ်းချော်လျှင်လည်း အားလုံး အတူတူပင် ဖြစ်လိမ့်မည်၊၊
ဘုရင်မ မိုနီကာပေါ်တွင် မိုနီကာသည် တည်ငြိမ်စွာ ထိုင်လျက် ရထားစနစ်အားလုံးကို စောင့်ကြည့်ကာ နောက်တွဲများကို အမိန့်ပေးနေသည်၊၊
သူမ၏ ဘေးတွင် ဝိုင်နီတစ်ခွက် ရှိနေသည်၊၊ ရထား၏ တုန်ခါမှု ထိန်းညှိစနစ်က ကောင်းမွန်လွန်းသဖြင့် ဝိုင်ခွက်ထဲမှ ဝိုင်မှာ လှိုင်းထခြင်းပင် မရှိပေ၊၊
သူမသည် အနန္တရထား၏ အနောက်ဘက်တွင် ချိတ်ဆက်ထားသော ဝေးလ်ရထားစက်ခေါင်းကို ကြည့်ရင်း တစ်ခုခုကို စဉ်းစားနေသည်၊၊
ပေါင်းစည်းရထားကြီးသည် မြေအောက်လှိုဏ်ခေါင်းထဲမှ ထွက်လာပြီး မြို့ပြင် ရှုခင်းကြည့် ရထားလမ်းပေါ်သို့ ရောက်ရှိလာသည်၊၊
တစ်ချိန်တည်းမှာပင် လင်းရှန်၊ ကီကီနှင့် လုရှင်းချန်တို့သည် အရှေ့ဘက်သို့ အရှိန်အပြည့်ဖြင့် ပျံသန်းလာကြသည်၊၊
သူတို့သည် မြေပြင်မှ အန္တရာယ်များကို ရှောင်ရှားပြီး အမှောင်ထုထဲသို့ မကျရောက်ရန် သတိထားနေရသည်၊၊
အမှောင်ဒီရေအတွင်း၌ အဆင့် ၁ အမှတ်အသား ရရုံနှင့်ပင် လင်းရှန်သည် ကောင်းကင်တွင် မီးရှူးတိုင်တစ်ခုကဲ့သို့ လင်းလက်နေပေလိမ့်မည်၊၊
လူတိုင်း၏ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်နေသည်၊၊ ကံကောင်းသည်မှာ ကီကီ၏ ပျံသန်းမှုနှုန်းမှာ အလွန်မြန်ဆန်လှသဖြင့် မကြာမီမှာပင် ယိကျင်းမြို့ကို ကျော်လွန်၍ တောင်ကြားချိုင့်ဝှမ်းတစ်ခုသို့ ရောက်ရှိလာကြသည်၊၊
“ဟိုဘက်က ဆားငန်အိုင်ချိုင့်ဝှမ်းပဲ… ရထားလမ်းက မြို့ပြင်လမ်းကနေ အဲဒီဘက်ကို ဆက်သွားလိမ့်မယ်’’
ကီကီက မှောင်မိုက်နေသော တောင်တန်းကြီးဘက်သို့ လက်ညှိုးထိုးပြလိုက်သည်၊၊
“ဟိုဘက်မှာ ဘာလို့ အဲဒီလောက်မှောင်နေတာလဲ… မကောင်းတဲ့ခံစားချက် ရနေတယ်’’
လုရှင်းချန်က အဝေးမှ ရထားလမ်းဘက်သို့ ကြည့်ရင်း ပြောလိုက်သည်၊၊
“အရာအားလုံးက မှောင်နေတာပဲ၊၊ အမှောင်ဆုံးနေရာက ထူးဆန်းတဲ့ သတ္တဝါတွေ ရှိတဲ့နေရာပဲ’’
လင်းရှန်က လေးနက်စွာ ပြောလိုက်သည်၊၊
“ရထားသာ အမှတ်အသား အလုပ်မခံရဘဲ ယိကျင်းမြို့ကနေ လွတ်လာမယ်ဆိုရင် ငါတို့မှာ အခွင့်အရေး ရှိသေးတယ်’’
“ရထားလမ်း ကောင်းဖို့ပဲ လိုတယ်’’
ကီကီက ထပ်ပြောသည်၊၊
“ကျွန်မတို့ အမှောင်ဒီရေဇုန်ထဲကနေ လွတ်ဖို့ လမ်းကြောင်းတစ်ခု လိုတယ်’’
“ငါတို့ ထင်ထားတာထက် စောပြီး ထွက်လာနိုင်ခဲ့တယ်၊၊ နံပါတ် ၅ တွင်းနက်ရဲ့ ပြန့်နှံ့နှုန်းအရဆိုရင် အရှိန်အကုန်မြှင့်မောင်းရင် ၆ နာရီကနေ ၈ နာရီအတွင်း ဂိုဘီသဲကန္တာရကို ရောက်နိုင်လိမ့်မယ်၊၊ အဲဒီကျရင်တော့ ချွမ်းချန်က သိပ်မဝေးတော့ဘူး’’
လုရှင်းချန်က ၎င်းတို့၏ တွက်ချက်မှုများကို မတုံ့ပြန်ပဲ ရှေ့သို့သာ စိုက်ကြည့်နေသည်၊၊
“မဟုတ်သေးဘူး... အဲဒီဘက်က ကောင်းကင်က အရမ်းမှောင်နေတယ်လို့ မထင်ဘူးလား’’
သူ့စကားကြောင့် ၎င်းတို့နှစ်ဦးစလုံး မော့ကြည့်လိုက်ကြသည်၊၊
မှန်ပေသည်၊၊ အရှေ့မြောက်ဘက်ရှိ တောင်တန်းကြီး၏ ပုံရိပ်မှာ ပတ်ဝန်းကျင်ထက် ပို၍ မှောင်မိုက်နေသည်၊၊
ထို့နောက် သူတို့ သေချာကြည့်လိုက်သောအခါ...
ဝှစ်
ကီကီသည် အရှိန်ကို လျှော့ချလိုက်ရင်း မျက်လုံးများပြူးကျယ်သွားသည်၊၊
“လင်း... လင်းရှန်၊ အဲဒါက... လူတစ်ယောက်လား’’
သူမ တစ်ယောက်တည်း မဟုတ်ပေ၊၊
လင်းရှန်နှင့် လုရှင်းချန်တို့၏ မျက်နှာများမှာ ဖြူဖျော့သွားသည်၊၊
အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံး မြင်လိုက်ရသည်မှာ တောင်တစ်လုံးကဲ့သို့ ကြီးမားသော အမည်းရောင်ပုံရိပ်ကြီးတွင်...
လက်မောင်းများ ပါရှိနေခြင်းကြောင့် ဖြစ်သည်၊၊
ထို့နောက်—
ဂျိန်း
ထိုအရာကြီးက ခြေတစ်လှမ်း လှမ်းလိုက်သောအခါ ကီလိုမီတာ ရာပေါင်းများစွာအထိ တုန်ခါသွားသည်၊၊
တောင်တန်းများ လှုပ်ရှားကုန်သည်၊၊
လေထုကြီးတစ်ခုလုံး ကွဲအက်သွားသလိုပင် ခံစားလိုက်ရသည်၊၊ တောင်တစ်လုံးကဲ့သို့ ကြီးမားသော လူပုံသဏ္ဌာန်အရာကြီးသည် ၎င်း၏ လက်မောင်းများကို ဝေ့ယမ်းလိုက်ရာ ပြင်းထန်သော စွမ်းအားများ ၎င်းတို့ဆီသို့ တိုးဝင်လာသည်၊၊
တစ်ချိန်တည်းမှာပင် တောင်ကြားနှင့် ချိုင့်ဝှမ်းများထဲမှ သတ္တဝါအုပ်ကြီးသည် တစ်စုံတစ်ဦးက မောင်းနှင်နေသကဲ့သို့ ရှေ့သို့ အလုံးအရင်းနှင့် တက်လာကြသည်၊၊
၎င်းတို့သည် တောင်များကို ကျော်တက်လာကြကာ မြို့များကို နင်းခြေလာကြသည်၊၊
အမည်းရောင် ဒီရေလှိုင်းကြီးသည် ညအမှောင်ထဲတွင် ရွှံ့နွံများ လျှံကျလာသကဲ့သို့ စီးဆင်းလာသည်—
ဖုတ်ကောင်သိုးထိန်းများ ရောက်ရှိလာပြီ ဖြစ်သည်၊၊
Chapter 527
အမှတ် (၅) ရှင်းယွမ် ဖုတ်ကောင်သိုးထိန်း ၁
လင်းရှန်သည် ဖုတ်ကောင်သိုးထိန်းဟူသောအသုံးအနှုန်းကို ချူကွမ်းရှိ ကျန်းယွမ်ယာဥ်တန်းမှ ပြုလုပ်သည့် မီးပုံစုဝေးပွဲတွင် ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ တတ်လှမ်းဓာတ်လှေကားမှ ဂြိုဟ်ပတ်ရထားလမ်းပေါ်သို့ တက်လာပြီးနောက်တွင်မူ သူသည် ဖုတ်ကောင်သိုးထိန်းကို တစ်ခါမျှ ထပ်မတွေ့ရတော့ပေ။
သို့သော် ယခုအခါ ရရှိလာသည့် သတင်းအချက်အလက်များစွာက ဖုတ်ကောင်သိုးထိန်းသည် အခြားသော အမှောင်သတ္တဝါများနှင့် မတူဘဲ လူသားပုံသဏ္ဌာန်ရှိကြောင်း ညွှန်ပြနေသည်။
ကွာခြားချက်မှာ ၎င်းသည် ဧရာမဘီလူးကြီး တစ်ကောင် ဖြစ်နေခြင်းပင် ဖြစ်သည်။
ထို့ပြင် ၎င်းနှင့်အတူ အမည်မဖော်နိုင်သော၊ အဆုံးမဲ့ထိတ်လန့်မှုကို ဆောင်ကြဉ်းလာသော ထူးဆန်းသည့် သတ္တဝါများစွာလည်း ပါလာသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းရှန်သည် ယူပေမြို့တွင် တစ်မြို့လုံးကို ဖုတ်ကောင်ဒီရေများနှင့် ထူးဆန်းသည့် သတ္တဝါများ ဝါးမျိုသွားစဉ်က အချိန်ကို ပြန်သတိရသွားသည်။ ထိုစဉ်က အဖြစ်အပျက်သည်လည်း ဖုတ်ကောင်သိုးထိန်းတစ်ကောင် ရောက်ရှိလာခြင်းကြောင့် ဖြစ်နိုင်ပေသည်။
ထိုအချိန်တွင် ယိကျင်းမြို့ပြင် အရှေ့ဘက်တောင်ကုန်းများ၏ ကောင်းကင်ယံ၌ လင်းရှန်၊ ကီကီနှင့် လုရှင်းချန်တို့သည် မြေပြင်မှ ထွက်ပေါ်လာသော အံ့ဖွယ်အရာတစ်ခုကဲ့သို့ ချဉ်းကပ်လာသည့် ဧရာမလူသားပုံရိပ်ကြီးကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်နေကြသည်။
“အဲဒါ ဘာကြီးလဲ”
ကီကီသည် မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုမြင်ကွင်းက ကျိအန်းမြို့ ကောင်းကင်ယံတွင် သူမ တစ်ခါက မြင်တွေ့ခဲ့ဖူးသည့် ထိတ်လန့်ဖွယ် မြင်ကွင်းကို ပြန်လည်အမှတ်ရစေပြီး သူမ၏မျက်နှာလေး ဖြူဆုတ်သွားသည်။
“ကြည့်ရတာ ဂရေ့စ် သတိပေးခဲ့တဲ့ ဖုတ်ကောင်သိုးထိန်းဖြစ်နိုင်တယ်”
လင်းရှန်၏ မျက်နှာသည် တည်ကြည်လေးနက်နေသည်။ ဤအရာမှာ ခန့်မှန်းနေစရာပင် မလိုဘဲ အနည်းဆုံး S-Class အဆင့် အမည်မသိသတ္တဝါ ဖြစ်ရမည်ဟု သူ တွေးလိုက်သည်။
လုရှင်းချန်သည် ထိုအရိပ်ကြီးကို စိုက်ကြည့်ကာ အလျင်အမြန် ပြောလိုက်သည်။
“မကောင်းတော့ဘူး… အဲဒါက ကျနော်တို့ဆီကို လာနေတာပဲ.. အဲဒီနေရာမှာ အပြင်ထွက်တဲ့ ရထားလမ်းရှိတယ်”
ထိုစကားကို ကြားသည်နှင့် လင်းရှန်သည် သူ၏ စွမ်းအားမြှင့်ဝတ်စုံမှ စကင်ဖတ်စနစ်ကို ချက်ချင်းဖွင့်ကာ အနီးကပ်ကြည့်လိုက်သည်။ အမှန်ပင် အမြင့်ပိုင်းရထားလမ်းကြောင်းသည် တောင်တန်းများအတိုင်း အရှေ့မြောက်ဘက်သို့ သွယ်တန်းနေသည်။
ခရက်
အကယ်၍ ပူးပေါင်းရထားကြီးသာ ယခုအချိန်တွင် ထွက်လာပါက ထိုအရာကြီးနှင့် တိုက်ရိုက်တိုးတော့မည် မဟုတ်လား။
“အစ်ကိုရှီ… ဆရာမချန်”
ထိုခဏ၌ လင်းရှန်သည် ကျောရိုးထဲအထိ စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ သူသည် ဆက်သွယ်ရေးစက်ကို အတင်းနှိပ်လိုက်သော်လည်း ပေါင်းစည်းရထားကြီးမှာ မြေအောက်လှိုဏ်ဂူအတွင်း ခရီးနှင်နေဆဲဖြစ်ပြီး အချက်ပြလှိုင်းက အကွာအဝေးကြောင့် ဆက်သွယ်၍ မရနိုင်ဖြစ်နေသည်။
“အခု ဘယ်လိုလုပ်ကြမလဲ”
ကီကီ ပျာယာခတ်သွားသည်။
လင်းရှန် အံကြိတ်ကာ မျက်လုံးများကို ရာနှုန်းပြည့်အာရုံစိုက်ကာ
“ငါတို့မှာ ရွေးချယ်စရာ မရှိဘူး… ငါတို့က သူ့အာရုံကို ဆွဲဆောင်ရမယ်”
သူ့တွင် အခြားအစီအစဉ် မရှိတော့ပေ။ အလွန်အန္တရာယ်များသည့် လောင်းကြေးကို ထပ်ကာ ထိုကောင်းကင်ထိအောင် မြင့်မားသည့် အရိပ်ကြီးကို အဝေးသို့ မျှားခေါ်ရန်နှင့် ဝေဟင်မှ လှည့်စားကာ ဝင်ရိုးစွန်းညဇုန်အတွင်းမှ လွတ်မြောက်ရန်သာ တတ်နိုင်တော့သည်။
ဤသည်မှာ မိမိကိုယ်ကိုယ် သေကြောင်းကြံသည့် မစ်ရှင်မျိုးဖြစ်ကြောင်း လင်းရှန် သိပေသည်။ သို့သော် အကယ်၍ ရထားလမ်းများ ပျက်စီးသွားပြီး ဖုတ်ကောင်သိုးထိန်း၏ ခြေဖဝါးအောက်တွင် ပေါင်းစည်းရထားကြီးသာ လမ်းချော်သွားပါက စစ်မှန်သော ကပ်ဘေးကြီးဆိုက်ရောက်လာပေလိမ့်မည်။
သူတို့သုံးဦးသည် တစ်ဦးကိုတစ်ဦး ခိုင်မာသော အကြည့်ဖြင့် ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။
သူတို့ စွန့်စားရပေတော့မည်။
“လုပ်ကြတာပေါ့”
လုရှင်းချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
“ယောက်ျားဆိုတာ ခေါင်းမော့နေရမယ်… ငါ့ရဲ့ မီးတောက်တွေနဲ့ ဂုဏ်သိက္ခာကို ထွန်းညှိလိုက်မယ်”
ဝုန်း။
လုရှင်းချန်၏ သူရဲကောင်းဆန်သော စကားလုံးများပင် မဆုံးသေးမီ သူတို့၏ နောက်ဘက် ယိကျင်းမြို့အတွင်းမှ ကြီးမားသော ပေါက်ကွဲမှုကြီးတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာသည်။
သူတို့အားလုံး ပြိုင်တူလှည့်ကြည့်လိုက်ရာ နီရဲသော မီးတောက်ကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်ကို မြင်လိုက်ရသည်။ ထူးဆန်းသော အနီရောင်စွမ်းအင်များသည် တောက်ပသော အဖြူရောင်လုံးဝန်းသည့် အလင်းတန်းကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး နှစ်ကီလိုမီတာခန့် ကျယ်ဝန်းသော မှိုပွင့်ပုံစံ တိမ်တိုက်ကြီးအဖြစ် ပြန့်ကားလာသည်။ ထို့နောက် မီးတောက်ကြီးသည် ဖောင်းပွလာပြီး နောက်ဆုံးတွင် ဧရာမ မှိုမျှော်စင်ကြီးကို ပေါက်ကွဲသွားစေသည်။
“ပြေးကြ”
လင်းရှန်သည် ပေါက်ကွဲမှုကို မြင်သည်နှင့် ကီကီကို ချက်ချင်း အော်ပြောလိုက်သည်။ သူမသည် စိတ်စွမ်းအင်သုံး အကာအကွယ်ဒိုင်းကို မြှင့်လိုက်ပြီး သူတို့ သုံးဦးသည် ဖုတ်ကောင်သိုးထိန်းနှင့် ဆန့်ကျင်ဘက်အရပ်သို့ အားကုန်ပြေးကြသည်။
အုန်း၊၊
ဒုတိယအကြိမ်မြောက် ပေါက်ကွဲမှုကြီးက နောက်ဆက်တွဲ ဖြစ်ပေါ်လာသည်။ ဧရာမ မှိုမျှော်စင်ကြီးသည် အတွင်းသို့ ရုတ်တရက် ကျုံ့ဝင်သွားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် မီးတိမ်တိုက်ကြီးအဖြစ် ပေါက်ကွဲထွက်သွားသည်။ ထိုခဏ၌ ခုနစ်ကီလိုမီတာထက်မက ကျယ်ဝန်းသော မှိုပွင့်ပုံစံ တိမ်တိုက်ကြီး ကောင်းကင်သို့ တက်သွားသည်။ စူးရှတောက်ပသော အဖြူရောင်အလင်းတန်းသည် ညကို နေ့ခင်းအဖြစ် ပြောင်းလဲလိုက်သည်။
ဓာတ်ရောင်ခြည်လှိုင်းများပင် မငြိမ်သေးမီ ကြီးမားသော လေဖိအားလှိုင်းကြီးသည် မြေပြင်ကို ရိုက်ခတ်သွားပြီး ကောင်းကင်ပေါ်ရှိ တိမ်တိုက်များကိုပင် လွင့်စင်သွားစေသည်။
မှိုပွင့်ပုံစံ မီးမုန်တိုင်းသည် အပြင်ဘက်သို့ ပြန့်ကားသွားသည်။ မြို့တစ်ခုလုံးသည် ချော်ရည်ပြင်ကြီးကဲ့သို့ တောက်လောင်လာပြီး မြေအောက်အက်ကြောင်းများမှ မီတာ ရာနှင့်ချီမြင့်သော မီးတိုင်များ ထိုးထွက်လာသည်။ အထက်သို့ ရောက်သောအခါ မီးကွန်ရက်ကြီးသည် ရုတ်တရက် ပြန်လည် ကျုံ့ဝင်သွားပြီး မြို့အတွင်းရှိ အောက်ဆီဂျင်အားလုံးကို စုပ်ယူလိုက်သည်။
ဝုန်း။
လေဖိအားလှိုင်းကြီးသည် ဝေဟင်၌ ပျံသန်းနေသော လင်းရှန်နှင့် အခြားသူများကို တူကြီးဖြင့် ထုချလိုက်သလို ရိုက်ခတ်သွားပြီး သူတို့ကို ကီလိုမီတာ အတော်ဝေးဝေးသို့ လွင့်စင်သွားစေသည်။ ကီကီသည် နာကျင်စွာ အော်ဟစ်လိုက်မိသော်လည်း အံကြိတ်ကာ သူတို့ သုံးဦးကို တည်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။
သူတို့၏ အတွင်းအင်္ဂါများကို ချေမွခံလိုက်ရသလို ခံစားနေရပြီး သတိလစ်မတတ်ဖြစ်ကာ သွေးများပင် အန်ထွက်လာသည်။
မီးတောက်များ လှိုင်းလုံးများလို ဖူကျုံးပလာဇာကို ဗဟိုပြု၍ ယိကျင်းမြို့တစ်ခုလုံးသို့ ပြန့်နှံ့သွားပြီး ကီလိုမီတာရာနှင့်ချီ ကျယ်ဝန်းသော မြေကွက်လပ်ကြီးဖြစ်သွားစေသည်။ ဆယ်ကီလိုမီတာအတွင်းရှိ လမ်းများနှင့် အဆောက်အအုံများအားလုံး ပြာကျပြီး မီးဟုန်းဟုန်း တောက်ကုန်သည်။ မြို့ကြီးသည် လောင်ကျွမ်းနေပြီး ပေါက်ကွဲသံများမှာ အဆုံးမရှိ ထွက်ပေါ်နေသည်။
ညအမှောင်အောက်ရှိ ထူးဆန်းသည့် သတ္တဝါများအားလုံး ချက်ချင်းပင် လောင်ကျွမ်းပျောက်ကွယ်သွားသည်။ ယိကျင်းမြို့သည် ကောင်းကင်ကိုပင် ရောင်ပြန်ဟပ်နေသည့် မီးပင်လယ်ကြီး ဖြစ်သွားခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် မြေအောက်၌ ခရီးနှင်နေသော ပေါင်းစည်းရထားကြီးသည် ကြီးမားသော တုန်ခါမှုကို ခံစားလိုက်ရသည်။ လှိုဏ်ဂူကြမ်းပြင်သည် ရေလှိုင်းများကဲ့သို့ လှုပ်ခတ်လာပြီး အပေါ်မှ ဖုန်မှုန့်များနှင့် အပျက်အစီး အမြောက်အများ ပြိုကျလာသည်။
အနန္တရထားပေါ်တွင် အဖွဲ့ဝင် ၃၀ ကျော်သည် နံရံများ၊ ကြမ်းပြင်များနှင့် ရိုက်မိကုန်ကြသည်။ အခြားရထားတွဲများပေါ်တွင်လည်း အော်ဟစ်သံများနှင့် ထိတ်လန့်မှုများဖြင့် ပရမ်းပတာဖြစ်ကုန်သည်။
“အား”
“လှိုဏ်ဂူကြီး ပြိုကျနေပြီ”
“ငါတို့ သေတော့မှာပဲ”
“မရပ်နဲ့၊ ဆက်မောင်းကြ”
“အဲဒါ ဥက္ကာခဲ ကျတာလား”
“ပြေးကြ”
လူပေါင်းလေးထောင်ကျော်သည် သေဘေးကို ရင်ဆိုင်ရန် ပြင်ဆင်နေကြသည်၊၊ နောက်ဆုံးတွင် နဂါးတောင် (၁) သည် မြေပြင်ပေါ်သို့ ရောက်ရှိလာပြီး ရှုခင်းကြည့်ရထားလမ်းပေါ်သို့ တက်ကာ မီးတောက်များကြားမှ ရှေ့သို့ တိုးထွက်သွားသည်။ ကံကောင်းထောက်မစွာဖြင့် လူအများစုမှာ စွမ်းအားဝတ်စုံများ ဝတ်ဆင်ထားသဖြင့် ပြင်းထန်သော ဒဏ်ရာများမှ ကင်းဝေးခဲ့ကြသည်။
သူတို့၏ နောက်တွင် ပြိုကျလာသော မြေပြင်က ရထားတွဲအတော်များများကို မြေကြီးနှင့် အပျက်အစီးများအောက်တွင် ဖုံးလွှမ်းလုနီးနီးတွင် ပေါင်းစည်းရထားကြီးသည် အရှိန်အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ထိုတွဲများကို လှိုဏ်ဂူအတွင်းမှ အချိန်မီဆွဲထုတ်နိုင်ခဲ့သည်။
အခြားတစ်ဖက်တွင် လင်းရှန်နှင့် အခြားသူများသည် ပေါက်ကွဲမှုဒဏ်ကြောင့် မူးဝေနေဆဲ ဖြစ်သော်လည်း ကောင်းကင်တွင် မပျောက်ပျက်သေးသည့် ဧရာမ မှိုပွင့်ပုံစံ တိမ်တိုက်ကြီးကို ကြည့်ကာ မျက်နှာပျက်နေကြသည်။
ကောင်းကင်မှိုမျှော်စင် ပေါက်ကွဲမှုက ဤမျှလောက် ထိတ်လန့်ဖို့ကောင်းလိမ့်မည်ဟု လင်းရှန် မထင်ထားခဲ့ပေ။ သူတို့သည် မြို့နှင့် အနည်းဆုံး ကီလိုမီတာ ၄၀ မှ ၅၀ခန့် ဝေးကွာနေပြီ ဖြစ်သည်။ အကယ်၍ ကီကီ၏ စိတ်စွမ်းအင် ဒိုင်းကာသာ မရှိပါက သူတို့လို အဆင့်မြင့်စွမ်းအားရှင်များပင်လျှင် ချေမှုန်းခံရနိုင်ပေသည်။ ဤပေါက်ကွဲမှုသည် နျူကလီးယားဗုံးထက်ပင် ပို၍ ထိတ်လန့်စရာ ကောင်းနေသည်။