အခန်း (၅၂၈-၅၂၉)
Vol. 33 Ch. 528-529
Chapter 528
အမှတ် (၅) ရှင်းယွမ် ဖုတ်ကောင်သိုးထိန်း ၂
လင်းရှန်သည် ပေါင်းစည်းရထားကြီးအတွက် ချက်ချင်း စိုးရိမ်သွားသည်။ မီးတောက်များ ဖုံးလွှမ်းနေသည့် ကောင်းကင်အောက်တွင် သူသည် လမ်းကြောင်းကို ရှာဖွေလိုက်သည်။
“အစ်ကိုလင်း၊ ကြည့်လိုက်ဦး”
အင်္ကျီဗလာဖြင့် မီးတောက်က ရုတ်တရက် အော်ပြောလိုက်သည်။
လင်းရှန်နှင့် ကီကီတို့ ကြည့်လိုက်ရာ မီးအလင်းရောင်အောက်တွင် ဖုတ်ကောင်သိုးထိန်း၏ ထိတ်လန့်ဖွယ်ပုံရိပ်ကြီး ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ ဧရာမ လူသားပုံသဏ္ဌာန်ကြီးဖြစ်ပြီး ဦးခေါင်းတွင် ရေဘဝဲကဲ့သို့ လက်တံများ ပါရှိသည်။ ညကောင်းကင်အောက်တွင် ၎င်းမှာ ဖော်ပြ၍မရအောင် အရုပ်ဆိုးလှသည်။
၎င်းသည် တောင်ကြားများကြားတွင် ရပ်နေပြီး လက်တံများမှာ ဖြည်းညှင်းစွာ လှုပ်ရှားနေသည်။ ၎င်း၏ ခြောက်ကပ်နေသော အရေပြားက ၎င်းကို ထူးဆန်းသည့် ကမ္ဘာမှ နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရစေသည်။
ယိကျင်းမြို့ရှိ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ၎င်းသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရသည်။ ၎င်းသည် ပေါက်ကွဲမှုနေရာသို့ လှည့်ကြည့်လိုက်သည်။ ၎င်း၏ ကိုယ်ပေါ်ရှိ လက်တံများမှာ ပြင်းထန်စွာ လှုပ်ခတ်လာပြီး မြေကမ္ဘာကို တုန်ဟည်းစေသည့် အသံတစ်ခုထွက်ပေါ်လာသည်။
ထို့နောက် ၎င်း၏ ဧရာမ ခြေထောက်ကြီးကို ရှေ့သို့ လှမ်းလိုက်သည်။
ဒုန်း။
ဖုတ်ကောင်သိုးထိန်းသည် လှည့်ထွက်သွားပြီး ပေါင်းစည်းရထားကြီး၏ လမ်းကြောင်းနှင့် ဝေးရာသို့ ရွေ့လျားသွားသည်။ ခြေလှမ်းတိုင်းမှာ မြေပြင်ကို တုန်ခါစေသည်။ သို့သော် ထို့ထက် ပို၍ ထူးဆန်းသောအရာ ဖြစ်ပေါ်လာသည်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်းတွင် ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ မှေးမှိန်လာပြီး အခြားသော အာကာသထဲသို့ လမ်းလျှောက်ဝင်သွားသလိုမျိုး ဖြစ်လာကာ နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားသည်။
“အဲဒါကြီးက ပျောက်သွားတာလား”
လုရှင်းချန်သည် မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ သူသည် ပြေးရန် ပြင်လိုက်ရုံရှိသေးသော်လည်း ထိုသတ္တဝါကြီးက လေထဲတွင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရခြင်း ဖြစ်သည်။
လင်းရှန်နှင့် ကီကီတို့လည်း အလားတူပင် ကြက်သေသေနေကြသည်။ ဤအရာကို ရှင်းပြရန် နည်းလမ်းမရှိပေ။
လင်းရှန်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိပြီး တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထလာသလို ခံစားလိုက်ရသည်။ မီးအလင်းရောင်ထဲတွင် ဝေးကွာသော ရထားလမ်းပေါ်၌ ခရီးနှင်နေသည့် သံမဏိရထားတန်းကြီးကို သူ မြင်လိုက်ရသည်။
“သူတို့ လွတ်လာပြီ… မြန်မြန် ငါတို့ လိုက်သွားမှ ဖြစ်မယ်”
သူ မရှင်းပြနိုင်သော်လည်း ဤဖုတ်ကောင်သိုးထိန်းချန်ထားခဲ့သည့် ဖိအားမှာ မွန်းကျပ်ဖွယ်ကောင်းလှသည်။ ၎င်း၏ ရုတ်တရက် ပျောက်ကွယ်သွားမှုမှာ ပို၍ပင် ကျောချမ်းစရာ ကောင်းနေသည်။
၎င်းက ကျိအန်းမြို့တွင် သူတွေ့ခဲ့သည့် အဖြူရောင်သတ္တဝါကြီးကို ပြန်လည်အမှတ်ရစေသည်။ ထိုကဲ့သို့ပင် စိတ်မသက်မသာ ဖြစ်ရသည့် ခံစားချက်မျိုး ဖြစ်သည်။
သို့သော် ဤသတ္တဝါများသည် အမှောင်အမှတ်အသားနှင့် ညအချိန်များတွင်သာ ပေါ်လာရမည် မဟုတ်လား။ သို့ဆိုလျှင် ဤဖုတ်ကောင်သိုးထိန်းက မည်သို့သောတည်ရှိမှုမျိုးနည်း။ ဤမျှ ကြီးမားသည့် အရာတစ်ခုက တကယ်ပဲ ကိုယ်ပျောက်နိုင်တာလား…
သူ အများကြီး မတွေးချင်တော့ပေ။ ယခု သူအလုပ်ချင်ဆုံးအရာမှာ ရထားပေါ်သို့ ပြန်တက်ပြီး ဝင်ရိုးစွန်းညဇုန်အတွင်းမှ အမြန်ဆုံးထွက်ခွာနိုင်ရန်သာဖြစ်သည်။
သူတို့ လက်ရှိ သိထားသည့် အသိပညာများဖြင့် မြင်တွေ့နေရသည်များကို နားလည်ရန် နည်းလမ်းမရှိသလို တိုက်ခိုက်ရန်လည်း မဖြစ်နိုင်ပေ။ သူတို့ လုပ်နိုင်သည်မှာ ပြေးရန်သာ ရှိသည်။
ဂျုံး ဂျုံး… ဂျက် ဂျက်
မီးတောက်များနှင့် အရိပ်များအောက်တွင် ၁၅ ကီလိုမီတာ ရှည်လျားသော ပေါင်းစည်းရထားကြီးသည် တားဆီး၍မရသော သံမဏိနဂါးကြီးကဲ့သို့ ပြိုလဲပျက်စီးနေသည့် ယိကျင်းမြို့ကို ဖြတ်ကျော်ကာ ရှေ့သို့ ခုတ်မောင်းနေသည်၊၊
ရထားတွဲ ၅၀၀ ကျော်အတွင်းရှိ ခရီးသည်အတော်များများ ဒဏ်ရာရရှိထားကြသည်။ ရှေ့ပိုင်းက လေဖိအားလှိုင်းနှင့် ငလျင်ကြောင့် လူတိုင်းနီးပါး ထိခိုက်မှုရှိခဲ့ကြသည်။ အချို့မှာ နားစည်များ ပြတ်ထွက်ခြင်း၊ အဆုတ်ထိခိုက်ခြင်း သို့မဟုတ် ရထားပေါ်တွင် လွင့်စင်ရိုက်မိခြင်းကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိထားကြသည်။ ဒဏ်ရာမရရှိသူ အဖွဲ့ဝင်များက ဒဏ်ရာရသူများကို ကုသပေးရန်နှင့် ပျံ့ကြဲနေသော အပျက်အစီးများကို ရှင်းလင်းရန် ကြိုးစားနေကြစဉ် ညည်းတွားသံများနှင့် အော်ဟစ်သံများမှာ လွှမ်းမိုးနေသည်။
အနန္တရထားပေါ်တွင် လူတိုင်းမှာ အနည်းဆုံး စွမ်းအားမြှင့်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ၎င်းတွင် တုန်ခါမှုလျှော့ချသည့်စနစ်များ ပါရှိသောကြောင့် အနည်းငယ်သက်သာသော်လည်း ပြင်းထန်စွာ ဆောင့်မိကြသည်။ နေထိုင်သည့် တွဲများမှာ ပွစာကျဲလျက်ရှိနေသည်။ နေမင်းရထား၊ ဂျိုကာယာဉ်တန်း၊ ဘုရင်မ မိုနီကာနှင့် နဂါးတောင် (၁) တို့သည်လည်း အလားတူ အခြေအနေမျိုးတွင် ရှိနေသည်။ ထိုဧရာမ ပေါက်ကွဲမှုကြီးသည် မြို့တစ်ခုလုံးကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့ပြီး ကောင်းကင်ကြီးပင် ပွင့်ထွက်သွားသလို ခံစားရစေသည်။
အလယ်ပိုင်းမှ နောက်ပိုင်းအထိ ရထားတွဲများသည် မြေကြီးနှင့် အပျက်အစီးများအောက်တွင် တစ်ဝက်တစ်ပျက်နစ်မြုပ်နေသည်၊၊ ကံကောင်းထောက်မစွာဖြင့် သံချပ်ကာများဖြင့် မွမ်းမံထားသည် သံမဏိရထားသည် လမ်းမချော်ဘဲ ထိုပျက်စီးမှုများကို တောင့်ခံနိုင်ခဲ့သည်။ ဤသည်မှာ မယုံကြည်နိုင်လောက်အောင် ကံကောင်းခြင်းပင် ဖြစ်သည်။
ပေါင်းစည်းရထားကြီးသည် မြို့ပြင်ရှိ တောင်ကြားများကို ဖြတ်ကာ အရှိန်မြှင့်ကာ မောင်းနှင်နေသည်။ ကောင်းကင်ယံမှနေ၍ ကီကီသည် လင်းရှန်နှင့် မီးတောက်တို့ကို သယ်ဆောင်ကာ အရှိန်အဟုန်ဖြင့် ပျံသန်းလာပြီး ရထားကြီး မြောက်ဘက်ပင်မလမ်းကြောင်းပေါ်သို့ တက်လာချိန်တွင် အချိန်မီလိုက်နိုင်သွားသည်။
ကောင်းကင်မှိုမျှော်စင် ပေါက်ကွဲမှုကြောင့် ဖုတ်ကောင်သိုးထိန်းနှင့် ထူးဆန်းသည့် သတ္တဝါများမှာ ယိကျင်းမြို့ဆီသို့ စုပြုံသွားကြသည်။ ပေါင်းစည်းရထားကြီးမှာ ထိုသတ္တဝါများ၏ ဒီရေနှင့် ကံကောင်းစွာ လွဲချော်ခဲ့ပြီး အမှောင်ထု၏ ဘေးကင်းရာသို့ ရောက်ရှိသွားခဲ့သည်။
လင်းရှန်သည် မြို့ကို နောက်ဆုံးအကြိမ်အနေဖြင့် လှည့်ကြည့်လိုက်သည်။ ယိကျင်းမြို့သည် သူတို့နောက်တွင် လောင်ကျွမ်းနေဆဲ ဖြစ်ပြီး မီးတောက်များမှာ ကောင်းကင်သို့ ထိုးတက်နေသည်။ ပေါက်ကွဲသံများနှင့် အော်ဟစ်သံများမှာ ကျန်ရှိနေသေးသော်လည်း သူတို့ အဝေးသို့ ရောက်လာသည်နှင့်အမျှ ထိုအသံများမှာ တဖြည်းဖြည်းတိုးဝင်ပျောက်ကွယ်သွားသည်။
သူ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ အလွန်ပင် နီးကပ်လွန်းလှသည်။ မျှော်စင်ကို ဖောက်ခွဲရန် ရူးသွပ်သည့် အကြံကိုထုတ်ခဲ့သော မီးတောက်ကို သူကြည့်လိုက်မိသည်။ ထိုဆုံးဖြတ်ချက်က ပေါင်းစည်းရထားကြီးအတွက် လွတ်မြောက်ရန် တစ်ခုတည်းသော အခွင့်အရေးကို ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ အကယ်၍ ထိုပေါက်ကွဲမှုသာ မဖြစ်ပွားခဲ့ပါက မည်သို့ ဖြစ်လာမည်ကို လင်းရှန် မတွေးရဲပေ။ ဖုတ်ကောင်သိုးထိန်းနှင့် သတ္တဝါအုပ်ကြီးသည် သူတို့နှင့် ထိပ်တိုက်တိုးပေလိမ့်မည်။ ၎င်းသည် လူသတ်ပွဲကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် လင်းရှန် တွေးမိသည်မှာ အကယ်၍ ထန်ယွမ်သာ သူမကိုယ်သူမ စတေးပြီး မှိုမျှော်စင်၏ တုံ့ပြန်မှုကို မပြုလုပ်ခဲ့ပါက ဖုတ်ကောင်သိုးထိန်းသည် မြို့အောက်တွင် ပုန်းအောင်းနေသော ပေါင်းစည်းရထားကြီးကို နောက်ဆုံးတွင် ရှာတွေ့သွားမည်လားဟူ၍ ဖြစ်သည်။
“ဆရာမချန်၊ ဒါရိုက်တာတင်း… ငါတို့ ရောက်ပြီ.. အမှောင်အမှတ်အသား ကပ်ပါလာသလားဆိုတာ စစ်ဆေးကြည့်မယ်”
လင်းရှန်၏ အသံက ချန်ဆီရွှမ်၏ ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်။ သူမ၏ တင်းမာနေသော မျက်နှာမှာ ချက်ချင်း ပြေလျော့သွားပြီး
“နားလည်ပြီ… ရထားတွဲ (၂) က ခေါင်မိုးတံခါးကို အခုဖွင့်လိုက်”
တင်းကျန်းရီသည် သွေးကပ်ပန်းကို ယူဆောင်ကာ ပြေးလာသည်။ ကီကီသည် ကောင်းကင်မှနေ၍ လင်းရှန်နှင့် မီးတောက်တို့ကို ရထားတွဲအတွင်းသို့ တိုက်ရိုက်သယ်ဆောင်လာသည်၊၊ သွေးကပ်ဘေးပန်းနှင့် လင်းရှန်၏ ထူးဆန်းသည့် ကုဗတုံးတို့ကို အသုံးပြု၍ စစ်ဆေးကြည့်ရာ သူတို့ သုံးဦးစလုံးတွင် အမှောင် အမှတ်အသား မရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ လုရှင်းချန်တွင်လည်း မှိုရောဂါပိုး ကူးစက်ခံရသည့် လက္ခဏာမတွေ့ရပေ။
အမှန်အတိုင်းဆိုလျှင် လင်းရှန်သည် ထူးဆန်းသည့် ကုဗတုံးအကြောင်းကို အဖွဲ့သားများအား တစ်ခါမျှ မပြောပြခဲ့ဖူးပေ။ ယခု မီးတောက်၏ အထင်မှားမှုနှင့် ထန်ယွမ်၏ စတေးမှုကြောင့် ဤကဲ့သို့သော အဖြစ်အပျက်များ ဆက်တိုက်ဖြစ်ပေါ်လာခြင်းက ပူးပေါင်းရထားကြီးကို လွတ်မြောက်ရန် တစ်ခုတည်းသော အခွင့်အရေးပေးခဲ့ခြင်း ဖြစ်သည်။
“အဲဒါက တော်တော်လေး နီးစပ်သွားတယ်… အပေါ်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ.. ဘာလို့ ကောင်းကင်ကနေ ဆင်းလာရတာလဲ”
တာလို့က စိုးရိမ်တကြီး မေးလိုက်သည်။
အနန္တရထားပေါ်ရှိ အဓိက အဖွဲ့ဝင်များမှာ အမြန်စုရုံးလာကြသည်။ လင်းရှန်၏ အောက်ပိုင်းမှာ ဗလာဖြစ်နေပြီး လည်ပင်းတွင် ပတ်ထားသည့် အဝတ်စအချို့မှလွဲ၍ အဝတ်အစားများမှာ စုတ်ပြတ်နေသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။ သူသည် အလွန်ပင် စုတ်ပြတ်နေကြပြီး ကိုယ်ပေါ်တွင် မှိုမျှင်ကြောများနှင့် ဆင်တူသည့် အပြာရောင် သဲလွန်စအချို့ရှိနေသည်။
လုရှင်းချန် မျက်နှာပျက်သွားပြီး နဖူးမှ ချွေးများကို သုတ်လိုက်သည်။
“ဒါ ကျွန်မအမှားပါ”
ကီကီက သက်ပြင်းရှည်ကြီး ချလိုက်သည်။
လုရှင်းချန်၏ မျက်နှာက ဖြူလျော်နေပြီး စိုးရိမ်တကြီး တံတွေးမျိုချလိုက်သည်။
ကီကီက သူ့ကို သတိပေးသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက်
“မီးတောက်က အားလုံး လုံခြုံစွာ ထွက်ခွာနိုင်ဖို့ သေချာချင်တာနဲ့ အစီအစဉ်တစ်ခု လုပ်ခဲ့တာ… အဲဒါက ကောင်းကင်မှိုမျှော်စင်ကို ဖောက်ခွဲပြီး သတ္တဝါတွေကို မျှားခေါ်ဖို့ပဲ”
Chapter 529
အမှတ် (၅) ရှင်းယွမ် ဖုတ်ကောင်သိုးထိန်း ၃
“တကယ်ကြီးလား”
ရှားရှားက အံ့ဩတကြီး မေးလိုက်သည်။
“အင်း” လင်းရှန်က အပြုံးဖြင့် ခေါင်းညိတ်လိုက်သော်လည်း တည်ငြိမ်နေဆဲ ဖြစ်သည်။
“ငါတို့ အဲဒါကို ပူးပေါင်းလုပ်ခဲ့တာပဲ… အန္တရာယ် အတော်များသွားတယ်… မီးတောက်တောင် သေလုမျောပါး ဖြစ်သွားတယ်”
ထိုစကားကို ကြားသောအခါ ဖြူလျော်နေသည့် လုရှင်းချန်သည် မျက်နှာနီရဲလာပြီး သူတို့နှစ်ယောက်ကို ကယ်တင်ရှင်များကဲ့သို့ ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ဝါး”
ရှားရှား၏ မျက်လုံးများ တောက်ပသွားသည်။ သူမသည် လုရှင်းချန်ကို လေးစားစွာ ကြည့်လိုက်သည်။
“မီးတောက်… အလုပ်လုပ်တော ကောင်းတယ်… အဲဒီပေါက်ကွဲမှုကြီးက ရှင့်လက်ချက်ပေါ့”
“ကျေးဇူးတင်ပါတယ်… နင်က ငါတို့အားလုံးကို ကယ်ခဲ့တာပဲ”
ချန်ဆီရွှမ်က ကျေးဇူးတင်စကား ပြောလိုက်သည်။
“အဲဒါ မယုံနိုင်စရာပဲ”
တာလို့က လက်မထောင်ပြလိုက်သည်။
“ဟျောင့်… မင်းက မြို့တစ်မြို့လုံးကို ဖောက်ခွဲပစ်တာပဲ… လေးစားပါတယ်”
“ရှင် တကယ်တော်တယ်”
ရှုချင်းကလည်း ဝင်ပြောသည်။
“ရှင် ဒါတွေအားလုံးကို ကျွန်မတို့အတွက် လုပ်ပေးခဲ့တာလား… မျှော်စင်ကြီးတစ်ခုလုံးကို ဗုံးခွဲပစ်ခဲ့တာလား… ဘုရားရေ”
မြောင်လုသည် ငိုတော့မလိုဖြစ်နေသည်။
လုရှင်းချန်၏ မျက်လုံးများမှာ ချီးကျူးမှုများကြောင့် တောက်ပနေသော်လည်း ချက်ချင်းပင် နှိမ့်ချသော အမူအရာဖမ်းလိုက်သည်။
“ဒါက ဘာမှမဟုတ်ပါဘူး… ငါနည်းနည်းပဲ လှုပ်ရှားခဲ့တာပါ… အန္တရာယ်ကို ဘေးကင်းအောင် ပြောင်းလိုက်တာပေါ့”
လင်းရှန်နှင့် ကီကီတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ထိုအကြံမှာ သူ၏ အကြံအပြည့်အဝ မဟုတ်သော်လည်း အမှန်တကယ်ပင် အားလုံးကို ကယ်တင်နိုင်ခဲ့သည်။ ထို့ကြောင့် သူတို့လည်း ထိုငကြွားကောင်ကို အမွှမ်းတင်ခွင့် ပေးလိုက်ကြသည်။
“ကဲ၊ လေဖိအားလှိုင်းက တော်တော်ပြင်းတယ်၊ ဘယ်သူတွေ ဒဏ်ရာရထားလဲ…ရထားတွဲတွေကို မြန်မြန် စစ်ဆေးကြ… ငါတို့ ဝင်ရိုးစွန်းညဇုန်ထဲကနေ အမြန်ဆုံးထွက်ရမယ်”
လင်းရှန်က ချက်ချင်း အမိန့်ပေးလိုက်ပြီး အခြားယာဉ်တန်းများနှင့် အခြေအနေများကို ဖလှယ်လိုက်သည်။
“ဘယ်လို… မင်းတို့ မှိုမျှော်စင်ကို ဖောက်ခွဲပစ်တာလား… ငါက နျူကလီးယားဗုံး ပေါက်တယ် ထင်နေတာဟ”
ရှီတိယွမ်က ဆက်သွယ်ရေးစက်မှတစ်ဆင့် အံ့အားသင့်ကာ ပြောလိုက်သည်၊၊ သို့သော် သူတို့ အန္တရာယ်နှင့် မည်မျှနီးစပ်ခဲ့ကြောင်း ကြားရသောအခါ သူ၏ လေသံမှာ တည်ငြိမ်သွားသည်။
“သောက်ကျိုးနဲ... ငါတို့ သတ္တဝါတွေရဲ့အစာ ဖြစ်တော့မလို့ပဲ”
“ဖုတ်ကောင်သိုးထိန်းလား”
နန်ကျင်း၏ လေသံမှာ လေးနက်သွားသည်။
“သတင်းတွေက မှန်နေပုံပဲ… သူတို့က များသောအားဖြင့် တွင်းနက်တွေနဲ့ အမှောင်ဒီရေတွေရဲ့ အစွန်းအဖျားနားမှာ ပေါ်လာတတ်တယ်”
“ကပ္ပတိန်လင်း… စွမ်းအားဝတ်စုံတွေ ဝတ်ထားလို့ ကျွန်တော်တို့အားလုံး အဆင်ပြေပါတယ်… ဒါပေမဲ့ ရထားတွဲကတော့ ပရမ်းပတာဖြစ်နေတယ်၊ သံချပ်ကာအချို့ ပိန်သွားတယ်၊ ပြတင်းပေါက်တွေ ကွဲကုန်တယ်”
လော့ယန်က အရေးကြီးသောအရာများကိာ အစီရင်ခံနေသည်။
လင်းရှန်သည် ကိုယ်ဝန်ရှိနေသည့်အပြင့် ကလေးများရှိနေသည့် လီယီကို ချက်ချင်း ဆက်သွယ်လိုက်သည်။
ဆက်သွယ်ရေးစက် ပွင့်သွားသည်နှင့် ကလေးများ ငိုသံနှင့် ဆူညံသံများကို ကြားလိုက်ရသည်။
နေမင်းရထား၏ နောက်တွဲများတွင် အဖွဲ့ဝင်ဟောင်းများသည် ဒဏ်ရာရသူများကို သယ်ဆောင်ရန်နှင့် ပျက်စီးမှုများကို ပြုပြင်ရန် ကြိုးစားနေကြသည်။ အမျိုးသမီးများမှာ ပြန့်ကျဲနေသော ရိက္ခာများကို စုဆောင်းနေကြစဉ် လီယီသည် ရထားတွဲ (၁) တွင် ကလေးများကို ကြည့်ရှုပေးနေသည်။
ကလေးအများအပြားမှာ ဒဏ်ရာရထားကြပြီး ခေါင်းမှ သွေးများ ထွက်နေသည်။ သို့သော် အသက်ကြီးသော ကလေးများမှာ နာကျင်သော်လည်း မငိုကြပေ။ ငယ်သော ကလေးများသာ တိုးတိုးလေး ရှိုက်ငိုနေကြသည်။
ကမ္ဘာပျက်ကပ်နောက်ပိုင်း ရှင်သန်ခဲ့ရသည့် နှစ်များက သူတို့ကို တိတ်တဆိတ်နေရန်နှင့် သည်းခံရန် သင်ကြားပေးခဲ့သည်။ ကျယ်လောင်စွာ ငိုကြွေးခြင်း မပြုကြပေ။
“ကဲ၊ တိတ်တိတ်... မနာတော့ဘူးနော်… တိုးတိုးလေးပဲနေနော်… အပြင်က သတ္တဝါတွေ ကြားသွားလိမ့်မယ်”
“ဟုတ်ကဲ့”
လီယီသည် သူမ၏ ဗိုက်ကို ထိန်းထားရင်း မိန်းကလေးငယ်တစ်ဦး၏ နဖူးကို အရက်ပြန်ဖြင့် ညင်သာစွာ သုတ်ပေးနေသည်။ နာကျင်မှုကြောင့် မိန်းကလေးငယ်သည် ကိုယ်ကိုကျုံ့ထားပြီး မျက်ရည်များ ကျလာသော်လည်း မအော်မိအောင် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
“ကပ္ပတိန်လင်း… သူတို့တွေ ထိတ်လန့်သွားရုံပါပဲ… ပြင်းထန်တဲ့ ဒဏ်ရာမရှိဘူး… မစိုးရိမ်ပါနဲ့”
သူမက အစီရင်ခံသည်။
“ငါတို့လည်း အဆင်ပြေပါတယ်… အဖွဲ့ထဲက အချို့ ပွန်းပဲ့ဒဏ်ရာ ရတာကလွဲလို့ ကြီးကြီးမားမား ထိခိုက်မှုမရှိပါဘူး”
ဂျိုကာယာဉ်တန်းမှ ချီလီက ဘာမှမဖြစ်သလို လေသံဖြင့် ပြန်ဖြေသည်။
“ကောင်လေး… မင်းနောက်ကို လိုက်တာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ပြန်ပြီ… မင်းကို တစ်ခွက်တိုက်ဖို့ အကြွေးရှိတယ် မှတ်ထားလိုက်”
“ငါ သိသားပဲ၊ ကပ္ပတိန်လင်းနောက်ကို လိုက်ရင် ဘယ်တော့မှ မမှားဘူး”
ဘုရင်မ မိုနီကာယာဉ်တန်းမှ မိုနီကာသည်လည်း နားထောင်နေရင်း ပြောလိုက်သည်။ လင်းရှန်အကြောင်းကို သူမ ပိုသိလာလေ၊ ပို၍ စိတ်ဝင်စားလာလေ ဖြစ်သည်။
ဤကဲ့သို့သော ကမ္ဘာတွင် အထူးသဖြင့် အမျိုးသမီးတစ်ဦးအတွက် ကယ်တင်ရှင်တစ်ဦး ပေါ်ထွက်လာရန် လူအများက မျှော်လင့်ကြသည်။ သူမအတွက် လင်းရှန်မှာ ထိုကဲ့သို့သော လူမျိုးဖြစ်လာသည်။ နှင်းမုန်တိုင်းညတွင် စီလန်မြို့သို့ ဝင်ရောက်ခြင်းမှသည် အကျပ်အတည်းအချိန်များတွင် ပါဝင်ကူညီခြင်းအထိ သူ၏ တည်ရှိမှုက အဆိုးရွားဆုံးအချိန်များတွင် အမြဲရှိနေတတ်သည်။
ခေါင်းဆောင်၊ ကယ်တင်ရှင်၊ သူရဲကောင်း။
ဤစကားလုံးများသည် အခြားသူများ၏ လေးစားဖွယ် စကားဝိုင်းများမှတစ်ဆင့် လင်းရှန်၏ ဂုဏ်သိက္ခာသည် တိတ်တဆိတ် ထွင်းထုခံနေရပြီ ဖြစ်သည်။ မိုနီကာ မအံ့ဩပေ။ သူမသည် ဝိုင်ခွက်ကို လှည့်ရင်း အနန္တရထားရှိရာသို့ ကြည့်ကာ ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ပြုံးလိုက်သည်။
ယာဉ်တန်းများအားလုံး အစီရင်ခံပြီးနောက်တွင်မှ လင်းရှန်သည် စိတ်အေးနိုင်တော့သည်။ ဒဏ်ရာအများစုမှာ အတွင်းဒဏ်ရာ၊ ဦးနှောက်တုန်ခါခြင်း၊ နားစည်ပြတ်ခြင်းနှင့် မူးဝေခြင်းများ ဖြစ်ကြသော်လည်း ယခုအချိန်အထိ သေဆုံးသူ မရှိသေးပေ။ အန္တရာယ်၏ အတိုင်းအတာကို ကြည့်လျှင် ဤမျှထိခိုက်မှုမှာ အံ့ဖွယ်တစ်ပါးပင် ဖြစ်သည်။
ဒဏ်ရာရသူ အရေအတွက်ကြောင့် လင်းရှန်သည် အမှောင်ကျူးကျော်လာမည့် လက္ခဏာများကို သတိထားရန် ယာဉ်တန်းများအားလုံးကို ချက်ချင်း သတိပေးလိုက်သည်။
ပေါင်းစည်းရထားယာဥ်တန်းကြီး ယိကျင်းမြို့မှ လွတ်မြောက်လာခြင်းမှာ အောင်ပွဲတစ်ခုဖြစ်ပြီး ဤသတင်းကောင်းကို အာရုဏ်ဦးသို့ ရောက်ရှိနိုင်မည့် ယုံကြည်ချက်ကို ထိန်းသိမ်းရန် လူတိုင်းအား မျှဝေပေးရမည်ဖြစ်သည်။
ဂျုံး... ဂျုံး...
အနက်ရောင်ရထားရှည်ကြီးသည် ဝင်ရိုးစွန်းညအောက်ရှိ ဂိုဘီသဲကန္တာရတောင်ကုန်းများကို ဖြတ်ကျော်ကာ ကျယ်လောင်စွာ ခုတ်မောင်းနေသည်။ လရောင်မှာ တောရိုင်းမြေပြင်ပေါ်တွင် ပါးလွှာသော ငွေရောင်ခြုံလွှာတစ်ခုကဲ့သို့ ရှိနေသည်။ ရထားဘီးများသည် တွန့်လိမ်နေသော ရထားလမ်းများနှင့် ထိတွေ့ကာ အသံများ ထွက်ပေါ်နေပြီး တောင်ကုန်းများမှာ အိပ်ပျော်နေသော သားရဲကြီးများ၏ ကျောကုန်းများကဲ့သို့ ထင်ရသည်။
သစ်ပင်များ မရှိဘဲ ကန္တာရဆူးပင်များနှင့် ခြောက်သွေ့သော ချုံပုတ်များသာ ပြန့်ကျဲနေသည်။ လေတိုက်သဖြင့် မြက်ပင်များမှာ ည၏ တီးတိုးပြောသံများကဲ့သို့ လှုပ်ခတ်နေသည်။
လေသည် ဂိုဘီသဲကန္တရမှ တိုက်ခတ်လာပြီး ရထားတွဲများအပေါ်သို့ သဲနုများကို သယ်ဆောင်လာကာ သံမဏိမျက်နှာပြင်များကို ပွတ်တိုက်ကာ အသံထွက်နေသည်၊၊ ကမ္ဘာပျက်ကပ်နောက်ပိုင်းတွင် ပိုးမွှားများ၊ စမ်းချောင်းများ မရှိတော့ဘဲ ကျောက်စရစ်နှင့် သံမဏိချင်း ထိတွေ့သံ၊ ချောက်ကမ်းပါးများပေါ်မှ လေတိုးသံများသာ ရှိတော့သည်။ ချောက်ချားဖွယ်ရာ ညချမ်းတေးသွားတစ်ခုမှာ တိတ်ဆိတ်မှုများကြားတွင် ပေါ်ထွက်နေသည်။
ပေါင်းစည်းရထားကြီးသည် နှစ်နာရီကြာအောင် ခရီးနှင်ခဲ့ပြီး ထိုအတောအတွင်း ရထားတွဲတိုင်းမှာ လှုပ်ရှားမှုများ… တင်းမာမှုများနှင့် စိတ်မသက်မသာဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။ ဂိုဘီသဲကန္တာရထဲသို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ မြင်ကွင်းမှာ ပို၍ ကျယ်ပြန့်လာသည်။ ထူးဆန်းသည့် သတ္တဝါများ၊ ဖုတ်ကောင်များ မရှိတော့ဘဲ လေနှင့် သဲများသာ ရှိတော့သည်။
နောက်ဆုံးတွင် လူများ ယုံကြည်လာကြသည်—သူတို့ လွတ်မြောက်ခဲ့ပြီ၊၊
ခရီးသည် ၄၀၀၀ ကျော်၏ တင်းမာမှုများမှာ တဖြည်းဖြည်းလျော့ပါးလာသည်။ ယိကျင်းမြို့ ပေါက်ကွဲမှုမှ ထိတ်လန့်မှုများမှာလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
“ကျွန်မတို့ စစ်ဆေးပြီးပြီ… ဘယ်သူ့မှ အမှတ်အသား မရှိဘူး… အခု ကျွန်မတို့က ဆိတ်ငြိမ်တဲ့စနစ်နဲ့ သွားနေတာပဲ”
ကီကီက ရထားတွဲ (၂) မှ အတည်ပြုပေးသည်။
ကီကီသည် သွေးကပ်ဘေးပန်းက အတည်ပြုပြီးနောက် နဂါးတောင် (၁) မှ အားဖေးတို့ကို အသုံးပြုကာ ဝေဟင်မှ အပြည့်အဝ စကင်ဖတ်ခြင်းကို ဆောင်ရွက်ခဲ့သည်။ နှစ်ကြိမ်တိုင်တိုင် အတည်ပြုပြီးနောက်တွင်မှ လင်းရှန် စိတ်အေးလက်အေး အသက်ရှူနိုင်တော့သည်။
“ကောင်းပြီ၊ မင်းလည်း အခု အနားယူတော့… အဲဒီပေါက်ကွဲမှုရဲ့ဖိအားလှိုင်းက မင်းကို အတော်လေး ပင်ပန်းစေမှာပဲ”
လင်းရှန်က သူမကို ပြောလိုက်သည်။
ကီကီသည် သမ်းဝေရင်း ကိုယ်လက်ဆန့်လိုက်သည်။ “တော်သေးတယ်… ကျွန်မတို့က တော်တော်လေး ဝေးဝေးမှာ ရှိနေခဲ့တယ်… ပြီးတော့ ကျွန်မရဲ့ ဒိုင်းကာကလည်း အလုပ်လုပ်ခဲ့တယ်”
အမှန်တကယ်တော့ သူမတစ်ဦးတည်းကြောင့် မဟုတ်ပေ။ ပေါက်ကွဲမှုမှ ငလျင်လှုပ်ခတ်ခဲ့သော်လည်း လူအများအပြား ရှင်သန်နိုင်ခဲ့ခြင်းမှာ ကမ္ဘာပျက်ကပ်သုံး ရထားများမှာ ခိုင်ခံ့ခြင်း၊ ပေါက်ကွဲမှုတည်နေရာမှ ဝေးကွာခြင်းနှင့် တတိယအချက်အနေဖြင့် ရထားပေါ်ရှိ လူတိုင်းမှာ အမှောင်စွမ်းအားများကြောင့် တစ်နည်းနည်းဖြင့် ဆင့်ကဲပြောင်းလဲမှုများ ရှိထားကြခြင်းကြောင့်ပင် ဖြစ်သည်။
ကလေးမလေး ရှားရှားပင်လျှင် ယခုအခါ Roarer ဂတ်တလင်သေနတ်ကို လက်တစ်ဖက်တည်းဖြင့် ကိုင်နိုင်နေပြီဖြစ်သည်။ ထိုအချက်က အရာအားလုံးကို ရှင်းပြနေသည်။