← Chapters

အခန်း (၁၁)

Vol. 2 Ch. 11

အခန်း (၁၁)

Vol. 2 Ch. 11

ကျန်းနျန်သည် ရုတ်တရက် အံ့သြသလို အသံပြုပြီး ပြောလိုက်သည်။ "မနေ့က အစ်မဖုန့်နဲ့ ကျွန်မတို့ ရထားတဲ့ ကိုယ်ပိုင် ယာခင်းကို သွားကြည့်ကြတာ။ လမ်းမှာ ရဲဘာ်ကျန့်ဟုန်က သူမသားလေးနဲ့အတူ သမဝါယမဆိုင်ကနေ ပြန်လာတာကို တွေ့လိုက်တယ်။ သူ့လက်ထဲမှာ မုန့်ကြာစေ့အိတ်တစ်အိတ်ကို ကိုင်ပြီး အရမ်းမြန်မြန် လမ်းလျှောက်နေတာ။ မနေ့က ခြေထောက်ခေါက်တာ သက်သာသွားပြီ ထင်တာပဲ"

သူမ အစ်မဖုန့်ကို တမင်သက်သက် ထည့်ပြောလိုက်ခြင်းပင်။ လျိုချမ့်က မေးမြန်းချင်စိတ်ရှိလျှင် အစ်မဖုန့်က သက်သေအဖြစ် ရပ်တည်ပေးနိုင်သည်။

လျိုချမ့်ကမူ မျက်လွှာချပြီး ခဏကြာအောင် တိတ်ဆိတ်နေခဲ့၏။

ဤမနက်တွင် ကျန့်ဟုန်က သူမအိမ်တံခါးဝမှာ ရပ်ပြီး သူ့အား လှမ်းခေါ်သည်။ အလူမီနီယမ် ထမင်းချိုင့်တစ်လုံး ပေးပြီး၊ မနေ့က ခြေထောက်နာနေသည်မှာ မပျောက်သေးသဖြင့် ထမင်းဆိုင်မှ နေ့လယ်စာ သွားယူပေးရန် အကူအညီ တောင်းလာသည်။ သူလည်း ကူညီပေးရန် သဘောတူခဲ့လိုက်သည်။

လျိုချမ့်က ခေါင်းမော့ပြီး ကျန်းနျန်ကို ကြည့်ကာ ရိုးရှင်းစွာ ပြောလိုက်သည်။ "အိမ်မှာ ထမင်းစားဖို့ အဆင်သင့် ဖြစ်နေပြီ။ ဒါဆို ကျွန်တော် ပြန်လိုက်ပါဦးမယ်"

ကျန်းနျန် ခေါင်းငြိမ့်ပြပြီး ပြန်လှည့်ထွက်သွားသည့် လျိုချမ့်၏ ပုံရိပ်ကို ကြည့်နေရင်း သူမ မျက်လုံးများသည် တဖြည်းဖြည်း အေးစက်လာသည်။

ဒီလို ခင်ပွန်းမျိုးက အဆိုးဆုံးပင်။

သူတို့က ငြင်းပယ်ကြရန်၊ မသင့်တော်သည်များကို ရှောင်ရှားရန် သို့မဟုတ် မိမ်ဇနီးဘက်မှ စဉ်းစားပေးရန် မသိတတ်ကြချေ။

ကျန်းနျန်သည် ကျန့်ဟုန်၏ အိမ်နားမှ ဖြတ်လျှောက်သွားလျှင် စိတ်ထဲ မလုံမလဲ ခံစားလိုက်ရ၏။

ယခုအချိန်က နေ့လယ်အပူဆုံး အချိန်ပင်။

ကျန်းနျန် ကိုယ်ပိုင် ယာခင်းကို ရောက်သည့်အခါ မြေပေါ်တွင် ခေါက်ထားသော စစ်ဝတ်စုံကို တွေ့လိုက်ရ၏။ လုယွီက အတွင်းအင်္ကျီနှင့် စစ်ဘောင်းဘီကို ဝတ်ထားပြီး ခါးကိုင်းကာ မြက်များကို လျင်မြန်စွာ နှုတ်နေသည်။ သူ၏ လက်ကြီးများက ကျန်းနျန် အားစိုက်ထုတ်မှသာ ရမည့် မြက်ခင်းများကို အားစိုက်စရာမလိုဘဲ အစုလိုက် အပြုံလိုက် ဆွဲနှုတ်ပစ်နေသည်အား တွေ့ရသည်။

မြက်ပုံကြီး နှစ်ပုံသည် ယာခင်းအစွန်းတွင် စုပုံနေပြီး လေးပုံတစ်ပုံ ဧကရှိသည့် ယာခင်းထဲက မြက်များ အကုန်နီးပါး ဖယ်ရှားပြီးနေပြီပင်။

လမ်းလျှောက်လာရသဖြင့် အပူဒဏ်ကို မခံမရပ်နိုင် ဖြစ်နေသော ကျန်းနျန်သည် အရိပ်အောက်မှာ ရပ်ပြီး လှမ်းခေါ်လိုက်၏။ "လုယွီ၊ လာ ထမင်းစားဦး”

မလှမ်းမကမ်းမှာရှိသည့် ထိုအမျိုးသားက ရှင်းလင်းသော ခေါ်သံကြောင့် ကိုယ်ကို မတ်လိုက်သည်။ လှည့်ကြည့်လိုက်သောအခါ ခြင်းတောင်းနှင့် ရေနွေးဗူးကို ကိုင်ထားသည့် ကျန်းနျန် သစ်ပင်အောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူက နည်းနည်း အံ့သြသွားသည်။

ကျန်းနျန်က တစ်ယောက်တည်း အပြင်ထွက်မှာ မဟုတ်ဘူးဟု သူ ထင်ထားခဲ့တာ။ ထို့ကြောင့် မြက်အားလုံး နှုတ်ပြီးမှ ကန်တင်းတွင် အမြန်သွားစားရန် သူ စီစဉ်ထားခဲ့ခြင်းပင်။

လုယွီက သူ့လက်များက ဖုန်များကိုခါလိုက်ပြီး သစ်ပင်ဆီကို လှမ်းလာ၏။ နေရောင်ကြောင့် နည်းနည်းညိုနေသော ကျန်းနျန်၏ မျက်နှာကို သတိထားမိလျှင် ဤပစ္စည်းများကို ပူလောင်နေသော နေပူအောက်မှာ သယ်လာရသည်ကို တွေးပြီး၊ ကျန်းနျန်က ကျေးလက်မှာကဲ့သို့ အပြင်ထွက်ရန် မကြောက်တော့ဘူးဟု ထင်မိလိုက်သည်။

"ရေဆာနေလား။ ကျွန်မ ရေ ယူလာခဲ့တယ်။”

ကျန်းနျန် ခြင်းတောင်းနှင့် အလူမီနီယမ် ထမင်းချိုင့်ကို မြေပြင်ပေါ်ချလိုက်သည်။ ထို့နောက် ရေနွေးဗူးကို ကောက်ကိုင်ပြီး လုယွီ၏ လက်များကို ကြည့်လိုက်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြောလိုက်သည်။"လက်အရင် ဆေးလိုက်ပါဦး"

“ကောင်းပြီ။”

လုယွီသည် ကျန်းနျန် လောင်းပေးသည့် ရေကို လက်ဖြန့်ပြီး ခံလိုက်၏။ သူက အရပ်ရှည်သောကြောင့် ကိုယ်ကို ကိုင်းညွှတ်ထားရသည်။ လက်ဆေးပြီးသည့်အခါ ရေကို လက်ထဲ ခပ်ယူပြီး မျက်နှာသစ်လိုက်၏။ ထို့နောက် သူ၏ အင်္ကျီကို ဆွဲမပြီး မျက်နှာပေါ်က ရေစက်များကို သုတ်ရန် အလိုလို လုပ်မိသွားသည်။

ကျန်နျန် အနှီအမျိုးသား၏ ကြွက်သား တင်းမာနေတဲ့ ဗိုက်သားကြောင့် အလန့်တကြား ဖြစ်သွားရသည်။ အမျိုးသား၏ ခါးနှင့် ဝမ်းဗိုက်က အရမ်းကို သန်မာသည့် ပုံပေါ်နေ၏။ သူ့ခါးအောက်နားက စစ်ဘောင်းဘီကို အနက်ရောင် သားရေခါးပတ်ဖြင့် ပတ်ထားသည်။ သူက ခြေထောက်များကို ခပ်ကားကား ရပ်နေပြီး မြေပြင်ပေါ်တွင် ရေများက အိုင်ထွန်းနေသည်။

သူမ အမြန် မျက်နှာလွှဲလိုက်ပြီး ရေနွေးဗူးလက်ကိုင်ကို မသိစိတ်က တင်းတင်းဆုပ်ထားလိုက်မိသည်။

လုယွီက သူ့လုပ်ရပ်ကို သတိပြုမိသွားပြီး အင်္ကျီကို အမြန် ပြန်ချလိုက်သည်။ မြေကြီးပေါ်တွင် ထိုင်ချလိုက်ရင်း စကားစရန်အတွက် "ဘာတွေ ချက်လာတာလဲ" ဟု မေးလိုက်၏။

ကျန်းနျန် အဆင်မပြေစွာ မျက်တောင်ခတ်လိုက်ပြီး ရေနွေးဗူးကို ချလိုက်ကာ မြေပြင်ပေါ်မှာ ထိုင်ချပြီး ခြင်းတောင်းပေါ်က အဝတ်ကို ဖွင့်လိုက်သည်။ "ကြက်စွပ်ပြုတ်၊ အာလူးကြော်ချဉ်စပ်နဲ့ ဘန်းမုန့်ပေါင်း နည်းနည်း လုပ်လာခဲ့တယ်။”

သူမ အလူမီနီယမ် ထမင်းချိုင့်ကို ဆွဲယူပြီး အဖုံးဖွင့်ရန် ကြိုးစားလိုက်သည်။ သို့သော် အစကတည်းက အရမ်းတင်းအောင် ပိတ်ထားလို့လား၊ ဒါမှမဟုတ် ပူလွန်းသဖြင့် လက်ထဲ ချွေးထွက်နေလို့လား မသိ၊ အဖုံးက ဖွင့်မရဘူး ဖြစ်နေ၏။

"ကျွန်တော် ဖွင့်ပေးမယ်။”

အပေါ်ကနေ လာသည့် အသံသြသြကြောင့် လုယွီ၏ အပူငွေ့က သူမဆီကို ရောက်လာသည်။

ကျန်းနျန် ခပ်ဖွဖွ ခေါင်းငြိမ့်ပြလိုက်သည်။ "ကောင်းပြီ”

သူမ ဆုပ်ကိုင်ထားတာကို လွှတ်လိုက်ပြီး ထမင်းချိုင့်ကို လုယွီ ခြေထောက်နား ချပေးလိုက်သည်။ သူ အားစိုက်စရာ မလိုဘဲ အဖုံးကို ဖွင့်လိုက်သည်ကို မြင်သည့်အခါ သူမ စိတ်ထဲ သက်ပြင်းချလိုက်မိသည်။

သူမနှင့် လုယွီ၏ ခွန်အားကွာခြားချက်က အရမ်းကြီးလွန်း၏။

လုယွီက ဘန်းမုန့်တစ်ကိုက် စားလိုက်ပြီးနောက် ကျန်းနျန် တူတစ်စုံတည်းသာ ယူလာမှန်း သတိထားမိလိုက်သည်။ သူက တူတွေကို သူမဆီ လှမ်းပေးရင်း ပြောလိုက်သည်။ "မရီးပဲ တူယူလိုက်ပါ။ ကျွန်တော် စွပ်ပြုတ်သောက်ပြီး ပေါင်မုန့်ကို နှစ်ပြီး စားလိုက်မယ်"

“ငါ အိမ်ကျမှ စားလိုက်တော့မယ်။”

ကျန်းနျန် ရေနွေးဗူးကို အဖုံးပြန်ပိတ်ပြီး သစ်ပင်အရင်းနားမှာ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေလိုက်သည်။ "အပြင်မှာ စားကျင့်မရှိဘူး”

လုယွီ ဘာမှ ထပ်မပြောတော့ဘဲ တူကို ယူပြီး အမြန်စားလိုက်သည်။ ခဏအတွင်း ဘန်းမုန့်ပေါင်း သုံးလုံး ကုန်သွား၏။ ထမင်းချိုင့်ထဲက စွပ်ပြုတ်ကို သောက်လိုက်သည့်အခါ ကျန်းနျန်က သူ့အတွက် အသားများများ ခပ်ထားပေးသည်ကို သူ တွေ့လိုက်ရ၏။

သူ ရင်ထဲမှာ နွေးထွေးမှုကို ခံစားလိုက်ရသော်လည်း ပြောလိုက်သည်။ "မရီး၊ ကြက်သားကို မင်း အားပြန်ပြည့်အောင်လို့ ဝယ်ထားတာ။ ကျွန်တော်လို ယောက်ျားတစ်ယောက်က မလိုအပ်ပါဘူး။”

ကျန်းနျန်က ပုရွက်ဆိတ်များ အသိုက်ထဲ တန်းစီ ဝင်နေသည်ကို ကြည့်နေရာက ခေါင်းနည်းနည်း မော့လိုက်ပြီး သူမအသံက နူးညံ့နေ၏။ "ငါ တစ်ယောက်တည်း မကုန်ဘူး။ ဒီအပူထဲမှာ အသားကို ကြာကြာထားလို့လဲ မရဘူး။”

သူမ ခေါင်းကို ပြန်ငုံ့လိုက်သည်။ "မင်းက နေ့တိုင်း လေ့ကျင့်ရေးဆင်းနေရတာ၊ ခွန်အား အများကြီး သုံးရတယ်။ ဒါကြောင့် ပိုစားရမယ်။”

"ငါ့ရဲ့ တစ်ခုတည်းသောအလုပ်က ရှင့်ကို ဂရုစိုက်ဖို့ပဲ။ ဒါမှ ရှင် လက်ထပ်ပြီး ကလေးရတဲ့အခါ ရှင့်ကလေးတွေကလည်း ရှု့မိသားစုရဲ့ မျိုးဆက် ဖြစ်လာမှာ။ အဖေ အသက်ရှင်တုန်းက ရှင့်အကြောင်း မကြာခဏ ပြောတယ်။ အစ်ကိုကြီးရဲ့ ဘဝက ဒီလိုဖြစ်သွားပြီ။ ဒါကြောင့် ရှင် ဇနီးတစ်ယောက် ပြန်ခေါ်လာနိုင်ဖို့ သူ မျှော်လင့်နေခဲ့တာ”

ထိုစကားများကို ပြောလိုက်သည်က လုယွီအား ကြိုတင် သတိပေးလိုက်ခြင်းပင်။ ဒါမှ သူ ဆေးရုံမှာ အမျိုးသမီးဇာတ်လိုက်နှင့် တွေ့သည့်အခါ ပြင်ဆင်ထားနိုင်လိမ့်မည်။ သူမက သူတို့ကို အဆင်ပြေပြေ တွဲပေးပြီး ဇာတ်လမ်းကို ပုံမှန်အတိုင်း ရှေ့ဆက်နိုင်ရန် မျှော်လင့်ခဲ့ရုံသာ။

ကျန်းနျန်၏ စကားများကိုကြားသည့်အခါ လုယွီ စိတ်ထဲ မသက်မသာ ဖြစ်သွားသည်။

သူ ကြက်စွပ်ပြုတ်ကို ကုန်အောင် သောက်လိုက်ပြီး ကျန်တာတွေကို ခြင်းတောင်းထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် ထရပ်ပြီး ပြောလိုက်သည်။ "အပြင်မှာ ပူတယ်။ မရီး ပြန်သင့်ပြီ။ ကျွန်တော် ကျန်နေတဲ့ မြက်တွေ ဆက်နှုတ်လိုက်မယ်။ မနက်ဖြန် အစ်မဖန့်ဆီက ပေါက်တူးငှားပြီး မြေဆွလိုက်မယ်။ ဒါဆို မကြာခင် စိုက်ပျိုးလို့ ရပြီ။”

ကျန်းနျန် ခြင်းတောင်းကို ကိုင်ပြီး ထရပ်လိုက်သည်။ ကျန်နေသေးသည့် မြက်ခင်းများကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။”

သူမ ခြင်းတောင်းကို တင်းတင်းဆုပ်ကိုင်ပြီး ခေါင်းငုံ့ထားသည်။

လုယွီက သူ့လက်မောင်းနှင့် နဖူးက ချွေးများကို သုတ်လိုက်သည်။ "မပင်ပန်းပါဘူး။”

ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ သူ တစ်ခုခုကို သတိရသွားပြီး ကျန်းနျန်ဘက် လှည့်လာသည်။ "နောက်ဆို ပြောင်းဖူးပန်ကိတ်တွေ ပိုလုပ်ပေးပါ။ အဲဒါက ဗိုက်ပိုပြည့်စေတယ်။”

ကျန်းနျန် ခဏတာ အံ့အားသင့်သွား၏။ ပြီးတော့ မော့ကြည့်လိုက်သည့်အခါ လုယွီက ယာခင်းဘက်ကို ပြန်လျှောက်သွားနေပြီ။

သူမ သူ့၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။

သူမအတွက် ဘန်းမုန့်ဖြူကို ချန်ထားချင်တာပင်။

ဂျုံမှုန့်ဖြူဆိုတာ ရှားပါးသည်။ အိမ်ထောင်စု အများစုက တစ်နှစ်ပတ်လုံး ပြောင်းဖူးမှုန့်နှင့် ကန်စွန်းဥမှုန့်ကိုသာ စားကြရ၏။ အထူးသဖြင့် ကျေးလက်ဒေသများတွင် ဘန်းမုန့်ဖြူဆိုသည်မှာ ဇိမ်ခံပစ္စည်းပင်။

ကျန်းနျန် အိမ်ပြန်ရောက်ပြီး နေ့လယ်စာ စားပြီးနောက် အိုးခွက် ပန်းကန်များ ဆေးကြောလိုက်သည်။ ကြက်စွပ်ပြုတ် အများကြီး ကျန်နေသေးသဖြင့် ညနေကျ ခေါက်ဆွဲ လုပ်ရန် သိမ်းထားလိုက်သည်။

သူမ မနေ့ညက ရှု့ယန်ကြောင့် လန့်ပြီး ညဥ့်နက်၏ ဒုတိယပိုင်းတွင် သေချာ မအိပ်ခဲ့ရချေ။ ထို့ကြောင့် အိပ်ရာထဲ ဝင်ပြီး မကြာခင်မှာပဲ အိပ်ပျော်သွားခဲ့၏။

ကျန်းနျန် ညနေ မှောင်ရီပျိုးနီးမှ ပြန်နိုးလာခဲ့သည်။

သူမ ရေတွင်းက ရေကို ခပ်ယူပြီး လက်ဆေးကာ မီးဖိုချောင် သွားပြီး မုန့်သားကို ပြင်ဆင်လိုက်သည်။ ညစာအတွက် ငရုတ်ပွသီး ကြော်ရန် စီစဉ်လိုက်၏။ ဆီကို အပူပေးပြီး ငရုတ်သီးများကို နှစ်ဖက်လုံး ကျက်သွားအောင် ကြော်လိုက်၏။ ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များနှင့် ကြက်သွန်ဖြူ ဓားပြားရိုက်ကို ဖြူးလိုက်သည်။

ကျန်းနျန် ဟင်းကို ပန်းကန်ထဲ ထည့်ပြီး အိုးဆေးထားလိုက်ကာ ကြက်စွပ်ပြုတ်ကို အိုးထဲ လောင်းထည့်လိုက်ပြီး ခေါက်ဆွဲမုန့်သားကို စပြီး လှိမ့်နေလိုက်၏။

လုယွီ ပြန်ရောက်လာသည့်အချိန်မှာ မှောင်နေပြီပက်။

သူ မျက်နှာသစ်ရန် ရေတွင်းဆီကို သွားပြီး လက်မောင်းများနှင့် လည်ပင်းကိုလည်း ဆေးကြောလိုက်သည်။ ကြက်စွပ်ပြုတ်နှင့် ငရုတ်သီး၏ မွှေးပျံ့သောအနံ့က မီးဖိုချောင်ကနေ တိုက်ရိုက် တိုက်ခတ်လာပြီး တစ်အိမ်လုံးကို ဆွဲဆောင်မှုရှိသော ရနံ့ဖြင့် ပြည့်စေခဲ့သည်။

ဘေးက တပ်ရင်းမှူးစုန့်နှင့် တပ်ရင်းဗိုလ်ကြီးလျိုတို့၏ မိသားစုများတောင် အနံ့ရနေကြသည်။

စုန့်ရှင်းတုန်နှင့် စုန့်ရှင်းဟုန်တို့သည် သူတို့၏ အနံ့ခံအာရုံ ကောင်းကောင်းနှင့် အသားနံ့ကို ရသွားပြီး ဖန့်မိန်အား ဝိုင်းပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြ၏။

"မေမေ၊ ကြက်စွပ်ပြုတ် နံ့ရတယ်”

"အရမ်း မွှေးတာပဲ မေမေ၊ ကြက်စွပ်ပြုတ် ကျန်သေးလား။ သား ပိုစားချင်တယ်။”

"မေမေ၊ ကျွန်တော်လဲ စားချင်တယ်”

စုန့်ရှင်းတုန်က ပြေးလာပြီး ဖန့်မိန်၏ ခြေထောက်ကို ဖက်လှုပ်နေရင်း နှုတ်ခမ်းဆူပြီး ပြောလိုက်သည်။ "မေမေ၊ ဗီရိုထဲက ကြက်စွပ်ပြုတ် ထုတ်ပေးပါဦး။ သား စားချင်တယ်”

ဖန့်မိန်မှာ တစ်ခါတည်း အကုန်မစားရက် ဖြစ်နေတာပင်။ သို့သော် အိမ်နီးချင်းခြံက ရသော အနံ့ကြောင့် သူမ တံတွေးမျိုချလိုက်မိသည်။

ရိုးရိုးသားသား ပြောရရင် သူမလည်း စားချင်တာပေါ့။

စုန့်ကျစ်ဝေက အသီးအရွက်ချဉ်ကို တစ်ကိုက်စားပြီး ဖန့်မိန်အား မေးစေ့ဖြင့် အချက်ပြလိုက်သည်။ "ပူတယ်လေ၊ ကြာကြာ ထားလို့ မရဘူး။ ကလေးတွေ စားချင်ရင် ပေးလိုက်ပါတော့။ ပျက်စီးသွားရင် နှမြောစရာ ဖြစ်နေမယ်”

ဖန့်မိန်ကလည်း စုန့်ရှင်းတုန်ကို ခြေထောက်အားလွှတ်ရန် ပြောလိုက်သည်။ "သားတို့ နှစ်ယောက် သေချာ ထိုင်နေကြ။ မေမေ သွားယူပေးမယ်”

တပ်ရင်းဗိုလ်ကြီးလျို၏ ကလေးနှစ်ယောက်လည်း အနံ့ရနေကြသည်။

သူတို့က စားပွဲမှာ ထိုင်ရင်း တိတ်ဆိတ်စွာ စားနေသည့် သူတို့၏ မိဘနှစ်ပါးကို သတိထားပြီး ကြည့်နေကြသည်။ သူတို့နှစ်ယောက်က ခုလေးတင် နောက်တစ်ကြိမ် ရန်ဖြစ်ထားကြတာ။ သူတို့ အမေက ညစာအတွက် ဟင်းပူတစ်ခွက်တောင် မချက်ထားချေ။ ပြောင်းဖူးပေါင်မုန့်ကို အသီးအရွက်ချဉ်နှင့်သာ စားနေကြရ၏။ ဘာ အရသာမှ မရှိပေ။

လျိုချမ့်က ရှု့ယန်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ အသံနည်းနည်း ပျော့ပျောင်းသွားပြီး "မနက်ဖြန် ကလေးတွေအတွက် ကြက်ဥမုန့် ပေါင်းပေးလိုက်ပါ”

ရှု့ယန်က လှောင်ပြောင်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်သည််။ "ကျန့်ဟုန်အတွက် ပိုက်ဆံတွေ အကုန် သုံးပစ်လိုက်တာကို။ ငါတို့ဆီမှာ ဘာစပါးကျန်သေးလို့လဲ။ အခုမှ သားတွေ သေချာ မစားရလို့၊ သေချာ မဝတ်ရလို့ စိတ်ပူနေတာလား။ အရင်က ရှင် ဘယ်ရောက်နေခဲ့လို့လဲ။”

“ရှု့ယန်”

လျိုချမ့်က သူ၏ တူကို စားပွဲပေါ် ဆောင့်ချလိုက်ပြီး မျက်နှာမည်းကာ သူမကို စိုက်ကြည့်လိုက်သည်။ "ငါ သူ့ကို ယွမ်ငါးဆယ်ပဲ ချေးထားတာ။ တပ်ရင်းဗိုလ်ကြီးလု ပြန်လာရင် ပြန်ပေးမယ်လို့ သူ ပြောခဲ့တာပဲ။”

ထိုစကားကို ကြားသည့်အခါ ရှု့ယန် အရမ်း ဒေါသထွက်သွားပြီး တူကို လျိုချမ့်၏ မျက်နှာဆီ ပစ်ပေါက်လိုက်၏။ "ပြန်ပေးမယ်။

“နှစ်နှစ်နီးပါး ရှိနေပြီ။ ပြန်ပေးပြီလား။ တပ်မှူးလုက ပြန်လာတိုင်း ဘာလို့ ပိုက်ဆံ မယူလာရတာလဲ။ အီးပုံတွေ့တဲ့ ယင်ကောင်လို ကျန့်ဟုန်ဆီ ပြေးနေတဲ့ ရှင်တစ်ယောက်တည်းကသာ မျက်နှာပြောင်တိုက်နေတာ”

လျိုချမ့် ရုတ်တရက် ထရပ်ပြီး သူမကို ပါးရိုက်လိုက်၏။ ရှု့ယန်သည် နောက်ကို ခြေလှမ်းအနည်းငယ် ယိုင်ကျသွားပြီး မျက်နှာကို ဖိကိုင်ထားလိုက်သည်။ မျက်လုံးတွေ နီရဲနေရင်း လျိုချမ့်အား စိုက်ကြည့်လိုက်၏။ "ရှင် ကျွန်မကို ရိုက်လိုက်တာလား။ အဲဒီ အရှက်မရှိတဲ့ မိန်းမ ကျန့်ဟုန်အတွက်နဲ့ ရှင် ကျွန်မကို ရိုက်လိုက်တာလား။”

လျိုချမ့် လက်သီးကို ဆုပ်လိုက်ပြီး သူ စိတ်လောသွားမှန်း သဘောပေါက်သွားသည်။

သို့သော်ငြား ရှု့ယန်၏ စကားများက သူ့၏ အရှိုက်ကို နီးနီးစပ်စပ် ထိမှန်သွားသဖြင့် သူ ဒေါသကို မထိန်းနိုင်ဖြစ်သွားခဲ့၏။

“ငါ မစားတော့ဘူး။”

လျိုချမ့်က လှည့်ပြီး အိမ်ထဲမှ ထွက်သွား၏။

လျိုကျန့်ယဲ့နှင့် လျိုကျန့်ဝူတို့က စားပွဲတွင် ခေါင်းငုံ့ပြီး ငိုနေကြ၏။ လျိုကျန့်ဝူက လျိုကျန့်ယဲ့ လက်မောင်းကို ဆွဲပြီး ပြောလိုက်သည်။ "အစ်ကို၊ ကြက်ဥမုန့် စားချင်တယ်။”

သူတို့ ကြက်ဥမုန့် မစားရသည်မှာ တစ်နှစ်ရှိပြီ။ ဘယ်လို အရသာရှိလဲဆိုတာတောင် မေ့သွားခဲ့ချေပြီ။

ရှု့ယန်ကမူ သူ့သားများ လက်ထဲက ပြောင်းဖူးပေါင်မုန့်ကို ကြည့်ပြီး စိတ်ပျက်အားငယ်မှုက ပိုတိုးလာခဲ့သည်။

ဘာလို့ သူ့ခင်ပွန်း၏ ပိုက်ဆံများကို ကျန့်ဟုန်က သုံးနေရသနည်း။

အဘယ့်ကြောင့် ကျန့်ဟုန်၏သားက ပေါက်စီများ စားနေစဉ်တွင် သူမ၏သားများက ပြောင်းဖူးမုန့်များကိုသာ စားနေရသနည်း။

ရှု့ယန်က မျက်ရည်သုတ်ပြီး သားများကို ပြောလိုက်သည်။ "မေမေ မင်းတို့အတွက် ကြက်ဥမုန့် ပေါင်းပေးမယ်”

လျိုကျန့်ဝူ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။

သို့သော် လျိုကျန့်ယဲ့က ခေါင်းငုံ့ပြီး စကားမပြောတော့ပေ။ ခဏကြာသည့်အခါ သူ ခေါင်းမော့ပြီး လျိုချမ့် ထွက်သွားသည့်ဘက်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် မကျေနပ်သော အရိပ်အယောင်များ ရှိနေ၏။

ကျန်းနျန် ပန်းကန်ကို ကိုင်ပြီး မီးဖိုချောင်ထဲက ထွက်လာသည့်အခါ လျိုချမ့်နှင့် ရှု့ယန်တို့ ရန်ဖြစ်နေသော အသံကို ကြားလိုက်ရ၏။

လျိုချမ့်သည် တကယ့်ကို အသုံးမကျသောသူဟု သူမ တွေးလိုက်မိသည်

ခေါက်ဆွဲပန်းကန်တွေက ပူနေသဖြင့် လုယွီက ဟင်းများနှင့် တူများကို သူမအား အပြင် သယ်ခိုင်းလိုက်သည်။

သူတို့ နှစ်ယောက် ခြံထဲက စားပွဲသေးလေးမှာ ထိုင်နေကြသည်။ ကျန်းနျန်က လုယွီ ခေါက်ဆွဲစားနေသည့် အသံကို နားထောင်ရင်း ရုတ်တရက် ကျေနပ်အားရမှုကို ခံစားလိုက်ရ၏။

မိမိချက်သည့် ဟင်းကို တန်ဖိုးထားခြင်း ခံရသည်မှာ ပျော်စရာကောင်းတာပဲ မဟုတ်လား။

ထမင်းစားနေတုန်း လုယွီက ပြောလာခဲ့သည်။ "မနက်ဖြန် မနက် နေ့တစ်ဝက် ခွင့် ယူပြီး မရီးကို ဆေးရုံမှာ နောက်ဆက်တွဲ စစ်ဆေးဖို့ ခေါ်သွားပေးမယ်"

ကျန်းနျန် ခဏ ရပ်သွားပြီး ခေါက်ဆွဲ လုပ်နေရင်း ခေါင်းငုံ့လျက် ပြောလိုက်သည်။ "ဒီရက်ပိုင်း ယာခင်းထဲ မြေဖို့တာ ပြီးမှ သွားရအောင်”

အမျိုးသမီးဇာတ်လိုက်က နှစ်ရက်အတွင်း ဆေးရုံကို အစီရင်ခံစာ တင်ရမှာပင်။ ထိုအချိန် သွားမည်ဆိုပါက လုယွီ သူမကို တွေ့နိုင်လိမ့်မည်။

ကျန်းနျန် ဒါ သူမ၏ စိတ်ထင်ပဲလားတော့ မသိ။ သူမ ပြောပြီးနောက် လုယွီ၏ မျက်နှာအမူအရာက ရှင်းပြလို့မရအောင် မည်းမှောင်သွားသယောင် ခံစားလိုက်ရ၏။

ကျန်းနျန် ခေါင်းငုံ့ပြီး စိတ်မပါ့တပါနဲ့ ထမင်းစားနေရင်း တွေးနေမိသည်။

သူ ဘာတွေ စိတ်အနှောင့်အယှက် ဖြစ်နေတာလဲ။

...........

ရှင်းလင်းချက်

ငရုတ်သီးပွကြော်သည် ကျော်ကြားသော စီချွမ်းအစားအစားဖြစ်သည်။ ၎င်းနာမည်မှာ ငရုတ်သီး၏ အရောင်ကို ယူထားခြင်းဖြစ်ပြီး အခြောက်ခံပြီးသောအခါ ကျားအရေးခွံအရောင် ပြောင်းသွားသည်။

All Chapters