← Chapters

အခန်း (၁၂)

Vol. 2 Ch. 12

အခန်း (၁၂)

Vol. 2 Ch. 12

ညစာ စားပြီးနောက် လုယွီက မီးဖိုချောင်ထဲတွင် ပန်းကန်ခွက်ယောက်များကို သိမ်းနေသည်။ သန့်ရှင်းအောင် ဆေးပြီးသည့်အခါ ကျန်းနျန် ရေချိုးရန်အတွက် ရေနွေး အိုးတစ်လုံးကို တည်လိုက်သည်။

ကျန်းနျန်ကမူ အခန်းထဲတွင် တိတ်ဆိတ်စွာနေပြီး ကုတင်စွန်းမှာ ထိုင်နေ၏။ သူမ လည်ပင်းကို ဆန့်ပြီး အပြင်ကို ခိုးကြောင်ခိုးဝှက် ကြည့်နေရင်း ပါးစပ်ထဲ နို့လုံးသကြားလုံး တစ်လုံးကို ငုံထားလိုက်သည်။ အရသာက ချိုမြိန်နေ၏။

ဤသကြားလုံးများက ခေတ်သစ်၌ ရှားပါးတာမျိုး မဟုတ်သော်လည်း ဤခေတ်မှာတော့ နို့လုံးသကြားလုံး တစ်လုံး စားရသည်မှာ အရမ်း ကျေနပ်စရာကောင်းသော ကိစ္စတစ်ခုပင်။

လုယွီ ရေပုံးတစ်ပုံး သယ်လာသည်ကို မြင်လိုက်သည့်အခါ ကျန်းနျန်က ကုတင်ခေါင်းရင်းဆီ အမြန် ရွှေ့သွားလိုက်သည်။ သူ့လက်များကို ပေါင်ပေါ်မှာ တင်းတင်းကျပ်ကျပ် ချထားပြီး ခေါင်းငုံ့ကာ မြေပြင်ကို ငေးကြည့်နေ၏။ ရှည်လျားပြီး ဖြောင့်တန်းသော အရိပ်တစ်ခု အခန်းထဲကို အရင် ဝင်လာသည်ကို သူမ တွေ့လိုက်ရသည်။

ချက်ချင်း လုယွီက ရေပုံးကို သယ်ပြီး ဝင်လာသည်။ ရေကျသံက အခန်းထဲ ထွက်ပေါ်လာ၏။

လုယွီ ရေပုံးနှစ်ပုံးကို ဇလုံကြီးထဲ လောင်းထည့်ပြီး ကုတင်ဘေးမှာ ထိုင်နေသော သူ၏မရီးကို မော့ကြည့်ရန် မဝံ့မရဲ ဖြစ်နေသည်။ သူ ကျန်းနျန်ကို စကားမပြောခင် တံခါးဝဆီ လျှောက်သွားကာ ပြောလိုက်သည်။ "ကျွန်တော် ရက်အနည်းငယ်ကြာရင် အဆောင်ကို ပြောင်းတော့မယ်။ နေ့တိုင်း ပြန်လာပြီး ထမင်းစားပါ့မယ်"

သူ ခဏရပ်လိုက်ပြီး သူ့အသံက အနည်းငယ် မပီမသ ဖြစ်နေ၏။ "မပြန်ခင် ရေတွေ သွန်ပစ်ခဲ့ပါ့မယ်။"

အပြင်ဘက်မှ ဝေးကွာသွားသော ခြေသံများကို နားထောင်ရင်း ကျန်းနျန် ထိုင်နေသည့် ပုံစံကို ဖြေလျှော့လိုက်သည်။

လုယွီ ပြောင်းသွားမလား၊ မသွားဘူးလားဆိုသည်က သူမ စိတ်ထဲ သိပ်မရှိချေ။ သူ ဤမှာ ဆက်နေလျှင်လည်း နေ့ခင်းဘက် အိမ်မှာ မရှိ။ ထမင်းစားရန်သာ ပြန်လာတတ်၏။ ညဘက်မှသာ သူတို့ တစ်အိမ်တည်း တူတူနေဖြစ်ကြသည်။

တစ်နေ့လုံး အပြင်မှာ ပြေးလွှားနေရသဖြင့် တစ်ကိုယ်လုံး စေးကပ်ကပ် ဖြစ်နေရာမှ ရေချိုးပြီးနောက် သူမ လန်းဆန်းသွားရသည်။

ကိုယ်ကျပ်အင်္ကျီကို ဝတ်ရင်း ရေများ လာသွန်ပေးရန် လုယွီအား လှမ်းခေါ်ရန် စဉ်းစားလိုက်သည်။

ရုတ်တရက် မနေ့က သူ အဝတ်အစားဝတ်ရန် ပြောခဲ့သည်ကို သတိရလိုက်၏။ ထို့ကြောင့် သူမ ကိုယ်ကျပ်အင်္ကျီပေါ်မှ လက်တိုအင်္ကျီ တစ်ထည် ထပ်ဝတ်လိုက်သည်။ သူမ အပြင်ထွက်ပြီး လုယွီအား လှမ်းခေါ်လိုက်၏။ "ရေချိုးလို့ ပြီးပြီ။”

လုယွီ အိမ်ထဲက ထွက်လာခဲ့သည်။ အဖြူရောင် ကြယ်သီးနှစ်လုံးပါသော အင်္ကျီကို ဝတ်ထားပြီး သူ့ဆံပင်က ရေများ စီးကျနေသည်။ သူ ကျန်းနျန်ဘေးမှ ဖြတ်လျှောက်သွားရာ သူမဆီမှ ဆပ်ပြာနံ့ သင်းသင်းလေး ရလိုက်၏။

သူလည်း ခုလေးတင် ရေချိုးထားတာ ဖြစ်ရမည်။

သို့သော် ရေအေးနှင့် ချိုးထားသည်မှာ သေချာ၏။

အခန်းထဲမှာ ဆပ်ပြာနံ့ သင်းသင်းလေး ကျန်နေပြီး လေထဲ၌ ပျံ့နှံ့နေ၏။

လုယွီ အသက်အောင့်ထားလိုက်ပြီး ခြံထဲတွင် ရေဇလုံကို သွန်ပစ်လိုက်သည်။ "နောက်ကျနေပြီ။ သွားအိပ်တော့”

ထို့လိုပြောပြီးနောက် သူက ဇလုံကို အရှေ့ဘက် ဒုတိယအခန်းမှာ ထားလိုက်ပြီး သူ့အခန်းကို တန်းပြန်သွားသည်။

လုယွီ တံခါးပေါက်မှ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး ကျန်းနျန် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရ၏။

သူမ အခန်းထဲ ပြန်လာပြီး ကုတင်ပေါ် လှဲလိုက်သည်။ နေ့ခင်းဘက် အများကြီး အိပ်ထားသဖြင့် ညဘက် အိပ်မရဘဲ နှစ်နာရီကျော်လောက် လူးလွန့်နေပြီးမှ တဖြည်းဖြည်း အိပ်ပျော်သွားသည်။

သူမ အိပ်မက်ထဲမှာ ကိုယ့်အိမ်ကို ပြန်ရောက်နေပြီဖြစ်သည်။ သူမ၏ဖခင်က ပွဲတစ်ခုကို ပြင်ဆင်နေ၏။ သူမ၏ အဘိုးအဘွားနှင့် အမေက သူမ ဘယ်သွားနေခဲ့တာလဲဟု မေးကြသည်။ ထို့နောက် သူမ အခန်းထဲ ပြန်ဝင်ပြီး အရင်က ဖတ်လက်စဝတ္ထုကို ပြန်ကောက်ကိုင်လိုက်ကာ ဖတ်လက်စကနေ ဆက်ဖတ်ရန် ကြိုးစားလိုက်သည်။

သူမ ခေါက်ထားသည့် စာမျက်နှာက အမျိုးသမီးဇာတ်လိုက်နှင့် အမျိုးသားဇာတ်လိုက်တို့ လက်ထပ်ရန် ပြင်ဆင်နေကြသည့် မြင်ကွင်းဖြစ်နေသည်။

သို့သော် ကျန်းနျန်အား အံ့အားသင့်စေသည်မှာ သူမ ခေါက်ထားသည့် စာမျက်နှာကစပြီး နောက်စာမျက်နှာတိုင်းက လွတ်နေခြင်းပင်။

လွတ်နေတာလား။

မျက်လုံးပြူးသွားသော ကျန်းနျန်က နောက်ဆုံးစာမျက်နှာအထိ လှန်ကြည့်လိုက်သည့်အခါ အကုန်လုံးက ပြောင်စာမျက်နှာများပင် ဖြစ်နေသည်။

သူမ စိုးရိမ်တကြီး နောက်ကို ပြန်လှန်ကြည့်လိုက်ရာ အရင်က ဇာတ်လမ်းက အကောင်းအတိုင်း ရှိနေဆဲ။ သို့သော် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့ မင်္ဂလာဆောင်ရန် ပြင်ဆင်နေသော အချိန်မတိုင်ခင်မှာ ရပ်တန့်သွားပြီး နောက်ပိုင်း အကြောင်းအရာ အားလုံး ပျောက်ဆုံးနေခဲ့၏။

ကျန်းနျန်မှာ စိုးရိမ်ပူပန်စွာဖြင့် ချွေးများ ထွက်နေခဲ့သည်။ စာရွက်ပေါ်မှာ သူမ၏ လက်ချောင်းများကို ပွတ်သပ်နေရင်း စာလုံးများ ထွက်လာအောင် ဖန်တီးရန် ကြိုးစားနေမိသည်။ သို့သော် သူမ လက်ချောင်းများ နီရဲသွားသည်အထိ ပွတ်တိုက်ပြီးနောက်မှာတောင် ဘာမျှ မပြောင်းလဲခဲ့ချေ။

တပ်ခွဲ၏ ခရာမှုတ်သံက တိတ်ဆိတ်နေသော မနက်ခင်းကို ဖြိုခွင်းလိုက်၏။

လုယွီ အသံကို သူမ ကြားလိုက်ရသည်ဟု ထင်လိုက်သည်။ အသံက ဩပြီး သံလိုက်ဓာတ်ကဲ့သို့ ဆွဲဆောင်မှုရှိသည်။ သူ့အသံထဲတွင် အလျင်လိုနေသော အသံများ ပါနေ၏။

“မရီး”

“ထတော့၊ ဆက်မအိပ်နဲ့တော့။”

လုယွီ မျက်မှောင်ကြုတ်ရင်း ကုတင်ပေါ်မှာ ငိုရှိုက်နေသော ကျန်းနျန်အား ကြည့်နေမိသည်။ သူမ လက်တွေ တင်းတင်းဆုပ်ထားပြီး မျက်ရည်များက ခေါင်းအုံးပေါ်တွင် စိုရွှဲ‌နေ၏။

သူ ခဏကြာအောင် အော်နိုးနေသော်လည်း သူမက နိုးမလာသေးချေ။

သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး ဆေးရုံကို ခေါ်သွားရန် ပြင်နေစဥ် သူမ၏ မျက်တောင်များ တုန်ခါသွားပြီး ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူမ၏ စိုစွတ်ပြီး အကူအညီမဲ့နေသော အကြည့်က မမျှော်လင့်ဘဲ လုယွီနှင့် ဆုံမိသွား၏။

အမျိုးသား၏ အသက်ရှူသံ ခဏတာ ရပ်တန့်သွားသည်။ သူ ကျန်းနျန်၏ လက်ကောက်ဝတ်ကို လွှတ်လိုက်ပြီး မျက်ခုံးများကို တွန့်ချိုးရင်း "ဘာဖြစ်တာလဲ။" ဟု မေးလိုက်သည်။

ကျန်းနျန်၏ စိတ်မှာ တုန့်ပြန်မှု နှေးနေသည်။ သူမရှေ့က လုယွီကို ကြည့်ပြီး သူမ ဒီဝတ္ထုထဲမှာပဲ ရှိနေသေးကြောင်း၊ အိမ်ကို ဘယ်တော့မှ မပြန်ခဲ့ရကြောင်းကို သဘောပေါက်သွားသည်။ ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အားလုံးက အိပ်မက်သက်သက်သာ ဖြစ်သည်။

နိုးထလာသည့်အခါ သူမ ဤနေရာကို ပြန်ရောက်လာပြန်၏။

လွန်ခဲ့သော အခိုက်အတန့်က သူမ မိဘများ၊ အဘိုးအဘွားများနှင့်အတူ ထမင်းစားရင်း စကားပြောခဲ့သည်။ ပြီးတော့ သူမ အခန်းကို ပြန်သွားပြီး ထိုနေရာတွင် နှစ်ပေါင်းနှစ်ဆယ်ကျော် အိပ်ပျော်ခဲ့သည်။ ရင်းနှီး‌သော ခံစားချက်က သူမ၏ အာရုံကို အပြည့်အဝ ဖုံးလွှမ်းခြင်း မပြုသေးခင်မှာင် ရုတ်တရက် ဤခေတ်ဆီ ပြန်ဆွဲခေါ်ခံလိုက်ရပြီး တခြား ကျန်းနျန် တစ်ယောက်အဖြစ် ပြန်လည် အသက်ရှင်နေရ၏။

ကျန်းနျန် ရှိုက်ကြီးတငင် ငိုရင်း သူမ၏ အသံက တုန်ယင်နေသည်။ "ကျွန်မ... ကျွန်မ ရှင့်အစ်ကိုကြီးကို သတိရတယ်”

သူမ မျက်တောင်တွေကို ချလိုက်ပြီး ထိုင်လိုက်ကာ ဒူးများကို ဖက်ထားလိုက်မိသည်။ "ကျွန်မ ရှင့် အစ်ကိုကြီးနဲ့ အဖေ့ကို အိပ်မက် မက်တယ်။ သူတို့က ရှင့်ကို သေချာ ဂရုစိုက်ဖို့၊ ကျွန်မ စကားကို နားထောင်အောင် လုပ်ဖို့၊ ပြီးတော့ ရှင့် အိမ်ထောင်ရေးကို ပိုပြီး စိုးရိမ်ပေးဖို့၊ ရှင် အမြန်ဆုံး လက်ထပ်ဖို့ မျှော်လင့်ကြောင်း ပြောတယ်”

လုယွီ - …

သူ သက်ပြင်းချပြီး သက်သာရာရသွားသည်။ သူ၏ တင်းမာမှုများ လျော့သွားသည့်အခါ ကျန်းနျန်က ကိုယ်ကျပ်အင်္ကျီနှင့် ဘောင်းဘီတိုလေးကိုသာ ဝတ်ထားသည်ကို သတိပြုမိလိုက်၏။ သူမ ကုန်းညွှတ်နေတော့ သူမ၏ ကျောပြင်က အနည်းငယ် ပေါ်နေသည်။ သူမ၏ ခါးက အရမ်း သေးသွယ်လွန်းသဖြင့် လက်တစ်ဖက်ဖြင့်တောင် ဆုပ်ကိုင်၍ ရနိုင်သည်။ သူမ၏ ခြေထောက်သေးသေးလေးများက စုထားပြီး အသားအရေက နှင်းလို ဖြူဖွေးနေ၏။

အခန်းထဲမှာ တိုးတိုးတိတ်တိတ် ရှိုက်သံများက ဆက်တိုက်ထွက်နေသည်။

လုယွီ၏ နားများ နီရဲသွားသည်။ သူ ချက်ချင်း လှည့်ပြီး အိမ်ထဲက ထွက်သွားလိုက်၏။ မနက်ခင်း လေကို ရှူသွင်းလိုက်ပြီး အိမ်ထဲက ကျန်းနျန်ကို ပြောလိုက်သည်။ "မရီး အဆင်ပြေတယ်ဆိုရင် ကျွန်တော် အဖွဲ့ဆီ အရင်သွားလိုက်ဦးမယ်။ မနက်စာက အသင့်ဖြစ်နေပြီ၊ အိုးထဲမှာ နွေးထားတယ်။ နေ့လယ်ကျရင် ကျွန်တော် ယာခင်းမှာပဲ ရှိနေမှာမို့ နေ့လယ်စာအတွက် ပြန်လာမှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် သူက အလျင်အမြန် ထွက်သွားခဲ့၏။

ကျန်းနျန် ခဏတာ အံ့အားသင့်သွားပြီး ပြတင်းပေါက်အပြင်ဘက်ရှိ ပျောက်ကွယ်သွားသော ပုံရိပ်ကို ငေးကြည့်နေမိသည်။

သူမ ခဏလောက် စဉ်းစားပြီးနောက် ရက်အနည်းငယ်ကြာလျှင် ဆေးရုံကို သွားပြီး သူနှင့် အမျိုးသမီးဇာတ်လိုက် တွေ့ဆုံရန် ဆင်ခြေတစ်ခု ရှာရမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။

သူ ဘာလို့ အဲဒီလို ထွက်ပြေးသွားတာလဲ။

ကျန်းနျန် ထပြီး မျက်နှာသစ်၊ မနက်စာ စားပြီးနောက် ခြံကို လှည်းကျင်းလိုက်သည်။ ညက အိပ်မက်အကြောင်းက သူမ စိတ်ထဲ အပြည့်ရှိနေဆဲပင်။

ဇာတ်လမ်းက အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက် လက်ထပ်ရန် ပြင်ဆင်နေသည့်နေ့မှာ ရပ်တန့်သွားပြီး ကျန်သော ဇာတ်ကွက်များက လွတ်နေသည်။

သူမ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ပုတ်လိုက်မိသည်။ ဝတ္ထုထဲ မဝင်ခင် ညက စာအုပ်ကို ဘာလို့ ဆုံးအောင် မဖတ်ခဲ့မိပါလိမ့်ဟု နောင်တရနေမိသည်။ သူမသာ မအိပ်ဘဲ ဆက်ဖတ်ရန် ကြိုးစားခဲ့ပါက ဤသို့ "ဝတ္ထုထဲ ဝင်ရောက်ခြင်း" ကဲ့သို့ အဓိပ္ပာယ်မရှိသော ကိစ္စမျိုး ဘယ်တော့မှ ဖြစ်လာမည် မဟုတ်ချေ။

ခြံသန့်ရှင်းရေး လုပ်ပြီးနောက် သူမ အခန်းတိုင်းကို တစ်ခါ ထပ်ပတ်ကြည့်လိုက်သည်။

နေ့လယ်ရောက်ခါနီးတွင် ကျန်းနျန် မီးဖိုချောင်ထဲ ဝင်လာလိုက်၏။ နေ့လယ်စာက အာလူး ဝက်သားဟင်း၊ ကြက်သွန်ဖြူအရသာ ခရမ်းသီးဟင်းနှင့် ဆားနှင့် ကြက်သွန်မြိတ် ဖြူးထားတဲ့ ပြောင်းဖူးပန်ကိတ် ခုနစ်ချပ် ဖြစ်သည်။ ဟင်းပွဲ အားလုံးက မွှေးကြိုင်နေ၏။

ကျန်းနျန် ဟင်းများကို ခြင်းတောင်းထဲ ထည့်ပြီး အဝတ်ဖြင့် ဖုံးကာ ယာခင်းဆီကို ထွက်လာခဲ့လိုက်သည်။

ဒီနေ့ မနေ့ကထက် ပိုပူသည်။ ကျန်းနျန် သူမလက်ကို နေရောင်ခြည်မှ ကာကွယ်ရန် မြှောက်လိုက်ပြီး ကိုယ်ကျပ်အင်္ကျီပဲ ဝတ်ထားကာ ပေါက်တူးနှင့် မြေဆွနေသော လုယွီ ရှိရာ ယာခင်းဆီ လျှောက်သွားသည်။ ယာခင်း၏ တစ်ဝက်ကို ဆွပြီးပြီပင်။

သူမ သစ်ပင်အရိပ်အောက်ကနေ လှမ်းခေါ်လိုက်၏။ "လာစားတော့”

ကျန်းနျန် ခြင်းတောင်းကို မြေပေါ်ချပြီး ရေနွေးဗူးအဖုံးကို ဖွင့်လိုက်သည်။ လုယွီ လှမ်းလာသည်ကို ကြည့်ပြီး ပြောလိုက်သည်။ "လက်အရင် ဆေးလိုက်ပါဦး”

“အင်း”

လုယွီက ကိုယ်ကို ကိုင်းကာ ရေနွေးဗူးထဲမှ ရေနှင့် လက်ဆေးလိုက်သည်။ လက်ဆေးပြီးနောက် မျက်နှာသစ်လိုက်သည်။ သူ ကျန်းနျန်ကို ကျောခိုင်းလိုက်ကာ အဝတ်ကို မပြီး မျက်နှာပေါ်ရှိ ရေများကို သုတ်လိုက်သည်။

ကျန်းနျန - …

သူမ သူ၏ ဗိုက်ကြွက်သားကို ခိုးကြည့်ချင်ခဲ့တာပင်။

သစ်ပင်အရိပ်အောက်၌ ကျန်းနျန်နှင့် လုယွီတို့ မြေပြင်ပေါ်တွင် ထိုင်နေကြ၏။

ကျန်းနျန် အဝတ်စကို ဖြန့်ပြီး အာလူး ဝက်သားဟင်းနဲ့ ကြက်သွန်ဖြူအရသာ ခရမ်းသီးဟင်းကို ချလိုက်သည်။ ထို့နောက် ခြင်းတောင်းကို ဖုံးထားသော အဝတ်ကို လှန်လိုက်ရာ ကြက်သွန်မြိတ်နှင့် ပြောင်းဖူးအနံ့တို့ ရောယှက်ပြီး မွှေးလာ၏။

လုယွီမှာ ပိုမိုဆာလောင်လာရသည်။

ကျန်းနျန်က လုယွီအတွက် မလောက်မည် စိုးသဖြင့် ပြောင်းဖူးပန်ကိတ် ခုနစ်ချပ် ယူလာခဲ့သည်။

ပြောင်းဖူးပန်ကိတ် တစ်ချပ်စီက ပန်းကန်လုံးသေးတစ်လုံးလောက် ရှိ၏။ ကျန်းနျန်ကမူ နှစ်ချပ်စားပြီးသည်နှင့် ဗိုက်ပြည့်သွားသည်။ သူမ လုယွီက အများဆုံး လေးချပ် စားမည်ဟု ထင်ခဲ့မိသည်။ မမျှော်လင့်ဘဲ ထိုသူက ကျန်နေသည့် ငါးချပ်လုံး ကုန်သွားသည့်အပြင် ဟင်းသီးဟင်းရွက်ဟင်း အားလုံးကိုပါ စားလိုက်သည်။

ကျန်းနျန် စိတ်ထဲ အံ့သြနေမိသည်။

မမျှော်လင့်ဘဲ လုယွီက အလွန်ပင် အစားအသောက် ကြီးလှသည်။

ပန်းကန်များကို ခြင်းတောင်းထဲ ပြန်သိမ်းပြီး လုယွီကမူ ရေနွေးဗူးထဲက ရေကို အဖုံးထဲ လောင်းထည့်ကာ ကျန်းနျန်အား ပေးလိုက်သည်။ သူမ ခေါင်းကို ညင်သာစွာ ခါလိုက်သည်။ "ကျွန်မ ပြန်ရောက်မှ ရေနွေးသောက်လိုက်မယ်။ ရေတွင်းရေက အရမ်းအေးတယ်။”

လုယွီက ဘာမျှ မပြောချေ။ သူ ရေ နှစ်ခါ ဆက်တိုက် သောက်လိုက်ပြီး ရေနွေးဗူးကို ကျန်းနျန်ထံ ပြန်ပေးလိုက်၏။ "မရီး အခု ပြန်လို့ ရပါပြီ။ ကျွန်တော် ဒီနေ့ ယာခင်းကို ဆက်ပြီး ဆွလိုက်မယ်။ မနက်ဖြန် တစ်ခါ ထပ်ဆွလိုက်ဦးမယ်။ ရက်အနည်းငယ်ကြာရင် ဟင်းသီးဟင်းရွက်တွေ စစိုက်လို့ ရပြီ။”

ကျန်းနျန် ခြင်းတောင်းကို ဘယ်လက်ဖြင့် ကိုင်ပြီး ရေနွေးဗူးကို ညာလက်နှင့် ကိုင်ကာ တိတ်ဆိတ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ "ကောင်းပါပြီ”

မူလက မျက်စိစူးနေသော နေရောင်ခြည်ကို လုယွီ၏ ရှည်လျားသော ပုံရိပ်က သူမအတွက် အပြည့်အဝ ကာကွယ်ပေးထား၏။ သူ ယာခင်းဆီ ပြန်လှည့်သွားသောအခါ နေရောင်ခြည်က ရုတ်တရက် ကျန်းနျန် မျက်လုံးထဲ ထိုးဖောက်ဝင်လာပြီး သူမ မျက်တောင် ခဏခဏ ခတ်လိုက်ရသည်။

ညနေစာ စားပြီးနောက် လုယွီသည် ရေအိုးထဲ ရေဖြည့်ရန် ရေပုံး သယ်လာ၏။

ကျန်းနျန် မီးဖိုဘေးတွင် ထိုင်ပြီး ရေနွေးအိုး တည်နေလိုက်သည်။ မြေနံရံကို မှီထားပြီး လက်ထဲမှာ သစ်ခက်ခြောက် တစ်ခုကို ကိုင်ထား၏။ မီးဖိုထဲက မီးကို ကြည့်နေရင်း ည၏ မှောင်မိုက်ထဲတွင် ရေကျသံများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသံအား နားထောင်နေ၏။ ထို့နောက် သူမ ညင်သာစွာ မေးလိုက်သည်။ "မနက်ဖြန် မနက်ကျ ကျွန်မကို ဆေးရုံ လိုက်ပို့ပေးဖို့ တစ်ရက် နားလို့ ရမလား။”

လုယွီ၏ ရေပုံးကို ကိုင်ထားသော လက်က ခဏတာ တောင့်တင်းသွားသည်။ သူ မျက်လွှာချပြီး ကျန်းနျန်ကို ကြည့်လိုက်ကာ ခဏတာ တုံ့ဆိုင်းနေမိ၏။ "ကျွန်တော် အစ်မဖန့်ကို နောက်မှ သွားရှာလိုက်ဦးမယ်။ မနက်ဖြန် မရီးကို ဆေးရုံ လိုက်ပို့ပေးဖို့ သူ့ကို ပြောလိုက်မယ်”

ကျန်းနျန် - ??

သူမလိုက်ဘူးဆိုပါက သူမ ဆေးရုံသွားရသည်မှာ ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။

ကျန်းနျန် သူ့ကို မော့ကြည့်လိုက်သည်။ တဖျတ်ဖျတ် လင်းနေသော မီးရောင်က သူမ၏ မျက်လုံးထဲက တောင်းပန်နေသည့် အကြည့်ကို ပိုမိုပေါ်လွင်စေသည်။ သူမ လုယွီကို ကြောက်ရွံ့ပြီး ရှက်ရွံ့နေတတ်သော မူလ ကျန်းနျန်၏ ပုံစံကို အတုယူလျက် သစ်ခက်ကို မြေနံရံမှာ အာရုံနောက်စွာ ကုတ်ခြစ်နေလိုက်သည်။

"ရှင် ကျွန်မကို လိုက်ပို့ပေးလို့ မရဘူးလား။”

သူမ၏ အသံက နူးညံ့ပြီး တိုးညှင်းနေ၏။ ရှက်ရွံ့မှုနှင့် ကိုယ့်ကိုယ်ကိုယ် အထင်သေးမှုများ အပြည့်ပါနေပြီး ငြင်းပယ်ခံရမည်ကို ကြောက်ရွံ့နေမိသည်။

သူမ ဇာတ်ရုပ်ကို အပြည့်အဝ သရုပ်ဆောင်လိုက်၏။

လုယွီသည် ကျန်းနျန်၏ မျက်လုံးထဲရှိ တောင်းပန်နေမှုကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။

သူမသည် အရင်က သူ့အား ဘာမျှ တစ်ခါမှ မတောင်းဆိုခဲ့ဖူးချေ။ သူ့ကို မြင်တိုင်း ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေတတ်၏။

သူ မျက်လွှာချလိုက်ပြီး သူ၏ အသံသြသြက အနည်းငယ် အက်ကွဲထွက်လာသည်။

"မနက်ဖြန် မရီးကို လိုက်ပို့ပေးဖို့ မနက်ခင်းကို နားလိုက်မယ်”

“အင်း”

ကျန်းနျန် ခေါင်းငုံ့လိုက်ကာ လက်ချောင်းများက သစ်ခက်ခြောက်ကို ညှစ်ထားပြီး ရယ်ချင်စိတ်ကို ထိန်းချုပ်ထားရ၏။

လုယွီ လှည့်ထွက်သွားသောအခါ သူမ နှုတ်ခမ်းကို ပိတ်ပြီး တိတ်တိတ်လေး ရယ်လိုက်သည်။

သူမသာ အမျိုးသားဇာတ်လိုက်ကို ဆေးရုံသို့ ခေါ်သွားနိုင်ပြီး အမျိုးသမီးဇာတ်လိုက်နှင့် တွေ့ဆုံအောင် လုပ်ပေးနိုင်လျှင် ဤသည်မှာ ကြီးမားသော အောင်မြင်မှုပင်။ ထိုအခါကျမှ သူမ လှပစွာ အနားယူနိုင်လိမ့်မည်။

ထိုသို့ စဉ်းစားလိုက်ရာ ကျန်းနျန် သူမ၏နဖူးကို စမ်းကြည့်လိုက်မိသည်။ မနာတော့ချေ။

ကျန်းနျန် ရေချိုးပြီးနောက် စောစော အိပ်ရာဝင်ခဲ့သည်။

အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့ မနက်ဖြန် တွေ့ဆုံတော့မည်မို့လို့လား မသိ၊ ယနေ့ညတွင် သူမ ကောင်းကောင်း အိပ်ပျော်သွားသည်။

ခရာမှုတ်သံ မကြားမချင်း အိပ်မက်မမက်ဘဲ အိပ်ပျော်သွား၏။ ခရာသံကြားသည်နှင့် ကျန်းနျန် ထလိုက်သည်။

သူမ မနက်စာ ပြင်ဆင်ပြီးသည့်အခါ လုယွီက အဖွဲ့မှ ပြန်လာသည်။ ထိုသူသည် ရေတွင်းကနေ ရေခပ်ယူ၊ လက်သေချာဆေးပြီး ထမင်းစားပွဲမှာ ထိုင်စား၏။ ယနေ့ မနက်စာက ရိုးရှင်းလှသည်။ ဟင်းတစ်ခွက်နှင့် ဟင်းရည်ပဲ ပါပြီး ပြောင်းဖူးပန်ကိတ် အနည်းငယ်လည်း ပါသည်။

မနက်စာ စားပြီးနောက် ကျန်းနျန် အဝတ်အစားလဲရန် သွားလိုက်သည်။ လုယွီကမူ ပန်းကန်ခွက်ယောက်များကို မီးဖိုထဲ ယူသွားပြီး ဆေးကြောနေ၏။

သူတို့နှစ်ယောက် ဆေးရုံကို သွားခဲ့ကြသည်။ မနက်ခင်း နေက မပူသေးချေ။

ဆေးရုံတံခါးဝတွင် သွားလာနေသော လူ သိပ်မများလှပေ။ လုယွီက ကျန်းနျန်အား ဒုတိယထပ်ဆီ ခေါ်သွားပြီး အရင်က ပြဖူးသည့် ဆရာဝန်ကို ရှာနေသည်။ ကျန်းနျန်ကမူ လုယွီနောက် လိုက်ရင်း သူမ၏ မျက်လုံးများက အမျိုးသမီးဇာတ်လိုက်ကို တွေ့ရမလားဟု လှည့်ပတ်ကြည့်နေ၏။

စာရေးဆရာက အမျိုးသမီးဇာတ်လိုက်၏ ရုပ်ရည်ကို အသေးစိတ် ဖော်ပြထားသည်။ သူမနာမည်က စွင်းယင်ပင်။ အသားဖြူပြီး ညာဘက်မျက်လုံးအောက်မှာ အနီရောင် မှဲ့သေးသေးလေး တစ်ခု ရှိ၏။ ၎င်းကို အလှမှဲ့လို့ ခေါ်ကြပြီး သူမ၏ အပြုံးကို ဆွဲဆောင်မှုရှိပြီး လှပစေသည်။

ထိုသို့ ထူးခြားသော ရုပ်ရည်ကြောင့် သူမကို အလွယ်တကူ မှတ်မိနိုင်သည်။

ဆရာဝန်ရုံးခန်းထဲ ဝင်သွားလိုက်သည့်အခါ သူမတို့ အမျိုးသမီးဇာတ်လိုက်ကို မတွေ့ရချေ။ ကျန်းနျန် သစ်သားခုံရှည်ပေါ်မှာ စိုးရိမ်တကြီး ထိုင်နေပြီး မြေပြင်ကို စိုက်ကြည့်ရင်း သူမ၏ အဝတ်စကို ဆွဲဆန့်နေမိသည်၊ စိတ်ထဲက စိုးရိမ်ပူပန်မှုကို ဖုံးကွယ်ရန် ကြိုးစားနေခြင်းပင်။ ကျန်းနျန် အဝတ်ကို ဆက်တိုက် ဆွဲဆန့်နေသည်ကို မြင်သောအခါ လုယွီက လူများလို့ စိတ်လှုပ်ရှားနေသည်ဟု ထင်သွား၏။ သူ အသံတိုးတိုးနှင့် နှစ်သိမ့်လိုက်သည်။ "ဆရာဝန် စစ်ဆေးပြီးတာနဲ့ ပြန်ကြမယ်။”

ကျန်းနျန်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

သူမ စိတ်ထဲကနေ သက်ပြင်းချမိသည်။ စွင်းယင်၊ စွင်းယင်၊ စွင်းယင်၊ မြန်မြန် ထွက်လာပါတော့။

သူမ စိတ်က တောင်းဆိုလိုက်သကဲ့သို့ ဆရာဝန်က ကျန်းနျန်၏ နဖူးကို စစ်ဆေးပြီး ဘာပြဿနာမှ မရှိဘူးဟု အတည်ပြုလိုက်၏။ သူက လုယွီကို ပြောလိုက်သည်။ "သူမ အိမ်မှာ လိမ်းဖို့ ခရင်မ်တစ်မျိုး ဆေးညွှန်းပေးလိုက်မယ်။”

ထို့နောက် ထိုသူက အခုမှ ရောက်လာသော သူနာပြုကို လှမ်းခေါ်လိုက်သည်။ "ဒီ ဆေးညွှန်းကို ဆေးဆိုင်ဆီ ယူသွားပြီး ဆေးယူလာခဲ့"

All Chapters