အခန်း (၁၄)
Vol. 2 Ch. 14
ကျန်းနျန်က သူမ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်မည်ကို စိုးရိမ်သော ကျန့်ဟုန်သည် ဖန့်မိန်ကို အမြန်ကြည့်ပြီး၊ အသံကို နူးညံ့ပျော့ပျောင်းစွာဖြင့် ချော့မော့ပြောရန် ကြိုးစားလိုက်သည်။ "အစ်မဖန့်”
“စကားမပြောနဲ့။”
ဖန့်မိန်ကမူ ကျန့်ဟုန်၏ စကားကို ရိုင်းရိုင်းစိုင်းစိုင်း ဖြတ်ပြောလိုက်သည်။ ထို့နောက် သူမသည် ကျန်းနျန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။"မကြောက်နဲ့။ မင်းမှာ နာကြည်းချက်ရှိရင် ပြော။ ငါ ကူညီလို့ မရရင်တောင် လက်ထောက်တပ်ရင်းမှူးလုနဲ့ တပ်ရင်းမှူးစုန့် ရှိသေးတယ်"
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကျန်းနျန်နှင့် ဆက်ဆံခဲ့ရသည့်အတွက် ဖန့်မိန်က သူမသည် စိတ်သဘောထားကောင်းပြီး နူးညံ့သိမ်မွေ့သူဖြစ်၍ ပြဿနာရှာမည့်သူ မဟုတ်ကြောင်း သိလိုက်သည်။
ကျန့်ဟုန်မှာ ပြောစရာစကားမဲ့သွားပြီး မျက်နှာမှာ တောင့်တင်းသွားသည်။ ကျန်းနျန်က သူမအား ထပ်မံ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သည့်အလား သတိထား၍ ကြည့်နေသည်ကို မြင်သောအခါ၊ သူမ ဒေါသကြောင့် အံကြိတ်မိမတတ် ဖြစ်ခဲ့ရသည်။
"ဟုတ်တယ်လေ၊ လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီး၊ ပြောသာပြောပါ။ ကျွန်မတို့ အားလုံးရှိနေတာပဲ၊ ကျန့်ဟုန်က ရှင့်ကို ဘာလုပ်နိုင်မှာတဲ့လဲ။”
"လက်ထောက်တပ်ရင်းမှူးရဲ့ မရီး၊ ကျန့်ဟုန်က ရှင့်ကို ဘာလို့ ဆဲဆိုနေရတာလဲ။”
ပတ်ဝန်းကျင်ရှိ စစ်သည်ဇနီးများက တစ်ယောက်ပြီးတစ်ယောက် ဝင်ပါလာကြသည်။
ကျန့်ဟုန်၏ မျက်နှာ မည်းမှောင်သွားသည်ကို မြင်သောအခါ ကျန်းနျန်က အချိန်တန်ပြီဟု ခံစားလိုက်ရသည်။ သူမက ဖန့်မိန်ကို ကြည့်ပြီး၊ မျက်ရည်များဖြင့် တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ "အစ်မဖန့်၊ လုယွီနဲ့ ကျွန်မ ဒီစခန်းကို စရောက်တုန်းက ရဲဘော် ကျန့်ဟုန်က တပ်ရင်းဗိုလ်ကြီးလျိုရဲ့ လက်မောင်းကို ကိုင်ပြီး ခြေကျင်းဝတ် လွဲသွားတာမို့ သူ့ကို အိမ်ပြန်ခေါ်သွားပေးပါလို့ တောင်းဆိုနေတာကို ကျွန်မတို့ မြင်ခဲ့ရတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အစ်မ ကျွန်မတို့ကို ချထားပေးတဲ့ မြေကွက်ကို လိုက်ပြတော့လည်း ရဲဘော်ကျန့်ဟုန်နဲ့ တိုက်မိခဲ့သေးတယ်လေ၊ အဲဒီတုန်းက သူ့ခြေထောက်က ပျောက်နေပြီလို့ ကျွန်မ ထင်ခဲ့တာပါ။”
ထိုစကားကို ကြားသောအခါ ဖန့်မိန်က ကျန့်ဟုန်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ "ဟုတ်တယ်၊ အဲဒီနေ့က နင် ပြေးသွားတာ တော်တော်မြန်တယ် မဟုတ်လား"
ကျန့်ဟုန်က လက်ချောင်းများကို ဆုပ်လိုက်ရာ သူမ၏ မျက်နှာမှာ စိမ်းလိုက် ဖြူလိုက် ဖြစ်နေသည်။
သံပြားတစ်ခု ကိုင်ထားသော နောက်ထပ် စစ်သည်ဇနီးတစ်ဦးက ထပ်ပြောသည်။ "ဟုတ်တယ် ကျန့်ဟုန်။ အဲဒီနေ့က နင် နင့်သားနဲ့အတူ သမဝါယမဆိုင်ကို မုန့်ဝယ်သွားတာလေ။ လမ်းမှာ ငါနဲ့တောင် တွေ့ခဲ့သေးတယ်။”
နောက်ထပ်စစ်သည်တစ်ဦးကမူ အနံရကာ မေးလာ၏။ “ဘယ်သူ့အိုးက တူးနေတာလဲ”
“အယ် မဖြစ်သေးဘူး၊ ကျွန်မ ဟင်းအိုး။”
သံပြားကို ကိုင်ထားသော စစ်သည်ဇနီးက သူမ၏ သား၏ ဖင်ကို ကန်ပြီး ပြောလိုက်သည်။"အိုးစောင့်ခိုင်းထားတာကို ဘာလို့ ဒီအထိ လိုက်လာရတာလဲ"
ထို့နောက် သူမက အိမ်ကို အမြန်ပြေးသွားခဲ့သည်။
"ပြီးတော့ရော ဘာဖြစ်လဲ" ဖန့်မိန်ကမူ ကျန်းနျန်ကို စိုးရိမ်စိတ်ဖြင့် မျက်မှောင်ကြုတ်ကြည့်ရင်း မေးလိုက်သည်။
ကျန်းနျန်က နှုတ်ခမ်းကို ကိုက်ကာ ခေါင်းငုံ့ပြီး ပြောလိုက်သည်။ "သုံးရက်အကြာမှာ လုယွီဆီ အစားအသောက်ပို့ဖို့ မြေကွက်ကို သွားခဲ့တော့ တပ်ရင်းဗိုလ်ကြီးလျိုက ရဲဘော် ကျန့်ဟုန်ကို အစားအစာ လိုက်ကူယူပေးနေတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ရဲဘော်ကျန့်ဟုန်က သူ့ခြေထောက်က အခုထိ ခြေကျင်းဝတ် လွဲနေတုန်းပဲလို့ ပြောတယ်။ အဲဒါနဲ့ ကျွန်မလည်း တပ်ရင်းဗိုလ်ကြီးလျိုကို အစ်မနဲ့အတူ သမဝါယမအရောင်းဆိုင်က ပြန်လာတော့ မြင်ခဲ့ရတယ်လို့ ပြောပြလိုက်တယ်။ အဲဒါကို သိသွားတော့ တပ်ရင်းဗိုလ်ကြီးလျိုက ရဲဘော်ကျန့်ဟုန်ကို အစားမစာ ကူယူမပေးတော့ဘူး။”
သူမသည် မျက်ရည်များကို သုတ်ရန် လက်မြှောက်ပြီး ရှိုက်သံဖြင့် ပြောလိုက်သည်။ "ကျွန်မ စကားများလွန်းလို့ပါပဲ။ ရဲဘော် ကျန့်ဟုန်က ကျွန်မကို ဆဲတာ သဘာဝကျပါတယ်၊ ဒါပေမဲ့... ဒါပေမဲ့…”
ကျန်းနျန်က အကြိမ်အနည်းငယ် ရှိုက်လိုက်ပြီး၊ သူမ၏ ခေါင်းကို လည်ပင်းထဲ ဝင်လုနီးပါး ငုံ့ထားသည်။ "သူမက ကျွန်မကို ကံဆိုးမလို့ မခေါ်သင့်ပါဘူး၊ ကျွန်မကြောင့် ယောက္ခမကြီးနဲ့ ခင်ပွန်း သေရတယ်လို့ ပြောတယ်၊ လုယွီလဲ ကျွန်မကြောင့် သေလိမ့်မယ်လို့ ကျိန်ဆဲသွားတယ်။”
ဖန့်မိန်သည် ဒေါသဖြင့် ခုန်ထလိုက်ပြီး၊ ကျန့်ဟုန်၏ နှာခေါင်းကို လက်ညိုးထိုးမတတ် ဖြစ်နေသည်။
"နင် နင့်ဘာသာ နားထောင်ကြည့်စမ်း။ နင် ဘယ်လောက်တောင် ရက်စက် ယုတ်မာရဲတာလဲ။ ဘယ်သူကရော မုဆိုးမ ဖြစ်ချင်မှာလဲ။”
"ပြီးတော့ တပ်ရင်းဗိုလ်ကြီးလျိုကို မလိုအပ်ဘဲ ထပ်မနှောင့်ယှက်ဖို့ ငါ နင့်ကို အရင်ရက်က ပြောမထားဘူးလား။ ဒါက သူ့မိသားစုကို မပျော်မရွှင် ဖြစ်စေနေတာ။ နင်က သံသယဖြစ်စရာတွေကို ရှောင်ရှားသင့်တယ်၊ ဒါပေမဲ့ နင်က နားမထောင်ဘူး။ နင် ခြေကျင်းဝတ် လွဲသွားတယ်လို့ လိမ်ပြီး သူ့ကို အစားအစာ ယူခိုင်းဖို့တောင် လုပ်ခဲ့သေးတယ်။ အဲဒီအစားအစာတွေ သွားယူဖို့ ခြေလှမ်း လှမ်းဖို့က ဘယ်လောက်တောင် ခက်ခဲလို့လဲ။”
သူမသည် ဆူပူကြိမ်းမောင်းသည့် စကားများကို တစ်သီကြီး ပြောလိုက်သည်။
ကျန့်ဟုန်၏ မျက်နှာမှာ ရှက်ရွံ့ခြင်းဖြင့် နီရဲသွားခဲ့သည်။
သို့သော် သူမသည် ပြန်ချေပနိုင်ခြင်း မရှိ၊ အကြောင်းမှာ အချက်အလက်များနှင့် သက်သေအထောက်အထားများက ရှင်းလင်းနေသောကြောင့်ပင်။
ထို့အပြင် ဖန့်မိန်သည် တပ်ရင်းမှူးစုန့်၏ ဇနီးဖြစ်ပြီး၊ သူမကို စိတ်ဆိုးအောင် မလုပ်ရဲချေ။ အခြားသော လာကြည့်သူ စစ်သည်ဇနီးများနှင့် ကလေးများက သူမသည် တပ်ရင်းဗိုလ်ကြီးလျိုကို အမြဲတမ်း နှောင့်ယှက်နေသည်၊ ရှု့ယန်က တပ်ရင်းဗိုလ်ကြီးလျိုနှင့် နေ့တိုင်း ရန်ဖြစ်နေရသည်မှာ သူမကြောင့်ဟု တီးတိုး ပြောဆိုနေကြသည်ကို ကြားသောအခါ သူမ၏ ရှက်ရွံ့မှုကို ပို၍ပင် တိုးပွားစေခဲ့သည်။
ဘယ်လိုတောင် မျက်နှာပြောင်တိုက်တဲ့သူလဲ။
ရှု့ယန်အား ဆင်ခြင်တုံတရားမဲ့သူဟု ထင်ခဲ့ကြသူတိုင်းသည် ယခုအခါ ကျန့်ဟုန်ဘက်သို့ အာရုံစိုက်လာကြသည်။
ကျန့်ဟုန်မှာ လူတိုင်းရှေ့တွင် အဝတ်ချွတ်ခံလိုက်ရသကဲ့သို့၊ လှောင်ပြောင်ဝေဖန်မှုများအား ခံစားနေရသည်ဟု ခံစားရသည်။
သွားများနှင့် လက်သီးများကို တင်းတင်းကြိတ်ကာ သူမ၏ လက်သည်းများက လက်ဖဝါးထဲသို့ စိုက်ဝင်သွားသည်အထိ၊ သူမသည် ခေါင်းငုံ့ပြီး ခြံဝင်းထဲသို့ ပြေးဝင်ကာ၊ ခြံတံခါးကို ဝုန်းခနဲ ပိတ်ပစ်လိုက်သည်။ ခြံဝင်းနံရံမှတစ်ဆင့် ဖန့်မိန်က ကျန်းနျန်အား ပြောနေသည်ကို သူမ ကြားရသည်။ "မင်း ဘာမှမမှားဘူး။ မငိုနဲ့။ ကျန့်ဟုန်ကို မင်းအပေါ် ဒီလိုလုပ်ခွင့် ပေးလို့မရဘူး။ ဒီနေ့ နေ့လယ် လောင်စုန့်နဲ့ လက်ထောက်တပ်ရင်းမှူးလုပြန်လာရင် ငါ သူတို့ကို အားလုံးပြောပြပြီး ဖြေရှင်းခိုင်းမယ်”
ဖန့်မိန်က ကျန်းနျန်ကို ခေါ်သွားစဉ်၊ သူမသည် ကျန့်ဟုန်၏ ခြံဝင်းဘက်သို့ လှမ်းအော်လိုက်သည်။ "တပ်ရင်းဗိုလ်ကြီးလုက ဒီည ပြန်လာလိမ့်မယ်။ ငါတို့ သူ့ကို အားလုံး ပြောပြပြီး နင့်ကို သေချာ ကိုင်တွယ်ခိုင်းမယ်။”
လောင်စုန့် သူမကို မနေ့က ပြောပြမှ တပ်ရင်းဗိုလ်ကြီးလု ဒီည ပြန်လာမည်ကို သူမ သိရခြင်းသာ။
ထိုစကားကို ကြားသောအခါ ကျန့်ဟုန်၏ မျက်နှာမှာ သေမတတ် ဖြူဖျော့သွားသည်။
လွန်ခဲ့သည့် နှစ်နှစ်တာ ကာလပတ်လုံး သူမသည် သီလရှိသော၊ နာခံသော၊ နူးညံ့သိမ်မွေ့သော ဇနီးမယားပုံရိပ်ကို ဖန်တီးခဲ့သည်၊ အထူးသဖြင့် လျိုချမ့်ရှေ့တွင်။ အားနည်းပြီး သနားစဖွယ် ဟန်ဆောင်ကာ၊ သူမ၏ မိခင်က လုကောရှန်းကို လက်ထပ်ရန် အတင်းအကျပ် လုပ်ခဲ့သည်ဟု ပြောခဲ့သည်။ သူမသည် လျိုချမ့်ကို အခုထိ စဉ်းစားနေဆဲဖြစ်ကြောင်းနှင့် နောက်ဘဝတွင် သူ့ကို လက်ထပ်ရန် မျှော်လင့်ကြောင်း အရိပ်အမြွက် ပြောခဲ့သည်။ လုကောရှန်း မကြာခဏ ခရီးထွက်နေချိန်တွင် သူမသည် လျိုချမ့်အား ရှာဖွေရန် အခွင့်အရေးတိုင်းကို ယူခဲ့သည်။
သူမ၏ စိတ်ထဲတွင် လွန်ခဲ့သော နှစ်နှစ်အတွင်း သူမ၏ ကြိုးပမ်းအားထုတ်မှုများသည် အမြဲတမ်း ငိုနေသော ရှု့ယန်ထက် အဆတစ်ရာ ပိုကောင်းသည်ဟု ယူဆသည်။ လျိုချမ့်သည် သူမနှင့်သာ သက်ဆိုင်သင့်သည်။
လျိုချမ့်သည် တပ်သားနေရာမှ တပ်ရင်းဗိုလ်ကြီးအဖြစ်သို့ ခုနစ်နှစ်အတွင်း တိုးမြှင့်ခံရခြင်းက သူသည် လုကောရှန်းထက် ပို၍ အရည်အချင်းရှိကြောင်း သက်သေပြနေပြီး၊ သူ၏ အနာဂတ်တွင် တပ်ရင်းမှူးနေရာသို့ တိုးမြှင့်ခံရပါက ပို၍ ကြီးမားသော အခွင့်အရေးများ ရရှိလိမ့်မည်။ ရှု့ယန်ကဲ့သို့သော လူမျိုးက သူမ ရသင့်သောအရာကို အဘယ့်ကြောင့် ပိုင်ဆိုင်ရမည်နည်း။
သူမ၏ ကြိုးစားအားထုတ်မှုနှင့် ဂရုတစိုက် စီမံမှုများ အားလုံးသည် ထိုမုဆိုးမကြောင့် ယခု ပျက်စီးသွားရချေပြီ။ လုကောရှန်းက သူမသည် လွန်ခဲ့သော နှစ်နှစ်အတွင်း သူ့နောက်ကွယ်တွင် လျိုချမ့်အား နှောင့်ယှက်နေခဲ့သည်ကို သိရှိပါက သူသည် အပြင်းအထန် ဒေါသထွက်လိမ့်မည်မှာ အသေအချာပင်။
လုကျစ်ကျွင်းက အိမ်ထဲမှ ပြေးထွက်လာပြီး ကျန့်ဟုန် တံခါးကို မှီနေသည်အား မြင်လိုက်ရသည်။ သူသည် ပြေးသွားပြီး သူမကို မော့ကြည့်ကာ ပြောလိုက်သည်။ "မေမေ၊ သား ဗိုက်ဆာတယ်။ စားချင်တယ်”
"နင် မက်မွန်သီး မုန့်ချပ်လေးတွေ စားထားတာကို ပြန်ဆာပြီလား။ နင် ငတ်မွတ်နေတဲ့ သရဲ ဘဝကနေ ပြန်ဝင်စားလာတာလား။”
စိတ်အနှောင့်အယှက်ဖြစ်နေသော ကျန့်ဟုန်က လုကျစ်ကျွင်းကို အိမ်ထဲသို့ ဆွဲခေါ်သွားပြီး အဝတ်အစားများအား အိတ်ထဲသို့ အမြန် ထိုးထည့်လိုက်သည်။ သူ့မိခင် အလျင်လိုနေသည်ကို မြင်သော လုကျစ်ကျွင်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ "မေမေ၊ ဘယ်သွားမလို့လဲ”
“အိမ်ပြန်ပြီး နင့်အဘွားကို သွားတွေ့မလို့။”
ပစ္စည်းအားလုံး ထုပ်ပိုးပြီးနောက် ကျန့်ဟုန်က လုကျစ်ကျွင်းကို ဆွဲခေါ်ကာ ထွက်သွားခဲ့သည်။
လက်ထောက်တပ်ရင်းမှူးလု၏ မရီးဖြစ်သူသည် ကျန့်ဟုန်၏ အနိုင်ကျင့်ခြင်းခံရသည့် သတင်းသည် မိသားစုရပ်ကွက် တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ခြံဝင်းထဲတွင် ကျန်းနျန်သည် သစ်သားထိုင်ခုံပေါ်တွင် လက်များကို ပေါင်ပေါ်တင်ကာ ထိုင်နေပြီး၊ လက်ချောင်းများကို ကုတ်ခြစ်နေသည်။ မျက်ရည်များက သူမ၏ ဖြူဖွေးသော လက်များပေါ်သို့ စီးကျလာရာ ဖန့်မိန်က ပြောလိုက်သည်။ "အို ကလေး မငိုနဲ့တော့။ ငါ စိတ်မကောင်းဖြစ်ရတယ်"
သူမသည် ကျန်းနျန်၏ ပခုံးလေးကို ပုတ်လိုက်သည်။ "ကျန့်ဟုန်ရဲ့ စကားတွေကို စိတ်ထဲ မထားပါနဲ့။ ကိုယ့်ခင်ပွန်း သေတာကို ဘယ်သူက လိုချင်မှာလဲ၊ ဟုတ်တယ်မလား။ သူ့ပါးစပ်က ရိုင်းစိုင်းရုံသက်သက်ပဲ။ တပ်ရင်းဗိုလ်ကြီးလု ပြန်လာရင် သူ့ကို သေချာ ဆုံးမလိမ့်မယ်။”
ကျန်းနျန်က မျက်ရည်သုတ်ပြီး ဖန့်မိန်ကို မော့ကြည့်ကာ အားနည်းစွာ ပြုံးပြသည်။ "ကျေးဇူးတင်ပါတယ်၊ အစ်မဖန့်။”
“ကျေးဇူးတင်စရာ ဘာရှိလို့လဲ။”
ကျန်းနျန် ပြုံးနေသည်ကို မြင်သောအခါ ဖန့်မိန် စိတ်သက်သာရာရသွားသည်။ "ဒီနေ့ ငါ့နေရာမှာ လာနေ့လယ်စာ စားလှည့်။ ချက်ပြုတ်ဖို့ စိတ်မပူနဲ့တော့။”
ကျန်းနျန် ပြန်ဖြေလိုက်သည်။ "မလိုပါဘူး၊ ကျွန်မ အမြန်ချက်လိုက်ရင် ခဏလေးနဲ့ ပြီးမှာပါ”
ဖန့်မိန်က လက်မလျှော့သည်ကို မြင်သောအခါ သူမက ထပ်ပြောသည်။ "တကယ်ပါ၊ မလိုပါဘူး။ လုယွီက နေ့လယ်စာအတွက် ခေါက်ဆွဲ စားချင်တယ်လို့ ပြောထားလို့ပါ။ အဲဒါကြောင့် သူ့အတွက် ချက်ပေးရမှာ။”
ဖန့်မိန်က သဘောတူလိုက်သည်။ "ကောင်းပါပြီ၊ ဒါဆို ငါ ပြန်တော့မယ်”
“ဟုတ်”
ဖန့်မိန် ထွက်သွားပြီးနောက် ကျန်းနျန်သည် ဟန်ဆောင်မှုများကို ရပ်လိုက်ပြီး မျက်ရည်များကို ပေါ့ပေါ့ပါးပါး သုတ်ရင်း၊ သူမ၏ ကိုယ်ပိုင် သရုပ်ဆောင်စွမ်းရည်ကို အံ့ဩနေမိသည်။
သူမ ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့သည်။
ကျန့်ဟုန်ကဲ့သို့ လူမျိုးကို ကိုင်တွယ်ရန်မှာ လွယ်သည်၊ သူတို့၏ နည်းဗျူဟာကို သူတို့အပေါ် ပြန်သုံးပြီး ထွက်ပေါက် မရှိအောင် လုပ်ပေးလိုက်ရုံပင်။
သူမ၏ မျက်နှာကို ဆေးကြောပြီးနောက် မီးဖိုချောင်သို့ သွားကာ ဂျုံနယ်ပြီး နေ့လယ်စာ အတွက် ဝက်သားမျှင် ခေါက်ဆွဲ ပြုလုပ်ရန် စီစဉ်လိုက်သည်။
ဆီထည့်ပြီး ချက်ပြုတ်ရန် ပြင်ဆင်နေစဉ် မီးဖိုချောင် ဝင်ပေါက်တွင် အရိပ်တစ်ခု ပေါ်လာခဲ့သည်။
ကျန်းနျန် ခဏတာ တောင့်ခဲသွားပြီး ရေအိုးနားတွင် ရပ်နေသော ရှု့ယန်ကို ကြည့်လိုက်ရာ သူမသည် ကြက်ဥနှစ်လုံးကို ကိုင်ထားပြီး ကျေးဇူးတင်ခြင်း အရိပ်အယောင်ဖြင့် သူမကို ကြည့်နေသည်။
ကျန်းနျန် - ??
သူမ မေးလိုက်မိသည်။ “ဘာများလိုအပ်လို့လဲ။”
ရှု့ယန်ကမူ နှုတ်ခမ်းကို ကိုက်ကာ ရှေ့သို့ တက်လာပြီး ကြက်ဥနှစ်လုံးကို ကျန်းနျန်၏ လက်ထဲ ထည့်ပေးကာ ကျေးဇူးတင်ကြောင်း တီးတိုးပြောပြီးနောက် အမြန်လှည့်ပြီး ထွက်ပြေးသွားသည်။
ကျန်းနျန် သူမ၏ လက်ထဲမှ ကြက်ဥများကို ကြည့်ကာ ထိုအခြေအနေသည် ရယ်စရာလည်း ကောင်းသလို ရင်ထဲထိမိနေသည်ဟု ခံစားရသည်။
ရှု့ယန် ဘာကြောင့် ကျေးဇူးတင်နေသည်ကို သူမ နားလည်သည်။
ဝတ္ထုတွင် ရှု့ယန်အား ရိုးသားပြီး ဖြောင့်မတ် းသူဖြစ်သည်ဟု ဖော်ပြထားပြီး၊ လွန်ခဲ့သော နှစ်နှစ်အတွင်း ကောက်ကျစ်သော ကျန့်ဟုန်၏ လက်ချက်ဖြင့် မကြာခဏ ခံစားခဲ့ရသည်။
ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စက ကျန့်ဟုန်၏ အစစ်အမှန် မျက်နှာကို ဖော်ထုတ်ခဲ့ပြီး၊ ရှု့ယန်အတွက် တရားမျှတမှုအား အတိုင်းအတာတစ်ခု ရရှိစေခဲ့သည်။
ကျန်းနျန် ထိုအကြောင်းကို စဉ်းစားရင်း ပြုံးမိသွားသည်။ အပြင်ဘက်မှ ခြေသံများကို ကြားသောအခါ ရှု့ယန် ပြန်လာသည်ဟု ယူဆပြီး မီးဖိုချောင် တံခါးဝရှိ ကြက်ဥများကို ဝှေ့ယမ်းကာ ပြုံးလျက် ပြောလိုက်သည်။"ကျေးဇူးတင်ဖို့" မလိုပါဘူး...
"ကျေးဇူးတင်ဖို့" ဟူသော စကားမှာ ပြတ်တောက်သွားပြီး၊ သူမ၏ အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။
ကျန်းနျန်သည် မီးဖိုချောင်တံခါးဝတွင် အလင်းရောင်ကို နောက်ခံပြုလျက် ရပ်နေသော လုယွီကို စိုက်ကြည့်နေမိသည်။ အပြင်ဘက် အလင်းရောင်သည် တောက်ပလွန်းပြီး အခန်းထဲက အလွန်မှောင်နေသောကြောင့် သူမ သူ၏ မျက်နှာပေါ်က အမူအရာကို မြင်နိုင်ခြင်း မရှိခဲ့ချေ။
လုယွီသည် ကျန်းနျန် ပြုံးသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
သူမ ပြုံးလိုက်လျှင် လှသည်။
သူတို့အတူရှိနေစဉ်အတွင်း သူမအရွယ်နှင့် လိုက်ဖက်သော တက်ကြွရွှင်လန်းမှုကို သူပထမဆုံးအကြိမ် မြင်ရတာလည်း ဖြစ်သည်။ အရင်က ကဲ့သို့ စကားပြောပြော၊ ဘာလုပ်လုပ် ခေါင်းငုံ့နေတာမျိုး မဟုတ်တော့ချေ။ စကားလည်း နည်းနည်းလေးပဲ ပြောပြီး ပတ်ဝန်းကျင်နှင့် သူ့အား ပိုင်းခြားထားသည့် မမြင်ရသော နံရံတစ်ခု ရှိနေသယောင် ခံစားရသည်။
ကျန်းနျန်ကမူ သူ့အား အနည်းငယ် ကြောက်နေသည်ဟုလည်း သူ ဝိုးတဝါး ခံစားနေရ၏။
"ရှင် အချိန်မီ ပြန်လာတာပဲ။ ထမင်းဟင်းတွေလဲ ကျက်ခါနီးပြီ။”
ကျန်းနျန်သည် မျက်လုံးထဲမှ ရှက်ရွံ့စိတ်ကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်ပြီး ကြက်ဥများကို ပန်းကန်လုံးထဲ ထည့်ကာ ဆီပူပေးရန် ပြင်ဆင်လိုက်သည်။ လုယွီ ပန်းကန်လုံးထဲမှ ကြက်ဥများကို ကြည့်လိုက်သည့်အခါ သူအိမ်ပြန်ရောက်ခါနီးတွင် ရှု့ယန် သူမအိမ်ထဲမှ ပြေးထွက်သွားသည်ကို သတိရလိုက်သည်။
အဲ့ဒါက ရှု့ယန် ယူလာပေးခြင်း ဖြစ်ရမည်။
သူသည် မီးဖိုဘေး၌ ထိုင်ကာ မီးမွှေးလိုက်သည်။ ဆီပူမှ ထွက်လာသော မီးခိုးဖြူများကြားမှ ကျန်းနျန်၏ မျက်လုံးများက ငိုထားသည့်အတွက် နီရဲနေသည်ကို သူ သတိထားမိလိုက်သည်။ သူ့မျက်လုံးများသည် တဖြည်းဖြည်း အေးစက်လာ၏။
မီးထဲသို့ ထင်းခြောက်များ ထပ်ထည့်ရင်း လုယွီ မေးလိုက်သည်။ "မရီး... ကျန့်ဟုန်က မရီးကို အနိုင်ကျင့်တာလား"
၎င်းမှာ မေးခွန်းထုတ်သံမျိုး မဟုတ်ဘဲ အရှိကို အရှိအတိုင်း ပြောလိုက်သည့် လေသံမျိုး ဖြစ်နေသည်။
ကျန်းနျန် ဟင်းချက်ခြင်းကို ခေတ္တရပ်လိုက်ပြီး အောက်နှုတ်ခမ်းကို ဖွဖွလေး ကိုက်လိုက်သည်။ ငရုတ်သီးအစပ်ကြောင့် ဖြစ်စေ၊ ခံပြင်းစိတ်ကြောင့် ဖြစ်စေ သူမမျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြန်လည် စုဝေးလာသည်။
မျက်ရည်များ ကျတော့မတတ် ဖြစ်နေကာ သူမအား သနားစရာကောင်းသည့် ပုံပေါက်စေသည်။
လုယွီသည် သူမကို လှမ်းကြည့်လိုက်ပြီး သူ့လက်ထဲရှိ ထင်းခြောက်များကို ပိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ "ကျွန်တော် ကျန့်ဟုန်ကို ရှင်းပြချက် ပေးခိုင်းလိုက်မယ်။ သူမ မရီးကို အလကား အနိုင်ကျင့်နေလို့ မရဘူး။”
၎င်းသည် သူ၏ကတိစကားပင်။
သူမသည် သူ၏ မရီးဖြစ်ပြီး၊ မည်သူ့ထံမျှ အနိုင်ကျင့်ခံရခြင်းကို ခွင့်ပြုမည် မဟုတ်။ သူမအား စစ်တပ်ဆီ ခေါ်ဆောင်လာရန် ဆုံးဖြတ်ခဲ့ခြင်းသည် သူမ၏ အတိတ်ဘဝမှ ဝမ်းနည်းကြေကွဲမှုများ ထပ်မံမဖြစ်ပွားစေရန်အပြင် နစ်နာမှုများ ထပ်မခံစားရစေရန်လည်း ဖြစ်သည်။
ကျန်းနျန်ကမူ ပြန်မဖြေချေ။ သူမသည် နှုတ်ခမ်းကို လွှတ်လိုက်ပြီး ဒယ်အိုးထဲမှ အစားအစာကို ဆက်ကြော်လှော်နေသည်။
ခေါက်ဆွဲပြုတ်ရန် အချိန်ရောက်သည့်အခါ လုယွီက ထရပ်ပြီး သူမကို တားလိုက်သည်။ "ကျွန်တော် ပြုတ်လိုက်မယ်။”
ကျန်းနျန်လည်း ငြင်းခုံမနေတော့ဘဲ မီးဖိုချောင်ထဲမှ ထွက်ခွာသွားပြီး ရေတွင်းသို့ သွားကာ မီးဖိုချောင်ကို ကျောပေး၍ မျက်နှာကို ထပ်မံဆေးကြောလိုက်သည်။ လက်ဖြင့် မျက်နှာကို ဖုံးအုပ်ထားရင်း သူမနှုတ်ခမ်းပေါ်မှ အပြုံးကို မထိန်းနိုင်တော့ချေ။
ရယ်ချင်စိတ်ကို ထိန်းထားရသည်မှာ အလွန်ခက်ခဲ၏။