← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

“မရီးဖန့်၊ လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီးက ဘာဖြစ်လို့လဲ။”

လျိုချမ့်က ပြေးလာပြီး လုယွီနှင့် တပ်ရင်းမှူးစုန့်တို့ ပျောက်ကွယ်သွားရာဘက်ကို လှမ်းကြည့်လိုက်သည်။ သူ လုယွီ၏ အသံအား အိမ်ထဲကနေ စောစောက ကြားလိုက်ရပြီး တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်သွားပုံရသည်။ ဖန့်မိန်၏ အိမ်နားမှ အိမ်နီးချင်းများကလည်း ဘာဖြစ်လဲဆိုတာ သိချင်သဖြင့် ထွက်လာကြသည်။

ဖန့်မိန်သည် ချက်ချင်း အသံကုန် အော်ဟစ်လိုက်သည်၊ "ဘာဖြစ်ရမလဲ။ သူမ သေချင်စိတ်ပေါက်တဲ့အထိ ကျန့်ဟုန်ရဲ့ အနိုင်ကျင့်တာ ခံရတာပေါ့။ သူမ ခင်ပွန်းက ဆုံးသွားတာ မကြာသေးဘူး၊ ကျန့်ဟုန်က သူမကို ကံဆိုးမနဲ့ မုဆိုးမလို့ ခေါ်ပြီး သူမ ခင်ပွန်းနဲ့ ယောက္ခမကို သေစေခဲ့တယ်လို့ စွပ်စွဲနေတာ။ ဘယ်မိန်းမက ဒီလိုစွပ်စွဲမှုမျိုးကို သည်းခံနိုင်မှာလဲ။ ကျန့်ဟုန်က တောင်းပန်ခဲ့ရင်တောင် သူမရဲ့ စကားတွေကို မကြားခဲ့ဘူးလို့ လုပ်လို့ရမလား”

လျိုချမ့် မျက်မှောင်ကြုတ်ပြီး ကျန့်ဟုန်၏ အိမ်ဘက်သို့ လှမ်းကြည့်လိုက်ကာ သူမအပေါ်ထားသော သူ၏ သဘောထား ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။

ထိုမိန်းမက ဒီလောက် ရက်စက်နိုင်မယ်လို့ သူ တစ်ခါမှ မထင်ခဲ့မိချေ။

အရင်တုန်းက သူမကို သူမအမေက ဘယ်လောက် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့လဲ၊ စေ့စပ်ထားတာကို ဖျက်ခိုင်းခဲ့ရမလဲ ဆိုပြီး သူနှင့် လာညည်းတွားဖူးသည်။ ယခုအခါ သူတို့နှစ်ယောက်စလုံး ကိုယ်ပိုင်မိသားစုများနှင့် ဖြစ်နေပြီမို့ သူ အတိတ်က အဖြစ်အပျက်များကို လွှတ်ချလိုက်ပြီး ကျန့်ဟုန်အား တပ်သားတစ်ဦး၏ ဇနီးအဖြစ်သာ သဘောထားခဲ့သည်။ သူမ အကူအညီတောင်းသည့်အခါ သူ ကူညီပေးခဲ့ဖူးသော်ငြား သူမ၏ နူးညံ့သည့် အသွင်အပြင်အောက်တွင် ဤသို့ ယုတ်မာသောဘက်ခြမ်းအား ဖုံးကွယ်ထားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။

လျိုချမ့် ပြောလိုက်သည်။ "မရီးဖန့်၊ ရှု့ယန်ကို ခေါ်သွားလိုက်ပါ။ ညဘက် မှောင်နေတာ။ တစ်ယောက်ယောက် ပါတာ ပိုကောင်းပါတယ်"

ဖန့်မိန်က "ရတယ်" ဟု ပြန်ဖြေလိုက်သည်။

လျိုချမ့်သည် သူ့သားနှစ်ယောက်ကို နှိုးရန် အိမ်သို့ အရင်ပြန်သွားပြီး ဒေါ်လေးဖန့်၏ အိမ်မှာ နေခိုင်းလိုက်သည်။ ထို့နောက် ရှု့ယန်ကို ခေါ်ရန် သွားခဲ့ရာ၊ ရှု့ယန်မှာ ကုတင်ပေါ်တွင် ကျောပေး၍ လဲလျောင်းနေပြီး လျိုချမ့် ခေါ်နေသည်ကိုပင် ဂရုမစိုက်ပေ။

သူမ လျိုချမ့်ကို မမြင်ချင်။ အထူးသဖြင့် သူမကို မမေးဘဲ ကျန့်ဟုန်အား ယွမ် (၅၀) ချေးပေးလိုက်သည်ကို တွေးမိသောအခါ ပို၍ပင် စိတ်မကောင်းဖြစ်ရသည်။ သူတို့မိသားစုက ချွေတာစွာ နေရပြီး သူမ၏ မိသားစုကိုတောင် မကူညီနိုင်ပေမယ့် ကျန့်ဟုန်ကမူ အကျိုးခံစားသွားရသည်။

ရှု့ယန် ထမလာသည်ကို မြင်သောအခါ လျိုချမ့်က ကုတင်ပေါ်သို့ မှီလိုက်ပြီး သူမ၏ ပခုံးကို တွန်းလိုက်သည်။ "တပ်ရင်းဗိုလ်ကြီးလုရဲ့ မရီးက ခေါင်းကို နံရံနဲ့ ဆောင့်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တယ်တဲ့။ အခု ဆေးရုံပို့နေပြီ။ ထပြီး မရီးဖန့်နဲ့ ဆေးရုံလိုက်သွားလိုက်”

ရှု့ယန် သူ၏ လက်ကို တွန်းဖယ်ချင်သော်လည်း ကျန်းနျန် မတော်တဆမှု ဖြစ်သွားကြောင်း ကြားသောအခါ အလျင်အမြန် ထလိုက်သည်။ သူမသည် ဖိနပ်ကို ကောက်စွပ်ပြီး အပြင်သို့ ပြေးထွက်သွားခဲ့သည်။

လျိုချမ့် -...

တပ်ရင်းမှူးစုန့်နှင့် ကျူးကျွင်းတို့သည် စခန်းမှ ကားမောင်းထွက်လာပြီး မကြာမီတွင် လုယွီသည် ကျန်းနျန်အား ချီ၍ လမ်းဘေးတစ်လျှောက် ပြေးနေသည်ကို တွေ့လိုက်ရသည်။

သူတို့ ကားပေါ်ရောက်သောအခါ တပ်ရင်းမှူးစုန့်နှင့် ကျူးကျွင်းတို့ နောက်လှည့်ကြည့်လိုက်ရာ ကျန်းနျန်သည် လုယွီ၏ ရင်ခွင်ထဲတွင် အားအင်ချိနဲ့စွာ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာသည် ထိတ်လန့်ဖွယ် ဖြူဖျော့နေပြီး ခေါင်းတစ်ခုလုံး သွေးများ ဖုံးနေသည်။ သူမသည် လုယွီ၏ ကော်လာကို ဆုပ်ကိုင်ထားပြီး ပြတ်တောင်းပြတ်တောင်း စကားပြောနေသည်။

“ကျွန်မ အရင်သွားနှင့်မယ်”

"ရှင့် အစ်ကိုကြီးကို သွားရှာတော့မယ်။ သူ ဘယ်လိုနေလဲဆိုတာ ကြည့်ချင်တယ်”

လုယွီ၏ မျက်နှာသည် တင်းမာနေပြီး သူ့ရင်ခွင်ထဲက နူးညံ့သည့် မိန်းကလေးကို ဖက်ထားရင်း အသံက အက်ကွဲနေသည်။ "မရီး၊ လျှောက်မပြောနဲ့၊ အိပ်မပျော်စေနဲ့။ ကျွန်တော်တို့ ဆေးရုံနား ရောက်နေပြီ”

သူမ၏ အသက်ရှူသံ တဖြည်းဖြည်း အားနည်းလာသည်ကို သူ ခံစားမိသည်။

လုယွီသည် ကျန်းနျန်၏ ဒူးနှင့် လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားပြီး သူမ၏ မှုန်ဝါးနေသော မျက်လုံးများကို ကြည့်ကာ သူ့မျက်လုံးများတွင် အနီရောင် သွေးကြောများ ပျံ့နှံ့လာပြီး ရင်ထဲတွင် အေးစက်သွားသည်။

နောက်ထပ် ဘဝတစ်ခုကို ရှင်သန်ရပေမယ့် သူ့မရီးရဲ့ ယခင်ဘဝက အနာဂတ်က မပြောင်းလဲနိုင်ခဲ့ဘူးလား။

ကျူးကျွင်းမှာမူ စတီယာရင်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ဖော်ပြမတတ်သော ဝမ်းနည်းမှုတစ်ခုကို ခံစားနေရသည်။

နေ့လယ်ခင်းတုန်းက သူမသည် သူတို့ရှေ့၌ ပြုံးရွှင်နေခဲ့သော်လည်း ညနေရောက်သည့်အခါ သူမသည် သတိမေ့မြောလုနီးပါးနှင့် သေလုနီးနီး ဖြစ်နေသည်။

တပ်ရင်းမှူးစုန့်က လုယွီအား ပြောလိုက်သည်။ "သူမကို စကားပြောနေ၊ အိပ်မပျော်စေနဲ့"

လုယွီ၏ လည်ချောင်းသည် ခြောက်သွေ့ပြီး အဆင်မပြေဖြစ်နေသည်။ သူ ခပ်လေးလေး ပြန်ဖြေလိုက်သည်။ "အင်း”

သူသည် ကျန်းနျန်ကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး မျက်လုံးများ မပိတ်မိစေရန် တားဆီးထားကာ သူနှင့် ရှု့ချန်တို့ စစ်တပ်တွင် တွေ့ကြုံခဲ့ရသော အတွေ့အကြုံများ၊ သူတို့ သာမန်စစ်သားဘဝမှ တပ်ရင်းဗိုလ်ကြီးအဆင့်အထိ တက်လှမ်းခဲ့ပုံများအကြောင်း ပြောပြနေခဲ့သည်။

ပုံမှန်အားဖြင့် စကားနည်းသော ထိုလူသည် ယနေ့ညတွင် စကားများစွာ ပြောနေခဲ့သည်။

ကျန်းနျန်သည် ဆူညံသံကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကာ အစပိုင်းတွင် မျက်လုံးများ မှိတ်ထားလိုက်သည်။ သူမ ဝိုးတဝါး အလင်းရောင်တစ်ခုကို မြင်လိုက်ရသည်။ အလင်းရောင် မှေးမှိန်သွားသောအခါ ခေတ်မီဆေးရုံ၏ ပုံသဏ္ဍာန်ကို သူမ မြင်လိုက်ရ၏။ သူမ၏ ဖခင်သည် စင်္ကြန်နားတွင် ထိုင်နေပြီး မျက်နှာကို ဖုံးအုပ်ကာ ငိုနေသည်။ သူမ၏ မိခင်သည် မြေကြီးပေါ်တွင် ထိုင်လျက် ရုပ်အလောင်းတစ်ခုအား ရင်ခွဲရုံမှ ထုတ်လာသည်ကို မျက်ရည်များဖြင့် ကြည့်နေသည်။

သူမ၏ အဘိုးအဘွားများလည်း ထိုနေရာတွင် ရှိနေသည်။

ကျန်းနျန်သည် သူမ၏ အဘွား မူးလဲသွားသည်ကို မြင်လိုက်ရပြီး သူမ၏ အဘိုးသည် တုန်ရီနေသော လက်ဖြင့် ရုပ်အလောင်း၏ ခေါင်းကို ဖုံးအုပ်ထားသည့် အဖြူရောင်အဝတ်စကို လှန်လိုက်သည်။ သူမသည် ရုပ်အလောင်း၏ မျက်နှာကို မြင်လိုက်ရပြီး ၎င်းသည် သူမ၏ မျက်နှာနှင့် အတူတူပင်ဖြစ်ကာ သူမ၏ တကယ့်ကမ္ဘာမှ ခန္ဓာကိုယ်ဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

ကျန်းနျန်၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ငိုကြွေးခြင်းကို မရပ်တန့်နိုင်ခဲ့ချေ။

လုယွီ၏ အသံသည် သူမ၏ နားထဲသို့ ဝင်လာလိုက်၊ ထွက်သွားလိုက် ဖြစ်နေသည်။ ဝိုးတဝါး အမြင်အာရုံသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး လုယွီ အေးစက်ကာ ခန့်ညားသော မျက်နှာဖြင့် အစားထိုးလာသည်။ သူ၏ မျက်လုံးများသည် သွေးရောင်ဖြစ်နေ၏။ သူမ မျက်လုံးဖွင့်လိုက်သည်ကို မြင်သောအခါ သူ အားတင်း ပြုံးပြီး တံတွေး အနည်းငယ် မျိုချကာ ခပ်တိုးတိုး ပြောလိုက်သည်။ "မရီး၊ ကျွန်တော်တို့ ရောက်တော့မယ်”

ကျန်းနျန်သည် ယခင် မြင်ကွင်းထဲတွင် နစ်မြုပ်နေဆဲဖြစ်ပြီး လုယွီကို အားအင်ချိနဲ့စွာ မှီလိုက်ရင်း မယုံကြည်ချင်သော အမှန်တရားတစ်ခုကို သဘောပေါက်လိုက်သည်။

သူမ ပြန်မသွားနိုင်တော့ဘူး။

ယခုမှစ၍ သူမသည် ကျန်းနျန်အဖြစ် နေထိုင်ရတော့မည်။

ကားသည် ဆေးရုံဝင်ပေါက်တွင် ရပ်လိုက်ပြီး လုယွီကမူ ကျန်းနျန်အား ချီ၍ အထဲသို့ အပြေးဝင်သွားခဲ့သည်။

တာဝန်ကျ ဝန်ထမ်းများသည် သူတို့ စစ်တပ်မှ ဖြစ်သည်ကို မြင်သောအခါ အလုပ်ဆင်းပြီး အိမ်ပြန်သွားသော ဒေါက်တာဝမ်ကို အမြန် ဖုန်းဆက်ခေါ်လိုက်သည်။ နာရီဝက်လောက် အကြာတွင် ဆေးရုံ၏ ဒုတိယထပ်၌ လူအများအပြား စုဝေးရောက်ရှိလာကြသည်။

ဒေါက်တာဝမ်သည် ကျန်းနျန်၏ ဒဏ်ရာကို အိုင်အိုဒင်းဖြင့် သန့်စင်ပေးပြီး သူနာပြုတစ်ဦးက သွေးကြောထဲသို့ ဆေးရည်ထည့်ပေးသည်။ အလုပ်များစွာ လုပ်ပြီးနောက်တွင် နောက်ဆုံးတော့ ပြီးစီးသွားသည်။ ဒေါက်တာဝမ်၏ မျက်ခုံးများသည် ကျန်းနျန်၏ ခေါင်းပေါ်မှ ဒဏ်ရာကို ကြည့်ရင်း လုံးဝ မပြေလျော့ခဲ့ချေ။

သူမ၏ မိသားစုဝင်ထံမှ သူမ ကိုယ့်ကိုယ်ကိုယ် နံရံနှင့် ဆောင့်တိုက်ခဲ့ကြောင်း သူ ကြားခဲ့ရသည်။

သူမ၏ ယခင် ဒဏ်ရာများမှာ လွန်ခဲ့သော ရက်အနည်းငယ်ကမှ သက်သာသွားခဲ့ပြီး ယခုအခါတွင် နောက်ထပ် ပြင်းထန်သော ဒဏ်ရာတစ်ခု ထပ်မံရရှိခဲ့သည်။ ဒေါက်တာဝမ် တစ်ခါမှ ကိုယ့်ကိုယ်ကိုယ် ဤမျှ ရက်စက်သူအား မတွေ့ဖူးဘဲ ယခုက ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူမ နံရံကို တိုက်စဉ်က သေချင်စိတ် ပေါက်နေခဲ့ပုံရ၏။

ဖန့်မိန်နှင့် ရှု့ယန်တို့ ဆေးရုံသို့ ရောက်ရှိလာသောအခါ ကျန်းနျန်သည် လက်ထဲတွင် IV ပိုက်ဖြင့် ဆေးရုံခန်းထဲ၌ လဲလျောင်းနေပြီး အိပ်ပျော်နေခြင်းလား သို့မဟုတ် သတိမေ့နေခြင်းလား မသိရချေ။

“မရီးဖန့်၊ မရီးရှု့”

ကျူးကျွင်းသည် သူတို့ကို မြင်သောအခါ လှမ်းခေါ်လိုက်သည်။

တပ်ရင်းမှူးစုန့် အနည်းငယ် အံ့သြသွားခဲ့သည်။ "မင်းတို့နှစ်ယောက် ဘာလို့ ဒီကို ရောက်နေတာလဲ။ ကလေးတွေကော”

ဖန့်မိန်နှင့် ရှု့ယန်တို့ ဆေးရုံသို့ အပြေးအလွှား ရောက်လာခဲ့ကြသည်။ ဖန့်မိန်ကမူ အသက်ရှုမဝစွာဖြင့် ပြောလိုက်သည်။ "တပ်ရင်းဗိုလ်ကြီးလျိုကို ကြည့်ခိုင်းခဲ့တယ်။ ငါ ကျန်းနျန်ကို လာကြည့်တာ"

သူမ နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ကျန်းနျန်၏ ခေါင်း၌ ပတ်တီးစည်းထားသည်ကို မြင်လိုက်ရကာ အဖြူရောင် အဝတ်စပေါ်တွင်လည်း သွေးများ စွန်းထင်းနေသည်။ သူမ ကုတင်ဘေးသို့ လျှောက်သွားပြီး လုယွီအား "ဆရာဝန်က ဘာပြောလဲ" ဟု ညင်သာစွာ မေးလိုက်သည်။

လုယွီ၏ လည်ချောင်းသည် အနည်းငယ် ခြောက်သွေ့နေဆဲ ဖြစ်သည်။ "သူမ ဒီည သတိပြန်လည်လာမလာ စောင့်ကြည့်ရမယ်လို့ ဆရာဝန်က ပြောတယ်။ သတိပြန်လည်လာရင် အဆင်ပြေသွားလိမ့်မယ်တဲ့”

ဖန့်မိန်ကမူ စိုးရိမ်တကြီး မေးလိုက်သည်။ "အကယ်၍ သူမ သတိမလည်လာရင်ကော။”

"မင်း နည်းနည်း အကောင်းမြင်ကြည့်လို့ မရဘူးလား" တပ်ရင်းမှူးစုန့်က သူမကို စူးရှစွာ ကြည့်လိုက်ပြီးနောက် လုယွီ၏ ပခုံးကို ပုတ်လိုက်သည်။ "သူမ အဆင်ပြေသွားမှာပါ။ မင်းရဲ့ မရီး သေချာပေါက် သတိပြန်လည်လာမှာပါ။”

လုယွီသည် အနည်းငယ် မောပန်းနေပုံရသည်။ "တပ်ရင်းမှူးစုန့်၊ ခင်ဗျားတို့ အားလုံး အရင်ပြန်လိုက်ကြပါ။ ကျွန်တော် ဒီမှာ နေပြီး သူမကို စောင့်ကြည့်လိုက်ပါ့မယ်။”

တပ်ရင်းမှူးစုန့်က သဘောတူလိုက်သည်။ "ကောင်းပြီ၊ ငါ ပြန်ပြီး အဖွဲ့ကို အစီရင်ခံစာတင်ရင်း မင်းအတွက် သုံးရက်ခွင့် တင်ပေးလိုက်မယ်။ မင်း ဒီမှာ နေပြီး မင်းရဲ့ မရီးကို စောင့်ရှောက်လိုက်ပါ”

လုယွီ ခေါင်းညိတ်ပြလိုက်သည်။ “အင်း”

ဖန့်မိန်ကမူ တစ်ခုခု ပြောချင်သော်လည်း တပ်ရင်းမှူးက သူမကို ဆွဲခေါ်သွားသည်။ ရှု့ယန်မှာ အသက်မဲ့နေပုံရသော ကျန်းနျန်ကို တစ်ချက်ကြည့်ပြီး သူမအတွက် တိတ်တိတ်ဆိတ်ဆိတ် ဆုတောင်းပေးလိုက်သည်။ သူမ ဤအခြေအနေကို ကျော်ဖြတ်နိုင်ပြီး နောက်နေ့မနက်တွင် ဘေးကင်းစွာ သတိပြန်လည်လာမည်ဟု မျှော်လင့်နေမိသည်။

အခန်းအပြင်ဘက်တွင် ဖန့်မိန်သည် တပ်ရင်းမှူးစုန့်၏ လက်ကို ဒေါသတကြီး ခါချပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ "ရှင် ဘာလို့ ကျွန်မကို ဆွဲခေါ်လာရတာလဲ”

တပ်ရင်းမှူးစုန့်လည်း သက်ပြင်းချလိုက်သည်။ "မင်း အဲဒီမှာ ဘာလုပ်နိုင်မှာမို့လို့လဲ။ မင်းက ညည်းညူပြီး တခြားသူတွေကို စိတ်အနှောင့်အယှက်ပေးနေရုံပဲ ရှိလိမ့်မယ်”

ဖန့်မိန် - ...

အပြန်လမ်းတွင် ဖန့်မိန်က တပ်ရင်းမှူးစုန့်အား အေးလိုက်သည်။ "လောင်စုန့်၊ လက်ထောက်တပ်ရင်းမှူးလု မရီးက ကျန့်ဟုန်ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တာ။ ရှင် ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ"

ရှု့ယန်ကလည်း တပ်ရင်းမှူးစုန့်ကို လှမ်းကြည့်လိုက်သည်။

သူမသည် ကျန့်ဟုန်က သူတို့မိသားစုများအတွက် ပြဿနာများ ထပ်မဖြစ်စေရန် အဖွဲ့၏ မိသားစုခြံဝန်းထဲမှ နှင်ထုတ်စေလိုသည်။

တပ်ရင်းမှူးစုန့်ကမူ ဘာမှ မပြောဘဲ မျက်နှာတစ်ခုလုံး စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နေသည်။

သူ ဘာလုပ်နိုင်သေးမှာလဲ။

လုယွီ၏ မရီးက ကျန့်ဟုန်၏ နှိပ်စက်မှုကြောင့် သတ်သေရန် ကြိုးစားခဲ့သောကြောင့် ဤသည်မှာ ကျန့်ဟုန်၏ အပြစ်ပင်။ လောလောဆယ်တွင် သူတို့ ကျန်းနျန် သတိပြန်ရလာဖို့သာ စောင့်နိုင်သည်။ သူမ အဆင်ပြေသွားလျှင် သူတို့ ကျန့်ဟုန်နှင့် သူမ ခင်ပွန်းအား အာဟာရဖြည့်စွက်စာများ ဝယ်ယူစေကာ လာရောက်လည်ပတ်ခိုင်းရမည်။ သူတို့အား သေချာ တောင်းပန်ခိုင်းပြီး ဤကိစ္စကို ဖြည်းဖြည်းချင်း ပြီးဆုံးသွားရန် မျှော်လင့်ရုံသာ။

သို့သော် ကျန်းနျန် တစ်ခုခု ဖြစ်သွားပါက ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာလိမ့်မည်။

သူတို့အားလုံး စခန်းသို့ ပြန်ရောက်သောအခါ ညဉ့်နက်နေပြီပင်။ ကျူးကျွင်းသည် တပ်ရင်းမှူးစုန့်၊ သူ၏ ဇနီးနှင့် ရှု့ယန်တို့အား လိုက်ပို့ပြီးမှ စစ်တပ်နယ်မြေသို့ ကားပြန်အပ်သည်။

သူတို့ မိသားစုခြံဝန်းများရှိ တတိယအိမ်အနား ဖြတ်သွားစဉ် တပ်ရင်းဗိုလ်ကြီးလုသည် ခြံတံခါးကို ဖွင့်လိုက်သည်။ ဖန့်မိန်၊ တပ်ရင်းမှူးစုန့်နှင့် ရှု့ယန်တို့ကို မြင်သောအခါ သူ၏ မျက်နှာတွင် ရှက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ ကျန်းနျန် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့ကြောင်း သူ သိထားပြီးသားပင်။ ကျန့်ဟုန်နှင့် အကြီးအကျယ် ရန်ဖြစ်ပြီးနောက် သူသည် လုယွီ၏ မရီးအား ဆေးရုံသို့ သွားကြည့်ရန် စီစဉ်နေစဉ် တပ်ရင်းမှူးစုန့်နှင့် အခြားသူများနှင့် ဆုံခြင်းဖြစ်၏။

တပ်ရင်းဗိုလ်ကြီးလုလည်း မေးလိုက်သည်။"တပ်ရင်းမှူးစုန့်၊ လက်ထောက်တပ်ရင်းမှူးလု မရီး အခြေအနေ ဘယ်လိုနေလဲ"

"မင်း ဘယ်လိုထင်လဲ။ သူမ အခုထိ သတိမေ့နေတုန်းပဲ၊ မနက်ဖြန်မနက် သတိပြန်လည်လာမလား၊ မလာဘူးလားဆိုတာပေါ်မှာ မူတည်တယ်။”

တပ်ရင်းမှူးစုန့်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "မင်းရဲ့ ဇနီးကို ထိန်းထားအုံး။ လက်ထောက်တပ်ရင်းမှူးလု မရီး တစ်ခုခုဖြစ်သွားရင် အဖွဲ့တစ်ခုလုံး ကြီးမားတဲ့ ပြဿနာကြုံရလိမ့်မယ်။”

တပ်ရင်းဗိုလ်ကြီးလုမှာ ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။ "တပ်ရင်းမှူးစုန့်၊ ကျွန်တော် မနက်ဖြန်ကျ လေ့ကျင့်ရေးအတွက် အပြင်မထွက်ဘဲ အဖွဲ့ထဲမှာပဲ နေဖို့ လျှောက်လွှာတင်လိုက်ပါ့မယ်။ ဒီလိုဆိုရင် ကျန့်ဟုန်ကို စောင့်ကြည့်ပြီး ထိန်းသိမ်းထားနိုင်မှာပါ။”

သူ နောက်ဆုံးဝါကျကို ပြောရင်း ရှု့ယန်၏ အေးစက်နေသော မျက်နှာကို လှမ်းကြည့်လိုက်သည်။

သူ၏ စိတ်ထဲ သက်ပြင်းချလိုက်မိသည်။ ကျန့်ဟုန်က လျိုချမ့်ကို လွန်ခဲ့သော နှစ်နှစ်အတွင်း ဘာတွေလုပ်ခဲ့လဲဆိုတာ သူ သိသည်။ ပြီးတော့ ၎င်းက ရှု့ယန်နှင့် လျိုချမ့်တို့ကြား စဉ်ဆက်မပြတ် ငြင်းခုန်မှုများကို ဖြစ်စေခဲ့သည်ကိုလည်း သူသိသည်။ ရိုးရိုးသားသားပြောရလျှင် ရှု့ယန်အပေါ် သူ အတော်လေး အပြစ်ရှိသကဲ့သို့ ခံစားရသည်။

တပ်ရင်းမှူးစုန်ြ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ သွားအိပ်တော့။ မနက်ဖြန်မနက်ကျ မင်းဇနီးကို ခေါ်ပြီး လက်ထောက်တပ်ရင်းမှူးလု မရီးကို ဆေးရုံသွားကြည့်လိုက်အုံး။”

တပ်ရင်းဗိုလ်ကြီးလုက ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ကဲ့”

သူ ခြံတံခါးကို ပိတ်လိုက်ပြီးနောက် ပြတင်းပေါက်နားတွင် လည်ပင်းကို ဆန့်တန်းကာ အပြင်ဘက်ကို ချောင်းကြည့်နေသည့် ကျန့်ဟုန်အား လှည့်ကြည့်လိုက်သည်။ သူမက သူ့ကို မြင်သောအခါ ခေါင်းကို အမြန် ပြန်ရုပ်သွားသည်။

တပ်ရင်းဗိုလ်ကြီးလုသည် မျက်နှာ တင်းမာစွာ အိမ်ထဲသို့ လျှောက်ဝင်သွားပြီး အိပ်ချင်ယောင်ဆောင်၍ အိပ်ရာပေါ်တွင် လှဲနေသော ကျန့်ဟုန်အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။ "မနက်ဖြန်မနက်ကျ ငါနဲ့အတူ သမဝါယမ အရောင်းဆိုင်ကို သွားပြီး ထန်းလျက်၊ ကြက်ဥနဲ့ မုန့်ပဲသရေစာ တွေဝယ်။ ပြီးရင် ဆေးရုံကို သွားပြီး လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီးကို သွားကြည့်ပြီး သေချာ တောင်းပန်လိုက်။”

သူ၏ အသံသည် ကြမ်းတမ်းပြီး သူ၏ ဒေါသကို ထိန်းထားပုံရသည်။

ကျန်းနျန်အတွက် ဤမျှ ကောင်းမွန်သည့် ပစ္စည်းများ ဝယ်ပေးရမည်ကို ကျန့်ဟုန် ကြားသောအခါ သူမ ဆက်မအိပ်နိုင်တော့။ သူမ လှည့်ပြီး ထိုင်လိုက်သည်။ "သူမ သေချင်ရင် အဲဒါ သူမကိစ္စပဲ။ အဲဒါက ကျွန်မနဲ့ ဘာဆိုင်လို့လဲ။ ကျွန်မ သူမကို တောင်းပန်ပြီးသား။ ဘာလို့ ထပ်တောင်းပန်ရမှာလဲ။ ပြီးတော့ ဘာလို့ သူမအတွက် ဒီလောက် ကောင်းမွန်တဲ့ ပစ္စည်းတွေ ဝယ်ပေးရမှာလဲ”

ကျန်းနျန်က သူမကို အရင် စိန်ခေါ်ခဲ့တာဟု ပြောချင်သော်လည်း ၎င်းကို လုကောရှန်းအား မပြောရဲချေ။

သူမ၏ ဆင်ခြင်တုံတရားမရှိ၊ နောင်တမရသော သဘောထားကြောင့် တပ်ရင်းဗိုလ်ကြီးလုလည်း ဒေါသထွက်ပြီး မျက်နှာ မည်းမှောင်စွာ စိုက်ကြည့်လိုက်သည်။ "ငါ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အပြင်မှာ လေ့ကျင့်ရေး ဆင်းနေရတာကြောင့် အိမ်ကို ခဏခဏ မပြန်လာနိုင်ခဲ့ဘူး။ မင်း ဒီအတောအတွင်း လျိုချမ့်ကို စွဲစွဲမြဲမြဲ လိုက်နေခဲ့တာ ငါ မသိဘူးလို့ မထင်လိုက်နဲ့။ အတိတ်အကြောင်း မပြောတော့ဘူး၊ ဒါပေမဲ့ အခုကစပြီး မင်း လျိုချမ့်ကို သွားရှာတာ တွေ့ခဲ့ရင် ကလေးကို ဒီမှာ ထားခဲ့ပြီး မင်းရဲ့ အမေအိမ်ကို ပြန်သွားလိုက်”

ယခု၌ ကျန့်ဟုန် အကြောက်ဆုံးမှာ သူမ၏ မိဘအိမ်ကို ပြန်သွားရမှာပင်။ သူမသည် မိသားစုခြံဝန်းများတွင် သက်သောင့်သက်သာ နေသားကျနေပြီး လုပ်အားရမှတ်များအတွက် လယ်ထဲတွင် အလုပ်လုပ်စရာ မလို၊ တစ်မိသားစုလုံးအတွက် ချက်ပြုတ်စရာ မလို၊ လူတိုင်းကို ကျေနပ်အောင် လုပ်ပေးစရာ မလိုတော့ပေ။ သူမ၏ မိဘအိမ်သို့ ပြန်သွားရမည်ဟူသော အတွေးသည် စိတ်မချမ်းမြေ့စရာပင်။

“ကောင်းပြီ၊ မနက်ဖြန် ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်။”

တပ်ရင်းဗိုလ်ကြီးလုသည် ဖိနပ်ချွတ်ပြီး ကုတင်ပေါ် လှဲချကာ မှောင်မိုက်နေသော မျက်နှာကျက်ကို စိုက်ကြည့်နေသည်။ သူ မေးလိုက်သည်။ "မင်း ငါ့ကို ဖုံးကွယ်ထားတဲ့ တခြား ဘာတွေများ ရှိသေးလဲ။ အဲဒါတွေ အားလုံး ဒီည ပြောပြလိုက်တာ အကောင်းဆုံးပဲ။ ဒါမှ ငါ အပြင်ထွက်နေချိန် တခြား ဘာမှ ထပ်မကြားရမှာ”

ကျန့်ဟုန်ကမူ နံရံကို ကျောပေး၍ လဲလျောင်းနေပြီး လွန်ခဲ့သော နှစ်နှစ်အတွင်း လျိုချမ့်ထံမှ ချေးယူခဲ့သော ယွမ် (၅၀) ကို တွေးလိုက်မိသည်။ သူမသည် တစ်ဝက်ကို သူမနှင့် သူမ၏ ကလေးများအတွက် အဝတ်အစားအသစ်များ ဝယ်ယူရန် အသုံးပြုခဲ့ပြီး ကျန်တစ်ဝက်ကို သူတို့၏ အစားအသောက် တိုးတက်ကောင်းမွန်စေရန် အသုံးပြုခဲ့သည်။ ရံဖန်ရံခါ အသားပေါင်တစ်ဝက်နှင့် မုန့်ပဲသရေစာ တစ်ထုပ်ဝယ်ပြီး သူမ ကလေးနှင့်အတူ တိတ်တိတ်လေး မျှဝေစားသောက်ခဲ့သည်။

သူမ လုကောရှန်းအား မပြောရဲသလို ပိုက်ဆံကိုလည်း ပြန်မဆပ်ချင်ပေ။

ကျန့်ဟုန် မျက်လုံးမှိတ်ပြီး ပြောလိုက်သည်။ "တခြား ဘာမှ မရှိတော့ဘူး။ ကျွန်မ ပင်ပန်းနေပြီ။ အိပ်ရအောင်"

All Chapters