← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

နောက်တစ်နေ့ မနက်စောစောတွင် ဆေးရုံ၏ သန့်ရှင်းရေး ဝန်ထမ်းများ အရင် ရောက်ရှိလာကြသည်။

ကျန်းနျန်ကြောင့် တစ်ညလုံး ဆေးခန်းတွင် နေခဲ့ရသော ဒေါက်တာဝမ်သည် သူမကို စစ်ဆေးရန် နှစ်ကြိမ် လာခဲ့သည်။ မိုးလင်းချိန်၌ သူ ထပ်လာခဲ့သည်။

ကျန်းနျန်၏ မျက်ကြည်လွှာနှင့် အခြား အခြေအနေများကို စစ်ဆေးပြီးနောက် ကုတင်ဘေးတွင် မတ်တပ်ရပ်နေသော လုယွီသည် စိတ်မသက်မသာနှင့် စိတ်ရှုပ်ထွေးနေပုံရကာ အက်ကွဲသောအသံဖြင့် မေးလိုက်သည်။ "ဆရာဝန်၊ ကျွန်တော့် မရီး ဘယ်လိုနေလဲ"

တစ်ညလုံး မအိပ်ရသောကြောင့် ပင်ပန်းနွမ်းနယ်နေပုံရသော ဒေါက်တာဝမ်ကမူ သက်ပြင်းချလိုက်သည်။ "သူမရဲ့ အခြေအနေက တည်ငြိမ်နေပါပြီ။ မကြာခင် သတိပြန်လည်လာသင့်တယ်”

ဒေါက်တာဝမ်သည် သန်းဝေခြင်းကို မထိန်းနိုင်ဘဲ ဆက်ပြောခဲ့သည်။ "မင်းရဲ့ မရီးကို စကားပြောပေးဖို့လိုတယ်။ သူမ နောက်ထပ် ရူးမိုက်တဲ့ လုပ်ရပ်မျိုး မလုပ်မိစေနဲ့။”

ကျန်းနျန် အန္တရာယ်မှ လွတ်မြောက်သွားပြီဟု ကြားရသောအခါ လုယွီ နောက်ဆုံး၌ သူ၏ ပခုံးပေါ်မှ အလေးချိန်တစ်ခု လျော့သွားသည်ကို ခံစားလိုက်ရသည်။ သူ ခေါင်းညိတ်လိုက်သည်။ "နားလည်ပါပြီ”

ဒေါက်တာဝမ် ထွက်သွားပြီးနောက် လုယွီသည် ကုတင်ဘေးတွင် ထိုင်ကာ ကျန်းနျန်၏ ဖြူဖျော့သော မျက်နှာကို ငေးကြည့်နေမိသည်။

သူ၏ မရီးသည် မနေ့ကကဲ့သို့ ပေါ့ပါးပြီး ပျော်ရွှင်နေပုံမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။ သူမ၏ ထူးဆန်းသောအပြုအမူကို သူ သတိထားမိသော်လည်း သူမ ဤမျှ ဆိုးရွားသော လုပ်ရပ်မျိုး လုပ်လိမ့်မည်ဟု သူ မထင်ခဲ့ချေ။

နာရီဝက်ခန့်ကြာသောအခါ ကျန်းနျန် သတိရလာသည့် လက္ခဏာများ စတင်ပြသလာသည်။

သူမ၏ မျက်တောင်များ တဖျတ်ဖျတ် ခတ်လာပြီး ပြင်းထန်သော ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနှင့် မူးဝေခြင်းတို့ကို ခံစားရသည်။ သူမ မျက်လုံးများကို အားယူဖွင့်လိုက်စဉ် ရင်းနှီးသောအသံအား ကြားလိုက်ရသည်။

“မရီး”

အသံသည် တိုးတိုးလေးနှင့် အက်ကွဲနေသည်။

ကျန်းနျန် ခေါင်းကို ဖြည်းညှင်းစွာ လှည့်ပြီး အသံလာရာကို လိုက်ကြည့်လိုက်ရာ လုယွီ သူမ၏ ကုတင်ဘေးတွင် ထိုင်နေသည်အား မြင်လိုက်ရသောအခါ လန့်သွားသည်။

ပုံမှန်အားဖြင့် ကိုယ်ဟန်အနေအထား မတ်မတ်ထားတတ်သော လုယွီသည် ယခုအခါ ပျော့ခွေနေသည်။ သူ၏ ခန့်ညားသန့်ရှင်းသော မျက်နှာသည် ပင်ပန်းနေပြီး ပါးစပ်တစ်ဝိုက်တွင် မုတ်ဆိတ်မွှေးများ ဝိုင်းနေကာ မျက်လုံးများကမူ နီရဲနေ၏။

လုယွီကမူ သူမအား မဆူဘဲ ညင်သာစွာ မေးလိုက်သည်။ "ဘာအဆင်မပြေတာ ရှိသေးလဲ။ ဒေါက်တာဝမ်ကို ခေါ်ပေးရမလား။”

ကျန်းနျန် "ရပါတယ်" ဟု ပြန်ဖြေလိုက်သည်။

သူမ၏ ခေါင်းနာကျင်ခြင်း၊ မူးဝေခြင်းနှင့် ပျို့အန်ခြင်းတို့မှလွဲ၍ သူမ အတော်လေး အဆင်ပြေသည်။ သူမ နောက်ထပ် ဦးနှောက်တုန်ခါမှု ခံစားခဲ့ရသည်ဟု ထင်မိသည်။

အခန်းပတ်လည်ကို ကြည့်လိုက်ပြီး သူမ မျက်လုံးများကို စိတ်ပျက်စွာ မှိတ်ချလိုက်မိသည်။ သူမ ညက မြင်ခဲ့ရသော ဝိုးတဝါး မြင်ကွင်းကို ပြန်အမှတ်ရလိုက်သည်။ သူမ၏ တကယ့်ကမ္ဘာမှ ခန္ဓာကိုယ်သည် သေဆုံးသွားခဲ့ပြီး သူမသည် ယခုအခါ ဤကမ္ဘာတွင် ကျန်းနျန်၏ အထောက်အထားဖြင့် အမြဲတမ်း နေထိုင်ရတော့မည်ကို သဘောပေါက်လိုက်သည်။

ဤနားလည်မှုက သူမအား အနည်းငယ် ဝမ်းနည်းစေသည်။

သို့သော် အနည်းဆုံးတော့ သူမ ဤဘက်ကမ္ဘာမှ ဘဝနှင့် တဖြည်းဖြည်း အသားကျနေပြီပင်။ သူမတွင် မှီခိုအားထားစရာ လုယွီရှိပြီး ဇာတ်လမ်းကို လိုက်နာရန် စိုးရိမ်စရာ မလိုတော့ပေ။ လုယွီသည် စွင်းယင်နှင့် ဆုံဆည်းသည်ဖြစ်စေ၊ မဆုံဆည်းသည်ဖြစ်စေ အရေးမကြီးတော့ချေ။

ယခုမှစ၍ မိသားစုခြံဝန်းသည် သူမ၏ အိမ်ဖြစ်လိမ့်မည်။

ကျန်းနျန်သည် သူမကို အာရုံစိုက်နေဆဲဖြစ်သော လုယွီအား ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာ ပြောလိုက်သည်။ "စိတ်ပူပန်စေမိလို့ တောင်းပန်ပါတယ်"

လုယွီ အနည်းငယ် မျက်မှောင်ကြုတ်ပြီး သူမ၏ ခေါင်းကို တစ်ချက်ကြည့်လိုက်သည်။ "နောက်ထပ် ဒီလို ရူး မိုက်တဲ့လုပ်ရပ်မျိုး မလုပ်ပါနဲ့။ ကျွန်တော့် အစ်ကိုကြီး မရှိတော့ပေမဲ့ ဒီမိသားစုမှာ ကျွန်တော် ရှိနေပါသေးတယ်။ ကျွန်တော် ရှိနေသရွေ့ ဘယ်သူ့မှ မရီးကို အနိုင်ကျင့်ခွင့် ပေးမှာမဟုတ်ဘူး။ သူများတွေ ဘာပြောပြော၊ ဘာလုပ်လုပ် မစိုးရိမ်ဘဲ စိတ်ချမ်းသာရာသာ လုပ်ပါ”

ကျန်းနျန်သည် လုယွီက သူမကို မိသားစုဝင်တစ်ဦးအဖြစ် စစ်မှန်စွာ ဂရုစိုက်သည်ကို သိသောအခါ ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။

နေရောင်ခြည် တောက်ပလာသည်နှင့်အမျှ ဆေးရုံ၌ အလုပ်များလာသည်။

ဒေါက်တာဝမ် ပြန်လာပြီးနောက် ကျန်းနျန်ကို ထပ်စစ်ဆေးကာ အဓိက ပြဿနာများ မရှိပါက သူမသည် ဆေးရုံတွင် နှစ်ရက်၊ သုံးရက် နေပြီးပါက ဆင်းနိုင်မည်ဟု ပြောလာသည်။ သူ ထွက်ခွာသွားစဉ် ဖန့်မိန်သည် လူမီနီယမ်ဖြင့် ပြုလုပ်ထားသော ထမင်းဘူးတစ်ခုကို ကိုင်ဆောင်၍ ရောက်ရှိလာသည်။ ကျန်းနျန် နိုးလာသည်ကို မြင်သောအခါ သူမ၏ ပေါင်ကို ရိုက်ကာ အော်လိုက်သည်။ "အမလေး၊ ဘုရားရေ၊ မင်း ငါတို့အားလုံးကို သေလောက်အောင် ကြောက်အောင် လုပ်လိုက်တာပဲ"

လုယွီက ထရပ်လိုက်သည်။ "အစ်မဖန့် ကျွန်တော့်မရီးနဲ့ ခနနေပေးပါအုံး၊ ကျွန်တော် မျက်နှာသွားသစ်ချင်လို့”

ဖန့်မိန် ခေါင်းညိတ်လိုက်သည်။ "သွားပါ”

ထို့နောက် သူမသည် ကျန်းနျန်ဘက်သို့ လှည့်ကာ "လက်ထောက်တပ်ရင်းမှူးလုကို ကြည့်ဦး။ မနေ့ညက မင်းကို မိသားစုခြံဝန်းတွေကနေ ဆေးရုံအထိ ချီလာတာ၊ သူ့မျက်လုံးတွေ နီရဲနေတာပဲ။ မင်းအတွက် ဘာတွေများ ဒီလောက် မခံမရပ်နိုင် ဖြစ်နေတာလဲ။ မင်း တကယ်တစ်ခုခု ဖြစ်သွားရင် ဘယ်သူက အကျိုးအမြတ် အများဆုံး ရမလဲဆိုတာ စဉ်းစားကြည့်ပါဦး”

ဖန့်မိန်ကမူ အချိန်အတော်ကြာသည်အထိ စကားများ ဆက်ပြောနေခဲ့သည်။

ကျန်းနျန်သည် သူမ ပြောသည့်အရာများကို သိပ်မမှတ်မိလိုက်သော်လည်း လုယွီက သူမကို တစ်လမ်းလုံး ချီလာခဲ့သည်ဆိုသည်အား မှတ်မိနေ၏။

လုယွီ၏ မုတ်ဆိတ်မွှေးများနှင့် နီရဲနေသော မျက်လုံးများကို မြင်သောအခါ သူ တစ်ညလုံး မအိပ်ခဲ့သည်ကို သူမ သဘောပေါက်လိုက်သည်။ သူမ တံခါးဆီသို့ လျှောက်သွားနေသော လုယွီအား ကြည့်ကာ ပြောလိုက်သည်။ "ကျွန်မ နောက်ထပ် အရူးအမူး လုပ်ရပ်မျိုး မလုပ်တော့ပါဘူး"

ဖန့်မိန် ပြုံးလိုက်သည်။ "မင်း သဘောပေါက်တာ ကောင်းပါတယ်”

လုယွီကမူ အခန်းထဲမှ ထွက်သွားခဲ့သည်။ သူ၏ တင်းတင်းစေ့ထားသော နှုတ်ခမ်းများသည် နောက်ဆုံးတွင် အပြုံးတစ်ခုအဖြစ် အနည်းငယ် ပြေလျော့သွားသည်။

မနက်စာကို ဖန့်မိန်က ယူလာပေးခဲ့ခြင်းပင်။ ကျန်းနျန်သည် ပိုကောင်းလာသည်ဟု ခံစားရပြီး သူမ၏ အကူအညီဖြင့် ထိုင်လိုက်သည်။ "အစ်မ ဒီမှာရှိနေတော့ အစ်မရဲ့ ကလေးတွေကို ဘယ်သူ ကြည့်နေတာလဲ”

ဖန့်မိန်သည် သူမအား တူကို လှမ်းပေးလိုက်သည်။ "ရှု့ယန်က ကူညီပေးနေတယ်”

ရှု့ယန်ကို ပြောလိုက်သောအခါ သူမအား မနေ့ညက အဖြစ်အပျက်များကို သတိရစေသည်။ "မနေ့ညက ငါ မင်းတို့ နောက်ကနေ ဆေးရုံကို လိုက်လာတော့ ရှု့ယန်ပါ ငါနဲ့အတူ လိုက်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး”

ကျန်းနျန်သည် ဆန်ပြုတ်ကို တစ်ငုံ သောက်လိုက်ပြီး ထိုစကားကို ကြားသောအခါ ခဏတာ ကြောင်သွားသည်။

“လက်ထောက်တပ်ရင်းမှူးလု”

လုကောရှန်း၏ အသံသည် ဆေးရုံခန်း အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ကျန်းနျန် ခေါင်းလှည့်လိုက်ရာ လုယွီသည် မျက်နှာသစ်ပြီးနောက် သိသိသာသာ လန်းဆန်းလာသည်ကို တွေ့လိုက်ရသည်။ သူ၏ မုတ်ဆိတ်မွှေးများသည် ပုံမှန်အားဖြင့် သန့်ရှင်းသပ်ရပ်သော မျက်နှာအား ရင့်ကျက်သော အသွင်အပြင်တစ်ခုအဖြစ် ပေါင်းစပ်ပေးထားပြီး သူ၏ စစ်တပ်စိမ်း ယူနီဖောင်းသည် သူ၏ ကိုယ်ဟန်အနေအထားကို ပို၍ ပေါ်လွင်စေသည်။

သူသည် ကုတင်ဆီသို့ လျှောက်လာပြီး ကျန်းနျန် ထိုင်လျက် စားနေသည်ကို မြင်သောအခါ စိတ်သက်သာရာရသွားသည်။

လုကောရှန်းနှင့် ကျန့်ဟုန်တို့သည် သူတို့၏ သား လုကျစ်ကျွင်းနှင့်အတူ အခန်းထဲသို့ ဝင်လာကြသည်။ ကျန့်ဟုန်သည် လုကျစ်ကျွင်း၏ လက်ကို ကိုင်ထားပြီး ကျန်းနျန်နှင့် မျက်လုံးချင်းဆုံရန် ရှောင်နေသည်။ လုကျစ်ကျွင်းက ညည်းညူလိုက်သည်။ "မေမေ၊ သားကို နာကျင်အောင် လုပ်နေတယ်"

“ငါ နင့်ကို နာအောင် လုပ်တာမဟုတ်ဘူး။”

ကျန့်ဟုန်သည် သူမ၏ ဆုပ်ကိုင်ထားမှုကို လျှော့လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်ကာ ဒေါသကြောင့် သူ၏ လက်ကို ညှစ်မိသည်ဟု ငြင်းဆိုလိုက်သည်။

လုကျစ်ကျွင်းသည် နှုတ်ခမ်းစူ၍ စိတ်ပျက်စွာဖြင့် သူ၏ ဖခင် ကိုင်ထားသော ထန်းလျက်၊ မုန့်ပဲသရေစာနှင့် ကြက်ဥများကို ကြည့်လိုက်သည်။ ၎င်းတို့သည် သူ အကြိုက်ဆုံးများ ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် သူ့အတွက် မဟုတ်ချေ။

ဖန့်မိန်ကမူ နှာခေါင်းရှုံ့ပြီး စိုက်ကြည့်နေလိုက်သည်...။

လွန်ခဲ့သည့်ညက သူမသည် ကျန့်ဟုန်၏ လုပ်ရပ်များအကြောင်းကို ခင်ပွန်းဖြစ်သူနှင့် ဆွေးနွေးခဲ့သည်။ ယခင်က ကျန့်ဟုန်ကို သနားပြီး ရှု့ယန်အား အပြစ်တင်ခဲ့မိသည်မှာ မှားယွင်းကြောင်း သိလိုက်ရသည်။ လောင်စုန့်ကမူ သူမသည် အမှန်တရားကို မြင်ရန် ဤမျှကြာအောင် အချိန်ယူခဲ့သည့်အတွက် မျက်စိကန်းရုံသာမက ဝက်ဦးနှောက်ပါ ပိုင်ဆိုင်သည်ဟု ပြတ်ပြတ်သားသား ပြောခဲ့သည်။

လုကောရှန်းက ပစ္စည်းများကို ခုတင်ဘေးရှိ စားပွဲသေးလေးပေါ် တင်လိုက်ပြီး လုယွီအား တစ်ချက်ကြည့်ကာ ကျန်းနျန်ကို ကြည့်လိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီး၊ ကျွန်တော့်ဇနီးကို ထိန်းမထားနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ သူမက စစ်သည်ဇနီးများရှေ့မှာ စိတ်ထိခိုက်စရာ စကားတွေ ပြောခဲ့မိပါတယ်။ ကျွန်တော်တို့ ဒီ အားဖြည့်ဆေးတွေကို တောင်းပန်တဲ့အနေနဲ့ ယူလာခဲ့တာပါ။ ကျန့်ဟုန်ကို အာဃာတ မထားပါနဲ့”

စကားဆုံးသည်နှင့် လုကောရှန်းက ကျန့်ဟုန်ကို ကြည့်ကာ ရှေ့ထွက်ပြီး တောင်းပန်ရန် အချက်ပြလိုက်သည်။

ကျန့်ဟုန်က သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး လုကောရှန်း၏ တင်းမာသော အကြည့်ကို မြင်လျှင် သူ ဒေါသထွက်ကာ သူမကို မိဘအိမ်သို့ ပြန်ပို့လိုက်မည်အား စိုးရိမ်ခဲ့သည်။ သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီး လုကောရှန်း လမ်းတွင် အလွတ်ကျက် ခိုင်းထားသည့် စကားလုံးများကို ရွတ်လိုက်သည်။

"ရဲဘော် ကျန်းနျန်၊ ရှင့်ကို ပြောခဲ့တဲ့ စိတ်ထိခိုက်စရာ စကားလုံးတွေအတွက် ကျွန်မ တောင်းပန်ပါတယ်။ နောက်ထပ် ရှင့်ကို ဒီလိုမျိုး စကား မပြောတော့ဘူးလို့ ကတိပေးပါတယ်”

လုကောရှန်းက သူမ၏ နောက်ကျောကို ညင်သာစွာ တွန်းလိုက်ပြီးနောက် ကျန့်ဟုန် ခဏတာ တွန့်ဆုတ်သွားပြီး ခါးကို ကွေးကာ ကျန်းနျန်အား အရိုအသေပေး လိုက်သည်။ "ရဲဘော် ကျန်းနျန်၊ ကျွန်မ တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါ”

လုယွီသည် ကျန့်ဟုန်အား အေးစက်စွာ ကြည့်နေပြီးနောက် ကျန်းနျန်ဆီသို့ အကြည့်လွှဲလိုက်သည်။ သူမသည် အလူမီနီယမ် ထမင်းဘူးကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး၊ ပုံမှန်အတိုင်း ခေါင်းကို ငုံ့ထားသည်။ သူမသည် မည်သူမျှ မမြင်နိုင်သော ထောင့်တစ်နေရာတွင် မိမိကိုယ်ကို ထောင်ချ ထားသကဲ့သို့ ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး တစ်ခွန်းမျှ မပြောပေ။

သူ ဘာမှမပြောဘဲ တိတ်ဆိတ်စွာ စောင့်နေခဲ့သည်။

အခန်းထဲတွင် စိတ်မသက်မသာ ဖြစ်စရာ တိတ်ဆိတ်မှုကြီးက လွှမ်းမိုးနေသည်။ လုကောရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းနျန်သာ ကျန့်ဟုန်ကို ခွင့်မလွှတ်ဘဲ နိုင်ငံရေးအရာရှိချုပ်ထံသို့ ကိစ္စကို တိုင်ကြား လိုက်မည်အား စိုးရိမ်ခဲ့သည်။

ကျန့်ဟုန်က ခေါင်းငုံ့ထားပြီး သူမ၏ မျက်ခွံ များက သူမ၏ မျက်လုံးများအတွင်းရှိ စိတ်မရှည်မှုကို ဖုံးကွယ်ထားသည်။ ဒီမုဆိုးမ ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲဆိုတာကို သူမ နားမလည်နိုင်ခဲ့ပေ။ သူမ တောင်းပန်ပြီးပြီ၊ တပ်ရင်း တစ်ခုလုံးရှေ့မှာ လူသိရှင်ကြား ဝေဖန်မှုပင် လုပ်ခဲ့ပြီးပြီ။ ကျန်းနျန်က နောက်ထပ် ဘာကို လိုချင်သေးတာလဲ။ ယခင်က ဒီလောက် ပြောင်လှောင်နေခဲ့ပြီး အခု ဘာလို့ ဒီလို ဟန်ဆောင်နေရတာလဲ။

ဖန့်မိန်သည် IV မထိုးထားသည့် ကျန်းနျန်၏ လက်ကို ညင်သာစွာ ပုတ်လိုက်ပြီး စိတ်မသက်မသာ ဖြစ်နေသော တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ "တပ်ရင်းဗိုလ်ကြီးလုက တောင်းပန်ဖို့ ဒီပစ္စည်းတွေ အားလုံး ယူလာခဲ့တယ်၊ ပြီးတော့ သူ့ဇနီးကို ပိုပြီး သတိထား စောင့်ကြည့်မယ်လို့ ကတိပေးထားတယ်။ ဒီကိစ္စကို ဒီမှာပဲ ရပ် လိုက်သင့်ပြီလို့ ကျွန်မ ထင်တယ်”

သူတို့အားလုံး မိသားစုရပ်ကွက်၌ အတူနေကြပြီး မကြာခဏ တွေ့ကြရသောကြောင့် ပဋိပက္ခကို ဆက်လုပ်နေခြင်းက မည်သူ့အတွက်မှ အကျိုးမရှိပေ။

ကျန်းနျန်က ဖန့်မိန် ထိုသို့ စကားမျိုး ပြောလာရန် စောင့်နေခဲ့ခြင်းပင်။ သူမ ခေါင်းကို အနည်းငယ် ငြိမ့်လိုက်ပြီး သူမ၏ အသံမှာ မကြားရလုနီးပါးပင်။ “အစ်မဖန့် စကားကို နားထောင်ပါ့မယ်”

ထိုသို့ပြောလိုက်ခြင်းဖြင့် သူမသည် ဖန့်မိန်အား သွယ်ဝိုက်သောနည်းဖြင့် လေးစားမှု ပြသခြင်းလည်း ဖြစ်ပြီး၊ နောင်တွင် သူမ၏ ထောက်ခံမှု လိုအပ်မည်ကို အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။

လုကောရှန်းက ဖန့်မိန်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဖန့်မိန်သည် မိမိကိုယ်ကို ဂုဏ်ယူသော ခံစားချက်ဖြင့် မတ်မတ်ရပ်လိုက်သည်။

ကြည့်၊ ငါ့စကားတွေက အရေးပါသေးတယ် မဟုတ်လား။

လုကောရှန်းမိသားစု ထွက်သွားပြီးနောက် ဖန့်မိန်က လုယွီ ဘက်သို့ လှည့်လိုက်သည်။ “မင်းအတွက် ပြောင်းဖူးပန်ကိတ် တချို့ ယူလာခဲ့တယ်။ ဗိုက်ပြည့်ဖို့ တစ်ခုခု စားလိုက်ပါ”

သူမသည် သူမ၏ အဝတ်အိတ်ထဲမှ ပြောင်းဖူးပန်ကိတ် ပန်းကန်ပြားတစ်ခုကို ထုတ်ယူပြီး လုယွီအား ပေးလိုက်သည်။ သူက အပြုံးဖြင့် ယူလိုက်သည်၊ “ကျေးဇူးတင်ပါတယ်၊ မရီးဖန့်”

ဖန့်မိန်က ပြန်ပြုံးပြသည်။ "ကျေးဇူးတင်စရာ မလိုပါဘူး။”

လုယွီသည် ဗလာကျင်းနေသော ဆေးရုံခုတင်ပေါ် ထိုင်ပြီး ပြောင်းဖူးပန်ကိတ်များကို ခပ်ကြီးကြီးကိုက်ကာ စားနေသည်။ ဖန့်မိန်က သူ့ကို ကြွေခွက်တစ်လုံးထဲမှ ရေကို ကမ်းပေးခဲ့သည်။ "ဖြည်းဖြည်းစားပါ၊ သီးသွားမယ်”

“ရှင်က ကျန်းနျန်လား။”

သူနာပြုတစ်ဦး အခန်းထဲသို့ လျှောက်ဝင်လာခဲ့သည်။ ထိုအသံသည် ကျန်းနျန်အတွက် ရင်းနှီးနေသောကြောင့် သူမ မော့ကြည့်လိုက်ရာ ထိုသူနာပြုသည် စာအုပ်ထဲမှ အမျိုးသမီး‌ဇာတ်လိုက်ဖြစ်သည့် စွင်းယင်ပင်။ သူမ ဒဏ်ရာမရခင်ကဆိုလျှင် လုယွီနှင့် သူမကို တွဲပေးရန် ကြိုးစားကောင်း ကြိုးစားမိလိမ့်မည်။ သို့သော် ယခုမူ သူမတွင် ထိုသို့လုပ်ရန် အားအင် မရှိပါ၊ အထူးသဖြင့် သူမ ပြန်မသွားနိုင်တော့သောကြောင့်ဖြစ်သည်။

ထို့အပြင် လုယွီ၏ အမူအရာကို ကြည့်ခြင်းဖြင့် သူသည် စွင်းယင်အပေါ် ခံစားချက် တစ်စုံတစ်ရာ ရှိပုံမပေါ်ချေ။

ကျန်းနျန် ပြန်ဖြေလိုက်သည်။ “ကျွန်မပါ”

စွင်းယင်သည် ကျန်းနျန်၏ မျက်နှာကို မြင်သောအခါ တွန့်ဆုတ် သွားပြီး ကျန်းနျန်၏ နဖူးပေါ်ရှိ ပတ်တီးပေါ်တွင် သူမ၏ အကြည့် ရပ်တန့်သွားကာ သူမ၏ ဒဏ်ရာအသစ်ကို အံ့ဩနေပုံရသည်။ သူမသည် ကျန်းနျန်၏ ပတ်တီးကို လဲပေးပြီး ထွက်ခွာရန် လှည့်လိုက်စဉ် ဘေးနားက ခုတင်ပေါ်တွင် ထိုင်၍ ရေသောက်နေသော လုယွီအား သတိထားမိလိုက်သည်။

သူသည် သူ့လက်ထဲရှိ ကြွေခွက်ကို ငုံ့ကြည့်နေပြီး စစ်ဝတ်စုံ ဝတ်ထားသည်။ သူသည် မနေ့ညက သူမ၏ အိပ်မက်ထဲမှ လူနှင့် ထပ်တူနီးပါး ထိုင်နေသည်။ အိပ်မက်ထဲတွင် သူမနှင့် ဒီလူ၊ သူမ တစ်ကြိမ်သာ တွေ့ဖူးသော ဒီလူသည် ရထားပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး နှစ်ဦးစလုံး စစ်ဝတ်စုံ ဝတ်ထားကြသည်။

သူမအား မသိကျိုးကျွန်ပြုခဲ့သော အမျိုးသားတစ်ဦးကို ဘာကြောင့် အိပ်မက်မက်ခဲ့ရသလဲဆိုတာကို သူမ နားမလည်နိုင်ခဲ့ပေ။

“ယင်ယင်၊ ဒေါက်တာဝမ်က နင့်ကို ခေါ်နေတယ်။”

ဝူရော့ရှန်း၏ အသံက အပြင်ကနေ ထွက်လာ၏။

“လာပြီ”

စွင်းယင်သည် ဆေးရုံခန်းထဲမှ အမြန် ထွက်သွားခဲ့သည်။

ဖန့်မိန်သည် ခဏတာ ထိုင်ပြီး ကျန်းနျန်နှင့် စကားပြောပြီးမှ ထွက်သွားရန် ထရပ်လိုက်သည်။

လုယွီ လုကောရှန်း ယူလာခဲ့သော ပစ္စည်းများကို သူမအား ကမ်းပေးလိုက်သည်။ ဖန့်မိန် အံ့အားသင့်သွားသည်။ သူမသည် သွေးဆောင်မှု ခံရပြီး သူမ၏ သားနှစ်ယောက်ကို ပေးချင်သော်လည်း၊ အခြားသူ၏ လက်ဆောင်ကို ယူသွားလောက်အောင်တော့ မျက်နှာပြောင် တိုက်သူ မဟုတ်ပါ။

သူမသည် လက်ကို ဝှေ့ယမ်းကာ ဆေးရုံခန်းထဲမှ အလျင်စလို ထွက်သွားခဲ့သည်။ “မယူပါဘူး၊ မယူပါဘူး၊ မင်းရဲ့ မရီးအတွက်ပဲ ထားလိုက်ပါ”

“မရီးဖန့်”

လုယွီက ခြေလှမ်းအနည်းငယ် လှမ်း၍ သူမကို မီအောင်လိုက်ပြီး သူမ၏ လမ်းကို ပိတ်ဆို့ကာ ပစ္စည်းများကို သူမ၏ လက်ထဲသို့ ထိုးပေးလိုက်သည်။ “ဒါတွေက ကျန့်ဟုန်ဆီကပါ။ မရီးပဲ ယူလိုက်ပါ။ ကျွန်တော့် မရီးအတွက် လိုအပ်တာကို ကျွန်တော် ဘာသာ ဝယ်ပေးပါ့မယ်”

ဖန့်မိန် ကြောင်သွားပြီး ကျန်းနျန်လည်း ထိုနည်းတူပင်။

ကျန်းနျန် လုယွီ၏ ထက်မြက်သော ဘေးတိုက်ပုံပန်းကို လှည့်ကြည့်လိုက်သည်။ ထိုလူသည် အမူအရာမရှိဘဲ လုကောရှန်းဆီမှ ပစ္စည်းများ အားလုံးကို ဖန့်မိန်အား ကမ်းပေးနေသည်။

ကျန်းနျန် သူမ၏ ရယ်မောသံကို ထိန်းချုပ်ရန် နှုတ်ခမ်းကို ဖိထားရင်း ခေါင်းကို အမြန် ငုံ့လိုက်သည်။

လုယွီ ဒီလောက် စိတ်ကောက် တတ်လိမ့်မယ်လို့ သူမ မမျှော်လင့် ထားခဲ့ပေ။

ဖန့်မိန်ကို လိုက်ပို့ ပြီးနောက် လုယွီသည် ဘေးနားက ခုတင်ပေါ်တွင် ထိုင်လိုက်ပြီး ကျန်းနျန်ကို ပြောလိုက်သည်။ “မရီး၊ ဘာစားချင်လဲ ပြောပြပါ။ ကျွန်တော် သမဝါယမအရောင်းဆိုင်ကနေ သွားဝယ်ပေးပါ့မယ်”

ကျန်းနျန် က ခေါင်းကို အသာ ငြိမ့်ပြလိုက်သည်။ "ကောင်းပြီ”

လုယွီသည် သူမ၏ တိတ်ဆိတ်ပြီး ရှက်ရွံ့နေသော အမူအရာကို မြင်သည့်အခါ မနေ့က သူမ၏ ပျော်ရွှင်သော၊ ငယ်ရွယ်သော တက်ကြွမှု အပြည့်ရှိသော အပြုံးကို သတိရမိလိုက်သည်။

သူမပြုံးလျှင် တကယ်လှသည်။

ကျန်းနျန် မိမိကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းခဲ့သည့် သတင်းသည် နောက်နေ့တွင် မိသားစုရပ်ကွက် တစ်လျှောက်လုံး ပျံ့နှံ့သွားသည်။ စစ်သည်ဇနီးများက လက်ထောက်တပ်ရင်းမှူးလု၏ မရီးကို အစွန်းရောက်အောင် တွန်းပို့ခဲ့သည့်အတွက် ကျန့်ဟုန်အား တိတ်တဆိတ် အပြစ်တင်ခဲ့ကြသည်။

ဘယ်သူက မုဆိုးမ ဖြစ်ချင်မှာလဲ။

ဘယ်သူက ကိုယ့်ခင်ပွန်း ငယ်ငယ်ရွယ်ရွယ်နဲ့ သေစေချင်မှာလဲ။

ကျန်းနျန် ဆေးရုံမှာ သုံးရက်နေခဲ့ရသည်။ လေးရက်မြောက်နေ့ မနက်တွင် တပ်ရင်းမှူးစုန့်က လုယွီနှင့် ကျန်းနျန်တို့ကို သွားခေါ်ရန်အတွက် စစ်ဘက်ခရိုင်မှ ကားငှားရန် ကျူးကျွင်းကို စေလွှတ်ခဲ့သည်။

All Chapters