အခန်း (၁၉)
Vol. 2 Ch. 19
ဤဒဏ်ရာက အရင် တစ်ခါထက် ပိုဆိုးသည်။ ကျန်းနျန် ခုတင်ပေါ်က ဆင်းလိုက်သောအခါ သူမ ခေါင်းက အနည်းငယ် မူးနေသေးသည်။ သူမသည် မိမိကိုယ်ကိုယ် တည်ငြိမ်စေရန် ခုတင်ဘေးက သစ်သားစားပွဲသေးလေးကို မှီ ထားရသည်။ ပထမရက် နေ့လယ်ပိုင်းတွင် လုယွီသည် သူမ၏ ကိုယ်ပိုင်အသုံးအဆောင်များနှင့် သန့်ရှင်းသော အဝတ်အစားတစ်စုံကို ယူဆောင်ရန် အိမ်ပြန်သွားခဲ့သည်။ သူ အရာအားလုံးကို အဝတ်အိတ်ထဲ ထည့်ပြီးနောက် လှည့်လိုက်သောအခါ ကျန်းနျန်သည် စားပွဲအား မှီထားသည်ကို မြင်လိုက်ရသည်။
သူသည် အိတ်ကို ကျူးကျွင်းအား ကမ်းပေးပြီး ရှေ့သို့ လျှောက်သွားကာ ကျန်းနျန် ရှေ့တွင် တစ်ဝက်ထိုင် ချလိုက်သည်။ “မရီး၊ ကျွန်တော် ကျောပိုးပြီး ခေါ်သွားပေးပါ့မယ်”
လုယွီ ရုတ်တရက် သူ့ရှေ့ ပေါ်လာသည့်အတွက် ကျန်းနျန် အံ့အားသင့် သွားသည်။
သူက အရပ်ရှည်ပြီး ထိုင်ချလိုက်သည့်တိုင် သူမထက် သိပ်မနိမ့်ချေ။
ကျန်းနျန်သည် စားပွဲပေါ်မှ လက်ကို လုယွီ၏ ကျယ်ပြန့်သော ပခုံးပေါ်သို့ ဆန့်ထုတ်လိုက်ပြီး သူ့၏ ကျောပေါ်သို့ မှီလိုက်သည်။ လုယွီသည် သူမ၏ ဒူးအောက်မှ လက်နှစ်ဖက်ကို ချိတ်ကာ သူမကို ပွေ့ ၍ ထွက်သွားသည်။ သူမသည် အလွန်ပေါ့ပါးကာ သူ့အတွက် အလေးချိန် မရှိသလောက်ပင်။
သူ ကျန်းနျန်ကို ပထမဆုံးအကြိမ် အိမ်သို့ ပွေ့ ခေါ်သွားတုန်းက သူမသည် အလွန်ပေါ့ပါးသည်ကို သတိထားမိခဲ့သည်။ မနေ့ညက သူမကို ပြေးရင်း ပွေ့ခဲ့စဉ်ကလည်း အလေးချိန်ကို လုံးဝ မခံစားရပေ။
သူမအတွက် အာဟာရ ဖြစ်စေမည့် အစားအစာများကို ပိုဝယ်ပေးသင့်သည်မှာ ဖြစ်နိုင်သည်။
ဆေးရုံမှ ထွက်ခွာပြီးနောက် လုယွီက ကျန်းနျန်ကို ကားထိုင်ခုံပေါ်တွင် တင်ပေးလိုက်သည်။ သူသည် ကျူးကျွင်းအား သမဝါယမနှင့် စားနပ်ရိက္ခာဌာနတွင် ရပ်ရန် ညွှန်ကြားခဲ့သည်။ သူ ဆင်းသွားပြီး ပစ္စည်းများ အစုအဝေးလိုက် ဝယ်လာခဲ့သည်။ ကျန်းနျန် အမြန်ကြည့်လိုက်ရာ သကြားညို၊ ကြက်ဥ၊ ကရင်မ်ဘီစကစ်နှင့် ရှေးဟောင်း ထုပ်ပိုးမှု ပါသော ချောကလက် သကြားလုံး နှစ်မျိုးကို တွေ့လိုက်ရသည်။ စားနပ်ရိက္ခာဌာနမှ ကြက်သားတစ်ကောင် ဝယ်လာခဲ့သည်။
ကျန်းနျန်- .....
သူက သူမကို ဝက်တစ်ကောင်လို ပျိုးထောင်နေတာလား။
ကျူးကျွင်းသည် လုယွီဝယ်လာသည့် ပမာဏကို မြင်သည့်အခါ အံ့ဩသင့်သွားခဲ့သည်။ လုယွီ ဝယ်လာသော ပစ္စည်းများသည် သူ့လို လက်ထောက်တပ်ရင်းမှူး တစ်ဦး၏ တစ်လစာ လစာနှင့် ညီမျှသည်ကို သူ သိသည်။ ဒီနှုန်းအတိုင်းဆိုလျှင် လုယွီ၏ လစာပင် ဖူလုံနိုင်မည် မဟုတ်ချေ။
လုယွီသည် သူ၏ မရီး အပေါ် တကယ်ကို ရက်ရောသည်။
မိသားစုရပ်ကွက်သို့ ပြန်ရောက်သောအခါ လုယွီက ကျန်းနျန်ကို အထဲသို့ ပွေ့ခေါ်သွားပြီး ကျူးကျွင်းက ပစ္စည်းများကို မီးဖိုချောင်သို့ ကူညီ သယ်ဆောင်ပေးသည်။ အရာအားလုံးကို နေရာချပြီးနောက် ကျူးကျွင်းက လုယွီအား ပြောသည်။ “လက်ထောက်တပ်ရင်းမှူးလု၊ ကျွန်တော် ကားကို စစ်ဘက်ခရိုင်ဆီ ပြန်ပေးလိုက်ပါ့မယ်”
လုယွီ ပြန်ဖြေလိုက်သည်။ “ကျေးဇူးတင်ပါတယ်”
ကျူးကွျင်းက ခေါင်းကုတ်ကာ အပြုံးနှင့် ထွက်သွားသည်။
ထိုအချိန်တွင် လူတိုင်း မနက်စာ စားပြီးကာစဖြစ်ပြီး အပြင်မှာ စကားပြောနေကြသည်။ စစ်သည်ဇနီးများ စုဝေးနေကြပြီး ကျူးကျွင်းကမူ ငှားထားသော စစ်ကားဖြင့် မောင်းထွက်သွားသည်ကို မြင်သောအခါ လက်ထောက်တပ်ရင်းမှူးလု၏ မရီး ဆေးရုံက ဆင်းလာပြီဖြစ်ကြောင်း သိလိုက်ရသည်။
ဖန့်မိန်သည် ကျန်းနျန် ဒီနေ့ ဆေးရုံဆင်းမည်ကို သိထားသောကြောင့် မနက်စာကို စောစီးစွာ ပြင်ဆင်ထားသည်။ သူတို့ ပြန်ရောက်လာသည်ကို မြင်သောအခါ သူမ၏ သားနှစ်ယောက်ကို အစားအသောက်များ လုယွီ၏ ခြံထဲသို့ ကူသယ်ခိုင်းပြီး စားပွဲပေါ် တင်ပေးစေသည်။ ထို့နောက် အရှေ့ဘက်ခြမ်းရှိ ပထမအခန်းသို့ ဦးတည်သွားသည်။
“ကျန်းနျန် နေလို့ ကောင်းရဲ့လား။ ခေါင်းက သက်သာပြီလား”
ဖန့်မိန်က သူမ၏ သားနှစ်ယောက်နှင့်အတူ ဝင်လာခဲ့သည်။ ကျန်းနျန် ခေါင်းကို အသာ ငြိမ့်ပြလိုက်သည်။ “အများကြီး ပိုကောင်းလာပါပြီ”
သူမသည် ဖန့်မိန်၏ ဘေးတွင် ရပ်နေသော ကောင်လေးများကို ကြည့်လိုက်သည်။ သူတို့၏ မျက်လုံးများသည် တောက်ပ နေသည်။ အကြီးလေးက ဖန့်မိန်ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး အငယ်လေးက ကျန်းနျန် သူ့ကို ကြည့်လိုက်သောအခါ ရှက်၍ ခေါင်းငုံ့ကာ ဖန့်မိန်၏ နောက်တွင် ခဏခဏ ပုန်းနေသည်။
ကျန်းနျန် ရင်ထဲ နာကျင်သွားသည်။ ယခုအချိန်တွင် ကလေးနှစ်ယောက်သည် အပြစ်ကင်းပြီး ပျော်ရွှင်နေကြသော်လည်း တပ်ရင်းမှူးစုန့် သေဆုံးပြီးနောက် ဖန့်မိန်သည် ကလေးနှစ်ယောက်ကို တစ်ဦးတည်း ပြုစု စောင့်ရှောက်ခဲ့ရသည်။ သူမ၏ ယောက္ခမ များက သူမကို မုန်းတီးကြပြီး သူမ၏ မိသားစုကလည်း မထောက်ပံ့ ခဲ့ကြပေ။ သူမ ဝတ္ထုထဲတွင် ဇာတ်လိုက် နောက်ပိုင်းတွင် ဖန့်မိန်နှင့် သူမ၏ ကလေးများဆီသို့ လာရောက်လည်ပတ်သောအခါ ငတ်မွတ်ခြင်းကြောင့် ပိန်ချုံးနေကြသည်ကို မှတ်မိနေသည်။ အငယ်ဆုံးသား ဖြစ်သော စုန့်ရှန်းဟုန်မှာ ငွေကြေးမရှိ၍ အဖျားကြီးပြီး ကုသမှု မခံယူနိုင်သောကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားခဲ့သည်။
သူမ ဒီကို ရောက်လာကတည်းက အစ်မဖန့်သည် သူမကို ကောင်းကောင်း ဆက်ဆံခဲ့ပြီး အမြဲတမ်း သူမကို စဉ်းစား ပေးခဲ့သည်။
ယခု သူမ ပြန်သွားလို့ မရတော့သောကြောင့် ဇာတ်ကြောင်းသွေဖယ်မည်ကို စိုးရိမ်စရာ မလိုတော့ဘဲ သူမ တပ်ရင်းမှူးစုန့်၏ မိသားစုကို ထိုသို့သော ကံဆိုးမှုမှ ရှောင်လွဲနိုင်ရန် ကူညီချင်သည်။
"သက်သာသွားတာ ကောင်းပါတယ်။ နောက်ထပ် မိုက်မဲတဲ့ အလုပ်မျိုး မလုပ်ပါနဲ့တော့”
ဖန့်မိန်ကမူ သူမ၏ သားများကို တစ်ချက်ကြည့်ပြီး သူတို့၏ ခေါင်းနောက်ကို ပုတ်လိုက်သည်။ “ဘာတွေ ရပ်နေကြတာလဲ။ မင်းတို့ အဒေါ်ကို နှုတ်ဆက်ကြဦး။”
စုန့်ရှန်းတုန်က ခေါ်လိုက်သည်။ “ဒေါ်လေး”
စုန့်ရှန်းဟုန်ကမူ ဖန့်မိန်၏ အဝတ်အစားကို ဆွဲထားပြီး နောက်ကွယ်မှ ချောင်းကြည့်ကာ ရှက်ရွံ့စွာ ခေါ်လိုက်သည်။ "အဒေါ်"
သူတို့၏ မိခင်က မက်မွန်သီးမုန့်၊ သကြားရေနှင့် ကြက်ဥတို့ကို ဒီ အဒေါ်ကြောင့် စားရခြင်းဖြစ်ကြောင်း ပြောထားသည်။ ကလေးနှစ်ယောက်သည် ကျန်းနျန်ကို နွေးထွေးမှုအသစ်ဖြင့် ကြည့်နေကြသည်။
ကျန်းနျန် ပြုံးပြပြီး တုန့်ပြန်လိုက်ကာ ဖန့်မိန်ကို မေးသည်။ “အစ်မဖန့်၊ အစ်မ သားအကြီးက မကြာခင် ကျောင်းစတက်ရတော့မှာလား”
ဖန့်မိန်က ပြန်ဖြေသည်။“စက်တင်ဘာမှာပါ၊ ဒါပေမဲ့ စခန်းမှာ ကျောင်း မရှိဘူး။ အနီးအနားရွာက ကျောင်းကို သွားရမယ်”
ခဏကြာ စကားပြောပြီးနောက် ဖန့်မိန်သည် သူမ၏ ကလေးများနှင့်အတူ ထွက်သွားခဲ့သည်။
ကျန်းနျန် ထရပ်ပြီး နံရံကို ကိုင်ကာ အိမ်တံခါးသို့ လျှောက်သွားလိုက်သည်။ သူမ၏ ရှေ့တွင် လက်တစ်ဖက် ဆန့်တန်းလာပြီး သူမ၏ လက်မောင်းကို တိုင်းတာသော ပုံစံဖြင့် ကိုင်လိုက်သည်။
“ကျွန်တော် ကူညီပေးပါ့မယ်။"
ကျန်းနျန်က အစပိုင်းတွင် ငြင်းဆန်ချင်သော်လည်း သူမ၏ ခေါင်းက အနည်းငယ် မူးနေသေးသည်။ ထို့ကြောင့် သူမ မငြင်းတော့ဘဲ လုယွီ သူမကို ကူညီစေကာ ခြံထဲရှိ ခုံတန်းလျားသေးလေး ပေါ်တွင် ထိုင်လိုက်သည်။
ဖန့်မိန်ကမူ ဟင်းပွဲ နှစ်မျိုး၊ အာလူးကြော်နှင့် ခရမ်းချဉ်သီးကြော်ကို ချက်ပြုတ်လာပြီး အဖြူရောင် ပေါက်စီလေးလုံး ယူလာခဲ့သည်။ လုယွီ၏ အကြည့်သည် ပေါက်စီများပေါ်၌ ခေတ္တငြိမ်နေပြီး အစ်မဖန့်က သူမ၏ ကျေးဇူးတင်ခြင်းကို ဤနည်းဖြင့် ဖော်ပြနေကြောင်း သူသိသည်။
သူက ကျေးဇူးတုံ့ပြန် မှုကို လက်ဆင့်ကမ်း ပေးခြင်းသာ ဖြစ်သည်။
ကျန်းနျန်၏ စားချင်စိတ်သည် ဒီမနက် ပုံမှန်မဟုတ်ဘဲ ကောင်းနေသည်။ ဖြစ်နိုင်သည်မှာ သူမ ဒီမှာ အခြေချရန် ဆုံးဖြတ်လိုက်ပြီး သက်သာရာရသည့် ခံစားချက်ကို ခံစားရသောကြောင့် ဖြစ်နိုင်သည်။ သူမ ပေါက်စီ တစ်လုံးခွဲ စားပြီး ဆန်ပြုတ် တစ်ပန်းကန် သောက်လိုက်သည်။ သူမ စားပြီးမှသာ လုယွီသည် ကျန်ရှိသော မနက်စာကို စားလိုက်သည်။
ကျန်းနျန် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူမ နေထိုင်ရန် စီစဉ်ထားသောကြောင့် ခြံကို သပ်ရပ်စွာ ရှင်းလင်းကာ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပြီး ကြက်အချို့ မွေးမြူချင်သည်။
ရေတွင်းဘေးရှိ ကြွေဇလုံထဲတွင် ကြက်သား အအေးခံထားသည်ကို မြင်သောအခါ သူ၏ လစာ အားလုံးကို သူမအား ထိန်းသိမ်းစေရန် ပေးထားသောကြောင့် လုယွီ ဤပစ္စည်း အားလုံးကို ဝယ်ရန် ငွေ ဘယ်က ရခဲ့တာလဲဟု တွေးမိသွားသည်။
သူ တစ်စုံတစ်ယောက်ဆီက ချေးခဲ့တာများလား။
သူမ တုံ့ဆိုင်းစွာဖြင့် လုယွီကို ကြည့်ပြီး မေးသင့် မမေးသင့် တွေးနေမိသည်။ သူမကို အံ့အားသင့်စေသည်မှာ သူ သူမ၏ အတွေး များကို သိရှိပုံရပြီး သူ့တူများကို ချလိုက်ကာ မေးလာသည်။ “မရီး၊ ပြောစရာ တစ်ခုခု ရှိလို့လား”
ကျန်းနျန်သည် သူမ၏ အဝတ်စကို လိမ်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ “ရှင့်လစာ အားလုံး ကျွန်မကို ပေးထားတာ။ ဒီပစ္စည်းတွေ ဝယ်ဖို့ ပိုက်ဆံချေး ခဲ့တာလား”
လုယွီ ခဏတာ ကြောင်သွားပြီးနောက် ကျန်းနျန်ကို ကြည့်ရန် ခေါင်းမော့လိုက်သည်။
ကျန်းနျန်သည် တစ်ခုခုကို သတိပြုမိသဖြင့် မေးလိုက်သည်။ သူမ လုယွီကို စစ်ဆေးနေသကဲ့သို့ ခံစားရသဖြင့် အမြန် ရှင်းပြလိုက်သည်။ “ဘာမှ မရည်ရွယ်ပါဘူး။ ကျွန်မ စဥ်းစားမိတာက ရှင်က ပိုက်ဆံတွေ အကုန်လုံး ကျွန်မကို ပေးထားတော့၊ လိုအပ်လို့ သုံးချင်ရင် ဘယ်လိုလုပ်မလဲလို့ပါ။ ပိုက်ဆံတွေကို ရှင့်ဆီ ပြန်ပေးသင့်တယ်ထင်တယ်…”
ဒါကလည်း သိပ်အဆင်မပြေ။
ကျန်းနျန်သည် စိတ်ပျက်လက်ပျက်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ ဒဏ်ရာကြောင့် ခေါင်းကိုက်နေသည့်အပြင် ပိုဆိုးသွားသည်။
ကျန်းနျန် ငြိမ်သက်သွားပြီး ခေါင်းငုံ့ကာ အဝတ်အစားများကို ကလိနေသည်ကို မြင်သောအခါ လုယွီသည် သူမ၏ ဖြူစွတ်သော လည်ကုပ်ကို တစ်ချက်ကြည့်ပြီးနောက် အောက်သို့ ပြန်ငုံ့ကာ ပန်းကန်များကို ဆက်သိမ်းနေသည်။ “မပူပါနဲ့၊ မရီး။ ကျွန်တော့်အတွက် ထောက်ပံ့ကြေး လက်ကျန်အချို့ ချန်ထားခဲ့ပါတယ်။ ကျန်တဲ့ ပိုက်ဆံအများစုကို မရီးဆီမှာ ထားတာပါ။ ပိုက်ဆံလိုရင် ကျွန်တော် တောင်းပါ့မယ်။”
ကျန်းနျန် တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး “ကောင်းပါပြီ” ဟု တိုးတိုးလေး ပြောလိုက်သည်။
လုယွီသည် မီးဖိုချောင်သို့ သွားပြီး အိုးခွက်ပန်းကန်များကို ဆေးကြောသည်။ ထို့နောက် သူသည် ခြံထဲတွင် ကြက်ကို ဆေးကာ တုံးဖြတ်လိုက်သည်။ ကျန်းနျန်သည် ခြံထဲရှိ သစ်ပင်ရိပ်အောက်တွင် ထိုင်နေသည်။ နွေးထွေးသော လေညှင်းကို ခံစားရင်း ခြံငယ်လေး၏ ထောင့်တိုင်းကို လေ့လာကာ ဘယ်နေရာတွင် ဟင်းသီးဟင်းရွက် ဥယျာဉ်လုပ်ရမည်ကို စီစဥ်နေသည်။
ကိုယ်တိုင် စိုက်ပျိုးခြင်းက ပိုက်ဆံအများကြီး သက်သာစေမည်။ သူမ၏ ကုန်ကျစရိတ်အတွက် လုယွီ၏ ပိုက်ဆံကို သုံးရသည်မှာ စိတ်မသက်မသာ ဖြစ်မိသည်။ သူမသည် သူ့၏ မရီးဖြစ်သော်လည်း သူ့အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ပေ။ နောက်ဆုံးတွင်၊ သူမသည် မိမိကိုယ်ကို ထောက်ပံ့ရန် အလုပ်တစ်ခု ရှာရန် လိုအပ်သည်။ အကယ်၍ လုယွီသာ အနာဂတ်တွင် လက်ထပ်ပြီး ကိုယ်ပိုင်မိသားစုကို စတင်ခဲ့ပါက၊ သူမသည် အချိန်ကြာကြာ နေထိုင်ခြင်းကို မလိုချင်။
ကျန်းနျန်သည် အတွေးများ လွင့်မျောနေရင်း ရေတွင်းဘေးတွင် ထိုင်နေသော လုယွီအား မသိစိတ်ဖြင့် ငေးကြည့်နေမိသည်။ ထိုအမျိုးသားက သူမဘက်ကို ကျောပေးထားပြီး၊ သူ၏ ဆံပင်တိုတိုမှာ သပ်ရပ်သန့်ရှင်းနေသည်။ အလင်းရောင်သည် သူ၏ ပြေပြစ်သော မျက်နှာသွင်ပြင်များပေါ်သို့ ကျရောက်နေသည်။ သူသည် ရေတစ်စည်ကို သွန်ချပြီးနောက် သန့်ရှင်းသော ရေတွင်းရေကို တစ်ဝက်ခန့် ပြန်ဖြည့်လိုက်သည်။ သူ မတ်တပ်ရပ်ပြီး သူမကို လှည့်ကြည့်လိုက်သောအခါ သူတို့၏ မျက်လုံးချင်း မထင်မှတ်ဘဲ ဆုံမိသွားသည်။
ကျန်းနျန် ခေတ္တမျှ လန့်သွားသည်။ သူခိုးကြည့်မိသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ချက်ချင်း ခေါင်းကို ငုံ့လိုက်ကာ၊ သူမတွင် ရှိသည့် တစ်ခုတည်းသော သပ်ရပ်သော ဖိနပ်ဖြစ်သည့် ဖာထေးထားသော အနက်ရောင် ဖိနပ်များကို စိုက်ကြည့်နေလိုက်သည်။
“မရီး”
လုယွီ၏ အသံသည် ခြံတစ်ဖက်မှ လာသည်။
ကျန်းနျန် နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။ လုယွီသည် ရေတွင်းဘေးတွင် ရပ်နေပြီး သူမကို စိတ်ချစေသော အပြုံးဖြင့် ပြုံးပြသည်။ “ဒီအိမ်မှာ ကျွန်တော်တို့ နှစ်ယောက်ပဲ ရှိတာပါ။ ကျွန်တော့်ရှေ့မှာ ဒီလောက် တည်တည်တံ့တံ့နေဖို့ မလိုပါဘူး။”
သူ ခေတ္တရပ်ပြီးမှ ဆက်ပြောသည်။ “မရီး ချက်တဲ့ ထမင်းက အရင်နေ့က အရမ်းကောင်းတယ်။ ပြီးတော့ မရီးရဲ့ အပြုံးက လှတယ်။”
ကျန်းနျန် ကြောင်အနေခဲ့ပြီး လုယွီ မီးဖိုချောင်ထဲသို့ ဝင်သွားမှသာ သတိပြန်ဝင်လာသည်။ သူမ စိုးရိမ်နေခဲ့သည်။ သူမ နေထိုင်ရန် ရည်ရွယ်ထားသဖြင့်၊ သူမ၏ ကိုယ်ရည်ကိုယ်သွေး အမူအရာများနှင့် မူလ ကျန်းနျန်အဖြစ် ဟန်ဆောင်နေခြင်းသည် နောက်ဆုံးတွင် ပေါ်သွားနိုင်သည်။ လုယွီ၏ စကားကြောင့် သူမသည် တဖြည်းဖြည်း ‘ပြောင်းလဲ’ ရန် ဆုံးဖြတ်လိုက်သည်။
လုယွီသည် သူ၏ အလုပ်များကို ပြီးစီးပြီးနောက် အဖွဲ့သို့ ထွက်ခွာသွားသည်။ ဘေးအိမ်က ဖန့်မိန်ကို ကျန်းနျန်အား စောင့်ကြည့်ပေးရန် ပြောခဲ့သည်။
အိမ်ထဲတွင် ကျန်းနျန်သည် ကုတင်ပေါ်တွင် လှဲလျောင်းနေသည်။ ပါးစပ်ထဲတွင် နို့သကြားလုံးတစ်ခုကို ငုံထားပြီး လက်များကို ခေါင်းနောက်တွင် ထားကာ ကြည်လင်သော မိုးပြာရောင် ကောင်းကင်ကို ကြည့်နေသည်။ သူမ၏ စိတ်သည် ပိုက်ဆံရှာရန် နည်းလမ်းများကို စဥ်းစားနေမိသည်။
ခြံအပြင်ဘက်မှ ခြေသံများက သူမ၏ အာရုံကို ဖမ်းစားလိုက်သည်။ ကျန်းနျန်သည် တံခါးဝသို့ လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် အရိပ်တစ်ခုသည် အလင်းရောင်နှင့် ဆန့်ကျင်ဘက်တွင် ရပ်နေသည်။ သူမက ဘယ်သူလဲဟု မေးခါနီးတွင် ထိုသူက အရင် စကားပြောလိုက်သည်။ “ကျွန်မ ဝင်လာလို့ ရမလား။”
၎င်းးသည် ရှု့ယန်၏ အသံပင်။
ရှု့ယန်က သူမကို ထပ်လာတွေ့သည်အား ကျန်းနျန် အံ့ဩသွားသည်။ သူမသည် ထိုင်ရာမှ ထကာ ခေါင်းအုံးကို မှီလိုက်ပြီး “ဝင်လာပြီး ထိုင်ပါ” ဟု ပြောလိုက်သည်။
ရှု့ယန်သည် ဝင်လာပြီး ကုတင်ဘေးရှိ ခုံငယ်လေးတွင် ထိုင်လိုက်သည်။ သူမသည် ကျန်းနျန်၏ ခေါင်းပေါ်ရှိ ပတ်တီးကို တစ်ချက်ကြည့်ပြီး “ခေါင်းက နာနေတုန်းပဲလား” ဟု စိုးရိမ်တကြီး မေးလာသည်။
ကျန်းနျန်က ပြုံးလိုက်သည်။ “နည်းနည်းပဲ။ ရက်အနည်းငယ်ကြာရင် ကောင်းသွားပါလိမ့်မယ်။”
သူမသည် ရင်းနှီးမှုတစ်ခုကို ခံစားရသည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် ယခင်ကလည်း ဤအခြေအနေကို ဖြတ်သန်းဖူး၏။
ရှု့ယန်သည် စကားပြောခြင်းကို ရပ်လိုက်ပြီး တိတ်ဆိတ်စွာ ထိုင်နေသည်။ အခန်းသည် ရုတ်တရက် အနေရခက်သော တိတ်ဆိတ်မှုသို့ ကျရောက်သွားသည်။ ရှု့ယန် အနေရခက်ခြင်း ရှိ၊ မရှိ ကျန်းနျန် မသေချာသော်လည်း သူမကတော့ သေချာပေါက် ခံစားရသည်။ တိတ်ဆိတ်စွာ ထိုင်နေပြီး တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေရသည်မှာ မသက်မသာ ဖြစ်စေသည်။
ရှု့ယန်သည် ယခင်က အတော်လေး ပျော်ပျော်နေတက်ပင်။ သူမသည် တပ်ရင်းဗိုလ်ကြီးလျိုနှင့် လက်ထပ်ပြီး ပထမနှစ် အနည်းငယ်အတွင်း ပျော်ရွှင်ခဲ့ပြီး လူများကို မြင်သောအခါ အမြဲတမ်း ပြုံးနေတတ်သည်။ သို့သော် လွန်ခဲ့သော နှစ်နှစ်က ကျန့်ဟုန် စစ်သည်များ၏ မိသားစုရပ်ကွက်သို့ ရောက်လာသောအခါ အရာအားလုံး ပြောင်းလဲသွားသည်။
ထိုအချိန်မှစ၍ ရှု့ယန်နှင့် သူမ၏ ခင်ပွန်းကြားတွင် မကြာခဏ ရန်ဖြစ်ခဲ့ရသည်။ ရှု့ယန်သည် လူအများနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီး ကျန့်ဟုန်၏ တမင်ရည်ရွယ်သော ရန်စမှုများကြောင့် စစ်သည်များ၏ ဇနီးသည်များစွာကို ရှု့ယန်အား ဆင်ခြင်တုံတရားမရှိသော၊ ခက်ခဲသော အမျိုးသမီးဟု ယုံကြည်စေခဲ့သည်။ ရလဒ်အနေဖြင့် သူမတွင် သူငယ်ချင်း အနည်းငယ်သာ ရှိပြီး သူမ၏ နေ့ရက်များကို အိမ်တွင် သူမ၏ ကလေးနှစ်ယောက်ကို တိတ်ဆိတ်စွာ ပြုစုစောင့်ရှောက်ရင်း ကုန်ဆုံးခဲ့သည်။
ကျန်းနျန်က တိတ်ဆိတ်မှုကို ဖြိုခွဲရင်း ပြောလိုက်သည်။“အစ်မဖန့်က ပြောပြလို့ ရှင် ဆေးရုံကို လာတွေ့တယ်ဆိုတာ သိပါတယ်”
သူမသည် သိသာထင်ရှားသည့်အရာကို မေးနေသည်အား သိသော်လည်း ၎င်းသည် စကားစရန် နည်းလမ်းတစ်ခုပင်။
ရှု့ယန်သည် သက်သာရာရသွားပြီး ခေါင်းအသာ ငြိမ့်လိုက်သည်။ “မင်း ဘယ်လောက်ထိ ဒဏ်ရာရသွားလဲဆိုတာ သိချင်လို့ပါ”
သူမ ခေတ္တရပ်ပြီး တိုးတိုးလေး ထပ်ပြောလိုက်သည်။ “မင်း ဘယ်တော့မှ မိုက်မဲတဲ့အလုပ် မလုပ်ရဘူး။ တကယ်လို့ မင်းသာ… ဆုံးပါးသွားခဲ့ရင် ကျန့်ဟုန်ကို ပျော်ရွှင်စေမှာပဲ။ မင်း သူမကို စိတ်နာစေဖို့အတွက်ပဲဖြစ်ဖြစ် ကောင်းကောင်းနေထိုင်ဖို့ လိုတယ်။”
ကျန့်ဟုန်ကို ဖော်ပြခြင်းသည် ရှု့ယန်အတွက် ရေကာတာတံခါးကို ဖွင့်လိုက်သကဲ့သို့ပင်။ သူမသည် လွန်ခဲ့သော နှစ်နှစ်တုန်းက ကျန်းဟုန်သည် လျိုချမ့်နှင့် မည်သို့ ပတ်သက်ခဲ့ကြောင်း စတင်ပြောဆိုလာပြီး နောက်ဆုံးတွင် မျက်ရည်ကျကာ လျိုချမ့်ကို ခင်ပွန်းကောင်း မဟုတ်ကြောင်း အပြစ်တင်ခဲ့သည်။ သူသည် သူ၏ ဇနီးနှင့် ကလေးများကို လျစ်လျူရှုပြီး ကျန့်ဟုန်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။
လျိုချမ့်သည် သူ၏ လစာအချို့ကို အိမ်သို့ ပြန်ပို့လေ့ရှိပြီး ကျန်သည့်ပိုက်ဆံကို ရှု့ယန်ကို စီမံခန့်ခွဲရန် ပေးလေ့ရှိသည်။ သူမက အများကြီး မဟုတ်ရင်တောင် သူမမိသားစုဆီ ကျေးဇူးတင်ကြောင်း ပြသသည့်အနေဖြင့် အနည်းငယ် ပို့ပေးလေ့ရှိသည်။
သို့သော် လွန်ခဲ့သော နှစ်နှစ်အတွင်း သူသည် ကျန့်ဟုန်အား တစ်ပိုင်းတစ်စ ပိုက်ဆံများ ပေးခဲ့ရာ စုစုပေါင်း ယွမ်ငါးဆယ် ရှိခဲ့သည်။ လျိုချမ့်သည် အိမ်သို့ ပိုက်ဆံအချို့ ပေးပို့နေသေးသော်လည်း ရှု့ယန်အတွက် အနည်းငယ်သာ ကျန်တော့သည်။ သူမသည် နှစ်နှစ်နီးပါး သူမ၏ ကိုယ်ပိုင်မိသားစုကို မထောက်ပံ့နိုင်ခဲ့ပေ။
ထို့အပြင် သူမ၏ ကလေးနှစ်ယောက်သည် ကျန့်ဟုန်၏ ကလေးကဲ့သို့ ကောင်းစွာ မစားရပေ။
သူမ၏ ခင်ပွန်းက ကျန့်ဟုန်နှင့် သူမ၏ ကလေးကို သွယ်ဝိုက်၍ ထောက်ပံ့နေသည်ဟု စဥ်းစားမိခြင်းမှာ ရှု့ယန်အား ဒေါသထွက်စေပြီး နာကျင်စွာ ငိုကြွေးစေခဲ့သည်။
ကျန်းနျန်သည် လျိုချမ့်ကို စဥ်းစားမိသည်နှင့် စိတ်ပျက်သွားမိသည်။ သူသည် ကျန့်ဟုန်၏ တောင်းဆိုမှုများကို ငြင်းဆန်ရန် အလွန် မာနကြီးလွန်းခြင်း သို့မဟုတ် တစ်ချိန်က သူ့ကို ငြင်းပယ်ခဲ့သော အမျိုးသမီးတစ်ဦး၏ အာရုံစိုက်မှုကို နှစ်သက်ခြင်း၊ သူ၏ အတ္တနှင့် မာနကို ကျေနပ်စေခြင်း ဖြစ်နိုင်သည်။