အခန်း (၂၂)
Vol. 3 Ch. 22
ရိက္ခာဂိုဒေါင်၌ ကျန်းနျန်သည် ငါးတစ်ကောင်၊ အသားကောင်း သုံးကျင်နှင့် အဆီပါတဲ့အသား နှစ်ကျင် ဝယ်လိုက်သည်။ အသားကောင်းက ထိုအချိန်တွင် အဆီပါသောအသားထက် ပိုစျေးသက်သာသည်။ သူတို့က ဝက်သတ်ပြီးနောက် ဆိုင်ရှင်နှင့် ဆုံခဲ့သဖြင့် လတ်ဆတ်သော ဝက်သွေးကို မြင်သည့်အခါ ကျန်းနျန် "ဝက်သွေး ရောင်းဖို့ရှိလား" ဟု မေးလိုက်၏။
ဝက်သွေးကို သေချာ ပြင်ဆင်မည်ဆိုပါက ဟင်းပွဲများစွာ ပြုလုပ်နိုင်ပြီး အဆိပ်အတောက် ဖယ်ရှားပေးသော အာနိသင်ရှိသည်။ သူမ၏ အဘိုးက ၎င်းကို ကြိုက်နှစ်သက်ပြီး သူမ၏ ဖခင်အား မကြာခဏ ချက်ခိုင်းလေ့ရှိသည်။
ဝက်သွေးကို တစ်စုံတစ်ယောက်က လိုချင်သည့်အတွက် ဆိုင်ရှင်မှာ အံ့အားသင့်သွားပြီး ပြောလိုက်သည်။ "ရောင်းပါတယ်။ ဘယ်လောက် လိုချင်လဲ"
ကျန်းနျန် "နှစ်ကျင်ယူမယ်" ဟု ပြန်ဖြေလိုက်သည်။
ရှု့ယန်ကမူ သူမ၏ လက်မောင်းကို ဆွဲပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဘာလို့ ဒီလောက် သွေးတွေနဲ့ဟာကို ဝယ်ရတာလဲ”
ကျန်းနျန် ပြုံးပြီး ပြောလိုက်၏။ "စားဖို့ပေါ့။ ငါ ချက်တဲ့အခါ နင် မြင်လိမ့်မယ်"
ရိက္ခာဂိုဒေါင်မှ ထွက်လာပြီးနောက် သူတို့ ဟင်းသီးဟင်းရွက်နှင့် ဟင်းခတ်အမွှေးအကြိုင်များ ဝယ်ရန် ဟင်းသီးဟင်းရွက်ဆိုင်ကို သွားခဲ့ကြသည်။ ကုန်စုံဆိုင်ဘေးက ဖြတ်သွားတုန်း ကျန်းနျန် တွေဝေသွားပြီးမှ ချက်ပြုတ်ရန်အတွက် အရက်ဖြူ တစ်ကျင်ဝက် ဝယ်လိုက်သည်။
ဤသည်မှာ လုယွီက ပထမဆုံးအကြိမ် ရဲဘော်များကို ညစာစားရန် ဖိတ်ခြင်းပင်။ လုယွီ၏ မရီး၊ အိမ်ထောင်ဦးစီးကိုယ်စားလှယ်အနေနှင့် ကျန်းနျန်သည် ကြွယ်ဝပြီး အရသာရှိသော နေ့လယ်စာကို ပြင်ဆင်ရန် အရေးကြီးသည်ဟု ခံစားရပြီး သူ့ကို မျက်နှာမငယ်ရအောင် သေချာစေခဲ့သည်။
အမျိုးသမီးနှစ်ယောက်က သူတို့၏ ပြည့်နေသော အိတ်များကို သယ်လာပြီး မီးဖိုချောင်ထဲ၌ ဝယ်ထားသည်များအား ထားလိုက်သည်။ ပင်ပန်းနွမ်းနယ်နေသော သူတို့ ခြံထဲက ခုံအသေးလေးများပေါ်တွင် ထိုင်လိုက်ကြသည်။ ရှု့ယန်က လက်ဖြင့် ယပ်ခတ်ရင်း ပြောလိုက်သည်။ "ဒီနေ့ တကယ် ပူတာပဲ"
"ငါ အိမ်ပြန်ပြီး ငါ့ကလေးတွေကို ပြောလိုက်ဦးမယ်၊ ပြီးရင် နင့်ကို ချက်ပြုတ်ရာမှာ လာကူမယ်" ရှု့ယန်က ပြောပြီး ထရပ်ကာ ထွက်သွားသည်။
ကျန်းနျန် ခေါင်းညိတ်ပြလိုက်သည်။ “ကောင်းပြီ။”
ရှု့ယန် ထွက်သွားပြီးနောက် ကျန်းနျန် အိမ်ထဲ ပြန်ဝင်ကာ ကျန်သောငွေနှင့် လက်မှတ်များကို သံပုံးထဲ ပြန်ထည့်လိုက်သည်။ သူတို့ ကုန်စုံပစ္စည်းများအတွက် ဆယ့်တစ်ယွမ် သုံးစွဲခဲ့ကြသည်။ ဆေးရုံတက်တုန်းက သူမ ယွမ်သုံးဆယ် ထုတ်ယူခဲ့ပြီး ယခု သူတို့တွင် ရှစ်ဆယ့်ကိုးယွမ် ကျန်နေသေးသည်။ ၎င်းသည် သူမနှင့် လုယွီ၌ ရှိသည့် ငွေ အားလုံးပင်။
လုယွီ အိမ်ကို ပို့လိုက်သော ငွေများကို သူမ၏ မိသားစုကသာ မယူခဲ့ပါက သူတို့ လေးနှစ်အတွင်း ယွမ်တစ်ထောင် စုဆောင်းနိုင်ခဲ့မှာ။ လုယွီသည် ၎င်းအား တစ်ခါမှ မပြောခဲ့သော်လည်း သူမ မမေ့ခဲ့ချေ။ အရင်က သူမသည် သူမ၏ မူလနေရာကို ပြန်သွားရန်သာ တွေးနေခဲ့ပြီး ဤကိစ္စများကို မဖြေရှင်းချင်ခဲ့ပေ။ သို့သော် ယခုအခါ အခြေအနေတွေ မတူတော့ချေ။
သူမ၏ မိသားစုက သူမဆီကနေ နှစ်ပေါင်းများစွာ ယူသွားခဲ့သော အရာအားလုံးကို ပြန်တောင်းရန် ဆုံးဖြတ်ထားသည်။
နေ့လယ်စာအတွက် ဧည့်သည် အများကြီး လာမှာဖြစ်သဖြင့် သူတို့ ပြင်ဆင်မှုများကို စောစော စတင်ရန် လိုအပ်၏။
ရှု့ယန် ပြန်ရောက်လာပြီး ကူညီပေးဟည့်အခါ ကျန်းနျန်ကမူ အသားများအား စတင်၍ တုံးကာ နယ်လိုက်၏။ ရှု့ယန်သည် ခြံထဲ၌ ငါးကို သန့်ရှင်းရေးလုပ်၊ အကြေးခွံခွာနေစဉ် ကျန်းနျန် ဝက်သွေးကိုလည်း ပြင်ဆင်လိုက်သည်။ ရုတ်တရက် သူတို့ အပြင်ဘက်မှ ဖန့်မိန်၏ အသံကို ကြားလိုက်ရသည်။
"အိုး၊ ငါသာ သိခဲ့ရင် ငါ့မိဘတွေဆီကနေ ရက်အနည်းငယ် စောပြီး ပြန်လာမှာ။ ဒါဆို နင့်ကို ကူညီနိုင်တာပေါ့”
ဖန့်မိန်က ဝင်လာသည်နှင့် အင်္ကျီလက်များကို ပင့်တင်ပြီး မီးဖိုချောင်ထဲမှာ သူတို့နှင့် ပူးပေါင်းလိုက်သည်။ "ငါ ငါ့အမေဆီကနေ အချဉ်ဖောက်ထားတဲ့ ဟင်းသီးဟင်းရွက်တချို့ ယူလာခဲ့တယ်။ တကယ် အရသာရှိတယ်”
သူမ အိမ်ရောက်ရောက်ချင်းမှာပင် သူမ၏ သားအကြီးဆုံး စုန့်ရှင်းတုန်က ဦးလေးလုက သူတို့ကို နေ့လယ်စာ စားရန် ဖိတ်ထားကြောင်း၊ သူတို့ အဲဒီမှာ နေ့လယ်စာ စားရလိမ့်မည်ဟု ပြောပြခဲ့သဖြင့် သူမ အလျင်အမြန် လာကူညီခဲ့တာပင်။
ကျန်းနျန် ပဲပြားများကို လှီးပြီး ပန်းကန်လုံးထဲ ထည့်ရင်း ပြောလိုက်သည်။ "ကျေးဇူးပါ အစ်မဖန့်"
မီးဖိုနားမှာ ထိုင်ပြီး ကြက်သွန်ဖြူ ခွာနေသော ရှု့ယန်က နောက်ပြောင်လိုက်သည်။ "အစ်မဖန့်က မမျှတဘူး၊ ကျန်းနျန်အတွက်ပဲ အချဉ်ဖောက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ ယူလာပြီး ငါ့အတွက် မယူလာဘူး”
ဖန့်မိန်က ရယ်ပြီး သူမကို ပြောလိုက်သည်။ "ရပါတယ်၊ ရပါတယ်၊ နင့်အတွက် နောက်မှ ယူလာခဲ့ပါ့မယ်”
ပြင်ဆင်မှု အများစု ပြီးစီးသွားသောအခါ လုယွီ အိမ်ပြန်ရောက်လာခဲ့သည်။
သူသည် သူ့မရီးအား နေ့လယ်စာ ပြင်ဆင်မှု၌ ကူညီရန် ရည်ရွယ်ပြီး စောစော ပြန်လာခဲ့ခြင်းပင်။ သူ ခြံထဲ ဝင်လာသည့်အခါ အမျိုးသမီး သုံးယောက် မီးဖိုချောင်ထဲ၌ စကားပြောနေသံကို ကြားလိုက်ရသည်။ ကျန်းနျန်၏ အသံမှာ ကြည်လင်ပြီး ချိုမြနေကာ သူ မကြားဖူးသော ပေါ့ပါးသည့် ခံစားချက်နှင့် ပြည့်နှက်နေသည်။
ရေတွင်းဘေးမှာ ရပ်နေသော လုယွီသည် ပြတင်းပေါက်ကနေ ကျန်းနျန် အစ်မဖန့်နှင့် စကားပြောနေသည်အား ကြည့်နေခဲ့သည်။ မီးဖိုချောင်က ပူသည့်အတွက် သူမ၏ ပါးပြင်တွင် အနည်းငယ် ချွေးစေးများ ထွက်နေပြီး နဖူးက ဆံပင်များမှာ နားထင်၌ ကပ်နေသည်။ သူမ၏ မျက်နှာက ပန်းရောင်သမ်းနေပြီး အပြုံးကမူ သူမ၏ မျက်လုံးများအား ဆွဲဆောင်မှုရှိသော လခြမ်းပုံစံအဖြစ် ကွေးသွားစေသည်။ အစ်မဖန့် ပြောလိုက်သော စကားက ဘာပဲဖြစ်ဖြစ် ကျန်းနျန်အား ကျယ်ကျယ်လောင်လောင် ရယ်မောစေပြီး သူမ၏ သွားဖြူဖြူများကို ပေါ်စေခဲ့သည်။
ဤသည်မှာ လုယွီ ပထမဆုံးအကြိမ် သူ့မရီး ပေါ့ပေါ့ပါးပါးနှင့် ရိုးရိုးသားသား ပျော်ရွှင်နေသည်ကို မြင်ဖူးခြင်းပင်။
“လက်ထောက်တပ်ရင်းမှူးလု ပြန်လာပြီ”
မီးမွှေးနေသော ရှု့ယန်က လှည့်ကြည့်လိုက်ပြီးနောက် ရေတွင်းဘေးမှ လုယွီအား တွေ့လိုက်ရသည်။
ကျန်းနျန် ကြားလိုက်သည့်အခါ မော့ကြည့်လိုက်ပြီး လုယွီ လက်ဆေးနေတာကို တွေ့လိုက်ရသည်။ သူ ကူညီရန် ရည်ရွယ်ပြီး မီးဖိုချောင်ထဲ ဝင်လာခဲ့သော်ငြား အစ်မဖန့်က သူ့ကို လက်ဝှေ့ယမ်းပြခဲ့သည်။ "ကျွန်မတို့ ဒီမှာ အားလုံး ထိန်းချုပ်ထားပါတယ်။ ရှင် ဝင်လုပ်စရာ မလိုပါဘူး”
ထို့အပြင် ယောက်ျားတစ်ယောက် ရှိနေသည်က သူတို့၏ စကားပြောဆိုမှုကို အခက်တွေ့စေလိမ့်မည်။ အစ်မဖန့်ကမူ ရှု့ယန်နှင့် လျိုချမ့်တို့၏ မကြာသေးခင်ရက်များအကြောင်း ပိုကြားချင်နေဆဲဖြစ်ပြီး ရှု့ယန်၏ ခင်ပွန်းအပေါ် အံ့ဖွယ်ကောင်းစွာ အလုပ်ဖြစ်ခဲ့သော ကျန်းနျန်၏ အကြံဉာဏ်ကို အံ့သြနေခဲ့သည်။ သူမ တစ်နေ့ကျရင် သူမ၏ ခင်ပွန်းအပေါ်မှာလည်း စမ်းကြည့်ရန် တွေးခဲ့သည်။
လုယွီကို မီးဖိုချောင်၌ မလိုအပ်တော့သဖြင့် တပ်ရင်းမှူးစုန့်နှင့် တပ်ရင်းဗိုလ်ကြီးလျိုတို့၏ အိမ်များကို သွားပြီး ခုံရှည်များနှင့် စားပွဲများ ငှားလိုက်သည်။ ၎င်းမှာ မလုံလောက်ဘူးဟု ခံစားရသောကြောင့် တခြား အိမ်နီးချင်းအိမ်ကို သွားကာ နောက်ထပ် စားပွဲတစ်လုံးနှင့် သစ်သားခုံရှည် နှစ်လုံး ထပ်ငှားခဲ့သည်။
ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်သောအခါ ကျန်းနျန်က စတင် ချက်ပြုတ်သည်။ သူမက အဆီကို အရင်ဆုံး ကျိုလိုက်သည့်အခါ မီးဖိုချောင်ထဲ၌ အရသာရှိသော ရနံ့များနှင့် ပြည့်နှက်သွားပြီး အစ်မဖန့်မှာ သွားရည်ကျလာ၏။ သူမက ကောင်တာပေါ်တွင် သပ်သပ်ရပ်ရပ် စီစဉ်ထားသော ပါဝင်ပစ္စည်းများကို ကြည့်ပြီး ချီးကျူးခဲ့သည်။ "ကျန်းနျန်၊ နင် တကယ်တော်တာပဲ။ အရောင်တွေကြည့်ရုံနဲ့တင် အရသာရှိနေပြီ၊ အရသာအကြောင်း ပြောစရာကို မလိုတော့ဘူး"
မွှေးကြိုင်သော ချက်ပြုတ်နံ့ကို ရှူရှိုက်နေသည့် ရှု့ယန်ကလည်း "မွှေးလိုက်တာ" ဟု ပြောလျက် သဘောတူခဲ့သည်။
ကျန်းနျန် ကျိုးနွံစွာ ပြုံးပြလိုက်သည်။
နေ့လယ်စာစားချိန် နီးကပ်လာသည့်အခါ ဟင်းပွဲများကလည်း နောက်ဆုံးတွင် အဆင်သင့်ဖြစ်နေပြီပင်။ ပန်းကန်များ မလုံလောက်သောကြောင့် အစ်မဖန့်နှင့် ရှု့ယန်တို့က အိမ်ပြန်ပြီး ထပ်ယူခဲ့ကြသည်။ ကျန်းနျန်သည် အသားဟင်းနှင့် ဟင်းသီးဟင်းရွက်ဟင်းများစွာ၊ ငါးပေါင်း၊ ငရုတ်သီးနှင့် ဝက်အူကြမ်းကြော်၊ အသားနှစ်ထပ်ချက်၊ ကလေးများအတွက် ကြက်သားအစပ်အစား ကြက်သားပန်းကန်လုံးကြီးနှင့် သွေးစွပ်ပြုတ်အစပ် ပန်းကန်လုံးကြီး တစ်လုံးကို ပြင်ဆင်ထားသည်။ မွှေးလှသော ရနံ့က လေထဲမှာ ပြန့်နှံ့နေပြီး လူတိုင်း၏ ပါးစပ်ကို သွားရည်ယိုစေသည်။
"ဘုရားရေ၊ ငါ ဒီလောက် ခမ်းနားတဲ့ ပွဲကို တစ်ခါမှ မမြင်ဖူးဘူး" အစ်မဖန့်က သွေးစွပ်ပြုတ်အစပ်ကို ကြည့်ပြီး ပြောခဲ့သည်။ ကျန်းနျန်က ဝက်သွေးကို ဤမျှ အရသာရှိသော အရာတစ်ခုအဖြစ် ပြောင်းလဲနိုင်သည်အား သူမ အံ့သြနေမိသည်။ ရှု့ယန်ကလည်း အလားတူ အံ့အားသင့်သွားပြီး ရွာ၏ နှစ်ပတ်လည် ဝက်သတ်ပွဲ၌ အသားဝေစု အနည်းငယ်သာ ရခဲ့ဖူးပြီး ဝက်သွေးကို တစ်ခါမှ မစားဖူးကြောင်း ဝန်ခံသည်။
ခြံထဲ၌ စားပွဲ သုံးလုံးကို ပြင်ဆင်ထားသည်။ ယောက်ျားတွေအတွက် တစ်လုံး၊ အမျိုးသမီးများအတွက် တစ်လုံးနှင့် ကလေးများအတွက် တစ်လုံး။ ကျန်းနျန်က ဟင်းပွဲများကို ခွဲလိုက်ပြီး အစ်မဖန့်နှင့် ရှု့ယန်က ၎င်းတို့ကို ဝေငှပေးသည်။ အစ်မဖန့်နှင့် ရှု့ယန်၏ ကလေးများ ရောက်လာပြီး အရသာရှိသော အနံ့၏ ဆွဲဆောင်ခံရကာ ခြံထဲ၌ ဆော့ကစားရင်း ထမင်းစားရန် စောင့်နေကြသည်။
"လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီးက အဝေးကနေတောင် အနံ့မွှေးတဲ့ တစ်ခုခုကို ချက်ထားတာ”
"ဟုတ်တယ်၊ ဗိုက်ဆာလာအောင် လုပ်နေတာ”
တပ်ရင်းမှူးစုန့်နှင့် တပ်ရင်းဗိုလ်ကြီးလျိုတို့ ရောက်လာပြီးနောက် ကျူးကျွင်း၊ တပ်ရင်းဗိုလ်ကြီးလုနှင့် ဟဲယုံတို့ မိသားစုအတူ လိုက်လာကြသည်။ ဟဲယုံ၏ မိသားစုမှာ ခုနစ်နှစ်အရွယ် ဟဲဟွားဟုခေါ်သော သမီးတစ်ယောက်နှင့် ခြောက်နှစ် ပြည့်ပြီးစ ဟဲရှုဟုခေါ်သည့် သားတစ်ယောက် ပါဝင်သည်။ ခန့်ရှို့၊ ဟဲယုံ၏ ဇနီးသည် ဝင်လာသည်နှင့် သူမ ဖန့်မိန်ကို ရှာပြီး ဟဲဟွာအား ဟဲရှုကို ခေါ်ပြီး အပြင်မှာ သွားဆော့ခိုင်းလိုက်သည်။
ဟဲရှုကမူ တခြား ယောက်ျားလေးများနှင့် သွားဆော့ရန် ဟဲဟွာလက်ကို လွှတ်လိုက်သည်။ ယောက်ျားလေးများကြားထဲက တစ်ဦးတည်းသော မိန်းကလေးဖြစ်သည့် ဟဲဟွာကမူ သစ်ပင်နားမှာ ရပ်ပြီး သူတို့ ဆော့တာကို ကြည့်နေသည်။ ကျန်းနျန် သူမကို သတိထားမိပြီး ပြုံးပြလိုက်သောအခါ ဟဲဟွာက ရှက်ရွံ့စွာဖြင့် ပြန်ပြုံးပြခဲ့သည်။
ကျန်းနျန်လည်း ပြုံးပြီး ဖန့်မိန်နှင့် စကားပြောရန် အကြောင်းအရာ ရှာနေသော ခန်ရှို့အား ကြည့်လိုက်သည်။ ကျန်းနျန် အခြေစိုက်စခန်းကို ပထမဆုံး လာရောက်တုန်းက ခန်ရှို့အား မှတ်မိနေခဲ့သည်။ ခန်ရှို့သည် အဲဒီတုန်းက သူမနှင့် လုယွီကို လှောင်ပြောင်ခဲ့ဖူး၏။ ယခုအခါ သူမ သမီးကို တစ်ယောက်တည်း ထားခဲ့သဖြင့် ကျန်းနျန် သူမအပေါ် သိပ်ပြီး အထင်ကြီးလေးစားမှု မရှိတော့ချေ။
လုယွီကမူ တပ်ရင်းမှူးစုန့်နှင့် တခြားသူများကို ထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ တပ်ရင်းမှူးစုန့်သည် စားပွဲပေါ်က ပေါများလှသည့် အစားအစာများကို မြင်သောအခါ အံ့အားသင့်သွားပြီး "ဘုရားရေ၊ ဒီလောက် ခမ်းနားတဲ့ ပွဲကြီး" ဟု အာမေဋိတ်ပြုလိုက်သည်။
စားပွဲပေါ်၌ ငါးများ၊ အသားများနှင့် ပြည့်နေပြီး လူတိုင်းကမူ ထိုအစားအစာများအတွက် မည်မျှ ကုန်ကျမည်နည်းဟု တွေးကာ နာကျင်နေကြသည်။ လုယွီ၏ မရီးက တကယ်ကို ရက်ရောသည်။
ကျန်းနျန် တပ်ရင်းဗိုလ်ကြီးလျိုနှင့် တပ်ရင်းဗိုလ်ကြီးလုတို့ ခွဲပြီး ထိုင်နေသည်ကို သတိထားမိလိုက်သည်။ ဟဲယုံနှင့် ကျူးကျွင်းက သူတို့ကြားမှာ ထိုင်ပြီး နောက်ထပ် တပ်မှူးနှစ်ဦးလည်း ပါဝင်သည်။ ဤနေရာ၌ ရှိသင့်သော လူတိုင်း ရောက်လာခဲ့သော်ငြား ကျန့်ဟုန်တော့ မပါချေ။
ကျန်းနျန် နောက်ထပ် တူများ ယူရန် မီးဖိုချောင်ကို သွားပြီး လုယွီ မီးဖိုချောင်ထဲ ဝင်လာသည်ကို မြင်လျှင် သူမ မေးလိုက်သည်။ "ဘာလို့ မစားတာလဲ”
လုယွီ အပူကြောင့် မျက်နှာနည်းနည်း နီနေသော ကျန်းနျန်အား သတိထားမိပြီး သူမ၏ လက်ထဲက တူများကို ယူလိုက်သည်။
"မရီး မနက်တိုင်း အလုပ်ရှုပ်နေတာ။ အရင်သွားစားလိုက်ပါ။ ကျွန်တော် တူတွေ ယူသွားပေးလိုက်မယ်”
လုယွီက ထိုနေရာ၌ ရပ်နေသောကြောင့် မီးဖိုချောင်က ပိုပြီး ကျဉ်းကျပ်နေသကဲ့သို့ ခံစားရသည်။ သူ၏ အရပ်အမြင့်နှင့် ကိုယ်လုံးကိုယ်ထည်က နေရာကို ကျဉ်းမြောင်းနေစေသည်။ ကျန်းနျန် ချောင်းအသာဟန့်ပြီး ခေါင်းငုံ့ကာ ညင်သာစွာ ပြောလိုက်သည်။ "ကောင်းပြီ”
သူမ အစ်မဖန့်နှင့်အတူ ရှိစဉ်က ပေါ့ပေါ့ပါးပါး အပြုအမူနှင့် အရမ်းကွဲပြားသော ပုံမှန် ထိန်းထိန်းသိမ်းသိမ်း ပုံစံကို ပြန်ပြောင်းသွားသည်အား မြင်လိုက်ရလျှင် လုယွီ တူများကို ပိုတင်းတင်း ဆုပ်ကိုင်လိုက်သည်။ "မရီး အစ်မဖန့်နဲ့အတူ ရှိသလိုမျိုး ကျွန်တော့်ကိုလဲ ပုံမှန်အတိုင်း ဆက်ဆံနိုင်ပါတယ်။ ကျွန်တော်တို့က မိသားစုတွေပဲ”
ကျန်းနျန် ခဏတာ အံ့အားသင့်သွားသည်။ လုယွီသည် နှစ်လှမ်းသာ ဝေးသည့်နေရာမှာ ရှိနေပြီး သူမက ထိုသူ၏ အကြည့်ကို ဆုံရန် မော့ကြည့်ရသည်။ အနှီးသူစ မျက်လုံးနက်များထဲက စိုးရိမ်ပူပန်မှုနှင့် မျက်ခုံးများ အနည်းငယ် တွန့်ချိုးနေသည်ကို မြင်လိုက်ရသောအခါ သူမ ခေါင်းအသာညိတ်ပြီး ပြုံးလိုက်သည်။ "သိပါပြီ”
လုယွီ သူမ၏ အပြုံးကြောင့် ခဏတာ ဆွဲဆောင်ခံလိုက်ရသည်။ မီးဖိုချောင် အပြင်ဘက်က ဖန့်မိန်က လှမ်းခေါ်လိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလု၊ ဘာလို့ မစားသေးတာလဲ"
သူမ မီးဖိုချောင်ပတ်လည်ကို လှမ်းကြည့်လိုက်သည်။ လုယွီ လှည့်လိုက်သည်အထိ ကျန်းနျန်အား မမြင်ရချေ။ ကျန်းနျန်၏ ခေါင်းက ချောင်းကြည့်နေသည်။ "အစ်မဖန့်၊ ကျွန်မ တူတွေ ယူနေတာ”
ဖန့်မိန် ခဏတာ စကားမပြောနိုင်ဖြစ်သွားသည်။ လုယွီ၏ ရှည်လျားတောင့်တင်းသည့် ကိုယ်လုံးက ကျန်းနျန်အား လုံးဝ ကွယ်ဝှက်ထားခဲ့တာ။
ခြံထဲမှာ စားပွဲ သုံးလုံးက သူ့နည်းသူ့ဟန်နှင့် ရွေ့လျားနေသည်။ ယောက်ျားများက စစ်ရေးကိစ္စတွေ ဆွေးနွေးကြသည်။ ကလေးများမှာ ဆူဆူညံညံနှင့် အစားအစာများအတွက် ယှဉ်ပြိုင်နေကြသည်။ အမျိုးသမီးများ၏ စားပွဲက ပိုတိတ်ဆိတ်နေပြီး ဖန့်မိန်နှင့် ရှု့ယန်သာ စကားပြောနေကြသည်။ ခန့်ရှို့မှာ တစ်ခါတစ်ရံ ပါဝင်သော်ငြား တခြားသူများကမူ တိတ်ဆိတ်စွာ စားသောက်နေကြသည်။
ခန့်ရှို့ ကျန်းနျန်အား လှမ်းကြည့်လိုက်သည်။ သူမက ပထမဆုံး တွေ့တုန်းကထက် ပိုပြီး ကြည့်ကောင်းနေတာကို သတိထားမိသည်။ အဲဒီတုန်းက ကျန်းနျန်သည် ပိန်ညှပ်ညှပ်နှင့် တိတ်ဆိတ်နေခဲ့သော်လည်း ယခုအခါ သူမက တစ်ခါတစ်ရံ ပြုံးတတ်ပြီး သူမ၏ ဖြူဖွေးသော အသားအရေက တောက်ပနေသည်။ ခန်ရှို့ အနည်းငယ် မနာလိုဖြစ်သွားမိသည်။ မုဆိုးမတစ်ယောက်က ဘာလို့ ဒီလောက် လှပနေရတာလဲ။
စားနေတုန်း ဖန့်မိန်ကမူ တပ်ရင်းမှူးစုန့်၏ မိသားစုအကြောင်း ပြောလာသည်။ တပ်ရင်းမှူးစုန့်၏ ဒုတိယ ဦးလေး၏ သားအငယ်ဆုံး စုန့်ပိုင်သည် လက်ထောက်တပ်ရင်းမှူးလုနှင့် အသက်အတူတူလောက်ရှိပြီး အိမ်ထောင်မပြုရသေးကြောင်း သူမက ပြောသည်။ သူမ ကျန်းနျန်ကို စုန့်ပိုင်နှင့် တွဲပေးလိုက်လျှင် ကောင်းသော အကြံဖြစ်နိုင်သည်ဟု တွေးခဲ့သည်။ ကျန်းနျန်က လှပတယ်၊ ကြင်နာတယ်၊ အရည်အချင်းရှိပြီး ကလေးလဲ မရှိဘူး။
သူမက တပ်ရင်းမှူးစုန့်အား လှမ်းခေါ်လိုက်သည်။ "ဟေး၊ လောင်စုန့်၊ စုန့်ပိုင် အခြေအနေ ဘယ်လိုလဲ။”
လုယွီနှင့် မနက်ဖြန်အတွက် အစီအစဉ်များ ဆွေးနွေးနေသော တပ်ရင်းမှူးစုန့်က စိတ်မရှည်စွာ ပြန်ဖြေခဲ့သည်။ "အရင်အတိုင်းပဲ”
ဖန့်မိန်က ဆက်ပြောသည်။ "ကျွန်မသာ စုန့်ပိုင်အတွက် သတို့သမီး ရှာပေးရင် ရှင် စဉ်းစားကြည့်မလား။”
တပ်ရင်းမှူးစုန့် လှမ်းကြည့်လိုက်သောအခါ ဖန့်မိန်က ကျန်းနျန်၏ ပခုံးကို ပုတ်ပြီး ပြုံးလိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီးကို ဘယ်လိုမြင်လဲ။”
ထိုခဏ၌ စားပွဲတစ်ခုလုံး စိတ်မသက်မသာဖြစ်ကာ တိတ်ဆိတ်သွားခဲ့သည်။
လူကြီးများ စကားပြောရပ်သွားကြပြီးနောက် ဆူညံနေသည့် ကလေးများကလည်း အလိုက်တသိ တိတ်ဆိတ်သွားကြသည်။
ကျန်းနျန် သူမ၏ တူဖြင့် ကိုင်ထားသော တိုဟူးတစ်ဖတ်သည် 'ဖုတ်' ခနဲ မြည်ကာ စားပွဲပေါ်သို့ ပြုတ်ကျသွားပြီး သူမ၏ မျက်ခွံများမှာ မထိန်းနိုင်ဘဲ တဆတ်ဆတ်လှုပ်သွားသည်။
ဘာတွေဖြစ်နေတာလဲ။
ဒီထမင်းဝိုင်းက လုယွီ သူ့ရဲဘော်တွေကို ဧည့်ခံတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် သူမနဲ့ ပတ်သက်လာတာလဲ။
တပ်ရင်းမှူးစုန့်က ခေါင်းမော့ကာ မျက်နှာတင်းမာစွာဖြင့် ဖန့်မိန်အား စူးစိုက်ကြည့်လိုက်သည်။ "ဘာတွေ သွားဖန်တီးပေးဖို့ ကြိုးစားနေတာလဲ။ ထမင်းစား။”
အရင်တစ်ခေါက်တုန်းကလည်း လက်ထောက်တပ်ရင်းမှူးလု၏ မရီးကို သွားဖန်တီးပေးချင်ခဲ့သေးသည်။ သူမကို အကြိမ်အနည်းငယ် ဆူပူခဲ့ပြီးနောက် သူမ ငြိမ်သွားပြီလို့ ထင်ခဲ့တာ။ မမျှော်လင့်ဘဲ ယနေ့ လူအများကြီးရှေ့မှာ ထပ်ပြီး ဒီအကြောင်းကို ဆွဲသွင်းလာ၏။ အခုကျတော့ လက်ထောက်တပ်ရင်းမှူးလု၏ မရီးကို သူ့ဝမ်းကွဲနှင့် စီစဉ်ပေးချင်နေပြန်ပြီတဲ့လား။
လက်ထောက်တပ်ရင်းမှူးလု၏ မရီးက မုဆိုးမဖြစ်တာကို ဖယ်ထားဦး၊ သူ့ဝမ်းကွဲ စုန့်ပိုင်၏ စရိုက်က ဘယ်လိုမို့လို့လဲ။ လက်ထပ်ပြီးနောက် အိမ်ထောင်တည်ငြိမ်နိုင်တဲ့သူလား။ သူက နယ်စပ် စစ်မြေပြင်ကို သွားဖို့ပဲ အမြဲတွေးနေတာ။ ကိုယ့်ဝမ်းကွဲကို ကိုယ်တိုင် စကားမစပ်ချင်ပေမဲ့ လက်ထောက်တပ်ရင်းမှူးလု၏ မရီးကသာ စုန့်ပိုင်အား တကယ်လက်ထပ်လိုက်လျှင် တစ်နေ့နေ့…
တပ်ရင်းမှူးစုန့်ကမူ အသက်ရှူလိုက်ပြီး ဖန့်မိန်ကို ထပ်ကြည့်ကာ "ထမင်းစား။”
ဖန့်မိန် -.....
"ကောင်းပါပြီ၊ စားမယ်။ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ။”
ဖန့်မိန်က တီးတိုးရေရွတ်ရင်း ခေါင်းငုံ့ကာ ဝက်သွေးခဲကို တူဖြင့် ထိုးဆွနေသည်။ သူမက ကျန်းနျန်ဘက် လှည့်ကာ မေးလိုက်သည်။ "မင်း ဘယ်လို ထင်လဲ။ စုန့်ပိုင်ကို ပြီးခဲ့တဲ့နှစ်က စစ်ခရိုင်ခွဲတစ်ခုကို ပြောင်းရွှေ့ခဲ့ပြီး အခု လက်ထောက်တပ်ရင်းမှူး ဖြစ်နေပြီ။ သူတော်တော် အရည်အချင်း ရှိတယ်နော်။”
ရှု့ယန်က ဝင်ပြောလိုက်သည်။ "လက်ထောက်တပ်ရင်းမှူးစုန့်... ဟို မဟုတ်ပါဘူး၊ အခုတော့ လက်ထောက်တပ်ရင်းမှူးစုန့်လို့ ခေါ်ရမှာပေါ့၊ တော်တော် ရုပ်ချောတာ”
ကျန်းနျန် - ...
သူမသည် မလုံမလဲဖြင့် ယဉ်ကျေးသော အပြုံးကို ပြုံးပြလိုက်သည်။ "အစ်မဖန့်၊ စေတနာကို ကျေးဇူးတင်ပါတယ်။ ကျွန်မ ကိုယ့်အတွက် ဘာမှ အစီအစဉ် မရှိသေးပါဘူး။ လုယွီရဲ့ ဘဝတစ်သက်တာ ကိစ္စတွေကို အရင် ပြီးမြောက်အောင် လုပ်ပါရစေဦး။ ပြီးရင် သုံးနှစ်ကြာမှ ကျွန်မ စဉ်းစားပါ့မယ်”
ထိုစကားကို ကြားသောအခါ ဖန့်မိန် သက်ပြင်းချလိုက်သည်။ "ကောင်းပါပြီလေ”
သူမလည်း အနည်းငယ် အလျင်စလို ဖြစ်သွားသည်ဟု ခံစားမိသည်။ ဘာပဲ ဖြစ်ဖြစ် ဤအမျိုးသမီး၏ ခင်ပွန်းက ဆုံးပါးတာ မကြာသေးဘူးလေ။ ထိုသို့ တွေးလိုက်သောအခါ သူမသည် ဟိုဘက်က လုယွီအား ခိုးကြည့်လိုက်သည်။ သူက လောင်စုန့်နှင့် စကားပြောနေပြီး သူ့မျက်နှာက တည်ငြိမ်နေကာ ဘာကိုမျှ ဖတ်လို့မရပေ။