အခန်း (၂၃)
Vol. 3 Ch. 23
ခန်ရှို့ကမူ ဖန့်မိန်၏ စကားကို ကြားပြီးနောက် ကျေးရွာမှာရှိသော သူမ၏ညီမကို သတိရသွားသည်။ ဒီနှစ်လည်း အိမ်ထောင်မပြုသေးဘူး။ တပ်ရင်းမှူးစုန့်၏ ဝမ်းကွဲနှင့်သာ စီစဉ်ပေးလို့ရလျှင် သူမ၏ညီမက လက်ထောက်တပ်ရင်းမှူး ဇနီး ဖြစ်လာလိမ့်မည်။ သူမကလည်း လက်ထောက်တပ်ရင်းမှူး၏ မရီးဖြစ်လာမည်ပင်။
ထိုသို့တွေးပြီးနောက် ခန့်ရှို့သည် ဖန့်မိန်ကို ခိုးကြည့်လိုက်ပြီး နောက်ရက် တစ်ရက်မှာ သူမကို စကားပြောနိုင်မည့် အခွင့်အရေးရှာရန် စီစဉ်လိုက်သည်။
ထို့ကြောင့် ခန့်ရှို့သည် အားရပါးရ စားလိုက်ပြီး အသားများကို ပါးစပ်ထဲ အပြည့်ထိုးထည့်လိုက်သည်။ သူ့မိသားစုက တစ်နှစ်ပတ်လုံး အသားကို သိပ်မစားရချေ၊ စားချင်လျှင်တောင် မဖြစ်နိုင်။ ဒါ့အပြင် ဤမုဆိုးမ၏ ဟင်းချက်လက်ရာမှာမူ တကယ်ကို အရသာရှိ၏။ သူမက ကလေးစားပွဲမှာ ရှိသော ဟဲဟွာဘက်ကို လှည့်ပြီး ပြောလိုက်သည်။ "နင့်မောင်ကို ကြည့်ပြီး အသားများများ ကျွေး”
ထိုသို့ပြောပြီးနောက် သူမသည် ဟဲဟွာအား မျက်စောင်းထိုးလိုက်သည်။
ဟဲဟွာက သူမ၏ တူကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး လိမ္မာစွာ ခေါင်းညိတ်သည်။ "နားလည်ပါပြီ”
မိခင်၏ စကားကြောင့် ဟဲရှုကမူ ပိုပြီး ပူဆာလာသည်။ ဟဲဟွားကို ဒီအသားတစ်ဖဲ့နှင့် ဟိုအသားတစ်ဖဲ့ ပေးရန် ညွှန်ကြားနေတော့သည်။ နောက်ဆုံးတော့ ဟဲဟွာကမူ ဘာမျှ မစားရသလောက်ဖြစ်ပြီး ဟဲရှုမှာ ဗိုက်ပင် ပြည့်လွန်းသဖြင့် ဖောင်းကြွနေသည်။
ဖန့်မိန် ခန်ရှို့ကို မျက်စောင်းထိုးလိုက်သည်။ ထိုသို့သော မိန်းမမျိုးကို ဂရုစိုက်ရန် မလိုအပ်ဘူးဟု ထင်သည်။
ကျန်းနျန် ခေါင်းလှည့်ပြီး ဟဲဟွာကို ကြည့်လိုက်သည်။ ထိုကလေးမလေးသည် တိတ်ဆိတ်စွာ ထိုင်နေပြီး သူမ၏ ပန်းကန်ထဲက လက်ကျန်များကို စားနေသည်။ သူမ၏ မျက်နှာက သစ်သားရုပ်ပမာ ခံစားချက်မဲ့နေသည်။ ဤခေတ်၌ အမျိုးသမီးထက် အမျိုးသားကို တန်ဖိုးထားသော မိသားစုများမှာ အတော်များလှသည်။
ထမင်းစားပြီးနောက် တပ်ရင်းမှူးစုန့်နှင့် အခြားသူများ ထွက်ခွာသွားကြသည်။
ကျန်းနျန် ပန်းကန်များကို သိမ်းဆည်းနေစဉ် လုယွီ၏ အကြည့်က သူမပေါ်ကို ခေတ္တမျှ ဝေ့ဝဲသွားသည်အား ခံစားလိုက်ရသည်။
သူမသည် ပန်းကန်များကို ထပ်ပြီး ကိုင်ထားစဉ် ရှည်လျားသွယ်လျသော လက်တစ်စုံက သူမရှေ့သို့ ရောက်လာခဲ့သည်။
“ကျွန်တော် လုပ်လိုက်ပါ့မယ်။”
လုယွီက ပန်းကန်များကို ယူလိုက်ပြီး ကျန်းနျန်အား ကြည့်လိုက်သည်။ သူမက စားပွဲကို အဝတ်နှင့် သုတ်နေသည်ကို မြင်သည့်အခါ ခဏတာ တွေဝေသွားပြီးမှ ပြောလိုက်သည်။ "မရီး”
ကျန်းနျန် သူမ လုပ်နေသည်များကို ခေတ္တရပ်ပြီး သူ့ကို မော့ကြည့်လိုက်သည်။ "ဟမ်”
လုယွီနှင့် သူမကြားတွင် စားပွဲတစ်လုံး ခြားနေသည်။ သူက အလင်းရောင်ကို ကျောပေး ရပ်နေပြီး ကျန်းနျန်ကမူ နေရောင်ခြည်ဒဏ်ကို ခံရင်း မျက်လုံးကို မှေးကြည့်နေရသည်။ ထိရောက်မှု မရှိတာကြောင့် သူမသည် မျက်လုံးကို ကွယ်ရန် လက်မြှောက်လိုက်ပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။”
လုယွီသည် သူ့နှုတ်ခမ်းကို စေ့ပြီး သူ့မျက်လုံးက ကျန်းနျန်၏ မျက်နှာပေါ် စက္ကန့်အနည်းငယ် ကြာအောင် တဝဲဝဲလုပ်နေသည်။ ထို့နောက်မှ အကြည့်လွှဲသွားသည်။ "အိမ်ထောင်ပြုဖို့ အလျင်လိုစရာ မလိုပါဘူး။ ကျွန်တော် ထောက်ပံ့ပေးနိုင်ပါတယ်”
ထိုသို့ပြောပြီးနောက် သူက ပန်းကန်တွေကို ယူပြီး ထွက်သွားသည်။
ကျန်းနျန် - ???
ဘယ်သူကများ သူမ အလျင်လိုနေပါတယ် ပြောလို့တုန်း။
ကျန်းနျန် အဝတ်စုတ်ကို တင်းတင်းဆုပ်ကိုင်ရင်း စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းကို ကိုက်လိုက်ပြီး စားပွဲကို တောက်ပြောင်သွားသည်အထိ ဒေါသတကြီး ပွတ်တိုက်လိုက်သည်။
နေ့လယ်စာ စားချိန်တွင် လက်ထောက်တပ်ရင်းမှူးလု၏ အိမ်က အစားအစာရနံ့က စစ်တပ်မိသားစုတိုက်ခန်းတစ်ခုလုံးကို သင်းပျံ့စေသည်။
ကျန့်ဟုန်သည် သူ့သား၏ လက်ကို ကိုင်ထားပြီး အနံ့ကို မေ့ထားရန် ကြိုးစားလိုက်သည်။ သူမသည် ဗီရိုထဲက သရက်သီးမုန့်ကြွပ်တစ်ဖဲ့ကို ယူကာ လုကျစ်ကျွင်းအား ပေးလိုက်သည်။ "သူတို့အစားအစာကို ငါတို့ မနာလိုစရာ မလိုဘူး။ မက်မွန်သီးမုန့်ကြွပ် စားကြမယ်”
လုကျစ်ကျွင်းကမူ နှုတ်ခမ်း စူလိုက်ပြီး မက်မွန်သီးမုန့်ကြွပ်ကို ပထမဆုံးအကြိမ်အဖြစ် စားချင်စိတ် မရှိတော့ပေ။
သူသည် စိတ်ဆိုးမာန်ဆိုးဖြင့် မက်မွန်သီးမုန့်ကြွပ်ကို မြေပေါ် ပစ်ချလိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "မက်မွန်သီးမုန့်ကြွပ် မစားချင်ဘူး။”
ထို့နောက် သူ ပြေးထွက်သွားခဲ့သည်။
"ဒီကောင်လေး၊ သတ္တိရှိရင် နောက်တစ်ခါ ဘယ်တော့မှ မစားနဲ့။”
ကျန့်ဟုန် ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး မြန်မြန်ဆန်ဆန် ထိုင်ချကာ မက်မွန်သီးမုန့်ကြွပ်ကို ကောက်ယူပြီး ဖုန်သုတ်လိုက်သည်။ သူမ ကိုယ်တိုင် နှစ်ကိုက်သုံးကိုက် စားလိုက်သော်ငြား မက်မွန်သီးမုန့်ကြွပ်က အရသာတူနေချိန် အသားနံ့ကတော့ သူမကို မြိုချရ ခက်ခဲစေသည်။
ထိုအချိန်၌ လုကောရှန်းနှင့်အတူ မလိုက်သွားမိသည်ကို သူမ နောင်တရနေသည်။
ကျန့်ဟုန်သည် မက်မွန်သီးမုန့်ကြွပ်ကို သိပ်ပြီး အရသာမခံဘဲ စားလိုက်ကာ လုကျစ်ကျွင်းအား ရှာရန် အပြင်ထွက်လာသည်။ သူမသည် လက်ထောက်တပ်ရင်းမှူးလု၏ အိမ်မှ လူနှစ်ယောက် ထွက်လာသည်ကို မြင်လိုက်သည်။ တစ်ယောက်က ဖန့်မိန်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ သူမ မှတ်မိရန် ခဏလောက် အချိန်ယူလိုက်ရသည်။
အဲဒါ ရှု့ယန်လား။
ရက်အနည်းငယ်အတွင်း ရှု့ယန်က ပြောင်းလဲသွားပုံပင်။ လှပစွာ ဝတ်စားထားရုံသာမက သူမအသားအရေက ပိုဖြူဝင်းလာသည်။ ပုံမှန်ဆို စိတ်ဆိုးမာန်ဆိုးရုပ် ရှိနေတတ်သော်လည်း အခုတော့ မိန်းမငယ်တစ်ဦးကဲ့သို့ ဖန့်မိန်နှင့် စကားပြောရင်း ရယ်မောနေသည်။
ကျန့်ဟုန် သူမ၏ မျက်နှာကို ကိုင်ကြည့်လိုက်ပြီး မနာလိုစိတ် ဖြစ်လာခဲ့သည်။
“လုကျစ်ကျွင်း”
ကျန့်ဟုန်သည် သစ်ပင်အောက်မှာ အခြားကလေးများနှင့် ဆော့နေသော လုကျစ်ကျွင်းကို အော်လိုက်သည်။ ထိုအော်သံကြောင့် ဖန့်မိန်နှင့် ရှု့ယန်တို့ပင် လှည့်ကြည့်မိကြသည်။ ရှု့ယန်သည် ကျန့်ဟုန်က ဒေါသတကြီး ပြေးလာပြီး လုကျစ်ကျွင်း၏ လက်မောင်းကို ဆွဲကာ အိမ်ကို ဆွဲခေါ်သွားရင်း ဆူပူနေတာကို မြင်လိုက်ရသည်။ "ဘယ်သူက မင်းကို မင်းအမေကို စိတ်ကောက်ဖို့ သတ္တိပေးလိုက်တာလဲ။ အသားနည်းနည်းပါးပါးလေးနဲ့ ဒီလောက် လောဘကြီးတာ၊ မင်း တကယ်ပဲ အသုံးမကျဘူး”
ရှု့ယန် ကျန့်ဟုန်ကို မထီမဲ့မြင် ကြည့်လိုက်သည်။ အထူးသဖြင့် လျိုချမ့်နှင့် ကျန့်ဟုန်ကြားက ပြီးခဲ့သည့် နှစ်နှစ်အတွင်း ရှုပ်ထွေးခဲ့သော ကိစ္စများကို တွေးမိသွား၍ သူမ ပိုစိတ်တိုသွားသည်။
သူမနှင့် အစ်မဖန့်တို့သည် ကျန့်ဟုန်က သူတို့ကို လှောင်ပြောင်ပြောဆိုနေသည်ဆိုတာ သိနိုင်ကြသည်။ အစ်မဖန့်က ပထမဆုံး ကန့်ကွက်သူဖြစ်ပြီး ကျန့်ဟုန်အား အော်လိုက်သည်။ "မင်းက မနာလိုနေတာပဲ ရှိတယ်။ ကျန်းနျန် ချက်ပြုတ်တာက အရသာရှိတယ်။ မင်းသားက လောဘကြီးတယ်လို့သာ ပြောနေတာ၊ မင်းယောကျ်ားက အသားကို တူနဲ့ တစ်လုပ်ပြီး တစ်လုပ် ပါးစပ်ထဲ ထိုးထည့်နေတာ မင်း မမြင်ဘူးလား။ မင်းယောကျ်ားကိုလည်း အသုံးမကျဘူးလို့ ဘာလို့ မပြောတာလဲ။”
ကျန့်ဟုန်၏ မျက်နှာသည် ဒေါသကြောင့် နီရဲသွားသည်။ သို့သော် သူမ ပြန်မပြောဘဲ ငိုနေသော လုကျစ်ကျွင်းအား အိမ်ထဲသို့ ဆွဲခေါ်သွားပြီး တံခါးကို ပိတ်ပစ်လိုက်သည်။
ရှု့ယန် နှာခေါင်းရှုံ့လိုက်သည်။ သူမနှင့် ဖန့်မိန်တို့သည် သူတို့၏ ကလေးများကို ခေါ်ပြီး အိမ်ပြန်သွားကြသည်။
ကျန်းနျန် နေ့လယ်အိပ်ရာက နိုးလာပြီးနောက် အပြင်ဘက်မှ ခြေသံတွေကို ကြားလိုက်ရသည်။ သူမသည် အဝတ်ဖိနပ်ကို စွပ်ပြီး ထွက်သွားလိုက်၏။ လုယွီက ရေပုံးကို မီးဖိုချောင်ဆီ သယ်လာနေသည်အား မြင်လိုက်ရသည်။ အရင်က ရှုပ်ပွနေသော ခြံဝင်းကို ရှင်းလင်းထားပြီးပြီပင်။
မီးဖိုချောင်ထဲက ရေထည့်သံများ ထွက်လာသည်။
လုယွီသည် ရေပုံးကို ကိုင်ပြီး ထွက်လာကာ တံခါးဝ၌ ရပ်နေသော ကျန်းနျန်အား ပြောလိုက်သည်။ "မရီး၊ ရေအိုးကို ဖြည့်ထားပြီးပြီ”
သူသည် ရေပုံးကို ရေတွင်းအနီးမှာ ထားပြီး ဆက်ပြောခဲ့သည်။ "ကျွန်တော် နောက်မှ အိမ်သာကို သန့်ရှင်းရေးလုပ်ပြီး ခြံဝင်းကို တံမြက်စည်း လှဲလိုက်မယ်။ ပြီးကျ ရဲဘော်တစ်ယောက်ရဲ့ ဇနီးဆီက ဖရဲသီးအချို့ သွားယူလိုက်ဦးမယ်။ မရီး ကြိုက်တဲ့အချိန် လှီးပြီး စားလို့ရတယ်”
"ကျွန်တော် ကျူးကျွင်းကိုလဲ ပြောထားပြီးပြီ။ သူ ရက်အနည်းငယ်ခြားပြီး ရေလာဖြည့်ပေးလိမ့်မယ်။ မင်း တစ်ခုခု လိုအပ်ရင် အစ်မဖန့် ဒါမှမဟုတ် အစ်မရှု့တို့ကို ရှာလို့ရတယ်။ ကျွန်တော် ပြန်လာရင် သူတို့ကို ထမင်းစားဖို့ ဖိတ်လိုက်မယ်”
ကျန်းနျန်သည် တံခါးဘောင်ကို မှီရင်း လုယွီ အားလုံးကို စနစ်တကျ စီစဉ်ဆောင်ရွက်နေသည်ကို နားထောင်နေသည်။ သူ တကယ်ပဲ လူကောင်းတစ်ယောက်ပင်ဟု သူမ တွေးလိုက်သည်။
အရေးကြီးသော ကိစ္စများဖြစ်သည့် နိုင်ငံကို ကာကွယ်ပေးနိုင်သကဲ့သို့ သေးငယ်သည့် အိမ်မှုကိစ္စများကိုလည်း ဂရုစိုက်နိုင်၏။
လုယွီအား လက်ထပ်မည့်သူဟာ ကံကောင်းသူ ဖြစ်လိမ့်မည်ဟု သူမ တွေးလိုက်သည်။
ထိုသို့တွေးရင်း ဆေးရုံမှာရှိသော အမျိုးသမီး ဇာတ်လိုက် စွင်းယင်အား ပြန်သတိရသွားသည်။ လက်ရှိ ဇာတ်လမ်းက စာအုပ်ထဲက မူလ ဇာတ်ကွက်နှင့် လုံးဝ သွေဖည်နေပြီ။ လုယွီကမူ အနာဂတ်မှာ မည်သူနှင့် လက်ထပ်မလဲ၊ စွင်းယင်ကရော ဘယ်သူနှင့် အဆုံးသတ်မလဲဆိုတာ သူမ တွေးလိုက်သည်။
သို့သော် ၎င်းတို့သည် သူမနှင့် မဆိုင်တော့ချေ။
လုယွီသည် ရေပုံးကို ရေဖြည့်နေစဉ် အတွေးထဲ နစ်မြောနေသော ကျန်းနျန်အား မြင်ပြီး အော်ခေါ်လိုက်သည်။ "မရီး”
ကျန်းနျန် လက်ရှိသို့ ပြန်ရောက်လာပြီး လုယွီကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ "ငါ အားလုံး ကြားပါတယ်”
လုယွီ မျက်မှောင်အနည်းငယ် ကြုတ်ပြီး ခေါင်းညိတ်ကာ ရေပုံးကို မီးဖိုချောင်ဆီ သယ်သွားပြီး ခြံဝင်းကနေ ထွက်ခွာသွားသည်။
ခြံဝင်းက သန့်ရှင်းနေပြီး မီးဖိုချောင် ရေအိုးလည်း ပြည့်နေသည်။ ကျန်းနျန် သစ်ပင်အောက်က ခုံလေးပေါ်မှာ ထိုင်ပြီး ယပ်တောင်ဝိုင်းလေးနှင့် ကိုယ့်ကိုယ်ကိုယ် ယပ်ခတ်နေလိုက်သည်။
မသိလိုက်ခင်မှာပဲ ညစာစားချိန် ရောက်လာခဲ့သည်။
နေ့လယ်ခင်း၌ သူတို့ အစားအစာ အားလုံးကို ကုန်စင်အောင် စားခဲ့ကြသည်။
ကျန်းနျန်သည် ညစာအတွက် ဝက်သားခေါက်ဆွဲအစပ် စီစဉ်လိုက်သည်။ ပြီးခဲ့တဲ့တစ်ခေါက်က လုယွီသည် ခေါက်ဆွဲသုပ်ကို အများကြီး စားခဲ့သောကြောင့် သူ ခေါက်ဆွဲ ကြိုက်မည်ဟု သူမ ထင်လိုက်သည်။
ခေါက်ဆွဲ ပိုပြီး ဆွဲဆန့်ဖို့အတွက် မုန့်ညက်ထဲ ရေ နည်းနည်းပဲ ထည့်ဖို့ လိုအပ်သည်။ မုန့်ကို နယ်ပြီးနောက် ပါးလွှာသော အမျှင်များအဖြစ် လှိမ့်ချရမည်၊ ဆီသုတ်ပြီးနောက် ချက်ပြုတ်ခြင်းမပြုမီ နူးညံ့သော ခေါက်ဆွဲအမျှင်များအဖြစ် ဆန့်ထုတ်ရမည်။
သူမသည် အသားနှင့် ငရုတ်သီးများကို လှီးဖြတ်လိုက်သည်။ ဒယ်အိုးထဲ ဆီအပူပေးပြီး အသားကို အရင်ထည့်ကာ ကျက်လုနီးပါးဖြစ်သောအခါ ဂျင်းနှင့် ငရုတ်သီးများကို ထည့်လိုက်သည်။ နောက်ဆုံးတွင် ကြက်သွန်ဖြူ အနည်းငယ်ကို ထောင်းထည့်လိုက်ပြီးနောက် စားရန် အဆင်သင့် ဖြစ်သွားသည်။
ပန်းကန်များကို အိုးထဲက ထုတ်ပြီးနောက် ကျန်းနျန် အိုးထဲ ရေထည့်လိုက်သည်။ ရေဆူလာသောအခါ ခေါက်ဆွဲများကို တစ်ခုပြီးတစ်ခု ဆွဲထုတ်ကာ အိုးထဲ ထည့်လိုက်သည်။ သူမ ပြီးစီးချိန်မှာပင် လုယွီ ပြန်ရောက်လာခဲ့သည်။
ကျန်းနျန် လက်ဆေးပြီး မီးဖိုချောင်တံခါးဘက် လှည့်လိုက်သည်။ လုယွီသည် ထိုနေရာတွင် ရပ်နေပြီး သူ့ဘယ်ဘက်လက်မှာ ဖရဲသီးအများအပြားပါသော အိတ်တစ်လုံး၊ ညာဘက်လက်မှာ ဂျုံအိတ်တစ်အိတ်၊ ဆန်အိတ်ငယ်တစ်အိတ်နှင့် အဝတ်အိတ်တစ်အိတ်ကို သယ်ဆောင်ထားသည်။ သူသည် ပစ္စည်းတွေ သယ်လာတာ များနေသော်လည်း သူ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှု လက္ခဏာ မရှိပေ။
သူသည် ဖရဲသီးများကို သစ်ပင်ရိပ်အောက်မှာ ထားလိုက်ပြီး အခြားပစ္စည်းများကို အိမ်ထဲ သယ်ဆောင်သွားသည်။ လုယွီက ဂျုံနှင့် ဆန်ကို ဗီရိုထဲ ထည့်ကာ အဝတ်အိတ်ကို ကျန်းနျန်အား လှမ်းပေးခဲ့သည်။ "မရီး၊ မရီးရဲ့ အရွယ်အစားအတိုင်း ဖိနပ်တစ်ရံ ဝယ်လာတယ်။ စမ်းစီးကြည့်လိုက်ပါ၊ မတော်ရင် မနက်ဖြန်မနက် ကျွန်တော် ပြန်လဲပေးမယ်”
ကျန်းနျန် အဝတ်အိတ်ကို ယူလိုက်သည်။ သူမ လုယွီ၏ ခန့်ညားသော မျက်နှာကို အလင်းရောင်အောက်မှာ ကြည့်ရင်း ရင်ထဲတွင် နွေးထွေးမှု ခံစားလိုက်ရသည်။ သူမ အိတ်ကို ပွေ့ဖက်ပြီး ပြုံးလိုက်သည်။ "ကျေးဇူးပါ”
လုယွီသည် သူမ၏ ပြုံးနေသော မျက်လုံးများနှင့် ဆုံသောအခါ ရှက်ရွံ့စွာ အကြည့်လွှဲလိုက်ပြီး သူ့အသံက အနည်းငယ် ဩရှသွားသည်။ "မိသားစုတွေပဲ၊ ကျေးဇူးတင်စရာ မလိုပါဘူး”
ကျန်းနျန်ကမူ ခေါင်းငုံ့ကာ ပြုံးပြီး ပြောလိုက်သည်။ "ကျွန်မ ဝက်သားခေါက်ဆွဲအစပ် လုပ်ထားတယ်။ စားပါဦး”
လုယွီက ခေါင်းညိတ်သည်။ "ကောင်းပြီ”
ကျန်းနျန် သူမအခန်းထဲ ဝင်သွားပြီး အဝတ်အိတ်ထဲက ဖိနပ်ကို ထုတ်လိုက်သည်။ ၎င်းတို့သည် လုယွီ အရင်က ဝယ်ပေးခဲ့သော ဝတ်စုံနှင့် လိုက်ဖက်သော ရှေးခေတ်ပုံစံ အညိုဖျော့ရောင် Sandals ဖြစ်သည်။ ဤဝတ်စုံက ခေတ်သစ်မှာ ခေတ်မမီတော့သော်လည်း ဤအချိန်ကာလအတွက်တော့ တော်တော် ကောင်းလှသည်။
သူမသည် လုယွီ ဝယ်ပေးသော အဝတ်အစားနှင့် ဖိနပ်များကို လဲလှယ်လိုက်သည်။ ဆံပင်ကို ပခုံးပေါ်မှာ ဖြန့်ချလိုက်ပြီး နံရံ၌ ချိတ်ထားသော မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်သည်။ လုယွီနှင့်အတူ စစ်တပ်ကို ရောက်လာကတည်းက သူမ အစားကောင်း စားရပြီး အိပ်ရေးဝသည်။
သူမ၏ ပါးများမှာ မချိုင့်ဝင်တော့ဘဲ မျက်နှာက ကျန်းမာပြီး ပြည့်ဖြိုးလာသည်။ သူမသည် မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြုံးပြလိုက်သည်။ သူမ၏ ရောင်ပြန်ဟပ်ပုံက ဆံပင်ရှည်၊ ရှပ်အင်္ကျီဝတ်၊ နှုတ်ခမ်းနီရဲရဲ၊ သွားဖြူဖြူဖြင့် ခေတ်သစ်က အမျိုးသမီးတစ်ဦးကဲ့သို့ပင် မြင်ရသည်။
“မရီး”
လုယွီ၏ အသံက တံခါးဝကနေ ရောက်လာကာ အပိုဇလုံကို ကိုင်ထားခဲ့သည်။ "ညစာ အဆင်သင့် ဖြစ်ပြီ…”
သူ့စကားများက တိတ်ဆိတ်သွားသည်။ သူ့အကြည့်က ကျန်းနျန်ပေါ်သို့ ကျရောက်နေပြီး နွေးထွေးသော အဝါရောင် အလင်းရောင်က သူ့မျက်လုံးထဲမှတစ်ဆင့် အံ့အားသင့်မှု ခဏတာကို ရောင်ပြန်ဟပ်စေခဲ့သည်။
လုယွီ၏ ရုတ်တရက် ပေါ်လာမှုကြောင့် ကျန်းနျန် လန့်သွားပြီး ရင်ခုန်နှုန်း မြန်သွားသည်။ သူမသည် နှုတ်ခမ်းကို ဖွဖွကိုက်လိုက်ပြီး သူမ၏ အဝတ်များကို စိုးရိမ်တကြီး ဆွဲယူလိုက်သည်။ လုယွီအား လှည့်ကြည့်ကာ ရှက်ရွံ့စွာ မေးလိုက်သည်။ "ကြည့်လို့ ကောင်းရဲ့လား။”
လုယွီ အကြည့်လွှဲလိုက်သည်။ "ကြည့်လို့ ကောင်းတယ်”
သူမ မယုံမှာ စိုးသဖြင့် သူ ထပ်ပြောလိုက်သည်။ "အရမ်း ကြည့်ကောင်းတယ်”
ထိုသို့ ပြောပြီးနောက် သူသည် လှည့်ပြီး ခြံဝင်းထဲက ခုံတန်းပေါ်သို့ လျှောက်သွားကာ ခေါက်ဆွဲကို တစ်ကိုက်ကြီး စားလိုက်သည်။ အစ်မဖန့်က ကျန်းနျန်အား စုန့်ပိုင်နှင့် မိတ်ဆက်ပေးချင်သည်ဟု ပြောခဲ့သောအကြောင်းကို တွေးနေမိသည်။
သူ နောက်တစ်ကိုက် စားလိုက်သည်။ သူ့မျက်လုံးနက်များက အတွေးနယ်ထဲ နစ်မြောနေမိသည်။
ကျန်းနျန် အဝတ်လဲပြီး ထွက်လာကာ လုယွီနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။ သူမသည် တူကို ကောက်ယူပြီး သူ အရင်က ဖျော်ထားပြီးသော ခေါက်ဆွဲကို စတင်စားသည်။
ညစာစားပြီးနောက် လုယွီက နောက်တစ်နေ့ ခရီးစဉ်အတွက် လိုအပ်တဲ့ အဝတ်အစားများကို ထုပ်ပိုးခဲ့သည်။ ကျန်းနျန်ကတော့ ပန်းကန်များ ဆေးကြောပြီး မုန့်ကို တစ်ညလုံး ဖောင်းအောင် နယ်ထားသည်။ မနက်စောစော ထပြီး လမ်းခရီးအတွက် လုယွီအား ပေါက်စီ လုပ်ပေးရန် သူမ စီစဉ်ထားသည်။ သူမသည် အသားအချို့ကို ထိုရည်ရွယ်ချက်အတွက် ချန်ထားခဲ့တာဖြစ်သည်။
လုယွီကမူ နှစ်လကျော်ကြာ သွားရတော့မှာ ဖြစ်ပြီး သူမက သူ့ကို စစ်ခရိုင်က တာဝန်ပေးခံရတာ ဖြစ်နိုင်သည်ဟု သံသယရှိမိသည်။
ကျန်းနျန် ရေချိုးရန်အတွက် ရေနွေးတည်လိုက်သည်။ ရေချိုးပြီးနောက် လုယွီက ရေချိုးပြီးသားရေကို သွန်ပစ်လိုက်သည်။ စောစောထရမည်ဆိုတာ သိသောကြောင့် ကျန်းနျန် စောစော အိပ်ရာဝင်ခဲ့သော်ငြား အာရုဏ်တက်ချိန်မှ နိုးလာခဲ့သည်။
သူမသည် အလျင်အမြန် သန့်စင်ခန်းသို့ သွားပြီး ရေတွင်းမှာ မျက်နှာသစ်သည်။ လုယွီသည် မီးဖိုချောင်၌ မုန့်နယ်နေသည်အား မြင်လိုက်ရသည်။ သူမသည် လက်ကို သုတ်ပြီး မီးဖိုချောင်ကို သွားကာ လုယွီ ဘန်းမုန့်လုပ်တာကို တားလိုက်သည်။ "ကျွန်မ ဘန်းမုန့် မလုပ်ဘူး”
လုယွီ မော့ကြည့်လိုက်သည်။ "အင်း။”
ကျန်းနျန်သည် ပန်းကန်လုံးထဲက ဆားနယ်ထားပြီးသား ဝက်သား၊ ကြက်သွန်မြိတ်နှင့် အခြား ဟင်းသီးဟင်းရွက်အချို့ကို ယူပြီး ပြောလိုက်သည်။ "ပေါက်စီနဲ့ ဖက်ထုပ် လုပ်ကြမယ်။ မင်း ခရီးသွားရင် ယူသွားလို့ရတယ်”
စကားပုံတစ်ခုအရ ခရီးမသွားခင် ဖက်ထုပ်စား၊ ပြန်လာရင် ခေါက်ဆွဲစားရသည်တဲ့။ သူမသည် လုယွီ မထွက်ခွာခင် ကောင်းကောင်းမွန်မွန် စားစေချင်ခဲ့သည်။
လုယွီသည် ကျန်းနျန် အသားထည့်ရန် ပြင်ဆင်နေသည်ကို မြင်လျှင် သူ့ရင်ထဲ၌ နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။ သူ သူမလက်က ဓားကို ယူလိုက်သည်။ သူတို့၏ လက်ချောင်းများ မလွဲမရှောင်သာ ထိတွေ့မိသွားပြီး သူ့လက်ချောင်းထိပ်ကနေ ရင်ဘတ်ဆီသို့ သိမ်မွေ့သော တင်းကျပ်မှုတစ်ခု ပျံ့နှံ့သွားခဲ့သည်။
သူသည် လည်ချောင်းရှင်းလိုက်ပြီး ဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ "ကျွန်တော် လှီးလိုက်မယ်”
ကျန်းနျန်က အသာ ခေါင်းညိတ်လိုက်သည်။ "ကျွန်မ ဟင်းသီးဟင်းရွက်တွေ ပြင်ဆင်လိုက်မယ်”
လုယွီက အသားကို လျင်မြန်စွာ လှီးဖြတ်လိုက်ပြီး ကျန်းနျန်သည် ဖက်ထုပ်များကို အလျင်အမြန် ထုပ်ပိုးနေသည်။ သူမသည် လုယွီအတွက် အရင် စားရန် တစ်သုတ် ချက်ပြုတ်ပေးပြီး ပေါက်စီများ ဆက်လုပ်သည်။ သူမသည် ပေါက်စီများကို ပေါင်းအိုးထဲ ထည့်လိုက်ပြီး မီးဖိုထဲ ထင်းများစွာ ထည့်လိုက်သည်။
သူမ ကိုယ်တိုင် ဖက်ထုပ်အနည်းငယ် စားပြီးနောက် အထဲပြန်ဝင်သည်။ ဗီရိုကို ဖွင့်ကာ နို့လုံးသကြားလုံးနှင့် ချောကလက်အချို့ကို ယူပြီး သစ်ပင်အောက်က စားပွဲပေါ် တင်လိုက်သည်။ လုယွီက သူမအား မော့ကြည့်သည်ကို မြင်သောအခါ သူမသည် ညင်သာစွာ ပြောလိုက်သည်။ "ဒါတွေကို လမ်းမှာ စားဖို့ ယူသွားပါ”
သူ ငြင်းဆန်မှာ စိုးသဖြင့် သူမက "ကျွန်မဆီမှာ ဒီထက်မက ရှိပါသေးတယ်" ဟု ထပ်ပြောလိုက်သည်။
လုယွီ ဖက်ထုပ်ကို အကိုက်ကြီးကြီး ကိုက်စားလိုက်ပြီး သူ့အသံနက်နက်ထဲမှာ နွေးထွေးမှုတစ်ခု ရှိနေသည်။ "ကျေးဇူးတင်ပါတယ် မရီး။”
သူသည် နို့လုံးသကြားလုံးနှင့် ချောကလက်များကို ဆွဲယူလိုက်ပြီးပြောလိုက်သည်။ "တစ်ခုခု လိုအပ်ရင် သမဝါယမ အရောင်းဆိုင်ကို သွားဝယ်လိုက်ပါ။ ပိုက်ဆံ ချွေတာမနေနဲ့။ ကျွန်တော် နှစ်လလောက်ဆို ပြန်လာခဲ့ပါ့မယ်”
ကျန်းနျန်က ညင်သာစွာ ခေါင်းညိတ်ပြခဲ့သည်။ "ကောင်းပါပြီ”
ပေါက်စီများ ပေါင်းပြီး အေးသွားသောအခါ ကျန်းနျန် ကြက်ဥ ဆယ်လုံး ပြုတ်လိုက်သည်။ ထို့နောက် ပေါက်စီ ဆယ်လုံးနှင့် ကြက်ဥ ဆယ်လုံးကို သန့်ရှင်းသော အဝတ်စည်းဖြင့် လုယွီအတွက် ထုပ်ပေးလိုက်သည်။ သူသည် အစားကြီးသူ ဖြစ်ပြီး တစ်ရက်တာ ကြာမည့် ရထားခရီးကို စတင်ရတော့မည်အား သူမ သိသည်။
လုယွီ ထွက်ခွာသွားချိန်တွင် အပိုယူနီဖောင်းများနှင့် အစားအသောက်များ ပါဝင်သော စစ်စိမ်းရောင် အိတ်ကြီးကို သယ်ဆောင်သွားသည်။ ခြံဝင်းထဲက ထွက်လာရင်း သူ နောက်လှည့်ကြည့်လိုက်သောအခါ ကျန်းနျန်က သူထွက်သွားတာကို စောင့်ကြည့်ရင်း အပြင်၌ ရပ်နေသည်အား မြင်လိုက်ရသည်။
အိမ်က ထွက်ခွာခဲ့စဉ် ကျန်းနျန် အပြင်မှာ ရပ်ပြီး သူ့ကို ကြည့်နေခဲ့တာကို သူ သတိရသွားသည်။ နှစ်နှစ်အကြာမှာ အမှတ်တရများ ပြန်လည် စီးဆင်းလာခဲ့သည်။
သူ့မျက်လုံးထဲမှာ နွေးထွေးမှု ခံစားရပြီးနောက် လုယွီ ကျန်းနျန်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ "မရီး၊ ကျွန်တော် မကြာခင် ပြန်လာခဲ့ပါ့မယ်”