အခန်း (၄၄)
Vol. 5 Ch. 44
လုယွီ လှုပ်ရှားလိုက်သည်ကို မြင်သောအခါ ကျူးကျွင်း လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။
ကျန်းနျန် စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။ "အင်း။"
လုယွီ၏ အရှိန်ကို အသုံးပြု၍ သူမ ခုန်ဆင်းလိုက်ရာ သူမ၏ ခန္ဓာကိုယ်သည် မတည်ငြိမ်ဘဲ ယိမ်းယိုင်သွားသည်။ လုယွီက သူမကို ခါးမှ ပွေ့ဖက်လိုက်ပြီး သူ၏ လက်ဖဝါးသည် ပါးလွှာသော အဝတ်အစားများမှတစ်ဆင့် သူမကို ခေတ္တမျှ ထိမိသွားပြီးမှ ပြန်ရုပ်လိုက်သည်။ သူသည် ကျန်းနျန် သစ်ပင်ပေါ် ဘာကြောင့် ရောက်နေသည်ကို မမေးတော့ဘဲ ပြောလိုက်သည်။ "ကျွန်တော် လုပ်စရာတွေ ရှိတယ်။"
ကျန်းနျန် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
သူတို့ ထွက်သွားပြီးနောက် ကျန်းနျန် နောက်ဆုံးတွင် သက်ပြင်း ချလိုက်သည်။ သူမ မော့ကြည့်လိုက်သောအခါ မမျှော်လင့်ဘဲ ကျူးကျွင်း၏ အကြည့်နှင့် ဆုံသွားခဲ့သည်။ သူ ပြုံးလိုက်ပြီး ကျန်းနျန်၏ ရှက်ရွံ့မှုကို မြင်သောအခါ သူ၏ အပြုံးကို ထိန်းကာ ခေါင်းနောက်ကို ကုတ်လိုက်သည်။
ကျန်းနျန် ဤဟာသပြဇာတ်ကို ဆက်ပြီး အာရုံမစိုက်တော့ပေ။ သူမ လျင်မြန်စွာ လှည့်ပြီး အိမ်သို့ ပြန်သွားကာ သူမ၏ အခန်းထဲတွင် ပိတ်လှောင်ထားရင်း အလွန်အမင်း ရှက်နေမိသည်။
မွန်းတည့်ချိန်တွင် ကျန့်ဟုန်နှင့် ပတ်သက်သည့် ဆူညံမှုများလည်း ငြိမ်သက်သွားခဲ့သည်။
ကျန်းနျန်သည် လက်ဖြင့် ဆွဲကာ ပြုလုပ်ထားသော ခေါက်ဆွဲနှင့် အအေး ဟင်းလျာ တစ်မျိုးကို ပြုလုပ်ခဲ့သည်။ အစားအသောက်များကို စားပွဲပေါ် တင်ပြီးသည်နှင့် လုယွီ ပြန်ရောက်လာသည်။
သူမ ခေါင်းကို ငုံ့ကာ တူများ ယူရန် မီးဖိုချောင်သို့ သွားသည်။ သူမ လှည့်လိုက်သောအခါ လုယွီ လက်ဆေးပြီးခါစ ဖြစ်သည်။ သူမ တူများကို ပန်းကန်ပေါ် တင်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ "စားကြစို့။"
သူမ၏ အသံသည် တိုးနေပြီး အနည်းငယ် စိတ်မအေး ဖြစ်နေသည်။
လုယွီ တူများဖြင့် ခေါက်ဆွဲအချို့ကို ကောက်ယူလိုက်ပြီး ပြောသည်။ "မရီး၊ ဒီနေ့ အစ်မဖန့်က မင်းကို သစ်ပင်ပေါ် တက်ဖို့ ခေါ်သွားတာလား။"
ကျန်းနျန် ခေတ္တမျှ ခေါင်းမော့လိုက်ပြီး ဘာပြောရမှန်းမသိဘဲ စကားလုံးများ လည်ချောင်းထဲတွင် ပိတ်ဆို့နေသည်။ နောက်ဆုံးတွင် သူမသည် ဟိုလိုလိုသည်လိုလို ပြန်ဖြေနိုင်ခဲ့သည်။ "နောက်တစ်ခါ သစ်ပင်ပေါ် မတက်တော့ပါဘူး။"
လုယွီ ပြောသည်။ "သစ်ပင်ပေါ် တက်တာက အရမ်း အန္တရာယ်များတယ်။ တကယ်လို့ ပြုတ်ကျခဲ့ရင် မင်း ဒဏ်ရာရသွားလိမ့်မယ်။"
ကျန်းနျန် ခေါင်းညိတ်လိုက်သည်။ "ကျွန်မ နားလည်ပါတယ်။"
သူမ ခေါက်ဆွဲကို နည်းနည်းချင်း စားနေကာ သူမ၏ ပါးပြင်များသည် အရင်က မဖြစ်ဖူးသော ရှက်ရွံ့မှုဖြင့် နီရဲနေသည်။
စားပွဲတွင် တိတ်ဆိတ်နေပြီး လုယွီ၏ ခေါက်ဆွဲစားသံ ကျယ်ကျယ်လောင်လောင်သာ ရှိသည်။ သူ သုံး ပန်းကန် ကုန်အောင် စားပြီးနောက် ပန်းကန်များကို စုလိုက်သည်။ သူ ခေါင်းငုံ့နေသော ကျန်းနျန်ကို ကြည့်လိုက်ပြီး အသာ ရယ်လိုက်သည်။ "မရီး၊ ဒီတစ်ခါတော့ မင်း တော်တော် သတ္တိရှိတာပဲ။"
ကျန်းနျန် - ???
သူမ စိတ်ရှုပ်ထွေးမှု အပြည့်ဖြင့် မော့ကြည့်လိုက်မိသည်။
လုယွီ ဆက်ပြောခဲ့သည်။ "လူအများကြီးရှေ့မှာ သစ်ပင်ပေါ် တက်နိုင်ခဲ့တယ်"
ကျန်းနျန် - ........
သူ၏ နေ့လည်စာကို ပြီးအောင် စားပြီးနောက် လုယွီ တပ်သို့ ပြန်သွားခဲ့သည်။ ကျန်းနျန် အခန်းထဲတွင် အဝတ်ချုပ်ခြင်း၊ ဝါဂွမ်း တိုင်းတာခြင်းများ ပြုလုပ်ပြီး အပြင်ဘက်မှ ခြေသံများကို လျစ်လျူရှုထားသည်။ မကြာမီ ဖန့်မိန်၏ အသံသည် တံခါး အပြင်ဘက်မှ ထွက်လာခဲ့သည်။ "ကျန်းနျန်၊ အဝတ်ချုပ်နေတာလား။"
ကျန်းနျန် နှုတ်ခမ်းကို စေ့လိုက်ပြီး ပြန်မဖြေခဲ့ပေ။
ရှင်က သိသိရက်နဲ့ မေးနေတာ။
ဖန့်မိန်သည် သူမကို ကျန်းနျန် စိတ်ဆိုးနေကြောင်း သိသည်။ သူမ လမ်းလျှောက်လာပြီး သူမ ကိုင်ထားသည့် ကြက်ဥနှစ်လုံးကို ကျန်းနျန်၏ လက်ထဲသို့ ထိုးထည့်ကာ ပြောလိုက်သည်။ "ငါ့ကို စိတ်မဆိုးပါနဲ့တော့။ လောင်စုန့်က ငါ့ကို ထပ်ဆူမှာ ကြောက်လို့ပါ။ သူ ဒေါသထွက်ရင် ဝက်ဝံတစ်ကောင်လိုပဲ ကြမ်းတယ်။"
ကျန်းနျန် - ....
တစ်စုံတစ်ဦးက ကြမ်းတမ်းမှုကို ဝက်ဝံနှင့် နှိုင်းယှဉ်ပြောဆိုသည်ကို သူမ ပထမဆုံးအကြိမ် ကြားရခြင်း ဖြစ်သည်။
သူမ ရယ်မောခြင်းကို ထိန်းလိုက်ပြီး ကြက်ဥများကို ဖန့်မိန်အား ပြန်ပေးလိုက်သည်။ "ရပါတယ်၊ ကြက်ဥတွေကို ကလေးတွေ အာဟာရ ဖြည့်ဖို့အတွက် သိမ်းထားလိုက်ပါ။"
ဖန့်မိန် တခစ်ခစ် ရယ်လိုက်သည်။ "မင်း စိတ်မဆိုးတော့ဘူးဆိုရင် ရပြီ။"
သူမ ကုတင်အစွန်းတွင် ထိုင်ချပြီး ဆက်ပြောခဲ့သည်။ "ကျန့်ဟုန်ရဲ့ အခြေအနေကို သူတို့ ဘယ်လို ကိုင်တွယ်လိုက်လဲ သိလား။"
ကျန်းနျန်က မေးလိုက်သည်။ "ဘယ်လို ကိုင်တွယ်လိုက်လဲ။"
ဖန့်မိန် - "တပ်ရင်းဗိုလ်ကြီးလုက တပ်ရင်းဗိုလ်ကြီးလျိုကို သံသယ မရှိဘဲ ယုံကြည်တယ်လို့ ပြောပြီး ယွမ်ငါးဆယ်ကို တပ်ရင်းဗိုလ်ကြီးလျိုကို ချက်ချင်း ပြန်ပေးလိုက်တယ်။ သူက ကျန့်ဟုန်ကိုလည်း ရှု့ယန်ကို တောင်းပန်ခိုင်းတယ်။ တပ်ရင်းဗိုလ်ကြီးလုရဲ့ အမေ ဘာပြောလဲ မှန်းကြည့်။"
ကျန်းနျန် စကားမပြောဘဲ ဖန့်မိန် ဆက်ပြောမည့်အထိ စောင့်နေသည်။
ဖန့်မိန် - "တပ်ရင်းဗိုလ်ကြီးလုရဲ့ အမေက သူ့သား ဒီလောက် ဆင်ခြင်တုံတရားရှိလိမ့်မယ်လို့ မထင်ထားဘူး။ သူမ ကျန့်ဟုန်ကို ဆူပူပြီး ကျန်တဲ့သူတွေကို မောင်းထုတ်လိုက်တယ်။ လောင်စုန့်ရဲ့ ဒုက္ခတွေ အများကြီး သက်သာသွားတာပေါ့။ နောက်ပိုင်းမှာ လောင်စုန့်ကတောင် ‘တပ်ရင်းဗိုလ်ကြီးလုရဲ့ မိသားစုမှာ နောက်ဆုံးတော့ အသိတရားရှိတဲ့ မိန်းမတစ်ယောက် ရောက်လာပြီ' လို့ ပြောသေးတယ်။ ဒါပေမဲ့ လူတိုင်း ထွက်သွားချိန်မှာ အဘွားအိုက ကျန့်ဟုန်ကို ကျိန်ဆဲနေတာကို ငါ ကြားလိုက်တယ်။ သူမက သူတို့ မိသားစုကို အရှက် ရစေတယ်လို့ ပြောတယ်။ ကျန့်ဟုန်ရဲ့ အမေက တပ်ရင်းဗိုလ်ကြီးလျိုနဲ့ သူမရဲ့ အတိတ်က ဆက်ဆံရေးကို ဖုံးကွယ်မထားခဲ့ဘူးဆိုရင် သူ တပ်ရင်းဗိုလ်ကြီးလုကို လက်ထပ်ဖို့ ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူးတဲ့။"
ထို့နောက် ကျန့်ဟုန်အတွက် အိမ်တွင် အခြေအနေများ ပိုခက်ခဲလာလိမ့်မည်။
သို့သော် ကျန်းနျန်သည် မီးက မလုံလောက်သေးဘူးဟု ခံစားရသည်။ ကျန့်ဟုန် သူမနှင့်ပတ်သက်၍ ဖြန့်ခဲ့သော ကောလာဟလများကို သူမ ပြန်၍လက်တုံ့ပြန်ရဦးမည်။
ကောလာဟလများ ဖြန့်ခဲ့သူမှာ ခန်ရှို့ ဖြစ်သော်လည်း ကျန်းနျန်က ၎င်း၏ နောက်ကွယ်တွင် ကျန့်ဟုန် ရှိနေသည်ကို သေချာပေါက် သိသည်။
ဖန့်မိန်သည် ကျန်းနျန် ချုပ်ထားသော အဝတ်အစားများကို အပြင်မှ အတွင်းထဲ လှန်၍ ကြည့်ရင်း ချီးကျူးခဲ့သည်။ "ဝိုး၊ မင်းရဲ့ လက်တွေက တကယ် ကျွမ်းကျင်တာပဲ။ ဆိုင်မှာ ရောင်းတဲ့ဟာတွေထက်တောင် ပိုကောင်းသေးတယ်၊ ဒီအဝတ်အစားတွေက အရမ်း လှတယ်။"
သူမသည် ၎င်းတို့ကို ထိကြည့်ခြင်းကို မရပ်နိုင်ဘဲ မှတ်ချက်ပြုခဲ့သည်။ "ဘာလိုလိုနဲ့ လကုန်ရောက်တော့မယ်ဆိုတော့ အစိုးရပိုင် ပန်းထိုးအလုပ်ရုံက အမျိုးသမီး ရဲဘော်က မကြာခင် ပြန်ရောက်သင့်ပြီ မဟုတ်လား။"
ကျန်းနျန် - "ဟုတ်တယ်၊ ကျွန်မ နောက်လကြရင် မြို့ကို သွားပြီး စစ်ဆေးကြည့်မလို့"
ကျန့်ဟုန်၏ အိမ်မှ ဖြစ်စဉ်သည် လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။ သူမသည် တပ်ရင်းဗိုလ်ကြီးလျိုက သူ့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံသည်ဟု မှားယွင်းစွာ စွပ်စွဲခဲ့သည်။ သူက သူမကို ယွမ်ငါးဆယ် ချေးပေးခဲ့ပြီး သူမက ပြန်မဆပ်နိုင်ခြင်းအကြောင်း ဇာတ်လမ်းသည် မိသားစု ရပ်ကွက်တစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။ ၎င်းသည် ကောလာဟလ အမျိုးမျိုးဖြင့် ပြန့်သွားသည်။
အချို့က တပ်ရင်းဗိုလ်ကြီးလျိုနှင့် ကျန့်ဟုန် နှစ်ဦးစလုံး သဘောတူသူများ ဖြစ်သည်ဟု ပြောကြပြီး အချို့က ကျန့်ဟုန်၏ အရှက်ကင်းမဲ့မှုနှင့် လောဘကို ဝေဖန်ကြသည်။
လုကျစ်ကျွင်း၏ ခြေထောက်ဒဏ်ရာကို ကိုင်တွယ်ရာတွင် လုမိသားစုက ပိုက်ဆံ တော်တော်များများ ကုန်ကျခဲ့သည်။ မူလထဲက အနည်းငယ်သာ ကျန်ရှိသဖြင့် တပ်ရင်းဗိုလ်ကြီးလျိုအား ယွမ်ငါးဆယ် ပြန်ပေးလိုက်သောအခါ အခြေအနေများ ပိုတင်းကျပ်သွားသည်။
ယခုအခါ မိသားစုသည် စားဝတ်နေရေးအတွက် လက်ထဲရှိ ငွေဖြင့်သာ ရပ်တည်နေရသည်။ အဘွားအိုသည် ကျန့်ဟုန်ကို မခံမရပ်နိုင်ဖြစ်ကာ ရက်ပေါင်းများစွာ ဆူပူ ကြိမ်းမောင်းနေခဲ့သည်။
နစ်နာသည်ဟု ခံစားရသော ကျန့်ဟုန်သည် တပ်ရင်းဗိုလ်ကြီးလုထံသို့ လှည့်လာသည်။ သူသည် သူမကို အေးစက်စွာ လျစ်လျူရှုလိုက်ပြီး ကုတင်ပေါ် လဲလျောင်းနေသော လုကျစ်ကျွင်းကပင် သူမကို အရှက်ကင်းမဲ့သည်ဟု ဆူပူသည်။ သူမ၏ ဝမ်းမှ မွေးဖွားခဲ့သော သားကပင် သူမကို ထိုသို့ ဆူနေသည်။
ဤနှစ်နှစ်တာကာလအတွင်း သူမ လျိုချမ့်ထံမှ ဘာအတွက် ပိုက်ဆံချေးခဲ့သနည်း။ ကျစ်ကျွင်း ကောင်းကောင်းစားနိုင်ဖို့ပဲ မဟုတ်ဘူးလား။ အခု သူ ဝနေပြီလေ၊ ဒါ သူမရဲ့ ကြိုးပမ်းမှုတွေကြောင့် မဟုတ်ဘူးလား။
အိမ်မှာ ဘယ်သူမှ သူမကို ကြင်နာစွာ မဆက်ဆံသောကြောင့် ကျန့်ဟုန် ဒေါသ ထွက်ရဲခြင်း မရှိတော့ဘဲ သူမ၏ မိခင်အိမ်သို့ ပြန်သွားရဲခြင်းလည်း မရှိတော့ပေ။ သူမသည် ထိုနေရာတွင် လယ်ယာအလုပ်များ ကြမ်းကြမ်း တမ်းတမ်း လုပ်ရကာ အလုပ်မှတ်များ ရရှိရန် မိသားစုကြီး တစ်စုလုံးကို အလုပ်အကျွေး ပြုရမည့်အစား ဤနေရာတွင် ဒုက္ခခံရန် ပိုနှစ်သက်သည်။ သူမသည် နောက်ဆုံးတွင် အသားအရေ အနည်းငယ် ဖြူဖွေးလာခဲ့ပြီး အသားထပ်မမဲစေရန် မတတ်နိုင်ပေ။
နောက် ဆယ်ရက်တာကာလတွင် ကျန်းနျန်သည် နေ့စဉ် အိမ်တွင် အဝတ်ချုပ်ရင်း နေခဲ့သည်။ ရာသီဥတု အေးလာသည်နှင့်အမျှ မနက်ပိုင်းနှင့် ညနေပိုင်း အပူချိန် ကွာခြားမှု တော်တော်များလာသည်။
သူမသည် သူမကိုယ်တိုင်အတွက် ဝါဂွမ်း အဝတ်အစား တစ်စုံ ချုပ်လုပ်ပြီး လုယွီအတွက် အပေါ်ဝတ် ကုတ် အင်္ကျီ တစ်ထည် ပြီးစီးခဲ့သည်။ ညနေခင်းတစ်ခုတွင် ညစာ ပြင်ဆင်ပြီးနောက် လုယွီ စားရန် ပြန်လာသောအခါ ကျန်းနျန် ကုတ်အင်္ကျီကို ထုတ်ပြခဲ့သည်။ "ဝတ်ကြည့်ပါဦး။ မတော်ရင် ပြန်ပြင်ပေးမယ်။"
လုယွီသည် ကျန်းနျန် ကိုင်ထားသော အဝတ်အစားများကို ကြည့်လိုက်ရာ သူ၏ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။
သူ မှတ်မိတတ်သည့် အချိန်မှစ၍ သူ ဝတ်ခဲ့ဖူးသော တစ်ခုတည်းသော အဝတ်အစားမှာ ဦးလေးရှု သူ့အတွက် ချုပ်ပေးသော အဝတ်အစားများသာ ဖြစ်သည်။ ချုပ်ရိုးများ မဖြောင့်နေသော်လည်း သူနှင့် ရှုချန်တို့ကို အေးခဲခြင်းမှ ကာကွယ်ပေးခဲ့သည်။ သူ ဆယ်နှစ် မပြည့်မီ အမေနှင့်အတူနေစဉ် ရှုချန်ဆီမှ ကောက်ယူရရှိသော အဝတ်အစားများကို ဝတ်ဆင်ခဲ့ရသည်။
သူ၏ မှတ်ဉာဏ်များထဲရှိ သူ့အမေ၏ မျက်နှာသည် တဖြည်းဖြည်း ဝေဝါးလာခဲ့သည်။
လုယွီ သူ၏ အတွေးများကို စုစည်းလိုက်ပြီး အတိတ်ကို မတွေးမိအောင် ရှောင်ရှားခဲ့သည်။ သူသည် ကျန်းနျန် သူ့အတွက် ချုပ်ပေးသော အဝတ်အစားများကို ဝတ်လိုက်သည်။ ၎င်းတို့သည် အလွန်တော်ပြီး အထူးသဖြင့် ပခုံး တစ်ဝိုက်တွင် အံဝင်ခွင်ကျ ဖြစ်သည်။ "ဒီအင်္ကျီအတိုင်းနဲ့ အရမ်း တော်တယ်။"
ကျန်းနျန်သည်် အံဝင်ခွင်ကျ ဖြစ်ကြောင်း အတည်ပြုရန် သူ၏ အဝတ်အစားများကို အနည်းငယ် ညှိလိုက်ပြီး အပြုံးကို ထိန်းလိုက်သည်။ "ဒီ အရွယ်အစားပေါ် မူတည်ပြီး ရှင် အတွင်းထဲ ခံဝတ်ဖို့ နှစ်ထည် ထပ်ချုပ်ပေးမယ်။"
လုယွီ ခေါင်းညိတ်ပြီး ကျန်းနျန်ကို ကြည့်ကာ ပြောလိုက်သည်။ "မရီး၊ ကျေးဇူးတင်ပါတယ်။"
ကျန်းနျန်သည် လုယွီ သူမကို ပေးသော အဝတ်အစားများကို ယူလိုက်သည်။ သူမ၏ အပြုံးကို ထိန်းကာ စကားမပြောဘဲ လှည့်ပြီး အခန်းသို့ ပြန်သွားခဲ့သည်။
နောက်တစ်နေ့ မနက်တွင် လုယွီ မနက်စာ စားပြီးနောက် တပ်သို့ သွားခဲ့သည်။
မွန်းတည့် ဝန်းကျင်တွင် ရှု့ယန် ကျန်းနျန်၏ အိမ်သို့ ရောက်လာသည်။ သူမ ပြုံးကာ ဝင်လာပြီး ပြောသည်။ "ငါ နင့်ကို ကျေးဇူးတင်ရမယ်။ နင့်ရဲ့ အကြံသာ မဟုတ်ရင် လျိုချမ့် ဒီပိုက်ဆံကို တောင်းမှာ မဟုတ်ဘူး။"
ကျန်းနျန် စားပွဲပေါ်ရှိ သကြားညိုနှင့် မက်မွန် မုန့်ကို ကြည့်ပြီး ပြုံးလိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။
ရှု့ယန် ကုတင်အစွန်းတွင် ထိုင်လိုက်ပြီး ခပ်တိုးတိုးဖြင့် ပြောသည်။ "ငါ ပိုက်ဆံ ဘယ်လောက် ဖွက်ထားလဲ မှန်းကြည့်။"
ကျန်းနျန် သူမ၏ မျက်နှာကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ "ဘယ်လောက်လဲ။"
ရှု့ယန် မရယ်ဘဲ မနေနိုင်ခဲ့ပေ။ "နင် ငါ့ကို ပိုက်ဆံ ပျောက်သွားသလို ဟန်ဆောင်ခိုင်းပြီး လျိုချမ့်ကို ကျန့်ဟုန်ဆီက ပိုက်ဆံတောင်းဖို့ လှည့်စားလိုက်တာကစလို့ လျိုချမ့် ငါ့ကို နောက်ဆုံးပေးခဲ့တာနဲ့ ကျန့်ဟုန် ပြန်ပေးခဲ့တဲ့ ယွမ်ငါးဆယ် ပေါင်းလိုက်ရင် ယွမ်ကိုးဆယ် ရှိပြီ။"
ထိုအချိန်များတွင် ယွမ်ကိုးဆယ်သည် မိသားစုအတွက် တော်တော်များသော ပမာဏ ဖြစ်သည်။ သို့သော် ကျန်းနျန်က မလုံလောက်သေးဟု ခံစားရသည်။ လျိုချမ့်သည် ယခု ကျန့်ဟုန်၏ သရုပ်မှန်ကို မြင်လိုက်သော်လည်း နောင်တွင် အခြားသူတစ်ဦးဦး၏ သွေးဆောင်မှုကို ခံရမည် မဟုတ်ဟု အာမခံနိုင်မည် မဟုတ်ပေ။
လျိုချမ့်သာ သူ၏ အမှားများကို ထပ်မံ ပြုလုပ်ပါက ရှု့ယန် ဆက်ခံစားရဦးမည်။
ရှု့ယန်သည် ငွေကြေး ကိစ္စများတွင် ပျော်ရွှင်နေသည်ကို မြင်သောအခါ ကျန်းနျန် သူမကို သတိပေးချင်ခဲ့သည်။ "အစ်မ စု ထားတဲ့ ငွေအကြောင်း လျိုချမ့်ကို မပြောနဲ့။"
ရှု့ယန် ခဏမျှ တွေဝေသွားရာ လျိုချမ့်နှင့် ကျန့်ဟုန်တို့ လုံးဝ ပြတ်စဲသွားသည်ဟု တွေးလိုက်သည်။ သူမ၏ ကိုယ်ပိုင်ဘဝ ပိုတိုးတက်လာသည်ဟု သူမ ထင်သည်။ သူမသည် လျိုချမ့်ကို ဤအကြောင်း ပြောပြချင်သော်လည်း ကျန်းနျန်၏ စကားများက သူမကို တွန့်ဆုတ်စေသည်။ သူမ မေးလိုက်သည်။ "ဘာလို့လဲ။"
ကျန်းနျန် အများကြီး ထပ်မပြောတော့ပေ။ "အစ်မ ဘယ်လောက် ငွေစုထားလဲဆိုတာ လျိုချမ့်ကို မသိစေနဲ့။ ပိုက်ဆံရှိတာက အစ်မကို ယုံကြည်မှုရှိစေတယ်။"
ရှု့ယန် သူမ၏ အကြံဉာဏ်ကို နားဝင်သွားခြင်း ရှိမရှိ သူမ မသိသော်လည်း သူမ ပြောသင့်သည့်အရာကို ပြောပြီးပြီ ဖြစ်သည်။
နေ့လယ်ပိုင်းတွင် စစ်တပ် အခြေစိုက်စခန်း အပြင်ရှိ လုံခြုံရေးရုံးမှ တစ်စုံတစ်ဦးသည် ကျန်းနျန်ကို ရှာရန် မိသားစု ရပ်ကွက်သို့ ရောက်လာခဲ့သည်။
ထိုသူသည် စစ်ဝတ်စုံ ဝတ်ဆင်ထားပြီး တံခါးအပြင်တွင် ဖြောင့်မတ်စွာ ရပ်ကာ ရပ်ကွက်အတွင်းသို့ ခေါ်လိုက်သည်။ "ရဲဘော်ကျန်း၊ ခင်ဗျားကို အပြင်မှာ တစ်ယောက်ယောက်က ရှာနေတယ်။"
ကျန်းနျန် ထိုအသံကို ကြားပြီး အပြင်သို့ လျှောက်သွားကာ မေးလိုက်သည်။ "ဘယ်သူက ကျွန်မကို ရှာနေတာလဲ။"
လုံခြုံရေးက ပြန်ဖြေခဲ့သည်။ "အစိုးရပိုင် ပန်းထိုးအလုပ်ရုံကလို့ ပြောတဲ့ အမျိုးသမီး တစ်ဦးပါ။ သူမက မင်းနဲ့ တွေ့ပြီး တစ်ခုခု ဆွေးနွေးချင်တယ်တဲ့။"
ကျန်းနျန် သူမ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမ ပြုံးပြီး ပြောလိုက်သည်။ "ကျွန်မ ချက်ချင်း လာခဲ့မယ်။"
သူမ လုံခြုံရေးနောက်ကို လိုက်ပြီး စခန်းအပြင်ရှိ လုံခြုံရေးရုံးသို့ သွားခဲ့သည်။ သူမသည် အဝေးမှ စခန်းဘက်သို့ ကြည့်နေသော အမျိုးသမီး တစ်ဦးကို မြင်လိုက်သည်။ သူမသည် အညိုရောင် ရှပ်အင်္ကျီနှင့် ကျယ်ပြန့်သော မီးခိုးရောင် ဘောင်းဘီ ဝတ်ဆင်ထားပြီး ခြေထောက်တွင် ခေတ်ဟောင်းပုံစံ အနက်ရောင် သားရေ ဖိနပ်များ စီးထားသည်။ ဆံပင်မှာလည်း သူမ၏ ပခုံးအထိ ရှည်ကာ သူမ၏ ရုပ်ရည်သည် ခွန်အားရှိပြီး စွမ်းဆောင်နိုင်သော သြဇာကို ဖော်ထုတ်ပြနေသည်။
ကောမိန်သည် စစ်တပ်အပြင်ဘက်တွင် ဆယ့်ငါးမိနစ်ခန့် စောင့်ဆိုင်းခဲ့သော်လည်း လုံခြုံရေး သို့မဟုတ် ပန်းထိုးနိုင်သော အမျိုးသမီး ရဲဘော် တစ်ဦးမှ ပေါ်မလာခဲ့ပေ။
သူမ အရှေ့ဘက်သို့ လှည့်လိုက်ရာ လုံခြုံရေးနှင့် အမျိုးသမီး ရဲဘော် တစ်ဦး လျင်မြန်စွာ လာနေသည်ကို မြင်လိုက်သည်။
ထို အမျိုးသမီး ရဲဘော်သည် အလွန် ရိုးရှင်းသော အဝတ်အစားနှင့် ဘောင်းဘီ ဝတ်ဆင်ထားပြီး ရိုးရိုး အနက်ရောင် အထည်ဖိနပ်များ စီးထားသည်။
သူမသည် ဆံပင် ကျစ်ဆံမြီး နှစ်ဖက်ကျစ်ထားပြီး မမျှော်လင့်ဘဲ လှပသော မျက်နှာသွင်ပြင်များ၊ ဖြူဖွေးချောမွေ့သော အသားအရေ၊ ကွေးနေသော မျက်ခုံးများနှင့် ပုလဲများကဲ့သို့ တောက်ပသော မျက်လုံးများ ရှိသည်။
ကောမိန်သည် သူမ အရွယ်တွင် လှပသော မိန်းကလေးများကို အများအပြား တွေ့ဖူးသော်လည်း ဤ လုပ်ဖော်ကိုင်ဖက်တွင် ထူးခြားသော ဆွဲဆောင်မှု ရှိနေသည်။
သူတို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ ကောမိန် ဟန်ဆောင်မှု မရှိဘဲ ပြုံးလိုက်သည်။ "မင်းက ရဲဘော်ကျန်းပဲ ဖြစ်ရမယ်။"
၎င်းသည် မေးခွန်းမဟုတ်ဘဲ ဖော်ပြချက် ဖြစ်သည်။
ကျန်းနျန် ပြုံးလိုက်သည်။ "ကျွန်မက ကျန်းနျန်ပါ။ ရှင့်ရဲ့ နာမည်ကို သိခွင့်ပြုပါ။"
ကောမိန် အမှန်တကယ် အံ့အားသင့်သွားသည်။ အစတွင် သူမသည် ပန်းထိုးနိုင်သော အမျိုးသမီးမှာ သူမ အရွယ်ဝန်းကျင်ရှိ အသက်ကြီးသော အမျိုးသမီး ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် သူမ အစိုးရပိုင် ပန်းထိုး အလုပ်ရုံသို့ အလျင်အမြန် ပြန်ရောက်သောအခါ ကျန့်ရှောင်က သူမသည် ငယ်ပြီး လှပသော မိန်းကလေး ဖြစ်ကြောင်း ပြောပြခဲ့သည်။ သူမ ခဏမျှ အံ့အားသင့်သွားခဲ့သည်။
ယခု သူမကို တွေ့သောအခါ သူမသည် ငယ်ပြီး လှပသည်သာမက ပြောဆိုပုံနှင့် အမူအရာတွင် ပညာတတ်သူ တစ်ဦးကဲ့သို့ ဖြစ်နေသည်ကို တွေ့ရှိရမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ကောမိန်သည် သူမ၏ အံ့အားသင့်မှုကို ထိန်းကာ ပြုံးလိုက်သည်။ "ငါ့နာမည်က ကောမိန်ပါ။ ငါက မင်းထက် အသက်ကြီးတာမို့ အစ်မကောလို့ ခေါ်လို့ရတယ်။"
ကျန်းနျန်သည် စိမ်းကားသည်ဟု မခံစားရဘဲ ပျော်ရွှင်စွာ အစ်မကော ဟု ခေါ်လိုက်သည်။
သူမ လုံခြုံရေးကို မေးလိုက်သည်။ "အစ်မကောကို အထဲကို ခေါ်သွားလို့ရမလား။"
လုံခြုံရေးက ပြောသည်။ "ကျွန်တော် တပ်ရင်းဘက်က တစ်ယောက်ယောက် လက်မှတ်ထိုး အတည်ပြုပေးဖို့ လိုပါတယ်။"
ကျန်းနျန် ခဏမျှ တွေဝေသွားပြီး ကောမိန်ကို သူမ လုယွီကို သွားခေါ်ပေးမည်ဟု ပြောချင်သော်လည်း မမျှော်လင့်ဘဲ တပ်ရင်းဗိုလ်ကြီးလုကို တွေ့လိုက်ရသည်။ သူမ လျှောက်သွားပြီး ပြောလိုက်သည်။ "တပ်ရင်းဗိုလ်ကြီးလု၊ ဒါကို ကျွန်မအတွက် လက်မှတ် ထိုးပေးလို့ရမလား။ ကျွန်မရဲ့ အစ်မကို စကားပြောဖို့ အထဲကို ခေါ်သွားချင်တယ်။ တပ်ရင်းကို သွားပြီး လုယွီကို ရှာဖို့က တော်တော်ဝေးလို့ ရှင့်ကို အနှောင့်အယှက်လေး နည်းနည်းပေးချင်ပါတယ်။"
တပ်ရင်းဗိုလ်ကြီးလု အနည်းငယ် အံ့အားသင့်စွာဖြင့် ကျန်းနျန်ကို ကြည့်လိုက်သည်။ သူသည် လက်ထောက်တပ်ရင်းမှူးလု၏ မရီးအကြောင်း ကြားဖူးသည်။ သူမသည် ဖုံးကွယ်ထားတတ်ပြီး ကြောက်တတ်သည်ဟု လူသိများသည်။ ကျန့်ဟုန်က သူမကို နံရံကို ခေါင်းဖြင့်တိုက်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားသည်အထိ အနိုင်ကျင့်ခဲ့သည်။
သူ ငြင်းဆန်ခြင်း မရှိပေ။ "အင်း။"
ကျန်းနျန် ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ တပ်ရင်းဗိုလ်ကြီးလု။"