နှုတ်ဆက်ပါတယ်..သူငယ်ချင်း(၂)
Vol. 15 Ch. 212
ထန်မိသားစု၏အခြေအနေ ပြန်လည်တည်ငြိမ်သွားစေရန် အချိန်သိပ်မယူလိုက်ရပေ။ ထန်ဂန်းက အာဏာကို အပြည့်အဝထိန်းချုပ်ရရှိကာ အားလုံးကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်လေသည်။
အကြီးအကဲများကမူ အာဏာအပ်နှင်းလိုက်ရသည့်အပေါ် မကျေနပ်ကြသော်လည်း ထန်ဂန်းကို ပြန်လှန်ရန် အင်အားမရှိသည်မို့ ခေါင်းငုံ့သာ ခံလိုက်ကြရပြီး ဤသို့နှင့် ထန်မိသားစု၏ ပြဿနာများက တခန်းရပ်သွားလေသည်။ ထန်ဝူးကနေ စစ်ဆေးခံနေရဆဲဖြစ်ပြီး ထန်ဟုတ်သည်လည်း လွတ်ငြိမ်းခွင့်မရသေးပေ။
"စစ်ဆေးရေးက တော်တော်လေးကို ကြန့်ကြာနေတယ်"
"ဘာလို့တုန်း"
ထန်ဂန်းက ခေါင်းငြိမ့်ပြကာ ချွန်းမြောင်ကို လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလာလေသည်။
"အပြစ်က အသိသာကြီးပဲ မဟုတ်ဘူးလား"
"ဟုတ်ပါတယ်....မင်းပြောသလိုပါပဲ...
အပြစ်က အသိသာကြီးပါ... ဒါကြောင့် ဒီလိုပဲ လုပ်နေလို့ မရဘူးဆိုတာရော..အတည်လုပ်တယ်ဆိုတာ သိမှ နောက်ကျရင် သူတို့ကလည်း မလုပ်ရဲကြတော့မှာဆိုတာရော ကျုပ်သိပါတယ်"
"ဒါဆို ဘာလို့အချိန်ဆွဲနေတာလဲ"
"စုံစမ်းစရာတွေက များလွန်းနေလို့ပါ"
"ဪ"
ချွန်းမြောင်က နားလည်သယောင်နှင့် ခေါင်းငြိမ့်ပြလာလေသည်။
ထန်ဝူးကို စစ်မေးရသည်က ထန်မိသားစုဝင်များအနေနှင့် လွယ်ကူသောကိစ္စမဟုတ်ပေ။ အားလုံးက ရိုသေလေးစားရသော အကြီးအကဲဟူသည့် ပုံရိပ်က အရိပ်ကျန်နေဆဲပင်။ ထိုအရိပ်ကိုမေ့ပစ်နိုင်ရန်ပင် ထန်ဂန်းတို့အနေနှင့် အတော်လေးကြိုးစားရဦးမည် ဖြစ်လေသည်။
"ခင်ဗျားက ကျွန်တော်ထင်ထားတာထက် ပိုပြီးတော့ ကြောက်တတ်တဲ့သူပါလား"
"မင်း ကျုပ်နေရာကို ဝင်မကြည့်ဘဲ အဲ့လိုတော့ မပြောသင့်ပါဘူး"
"ကျွန်တော် ဘာပြောရသေးလို့လဲ"
"ဟာ..ဘာလို့ အဲ့လိုကြီးလာကြည့်နေတာတုန်း...တကယ် ဘာပြောရသေးလို့လဲ"
ဗလောင်းဗလဲပြောနေသော ချွန်းမြောင်ကိုကြည့်ကာ ထန်ဂန်း ခေါင်းငြိမ့်လိုက်လေသည်။
ချွန်းမြောင်ကိုကြည့်ရသည်က လူငယ်လေးကိုရော လူကြီးတစ်ယောက်ကိုပါ တွဲမြင်နေရသလိုပင်။ လူငယ်တစ်ယောက်ကဲ့သို့ စိတ်ဆတ်ကာထက်မြက်နေသလောက် လူအိုကြီးတစ်ယောက်ကဲ့သို့ အကြံဉာဏ်တွေကလည်း ပြည့်နှက်နေလေပြန်သည်။ ထန်ဂန်း အမှန်ပင် လိုက်မမှီပေ။ သို့သော်လည်း သူခံစားမိရသည်က တစ်ခုတော့ရှိလေသည်။
ဟွာဆန်းနှင့်ပူးပေါင်းလိုက်ခြင်းက အမှန်ပင် ကောင်းမွန်လှပေသည်။ အမှန်ပင် မိတ်ဆွေစစ်တစ်ဦးရလိုက်သလိုပင်။ ဟွာဆန်းအတွက် မည်သို့မှ အကျိုးမရှိနိုင်သော်လည်း ထန်မိသားစု၏အရေးကို ရှေးရှူကာ ချွန်းမြောင်လုပ်ပေးခဲ့သည့်အရာများက အများအပြားပင်။
"ဒါနဲ့ ဟိုတစ်ယောက်ကလည်း အဆင်ပြေသွားမှာပါ"
"ဘယ်သူ"
"ထန်ပယ်လား"
"အင်း...သူ့ကိုပြောတာ"
ချွန်းမြောင်က ပြုံးကာပြောလာလေသည်။
"သူက အမှားလုပ်ခဲ့တာ မှန်တယ်ဆိုပေမယ့် သူ့ကို ဆက်ခံသူနေရာကနေ ဖယ်ထုတ်လိုက်တဲ့အကြောင်းရင်းကိုတော့ နားမလည်နိုင်သေးဘူး ..ဘာလို့လဲ"
"ထန်ပယ်က အကြောက်ကြီးတယ်..မင်းကိုလုပ်ခဲ့တာပဲ ကြည့်လေ"
"ခေါင်းဆောင်ကြီး ..ခင်ဗျားတို့ မိသားစုကြားမှာ ဝင်ပါတာ မသင့်တော့ဘူးဆိုပေမယ့် ကျွန်တော်တစ်ခုလောက်ပြောချင်တယ်"
"ထန်ပယ်နဲ့ပတ်သက်ပြီးတော့လား.."
"...."
"အဟမ်း..ရပါတယ် ပြောပါ"
"လူတွေက အမှားကနေသင်ယူပြီးတော့ ပြုပြင်ရတာပဲ...အဲ့လိုသင်ယူခွင့်မရရင်တော့ အမှားတစ်ခုက အမှားဆိုတာထက် ဘာမှပိုဖြစ်မလာတော့ဘူး.."
"..."
"ဘာလို့ ထန်ဝူးက ဒီလိုတွေလုပ်ခဲ့တာလဲ ခင်ဗျားသိလား"
"အင်း...အဲ့တာကတော့ ကျွန်တော်သိပါတယ်..ကျွန်တော်ဆက်ခံသူဖြစ်လာကတည်းက သူကမကျေနပ်နေတာလေ"
"မဟုတ်ဘူး...သူက ထန်မိသားစုဝင် ဖြစ်နေလို့တာ ဒီလိုဖြစ်ရတာ"
"..""
"ထန်မိသားစုက လူတွေဒီလိုဖြစ်နေရတာ ဘေးလူပယောဂကြောင့် မဟုတ်ဘူး..ထန်မိသားစုဝင်တွေက လောကကြီးထဲကို ထဲထဲဝင်ဝင်လေ့လာခွင့်မရဘဲ အမြင်ကျဉ်းနေကြလို့..ရေတွင်းထဲက ဖားလို ကိုယ့်ဘဝကိုပဲ ကြီးကျယ်လှပြီ ထင်နေကြလို့.. အားလုံးကို ပြင်ပလောကနဲ့ထိစပ်ခွင့်ပေး၊ ရှုံးနိမ့်နာကျင်ခွင့်ပေးမှ အကုန်လုံးက တကယ့်အခြေအနေကို သိမြင်ပြီး ကြိုးစားပြုပြင်လာနိုင်ကြမှာ"
"အမှားနဲ့ကင်းပြီး အောင်မြင်လာတဲ့သူဆိုတာ လောကမှာ မရှိပါဘူး...ခေါင်းဆောင်ကြီး"
ချွန်းမြောင်ဆိုလိုချင်သောအရာကို နားလည်သည့်ထန်ဂန်းက ခေါင်းငြိမ့်ပြလာလေသည်။
"ကျွန်တော် ပြောချင်တာက ဘယ်သူမှ အစကတည်းက ပြည့်စုံမနေပါဘူးဆိုတာပဲ"
"လူတိုင်းက အတူတူပါပဲ"
ချွန်းမြောင်သည်လည်း အတူတူပင် ဖြစ်လေသည်။ ပြန်လည်မွေးဖွားခွင့်သာ မရခဲ့လျှင် အတိတ်ဘဝက သူမည်မျှဆိုးသွမ်းခဲ့သည်ကို သူသိနိုင်မည် မဟုတ်ပေ။ ပြင်ဆင်ခွင့်လည်း ရမည်မဟုတ်ပေ။ ပြန်လည်မွေးဖွားလာ၍သာ အတိတ်ဘဝက အမှားများကို ပြန်လည်ပြင်ဆင်ခွင့် ရခြင်းဖြစ်လေသည်။
လူတိုင်းက ဒုတိယအခွင့်အရေးရသင့်သည်ဆိုတာကို ချွန်းမြောင် နားလည်သွားပြီဖြစ်လေသည်။
"အခုလို ပြောလို့ အမှားတွေထပ်ကာထပ်ကာလုပ်နေတာကိုတော့ အားပေးတာ မဟုတ်ပါဘူး...ဒါပေမယ့် အားလုံးအတွက် ဒုတိယအခွင့်အရေးဆိုတာကတော့ ရှိသင့်တယ်လေ"
"ဒါတော့ ဟုတ်ပါတယ်..ကျုပ် ထူပူပြီး မတွေးခဲ့မိတာပါ"
ထန်ဂန်းက တွေးတွေးဆဆနှင့်ပင် သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။ သားဖြစ်သူ ထန်ပယ်သည် တသက်လုံးလိုလိုပင် စည်းနှင့်ကမ်းနှင့် နေခဲ့သူဖြစ်လေပြီး သူ၏စကားကိုလည်း တစ်ကြိမ်ပင် ပယ်ရှားခဲ့သူမဟုတ်ပေ။ ဖြစ်ခဲ့ရသည့်ကိစ္စကလည်း သူ့အားအစိုးရိမ်လွန်ကာ ဖြစ်ခဲ့ခြင်းပင်။
ထို့ပြင် ရာထူးမှ ထုတ်ပယ်ခံရသည်ကိုပင် စိတ်ထဲမထားဘဲ အဆိပ်ခတ်သူများကိုပါ တာဝန်သိစွာ ထုတ်ဖော်ပေးခဲ့လေသေးသည်။ သူ၏သားက သားတစ်ယောက်အနေနှင့် တတ်နိုင်သမျှ တာဝန်ကျေနေသည်က အသိသာကြီးပင်။ သူကသာ တင်းမာလွန်းနေခြင်းပင်။
"ဒါပေမယ့် မင်းအတွက် အဆင်ပြေပါ့မလား..သူက မင်းကို ဓားပေါက်ထားတာလေ..သူ ခေါင်းဆောင်ဖြစ်လာတဲ့အခါ မင်း မျက်နှာချင်းဆိုင်ရတာ အဆင်ပြေပါ့မလား..အမြဲတမ်းသူနဲ့ပဲ မျက်နှာချင်းဆိုင်နေရမှာလေ"
"ဘာလို့ အဆင်မပြေရမှာလဲ"
"အင်း"
"သူ့ကို ကျွန်တော်မျက်နှာချင်းမဆိုင်နိုင်မယ့်အခြေအနေက သူက ကျွန်တော့်ထက် တအားသန်မာနေမှပဲ ..ပြီးတော့ ထန်ပယ်ကို ခေါင်းဆောင်ကြီးအနေနဲ့ မြင်ရလည်း အဆင်ပြေပါတယ်..ကျွန်တော့်ကို ဓါးနဲ့ပေါက်ပြီးမှတော့ သူလည်းနောက်ထပ်မျက်နှာပြောင်တိုက်ရဲမယ် မထင်တော့ပါဘူး"
"...."
"ဟားဟားဟား..ဒါလည်း ဟုတ်တာပဲ..ကျေးဇူးပါဗျာ"
ထန်ဂန်း၏ ဆက်ခံသူရှာဖွေနေသည့် ပြဿနာကလည်း ချက်ချင်းဆိုသလိုပြေလည်သွားလေသည်မို့ ထန်ဂန်း အနည်းငယ် စိတ်ပေါ့ပါးသွားလေသည်။
"မင်း ပြောချင်တာကို ငါနားလည်ပါတယ်..ဒါပေမယ့်လည်း ဒီကိစ္စမှာ ထန်ပယ်အမှားလည်း မကင်းဘူးလို့ ထင်တာမို့ပါ...ပြီးတော့ ဆက်ခံသူနေရာအတွက်လည်း အားလုံးကို မျှမျှတတ အခွင့်အရေးရစေချင်တာပါ..ဒါကလည်း သူတို့ကို ပိုပြီးတော့ ရင့်ကျက်စေမယ်လို့ ထင်လို့ပါ"
"အဲ့လိုဆိုရင်တော့လည်း အဆင်ပြေပါတယ်"
ထန်ဂန်းက ခေါင်းငြိမ့်ပြရင်း သက်ပြင်းကို ခပ်လေးလေးချလိုက်လေသည်။
"နောက်ထပ်ပြဿနာတစ်ခုကလေ..."
ထန်ဂန်းက အနေရခက်နေသည့်ပုံနှင့် တောင်ကြည့်မြောက်ကြည့်လုပ်ကာ ပြောလာလေသည်။
"ဆိုဆို..ဆိုဆိုကလည်း ဟွာဆန်းကို ဝင်ချင်လို့တဲ့"
"ဟမ်..သူက ဘာလို့လဲ"
"မသိဘူး...ငါလည်း အဲ့တာပဲ သိချင်နေတာ"
"ခင်ဗျား ကျွန်တော့်ကို လက်မခံဘူးလို့ ငြင်းစေချင်နေတာလား"
"မင်းမှာ အဲ့လိုလုပ်ပိုင်ခွင့် ရှိတယ်လား"
"ဟင့်အင်း...ကျွန်တော့်မှာ လုပ်ပိုင်ခွင့်မရှိဘူး..အဲ့တာမျိုးက နည်းပြဘတ်ချုန်းပဲ လုပ်လို့ရတာ..ဂိုဏ်းချုပ်က သူ့ကိုပဲ လုပ်ပိုင်ခွင့်ပေးလိုက်တာ"
"ဒါနဲ့...မင်းတို့ ဂိုဏ်းချုပ်က ဘယ်လိုလူမျိုးလဲ"
"အဟား..မေးမနေနဲ့တော့...ထန်ခေါင်းဆောင်ရဲ့သမီးသာ ဂိုဏ်းကိုဝင်မယ်ဆိုလို့ကတော့ သက်တောင့်သက်သာထားပြီး အရိပ်တကြည့်ကြည့်နေမယ့်သူမျိုးရယ်"
"..."
"ဪ..သူက အဲ့လိုမျိုးလား"
ထန်ဂန်းက ခေါင်းတငြိမ့်ငြိမ့်နှင့် သက်ပြင်းရှည်ကြီးကို ချပြန်လေသည်။
"ငါကတော့ ဆိုဆိုကို ဟွာဆန်းထိ မပို့ချင်ဘူး"
"အင်း..ဒါပေါ့..အဖေတစ်ယောက်အနေနဲ့ သမီးကို အဝေးဘယ်ပို့ချင်မှာလဲ"
"ဒါဆို သူ့ကို သေချာလေး ဂရုစိုက်ပေးပါ"
"ဟမ်."
နေပါဦး..ငါပဲ နားကြားမှားသွားတာလား
ထန်ဂန်းက သက်ပြင်းရှည်ကြီးကို ချကာပြောလာလေသည်။
"ဘယ်လောက်ပဲ ထန်မိသားစုရဲ့ခေါင်းဆောင်လို့ပြောပြော ..အာဏာအပြည့်ရှိတယ်ပြောပြော မိသားစုရဲ့အစဉ်အလာကိုတော့ တစ်ခဏနဲ့ဖျက်သိမ်းလိုက်လို့ မရနိုင်ဘူး...ဆိုတော့ သူ့ဘဝလေးကလည်း ဒီဓလေ့ထုံးတမ်းတွေကြားမှာ ပိတ်နေတော့မှာ"
"အင်း.."
"မိဘတစ်ယောက်အနေနဲ့ သားသမီးကို ပျော်စေချင်တယ်..ဒီနေရာမှာ သူပျော်ခွင့်မရှိရင် သူပျော်လို့ရနိုင်မယ့်နေရာကို ပို့ပေးရမှာ ငါ့တာဝန်ပဲ"
"အဲ့လိုဆိုလည်း ဘာကိစ္စ ဟွာဆန်းကို ပို့မှာလဲ...ဝူတန်ဂိုဏ်းဖြစ်ဖြစ် ၊ အယ်မေ့ဂိုဏ်းဖြစ်ဖြစ် ပို့လိုက်လို့ရတာပဲကို"(အယ်မေ့ဂိုဏ်းက သီလရှင်ဂိုဏ်းပါနော်)
"ဘာတုန်း..မင်းက ငါ့သမီးကို မယ်သီလရှင်ဘဝရောက်စေချင်နေတာလား"
ထန်ဂန်းက မျက်ထောင့်နီကြီးနှင့်ကြည့်ကာ ပြောလာသည်မို့ ချွန်းမြောင်က တံတွေးမြိုချမိသွားလေသည်။
သူ့သမီးတော့ အတော်ချစ်သဟ..
"ဘယ်လိုပဲဖြစ်ဖြစ် ငါ့သမီးကိုသာ သေချာလေးဂရုစိုက်ပေးစမ်းပါ ..မင်းသာ ဂရုစိုက်မယ်ဆိုရင် ငါစိတ်ချလက်ချနဲ့ လွတ်လို့ရပြီ"
"ဟင်း..တော်ပါနော်...ဘယ်သူက လက်ခံမယ်ပြောနေလို့လဲ...ကျွန်တော်ကတော့ ဒီအသက်အရွယ်ရောက်မှတော့ ကလေးထိန်းလိုက်မလုပ်နိုင်ပါဘူး..ပြီးတော့ ကျွန်တော့ထက်လည်း ကြီးသေးတာကို"
"ငါ့သမီးက အဲ့လောက်အသက်မကြီးသေးပါဘူးဟ"
"အခုက အသက်အရွယ်ကြောင့် မဟုတ်ဘူး."
"…"
ထန်ဂန်းက အသည်းအသန်ငြင်းနေသော ချွန်းမြောင်ကြောင့် မကျေနပ်သည့်ပုံနှင့် ကြည့်လာလေသည်။
"မင်း ...ငါ့ကို သမားတော်ထည့်ပေးဖို့ ပြောထားတယ်နော်"
"ဘာတုန်း...အဲ့ကိစ္စက အရင်ကတည်းက ဆွေးနွေးပြီးသားကြီးနော်...အခုမှ ပြန်အစဖော်ပြီး ဘာလုပ်မလို့တုန်း"
"ဆိုဆိုက ဆေးပညာမှာ ပြိုင်ဘက်ကင်းပဲ"
"ဘာကြီး"
ထန်ဂန်းက အသာစီးရသည့်မျက်နှာပေးနှင့် ပြောလာလေသည်။
"ဆိုဆိုက မိသားစုရဲ့အမွေအနှစ်လို့ ခေါင်းစဉ်တတ်လို့မရတဲ့ ခန္ဓာကိုယ်ကို ချီသန့်စင်အောင်လုပ်တဲ့နည်းနဲ့ ချီစွမ်းအင်အသုံးပြုနည်းတစ်ချို့ကို သင်ထားဖူးတယ်"
"ဟွာဆန်းက သမားတော်တွေလည်း ဒါတော့တတ်တယ်လေ"
"ဆိုဆိုက ဆေးဝါးနဲ့ ဆေးမြစ်ပညာကိုလည်း လေ့လာထားသေးတယ်..ထန်မိသားစုမှာတော့ သူ့ကို မှီတဲ့ဆေးဝါးပညာရှင်ဆိုတာ လုံးဝ မရှိဘူး....သမားတော်ချုပ်ကြီးကဆို ဆိုဆိုအိမ်ထောင်ပြုပြီးတာနဲ့ ရာထူးလွဲပေးဖို့တောင် စီစဉ်နေတာ"
"ဪ...အဲ့လိုလား..ဟီးဟီး...ကျွန်တော်က ခေါင်းဆောင်ကြီးကို နောက်နေတာပါ...သူ့ကို ဟွာဆန်းမှာ လက်ခံဖို့ တွေးထားပြီးသားပါ"
"…"
"…"
ထန်ဂန်း အပြောင်းအလဲမြန်လှသော ချွန်းမြောင်ကြောင့် ယုံရခက်ခက်ပင် ဖြစ်သွားလေသည်။
ဒီကောင့်ကို ယုံလို့ ဖြစ်ရောဖြစ်ပါ့မလားဘဲ...
"ဒါက အခုပြောလိုက်လို့ လက်ခံတာ မဟုတ်ပါဘူးနော်"
"ဒါပေါ့..ဒါက သပ်သပ်ပါ...ဆိုဆိုက သူသိသမျှ ဆေးပညာတွေကို မျှဝေဖို့ ဟွာဆန်းကို သွားမှာပါ..ဆိုဆိုတစ်ယောက်ထဲ အဆင်မပြေဘူးလို့ ခံစားရရင် နောက်ထပ်လူတစ်ယောက်ရော ထပ်ထည့်ပေးလိုက်ပါ့မယ်"
"ဟုတ်ပါပြီ"
ချွန်းမြောင် ပြုံးကာခေါင်းငြိမ့်ပြလေသည်။
"မင်းတို့ သွားပြီဆိုတာနဲ့ ငါကိုယ်တိုင်ဦးဆောင်ပြီး ဆိုဆိုကိုပါ ဟွာဆန်းကို ခေါ်သွားမယ်..ပြီးတော့အခြေအနေတွေကို သေချာရှင်းပြပြီး ဆိုဆိုကိုလည်း သေချာအပ်နှံထားခဲ့မယ်"
"ခေါင်းဆောင်ကြီးကိုယ်တိုင် သွားမလို့လား"
"ကိုယ်နဲ့မိတ်ဆွေ ဖြစ်ချင်တာကို ကိုယ်မသွားဘဲ တခြားသူလွတ်လို့ ရလို့လား"
ထန်ဂန်း၏ ဥပမာကြောင့် ချွန်းမြောင် ပြုံးသွားလေသည်။
"ကြည့်ရတာတော့ တကယ်မိတ်ဆွေဖြစ်ချင်နေတဲ့ပုံပဲ"
"ဘာလို့လဲ...အဲ့လိုလုပ်တာ အဆင်မပြေလို့လား"
"အဆင်မပြေဘဲ ဘယ်နေလိမ့်မတုန်း"
ချွန်းမြောင် ပြုံးလိုက်လေသည်။ မရည်ရွယ်ထားခဲ့သော်လည်း ထန်မိသားစုက ဟွာဆန်း၏ အကျိုးတူပူးပေါင်းလာခဲ့လေသည်။ အတိတ်ဘဝက လူချင်းမိတ်ဆွေဖြစ်ခဲ့ရုံသာ ရှိခဲ့သော်လည်း ယခုတွင်မူ ဂိုဏ်းချင်းပါ မဟာမိတ်ဖြစ်ခဲ့ပြီ ဖြစ်လေသည်။ ချွန်းမြောင် ဤရေစက်ကံကြမ္မာကို မည်သို့ပြောရမည်ပင် မသိတော့ပေ။
"ဒါနဲ့ မင်းတို့ သွားရမယ့်ကိစ္စကလည်း တော်တော်လေး နှောင့်နှေးသွားတယ်..ဆိုတော့ မင်းတို့ မနက်ဖြန်ပဲ ယန်နန်ကို သွားလို့ရပါပြီ"
"အာ..ဟုတ်သားပဲ..ခရီးကရှည်မှာဆိုတော့ ခပ်စောစော သွားလိုက်တာပဲ ကောင်းမယ်ထင်တယ်"
"ဒါနဲ့ မင်းတို့ ယန်နန်သွားမယ့်ကိစ္စကို မေးကြည့်လို့ရမလား"
"မရဘူး...အဲ့တာက လျို့ဝှက်ချက်"
"မိတ်ဆွေတစ်ယောက်ကို လျို့ဝှက်ထားရအောင်ထိအရေးကြီးတဲ့ လျို့ဝှက်ချက်လား"
"ဂိုဏ်းချုပ်က ပြောခိုင်းရင် ပြောပြမယ်"
ချွန်းမြောင်၏ လူလည်ကျမှုကြောင့် ထန်ဂန်းက တဟားဟား ထရယ်လေတော့သည်။
"ဟားဟားဟား...နောက်ဆုံးတော့လည်း ငါကိုယ်တိုင်ပဲ ဟွာဆန်းကို သွားပြီးမေးလိုက်ပါတော့မယ်"
"ဟုတ်တယ်..အဲ့တာကောင်းတယ်..အဲ့တာဆို ပြောတာမပြောတာက ဂိုဏ်းချုပ်ရဲ့သဘောဖြစ်သွားပြီ"
"အင်း...ဟုတ်ပါပြီ"
ထန်ဂန်းက ပြုံးကာ ခေါင်းငြိမ့်လိုက်လေသည်။
ဆွေးနွေးစရာအစုစုက ကုန်ဆုံးသွားပြီမို့ ထန်ဂန်းက ခုံမှထလိုက်လေသည်။
"ဟင်...ဒါက ဘာလုပ်တာတုန်း"
ထန်ဂန်းက အံဩနေသော ချွန်းမြောင်ကို အရိုအသေပေးလိုက်လေသည်။
"ကျွန်တော်တို့ မင်းဆီကနေ ကျေးဇူးတရားတွေ အများကြီးကို လက်ခံခဲ့ရပါတယ်"
"ဟမ်...ဒါက ဘာလဲ..ခင်ဗျားက နောက်ဆုံးအကြိမ်တုန်းက ပြောခဲ့တဲ့စကားကြောင့်လား...ခင်ဗျား ကျေးဇူးတင်ပြီးသားလေ"
"အဲ့ဒီအချိန်တုန်းက ထန်မိသားစုရဲ့ အကြီးအကဲအနေနဲ့ ကျေးဇူးတင်ခဲ့တာဖြစ်ပြီး အခုက ထန်ဂန်းအနေနဲ့ ကျေးဇူးတင်တာပါ"
"…"
"ကျေးဇူးတင်ပါတယ်...တကယ် ကျေးဇူးတင်ပါတယ်"
ချွန်းမြောင်က သူ့အားပြုံးပြကာ ကျေးဇူးတင်လာသည့် ထန်ဂန်းကို ကြည့်လိုက်လေသည်။
ထန်ဂန်း အမှန်ပင်ပြုံးမိသွားလေသည်။ ချွန်းမြောင်က အပြင်ပန်းကြည့်လျှင် လောဘကြီးသည်ဟု ထင်ရသော်လည်း ထန်မိသားစုအတွက် ပြုလုပ်ပေးခဲ့သည့်အရာများကမူ မနည်းမနောပင်။
"ဟင်း...အဲ့တာဆိုလည်း စကားနဲ့ပဲ ကျေးဇူးတင်နေတော့မှာလား"
"မင်းက ငါတို့ကို အေးဓါးပြ လာတိုက်နေတာလား"
"မိတ်ဆွေတစ်ယောက်က ဒီလောက်တော့ လုပ်ပေးရမှာပေါ့"
"ဒီလိုမိတ်ဆွေမျိုးက ဘယ်မှာရှိလို့လဲ...ကြောက်စရာကောင်းလိုက်တာ"
"အဟီး...ကဲပါ..အခု ကျွန်တော်ပြောတာကို နားထောင်...ဘာမှ ခက်ခက်ခဲခဲကြီး မဟုတ်ဘူးရယ်"
"ခက်ခက်ခဲခဲ မဟုတ်ရင် ဘာလို့အခုမှ ပြောတာလဲ"
"အခုမှ ပြောဆို အခုလုပ်ရင်တောင် ရတဲ့ကိစ္စမို့လေ"
"ဟမ်"
ထန်ဂန်း မယုံကြည်သကဲ့သို့ မျက်မှောင်ကြုတ်လိုက်လေသည်။ ချွန်းမြောင်၏ အာမခံနေသောမျက်နှာကိုကြည့်ကာ ထန်ဂန်းပို၍ပင် ခံစားချက်များမကောင်းလာသကဲ့သို့ ခံစားလိုက်ရလေသည်။
"ကျွန်တော် လိုချင်တာကလေ.."
ချွန်းမြောင်က ထန်ဂန်းအနားသို့ ကပ်ကာ တီးတိုးပြောလိုက်လေပြီး ထန်ဂန်းကမူ အံဩလွန်း၍ မျက်လုံးများပင် ပြူးလာလေသည်။
"ဘယ်...ဘယ်လိုပြောလိုက်တယ်"
"ခေါင်းဆောင်ကြီး ကြားလိုက်တဲ့အတိုင်းပဲ"
"အဲ့တာကို ဘယ်နေရာမှာ သုံးမလို့လဲ...မဟုတ်သေးဘူး...အဲ့တာက သုံးလို့ရရင်တောင်..."
"ခေါင်းဆောင်ကြီး ယူပေးလို့ရတယ်မို့လား...ဟုတ်တယ်မို့လား"
ထန်ဂန်း မျက်နှာက ပျက်နေပြီဖြစ်၏။
"မင်းလည်း သိတဲ့အတိုင်းပဲ..ထန်မိသားစုရဲ့အဆိပ်ဆိုတာက အပြင်လူကို လွယ်လွယ်ပေးလိုက်လို့ ရတာမျိုး မဟုတ်ဘူး"
"ကျွန်တော် သိပါတယ်...တကယ် ဒီတစ်ကြိမ်ထဲပါ"
"ဟင်း"
ထန်ဂန်း သက်ပြင်းသာ တွင်တွင်ချနေလေတော့သည်။
သူ့အနေနှင့် သူ၏အာဏာကို အသုံးချကာ ချွန်းမြောင်တောင်းဆိုသည့်အရာကို ပေးလိုက်၍ရသော်လည်း မလိုလားအပ်သော ပြဿနာများကမူ ရှိလာနိုင်လေသည်မို့ ထန်ဂန်း ခေါင်းစားနေရလေသည်။
"မင်းက နောက်ဆို ငါတို့ရဲ့ မိသားစုရန်ပုံငွေကိုတောင် ဓါးပြတိုက်လောက်တယ်"
"ဒီလောက်ခရီးဝေးကြီး သွားရမယ့်မိတ်ဆွေကို ဒါလေးတောင် မလုပ်ပေးချင်ဘူးလား"
ထန်ဂန်း ဂျီတိုက်နေသော ချွန်းမြောင်ကိုကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
"ဟုတ်ပြီ...မင်းတောင်းဆိုတာကို လုပ်ပေးမယ်..ဒါပေမယ့် မင်းကို လုပ်ပေးလိုက်ရင် ငါ့ဘက်ကလည်း နစ်နာစရာတွေရှိလို့ အပေးအယူတစ်ခုတော့ ရှိတယ်"
"ခေါင်းဆောင်ကြီးက ထူးထူးဆန်းဆန်း အပေးအယူစကားတွေ ပြောလို့...ဘာများလဲ...ပြောပါဦး"
ထန်ဂန်းက ခဏမျှ တွေဝေနေပြီးမှ ပြောလာလေသည်။
"မင်း တစ်ခေါက် ပြန်ပြရမယ်"
"ဟမ်"
"မင်း စင်ပေါ်မှာတုန်းက သုံးခဲ့တဲ့ဓါးသိုင်းလေ"
"...."
"အဲ့တာ ငါ့ကိုတစ်ခေါက်ပြန်ပြ"
ထိုစကားကြောင့် ချွန်းမြောင်ပြုံးလိုက်လေသည်။
သွေးက အမှန်ပင် စကားပြောလေသည်။ ဘိုးဘေးဖြစ်သူ၏သိုင်းပညာကို မျိုးဆက်ဖြစ်သူက မသိစိတ်ကပင် ဆက်ခံသင်ကြားလိုစိတ် ရှိနေလေသည်။ ချွန်းမြောင် ထန်ဘို၏ဆန္ဒတစ်ခုကို ဖြည့်ဆည်းနိုင်လိုက်သည့်အလားကြည်နူးမိသွားလေသည်။
ချွန်းမြောင် ပြုံးကာပြောလိုက်လေသည်။
"အဲ့သိုင်းပညာက တော်တော်လေး ခက်တယ်နော်"
"ခက်တယ်လား"
"ခေါင်းဆောင်ကြီးသာ ကျွန်တော့်ကို စီချွမ်းအစားအစာတွေ တဝကြီးကျွေးမယ်ဆိုရင်တော့ ပြပေးလို့ရပါတယ်"
ထန်ဂန်းက ကျေနပ်ပြုံးကြီးကို ဝေဝေဆာဆာပင် ပြုံးလိုက်လေသည်။
"မင်းစားချင်သလောက် ကျွေးပစ်မယ်..ဗိုက်ပေါက်အောင်ကို စားပစ်စမ်းကွာ"
နှစ်ဦးသားက အပြုံးကိုယ်စီနှင့် တဟားဟားအော်ရယ်လိုက်ကြလေတော့သည်။