← Chapters

မင်း ဟွာဆန်းလို့ ပြောလိုက်တာလား(၃)

Vol. 15 Ch. 218

မင်း ဟွာဆန်းလို့ ပြောလိုက်တာလား(၃)

Vol. 15 Ch. 218

"မင်း…တစ်ခုခုကို ဘယ်လိုများ ခိုးလာရဲတာလဲ…အခုချက်ချင်း ထုတ်လိုက်စမ်း…”

“မခိုးဘူး…စောစောက လူတစ်ယောက်က ကျွန်တော့်ကို ပေးခဲ့တာ…ခိုးလာခဲ့တာ မဟုတ်ဘူး…"

“ဒီ‌ခွေးကောင်ကတော့ လိမ်ရဲတယ်ပေါ့…ကွမ်မင်မြို့မှာ ဘယ်သူက တခြားသူတွေကို အစားအသောက်တွေ ဝေပေးမှာတဲ့လဲ…မင်းလက် မလွှတ်သေးဘူးလား…"

ကုန်သည်က ဖက်ထုပ်တစ်ခုအတွက်နှင့် ကလေးတစ်ယောက်ကို ရိုက်နှက်နေ၏။

"လာခဲ့..ငါ့ကိုပေးစမ်း…မင်းလက်တွေကို ဖြတ်ပစ်လိုက်ရမလား မပေးဘူးလား…"

နောက်ဆုံးတော့ သူက ခါးတွင်ချည်ထားသော ဖက်ထုပ်ကို ဆွဲထုတ်လိုက်သည်။ကလေး၏လက်ကို ကိုင်ကာ ဖက်ထုပ်ကို မြှောက်လိုက်၏။

"ခင်ဗျား ဘာလုပ်နေတာလဲ…"

ကလေးအော်သံကိုကြားလိုက်ရသော ယွန်းဂျွန်သည် ထိုနေရာသို့ အမြန်ပြေးလာခဲ့သည်။သူက ကလေးကိုရိုက်နေသည့် ကုန်သည်၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"ဒါဘာလဲ…"

မမျှော်လင့်ထားသော ကြားဝင်‌နှောက်ယှက်မှုကြောင့် ဒေါသထွက်နေသော ကုန်သည်သည် သူ၏လက်ကို အားပြင်းပြင်းနှင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသလို ခံစားလိုက်ရသဖြင့် ပါးစပ်ကို အမြန်ပိတ်လိုက်သည်။သူ၏လေသံမှာလည်း ချက်ချင်း ပျော့သွားလေသည်။

“အာ့… အကြောင်းပြချက်မရှိ သူ့ကို ဒုက္ခပေးနေတာ မဟုတ်ပါဘူး…ဒီကလေးက ဖက်ထုပ်ကို ခိုးလာလို့…”

"ခိုးလာတာလား…အခုလေးတင် ကျုပ် သူ့ကို ပေးလိုက်တာပါ…”

"...မင်း သူ့ကို ပေးလိုက်တာလို့ ‌ပြောနေတာလား…"

ယွန်းဂျွန်၏ မျက်လုံးများမှာ အရိုင်းဆန်နေလေသည်။

"အကြောင်းစုံမသိဘဲ ကလေးတစ်ယောက်ကို အော်ငေါက်နေတာ…ခင်ဗျား ဘယ်လိုလူလဲ…"

"အာ… ကျုပ် တောင်းပန်ပါတယ်…တောင်းပန်ပါတယ်…ကျုပ်တို့ မဟုတ်ဘူး… ကွမ်မင်မှာ တခြားသူတွေနဲ့ ဝေမျှစားရလောက်အောင် စားစရာမရှိကြလို့ သူ ခိုးလာတာလို့ ထင်မိတာပါ…”

ယွန်းဂျွန်၏ မျက်နှာသည် တင်းမာသွားသည်။

“ဒါပေမယ့် ဘယ်လိုပဲပဲဖြစ်ဖြစ်…ပစ္စည်းတစ်ခုကို ခိုးမိတဲ့ ကလေးရဲ့လက်ကို ဖြတ်ပစ်ဖို့ ချိမ်းခြောက်တယ်…လူတစ်‌ယောက်က ဘယ်လိုလုပ် ဒီလိုကြမ်းတမ်းနေရတာလဲ…"

"အာ…သူ့ကို ခြောက်ဖို့ ကြိုးစားရုံပါ…"

ကုန်သည်ကို အချိန်အကြာကြီး စိုက်ကြည့်နေသော ယွန်းဂျွန်သည် သူဆုပ်ကိုင်ထားသည့်လက်ကို လွှတ်ပေးလိုက်ပြီး လေးနက်သောလေသံဖြင့် မေးလိုက်သည်။

"ဒီကလူတွေက ဘာလို့ တခြားသူတွေကို မကူညီကြတာလဲ…"

ကုန်သည်က မျက်ရည်များနှင့် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ယွန်းဂျွန်ကို ကြည့်လိုက်သည်။

"ဘ-ဘယ်လိုလုပ် တခြားလူကို စားစရာ ပေးရမှာလဲ…ဒီနေရာမှာ ကျုပ်တို့ကိုယ်တိုင်တောင် ဘာမှ စားစရာမရှိတာ…”

“ဟမ်…”

“ဒီမှာ လူတိုင်း ငတ်ပြီး သေကုန်ကြတာ…လမ်းမှာ မတွေ့ခဲ့ဘူးလား…"

ယွန်းဂျွန်က သက်ပြင်းချလိုက်သည်။

"ကျုပ် အခြေအနေကို နားလည်ပါတယ်…ဒါပေမယ့် ကလေးကို မဆင်မခြင် နာကျင်အောင်လုပ်တာတော့ မှား‌နေတယ်…"

"တောင်း…တောင်းပန်ပါတယ်…"

သူက အခိုင်အမာ ပြောပြီး သူ၏နားရှိ ကလေးဆီသို့ လှည့်ကြည့်လိုက်သည်။

"မင်း အဆင်ပြေရဲ့လား…."

“…ကျ…ကျွန်တော်က ဘာမှမဖြစ်ပါဘူး…ဒါပေမယ့်…”

သူ့နှုတ်ခမ်းများမှာ အက်ကွဲနေပြီး သူ၏လက်များသည် ဟက်တက်ကွဲနေပေမယ့် ထိုကလေးက အာရုံမထားပေ…သူက သူ့လက်များကိုသာ ကြည့်နေသည်…ငြင်းရင်းခုံရင်း တွန်းထိုးမှုကြောင့် ရွှံ့ပေ၍ ကြေမွသွားသော ဖက်ထုပ်ကို ကြည့်ပြီး သူ၏မျက်လုံးအိမ်တွင် မျက်ရည်များ စီးကျလာသည်။

"ကျွန်တော့်အစ်ကိုကို ကျွေးချင်ခဲ့တာ..."

ယွန်းဂျွန်က ဝမ်းနည်းစွာဖြင့် ပြုံးပြပြီး ကလေး၏ ပုခုံးကို ပုတ်လိုက်သည်။

“စိတ်မပူပါနဲ့…မင်းအတွက် ဖက်ထုပ်အသစ်တွေ ထပ်ဝယ်ပေးမှာပေါ့…"

"တ…တကယ်လား…"

“တကယ်ပေါ့…”

ထိုမြင်ကွင်းကို ကြည့်နေသည့် ဂျိုဂုက ခေါင်းညိတ်လိုက်သည်။

'ငါတို့ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ဆရာတူအကိုကြီးက ထင်တဲ့အတိုင်းပဲ…’

မင်းက ဒီလိုအခြေအနေမျိုးမှာတောင် ချို့တဲ့နေသူတွေကို စာနာသနားခဲ့တယ်။

ဂျိုဂုသည် ခရမ်းရောင်သစ်သားမြက်ပေါ်မှာ အာရုံစိုက်လွန်းပြီး ထိုအကြောင်းကို မမြင်မိခဲ့တာကြောင့် ရှက်ရွံ့မိသည်။

'ဒါကို ငါတို့ ဒါကို ဘယ်လိုလုပ်ကြမလဲ...'

"ဂု…"

ဂျိုဂုက ချက်ချင်းပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့…ဆရာတူအကိုကြီး…"

"ပိုက်ဆံ…"

“…အမ်…”

ယွန်းဂျွန်က ခေါင်းကို အသာ မော့ပြီး ဂျိုဂုကို အပြစ်ကင်းစွာ ကြည့်နေသည်။

"ငါ့ရဲ့ အပိုငွေတွေကို အကုန်သုံးခဲ့ပြီးပြီ…"

“…”

"မင်းရဲ့ အိတ်ကပ်တွေထဲ ကြည့်ကြည့်ပါဦး…"

“…”

“မြန်မြန်လေး…”

'ဆရာတူအကိုကြီး…'

'ဒီလောက် မေတ္တာတရားကြီးမားတဲ့ ဆရာတူအကိုကြီးက ဘာလို့ ငါ့ကိုကျ မသနားတတ်ရတာလဲ…'

‘ဘာလို့လဲ…'

အလစ်သုတ်သွားပြီ…

သူ့အိတ်ကပ်ထဲက ပိုက်ဆံတွေတင်မကဘူး။ သူ့အင်္ကျီလက်ထဲက ပိုက်ဆံတွေလည်း အကုန် ပါသွားပြီ...ခြေအိတ်ထဲမှာ ထည့်ဝှက်ထားတဲ့ နောက်ဆုံး အရေးပေါ်ငွေတောင် လုယက်ခံလိုက်ရပြီ။

'ချွန်းမြောင် ဒီလို ထူးဆန်းတာတွေကို သူ မင်းဆီက သင်ယူလာတာပဲ…'

'လူတစ်ယောက်ကို ဒီလောက်ထိဘာမှမကျန်အောင် ဘယ်လိုလုပ်နိုင်မှာလဲ…'

“…ဆရာတူအကိုကြီး…အကုန်ယူသွားရင် ကျွန်‌တော်တို့ အပြန်ကျရင် ဘာစားမလဲ…”

"ဘာတွေ ‌လျှောက်ပြောနေတာလဲ…ငါတို့နဲ့အတူ နည်းပြလည်း ပါတယ် မဟုတ်လား…"

“ဟုတ်ပါတယ်…ဒါပေမယ့် ကျွန်တော်တို့လည်း ပိုက်ဆံရှိဖို့ လိုတယ်လေ…”

"ငါတို့က ပိုက်ဆံကို ဘယ်နားသွားသုံးမှာမို့လဲ…ယန်နန်မှာ ပိုက်ဆံသုံးဖို့ ကောင်းတဲ့နေရာ ရှိလို့လား…”

'မရှိဘူးလေ'

'အဲ့ဒီလိုနေရာမျိုး မရှိဘူး…'

သူ့စကားများက တကယ်မှန်သည်။စီချွမ်မှ ဤနေရာသို့ လာသည့်လမ်းတစ်လျှောက်တွင် ကောင်းကောင်းမွန်မွန်ရှိတဲ့မြို့ တစ်မြို့တောင် မတွေ့ခဲ့ရပေ။မြင်ခဲ့ရသမျှမှာ ကျက်တီးမြေများနှင့် တောင်များသားဖြစ်သည်။

"ငါတို့ စီချွမ်ကို ပြန်ရောက်ရင် မင်းသုံးလို့ရအောင် မင်း အိမ်ကို သွားလိုက်လေ…ပိုက်ဆံများများ ပိုရနိုင်တာပဲ…မင်းက ချမ်းသာတဲ့ မိသားစုက သားတစ်ယောက်ပဲလေ…ဘာဖြစ်မှာမို့လဲ……"

“ဒါ…ဒါပေမယ့်…”

ယွန်းဂျွန်၏ခေါင်းသည် ဂျိုဂု ဆီသို့ ဖြည်းဖြည်းချင်း လှည့်လာသည်။

"ဒါပေမယ့်…"

“…ဘာမှမဟုတ်ပါဘူး…”

ယွန်းဂျွန်၏မျက်လုံးများတွင် ချွန်းမြောင်လို ရူးသွပ်နေမှုကို မြင်လိုက်ရသောအခါ ဂျိုဂု ပါးစပ်ကို ပိတ်လိုက်လေသည်။

'မဟုတ်‌သေးဘူး…သူ့မျက်လုံးတွေက ဘာဖြစ်နေတာလဲ...’

မတော်တဆ တစ်ခုခုမှားပြောမိလျှင် သူ့ခေါင်းက ပျံတက်သွားမည်ဆိုတာ သူသိနေသည်။

'လူတိုင်းက ထူးဆန်းနေတာပဲ…'

သနားကြင်နာတတ်တဲ့ ယွန်းဂျွန်က ဘယ်ရောက်သွားတာလဲ။

ဂျိုဂုသည် ဝမ်းနည်းမှု၏ ခံစားလိုက်ရပြီး သက်ပြင်းချလိုက်သည်။

ထိုအချိန်အတောအတွင်း ယွန်းဂျွန်က ဂျိုဂုထံမှ အနိုင်ကျင့်ယူသွားသည့် ပိုက်ဆံများနှင့် ဖက်ထုပ်များ ဝယ်ပြီး ကလေးများကို ပေးလေသည်။

မည်မျှပင် မျှဝေပေးသည်ဖြစ်စေ ရောက်လာသော ကလေးအရေအတွက်မှာ လုံးဝ အရှိန်မလျော့ပေ။

“ကျေး…ကျေးဇူးပြုပြီး နောက်တစ်ခုလောက်ပါ…”

"ရော့…"

"ဒါလေးပေးလို့ရမလား…သားတို့ ဒါကို တကယ်ရနိုင်မှာလား…"

“အများကြီးစားနော်…ဗိုက်ဆာရင် မနက်ဖြန်လည်း လာခဲ့ပါ…မင်းကို ပေးမယ်လေ…"

"…ကျေးဇူးတင်ပါတယ်…ကျေးဇူး အများကြီး တင်ပါတယ်…"

ယွန်းဂျွန်က သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။သူတို့ ဝတ်ထားသည့် အဝတ်အစားများမှာ စုတ်ပြတ်နေသဖြင့် နံရိုးများကိုပင် မြင်နေရသည်။ကလေးသည် ဖက်ထုပ်တွေ လက်ထဲရောက်သည်နှင့် ပါးစပ်ထဲကို အလျင်အမြန် ထိုးထည့်လိုက်သဖြင့် ချောင်းဆိုးလေတော့သည်။

"မင်း ဘာလုပ်နေတာလဲ…သွား ရေသွားယူချေ…”

“ဟုတ်ကဲ့…”

ဂျိုဂုသည် ဘာစကားမပြောဘဲ ရေတွင်းဆီသို့ ပြေးသွားသည်။

ချွန်းမြောင်သည် သူ၏ ဆရာတူအကိုကြီးများကို အနိုင်ယူသည့် အချိန်ဖြစ်ဖြစ်၊အရူးက ဟွာဆန်းကို ဇောက်ထိုးမိုးမျှော် လုပ်သည့်အခါပဲဖြစ်ဖြစ် ယွန်းဂျွန်က ဘယ်တော့မှ မအော်ပေ။သက်ပြင်းတော့ ချတတ်ပေမယ့် ဘယ်တော့မှ အော်လိမ့်မည်မဟုတ်။

သူဒေါသထွက်သောအခါ ချွန်းမြောင်ကို ဟန့်တားတတ်သည့် ယွန်းဂျွန်နှင့် လုံးဝမတူပေ။

'အခုတော့ ငါ့ကို ပြောတဲ့အတိုင်းလုပ်ရမှာပဲ…'

ဂျိုဂု၏အသက်ရှင်ကျန်ရစ်လိုသည့် အသိစိတ်လေးက သူ့ကို တိုးတိုးလေးပြောနေတာဖြစ်သည်။

ရေတွင်းထဲက ရေယူလာသည့် ဂျိုဂုက ကလေးများကို ချက်ချင်းပေးလိုက်သည်။သူတို့တွေ ဖက်ထုပ်ပေါင်းများစွာကို လက်နှစ်ဖက်ဖြင့် မမြှောက်နိုင်လောက်အောင် ဝယ်ခဲ့ကြသော်လည်း ချက်ချင်းပင် ကုန်သွားကြသည်။ယွန်းဂျွန်က ဘာမှမကျန်တော့သည့် စက္ကူအိတ်ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

“အာ…”

အစားအစာများ ပြတ်လပ်သွားပြီဆိုတာ သိလိုက်သောအခါ ကလေးများ၏ မျက်လုံးများမှာ အနည်းငယ် မှုန်မှိုင်းသွားကြပုံပေါ်သည်။ယွန်းဂျွန်သည် သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။

များသောအားဖြင့် ကလေးများသည် ထိုသို့ကိစ္စများကို မမှတ်မိကြပေ။တစ်ခုခုဖြစ်ခဲ့လျှင် ဘာကြောင့်ဖြစ်မှန်း စဉ်းစားတတ်ကြရလောက်အောင် မရင့်ကျက်ကြသေး။

တခြားကလေးတွေက ဖက်ထုပ်များ မရလိုက်လျှင် ဒေါသတွေထွက်ပြီး ထိုဒေါသများကို ဖက်ထုပ်ရပြီးသားသူတွေဆီ ပုံချကြလိမ့်မည်။ကလေးများသည် ယွန်းဂျွန်၏အခြေအနေကို ဂရုထားမည်မဟုတ်ပေ။

သို့သော် သူတို့သည် ဤကဲ့သို့အရာမျိုးကို ကျင်းသားရနေသလိုပင်။ဒေါသဖြစ်နေကြပုံမပေါ်ဘဲ အော်ငိုရုံပဲငိုနေကြ၏။

ထိုအဖြစ်က ယွန်းဂျွန်အား ပို၍ နာကျင်စေပါသည်။သူက ခေါင်းယမ်းပြီး ဂျိုဂုကို ကြည့်လိုက်သည်။

“ထပ်ဝယ်ခဲ့ပါ..”

"ဆရာတူအကိုကြီး...ကျွန်တော်ပိုင်တာ အကုန် လုသွားခဲ့တာမဟုတ်ဘူးလား…ကျွန်တော့်မှာ ပိုက်ဆံမကျန်တော့ဘူး…"

"မင်းမှာ တခြားဘာမှ ဖွက်ထားတာ မရှိတော့ဘူးလား…"

"ကျွန်တော့်ရဲ့ အရေးပေါ်ငွေတွေကိုတောင် ယူသွားတာမဟုတ်ဘူးလား…အခု ကျွန်တော်တို့တောင် ငတ်သေချင်သေနိုင်တယ်…”

"…အဲ့ဒီလိုလား…"

ယွန်းဂျွန်က ရှုံ့မဲ့နေကြသော မျက်နှာလေးများနှင့် ကလေးများကို ကြည့်လိုက်သည်။ကလေးများသည် စိတ်ဓာတ်ကျနေသော မျက်နှာလေးများဖြင့် ငိုနေကြသည်။

"ကျေးဇူးတင်ပါတယ်…"

"ဘာမှမဖြစ်ပါဘူး…သားတို့ ဒီလောက် ဗိုက်ဆာနေတာ မဟုတ်ပါဘူး…”

ယွန်းဂျွန်၏နဖူးသည် တွန့်သွား၏။

သူ၏ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ကာ ထိုမြင်ကွင်းကို မြင်လိုက်ရသော ကလေးများသည် ထိတ်လန့်သွားကြသည်။

သို့သော် ယွန်းဂျွန်က ဓားကို ဂျိုဂုလက်ထဲသို့ ပေးပြီး ပြောလိုက်၏။

"သွား…ဒါကို ရောင်းပြီး နောက်ထပ် နည်းနည်းလောက်ဝယ်ခဲ့ပါ…"

ဂျိုဂု၏မျက်နှာမှာ တင်းမာသွားလေသည်။

"ဆရာတူအကိုကြီး ဒါက ဇီးပန်းပွင့်ဓားတစ်လက်ပါ…"

"ငါလည်း သိပါတယ်…"

"ဆရာတူအကိုကြီး…ဒီဓားက ကျွန်တော်တို့က ဂိုဏ်းရဲ့ စစ်သည်တွေမို့ ဂိုဏ်းက ပေးထားတဲ့ လက်ဆောင်လေ…ကျွန်တော်တို့ အပြစ်ပေးခံရလိမ့်မယ်…ဘာလို့ ဒီလိုလုပ်ရတာလဲ…"

"အပြစ်ပေးခံရမှာလား…"

“ဟုတ်တယ်…”

"မင်းဆိုလိုတာက ဂိုဏ်းခေါင်းဆောင်က ငါတို့က ကလေးတွေကို အစာကျွေးဖို့ ဓားကိုရောင်းစားလို့ စိတ်ဆိုးလိမ့်မယ်လို့ ပြောနေတာလား…"

“…အာ…”

'မဟုတ်ဘူး…'

'သူက အဲ့ဒီလိုလူမှ မဟုတ်တာ…'

ထို့အတူ ခေါင်းဆောင်သည် ဓားသွားရောင်းသည့်အတွက် ဂျိုဂုကို စိတ်ဆိုးမည်ဖြစ်သော်လည်း ယွန်းဂျွန်သည် ဓားကို သွားမရောင်းပါက စိတ်ဆိုးမည်ဖြစ်သည်။

“ငါက ဓားသမားတစ်ယောက်လို့ ပြောဖို့မလိုပါဘူး…ဒါပေမယ့် ငါက ဓားသမားမဖြစ်ခင် တာအိုဝါဒီတစ်ယောက်ဖြစ်ခဲ့တာလေ…လူတွေကိုသတ်တဲ့ဓားတစ်လက်ကို ကာကွယ်ဖို့အတွက် ကလေးတွေ အစာငတ်နေတာကို ကြည့်မနေနိုင်ဘူး…သွားပြီး စားစရာတွေ ယူလာခဲ့ပေး…”

"ဆရာ..ဆရာတူအကိုကြီး…ဒါပေမယ့်…”

သူ၏ခေါင်းမာသော စကားများကို ထည့်မတွက်လျှင်တောင် ဂျိုဂုသည် တုံ့ဆိုင်းနေပြီး ပြောတဲ့အတိုင်း လိုက်မလုပ်နိုင်ပေ။ယွန်းဂျွန်းက အော်ပြောလိုက်သည်။

"မြန်မြန်လုပ်…"

ထိုအချိန်တွင် ကူကယ်ရာမဲ့နေသည့် ဂျိုဂုအတွက် ကယ်တင်ရှင်တစ်ဦး ပေါ်လာလေသည်။

"ဘာဖြစ်နေကြတာလဲ…"

"နည်းပြ… နည်းပြဘတ်…"

ဘတ်ချုန်းကို တွေ့လိုက်သော ဂျိုဂုနှင့် ယွန်းဂျွန်းတို့က ဦးညွှတ်လိုက်ကြသည်။ယွန်းဂျွန်၏လက်ထဲရှိ အိတ်နှင့် သူ့ဘေးနားရှိ ကလေးများကို မြင်လိုက်ရသောအခါ ဘတ်ချုန်းက မျက်မှောင်ကြုတ်သွားလေသည်။

“ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါသိဖို့လိုတယ်…”

ယွန်းဂျွန်က တံတွေးမျိုချလိုက်ပြီး အေးအေးဆေးဆေး ပြောပြလိုက်၏။

ခဏအကြာတွင်။

ဖြစ်ပျက်ခဲ့သမျှကို ကြားလိုက်ရပြီး ဘတ်ချုန်းက မျက်မှောင်ကြုတ်လိုက်သည်။

"ယွန်းဂျွန်"

"ဟုတ်ကဲ့ နည်းပြ…"

ယွန်းဂျွန်က ဦးညွတ်လိုက်သည်။

"မင်းရဲ့ခံစားချက်တွေကို ငါနားလည်ပါတယ်…ဒါပေမယ့် မင်း ခြောက်သွေ့နေတဲ့ လယ်ကွင်းတွေထဲကို ရေစက်လေးနည်းနည်း ချလိုက်ရင်တောင် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး…ငါဆိုလိုတာကို မင်းနားလည်လား…"

“… ဟုတ်ကဲ့…နားလည်ပါတယ် နည်းပြ…”

ဘတ်ချွန်းက သက်ပြင်းချလိုက်ပြီး ယွန်းဂျွန်၏ မျက်လုံးများကို ကြည့်ပြီး ပြောလိုက်သည်။

"မင်း နားလည်ပေမယ့် မင်းစိတ်ကို ပြောင်းပစ်ဖို့ ရည်ရွယ်ချက်မရှိဘူးပဲ…"

"တောင်းပန်ပါတယ်…"

ယွန်းဂျွန်မှာ သူဘာလုပ်နေမှန်း သူသိသည်။ရည်ရွယ်ချက်ကောင်းများရှိခြင်းမှာ အခြေအနေနှင့် အချိန်အခါလိုက် ရှိရပေမည်။ဒီနေရာတွင် သူတို့၏ ရည်ရွယ်ချက်မှာ ကွမ်မင်ရှိ ခရမ်းရောင်သစ်သားမြက်အကြောင်း စုံစမ်းမေးမြန်းရန်ဖြစ်သည်။

သို့သော် သူဒီမှာ ဒီလိုအလုပ်မျိုး ဆက်လုပ်နေလျှင် လူတွေက သူတို့ကို စပြီး သတိထားမိလာလိမ့်မည်။ဘတ်ချုန်းမှာ ယွန်းဂျွန်ကို စိတ်တိုနေလျှင်တောင် လူထူထပ်တဲ့နေရာတွင် သူ့ကို ဘာမှလုပ်နိုင်ပေ။

ဘတ်ချွန်းက ခေါင်းငြိမ့်ပြလိုက်သည်။

“ကောင်းပြီ…ဒါဆို မြန်မြန်လုပ်…”

"အမ်…"

ဘတ်ချုန်းက သူ့အိတ်ကို ထုတ်ပြီး ဂျိုဂုကို ပေးလိုက်သည်။ဒါကိုမြင်လိုက်သည့် ဂျိုဂုလည်း စိတ်ရှုပ်ထွေးသွားလေသည်။

"နည်းပြ…”

“ဒီမှာ အစားအသောက်ဆိုင်တွေ အများကြီးရှိမှာမဟုတ်ဘူး…တတ်နိုင်သမျှဝယ်လိုက်…"

"အဲ့…အဲ့ဒီလိုဆို အဆင်ပြေပါ့မလား…"

"တာဝန်က အရေးကြီးတယ်လေ…"

ဘတ်ချုန်းက ဆက်ပြောသည် ။

“ဒါပေမဲ့ ငါတို့တာဝန်ကို ပြီးအောင်လုပ်ဖို့အတွက် ငတ်မွတ်နေတဲ့သူတွေဆီကနေ လှည့်ထွက်သွားမယ်ဆိုရင် အကြီးအကဲတွေက ဘာပြောကြမလဲ…”

သူက ခေတ္တရပ်ပြီးနောက် ဆက်ပြောလေသည်။

“ဒါဆို မှားလိမ့်မယ်…ငါ ဟွာဆန်းကို ကျော်ကြားစေချင်တယ်…ငါတို့ကို ဟွာဆန်းရဲ့ တပည့်ဖြစ်စေတဲ့အရာကို စွန့်လွှတ်လိုက်ရင် ဟွာဆန်းလည်း တခြားဂိုဏ်းတွေနဲ့ ဘာထူးတော့မှာလဲ…”

ဂျိုဂုက ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်..အဲ့ဒါက အချိန်ခါ မသိဘဲ ကြင်နာပြရမယ်လို့ မဆိုလိုပါဘူး…ဒါပေမယ့် လောလောဆယ်တော့ ပြဿနာရှိမှာ မဟုတ်လောက်ဘူး ထင်ပါတယ်…ဒါဆို မြန်မြန်လုပ်ကြမယ်…"

"ဟုတ်လား…"

အဲ့ဒီလိုလုပ်တာက ပြဿနာဖြစ်မယ်မထင်ဘူးလား။

ဂျိုဂုက သူ့ကိုကြည့်နေပြီး ဘတ်ချုန်းကတော့ မျက်မှောင်ကြုတ်ပြီး တိုးတိုးလေးပြောလိုက်သည် ။

"ချွန်းမြောင် မသိခင် ယူလိုက်…"

"…ကျွန်တော် ချက်ချင်း ပြန်လာခဲ့မယ်…"

ဂျိုဂုက ပြေးသွားလေသည်။ချွန်းမြောင်များ ရောက်လာမလားဆိုပြီး တခြားသူတွေကလည်း တစ်ယောက်ကိုတစ်ယောက် စိုးရိမ်တကြီး ကြည့်နေကြသည်။

"ကျွန်တော်တို့ ဒီမှာပါ…”

"သမီးကိုရော…"

"အများကြီးကျန်သေးတာမို့ မတွန်းကြပါနဲ့…"

အလယ်ဗဟိုတွင် အိတ်ကြီးတစ်လုံးချထား၍ ယွန်းဂျွန်နှင့် ဘတ်ချုန်းတို့က အစားအသောက်များကို ဝေပေးနေကြသည်။ကလေးများ စုလာကြမည်မှာ ထင်ရှားသော်လည်း တစ်နည်းနည်းနှင့် စကားများ ပျံ့နှံ့သွားပြီး နောက်ထပ် ကလေးပေါင်းများစွာ ထိုနေရာဆီသို့ စုပြုံလာကြသည်။

"ဒီနေရာ မှာ ကလေးတွေအများကြီးရှိတာလား…"

“ကွမ်မင်က ကြီးကျယ်ခမ်းနားတဲ့ မြို့ကြီးတစ်မြို့ပါ…ဒီနေရာကလူတိုင်းက ဆာလောင်နေကြတာပဲ…”

"စပါးအလုံအလောက်မရှိဘူးထင်တယ်..."

ဘတ်ချုန်းက မသိသာ သက်ပြင်းတစ်ချက်ချလိုက်သည်။

"ငါတို့ တတ်နိုင်သလောက် ပေးကြမယ်လေ…"

ရာနှင့်ချီသော ကလေးငယ်များ သူ့ထံ လာနေသည်ကို ကြည့်ပြီး သူ့နှုတ်ခမ်းကို ဖွဖွလေး ကိုက်လိုက်သည်။သူသည် သနားကြင်နာမှုရှိခြင်းအတွက် သူ့ကိုယ်သူ ဂုဏ်ယူလေ့ရှိသူမဟုတ်သော်လည်း ထိုကလေးများကို မြင်လျှင် သည်းမခံနိုင်ပေ။

ဒီလူအုပ်စု၏ ခေါင်းဆောင်အဖြစ် သူ့အမြင်အရတော့ ယွန်းဂျွန်သည် သူတို့အပေါ် မမျှော်လင့်ထားသည့် အာရုံစိုက်မှုများ ခံရအောင်လုပ်သည့်အတွက် အပြစ်တင်ရမှာဖြစ်သည်။သို့သော် ကောင်းသည့်အရာကို လုပ်နေသည့် ယွန်းဂျွန်ကိုလည်း ကျေးဇူးတင်မိပြန်သည်။

"ဒါကို မြန်မြန်ပြီးအောင်လုပ်ကြ…"

“ဟုတ်ကဲ့ နည်းပြ…"

ယွန်းဂျွန်သည် ဖက်ထုပ်များကို ဝေပေးပြီး ကလေးများ၏ ခေါင်းကို ပုတ်လိုက်သည်။

"အများကြီးစားနော်…"

"ကျေး…ကျေးဇူးတင်ပါတယ်…"

သူ့ကိုကြည့်နေသော မျက်လုံးရွှဲရွှဲကြီးများမှာ ထိတ်လန့်သွားပုံရသည်။သူတို့တွေက အစားအသောက်တွေ ဝေပေးနေပေမဲ့ ကလေးတွေမှာ သူတို့၏သတိရှိမှုကို လျှော့ချမထားကြပေ‌။ဆိုလိုသည်မှာ သူတို့တွေ အတော်ကို ဒုက္ခခံခဲ့ရလို့ဖြစ်သည်။

"လူတွေက ပိုပို များလာတဲ့ပုံ မပေါ်ဘူးလား…"

“အခု လူကြီးတွေတောင် လာနေတဲ့ပုံပဲ…”

ဘတ်ချုန်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ထိုသို့ပြုလုပ်သည်မှာ အာရုံစိုက်ရန်အတွက်ဖြစ်သည်။

'ဒီနေရာမှာ စားစရာတွေ ပစ်ထားခဲ့ချင်မိတယ်...'

သို့သော် ထိုသို့ မလုပ်နိုင်ပေ။

ထိုသို့လုပ်လိုက်ပါက ခိုက်ရန်ဖြစ်ပွားမှုများနှင့် မတော်တဆမှုများ ဖြစ်လာစေလိမ့်မည်။ကပ်ဆိုက်မှုတစ်ခု ဖြစ်သွားပြီး အစာအတွက်တောင် လူအချင်းချင်း သတ်ဖြတ်ကုန်ကြလိမ့်မည်။

ထို့နောက်…

ထိုစဉ်…

"အဲ့ဒါ ဘယ်သူလဲ…"

သုံးယောက်သား တစ်ချိန်တည်း မော့ကြည့်လိုက်ကြသည်။

“…”

ဘတ်ချုန်း၏မျက်နှာမှာ တင်းမာသွားလေသည်။

သူ အဖြူရောင် ရင်လွှမ်း၀တ်စုံကို ၀တ်ထားပြီး တိရိစ္ဆာန်အရေခွံများ ပခုံးထက်တွင် ပတ်ထားသည့် လူများကို မြင်လိုက်ရသည်။

‘နန်မန်သားရဲနန်းတော်…’

နန်မန်သားရဲနန်းတော်၏ အစောင့်များက ရုတ်တရက် သူတို့ဆီ လျှောက်လာကြသည်

All Chapters