မင်း ဟွားဆန်းလို့ ပြောလိုက်တာလား(၄)
Vol. 15 Ch. 219
'တစ် နှစ် သုံး လေး….ငါး…'
ဘတ်ချုန်းက ဘေးဘီကို လှည့်ကြည့်လိုက်သည်။နန်မန်သားရဲနန်းတော်က လူတွေက သူတို့ဆီ ချဉ်းကပ်လာကြသည်။
'ငါတို့ ဒါကို ဖြေရှင်းနိုင်ပါ့မလား…'
ဘတ်ချုန်းသည် ထိုအကြောင်းကို ခဏလောက် စဉ်းစားပြီးနောက် ထိုစိုးရိမ်ပူပန်မှုများသည် အဓိပ္ပာယ်မရှိကြောင်း သိလိုက်သည်။အရေးကြီးတာက ရန်ပွဲဖြစ်တဲ့အထိ မပြင်းထန်စေဖို့ပင်။သူတို့မှာ ဤနေရာကို တိုက်ခိုက်ရန် လာခဲ့ခြင်းမဟုတ်ဘဲ သူတို့၏ အဓိက ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ…"
နန်မန်သားရဲနန်းတော်မှ လူတစ်ယောက်သည် သူတို့ထံသို့ ချဉ်းကပ်လာကာ ကလေးငယ်များကို ပွတ်ကာသီကာ ဖြတ်လျှောက်လာသည်။ခဏအကြာတွင် သူသည် ဟွာဆန်း၏တပည့်များရှေ့တွင် ရပ်လာသည်။သူက ဖက်ထုပ်အိတ်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ…"
“ကျွန်တော်တို့က ငြိမ်းချမ်းရေး ကုန်သည်အုပ်စုက ကုန်သည်တွေပါ…ကလေးတွေ ဗိုက်ဆာနေတာ တွေ့လို့ စားစရာတချို့ ပေးနေကြတာပါ…”
"မင်းတို့က အစားအသောက်တွေ ဝေပေးနေတာလား…"
ထိုလူ၏မျက်နှာသည် ပျက်ယွင်းသွားလေသည်။သူ့ကို တိုက်ရိုက် စော်ကားမော်ကား ပြောတာ ကြားလိုက်ရသလိုပင်။ဘတ်ချုန်းက သူ့ ခေါင်းကို ရမ်းလိုက်လေသည်။ထူးဆန်းတယ်ဟု သူ တကယ် တွေးမိခဲ့သည်။
'သူက ဘာလို့ ဒီလို တုံ့ပြန်ရတာလဲ…'
သူတို့လုပ်ခဲ့တာဆိုလို့ လိုအပ်နေတဲ့သူတွေကို စားစရာတွေ ဝေပေးမိတာပဲရှိသည်။သူတို့ကိုတောင် ကျေးဇူးမတင်သင့်ဘူးလား။ဒေါသထွက်နေကြတယ်ဆိုရင်တောင်…အပြင်လူတွေကို မကြိုဆိုဘူးဆိုရင်တောင် အထူးသဖြင့် ဒီလိုမျိုးလုပ်တဲ့သူတွေဆို စားစရာတွေ ဝေပေးနေတဲ့လူတစ်ယောက်ကို ဝမ်းသာမပေးသင့်ဘူးလား။
“အလယ်ပိုင်းလွင်ပြင်ကလူတွေက ယူနန်ကလူတွေကို သူတောင်းစားတွေလို့ ထင်နေတာလား…မင်းတို့ ဒီလိုမျိုးတွေ ဘယ်လိုများ လုပ်ရဲကြတာလဲ…”
ထိုလူ၏မျက်နှာမှာ ဒေါသထွက်နေပုံပေါ်သည်။
“ဒါက… မင်းတို့ဆီက လူတွေလုပ်ခဲ့တာတွေကြောင့် ယူနန်က ပျက်စီးသွားရတာ…အခု မင်းတို့က အစားအသောက်တွေ ဝေပေးပြီး ငါတို့ကို လှောင်ပြောင်နေတာပဲ…”
ဘတ်ချုန်းသည် သူ၏အမူအရာကို ဖုံးကွယ်ရန်ပင် မတွေးမိခဲ့ပေ။
'ဘ…ဘယ်လိုလုပ် ဒီလိုဖြစ်ကုန်တာလဲ။’
'သူတို့ရဲ့ရန်လိုမှုက စိတ်ကူးယဉ်နိုင်တာထက်တောင် ကျော်နေပြီ…'
သူတို့ရှေ့ကလူက ယုတ္တိရှိရှိပြောဖို့ အဆင်သင့်ဖြစ်ပုံမပေါ်ပေ။ထို့ကြောင့် သူ အလွယ်နည်းလမ်းကိုလိုက်၍ ဦးညွှတ်လိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ်…ကျွန်တော်တို့ ဒီလောက်ထိ ရှည်ရှည်ဝေးဝေး မစဉ်းစားခဲ့မိလို့ပါ…”
ဘတ်ချုန်းသည် အခြေအနေတစ်ခုလုံး စိတ်ပျက်ဖွယ်ကောင်းနေသည်ကို တွေ့လိုက်ရသော်လည်း ဦးညွှတ်လိုက်သည်။
‘ကဲ စဉ်းစားကြည့်ရအောင်…’
'ငါတို့က ကလေးတွေကို အစားအသောက်တွေ ဝေပေးနေပေမဲ့ လူကြီးတွေက နည်းနည်းလောက်ပဲ ပေါ်လာတာ အဓိပ္ပါယ်မရှိဘူးပဲ…'
'ဗိုက်ဆာနေတဲ့သူတွေက ဘာလို့ ရောက်မလာရတာလဲ…'
'ယန်နန်ပြည်သားတွေက အပြင်လူတွေကို မကြိုက်ဘူးဆိုတဲ့အချက်ကိုလည်း ထည့်စဉ်းစားသင့်တယ်…'
သူတို့ ဒါကို နားလည်ဖို့ နောက်ကျလွန်းသွားပြီဆိုပေမယ့် အခု သူ ဒါကို ပြင်မှဖြစ်မည်။ဘတ်ချုန်းက ချက်ချင်း ပြောလိုက်သည်။
"တကယ်ကို တောင်းပန်ပါတယ်…"
ဘတ်ချုန်းလည်း သူ့ကိုယ်ကို ပို၍ ငုံ့ကိုင်းလိုက်လေသည်။ထိုလူက သူ့လျှာသူ မထိတထိ ကိုက်လိုက်သည်။
"မင်းတို့ ဘယ်က လာကြတာလဲ…"
"ကျွန်တော်တို့က ငြိမ်းချမ်းရေး ကုန်သည်အဖွဲ့က အဖွဲ့ဝင်တွေပါ…"
“ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးကုန်သည်…”
ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ထိုလူက ပြုံးလိုက်သည်။
"သူတို့အဖွဲ့ထဲမှာ မင်းတို့ကို ငါတွေ့ဖူးတယ် မထင်ပါဘူး…"
ဘတ်ချုန်း၏ မျက်နှာသည် တင်းမာလာလေသည်။သူသည် ထိုလူ သူတို့ကို သိရှိနိုင်ခြေရှိမရှိအကြောင်း ခဏလောက် မစဉ်းစားမိခဲ့ပေ။
သို့သော် ကွမ်မင်မြို့စောင့်များသည် သူတို့မြို့ထဲသို့ ထွက်ချည်ဝင်ချည် လုပ်နေသူများကို မသိနိုင်စရာ အကြောင်းမရှိပေ။ထို့ကြောင့် ဘတ်ချုန်းသည် အလွယ်ဆုံး အဖြေကို ရွေးလိုက်လေသည်။
"ကျွန်တော်က အဖွဲ့ဝင်အသစ်မို့ပါ…"
"အာ အဲ့ဒီလိုလား…"
"ဒါဆို မင်းနဲ့အတူရှိတဲ့သူတွေ အကုန်လုံးကလည်း လူသစ်တွေပဲ ဖြစ်ရမယ်…"
“ဟုတ်ပါတယ်…လူသစ်တွေပါ…ကုန်သည်အဖွဲ့နဲ့အတူ စစ်ဆေးလို့ရပါတယ်…"
“အမ် ငါနားလည်ပြီ…"
ထိုလူက ပြုံးလိုက်သည်။
"ဒါဆို ဒီကိုလာလေ့လာဖို့ ရောက်လာတဲ့ လူသစ်ကုန်သည်တွေက သင်ခန်းစာယူနေရမယ့်အစား ပရဟိတအလုပ်တွေ လုပ်နေတာလို့ ပြောချင်တာလား…"
“ကျွန်တော်တို့…”
“အာ..ငါ သိပြီ…မင်းတို့ အဲဒါကို စစ်ကြည့်ချင်ခဲ့လို့…”
ထိုလူက ပြုံးပြန်သည်။
"မင်းတို့ရဲ့အထောက်အထားကို ငါတို့ စစ်ဆေးဖို့အတွက် ချုပ်နှောင်ခံထားရတာ အဆင်ပြေတယ် မဟုတ်လား…အဲ့ဒါက... မင်းတို့သာ သူတို့အဖွဲ့ရဲ့ အဖွဲ့အဝင် အစစ်အမှန်ဆိုရင် မင်းတို့ စိတ်ထဲထားမှာ မဟုတ်လောက်ဘူး…"
ယွန်းဂျွန်၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
ကုန်သည်အုပ်စုက သူတို့မှာ ၎င်းတို့၏လူများဖြစ်သည်ဟု ပြောလိမ့်မည်မှာ သိသာသည်။သို့သော် ပြဿနာမှာ နန်မန်သားရဲနန်းတော် အစောင့်တွေက သူတို့အုပ်စုနှင့် ပတ်သက်ပြီး သံသယရှိနေပြီးသားဖြစ်သည်။
"ဒါပေါ့…"
ဘတ်ချုန်းက အချိန် ဆက်ဆွဲမနေတော့ဘဲ သဘောတူလိုက်သည်။
ဘတ်ချုန်းက ခေါင်းညိတ်ပြလိုက်သည်နှင့် ထိုလူက ထူးဆန်းသော အမူအရာနှင့် လှုပ်ရှားသွားသည် ။
“မင်း…”
"ရပ်လိုက်…"
တစ်ချိန်တည်းမှာပင် နောက်ကွယ်မှ ထွက်လာသော အသံတစ်သံက သူတို့အား စကားလှမ်းပြောလာသည်။
“သူတို့က အလယ်ပိုင်းလွင်ပြင်က လူတွေဆိုပေမယ့် လိုအပ်နေတဲ့သူတွေကို အစားအစာတွေ ပေးနေကြတာလေ…ဒါဆို ငါတို့က ဒီလူတွေရဲ့ စကားကို နားမထောင်ဘဲ နည်းနည်းလောက်တောင် ကျေးဇူးမတင်ကြတာလဲ…”
"... ကျွန်တော် သိပါတယ် ဆရာတူအကို…"
ဘတ်ချုန်းက သက်ပြင်းချလိုက်သည်။တစ်ယောက်ယောက်က ကိုယ့်ဘက်ပါလာတာ ကောင်းတော့ကောင်းပါသည်။
ပြီးတော့…
ထိုစဉ်
စိတ်ပြောင်းသွားသလိုမျိုး ဘေးကို လှည့်နေသည့် လူက အလွန်လျင်မြန်စွာ ပြန်ရောက်လာပြီး လျှပ်စီးအလျင်ဖြင့် သူ့ခါးပေါ်ကဓားကို ဆွဲထုတ်ပြီး ဘတ်ချုန်းဆီသို့ လှမ်းရွယ်လိုက်သည်။
ဘတ်ချုန်းက သူ့ဓားကို အလိုလို ဆွဲထုတ်လိုက်ပြီး သူ့ထံရောက်လာသည့် ဓားသွားကို တားဆီးလိုက်သည်။
ချွမ်….
ပြင်းထန်သော တိုက်ခိုက်မှုကို တားဆီးခံလိုက်ရသော်လည်း ထိုလူက ပြုံးနေသည်။
"သူရဲကောင်းတစ်ယောက်ပဲ…"
“…”
"ဓားကလည်း ငါ့ဓားကို တားနိုင်တဲ့အထိကို ကောင်းတယ်…မင်း အခု ကုန်သည်တစ်ယောက်လို ဟန်ဆောင်နေတုန်းလား…"
ဘတ်ချွန်းက သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။အကြောင်းပြချက်များက အလုပ်မဖြစ်တော့ပေ။
“သူတို့က သံသယဝင်စရာပဲ…သူတို့ကို ဖမ်းလိုက်ကြ…"
“ဟုတ်ကဲ့…”
ဘတ်ချုန်းသည် သူ့ဓားကို ကိုင်ကာ နောက်ပြန်ဆုတ်သွားသည်။ထိုနေရာတွင် ရှိနေသည့် နန်မန်သားရဲနန်းတော်မှ လူများသည် တဖြည်းဖြည်း သူတို့ကို စတင် ဝိုင်းပတ်လိုက်ကြသည်။
“နည်းပြ…”
"ကျွန်တော်တို့ ဘာလုပ်ကြမလဲ…"
သူတို့မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတော့သည်။တစ်ခုမှာ တိုက်ခိုက်ရမှာ ဖြစ်ပြီး တစ်ခုက ထွက်ပြေးရမှာ ဖြစ်သည်။
'သေလိုက်ပါတော့…'
ဘတ်ချုန်းက ဓားကို ကိုင်ထားသည့် လက်ကို ခွန်အားများ ထည့်လိုက်သည်။နေ့မကူးသေးဘဲ သူတို့အကြောင်းတွေ ပေါ်သွားပြီဖြစ်သည်။သူတို့ ယန်နန်ကို အလွန်အမင်း လျှော့တွက်ခဲ့ကြသည် ။
ထိုအချိန်တွင် ယွန်းဂျွန်သည် ဝမ်းနည်းနေသောမျက်နှာဖြင့် ခေါင်းကို ငုံ့ထားသည်။
"တောင်းပန်ပါတယ်…နည်းပြ ကျွန်တော့်ကြောင့်…”
"မတောင်းပန်ပါနဲ့…"
သို့သော် ဘတ်ချုန်းက ဆက်ပြောသည် ။
“ဒါကို ငါတို့တွေ အတူတူ ဆုံးဖြတ်ခဲ့ကြတာပဲ…ဒီတော့ ငါတို့အားလုံး အတူတူ တာဝန်ယူကြတာပေါ့…”
မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အရေးမကြီးပေ။ဘတ်ချုန်းက သူတို့ကို ခွင့်ပြုပေးတာဖြစ်ခဲ့ပြီး ထိုအချိန်မှစ၍ ၎င်းသည် သူ၏ တစ်ခုတည်းသော တာဝန်ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် သူက အော်လိုက်လေသည်။
"တိုက်ကြဟေ့…"
"နည်းပြ…"
ဂျိုဂုက သူ့ဓားကို ဆွဲထုတ်ပြီး ယွန်းဂျွန်က သူ၏လက်ကို သူ့ခါးဘေးကို တင်လိုက်သည်။
“…”
'အာ…'
'ငါ အဲ့ဒါကို ရောင်းလိုက်ပြီပဲ…'
သူ့မှာ ဓားမရှိမှန်း သိလိုက်သောအခါ ယွန်းဂျွန်၏မျက်နှာသည် ဖြူဆုတ်သွားလေသည်။ဂျိုဂုက သူ့ကိုကြည့်ကာ ပြောလိုက်၏။
“တစ်နေရာရာကနေ သစ်သားတုတ်ချောင်းကို ကောက်ခဲ့…”
“လက်…လက်သီးကလည်း အသုံးတာပဲလေ…”
“သစ်သားချောင်းကို ရှာကြ…”
“…”
သူသည် လက်သီးသိုင်းပညာ၏ အခြေခံများကို သင်ယူခဲ့ပြီးဖြစ်သော်လည်း လက်သီးဖြင့် ဓားတစ်လက်ကို ဘယ်လိုကိုယ်တွယ်နိုင့်ပါ့မလဲ။
ချွန်းမြောင်သည် သူတို့၏ လက်သီးများ သို့မဟုတ် အခြား အနီးကပ်တိုက်စစ်ဆင်ခြင်း တစ်ခုခုကို အသုံးပြုခြင်းသည် အခြေခံများထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သူတို့ကို ပြောပြခဲ့သည်။လက်နက်အသုံးမပြုသည့်အချိန်မှသာ ထိုအခြေခံသိုင်းများ အသုံးပြုရမည်ဟု သူက ပြောခဲ့သည်။
ယွန်းဂျွန်တစ်ယောက် စိတ်အားငယ်နေသည်ကို သူ သိလိုက်သောအခါ ဘတ်ချုန်း၏မျက်နှာမှာ တင်းမာသွားလေသည်။
'ငါတော့ လွယ်မယ်မထင်ဘူး…'
အစောင့်များထံမှ သူတို့အပေါ် ဖိအားများ တိုးလာကာ သူတို့အားလုံး ပိုမို နီးကပ်လာကြသည်။နန်မန်သားရဲနန်းတော်က လူများသည် ဂိုဏ်းကြီးကိုးဂိုဏ်းမှ တပည့်တွေထက် မလျော့အောင် တော်ကြသည်ဟု ပြောကြသည်။အကယ်၍ ထိုအရာသာ အမှန်ဆိုလျှင် စိုးရိမ်နေမိတာ မှန်နေပြီဖြစ်သည်။
“ဖောက်ထွက်…ယွန်းဂျွန် ငါ့နောက်မှာနေ…”
"ဟုတ်ကဲ့ နည်းပြ…”
ဘတ်ချုန်းက သူ့ဓားကို ရှေ့သို့ ချိန်လိုက်လေသည်။ထိုအမျိုးသားများက ရယ်မောနေကြသည်။
"မင်းတို့ တကယ်ပဲ လွတ်မြောက်နိုင်မယ်လို့ ထင်နေကြလား…ဒါက ယန်နန်ကွ…မင်းတို့မှာ ရွေးချယ်စရာနှစ်ခုပဲ ကျန်တော့တယ်…တစ်ခုက ဒီနေရာမှာ မြန်မြန်သေပြီး နောက်တစ်ခုက ဖြည်းဖြည်းချင်း သေရမှာ…”
"နှစ်ခုစလုံး တစ်ခုမှ မကြိုက်ဘူး…"
သူပြောသည့်အတိုင်း ဘတ်ချုန်းက ထွက်ပေါက်ရှာလေသည်။
'အခုလောလောဆယ်တော့ သူတို့ ကွမ်မင်ကနေ ထွက်သွားရတော့မယ်…’
နောက်ဆက်တွဲ အကျိုးဆက်ကို သူတို့ တွေးကြည့်နိုင်ပါသည်။ဘတ်ချုန်းက နောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ လူတွေက ရယ်ကြသည်။
“မင်းတို့မှာ အလကား အိပ်မက်တွေ ရှိနေတာပဲ…နန်မန်သားရဲနန်းတော်က ဘယ်လိုမျိုးလဲဆိုတာကို ပြရတာပေါ့…သူတို့ကို တိုက်ခိုက်ကြ…”
အမိန့်ပေးလိုက်သည်နှင့် အစောင့်အကြပ်များက သူတို့ဆီသို့ အပြေးရောက်လာကြသည်။
"ရှေ့ဆက်သွားကြ…"
"ဟုတ်ကဲ့ နည်းပြ…"
ဘတ်ချုန်းက အံ့ကိုကြိတ်၍ ရှေ့ကို ပြေးနေလေသည်။ဘတ်ချုန်း သူတို့ဆီသို့ တစ်ဟုန်ထိုး ဝင်တိုက်ရန်ပြင်လေသည်။
သို့သော် သူတို့ဆီ မရောက်ခင်မှာပင် ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ခွပ်… ခွပ်… ခွပ်…
ဆူဆူညံညံ အသံများနှင့်အတူ သူတို့ဆီသို့ ပြေးလာသော လူများသည် ရုတ်တရက် နောက်ပြန် ခုန်တက်သွားကြသည်။
"ဘာ..ဘာလဲ…"
"သူက ဘယ်သူလဲ…"
ဘတ်ချုန်းမှာ ထိုနေရာမှာတင် ရပ်နေပြီး သူ့ကိုယ်ပေါ်မှ ရှိသမျှ အမွေးအမျှင်များ ထောင်လာကာ ချွေးအေးများက သူ့နောက်ကျောသို့ စီးကျလာသည်ကို ခံစားလိုက်ရသည်။
မဟုတ်ဘူး….
“ဟူးးး…"
'လခွမ်းတဲ့မှ…'
သူ၏ဓားကို နှိမ့်လိုက်ပြီး မယုံနိုင်လောက်အောင် လျင်မြန်စွာ လှုပ်ရှားကာ ဘေးဘီကို လှည့်ကြည့်လိုက်သည်။
သူ့ရှေ့တွင် နတ်ဆိုး ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ဘယ်သူက…"
“…”
"...ဒီလို ရှုပ်အောင်လုပ်လိုက်တာလဲ…"
“…”
နတ်ဆိုးသည် သေချာပေါက် သူတို့၏ ချစ်စရာကောင်းလှသော ငမွှေထိုး ချွန်းမြောင်ပင်ဖြစ်သည်။
ချွန်းမြောင်၏ ခေါင်းသည် ဘတ်ချုန်းဆီသို့ စောင်းကြည့်နေလေသည်။ဘတ်ချုန်းက သူ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။ဒီလူဖမ်းတာခံရမှာထက် အစောင့်အကြပ်တွေ ဖမ်းတာ ခံလိုက်ချင်သေးသည်။
"အာ ကျွန်တော့်ကို ပြဿနာရှာလိမ့်မယ်လို့ ပြောလိုက်တဲ့သူက အခုတော့ သူကပဲ ပြဿနာရှာပြီး အဆုံးသတ်ပြီပေါ့…တကယ်ပါပဲ…ကွမ်မင်ကိုရောက်တာ နေ့တစ်ဝက်တောင် မပြည့်သေးဘူး…တစ်စုံတစ်ယောက်ကတော့ ဒီလောက် အကြီးအကျယ် အရှုပ်အထွေးဖြစ်အောင် ဘယ်လိုများ လုပ်လိုက်ပါလိမ့်…”
“အဲ့…အဲ့ဒါက…”
"တစ်ခုခုပြောလေ…အိုး…နည်းပြ…ဒီအချိန်မှာ ဆရာတူအကိုကြီးတွေရဲ့နောက်မှာ နေဖို့က ကိုယ့်တာဝန်ပဲလို့ ခံစားနေရတာလဲ…အမ်…"
ဘတ်ချုန်း…ဂျိုဂုနှင့် ယွန်းဂျွန်တို့မှာ တုန်လှုပ်သွားလေသည်။
'အခုအချိန်မှာတောင် မင်းမှာ အသိတရားမရှိသေးဘူးလား…'
'မဟုတ်သေးဘူး..ဘာလို့ ဒီအချိန်မှာမှ သရဲတစ္ဆေလို ပေါ်လာရတာလဲ…'
'အဲဒီအစောင့်တွေနဲ့ သူငယ်ချင်းလုပ်ရတာက ပိုလွယ်မယ်ထင်တယ်…'
ဆိုးလိုက်တာ။
ဒါပေမယ့် သူတို့ ချောင်ပိတ်မိနေသလို ခံစားနေရတာတောင် သူတို့၏ အမူအရာများမှာ နည်းနည်းတော့ ပြေလျော့သွားကြသည်။ချွန်းမြောင်ရောက်လာကတည်းက အခြေအနေ အတိုင်းအတာတစ်ခုအထိ ရှင်းသွားလိမ့်မည်ဟု သူတို့ ထင်နေကြလို့ဖြစ်သည်။
သို့သော် အဲဒါက ကြာကြာတော့မခံပေ။ချွန်းမြောင်၏အကြည့်သည် တစ်နေရာသို့ ရောက်သွားလေသည်။
"သောက်ကျိုးနည်း မင်း ဇီးပန်းပွင့်ဓားကို ဘယ်နေရာမှာများ ရောင်းခဲ့တာလဲ…"
“…”
ယွန်းဂျွန်သည် မှန်နေသောအဖြေကို တွန်းလှန်ရန် ကြိုးစားရင်း ခေါင်းယမ်းလိုက်သည်။ကံမကောင်းစွာနှင့် သူနှင့်မတူဘဲ ဂျိုဂုကတော့ အကြာကြီးတွေးမနေပေ။
"ကုန်သည်တစ်ယောက်ဆီပါ…"
“…ဟမ်…”
“အစားအသောက်ကုန်သည်…အစားအသောက် ကုန်သည်တစ်ယောက်ဆီ…"
"မင်း ဓားကို တကယ်ရောင်းခဲ့တာလား…"
“…”
“…”
ချွန်းမြောင်သည် ယွန်းဂျွန်နှင့် ဂျိုဂုကို ကြည့်လိုက်သည်။
"မဟုတ်ဘူး...အခုလေးတင် မင်း ရောင်းလိုက်တာလေ…...ဟူး..."
သူ့အကြည့်များကို မြင်လိုက်ရသောအခါ နှစ်ယောက်လုံး ခေါင်းငုံ့နေကြသည်။တကယ်တော့ ချွန်းမြောင်ကလွဲ၍ တခြားသူတွေကိုသာ ရှင်းပြရလျှင် သူတို့ ပိုပြီး ကောင်းကောင်း ရှင်းပြနိုင်လိမ့်မည်။
“ဂိုဏ်းကိုလည်း မေ့လိုက်တော့…ထွက်သွားကြတော့…ဒီအတိုင်း ထွက်သွားကြ…”
နောက်ဆုံးတွင် ပို၍ ပို၍ ဒေါသထွက်လာသော ချွန်းမြောင်လက်မှ ကယ်တင်ခဲ့သော နန်မန်သားရဲနန်းတော်မှ အစောင့်များမှလွဲ၍ အခြားသူများမှာ စဉ်းစားရကြပ်နေကြသည်။
"မင်းက ဘယ်သူလဲ…"
ချွန်းမြောင်က သူတို့ကိုကြည့်ပြီး ကျယ်လောင်စွာ အော်လိုက်၏။
"မဟုတ်သေးဘူး…မင်းတို့က တကယ်ပဲ ဘယ်သူတွေလဲ…ပထမဆုံးအကြိမ် တွေ့တဲ့လူကို ဘယ်လိုများ အော်ရဲကြတာလဲ…မင်းတို့က သောက်ကျိုးနည်း အရူး…"
“…”
အယုတ္တအနတ္တစကားများကြောင့် အစောင့်၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။
'သူ…သူက ဘာလဲဟ…အဲဒီလူက…'
ပုံမှန်လူတစ်ယောက်က သူဘယ်သူလဲဆိုတာ မေးရုံနှင့် ဒီလိုတုံ့ပြန်မှုမျိုး ဘယ်လိုလုပ် ရှိနိုင်မလဲ။အစောင့်သည် ဒေါသထွက်သည်ထက် အံ့အားသင့်သွားတာဖြစ်သည်။
"မင်း…"
“ဒါတောင် မင်းတို့က ခွေးကောင်နဲ့မှ သွားရှုပ်သေးတယ်…နောက်မှ မင်းတို့နဲ့ စာရင်းရှင်းရတာပေါ့…"
ချွန်းမြောင်က သူ၏ဆရာတူအကိုကြီးများကို ပြန်လှည့်ကြည့်လာသည်။သုံးယောက်စလုံးက သူ့ကိုကြည့်နေကြပေမယ့် သူ့အကြည့်တွေတော့ အဆတ်မပြတ် ရှောင်နေကြသည် ။
ထို့နောက် သူက ဘတ်ချုန်းကိုကြည့်ပြီး ပြောလိုက်၏။
"စိတ်မပူပါနဲ့ နည်းပြအကိုကြီး…ဒီတစ်ခါတော့ ကျွန်တော် ဘာပြဿနာမှ မရှာပါဘူး…"
"... ငါတို့တော့ အမှားလုပ်မိသွားပြီ…"
'တော်လောက်ပြီ…အရူးလိုမျိုး ပွတ်သပ်နေတာ ရပ်လိုက်တော့…'
ချွန်းမြောင်က ပြုံးလိုက်သည်။
"ဒီနေရာက အခြေအနေအကြောင်း စုံစမ်းရင်းစကားပြောနေခဲ့တာ…ပြီးတော့ ဒီအလာလမ်းမှာ လူတစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်ခဲ့တယ်…ဒီနေရာက တကယ်ကို ငါတို့ ဘာမှလုပ်လို့ရမယ့် နေရာမဟုတ်ဘူး"
"အမ်…ဘာကိုဆိုလိုတာလဲ…"
“ခရမ်းရောင်သစ်သားမြက်အကြောင်း နန်မန်သားရဲနန်းတော်ကို သွားပြောလို့လည်း မရနိုင်ဘူးလေ…”
"တကယ်လား…"
"ဆေးဆရာက အဲ့ဒီလိုပြောလိုက်တာပဲ…"
"…ငါတို့ဘာလုပ်ကြမလဲ…"
"ငါတို့ဘာလုပ်ကြမလဲ…"
ချွန်းမြောင်က ပြုံးကာ သူ၏ဓားအိမ်ကို မြှောက်လိုက်သည်။
“သူတို့ကို ဖမ်းပြီး နန်းတော်ကို သွားပြီးတော့ အဲဒီက လူတွေနဲ့ တွေ့ရမယ်လေ…အဲ့ဒါက အမြန်ဆုံးနည်းလမ်း မဟုတ်ဘူးလား…"
"ဟုတ်တယ်…ဒါက အမြန်ဆုံးသေနည်းပဲ…"
"ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ သေရတာပဲလေ…အကြာကြီး အသက်ရှင်နေရတာကို စွဲလန်းမနေပါနဲ့…"
"အရူး ဒီနေရာမှ လာပြီး တရားလာဟောမနေနဲ့…"
"အာ… တောင်းပန်ပါတယ်…"
ချွန်းမြောင်က ပြုံးပြီး သူ၏ဓားကို ဆွဲထုတ်လိုက်သည်။
“ကဲ အခုတော့…”
ချွန်းမြောင်သည် တောင့်တင်းသော လည်ပင်းကို အကြောလျှော့လိုက်ပြီး အစောင့်များကို ကြည့်ရင်း ပြုံးလိုက်သည်။
"မင်းတို့ ငါတို့ကို နန်းတော်ဆီ သွားတဲ့လမ်းကို အသာတကြည်ပြမှာလား…ဒါမှမဟုတ် နန်းတော်ရောက်အောင် မင်းတို့ကို ရိုက်ရမလား…”
“…”
မည်သူ့ကိုမဆို ဒေါသထွက်လောက်မည့် အခြေအနေတစ်ခုဖြစ်သော်လည်း ဤနေရာတွင် အဆင့်အတန်းအမြင့်ဆုံး ဖြစ်နေသော အစောင့်များသည် တုံ့ပြန်မှု သိပ်မရှိပေ။သို့သော် ချွန်းမြောင်ကို စိုက်ကြည့်နေသော လူတစ်ယောက်က မေးလိုက်သည်။
"အရှင်နဲ့ တွေ့ချင်တာလား…"
“ဟုတ်တယ်…”
"ငါတို့က မင်းကို လမ်းပြဖို့ပဲ လိုတာမလား…"
“အင်း…”
သူက ခေါင်းညိတ်လိုက်သည်။
"အချိန်အတော်ကြာမှ ကွမ်မင်ကို လာတဲ့ ဧည့်သည်တစ်ယောက်မို့ ငါတို့ မင်းတို့ကို လမ်းပြပေးရတာပေါ့…"
“မင်းက လူကောင်းတစ်ယောက်ပဲ…ဒါဆို လမ်းပြပေးပါဦး…”
“အာ…အဲဒါက ငါက လမ်းညွှန်နိုင်ပေမယ့် ငါညွှန်တဲ့လမ်းက မင်းထင်တာနဲ့ နည်းနည်းကွဲလွဲနေနိုင်တယ်…"
"အာ…"
ထိုစဉ် သူတို့နောက်ကနေ အသံများ ကြားလိုက်ရသည်။
"အာ…"
ချွန်းမြောင်သည် ခေါင်းလှည့်ကြည့်လိုက်ရာ လမ်းသွယ်များမှ လူပေါင်းများစွာ ထွက်လာသည်ကို တွေ့လိုက်ရသည်။
"ဟားဟား…တကယ်ပါပဲ…”
အခြားတစ်ဖက်က ပေါ်လာသည့် နန်မန်သားရဲနန်းဆောင် အစောင့်ပေါင်းများစွာကို လှည့်ကြည့်ပြီး ပြုံးလိုက်၏။
"အာ များလွန်းတယ်မထင်ဘူးလား…ဒီနေ့ လေ့ကျင့်ရေးကတော့…”
လူပေါင်းများစွာ ပေါ်ထွက်လာမှု…
“…”
လမ်းကြားများ၊ဈေးဆိုင်များဆီကနေ လူတွေ ထွက်လာကြသလို တချို့က နံရံများဆီကနေတောင် ထွက်လာကြသည်။
"...မြေကြီးထဲက ထွက်လာတာက ဒီလိုအချိန်မှာ အရမ်းမတုန်လှုပ်သင့်ဘူးလား…"
ကံကောင်းထောက်မစွာ သူတို့ကတော့ အဲဒီကနေ ထွက်မလာခဲ့ကြပေ။
လူတွေအများကြီး လာနေသည်ကို မြင်ရသောအခါ ချွန်းမြောင်၏အမူအရာမှာ ဂုဏ်ယူနေသလိုတောင် ဖြစ်သွားသည်။
"အာ ဒါဆို မင်းတို့က ငါတို့ကို လမ်းပြပေးကြမှာလား…"
"ဒါပေါ့…"
ထိုလူက ပြုံးလိုက်သည်။
“ငါတို့ကို ကျူးကျော်သူတွေကို အသက်ရှင်လျက် ထိန်းသိမ်းပြီး နန်းတော်သခင်ဆီ ပို့ဆောင်ဖို့ သင်ပေးခဲ့တာမို့လေ…”
“အာ ဒီလိုလား…”
ချွန်းမြောင်က ကောင်းသည့်အရာတစ်ခုလိုမျိုး သူ၏ ဆရာတူအကိုများကို ကြည့်၍ ပြောလိုက်၏။
"သူတို့က ငါတို့ကို နန်းတော်ကို ခေါ်သွားပေးမယ်လို့ ပြောနေတာလား…"
“…”
'သူတို့က ငါတို့ကို ခေါ်သွားမှာ…ဒါပေမဲ့ ငါတို့ကို ဖမ်းပြီး ဆက်သမလို့ သေနာလေးရဲ့…'