အခန်း (၅၈)
Vol. 6 Ch. 58
စုန့်ရှန်းဟုန်သည် ပါးစပ်ထဲ သကြားလုံး အပြည့်ဖြင့် ရေရွတ်ခဲ့သည်။ "အဒေါ် ကျန်း၊ ကျွန်တော့် ဦးလေးက ဒီနေ့ နေ့လယ်ပိုင်းမှာ လာပြီးတော့ ကျွန်တော်တို့အတွက် ကောင်းတဲ့ အစားအစာတွေ အများကြီး ယူလာလိမ့်မယ်။ အဲ့ကြရင် ကျွန်တော် အဒေါ့်အတွက် ချန်ထားပေးမယ်။"
ကျန်းနျန် ရယ်လိုက်သည်။ "မင်းရဲ့ အစားအစာတွေအတွက် အဒေါ် စောင့်နေပါ့မယ်။"
လျိုကျန့်ယဲ့နှင့် လျိုကျန့်ဝူတို့သည် လက်ချင်းတွဲကာ ရပ်နေကြသည်။ လျိုကျန့်ဝူက ပိုငယ်သောကြောင့် ကျန်းနျန်၏ လက်ထဲရှိ သကြားလုံးများကို ကြည့်နေရင်း သူ၏ မိခင်က မနေ့ညက ပေးခဲ့သော သကြားလုံးချိုများကို သတိရသွားသည်။ လျိုကျန့်ယဲ့က ပို၍ အသက်ကြီးသောကြောင့် အနည်းငယ် ရှက်ရွံ့နေပုံရသည်။ သူတို့၏ အဘွားလေး ထွက်သွားကတည်းက သူ၏ မိဘများသည် အားလပ်ရက် ဘောနပ်စ်များ မရရှိခြင်းအတွက် သူ၏ ဖခင်ကို အပြစ်တင်ကာ အကြိမ်များစွာ ရန်ဖြစ်ခဲ့ကြသည်။
ကျန်းနျန်သည် လျိုကျန့်ယဲ့၏ စိတ်အခြေအနေကို သတိပြုမိပြီး သူ၏ ပခုံးကို ပုတ်လိုက်သည်။ "ကျန့်ယဲ့၊ မင်း ဒီနှစ် ကျောင်းစတက်မှာလား။"
ကျောင်းအကြောင်း ပြောလိုက်သောအခါ လျိုကျန့်ယဲ့၏ စိတ်အခြေအနေသည် သိသိသာသာ တိုးတက်လာပြီး ရယ်မောလိုက်သည်။ "ဟုတ်ကဲ့၊ ကျွန်တော့် အမေက နွေရာသီမှာ ကျောင်းပို့ပေးမယ်လို့ ပြောတယ်။"
ထိုအချိန်တွင် သူ စုန့်ရှန်းတုန်နှင့်အတူ ကျောင်းကို အတူတူ သွားလာနိုင်လိမ့်မည်။
မနက်စာ စားပြီးနောက် လုယွီသည် တစ်စုံတစ်ဦးကို ခေါ်ရန် သွားမည်ဟု ပြောပြီး ထွက်သွားသည်။ သူ နေ့လယ်စာ စားချိန်အထိ ပြန်မရောက်သေးပေ။
ကျန်းနျန်သည် လက်များကို ဆေးကြောပြီး နေ့လယ်စာ စတင်ပြင်ဆင်နေစဉ် ဖန့်မိန်၏ ကျယ်လောင်သောအသံက ခြံဝင်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ "ကျန်းနျန်ရေ၊ နေ့လယ်စာ မချက်နဲ့တော့။ အစ်မအိမ်ကို လာခဲ့။"
ကျန်းနျန် မတုံ့ပြန်နိုင်မီ ဖန့်မိန်သည် မီးဖိုချောင်ထဲသို့ ဝင်လာပြီး ကျန်းနျန် ထုတ်ထားသော ပြောင်းဖူးမှုန့်တစ်ပန်းကန်ကို ယူကာ အိတ်ထဲသို့ ပြန်ထည့်ပြီး သူမကို ဆွဲခေါ်သွားသည်။ "သွားကြမယ်။ လက်ထောက်တပ်ရင်းမှူးလုနဲ့ တခြားသူတွေ မကြာခင် ပြန်ရောက်တော့မယ်။"
ကျန်းနျန်တစ်ယောက် ဖန့်မိန်၏ အိမ်သို့ ဆွဲခေါ်ခံလိုက်ရသည်။ တပ်ရင်းမှူးစုန့်သည် သူမကို မြင်သောအခါ အံ့ဩသွားသော်လည်း ကျန်းနျန် ကူညီရန် မီးဖိုချောင်သို့ သွားသောအခါ များများစားစား မပြောပေ။ သူ ဖန့်မိန်ကို လှမ်းခေါ်ပြီး သူမကို စိုက်ကြည့်ခဲ့သည်။ "ဒီနေ့က နှစ်သစ်ကူးနေ့ပဲ။ စုန့်ပိုင်နဲ့ လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီးကို ပေါင်းဖက်ဖို့ မကြိုးစားပါနဲ့။"
သူသည် သူ့ဇနီး၏ ရည်ရွယ်ချက်များကို မည်သူ့ထက်မဆို ပိုသိသည်။
ဖန့်မိန် သူမ၏ လက်ကို ဝေ့ယမ်းပြီး စိတ်မရှည်စွာ ပြောလိုက်သည်။ "သိပြီ။"
လုယွီနှင့် အခြားသူများသည် နေ့လယ် ၂ နာရီခွဲဝန်းကျင်တွင် အိမ်သို့ ရောက်လာသည်။ ကျန်းနျန်မှာ ဖန့်မိန်ကို ဟင်းသီးဟင်းရွက်များ ရွေးရန် ကူညီနေစဉ် ဝင်းအတွင်းမှ စုန့်ရှန်းတုန်နှင့် စုန့်ရှန်းဟုန်တို့၏ ပျော်ရွှင်သောအသံများကို ကြားလိုက်ရသည်။
"ဦးလေး။"
"ဦးလေးကို သား လွမ်းနေတာ။"
"အို၊ ဘယ်လောက်တောင် စကားတတ်နေတာပါလိမ့်။"
ကျန်းနျန်သည် သူစိမ်းတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။ ထိုအမျိုးသား၏ အသံသည် လုယွီ၏ နက်ရှိုင်းပြီး အေးစက်သောအသံနှင့် မတူဘဲ ပို၍ ပေါ့ပေါ့ပါးပါး ဖြစ်သည်။
"ဦးလေးလု၊ ဦးလေးကျူး။"
ကလေးများက လုယွီနှင့် ကျူးကျွင်းကို နှုတ်ဆက်ခဲ့သည်။
ဝင်းအတွင်းရှိ လူများကို မြင်သောအခါ တပ်ရင်းမှူးစုန့် သူတို့ကို လက်ဝှေ့ယမ်းပြီး ခေါ်လိုက်သည်။ "မင်းတို့ နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။ အထဲဝင်လာပြီး ကိုယ့်ကိုယ်ကိုယ် နွေးအောင် လုပ်လိုက်ဦး။"
"ဒါ စုန့်ပိုင်ပဲ" ဖန့်မိန်သည် ပျော်ရွှင်စွာဖြင့် ကျန်းနျန်အား ပြောပြီး သူမ၏ လက်များမှ ဆားအကြွင်းအကျန်များကို လက်ခုပ်တီး၍ ဖယ်လိုက်သည်။ သူမ ကျန်းနျန်ကို ဆွဲခေါ်ခဲ့သည်။ "သွား၊ ခဏထိုင်ပြီး စကားပြောကြမယ်။ နောက်မှ ချက်ကြတာပေါ့။"
ကျန်းနျန် - …
သူမ ယခုအချိန်အထိ ဖန့်မိန်၏ ရည်ရွယ်ချက်များကို မမြင်နိုင်သေးပါက သူမ တကယ်ပဲ အရူး ဖြစ်လိမ့်မည်။
သူမ သူမ၏ လက်ကို ဆွဲလွှတ်ပေးလိုက်သည်။ "နောက်ကျနေပြီ။ လူတိုင်းက နေ့လယ်စာ စားဖို့ စောင့်နေကြတယ်။"
ဖန့်မိန်သည် သူမ ကိစ္စရပ်များကို အလွန် အလျင်စလို လုပ်နေမိသည်ကို သဘောပေါက်လိုက်သည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ အရင် ချက်ကြမယ်။"
ဖန့်မိန်သည် ချက်ပြုတ်ခြင်း အများစုကို လုပ်ဆောင်ပြီး ကျန်းနျန်က ကူညီသည်။ မီးဖိုချောင်ထဲတွင် သူမ ကျူးကျွင်း၏ အသံကို ကြားလိုက်ရသည်။ "လက်ထောက်တပ်ရင်းမှူးလု၊ ခင်ဗျား ဝင်လာစရာ မလိုပါဘူး။ လက်ထောက်တပ်ရင်းမှူးစုန့်နဲ့ ကျွန်တော် ဟင်းပွဲတွေကို သယ်နိုင်ပါတယ်။"
လုယွီ၏ နက်ရှိုင်းသောအသံသည် စိတ်ခံစားမှု မရှိပေ။ "ရပါတယ်။"
မီးဖိုချောင်က သေးငယ်သည်။ ကျူးကျွင်း ဦးစွာ ဝင်လာပြီး မီးဖိုဘေးတွင် ထိုင်နေသော ကျန်းနျန်ကို မြင်သောအခါ ပြုံးလိုက်သည်။ "မရီး။"
စုန့်ပိုင်လည်း လိုက်လာသည်။ "မရီး။"
ဖန့်မိန် ပြတင်းပေါက်ဘက်မှ ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့။"
စုန့်ပိုင် ခဏတာ ရှုပ်ထွေးသွားခဲ့သည်။ သူ သူ့ဘယ်ဘက်ရှိ ဖန့်မိန်ကို ကြည့်လိုက်ပြီးနောက် ကျူးကျွင်း၏ အကြည့်ကို လိုက်၍ မီးဖိုဘေးတွင် ထိုင်နေသော ကျန်းနျန်ကို ကြည့်လိုက်သည်။ သူမ၏ တောက်ပသော မျက်လုံးများက သူ့ကို ချက်ချင်း ဖမ်းစားလိုက်သည်။ မီးဖိုချောင်သည် မှိန်နေသော်လည်း သူမ၏ ဖြူဖွေးသောအသားအရေနှင့် လိမ္မော်ရောင်ဖျော့ဖျော့ ဝါဂွမ်းထည် ဂျာကင်သည် ထင်ရှားနေသည်။
လုံးဝ မရင်းနှီးသော မျက်နှာစိမ်းတစ်ခုပင်။
စုန့်ပိုင်သည် သူမ ဘယ်သူလဲဟု ကျူးကျွင်းကို မေးခါနီးတွင် သူ၏ အမြင်အာရုံကို လုယွီ၏ အရပ်ရှည်သော ပုံရိပ်က ပိတ်ဆို့လိုက်သည်။ လုယွီသည် မီးဖိုဘေးတွင် ရပ်နေပြီး ကျန်းနျန် ချုပ်ထားသော စစ်တပ်စိမ်း ကုတ်အင်္ကျီကို ဝတ်ထားသည်။ သူ သူမကို ငုံ့ကြည့်လိုက်သည်။ "အေးနေလား။"
ကျန်းနျန် ခေါင်းခါလိုက်သည်။ "မအေးပါဘူး။"
သူမသည် မီးဖိုဘေးတွင် ထိုင်နေခဲ့သဖြင့် အတော်လေး နွေးထွေးနေသည်။
လုယွီသည် စုန့်ပိုင်နှင့် ကျူးကျွင်းကို ပြောလိုက်သည်။ "ဟင်းပွဲတွေ သယ်ကြ။"
ဖန့်မိန်သည် ပြောင်းဖူးပန်ကိတ်များကို ကိုင်ထားပြီး ကျယ်လောင်စွာ မေးခဲ့သည်။ "စုန့်ပိုင်၊ မင်း ဒီတစ်ခါ ဘယ်လောက်ကြာကြာ နေမှာလဲ။"
ဂေါ်ဖီထုပ်နှင့် ကြာဇံများ ပါသော ဇလုံကြီးတစ်လုံးကို သယ်ဆောင်လာသော စုန့်ပိုင်က ပြန်ဖြေလိုက်သည်။ "ကျွန်တော် အခုတော့ မထွက်ခွာနိုင်သေးဘူး။ ခေါင်းဆောင်က ကျွန်တော့်ကို ဒီမှာပဲ နေပြီး စစ်သားတွေကို လေ့ကျင့်ပေးစေချင်နေတာ။"
ဖန့်မိန် မျက်မှောင်ကြုတ်လ်ုက်သည်။ "မင်း အဲဒီကို ပြောင်းပြီးမှ လက်ထောက်တပ်ရင်းမှူး ရာထူး တက်ခဲ့တာလေ။ ဘာလို့ မင်းကို ပြန်ပြောင်းပို့နေတာလဲ။ မင်းကို ရာထူးအဆင့် လျှော့ချနေတာလား။"
စုန့်ပိုင် - "ရာထူး အပြောင်းအလဲ မရှိပါဘူး။ ကျွန်တော် တတိယတပ်ဖွဲ့ကို အရင် သတင်းပို့ရမယ်။ ပို့ပြီးရင် နောက်ထပ် ညွှန်ကြားချက်တွေ စောင့်ရဦးမယ်။"
ထိုသို့ပြောပြီးနောက် သူတို့ သုံးဦး ဟင်းပွဲများကို သယ်ဆောင် ထွက်သွားကြသည်။ လုယွီသည် ကျန်းနျန်၏ မြင်ကွင်းကို ပိတ်ဆို့ထားသောကြောင့် စုန့်ပိုင် မည်သို့ ပုံပန်းရှိသည်ကို သူမ မမြင်ရဘဲ အသံကိုသာ ကြားရသည်။
ဖန့်မိန်က တူများကို ကိုင်ထားလျက် ပြောလိုက်သည်။ "သွားစားကြမယ်။"
အခန်းက မကျယ်ပေ၊ စားပွဲတစ်လုံးနှင့် ခုံတန်းရှည် လေးခုသာ ရှိသည်။ ဟင်းပွဲများစွာကို စားပွဲပေါ် တင်ထားသည်။ တပ်ရင်းမှူးစုန့်နှင့် စုန့်ပိုင်တို့ အတူ ထိုင်ကြပြီး လုယွီနှင့် ကျူးကျွင်းတို့က အတူ ထိုင်ကြသည်။ စုန့်ရှန်းတုန်နှင့် စုန့်ရှန်းဟုန်တို့ကတော့ ခုံတန်းတစ်ခုကို ခွဲဝေယူကြပြီး ကျန်းနျန်နှင့် ဖန့်မိန်တို့အတွက် တစ်ခု ကျန်သည်။
ကျန်းနျန်သည် ဖန့်မိန် နောက်မှ အခန်းထဲသို့ လိုက်ဝင်သွားပြီး တပ်ရင်းမှူးစုန့် ဘေးရှိ စုန့်ပိုင်ကို ချက်ချင်း မြင်လိုက်ရသည်။
ထိုအမျိုးသားသည် ဆောင်းရာသီ စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်များမှာ သပ်ရပ်သည်။ သူ၏ မျက်ခုံးများသည် ထင်ရှားပြီး မျက်လုံးများက နက်ရှိုင်း တောက်ပနေသည်။ သူသည် တပ်ရင်းမှူးစုန့်၏ ညီအစ်ကိုဝမ်းကွဲ ဖြစ်သော်လည်း သူတို့ကြား ပုံပန်းသဏ္ဍာန် ဆင်တူမှု မရှိပေ။ စုန့်ပိုင်၏ ရုပ်ရည်သည် အလွန် ချောမောပြီး လုယွီ၏ အေးဆေး တည်ငြိမ်သော အမူအရာနှင့် အတော်လေး ကွာခြားသည်။
စာအုပ်က စုန့်ပိုင်၏ ပုံပန်းသဏ္ဍာန်ကို တစ်ခါမျှ မဖော်ပြခဲ့ပေ။ ကျန်းနျန်သည် ဖန့်မိန်ဆီမှတစ်ဆင့် သိရှိခဲ့ရသည်။ ယခု သူ့ကို မြင်သောအခါ ဖန့်မိန် ချဲ့ကား ပြောဆိုခြင်း မရှိကြောင်း သူမ ခံစားရသည်။
စုန့်ပိုင်၏ ရုပ်ရည်သည် အမှန်ပင် ဖန့်မိန်၏ ချီးကျူးစကားများနှင့် ထိုက်တန်သည်။
သို့သော် ဤအရာသည် သူမနှင့် မသက်ဆိုင်ပေ။
စုန့်ပိုင် သူမကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အရေးမကြီးပေ။ သူမ စိတ်မဝင်စားပါ။ သူမ ဤခေတ်တွင် မည်သည့် ဆက်နွယ်မှု၊ တွယ်တာမှုမှ မလိုချင်ပေ။
အကယ်၍…
အကယ်၍ တစ်နေ့တွင် အံ့ဩဖွယ်ရာ တစ်ခုခုကြောင့် သူမ သူမ၏ မူလအချိန်သို့ ပြန်သွားရရင်ရော။ သူမ ဤနေရာတွင် တွယ်တာမှုများ ရှိပါက ကျန်ရစ်သူများအတွက် ပို၍ ခက်ခဲစေလိမ့်မည်။
"ဒီမှာ ထိုင်ကြမယ်။"
ဖန့်မိနသည်် ကျန်းနျန်ကို ဆွဲခေါ်ပြီး ခုံတန်းပေါ် ထိုင်စေသည်။ သူမ၏ ဘေးတွင် ဖန့်မိန် ရှိပြီး အခြားတစ်ဖက်တွင် လုယွီ ရှိသည်။ ထိုအမျိုးသားက သူမ၏ လက်ကို ကြည့်လိုက်ရာ အပူကြောင့် အနည်းငယ် နီရဲနေသည်ကို သတိပြုမိသည်။
"အေးနေတာလား။" လုယွီ ထပ်မေးလိုက်သည်။
ကျန်းနျန် ခေါင်းခါပြီး တိုးတိုးလေး ပြောခဲ့သည်။ "မအေးပါဘူး၊ ကျွန်မ လက်တွေက နွေးနေတုန်းပဲ။"
ကျန်းနျန်နှင့် မျက်နှာချင်းဆိုင် ထိုင်နေသော စုန့်ပိုင်သည် ရံဖန်ရံခါ သူမကို ကြည့်ပြီးနောက် လုယွီကို ကြည့်သည်။ သူ မျက်ခုံးပင့်ပြီး စနောက်ခဲ့သည်။ "လုယွီ၊ မင်း ငါမရှိခ်ြ လက်ထပ်လိုက်တာလား။ ဘယ်လောက်တောင်ကြာပြီလဲ။ မင်း မင်္ဂလာဆောင်အကြောင်း ငါ့ကို ဘာလို့ မပြောတာလဲ။"
ကျန်းနျန် - …
တပ်ရင်းမှူးစုန့် - .....
ဖန့်မိန် - ....
ကျူးကျွင်း - …
လုယွီသည် ကျန်းနျန်အား တူတစ်စုံ ပေးလိုက်သော်လည်း သူ စကားမပြောမီ တပ်ရင်းမှူးစုန့်က ဖြတ်ပြောခဲ့သည်။ "မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ သူမက လုယွီရဲ့ မရီး၊ ရှု့ချန်ရဲ့ ဇနီးပဲ။"
စုန့်ပိုင် - ???
လုယွီရဲ့ မရီးတဲ့လား။
တပ်ရင်းဗိုလ်ကြီးရှု့ရဲ့ ဇနီးလား။
စုန့်ပိုင်သည် သူ၏ ရှေ့မှ လှပသော အမျိုးသမီးငယ်သည် ရှု့ချန်၏ ဇနီး ဖြစ်နိုင်သည်ကို စိတ်ကူးဖြင့်တောင် မမှန်းဆနိုင်ပေ။
သူ မေးလိုက်သည်။ "ရှု့ချန်လည်း လာတာလား။"
သူသည် လုယွီ သူမကို စစ်တပ်သို့ လျှို့ဝှက် ခေါ်လာသည်ဟု ထင်ခဲ့သည်။
ထိုခဏ၌ စားပွဲတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
ကျူးကျွင်း ရှင်းပြခဲ့သည်။ "လက်ထောက်တပ်ရင်းမှူးစုန့်၊ တပ်ရင်းဗိုလ်ကြီးရှု့က လွန်ခဲ့တဲ့ ခြောက်လက ဆုံးသွားပြီ။"
စုန့်ပိုင်၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ တူများကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ကာ ကျန်းနျန်အား ပြောလိုက်သည်။ "ကျွန်တော် တောင်းပန်ပါတယ်။"
ထို့နောက် သူ ခေါင်းငုံ့ပြီး ဟင်းချိုတစ်ငုံ သောက်လိုက်သည်။
သူသည် သူ၏ မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးသည် ရှု့ချန်၏ ဇနီး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ရှု့ချန် မရှိတော့သည့်အတွက် လုယွီသည် သူ၏ မရီးကို ဂရုစိုက်ခြင်းသည် ယုတ္တိရှိသည်။ စုန့်ပိုင်သည် တိတ်ဆိတ်နေသော ကျန်းနျန်ကို ထပ်ကြည့်လိုက်ပြီး ပို၍ပင် အပြစ်ရှိသလို ခံစားရသည်။
သူ နှစ်သစ်ကူးနေ့တွင် ဤအကြောင်းကို မပြောသင့်ခဲ့ပေ။
တပ်ရင်းမှူးစုန့်နှင့် လုယွီသည် စစ်တပ်ကိစ္စများကို ပြောဆိုကြပြီး စုန့်ပိုင် တတိယတပ်ဖွဲ့သို့ ခေတ္တ သွားရောက်ရမည်ကို ဖော်ပြထားသည်။ တပ်ရင်းမှူးစုန့် နှာမှုတ်လိုက်သည်။ "မင်း အဲဒီကို ရောက်တဲ့အခါ လောင်ထန်ကို ဒုက္ခပေးလိုက်။ သူ ငါ့ရှေ့မှာ ကြွားဝါနေတာကို မြင်ရတာ တကယ် စိတ်တိုစေတယ်။"
လျိုချမ့်၏ မိသားစု ပြဿနာများကြောင့် ပထမတပ်ဖွဲ့၏ ဘောနပ်စ်များနှင့် ထောက်ပံ့ကြေးများ ဖြတ်တောက်ခံခဲ့ရသည်။ လောင်ထန်က သူ့ကို မြင်တိုင်း လှောင်ပြောင်လေ့ရှိသည်။
စုန့်ပိုင်သည် ဒီအကြောင်းကို မသိသေးပေ။ ဖန့်မိန်သည် လျင်မြန်စွာ ဖြစ်ရပ်ကို ပြန်ပြောပြပြီး ဒေါသများဖြင့် စိတ်ဆိုးကာ နှာမှုတ်လိုက်သည်။ "လျိုချမ့်ရဲ့ ဆွေမျိုးတွေကြောင့် မဟုတ်ရင် ဒီနေ့ ငါတို့ စားပွဲပေါ်မှာ ကြက်တစ်ကောင် ရှိနေနိုင်တယ်။"
ညစာ စားပြီးနောက် ကျန်းနျန်နှင့် ဖန့်မိန်တို့ မီးဖိုချောင်တွင် ရှင်းလင်းကြသည်။ စုန့်ပိုင်သည် နောက်ဆုံး ပန်းကန်ကို ယူလာပြီး ကျန်းနျန် ကိုင်းညွှတ်ကာ ထောင့်တစ်နေရာကို သန့်ရှင်းနိုင်ရန် ရုန်းကန်နေသည်။ သူ သူမထံမှ အဝတ်ကို ယူပြီး ပြုံးလိုက်သည်။ "မင်းက အရပ်ပုလွန်းလို့ မမီနိုင်ဘူး။ ကျွန်တော် လုပ်လိုက်ပါမယ်။"
ကျန်းနျန် - …
ဘယ်သူက ပုတာ။
သူ ဘယ်သူ့ကို ပုတယ်လို့ ခေါ်လိုက်တာလဲ။
ဖန့်မိန် မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
ကျန်းနျန် - …
ကျန်းနျန်၏ နှုတ်ခမ်းများ စေ့ထားပြီး စိတ်မသက်မသာ ဖြစ်နေသည်ကို မြင်သောအခါ စုန့်ပိုင်က သူ၏ အမှားကို သဘောပေါက်ပြီး လည်ချောင်းကို ရှင်းလိုက်သည်။ "မရီးရယ်၊ ကျွန်တော်က နောက်လိုက်တာပါ။ စိတ်ထဲ မထားပါနဲ့။"
ဖန့်မိန် မေးလိုက်သည်။ "မင်း ဘယ်သူ့ကို မရီးလို့ ခေါ်နေတာလဲ။"
စုန့်ပိုင် - .....
သူ ကျန်းနျန်ကို ကြည့်လိုက်သည်။ "လုယွီရဲ့ မရီး။"
"မရီး။"
လုယွီသည် မီးဖိုချောင်ထဲသို့ ဝင်လာပြီး မီးဖိုကို သန့်ရှင်းနေသော စုန့်ပိုင်ကို ကြည့်ကာ ကျန်းနျန်ကို မေးလိုက်သည်။ "နောက်ထပ် ခဏလောက် ထိုင်ဦးမလား ဒါမှမဟုတ် ကျွန်တော်နဲ့ အတူ အိမ်ပြန်မလား။"
သူ စကား မဆုံးမီ ကျန်းနျန်က ပြန်ဖြေလိုက်သည်။ "အိမ်ပြန်မယ်။"
ကျန်းနျန်သည် သူမကို လွှတ်မပေးချင်ဘဲ စုန့်ပိုင်နှင့် ဖူးစာဆုံပေးချင်နေသော ဖန့်မိန်ကို နှုတ်ဆက်ပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ရင်ဆိုင်ရသလို ခံစားရပြီး လုယွီ နောက်သို့ လျင်မြန်စွာ လိုက်သွားသည်။ သူမနောက်ကို ခွေးလိုက်နေသကဲ့သို့ အလွန် လျင်မြန်စွာ လျှောက်သွားခဲ့သည်။
လုယွီ ပြုံးလိုက်သည်။ "ဘာလို့ အဲဒီလောက် အမြန် လျှောက်နေတာလဲ။"
ကျန်းနျန်က ခေါင်းလှည့်မကြည့်ဘဲ ပြောလိုက်သည်။ "ကျွန်မ အေးနေလို့။"
အိမ်ပြန်ရောက်သောအခါ ကျန်းနျန် ဦးစွာ အိမ်ထဲ ဝင်သည်။ လုယွီသည် နောက်မှ လိုက်လာပြီး မီးဖိုထဲသို့ ထင်းများ ထပ်ထည့်ကာ အခန်းကို နွေးနွေးထွေးထွေး သက်တောင့်သက်သာ ဖြစ်စေခဲ့သည်။ သူသည် မီးဖိုဘေးတွင် ဒူးထောက်ထိုင်လျက် ကုတင်ပေါ်တွင် အပ်ချုပ်နေသော ကျန်းနျန်ကို မော့ကြည့်လိုက်သည်။ "ခုထိ အေးနေတုန်းလား။"
ကျန်းနျန် ပြုံးလိုက်သည်။ "မအေးတော့ပါဘူး။"
လုယွီ မီးကို မွှေပြီး ခဏနေပြီးမှ ထွက်သွားသည်။
"ဦးလေး၊ သား အဒေါ် ကျန်းအတွက် သကြားလုံး နှစ်လုံး ယူသွားမယ်။"
စုန့်ရှန်းတုန်နှင့် စုန့်ရှန်းဟုန်တို့က သကြားလုံး တစ်လုံးစီ ကိုင်ထားပြီး စုန့်ပိုင်ကို ပြခဲ့သည်။ စုန့်ပိုင် ပြုံးလိုက်သည်။ "ယူချင်ရင် ယူသွားပေါ့၊ ခွင့်တောင်းဖို့ မလိုပါဘူး။"
သူတို့ ထွက်သွားသောအခါ စုန့်ပိုင် ထပ်ထည့်ပြောလိုက်သည်။ "ချောကလက် နည်းနည်းလည်း ယူသွားလိုက်။"
စုန့်ရှန်းတုန် ပြန်ဖြေလိုက်သည်။ "ကောင်းပါပြီ။"
ဖန့်မိန်သည် ဤအရာကို ကြားသောအခါ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သော်လည်း ကျန်းနျန် သူမနှင့် မည်မျှ မျှဝေခဲ့သည်ကို သတိရပြီး ၎င်းသည် တရားမျှတသည်ဟု ခံစားရသည်။ ကျန်းနျန်ကိုယ်တိုင် ချက်ပြုတ်ထားသော အရသာရှိသော အစားအစာများက သူမထံ မကြာခဏ ရောက်လာသည်။ သူမကို ချောကလက် အပိုအချို့ ပေးခြင်းသည် မှန်ကန်သည်။
စုန့်ပိုင် လက်ဆေးပြီး ထွက်သွားရန် ပြင်ဆင်သည်ကို မြင်သောအခါ ဖန့်မိန် လှမ်းခေါ်လိုက်သည်။ "ခဏလေး။"
"ဘာဖြစ်တာလဲ။"
စုန့်ပိုင် လျှောက်သွားနေခြင်းကို ရပ်လိုက်သည်။
ဖန့်မိန်သည် တပ်ရင်းမှူးစုန့် ကြားမည်ကို စိုးရိမ်သဖြင့် တိုးတိုးလေး မေးလိုက်သည်။ "မင်း ကြိုက်တဲ့သူ ရှိလား။"
စုန့်ပိုင်သည် သူ၏ မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး ပြုံးလိုက်သည်။ "မရီး၊ ကျွန်တော့်ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးဖို့ မစဉ်းစားပါနဲ့တော့။ ကျွန်တော်က အတပ်ပြောလို့ မရဘူး။ ဒီမှာ မနေချင်တော့ရင် နယ်စပ်ကို ပြောင်းရွှေ့ဖို့ လျှောက်လွှာ တင်လိုက်မယ်။"
သူ့အတွက် နယ်စပ်သည် စိန်ခေါ်မှုများ ပိုများသည်။
မတည်ငြိမ်မှု တစ်ခုခု ရှိပါက သူ သူ၏ တပ်ဖွဲ့များကို ထိုနေရာသို့ ဦးဆောင်သွားပြီး ဂုဏ်ထူးဆောင် လုပ်ငန်းများ လုပ်ဆောင်ရန် အခွင့်အရေး ရနိုင်သည်။
ဖန့်မိန်သည် သူ နယ်စပ်သို့ ထွက်ပြေးချင်နေတုန်းပဲ ဆိုတာကို ချက်ချင်း သိလိုက်သည်။ သူ အရင်က လိုချင်ခဲ့သော်လည်း လောင်စုန့်က သူ့ကို ခိုင်မာစွာ နှိမ်နင်းခဲ့သည်။ သူ၏ လျှောက်လွှာပုံစံကိုပင် လောင်စုန့်က ကြားဖြတ် ဖမ်းဆီးခဲ့သည်။ နောက်ပိုင်းတွင် လောင်စုန့်သည် သူ၏ စရိုက်ကို ငြိမ်သက်စေရန်အတွက် စုန့်ပိုင်ကို စစ်ခရိုင်ခွဲသို့ ပြောင်းရွှေ့ဖို့ရန် သူ၏ အထက်အရာရှိများထံ လျှောက်လွှာတင်ရန် ရွေးချယ်စရာ မရှိတော့ပေ။ သူ ပြန်လာပြီးနောက်တွင်လည်း ဤအကြံ ရှိနေသေးသည်ကို သူမ မမျှော်လင့်ခဲ့ပေ။
သူမ စိတ်တိုစွာ ပြောလိုက်သည်။ "မင်းက အိမ်မှာ တစ်ဦးတည်းသော သားပဲ။ ကိုယ့်ကိုယ်ကိုယ်အတွက်ပဲ မစဉ်းစားနဲ့၊ မင်းရဲ့ မိဘတွေကိုလည်း ထည့်စဥ်းစားဦး။ နေ့တိုင်း ဒီလို ဝေးလံတဲ့ နေရာကို ပြေးဖို့ စဉ်းစားနေတာ၊ တည်ငြိမ်သည်ဖြစ်စေ၊ မတည်ငြိမ်သည်ဖြစ်စေ၊ တစ်ခါပြန်လာဖို့က ရထားနဲ့ဆိုရင် လေးငါးရက်လောက် ကြာတယ်။ အဆင်မပြေဘူး။"
စုန့်ပိုင်သည် သူ့မရီး၏ စိုးရိမ်မှုကို နားလည်ပြီး များများစားစား ထပ်မပြောတော့ပေ။
သူ ထွက်သွားရန် ပြင်ဆင်နေစဉ် ဖန့်မိန် ဆက်ပြောသည်ကို သူ ကြားလိုက်ရသည်။ "လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီးကို မင်းနဲ့ မိတ်ဆက်ပေးဖို့ ငါ လပေါင်းများစွာ စဉ်းစားနေတာ။ ဒီနေ့ မင်း သူ့ကို မြင်ဖူးပြီဆိုတော့ မင်း သူ့ကို ဘယ်လို ထင်လဲ။ ဒါပေမဲ့ ငါ ပထမဆုံးအနေနဲ့ တချို့အချက်တွေ ပြောပြချင်တယ်။ လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီးက စကားများများ မပြောဘူးလို့ မထင်နဲ့။ သူမက အရည်အချင်းရှိတယ်။ ဟင်းချက်တာ ကောင်းသလို ပန်းထိုးတာလည်း ကျွမ်းကျင်တယ်။ သူမက အခု နိုင်ငံပိုင် ပန်းထိုးဆိုင်မှာ အလုပ်လုပ်နေပြီး ဝင်ငွေကောင်းကောင်း ရနေတယ်။"
စုန့်ပိုင် - .....
ဖန့်မိန် ဆက်ပြောတော့မည်ကို မြင်သောအခါ စုန့်ပိုင် သူမကို တားဆီးလိုက်သည်။ "မရီး၊ ကျွန်တော့်အတွက် စိတ်မပူပါနဲ့။ ကျွန်တော့်ကိုလည်း အောင်မသွယ်ပေးပါနဲ့။ သူမက လက်ထောက်တပ်ရင်းမှူးလုရဲ့ ဇနီးပါ၊ ပြီးတော့ သူမက ကျွန်တော့်အတွက် မရီးလိုပါပဲ။"
တစ်ခါတလေမှာ သူ တကယ်ပဲ သူ့မရီး၏ ပါးစပ်က သူ့ကို ပြဿနာထဲ ရောက်စေနိုင်တယ်လို့ ခံစားရသည်။
ရှု့ချန် မသေမီက သူ့၏ ညီအစ်ကို ဖြစ်ခဲ့သည်။ ထိုလူ သေဆုံးပြီးသည်နှင့် သူသည် သူ့၏ ဇနီးအကြောင်း စဉ်းစားမိသည်။ ဒါဟာ လူသားတစ်ဦး လုပ်မဲ့အရာလား။
သူငယ်ချင်း၏ ဇနီးကို မလှည့်စားရ ဟူသော ဤနိယာမကို သူ နားလည်သည်။ ထို့အပြင် သူ တကယ်ပဲ လုယွီ၏ မရီးကို လက်ထပ်မည်ဆိုလျှင် လုယွီက သူ့ကို 'အစ်ကို' လို့ ခေါ်ရမှာလား။
စုန့်ပိုင်သည် လုယွီကို 'အစ်ကို' လို့ ခေါ်ခိုင်းတာက တောင်တစ်ခု ရွှေ့တာထက် ပိုခက်လိမ့်မည်ဟု ခံစားရသည်။