← Chapters

ပြင်းထန်သော တိုက်ပွဲ (အပိုင်း ၁)

Vol. 38 Ch. 436

ပြင်းထန်သော တိုက်ပွဲ (အပိုင်း ၁)

Vol. 38 Ch. 436

"အိမ်ရှေ့စံမင်းသားလား..."

အပြာရောင်တိမ်တိုက်အရှင် ထွက်ခွာသွားသည်ကို မြင်တွေ့ချိန်၌ ရန်ချူးယောင်သည် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပေ။ သူမ၏လက်ထဲတွင် ဇီသာတစ်လက် ထွက်ပေါ်လာပြီး ညင်သာစွာ တီးခတ်လိုက်ရာ အသံလှိုင်းများသည် ပင်လယ်လှိုင်းတံပိုးများကဲ့သို့ ပြန့်ကားသွားကာ ရှေ့မှပုံရိပ်ကို ဝန်းရံလိုက်သည်။

ဤသည်မှာ ဂီတကောင်းကင်ကံကြမ္မာ၏ အဆုံးစွန်စွမ်းရည်ဖြစ်သော "သုံးရက်တာ ပဲ့တင်သံ"ပင်။

သူမ၏ဇီသာတေးသံသည် ပစ်မှတ်ကို ထိတွေ့သွားသရွေ့ နောက်ထပ်သုံးရက်အတွင်း ထိုလူ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ဖြစ်စေ သူမ လွယ်လင့်တကူ ခြေရာခံနိုင်သည်။

"ငါနဲ့အတူ လိုက်ခဲ့ကြတော့... ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာရဲ့ ဆက်ခံသူကို ရှာတွေ့မလား မတွေ့ဘူးလားဆိုတာ ဒီအခွင့်အရေးပေါ် မူတည်တယ်..."

လေထုတွင် ပျံဝဲနေရင်း ရန်ချူးယောင်က အော်ဟစ်ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့.. "

ရှောက်မင်နှင့်တခြားလူများသည် အချိန်မဖြုန်းရဲကြတော့ချေ။ သူတို့သည် နည်းလမ်းအမျိုးမျိုးကို ထုတ်ဖော်အသုံးလိုက်ကြရာ ခြံဝန်းထဲတွင် လှိုင်းဂယက်ထနေသော အလင်းရောင်များ ထွက်ပေါ်ထွက်လာသည်။ အချိန်တခဏကြာပြီးနောက် သူတို့အားလုံးသည် နေရာမှ ပျောက်ကွယ်သွားပေ၏။

...

ပင်လယ်ပြင်ပေါ်တွင်…

အပြာရောင်တိမ်တိုက်အရှင်နှင့် အဆက်အသွယ် ရသွားသည်ကို အာရုံခံမိပြီးနောက် ကျန်းရွှမ်က သက်ပြင်းချလိုက်သည်။

အိမ်ရှေ့စံမင်းသား၏စွမ်းအားသည် အလွန် ကြီးမားသည့်အပြင် အကြီးအကဲကျန်းလီကလည်း သူ၏နံဘေးတွင် ရှိနေသည်။ သူသည် နှင်းနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေနှင့် ထာဝရနှလုံးသားတို့ကို ပေါင်းစပ်၍ အသုံးပြုထားသည့်တိုင် သူတို့ကို ဟန့်တားရန် ခက်ခဲနေဆဲပင်။ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ စစ်ကူတောင်းရန်သာ ဖြစ်ပေ၏။

သူ "အရှင်" ဟု ခေါ်ဆိုနိုင်သော အပြာရောင်တိမ်တိုက်အရှင်သည် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

အပြာရောင်တိမ်တိုက်အရှင်၏စွမ်းအားသည် မင်းသားယွမ်ချင်းကို တိုက်ရိုက်မယှဉ်ပြိုင်နိုင်လျှင်ပင် သူ့ထံ၌ အဆုံးမဲ့လက်နက်တိုက်သဖွယ် ရတနာများကို ပိုင်ဆိုင်ထားသော ဗုဒ္ဓဂိုဏ်း၏ ကျောထောက်နောက်ခံ ရှိနေသဖြင့် ကျန်းရွှမ် လွတ်မြောက်နိုင်ရန် အချိန်ဆွဲထားနိုင်ပေမည်။

သူ၏ရင်ဘတ်ထဲရှိ ဒွာရရှစ်ပေါက် နှလုံးသားသည် ဆလင်ဒါရှစ်လုံးထိုး အင်ဂျင်တစ်လုံးကဲ့သို့ စည်းချက်မှန်မှန် ခုန်ပေါက်နေသည်။ ထိုအရာသည် အနှစ်သာရအမြူတေထဲတွင် ပါဝင်သော ကြီးမားသည့် မှော်စွမ်းအားများကို အကန့်အသတ်အထိ ဖိသိပ်ထားပြီး ရေစီးသန်သောမြစ်တစ်စင်းအလား တလိမ့်လိမ့်ထနေသည်။ ထိုစွမ်းအားများကို အစွမ်းထက်သော ဓားနည်းစနစ်နှင့် ပေါင်းစပ်လိုက်ချိန်၌ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို အစိတ်စိတ်အမွှာမွှာ စုတ်ပြဲသွားစေသည်။

"ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့... သတ္တိကောင်းလှချည်လား...."

မင်းသားယွမ်ချင်း၏ အော်ငေါက်သံနှင့်အတူ ကျန်းရွှမ်သည် သူ၏တလိမ့်လိမ့်ထနေသော စွမ်းအားများ ရေခဲရိုက်ခံရသကဲ့သို့ လှုပ်ရှားရန် ခက်ခဲသွားသည်ကို ခံစားမိလေ၏။

အာဏာကောင်းကင်ကံကြမ္မာသည် မိုးကောင်းကင်အောက်ရှိ အရာရာတိုင်းကို အမိန့်ပေးနိုင်စွမ်း ရှိသည်။ ကျန်းရွှမ်သည် အနှစ်သာရအမြူတေကို စုပ်ယူပြီးနောက် သူ၏စွမ်းအားသည် အသက်ပင်လယ်နယ်ပယ် အထွတ်အထိပ်နှင့် ယှဉ်နိုင်သောအဆင့်သို့ ရောက်ရှိနေလေပြီ။ သို့ရာတွင် ကျန်းရွှမ်၏စွမ်းအားများသည် မင်းသားယွမ်ချင်း၏အမိန့်တစ်ခုတည်းမှ ဖိအားအောက်တွင် ပြိုလဲလုနီးပါး ဖြစ်သွားသည်။

ထျန်းလီအင်ပါယာသည် ဤမျှထိ အစွမ်းထက်နေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။ အော်ငေါက်သံတစ်သံတည်းဖြင့် လူတစ်ယောက်၏ခုခံကာကွယ်နိုင်စွမ်းကို ပျောက်ကွယ်သွားစေသည်။ ထိုကဲ့သို့စွမ်းအားမျိုးသည် အမှန်တကယ်ကို လိုချင်တပ်မက်ဖွယ်ကောင်းပေ၏။

ဒုတ်...ဒုတ်... ဒုတ်....

ကြောက်ရွံ့မှုက ကျန်းရွှမ်၏စိတ်နှလုံးသားနက်ရှိုင်းသောနေရာတွင် အမြစ်တွယ်စ ပြုလာစဉ်မှာပင် နှလုံးသားခုန်သံ ထွက်ပေါ်လာသည်။ ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံး၏ ဆေးစွမ်းအင်သည် သိမ်မွေ့စွာ တုန်ခါသွားပြီး အာဏာကံကြမ္မာ၏ဖိနှိပ်ချုပ်ကိုင်မှုကို ချေဖျက်ကာ သူ့ကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေသည်။

"ဧကရာဇ်တွေတောင် အတက်အကျလောကဓံကို ခံစားရတယ်....နောက်တစ်ချိန်မှာ ငါ့ရဲ့အလှည့် ရောက်လာမှာပါ...ငါ့ကို တိုက်ခိုက်ဖို့ ဘယ်သူက မင်းကို သတ္တိတွေပေးလိုက်တာလဲ"

ကျန်းရွှမ်က ကျယ်လောင်စွာ ရယ်မောလိုက်ခြင်းနှင့်အတူ သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ဓားချီစွမ်းအင်များ မိုးရွာချသကဲ့သို့ ကျဆင်းလာသည်။

နှစ်ဖက်လုံး အပြန်အလှန် တိုက်ခိုက်ကြပြီး တပြိုင်နက်တည်း နောက်ဆုတ်လိုက်ကြ၏။ ထိုအချိန်မှာပင် အကြီးအကဲကျန်းလီ၏ပုံရိပ် လှုပ်ရှားသွားကာ ဆေးမီးဖိုတစ်လုံးက ကျန်းရွှမ် ၏ကျောဘက်သို့ တိုးဝင်လာသည်။

ဘုန်း....

ကျန်းရွှမ်သည် အချိန်မီ မရှောင်တိမ်းခဲ့နိုင်သဖြင့် ပြင်းထန်စွာ ရိုက်နှက်ခြင်းခံလိုက်ရသည်။ သူ၏ရုပ်ခန္ဓာကိုယ်သည် ချက်ချင်းပြိုကွဲသွားပြီး သွေးနှင့်အသားစိုင်များအဖြစ် ပေါက်ကွဲသွားကာ လက်သီးဆုပ်အရွယ်အစားရှိသော နှလုံးသားတစ်ခုသာ ကြွင်းကျန်တော့သည်။

ဒုတ်...

ထိုနှလုံးသား တစ်ချက်ခုန်လိုက်သည်နှင့် လေထုထဲတွင် ရှုပ်ထွေးသော သွေးကြောများ မရီဒါန်းကွန်ယက်များဖြင့် ပြည့်နှက်သွားသည်။ တလိမ့်လိမ့်ထနေသော စွမ်းအားများသည် ပြင်ပသို့ လျှင်မြန်စွာ ပျံ့နှံ့သွားပြီး မကြာမီမှာပင် သူ၏အရိုးများနှင့် အသွေးအသားများကို ပြန်လည်၍ တည်ဆောက်လိုက်၏။

ထာဝရနှလုံးသား ရှိနေသရွေ့ သူသည် ဖျက်ဆီး၍မရနိုင်သော သက်ရှိတစ်ယောက်ပင်။ သူ၏ရုပ်ခန္ဓာကိုယ်သည် အမှုန်အမွှားများအဖြစ် ပြိုကွဲသွားလျှင်ပင် သူ ချက်ချင်းပြန်လည်ကောင်းမွန်လာနိုင်သည်။

"ဟမ့်..."

အကြီးအကဲကျန်းလီဘက်သို့ လှည့်ကြည့်ရင်း ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဤခွေးမသားအိုကြီးသည် ယခုလောက်ထိ မြန်မြန်ဆန်ဆန် ဝင်ရောက်တိုက်ခိုက်လိမ့်မည်ဟု သူ တွေးထင်ထားခဲ့ချေ။ သူ မင်းသားယွမ်ချင်း နှင့် တိုက်ခိုက်နေစဉ်တွင် ပင်ပန်းနွမ်းနယ်သွားသည့် အချိန်အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ တိုက်ခိုက်လိုက်ခြင်းပင်။ ထို တိုက်ကွက် တစ်ချက်တည်းကပင် သူ၏အသက်ကို ဆုံးရှုံးလုနီးပါး ဖြစ်စေခဲ့သည်။

အကယ်၍ သူသာ ထာဝရနှလုံးသားနှင့် အပြည့်အဝ ပေါင်းစည်းမထားလျှင် သူ၏စိတ်ဝိညာဉ် ပျောက်ကွယ်သွားလောက်လေပြီ။

"ကျန်းလီ... ဘယ်သူက မင်းကို သတ္တိတွေပေးလိုက်တာလဲ"

ကျန်းရွှမ်က မျက်ခုံးပင့်လိုက်ပြီး သူ့အသံသည် အစောပိုင်းက မင်းသားယွမ်ချင်းကို ပြောခဲ့သည့်အတိုင်း ကျယ်လောင်စွာ အော်ငေါက်လိုက်၏။

အချိန်တခဏအတွင်းမှာပင် အာဏာကောင်းကင်ကံကြမ္မာစွမ်းအားများသည် ခံစားချက်အမျှင်တန်းများတလျှောက် စီးဆင်းလာပြီး သူ၏ရှေ့တွင် ကြီးမားသော စွမ်းအင်မြစ်ကြီးတစ်စင်း ဖြစ်ပေါ်လာသည်။ ထိုအရာသည် ကျန်းလီထံသို့ ကြီးမားသော အရှိန်အဟုန်ဖြင့် တိုးဝင်သွားတော့သည်။

"ငါ..."

ရုတ်ချည်းဆိုသလိုပင် ကျန်းလီသည် ဧကရာဇ်ဖုရှန်း၏မျက်နှာကို မြင်ယောင်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ နက်ရှိုင်းသော ကြောက်ရွံ့မှုတစ်ရပ်သည် သူ့စိတ်ဝိညာဉ်၏အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာပြီး သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားကာ သူ၏ခန္ဓာကိုယ်ကို အထိန်းအကွပ်မဲ့စွာ တုန်ယင်သွားစေသည်။

သူသည် ကျန်းရွှမ်ထံမှ စွမ်းအားများကို ခံစားမိရုံသာမက ကြောက်မက်ဖွယ် ကောင်းသော အာဏာအရှိန်အဝါကိုလည်း အာရုံခံမိသည်။

စွမ်းအားနှင့်အရှိန်အဝါနှစ်ခုလုံးကို လူတစ်ယောက်တည်းတွင် ပေါင်းစပ်ထားခြင်းမှာ ဧကရာဇ်ဖုရှန်းပင်လျှင် ဤကဲ့သို့ စွမ်းဆောင်နိုင်ဖူးခြင်းမရှိချေ။

ဝှစ်..

ဓားချီစွမ်းအင်လှိုင်းတစ်ခု ကျရောက်လာသည်။

"မင်းက ငါ့ရဲ့ကံကြမ္မာကို ခိုးယူသွားတဲ့ ကောင်ပဲ....ဖြတ်တောက်လိုက်စမ်း"

ဓားချီစွမ်းအင်သည် ကျန်းလီပေါ်သို့ ကျရောက်သွားတော့မည့်အချိန်တွင် မင်းသားယွမ်ချင်း၏ အသံ ထွက်ပေါ်လာသည်။

ကျန်းရွှမ်သည် အာဏာစွမ်းအားအမျှင်တန်းများကို ဆွဲယူသုံးစွဲနေမှုအား သူ သတိပြုမိသွားသည်။ အတွေးတစ်ချက်ဖြင့် ယွမ်ချင်း သည် "သောကပိုးချည်"၏ချိတ်ဆက်မှုကို ထိုအရာ၏ ဗဟိုချက်မှ ဖြတ်တောက်လိုက်သည်။

ဤသည်မှာ ကောင်းကင်ဘုံကံကြမ္မာသည် တစ်ဖက်လူ၏ကံကြမ္မာထက် ပို၍အားနည်းနေသောကြောင့် မဟုတ်ချေ။ ရိုးရှင်းစွာ ပြောရလျှင် ကျန်းရွှမ်သည် ဤကံကြမ္မာကို စတုတ္ထအဆင့်သို့သာ ရောက်ရှိသေးပေ၏။ ကံကြမ္မာအဆင့် ကွာခြားချက်သည် အချိန်တိုအတွင်းတွင် ကျော်လွှားနိုင်သောအရာ မဟုတ်ချေ။

ဖူး....

ကျန်းရွှမ် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ ထိုဓားချီစွမ်းအင်တွင် အာဏာကံကြမ္မာစွမ်းအင်တန်းများ၏ကူညီထောက်ပံ့မှု မရှိတော့သဖြင့် ကျန်းလီ ပြန်လည်၍ တည်ငြိမ်သွားသည်။ လျင်မြန်သော လှုပ်ရှားမှုနှင့်အတူ သူသည် ဓားချီစွမ်းအင်တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။

ထိုသို့ဆိုသည့်တိုင်အောင် သူသည် ဒဏ်ရာရရှိခြင်းမှ မလွတ်မြောက်နိုင်ခဲ့ချေ။ ဓားချီစွမ်းအင် သည် သူ့ကို ရှပ်ထိသွားသဖြင့် သူ၏မျက်နှာ ဖြူဖျော့သွားပြီး သူ၏ရင်ဘတ်တွင် ပန်းကန်လုံးအရွယ် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ ခန္ဓာကိုယ်တွင်းအင်္ဂါများ ကြေမွှပျက်စီးသွားသည်။

ဒုတ်... ဒုတ်..

ကျန်းရွှမ်၏ဒဏ်ရာများ တဖန်ပြန်၍ ကောင်းမွန်လာသည်။

ထာဝရနှလုံးသားသည် အလွန်သန်မာအားကောင်းပြီး အဆုံးမဲ့စွမ်းအားများကို ထောက်ပံ့ပေးနေသော အင်ဂျင်စက်တစ်လုံးအလားပင်။ သူ အရှုံးမပေးသရွေ့ ထိုအရာသည် သူ့ကို အဆုံးမရှိစွမ်းအားများ ဖြည့်တင်းပေးနေပေမည်။

"မင်းနဲ့ငါကြားက ကံကြမ္မာချိတ်ဆက်မှုကို ငါ ဖြတ်တောက်လိုက်ပြီ... အခု မင်း ဘယ်လို ခုခံမလဲဆိုတာ ကြည့်ကြသေးတာပေါ့..."

မင်းသားယွမ်ချင်းက ရှေ့သို့တိုးလာသည်။

သူ၏ဒဏ်ရာများသည် သိသိသာသာ သက်သာလာပြီ ဖြစ်သော်လည်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် အလှမ်းကွာဟနေဆဲပင်။

ဤနေရာတွင် ထာဝရနှလုံးသားကြောင့် ဖြစ်ပေါ်လာသော ကွာခြားချက်ကို သိသာထင်ရှားစွာ မြင်တွေ့နိုင်သည်။

စွမ်းအင်ရင်းမြစ် လုံလောက်သရွေ့ ထာဝရနှလုံးသားသည် အဆုံးမဲ့စွမ်းအားကို ပေးစွမ်းနိုင်ပြီး ကျန်းရွှမ်အား တခြားအရာများကို ထည့်သွင်းစဉ်းစားရန် မလိုအပ်စေချေ။ ဆန့်ကျင်ဘက်အားဖြင့် သာမန် ကျင့်ကြံသူ တစ်ဦးသည် ဒဏ်ရာရသောအခါ ကုသရန်အတွက်သူ၏စွမ်းအားများကို ခွဲဝေသုံးစွဲရသည်။

ထိုကွာခြားချက်များသည် ရေတိုတွင် ချက်ချင်း မသိသာသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အားနည်းချက်သည် သိသာထင်ရှားလာပေ၏။

ကျန်းလီ၏ရှေ့တွင် ဆေးမီးဖိုသုံးလုံး ထွက်ပေါ်လာပြီး တစ်လုံးစီသည် ကြီးမားသော ဖိနှိပ်ချုပ်ကိုင်မှု စွမ်းအားကို ထုတ်လွှတ်ထားသည်။

မူလဘူတနဂါးဆေးမီးဖိုသည် ဆေးဖော်စပ်စဉ်အတွင်းတွင် ကြေမွှပျက်စီးသွားခဲ့သော်လည်း ရင်းမြစ်ကမ္ဘာ၏ ထိပ်တန်းဆေးပညာရှင် တစ်ဦးအနေဖြင့် ကျန်းလီတွင် ဆေးမီးဖိုများ မရှားပါးချေ။ ထိုအရာတစ်လုံးစီသည် အဆင့်မြင့်ဆုံး ရတနာများ ဖြစ်ပေ၏။

"ဒီကောင် ဒီနေ့ သေကို သေရမယ်"

မင်းသားယွမ်ချင်းက ခေါင်းညိတ်လိုက်ပြီး သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်။ တောင်တန်းမြစ်ပြင်အမိန့်တော်နှင့် အသေးစားကျောက်စိမ်းစည်းတံဆိပ်တို့သည် ပြည်နယ်ကိုးခုကို အုပ်စိုးသော အရှိန်အဝါဖြင့် သူ၏ရှေ့တွင် ပျံဝဲနေသည်။

သူ၏နှလုံးသားသည် ကြေမွှပျက်စီးသွားပြီး ထာဝရနှလုံးသားသည် ကျန်းရွှမ်၏ရင်ဘတ်ထဲတွင် ရောက်ရှိနေသဖြင့် သူ့ကို အနည်းငယ် အားနည်းသွားစေသည်။ သို့ရာတွင် သူသည် ရတနာအမြောက်အများကို ပိုင်ဆိုင်ထားသောကြောင့် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအားကို ပေးစွမ်းနေဆဲပင်။

"မင်းသား... ဒီ မိုးပြာနဂါး ကောင်းကင်ဖာထေးခြင်းဆေးလုံးကို အရင် သောက်လိုက်ပါ"

ကျန်းလီက အော်ဟစ်ပြောဆိုရင်း ဆေးလုံးတစ်လုံး ပစ်ပေးလိုက်သည်။

မင်းသားယွမ်ချင်းက ဖမ်းယူလိုက်ပြီး ထိုဆေးလုံးကို သောက်သုံးလိုက်၏။

ဝှစ်....

သူ၏ရင်ဘတ်ရှိ ဟာလာဟင်းလင်း ဖြစ်နေသော နေရာတွင် ဆေးလုံး၏စွမ်းအားများဖြင့် နှလုံးသားတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာသည် သူ၏မူရင်းနှလုံးသားထက် စွမ်းအားများစွာနိမ့်ကျပြီး ထာဝရနှလုံးသားနှင့်ဆိုလျှင် ပို၍ပင် အလှမ်းကွာဟနေသည်။ သို့ရာတွင် ကွာဟချက်ကို ဖြည့်ဆည်းပေးလိုက်သဖြင့် သူ၏စွမ်းအားကို ပြီးပြည့်စုံခြင်းအဆင့်သို့ တဖန်ပြန်၍ ရောက်ရှိသွားစေသည်။

ဤအခိုက်အတန့်တွင် သူ၏ဒဏ်ရာများ အားလုံး ပျောက်ကင်းသွားသည်။ ထို့နောက် သူသည် အကြီးအကဲကျန်းလီနှင့် အတူပူးပေါင်းပြီး ကျန်းရွှမ် ထွက်ပြေးသွားနိုင်ခြေရှိသော လမ်းကြောင်းများအားလုံးကို ပိတ်ဆို့လိုက်ကြ၏။

"ဟား ဟား ဟား... စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ"

ကြောက်မက်ဖွယ် ရန်သူနှစ်ဦး၏ ဖိအားကို ရင်ဆိုင်နေရသော်လည်း ကျန်းရွှမ်သည် ထိတ်လန့်သည့် အရိပ်အယောင် မပြပေ။ ထိုအစား သူသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

ရင်းမြစ်ကမ္ဘာသို့ ရောက်ရှိကတည်းက သူသည် အမြဲတစေ ဖိနှိပ်ခံခဲ့ရပြီး ပုန်းအောင်းနေခဲ့ရသည်။ ဤသည်မှာ သူ၏ဆန္ဒအတိုင်း တိုက်ခိုက်နိုင်သော ပထမဆုံးအကြိမ်ပင်။

ထို့ပြင် တိုက်ပွဲအတွင်းတွင် သူ၏ဒွာရရှစ်ပေါက် နှလုံးသား သည် စွမ်းအားများကို အရူးအမူး စုပ်ယူနေပြီး ပြိုင်ဘက်ကင်းနတ်ဘုရားဆေးလုံး၏ ဆေးအနှစ်သာရများကို သန့်စင်နေကြောင်း သူ တွေ့ရှိလိုက်သည်။ အံ့သြစရာကောင်းသည်မှာ ထိုအရာသည် ဒွာရကိုးပေါက် နှလုံးသားသို့ ပြောင်းလဲတော့မည့် လက္ခဏာများ ပြသလာခြင်းပင်။

ဆိုလိုသည်မှာ သူ ဆက်လက်၍ တိုက်ခိုက်နေသရွေ့ မကြာမီမှာပင် ထာဝရနှလုံးသား ကို အပြည့်အဝ သန့်စင်နိုင်ပေလိမ့်မည်။

ထာဝရနှလုံးသားသည် သူ၏လက်ထဲတွင် ရှိပြီး သံသရာအမွေအနှစ်မျှော်စင်နှင့် ပေါင်းစပ်လိုက်လျှင် ထာဝရရွှေခန္ဓာကိုယ်ကို ရရှိရန်မှာ သူ့အတွက် လက်လှမ်းမီသော အရာတစ်ခု ဖြစ်လာခဲ့လေပြီ။

လွန်ခဲ့သော အချိန်တခဏက သူသည် ထွက်ပြေးရန် စဉ်းစားခဲ့သော်လည်း ယခုအချိန်၌ သူ ထွက်ခွာသွားရန် ဝန်လေးနေမိသည်။

All Chapters