ပြင်းထန်သော တိုက်ပွဲ (အပိုင်း ၇)
Vol. 38 Ch. 442
ကျန်းရွှမ် အနည်းငယ် ကြက်သေသေသွားသည်။ သူသည် နှလုံးသားအတွက် အိမ်ရှေ့စံမင်းသားယွမ်ချင်းနှင့် မတိုက်ခိုက်မီကပင် ခုန်းရှီကို ကမ္ဘာသစ်ထဲသို့ ထည့်သွင်းထားခဲ့ပြီး ဖြစ်သည်။ ခုန်းရှီသည် မည်သည့်နည်းဖြင့် ထွက်လာနိုင်ခဲ့သနည်း။
ဤသည်မှာ သူ၏ကမ္ဘာပင်။ သဘောတရားအရ ပြောဆိုရလျှင် သူ၏ခွင့်ပြုချက်မရှိဘဲ မည်သူမျှ ထွက်လာနိုင်မည် မဟုတ်ချေ။ သို့ရာတွင် တစ်ဖက်လူသည် ရုတ်တရက်ဆန်စွာ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာခဲ့ပေ၏။
"မြန်မြန်တိုက်ခိုက်တော့..."
သူ၏အတွေးများကို ခန့်မှန်းမိသဖြင့် ခုန်းရှီက အသံပေးပို့လိုက်သည်။ ဤအသေးစိတ်အချက်အလက်များကို စဉ်းစားနေရန် အချိန်မဟုတ်ကြောင်း သိရှိထားသဖြင့် ကျန်းရွှမ်က အံ့တင်းတင်းကြိတ်ပြီး သူ၏လက်ထဲရှိ သံသရာအမွေအနှစ်မျှော်စင်ကို ဆုပ်ကိုင်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ထိုမျှော်စင်သည် ကြီးမားစွာ ကျယ်ပြန့်လာပြီး ဓားချီများဖြင့် ရောယှက်ကာ အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုးဖြင့် ချည်နှောင်ခြင်းခံထားရသော ယုဟိုင်ထံသို့ တိုးဝင်သွားသည်။
"ရပ်လိုက်စမ်း.. "
တစ်ဖက်လူသည် သူ၏အသက်ကို ဂရုမစိုက်ဘဲ သူတို့၏အပေါင်းအဖော်ကို သတ်ဖြတ်ရန် ရည်ရွယ်ထားလိမ့်မည်ဟု မျှော်လင့်မထားသဖြင့် ရှောက်မင်နှင့်တခြားလူများသည် ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။
ထိုအချိန်မှာပင် ခုန်းရှီက ရှေ့သို့တက်လာပြီး သူ၏အသံ ပဲ့တင်ထပ်သွားသည်။
"ထုံးတမ်းစဉ်လာတွေက ကောင်းကင်နဲ့မြေပြင်အကြားမှာ ရစ်ပတ်လွှမ်းခြုံထားပြီးတော့ သက်ရှိအားလုံးရဲ့ စည်းစနစ်ကျနမှုပဲ... မျိုးဆက်တွေက ထုံးတမ်းစဥ်လာရဲ့ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း လိုက်နာကြပြီးတော့ အထက်လူကြီးတွေနဲ့ လက်အောက်ငယ်သားတွေက ကျင့်ဝတ်ကို စောင့်ထိန်းကြရတယ်... ဒါပေမယ့် မင်းတို့က အဆင့်အတန်းကို လျစ်လျူရှုပြီးတော့ ထုံးတမ်းစဉ်လာနဲ့ဂီတကို ထိန်းချုပ်ပြီးတော့ ကျင့်ဝတ်တွေကို ဖရိုဖရဲ ဖြစ်စေတယ်... ဒီနေ့ ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာရဲ့အမိန့်အရ မင်းတို့ရဲ့တိုက်ခိုက်မှုတွေက ငါ့ရဲ့ခန္ဓာကိုယ်ကို ဘာထိခိုက်မှုမှ မဖြစ်စေရဘူး"
သူ၏စကားများနှင့်အတူ ကံကြမ္မာမြစ်တစ်စင်းသည် မိုးကောင်းကင်ယံတွင် ရုတ်တရက် ထွက်ပေါ်လာပေ၏။
ဤမြစ်တွင် တဝုန်းဝုန်းထနေသော လှိုင်းလုံးများ မရှိသည့်အပြင် နားကွဲလုမတတ်ကျယ်လောင်သော ဟိန်းဟောက်သံများလည်း မရှိချေ။ ထိုအစား အကြမ်းဆန်ပြီး စည်းစနစ်ကျနမှုသာ ရှိသည်။ မည်သူမဆို ထိုအရာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤသည်မှာ ကံကြမ္မာမြစ်တစ်စင်းသည် ဤကဲ့သို့ ဖြစ်သင့်သည်ဟု နားလည်သဘောပေါက်မှုများကို ပေါက်ဖွားစေသည်။
ဤသည်မှာ ထုံးတမ်းစဉ်လာစွမ်းအင်မြစ်ပင်။
ဝုန်း....
ထိုမြစ်ပေါ်လာသည်နှင့် ထုံးတမ်းစဥ်လာ ကံကြမ္မာချည်မျှင်များ ထွက်ပေါ်လာသည်။ ရှောက်မင်နှင့်တခြားသူများ၏ တိုက်ခိုက်မှုများသည် ကြီးမားသော စွမ်းအားကို သယ်ဆောင်ထားဆဲ ဖြစ်သော်လည်း ထိုအရာများသည် ကျန်းရွှမ်၏ ပုံရိပ်ကို ဖြတ်ကျော်သွားရုံသာ ရှိပြီး သူ့ကို အနည်းငယ်မျှ ထိခိုက်မှုမရှိစေချေ။
"ဒါက..."
ကျန်းရွှမ်ထံ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။
ခုန်းရှီသည် သူ၏ကမ္ဘာသစ်မှ ထွက်လာနိုင်ပြီး ပုံစံငါးမျိုးသူတော်စင်အရှင်များကိုပင် ရင်ဆိုင်ရဲသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ သူသည် ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို ကျွမ်းကျင်ပိုင်နိုင်နေလေပြီ။
ဝှစ်....
ထိပ်သီးကျင့်ကြံသူငါးယောက်၏ တားဆီးထားမှုများ ပျောက်ကွယ်သွားသဖြင့် သံသရာအမွေအနှစ်မျှော်စင်၏ ထိပ်ဖျားသည် ယုဟိုင်၏ရင်ဘတ်ထဲသို့ ရုတ်တရက် ထိုးဖောက်ဝင်ရောက်သွားသည်။ ထိုအရာနှင့်အတူ ပြင်းထန်သောဓားချီများသည်လည်း ရောယှက်နေပေ၏။
ဝုန်း....
ဈာပနထုံးတမ်းစဉ်လာအရှင်သည် ချက်ချင်းဆိုသလိုပင် အသွေးအသားများအဖြစ် ပေါက်ကွဲသွားတော့သည်။
သူ၏စွမ်းအားသည် ကျန်းလီထက် နိမ့်ကျပေ၏။ ဆေးပညာဂိုဏ်းမှ အကြီးအကဲကျန်းလီပင်လျှင် ကျန်းရွှမ်၏လက်ချက်ဖြင့် မျက်တောင်တစ်ခတ်စာအတွင်း ရုပ်ခန္ဓာကိုယ်ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ သူသည် မည်သို့ ထွက်ပြေးနိုင်ပါမည်နည်း။
သူ၏ရုပ်ခန္ဓာကိုယ် ပြိုကွဲသွားချိန်၌ ယုဟိုင်၏ စိတ်ဝိညာဉ်သည် လွင့်ထွက်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း ကျန်းရွှမ်သည် သူ၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။
လွန်ခဲ့သောတစ်ကြိမ်က ကျန်းလီ ထွက်ပြေးနိုင်ခဲ့ခြင်းမှာ အိမ်ရှေ့စံမင်းသားယွမ်ချင်းနှင့် အပြာရောင်တိမ်တိုက်အရှင်တို့ ရှိနေခြင်းကြောင့် ကျန်းရွှမ်မှ သတ်ဖြတ်ရန် မဖြစ်နိုင်ခဲ့သောကြောင့်ပင်။ သို့ရာတွင် ယခုတစ်ကြိမ်တွင် ထိုနှစ်ဦး ရှေ့တိုးမလာနိုင်မီမှာပင် ခုန်းရှီက စောင့်ကြပ်နေသဖြင့် သူသည် ယုဟိုင်ကို မည်သို့ လွတ်မြောက်ခွင့် ပြုနိုင်မည်နည်း။
ဝုန်း...
သံသရာအမွေအနှစ်မျှော်စင်သည် အနည်းငယ် တုန်ခါသွားပြီး ယုဟိုင်၏အသွေးအသားများမှ စွမ်းအားများနှင့်စိတ်ဝိညာဉ်အပြင် စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းတံခွန်ကိုလည်း ဝါးမြိုလိုက်သည်။ ထို့နောက် ကျန်းရွှမ်က သက်ပြင်းတစ်ချက်ချပြီး သူ၏ခေါင်းကို အလျှင်အမြန် လှည့်ကြည့်လိုက်၏။
"ခုန်းရှီ... မြန်မြန် သွားကြစို့"
သူ လှမ်းကြည့်လိုက်ချိန်တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူ၏မျက်လုံးသူငယ်များ ကျဥ်းမြောင်းသွားသည်။
အစောပိုင်းက အကြွင်းမဲ့အာဏာဖြင့် ပြောဆိုခဲ့သော ခုန်းရှီ၏ပါးစပ်မှ ရုတ်တရက် သွေးတစ်လုတ် အန်ထွက်လာသည်။ သူသည် သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအားကို မထိန်းချုပ်နိုင်ဘဲ မိုးကောင်းကင်မှ ပြုတ်ကျလာတော့သည်။
လှုပ်ရှားမှုတစ်ကွက်တည်းဖြင့် အဆုံးသတ်သွားတာသလော...
ခုန်းရှီသည် အားကုန်သွားခဲ့သလော...
ကျန်းရွှမ် စိတ်ရှုပ်ထွေးနေစဉ်မှာပင် ခုန်းရှီ၏ အသံပေးပို့မှုက သူ၏နားထဲသို့ ရောက်ရှိလာသည်။
"ငါက ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို အပြည့်အဝ နားမလည်သေးဘူး... ခုဏက အခြေအနေ အရေးကြီးတာကို မြင်လိုက်ရတာကြောင့် ငါ့ရဲ့စွမ်းအားကို အတင်းအဓမ္မ မြှင့်တင်ဖို့အတွက် ထုံးတမ်းစဉ်လာကံကြမ္မာထဲက လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံးလိုက်တာပဲ..."
ကျန်းရွှမ်၏စိတ်နှလုံးသား အေးစက်တင်းမာသွားပြီး သူ အချိန်တခဏကြာမျှ ဆွံ့အသွားသည်။
ခုန်းရှီသည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် ကျင့်ကြံမှုသို့ ရောက်ရှိနေပြီဟု သူ ထင်မှတ်ခဲ့သည်။ အကယ်၍ တစ်ဖက်လူများကို အနိုင်မတိုက်ခိုက်နိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် သူတို့ ထွက်ပြေးနိုင်မည်ဟု သူ တွေးထင်ခဲ့သည်။ ဤသည်မှာ အားပျော့သော ဟန်ဆောင်မှုတစ်ခုသာ ဖြစ်လိမ့်မည်ဟု မည်သူက တွေးထင်မိမည်နည်း...
ဤစွမ်းအားသည် အပြည့်အဝ ခိုင်ခံ့မာကျောမလာမီမှာပင် ပျော့ခွေသွားခဲ့လေပြီ။
ဤသည်မှာ မည်ကဲ့သို့ အဓိပ္ပာယ်မရှိသောကိစ္စမျိုး ဖြစ်သနည်း....
"ခင်ဗျားကို ကျွန်တော် ခေါ်ထုတ်သွားမယ်"
ခုန်းရှီ၏ပံ့ပိုးမှုမရှိဘဲ ရန်သူများက အင်အားအပြည့်ဖြင့် တိုက်ခိုက်လာပါက ထာဝရနှလုံးသားပင်လျှင် သူ့ကို မကယ်တင်နိုင်ကြောင်း သူ သိရှိထားသည်။ ထိုကြောင့် ကျန်းရွှမ်ထံတွင် ညည်းတွားနေရန် အချိန်မရှိတော့ချေ။ သူသည် ခုန်းရှီ ပြုတ်ကျသွားသော နေရာသို့ အပြေးသွားလိုက်၏။
"ဟမ့်"
ထိုအချိန်မှာပင် အိမ်ရှေ့စံမင်းသားယွမ်ချင်းနှင့် အပြာရောင်တိမ်တိုက်အရှင်တို့ ရောက်ရှိလာကြသည်။ အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်ကို ရှေ့သို့ဆန့်တန်းလိုက်သည်။
ဝုန်း....
လေဟာနယ်အတွင်း၌ နက်မှောင်သော အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာကာ စွမ်းအားတစ်ရပ်သည် လေထုကို ဆုတ်ဖြဲပြီး ကျန်းရွှမ်ထံသို့ တိုးဝင်လာသည်။ သူသည် ထိုစွမ်းအားကို အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုးဖြင့် ပိတ်ဆို့ဟန့်တားရန် လှုပ်ရှားလိုက်ပြီး တစ်ချိန်တည်းမှာပင် ခုန်းရှီထံသို့ သူ၏လက်ကို ဆန့်တန်းလိုက်၏။
သို့ရာတွင် သူ၏လက်ဝါး ကျရောက်မသွားမီမှာပင် အိမ်ရှေ့စံမင်းသားယွမ်ချင်းက သူ၏ရှေ့၌ ရောက်ရှိနေလေပြီ။ သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ပြုတ်ကျနေသော ခုန်းရှီသည် နေရာမှ ပျောက်ကွယ်သွားပြီး ယွမ်ချင်း၏ သိုလှောင်နယ်မြေထဲသို့ ရောက်ရှိသွားသည်။
"သူ့ကို လွှတ်ပေးလိုက်စမ်း..."
ကျန်းရွှမ်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး ကြောက်ရွံ့မှုသည် သူသည် ပင်လယ်နက်ကြီးတစ်ခုထဲသို့ ကျရောက်သွားသည့်အလား ခံစားလိုက်ရသည်။
တစ်ဖက်လူများသည် ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ၏ ဆက်ခံသူကို ရှာဖွေနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ ယခုချိန်၌ သူတို့သည် ခုန်းရှီကို ဖမ်းမိသွားပြီဖြစ်ရာ သူ၏လက်ရှိအခြေအနေအရ သေခြင်းတရားမှ ရှောင်လွှဲ၍ရမည် မဟုတ်ချေ။
ကျန်းရွှမ်သည် ခုန်းရှီကို သိကျွမ်းသည်မှာ မကြာမြင့်သေးသော်လည်း သူ၏တိုးတက်လာမှုတလျှောက်တွင် ထိုလူ၏လမ်းညွှန်မှုအမြောက်အများ ပါဝင်နေသည်။ အကယ်၍ ခုန်းရှီကို ဤကဲ့သို့ သေဆုံးခွင့်ပြုလိုက်ပါက သူ့ရင်ထဲတွင် သူ့ကိုယ်သူ ထာဝရအပြစ်တင်မိပေမည်။
"ဘာမှစိတ်မပူနဲ့... မင်း မကြာခင်မှာ သူနဲ့ အတူရှိရမှာပါ"
အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် အေးစက်စက်ပြုံးကာ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။ တစ်ချိန်တည်းမှာပင် အပြာရောင်တိမ်တိုက်အရှင်သည် ဗုဒ္ဓပုတီးတစ်ကုံးကို ဆင့်ခေါ်ပြီး ကျန်းရွှမ်ထံဦးတည်ကာ ရိုက်နှက်လိုက်သည်။
ဝုန်း... ဝုန်း....
ထိုတိုက်ခိုက်မှုနှစ်ခုကြောင့် ကျန်းရွှမ်သည် မူးသွားပြီး သူ၏ပါးစပ်မှ သွေးများ အန်ထွက်လာကာ သူ၏ခွန်အားများ ပြိုကွဲသွားပြီး ထိန်းချုပ်၍မရတော့ချေ။
သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များက သူ၏မျက်လုံးများတွင် လွှမ်းမိုးသွားသည်။
အာဏာကံကြမ္မာ သို့မဟုတ် "အတ္တကင်းစင်ခြင်း" ကံကြမ္မာမြစ်များမှ စွမ်းအားများ မရှိဘဲနှင့် သူသည် ထိုလူနှစ်ဦးကို ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။ ထို့ထက်ပို၍ဆိုးရွားသည်မှာ ရှောက်မင်နှင့် တခြားလူလေးဦးသည် သူ့ကို ဝိုင်းရံထားပြီး သူတို့ထက် ပို၍အစွမ်းထက်သော ရန်ချူးယောင်လည်း ရှိနေပေ၏။
လက်ရှိအခြေအနေသည် သူ၏အကြီးမားဆုံး အကျပ်အတည်း ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
"ဆရာကျန်း... မင်း အရင်ဆုံး ထွက်ပြေးရမယ်... မင်းရဲ့စွမ်းအားလုံလောက်ပြီဆိုမှ ငါ့ကို လာကယ်ပါ... မင်း ဘာမှစိတ်မပူပါနဲ့... ငါက မုန်တိုင်းတွေအများကြီးကို ဖြတ်ကျော်ခဲ့ပြီးပြီ... ငါ့ကို သတ်ဖို့က သူတို့ထင်သလောက် မလွယ်ပါဘူး"
ထိုအချိန်မှာပင် ခုန်းရှီ၏အသံက သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
ခုန်းရှီသည် ဖမ်းဆီးခံရပြီးနောက် အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ သိုလှောင်နယ်မြေထဲသို့ ရောက်ရှိသွားသော်လည်း သူ၏သာလွန်ထူးကဲသော စွမ်းအားကို အသုံးပြု၍ ကျန်းရွှမ်ထံသို့ သတင်းစကားကို ပေးပို့နိုင်ခဲ့သည်။
"ကောင်းပြီလေ"
ခုန်းရှီ၏စကားများသည် အမှန်ဖြစ်ကြောင်း သိရှိသဖြင့် ကျန်းရွှမ်က အသက်ပြင်းပြင်းရှိုက်လိုက်သည်။ ထို့နောက် သူသည် လေထုထဲသို့ လက်ဆန့်တန်းလိုက်ရာ ကံတရားမီးတောက် ကြာပန်းနီအမွေအနှစ် ပေါ်လာပြီး သူ၏ကျောရိုးထဲသို့ ဝင်ရောက်သွားသည်။
အစောပိုင်းက သူသည် စွမ်းအားများ အလွန်အကျွံ ကုန်ဆုံးမည်ကို စိုးရိမ်သဖြင့် ထိုအရာကို ပေါ့ပေါ့ဆဆ သန့်စင်ဝံ့ခြင်း မရှိခဲ့ချေ။ ယခုချိန်၌ သူသည် ယုဟိုင်ကို သတ်ဖြတ်ပြီး စွမ်းအားများကို ပြန်လည်ဖြည့်တင်းပြီးဖြစ်ရာ သူသည် နောက်ဆုံးတွင် ထိုအရာကို အသုံးပြုနိုင်လေပြီ။
ဝုန်း....
သန့်စင်ကံကြမ္မာ နဂါးသစ်ပင် ဗောဓိသတ္တ၏ အမွေအနှစ်သည် သူ၏ကျောရိုးနေရာတွင် ချက်ချင်းဆိုသလိုပင် အစားထိုးဝင်ရောက်သွားသည်။ အချိန်တိုအတွင်းမှာပင် အဆုံးမရှိသော စွမ်းအားလှိုင်းကြီးသည် သူ့ကို ဖြတ်သန်းသွားပြီး အကြီးအကဲကျန်းလီ၏စွမ်းအားများအားလုံးကို ဝါးမြိုလိုက်စဥ်ကနှင့် ထပ်တူထပ်မျှပင်။
ဒုတ်...ဒုတ်...ဒုတ်...
ဤအမွေအနှစ် ပါဝင်လာမှုနှင့်အတူ သူ၏စွမ်းအားသည် သိသိသာသာ မြင့်တက်လာပေ၏။ တစ်ချိန်တည်းမှာပင် သူ၏ ထာဝရနှလုံးသားသည် သုံးကြိမ်တိုင်တိုင် ခုန်ပေါက်သွားပြီး ဆေးလုံး၏ဆေးစွမ်းအားများကို အပြည့်အဝ ကုန်ဆုံးသွားစေသည်။
ဝှစ်....
သူ၏နှလုံးသားရှိ ဒွာရရှစ်ပေါက် ရှိခဲ့သောနေရာတွင် ဒွာရကိုးပေါက်မြောက် ရုတ်တရက် ထွက်ပေါ်လာသည်။
ဤသည်မှာ နောက်ထပ် ဒွာရတစ်ပေါက်သာ ဖြစ်သော်လည်း ကျန်းရွှမ်၏ရုပ်ခန္ဓာကိုယ် ချက်ချင်းပြောင်းလဲသွားသည်။ သူ၏ကျောရိုးနှင့်လက်များသည် နောက်ဆုံးတွင် အဖုအထစ်မရှိ ချိတ်ဆက်သွားပြီး သူ၏စိတ် စိတ်ဝိညာဉ်နှင့် သွေးကြောများတစ်လျှောက်တွင် အားကောင်းသော စွမ်းအားများဖြင့် ပြည့်နှက်သွားတော့သည်။
"ယွမ်ချင်း... မင်းသာ ခုန်းရှီမင်ကို သတ်ရဲရင် ငါအသက်ရှင်နေသရွေ့ ထျန်းလီအင်ပါယာ ပျက်သုဉ်းသွားအောင် ငါ လုပ်မယ်"
သူ၏ထာဝရနှလုံးသားကို သူ၏ခန္ဓာကိုယ်နှင့် အပြည့်အဝ ပေါင်းစပ်မှသာ အမြင့်ဆုံးစွမ်းအားကို ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိသဖြင့် ကျန်းရွှမ်သည် အချိန်ဆွဲမနေရဲချေ။ သူသည် အားကုန်သုံးပြီး သံသရာအမွေအနှစ်မျှော်စင်ကို ထိုးနှက်ကာ ရှေ့ရှိလေဟာနယ်အတားအဆီးကို ထွင်းဖောက်လိုက်၏။
သူသည် ထိုအက်ကွဲကြောင်းထဲသို့ ချက်ချင်းတိုးဝင်သွားသည်။ နောက်ထပ်အချိန်တခဏတွင် လေဟာနယ်ကံကြမ္မာ အသက်ဝင်လာပြီး သူ၏ပုံရိပ်သည် လေထုထဲမှ ပျောက်ကွယ်သွားပေ၏။
ယခုချိန်၌ ထွက်ပြေးခြင်းသည် သူ၏ တစ်ခုတည်းသော ရွေးချယ်စရာပင်။ စိမ်းလန်းသောတောင်များ ရှိနေသမျှ ထင်းခွေရန် အစဥ်အမြဲရှိနေပေမည်။
အကယ်၍ သူသာ ဤနေရာ၌ သေဆုံးသွားပါက အမှန်တကယ်ကို အဆုံးသတ်သွားပေလိမ့်မည်။