ခုန်းရှီကို သတ်ဖြတ်ခြင်း
Vol. 38 Ch. 443
"တောင်တန်းမြစ်ပြင်အမိန့်တော်ရဲ့အောက်မှာ ပတ်ဝန်းကျင်က လေဟာနယ်တောင် နာခံရတယ်... ဘယ်သူမှ ဒီနေရာမှာ လေဟာနယ်နည်းစနစ်တွေကို အသုံးပြုလို့ မရဘူး"
အိမ်ရှေ့စံမင်းသားယွမ်ချင်းက မျက်ခုံးပင့်လိုက်ပြီး တောင်တန်းမြစ်ပြင်အမိန့်တော် တဖန်ပြန်၍ ထွက်ပေါ်လာသည်။ အစိမ်းရောင်အလင်းတန်းတစ်တန်းသည် အောက်သို့ ချက်ချင်းကျဆင်းလာပြီး ကျန်းရွှမ် ဆုတ်ဖြဲခဲ့သော လေဟာနယ်အက်ကွဲကြောင်းကို ပိတ်ဆို့လိုက်သည်။ ထိုအက်ကွဲကြောင်းသည် အထည်စတစ်စကို ပြီးပြည့်စုံစွာ ပြန်လည်ချုပ်လုပ်လိုက်သည့်အလား သူတို့၏မျက်လုံးများရှေ့တွင်ပင် ပြန်လည်၍ ကောင်းမွန်သွားသည်။
အပြာရောင်တိမ်တိုက်အရှင် ရန်ချူးယောင်နှင့် ပုံစံငါးမျိုးသူတော်စင်အရှင်တို့သည် အက်ကွဲကြောင်း၏ရှေ့တွင် မတ်တတ်ရပ်နေကြသည်။ ထိုလေဟာနယ်အက်ကွဲကြောင်း ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ကျန်းရွှမ် ပြန်ထွက်လာမည်ကို စောင့်ဆိုင်းရန် သူတို့အားလုံး ရည်ရွယ်ထားကြသည်။ သူတို့သည် ထိုအချိန်တွင် သူ့ကို တိုက်ခိုက်ရန် စီစဉ်ထားသော်လည်း ရှေ့ရှိနယ်မြေတဝိုက်လုံး ဗလာဟင်းလင်း ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ထိုလူငယ်၏ ပုံရိပ်သည် လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီဖြစ်ပြီး ခြေရာလက်ရာပင် ကြွင်းကျန်ရစ်ခြင်း မရှိချေ။
"သူက ဘယ်မှာလဲ"
"သူ ဘယ်လိုလုပ်ပြီး ထွက်ပြေးသွားတာလဲ"
"ဒါ... ဒါက မဖြစ်နိုင်ဘူး"
အချိန်တခဏအကြာတွင် လူများအားလုံး အံ့အားသင့်သွားကာ နေရာမှာပင် ကျောက်ရုပ်များကဲ့သို့ ကြက်သေသေနေကြသည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး ဗလာဟင်းလင်း ဖြစ်နေပေ၏။ လွန်ခဲ့သော အချိန်တခဏက သူတို့နှင့် ပြင်းထန်စွာ တိုက်ခိုက်နေသော လူငယ်သည် လေဟာနယ်ကိုထွင်းဖောက်ပြီး ဤနေရာမှ ထွက်ပြေးကာ အရိပ်အယောင်မကျန်တော့ဘဲ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
အိမ်ရှေ့စံမင်းသားယွမ်ချင်းပင်လျှင် မယုံကြည်နိုင်မှုကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
တောင်တန်းမြစ်ပြင်အမိန့်တော်သည် လေဟာနယ်ဆိုင်ရာ နည်းစနစ်များကို ဖိနှိပ်နိုင်စွမ်းရှိသည်။ သူ၏အမိန့်နှင့် ပေါင်းစပ်လိုက်ပါက တစ်ဖက်လူသည် ထာဝရနှလုံးသားကို အသုံးပြု၍ စွမ်းအားကို အတင်းအကြပ် မြှင့်တင်ထားလျှင်ပင် ထွက်ပြေးရန် မဖြစ်နိုင်ချေ။ ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်တွင်ရှိသော ကျင့်ကြံသူတစ်ဦးပင်လျှင် လေဟာနယ်နည်းစနစ်များကို အသုံးပြု၍ ထွက်ခွာသွားနိုင်မည် မဟုတ်ချေ။ သို့ရာတွင် လက်တွေ့အခြေအနေသည် သူ၏မျှော်လင့်ချက်များအားလုံးကို ဆန့်ကျင်နေသည်။ တစ်ဖက်လူသည် ထွက်ပြေးသွားရုံသာမက အရိပ်အယောင်တစ်ခုမျှပင် ကြွင်းကျန်ရစ်ခြင်း မရှိချေ။
ဤသည်မှာ လုံးလုံးလျားလျား နားမလည်နိုင်ဖွယ် ကိစ္စတစ်ရပ်ပင်။
"အော် မီ တော ဖော... မင်းတို့အားလုံး စိတ်မပူပါနဲ့... သူ့ကို ရှာဖွေဖို့ အကြောင်းအကျိုး ကံကြမ္မာကို အသုံးပြုခွင့်ပြုပါ..."
အပြာရောင်တိမ်တိုက်အရှင်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုသည်။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ဗောဓိသတ္တရုပ်ထုအမြောက်အများ ထွက်ပေါ်လာသည်။ အချိန်တခဏအကြာတွင် အကြောင်းအကျိုးကံကြမ္မာ၏ ထူထပ်သိပ်သည်းသော စွမ်းအင်ကြိုးမျှင်တစ်ခု ပေါ်လာပြီး မိုးကောင်းကင်ယံသို့ တန်းတန်းမတ်မတ် မျောလွင့်သွားသည်။
အပြာရောင်တိမ်တိုက်အရှင်၏ မျက်လုံးများ တောက်ပလာပြီး သူသည် ထိုစွမ်းအင်ကြိုးမျှင်နောက်သို့လိုက်ရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် ထိုအရာသည် ရုတ်တရက် ပျက်စီးသွားပြီး နေရာတွင်ပင် ပျောက်ကွယ်သွားတော့သည်။
"ဒါက..."
သူ၏မျက်နှာအမူအယာ တင်းမာခက်ထန်သွားသည်။
"ဘာဖြစ်တာလဲ"
အိမ်ရှေ့စံမင်းသားယွမ်ချင်းက မေးမြန်းလိုက်သည်။
အပြာရောင်တိမ်တိုက်အရှင်က ခေါင်းခါယမ်းလိုက်၏။
"အဲ့ဒီလူက အကြောင်းအကျိုးကံကြမ္မာရဲ့ စုံစမ်းစစ်ဆေးမှုကို ဖြတ်တောက်ဖို့အတွက် နည်းလမ်းတစ်ခုကို အသုံးပြုလိုက်တယ်... ငါတောင်မှ သူ့ကို ရှာမတွေ့နိုင်ဘူး"
"ဒါက သံသရာအမွေအနှစ်မျှော်စင်ရဲ့ ကောင်းကင်ရှုမြင် အရိုးအမွေအနှစ်ကြောင့် ဖြစ်ရမယ်... အဲ့ဒီအမွေအနှစ်က အကြောင်းအကျိုး ကံကြမ္မာကြိုးမျှင်တွေကို ကြည့်ရှုနိုင်ပြီးတာ့ အဲ့ဒါတွေကို ဖြတ်တောက်နိုင်တယ်"
အိမ်ရှေ့စံမင်းသားယွမ်ချင်းက သုံးသပ်လိုက်၏။
"ဒါက..."
အပြာရောင်တိမ်တိုက်အရှင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
အကယ်၍ ဤကိစ္စမျိုးသာ ရှိနေပါက ဤသည်မှာ ဖြစ်နိုင်ခြေရှိသော ရှင်းပြချက်တစ်ခုပင်။
ဤလူသည် သံသရာအမွေအနှစ်မျှော်စင်ကို သန့်စင်ခဲ့ရုံသာမက ဗုဒ္ဓအရိုးအမွေအနှစ်နှစ်ခုကိုလည်း အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ သူသည် အထွတ်အထိပ် ဗုဒ္ဓနည်းစနစ်များကို ကျွမ်းကျင်ပြီးသောကြောင့် အကြောင်းအကျိုး ဆက်စပ်မှုကို ဖြတ်တောက်ခြင်းသည် သူ့အတွက် မဖြစ်နိုင်သော ကိစ္စတစ်ရပ် မဟုတ်ချေ။
"အရှင်မင်းသား... အဲ့ဒီလူက ထွက်ပြေးသွားပြီ... အခု အကြီးအကဲကျန်းလီနဲ့ ယုဟိုင်တို့လည်း အသတ်ခံလိုက်ရပြီ... ကျွန်မတို့ နောက်ထပ် ဘာလုပ်ကြမလဲ"
ရန်ချူးယောင်သည် မင်းသားယွမ်ချင်း၏အနီးသို့ ချဉ်းကပ်သွားသည်။
ထိပ်သီးကျင့်ကြံသူ အမြာက်အများပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်သာ ရှိသော လူငယ်တစ်ယောက်ကို ဝိုင်းရံတိုက်ခိုက်ခဲ့သည်။ ထိုလူငယ်သည် ထာဝရနှလုံးသားကို လုယူသွားရုံသာမက အိမ်ရှေ့စံမင်းသား၏နှလုံးသားကို လူအများရှေ့တွင် ဖျက်ဆီးခဲ့ပြီး ကျန်းလီနှင့်ယုဟိုင်တို့နှစ်ဦးလုံးကိုလည်း လူသိရှင်ကြား သတ်ဖြတ်ခဲ့သည်။ ထို့ပြင် အရေးအကြီးဆုံးအချက်မှာ သူသည် အောင်မြင်စွာ ထွက်ပြေးသွားနိုင်ခဲ့ခြင်းပင်။
အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက လူများအားလုံး မယုံကြည်နိုင် ဖြစ်နေပေလိမ့်မည်။
အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် တုံ့ပြန်အဖြေမပေးဘဲ သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ သူ၏မျက်နှာအမူအယာ သုန်မှုန်နေပြီး စိတ်ရှုပ်ထွေးနေပုံရသည်။
သူသည် ဆယ်စုနှစ်များစွာကြာအောင် ပြင်ဆင်ခဲ့ရပြီး ရှေးဟောင်းသင်္ချိုင်းပေါင်းများစွာကို တူးဖော်ခဲ့ရကာ အဖိုးတန် ဆေးဘက်ဝင်ပစ္စည်းအမြောက်အများကို ကုန်ဆုံးခဲ့သည်။ ဤသည်မှာ သူ ထာဝရနှလုံးသားကို ရရှိရန်အတွက်ပင်။ သို့ရာတွင် ယခုအချိန်၌ ထိုအရာအားလုံးသည် ဤအဖြစ်အပျက်ကြောင့် ပျက်စီးသွားခဲ့ရသည်။
မည်သူမဆို ဤကိစ္စကြောင့် ဒေါသများ ပေါက်ကွဲလုနီးပါး ဖြစ်သွားပေလိမ့်မည်။
"အရှင်မင်းသား....ဒါက အရမ်းစိုးရိမ်ဖို့ မလိုပါဘူး... သူ့ရဲ့ကျင့်ကြံမှုက အထွတ်အထိပ်ကို မရောက်သရွေ့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါသေးတယ်... သူ့ကို ဖမ်းမိရင် သူ့ရဲ့နှလုံးသားကို ထုတ်ယူပြီး အရှင်မင်းသားရဲ့ခန္ဓာကိုယ်နဲ့ ပြီးပြည့်စုံစွာ ပေါင်းစပ်ပေးနိုင်မယ်လို့ ကျွန်တော်က ယုံကြည်ချက်ရှိတယ်"
ကျန်းလီ၏ မှိန်ဖျော့ဖျော့ပုံရိပ်ယောင် ထွက်ပေါ်လာပြီး သူ၏လေသံတွင် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေပေ၏။
သူ၏ရုပ်ခန္ဓာကိုယ်သည် ကျန်းရွှမ်၏ လက်ချက်ဖြင့် ပျက်စီးသွားပြီး သူ၏စွမ်းအားများ ကုန်ခမ်းသွားခဲ့သည်။ သို့ရာတွင် သူ၏စိတ်ဝိညာဉ်သည် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။
"ကောင်းပြီလေ...."
အိမ်ရှေ့စံမင်းသားယွမ်ချင်းက ခေါင်းညိတ်ပြပြီး သူ၏လက်ကို ဆန့်တန်းလိုက်ရာ ရုပ်သေးရုပ်နှင့်တူသော အရာတစ်ခုက လူအများ၏ရှေ့တွင် ထွက်ပေါ်လာသည်။
"ဗောဓိသစ်သားနဲ့ ထွင်းထုထားတဲ့ ဆန်းကြယ်ရုပ်သေးရုပ်က မင်းရဲ့စိတ်ဝိညာဉ်ကို ယာယီလက်ခံထားနိုင်တယ်"
"ကျေးဇူးတင်ပါတယ် အရှင်မင်းသား"
ကျန်းလီ၏စိတ်ဆန္ဒ တုန်ခါသွားပြီးနောက် ရုပ်သေးရုပ်ထဲသို့ ဝင်ရောက်သွားသည်။
ဆန်းကြယ်ရုပ်သေးရုပ်သည် သူ၏မူလခန္ဓာကိုယ်လောက် ကောင်းမွန်ခြင်း မရှိသော်လည်း အလွန်အဖိုးတန်ရှားပါးသော ကောင်းကင်ရတနာတစ်ခု ဖြစ်နေဆဲပင်။ ထို့အပြင် ထိုအရာသည် သူ၏စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်သော စွမ်းရည်ရှိသည်။ ထိုရုပ်သေးကို သူ၏ခန္ဓာကိုယ်အဖြစ် အသုံးပြုခြင်းဖြင့် သူသည် အချိန်တိုအတွင်းတွင် အသက်ရှင်သန်နိုင်ရန်အတွက် စိုးရိမ်ရန် မလိုအပ်တော့ချေ။
သို့ရာတွင် ထိုဆန်းကြယ်ရုပ်သေး၏ တစ်ခုတည်းသော အားနည်းချက်မှာ မီးဒဏ်ကို တောင့်မခံနိုင်ခြင်းပင်။ ထိုကြောင့် သူသည် ဆေးလုံးဖော်စပ်ပါက သက်ရောက်စေခြင်းရှိနိုင်မရှိနိုင်ကို ဇဝေဇဝါဖြင့် တွေးတောနေမိသည်။
"မင်း ယဉ်ကျေးနေဖို့ မလိုပါဘူး... မင်းက ငါ့အတွက်နဲ့ ခုလိုဖြစ်သွားခဲ့တာ မဟုတ်လား..."
အိမ်ရှေ့စံမင်းသားယွမ်ချင်းက ခေါင်းခါယမ်းလိုက်သည်။
"ငါတို့ အမှားတစ်ခုကို လုပ်ခဲ့မိပုံပဲ.. ကျန်းရွှမ်ချင်းက ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာရဲ့ဆက်ခံသူ မဟုတ်ဘူး... အဲ့ဒီဂုဏ်ပုဒ်က ခုန်းရှီမင်နဲ့ သက်ဆိုင်တယ်"
အပြာရောင်တိမ်တိုက်အရှင်က ရှေ့သို့တိုးလာပြီး ရိုသေလေးစားစွာဖြင့် မင်းသားယွမ်ချင်းကို အရိုအသေပြုလိုက်သည်။
"အရှင်မင်းသား... သူ့ကို ငါ့ဆီ အပ်နှံနိုင်မလား... ဗုဒ္ဓအရှင်က ဒီလူကိုတွေ့ဖို့ တောင်းဆိုထားလို့ပါ"
အစောပိုင်းက တိုက်ပွဲမှတဆင့် သူသည် အမှန်တရားကို နားလည်လာခဲ့သည်။
အကြောင်းအကျိုးကံကြမ္မာကြိုးမျှင်သည် ခုန်းရှီမင် နေထိုင်သော ခြံဝန်းကို ညွှန်ပြခဲ့ခြင်းဖြစ်ပြီး သူသည် ကျန်းရွှမ်ချင်းဟု မှားယွင်းစွာ သံသယဝင်ခဲ့မိသည်။ အမှန်အားဖြင့် ခုန်းရှီမင်သည် ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ၏ စစ်မှန်သောဆက်ခံသူဖြစ်ပြီး တိုက်ပွဲအတွင်းတွင် ကံကြမ္မာမြစ်ကိုပင် ဆင့်ခေါ်နိုင်ခဲ့လေ၏။
"မင်းကို အပ်နှံရမှာလား... ဘယ်အချက်ကို အခြေခံပြီးတော့လဲ"
ရှောက်မင်က ရှေ့သို့ထွက်လာသည်။
"အရှင်မင်းသားက ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို သူ့ဆီကနေ ဖယ်ရှားပြီးတော့ ငါတို့မောင်နှမတွေကို ပေးအပ်မယ်လို့ ကတိပေးထားတယ်... မင်း စိတ်ကူးတောင် မယဉ်နဲ့"
"အမှန်ပဲ... ဒီထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာက ငါတို့နဲ့ပဲ ထိုက်တန်တယ်... ဗုဒ္ဓဂိုဏ်းက ဒီကိစ္စမှာ ဝင်ပြီးစွက်ဖက်ဖို့ ဘာအကြောင်းရှိလို့လဲ"
စစ်ရေးထုံးတမ်းစဉ်လာအရှင် ကျန့်ကျိုးရှောင်က အော်ငေါက်လိုက်သည်။
ထိုလူနှစ်ဦးသည် ဆက်ခံသူကိုထိန်းသိမ်းခွင့်အတွက် သူနှင့်အချေအတင် ဖြစ်ရတော့မည်ကို မြင်လိုက်ရသဖြင့် အပြာရောင်တိမ်တိုက်အရှင်က မျက်မှောင်ကြုတ်လိုက်၏။ သူ စကားပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် အိမ်ရှေ့စံမင်းသားယွမ်ချင်းက လက်ကာပြလိုက်သည်။
"ဒီလူက ကျန်းရွှမ်ချင်းကို ရှာဖွေဖို့ အဓိကသော့ချက်ပဲ... အခုလောလောဆယ်တော့ ဘယ်သူမှ သူ့ကို မရနိုင်ဘူး"
ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ဖိနှိပ်ထားသော စွမ်းအင်များကို ချိတ်ပိတ်ခံထားရသည့် ပုံရိပ်တစ်ခုက လူအများ၏ရှေ့တွင် ထွက်ပေါ်လာသည်။
သူသည် ဒဏ်ရာအပြင်းအထန်ရထားပြီး ဖမ်းဆီးခံထားရသော ခုန်းရှီမင်မှတစ်ပါး တခြားလူ မဟုတ်ပေ။
ဤအချိန်တွင် ခုန်းရှီမင်၏မျက်နှာသည် ဖြူဖျော့နေပြီး သူ၏ခန္ဓာကိုယ်သည် အားနည်းနေကာ ဆီကုန်ခါနီး မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော မီးအိမ်တစ်ခုအလားပင်။
သူ့ထံ၌ ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် အထွတ်အထိပ် ကျင့်ကြံမှုသာရှိပြီး ထာဝရနှလုံးသား၏ အထောက်အပံ့လည်း မရှိချေ။ သို့ရာတွင် သူသည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်နှင့် ညီမျှသော စွမ်းအားကို အတင်းအကြပ် ထုတ်ယူအသုံးပြုခဲ့သည်။ ဤသည်မှာ အချိန်တခဏကြာသာ အသုံးပြုခြင်းဖြစ်သည့်တိုင် ကြီးမားသော တန်ပြန်သက်ရောက်မှုကို ဖြစ်စေခဲ့ပြီး သူ့ကို ခံနိုင်ရည်မရှိအောင် ဖြစ်စေခဲ့သည်။
"ပြောစမ်း... ကျန်းရွှမ်ချင်းက ဘယ်သူလဲ... ပြီးတော့ ငါ့ရဲ့လေဟာနယ်ချိတ်ပိတ်မှုကနေ သူက ဘယ်လို လွတ်မြောက်သွားတာလဲ"
အိမ်ရှေ့စံမင်းသားယွမ်ချင်းက သူ့ကို အေးစက်တင်းမားစွာ စူးစိုက်၍ ကြည့်လိုက်သည်။
"ငါ့ကို သတ်လိုက်ပါ..."
ခုန်းရှီက မင်းသားယွမ်ချင်း၏အကြည့်ကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်ပြီး သူ၏လေသံသည် ဂရုမစိုက်သည့်အလားပင်။
"ငါ မလုပ်ရဲဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား"
အိမ်ရှေ့စံမင်းသားယွမ်ချင်းက မထီမဲ့မြင် ပြုံးလိုက်သည်။
"ငါက မင်းကို သတ်ပြီးတော့ မင်းဆီက ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို ဖယ်ရှားပြီး ငါ သဘောကျတဲ့လူကို ပေးနိုင်တယ်... မင်းအတွက်ကတော့ ရလဒ်တစ်ခုပဲ ရှိလိမ့်မယ်..ဒါက မင်းရဲ့စိတ်ဝိညာဥ် ပျက်စီးသွားပြီးတော့ လုံးဝပျက်သုဉ်းသွားတာပဲ"
"တကယ်လို့ ကောင်းကင်ကံကြမ္မာကို အဲ့ဒီလောက်ထိ အလွယ်တကူ ဖယ်ရှားနိုင်ရင် ထျန်းလီအင်ပါယာရဲ့မင်းသားတွေထဲမှာ ဘယ်သူမှဒုတိယတန်းစားထက်နိမ့်တဲ့ ကံကြမ္မာတွေ ရှိနေမှာ မဟုတ်ဘူး"
ခုန်းရှီက လှောင်ပြောင်လိုက်ပြီး သူ၏မျက်လုံးများတွင် ကဲ့ရဲ့ရှုတ်ချမှုများဖြင့် ပြည့်နှက်နေသည်။
လောကကြီးသည် စည်းစနစ်ကျနသော နည်းလမ်းများဖြင့် လည်ပတ်နေသည်။ အကယ်၍ ပါရမီဟူသည်မှာ ဖယ်ရှား၍ ရနိုင်သော အရာဖြစ်လျှင် အင်အားကြီးသူတို့၏မျိုးဆက်များသည် ပါရမီရှင်များ မလွဲမသွေ ဖြစ်လာကြပေလိမ့်မည်။ သာမန်လူများမှာ မည်သို့မျှ တက်လမ်းရှိတော့မည် မဟုတ်ချေ။
ထို့ကြောင့် သူသည် အိမ်ရှေ့စံမင်းသား၏ ကံကြမ္မာအား ထုတ်ယူနိုင်သည်ဟူသော ပြောဆိုချက်ကို မယုံကြည်ချေ။
အကယ်၍ ကံကြမ္မာသည် ဤမျှထိ အမှန်တကယ် ရိုးရှင်းပါက မည်သူက ပင်ပန်းဆင်းရဲခံ၍ ကျင့်ကြံနေအုံးမည်နည်း။
ကံကြမ္မာပါသည်ဟု သတ်မှတ်ခံရသူများသည် သူတို့၏ ကျင့်ကြံမှု ကြိုးပမ်းအားထုတ်မှုများနှင့် တက်လှမ်းမှုများတွင် ကံကောင်းမှုများဖြင့် ရင်ဆိုင်ရပေမည်။ သို့ရာတွင် ကံကြမ္မာမပါလျှင် တစ်စုံတစ်ယောက်သည် မွေးရာပါအခွင့်အရေး မည်မျှထိ ကောင်းမွန်သည်ဖြစ်စေ အရင်းအမြစ်များ မည်မျှထိ ပေါများသည်ဖြစ်စေ အရာအားလုံး အချည်းနှီးသာ ဖြစ်သွားပေလိမ့်မည်။
ဤသည်မှာ ကျန်းရွှမ်၏အတိတ်ဘဝက သူဌေးကြီးတစ်ဦး၏သား အဖြစ်နှင့် တူညီနေသည်။ သူသည် ရွက်လှေများ ကိုယ်ပိုင်ဂျက်လေယာဉ်များကို ပိုင်ဆိုင်ကာ မိန်းမလှလေးများ ဝန်းရံပြီး မွေးဖွားလာခဲ့သည်။ သို့ရာတွင် ကြီးလေးသော အမှားတစ်ခုက သူ့ကို သေရွာသို့ ပို့ဆောင်ခဲ့ပြီး သူ၏စည်းစိမ်ဥစ္စာများကို တခြားလူများ ခံစားရန် ချန်ထားခဲ့ရသည်။
ဤသည်မှာ ကံကြမ္မာပင်။
"ငါ ဖယ်ရှားလို့ မရရင်လည်း ကိစ္စမရှိဘူး... မင်းကို တခြားအင်အားစုတွေရဲ့လက်ထဲကို အပါမခံဘဲနဲ့ သတ်ပစ်လိုက်တာက ပိုကောင်းတယ်"
သူ၏အတွေးများကို ထုတ်ဖော်ခံလိုက်ရသဖြင့် အိမ်ရှေ့စံမင်းသားယွမ်ချင်းက အေးစက်စက် နှာမှုတ်လိုက်သည်။ ထို့နောက် သူသည် သူ၏လက်ညှိုးကို မြှောက်လိုက်ရာ ပြင်းထန်သော အလင်းတန်းတစ်ခု ပွင့်အံ့ထွက်လာပြီး ခုန်းရှီ၏ခန္ဓာကိုယ်ထံသို့ ဦးတည်၍ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။
အကယ်၍ သူသည် ဤလူကို အသုံးမပြုနိုင်လျှင် ဖယ်ရှားလိုက်ခြင်းက ပို၍ကောင်းမွန်ပေသည်။