← Chapters

ပြင်းထန်သော တိုက်ပွဲ (အပိုင်း ၃)

Vol. 38 Ch. 438

ပြင်းထန်သော တိုက်ပွဲ (အပိုင်း ၃)

Vol. 38 Ch. 438

သူတို့၏ရှေ့မှ ပင်လယ်သမုဒ္ဒရာသည် ထျန်းလီအင်ပါယာနယ်နိမိတ်အတွင်းတွင် အကြီးဆုံးမဟုတ်သော်လည်း မိုင်တစ်သောင်းကျော် ကျယ်ဝန်းသည်။ ထိုအရာတွင် ပါဝင်သော ရေထုထည်သည်လည်း တန်ချိန် သန်းထောင်ပေါင်းများစွာ လေးလံပေ၏။ ဤမျှထိ ကြီးမားသော အလေးချိန်ကို ဗောဓိသတ္တနယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် ရွှေ့ပြောင်းနိုင်မည် မဟုတ်ချေ။

ထို့ပြင် ထိုပင်လယ်သမုဒ္ဒရာသည်ခြေရာလက်ရာမကျန်အောင် ချက်ချင်းယူဆောင်သွားခြင်းကို ခံခဲ့ရသည်။

မည်သည့် သိုလှောင်ရေးမှော်ရတနာက ထိုမျှထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသနည်း...

"မင်းက...အချိန်သူတော်စင်ရဲ့ တပည့်လား"

မင်းသားယွမ်ချင်းက မေးမြန်းလိုက်သည်။

ရင်းမြစ်ကမ္ဘာတစ်ခုလုံးတွင် အတုအယောင်အင်မော်တယ်အဆင့်၌ရှိသော အချိန်သူတော်စင်၏ အချိန်လေဟာနယ်ကြေးမုံပြင်သာလျှင် ဤမျှထိ ကြီးမားသော နေရာလွတ်ကို ပိုင်ဆိုင်ထားပြီး မျက်တောင်တစ်ခတ်စာအတွင်း အရာအားလုံးကို ဝါးမြိုနိုင်စွမ်းရှိသည်ဟု ဆိုကြပေ၏။

"မင်း ခန့်မှန်းကြည့်လေ"

ကျန်းရွှမ်က အော်ဟစ်ရယ်မောလိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ သက်ပြင်းတစ်ချက် ချလိုက်သည်။

တစ်ဖက်လူ၏လက်ထဲရှိ မိုင်တစ်ထောင် တောင်တန််းမြစ်ပြင်မြေပုံမှ ထုတ်လွှတ်လိုက်သော တောင်တန်းမြစ်ပြင်ရွေ့လျားခြင်းသည် နှင်းနတ်ဆိုးအရှင် ပြောခဲ့သည့်အတိုင်း အမှန်တကယ်ကို အစွမ်းထက်သည်။ ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ခြင်းသည် အသိဉာဏ်ကင်းမဲ့ရာ ရောက်ပေလိမ့်မည်။ အရေးကြီးသော အချိန်အခိုက်အတန့်တွင် သူသည် ဖြေရှင်းနည်းတစ်ခုကို ရှာတွေ့ခဲ့သည်။ ဤသည်မှာ သူတို့၏ရှေ့ရှိ ပင်လယ်သမုဒ္ဒရာတစ်ခုလုံးကို ကမ္ဘာသစ်ထဲသို့ စုပ်ယူလိုက်ခြင်းပင်။

ကမ္ဘာသစ်သည် အတိုင်းအဆမဲ့ ကျယ်ဝန်းသဖြင့် ပင်လယ်သမုဒ္ဒရာတစ်စင်းကို မဆိုထားနှင့် ပင်လယ်သမုဒ္ဒရာများ ထောင်သောင်းချီ၍ ရှိနေလျှင်ပင် လွယ်လင့်တကူ ထည့်သွင်းထားနိုင်သည်။ ထိုပင်လယ်သမုဒ္ဒရာကို နေရာချထားရန်မှာ ပြဿနာမရှိသော်လည်း ဤမျှထိ ကြီးမားသော အရာတစ်ခုကို သယ်ဆောင်ရန်မှာမူ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေဆဲပင်။

အကယ်၍ သူ၏စွမ်းအားအတိုင်းသာဆိုလျှင် ထာဝရနှလုံးသားနှင့် အနှစ်သာရအမြူတေကို ပိုင်ဆိုင်ထားသော်လည်း ဤအရာကို လုပ်ဆောင်နိုင်မည် မဟုတ်ချေ။ ကံကောင်းစွာဖြင့် မင်းသားယွမ်ချင်း ပင်လယ်ရေများကို ရွှေ့ပြောင်းပြီး တိုက်ခိုက်ရန် တောင်တန်းမြစ်ပြင်မြေပုံ၏စွမ်းအားကို အသုံးပြုခဲ့သည်။

ထို့ကြောင့် ကျန်းရွှမ်သည် ပင်လယ်သမုဒ္ဒရာကို ရွှေ့ပြောင်းခြင်းမှ ပင်လယ်ရေများကို ကမ္ဘာသစ်အတွင်းသို့ တက်ကြွစွာ စုပ်ယူ၍ လမ်းကြောင်းလွှဲခဲ့လေ၏။ နောက်ဆုံးတွင် ဤကျယ်ပြန့်သော ပင်လယ်သမုဒ္ဒရာကြီးကို ရင်းမြစ်ကမ္ဘာမှ ချက်ချင်းဖယ်ရှားပစ်လိုက်ခြင်း ဖြစ်သည်။

ဤသည်မှာ သဘောတရားအရ ရိုးရှင်းသော်လည်း လက်တွေ့လုပ်ဆောင်ရာတွင် လွယ်ကူခြင်းမရှိပေ။ ဤလှုပ်ရှားမှုအတွက် ကုန်ဆုံးသွားသော စွမ်းအင်များကြောင့် သူ၏ရုပ်ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ဒွာရရှစ်ပေါက်နှလုံးသားသည် ထာဝရနှလုံးသားအဖြစ်သို့ တိုးတက်ပြောင်းလဲလာခဲ့ပြီး ပြိုင်ဘက်ကင်းနတ်ဘုရားဆေးလုံး၏ ဆေးစွမ်းအားများက သူ့ကို သိသိသာသာ စွမ်းအင်ပြန်လည်ဖြည့်တင်းပေးခဲ့သည်။ ထိုသို့မဟုတ်ပါက သူ ဤအရာကို လုပ်ဆောင်ရန်မှာ လုံးလုံးလျားလျား မဖြစ်နိုင်ချေ။

"သောက်ချေးပဲ"

မင်းသားယွမ်ချင်း၏မျက်နှာအမူအယာ ရှုံ့မဲ့သွားပြီး သူ စိတ်မကျေမနပ် ဖြစ်သွားသည်။

သူသည် အစွမ်းထက်ဆုံး ကောင်းကင်ရတနာကို အသုံးပြု၍ တိုက်ခိုက်မှုနှစ်ခုကို ဆက်တိုက်ပြုလုပ်ခဲ့သော်လည်း ထိုလူငယ်၏ ဟန့်တားခြင်းကို ခံခဲ့ရသည်။ ထာဝရနှလုံးသားကို ရရှိထားသော ဤလူသည် ယခုအချိန်၌ သူ့ကို တိုက်ရိုက်ရင်ဆိုင်ရန် အရည်အချင်းအလုံအလောက် ရှိနေပြီဖြစ်ကြောင်း သူ ဝန်ခံရပေမည်။

"အရှင်မင်းသား... သူက ထာဝရနှလုံးသားကို သန့်စင်ထားတယ် ဆိုပေမယ့် အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး... ဒါ့ပြင် သူ အသုံးပြုနေတဲ့ စွမ်းအားက သူ့ရဲ့ကိုယ်ပိုင်စွမ်းအား မဟုတ်ဘူး... ငါတို့က တရစပ် တိုက်ခိုက်ပြီးတော့ သူ့ကို အင်အားကုန်ခမ်းအောင် လုပ်နေသမျှ သူ့ကို အနိုင်ယူနိုင်မှာ သေချာတယ်"

ထိုအချိန်မှာပင် အကြီးအကဲကျန်းလီ၏အသံ ထွက်ပေါ်လာသည်။

"ကောင်းပြီလေ"

မင်းသားယွမ်ချင်းက ခေါင်းညိတ်လိုက်သည်။

ဤသတိပေးချက်ကြောင့် သူ၏ပြိုင်ဘက် ထုတ်လွှတ်ထားသော စွမ်းအားများသည် ကိုယ်ပိုင်စွမ်းအားမဟုတ်ဘဲ ငှားရမ်းထားသော စွမ်းအားများဖြစ်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။ တစ်ဖက်လူ၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားများသည် ပြင်ပစွမ်းအင်ကို ပြီးပြည့်စုံစွာ အသုံးချနိုင်သည့် ထာဝရနှလုံးသား၏ ထူးခြားသောစွမ်းရည်မှ ဆင်းသက်လာခြင်းဖြစ်သည်။

သို့ရာတွင် ဤှသည်မှာ ငှားရမ်းထားသော စွမ်းအားများဖြစ်သည့်အတွက် မလွဲမသွေ ကုန်ဆုံးသွားပေလိမ့်မည်။ ထို့ကြောင့် တိုက်ခိုက်မှုများကို အရှိန်မြှင့်ခြင်းက ထိုလူငယ်ကို ပို၍ပို၍ အားနည်းသွားစေပေမည်။

"ဒါဆိုရင် ငါတို့က အင်အားကုန်အသုံးပြုပြီး တိုက်ခိုက်ကြစို့"

ထိုအစီအစဉ်၏ ကောင်းမွန်မှုကို သဘောပေါက်လိုက်သဖြင့် မင်းသားယွမ်ချင်းသည် နတ်ဘုရား ကောင်းကင်မှဆင်းသက်ခြင်းကဲ့သို့ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ပြီး ကျန်းရွှမ်၏ရှေ့တည့်တည့်သို့ ရောက်ရှိသွားသည်။ သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းစည်းတံဆိပ်ငယ်တစ်ခုမှ စွမ်းအားများသည် တားဆီး၍မရနိုင်သော ဒီရေအလား ကျန်းရွှမ်ထံသို့ တိုးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် အကြီးအကဲကျန်းလီကလည်း မိုးကောင်းကင် ပျံဝဲနေသော ဧရာမဆေးမီးဖိုကြီးသုံးလုံး ဆင်းသက်လာစေရန် ထိန်းချုပ်လိုက်သည်။

သူတို့နှစ်ယောက်သား ရှေ့နောက်ညှပ်ပူးညှပ်ပိတ်လုပ်ကာ တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။ ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် သိပ်သည်းလေးလံပြီး ထိုးဖောက်၍မရနိုင်သော သံမဏိပြားတစ်ခုအဖြစ် ဖိသိပ်ခံလိုက်ရသည့်အလား ဖြစ်သွားကာ အသက်ရှူနိုင်ရန်ပင် ခက်ခဲလာသည်။

"ဒါက ငါစောင့်နေတဲ့အရာပဲ..."

ပတ်ဝန်းကျင်မှ ဖိနှိပ်မှုများကို ခံစားမိသဖြင့် ကျန်းရွှမ်က သူ၏စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်သည်။

အကယ်၍ မင်းသားယွမ်ချင်းသည် မိုင်တစ်ထောင် တောင်တန်းမြစ်ပြင်မြေပုံကိုသာ ဆက်လက်၍အသုံးပြုနေပါက ကျန်းရွှမ်သည် ခက်ခက်ခဲခဲဖြင့် တောင့်ခံနေရအုံးပေမည်။ သို့ရာတွင် ဤကဲ့သို့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုသည် သူ့အား အလွန်ပင်ပန်းနွမ်းနယ်သော်လည်း ဒွာရရှစ်ပေါက်နှလုံးသား၏စွမ်းအားကို ပို၍နက်ရှိုင်းစွာ လှုံ့ဆော်ပေးပြီး ထိုအရာ၏ဆင့်ကဲပြောင်းလဲမှုကို မြန်ဆန်စေသည်။

ဝုန်း....

ကြီးမားသော ဖိအားအောက်တွင် ဒွာရရှစ်ပေါက်နှလုံးသား၏ စွမ်းအားရှူရှိုက်မှုစည်းချက်သည် နောက်တစ်ကြိမ် မြင့်တက်လာပေ၏။ အနှစ်သာရအမြူတေမှ ကျန်းရွှမ်၏ခန္ဓာကိုယ်ထဲသို့ စီးဝင်နေသော စွမ်းအားများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်နှုန်းဖြင့် လျှင်မြန်လာသည်။

"သခင်... ကျေးဇူးပြုပြီး အရှိန်လျှော့ပါအုံး... ဒီနှုန်းနဲ့သာ စုပ်ယူနေရင် ကျွန်တော့်ရဲ့ အနှစ်သာရအမြူတေက ဆယ့်ငါးမိနစ်လောက်ပဲ ခံလိမ့်မယ်..."

နှင်းနတ်ဆိုးအရှင်၏ တုန်ရီနေသောအသံ ထွက်ပေါ်လာသည်။

ဤသည်မှာ နှစ်ပေါင်းများစွာကြာအောင် သူသန့်စင်ခဲ့သော စွမ်းအင်ဖြစ်ပြီး ယခုအချိန်၌ ကျန်းရွှမ်၏ အရူးအမူးစုပ်ယူမှုအောက်တွင် အချိန်ဆယ့်ငါးမိနစ်ပင် တောင့်ခံနိုင်မည်ဟု သူ မထင်ချေ။ တရားမျှတမှုအတွက် သူသည် မည်သူ့ကို သွားရောက်၍ တိုင်တန်းရမည်နည်း။

အရေးအကြီးဆုံး ပြဿနာမှာ သူ၏အနှစ်သာအမြူတေမှ စွမ်းအားများ အကုန်အစင် ကုန်ခမ်းသွားသည်နှင့် တပြိုင်နက် သူ၏စိတ်ဝိညာဉ် ကျန်ရှိနေဦးမည် ဆိုလျှင်ပင် သူ ပြန်လည်ရှင်သန်နိုင်မည့် အခွင့်အရေးမှာ မရှိသလောက် နည်းပါးသွားမည်။

"ကောင်းပြီလေ..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ဤသည်မှာ ထာဝရနှလုံးသား၏ ဒွာရရှစ်ပေါက်အဆင့်သာ ရှိသေးသည်။ ဒွာရကိုးပေါက်သို့ မရောက်ရှိသေးချေ။ ထိုအဆင့်သို့ တက်လှမ်းသွားသည်နှင့် တပြိုင်နက် ဤအဆင့်ရှိ အနှစ်သာရအမြူတေသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ လုံးလုံးလျားလျား ကုန်ခမ်းသွားနိုင်သည်။

ဤအချက်တစ်ခုတည်းကပင် ထာဝရနှလုံးသား ပိုင်ရှင်များ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပြသနေပေ၏။

သို့ရာတွင် ဤသည်မှာ နှလုံးသားတစ်ခု၏ စွမ်းအားမျှသာ ဖြစ်သည်။ အကယ်၍ ထာဝရရွှေခန္ဓာကိုယ်နှင့်သာ တွဲဖက်လိုက်ပါက အသက်ပင်လယ်နယ်ပယ် ကျင့်ကြံသူတစ်ဦးသည် ဗောဓိသတ္တနယ်ပယ် ကျင့်ကြံသူများကို တိုက်ပွဲတွင် လွယ်လင့်တကူ ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

ဝုန်း.... ဝုန်း... ဝုန်း.... ဝုန်း....

ထာဝရနှလုံးသားမှ စွမ်းအားများကို လှုံဆော်ခြင်း ပြီးဆုံးသွားသည်နှင့် ကျန်းရွှမ်သည် ထိုလူနှစ်ယောက်နှင့် ပြင်းထန်သော တိုက်ပွဲကို ပြန်လည်၍ ဆင်နွှဲလိုက်သည်။ ပြင်းထန်သော တုန်ခါမှုလှိုင်းများသည် ယခုအချိန်၌ ရေမရှိတော့သော ပင်လယ်ကြမ်းပြင်ကို ကြီးမားသော တွင်းကြီးများအဖြစ် ဖောက်ခွဲလိုက်သည်။

ကျန်းရွှမ်၏ ခန္ဓာကိုယ်သည် တစစီပေါက်ကွဲသွားပြီးနောက် ပြန်လည်ကောင်းမွန်လာကာ ထပ်မံ၍ ပေါက်ကွဲသွားသည်။

သို့ရာတွင် ဒွာရရှစ်ပေါက်နှလုံးသားနှင့် နှင်းနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေမှ စွမ်းအားများဖြင့် သူသည် ကြံ့ကြံ့ခံနိုင်ရုံသာမက ပို၍ပြင်းထန်စွာ တိုက်ခိုက်လာနိုင်ပြီး သူ၏စွမ်းအားများလည်း ပို၍တိုးတက်လာခဲ့သည်။

"ဆေးစွမ်းအင်က ကုန်ခါနီးပြီ..."

ဖရိုဖရဲဖြစ်နေသော အခြေအနေများကြားတွင် ကျန်းရွှမ်က သူ၏နှလုံးသားထံသို့ အာရုံစိုက်လိုက်၏။

မူလက နဂါးမျက်လုံးအရွယ်အစားရှိသော ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးသည် ယခုအချိန်၌ မြေပဲစေ့အရွယ်အစားခန့်သာ ကျန်ရှိတော့ပြီး ထိုအရာ၏ထုထည်သည် ထက်ဝက်ကျော် လျော့နည်းသွားခဲ့လေပြီ။

အရွယ်အစား သေးငယ်သွားခြင်းမှာ နှလုံးသားအတွက် အာဟာရအဖြစ် ပြောင်းလဲသွားသော ဆေးစွမ်းအား၏အစွမ်းထက်မှုကို ပြသနေပေ၏။ ဒွာရရှစ်ပေါက်နှလုံးသားကို ပြီးပြည့်စုံခြင်းအဆင့်ရှိသော ထာဝရနှလုံးသားဖြစ်လာမည့် အဆင့်ရောက်အောင် ဆေးစွမ်းအားများက အထွတ်အထိပ်သို့ တွန်းပို့ပေးနေသည်။

"သခင်... ဒီနှုန်းအတိုင်းဆိုရင် ကျွန်တော့်ရဲ့ အနှစ်သာရအမြူတေက တကယ်ကို တောင့်မခံနိုင်တော့ဘူး..."

ကျန်းရွှမ်က ပို၍ပြင်းထန်စွာ တိုက်ခိုက်နေစဉ်မှာပင် နှင်းနတ်ဆိုးအရှင်၏ စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်သောအသံ ထွက်ပေါ်လာသည်။

သူသည် သူ့ကိုယ်သူ ပြန်လည်၍ စစ်ဆေးကြည့်လိုက်ရာ ယခင်က သူ သန့်စင်ထားသော အနှစ်သာရအမြူတေသည် ပဲပုပ်စေ့အရွယ်အစားအထိ သေးငယ်သွားပြီး ထိုအရာ၏ သန့်စင်သောစွမ်းအင်များ လုံးလုံးလျားလျား ကုန်ခမ်းလုနီးပါး ဖြစ်နေကြောင်း သူ တွေ့ရှိလိုက်ရသည်။

"မင်းပြောတော့ ဆယ့်ငါးမိနစ်လောက် တောင့်ခံနိုင်မယ်ဆို... ဘာလို့ ဒီလောက်ထိ မြန်နေရတာလဲ"

ကျန်းရွှမ်က အံ့အားသင့်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

အစောပိုင်းက နှင်းနတ်ဆိုးအရှင်သည် စွမ်းအင်များက သူ့အား ဆယ့်ငါးမိနစ်ခန့် ထောက်ပံ့ပေးနိုင်မည်ဟု အာမခံခဲ့သည်။ သို့ရာတွင် လက်ဖက်ရည်တစ်ခွက်သောက်ချိန်၏ ထက်ဝက်ခန့်သာ ကုန်လွန်သွားသေးသော်လည်း အနှစ်သာရအမြူတေသည် ဆက်လက်၍ တောင့်ခံနိုင်ခြင်း မရှိတော့ချေ။

"နှလုံးသားက ပိုသန်မာလာပြီးတော့ စွမ်းအားရှူရှိုက်တဲ့အရှိန်ကလည်း ပိုမြန်လာတယ်... ဒါကြောင့် ကုန်ဆုံးမှုနှုန်းက တိုးလာတာက သဘာဝပါပဲ..."

နှင်းနတ်ဆိုးအရှင်က ပျာပျာသလဲ ရှင်းပြသည်။

လွန်ခဲ့သော လက်ဖက်ရည်တစ်ခွက်သောက်ချိန် ထက်ဝက်ခန့်အကြာနှင့် နှိုင်းယှဉ်ပါက ကျန်းရွှမ်၏နှလုံးသားမှ စွမ်းအင်ရှူရှိုက်မှုနှုန်းသည် နှစ်ဆတိုးလာခဲ့သည်။ ဤကဲ့သို့ စွမ်းအင်စုပ်ယူမှုနှုန်း မြင့်တက်လာခြင်းသည် အနှစ်သာရအမြူတေ၏စွမ်းအားကို ပို၍မြန်ဆန်သော နှုန်းဖြင့် ကုန်ဆုံးစေမည်မှာ သေချာပေါက်ပင်။

ထိုအနှစ်သာရအမြူတေ၏စွမ်းအားများ လုံးလုံးလျားလျားကုန်ခမ်းသွားသည်နှင့် ကျန်းရွှမ်၏အဓိကစွမ်းအင်ရင်းမြစ် ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုအချိန်ကျပါက ကျန်းရွှမ်သည် ဒွာရရှစ်ပေါက်နှလုံးသားကို ပိုင်ဆိုင်ထားသည့်တိုင် ယွမ်ချင်းနှင့်ကျန်းလီတို့ကို ဆက်လက်၍တိုက်ခိုက်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။

အမှန်အားဖြင့် ကျန်းလီ၏တိုက်ခိုက်ရေးဗျူဟာသည် အပြစ်ပြောစရာမရှိအောင် အလွန်ပြီးပြည့်စုံပေ၏။

"မကြာခင်မှာပဲ သူ့ရဲ့စွမ်းအားတွေ အားလုံးနီးပါး ကုန်ခမ်းတော့မယ်..."

ကျန်းရွှမ်၏ လှုပ်ရှားမှုများ နှေးကွေးလာသည်ကို သတိပြုမိသဖြင့် ကျန်းလီက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

မင်းသားယွမ်ချင်း၏ မျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာသည်။

သူတို့သည်လည်း စွမ်းအင်ကုန်ဆုံးမှုကို ကြုံတွေ့နေရသည့်တိုင် သူတို့၏စွမ်းအင်သည် ကိုယ်ပိုင်ကျင့်ကြံမှုများမှ ရရှိလာခြင်းဖြစ်ပင်။ ထိုကြောင့်ဆေးလုံးများကို စားသုံးခြင်းဖြင့် သူတို့၏စွမ်းအားများကို လျင်မြန်စွာ ပြန်လည်ရရှိနိုင်သည်။ သို့ရာတွင် ကျန်းရွှမ်ကမူ ငှားရမ်းထားသော စွမ်းအားများကို မှီခိုနေရပြီး ပြန်လည်ကောင်းမွန်ရန် လုံလောက်သော ဆေးဝါးမရှိသဖြင့် ရေရှည်တောင့်ခံနိုင်ရန်မှာ မလွယ်ကူချေ။

"အော် မီတော ဖော... မင်းသားယွမ်ချင်း... ကျန်းရွှမ်ချင်းက ငါတို့ ဗုဒ္ဓဂိုဏ်းရဲ့ ယုံကြည်ကိုးကွယ်သူပါ... ဘာလို့ သူ့ကို အဆုံးစွန်ထိ တွန်းပို့နေရတာလဲ"

ထိုအချိန်မှာပင် နူးညံ့သိမ်မွေ့သော အသံတစ်သံ ဟိန်းထွက်လာပြီး အပြာရောင်တိမ်တိုက်အရှင်က လေထုထဲတွင် ထွက်ပေါ်လာကာ သူ၏သင်္ကန်းသည် ခန့်ညားထည်ဝါစွာ ပျံ့လွင့်နေပေ၏။

All Chapters