ပြင်းထန်သော တိုက်ပွဲ (အပိုင်း ၅)
Vol. 38 Ch. 440
ဝုန်း....
ဓားချီများ ဖြတ်သန်းသွားပြီး ဆေးမီးဖိုသုံးလုံးကို ချက်ချင်းထက်ခြမ်းခွဲခြမ်းလိုက်သည်။ ထို့နောက် ဓားချီ၏ကြွင်းကျန်သော စွမ်းအားသည် အရှိန်မသေဘဲ ကျန်းလီ၏ခေါင်းပေါ်သို့ ကျဆင်းလာပေ၏။
"ပေါက်ကွဲစမ်း...."
ကျန်းလီ၏မျက်နှာ ရှုံ့မဲ့သွားပြီး သူသည် အထက်ဘက်သို့ဦးတည်ကာ ပြင်းထန်သော လက်သီးတစ်ချက်ကို ထိုးနှက်လိုက်သည်။
ဓားချီသည် အစွမ်းထက်သော စွမ်းအားဖြင့် ထိမှန်ခံလိုက်ရပြီး အကြိမ်ရေအနည်းငယ်ခန့် တုန်ရီသွားသည်။ ကျန်းရွှမ်သည် ပို၍အားစိုက်ထုတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏လက်အတွင်းရှိ အေးစက်ငရဲဓားသည် ပြင်းထန်သောဓားချီကို တောင့်မခံနိုင်တော့ဘဲ တစ်လက်မချင်းစီ အမှုန်အမွှားများအဖြစ် ပြိုကွဲသွားသည်ကို သူ မြင်တွေ့လိုက်ရသည်။
ဤဓားကို သာမန်ပစ္စည်းများဖြင့် သန့်စင်ထားခြင်းပင်။ ကမ္ဘာတစ်ခု၏အရှင်သခင်ဖြစ်သော သူ၏နည်းစနစ်များဖြင့် ထိုဓား၏စွမ်းအားကို သိသိသာသာ မြှင့်တင်ထားသော်လည်း အကန့်အသတ်ချက်များ ကျန်ရှိနေသေးသည်။ ဗုဒ္ဓနတ်ဆိုးပေါင်းစပ်မှုမှ ထုတ်လွှတ်လိုက်သော စွမ်းအားသည် အလွန်ကြီးမားလွန်းသဖြင့် ထိုဓား၏အကန့်အသတ်သို့ တိုက်ရိုက်ရောက်ရှိသွားခြင်းဖြစ်သည်။
လက်နက်မရှိတော့သောကြောင့် ကျန်းရွှမ်၏စွမ်းအား သိသိသာသာ လျော့နည်းသွားသည်။ ယခုအချိန်၌ သူသည် တစ်ဖက်လူကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီး စွမ်းအားပြန်ဖြည့်ရန် မစွမ်းဆောင်နိုင်တော့ပေ။
အပြာရောင်တိမ်တိုက်အရှင်နှင့်မင်းသားယွမ်ချင်းတို့၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရသည်နှင့် သူ သေဆုံးရန်မှာ သေချာသလောက်နီးပါးပင်။
"ဒါက ငါ့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာပဲ..."
ကျန်းရွှမ်သည် သူ့ထံ၌ စဉ်းစားရန် အချိန်မရှိတော့ကြောင်း သိရှိသဖြင့် သူ၏မျက်လုံးများ နီမြန်းသွားသည်။ သူသည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ရတနာမျှော်စင်တစ်ခုက သူ၏ရှေ့တွင် ထွက်ပေါ်လာသည်။ သူသည် ထိုအရာကို ပေါ့ပေါ့ပါးပါး ထိတွေ့လိုက်ရာ ဖန်သားကဲ့သို့ကြည်လင်သော အဖြူရောင်အရိုးတစ်ခု ထွက်ပေါ်လာသည်။
ဤသည်မှာ ရတနာမျှော်စင်၏ ပထမအလွှာမှကောင်းကင်ရှုမြင်အမွေအနှစ်ဖြစ်သော အဖြူရောင်အရိုးပင်။
ဤသည်မှာ ဉာဏ်ပညာစစ်ပွဲဗောဓိသတ္တ၏ လက်ဖျံရိုးအမွေအနှစ်ပင်။ ထိုစဉ်က ဤဗောဓိသတ္တသည် ပြင်ပလောကမှ ကောင်းကင်နတ်ဆိုးနှင့် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွင် တစ်ဦးကိုတစ်ဦး သတ်ဖြတ်ခဲ့ကြသည်။ ဗုဒ္ဓအရှင်သည် ထိုရုပ်အလောင်းများကို သိမ်းဆည်းပြီး ဤ ဗုဒ္ဓအရိုးကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
ထိုအရိုးသည် အဖြူရောင်ကျောက်စိမ်းနှင့် ဖွဲ့စည်းထားသည်နှင့်တူညီပြီ ဖန်ကဲ့သို့ကြည်လင်ကာ ခပ်ဖျော့ဖျော့ဗုဒ္ဓအလင်းတန်းကို ထုတ်လွှတ်ထားသည်။ ထိုအရာ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများက လေထုထဲတွင် ပျံ့နှံ့လာသည်။
"သံသရာမျှော်စင်ထဲက အမွေအနှစ်ကို မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဆွဲထုတ်ရဲတာလဲ..."
အပြာရောင်တိမ်တိုက်အရှင်သည် ရူးသွပ်လုနီးပါး ဖြစ်သွားပေ၏။
သံသရာအမွေအနှစ်မျှော်စင်၏ စွမ်းအားသည် အဓိကအားဖြင့် ဗုဒ္ဓအရိုးအမွေအနှစ်ကိုးခုပေါ်တွင် မှီခိုနေသည်။ ထိုအရာများကို ဆွဲထုတ်လိုက်ခြင်းသည် မျှော်စင်နှင့်ပိုင်းခြားလိုက်ခြင်းနှင့် ထပ်တူထပ်မျှပင်။ ထိုရတနာကို ပြန်လည်ရယူနိုင်သည် ဆိုလျှင်ပင် မျှော်စင်၏ အလုံးစုံအကျိုးသက်ရောက်မှု ဆုံးရှုံးသွားမည်ဖြစ်ပြီး ဗုဒ္ဓအရှင်၏အမျက်ဒေါသကို သူ မလွဲမသွေ ခံယူရပေလိမ့်မည်။
သူ၏ဒေါသတကြီး အော်ငေါက်သံများကို လျစ်လျူရှုကာ ကျန်းရွှမ်က အမွေအနှစ်ကို ထုတ်ယူပြီးနောက် အော်ဟစ်လိုက်၏။ ရုတ်ချည်းဆိုသလိုပင် ဉာဏ်ပညာစစ်ပွဲ ဗောဓိသတ္တ၏အရိုးသည် သူ၏လက်အတွင်းသို့ ပေါင်းစည်းဝင်ရောက်သွားသည်။
ဒုတ်...ဒုတ်...ဒုတ်...
သူ၏နှလုံးခုန်နှုန်း အရှိန်မြှင့်လာပြီး အစွမ်းထက်သော စွမ်းအားသည် ထိုအရိုးအမွေအနှစ်၌ ကြွင်းကျန်သော စိတ်ဆန္ဒများကို စဉ်ဆက်မပြတ် ဖယ်ရှားနေသည်။ အသက်ရှူချိန် တစ်ထောင်ပုံတစ်ပုံထက်ပင် နည်းသော အချိန်အတွင်းမှာပင် ထိုအရာသည် ကျန်းရွှမ်၏ အတင်းအကြပ်သန့်စင်ခြင်းကို ခံလိုက်ရလေ၏။
အတိတ်တွင် ဗုဒ္ဓအရှင်သည် သံသရာအမွေအနှစ်မျှော်စင်ကို ဖန်တီးခဲ့ချိန်၌ ထာဝရရွှေခန္ဓာကိုယ်ကို ကျင့်ကြံရန် ရည်ရွယ်ခဲ့ခြင်းပင်။ ထို့ကြောင့် ဗုဒ္ဓအရိုးတိုင်းတွင် ထာဝရနှလုံးသားနှင့် သဘာဝအတိုင်း ကိုက်ညီမှု ရှိနေသည်။
ဤအချက်ကို နားလည်သဘောပေါက်ထားသဖြင့် ကျန်းရွှမ်သည် သူ၏ခန္ဓာကိုယ်ရှိ နောက်ဆုံးလက်ကျန် စွမ်းအားအနည်းငယ်ကို အသုံးပြု၍ အတင့်ရဲစမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။ ဗုဒ္ဓအရှင် ချန်ထားခဲ့သော ဤကောင်းကင်ရတနာကို သူ၏ခန္ဓာကိုယ်နှင့်ပေါင်းစည်းကာ ရင်းမြစ်ကမ္ဘာအတွင်း၌ အသန်မာဆုံးရုပ်ခန္ဓာကိုယ်ကို ဖွဲ့စည်းရန် ရည်ရွယ်ခဲ့လေ၏။
ကံကောင်းထောက်မစွာဖြင့် သူ၏စမ်းသပ်မှု တိုက်ရိုက်အောင်မြင်သွားခဲ့သည်။
ဝုန်း....
အမွေအနှစ်ကို သန့်စင်ပြီးနောက် ကျန်းရွှမ်၏ ညာဘက်လက်သည် ချက်ချင်းကြီးမားလာပုံရပြီး သူ၏အရေပြားသည် ပို၍ဖြူဖွေး နူးညံ့လာသည်။ "ဝမ့်"သင်္ကေတတစ်ခုသည် သူ၏လက်ဝါးတွင် ရုတ်တရက် ထွက်ပေါ်လာပြီး အစောပိုင်းက အန္တရာယ်မှ လွတ်မြောက်သွားသော အကြီးအကဲကျန်းလီထံသို့ ဦးတည်ကာ ရိုက်နှက်လိုက်သည်။
အေးစက်ငရဲဓား ပျက်စီးသွားချိန်မှ ကောင်းကင်ရှုမြင်အရိုးအမွေအနှစ်ကို သန့်စင်လိုက်သည်အထိ အသက်ရှူချိန်တစ်ဝက်စာပင် မကြာလိုက်ချေ။ ဤအချိန်တွင် ကျန်းလီသည် ကောင်းကင်ဘုံသောကဓားနည်းစနစ်၏ တိုက်ခိုက်ခံရမှုမှ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပေ။ ထိုအချိန်မှာပင် ကျန်းရွှမ်၏ အစွမ်းထက်သော လက်ဝါးရိုက်ချက်သည် သူ့အပေါ်သို့ ကျရောက်လာပေ၏။
"မင်း..."
ကျန်းလီ၏မျက်နှာ ဖြူဖျော့သွားပြီး သူ ထွက်ပြေးလိုသော်လည်း မဖြစ်နိုင်တော့ကြောင်း နားလည်သဘောပေါက်သွားသည်။
ကောင်းကင်ရှုမြင် အရိုးအမွေအနှစ်သည် အကြောင်းအကျိုး ဆက်စပ်မှုကို ဖြတ်တောက်နိုင်စွမ်းရှိသည်။ လက်ဝါးတစ်ချက် ရိုက်နှက်လိုက်ရုံဖြင့် အကြောင်းအကျိုး ဆက်စပ်မှုများအားလုံး ပျက်စီးသွားပြီး သူ ထွက်ပြေးရန်မှာ မဖြစ်နိုင်တော့ချေ။ သူသည် သူ၏လက်နှစ်ဖက်လုံးကို မြှောက်ကာ ထိုတိုက်ခိုက်မှုကို ခုခံလိုက်သည်။ သို့ရာတွင် သူ၏ရှေ့ရှိ ထိုလူငယ်သည် ဗုဒ္ဓနှင့်နတ်ဆိုးသွင်ပြင် နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားပြီး မယုံနိုင်လောက်အောင် ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ထားသည်အား သူ တွေ့ရှိလိုက်ရသည်။
ဝုန်း....
သူ ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သူ၏ ရုပ်ခန္ဓာ ပေါက်ကွဲသွားသည်။
အကယ်၍ ကျန်းရွှမ်သာဆိုလျှင် ထာဝရနှလုံးသားကြောင့် ရုပ်ခန္ဓာကိုယ်သည် တိုက်ရိုက်ပြန်လည်ကောင်းမွန်သွားပေမည်။ သို့ရာတွင် ထိုကဲ့သို့ သူ မလုပ်နိုင်သည့်အပြင် တစ်ဖက်လူကလည်း အခွင့်အရေး ပေးမည်မဟုတ်ကြောင်း သူ သိရှိထားသည်။ ထိုကြောင့် သူ၏စိတ်ဝိညာဉ်သည် ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထွက်ပြေးရန်အတွက် နောက်သို့လှည့်လိုက်၏။
ဤသည်မှာ ကျန်းလီကို လိုက်လံရှာဖွေရန် အချိန်မဟုတ်သေးကြောင်း ကျန်းရွှမ်က သိရှိထားသည်။ ထိုကြောင့် ကျန်းရွှမ်က သူ၏လက်ကို ညင်သာစွာ ဖမ်းဆုပ်လိုက်ပြီး ကျန်းလီ၏ပြိုကွဲသွားသော ခန္ဓာကိုယ်အပိုင်းအစများနှင့် သိုလှောင်လက်စွပ်များကို ကမ္ဘာသစ်ထဲသို့ သိမ်းဆည်းလိုက်သည်။
ဝုန်း....
ထိုခန္ဓာကိုယ်အပိုင်းအစများအတွင်း၌ ပါဝင်သော စွမ်းအားများသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် တပြိုင်နက် ထာဝရနှလုံးသားမှ ချက်ချင်းထုတ်ယူလိုက်ပြီး သန့်စင်သောစွမ်းအားများအဖြစ် ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပြည့်နှက်သွားစေသည်။
"ဟူး..."
ကျန်းရွှမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။
ကျန်းလီ၏စိတ်ဝိညာဉ်ကို သူ မဖျက်ဆီးနိုင်ခဲ့သော်လည်း စွမ်းအားများအားလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ ထိုကြောင့် သူသည် နှင်းနတ်ဆိုးအရှင်၏စွမ်းအားများ ကုန်ခမ်းသွားခြင်းကြောင့် ဖြစ်ပေါ်လာသော လစ်ဟာမှုကို ပြန်လည်၍ ဖြည့်တင်းနိုင်ခဲ့သည်။ ပြိုင်ဘက်၏ သိုလှောင်လက်စွပ်များထဲရှိ ဆေးဝါးအမျိုးမျိုးနှင့်ဆေးလုံးများကို ပေါင်းစပ်လိုက်ပါက အချိန်တခဏအတွင်းတွင် သူ စွမ်းအင်ကုန်ခမ်းသွားမည်ကို စိုးရိမ်ပူပန်ရန် မလိုအပ်တော့ချေ။
"မင်းက သေချင်နေတာပဲ"
ထိုအချိန်တွင် မင်းသားယွမ်ချင်းနှင့် အပြာရောင်တိမ်တိုက်အရှင်တို့ ရောက်ရှိလာပြီး သူတို့နှစ်ဦးလုံး ဒေါသထွက်နေကြကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်သည်။ သူတို့၏ရှေ့ရှိ လေဟာနယ်သည် အလွှာလိုက် ပြိုလဲပျက်စီးသွားသည်။ သူသည် ကောင်းကင်ရှုမြင်အရိုးအမွေအနှစ်ကို သန့်စင်နိုင်ခဲ့သည် ဆိုလျှင်ပင် ထိုလူနှစ်ဦး၏ပြိုင်ဘက် မဖြစ်နိုင်ကြောင်း သိရှိထားသဖြင့် ကျန်းရွှမ်သည် တိုက်ရိုက်ခုခံခြင်း မပြုချေ။ သူသည် နောက်သို့ဆုတ်ခွားရင်း သူ၏လက်မှ ပြောင်းလဲမှုများကို စောင့်ကြည့်လိုက်၏။
ဉာဏ်ပညာစစ်ပွဲ ဗောဓိသတ္တ၏ အမွေအနှစ်နှင့် ပေါင်းစည်းပြီးနောက် ကျန်းရွှမ်၏လက်တစ်ခုလုံးသည် သူ၏စွမ်းအားများကို လှည့်ပတ်လိုက်သည်နှင့် တပြိုင်နက် အထွတ်အထိပ် ကောင်းကင်ရတနာတစ်ခုနှင့်တူညီကာ ဖန်ကဲ့သို့ ကြည်လင်တောက်ပနေသည်။
ဤလက်နှင့်နှလုံးသားကြားမှ ဆက်သွယ်မှုသည် ပို၍နီးစပ်လာပြီး မခွဲခြားနိုင်သော ထာဝရတည်မြဲမှုကြီးအလားပင်။
"ဒါက ထာဝရရွှေခန္ဓာကိုယ်ရဲ့ ခံစားချက်ပဲ ဖြစ်ရမယ်..."
ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။
ထာဝရနှလုံးသားသည် ဒွာရကိုးပေါက်နှလုံးသားအဖြစ်သို့ လုံးလုံးလျားလျား မပြောင်းလဲသေးသည့်အပြင် ဤလက်သည်လည်း ဗောဓိသတ္တအရိုးနှင့် ပြီးပြည့်စုံစွာ မပေါင်းစည်းသေးချေ။ သို့ရာတွင် ထိုအရာနှစ်ခု၏ပေါင်းစပ်မှုသည် သူ၏စွမ်းအားကို ပွင့်အံ့ထွက်လာစေပြီး သူ၏တိုက်ခိုက်ရေးစွမ်းရည်များကို မြှင့်တင်ပေးခဲ့သည်။ ယခင်က သူသည် ဤလူနှစ်ဦးနှင့် တိုက်ခိုက်ရာတွင် အားနည်းချက်များ ရှိနေနိုင်သော်လည်း ယခုအချိန်၌ လွယ်လင့်တကူ ကိုင်တွယ်ဖြေရှင်းနိုင်လေပြီ။
"ဒုတိယ အမွေအနှစ်ကို စမ်းကြည့်ရအောင်"
သူ သန့်စင်နိုင်သော အမွေအနှစ် ပိုများလေလေ ထာဝရရွှေခန္ဓာကိုယ်၏ အောင်မြင်မှုနှုန်း ပိုများလေလေ ဖြစ်ကြောင်း ကျန်းရွှမ်က သိရှိထားသည်။ ထိုကြောင့် သူ၏အတွေးတစ်ချက်ဖြင့် မျှော်စင်ဒုတိယအလွှာမှ ကံတရားမီးတောက် ကြာပန်းနီအမွေအနှစ်ကို ထုတ်ယူလိုက်၏။
ဤသည်မှာ သန့်စင်ကံကြမ္မာ နဂါးသစ်ပင်ဗောဓိသတ္တ၏ အဓိကကျောရိုးမှ ဖန်တီးထားခြင်းပင်။
ဤဗောဓိသတ္တသည် တစ်ချိန်က ငရဲကိုးထပ် သွေးပင်လယ်ရှိ နတ်ဆိုးဘုရင်တစ်ပါးနှင့် တိုက်ခိုက်ခဲ့ပြီး အသာစီးမရနိုင်သဖြင့် သူ၏ကျောရိုးကို ထုတ်ယူကာ ကံကြမ္မာမီးဖြင့် မိုင်ပေါင်းတစ်သောင်းကို လောင်ကျွမ်းစေပြီး ရန်သူကို သတ်ဖြတ်ခဲ့သည်။
သို့ရာတွင် ဤတိုက်ပွဲအပြီးတွင် သူ၏စွမ်းအား များ ကုန်ခမ်းသွားကာ လင်းကျိုးတောင်သို့ ပြန်ရောက်လာပြီးနောက် လူအများရှေ့တွင် ကွယ်လွန်သွားခဲ့သည်။ ဗုဒ္ဓအရှင်သည် သူ၏ကံကြမ္မာအမွေအနှစ်ကို နောင်မျိုးဆက်များ အောက်မေ့သတိရရန် ဤအမွေအနှစ်ကို ဒုတိယအလွှာတွင် ချန်ထားခဲ့ခြင်း ဖြစ်သည်။
ထိုအမွေအနှစ်ကျောရိုး ထွက်ပေါ်လာပြီးနောက် ကျန်းရွှမ်၏ကျောရိုးထံသို့ ရွေ့လျားသွားသည်။ ထိုအရာသည် သူ၏ကျောရိုးနှင့် ထိတွေ့လိုက်သည်နှင့် အတိုင်းအဆမဲ့သော စွမ်းအားများ အတင်းအကြပ် တိုးဝင်သွားသည်ကို ခံစားလိုက်ရပြီး သူ၏စွမ်းအားများကို ကုန်ခမ်းသွားစေလုနီးပါးပင်။
"မဖြစ်သေးဘူး... ဒါကို သန့်စင်ဖို့ အချိန်မကျသေးဘူး..."
ကျန်းရွှမ်က ထိုအမွေအနှစ်ကို သံသရာမျှော်စင်အတွင်းသို့ အလျင်အမြန် ပြန်ထည့်လိုက်သည်။
ထိုအမွေအနှစ်ကိုသန့်စင်ခြင်းသည် ဖြစ်နိုင်သော်လည်း စွမ်းအားကုန်ဆုံးမှုသည် အလွန်ကြီးမားပေ၏။ အစောပိုင်းက သူသည် အပြာရောင်တိမ်တိုက်အရှင်၏စွမ်းအားနှင့် နှင်းနတ်ဆိုးအရှင်၏အနှစ်သာရဆေးလုံးမှ နောက်ဆုံးလက်ကျန် စွမ်းအားများကို အသုံးပြု၍ ကောင်းကင်ရှုမြင်အမွေအနှစ်ကို သန့်စင်ရာ၌ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အင်အားကြီးမားသော ပြိုင်ဘက်နှစ်ဦးကို တိုက်ခိုက်နေစဉ်တွင် သူသည် ထိုအရာကို သန့်စင်ရန်အတွက် စွမ်းအားများကို အကုန်အစင် သုံးစွဲလိုက်ပါက ထာဝရရွှေခန္ဓာကိုယ်ကို ရရှိလျှင်ပင် အသုံးဝင်မည်မဟုတ်ချေ။
သို့ရာတွင် သူသည် ထိုအရာကို သန့်စင် အောင်မြင်ခဲ့သော်လည်း အချက်တစ်ခုကို အတည်ပြုနိုင်ခဲ့သည်။ အကယ်၍ သူသာ သံသရာမျှော်စင်ရှိ အမွေအနှစ်ကိုးခုလုံးကို တစ်နည်းနည်းဖြင့် သန့်စင်နိုင်ပြီး ထာဝရနှလုံးသားနှင့်ပေါင်းစပ်နိုင်ခဲ့လျှင် ထာဝရရွှေခန္ဓာကိုယ်ဟု ခေါ်ဆိုသောအရာကို မလွဲမသွေ ရရှိပေလိမ့်မည်။
ထာဝရရွှေခန္ဓာကိုယ်၏ တိကျသောအကျိုးသက်ရောက်မှုများကို သူ သေချာမသိချေ။ သို့ရာတွင် ထိုကိစ္စ အောင်မြင်သွားသည်နှင့် တပြိုင်နက် သူ့ထံ၌ အသက်ပင်လယ်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံမှု မရှိဘဲနှင့်ပင် ဤလူနှစ်ဦးကို တိုက်ခိုက်နိုင်ပြီး လွယ်လင့်တကူ ခြေမွှဖျက်ဆီးနိုင်သည်ဟု သူ ခန့်မှန်းမိလေ၏။
"မင်းတို့နဲ့ တိုက်ခိုက်ဖို့ ငါ့မှာ အချိန်မရှိဘူး... နုတ်ဆက်ပါတယ်..."
သူ လိုချင်သောအရာအားလုံးကို ရရှိပြီးနောက် ကျန်းရွှမ်သည် ဆက်လက်တိုက်ခိုက်ရန်အတွက် စိတ်ဝင်စားမှု ဆုံးရှုံးသွားသည်။ သူသည် လက်ဝါးရိုက်ချက်နှစ်ချက်ကို ရိုက်ထုတ်ကာ မင်းသားယွမ်ချင်းနှင့်အပြာရောင်တိမ်တိုက်အရှင်တို့ကို တိုက်ခိုက်လိုက်၏။ ထို့နောက် လေလှိုင်းတစ်လှိုင်းက သူ၏နောက်တွင် ပေါက်ကွဲသွားကာ အဝေးသို့ ချက်ချင်းဆုတ်ခွာသွားသည်။
ထိုနှစ်ဦး၏တိုက်ခိုက်မှုနယ်ပယ်မှ သူ ပွတ်ကာသီကာ လွတ်မြောက်သွားချိန်မှာပင် ရှေ့ရှိ လေဟာနယ်သည် တွန့်လိမ်သွားပြီး ပုံရိပ်ခြောက်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ဤသည်မှာ ပုံစံငါးမျိုးသူတော်စင်အရှင်များနှင့် ရန်ချူးယောင်တို့ပင်။
သူတို့သည် အပြာရောင်တိမ်တိုက်အရှင်၏ နောက်မှ လိုက်လာခဲ့ကြပြီး ဤနေရာသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်ပေ၏။