← Chapters

ကပ်ဘေးမျှဝေခြင်းဆေးလုံး

Vol. 38 Ch. 444

ကပ်ဘေးမျှဝေခြင်းဆေးလုံး

Vol. 38 Ch. 444

ဝှစ်....

ထိုအလင်းတန်းသည် ခုန်းရှီ၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားတော့မည့်ဆဲဆဲ အချိန်တွင် အတားအဆီးတစ်ခုသည် ရှေ့မှရုတ်တရက် ပေါ်လာပြီး ပိတ်ဆို့ဟန့်တားလိုက်သည်။

ထိုအတားအဆီးသည် အထူးတလည် အားကောင်းပုံမရသော်လည်း ပုံမှန်ထက် ခိုင်ခံ့မာကျောနေသည်။ အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် မည်မျှပင် အင်အားစိုက်ထုတ်ပါစေ ထိုအတားအဆီးကို အနည်းငယ်မျှပင် ထွင်းဖောက်နိုင်ခြင်း မရှိချေ။

"ဘယ်သူလဲ...."

အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

သူသည် ကျန်းရွှမ်၏လှည့်စားခြင်းကို ခံလိုက်ရပြီးနောက် ယခုအချိန်၌ နောက်တစ်ယောက်က သူ့ကို တားဆီးနေသဖြင့် သူ အလွန်အမင်း ဒေါသထွက်နေလေပြီ။

သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကြည့်လိုက်ရာ သူတို့အားလုံးသည်လည်း ဇဝေဇဝါဖြစ်နေပုံရသည်ကို သူ မြင်တွေ့လိုက်ရသည်။ အပြာရောင်တိမ်တိုက်အရှင်နှင့် ပုံစံငါးမျိုးသူတော်စင်အရှင်များဖြစ်စေ သို့မဟုတ် ရန်ချူးယောင် ဖြစ်စေ မည်သူမျှ လှုပ်ရှားခြင်း မရှိကြချေ။ အစောပိုင်းက အတားအဆီးသည် လေဟာနယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည့်အလားပင်။

"အရှင်မင်းသား... စိတ်လျှော့ပါ... ဒီကျွန်အိုကြီးက အရင်ဆုံး တောင်းပန်ပါတယ်"

သူ အနည်းငယ် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် နူးညံ့သိမ်မွေ့သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် မလှမ်းမကမ်းတွင် လူတစ်ယောက်၏ပုံရိပ်က ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

ဤသည်မှာ ညိုဖျော့ဖျော့အရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပင်။ ထိုလူ၏မျက်နှာသည် ချောမွတ်ကာ သူ၏ပါးပြင်သည် အနည်းငယ်ဖောင်းပြီး သူ၏မျက်လုံးများအောက်တွင် အရေးအကြောင်းများ ရှိနေသည်။ သူ၏အသံသည် စူးရှပေ၏။

ထိုလူ၏ ဝတ်စားဆင်ယင်မှုနှင့်ပုံပန်းသွင်ပြင်အရ ကြည့်လျှင် သူသည် မိန်းမစိုးတစ်ဦးသာ ဖြစ်ပေသည်။

"ဒါဆို စီနီယာကောင်း ဖြစ်နေတာကိုး... ယွမ်ချင်းက မရိုမသေ မလုပ်ရဲပါဘူး"

ထိုသူ၏ပုံပန်းသဏ္ဌာန်ကို ရှင်းလင်းစွာ မြင်တွေ့ရပြီးနောက် အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် ပျာပျာသလဲ ဦးညွှတ်ကာ အရိုအသေ ပြုလိုက်၏။

အကယ်၍ တခြားလူသာဆိုလျှင် သူသည် သူ့ကိုယ်သူ အိမ်ရှေ့စံမင်းသားဟု သုံးနှုန်းနိုင်သော်လည်း ဤပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရချိန်၌ သူသည် ယွမ်ချင်းဟုသာ သုံးနှုန်းရဲသည်။

တစ်ဖက်လူသည် မိန်းမစိုးတစ်ဦးသာ ဖြစ်သော်လည်း ဧကရာဇ်ဖုရှန်း၏အိမ်ရှေ့စံဘဝကတည်းက လက်အောက်ငယ်သား ဖြစ်ခဲ့သူပင်။ သူသည် ဧကရာဇ်၏နောက်သို့ တောက်လျှောက် လိုက်ပါလာခဲ့သဖြင့် နက်ရှိုင်းသော ယုံကြည်မှုကို ရရှိထားသည်။ ထို့ထက်ပို၍အရေးကြီးသည်မှာ သူ၏စွမ်းအားသည် နက်နဲသိမ်မွေ့ပြီး အသက်ပင်လယ်နယ်ပယ်ထက် ကျော်လွန်သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သူသည် တော်ဝင်နန်းတွင်း၏ အစစ်အမှန် ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ပင်။

သူသည် တောင်တန်းမြစ်ပြင်အမိန့်တော်ကို ငှားရမ်းထားလျှင်ပင် ထိုလူ၏ပြိုင်ဘက် မဖြစ်နိုင်ချေ။

အရေးအကြီးဆုံးအချက်မှာ တစ်ဖက်လူသည် ကုန်းမြေတစ်ခုလုံး၏ အထွတ်အထိပ်အာဏာကို ဆုပ်ကိုင်ထားသော သူ၏ခမည်းတော် ဧကရာဇ်ဖုရှန်းကို ကိုယ်စားပြုနေခြင်းပင်။ ထိုကြောင့် အကယ်၍ မင်းသားယွမ်ချင်းသည် သူ့ကို သတ်နိုင်လျှင်ပင် လှုပ်ရှားမှုတစ်ခုမျှ လုပ်ဝံ့မည် မဟုတ်ချေ။

"အိမ်ရှေ့စံမင်းသားက ယဥ်ကျေးလွန်းနေပြီ... ဒီကျွန်အိုကြီးက အရှင်မင်းကြီးရဲ့အမိန့်နဲ့ ခုန်းရှီမင်ကို ခေါ်သွားဖို့ လာခဲ့တာပါ... အရှင်မင်းသားက လိုက်လျောပေးမယ်လို့ မျှော်လင့်ပါတယ်"

စီနီယာကောင်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"သူ့ကို ခေါ်သွားမလို့လား"

အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် ကြက်သေသေသွားပြီး စူးစမ်းလိုစိတ်ဖြင့် စီနီယာကောင်းကို ကြည့်လိုက်သည်။

"ခမည်းတော်က... ကျွန်တော် ဒီ ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူကို ဖမ်းမိထားတာကို သိနေတာလား"

တော်ဝင်နန်းတော်မှ ဤနေရာအထိ လေဟာနယ်ကို ဆုတ်ဖြဲပြီး ပျံသန်းလာလျှင်ပင် လက်ဖက်ရည်တစ်ခွက်သောက်ချိန်ခန့် ကြာမြင့်ပေလိမ့်မည်။ ဤလူသည် ယုဟိုင်ကို သတ်ဖြတ်ရန်အတွက် ကျန်းရွှမ်ချင်းကို ကူညီရန် ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို ဆင့်ခေါ်ချိန်မှ သူ သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည့်အချိန်အထိ အလွန်ကြာမြင့်ခြင့် မရှိသေးချေ။

ဆိုလိုသည်မှာ သူ၏ခမည်းတော်သည် ဤလူမှ ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို ဆက်ခံထားသည်အား ကြိုတင်သိရှိထားပြီး ကာကွယ်ရန်အတွက် စီနီယာကောင်းကို စေလွှတ်လိုက်ခြင်းပင်။

"အရှင်ဧကရာဇ်က လောကကြီးရဲ့အရေးကိစ္စတိုင်းကို သိရှိထားတယ်... သူ ဘယ်သူလဲ ဆိုတာကို ဖုံးကွယ်ထားလို့ မရတာက သဘာဝကျတဲ့ ကိစ္စပဲလေ"

ယွမ်ချင်း၏အတွေးများကို ထွင်းဖောက်မြင်နေရသည့်အလား စီနီယာကောင်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"ဒါဆိုရင်..."

ဤအတည်ပြုချက်ကို ရရှိလိုက်သဖြင့် အိမ်ရှေ့စံမင်းသားယွမ်ချင်း၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။

"ကျွန်တော်က ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို ဖော်စပ်ပြီး ထာဝရနှလုံးသားကို ဖန်တီးခဲ့တဲ့ ကိစ္စကိုရော ခမည်းတော် သိထားတာလား..."

"အရှင်မင်းသား စိတ်ပူဖို့ မလိုပါဘူး... အရှင်ဧကရာဇ်က မတားဆီးခဲ့ဘူး ဆိုကတည်းက အိမ်ရှေ့စံ လုပ်နေတာတွေကို သူ သဘောတူတယ် ဆိုတဲ့ သဘောပါပဲ"

သူ၏စိုးရိမ်မှုကို နားလည်သဖြင့် စီနီယာကောင်းကအတိုချုပ်၍ ရှင်းပြလိုက်သည်။

"ဒီကျွန်အိုကြီးက အရှင်မင်းသားကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး... လူကို အရင် ခေါ်သွားပါတော့မယ်"

ထိုသို့ပြောဆိုပြီးနောက် သူ၏လက်ကို ပေါ့ပေါ့ပါ့ပါး ဖမ်းဆုပ်ကာ ခုန်းရှီကို ချိတ်ပိတ်လိုက်၏။ နောက်ထပ်အချိန်တခဏတွင် လေဟာနယ်အတွင်း၌ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာကာ ထိုလူနှစ်ဦးသည် တခြားလူများ၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

"အရှင်ဧကရာဇ်က ခုန်းရှီမင်ကို သိနေတာလား"

"အိုး ဘုရားရေ....ဧကရာဇ်က ဘာလို့ ဒီလူကို ခေါ်သွားတာလဲ"

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး ပုံစံငါးမျိုးသူတော်စင်အရှင်များကမူ စိုးရိမ်ပူပန်နေကြသည်။

အိမ်ရှေ့စံမင်းသားသည် သူတို့အတွက် ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို ခုန်းရှီမင်ထံမှ ဖယ်ရှားပေးမည်ဟု ကတိပေးခဲ့သဖြင့် သူတို့ လက်အောက်ခံခဲ့ခြင်း ဖြစ်သည်။ ဧကရာဇ်ဖုရှန်းက ဝင်ရောက်စွက်ဖက်ပြီး လူကို ခေါ်ဆောင်သွားလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

ဤသည်မှာ သူတို့၏ ကြိုးပမ်းအားထုတ်မှုများ အချည်းနှီးဖြစ်သွားရုံသာမက သူတို့၏ ဂုဏ်သိက္ခာနှင့် ယုဟိုင်၏အသက်ကိုပင် ပေးဆပ်လိုက်ရသော်လည်း နောက်ဆုံးတွင် မည်သည့်အရာမျှ မရရှိလိုက်ကြောင်း သက်သေပြနေသည် မဟုတ်လော။

"ခမည်းတော် ဒီလိုလုပ်တာ သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပါ"

အိမ်ရှေ့စံမင်းသားယွမ်ချင်းက တင်းမာခက်ထန်သောလေသံဖြင့် ပြောဆိုကာ ခေါင်းခါယမ်းလိုက်ပြီး သူ၏ကျောပြင်တွင် ဇောချွေးများ စီးကျနေသည်။

သူသည် အမြဲတစေ တည်ငြိမ်ပြီး ယုံကြည်မှုရှိကာ လက်အောက်ငယ်သားများအပေါ် ပြတ်သားပြီး သူ၏ညီအစ်ကိုများအပေါ်တွင် ရက်စက်နိုင်သော်လည်း သူ၏ခမည်းတော်နှင့် ရင်ဆိုင်ရချိန်တွင် အသက်ပင် ပြင်းပြင်းမရှူရဲချေ။

သူသည် ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို သန့်စင်ခြင်းအား လျှို့ဝှက်ထားနိုင်သည်ဟု နှစ်ပေါင်းများစွာကြာအောင် သူ ယုံကြည်ထားခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ သူ၏ခမည်းတော်သည် အရာအားလုံးကို သိရှိနေပုံရပေ၏။

သူ ဆေးဖော်စပ်နေသည်ကို သိရှိထားလျှင် ကျန်းရွှမ်ချင်းက သူ၏နှလုံးသားအား လုယူသွားသည်ကိုလည်း သေချာပေါက် သိရှိပေလိမ့်မည်။ သို့ရာတွင် သူ၏ခမည်းတော်သည် မည်သည်ကြောင့် မလှုပ်ရှားဘဲ နေနေသနည်း။

ဤသည်မှာ ထာဝရရွှေခန္ဓာကိုယ်ကို ရရှိရန် အခြေခံအုတ်မြစ်ဖြစ်သော ထာဝရနှလုံးသားပင်။

သူ၏ခမည်းတော်သည် ထိုအရာကို စိတ်မဝင်စားခြင်း ဖြစ်နိုင်သလော...

သူ၏ခမည်းတော်သည် အာဏာ၏ အထွတ်အထိပ်တွင် ရပ်တည်နေပြီး သူ၏ကျင့်ကြံဆင့်သည် အလွန်မြင့်မားသော်လည်း ထာဝရရွှေခန္ဓာကိုယ်ကို မဖွဲ့စည်းနိုင်သေးချေ။

အချိန်ကြာမြင့်စွာ တွေးတောပြီးသည့်တိုင် သူသည် သူ့ခမည်းတော်၏ရည်ရွယ်ချက်အမှန်ကို မခန့်မှန်းနိုင်ခဲ့ချေ။

ထိုအချိန်မှာပင် ရန်ချူးယောင်က ပြောဆိုသည်။

"အရှင်မင်းသား သိပ်ပြီးစိတ်ပူနေဖို့ မလိုပါဘူး... စီနီယာကောင်းက ဘာမှမပြောခဲ့ဘူး ဆိုကတည်းက....အရှင်ဧကရာဇ်က ဒီကိစ္စကို သိထားပေမယ့် ဝင်ရောက်စွက်ဖက်ဖို့ မရည်ရွယ်ဘဲနဲ့ အရှင်မင်းသားကိုယ်တိုင် ကိုင်တွယ်ခွင့် ပေးထားတဲ့ သဘောပါပဲ"

အိမ်ရှေ့စံမင်းသားယွမ်ချင်း နားလည်သဘောပေါက်သွားသည်။

သူ၏ခမည်းတော်သည် ဤကိစ္စကို သိရှိထား ထုတ်ဖော်ပြောဆိုခြင်း မရှိသဖြင့် သူ့ကို လွတ်လပ်စွာ လုပ်ဆောင်ခွင့် ပေးထားခြင်းသာ ဖြစ်ပေမည်။

"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း... ဒီနေ့ကစပြီးတော့ ထျန်းလီအင်ပါယာက ကျန်းရွှမ်ချင်းကို ဖမ်းဆီးဖို့နဲ့လိုက်လံရှာဖွေဖို့ အစွမ်းကုန် ကြိုးစားရမယ်... သူ့ကို အရှင်ဖမ်းမိတဲ့သူ ဘယ်သူမဆို အင်ပါယာရဲ့ မြို့စားအဆင့်အတန်းနဲ့ ကပ်ဘေးမျှဝေခြင်းဆေးလုံးတစ်လုံးကို ဆုချမယ်"

အိမ်ရှေ့စံမင်းသားယွမ်ချင်းက သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်၏။

"ကပ်ဘေးမျှဝေခြင်းဆေးလုံးလား"

လူများအားလုံး အံ့အားသင့်တုန်လှုပ်သွားကြပြီး သူတို့၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။ အပြာရောင်တိမ်တိုက်အရှင်ပင်လျှင် သူ၏ပုံမှန်တည်ငြိမ်မှုကို ဆုံးရှုံးသွားပြီး သူ၏လက်ထဲရှိ ဗုဒ္ဓပုတီးစေ့များကို လျှင်မြန်စွာ ပွတ်သပ်နေမိသည်။

"ဒါက အသက်ပင်လယ်နယ်ပယ်ကနေ ချိုးဖျက်တဲ့အချိန်မှာ ကပ်ဘေးတွေကို ခုခံဖို့ ကူညီပေးနိုင်တဲ့ ဆေးလုံးလား"

ဝမ်ယင်က မမေးမြန်းဘဲ မနေနိုင်တော့ချေ။

တစ်စုံတစ်ယောက်သည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိချိန်၌ နောက်ထပ် အဆင့်တက်ရန် ကြိုးစားခြင်းသည် ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းဖြစ်ပြီး မိုးကြိုးကပ်ဘေးကို ဆွဲဆောင်နိုင်သည်။

ဤမိုးကြိုးကပ်ဘေးသည် အလွန်ပြင်းထန်ပြီး ကျင့်ကြံသူဆယ်ယောက်တွင် တစ်ယောက်ပင်လျှင် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူများ များပြားသော်လည်း ပို၍အဆင့်မြင့်သော ထိပ်သီးကျင့်ကြံသူများ နည်းပါးနေခြင်းပင်။

ဤသည်မှာ သူတို့သည် ကျင့်ကြံဆင့်ချိုးဖျက်ခြင်းကို မလုပ်နိုင်ခြင်းကြောင့် မဟုတ်ဘဲ မလုပ်ဝံ့ကြသောကြောင့်ပင်။

ထို့ကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကပ်ဘေးများကို ကျော်ဖြတ်ရန် နည်းလမ်းပေါင်းများစွာကို ဖန်တီးခဲ့ကြပြီး ကပ်ဘေးမျှဝေခြင်းဆေးလုံးသည် အကျော်ကြားဆုံးနှင့် ထိရောက်မှုအရှိဆုံးအရာပင်။

ထိုဆေးလုံးသည် နာမည်နှင့်ကိုက်ညီစွာ ထိုအရာကို အသုံးမပြုမီ ပျော်ဝင်စေပြီး တပည့်များ သို့မဟုတ် ကောင်းကင်ကံကြမ္မာတူညီသော ကျင့်ကြံသူများကို သောက်သုံးစေပါက သူတို့သည် ကပ်ဘေးကို အတူတကွခုခံရန် ကူညီပေးနိုင်သည်။

လူတစ်ယောက်တည်း ကပ်ဘေးကို ခုခံခြင်းနှင့် လူအမြောက်အများ အတူတကွခုခံခြင်း၏ ရလဒ်သည် လုံးလုံးလျားလျား ကွာခြားပေ၏။

အကယ်၍ တစ်စုံတစ်ယောက်တွင် တပည့်အမြောက်အများရှိနေပြီး ကပ်ဘေးကို အတူတကွ ခုခံပါက သူ၏အန္တရာယ်ကို ထက်ဝက်ကျော် လျှော့ချနိုင်ပေမည်။ တပည့်များ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားသည်ကို ဂရုစိုက်ရန် မလိုချေ။

သူ အဆင့်တက်နိုင်သရွေ့ လူအနည်းငယ် သေဆုံးသွားခြင်းသည် မည်သည်ကြောင့် အရေးပါမည်နည်း.....

ဤဆေးလုံးသည် အလွန်အဖိုးတန်ရှားပါးပြီး ထျန်းလီအင်ပါယာတစ်ခုလုံးတွင်ပင် အနည်းငယ်သာ ပိုင်ဆိုင်ထားသည်။ ယခုချိန်၌ မင်းသားယွမ်ချင်းသည် ထိုအရာကို ဆုကြေးအဖြစ် ကမ်းလှမ်းနေပေ၏။ ထိုသတင်းပျံ့နှံ့သွားသည်နှင့် တပြိုင်နက် ကုန်းမြေတစ်ခုလုံးတွင် အုတ်အော်သောင်းတင်း ဖြစ်သွားမည်မှာ သေချာပြီး မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများကို ဆွဲဆောင်နိုင်ပေလိမ့်မည်။

ဤအရာနှင့် နှိုင်းယှဉ်လိုက်လျှင် မြို့စားအဆင့်အတန်းဟု ခေါ်ဆိုသောအရာသည် ပြောပလောက်ဖွယ်မရှိချေ။

"သွားကြစို့..."

အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် ညွှန်ကြားချက်များ ပေးပြီးနောက် ဤနေရာတွင် ဆက်နေခြင်းက အဓိပ္ပာယ်မရှိတော့ကြောင်း သိထားသဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

သူ၏နှလုံးသား ပျောက်ဆုံးနေသဖြင့် ဆေးလုံးများသည် အချိန်တိုအတွင်း၌ သူ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်သော်လည်း ထိုကိစ္စကို ဖြေရှင်းရန်အတွက် အမြန်ဆုံး ပြန်သွားရန် လိုအပ်သည်။

"ဟုတ်ကဲ့.. "

လူများအားလုံး ခေါင်းညိတ်လိုက်ကြပြီးနောက် သူ၏နောက်မှ လျှင်မြန်စွာ လိုက်ပါသွားကြရာ အပြာရောင်တိမ်တိုက်အရှင် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

အကယ်၍ မည်သူက ပို၍စိတ်ပျက်နေသနည်းဟု ပြောရလျှင် အမှန်အားဖြင့် ဤအိမ်ရှေ့စံမင်းသားထက် သူက ပိုဆိုးပေမည်။

ခုန်းရှီမင်ကို ဆုံးရှုံးလိုက်ရပြီး ဗုဒ္ဓအရှင်၏ တာဝန်ကို ပျက်ကွက်သွားခဲ့သည်။ ထို့ထက်ပို၍အရေးကြီးသည်မှာ သူသည် အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုးနှင့် သံသရာအမွေအနှစ်မျှော်စင်ကို ဆုံးရှုံးလိုက်ရပြီး ဗောဓိသတ္တအဆင့်ကို ရရှိမည့် အခွင့်အရေးကိုလည်း လက်လွှတ်လိုက်ရသည်။

"အပြာရောင်တိမ်တိုက်အရှင်... ဗုဒ္ဓဂိုဏ်းကို အမြန်ဆုံး ပြန်လာဖို့ ဗုဒ္ဓအရှင်က အမိန့်ပေးထားတယ်"

ထိုအချိန်မှာပင် ဗောဓိသတ္တတစ်ပါး၏ပုံရိပ်ယောင်သည် လေထုထဲတွင် ထွက်ပေါ်လာပြီး ခပ်သဲ့သဲ့အသံတစ်သံက မျောလွင့်လာသည်။

All Chapters