ဆယ်ရက်
Vol. 38 Ch. 445
ဖူး....
ထျန်းလီမြို့ရှိ ကျန်းရွှမ် နေထိုင်ရာ ခြံဝန်းငယ်လေးအတွင်းတွင် လေဟာနယ်သည် လှိုင်းထသွားပြီး ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး သွေးများ အဆက်မပြတ် အန်ထုတ်သည်။
ဤသည်မှာ အိမ်ရှေ့စံမင်းသားယွမ်ချင်း၏လက်မှ ထွက်ပြေးလွတ်မြောက်လာသော ကျန်းရွှမ်မှတပါး တခြားလူ မဟုတ်ချေ။
သူသည် ကမ္ဘာသစ်၏ လေဟာနယ်အမှတ်ကို အသုံးပြု၍ တစ်ဖက်လူ၏ လေဟာနယ်ပိတ်ဆို့ထားမှုမှ ဖောက်ထွက်လာနိုင်ခဲ့သည်။ သို့ရာတွင် သူ ပေးဆပ်လိုက်ရသော တန်ကြေးမှာ ပြင်းထန်သော အတွင်းဒဏ်ရာများပင်။ ကံကြမ္မာမီးတောက် ကြာပန်းနီအမွေအနှစ်ကို အတင်းအကြပ် သန့်စင်ခဲ့ခြင်းကလည်း သူ၏အခြေအနေကို ပို၍ဆိုးရွားစေခဲ့သည်။ သူ၏ထာဝရနှလုံးသားသည် ဒွာရကိုးပေါက်အဆင့်သို့ ရောက်ရှိသွားသော်လည်း အချိန်တိုအတွင်းတွင် ပြန်လည်ကောင်းမွန်လာရန်မှာ မဖြစ်နိုင်ပုံရသည်။
ထို့ထက်ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်မှာ နှင်းနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေနှင့် ယုဟိုင်၏စွမ်းအားများ လုံးလုံးလျားလျား ကုန်ခမ်းသွားသဖြင့် သူ၏စွမ်းအားသည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်သို့ ပြန်လည်၍ကျဆင်းသွားခြင်းပင်။ ကြီးမားသော တန်ပြန်သက်ရောက်မှုသည် အဆက်မပြတ် တလိမ့်လိမ့်ထပြီး သူ၏စိတ်ဝိညာဉ်ကို ဆုတ်ဖြဲလုမတတ် နာကျင်မှုကို သယ်ဆောင်လာကာ သူ့ကို သတိလစ်သွားလုနီးပါး ဖြစ်စေခဲ့သည်။
"ငါ ဒီမှာ နေလို့မဖြစ်ဘူး... ချက်ချင်း ထွက်သွားရမယ်... တကယ်လို့ အိမ်ရှေ့စံမင်းသားယွမ်ချင်းက ငါ့ကို ခြေရာခံမိရင် ငါ သေဖို့ သေချာသွားလိမ့်မယ်..."
သူ၏စိတ်ထဲတွင် အဆက်မပြတ် ရိုက်ခတ်နေသော မူးဝေမှုလှိုင်းများကို ဖိနှိပ်ကာ ကျန်းရွှမ်သည် ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ထရပ်လိုက်ပြီး ခြံဝင်းထဲသို့ လျှောက်လှမ်းလာခဲ့သည်။
"စွန်းချန်... စွန်းချန်..."
သူ ကူကယ်ရာမဲ့စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူသည် အလွန်အမင်း နာကျင်နေသော်လည်း စွန်းချန်နှင့်တခြားလူများကို ခေါ်ထုတ်သွားရန် ဤနေရာသို့ သူ ပြန်လာခဲ့ခြင်းပင်။ ခုန်းရှီ ဖမ်းဆီးခံလိုက်ရပြီဖြစ်ရာ သူတို့ကိုလည်း ထပ်မံ၍ ဆုံးရှုံးရပါက သူ တောင့်မခံနိုင်သော ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
သူ အကြိမ်ကြိမ် အော်ခေါ်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။ ကျန်းရွှမ်၏စိတ်နှလုံးသား လေးလံသွားသည်။
ဆေးလုံးစမ်းသပ်မှု လုပ်နေစဉ်အတွင်း၌ အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် လှုပ်ရှားမှုကို ပြုလုပ်ခဲ့သလော....
ဤသည်မှာ ဖြစ်နိုင်ခြေ အလွန်များပေ၏။
ဆေးလုံးစမ်းသပ်မှု၏ နောက်ဆုံးရည်မှန်းချက်မှာ သူ့ကို သတ်ရန်ဖြစ်ကြောင်း ထိုလူသည် ယခင်ကတည်းက ကြိုတင်သိရှိထားသည်။ ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှုများကို ကြိုတင်ဖယ်ရှားပြီး အနာဂတ် ပြဿနာများကို ရှင်းလင်းခြင်းသည် မင်းသားယွမ်ချင်း၏ နည်းလမ်းများနှင့် လုံးလုံးလျားလျား ကိုက်ညီနေသည်။
သူတို့သည် အချိန်တခဏသာ တွေ့ဆုံခဲ့ရသည့်တိုင် အိမ်ရှေ့စံမင်းသား၏ အေးစက်ပြီး ရက်စက်သော စရိုက်သဘာဝကို ဖော်ပြရန် လုံလောက်ခဲ့သည်။ ဤလူသည် သူ၏ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်မည့်သူပင်။
သူသည် ဧည့်ခန်းမ၏ တံခါးများကို တွန်းဖွင့်လိုက်ရာ ပြင်းထန်သော သွေးညှီနံ့သည် သူ့ထံသို့ တိုးဝင်လာသဖြင့် သူ အထဲသို့ အပြေးဝင်သွားလိုက်သည်။
အလောင်းအမြောက်အများသည် ခန်းမထဲရှိ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး သူတို့၏ မျက်နှာများသည် သူနှင့် ရင်းနှီးနေပေ၏။ သူတို့သည် လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းရွှမ် ငှားရမ်းခဲ့သော လက်အောက်ငယ်သားများပင်။ သူတို့၏လည်ပင်းများသည် လှီးဖြတ်ခံထားရပြီး လဲကျရာနေရာ၌ပင် သေဆုံးသွားခဲ့ကြခြင်းဖြစ်သည်။
သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်၍ရှာဖွေပြီးနောက် ယုရှောင်ယွီ လျှူမင်ယွဲ့ ဟုန်ရီနှင့် စွန်းချန်တို့ကို ရှာမတွေ့ခဲ့ချေ။ ထိုကြောင့် ကျန်းရွှမ် က ဧည့်ခန်းမ၏ပြင်ပသို့ ထွက်လာခဲ့သည်။
မကြာမီမှာပင် သူသည် ခြံဝင်းအတွင်းရှိ အခန်းများအားလုံးကို ဖွင့်ကြည့်လိုက်သော်လည်း သူတို့၏ အရိပ်အယောင်ကို မမြင်တွေ့ရချေ။
"သူတို့ အသက်ရှင်နေတယ်... ဒါပေမယ့် ဘယ်ကို ရောက်သွားကြတာလဲ..."
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့သည် သူနှင့် ဆက်နွယ်နေသော ကောင်းကင်ကံကြမ္မာ အတက်အလက်များကို ကျင့်ကြံခဲ့ကြသည်။ အကယ်၍ သူတို့ သေဆုံးသွားပါက သူ အာရုံခံမိပေလိမ့်မည်။ သို့ရာတွင် မည်သည့်တုံ့ပြန်မှုမျှ မရှိသောကြောင့် သူတို့ အသက်ရှင်နေသေးကြောင်း ညွှန်ပြနေသည်။ သို့ရာတွင် သူတို့ မည်သည့်နေရာ၌ ရှိနေသည်ကိုမူ သူ မသိရှိချေ။
"ထားလိုက်တော့... ငါ အရင်ဆုံး ပုန်းအောင်းပြီး ဒဏ်ရာတွေကို ကုရမယ်... ပြီးမှ သူတို့ကို ဆက်ရှာတော့မယ်"
သူ၏လက်ရှိအခြေအနေအရ သူတို့ကို တွေ့ရှိလျှင်ပင် ကူညီရန် စွမ်းအားမရှိကြောင်း နားလည်သဘောပေါက်လိုက်သဖြင့် ကျန်းရွှမ်သည် ဆက်လက်၍ တွေးတောမနေတော့ချေ။ သူ၏ပုံရိပ် ဖျတ်ခနဲတုန်ခါသွားပြီး လေထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
နောက်ထပ်အချိန်တခဏတွင် သူသည် ကျီးလင်မြို့ရှိ တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတစ်ခုအတွင်း၌ ထွက်ပေါ်လာပေ၏။
ဤနေရာသည် သူ လေဟာနယ်ကံကြမ္မာကို နားလည်သဘောပေါက်ခဲ့ပြီး လေဟာနယ်အမှတ်ကို ချန်ထားခဲ့သောနေရာပင်။ ထိုကြောင့် သူ၏အတွေးတစ်ချက်ဖြင့် ဤနေရာသို့ ရောက်ရှိလာနိုင်ခြင်း ဖြစ်သည်။
ဤသည်မှာ သတ်မှတ်ထားသော တည်နေရာကူးပြောင်းချိန် မဟုတ်သောကြောင့် ထိုနေရာတွင် လူသူကင်းမဲ့နေသည်။ ကျန်းရွှမ်သည် တိတ်တဆိတ် ထွက်ခွာလာခဲ့ပြီး ဆယ်မိနစ်အကြာတွင် လူသူကင်းမဲ့သော တောင်ကမ်းပါးလှိုဏ်ဂူတစ်ဂူကို တွေ့ရှိမိသည်။ သူသည် ထိုလှိုဏ်ဂူအတွင်း၌ ဝင်ထိုင်လိုက်၏။
ဤသည်မှာ ကျီးလင်မြို့နှင့် မလှမ်းမကမ်းရှိ တောင်တန်းများအတွင်းတွင် နက်ရှိုင်းစွာ တည်ရှိပြီး လူသူအရောက်အပေါက် နည်းပါးသော နေရာတစ်နေရာပင်။ ကျန်းရွှမ်သည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ပြီး ခြံဝန်းအတွင်းမှ ယူဆောင်လာသော ဝင်္ကပါအလံများကို ခင်းကျင်းလိုက်သည်။ ထို့နောက် သူသည် လှိုဏ်ဂူအတွင်းရှိ ခြေရာလက်ရာ အားလုံးကို ဖုံးကွယ်နိုင်သော ဝင်္ကပါတစ်ခုကို အသက်သွင်းလိုက်၏။
သူ ထွက်ပြေးခဲ့စဉ် အချိန်အတွင်း၌ ကောင်းကင်ရှုမြင် အရိုးအမွေအနှစ်ကို အသုံးပြု၍ သူနှင့် အပြာရောင်တိမ်တိုက်အရှင်တို့ကြားရှိ အကြောင်းအကျိုး ဆက်စပ်မှုများကို ဖြတ်တောက်ခဲ့သည်။ ထိုကြောင့် သူတို့သည် သူ့ကို ယာယီအားဖြင့် ခြေရာခံ၍ မရနိုင်သော်လည်း သူ သတိမပေါ့ရဲချေ။
သူ၏လက်ရှိအခြေအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခုခံတိုက်ခိုက်နိုင်စွမ်း မရှိချေ။ အိမ်ရှေ့စံမင်းသားဖြစ်စေ ဗုဒ္ဓဂိုဏ်းမှ ထိပ်သီးကျင့်ကြံသူများဖြစ်စေ သူ့ကို တွေ့ရှိသွားပါက သူ့အတွက် သေလမ်းသာ ရှိပေလိမ့်မည်။
အမှန်အားဖြင့် အလုံခြုံဆုံး ရွေးချယ်မှုမှာ မည်သူမျှ သူ့ကို ရှာမတွေ့နိုင်သော ကမ္ဘာသစ်ထံသို့ ပြန်သွားခြင်းပင်။ သို့ရာတွင် သူ ထိုသို့လုပ်ဆောင်ပါက သူ ပြန်လည်ကောင်းမွန်လာရန်အတွက် မရှိမဖြစ်လိုအပ်သော ရင်းမြစ်စွမ်းအင်ကို စုပ်ယူခြင်းမှ တားဆီးပေလိမ့်မည်။ ထိုကြောင့် သူ ထိုသို့ပုန်းအောင်းနေခြင်းသည် အဓိပ္ပာယ်ရှိမည် မဟုတ်ချေ။
သူသည် ပလ္လင်ခွေထိုင်လိုက်ပြီး သူ၏စိတ်ကို တည်ငြိမ်အောင် ပြုလုပ်လိုက်၏။
သူ ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း သူ ရရှိခဲ့သော အကျိုးကျေးဇူးများသည်လည်း ကြီးမားသည်။
သူ တန်ဖိုးအရှိဆုံး ရိတ်သိမ်းနိုင်မှုမှာ ထာဝရနှလုံးသားဖြစ်သည်ကို သံသယဖြစ်ဖွယ် မရှိချေ။ ဤနှလုံးသားဖြင့် သူ အသက်ရှင်နေသရွေ့ သူ၏ကျင့်ကြံဆင့်သည် ပို၍မြင့်မားလာပေမည်။ အသက်ပင်လယ်နယ်ပယ်ဟု ခေါ်ဆိုသောကျင့်ကြံဆင့်သည် သူ့အတွက် အတားအဆီးတစ်ခု ဖြစ်တော့မည် မဟုတ်ချေ။
ထို့ပြင် သူ၏စွမ်းအားများ အပြည့်အဝ ပြန်လည်ကောင်းမွန်သွားချိန်၌ အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်တွင်ရှိသော ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသော တိုက်ခိုက်ရေးစွမ်းအားကို ယာယီထုတ်လွှတ်နိုင်ပေမည်။
သူ၏အသိစိတ်အာရုံသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ နှလုံးသားကို ရှင်းလင်းစွာ အာရုံခံမိသည်။ ထိုနှလုံးသား ခုန်လိုက်မှုတိုင်းနှင့်အတူ ထိုအရာသည် အကန့်အသတ်မဲ့သော ရင်းမြစ်စွမ်းအင်များကို စုပ်ယူနေပြီး ရွှမ်ကမ္ဘာကို ပြည့်နှက်သွားစေသည်။
ယခင်က သူ ရင်းမြစ်စွမ်းအင်ကို စုပ်ယူခြင်းသည် ရေကို ဇွန်းဖြင့် ခပ်သည့်အလားပင်။ ယခုအချိန်၌မူ ဤသည်မှာ ကမ္ဘာ့အစွမ်းထက်ဆုံး ရေစုပ်စက်ကို တပ်ဆင်လိုက်သကဲ့သို့ ဖြစ်နေပေ၏။
ရွှမ်ကမ္ဘာ၏အတိုင်းအတာသည် မည်မျှပင် ကြီးမားပါစေ အချိန်ကြာလာသည်နှင့်အမျှ နောက်ဆုံးတွင် စွမ်းအားများ ပြည့်နှက်သွားပေလိမ့်မည်။
သူ၏နှလုံးသား ခုန်နေမှုကို သူ၏စိတ်ထဲမှ ထုတ်လိုက်ပြီး ကျန်းရွှမ်သည် လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ရတနာပစ္စည်းများက သူ၏ရှေ့တွင် တောင်ပုံရာပုံထွက်ပေါ်လာသည်။
ဤအရာများသည် ကျန်းလီနှင့် ယုဟိုင်တို့ထံမှ ရရှိခဲ့သော အရာများပင်။ ယုဟိုင်တွင် စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းတံခွန်မှလွဲ၍ တခြားရတနာပစ္စည်း အမြောက်အများကို မပိုင်ဆိုင်သော်လည်း ကျန်းလီကမူ ကွာခြားသည်။ သူသည် ရတနာသိုက်ကြီးတစ်ခု ဖြစ်ပေ၏။
လောကကြီး၏ ထိပ်သီးဆေးပညာရှင်အနေဖြင့် ကျန်းလီသည် မိုးကောင်းကင်ယံရှိ ကြယ်များကဲ့သို့ များပြားသော ဆေးလုံးများအပြင် မရေမတွက်နိုင်သော ဆေးဖက်ဝင်ပစ္စည်းများကို ပိုင်ဆိုင်ထားသည်။
တခြားလူတစ်ဦးဦးသည် ဤရတနာသိုက်ကို ရရှိခဲ့ပါက ဆေးလုံးများ၏အာနိသင်များကို မသိရှိသဖြင့် ထိုအရာများကို မဆင်မခြင် သောက်သုံးခြင်းမှ ရှောင်ကြဉ်ကြပေလိမ့်မည်။ သို့ရာတွင် ကျန်းရွှမ်ကမူ ကွဲပြားခြားနားသည်။ သူ၏လက်ချောင်းများဖြင့် ထိုဆေးလုံးများကို ညင်သာစွာ ထိတွေ့လိုက်ရုံဖြင့် သက်ဆိုင်ရာ စာအုပ်များသည် ကောင်းကင်ဘုံစာကြည့်တိုက်အတွင်း၌ ထွက်ပေါ်လာပေလိမ့်မည်။ သူသည် ထိုဆေးလုံးများ၏အာနိသင်များကို ခွဲခြားသိမြင်နိုင်ရုံသာမက ထိုအရာများ၏ချို့ယွင်းချက်များကိုလည်း ဖော်ထုတ်နိုင်ပေမည်။
မကြာမီမှာပင် သူသည် ဒဏ်ရာများကို ပြန်လည်၍ကောင်းမွန်စေသော ဆေးလုံးတချို့ကို ရွေးချယ်ကာ အလျင်အမြန် သောက်သုံးလိုက်သည်။
ဒုတ်..ဒုတ်..ဒုတ်....
နှလုံးသား၏ပုံမှန်စည်းချက်နှင့်အတူ ဆေးစွမ်းအားများသည် သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး သူ၏စိတ်ဝိညာဉ်အတွင်းရှိ ဆုတ်ဖြဲခံရလုမတတ် နာကျင်မှုကို သက်သာစေသည်။
သို့ရာတွင် သူသည် ဆယ်ရက်နှင့်ဆယ်ည အိပ်မပျော်ခဲ့သည့်အလား အလွန်အမင်း ပင်ပန်းနွမ်းနယ်နေဆဲပင်။ ထိုပင်ပန်းနွမ်းနယ်မှုသည် သူ့ကို တိုက်စားနေပြီး အချိန်မရွေး သတိလစ်မေ့မျောသွားတော့မည့်အလားပင်။
"ထားလိုက်တော့... ငါ အတင်းအကြပ် မလုပ်တော့ဘူး... နည်းနည်းလောက် အိပ်လိုက်တာက ငါ ပြန်ကောင်းလာဖို့အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်..."
ကျန်းရွှမ်သည် ပို၍ကောင်းမွန်သော နည်းလမ်းမရှိကြောင်း မြင်လိုက်ရသဖြင့် ကြွင်းကျန်သော ဆေးလုံးများကို ကမ္ဘာသစ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် သူသည် ဆက်လက်၍ တောင့်မခံတော့ဘဲ မြေပြင်ပေါ်တွင် လဲလျောင်းလိုက်ပြီး နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။
သူ အိပ်ပျော်နေစဉ် ထာဝရနှလုံးသားသည် ဆက်လက်၍ခုန်နေပြီး ထူထပ်သိပ်သည်းသော ဆေးစွမ်းအားများကို သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်တစ်ခုချင်းစီတိုင်းသို့ ပို့ဆောင်ပေးနေသည်။
ဝှစ်....
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မည်သူမျှ မသိသော်လည်း သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ အကန့်အသတ်အထိ စုပုံလာချိန်၌ ခပ်အုပ်အုပ်တုန်ခါသံတစ်သံ ပဲ့တင်ထပ်လာသည်။ သူ၏ကျင့်ကြံမှုသည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်မှ အဋ္ဌမအဆင့်သို့ မြင့်တက်သွားပေ၏။
အိပ်ပျော်နေစဉ် အဆင့်တက်ခြင်း... သူ အတိတ်က စိတ်ကူးပင် မယဉ်နိုင်ခဲ့သော အရာသည် ယခုအချိန်၌ လက်တွေ့ဖြစ်လာခဲ့လေပြီ။
ဤသည်မှာ ထာဝရနှလုံးသား၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားပင်။
အကယ်၍ သူ အနားယူနေပြီး မကျင့်ကြံလျှင်ပင် နှလုံးခုန်တိုင်း စွမ်းအားများကို စုပ်ယူနေမည်ဖြစ်ပြီး သူ၏တိုးတက်မှု ရပ်တန့်သွားခြင်း မရှိမည်ကို အာမခံနိုင်သည်။
အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် ငယ်စဉ်ကတည်းက မရေမတွက်နိုင်သော ရတနာများကို ပိုင်ဆိုင်ခဲ့သော ပါရမီရှင်တစ်ဦးပင်။ သို့ရာတွင် သူသည် ဤကောင်းကင်ဘုံကို အာခံနိုင်သော စွမ်းအားကြောင့် ထာဝရနှလုံးသားကို ရရှိရန်အတွက် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် အစီအစဉ်ဆွဲရန် ဆန္ဒရှိခဲ့ခြင်းပင်။
ဝုန်း....
ကြယ်စင်မြစ်နယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိပြီးနောက် သူ၏နှလုံးသားသည် စွမ်းအားများကို ဆက်လက်၍ ဖြည့်တင်းပေးနေလေရာ ကျန်းရွှမ်၏ကျင့်ကြံမှုသည် ရပ်တန့်မသွားဘဲ တဖြည်းဖြည်း မြင့်တက်နေသည်။
အစောပိုင်းက နှင်းနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေကို အသုံးပြု၍ သူ ဆင်နွှဲခဲ့သော တိုက်ပွဲသည် သူ့ကို အားကုန်ခမ်းစေပြီး သေမင်းတံခါးဝသို့ ပို့ဆောင်ခဲ့သည်။ သို့ရာတွင် ထိုတိုက်ပွဲသည် သူ၏မရီဒါန်းများအားလုံးကို ချဲ့ထွင်ပေးနိုင်ခဲ့လေ၏။ ဆိုလိုသည်မှာ သူသည် ယခုလက်ရှိတွင် ကြယ်စင်မြစ်နယ်ပယ် အဋ္ဌမအဆင့်၌သာ ရှိနေသော်လည်း သူ့မရီဒါန်းများ၏ ကျယ်ဝန်းမှုနှင့် ခိုင်ခံ့မှုသည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်ပေမည်။
ဤသည်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသော ကစားသမားတစ်ဦးသည် အနားယူပြီးနောက် အစမှ ပြန်လည်စတင်သည့်တိုင် သူတို့ထံ၌ ယခင်ရုပ်ပိုင်းဆိုင်ရာ ခွန်အားမျိုး ရှိနေခြင်းနှင့် တူညီသည်။ သူ၏တိုးတက်မှု မည်မျှထိ မြန်ဆန်မည်ကို တွေးတောကြည့်ရုံဖြင့် သိနိုင်ပေမည်။
ကျန်းရွှမ် အိပ်ပျော်နေစဉ်မှာပင် ထာဝရနှလုံးသားသည် သူ၏ကျင့်ကြံမှုကို မြှင့်တင်ပေးနေသည်။ နောက်ဆုံးတွင် အချိန်အတိုင်းအတာ တစ်ခုကြာပြီးနောက် သူသည် အိပ်မောကျနေရာမှ နိုးထလာပြီး သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
"ငါ တကယ်ကြီး ဆယ်ရက်လုံးလုံး အိပ်ပျော်သွားတာလား"
သူ၏အိပ်စက်ချိန် ကြာမြင့်မှုကို အတည်ပြုလိုက်ပြီးနောက် ကျန်းရွှမ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။