← Chapters

အခန်း (၂၉၀၁-၂၉၀၅)

Vol. 125 Ch. 2901-2905

အခန်း (၂၉၀၁-၂၉၀၅)

Vol. 125 Ch. 2901-2905

အပိုင်း (၂၉၀၁)

ဘာသာပြန်သူ_တိမ်တိုက်

မျက်လုံးနက်အကျဉ်းထောင်ပညာရပ်ကို မိုတော့မှ အတင်းအကြပ် ဖယ်ရှားလိုက်သည့်အတွက်ကြောင့် ရန်ကိုင်မှာ တန်ပြန်ဘေးထွက်ဆိုးကျိုး ခံစားလိုက်ရသည်။ သူ့အသက်စွမ်းအင်များ ကသောင်းကနင်း ဖြစ်လာခဲ့ပြီး ခေါင်းတစ်ခုလုံးမှာ နှစ်ပိုင်းကွဲထွက်တော့မလို ခံစားနေခဲ့ရလေရာ ရန်ကိုင်မှာ စူးစူးဝါးဝါးကို အော်ဟစ်နေတော့လေ၏။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ မိုတော့သည် သစ်ပင်ပေါ်သို့ အမြန်ပြေးတက်သွားလေသည်။ အချိန်အနည်းငယ်အတွင်းမှာပင် မိုတော့သည် မီတာပေါင်း သောင်းနှင့်ချီအမြင့်သို့ ရောက်ရှိခဲ့ပြီး သစ်ပင်ထိပ်ဖျားသို့ ရောက်ခါနီး ဖြစ်သွားခဲ့သည်။

သို့ရာတွင် ထိုအခိုက်အတန့်၌ ရန်ကိုင်သည် မိုတော့ရှေ့၌ ထူးထူးဆန်းဆန်းပေါ်လာပြီး သူ့အား နတ်ဆိုးတိုက်ပွဲတူဖြင့် ဒေါမာန်တကြီး ထုချလိုက်လေသည်။

မိုတော့သည် သစ်ပင်ပင်စည်၏ အခြားတစ်ဖက်ဆီသို့ ခုန်၍ ရန်ကိုင်၏ရိုက်ချက်ကို ရှောင်တိမ်းလိုက်သည်။

မိုတော့နှင့် ရန်ကိုင်တို့သည် တစ်ဦးကိုတစ်ဦး အနီးကပ်အနေအထားအဖြင့် စိုက်ကြည့်နေကြသည်။ မိုတော့မှာ ဒေါသူပုန်ထနေပါသော်ငြား ရန်ကိုင်၏အမူအယာမှာမူ နတ်ဆိုးချီဖြင့် လွှမ်းခြုံခြင်း ခံထားရသည့်အတွက်ကြောင့် မမြင်ရသည့်တိုင် သူ့မျက်လုံးများမှာတော့ ယခင်ကထက်ပို၍ ကြည်လင်ကာ အားအင်တက်ကြွနေခဲ့သည်။ နတ်ဆိုးတိုက်ပွဲတူကို ပုခုံးထက်တင်ရင်းမှ ရန်ကိုင်သည် ခက်ထန်ကြမ်းကြုတ်သည့်အမူအယာဖြင့် ပြောလိုက်လေသည်။ “ကျုပ် အသိစိတ်ကို လှုပ်နှိုးပေးလိုက်တာ ကျေးဇူးပဲ… မဟုတ်ရင် ကျုပ် တကယ်ကြီး အဲ့အခြေအနေကနေ လွတ်လာနိုင်မှာမဟုတ်ဘူး…”

မိုတော့၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “အနက်ရောင်မျက်လုံးရဲ့စွမ်းအား မပါဘဲနဲ့ မင်း ငါ့ကို ဘယ်လိုတားမှာလဲ…”

မျက်လုံးနက်အကျဉ်းထောင် ဖယ်ရှားခြင်း ခံလိုက်ရသည့်နောက်တွင် ရန်ကိုင်၏စွမ်းအားမှာ အကြီးအကျယ် လျော့ကျသွားကြောင်းကို မိုတော့ သတိထားမိသည်။ ရန်ကိုင်မှာ အသိပြန်လည်လာခဲ့ပါသော်ငြား မိုတော့၏ပြိုင်ဘက်တော့ မဖြစ်နိုင်တော့ချေ။

ထိုစကားကိုကြားသော် ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးပြရင်း “ကျုပ် ခင်ဗျားကို မတားနိုင်တာ ဟုတ်တယ်… ဒါပေမယ့် ခင်ဗျားကို တားဖို့မှမလိုတာ… အချိန်ဆွဲထားရုံနဲ့တင် လုံလောက်နေပြီလေ…”

ထိုစကားကိုကြားသော် မိုတော့၏မျက်နှာကြီး သုန်မှုန်သွားခဲ့လေသည်။ ရန်ကိုင်သည် မိုတော့၏ပြိုင်ဘက် မဖြစ်နိုင်တော့လျှင်ပင် မိုတော့အား နှောင့်နှေးအောင် အချိန်ဆွဲထားနိုင်ပေသေးသည်။ ရန်ကိုင်သာ မိုတော့အား အချိန်ဆွဲထားနိုင်သရွေ့ အမြဲစိမ်းနတ်သစ်ပင်သည် ကမ္ဘာလမ်းကြောင်းကို ချိတ်ပိတ်နိုင်မည့်အခွင့်အရေးအား ရသွားပေလိမ့်မည်။

သစ်ပင်ထိပ်ဖျားသည် ကမ္ဘာလမ်းကြောင်း၏ အဖျားပိုင်းနားဆီသို့ ရောက်နေခဲ့လေပြီ။ ရှင်းရှင်းပြောရသော် ၎င်း၏သစ်ကိုင်းသစ်ခက်များနှင့် သစ်ပင်ပင်စည်ကြီးဖြင့် ကမ္ဘာလမ်းကြောင်းတစ်ခုလုံးကို အပြည့်အဝ ဖုံးအုပ်ခါနီး ဖြစ်နေခဲ့လေပြီ။ အမြဲစိမ်းနတ်သစ်ပင်သည်သာ ဆက်လက်ကြီးထွားနေသရွေ့ အနှေးနှင့်အမြန်ဆိုသလို ကမ္ဘာလမ်းကြောင်းကို အပြည့်အဝ ချိပ်ပိတ်သွားပေလိမ့်မည်။

“မင်းကြိုးစားကြည့်လို့ရတယ်…” ထိုသို့ အော်ပြောလိုက်ပြီးသည့်နောက်တွင် မိုတော့သည် သူရပ်နေသည့် သစ်ကိုင်းသစ်ခက်ကို ကန်ကျောက်၍ အပေါ်သို့ အမြောက်ဆံတစ်လုံးပမာ ပြေးတက်သွားရင်း လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ရန်ကိုင်သည် မိုတော့၏လက်သီးချက်ကို ဝင်ခံလိုက်သည့်အလား မိုတော့၏လက်သီးချက်ရှေ့တည့်တည့်၌ ထူးဆန်းစွာ ပေါ်လာခဲ့လေသည်။

ရန်ကိုင်ကိုယ်တိုင်သည်လည်း မိုတော့မှ အပေါ်သို့ ပြေးဝင်လာလာချင်း လက်သီးဖြင့်ထိုးချလိမ့်မည်ဟု မထင်ထားသဖြင့် ကြောင်သွားခဲ့သည်။ လက်သီးချက်ကြောင့် လွင့်စင်ထွက်သွားခဲ့ပါသော်ငြား ရန်ကိုင်၏တုံ့ပြန်နှုန်းမှာ အတော်လေးမြန်သည်ဟု ပြော၍ရပေသည်။ လွင့်စင်ထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပဲ တည်နေရာခုန်ကူးကာ မိုတော့အပေါ်၌ ပြန်ပေါ်လာခဲ့သည်။

ထို့နောက်တွင် နတ်ဆိုးချီဖြင့် အားဖြည့်ထားသော နတ်ဆိုးတိုက်ပွဲတူဖြင့် မိုတော့၏ခေါင်းတည့်တည့်အား ထုချလိုက်လေသည်။

“ခွေးကောင်…” မိုတော့မှာ ရန်ကိုင်၏ တူရိုက်ချက်ကို သူ့လက်ဖြင့် ကာရင်းမှ အော်ဟစ်လိုက်လေသည်။

“ဘုန်း…” ဟူသော မြည်သံကြီးနှင့်အတူ မိုတော့၏ခန္ဓာကိုယ်ကြီး မီတာပေါင်းများစွာသို့ ပြန်လျှောကျသွားခဲ့ရသည်။ သို့သော်ငြား သူ့ကိုယ်သူ အလျင်အမြန် ဟန်ချက်ပြန်ထိန်းလိုက်နိုင်လေသည်။ မိုတော့မှာ အလွန်တရာကိုမှ ဒေါသထွက်နေလေရာ အိမ်တမျှကြီးမားလှသော သူ၏မျက်လုံးများဆိုလျှင် မီးတောက်လုမတတ်ပင် ဖြစ်နေခဲ့လေသည်။

မျက်လုံးနက်အကျဉ်းထောင် ဖယ်ရှားခြင်း ခံလိုက်ရပြီးသည့်နောက်တွင် ရန်ကိုင်၏ခွန်အားမှာ သိသိသာသာကို လျော့ကျသွားခဲ့သည်။ သူ၏တူရိုက်ချက်ကို ကြည့်ရုံဖြင့်ပင်လျှင် သိနိုင်ပေသည်။ ယခင်က ရန်ကိုင်မှ တူတစ်ချက်ရိုက်လိုက်ပြီဆိုသည်နှင့် မိုတော့မှာ ဒယီးဒယိုင် ဖြစ်သွားခဲ့ရသည်။ သို့သော်ငြား ယခုအချိန်တွင်တော့ မိုတော့အား နောက်သို့ အနည်းငယ် ဆုတ်သွားအောင် တွန်းအားပေးရုံသာ တတ်နိုင်ခဲ့လေသည်။

သို့တိုင် ရန်ကိုင်သည် လက်ရှိ မိုတော့ ကြုံနေရသည့် အကြီးအမားဆုံး အတားအဆီးဖြစ်လေ၏။ မိုတော့သည်သာ ရန်ကိုင်အား မဖယ်ရှားပါက အပေါ်သို့ အေးအေးဆေးဆေး တက်လို့ရလိမ့်မည်မဟုတ်ချေ။ သို့သော်ငြား မိုတော့တွင် ရန်ကိုင်နှင့် ရင်ဆိုင်တိုက်ခိုက်နေဖို့ အချိန် မည်ကဲ့သို့များ ရှိပါမည်နည်း။

မိုတော့သည် ရန်ကိုင်အား အထင်သေးမိခဲ့လေသည်။ ရှင်းရှင်းပြောရသော် နတ်ဆိုးသူတော်စင်အားလုံး ရန်ကိုင်အား အထင်သေးခဲ့မိသည်ဟု ပြော၍ရသည်။ ရန်ကိုင်သည် ဤကဲ့သို့သော ထူးဆန်းသည့် စွမ်းအားမျိုးကို အသုံးပြုနိုင်မှန်းသာ ကြိုသိခဲ့မည်ဆိုလျှင် ရန်ကိုင်အား ရင်ဆိုင်ရန်အတွက် နတ်ဆိုးသူတော်စင်နှစ်ပါးကို စေလွှတ်ခဲ့ပေလိမ့်မည်။

မိုတော့မှာ လေချွန်၍ အကူအညီ လှမ်းကာ တောင်းခံလိုက်သည်။ သို့သော်ငြား မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့။

အခြားသောနတ်ဆိုးသူတော်စင်လေးပါးမှာ မှော်သူတော်စင်လေးပါးနှင့် ရင်ဆိုင်တိုက်ခိုက်နေရသည့်အတွက်ကြောင့် အရေအတွက် တူနေလေရာ မည်သူမျှ ထိုနေရာမှ အလွယ်တကူ မထွက်လာနိုင်ကြချေ။ ထို့အတွက်ကြောင့် အမြဲစိမ်းနတ်သစ်ပင်အား ဖျက်ဆီးမည့်တာဝန်ကို မိုတော့ သူ့ဘာသာသူ ဆက်လုပ်ရပေလိမ့်မည်။

ထိုစဉ် ထူးဆန်းသည့်အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ မိုတော့ မျက်ခုံးပင့်သွားခဲ့ပြီး အပေါ်သို့ လှမ်းကြည့်လိုက်ရာ ဧရာမသစ်ပင်ကြီး၏ ကနူပီကြီးသည် ကမ္ဘာလမ်းကြောင်းအား အပြည့်အဝ ပိတ်သွားပြီမှန်း တွေ့လိုက်ရလေသည်။ သစ်ပင်ကြီး၏ကနူပီမှာ ဖိအားအောက်ဝယ် အနည်းငယ် ပုံသဏ္ဍာန်ပျက်ယွင်းနေပါသော်ငြား ကမ္ဘာလမ်းကြောင်းကိုတော့ ချိတ်ပိတ်ပစ်နိုင်ခဲ့လေသည်။

နောက်ကျသွားခဲ့လေပြီ။ ယခုမှတော့ နောက်ကျသွားခဲ့လေပြီ။ မိုတော့ စိတ်ညစ်သွားတော့လေ၏။ ရန်ကိုင်ကမူ ဒဏ်ရာရထားလင့်ကစား ဝါးလုံးကွဲအော်ရယ်မောနေခဲ့လေသည်။ ရန်ကိုင်၏အော်ရယ်မောသံကို ကြားရင်း မိုတော့မှာ ပိုပို၍ ရှက်ရွံ့လာခဲ့ရသည်။ သူ့ရင်ထဲ မျိုသိပ်ထားရသည့် ဒေါသတို့မှာလည်း မီးတောင်ရှင်တစ်လုံးနှယ် ပေါက်ကွဲထွက်လာတော့လေသည်။

ရန်ကိုင်၏ လည်တိုင်ကို တစ်ယောက်ယောက်မှ ရုတ်တရက် ညှစ်လိုက်သည့်အလား သူ့ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

မိုတော့သည်လည်း တစ်ခုခုအား ခံစားမိသွားပြီး သူ့အမူအယာမှာ ရုတ်ချည်း လေးနက်တည်ကြည်သွားခဲ့လေ၏။

နှစ်ယောက်စလုံး ကမ္ဘာလမ်းကြောင်းရှိရာဆီသို့ တစ်ပြိုင်တည်း မော့ကြည့်လိုက်ကြလေသည်။

လက်ရှိအချိန်တွင် အမြဲစိမ်းနတ်သစ်ပင်၏ ကနူပီကြီးအထက်တွင် အနက်ရောင်တိမ်စိုင်တိမ်တိုက်တစ်ခု ပေါ်လာခဲ့လေသည်။ ထိုအနက်ရောင်တိမ်စိုင်တိမ်တိုက်သည် တဖြည်းဖြည်းနှင့် တွန့်လိမ့်နေရင်းမှ အောက်သို့ ဆင်းလာနေခဲ့သည်။ အနက်ရောင်တိမ်တိုက် အောက်သို့ဆင်းလာသည့်နှုန်းမှာ မြန်ဆန်ခြင်းမရှိပါသော်ငြား ထိုအနက်ရောင်တိမ်တိုက်ဆီမှ အလွန်တရာကိုမှ အားကောင်းလှသော ဖိအားတို့ ဖြာထွက်နေခဲ့လေသည်။ အောက်သို့ဆင်းလာနေရင်းမှ အနက်ရောင်တိမ်တိုက်သည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသယောင် ထင်မှတ်ရသည့် ဧရာမလက်ကြီးတစ်ဖက်အဖြစ်သို့ ပြောင်းလဲသွားလေ၏။

“မဟာနတ်ဆိုးနတ်ဘုရား…” မိုတော့ အလန့်တကြား ဆိုလိုက်လေသည်။

“မဟာနတ်ဆိုးနတ်ဘုရား…” ရန်ကိုင် ကြောင်သွားခဲ့လေသည်။

နတ်ဆိုးနယ်မြေထဲတွင် အားအကောင်းဆုံးသော ပညာရှင်သည်သာ မဟာနတ်ဆိုးနတ်ဘုရားအဖြစ် ခေါ်တွင်ထိုက်ပေသည်။ ထိုမဟာနတ်ဆိုးနတ်ဘုရားသည် နတ်ဆိုးသူတော်စင်များထက်ပင် ပို၍အားကောင်းသည့် တည်ရှိမှုတစ်ခုလည်း ဖြစ်ပေသည်။ ထိုမဟာနတ်ဆိုးနတ်ဘုရားသည်သာ ကမ္ဘာနှစ်ခုကြားရှိ အတားအဆီးကို ဖျက်ဆီး၍ နတ်ဆိုးနယ်မြေနှင့် လူရိုင်းကမ္ဘာကြား လမ်းကြောင်းတစ်ခုကို ဖန်တီးပေးခဲ့သူလည်း ဖြစ်သည်။

နတ်ဆိုးသူတော်စင်များသည်ပင်လျှင် အလွန်ကိုမှ အားကောင်းနေလေရာ နတ်ဆိုးသူတော်စင်များထက် ပို၍အားကောင်းသော မဟာနတ်ဆိုးနတ်ဘုရားဆိုလျှင် မည်မျှပင် အားကောင်းလိုက်လေမည်နည်း။ ရန်ကိုင်ကိုယ်တိုင်သည်လည်း ဤမေးခွန်း၏အဖြေကို စဉ်းစားကြည့်ခဲ့ဖူးသည်။ သို့သော်ငြား စဉ်းစားမရခဲ့ပေ။ တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦးမှ တာအိုသခင်အဆင့်ပညာရှင်တစ်ဦး မည်မျှအားကောင်းသလဲဆိုသည်ကို နားမလည်နိုင်သလို လက်ရှိရန်ကိုင်သည်လည်း မဟာနတ်ဆိုးနတ်ဘုရား မည်မျှအားကောင်းကြောင်းကို နားမလည်နိုင်ပေ။

လက်ရှိအချိန်တွင်တော့ ရန်ကိုင်မှာ မဟာနတ်ဆိုးနတ်ဘုရား မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို အလွယ်တကူ ခံစားမိနေခဲ့လေသည်။ အနက်ရောင်တိမ်တိုက်မှ ဖြစ်ပေါ်လာသည့် ရိုးရှင်းသည့် လက်ဝါးလေးတစ်ခုသည်ပင်လျှင် လောကကြီးတစ်ခုလုံးအား ဖျက်ဆီးနိုင်သယောက် ထင်မှတ်ရသည်။ ထိုစွမ်းအားသည် နတ်ဆိုးသူတော်စင်များသည်ပင်လျှင် ကြောက်ရွံ့ရသည့် စွမ်းအားတစ်မျိုး ဖြစ်ပေသည်။

ဧရာမလက်ကြီးမှာ အောက်သို့ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ အမြဲစိမ်းနတ်သစ်ပင်၏ ကနူပီကြီးဆီမှ တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာခဲ့လေသည်။ ဧရာမသစ်ပင်ကြီးမှာ ဆက်၍ မကြီးထွားနိုင်တော့ဘဲ တဖြည်းဖြည်းနှင့် ဖိချခံနေရသည်။

မိုတော့မှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း အနည်းငယ်မျှပင် ပျော်နေခြင်းမရှိခဲ့။ ထို့အစား ကြောက်ပင်ကြောက်နေသေးသည်။ ပုတီးစေ့တမျှ ကြီးမားလှသော ချွေးသီးချွေးပေါက်တို့သည် သူ့နဖူးထက်မှ ဝေ့သီကျလာခဲ့ပြီး မီတာသုံးရာခန့်မြင့်မားသော သူ၏ခန္ဓာကိုယ်ကြီးမှာလည်း တုန်တုန်ရီရီ ဖြစ်လာနေခဲ့လေသည်။

မဟာနတ်ဆိုးနတ်ဘုရားမှ ပို့လိုက်သော နတ်ဆိုးသူတော်စင်တစ်ပါးဖြစ်သည့် သူသည် ကမ္ဘာလမ်းကြောင်းကို ချိတ်ပိတ်မည့် ပြင်ပမျိုးနွယ်စု၏ အစီအစဉ်ကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ခြင်း မရှိချေ။ ထို့အတွက်ကြောင့် မဟာနတ်ဆိုးနတ်ဘုရားကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားလာခဲ့ရသည်။ ယခုတိုက်ပွဲပြီးသည့်နောက် နတ်ဆိုးမျိုးနွယ် အောင်ပွဲရသွားမည်ဆိုလျှင်ပင် သူနှင့် အခြားသောနတ်ဆိုးသူတော်စင်လေးပါးမှာတော့ အပြစ်ဒဏ်မှ ကင်းလွတ်နိုင်လိမ့်မည်မဟုတ်ချေ။

မဟာနတ်ဆိုးနတ်ဘုရားတစ်ပါးမှ ပေးသည့်အပြစ်သည် သာမန်လူများ တောင့်ခံနိုင်သည့် အပြစ်မျိုးမဟုတ်။ သူသည် နတ်ဆိုးသူတော်စင်တစ်ပါး ဖြစ်နေမည်ဆိုလျှင်ပင် ထိုအပြစ်မှာတော့ အတော်လေးကိုမှ ကြီးလွန်းလှပေလိမ့်မည်။

“ရွှစ်…” ထူးဆန်းသည့်အသံတစ်သံ ထွက်လာသဖြင့် မိုတော့လည်း လှမ်းကြည့်လိုက်ရာ သူ့မျက်နှာအမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ထအော်လေ၏။ “မင်း ဘယ်လိုတောင် လုပ်ရဲတာလဲကွ…”

မှော်ဆရာညိုသည် အလေးအနက်အမူအယာဖြင့် ကမ္ဘာလမ်းကြောင်းရှိရာဆီသို့ ပျံတက်သွားနေကြောင်း တွေ့လိုက်ရလေသည်။ မှော်ဆရာညိုကို ကြည့်ရသည်မှာ သူ့ခွန်အားဖြင့် မဟာနတ်ဆိုးနတ်ဘုရားအား တားဆီးချင်နေသည့်ပုံပင်။

မှော်ဆရာညို၏လုပ်ရပ်သည် မိုတော့အား အကြောက်ကြီးကြောက်သွားစေခဲ့လေသည်။

မှော်ဆရာညို မဟာနတ်ဘုရားအား တားနိုင်လိမ့်မည်ဟုတော့ မိုတော့မထင်ချေ။ မဟာနတ်ဆိုးနတ်ဘုရားကိုယ်တိုင် လှုပ်ရှားလာပြီ ဖြစ်သည့်အတွက်ကြောင့် မှော်ဆရာညို မည်မျှပင် အားကောင်းနေစေကာမူ မဟာနတ်ဆိုးနတ်ဘုရားရှေ့မှောက်တွင် ဘာဆိုဘာမှ လုပ်နိုင်လိမ့်မည်မဟုတ်။ သို့သော်ငြား မှော်ဆရာညိုအား မဟာနတ်ဆိုးနတ်ဘုရားအား သွားနှောင့်ယှက်ခွင့် မပြုနိုင်ချေ။

မိုတော့သည် မှော်ဆရာညိုအား တားဆီးချင်နေသည့်အလား မှော်ဆရာညိုနောက်သို့ ပြေးလိုက်သွားသည်။ မည်သို့ပင်ဖြစ်နေစေကာမူ သူ့ခန္ဓာကိုယ်မှာ အလွန်တရာကိုမှ ကြီးမားလွန်းလှသည့် အတွက်ကြောင့် မှော်ဆရာညိုကဲ့သို့ သွက်လက်မှုမရှိလေရာ မှော်ဆရာညို ကမ္ဘာလမ်းကြောင်းဆီသို့ ပြေးထွက်သွားသည်အား ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်။

အပေါ်သို့ ပျံတက်နေရင်းမှ မိုတော့မှာ အလွန်ကိုမှ စိတ်ပူလာခဲ့ရလေသည်။ နတ်ဆိုးချီကို အရူးအမူးလှည့်ပတ်၍ ခုန်တက်သွားလိုက်လေရာ အသက်ဆယ်ရှိုက်စာအတွင်း သစ်ပင်၏ ကနူပီဆီသို့ ရောက်လာခဲ့လေသည်။

ထိုနေရာသို့ ရောက်လာပြီးသည့်နောက်တွင် အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ရန်ကိုင်အား သတ်နိုင်ရန်အတွက် ကမ္ဘာလမ်းကြောင်းဆီသို့ ပြေးတက်သွားလေသည်။

ကမ္ဘာလမ်းကြောင်းအတွင်းပိုင်းမှာ ဗလာကျင်းနေခဲ့ပြီး အရာအားလုံးမှာ ပရမ်းပတာဖြစ်နေခဲ့သည်။ မည်သည့်နေရာသည် မည်သည့်နေရာသို့ ဦးတည်နေသလဲ ဆိုသည်ကို သိနိုင်သည့် မည်သည့်အမှတ်အသားမှ ရှိမနေခဲ့။ နတ်ဆိုးသူတော်စင်တစ်ပါးသည်ပင်လျှင် ကမ္ဘာလမ်းကြောင်းထဲသို့ ရောက်လာပြီးသည့်နောက်တွင် အဆုံးမဲ့ဟင်းလင်းပြင်ကြီးကိုကြည့်ရင်း တုန်တုန်ရီရီ ဖြစ်သွားရနိုင်ပေသည်။ ပညာရှင်တစ်ဦး မည်မျှပင် အားကောင်းနေစေကာမူ ဤနေရာတွင်သာ လမ်းပျောက်သွားမည်ဆိုပါက ဤနေရာထဲတွင်သာ ထာဝရ ပိတ်မိနေရပေလိမ့်မည်။

အလွန်တရာကိုမှ အားကောင်းလှသည့် ဖိအားကို ခံစားမိလိုက်သည့်အတွက်ကြောင့် မော့ကြည့်လိုက်ရာ မဟာနတ်ဆိုးနတ်ဘုရား၏ ဧရာမလက်ဝါးကြီး သူ့အပေါ်သို့ ကျဆင်းလာနေကြောင်း မိုတော့ တွေ့လိုက်ရလေသည်။ သို့ရာတွင် မှော်ဆရာညိုကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရပေ။ ဤလက်ဝါးချက်ကြီးသည် မဟာနတ်ဆိုးနတ်ဘုရား၏ ကမ္ဘာခြားကာ တိုက်ခိုက်လိုကသ်ည့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပေသော်ငြား အလွန်တရာကိုမှ အားကောင်းလှပေ၏။

ပတ်ဝန်းကျင်အနီးအနားတစ်ဝိုက်တွင် ရှိနေသော ဟင်းလင်းပြင်စီးကြောင်းများမှ သူ့ကောင်းကင်စိတ်အာရုံအား ဝါးမျိုသွားမည်ဖြစ်သည့်အတွက်ကြောင့် မိုတော့မှာ သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရန်ကိုင်အား မရှာဖွေရဲခဲ့ပေ။

မိုတော့မှ ရန်ကိုင်အား လိုက်ရှာနေစဉ်မှာပင် ရန်ကိုင်သည် မိုတော့၏ ဘေးနားတွင် ရုတ်တရက်ပေါ်လာပြီး မိုတော့ဆီသို့ ဥက္ကာခဲတစ်စင်းပမာ ပြေးဝင်လာခဲ့လေသည်။ ထိုမမျှော်လင့်ထားသည့် တိုက်ခိုက်မှုကြောင့် မိုတော့မှာ ခြေခိုင်ခိုင်နှင့် ရပ်မနေနိုင်တော့ဘဲ နောက်သို့ ဆုတ်သွားခဲ့ရလေ၏။

ရန်ကိုင်သည် မိုတော့၏ရင်ဘတ်ကို တွန်းထုတ်၍ လေဟာနယ်နိယာမစွမ်းအားများကို အသုံးပြုရင်းမှ ဟင်းလင်းပြင်စီးကြောင်းများကို အသုံးချကာ မိုတော့နှင့် သူ့ကိုယ်သူ ဧရာမလက်ဝါးကြီးဆီသို့ တွန်းပို့လိုက်လေ၏။

မိုတော့၏မျက်နှာမှာ သွေးမရှိတော့သည့်အလား ဖြူလျော်နေခဲ့လေသည်။ အသည်းအသန် ကြိုးစားနေခဲ့ပါသော်ငြား လေဟာနယ်နိယာမစွမ်းအားသည်သာ အရာရာဖြစ်သော ဤကဲ့သို့သောနေရာမျိုးတွင် သူ့အနေဖြင့် မည်သို့ပင် ရုန်းကန်နေစေကာမူ ရန်ကိုင်၏လက်မှ မလွတ်မြောက်နိုင်ခဲ့ဘဲ တဖြည်းဖြည်းနှင့် မဟာနတ်ဆိုးနတ်ဘုရား၏ လက်ဝါးကြီးဆီသို့ နီးကပ်သွားနေကြောင်းကို တွေ့လိုက်ရသည်။

“မင်းဘာလုပ်နေတာလဲ…” မိုတော့မှာ ဒေါသလည်းထွက် ကြောက်လည်းကြောက်နေမိလေသည်။

“ကျုပ် ခင်ဗျားအကူအညီ လိုတယ်…” ရန်ကိုင်က ခါးသက်စွာ ပြုံးပြလိုက်သည်။

သို့သော်ငြား မိုတော့မှာတော့ အလွန်တရာကိုမှ ထိတ်လန့်နေလေ၏။

ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက်တွင် မိုတော့၏ခန္ဓာကိုယ်ကြီးမှာ တုန်တုန်ရီရီဖြစ်လာခဲ့သည်။ ယခင်ကထက်ပို၍ ကြိုးစားရုန်းကန်လိုက်ရာ ရန်ကိုင်၏ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားလုမတတ် ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား အပြည့်အဝလွတ်မြောက်နိုင်ခဲ့ခြင်းတော့ မရှိခဲ့ပေ။

ရန်ကိုင်သည် အနီးအနားတွင်ရှိနေသော ဟင်းလင်းပြင်စီးကြောင်းများကို ထိန်းချုပ်၍ မိုတော့အား ထပ်မံရစ်ပတ်လိုက်လေသည်။

မည်သို့ပင်ရုန်းကန်နေစေကာမူ မလွတ်နိုင်တော့သည့်အတွက်ကြောင့် မိုတော့သည်လည်း ရုန်းကန်မနေတော့ချေ။

“မင်းဘာလုပ်နေလဲ မင်းသိလား…” ရန်ကိုင်၏လက်မှ မလွတ်မြောက်နိုင်တော့မှန်း သိလိုက်သော် မိုတော့သည် ရန်ကိုင်အား စိတ်ပြောင်းအောင် ဖျောင်းဖျရုံသာ တတ်နိုင်တော့လေသည်။ “မင်းလည်းသေလိမ့်မယ်…”

ရန်ကိုင်ကမူ ဘာမှပြန်မပြောနေခဲ့ဘဲ မိုတော့ကို သူ့ခွန်အားအကုန်သုံး၍ ဧရာမလက်ဝါးကြီးဆီသို့သာ တွန်းပို့လိုက်သည်။

“အရူးကောင်… မင်းက တကယ် အရူးကောင်ပဲ…” မိုတော့က ထအော်တော့လေသည်။ “ငါ မင်းအသုံးချတာ ခံရမှာမဟုတ်ဘူး… မဟာနတ်ဆိုးနတ်ဘုရားရဲ့လက်မှာသေရတာ ငါ့အတွက်တော့ ဂုဏ်ယူစရာပဲ…”

“မင်းကိုယ်ထဲမှာ နတ်ဆိုးချီတွေ စီးဆင်းနေတယ်… ပြီးတော့ မင်းမှာ အနက်ရောင်မျက်လုံးလည်း ရှိနေသေးတယ်… မင်းက လူရိုင်းတစ်ယောက်အဖြစ် မွေးဖွားလာတယ်ဆိုပေမယ့် နတ်ဆိုးတစ်ပိုင်းဖြစ်တယ်လို့ ပြောလို့ရတယ်… ပြီးတော့ မင်းခွန်အားကိုလည်း သက်သေပြပြီးသွားပြီ… အခု လက်လျှော့လိုက်တော့… အဲ့ဒါဆို မဟာနတ်ဆိုးနတ်ဘုရားက မင်းကို ခွင့်လွှတ်ပေးကောင်း ခွင့်လွှတ်ပေးလိမ့်မယ်… နတ်ဆိုးမျိုးနွယ်စုက လိုချင်တဲ့ဟာတွေလည်း မင်းအပိုင် ဖြစ်လာရလိမ့်မယ်…”

“မင်း ဘာလို့ မရပ်သေးတာလဲ… အခုနေ မရပ်ရင် နောက်ကျသွားလိမ့်မယ်နော်…”

မိုတော့မှာ အဆက်မပြတ်ကို အော်ဟစ်နေခဲ့သည်။ သူ့မျက်နှာအမူအယာမှာ ပိုပို၍ ထိတ်လန့်တုန်လှုပ်လာနေခဲ့၏။ သို့သော်ငြား ရန်ကိုင်ကမူ မိုတော့ပြောသမျှစကားကို မကြားချင်ယောင်သာ ဆောင်နေခဲ့လေသည်။

နောက်ဆုံးတွင်တော့ ရန်ကိုင်တို့နှစ်ဦးသည် မဟာနတ်ဆိုးနတ်ဘုရား၏ ဧရာမလက်ဝါးကြီး၏ ရှေ့တည့်တည့်သို့ ရောက်လာကြလေသည်။ မိုတော့မှာလည်း သူ့ပါးစပ်ကို ပိတ်ထားလိုက်တော့သည်။ အကြောင်းမှာ နောက်ကျသွားပြီ ဖြစ်သည့်အတွက်ကြောင့်ပင်။ ရန်ကိုင်မှ ယခုနေ သူ့အား လွှတ်ပေးလိုက်မည်ဆိုလျှင်ပင် သူ့အနေဖြင့် မဟာနတ်ဆိုးနတ်ဘုရား၏ တိုက်ခိုက်မှုအောက်မှ လွတ်မြောက်နိုင်တော့မည်မဟုတ်ချေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၀၂)

ဘာသာပြန်သူ_တိမ်တိုက်

ဧရာမလက်ဝါးကြီးသည် အပေါ်မှအောက်သို့ ကျဆင်းလာခဲ့သည်။ သက်ဆင်းလာနေသည့် အဖျက်စွမ်းအားကို ခံစားမိလိုက်သော် မိုတော့သည် သက်ပြင်းချလျက် မျက်လုံးစုံပိတ်လိုက်၏။

ထိုစဉ် ရန်ကိုင်၏ အော်ဟစ်သံ ထွက်ပေါ်လာခဲ့လေသည် “ခင်ဗျား ဘာရပ်လုပ်နေတာလဲ။ သေချင်နေတာလား”

ထိုအော်သံသည် နတ်ဆိုး၏ တီးတိုးရေရွတ်သံအလား၊ ရန်ကိုင်၏ အော်သံကို ကြားပြီးနောက် မိုတော့၏ မျက်လုံးများ ဆတ်ခနဲ ပွင့်လာခဲ့သည်။ ထို့နောက် သူ့ခွန်အားကို အရူးအမူးလှည့်ပတ်၍ သူ့လက်သီးကို အပေါ်တည့်တည့်သို့ ထိုးချလိုက်၏။

တစ်ချိန်တည်းတွင် သူ့အား ချုပ်နှောင်ထားသည့် စွမ်းအားမှာလည်း ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။ သူ့အား ချုပ်နှောင်ထားသည့် ဟင်းလင်းပြင်စီးကြောင်းတို့မှာလည်း ပျောက်ကွယ်သွားခဲ့သည်။ ထို့အတွက်ကြောင့် မိုတော့မှာ သူ့ခွန်အားအကုန်အစင်ကို ပြန်လည် ထုတ်သုံးလာနိုင်တော့သည်။

သို့သော်ငြား ထိုသို့ တိုက်ခိုက်ပြီးသည်နှင့် တစ်ပြိုင်နက် မိုတော့မှာ သူ့လုပ်ရပ်နှင့် ပက်သက်၍ နောင်တရသွားတော့လေသည်။

သူ့ကိုယ်သူလည်း ပြန်မေးလိုက်မိ၏ (ငါဘာတွေ လုပ်နေတာလဲ။ နတ်ဆိုးသူတော်စင် တစ်ပါးဖြစ်ပြီး ဘာလို့ မဟာနတ်ဆိုးနတ်ဘုရားကို ခုခံဖို့ ကြိုးစားနေတာလဲ)

မိုတော့သည် မသိစိတ်အရ အသက်ရှင်ချင်သည့်အတွက် လှုပ်ရှားလိုက်ခြင်းသာ ဖြစ်သည်။ သေခါနီး အခြေအနေနှင့် ရင်ဆိုင်နေရသော် သူ့စိတ်ထဲ ဘာကိုမှ မတွေးနိုင်တော့။ သူ့စိတ်ထဲ အသက်ရှင်လိုသည့် အတွေးတစ်ခုသာ ရှိတော့သည်။

ဤသည်မှာ သူ၏ အားကုန်သုံး တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။

တစ်ချိန်တည်းတွင် မလှမ်းကမ်း၌ ရှိနေသော ရန်ကိုင်သည် အလေးအနက် အမူအရာဖြင့် နတ်ဆိုးတိုက်ပွဲတူထဲသို့ နတ်ဆိုးချီကို အရူးအမူး ထည့်သွင်းလျက် တိုးဝင်လာနေသည့် လက်ဝါးကြီးအား ရိုက်ချလိုက်သည်။

လေဟာနယ်နိယာမစွမ်းအားတို့မှာ နတ်ဆိုးတိုက်ပွဲတူအား လွှမ်းခြုံသွားခဲ့ရာ တူကြီး ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ဟင်းလင်းပြင်တစ်ခုလုံး တွန့်လိမ် ဖျက်စီးသွားခဲ့လေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ၊ ရန်ကိုင်သည် သူ့တိုက်ကွက်ထဲတွင် အချိန်နိယာမစွမ်းအားများကိုပါ ထည့်သွင်းလိုက်လေသေးသည်။

ဤတိုက်ကွက်သည် ရန်ကိုင် ထုတ်ဖော်ခဲ့ဖူးသည့် တိုက်ကွက်များအနက် အားအကောင်းဆုံး တိုက်ကွက်တစ်ခု ဖြစ်သည်။ သေရေးရှင်ရေး အခြေအနေမျိုးနှင့် ကြုံရသော် ရန်ကိုင်သည် ရှိရှိသမျှ စွမ်းအားကုန်ကို ထုတ်သုံးရင်းမှ ဤကဲ့သို့သော တိုက်ကွက်တစ်မျိုးကို ထုတ်ဖော်နိုင်ခဲ့သည်။

ရန်ကိုင်နှင့် မိုတော့၏ တိုက်ကွက်နှစ်ခုမှာ လက်ဝါးကြီးဆီသို့ တိုးဝင်သွား၏။

တိုက်ကွက်အချင်းချင်း ထိပ်တိုက်တွေ့သွားသည့်အခိုက်တွင် လက်ဝါးကြီး ယာယီ ရပ်သွားခဲ့ပြီး လက်ဝါးကြီးပေါ်၌ အပေါက်တစ်ပေါက် ပေါ်လာခဲ့လေ၏။ ထိုအပေါက်ထဲမှ နတ်ဆိုးချီတို့ အဆက်မပြတ် စီးထွက်လာခဲ့လေ၏။

သို့သော်ငြား ချက်ချင်းဆိုသလို ရပ်သွားသည့် လက်ဝါးကြီးမှာ ချက်ချင်းဆိုသလို ပြန်အသက်ဝင်လာပြီး မိုတော့နှင့် ရန်ကိုင်တို့ဆီသို့ ဆက်လက် တိုးဝင်လာခဲ့လေသည်။ ရန်ကိုင်နှင့် မိုတော့တို့နှစ်ဦးမှာ လက်ဝါးချက်အောက်တွင် အနည်းငယ်မျှပင် ခုခံနိုင်ခဲ့ခြင်း မရှိချေ။

မိုတော့၏ အော်ငြီးသံများ ချက်ချင်း ပေါ်လာပြီး ပျောက်ကွယ်သွားခဲ့သည်။ မီတာသုံးရာခန့်ရှိသော သူ့ခန္ဓာကိုယ်ကြီးသည် တစ်စစီ ဖြစ်သွားခဲ့ပြီး အဆုံးမဲ့ ဟင်းလင်းပြင်ထဲ စီးမျောသွားခဲ့လေ၏။ ရန်ကိုင်သည်လည်း တစ်စစီ ဖြစ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှာ အပြီးတိုင် ပျက်စီးသွားခဲ့ရကာ သူ့ဝိဥာဉ်သည်သာ အဆုံးမဲ့ ဟင်းလင်းပြင်ထဲသို့‌ မျောလွင့်သွားခဲ့လေသည်။

(ငါသေသွားတာလား) ရန်ကိုင်မှာ သေရသည်ဆိုသည်မှာ မည်သို့မှန်းမသိ။ သို့သော် နတ်ဆိုးသူတော်စင်ပင် ထိုလက်ဝါးချက်အောက် အသက်ပျောက်ခဲ့ရလျှင် သူသည်လည်း အသက်ရှင်လိမ့်မည် မဟုတ်ချေ။

(ငါသေပြီလို့ ထင်တာပဲ)

ထိုသို့ ငေးကြောင်ကြောင်ဖြစ်နေစဉ် သူမေ့လျော့သွားသည့် အရေးကြီးသည့် ကိစ္စများစွာကို ရုတ်တရက် ပြန်သတိရလာခဲ့လေသည်။

အောက်သို့ ကျရင်းကျရင်းမှ ရန်ကိုင်မှာ သူ့တစ်ကိုယ်လုံး လွတ်လပ်ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ သူ့အနေဖြင့် ဤသို့‌ တောက်လျှောက် ကျနေသည်မှာလည်း အဆိုးကြီးတော့ မဟုတ်လှ။ သူ့အနေဖြင့် ဘာမှလုပ်စရာမလို။ သူစိတ်ပူရသည့်အရာလည်း ဘာမှမရှိတော့။

သို့သော်ငြား ထိုစဉ် ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။ အောက်သို့ ကျနေသည့် ခံစားချက်မှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး သူ့မြင်ကွင်းတစ်ခုလုံး ပြောင်းလဲသွားခဲ့လေ၏။ ရုတ်တရက်ဆိုသလို သူ့ကိုယ်သူ တလက်လက် တောက်ပနေသော ကြယ်များဖြင့် ဝိုင်းရံနေသည့် ဟင်းလင်းပြင်ကြီး တစ်ခုထဲ ရပ်နေကြောင်း တွေ့လိုက်ရသည်။ ဤနေရာ တစ်ခုလုံးသည် သုဿန်တစပြင်မျှ တိတ်ဆိတ်နေ၏။ သူကိုယ်တိုင်သည်ပင်လျှင် မည်သည့် ရုပ်ခန္ဓာကိုယ်မှ ပိုင်ဆိုင်ထားခြင်း မရှိကြောင်း တွေ့လိုက်ရသည်။

ထိုစဉ် အောက်ဘက်ဆီမှ စစ်ပွဲသံများ၊ အားကောင်းသည့် စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့လေသည်။ ရန်ကိုင် အောက်သို့ ငုံ့ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။

အလွန်တရာကိုမှ ကြီးမားလွန်းလှသော သစ်ပင်ကြီးတစ်ပင် စစ်မြေပြင်အလယ်တွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုသစ်ပင်ကြီး၏ ထိပ်ဖျားဖြစ်သည့် ကနူပီကြီးသည် ကောင်းကင်ပေါ်ရှိ အက်ကြောင်းထဲသို့ ဖောက်ဝင်သွားခဲ့ပြီဖြစ်ကာ သစ်ပင်ကြီးသည် ရပ်တန့်သွားခြင်း မရှိသေးဘဲ ဆက်လက် ကြီးထွားနေခဲ့သေးသည်။

သစ်ပင်အောက်တွင်မူ အားကောင်းလှသည့် လူသားများသည် သစ်ပင်ကို ဖျက်စီးရန် ကြိုးစားနေသည့် နတ်ဆိုးများကို ခုခံတိုက်ခိုက်နေခဲ့သည်။

ကောင်းကင်၏ အခြားတစ်ဖက်တွင်မူ အလွန်ကိုမှ အားကောင်းလှသော ပညာရှင်ရှစ်ဦး တိုက်ခိုက်နေကြလေသည်။ ထိုပညာရှင်များမှာ မျိုးနွယ်စုနှစ်ခုမှ သူတော်စင်များ ဖြစ်ကြ၏။

ထိုစစ်ပွဲကြီးကို ကြည့်ရင်းမှ ရန်ကိုင်သည် ယခုလေးတင် သူမေ့သွားခဲ့သော ကိစ္စများကို ပြန်သတိရလာခဲ့သည်။ တစ်ချိန်တည်းတွင် သူခေါင်းထဲ ပေါ်လာလေ့မရှိတော့သည့် အကြောင်းအရာများကိုပါ ပြန်မှတ်မိလာခဲ့လေသည်။

(ငါက မှော်ဆရာညိုပဲ၊ တောင်ပိုင်းလူရိုင်းရဲ့ မှော်ဘုရင်။ ငါ့လက်အောက်မှာ အားကောင်းတဲ့ စစ်တပ်တစ်တပ်ရှိတယ်)

(ရန်ကိုင်ဆိုတာလည်း ငါပဲ၊ ကြယ်တာရာအစုအဝေးရဲ့ မြောက်ဘက်နယ်မြေမှာရှိတဲ့ ထက်ကောင်းကင်နန်းတော်သခင်ဆိုတာ ငါပဲ)

ထိုအကြောင်းအရာများကို မည်သည့် အချိန်ကတည်းက သူမေ့လို့မေ့သွားမှန်း ရန်ကိုင်မသိ၊ အထူးသဖြင့် ရန်ကိုင်သည် သူ့ကိုယ်သူ ရန်ကိုင် ဖြစ်သည်ဟူသော အချက်ပင်။

ဤကမ္ဘာကြီးထဲသို့ စရောက်လာစဉ်က သူသည် ရန်ကိုင်ဖြစ်သည်၊ သူသည် ဤကမ္ဘာထဲသို့ အတွေ့အကြုံရရန်အတွက် လာရောက်သည့် ဧည့်သည် တစ်ဦးသာ ဖြစ်သည်ဟူသော အချက်ကို မကြာမကြာ သတိရခဲ့သည်။ သို့သော်ငြား မျိုးနွယ်စုနှစ်ခုကြား စစ်ပွဲစတင်သည့် နောက်ပိုင်းတွင် ရန်ကိုင်သည် မှော်ဆရာညို၏ ဇာတ်ရုပ်ထဲ အပြည့်အဝ နစ်မျောသွားခဲ့ပြီး သူ့ကိုယ်သူ ရန်ကိုင် ဖြစ်သည်ဟူသော အချက်ကို လုံးလုံး မေ့လျော့သွားခဲ့လေသည်။

စစ်ပွဲအတွင်း သူနှင့်အတူ နတ်ဆိုးသူတော်စင်တစ်ပါးကိုပါ ဆွဲခေါ်ပြီး မဟာနတ်ဆိုးနတ်ဘုရား၏ တိုက်ကွက်ကို ကိုယ့်ကိုယ်ကို စတေးကာ ခုခံခဲ့သည်။

သူသာ ရန်ကိုင် ဖြစ်နေကြောင်းကို မှတ်မိနေသေးမည် ဆိုလျှင်တော့ ယခုကဲ့သို့ တဇွတ်ထိုးနိုင်သည့် လုပ်ရပ်မျိုးကို လုပ်ခဲ့လိမ့်မည် မဟုတ်ချေ။ တကယ်တော့ ဤနေရာသည် ကမ္ဘာငယ်လေးတစ်ခုသာ ဖြစ်ပြီး သူကြုံနေရသည့် အရာမှန်သမျှသည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေနိုင်သည် မဟုတ်ပေလော။

မှော်ဆရာညိုအတွက်မူ သူလုပ်ခဲ့သည်မှာ လုံးဝကို မှန်ပေသည်။ မည်သည့် လူရိုင်းမျိုးနွယ်ဝင်မဆို ထိုကဲ့သို့သော လုပ်ရပ်မျိုးကို ကျိန်းသေ လုပ်ပေလိမ့်မည်။ သူသေရမည်ဆိုလျှင်ပင် အနည်းဆုံးတော့ မဟာနတ်ဆိုးနတ်ဘုရား၏ တိုက်ကွက်ကို အနည်းငယ် ဟန့်တားနိုင်ခဲ့သည့်အတွက်ကြောင့် သူသေသွားရသည်မှာ အလဟဿ ဖြစ်မသွားခဲ့ပေ။

လက်ရှိတွင် ရန်ကိုင် နားမလည်နိုင်သည့် အချက်တစ်ချက် ရှိပေသည်။ ထိုအရာမှာ ဤနေရာသည် မည်ကဲ့သို့သော နေရာမျိုး ဖြစ်သလဲဆိုသည်ကိုပင်။ သူကြုံနေရသည့် အရာမှန်သမျှသည် ပုံရိပ်ယောင်တစ်ခုလော၊ ထိုသို့မဟုတ်ဘဲ သူတကယ် သေသွားခြင်းလော။

“ထူးဆန်းတယ်မလား” ထိုစဉ် အသံတစ်သံ ရန်ကိုင်၏ နောက်ဘက်မှ ရုတ်တရက် ပေါ်လာခဲ့လေသည်။

ရန်ကိုင် အလန့်တကြား ထခုန်မိလိုက်သည်။ သူ့နောက်တွင် အခြားလူတစ်ဦး ရှိနေကြောင်း လုံးဝ မသိခဲ့ချေ။ သို့သော် အသံပိုင်ရှင်ကို မှတ်မိလိုက်သည့် အတွက်ကြောင့် နောက်သို့ လှည့်မကြည့်တော့ဘဲ အောက်သို့ ညွှန်ပြ၍သာ မေးလိုက်၏ “ဒါတွေက ပုံရိပ်ယောင်တွေလား၊ တကယ့်အစစ်တွေလား”

“ပုံရိပ်ယောင်လည်း ဟုတ်တယ်၊ အစစ်လည်း ဟုတ်တယ်” သေးသွယ်သွယ်လူလေး တစ်ဦး ရန်ကိုင်ဘေးနားသို့ ရောက်လာခဲ့ပြီး ရန်ကိုင်နှင့်အတူ အောက်သို့ ငုံ့ကြည့်လိုက်၏။

ရန်ကိုင်က သူမဘက်သို့လှည့်၍ “ကျေးဇူးပြုပြီး ရှင်းပြပေးပါလား”

“အမှန်ထဲမှာ အမှားရှိနေသလိုပဲ အမှားထဲမှာလည်း အမှန်တွေ ရှိနေတယ်” အမျိုးသမီးက နောက်ပြောင်ကျီစယ်လိုဟန်ဖြင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ သူမအနေဖြင့် ဤကဲ့သို့သော ပုံစံမျိုးကို ယခင်က တစ်ခါမှ လုပ်မပြဖူးသည့် အတွက်ကြောင့် ရန်ကိုင် အနည်းငယ် အံ့အားသင့်မိသွားရသည်။ သို့ရာတွင် ရန်ကိုင်မှာ ဘာမှပြန်မပြောခဲ့ဘဲ အမျိုးသမီးကိုသာ ဆက်လက် စိုက်ကြည့်နေခဲ့လေသည်။

အမျိုးသမီးက ဆက်ပြောလိုက်၏ “ဒီစစ်ပွဲက တကယ့်အမှန်ပဲ။ မျိုးနွယ်စုနှစ်ခုကြားမှာ အခုလို စစ်ပွဲမျိုး တကယ်ရှိခဲ့တယ်။ ဒါပေမယ့် အဲ့စစ်ပွဲက အခုစစ်ပွဲထက် အများကြီး ပိုကြီးတာပေါ့”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏ “ဒါဆို မှော်ဆရာညိုဆိုတဲ့လူကော”

“အဲ့စစ်ပွဲမှာတုန်းက မှော်ဆရာညိုဆိုတဲ့လူတွေ အများကြီး ရှိခဲ့လို့ပဲ လူရိုင်းတွေ သူတို့မြေကို ပြန်သိမ်းနိုင်ပြီး နတ်ဆိုးတွေ ပြန်ဆုတ်သွားခဲ့ရတာ”

ရန်ကိုင်က အံ့အားသင့်တကြီးဖြင့် “ဒီတော့ မှော်ဆရာညိုအဖြစ် ကျုပ်မြင်ခဲ့ရတာတွေ၊ ကြုံခဲ့ရတာတွေက တကယ့် စစ်ပွဲတစ်ခုလုံးကို အကျဉ်းချုုံးထားတာတွေပေါ့”

“ဟုတ်တယ်”

ရန်ကိုင် ခေါင်းညိတ်လိုက်၏ “ကျုပ်နားလည်သွားပြီ။ ဒီတော့ ကျုပ်ကြုံခဲ့ရတာတွေ အကုန်လုံးက ပုံရိပ်ယောင်တွေပဲ။ ဒါပေမယ့် ဒီအတိုင်း လျှောက်ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေတော့ မဟုတ်ဘူး။ တကယ့် သမိုင်းကို အခြေခံပြီး ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေ”

ဤပုံရိပ်ယောင်သည် နှစ်နှစ်မျှ ကြာမြင်ခဲ့သည်။

သို့သော်ငြား ဤကဲ့သို့သော စစ်ပွဲမျိုးသည် နှစ်နှစ်လောက်နှင့် ပြီးလိမ့်မည် မဟုတ်မှန်း ရန်ကိုင် သိနေခဲ့သည်။ အနည်းဆုံး နှစ်နှစ်ဆယ် မဟုတ်လျှင် နှစ်နှစ်ရာလောက်ပင် ကြာနိုင်ပေသည်။

“ဟုတ်တယ်။ ဒီစစ်ပွဲမှာ ဝင်ပြီး ကူညီပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်” အမျိုးသမီးက ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်သည်။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ကျုပ်သေသွားတယ်လေ၊ ဒီတော့ ဘာမှ ဂုဏ်ယူနေစရာမလိုဘူး”

“ဒီကမ္ဘာထဲမှာပဲ သေသွားတာလေ။ အပြင်မှာတော့ အသက်ရှင်နေသေးတယ်လေ” အမျိုးသမီးက ယဲ့ယဲ့လေး ရယ်သွမ်းသွေးလျက် ပြန်ပြော၏။

ရန်ကိုင်က ခေါင်းတခါခါနှင့် ဆက်ပြောလိုက်သည် “နောက်ဆုံး ဒီစစ်ပွဲ ဘယ်လိုဖြစ်သွားလဲ ကျုပ်သိချင်တယ်”

အမျိုးသမီးသည် ခေါင်းညိတ်ပြလိုက်ပြီး သူ့မလက်ကို ဝှေ့ရမ်းချလိုက်သည်။ ရုတ်တရက်ဆိုသလို အောက်ဘက်ရှိ မြင်ကွင်းအဖုံဖုံမှာ ရန်ကိုင် မြင်ချင်နေသည့် အရာများကို ထုတ်ဖော်ပြသလာလေတော့သည်။

ပထမဦးဆုံး ပေါ်လာသည်မှာ ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးထားသည့် ကမ္ဘာလမ်းကြောင်းပင်။ နတ်ဆိုးသူတော်စင်မိုတော့နှင့် မှော်ဆရာညိုကို ဖျက်စီးပြီးနောက်တွင် မဟာနတ်ဆိုးနတ်ဘုရား၏ လက်ဝါးချက်ကြီးသည် အောက်ဘက်သို့ ဆက်လက် သက်ဆင်းလာခဲ့သည်။

သို့သော်ငြား မိုတော့နှင့် မှော်ဆရာညိုတို့၏ စတေးမှုမှာ အလဟဿ ဖြစ်မသွားခဲ့ရချေ။ သူတို့ နှစ်ဦး၏ စတေးမှုကြောင့် လက်ဝါးပေါ်တွင် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာပြီး နတ်ဆိုးချီများမှာ ထိုအပေါက်ထဲမှ စိမ့်ထွက်၍ ဟင်းလင်းပြင်ထဲ ပျောက်ကွယ်ကုန်ရသဖြင့် လက်ဝါး၏ စွမ်းအားမှာ အကြီးအကျယ် လျော့ကျသွားရသည်။ ထိုသို့ဖြင့် အောက်သို့ သက်ဆင်းလာနေသည်နှင့်အမျှ လက်ဝါးကြီး၏ စွမ်းအားမှာ လျော့သည်ထက် လျော့လာနေခဲ့လေသည်။

အဆုံးတွင်တော့ လက်ဝါးကြီးသည် သစ်ပင်ကြီး၏ ကနူပီအားသွားရောက် ထိမှန်လေ၏။

ထိုလက်ဝါးချက်ကြောင့် သစ်ကိုင်းသစ်ခက်များ ကျိုးကုန်ပြီး သစ်ရွက်များစွာလည်း ကြွေကျလာခဲ့ရသည်။ သို့သော်ငြား အမြဲစိမ်းနတ်သစ်ပင်ကြီးသည် ယာယီမျှသာ ယိမ်းထိုးနေပြီးနောက် တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့သည်။ သစ်ရွက် တစ်ရွက်ချင်းစီ၊ သစ်ကိုင်း တစ်ကိုင်းချင်းစီမှ မြစိမ်းရောင်အလင်းတို့ ဖြာထွက်လာခဲ့ပြီး သစ်ပင်ကြီးဆီမှ အလွန်ကို အားကောင်းလှသည့် အသက်ဓါတ်စွမ်းအင်တို့ ထွက်ပေါ်လာခဲ့၏။

ကမ္ဘာလမ်းကြောင်း၏ အဖျားနားအား ထိမိနေပြီဖြစ်သော သစ်ပင်ကြီးသည် အလွန်လျင်မြန်သည့်နှုန်းဖြင့် ကြီးထွားလာပြီး တစ်ခဏလေးအတွင်း ကောင်းကင်ပေါ်ရှိ အက်ရာကို အပြည့်အဝ ဖာထေးသွားလေသည်။ ထိုသို့ ဖြစ်ပြီး မကြာခင်တွင် ကမ္ဘာလမ်းကြောင်းတစ်ခုလုံး မြစိမ်းရောင်အလင်းတို့ဖြင့် ပြည့်နှက်လာတော့လေ၏။

နှစ်ပေါင်းများစွာကြာအောင် စုစည်းထားခဲ့သော အမြဲစိမ်းနတ်သစ်ပင်၏ အသက်ဓါတ် စွမ်းအင်တို့သည် မြစိမ်းရောင်အလင်းအဖြစ်သို့ ပြောင်းလဲ၍ ကမ္ဘာလမ်းကြောင်းကို စတင် ချိပ်ပိတ်တော့လေသည်။

ကမ္ဘာလမ်းကြောင်းတစ်ခုလုံး မြစိမ်းရောင်အလင်းတို့ဖြင့် ပြည့်နှက်သွားချိန်၊ အမြဲစိမ်းနတ်သစ်ပင်ကြီး တစ်ခုလုံး စတင်တုန်ခါလာပြီး သစ်ကိုင်းသစ်ချက်များ၊ သစ်ရွက်များ ကြွေကျလာခဲ့ရာ သစ်ပင်ပင်စည်ကြီးတစ်ခုတည်းသာ ကျန်ရစ်တော့၏။

ကမ္ဘာလမ်းကြောင်းမှာလည်း ရှင်းပြမရသည့် စွမ်းအားတစ်မျိုးကြောင့် လျင်မြန်စွာ ကျဉ်းမြောင်းလာခဲ့ရာ မကြာမီတွင် အပြည့်အဝ ပိတ်သွားပြီး အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။

ကမ္ဘာလမ်းကြောင်းပိတ်၍ မြစိမ်းရောင်အလင်းတို့ ပျောက်ကွယ်သွားချိန်၊ အမြဲစိမ်းနတ်သစ်ပင်သည် စုစည်းထားသည့် အသက်ဓါတ်စွမ်းအင် အားလုံးကို ဆုံးရှုံးလိုက်ရသည့်အလား၊ ထီးထီးကြီးသာ ကျန်ရစ်တော့သော သစ်ပင်ပင်စည်ကြီးသည် သစ်မှုန်များအဖြစ်သို့ ပြောင်းလဲသွားကာ လေအဝှေ့နှင့်အတူ လွင့်ပါသွားလေ၏။

စီနီယာချင်ဖြစ်သည့် အမြဲစိမ်းနတ်သစ်ပင်သည် သူ့ကိုယ်သူ စတေးကာ ကမ္ဘာလမ်းကြောင်းကို ချိပ်ပိတ်ပစ်ခဲ့လေပြီ။

ကောင်းကင်ပေါ်ရှိ ကမ္ဘာလမ်းကြောင်း ပျောက်ကွယ်သွားသည်ကို မြင်ပြီးနောက် လူရိုင်းများမှာ ဝမ်းသာအားရ ဖြစ်သွားကြပါသော်ငြား နတ်ဆိုးများမှာတော့ ယူကျုံးမရ ဖြစ်ကုန်ကြလေသည်။

နတ်ဆိုးနယ်မြေသို့ ဆက်သွယ်ထားသော ကမ္ဘာလမ်းကြောင်း ပျောက်ကွယ်သွားခြင်းသည် နတ်ဆိုးများ၏ စိတ်ဓါတ်နှင့် ခွန်အားအပေါ် အကြီးအကျယ် သက်ရောက်မှုရှိပေသည်။ မည်သည့်နတ်ဆိုးမဆို ထိုအဖြစ်အပျက်ပြီးနောက်ပိုင်း ကောင်းကောင်းမွန်မွန် တိုက်ခိုက်နိုင်ခြင်း မရှိတော့ချေ။

ဤသို့ဖြင့် စစ်ပွဲ၏မျှခြေမှာ စတင် ကျိုးပျက်သွားရတော့သည်။

နတ်ဆိုးသူတော်စင်လေးပါးမှာလည်း စိတ်ငြိမ်ငြိမ် မထားနိုင်တော့လေရာ ဆက်လက် မတိုက်ခိုက်နိုင်ကြတော့ဘဲ စတင် ထွက်ပြေးကြတော့လေသည်။ မှော်သူတော်စင်များမှာ နတ်ဆိုးသူတော်စင်များကို လိုက်လံတိုက်ခိုက်ကြရာ နေ့ဝက်ကြာပြီးသည့်နောက်တွင် နတ်ဆိုးသူတော်စင်နှစ်ပါးကို သတ်ပစ်နိုင်ခဲ့သည်။ အခြားနတ်ဆိုးသူတော်စင်နှစ်ပါးမှာ အခြေအနေ မဟန်တော့မှန်း သိသည့်အတွက် လူခွဲ၍ ထွက်ပြေးကြလေသည်။ မှော်သူတော်စင်များမှာတော့ နတ်ဆိုးသူတော်စင်များကို အလွတ်မပေးဘဲ လိုက်လံ တိုက်ခိုက်ကြသည်။

နတ်ဆိုးသူတော်စင်များ ခွေးပြေးဝက်ပြေး ထွက်ပြေးနေကြရချိန် သူတို့ လက်အောက်တွင် ရှိနေသော နတ်ဆိုးများမှာတော့ ပို၍ပင် အခြေအနေ ဆိုးနေသေးသည်။ နောက်ဆုံးတွင် စစ်ပွဲမှာ အဆုံးသွားခဲ့ရလေပြီ။ ကျန်ရစ်တော့သည်ဆို၍ စစ်မြေပြင်အား ရှင်းလင်းရန်သာ ရှိတော့သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၀၃)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင် သူ့အကြည့်ကို ပြန်ရုတ်သိမ်း၍ သက်ပြင်းချလိုက်လေ၏။

စစ်ပွဲ၏ နောက်ဆုံးရလဒ်ကို သူသိခဲ့ရလေပြီ။ သူထင်ထားသည့်အတိုင်း၊ ဤစစ်ပွဲကို လူရိုင်းမျိုးနွယ်ဘက်မှ တန်ကြေး ကြီးကြီးမားမား ပေးဆပ်ပြီးနောက် အနိုင်ရသွားခဲ့၏။ ထွက်ပြေးသွားသည့် နတ်ဆိုးသူတော်စင်နှစ်ပါးမှာ အလွန်ကိုမှ အားကောင်းမည် ဆိုလျှင်ပင် သူတို့အဖို့ ဤကမ္ဘာကြီးထဲ ပုန်းအောင်းနိုင်မည့် နေရာမရှိသည့်အတွက် အနှေးနှင့်အမြန်တော့ အသတ်ခံရပေလိမ့်မည်။

အကုန်လုံးကို ခြုံငုံကြည့်မည်ဆိုလျှင် ဤတစ်ကြိမ်ခရီးသည် ရန်ကိုင်အတွက် အလွန်ကို အကျိုးများခဲ့ရသည်။ ရန်ကိုင်သည် ရှေးဟောင်းမှတ်တမ်းများထဲတွင်ပင် မတွေ့ရှိနိုင်သော မှော်ပညာရပ်များကို လေ့လာခွင့်ရခဲ့သည်။

အဆင်မပြေသည့်အရာဆို၍ မှော်ဆရာညို သေသွားခဲ့ခြင်းသာ ရှိသည်။ သို့သော် သူ့ခွန်အားလေးဖြင့် သူ့ကိုယ်သူစတေးသည့် နည်းလမ်းမှလွဲ၍ မဟာနတ်ဆိုးနတ်ဘုရား၏ တိုက်ခိုက်မှုကို တားဆီးနိုင်သည့် အခြားနည်းလမ်းကို ရန်ကိုင် မစဉ်းစားတတ်တော့ပေ။

ယခု သူစိတ်ထဲ သိချင်နေသည့် အကြောင်းအရာ တစ်ခုသာ ရှိတော့သည်။

ရန်ကိုင်သည် သူ့ဘေးနားတွင် ရပ်နေသည့် အမျိုးသမီးဘက်သို့လှည့်၍ အလေးအနက် အမူအရာဖြင့် မေးလိုက်လေ၏ “ခင်ဗျားက ဘယ်သူလဲ၊ အရင်းတုန်ကလိုပဲ တီယာလို့ပဲ ခေါ်ရဦးမှာလား”

တီယာာက ပြုံးလျက် ပြန်ပြောလိုက်သည် “ကျွန်မက သမိုင်းမှတ်တမ်းတွေကို စောင့်ကြည့် မှတ်တမ်းတင်တဲ့လူပဲ။ ရှင်အခု ကြုံလိုက်ရတာတွေက ကျွန်မစုဆောင်းထားတဲ့ မှတ်တမ်းတွေက မြူတစ်မှုန်စာလောက်ပဲ ရှိသေးတယ်”

“ဒီအိမ်မက်ကမ္ဘာကြီးကို ခင်ဗျား ဖန်တီးထားတာလား” ရန်ကိုင် မျက်ခုံးပင့်သွား၏။

တီယာက ခေါင်းခါလျက် “ကျွန်မက စောင့်ကြည့်မှတ်တမ်းတင်ရတဲ့ အလုပ်ကိုပဲ တာဝန်ယူထားတာ။ ဘယ်လို အိမ်မက်ကမ္ဘာနဲ့ ကြုံရမလဲဆိုတာက လူအပေါ်ပဲ မူတည်တယ်”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏ “ကျုပ် ဘယ်ကမ္ဘာထဲ ဝင်ရမလဲဆိုပြီး ရွေးခဲ့ရတာမျိုး မရှိပါဘူး”

ဤနေရာထဲသို့ ဝင်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် တောင်ပြာရွာမှ အားညိုအဖြစ် နိုးလာခဲ့သည်။ သူဘာတွေကိုများ ရွေးလိုက်ရလို့နည်း။

တီယာက ယဲ့ယဲ့လေးပြုံးလျက် “ဟုတ်တယ်။ ရှင်မရွေးရဘူး။ ဒါပေမယ့် ရှင့်ကိုယ်ထဲမှာ ရှိတဲ့ တစ်ခုခုက ဒီနေရာအတွက် ရှင့်ကို အသင့်တော်ဆုံး ဖြစ်နေစေတယ်”

ခဏမျှ စဉ်းစားနေပြီးနောက် ရန်ကိုင်က ပြန်ပြောလိုက်၏ “ရှေးဟောင်းနတ်ဆိုးချီလား”

ထိုစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့ဒန်တန်ထဲရှိ ချိပ်စည်းကို ဖြေလိုက်မိကြောင်း ပြန်သတိရသွားခဲ့သည်။ ရန်ကိုင်သည် မိုတော့နှင့် တိုက်ခိုက်စဉ် နတ်ဆိုးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးခဲ့သည်။ ယခုအချိန်တွင်တော့ သူ့စိတ်ထဲ အရမ်းကြီး မသက်မသာ ဖြစ်နေသလို ခံစားရခြင်းမရှိချေ။ သူ့အခြေအနေသူ စစ်ဆေးကြည့်လိုက်ချင်သော်ငြား သူ့တွင် ရုပ်ခန္ဓာမရှိသည်မှာ ပြဿနာတစ်ရပ် ဖြစ်နေခဲ့သည်။ လက်ရှိ တီယာနှင့် စကားပြောနေသည်မှာ ရန်ကိုင်၏ ဝိဥာဉ်သာ ဖြစ်လေသည်။

တီယာသည် ရန်ကိုင် ဘာစဉ်းစားနေသလဲ ဆိုသည်ကို သတိပြုမိသည့်အလား၊ နှစ်သိမ့်ပေးလိုက်၏ “စိတ်မပူနဲ့။ ရှင်အခု ကြုံခဲ့ရတာတွေက ခဏလေးပဲရှိတာ။ အပြင်ရောက်တော့မှပဲ အဲ့က ပြဿနာတွေကို ရှင်းလို့ရတယ်”

ခေါင်းညိတ်ပြီးနောက် ရန်ကိုင်က ပြန်မေးလိုက်သည် “ခင်ဗျားက သမိုင်းကြောင်းကို စောင့်ကြည့်မှတ်တမ်းတင်တဲ့လူလို့ ပြောတယ်နော်။ ဒီတော့ ခင်ဗျားက ဒီအိမ်မက်ကမ္ဘာကြီးပေါ့”

တီယာသည် ရန်ကိုင်အား ချီးကျူးလိုဟန်ဖြင့် ကြည့်လျက် “ရှင်က တကယ်ကို အမြင်စူးရှတာပဲ။ ဟုတ်တယ်။ ကျွန်မက ဒီကမ္ဘာကြီးပဲ”

ရန်ကိုင်က ဆက်ပြောလိုက်သည် “ဒီကိုလာတဲ့လူတိုင်း မတူတဲ့ အိမ်မက်ကမ္ဘာထဲကို ရောက်သွားရတယ်မလား။ ဒီတော့ ကျုပ်ကြုံရတာက နတ်ဆိုးမျိုးနွယ်နဲ့ လူရိုင်းမျိုးနွယ်ကြားက စစ်ပွဲဆိုရင် အခြားလူတွေက အခြားတစ်မျိုး ကြုံရမှာပေါ့”

“ဟုတ်တယ်” တီယာက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည် “ရှင်ဒီတစ်ကြိမ် မျိုးနွယ်စုနှစ်ခုကြားက စစ်ပွဲနဲ့ ကြုံရတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် လာမယ်ဆိုရင်တော့ အဲ့အချိန်ကျ ရှင်ကြုံရမှာက အခုတစ်ကြိမ်နဲ့ တူတော့မှာ မဟုတ်ဘူး။ အကုန်လုံးမှာ အကြောင်းနဲ့အကျိုးဆိုတာ ရှိပြီးသား”

“ဒီကမ္ဘာငယ်လေးမှာ နာမည်ရှိလား” ရန်ကိုင်က မေးလိုက်သည်။

“ပုံရိပ်တစ်ထောင်အိမ်မက်ကမ္ဘာ” တီယာသည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ပြန်ပြောလိုက်သည်။

ယခုဆိုလျှင် တီယာ ရှိနေခဲ့သည့် နေရာ၌ အိမ်တစ်လုံးစာမျှ ကြီးမားသော လိပ်ပြာကြီး တစ်ကောင် ရှိနေလေ၏။ လိပ်ပြာပေါ်ရှိ ရောင်စုံအကွက်များမှာ အလွန်ကိုမှ အသက်ဝင်၊ လှပလွန်းလှသည်။ တောင်ပံတစ်ချက် ခတ်တိုင်းခတ်တိုင်း ရောင်အစုံအလင်းတို့ ကွန့်မြူးသွားသည်မှာ တကယ်ကို ရင်သက်ရှုမောစရာပင်။

လိပ်ပြာဆီမှ တီယာ၏အသံ ထွက်ပေါ်လာခဲ့လေသည် “ကျွန်မက ဒီကမ္ဘာကြီးကို အုပ်ချုပ်တဲ့ ပုံရိပ်တစ်ထောင်လိပ်ပြာပဲ”

“ဒီတော့ ခင်ဗျားက ဒီကမ္ဘာငယ်လေးကို ဖွင့်တဲ့သော့ပေါ့” ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့သည်။

ငါးရောင်ခြယ်ရတနာဘုရား၏ ငါးလွှာမြောက်တွင် ကမ္ဘာငယ်လေးများစွာရှိကြောင်း၊ သက်ဆိုင်ရာ ကမ္ဘာငယ်လေး တစ်ခုချင်းစီအား ဖွင့်၍ရသည့် သော့အသီးသီး ရှိကြောင်း၊ မင်းသမီးလန်ရွှင်းမှ ရန်ကိုင်အား ပြောပြခဲ့ဖူးသည်။ ဥပမာပြရသော် ငါးလွှာမြောက်ရှိ ပုံရိပ်ယောင်နယ်မြေကို ရွှေချပ်သံစာအုပ်နှင့် ဖွင့်၍ရကြောင်း ပြောခဲ့ဖူးပေသည်။ ရန်ကိုင်မှ ရွှေချပ်သံစာအုပ်ကို လက်ခံရရှိထားသော တန်ကျွင်းဟောင်ကို သတ်လိုက်စဉ် ငါးလွှာမြောက်ရှိ ပုံရိပ်ယောင်နယ်မြေထဲ၌ ကျင့်ကြံနေကြသော ကြယ်ဝိဥာဉ်နန်းတော်၏ တပည့်များမှာ၊ သူတို့ ရောက်ရှိနေသည့် ကမ္ဘာငယ်လေးအား ဖွင့်လှစ်နိုင်မည့်သော့ မရှိတော့သည့်အတွက်ကြောင့် အပြင်သို့ ပြန်ထွက်လာနိုင်ကြခြင်း မရှိတော့။

ထို့အတွက်ကြောင့် ရွှေသံချပ်စာအုပ်ကို ပြန်လည်ရရှိဖို့ရာ ကြယ်ဝိဥာဉ်နန်းတော်သည် ရန်ကိုင်အား ငါးရောင်ခြယ်ရတနာဘုရားထဲသို့ တစ်လခန့် ဝင်ရောက်ခွင့်ပေးမည်ဟု ကတိပေးခဲ့လေသည်။

ပုံရိပ်ယောင်နယ်မြေ၏ သော့သည် ရွှေချပ်သံစာအုပ်ဖြစ်ပါကာ ပုံရိပ်တစ်ထောင်အိမ်မက်ကမ္ဘာ၏ သော့သည် ပုံရိပ်တစ်ထောင်လိပ်ပြာ ဖြစ်သည့် တီယာ ဖြစ်ပေသည်။

တီယာက ရယ်သွမ်းသွေးလျက် “သော့လား၊ မဟုတ်ဘူး၊ ကျွန်မက သော့တင်မဟုတ်ဘူး။ ဒီကမ္ဘာကြီး ကိုယ်တိုင်ပဲ”

တီယာပြောသည့် စကားကို ရန်ကိုင် သေချာနားမလည်။ သို့သော် လက်ရှိ သူရှေ့တွင် ရှိနေသည့် ပုံရိပ်တစ်ထောင်လိပ်ပြာသည် လန်ရွှင်းပြောသည့် ပုံရိပ်ယောင်နယ်မြေထက် ပိုအဆင့်မြင့်ရလိမ့်မည်ဟုတော့ သူ့စိတ်ထဲ အလိုလို ခံစားနေရသည်။ ထို့ကြောင့် ခေါင်းညိတ်၍ “ကျုပ်အကြမ်းဖျင်း နားလည်သွားပြီ။ ခင်ဗျားက ဒီကမ္ဘာငယ်လေးကို ထိန်းချုပ်နိုင်တာပဲကို၊ ဘာလို့ ကျုပ်ဘေးနားမှာ တီယာအဖြစ် ပေါ်လာတာလဲ၊ ခင်ဗျား ကျုပ်ကို စောင့်ကြည့်နေတာလား”

တီယာက ပြန်ပြောလိုက်၏ “ဒီအတိုင်း တမင်သက်သက် မစောင့်ကြည့်ဘဲနဲ့တောင် ဒီကမ္ဘာငယ်လေးထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ကျွန်မသိနိုင်တယ်။ အခုလို ဖြစ်သွားတာက... တိုက်ဆိုင်သွားတယ်လို့ပဲ သဘောထားလိုက်ပေါ့။ ကျွန်မအိပ်ပျော်နေတာ ကြာပြီ။ ရှင်ရောက်လာတဲ့အခါမှပဲ နိုးလာခဲ့တာ”

“အို” ရန်ကိုင် မျက်ခုံးပင့်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် “ဒီတော့ ကျုပ်က ထူးခြားတယ်ပေါ့၊ ဒါဆို ခင်ဗျားကို ကျုပ်နဲ့အတူ ခေါ်သွားလို့ရလား” တစ်ချက်မျှ ရပ်ပြီးနောက် “ခင်ဗျား ကျုပ်နောက် လိုက်ခဲ့ချင်လား”

သူသာ တီယာကို ခေါ်သွားနိုင်ခဲ့လျှင် ဤကမ္ဘာငယ်လေးကို ထိန်းချုပ်သွားနိုင်ပြီဟု ပြော၍ရပေသည်။ ထို့အပြင် ဤကမ္ဘာငယ်လေးသည် မည်သည့် ကျင့်ကြံခြင်းအဆင့်သို့ပင် ရောက်နေသည့် ကျင့်ကြံသူဖြစ်စေကာမူ လာရောက် လေ့ကျင့်နိုင်သည့် ကမ္ဘာငယ်လေးတစ်ခု ဖြစ်သည်။ ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်တစ်ပါး ဖြစ်သည့်အလျောက် ရန်ကိုင်သည် ဂိုဏ်း၏ အနာဂတ် အရေးအတွက် သေချာစဉ်းစားရပေမည်။

ဂိုဏ်းကြီးတိုင်းတွင် ကိုယ်ပိုင် အခြေခံအုတ်မြစ်များ ဖြစ်ကြသည့် အမွေအနှစ်များ ဖြစ်ကြသည်။ ဥပမာဆိုရသော် ငါးရောင်ခြယ်ရတနာဘုရားသည် ကြယ်ဝိဥာဉ်နန်းတော်၏ အုတ်မြစ်တစ်ခုဖြစ်၍ ကောင်းကင်တက်လှမ်းခြင်း ကြေးမုံသည် နေမင်းပြာကျောင်းတော်၏ အမွေအနှစ်တစ်ခု ဖြစ်သည်။ ရှေးဟောင်းကျောင်းတော်၌ အာကာသလေပြင်းရှိသလို ကောင်းကင်တိုက်ပွဲဒိုဂျိုတွင်လည်း သိုင်းစိတ်ဆန္ဒကျောင်းတော် ရှိသည်။ ထိုအရာများသည် ဂိုဏ်းအသီးသီး၏ အခြေခံအုတ်မြစ်ဖြစ်သည့် အမွေအနှစ်များ ဖြစ်ကြသည်။ ထိုဂိုဏ်းများ ယခုကဲ့သို့ တိုးတက်အားကောင်းလာရခြင်းမှာ ထိုအမွေအနှစ်များနှင့် သက်ဆိုင်နေပေသည်။

ဂိုဏ်းတစ်ဂိုဏ်း အနေဖြင့် ရေရှည်တည်တံနိုင်ဖို့ရာ နောင်လာနောက်သားများအပေါ် အားကိုးရသည်။

လက်ရှိအချိန်တွင် ထက်ကောင်းကင်နန်းတော်၌ ပညာရှင်ပေါင်းများစွာ ရှိနေသည်ဟု ပြော၍ရသည်။ ရန်ကိုင် ကိုယ်တိုင်သည် ဧကရာဇ်တတိယအဆင့်နှင့်ပင် ယှဉ်ပြိုင်နိုင်သည့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သလို သူ့လက်အောက်တွင်လည်း မွန်းစတားဘုရင် သုံးပါး ရှိနေသေးသည်။ ထို့အပြင် ဧကရာဇ်အဆင့် ဆေးပညာရှင်၊ အစီအရင်ပညာရှင်၊ ပန်းပဲပညာရှင် အသီးသီးတို့လည်း ဂိုဏ်းထဲတွ် ရှိနေကြသေးသည်။ တောင်ဘက်နှင့် မြောက်ဘက်နယ်မြေကို ဆက်သွယ်ပေးထားသည့် နယ်မြေခြားဟင်းလင်းပြင် အစီအရင်ပါ ရှိနေသေးသည့်အတွက်ကြောင့် တပည့်များ ကျင့်ကြံဖို့ရာအတွက် အရင်းအမြစ် လောက်ငှစွာ မရရှိမည်ကို စိတ်ပူစရာမလိုချေ။

သို့သော်ငြား လက်ရှိအချိန်၌ ထက်ကောင်းကင်နန်းတော်၌ မရှိသည်မှာ တပည့်များ၏ အရည်အချင်းကို တိုးတက်အောင် လုပ်ပေးနိုင်မည့် အမွေအနှစ်များပင်။

ပုံရိပ်တစ်ထောင်အိမ်မက်ကမ္ဘာသည် ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် အရာတစ်ခု ဖြစ်သည်ဟု ပြော၍ရသည်။

ထို့ကြောင့်ပင် ရန်ကိုင်မှာ ပုံရိပ်တစ်ထောင်လိပ်ပြာကို သူနှင့်အတူ ခေါ်သွားလိုခြင်းပင်။ ပုံရိပ်တစ်ထောင်အိမ်မက်ကမ္ဘာသည် ငါးရောင်ခြယ်ရတနာဘုရား၏ ငါးလွှာမြောက်ရှိ ကမ္ဘာငယ်လေးပေါင်းများစွာအနက်မှ တစ်ခု ဖြစ်သည်။ ထို့အပြင် တီယာသည် အိမ်မက်ကမ္ဘာကိုယ်တိုင် ဖြစ်သလို အိမ်မက်ကမ္ဘာ၏ သော့လည်း ဖြစ်၏။ ထို့ကြောင့် ရန်ကိုင်သည်သာ တီယာအား ခေါ်သွားနိုင်မည်ဆိုပါက ထက်ကောင်းကင်နန်းတော်သည် ကိုယ်ပိုင် ကမ္ဘာငယ်လေးတစ်ခုကို ပိုင်ဆိုင်သွားပြီဟု ပြော၍ရပေသည်။

ကြယ်ဝိဥာဉ်နန်းတော်မှ ရန်ကိုင်မှ သူတို့၏ ပိုင်ဆိုင်မှုအား ယူသွားသည့်အပေါ် တားဆီးမလား ဆိုသည်ကိုတော့ ရန်ကိုင် မစဉ်းစားချင်သေးချေ။ နောင်ကိစ္စများကို နောင်မှသာ တွေးပူပေမည်။ ထို့အပြင် ငါးရောင်ခြယ်ရတနာဘုရား၏ ငါးလွှာမြောက်၌ ကမ္ဘာငယ်လေးပေါင်း များစွာ ရှိနေလေရာ ရန်ကိုင်မှ တစ်ခုလောက် ငှားသွားလျှင်ပင် ကြယ်ဝိဥာဉ်နန်းတော် သတိထားမိလိမ့်မည် မဟုတ်ချေ။

သူတို့ သတိထားမိသွားလျှင်ကော ဘာအရေးနည်း။ ဤအရာသည် ရန်ကိုင်ကိုယ်တိုင် ရရှိလာသည့် အရာဖြစ်သည့်အတွက်ကြောင့် ကြယ်ဝိဥာဉ်နန်းတော်အနေဖြင့် သူကြိုးစားပြီးမှ ရလာသည့် အရာတစ်ခုအား ချန်ထားခဲ့ရန် အတင်းအကြပ် ဖိအားပေး၍ မဖြစ်ချေ။ ထိုသို့သာ လုပ်လိုက်လျှင် ကြယ်ဝိဥာဉ်နန်းတော်၏ ဂုဏ်သတင်း မည်သို့ ဖြစ်သွားမည်နည်း။

“ရတယ်လေ၊ လိုက်ခဲ့မယ်” တီယာက ပြန်ပြောလိုက်၏။

“ဘယ်... ဘယ်လို” ရန်ကိုင် သူများ နားကြားမှားသွားသလားဟုပင် တွေးမိသွားသည်။ တီယာ ဤမျှ အလွယ်တကူ သဘောတူလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ တီယာသာ သဘောမတူလျှင် သူမအား သူ့နောက်သို့ လိုက်လာအောင် ဖြောင်းဖျမည့် စကားများပင် ရန်ကိုင်၏ လည်ချောင်းထဲ ဆို့တစ်ကာ ကျန်ရစ်ခဲ့ရလေသည်။

“လိုက်ခဲ့မယ်လို့ ပြောတာလေ” တီယက ပြန်ပြောလိုက်သည်။

ရန်ကိုင် ကြောင်သွားခဲ့လေ၏။

ရန်ကိုင် ဘာတွေးနေသလဲဆိုသည်ကို သတိပြုမိသည့်အလား တီယာက ပြုံးလျက် “သမိုင်းကြောင်းက ရှင့်ကို မူတည်ပြီး ပြောင်းလဲမယ်လို့ ကျွန်မအာရုံခံမိနေတယ်။ ကျွန်မတာဝန်က သမိုင်းကြောင်းကို မှတ်တမ်းတင်ရမှာဆိုတော့ ဒီမှာ ဆက်နေလို့ အဆင်မပြေဘူး”

ရန်ကိုင်က ပြုံးဖြီးလျက် “အနာဂတ် ဘယ်လိုရှိလဲဆိုတာကိုတော့ ကျုပ်မသိဘူး။ ဒါပေမယ့် ကျုပ်အနာဂတ်ကတော့ လုံးဝကို စိတ်ဝင်စားဖို့ကောင်းမယ်မှန်း ပြောနိုင်တယ်။ ခင်ဗျားသာ ကျုပ်နောက်လိုက်ခဲ့ရင် စိတ်ဝင်စားစရာတွေ အများကြီးကို မှတ်တမ်းတင်နိုင်မှာ”

“အဲ့လို မျှော်လင့်ရတာပဲ”

ရန်ကိုင်မှာ သူ့လက်အား ဆန့်ထုတ်လိုက်ရာ တီယာသည် ၎င်း၏ ရောင်စုံတောင်ပံများကို တဖျတ်ဖျတ်ခတ်လိုက်ကာ အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ ရန်ကိုင်လက်ဝါးပေါ် သက်ဆင်းသွားလေ၏။

ရန်ကိုင်လည်း သူ့လက်ဝါးပေါ်ရှိ ပစ္စည်းအား ငုံ့ကြည့်လိုက်ရာ လိပ်ပြာဆံထိုးလေးတစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထို့နောက်တွင် ရန်ကိုင်၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ စတင် တွန့်လိမ်ကာ ဝေဝါးလာခဲ့လေသည်။ သူ့အား အလွန်ပြင်းထန်သည့် ဆွဲအားတစ်ရပ်မှ ဘယ်မှန်းမသိသည့် အရပ်ဆီသို့ ဆွဲခေါ်နေကြောင်းလည်း တွေ့လိုက်ရသည်။

ဆွဲအားအတိုင်း လိုက်ပါသွားလိုက်ရာ သူ့ဝိဥာဉ်သည် မဆုံးနိုင်လောက်အောင် ရှည်လျားလွန်းလှသော အချိန်လေဟာနယ်လိုဏ်ခေါင်းကို ဖြတ်ကူးသွားနေသည်ဟု ခံစားနေရပြီးနောက် အဆုံးတွင် ရင်းနှီးနေသည့် နေရာဆီသို့ ပြန်ရောက်လာခဲ့၏။

မျက်လုံးပွင့်လာပြီးနောက် ရန်ကိုင် ပထမဦးဆုံး စစ်ဆေးကြည့်သည်မှာ သူ့ဝိဥာဉ်သည် ခန္ဓာကိုယ်ထဲသို့ အဆင်ပြေပြေ ပြန်လည် ရောက်ရှိလာသလားဆိုသည်ကိုပင်။ ထို့နောက် သူ့ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်လေ၏။ သူ့ခန္ဓာကိုယ်မှာတော့ အတော်လေးကို အခြေအနေ ဆိုးနေခဲ့သည်။ သိပ်သည်းလှသည့် နတ်ဆိုးချီတို့မှာ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံနေပြီး ထိုနတ်ဆိုးချီသည် သူ့အား နတ်ဆိုး တစ်ကောင် အသွင်သို့ ပြောင်းလဲပစ်ရန် အဆက်မပြတ် ကြိုးစားနေခဲ့သည်။

ရန်ကိုင်သည် ပုံရိပ်တစ်ထောင်အိမ်မက်ကမ္ဘာထဲတွင်သာ နတ်ဆိုးအသွင်ပြောင်းလဲခြင်းကို ထုတ်သုံးခဲ့ပါသော်ငြား ပြင်ပလောကကြီးတွင် ရှိနေသည့် သူ့ခန္ဓာကိုယ်သည်လည်း နတ်ဆိုးချီအား ချိပ်ပိတ်ထားသည့် ချိပ်စည်းကို ဖြေခဲ့လေသည်။ တစ်နည်းဆိုရသော် အိမ်မက်ကမ္ဘာထဲ သူကြုံခဲ့ရသည့် အရာများသည် ပုံရိပ်ယောင်များသာ ဖြစ်ပါသော်ငြား ထိုထဲတွင် သူလုပ်ခဲ့သည့် အရာများသည် သူ့ခန္ဓာကိုယ်နှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေပေသည်။

ရန်ကိုင်တွင် ထိုကိစ္စများကို ထိုင်စဉ်းစားနေရန် အချိန်မရှိ။ ချက်ချင်းပဲ ခုနှစ်ရောင်စဉ်ဝိဥာဉ်ကြာပန်းကို အသည်းအသန် ထိန်းချုပ်ကာ သူ့အသိစိတ်ပင်လယ်အား ကာကွယ်ထားလိုက်ပြီးနောက်တွင် လောကဓါတ်လုံးထဲသို့ ဝင်သွားကာ ထိုထဲတွင် ရှိနေသော မိုးကောင်းကင်သစ်ပင်ဆီမှ စွမ်းအားကို ယူငင်လျက် နတ်ဆိုးချီကို ပြန်လည် ချိပ်ပိတ်ပစ်နိုင်ရန် ကြိုးစားတော့သည်။

ရွှေရောင်နှင့်ငွေရောင်အလင်းတို့သည် မိုးကောင်းကင်သစ်ပင်ဆီမှ စီးထွက်လာပြီး ရန်ကိုင်ကိုယ်ထဲသို့ စီးဝင်လာခဲ့လေ၏။ ရွှေရောင်နှင့်ငွေရောင်စွမ်းအား ရောက်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေကြသော နတ်ဆိုးချီတို့သည် ကျားကိုတွေ့လိုက်ရသည့် ယုန်သူငယ်ပမာ ဒန်တန်ထဲသို့ ချက်ချင်း ထွက်ပြေးကုန်ကြတော့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၀၄)

ဘာသာပြန်သူ_တိမ်တိုက်

မကြာမီ သူ့ကိုယ်ထဲရှိ နတ်ဆိုးချီများကို ပြန်လည် ချိပ်ပိတ်ပစ်နိုင်ခဲ့လေသည်။

ထိုနတ်ဆိုးချီများကို ချိပ်ပိတ်ပစ်နိုင်ရန်အတွက် ရန်ကိုင်သည် မိုးကောင်းကင်သစ်ပင် စုဆောင်းထားခဲ့သည့် စွမ်းအား အကုန်အစင်ကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့် လက်ရှိ အချိန်တွင် မိုးကောင်းကင်သစ်ပင်ပေါ်၌ မည်သည့် ရွှေရောင်ငွေရောင် အရောင်အဆင်းတို့ကို မတွေ့ရတော့သည့်အပြင် သစ်ပင်တစ်ပင်လုံးမှာလည်း စွမ်းအားများ အလွန်အကျွံ့ ထုတ်ယူခံထားရသည့် အတွက်ကြောင့်လားမသိ၊ အနည်းငယ် ညိုးကျချင်သလို ဖြစ်နေခဲ့သည်။

ရန်ကိုင်သည် သက်ပြင်းချလျက် စေးကပ်ကပ် အရည်တစ်စက် ရှိနေသည့် ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်လိုက်သည်။

ဤပုလင်းထဲတွင် ရှိနေသည်မှာတော့ အခြားမဟုတ်၊ အန္တိမရေစင်သာ ဖြစ်လေသည်။ ဤအန္တိမရေစင်ကို ရရန်အတွက် ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ ဂုဏ်ပြုပွဲ အခမ်းအနားတွင် အခြားလူတစ်ဦးနှင့် အလဲအလှယ် လုပ်ခဲ့ရသည်။ ဤရေစင်ကို ရထားသည်မှာ မကြာသေးပါသော်ငြား ချက်ချင်းကြီး အသုံးပြုလာရလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။

အန္တိမရေစင်သည် ဆေးပင်များအား တစ်ခဏလေးအတွင် သက်တမ်းရင့်လာအောင် လုပ်ပေးနိုင်ပေသည်။ သို့သော်ငြား ဤကဲ့သို့သော ရေစင်မျိုးမှာ အလွန်ကိုမှ ရှားသည့် အတွက် လူအနည်းငယ်သည်သာ ဤသို့သော ရေစင်မျိုးကို ပိုင်ဆိုင်ထားနိုင်ကြသည်။ ယခုတစ်ကြိမ်တွင် ရန်ကိုင်သည် မိုးကောင်းကင်သစ်ပင်ဆီမှ ရွှေရောင်နှင့်ငွေရောင် စွမ်းအင် အားလုံးကို ထုတ်ယူခဲ့သည့်အတွက်ကြောင့် မိုးကောင်းကင်သစ်ပင်ကို အန္တိမ ရေစင်သုံး၍ ပြန်လည် အားဖြည့်ပေးရန် ကြံနေခြင်း ဖြစ်လေသည်။

သို့မှသာလျှင် နောက်တစ်ကြိမ် နတ်ဆိုးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးခဲ့သည်ရှိသော်၊ နတ်ဆိုးချီကို ပြန်လည် ချိပ်ပိတ်နိုင်ပေလိမ့်မည်။

နတ်ဆိုးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ကြိမ်ဖန်များစွာ အသုံးပြုပြီးသည့်နောက်တွင် နတ်ဆိုးချီအား ချိပ်ပိတ်ရသည့် စွမ်းအားမှာ ပိုပို၍ များပြားလာခဲ့ရသည်။ ရန်ကိုင် ခန့်မှန်းကြည့်ရသလောက် သူ့အနေဖြင့် အလွန်ဆုံး နောက်တစ်ကြိမ် နှစ်ကြိမ်သုံးကြိမ်ခန့်သာ နတ်ဆိုးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးနိုင်ပေလိမ့်မည်။ ထို့ထက်ပို၍ အသုံးပြုလိုက်မည်ဆိုပါက ရန်ကိုင်အနေဖြင့် လူအသွင်သို့ ပြန်ပြောင်းနိုင်တော့လိမ့်မည် မဟုတ်ဘဲ နတ်ဆိုးတစ်ကောင်အဖြစ်သို့ လုံးလုံး ပြောင်းလဲသွားရပေလိမ့်မည်။

နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်အား ထိုပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း တစ်ခုအဖြစ် သုံးလို့ရကောင်း ရနိုင်ပေသည်။ နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို သုံး၍ နတ်ဆိုးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးလိုက်သည့်အခါ သူ့စိတ်ကို ထိန်းချုပ်ရသည်မှာ ယခင်ကလောက် မခက်ခဲတော့ကြောင်း တွေ့ရှိလိုက်ရသည်။ အနည်းဆုံး သူ့စိတ်ကို ကြည်ကြည်လင်လင် ဖြစ်အောင် ထားထားနိုင်ပေသည်။

ကျုချင်း၏ ကမ်းလှမ်းချက်ကို သဘောတူပြီး သူမနှင့်အတူ နဂါးကျွန်းသို့ လိုက်သွားသင့်သလားဟုပင် ရန်ကိုင် စဉ်းစားမိသွားသည်။ ထို့အပြင် နဂါးကျွန်းတွင် နဂါးသွေးဆေးလုံး ဖော်စပ်ရာတွင် လိုအပ်သည့် အဓိက ဆေးအမယ်ဖြစ်သော နဂါးသွေးပန်းများစွာ ရှိနေသေည်။ ထိုဆေးလုံးများကိုသာ သောက်သုံးနိုင်ပါက ရန်ကိုင်၏ နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်သည် ပိုမို ပြီးပြည့်စုံလာပေလိမ့်မည်။

သို့သော်ငြား ကျုချင်းမှာ ရေခဲနယ်မြေသို့ သွားနေခဲ့သည်။ ယခုအချိန်ထိတိုင် သူမဆီမှ မည်သည့်သတင်းမှ မရသေးချေ။ ကျုချင်း သေလား ရှင်လားဆိုသည်ကိုပင် ရန်ကိုင် မသိချေ။

ထိုအတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ် အခြေအနေကို နောက်တစ်ကြိမ် စစ်ဆေးကြည့်သည်။

သူ့ခန္ဓာကိုယ်နှင့် ပက်သက်၍ မည်သည့် ပြဿနာမှမရှိ။ နတ်ဆိုးချီကြောင့် အနည်းငယ်လေး အားနည်းသွားရုံသာရှိသည်။ ရက်အနည်းငယ်လောက် အနားယူရုံဖြင့် အားနည်းနေသည့် သူ့ခန္ဓာကိုယ်မှာ အပြည့်အဝ ပြန်ကောင်းလာပေလိမ့်မည်။

တကယ်ပြဿနာသည်ကား သူ့ဝိဥာဉ် ဖြစ်နေခဲ့သည်။

ရန်ကိုင် ကြုံခဲ့ရသည့် အရာများမှာ ပုံရိပ်ယောင်သာ ဖြစ်ပါသော်ငြား ရန်ကိုင်၏ ဝိဥာဉ်သည် အိမ်မက်ကမ္ဘာထဲတွင် တစ်ချိန်ကုန် အချိန်ကုန်နေခဲ့ရခြင်း ဖြစ်သည်။ ထိုအလွန်ကိုမှ အသက်ဝင်လွန်းလှသည့် ကမ္ဘာထဲတွင် ရန်ကိုင်သည် သူ့ကိုယ်သူပင် မေ့လျော့ခါနီး ဖြစ်ခဲ့ရသည်။

ထိုကမ္ဘာထဲ၌ မှော်ဆရာညို ခံစားခဲ့ရသည့် ဒဏ်ရာအားလုံးသည် ရန်ကိုင်၏ ဝိဥာဉ်အပေါ် လာသက်ရောက်လေသည်။

မိုတော့နှင့် တိုက်ပွဲတွင် ရန်ကိုင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပါသော်ငြား မဟာနတ်ဆိုးနတ်ဘုရား၏ လက်ဝါးချက်မှာ သူအား လုံးလုံး ဒုက္ခရောက်စေခဲ့ရသည့် အကြောင်းအရင်း ဖြစ်သည်။ သူ့ဝိဥာဉ်ကိုသာ ခုနှစ်ရောင်စဉ်ဝိဥာဉ်ကြာပန်းမှ ကာကွယ်ပေးထားခြင်း မရှိခဲ့လျှင် ရန်ကိုင်၏ ဝိဥာဉ်သည် သူ့ခန္ဓာကိုယ်ထဲသို့ပင် ပြန်လာနိုင်ခဲ့လိမ့်မည် မဟုတ်ဘဲ မဟာနတ်ဆိုးနတ်ဘုရား၏ လက်ဝါးချက်ကြောင့် အိမ်မက်ကမ္ဘာထဲတွင်ပင် တစ်ခါတည်း ပျက်စီးသွားရပေလိမ့်မည်။

ခုနှစ်ရောင်စဉ်ဝိဥာဉ်ကြာပန်းသည်သာ ရန်ကိုင်အား ယခုကဲ့သို့ အသက်ရှင်အောင် ကူညီပေးခဲ့သည့် ရတနာတစ်မျိုး ဖြစ်ပေသည်။

ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်း ရန်ကိုင်စိတ်ထဲ အလိုလို ကြောက်ရွံ့မိလာရသည်။ တစ်ချိန်တည်းတွင်လည်း ဘာကြောင့်မှန်းမသိ သူ့ခန္ဓာကိုယ် တစ်ခုလုံး အလွန်ကိုမှ နုံးချိလာခဲ့ရကာ ချက်ချင်း လှဲအိပ်ချင်စိတ်များပင် ဖြစ်ပေါ်လာခဲ့ရသည်။

သို့သော်ငြား လက်ရှိ သူရောက်နေသည်မှာ အခြားသူတစ်ဦး၏ ပိုင်နက်ဖြစ်ပြီး သူငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်လာသည်မှာ နှစ်နှစ်ခန့်ပင် ကြာနေပြီဖြစ်ကြောင်း သိထားသည်။ ကြယ်ဝိဥာဉ်နန်းတော်နှင့် သဘောတူထားသည်မှာ တစ်လသာ ဖြစ်သည့် အတွက်ကြောင့် နှစ်နှစ်ကြာအောင်ပင် ငါးရောင်ခြယ်ရတနာဘုရားထဲ ဝင်ခဲ့လေရာ အပြင်သို့သာ ပြန်ထွက်သွားလျှင် သူ့အား မည်သို့သော မေးမြန်းစုံစမ်းမှုများ စောင့်နေမလဲ ဆိုသည်ကို ရန်ကိုင် မသိချေ။

ရန်ကိုင်သည် သူ့လက်ထဲတွင် ရှိနေသည့် လိပ်ပြာဆံထိုးလေးကို ငုံ့ကြည့်လိုက်သည်။ ဆံထိုး၏ အေးစက်စက် အထိအတွေ့သည် သူကြုံခဲ့ရသည်များမှာ အတုအယောင် မဟုတ်ဘဲ အစစ်အမှန်ဖြစ်ကြောင်းကို ရန်ကိုင်အား ပြောပြနေခဲ့သည်။

တီယာသည် တကယ်ကြီး လိပ်ပြာတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီး ထိုလိပ်ပြာကြီးသည် သူ့လက်ထဲတွင် ရှိနေသော သော့တစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ရန်ကိုင်သည် တီယာ၏ နာမည်ကို လှမ်းခေါ်ကြည့်သည်။ မည်သည့် ပြန်ထူးသံမှ မကြားရ။

ယခင်က ကိုယ်ပိုင်အသိဥာဏ်ကို ပိုင်ဆိုင်ထားခဲ့သော လိပ်ပြာကြီးသည် လက်ရှိ အချိန်တွင် စိတ်စွမ်းအင် အနည်းငယ်မျှပင် ပိုင်ဆိုင်ထားခြင်း မရှိသည့် အေးစက်စက် ပစ္စည်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဤကဲ့သို့သော လိပ်ပြာ ဆံထိုးမျိုးကို ဆံထိုးများရောင်းသည့် ဆိုင်များတွင်ပင် မြင်တွေ့နိုင်ပေသည်။ ဆံထိုးပုံစံမှာ တော်ဝင်သူများ ဆင်မြန်းသည့် ဆံထိုးပုံစံပေါက်နေသည်မှလွဲ၍ ဤဆံထိုးနှင့် ပက်သက်၍ မည်သည့် ထူးခြားမှုမှမရှိချေ။

သို့ရာတွင် ဤရိုးရှင်းလွန်းလှသည် ဆံထိုးလေးသည် ကမ္ဘာငယ်လေးတစ်ခုကို ကိုယ်စားပြုနေပြီး ထက်ကောင်းကင်နန်းတော်သည် အနာဂတ်တွင် ဤဆံထိုးအား ကျိန်းသေ အားကိုးရပေလိမ့်မည်။ ရန်ကိုင်သည် သူ့လက်ထဲတွင် ရှိနေသော ဆံထိုးကို လောကဓါတ်လုံးထဲ၌ ထည့်သိမ်းလိုက်၏။

ထို့နောက် ဖြည်းဖြည်းချင်း ထရပ်၍ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ သူရောက်နေသည့် နေရာသည် ခန်းမတစ်ခုထဲတွင် ဖြစ်ပေသည်။ ဤခန်းမကို သူ့စိတ်ထဲ ရင်းနှီးနေသလို ခံစားနေရပါသော်ငြား သူ့စိတ်ထဲ ဤနေရာသို့ မည်သည့်အချိန်က ရောက်လာခဲ့သလဲ၊ ဤနေရာ မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို စဉ်းစား၍ မရခဲ့ချေ။ ခန်းမထဲရှိ ရန်ကိုင် ရှိနေရာမှ မလှမ်းမကမ်းတွင်တော့ အရောင် တောက်နေသည့် တံခါးတစ်ချပ် ရှိနေခဲ့သည်။ ထိုတံခါးသည် ဤနေရာမှ ထွက်သွားရမည့် ထွက်ပေါက် ဖြစ်လောက်၏။

ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလျက် တံခါးပေါက်ထဲသို့ လှမ်းဝင်လိုက်၏။

သူ့မြင်ကွင်းတစ်ခုလုံး ဝေဝါးသွားခဲ့ပြီး နေရာသစ်တစ်ခုသို့ ရောက်လာလေသည်။

နေရာသစ်သို့ ရောက်ရောက်ချင်း၊ သူ့အနီးဝန်းကျင်မှ ထွက်ပေါ်လာသည့် အားကောင်းသော စွမ်းအင်လှိုင်းများကြောင့် ရန်ကိုင် ကြောင်သွားခဲ့ပြီး သူ့အား တစ်ယောက်ယောက်မှ တိုက်ခိုက်နေပြီလားဟုပင် ထင်သွားခဲ့ရသည်။ နောက်မှသာ ထိုသို့မဟုတ်မှန်း သိလိုက်ရပြီး ရင်းနှီးနေသည့် အသံတစ်သံကို ကြားလိုက်ရလေ၏ “စီနီယာအစ်ကိုရန် ထွက်လာပြီလား”

ရန်ကိုင်သည် မျက်လုံးကိုမှေးစဉ်းလျက် အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်ရာ အနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်နေသော ကျော့ရှင်းတင့်တယ်လှသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရလေသည်။

လက်ရှိ ရန်ကိုင်မှာ တစ်ဖက်လူကို မြင်ပြီးနောက် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သူ့ကိုယ်သူ မှော်ဆရာညိုဟု ထင်နေသေးသည့်အလား။ နှစ်နှစ်ဟူသော ကာလမှာ မကြာလွန်း၊ မမြန်လွန်းချေ။ ရန်ကိုင်သည် အားနည်းသည့် လူငယ်လေးမှ အားကောင်းသည့် လူတစ်ဦး ဖြစ်လာသည်အထိ သူ့ဘဝတစ်လုံးကို ဖြန်သန်းခဲ့ရသည်။ ထို့အတွက်ကြောင့် မှော်ဆရာညိုဖြစ်စဉ်က အတွေ့အကြုံများသည် လက်ရှိ ရန်ကိုင်၏ မှတ်ဥာဏ်နှင့်ပါ လာရောက်ရောယှတ်သွားတော့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ သူ့မှတ်ဥာဏ် ဝိုးတဝါးတား ဖြစ်နေသည့် ပြဿနာနှင့် ကြုံနေရလေ၏။

“မင်းသမီး... လန်ရွှင်းလား” တစ်ဖက်လူ၏ မျက်နှာကို သေချာ မြင်လိုက်ရသည့်နောက် ရန်ကိုင်သည် သူ့စိတ်ထဲ ပေါ်လာသည့် နာမည်ကို လွှတ်ခနဲ ပြောလိုက်မိသည်။ ထိုနာမည်ကို ရေရွတ်ပြီးနောက် သူ့ရှေ့တွင် ရှိနေသည့်လူမှာ မင်းသမီးလန်ရွှင်းမှန်း ပို၍ သေချာသွားတော့လေသည်။

လန်ရွှင်း မျက်နှာထက်ရှိအပြုံး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ ရန်ကိုင်၏ ပုံမှန်မဟုတ်သည့် ပုံစံကို သတိထားမိလိုက်သည့်နောက် စိုးရိမ်တကြီး အမူအရာဖြင့် “စီနီယာအစ်ကိုရန် ဒဏ်ရာရထားတာလား”

ရန်ကိုင်သည် သူမအပေါ် ယခင်နှင့်မတူဘဲ ခပ်တန်းတန်း ဆက်ဆံနေကြောင်း တွေ့လိုက်ရသည်။ ရန်ကိုင်၏ ပုံစံကို ကြည့်ရသည်မှာ တမင်တကာ လုပ်နေခြင်း မဟုတ်ဘဲ ယခုမှသာ သူမနှင့် ပထမဆုံးအကြိမ် တွေ့ဖူးသည့် ပုံစံမျိုး လုပ်ပြနေခြင်း ဖြစ်သည်။

ထိုကိစ္စနှင့် ပက်သက်၍ လန်ရွှင်းစိတ်ထဲ ထူးဆန်းသလို ခံစားမိလိုက်ရသည်။ ရန်ကိုင်နှင့်သူမသည် အလွန် ရင်းနှီးချင်း မရှိသည့်တိုင် သူမတို့နှစ်ဦးမှာ တစ်ကြိမ်မက တွေ့ဖူးကြသလို အတော်လေးလည်း ရင်းနှီးကြသည်။ ထို့ကြောင့် ယေဘုယျကျကျ ပြောရသော် ရန်ကိုင်၏ သူမအပေါ် ဆက်ဆံပုံသည် ယခုကဲ့သို့ မဖြစ်သင့်ချေ။

အကြည့်တစ်စုံသည် ရန်ကိုင် ကိုယ်ပေါ်သို့ ရောက်ရှိလာပြီး စစ်ဆေးကြည့်လေ၏။ သို့သော်ငြား အားနည်းပြီး ပင်ပန်းနွမ်းနယ်နေသည့်ပုံ ပေါက်နေသည့်အချက်မှလွဲ၍ ရန်ကိုင်နှင့် ပက်သက်ပြီး အခြားမည်သည်ကိုမှ ရှာမတွေ့ခဲ့ချေ။

ဤသို့ ဖြစ်လေ့ဖြစ်ထရှိသည့် သဘာဝသာ ဖြစ်သည်။ ငါးရောင်ခြယ်ရတနာဘုရားထဲ အခွင့်အလမ်းများစွာ ရှိပါသော်ငြား အထဲသို့ ဝင်သွားသည့် တပည့်များအနက် အချို့မှာတော့ ယခုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရလေ့ရှိပေသည်။

“ဒဏ်ရာလေးပါပဲ၊ ဘာမှ စိတ်ပူစရာမလိုဘူး” ရန်ကိုင်က ရယ်သွမ်းသွေးရင်းမှ ပြောလိုက်သည်။ တဖြည်းဖြည်းနှင့် အကြောင်းအရာ တော်တော်များများကို သူပြန်မှတ်မိလာနေခဲ့လေပြီ။ ထို့နောက် လန်ရွှင်းအား မေးလိုက်လေ၏ “ဂျူနီယာညီမလန် ငါ့ကို ဒီမှာ တစ်ချိန်လုံး စောင့်နေတာလား”

ဂျူနီယာညီမဟု ခေါ်သည့်စကားကို ကြားသည့်အခါမှသာလျှင် လန်ရွှင်း ပြန်ပြုံးလာနိုင်ခဲ့လေသည် “ကျွန်မ အခုလေးတင် ထွက်လာတာ။ တစ်ချိန်လုံး စောင့်နေတာ မဟုတ်ဘူး”

ရန်ကိုင် ကြောင်သွားလေ၏ “ဂျူနီယာညီမလန် အခုလေးတင်မှ ထွက်လာတာလား”

ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။ သူပုံရိပ်ယောင်ကမ္ဘာထဲ နှစ်နှစ်ခန့် ပိတ်မိနေစဉ် လန်ရွှင်းတို့ ဘာတွေများ ကြုံတွေ့နေရသနည်း။ လန်ရွှင်းသည် ဘာကြောင့်များ ယခုလေးတင်မှ ထွက်လာရလေသနည်း။ ရုတ်တရက် ရန်ကိုင်သည် တစ်ခုခုအား သတိထားမိသွားပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ မေးလိုက်၏ “ရောင်းရင်းလဲ့နဲ့ ရောင်းရင်းရှောင်တို့ကော”

ငါးရောင်ခြယ်ရတနာဘုရားထဲသို့ လူပေါင်းများစွာ ဝင်သွားခဲ့ကြသည်။ လူများစွာမှာ အပြင်သို့ ပြန်ရောက်နေကြပြီး အချင်းချင်း စကားဖောင်ဖွဲ့နေကြသည်။ ဝမ်းသာနေသည့် လူများမှာ ငါးရောင်ခြယ်ရတနာဘုရားထဲ အခွင့်အလမ်းကောင်းများနှင့် ကြုံတွေ့ခဲ့ရသူများ ဖြစ်ကြပြီး စိတ်ဓါတ်ကျနေသည့် လူများမှာတော့ သူတို့ ရရှိခဲ့သည့် အရာများနှင့် ပက်သက်၍ ကျေနပ်ခြင်း မရှိကြသည့် လူများ ဖြစ်ကြပေသည်။ ရန်ကိုင် လန်ရွှင်းနှင့် စကားပြောနေသည်ကို မြင်သော် ကြယ်ဝိဥာဉ်နန်းတော်မှ တပည့်များစွာသည် ရန်ကိုင်အား မနာလိုအားကျစွာ ကြည့်လာကြလေသည်။

လူများစွာကို တွေ့ရပါသော်ငြား လဲ့ထင်နှင့် ရှောင်ချန်တို့ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရချေ။

လန်ရွှင်းက ပြန်ပြောလိုက်၏ “သူတို့ အထဲမှာပဲ ရှိသေးတယ်။ ဒါပေမယ့် မကြာခင် ထွက်လာတော့မှာပါ။ ရတနာဘုရားက ပိတ်တော့မှာဆိုတော့ သူတို့ ထွက်မလာသေးချင်ရင်တောင် ထွက်လာရတော့မှာ”

ရန်ကိုင်က ကြောင်အမ်းအမ်း အမူအရာဖြင့် “ငါတို့ ရတနာဘုရားထဲ ဝင်သွားတာ ဘယ်လောက်ကြာသွားပြီလဲ”

လန်ရွှင်းသည် ရန်ကိုင်အား ဇဝေဇဝါ အမူအရာဖြင့် ကြည့်လျက် “ဒီနေ့နဲ့ဆို တစ်လအတိပဲ”

တစ်လ...

ရန်ကိုင် သူ့နားသူ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ပုံရိပ်တစ်ထောင်အိမ်မက်ကမ္ဘာထဲတွင် ရန်ကိုင်သည် နှစ်နှစ်ခန့် အချိန်ကုန်ဆုံးသွားခဲ့သည်။ သို့သော်ငြား အပြင်ဘက်တွင်တော့ ငါးရက်သာ ကြာခဲ့လေသည်။

ရန်ကိုင် ငါးရောင်ခြယ်ရတနာဘုရား၏ ငါးလွှာမြောက်ထဲသို့ ဝင်သွားခဲ့သည်မှာ ငါးရောင်ခြယ်ရတနာဘုရား မပိတ်က ငါးရက်အလိုက ဖြစ်သည်။ ထို့အတွက်ကြောင့် လန်ရွှင်း ပြောသည်ကို ကြားပြီးနောက် ကြောင်အမ်းအမ်း အမူအရာဖြင့် သူ့လက်ကို တင်းတင်း ဆုပ်မိလိုက်လေသည်။ သို့သော်ငြား သူ့လက်ထဲတွင်တော့ ဘာမှ ရှိမနေခဲ့ချေ။

ကြည့်ရသလောက် ပုံရိပ်တစ်ထောင်အိမ်မက်ကမ္ဘာသည် အချိန်စီးဆင်းနှုန်းကို ပြောင်းပစ်နိုင်သည့်ပုံပင်။ သူကြုံခဲ့ရသည့် နှစ်နှစ်တာကာလသည် အပြင်ဘက်တွင် ငါးရက်သာ ရှိပေသေးသည်။ ထိုသို့ လုပ်နိုင်ဖို့ရာ ပုံရိပ်ယောင်ကမ္ဘာထဲတွင်ပင် မလွယ်ကူသည့် အရာမျိုး မဟုတ်ချေ။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်မှာ ပုံရိပ်တစ်ထောင်အိမ်မက်ကမ္ဘာကို အတော်လေး အထင်ကြီးသွားခဲ့လေသည်။ ကြည့်ရသလောက် ထိုကမ္ဘာငယ်လေးကို သူ့အနေဖြင့် အထင်သေးမိနေသေးသည့်ပုံပင်။

ရန်ကိုင် တိတ်ကျသွားသည်ကို ကြည့်ရင်း လန်ရွှင်း စိတ်ပူသွားပြီး ပြန်မေးလိုက်၏ “စီနီယာအစ်ကိုရန် အဆင်ပြေရဲ့လား”

“အဆင်ပြေပါတယ်။ နည်းနည်းလေး ပင်ပန်းနေရုံပဲ” ရန်ကိုင်က အားတင်းပြုံးလိုက်၏။ သူတစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေပြီး သူ့ဝိဥာဉ် ထိခိုက်သွားသည့်ဒဏ်ကို အချိန်တိုအတွင်း ပြန်ကောင်းအောင် မလုပ်နိုင်လောက်တော့ချေ။ ထိုသို့ ဖြစ်ရခြင်းမှာ ရန်ကိုင်သည် နှစ်နှစ်စာ အတွေ့အကြုံကို ငါးရက်အတွင်း ကြုံခဲ့ရသည့် အတွက်ကြောင့်ပင်။

လန်ရွှင်း သူ့အပေါ် သံသယ ဝင်မလာစေရန်အတွက် ရန်ကိုင်သည် အလျင်အမြန် ခေါင်းစဉ်ပြောင်းလိုက်လေသည် “အကြီးအကဲရှောင်နဲ့ အခြားသူတွေ ဘာလုပ်နေတာလဲ”

ငါးရောင်ခြယ်ရတနာဘုရားထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကြယ်ဝိဥာဉ်နန်းတော်၏ ဧကရာဇ်တတိယအဆင့် အကြီးအကဲများသည် အတူတကွ ပူးပေါင်း၍ လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်ဖော်ရင်း ငါးရောင်ခြယ်ရတနာဘုရားအား အားဖြည့်ပေးနေသည်ကို တွေ့လိုက်ရသည်။ ရှောင်ယုရန်နှင့် အခြားအကြီးအကဲများ၏ ပုံစံကို ကြည့်ရသလောက် သူတို့ယခုကဲ့သို့ လုပ်နေရသည်မှာ အတော်လေးကိုမှ အချိန်ကြာနေသည့်ပုံပင်။ ဧကရာဇ်တတိယအဆင့် ပညာရှင်များပင် ဖြစ်လင့်ကစား လက်ရှိအချိန်တွင် အကုန်လုံးမှာ အလွန်ကိုမှ ပင်ပန်းနွမ်းနယ်နေသည့်ပုံ ပေါက်နေကြလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၀၅)

ဘာသာပြန်သူ_တိမ်တိုက်

လန်ရွှင်းက ပြန်ပြောလိုက်လေသည်။ “ကြည့်ရတာ လေးလွှာမြောက်မှာ တစ်ခုခုဖြစ်သွားတယ်နဲ့တူတယ်… အထဲက ကမ္ဘာငယ်လေးတွေအများကြီး ပျက်စီးသွားတယ်တဲ့… အဲ့ဒါကြောင့်ပဲ ငါးရောင်ခြယ်ရတနာဘုရားရဲ့ အတွင်းပိုင်းကို ပုံမှန်အတိုင်း ထိန်းထားနိုင်ဖို့ ဦးလေးရှောင်နဲ့ အခြားသူတွေ အခုလိုမျိုး လုပ်နေရတာ… အဲ့လိုကြောင့်သာမဟုတ်ဘဲ အထဲကလေဟာနယ်သာ ပျက်စီးသွားမယ်ဆိုရင် အထဲဝင်သွားတဲ့လူတွေအကုန်လုံး အဲ့ထဲမှာပဲ ပိတ်မိနေကြတော့မှာ…”

ထိုစကားကိုကြားသော် ရန်ကိုင်၏ကျောပြင်တစ်လျှောက် ချွေးအေးများ စီးကျလာခဲ့လေသည်။ သူ့လေသံကို အတတ်နိုင်ဆုံး တည်ငြိမ်‌အောင် ထိန်းထားရင်းမှ ပြန်မေးလိုက်လေသည်။ “ငါးရောင်ခြယ်ရတနာဘုရားလို အဖိုးတန်ရတနာတစ်ခုမှာ ဘယ်လိုလုပ်ပြီး ဒီလိုပြဿနာမျိုး ရှိရတာလဲ…”

လန်ရွှင်းက ခေါင်းခါလျက် ငါးရောင်ခြယ်ရတနာဘုရားရှိရာဆီသို့ လှမ်းကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ “ကျွန်မလည်း အဲ့ဒါနဲ့ပတ်သက်ပြီး မသိဘူး… ငါးရောင်ခြယ်ရတနာဘုရား အခုလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး…”

ရန်ကိုင်က ကသိကအောက်အမူအယာဖြင့် ရယ်မောလျက် “အဲ့ဒါဆိုလို့ရှိရင်တော့ ဒီကိုလာလာခြင်း ဒီလိုပြဿနာမျိုးနဲ့ ပထမဦးဆုံး ကြုံခဲ့ရတဲ့အတွက် ငါ့ကိုယ်ငါတောင် ဂုဏ်ယူရတော့မှာပေါ့…”

ရန်ကိုင်ခမျာ များများစားစား မပြောရဲခဲ့ပေ။ ကံကောင်းစွာဖြင့် လက်ရှိရန်ကိုင်မှာ အတော်လေး အားနည်းနေသည့်အတွက်ကြောင့် သူ့ပုံစံမှာ အနည်းငယ်ထူးဆန်းနေသလို ဖြစ်နေပါသော်ငြား အခြားသူများသည် သူ့အား အရမ်းကြီးအာရုံစိုက်ခြင်း မရှိခဲ့ပေ။

ငါးရောင်ခြယ်ရတနာဘုရား၏ လေးလွှာမြောက်ရှိပြဿနာမှာ ကမ္ဘာငယ်လေးများစွာ ပျက်စီးသွားသည့်အတွက် ဖြစ်လာရခြင်း ဖြစ်သည့်အတွက်ကြောင့် ထိုပြဿနာမှာ သူနှင့် ပတ်သက်နေရလိမ့်မည်မှန်း ရန်ကိုင်သိနေခဲ့သည်။ ရန်ကိုင်မှာ ငါးရောင်ခြယ်ရတနာဘုရားထဲရှိ လေးလွှာမြောက်၌ လောကနိယာမပေါင်းများစွာကို စုပ်ယူ၍ သူ၏လောကဓာတ်လုံးထဲသို့ ထည့်သွင်းခဲ့သည့်အတွက်ကြောင့် ကမ္ဘာငယ်လေးပေါင်းများစွာ ပျက်စီးခဲ့ရကာ ယခုကဲ့သို့ပြဿနာမျိုး ဖြစ်လာခဲ့ရလေသည်။

ကံကောင်းစွာဖြင့် ပြဿနာမှာ အရမ်းကြီး ကြီးကြီးမားမား မဖြစ်သည့်ပုံပင်။

သူတို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း ငါးရောင်ခြယ်ရတနာဘုရားဝင်ပေါက်ရှေ့၌ လူနှစ်ဦး ပေါ်လာခဲ့လေသည်။ ထိုနှစ်ဦးမှာ အတူတကွ ထွက်လာကြသည့် ရှောင်ချန်းနှင့် လဲ့ထျန်းတို့သာ ဖြစ်ကြသည်။ နှစ်ဦးစလုံးသည် ငါးရောင်ခြယ်ရတနာဘုရား၏ ငါးလွှာမြောက်ထဲသို့ ဝင်သွားခဲ့ကြသည့်ပုံပေါ်သည်။ သို့သော်ငြား သူတို့၏မျက်နှာများကို ကြည့်ရသလောက်တော့ ဘယ်သူ ကံကောင်းလဲ မကောင်းလဲ ဆိုသည်မှာ အသိသာကြီးပင်။

ရှောင်ချန်းမှာ ဝမ်းသာအားရဖြင့် သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ဖြင့် ရှိနေပါသော်ငြား လဲ့ထျန်း၏မျက်နှာမှာတော့ သုန်သုန်မှုန်မှုန်ဖြစ်နေပြီး သူ့အရှိန်အဝါမှာလည်း အားနည်းနေခဲ့လေသည်။ သူရထားသည့်ဒဏ်ရာများမှာ ရန်ကိုင်ရထားသည့်ဒဏ်ရာများထက်ပင် ပိုမိုဆိုးရွားနေခဲ့သေးသည်။

မည်သို့ပင်ဖြစ်နေစေကာမူ အနိမ့်အမြင့်လောကဓံသည် ကျင့်ကြံသူတိုင်း ကြုံတွေ့ရမည့် ဤလောကကြီး၏ သဘာဝဖြစ်ရိုးဖြစ်စဉ်များသာ ဖြစ်ကြသည်။ လုံလောက်အောင်သာ ဇွဲကောင်းမည်ဆိုပါက လောကဓံ၏ရိုက်ခတ်မှု မည်မျှပင် ပြင်းထန်နေစေကာမူ ကြံ့ကြံ့ခံကာ ထိုလောကဓံတရားကို မိမိအတွက် အသုံးဝင်မည့် အတွေ့အကြုံတစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်ပေလိမ့်မည်။ ထိုသို့သာလုပ်နိုင်မည်ဆိုလျှင် ကျင့်ကြံခြင်းတွင်လည်း အခြားသူများထက် ရှေ့သို့ ပိုမိုရောက်ရှိနေပေလိမ့်မည်။

ရှောင်ချန်းနှင့် လဲ့ထျန်းတို့မှာ နောက်ဆုံးထွက်လာကြသည့်လူများ ဖြစ်ကြပေသည်။ ထို့အတွက်ကြောင့် သူတို့နှစ်ဦးပေါ်လာသည်နှင့် ရှောင်ယုယန်က အော်ပြောလိုက်သည်။ “အကုန်လုံး အခုချက်ချင်း ဒီကနေထွက်သွားပေတော့…”

အမိန့်ရလိုက်သည့် ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်များမှာ အကြီးအကဲလေးဦးအား ဦးညွှတ်၍ ထွက်ခွာသွားကြလေသည်။

ရန်ကိုင်နှင့် လန်ရွှင်းတို့မှာလည်း ထွက်သွားကြ၏။

သူတို့ထွက်လာပြီး မကြာမီမှာပင် ဟင်းလင်းပြင်ထဲ အလွန်တရာကိုမှ အားကောင်းလွန်းလှသည့် စွမ်းအင်လှိုင်းတစ်ရပ် ဖြာထွက်လာသည်ကို ရန်ကိုင် ရုတ်တရက် ခံစားမိလိုက်ရသည်။ လှမ်းကြည့်လိုက်ရာ ကြယ်ဝိဉာဉ်နန်းတော်၏ အတွင်းပိုင်းတစ်နေရာဆီမှ လရောင်ကဲ့သို့သော ရောင်စဉ်တစ်မျိုး ထွက်ပေါ်လာခဲ့ပြီး ငါးရောင်ခြယ်ရတနာဘုရား၏ အလယ်တည့်တည့်သို့ သွားရောက်ထိမှန်ကြောင်း တွေ့လိုက်ရလေသည်။

ထိုရောင်စဉ်မှာ တိုက်ခိုက်မှုတစ်ခုမဟုတ်ပေ။ ထို့အစား ပညာရပ်တစ်မျိုးမျိုး ဖြစ်သည့်ပုံပင်။ ထိုရောင်စဉ် ထွက်ပေါ်လာပြီးသည့်နောက်တွင် ရှောင်ယုယန်၏ အခြားသူများ၏အမူအယာ လေးနက်သွားခဲ့ပြီး ချက်ချင်းပဲ အမျိုးမျိုးသောလက်ကွက်များကို အလျင်စလို ထုတ်ဖော်ကာ ငါးရောင်ခြယ်ရတနာဘုရားအား တည်ငြိမ်အောင် ထိန်းလိုက်ကြလေသည်။

ရန်ကိုင်၏အမူအယာမှာလည်း လေးနက်သွားခဲ့သည်။ ထိုလရောင်ကဲ့သို့သော ရောင်စဉ်မှာ လမင်းမဟာဧကရာဇ်ကိုယ်တိုင် လှုပ်ရှားနေခြင်းမှန်း ရန်ကိုင်သိပေသည်။

ပုံရိပ်တစ်ထောင် အိပ်မက်ကမ္ဘာထဲတွင် ရန်ကိုင်သည် မဟာဧကရာဇ်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်သော လူတစ်ဦးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ဖူးသည့်အတွက်ကြောင့် မဟာဧကရာဇ်တစ်ပါး မည်မျှအားကောင်းကြောင်းကို သိနေခဲ့လေသည်။

နတ်ဆိုးသူတော်စင်မိုတော့သည် မဟာဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်သည့် တည်ရှိမှုမျိုး ဖြစ်သည်။ ရန်ကိုင်သည် ထိုနတ်ဆိုးသူတော်စင်မိုတော့နှင့် သူသေကိုယ်သေ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။ ကြယ်ပျက်ပင်လယ်ထဲတွင် ရှိစဉ်က ရန်ကိုင်သည် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်နှင့် လောကတစ်သောင်းမဟာဧကရာဇ်တို့ တိုက်ခိုက်ခဲ့သည်ကို တွေ့ခဲ့ရလေသည်။ သို့သော်ငြား ထိုစဉ်က ရန်ကိုင်သည် မဟာဧကရာဇ်များမှ ထုတ်သုံးသွားခဲ့သော စွမ်းအင်အနည်းအပါးလောက်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ သူကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ရခြင်းလည်း မဟုတ်။

သို့ရာတွင် အိပ်မက်ကမ္ဘာထဲ၌ ရန်ကိုင်ကြုံခဲ့ရသည့် အဖြစ်အပျက်မှာတော့ လုံးဝကို မတူတော့ချေ။ ထိုအဖြစ်အပျက်မှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ပါသော်ငြား သမိုင်းမှတ်တမ်းကို အရင်းတည်ထားခြင်း ဖြစ်လေသည်။ တစ်နည်းဆိုရသော် မိုတော့မှ ထုတ်လွှတ်လိုက်သည့် စွမ်းအားသည် မဟာဧကရာဇ်တစ်ပါး၏ အစစ်အမှန်စွမ်းအား ဖြစ်လေ၏။

ရန်ကိုင်သည် သူတတ်ကျွမ်းသမျှ ဝှက်ဖဲနှင့် နည်းလမ်းအကုန်အစင်ကို ထုတ်သုံးခဲ့ပါသော်ငြား မဟာဧကရာဇ်တစ်ပါး၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။ မိုတော့သည်သာ ရန်ကိုင်အား အကြီးအကျယ် အထင်သေးခဲ့ခြင်း မရှိပါလျှင်၊ မိုတော့၏ပစ်မှတ်သည် အမြဲစိမ်းနတ်သစ်ပင်အား ဆက်လက်မကြီးထွားနိုင်အောင် လုပ်ဆောင်ရန် မဖြစ်ခဲ့ပါလျှင်မူ မိုတော့၏လက်ချက်ကြောင့် ရန်ကိုင်တွင် အသက်ရှင်နိုင်ချေ သုံးဆယ်ရာခိုင်နှုန်းပင် မရှိချေ။ မိုတော့ကို အနိုင်ယူဖို့ရာဆိုလျှင်တော့ လုံးဝကို မဖြစ်နိုင်တော့။

ထိုသို့ဆိုလျှင်ပင် ရန်ကိုင်မှာ မိုတော့အား ထိန်းမထားနိုင်ခဲ့ချေ။ နောက်ဆုံးတွင်တော့ ဝှက်ဖဲအချို့ကိုသုံး၍ မိုတော့အား မဟာနတ်ဆိုးနတ်ဘုရား၏ ကမ္ဘာခြားတိုက်ခိုက်မှုကို ခုခံရာ၌ ဝင်ရောက်ကူညီပေးနိုင်အောင် ဆွဲခေါ်ခဲ့လေသည်။

ထိုအဖြစ်အပျက်သည် အလွန်တရာကိုမှ အဖိုးထိုက်တန်သည့် မှတ်ဉာဏ်တစ်ခုဖြစ်သလို အတွေ့အကြုံတစ်မျိုးလည်း ဖြစ်သည်။ ရန်ကိုင်သည်သာ ထိုတိုက်ပွဲမှအတွေ့အကြုံကို ကောင်းကောင်းနားလည်ဆင်ခြင်နိုင်မည်ဆိုပါက သူ့ခွန်အားသည် သိသိသာသာကို တိုးတက်လာရပေလိမ့်မည်။

လက်ရှိအချိန်တွင်တော့ မဟာဧကရာဇ်တစ်ပါး ထုတ်သုံးသွားသည့် နည်းလမ်းမှာ အလွန်ကိုမှ ဆန်းကြယ်လွန်းလှရာ လမင်းမဟာဧကရာဇ် အသုံးပြုနေသည့် နည်းလမ်းသည် မိုတော့အသုံးပြုနေသည့်နည်းလမ်းနှင့် လုံးဝကို မယှဉ်ပြိုင်နိုင်ကြောင်း တွေ့လိုက်ရလေသည်။ ကြည့်ရသလောက် လမင်းမဟာဧကရာဇ်သည် မိုတော့ထက် အများကြီး ပိုမိုအားကောင်းသည့်ပုံပင်။

လန်ရွှင်းသည်လည်း လရောင်ကဲ့သို့သောရောင်စဉ် ပေါ်လာသည့် နေရာဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။ ထို့နောက် သူမ၏မျက်နှာထက် ခါးသက်သက်အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေ၏။ သူမကိုယ်တိုင်ပင်လျှင် သူမအဖေအား မတွေ့ရသည်မှာ အတော်လေးကို ကြာနေခဲ့လေပြီ။

“ဂျူနီယာညီမလန်…” ရန်ကိုင်က ရုတ်တရက် လှမ်းပြောလိုက်သည်။ “ငါသွားတော့မယ်…”

ရန်ကိုင်သည် ငါးရောင်ခြယ်ရတနာဘုရား၏ လေးလွှာမြောက်ထဲတွင် ရှိနေသော ကမ္ဘာငယ်လေးပေါင်းများစွာကို ဖျက်ဆီးပစ်ခဲ့လေသည်။ ရှောင်ယုယန်နှင့် အခြားသောအကြီးအကဲများမှာ သူ့အား ကျိန်းသေ သံသယဝင်နေပေလိမ့်မည်။ ရန်ကိုင် ငါးရောင်ခြယ်ရတနာဘုရားထဲမှ ထွက်လာစဉ်က ဧကရာဇ်တတိယအဆင့်ပညာရှင်များစွာသည် ရန်ကိုင်အား တိတ်တဆိတ်စစ်ဆေးခဲ့ကြလေသည်။ သို့သော်ငြား ရန်ကိုင်သာ ဝန်မခံသရွေ့ ထိုလူများ သူ့အား အပြစ်တင်နိုင်လိမ့်မည်မဟုတ်ချေ။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်အား ထွက်သွားခွင့်ပြုခဲ့ခြင်း ဖြစ်လေသည်။

မည်သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင် လက်ရှိ ရရှိထားသော လိပ်ပြာဆံထိုးသည် ကြယ်ဝိဉာဉ်နန်းတော်၏အပိုင်ဖြစ်သော ကမ္ဘာငယ်လေးတစ်ခုဖြစ်သည့် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာသို့ ဦးတည်နေသည့် သော့တစ်ချောင်း ဖြစ်ပေသည်။ ရှင်းရှင်းပြောရသော် ထိုအရာမှာ ရန်ကိုင်၏ ကံကောင်းမှုသာ ဖြစ်ပါသော်ငြား အခြားတစ်နည်းဖြင့်ပြောရလျှင်လည်း ရန်ကိုင်သည် ကြယ်ဝိဉာဉ်နန်းတော်၏ ပိုင်ဆိုင်မှုကို ခိုးယူနေခြင်းသာ ဖြစ်လေသည်။

ထို့အတွက်ကြောင့် ကြယ်ဝိဉာဉ်နန်းတော်မှ သူ့အား အာရုံစိုက်လာခဲ့သည်ရှိသော် ပြဿနာတက်နိုင်သဖြင့် ဤနေရာတွင် ဆက်မနေချင်တော့ချေ။

လန်ရွှင်းသည် ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်၍ မေးလိုက်လေ၏။ “စီနီယာအစ်ကိုရန် ဒီလောက်မြန်မြန် ထွက်သွားတော့မှာလား…”

“ဟုတ်တယ်… ငါ ချိန်းထားတာလေး ရှိသေးလို့…”

“ဒါပေမယ့် စီနီယာအစ်ကိုရန်… ရှင့်ကြည့်ရတာ ဒဏ်ရာရနေသလိုပဲနော်… ဒီမှာ နောက်ထပ် တစ်ရက်နှစ်ရက်လောက် နားမသွားချင်တာ သေချာရဲ့လား…” လန်ရွှင်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

ရန်ကိုင်က ပြုံး၍ ခေါင်းခါလျက် “မနားတော့ဘူး… ငါအဆင်ပြေတယ်… အချိန်လေးနည်းနည်းလောက် ယူလိုက်ရင်တောင် ဒီဒဏ်ရာတွေက သူ့ဘာသာသူ ပြန်ပျောက်သွားမှာ…”

ရန်ကိုင်ရထားသည့်ဒဏ်ရာများမှာ အရမ်းကြီး‌တော့ ဆိုးရွားခြင်း မရှိချေ။ ထိုသို့မဆိုးရွားရသည့် အကြောင်းအရင်းမှာလည်း ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းကြောင့်သာ ဖြစ်လေသည်။ ရန်ကိုင်၏ဝိဉာဉ်မှာ ဒဏ်ရာရထားခြင်း ဖြစ်သည့်အတွက်ကြောင့် အခြားလူတစ်ဦးသာ သူ့နေရာတွင်ဆိုပါက အနားယူလိုက်ရုံဖြင့် ပြန်ကောင်းလာနိုင်လိမ့်မည် မဟုတ်ပါသော်ငြား ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းမှ တောက်လျှောက် ကုစားပေးနေမည် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် သူ့ဝိဉာဉ် ပြန်လည်ကောင်းမွန်လာဖို့ရာ အချိန်သာ လိုအပ်ပေသည်။

“ကောင်းပြီလေ…” လန်ရွှင်းလည်း ရန်ကိုင်အား ဆက်၍ ဖြောင်းဖြမနေတော့ချေ။ ရန်ကိုင်သည် ထွက်သွားရန် ဆုံးဖြတ်ပြီးနေပြီ ဖြစ်သည့်အတွက်ကြောင့် သူမအနေဖြင့် မည်သို့ပင်ပြောနေစေကာမူ ရန်ကိုင်မှ သဘောတူလိမ့်မည်မဟုတ်သည့်အတွက် ပြုံး၍သာ ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆိုလို့ရှိရင် ဂျူနီယာညီမ စီနီယာအစ်ကိုရန်ကို ဆွဲမထားတော့ပါဘူး… စီနီယာအစ်ကိုရန် အန္တရာယ်ကင်းပါစေနော်…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အကြီးအကဲတွေ…”

လန်ရွှင်းက ပြုံးလျက် “သူတို့ပြီးသွားရင်တော့ သူတို့ကို ပြောပေးလိုက်ပါမယ်…”

“ကျေးဇူးအများကြီးတင်ပါတယ်…” ရန်ကိုင်က လက်သီးဆုပ်၍ နှုတ်ဆက်ပြီးသည့်နောက် ကြယ်ဝိဉာဉ်နန်းတော်ထဲမှ ထွက်လာခဲ့လိုက်လေသည်။

လန်ရွှင်းသည် ရန်ကိုင် သူမ၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ရပ်ကြည့်နေခဲ့လေသည်။ ထိုမြင်ကွင်းကို အဝေးတစ်နေရာမှ စောင့်ကြည့်နေသည့် ရှောင်ချန်းမှာမူ ရန်ကိုင်ထွက်သွားသည်ကို မြင်ပြီးသည့်နောက်မှသာ စိတ်သက်သာရာ ရသွားခဲ့လေ၏။

ကြယ်ဝိဉာဉ်နန်းတော်မှ ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်း တည်ရှိနေရာ နေရာဆီသို့ ပျံသန်းသွားလေသည်။

သူ့ဝိဉာဉ်မှာ ဒဏ်ရာရထားသည့်အတွက်ကြောင့် မြန်မြန်ဆန်ဆန် မပျံသန်းနိုင်ပေ။ ပျံသန်းနေရင်းမှလည်း မိုတော့နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအကြောင်းကို ပြန်စဉ်းစားကြည့်နေလေသည်။ ယခုတစ်ကြိမ် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲသို့ သွားရာတွင် ရန်ကိုင်မှာ အကျိုးကျေးဇူးများစွာ ရရှိခဲ့ရသည်။ ထိုအကျိုးကျေးဇူးများအနက် မိုတော့နှင့် တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲမှာ တစ်ခုအပါအဝင် ဖြစ်လေ၏။ ထိုအိပ်မက်ကမ္ဘာထဲသို့ သွားသည့်ခရီးမှ ရလာသည့် အကျိုးအမြတ်များကို ချက်ချင်းကြီး သူ့အနေဖြင့် နားလည်မဆင်ခြင်နိုင်သေးချေ။ ထိုအတွေ့အကြုံများကို အချိန်ယူကာ သေသေချာချာ ပြန်လည်ဆန်းစစ်ရပေလိမ့်မည်။

ရုတ်တရက် ရန်ကိုင်သည် တစ်ခုခုအား သတိထားမိသွားခဲ့ပြီး ဆက်လက်မပျံသန်းတော့ဘဲ ရှေ့တည့်တည့်သို့သာ စိုက်ကြည့်နေလိုက်သည်။

ရန်ကိုင်၏ရှေ့တည့်တည့်တွင် အသက်နှစ်ဆယ်လောက်သာ ရှိမည်ထင်ရသော ရုပ်ချောချောလူငယ်လေးတစ်ဦး ရပ်နေခဲ့လေသည်။ ထိုလူသည် လက်တစ်ဖက်ကို နောက်ပစ်ထားခဲ့ပြီး ကျန်လက်တစ်ဖက်ကို ဝမ်းဗိုက်နေရာတွင် ထားထားခဲ့သည်။ ထိုလူငယ်လေး၏ပုံစံမှာ လူငယ်လေးတစ်ဦးနှင့်မတူဘဲ နှစ်ပေါင်းများစွာ အသက်ရှင်လာသည့် လူအိုကြီးတစ်ဦး၏ ပုံစံနှင့်ပင် တူနေပေသေးသည်။

ရန်ကိုင်၏အမူအယာ လေးနက်သွားတော့လေသည်။ အကြောင်းမှာ ထိုလူငယ်လေး၏အရှိန်အဝါကို မည်သို့မျှ အာရုံခံမရသည့်အတွက်ကြောင့်ပင်။ ရှင်းရှင်းပြောရသော် ထိုလူငယ်လေးနှင့်ပတ်သက်၍ ရန်ကိုင် ဘာကိုမှ အာရုံမခံမိပေ။ သူ့မျက်လုံးများသည်ပင်လျှင် သူမြင်နေရသည်မှာ ဟန်ဆောင်ထားသည့် အမူအယာတစ်ခု ဖြစ်သည်ဟု ပြောနေခဲ့သည်။ လက်ရှိအချိန်တွင် ရန်ကိုင်၏ဝိဉာဉ်မှာ ဒဏ်ရာရထားပါသော်ငြား သာမန်ဧကရာဇ်အဆင့်ပညာရှင်များမှာတော့ ရန်ကိုင်၏ရှေ့တွင် ကိုယ်ယောင်ဖျောက်နေနိုင်လိမ့်မည်မဟုတ်ချေ။ တကယ်‌တော့ ရန်ကိုင်၏ဝိဉာဉ်သည် သူ့လက်ရှိအဆင့်ထက် အများကြီး ပိုမိုအားကောင်းသည်မဟုတ်ပေလော။

သို့သော်ငြား ယခုအချိန်မတိုင်ခင်အထိ ရန်ကိုင်မှာ ဤလူငယ်လေးအား တစ်ချက်ကလေးမှပင် အာရုံခံမရခဲ့ပေ။ မသိလျှင် ဤလူငယ်လေးသည် သူ့ရှေ့တွင် ဗြုန်းစားကြီး ပေါ်လာသည့်အလား။

ထိုသို့ဖြစ်ရသည့် အကြောင်းအရင်း နှစ်ချက်ရှိပေသည်။ ပထမတစ်ချက်မှာ တစ်ဖက်လူ၏ ကျင့်ကြံခြင်းသည် သူ့ထက် အများကြီး ပိုမိုမြင့်မားသည့် အတွက်ကြောင့် ဖြစ်၏။ ဒုတိယတစ်ချက်ကမူ တစ်ဖက်လူသည် ထူးခြားသည့် မှော်ရတနာတစ်ခုခုကို အသုံးပြုထားသည့် အတွက်ကြောင့်ပင်။

ရန်ကိုင်သည် တစ်ဖက်လူအား သေသေချာချာ စိုက်ကြည့်လိုက်သည်။ ထိုလူကလည်း ရန်ကိုင်အား ပြုံး၍ ပြန်လည်စိုက်ကြည့်နေခဲ့လေသည်။

ထိုလူ၏အပြုံးနှင့်ပတ်သက်၍ သူ့စိတ်ထဲ မသက်မသာ ခံစားလိုက်ရသည့်အတွက်ကြောင့် ရန်ကိုင်က မျက်မှောင်ကျုံ့၍ မေးလိုက်လေသည်။ “ရောင်းရင်း ဘာကိစ္စရှိလို့လဲ…”

ထိုလူကမူ ရန်ကိုင်၏အမေးကို ပြန်မဖြေဘဲ ရန်ကိုင်အား ထိတ်လန့်တုန်လှုပ်သွားစေသည့် စကားတစ်ခွန်းကိုသာ ရေရွတ်လိုက်လေသည်။ “ချုပ်နှောင်လိုက်စမ်း…”

နိယာမပေါင်းတစ်သောင်းသည် ထိုစကားလုံးတစ်လုံး၏ အလိုအတိုင်း ရန်ကိုင်အား ချုပ်နှောင်ရန် ကြိုးစားလာခဲ့သည်။

ရန်ကိုင်၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်ဆိုသလို တောင့်တင်းသွားရတော့လေသည်။ အနီးအနားတွင်ရှိနေသော လေဟာနယ်နိယာမစွမ်းအားအားလုံးသည် ကြိုးတစ်ချောင်းနှယ် ရန်ကိုင်အား တင်းတင်းကြပ်ကြပ်ရစ်ပတ်ထားရန် ကြိုးစားလာသည့်အလား။ လက်ရှိအချိန်တွင် ရန်ကိုင်မှာ သူ့လက်ညှိုးတစ်ချောင်းကိုပင်လျှင် လှုပ်မရတော့သည်အထိ ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာ ကျောက်စိုင်ကျောက်သားနှယ် အလွန်တရာကိုမှ မာကျောနေခဲ့လေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်မှာ အလွန်တရာကိုမှ ထိတ်လန့်အံ့ဩသွားရတော့လေသည်။ တစ်ဖက်လူ မည်သည့်ပညာရပ်ကိုမှ အသုံးပြုသွားသည်ကို ရန်ကိုင် မမြင်တွေ့လိုက်ရ။ သူမြင်လိုက်ရသည်မှာ တစ်ဖက်လူမှ စကားလုံးလေးတစ်လုံးကို ရေရွတ်လိုက်ခြင်းသာ။

ထိုကဲ့သို့သော အရာမျိုးကို မည်သည့်ဧကရာဇ်တတိယအဆင့်ပညာရှင်မှ မလုပ်နိုင်ပေ။ ထိုကဲ့သို့လုပ်နိုင်သည့် ပညာရှင်ဆို၍ တစ်ဦးသာ ရှိပေသည်။

ဤနေရာသည် ကြယ်ဝိဉာဉ်နန်းတော်၏ အနီးတစ်ဝိုက်တွင် ဖြစ်နေသည့်အတွက်ကြောင့် ဤလူငယ်လေးမည်သူဆိုသည်မှာ သိသာလှသည်။

“ခင်ဗျား…” ရန်ကိုင်မှာ ထိတ်လည်းထိတ်လန့် ဒေါသလည်း ထွက်မိသွားခဲ့သည်။ ဤကဲ့သို့သော ပညာရှင်တစ်ဦးသည် ဤနေရာတွင် သူ့အား ရပ်စောင့်ကာ တိုက်ခိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ တစ်ဖက်လူ ဘာလုပ်ချင်နေလေသနည်း။ ထိုလူသာ လှုပ်ရှားချင်သည်ဆိုပါက ရန်ကိုင် ကြယ်ဝိဉာဉ်နန်းတော်တွင် ရှိစဉ်ကတည်းက လှုပ်ရှား၍ရပေသည်။ ဘာကြောင့်များ အပြင်ရောက်မှ သူ့အား ဖြတ်တားရလေသနည်း။

ထို့အပြင် ထိုကဲ့သို့သော အဆင့်အတန်းမြင့်မားလှသည့် လူတစ်ဦးသည် သူ့ကဲ့သို့သော လူတစ်ဦးအား ယခုကဲ့သို့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းမှာ မည်သည့်အကျိုးကျေးဇူးများ ရမှာမို့လို့နည်း။ ရန်ကိုင် နားမလည်နိုင်ခဲ့ချေ။ နားလည်အောင်စဉ်းစားရန်လည်း သူ့တွင် အချိန်ရှိမနေခဲ့။

ရန်ကိုင် ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ရန်ကိုင်၏မြင်ကွင်းထဲ အလင်းတစ်ချက်လက်သွားခဲ့ပြီး သူနှင့် မီတာတစ်ထောင်ခန့်အကွာတွင် ရှိနေသော လူငယ်လေးသည် ရုတ်တရက်ဆိုသလို သူ့ရှေ့၌ တစ္ဆေသရဲတစ်ကောင်ပမာ ဗြုန်းစားကြီး ပေါ်လာခဲ့လေသည်။

ယခုမှသာလျှင် ရန်ကိုင်၏ လေဟာနယ်ပညာရပ်များကြောင့် အလစ်အငိုက်ချောင်းကာ တိုက်ခိုက်ခံရသည့်လူများ မည်ကဲ့သို့ခံစားခဲ့ရသလဲ ဆိုသည်ကို ရန်ကိုင် ကောင်းကောင်းခံစားရတော့လေသည်။

ရန်ကိုင်တို့နှစ်ဦးစလုံးမှာ မျက်နှာချင်းဆိုင်နေကြလေသည်။ သို့သော်ငြား လူငယ်လေးမှာ ရန်ကိုင်အား ဘာမှမလုပ်ခဲ့ပဲ ရန်ကိုင်ကိုသာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြုံးရင်း စစ်ဆေးကြည့်နေလေ၏။

လူငယ်လေး၏မျက်လုံးထဲသို့ လှမ်းကြည့်လိုက်သည့်အခါ အရှိန်အဟုန်ပြင်းစွာဖြင့် တောက်ပနေသော လမင်းနှစ်စင်းကို မြင်တွေ့လိုက်ရသည့်နှယ် ခံစားလိုက်ရလေသည်။ လမင်းပမာ တောက်ပနေသော ထိုအကြည့်အောက်တွင် သူဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်အားလုံး လယ်ပြင်ထဲ ဆင်ပြေးသည့်နှယ် ပေါ်ထွက်လာသလို ခံစားလိုက်ရသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်မှာ ဒေါသူပုန်ထသွားရလေ၏။ သူ့ပြိုင်ဘက် မည်သူမှန်း သိထားပါသော်ငြား တစ်ဖက်လူအား သူ့လျှို့ဝှက်ချက်များကို သိခွင့်မပေးနိုင်ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ ကျားကုတ်ကျားခဲ စတင် ရုန်းကန်တော့လေ၏။

ရန်ကိုင်၏စိတ်စွမ်းအင်တို့ အရူးအမူးလှည့်ပတ်လာလေရာ ရန်ကိုင်၏အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းမှာလည်း ရုတ်တရက်ဆိုသလို အရူးအမူး စတင်လည်ပတ်လာတော့လေသည်။

ခုနှစ်ရောင်စဉ်အလင်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ကိုင်၏ အသိစိတ်ပင်လယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

လရောင်စဉ်တို့မှာ ရန်ကိုင်၏အသိစိတ်ပင်လယ်ထဲသို့ ပက်ဖြန်းကျဆင်းလာခဲ့လေသည်။ မူလက ရန်ကိုင်၏လျှို့ဝှက်ချက်အားလုံး လရောင်စဉ်အောက်တွင် ပေါ်ပေါက်ခဲ့ရမလို ဖြစ်သွားခဲ့ပေါ်သော်ငြား ရန်ကိုင်မှ ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းကို အသက်သွင်းလိုက်သည့်အခိုက် ခုနှစ်ရောင်စဉ်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုလရောင်ကို ရှင်းထုတ်ပစ်သွားခဲ့လေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်အား မမှိတ်မသုန်စိုက်ကြည့်နေသော လူငယ်လေးဆီမှ ‘အို’ ဟူသည့် အသံတစ်သံ ထွက်လာခဲ့လေသည်။ ရန်ကိုင်တွင် သူ၏စစ်ဆေးမှုကို ခုခံနိုင်သည့် ခွန်အားမျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့သည့်ပုံပင်။

All Chapters