အခန်း (၂၉၀၆-၂၉၁၀)
Vol. 125 Ch. 2906-2910
အပိုင်း (၂၉၀၆)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်၏ ဒွါရခုနှစ်ပေါက်ဆီမှ သွေးများစီးကျလာခဲ့ပြီး မူလကတည်းက ဖြူလျော်နေသည့် သူ့မျက်နှာမှာ ပို၍ ဖြူလျော်လာခဲ့ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ထိန်းမနိုင်သိမ်းမရအောင် တုန်ရီလာခဲ့လေသည်။
လူငယ်လေး အံ့အားသင့်သွားခဲ့ပြီး သူ့ကောင်းကင်စိတ်အာရုံကို အမြန်ပြန်ရုတ်သိမ်းလိုက်သည်။
သူ့အနေဖြင့် ရန်ကိုင်အပေါ် မကောင်းသည့်ရည်ရွယ်ချက်ကြောင့် ဤနေရာသို့ ရောက်နေခြင်းမဟုတ်။ ရန်ကိုင်နှင့်ပတ်သက်၍ တစ်ခုခုအား စစ်ဆေးလိုသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ သို့သော်ငြား သူ့အဆင့်အတန်းအရ သူကိုယ်တိုင် ရန်ကိုင်အား သွားစစ်ဆေး၍ အဆင်မပြေသည့်အတွက်ကြောင့် ရန်ကိုင်အား ဤနေရာတွင် လာရပ်စောင့်နေရခြင်း ဖြစ်လေသည်။
သူ့ခမျာ ရန်ကိုင်အား စစ်ဆေးကြည့်ချင်ခြင်းသာ ဖြစ်ပါသော်ငြား ရန်ကိုင်သည် အသည်းအသန် ပြန်လည်ကြိုးစား၍ ခုခံနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ထို့အပြင် မခုခံနိုင်ခြင်းမရှိဘဲ သူ၏စစ်ဆေးမှုကို အောင်မြင်စွာ ခုခံသွားနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုကိစ္စနှင့်ပတ်သက်၍ လူငယ်လေးမှာ အတော်လေး ကသိကအောက် ဖြစ်သွားရသည်။
ပထမတစ်ကြိမ် မအောင်မြင်သည့်နောက်တွင် လူငယ်လေးမှာ နောက်တစ်ကြိမ် ထပ်မံလှုပ်ရှားခြင်း မရှိတော့ချေ။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်သည် တစ်ခါမှ လှုပ်ရှားခဲ့ခြင်းမရှိသည့်အလား ရန်ကိုင်နှင့် မီတာတစ်ထောင်ခန့်အကွာသို့ ပြန်ရောက်နေလေ၏။
ရန်ကိုင်သည် မီတာတစ်ထောင်ခန့်အကွာသို့ ရောက်သွားသော လူငယ်လေးအပေါ် ဒေါမာန်တကြီးဖြင့် စိုက်ကြည့်ရင်း ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း၏ စွမ်းအားကို အဆုံးစွန်ထိအသက်သွင်းကာ သူ့အသိစိတ်ပင်လယ်အား ကာကွယ်ပေးထားခဲ့လေသည်။ သူ့လျှို့ဝှက်ချက်များကို မည်သည့်နည်းနှင့်မျှ ပေါက်ကြားစေ၍မဖြစ်။ သူ့အား သတိလစ်အောင် လုပ်ပြီးမှသာလျှင် သူ့လျှို့ဝှက်ချက်များကို သိနိုင်ပေလိမ့်မည်။
တစ်ဖက်လူသည် ကျိန်းသေကို သူ့အား သတိလစ်အောင် လုပ်နိုင်ပေသည်။ သို့သော်ငြား ရန်ကိုင်ကမူ လွယ်လွယ်ကူကူ အလျှော့ပေးလိမ့်မည်မဟုတ်။
လက်ရှိရန်ကိုင်၏အဖြစ်မှာ မုဆိုးနှင့် ရင်ဆိုင်နေရသော ယုန်သူငယ်ပမာ ဖြစ်နေခဲ့ရလေသည်။ ရန်ကိုင်အနေဖြင့် မည်မျှပင် မာန်ဖီကာ ခြိမ်းခြောက်နေစေကာမူ တစ်ဖက်လူသည် သူ့အား လုံးဝ ထိတ်လန့်သွားလိမ့်မည်မဟုတ်။ မုဆိုးသည် ရန်ကိုင်အား အလွယ်တကူ ဖမ်းဆီးပစ်နိုင်နေဆဲ။
ထိုလူငယ်လေးသည် ရန်ကိုင်အား ယာယီမျှ စိုက်ကြည့်နေပြီးသည့်နောက်တွင် ရုတ်တရက် သက်ပြင်းချကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ထို့နောက် ရေရွတ်လိုက်လေ၏။ “ဒီနေ့ ရာသီဥတုက တော်တော်သာယာတာပဲ…”
ထိုသို့ပြောပြီးသည့်နောက် ခြေတစ်လှမ်းလှမ်းလိုက်ရာ ရန်ကိုင်၏မြင်ကွင်းမှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင်ကမူ သတိလက်လွတ် ဖြစ်သွားခြင်းမရှိဘဲ ကောင်းကင်စိတ်အာရုံအား သူ့ဘေးပတ်ဝန်းကျင်တစ်ခွင်ကို အပြည့်အဝ လွှမ်းခြုံထားခဲ့လေသည်။ အချိန်အတန်ကြာအောင် လူငယ်လေးအား ရှာမတွေ့သည့် နောက်မှသာလျှင် လူငယ်လေးထွက်သွားပြီဟု အတည်ပြုပြီးသည့်နောက်မှသာ သက်ပြင်းတစ်ချက် ချလိုက်နိုင်လေ၏။
သတိချပ်ထားသည်ကို လွှတ်ချလိုက်သည်နှင့် တစ်ပြိုင်နက် အလွန်တရာကိုမှ ပင်ပန်းနွမ်းနယ်မှုတို့သည် ရန်ကိုင်၏ခန္ဓာကိုယ်ထဲသို့ ဒီရေလှိုင်းလုံးပမာ တိုးဝင်လာခဲ့လေရာ ရန်ကိုင်မှာ လေပေါ်ပျံသန်းနေရင်းမှ ရုတ်တရက် အောက်သို့ ပြုတ်ကျလုမတတ်ပင် ဖြစ်သွားခဲ့ရလေသည်။
ခက်ခက်ခဲခဲဖြင့် သူ့ကိုယ်သူ ဟန်ချက်ထိန်းလိုက်ပြီးသည့်နောက် လက်တွင် ပေကျံနေသော သွေးများကို သုတ်၍ မျက်မှောင်ကျုံ့လိုက်လေသည်။
ထိုလူသည် ရန်ကိုင်ရှေ့တွင် ရုတ်တရက်ပေါ်လာပြီး ရန်ကိုင်၏အသိစိတ်ပင်လယ်ကို စစ်ဆေးကြည့်ရန် ကြိုးစားခဲ့သည်။ သို့သော်ငြား အဆုံးတွင်တော့ မအောင်မြင်ခဲ့ချေ။ ထိုသို့မအောင်မြင်သွားသည့်နောက်တွင် ထိုလူသည် ‘ဒီနေ့ရာသီဥတုက တော်တော်သာယာတာပဲ…’ ဟု ပြောသွားပြီးသည့်နောက် လှည့်ထွက်သွားလေ၏။ ထိုလူ၏ပုံစံကြောင့် ရန်ကိုင်မှာ ဇဝေဇဝါ ဖြစ်နေရလေသည်။
ထိုလူသည် ရာသီဥတုကောင်းကြောင်း ပြောရုံသက်သက်အတွက်နှင့် ဤနေရာသို့ ရောက်လာခြင်းပေလော။ ထိုသို့လုံးဝမဖြစ်နိုင်ပေ။
တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် ရန်ကိုင်၏မျက်နှာ တဖြည်းဖြည်း ပြန်လည်ဝင်းပလာခဲ့ပြီး မကြာမီ အော်ရယ်မောလိုက်တော့လေသည်။ ရယ်မောရင်း ရယ်မောရင်း ရန်ကိုင်မှာ ပိုပို၍ ဝမ်းသာလာခဲ့သည်။ နောက်ဆုံးတွင်တော့ သူ့စိတ်ထဲခံစားနေရသည့် ဝန်ထုပ်ဝန်ပိုးအချို့မှာ လုံးဝကို ပြေလျော့သွားခဲ့ရလေသည်။
ထိုလူနှင့်ပတ်သက်၍ ကိစ္စအချို့ကို ရန်ကိုင် နားလည်သွားလေပြီ။
ရန်ကိုင်သည် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာကို ငါးရောင်ခြယ်ရတနာဘုရား၏ ငါးလွှာမြောက်မှ ယူလာခဲ့လေသည်။ ငါးရောင်ခြယ်ရတနာဘုရား၏ ပိုင်ရှင်ဖြစ်သူတစ်ဦးပီပီ မဟာဧကရာဇ်သည် တစ်ခုခုအား သတိထားမိသွားရပေလိမ့်မည်။ သို့သော်ငြား ဘာဖြစ်လို့ဖြစ်သွားမှန်း နားမလည်နိုင်ခဲ့။ ထို့အတွက်ကြောင့်သာလျှင် ကိုယ်တိုင်ကိုယ်ကျ လာရောက်စစ်ဆေးကြည့်ခြင်း ဖြစ်လေသည်။
သို့သော်ငြား ရန်ကိုင်သည် ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်တစ်ဦး မဟုတ်ချေ။ ရန်ကိုင်အား ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်ခွင့်ပေးရခြင်းမှာ သူလုပ်ထားသည့် သဘောတူညီချက်ကြောင့်သာ ဖြစ်လေသည်။ ထို့ကြောင့် မဟာဧကရာဇ်ဖြစ်စေ အကြီးအကဲများဖြစ်စေ ရန်ကိုင်အား ငါးရောင်ခြယ်ရတနာဘုရားထဲ၌ သူ မည်ကဲ့သို့သောအရာများနှင့် ကြုံတွေ့ခဲ့ရသလဲဆိုသည်ကို ပြောပြပေးရန် သွားပြော၍မရ။
ရန်ကိုင်သည်သာ သာမန်ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်ပါက ကြယ်ဝိဉာဉ်နန်းတော်မှ ရန်ကိုင်အား ပုံရိပ်တစ်ထောင်အိပ်မက်အကြောင်းကို သူ့ဘာသာသူ ထုတ်ပြောလာအောင် လုပ်နိုင်သည့် နည်းလမ်းများစွာ ရှိပေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်နေသည်။ တောင်ဘက်နယ်မြေ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်နှင့်အညီ ကြယ်ဝိဉာဉ်နန်းတော်သည် မြင်မြင်သမျှလူတိုင်းကို အာဏာလိုက်ပြနေ၍မရချေ။
ထို့အတွက်ကြောင့် မဟာဧကရာဇ်ကိုယ်တိုင် လှုပ်ရှားလာခဲ့ပါသော်ငြား ကြယ်ဝိဉာဉ်နန်းတော်ထဲတွင် မလှုပ်ရှားခဲ့ပဲ ဤကဲ့သို့ လူသူအရောက်အပေါက်မရှိသည့် နေရာမျိုးတွင်သာ လှုပ်ရှားခဲ့ခြင်း ဖြစ်လေသည်။
ထို့အပြင် ဤနေရာသို့ ရောက်လာပြီးသည့်နောက် သူ၏ လာရင်းရည်ရွယ်ချက်ကို မပြောခဲ့။ သူမည်သူမည်ဝါဖြစ်ကြောင်းလည်း ထုတ်မပြောခဲ့ချေ။ ရန်ကိုင်ကိုယ်တိုင်သည်လည်း သူမည်သူမှန်း သိသွားခဲ့ပါသော်ငြား ထုတ်မပြောခဲ့ချေ။ နှစ်ဦးလုံးမှာ မပြောဘဲနှင့် သဘောတူညီချက်ရထားသည့်အလား နှုတ်ဆိတ်၍သာ နေကြသည်။
ယခုကိစ္စမှာ ပြီးသွားလေပြီ။ မဟာဧကရာဇ်သည် ရန်ကိုင်ဆီမှ အသုံးဝင်သည့် မည်သည့်အချက်အလက်ကိုမှ မရရှိခဲ့သည့်အတွက်ကြောင့် ရန်ကိုင်အား လျှို့ဝှက်ချက်များကို အတင်းထုတ်ပြောလာအောင် တွန်းအားပေးတော့လိမ့်မည်မဟုတ်။ ယခုအဖြစ်အပျက်ပြီးသည့်နောက်တွင် ကြယ်ဝိဉာဉ်နန်းတော်သည် ငါးရောင်ခြယ်ရတနာဘုရားထဲ၌ ရန်ကိုင်ကြုံတွေ့ခဲ့သည့် ကိစ္စများနှင့်ပတ်သက်၍ လိုက်လံမေးမြန်းနေတော့လိမ့်မည် မဟုတ်ချေ။
တစ်နည်းဆိုရသော် ကြယ်ဝိဉာဉ်နန်းတော်နှင့် လမင်းမဟာဧကရာဇ်သည် ငါးရောင်ခြယ်ရတနာဘုရားထဲမှ ရန်ကိုင်ယူသွားခဲ့သည့် အရာများကို မသိကျိုးကျွံပြု၍သာ နေပေလိမ့်မည်။
ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ အတော်လေးဝမ်းသာအားရ ဖြစ်သွားရခြင်း ဖြစ်လေသည်။
အစကမူ ကြယ်ဝိဉာဉ်နန်းတော်၏ ပိုင်ဆိုင်မှုများအနက်မှ တစ်ခုကို ခွင့်ပြုချက်မရဘဲ ယူလာခဲ့သည့်အတွက်ကြောင့် စိတ်ပူခဲ့ရပေသေးသည်။ ရန်ကိုင်အနေဖြင့် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာကို ငါးရောင်ခြယ်ရတနာဘုရားထဲမှ ယူလာပြီးသည့်နောက်တွင် ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်သယ်သွားပြီး ထိုနေရာတွင် အသုံးပြုရပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင်မှ ပုံရိပ်ယောင်တစ်ထောင်အိပ်မက်ကမ္ဘာကို အသုံးပြုလိုက်ပြီဆိုသည်နှင့် ထိုအိပ်မက်ကမ္ဘာ၏ တည်ရှိမှုမှာ အခြားသောနယ်မြေများသို့ ပေါက်ကြားကာ ပျံ့နှံ့သွားရပေလိမ့်မည်။ သို့သော်ငြား ယခုအဖြစ်အပျက်ပြီးသည့်နောက်တွင် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာအကြောင်း ကြယ်ဝိဉာဉ်နန်းတော် သိသွားမည်ဆိုလျှင်ပင် သူတို့အနေဖြင့် ဘာမှပြောနိုင်တော့လိမ့်မည် မဟုတ်ချေ။
သေသေချာချာစဉ်းစားပြီးသည့်နောက်တွင် ယခုကိစ္စနှင့်ပတ်သက်၍ ရန်ကိုင်မှာ မဟာဧကရာဇ်အား ကျေးဇူးတင်မိသွားခဲ့လေသည်။ လက်ရှိမဟာဧကရာဇ်၏ စွမ်းအားအရ ရန်ကိုင်၏အသိစိတ်ပင်လယ်ထဲရှိ လျှို့ဝှက်ချက်များကို အတင်းအကြပ်ကြည့်လိုပါက ကြည့်နိုင်ပေသည်။ သို့သော်ငြား ရန်ကိုင်မှ အသည်းအသန် ရုန်းကန်နေသည်ကို မြင်ပြီးသည့်နောက် ရန်ကိုင်အပေါ် အတင်းအကြပ် ဖိအားပေးနေခြင်း မရှိတော့ချေ။ ဤသည်မှာ စီနီယာပညာရှင်တစ်ဦး ပြုသင့်ပြုထိုက်သည့် ပုံစံမျိုး ဖြစ်သွားလေသည်။
ထို့အတွက်ကြောင့် ရန်ကိုင်မှာ မဟာဧကရာဇ်အား အတော်လေးကိုမှ အကောင်းမြင်သွားရသည်။
ဒီနေ့ ရာသီဥတုက တော်တော်သာယာတာပဲ’ ဟူသော မဟာဧကရာဇ်ပြောသွားသည့်စကားမှာ သူ၏ ကူကယ်ရာမဲ့မှုနှင့် လက်ရှိအဖြစ်အပျက်အပေါ် သူ၏ ကသိကအောက်ဖြစ်ပုံကို လက်ခံနေခြင်းသာ ဖြစ်လေသည်။
ရန်ကိုင်မှာ တောက်လျှောက်ကို အော်ရယ်မောနေခဲ့သည်။ သို့သော်ငြား ရုတ်တရက် ထပ်၍ မရယ်နိုင်တော့ချေ။ သူ့နှာခေါင်းနားအား သွားထိလိုက်ရာ နှာခေါင်းနားမှ ပူနွေးနွေးသွေးများ အဆက်မပြတ်ယိုစီးကျနေကြောင်း တွေ့လိုက်ရလေသည်။ မဟာဧကရာဇ်၏ စစ်ဆေးမှုကို ခုခံနိုင်ရန်အတွက် ရန်ကိုင်မှာ သူ့စိတ်စွမ်းအားကို အလွန်အကျွံ သုံးစွဲခဲ့ရသည်။ မူလတည်းက သူ့ဝိဉာဉ်မှာ ဒဏ်ရာရထားသလို အားအင်ကုန်ခမ်းနေခဲ့ရသည့်အတွက်ကြောင့် ရန်ကိုင်မှ စိတ်စွမ်းအင်အား ထပ်မံအသုံးပြုလိုက်သည့်အခါ သူ့အခြေအနေမှာ တော်တော်လေးကို ဆိုးရွားသွားရတော့လေသည်။ ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်ပါက ရန်ကိုင်မှာ အရူးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားနေရလောက်ပေပြီ။
ပုံမှန်အားဖြင့် ရက်အနည်းငယ်လောက်သာ ကြာမည့် ခရီးတစ်ခုကို ရန်ကိုင်အနေဖြင့် ဆယ်ရက်ကျော်မက အချိန်ယူလိုက်ရလေသည်။
ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းပျက်ကြီးမှာတော့ ယခင်ကကဲ့သို့ အပျက်အစီးပုံကြီးသာ ဖြစ်နေပေသေးသည်။ ရင်းနှိးနေသည့် တောင်ကြားနေရာဆီသို့ ရောက်လာပြီးသည့်နောက်တွင် လေဟာနယ်နိယာမစွမ်းအားများကို အသက်သွင်း၍ ရန်ကိုင်သည် ဧကရာဇ်တောင်ကြားထဲသို့ ဝင်လာခဲ့လေသည်။
ဧကရာဇ်တောင်ကြားသည် သီးခြားကမ္ဘာငယ်လေးတစ်ခုဖြစ်သည်။ လက်ရှိအချိန်တွင် ရန်ကိုင်မှလွဲ၍ မည်သူမှ ဤကမ္ဘာထဲသို့ စိတ်ရှိတိုင်း ဝင်ထွက်သွားလာနိုင်ခြင်းမရှိပေ။
သို့သော်ငြား လက်ရှိအချိန်တွင်တော့ ဧကရာဇ်တောင်ကြား၏ ဝင်ပေါက်ရှေ့တွင် လူတစ်ဦး ရှိနေခဲ့လေသည်။
ထိုလူသည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် မြေကြီးထဲမှ တစ်ခုခုအား ထုတ်ယူနေခဲ့လေသည်။ ထိုသို့လုပ်နေရင်းမှ မျက်မှောင်ကျုံ့သွားလိုက်၊ မျက်လုံးပြူးလိုက်၊ ပြုံးလိုက် လုပ်နေလေ၏။
ထိုလူ၏အမူအယာမှာ အဆက်မပြတ်ကို ပြောင်းလဲနေခဲ့သည်။
ထိုလူမှာ သူ့ကမ္ဘာထဲ သူ့ဘာသာသူ နစ်မြောနေသည့်အလား ရန်ကိုင်ရောက်လာလို့ရောက်လာသည်ကိုပင် သတိမထားမိခဲ့ပေ။
ရန်ကိုင် လည်ချောင်းရှင်း၍ အသံပြုလိုက်သည့်အခါမှ ထိုလူသည် သူလုပ်လက်စအလုပ်ထဲမှ အသိပြန်ဝင်လာခဲ့လေသည်။ ရန်ကိုင်၏အသံကို ကြားကြားချင်း သူ့အား လာနှောင့်ယှက်ရကောင်းလားဟုတွေးလျက် မျက်မှောင်ကျုံ့ကာ ဒေါသထွက်နေသည့်အရိပ်အယောင်တို့ သူ့မျက်နှာထက် ပေါ်လာခဲ့လေသည်။ သို့သော်ငြား ရောက်လာသည့်လူမှာ ရန်ကိုင်မှန်း သိသွားသည့်နောက် သူ့မျက်နှာထက်ရှိ မကျေနပ်ချက်တို့မှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး ပြုံး၍ နှုတ်ဆက်လိုက်လေ၏။ “နန်းတော်သခင်လား…”
“ဟုတ်တယ်…” ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ ငုံ့ကြည့်လိုက်ရာ မြေပြင်ထက်တွင် ဆွဲထားသော အစီအရင်ကွက်ပုံစံအရာများရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထိုအရာများသည် ရန်ကိုင်ခင်းကျင်းထားသည့် နယ်မြေခြားဟင်းလင်းပြင်အစီအရင်များနှင့် ပတ်သက်နေရလိမ့်မည်။ ထက်ကောင်းကင်နန်းတော်ထဲတွင် ဟင်းလင်းပြင်အစီအရင်များကို အလွန်တရာကိုမှ စိတ်ဝင်စားလွန်းလှသည့်လူဆို၍ တစ်ဦးသာ ရှိပေသည်။ အခြားမဟုတ်။ ထက်ကောင်းကင်နန်းတော်၏ အစီအရင်မှူးဖြစ်သော နန်မန်တကျွင်းသာ ဖြစ်လေသည်။
ရန်ကိုင်မှ ပိရန်ယုချင်းအား ထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်နိုင်ရန်အတွက် မြောက်ဘက်နယ်မြေသို့ ပြန်ပို့လိုက်စဉ်က နန်မန်တကျွင်းအား ဤနေရာသို့လာရန် ပြောခိုင်းခဲ့လေသည်။ ကြည့်ရသလောက် နန်မန်တကျွင်း ဤနေရာသို့ ရောက်နေသည်မှာ အတော်လေးကိုမှ ကြာနေပြီဖြစ်သည့်ပုံပင်။
“ခင်ဗျား ယူလာလား…” ရန်ကိုင်က မေးလိုက်သည်။
ရန်ကိုင်၏စကားကို ကြားကြားချင်း နန်မန်တကျွင်း ကြောင်သွားခဲ့သည်။ သို့သော်ငြား ချက်ချင်းပဲ အသိပြန်ဝင်လာပြီး ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ကာ ရန်ကိုင်ဆီသို့ ပေးလိုက်လေ၏။ “နန်းတော်သခင်… အစီအရင်နဲ့ပတ်သက်တာတွေအကုန်လုံးကို ဒီထဲမှာ ထည့်ထားပါတယ်… နန်းတော်သခင်သွားရင်းနဲ့ ဖြည်းဖြည်းချင်း ဖတ်ကြည့်လိုက်ပေါ့… ဒါပေမယ့် နန်းတော်သခင် အဲ့အစီအရင်ကို သတိတော့ထားနော်… အဲ့အစီအရင်ကို ခင်းကျင်းထားတဲ့ကောင်က ကောင်းတဲ့လူတော့မဟုတ်ဘူး… ဒီအစီအရင်ကိုယ်တိုင်ကလည်း ကောင်းတာမဟုတ်ဘူး… ဒီတော့ သတိထားတာ အကောင်းဆုံးပဲ…”
“ကျုပ်သိပြီ…” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင် နန်မန်တကျွင်းသည် ချောမွတ်တောက်ပြောင်နေသည့် လွန်းပျံပုံစံနှင့်ဆင်တူသည့် ပစ္စည်းတစ်ခုကိုထုတ်ကာ ရန်ကိုင်ဆီသို့ ထပ်ပေးလိုက်လေသည်။
“ဒါ ဘာလဲ…” ရန်ကိုင်က မေးလိုက်သည်။
နန်မန်တကျွင်းက ရယ်သွမ်းသွေးလျက် “နန်းတော်သခင်ပဲ ဟို့ယုကို ပျံသန်းရေးမှော်ရတနာတစ်ခု ဖန်တီးပေးဖို့ ပြောခဲ့တာမဟုတ်ဘူးလား… ဒါက အဲ့ဒါလေ…”
“မြန်လိုက်တာ…” ရန်ကိုင်သည် ပျံသန်းရေးမှော်ရတနာကို အံ့အားသင့်နေသည့်ဟန်ဖြင့် ယူလိုက်လေသည်။ နည်းနည်းပါးပါး စစ်ဆေးကြည့်ပြီးသည့်နောက် ထိတ်လန့်သွားသည့်အမူအယာဖြင့် ပြောလိုက်လေ၏။ “ဒါ ဧကရာဇ်အဆင့်လား…”
ရန်ကိုင် ဟို့ယုအား ထက်ကောင်းကင်နန်းတော်သို့ ခေါ်လာသည်မှာ မကြာသေးချေ။ ဟို့ယုအား ထက်ကောင်းကင်နန်းတော်သို့ ခေါ်လာပြီးသည့်နောက်တွင် သူ့အတွက် ပျံသန်းရေးမှော်ရတနာတစ်ခုကို ဖန်တီးပေးရန် ပြောခဲ့လေသည်။ ရန်ကိုင်ထင်ထားသည်မှာတော့ အတော်ကောင်းမွန်သည့် ပျံသန်းရေးမှော်ရတနာတစ်ခုကို ဖန်တီးရန်အတွက် နှစ်အနည်းငယ်ခန့် အချိန်ယူရမည်ဟူ၍ပင်။ သို့သော်ငြား ယခုမှ ဘယ်လောက်ရှိသေးလို့နည်း။ ဟို့ယု ထက်ကောင်းကင်နန်းတော်သို့ ရောက်သည်မှာ နှစ်ဝက်ပင် မကြာသေးပေ။ အများဆုံးမှ သုံးလသာ ရှိပေဦးမည်။
နန်မန်တကျွင်းက ယဲ့ယဲ့လေးပြုံးလျက် “ဟို့ယုရဲ့စရိုက်က သိပ်တော့မဟုတ်ပေမယ့် ပန်းပဲပညာမှာတော့ သူက တကယ်ကိုတော်တာ… ပြီးတော့ ထက်ကောင်းကင်နန်းတော်မှာ ပစ္စည်း အစုံရှိနေပြီးသားလေ… ဒီတော့ သူလိုချင်တဲ့ပစ္စည်းကို ပေးလိုက်တာနဲ့ သူလည်း ချက်ချင်းဖန်တီးပေးတော့တာ… ဟို့ယုပြောတာတော့ ဒီဟာကို ထပ်ပြီးတော့ အဆင့်မြှင့်တင်လို့ ရသေးတယ်တဲ့… ဒါကြောင့် နန်းတော်သခင် အချိန်ရလို့ရှိရင် သူ့ကို သွားအဆင့်မြှင့်တင်ခိုင်းလို့ရတယ်…”
“သူ ထွက်ပြေးဖို့ စဉ်းစားနေသေးတာတော့ မဟုတ်ပါဘူးနော်…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။
နန်မန်တကျွင်းက လှောင်ပြုံးပြုံးလျက် ဟို့ယုဒုက္ခရောက်နေသည်ကို ဝမ်းသာနေဟန်ဖြင့် ရှင်းပြလိုက်လေ၏။ “မွန်းစတားဘုရင်သုံးပါးက သူ့ကို တစ်ယောက်တစ်လှည့် ကြည့်နေကြတာလေ… သူသာ ထွက်ပြေးရဲတယ်ဆိုရင် မွန်းစတားဘုရင်တွေက သူ့ခြေထောက်ကို ရိုက်ချိုးပစ်မှာ… မွန်းစတားဘုရင်တွေက သွားပြဿနာရှာလို့ကောင်းတာမဟုတ်ဘူး…”
မွန်းစတားဘုရင်များသည် ရန်ကိုင် ကောင်းကင်အမိန့်တော်မှ ယူဆောင်လာပေးမည့် သားရဲအမြုတေများကိုသာ လေးစားကြပေသည်။ အခြားသူများကိုတော့ အနည်းငယ်မျှပင် လေးစားနေလိမ့်မည်မဟုတ်။ ဧကရာဇ်အစီအရင်ပညာရှင်များဖြစ်စေ၊ ဆေးပညာရှင်များဖြစ်စေ၊ ပန်းပဲပညာရှင်များဖြစ်စေ မွန်းစတားဘုရင်များသည် လုံးဝ ဂရုစိုက်နေလိမ့်မည်မဟုတ်။ မွန်းစတားမျိုးနွယ်စုထဲတွင် ထိုကဲ့သို့သော ဂုဏ်ပုဒ်မျိုးလည်းမရှိ။ မွန်းစတားများအတွက်မူ အားအကောင်းဆုံးသည်သာ သူတို့၏လေးစားမှုနှင့် ထိုက်တန်ပေသည်။
မွန်းစတားဘုရင်သုံးပါးမှ တစ်ယောက်တစ်လှည့် စောင့်ကြပ်နေသည့်အတွက်ကြောင့် ဟို့ယုအနေဖြင့် ထက်ကောင်းကင်နန်းတော်မှ ထွက်ပြေးရန်အတွက် စိတ်ကူးရုံသာ တတ်နိုင်ပေတော့မည်။
ဟို့ယု စိတ်ဓာတ်ကျနေသည့်ပုံကို တွေးရင်း ရန်ကိုင် မရယ်ဘဲမနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား ပန်းပဲပညာရှင်ဆိုသည့်အတိုင်း ဟို့ယုမှာ အမှန်တကယ်ကိုမှ တော်သည်ဟု ပြော၍ရပေသည်။ သူ ယခုဖန်တီးလိုက်သည့် မှော်ရတနာသည်ပင်လျှင် အလွန်ကိုမှ ကောင်းမွန်လှပေသည်။
“ဟို့ယု ဒါကို နာမည်ပေးထားသေးလား…”
နန်မန်တကျွင်းသည် ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်၏။ “သူပြောတာတော့ ပန်းတိမ်တိုက်လွန်းပျံတဲ့… နန်းတော်သခင်မကြိုက်ရင်တော့ အခြားနာမည်တစ်ခု ပြောင်းပေးလိုက်လို့ရတယ်တဲ့… ဒါက နာမည်သက်သက်ပဲဆိုတော့တဲ့…”
“အဲ့လိုဆိုမှတော့လည်း ပန်းတိမ်တိုက်လွန်းပျံလို့ပဲ ခေါ်ကြတာပေါ့…” ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်လေသည်။
စကားပြောနေရင်းမှ ရန်ကိုင်သည် သူ့အိတ်ကပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်၍ နန်မန်တကျွင်းဆီသို့ ပေးကာ ပြောလိုက်လေ၏။ “ဒါကို ပြန်ယူသွားလိုက်…”
“ဘာကြီးလဲ…” နန်မန်တကျွင်းသည် ရန်ကိုင်ပေးလာသည့် သေတ္တာလေးကို အံ့အားသင့်နေဟန်ဖြင့် ကြည့်၍ မေးလိုက်လေသည်။ သေတ္တာမှာ ပုံမှန်အားဖြင့် သာမန်သေတ္တာတစ်လုံးကဲ့သို့သာ ထင်ရပါသော်ငြား သေတ္တာမှ ဖြာထွက်နေသည့် အရှိန်အဝါသည် ရှေးကျသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည့်အတွက်ကြောင့် သာမန်သေတ္တာတစ်လုံး မဟုတ်သည်မှာတော့ သိသာလှပေသည်။ ဤသေတ္တာသည် ရှေးခေတ်အချိန်များတည်းက လက်ဆင့်ကမ်းလာခဲ့သည့် ပစ္စည်းတစ်ခုဖြစ်ကာ အတော်လေးကိုမှ ကောင်းမွန်လှသည့် မှော်ရတနာတစ်ခုလည်း ဖြစ်ရပေလိမ့်မည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၀၇)
ဘာသာပြန်သူ_တိမ်တိုက်
“ကောင်းကင်တေးသံရတနာသေတ္တာ…” ရန်ကိုင်သည် သေတ္တာအား လှမ်းထိလိုက်သည်။ ချက်ချင်းဆိုသလို ကောင်းကင်တေးသံရတနာသေတ္တာဆီမှ သာယာချိုသာလှသည့် တေးသံတို့ ထွက်ပေါ်လာခဲ့လေ၏။
တစ်ချိန်တည်းတွင် သေတ္တာ၏ပုံစံမှာလည်း ကျောင်းဆောင်တစ်ခုအဖြစ်သို့ စတင်၍ ပြောင်းလဲလာခဲ့လေသည်။ ကျောင်းဆောင်တွင် အထပ်ကိုးထပ်ပါပြီး အထပ်တစ်ထပ်ချင်းစီတိုင်းသည် သက်ဆိုင်ရာနှုန်းအလိုက် လည်ပတ်နေခဲ့လေသည်။ အချို့သောအထပ်များမှာ ညာဘက်သို့ လည်ပတ်နေကြချိန် အချို့သောအထပ်များမှာတော့ ဘယ်ဘက်သို့ လည်ပတ်နေကြလေသည်။ အထပ်တစ်ထပ်ချင်းစီမှ မတူကွဲပြားသည့် တေးသံတို့ ထွက်ပေါ်လာခဲ့ပြီး အတူတကွ ပေါင်းစပ်သွားသော သာယာချိုမြလှသည့် တီးလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ထိုမျှသာလျှင် မဟုတ်သေးဘဲ ကောင်းကင်တေးသံရတနာသေတ္တာဆီမှ ဖြူဖျော့ဖျော့မြူခိုးများလည်း စတင်ထွက်ပေါ်လာခဲ့လေသည်။ ထိုမြူခိုးများ တဖြည်းဖြည်းပျံ့နှံ့လာချိန် အဖြူရောင်မြူခိုးများသည် ကြယ်တာရာကောင်းကင်အလား ထင်မှတ်ရသည့် ကားချပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ပြာဖျော့ဖျော့မြူခိုးများအောက်ဝယ် ရပ်နေရသည်မှာ ကြယ်တာရာကောင်းကင်အောက်ဝယ် ရပ်နေရသလိုပင် ခံစားရနိုင်ပေသည်။
“ရတနာကောင်းပဲ…” နန်မန်တကျွင်း မျက်လုံးများ တောက်ပသွားခဲ့သည်။ ကောင်းကင်တေးသံရတနာသေတ္တာသည် သူ့အတွက် အသုံးဝင်လိမ့်မည်ဟု မထင်ထားပါသော်ငြား ကောင်းကင်တေးသံရတနာသေသတ္တာဆီမှ တေးသံသည် သူ့အောက်အဆင့်နိမ့်သည့် ကျင့်ကြံသူများအတွက်တော့ အတော်လေး အသုံးဝင်ပေလိမ့်မည်။ ဤတေးသံသည် ကျင့်ကြံသူတစ်ဦး၏ စိတ်အစုံကို ငြိမ်းချမ်းတည်ငြိမ်သွားစေနိုင်သည် မဟုတ်ပေလော။ ဤကဲ့သို့သော အရာမျိုးသည် တံခါးပိတ်ကျင့်စဉ်ဝင်ရာတွင် အလွန်ကိုမှ အသုံးဝင်ပေသည်။
“ခင်ဗျားသာဆိုရင် ဒီရတနာကို ကောင်းကောင်းအသုံးချနိုင်မယ်ထင်လို့…” ရန်ကိုင်က နန်မန်တကျွင်းကို ပြုံးကာကြည့်ရင်းမှ ပြောလိုက်သည်။
နန်မန်တကျွင်း၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။ ဤကောင်းကင်တေးသံရတနာသေတ္တာကို အစီအရင်တစ်ခု၏ ဗဟိုချက်အဖြစ် အသုံးပြု၍ အခြားသောမှော်ရတနာများကို ထပ်ပေါင်းထည့်ကာ ကောင်းကင်တေးသံရတနာနန်းတော်ကို ဖန်တီးနိုင်ပေသည်။
ထိုသို့လုပ်ဖို့ရာ နန်မန်တကျွင်းအတွက် သိပ်မခက်လောက်ပေ။ သေသေချာချာ စီစဉ်ပြီးသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်တေးသံရတနာနန်းတော်တစ်ခုလုံး ကောင်းကင်တေးသံရတနာသေတ္တာဆီမှ ထွက်ပေါ်လာသည့် တေးသံတို့ဖြင့် ပြည့်နေပေလိမ့်မည်။ ထိုအခါ ထိုကောင်းကင်တေးသံရတနာနန်းတော်ထဲ လာရောက်ကျင့်ကြံကြသည့် တပည့်များအတွက် အလွန်ကိုမှ အကျိုးရှိပေလိမ့်မည်။
ရန်ကိုင်ပြောသည်မှာ မှန်ပေသည်။ နန်မန်တကျွင်းကဲ့သို့သော ဧကရာဇ်အဆင့်အစီအရင်ပညာရှင်တစ်ဦးသည်သာ ကောင်းကင်တေးသံရတနာသေတ္တာကို ကောင်းကောင်း အသုံးချနိုင်သည်။ အစီအရင်တစ်ခုဖြင့် ထပ်မံအားဖြည့်ပေးလိုက်မည်ဆိုပါက ကောင်းကင်တေးသံရတနာသေတ္တာသည် ထက်ကောင်းကင်နန်းတော်၏ အရေးကြီးသည့်အရာများအနက် တစ်ခုအပါအဝင် ဖြစ်လာပေနိုင်ပေသည်။
“ကျုပ်တာဝန်သာထားလိုက်…” နန်မန်တကျွင်းသည် ကောင်းကင်တေးသံရတနာသေတ္တာအား သိမ်းလိုက်ပြီးသည့်နောက် ရန်ကိုင်ဘက်သို့လှည့်၍ စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ “နန်းတော်သခင် အဆင်ပြေရဲ့လား…”
လက်ရှိ ရန်ကိုင်၏မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ ထူးထူးခြားခြားကို ဖြူလျော်နေကြောင်း သတိထားမိခဲ့သည်။
ရန်ကိုင် မည်မျှအားကောင်းမှန်း သူသိပေသည်။ ရန်ကိုင်မှာ အလွန်တရာကိုမှ အားကောင်းလှလေရာ မြောက်ဘက်နယ်မြေ၏ ဂိုဏ်းချုပ်များဖြစ်ကြသော မီချီနှင့် လီကျောက်တို့သည်ပင်လျှင် ရန်ကိုင်ရှေ့၌ ခေါင်းမဖော်ရဲကြပေ။ မွန်းစတားဘုရင်သုံးပါးသည်ပင်လျှင် ရန်ကိုင်အပေါ် အလွန်ကိုမှ သစ္စာစောင့်သိကြသည်။ ရန်ကိုင်ကဲ့သို့သော ပညာရှင်တစ်ဦးအတွက် ယခုကဲ့သို့ မျက်နှာဖြူဖတ်ဖြူလျော်ဖြစ်နေသည်မှာ အလွန်ကိုမှ ပြင်းထန်သည့် ဒဏ်ရာတစ်ခု ရထားသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ဤလောကကြီးတွင် ရန်ကိုင်အား ဤကဲ့သို့ ဒဏ်ရာရအောင် မည်သူကများ လုပ်နိုင်ရသလဲဆိုသည်ကို နန်မန်တကျွင်း မစဉ်းစားတတ်ချေ။ ရန်ကိုင်အနေဖြင့် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲတွင် မည်ကဲ့သို့သောအရာများနှင့် ကြုံတွေ့ခဲ့ရသလဲဆိုသည်ကိုတော့ နန်မန်တကျွင်း စဉ်းစားမိလိမ့်မည်မဟုတ်။
ရန်ကိုင်ကမူ ခေါင်းသာ ခါပြလိုက်သည်။
နန်မန်တကျွင်းက မေးလိုက်လေသည်။ “ကျုပ်ရော လိုက်ဖို့လိုသေးလား နန်းတော်သခင်… နန်းတော်သခင် အဲ့မှာ ဘာသွားလုပ်မလဲဆိုတာကို ကျုပ်မသိပေမယ့် ကျုပ်လိုက်ချင်ရတဲ့ အကြောင်းအရင်းက အဲ့အစီအရင်ကြောင့်ပဲ… ကျုပ်သာ နန်းတော်သခင်နဲ့ အတူလိုက်မယ်ဆိုရင် အဲ့အစီအရင်ကို ဖြေရှင်းတဲ့နေရာမှာ အနည်းနဲ့အများတော့ ကူညီပေးနိုင်မှာ…”
“မလိုဘူး….” ရန်ကိုင်က လက်ဝှေ့ယမ်းလိုက်သည်။ “ကျုပ်တစ်ယောက်တည်းအဆင်ပြေတယ်… ပြီးတော့ ခင်ဗျားကို ခေါ်သွားဖို့ကလည်း အဆင်မပြေဘူး…”
ဟွာယုလုသည် သူမသွားမည့်နေရာဆီသို့ လူတစ်ဦးသာ ခေါ်လာနိုင်သည်ဟု ပြောလေသည်။ ထို့အတွက်ကြောင့် အခြားလူတစ်ဦးကိုသာ ထပ်မံခေါ်ဆောင်လာခဲ့မည်ဆိုပါက ပဋိပက္ခများ ဖြစ်သွားရနိုင်ပေသည်။
ရန်ကိုင်ငြင်းနေသည်ကိုမြင်သော် နန်မန်တကျွင်းလည်း ထပ်မပြောတော့ချေ။ ထက်ကောင်းကင်နန်းတော်၏ လတ်တလောအခြေအနေအကြောင်းကို အစီအရင်ခံတင်ပြပြီးသည့်နောက် နယ်မြေခြားဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် မြောက်ဘက်နယ်မြေဆီသို့ ပြန်လာခဲ့လိုက်လေ၏။
ရန်ကိုင်သည် ထွက်သွားရန် အလျင်မလိုသေးချေ။ ဦးစွာ တင်ပလင်ခွေထိုင်ချလိုက်ပြီး သူ့ဝိဉာဉ်အား ကုစားပေးမည့် ဆေးလုံးအချို့ကို ထုတ်သောက်လိုက်လေသည်။ ထို့နောက်တွင် ပန်းတိမ်တိုက်လွန်းပျံကို စတင်သန့်စင်တော့လေသည်။
ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲတွင် သူ့ဝိဉာဉ် ရသွားခဲ့သည့် ဒဏ်ရာကို ရန်ကိုင် အတော်လေး အထင်သေးမိသွားခဲ့လေသည်။ မူလကတော့ ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း၏ အကူအညီဖြင့်သာ ဆိုပါက လဝက်လောက် အနားယူလိုက်ရုံဖြင့် သူ့ဝိဉာဉ်ဒဏ်ရာ ပြန်ကောင်းသွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ပါသော်ငြား တကယ့်တကယ်တွင်တော့ ဆယ်ရက်ကြာသွားသည့်တိုင် သူ့ဝိဉာဉ်မှာ ပြန်လည်သက်သာလာမည့် အရိပ်အယောင်ပင် မပြသေးချေ။
ထိုသို့ဖြစ်ရခြင်းမှာ ပုံရိပ်တစ်ထောင် အိပ်မက်ကမ္ဘာထဲတွင် သူရခဲ့သည့် ဒဏ်ရာနှင့်စာလျှင် သူ့စိတ်စွမ်းအင်ကို အလွန်အကျွံ အသုံးပြုလိုက်သည့်အတွက်ကြောင့် ဖြစ်ရလိမ့်မည်ဟု ရန်ကိုင် ခန့်မှန်းမိလိုက်လေသည်။ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲရှိအချိန်မှာ ပုံမှန်မဟုတ်ဘဲ ထူးထူးခြားခြားကို မြန်ဆန်လွန်းနေခဲ့လေသည်။ အပြင်ဘက်တွင် နှစ်ရက်သာ ကုန်ဆုံးရမည့်အချိန်ကို ထိုအထဲတွင် နှစ်နှစ်ခန့်ကြာအောင် ကုန်ဆုံးခဲ့ရသည့်အတွက်ကြောင့် ရန်ကိုင်၏ဝိဉာဉ်အတွက် အတော်လေးကိုမှ ဝန်ပိသွားခဲ့ရသည်။ ထို့အပြင် ရန်ကိုင်သည် နှစ်တစ်ထောင်အိပ်မက်ကမ္ဘာအတွင်း နှစ်နှစ်စာနှင့် ညီမျှသော စိတ်စွမ်းအင်ကို ငါးရက်အတွင်း ကုန်အောင် အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။ ကြည့်ရသလောက် သူ့စိတ်စွမ်းအင် ပြန်ပြည့်လာရန်အတွက် တစ်လကျော်ခန့် အချိန်ယူရမည့်ပုံပင်။
ဧကရာဇ်အဆင့်မှော်ရတနာများကို သန့်စင်ဖို့ရာ မလွယ်ကူလှပေ။ အထူးသဖြင့် ယခုကဲ့သို့ သူ့စိတ်စွမ်းအင် ခြောက်ကပ်နေသည့် အခါမျိုးတွင်ပင်။
ရန်ကိုင်သည် ရက်အနည်းငယ်ခန့် အသုံးပြု၍ ပန်းတိမ်တိုက်လွန်းပျံပေါ်တွင် သူ့ဝိဉာဉ်အမှတ်အသားတစ်ခုကို ချန်ထားရစ်နိုင်အောင် ကြိုးစားခဲ့လေသည်။ ဤနည်းဖြင့် ရန်ကိုင်သည် ပန်းတိမ်တိုက်လွန်းပျံ၏ စွမ်းအားအကုန်အစင်ကို ထုတ်မသုံးနိုင်ပါသော်ငြား ပန်းတိမ်တိုက်လွန်းပျံအား ပျံသန်းရန်အတွက် အသုံးပြုနိုင်ပေသည်။ သို့သော်ငြား ထိုမျှနှင့်ပင် ရန်ကိုင်အတွက် လုံလောက်နေလေပြီ။ ရန်ကိုင်သည် ပန်းတိမ်တိုက်လွန်းပျံကို သွားလာရန်အတွက်သာ အသုံးပြုလိုသည် မဟုတ်ပေလော။
ပန်းတိမ်တိုက်လွန်းပျံကို သန့်စင်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ဟွာယုလုနှင့် သတ်မှတ်ထားသည့် နေရာဆီသို့ ဦးတည်သွားလေ၏။ သို့သော်ငြား ထိုနေရာအား မှတ်မိရန် အတော်လေး စဉ်းစားလိုက်ရသည်။ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲသို့ ရောက်ပြီးနောက်ပိုင်း ရန်ကိုင်၏မှတ်ဉာဏ်များမှာ ဝိုးတဝါးတားဖြစ်လာကာ အချို့သောကိစ္စများကိုလည်း ရန်ကိုင်မှာ မေ့လျော့ခါနီး ဖြစ်လာခဲ့ရလေသည်။
တောင်ပိုင်းနွံအိုင်သည် တောင်ဘက်နယ်မြေထဲရှိ အန္တရာယ်များသည့် နေရာတစ်ခု ဖြစ်ပေသည်။ ထိုနေရာရှိ မြောက်ဘက်နယ်မြေရှိ ရေခဲနယ်မြေလောက် အန္တရာယ်မများပါသော်ငြား တောင်ပိုင်းနွံအိုင်တွင် နှစ်စဉ်နှင့်အမျှ ပညာရှင်ပေါင်းများစွာ သေဆုံးနေကြရသည်။ ထိုနေရာသို့ လူပေါင်းများစွာ ရောက်ရှိလာရခြင်းမှာ ကြွယ်ဝပေါများလှသော အဖိုးတန်ရတနာများနှင့်တကွ အမျိုးမျိုးသော ရှေးခေတ်ပညာရှင်များ၏ လိုဏ်ဂူစံအိမ်များကြောင့် ဖြစ်ကြပေသည်။
ကောလဟာလများ အဆိုရှိသည်မှာတော့ တောင်ပိုင်းနွံအိုင်သည် ယခင်က ကျင့်ကြံသူပေါင်းများစွာနှင့် စည်ပင်သာယာသည့် နေရာကြီးတစ်ခု ဖြစ်ခဲ့သည်ဟူ၍ပင်။ ထိုနေရာ၌ မရေမတွက်နိုင်သော ဂိုဏ်းများ၊ အင်အားစုများ ထွက်ပေါ်ခဲ့ကြပြီး တောင်ပိုင်းနွံအိုင်တစ်ခုလုံးမှာ အလွန်ကိုမှ သာယာဝပြောခဲ့ရသည်။ သို့သော်ငြား တစ်နေ့တွင် ကပ်ဘေးဆိုက်ရောက်လာခဲ့ပြီး ထိုနေရာတစ်ခုလုံး နွံအိုင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရကာ တောင်ဘက်နယ်မြေရှိ ကျင့်ကြံသူများမှာလည်း ထိုနေရာဆီမှ အခြားနေရာများသို့ နေရာပြောင်းသွားကုန်ကြလေသည်။
ထိုကပ်ဘေးအတွင်း မရေမတွက်နိုင်သောဂိုဏ်းများ ဖျက်ဆီးခံလိုက်ရပြီး ပညာရှင်ပေါင်းများစွာ၏ လိုဏ်ဂူစံအိမ်များမှာလည်း စုန်းစုန်းမြုပ် ပျောက်ကွယ်သွားကုန်ကြရလေသည်။ ယနေ့တွင်တော့ ကျင့်ကြံသူများသည် ဂိုဏ်းပျက်များနှင့်တကွ ပညာရှင်များ၏ အမွေအနှစ်များကို ရရှိရန်အလို့ငှာ ဤနေရာသို့ စွန့်စားလာရောက်ကြလေသည်။
ထို့အပြင် တောင်ပိုင်းနွံအိုင်၌ အခြားမည်သည့်နေရာတွင်မှ မတွေ့ရသော အဖိုးတန်ဆေးပင်များကိုလည်း တွေ့ရနိုင်ပေသည်။
ထိုကဲ့သို့ အဖိုးတန်ရတနာပေါင်းများစွာ၊ အခွင့်အလမ်းပေါင်းများစွာနှင့် ပြည့်နှက်နေသည့်အတွက်ကြောင့် တောင်ပိုင်းနွံအိုင်သည် အန္တရာယ်များပါသော်ငြား ထိုနေရာသို့ရောက်လာသည့် ကျင့်ကြံသူများမှာတော့ နည်းပါးသွားခြင်းမရှိအောင်ကို ဖြစ်နေခဲ့လသည်။ ရန်ကိုင်သည် တောင်ပိုင်းနွံအိုင်အကြောင်းကို ယခင်က ကြားခဲ့ဖူးပါသော်ငြား ယခုမှသာလျှင် ထိုနေရာသို့ ပထမဦးဆုံးအကြိမ် သွားဖူးခြင်း ဖြစ်လေသည်။
လက်ရှိရန်ကိုင်သည် ဘာကိုမှ ကြောက်စရာမလိုတော့သည့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့လေပြီ။ ထို့အတွက်ကြောင့် လက်ရှိအချိန်တွင် သူ့ဝိဉာဉ်မှာ အပြည့်အဝ ပြန်မကောင်းသေးပါသော်ငြား ရန်ကိုင်သည် ပေါ့သေးသေးလူတစ်ဦးတော့ မဟုတ်ချေ။
လဝက်ကြာပြီးသည့်နောက်တွင် တောင်ပိုင်းနွံအိုင်ဆီသို့ ရန်ကိုင်ရောက်လာခဲ့လေသည်။
ကောလဟာလများအတိုင်း ဤနေရာတစ်ခုလုံးမှာ စိမ့်တောများဖြင့် ပြည့်နေပြီး ညိုညစ်ညစ်ရွှံ့ရောင်ပေါက်နေသည့် မြစ်များကိုလည်း နေရာအနှံ့တွင် တွေ့နေရသည်။ တစ်ချိန်တည်းတွင် အလွန်တရာကိုမှ အန္တရာယ်များလှသည့် အရှိန်အဝါတို့မှာလည်း ထိုအရာများအောက်ဝယ် ပုန်းလျှိုးကွယ်လျှိုး တည်ရှိနေကြလေသည်။ တောင်ပိုင်းနွံအိုင်တစ်ခုလုံးမှာ အန္တရာယ်များလွန်းလှသည့် အရာများနှင့် ပြည့်နေခဲ့လေသည်။
အပေါ်စီးမှ ငုံ့ကြည့်လိုက်မည်ဆိုလျှင်တော့ တောင်ပိုင်းနွံအိုင်တစ်ခုလုံးမှာ နေရောင်အောက်ဝယ် ရောင်စုံအလင်းတန်းတို့ဖြင့် လှပနေသယောက် ထင်ရပါသော်ငြား တကယ့်တကယ်တွင်တော့ ထိုအလှတရားများအောက်ဝယ် အန္တရာယ်အငွေ့အသက်တို့က ကိန်းအောင်းနေကြလေ၏။
ထို့အပြင် တောင်ပိုင်းနွံအိုင်တစ်ခုလုံးသည် အဆိပ်များဖြင့်လည်း ပြည့်နေပေသေးသည်။ ထိုအဆိပ်များကြောင့်ပင်လျှင် ဤနေရာသို့ တာအိုသခင်အဆင့်အောက် မည်သူကျင့်ကြံသူမှ မလာနိုင်ကြခြင်းပင်။ တာအိုသခင်အဆင့်နှင့် ဧကရာဇ်အဆင့်ပညာရှင်များသည်သာ ဤနေရာရှိအဆိပ်ကို ခုခံနိုင်ပြီး တောင်ပိုင်းနွံအိုင်တစ်ခုလုံးကို စူးစမ်းလော့လာနိုင်ပေသည်။
သို့သော်ငြား နွံအိုင်တစ်ခုလုံးရှိ အဆိပ်များမှာ အမြဲတူညီကြသည်တော့မဟုတ်။ နေရာပေါ်လိုက်၍လည်း ကွဲပြားတတ်ကြပေသေးသည်။ အချို့သောနေရာများရှိ အဆိပ်များဆိုလျှင် ဧကရာဇ်အဆင့်ကျင့်ကြံသူများသည်ပင်လျှင် မခုခံနိုင်အောက်လောက်ကို အားကောင်းလွန်းလှပေသည်။ ထိုအဆိပ်များသာ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီဆိုသည်နှင့် ဧကရာဇ်ပညာရှင်များသည်ပင်လျှင် မိမိ၏အသက်ကို ဆုံးရှုံးသွားရနိုင်သည်။
ရန်ကိုင်သည် ဆက်သွယ်ရေးမှော်ရတနာကိုထုတ်၍ ဟွာယုလုဆီသို့ သတင်းတစ်ခု ပို့လိုက်လေသည်။ တစ်ခဏကြာပြီးသည့်နောက် သတင်းပြန်ရလာခဲ့လေ၏။
ဘေးပတ်ဝန်းကျင်ကို သေသေချာချာ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရန်ကိုင်သည် တစ်ခုသောဘက်ဆီသို့ ပျံသန်းသွားခဲ့လေသည်။
လေးနာရီခန့် ကြာပြီးသည့်နောက်တွင် အဝေးတစ်နေရာဆီမှ ကျင့်ကြံသူများစွာ၏ အရှိန်အဝါကို အာရုံခံမိလိုက်သည်။ ထိုအရှိန်အဝါများအနက် တစ်ခုမှာ ဟွာယုလု၏အရှိန်အဝါ ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း အရှိန်တင်လိုက်တော့လေသည်။
ဟိုဘက်တွင်ရှိနေသည့်လူများမှာလည်း ရန်ကိုင်ရောက်လာသည်ကို အာရုံခံမိကြပေလိမ့်မည်။ ထို့အတွက်ကြောင့် သူတို့၏ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ မည်သူရောက်လာသလဲဆိုသည်ကို စစ်ဆေးကြည့်လိုက်ကြလေသည်။ သို့သော်ငြား ချက်ချင်းဆိုသလို အကုန်လုံး အံ့အားသင့်သွားကြရသည်။ အကြောင်းမှာ ပန်းတိမ်တိုက်လွန်းပျံကို အာရုံခံမိလိုက်သည့် အတွက်ကြောင့်ပင်။
ပန်းတိမ်တိုက်လွန်းပျံသည် ဧကရာဇ်အဆင့် ပျံသန်းရေးမှော်ရတနာတစ်ခုဖြစ်ကာ အလွန်ကိုမှ တန်ကြေးမြင့်မားလှပေသည်။ ထိုကဲ့သို့သော ဧကရာဇ်အဆင့်မှော်ရတနာမျိုးကို ဧကရာဇ်အဆင့်ပညာရှင်များတွင်ပင်လျှင် တွေ့ရလေ့မရှိချေ။ ရန်ကိုင်သည်သာ ဟို့ယုအား သူ့အတွက် မဖန်တီးခိုင်းခဲ့ပါက သူ့အနေဖြင့် ဤကဲ့သို့သော မှော်ရတနာတစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်ချေ။
တစ်ခဏကြာပြီးသည့်နောက်တွင် ပန်းတိမ်တိုက်လွန်းပျံသည် လူအုပ်ကြီးရှေ့သို့ ရောက်လာခဲ့ပြီး အလင်းတစ်ချက်လက်သွားပြီးသည့်နောက် ရန်ကိုင်၏ပုံရိပ် ပေါ်လာခဲ့လေသည်။
ဟွာယုလုမှာ ရန်ကိုင်အား ဝမ်းသာအားရဖြင့် ကြည့်လိုက်လေသည်။ သို့သော်ငြား ချက်ချင်းဆိုသလို ကြောင်သွားခဲ့ရသည်။ အကြောင်းမှာ လက်ရှိ သူမရှေ့တွင် ပေါ်လာသည့်လူသည် ရန်ကိုင်မဟုတ်ဘဲ သူမနှင့် အလွန်တရာကိုမှ မရင်းနှီးသည့်လူတစ်ဦး ဖြစ်နေသည့်အတွက်ကြောင့်ပင်။
သို့ရာတွင် မကြာခင်မှာပဲ ရန်ကိုင်သည် ရုပ်ဖျက်ထားခြင်းဖြစ်မှန်း ချက်ချင်း နားလည်သွားရတော့လေသည်။ ဟွာယုလုမှာတော့ ရန်ကိုင်ရုပ်ဖျက်ထားသည့်ကိစ္စနှင့်ပတ်သက်၍ မည်သည့်အပိုကိစ္စမှ လုပ်မနေခဲ့ပေ။ ရန်ကိုင်သည် သူမည်သူမည်ဝါမှန်း အခြားလူများကို မသိစေချင်သည့်အတွက်ကြောင့် ဟွာယုလုသည်လည်း ရန်ကိုင်လျှောက်သည့်လမ်းကြောင်းအတိုင်း လိုက်လျှောက်ရပေလိမ့်မည်။
“စီနီဘာအစ်ကိုရန်…” ဟွာယုလုက နှုတ်ဆက်လိုက်လေ၏။
“နန်းတော်သခင်ဟွာ…” ရန်ကိုင်က ခေါင်းညိတ်၍ “နောက်ကျနေလို့ တောင်းပန်ပါတယ်နော်…”
ဟွာယုလုဘေးတွင်တော့ အခြားသောလူလေးဦး ရှိနေခဲ့လေသည်။ ကြည့်ရသလောက် ဤနေရာတွင် လူစုံနေပြီဖြစ်သည့်ပုံပင်။ ဟွာယုလုပြောခဲ့သည်မှာတော့ သူမနှင့်အတူ အခြားလူနှစ်ဦးသည် ဤရှေးဟောင်းလိုဏ်ဂူစံအိမ်ကို ရှာတွေ့ခဲ့သည်။ သို့သော်ငြား သူတို့သုံးဦး အတူပူးပေါင်းခဲ့သည့်တိုင် အချို့သောအစီအရင်များကိုသာ ဖျက်ဆီးနိုင်ခဲ့ပြီး နောက်ဆုံးအစီအရင်ရှေ့သို့အရောက်တွင် ရှေ့ဆက်မသွားနိုင် ဖြစ်ခဲ့ရသည်။
ထို့အတွက်ကြောင့် သူတို့သုံးဦး သဘောတူညီချက်တစ်ခု လုပ်ခဲ့လေသည်။ တစ်ယောက်လျှင် လူတစ်ဦးစီ ခေါ်လာရန်သာ ဖြစ်လေသည်။ သူတို့ခေါ်လာရမည့်လူသည် အများဆုံး ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေရလိမ့်မည်။ ထို့ထက် ပိုမြင့်နေ၍မရ။ ခြောက်လကြာပြီးသည့်နောက်တွင် ဤနေရာ၌ အတူပြန်တွေ့ကြပေလိမ့်မည်။
ဟွာယုလု သွားရှာသည့်လူမှာတော့ ရှရန်းဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် ရှရှန်းသည် လတ်တလောတာဝန်အရ စိတ်ဝိဉာဉ်ရေကန်နန်းတော်တွင်သာ နေနေရပြီး အခြားနေရာသို့ ထွက်သွား၍ မရသေးချေ။ ထို့အတွက်ကြောင့် ရန်ကိုင်ကိုသာ အကူအီတောင်းနိုင်လေ၏။ ရှရှန်းမှ အကူအညီတောင်းလိုသည့်အတွက်ကြောင့် ရန်ကိုင်လည်း ငြင်းမနေခဲ့ချေ။ ထို့အပြင် သူကိုယ်တိုင်သည်လည်း ဤရှေးဟောင်းလိုဏ်ဂူစံအိမ်အပေါ် အတော်လေး စိတ်ဝင်စားနေမိလေသည်။
အကြောင်းမှာ ဟွာယုလုသည် ပန်းဗုံတစ်လုံးကို ဤနေရာဆီမှ ရလာသည့်အတွက်ကြောင့်ဖြစ်လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းကဲ့သို့ပင် ထိုဗုံသည်လည်း ရှေးဟောင်းမှော်ရတနာတစ်မျိုး ဖြစ်ပေသည်။ သို့သော်ငြား တောင်နဲ့မြစ်ခေါင်းလောင်းလောက် အားကောင်းခြင်းမရှိချေ။
ဟွာယုလုပြောပုံအရ ထိုသူနှစ်ဦးအနက် တစ်ဦး၏ ကျင့်ကြံခြင်းမှာ သိသိသာသာကို မြင့်တက်လာခဲ့ရသည်။ မူလက ထိုလူ၏ကျင့်ကြံခြင်းမှာ အဖွဲ့ထဲတွင် အားအနည်းဆုံး ဖြစ်ပါသော်ငြား လိုဏ်ဂူစံအိမ်ထဲမှ ပြန်ထွက်လာပြီးသည့်နောက်တွင် အားအကောင်းဆုံး ဖြစ်လာခဲ့ရသည်။ တစ်ချိန်တည်းတွင် အခြားလူတစ်ဦးမှာလည်း ကျင့်စဉ်တစ်မျိုးကို အကြမ်းနားလည်ခဲ့ရလေသည်။ ထိုကျင့်စဉ်မည်မျှအားကောင်းသလဲ ဆိုသည်ကိုတော့ ဟွာယုလုမသိပေ။
ကျင့်ကြံသည်ဆိုမှာ အခန်းတွင်းအောင်း၍ ကျင့်ကြံခြင်းတစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ချေ။ ကျင့်ကြံရာတွင် အမျိုးမျိုးသောအခွင့်အရေးများ၊ အခွင့်လမ်းများနှင့် ကြုံဆုံရခြင်းလည်း ပါပေသည်။ ဤကဲ့သို့သော အဖိုးတန်လှသည့် အတွေ့အကြု့များ အခွင့်အလမ်းများသည် မိမိ၏ ခွန်အားတစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်ပေသည်။ ရှင်းရှင်းပြောရသော် ထိုကဲ့သို့သောအခွင့်အလမ်းများနှင့် ကြုံဆုံရခြင်းမှာ ကိုယ့်ဘာသာကိုယ် အခန်းတွင်းအောင်း၍ ကျင့်ကြံနေခြင်းထက် အများကြီး ပိုမိုမြန်ဆန်ပေသည်။
သို့သော်ငြား ရန်ကိုင်အဖို့တော့ ဤရှေးဟောင်းလိုဏ်ဂူစံအိမ်သို့ လာရသည်မှာ သိပ်၍ ချိန်ကိုက်သားမဖြစ်ခဲ့ပေ။ အကြောင်းမှာ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲတွင် ကြုံခဲ့ရသည့် အဖြစ်အပျက်များကြောင့် သူ့ဝိဉာဉ်မှာ ဒဏ်ရာရနေခဲ့ရသည်။ ထို့အတွက်ကြောင့် ရှင်းရှင်းပြောရသော် ရန်ကိုင်အနေဖြင့် လတ်တလောတွင် အနားယူနေသင့်ပေသည်။ သို့ရာတွင် ဟွာယုလုနှင့် အချိန်းအချက်လုပ်ထားသည့်အတွက်ကြောင့် အံကြိတ်၍သာ ဤနေရာသို့ လာခဲ့ရလေ၏။
ယခုတစ်ကြိမ်တွင်တော့ သူ့လုံခြုံရေးကိုသာ ဦးစားပေးရမည်ဟု ရန်ကိုင် ဆုံးဖြတ်ထားလိုက်တော့လေသည်။ သူသာ ဟွာယုလုအား အန္တရာယ်ကင်းကင်းနှင့် ပြန်ခေါ်လာနိုင်မည်ဆိုပါက အခြားမည်သည့်ပြဿနာမှ မရှိတော့ပေ။ ထိုမျှလောက်ဆိုလျှင် ရှရှန်းလည်း ကျေနပ်ပေလိမ့်မည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၀၈)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်မှ နှုတ်ဆက်ပြီးသည့်နောက်တွင် လူလေးဦးအကြည့်သည် ရန်ကိုင်ဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုလူလေးဦးအနက် သုံးဦးမှာ အမျိုးသားများဖြစ်ကြပြီး တစ်ဦးမှာတော့ အမျိုးသမီးဖြစ်ပေသည်။ နှစ်ဦးမှာ ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး ကျန်နှစ်ဦးမှာတော့ ဒုတိယအဆင့်များဖြစ်ကြကာ နှစ်ယောက်တစ်တွဲစီ ရပ်နေကြလေသည်။ ရန်ကိုင် ဤနေရာသို့ ရောက်မလာခင်က ဟွာယုလုသည် တစ်ဦးတည်း ရှိနေခြင်း ဖြစ်လေသည်။
ရန်ကိုင်မှာ ရုပ်ဖျက်ထားသည့်အတွက်ကြောင့် သူ့မျက်နှာဖြူလျော်နေသည်ကို တစ်ဖက်လူများမမြင်အောင် ဖုံးကွယ်ထားနိုင်ပါသော်ငြား အားနည်းနေသည့်သူ့အရှိန်အဝါကိုတော့ ဖုံးကွယ်ထား၍မရပေ။ ထို့အပြင် ဤနေရာရှိ လူတစ်ဦးချင်းစီတိုင်းမှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသည့်အတွက်ကြောင့် သူတို့သည်သာ စစ်ဆေးကြည့်လိုက်မည်ဆိုပါက ရန်ကိုင်၏ကျင့်ကြံခြင်းကို သတိထားမိနိုင်ပေသည်။
(ဧကရာဇ်ပထမအဆင့်…) ရန်ကိုင်၏ကျင့်ကြံခြင်းကို သိရသွားပြီးသည့်နောက် ကျန်လူလေးဦးစလုံး စိတ်သက်သာရာ ရသွားခဲ့ကြလေသည်။
ထိုလူလေးဦးအနက် အရပ်ပုပုနှင့် တုတ်တုတ်ခိုင်ခိုင်လူကြီးတစ်ဦးက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြောလိုက်လေသည်။ “နန်းတော်သခင်ဟွာ… ဒါ ခင်ဗျားမိတ်ဆွေလား… ခင်ဗျားလူဆိုရင် ဘာဖြစ်လို့ စောစောလာဖို့ ပြောမထားတာလဲ… ကျုပ်တို့အကုန်လုံးကို ထိုင်စောင့်ခိုင်းထားတာမှ အကြာကြီးပဲ…”
ထိုလူသည် သူ့အတွေးများကို ဖုံးကွယ်နေရန် မကြိုးစားခဲ့ချေ။ ရန်ကိုင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်အား သူတို့အား ဤမျှကြာအောင် စောင့်ခိုင်းထားရလေသလားဟု ပြစ်တင်ပြောဆိုတော့လေသည်။ ရန်ကိုင် အချိန်ကိုက်ရောက်မလာသည်မှာလည်း မှန်ပေသည်။ သူတို့စောင့်နေစဉ်အတောအတွင်း ရန်ကိုင်မှာ ရက်အနည်းငယ်ခန့် နှောင့်နှေးနေခဲ့ရလေသည်။ ထို့အတွက်ကြောင့် သူ့အနေဖြင့် ဘာမှပြန်မပြောနိုင်ခဲ့ပေ။ ရန်ကိုင်သည်သာ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့လျှင်မူ ထိုလူမှာ ရန်ကိုင်အား ယခုကဲ့သို့ ဝေဖန်ပြောဆိုရဲလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးကိုတော့ သူ့အနေဖြင့် ကြောက်နေစရာမလိုချေ။
ထိုလူ၏စကားကိုကြားသော် ဟွာယုလုက တောင်းတောင်းပန်ပန်ဖြင့် ပြုံးလျက် “အဲ့လောက်ကြီးလည်း ဒေါသထွက်မနေပါနဲ့ ရောင်းရင်းဝူရယ်… စီနီယာအစ်ကိုရန်က ဒီကိုလာရင်းနဲ့ ပြဿနာလေးအချို့နဲ့ ကြုံနေရလို့ နောက်ကျသွားတာပါ… စီနီယာအစ်ကိုရန်ကိုယ်စား ကျွန်မကပဲ တောင်းပန်ပါတယ်…”
ရန်ကိုင် ဘာကြောင့် နောက်ကျပြီးမှ ရောက်လာရသလဲဆိုသည်ကို ဟွာယုလု မသိပါသော်ငြား ရန်ကိုင်သည် အကြောင်းအရင်းမရှိ အချိန်းအချက်လုပ်ထားသည့် နေရာဆီသို့ နောက်ကျပြီးမှ ရောက်လာတတ်သည့် လူစားမျိုးမဟုတ်မှန်းတော့ ဟွာယုလုသိပေသည်။ ထို့ကြောင့်သာ မဟုတ်ပါက ရှရှန်းသည် ရန်ကိုင်ဆီမှ အကူအညီတောင်းခဲ့လိမ့်မည်မဟုတ်ချေ။ ထို့အပြင် ရန်ကိုင်အား ဖိတ်ခေါ်ထားသည်မှာ သူမဖြစ်သည့်အတွက်ကြောင့် ဟွာယုလုသည် ရန်ကိုင်ဘက်မှ ပြောပေးရပေလိမ့်မည်။
ထိုလူက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ခင်ဗျားတို့ပန်းတစ်ရာနန်းတော်မှာ မိန်းမတွေချည်းပဲ ရှိတာပါ… ဘယ်လိုလုပ်ပြီး ဒီရောင်းရင်းရန်ဆိုတဲ့လူက ရောက်လာရတာလဲ… ပြီးတော့ ခင်ဗျားတို့ပန်းတစ်ရာနန်းတော်ထဲကို ယောကျ်ားတစ်ယောက်ယောက်ဝင်သွားတဲ့အကြောင်းကို ကျုပ် မကြားဖူးပါဘူး… အဲ့ဒါအပြင်ကိုမှ ဒီရောင်းရင်းရန်က ရောက်လာထဲက တောက်လျှောက်ကို သူ့မျက်နှာကို ဖွက်ထားတယ်… ဘာလဲ… မျက်နှာပျက်ရမှာ ကြောက်နေတာလား… ဒါမှမဟုတ် အခြားတစ်ခုခုများ ကြံနေတာလား…”
ထိုလူကိုကြည့်ရသလောက် ရန်ကိုင်အား အတော်လေးကို အမြင်မကြည်သည့်ပုံပင်။ ရန်ကိုင်မှ ရုပ်ဖျက်ထားသည်ကိုပင်လျှင် ချက်ချင်း ထုတ်ပြောလိုက်လေသည်။
ယခုကဲ့သို့သော ကိစ္စရပ်မျိုးတွင် အဖွဲ့သားတစ်ဦးအနေဖြင့် အခြားအဖွဲ့သားတစ်ဦး၏ လျှို့ဝှက်ချက်များကို ဤမျှ စပ်စပ်စုစု လိုက်မေးနေစရာ မလိုချေ။ လူတိုင်းတွင် ကိုယ်ပိုင်ရည်ရွယ်ချက်များ ရှိကြသည်။ အစတည်းက အကုန်လုံးမှာ ရင်းနှီးကျွမ်းဝင်ကြသည့်လူများ မဟုတ်ကြ။ ရတနာတစ်ခုကို အမှတ်မထင် ရှာတွေ့ခဲ့သည့်အတွက်ကြောင့် ယာယီမျှ ပူးပေါင်းလုပ်ဆောင်နေကြခြင်းသာ ဖြစ်လေသည်။ တကယ်အဖိုးတန်သည့် ရတနာတစ်ခုသာ ပေါ်လာမည်ဆိုပါက အကုန်လုံးမှာ တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်ကြမည် ဖြစ်ပေသည်။ လူတိုင်း ထိုအကြောင်းကိုသိသလို ဟွာယုလုလည်း သိပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဟွာယုလုမှာ ကျန်နှစ်ဦးခေါ်လာသည့်လူများသည် မည်သည့်နေရာမှလာသလဲ မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို မမေးခဲ့ခြင်း ဖြစ်လေသည်။
သို့ရာတွင် ဤပုပုကွကွနှင့်လူမှာတော့ စလာတည်းက ရန်ကိုင်အား ပစ်မှတ်ထားတော့လေသည်။
ကြယ်တာရာအစုအဝေးသည် အလွန်တရာကိုမှ ကြီးမားလွန်းလှရာ ကြယ်တာရာအစုအဝေးထဲ နေနေကြသည့် လူအရေအတွက်မှာ မရေမတွက်နိုင်အောင်ကို များပြားလွန်းလှသည်။ ထို့အပြင် လူတိုင်း၏စရိုက်မှာလည်း တူညီကြသည်မဟုတ်။ ထိုအကြောင်းကြောင့်ပင်လျှင် ရုပ်ဖျက်၍ သွားလာကြသည်မှာ ထူးဆန်းသည့်ကိစ္စတစ်ခု မဟုတ်ပေ။
သို့သော်ငြား မျိုးရိုးနာမည်ဝူနှင့်လူမှာတော့ ထိုကိစ္စနှင့်ပတ်သက်၍ တမင်သက်သက်ကို လိုက်လံပြဿနာရှာနေခဲ့သည်။
ထိုစကားကိုကြားသော် ဟွာယုလု မျက်မှောင်ကျုံ့သွားတော့လေသည်။ မျိုးရိုးနာမည်ဝူနှင့်လူ ပြောနေသည့်ပုံစံနှင့်ပတ်သက်၍ သူမလည်း မကျေနပ်ချေ။ သူမသည် ပန်းတစ်ရာနန်းတော်၏ နန်းတော်သခင်ဖြစ်သည်။ ထို့အတွက်ကြောင့် သူမ၏အဆင့်အတန်းကို နှိမ့်ချ၍ တစ်ဖက်လူအား ရိုးရိုးသားသားဖြင့် တောင်းပန်ခဲ့သည်ကပင်လျှင် သူမ၏အကန့်အသတ် ဖြစ်နေလေပြီ။ သို့သော်ငြား ထိုလူမှာတော့ ထိုမျှနှင့်ပင် မကျေနပ်သေးဘဲ သူမအား အဆက်မပြတ်ကို လိုက်လံပြဿနာရှာနေလေသည်။ သို့သော်ငြား သူမနှင့် ရန်ကိုင်တို့နှစ်ဦးစလုံးမှာ ဧကရာဇ်ပထမအဆင့်ပညာရှင်များသာ ဖြစ်သည့်အတွက်ကြောင့် တစ်ဖက်လူနှင့် သွားရောက်ပြဿနာဖြစ်ဖို့ရာ သိပ်၍ အဆင်မပြေလှပေ။
ရန်ကိုင်သည် သူ၏ကျင့်ကြံခြင်းထက် ပို၍အားကောင်းမှန်း ဟွာယုလုသိပေသည်။ နေမင်းပြာကျောင်းတော်၏ ဂုဏ်ပြုပွဲအခမ်းအနားတွင် ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသည့် ပညာရှင်တစ်ဦးနှင့် တိုက်ကွက်အနည်းငယ်ခန့် လက်ရည်ဖလှယ်ခဲ့ပြီး သူကိုယ်တိုင်သည် ဒဏ်ရာရခဲ့ပါသော်ငြား တစ်ဖက် ဧကရာဇ်တတိယအဆင့် ပညာရှင်ကိုလည်း ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့လေသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ရန်ကိုင်၏ခွန်အားကို ခန့်မှန်းကြည့်နိုင်သည်။ သို့သော်ငြား လက်ရှိအချိန်တွင် ရန်ကိုင်၏အရှိန်အဝါမှာ အတော်လေးကိုမှ အားနည်းနေမှန်း ဟွာယုလုပြောနိုင်သည်။ ရန်ကိုင် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့်သာလျှင် ယခုကဲ့သို့ ရုပ်ဖျက်ထားရခြင်း ဖြစ်လောက်သည်။
ထိုအကြောင်းကြောင့်ပင်လျှင် ဟွာယုလုမှာ ကျန်လူများနှင့် ပြဿနာမဖြစ်လိုသေးခြင်းပင်။
ဟွာယုလုမှ တစ်ခုခုပြောတော့မည်အပြု ရန်ကိုင်က ရုတ်တရက် ကောက်ပြောလိုက်လေသည်။ “ဒီကရောင်းရင်းကို ဘယ်လိုခေါ်ရမလဲ သိလို့ရမလား…”
မျိုးရိုးနာမည်ဝူနှင့်လူက ပြန်ပြောလိုက်သည်။ “ဝူခွမ်းရီ…”
“ဒီတော့ ရောင်းရင်းဝူပေါ့…” ရန်ကိုင်က ခေါင်းညိတ်ရင်းမှ ယဲ့ယဲ့လေးပြုံးလျက် “ကျုပ်ရုပ်ဖျက်ထားရတာကတော့ အခြားရည်ရွယ်ချက်တော့ မရှိပါဘူး… ရှင်းရှင်းပြောရရင် ကျုပ်ပုံစံက နည်းနည်းလေးထူးခြားတယ်… ကျုပ်သာ ရုပ်မဖျက်ဘဲနဲ့ အခြားသူတွေရှေ့မှာ ပေါ်လာမယ်ဆိုလို့ရှိရင် ဒီအမျိုးသမီးကို ကြောက်သွားစေမှာစိုးရတယ်…”
ပြောနေရင်းမှ ရန်ကိုင်သည် အဖွဲ့ထဲရှိ ဟွာယုလုမဟုတ်သည့် အခြားသောအမျိုးသမီးတစ်ဦးဆီသို့ မေးငေါ့ကြည့်လိုက်လေသည်။
ထိုအမျိုးသမီးမှာ ဝူခွမ်းရီအဖွဲ့မှမဟုတ်။ ထို့အစား အသက်ကြီးကြီးလူတစ်ဦးနှင့် အတူတူရပ်နေခြင်း ဖြစ်လေသည်။ သူမသည်လည်း ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ကာ ထိုလူမှ ငှားရမ်းခဲ့သည့်လူတစ်ဦး ဖြစ်ရပေလိမ့်မည်။
ထိုအမျိုးသမီး၏ရုပ်ရည်မှာ အလွန်တရာကိုမှ လှပလွန်းလှသည်ဟု မဆိုနိုင်ပါသော်ငြား သူမ၏ကိုယ်လုံးကိုယ်ပေါက်မှာ အတော်လေးကိုမှ ကျော့ရှင်းလှပသည်ဟု ပြော၍ရပေသည်။ ထို့အပြင် သူမဝတ်ဆင်ထားသည့် ဝါဖျော့ဖျော့ဝတ်ရုံဟာလည်း သူမ၏ခန္ဓာကိုယ်အချိုးအစားကို ပို၍ ထင်ပေါ်နေစေခဲ့သည်။
ရန်ကိုင်ပေါ်လာစဉ်ကတည်းက ဤအမျိုးသမီးနှင့် အခြားသူများသည် ရန်ကိုင်အား တိတ်တဆိတ်စောင့်ကြည့်နေကြခြင်း ဖြစ်လေသည်။ ယခု ရန်ကိုင်၏စကားခေါင်းစဉ်သည် သူမဆီသို့ လှည့်လာသည်ကိုမြင်သော် အမျိုးသမီး အံ့အားသင့်သွားခဲ့လေသည်။ သို့သော်ငြား ချက်ချင်းပဲ ပြုံး၍ ပြန်ပြောလိုက်လေသည်။ “ကျွန်မသတ္တိက အဲ့လောက်မသေးပါဘူး…”
သူမ၏အပြုံးထဲ ထူးဆန်းသည့် ညှို့ငင်မှုတစ်မျိုး ကိန်းအောင်းနေခဲ့သည်။ ကြည့်ရသလောက် ထိုအပြုံးမှာ အခြားလူများ၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်သည့်အလား။ သို့သော်ငြား အမျိုးသမီးမှ ညှို့ဓာတ်ပညာရပ်တစ်မျိုးမျိုးအား အသုံးပြုထားသည့်ပုံမပေါ်။ ကြည့်ရသလောက် ဤသည်မှာ သူမ၏ မွေးရာပါ ပါရမီတစ်မျိုး ဖြစ်သည့်ပုံပင်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်မှာ အမျိုးသမီးအား သေသေချာချာ ကြည့်ကြည့်မိလိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း သူ့စိတ်ထဲ ပို၍ သတိချပ်ထားလိုက်လေ၏။
“ဒီကမောင်လေးကို ဘယ်လိုခေါ်ရမလဲ…” အမျိုးသမီးက ပြန်မေးလိုက်သည်။
“ရန်ကျို့…” ရန်ကိုင်က မဆိုင်းမတွ ပြန်ဖြေလိုက်လေသည်။
ရန်ကိုင်သည် ရန်မိသားစုထဲတွင် ကိုးယောက်မြောက်နှင့် အငယ်ဆုံးသားတစ်ဦးဖြစ်ပေသည်။ ထို့အတွက်ကြောင့် သူ၏နာမည်ကို ယခုကဲ့သို့ ပြောင်းထားလိုက်ခြင်း ဖြစ်ပေသည်။
အမျိုးသမီး ရန်ကိုင်နှင့် ပြေရာပြေကြောင်း စကားစမြည် ပြောနေသည်ကိုမြင်သော် ဝူခွမ်းရီ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သူ့ဘက်မှ တစ်ခုခုပြောတော့မည်အပြု အမျိုးသမီး၏ဘေးနားတွင် ရပ်နေသော အသက်ကြီးကြီးနှင့်လူက ရှေ့တက်၍ ပြုံးကာ ပြောလိုက်လေ၏။ “ဘာမှမဖြစ်ပါဘူး… ရက်နည်းနည်းလောက်ပဲဟာကို… ငါတို့လိုကျင့်ကြံသူတွေအတွက်ကတော့ ရက်နည်းနည်းလောက်ဆိုတာ ဘာမှဟုတ်တာမှမဟုတ်တာ… ရောင်းရင်းဝူ ဒီကိစ္စကို သိပ်ပြီးတော့ စိတ်ထဲထားမနေစမ်းပါနဲ့… ငါတို့ ရက်နည်းနည်းလောက် ပိုပြီးအနားယူလိုက်ရတယ်လို့ပဲ သဘောထားလိုက်တော့ပေါ့ကွာ…”
ထိုလူ၏အပြုံးမှာ အတော်လေးကိုမှ ဖော်ရွေလှပေသည်။ မသိလျှင် အတော်လေးကိုမှ ဖော်ရွေသဘောကောင်းလှသည့် အိမ်နီးချင်းအဖိုးတစ်ဦး၏ အပြုံးသဖွယ်။
ထိုအသက်ကြီးကြီးနှင့်လူမှ ဝင်ပြောလာခဲ့သော် ဝူခွမ်းရီအဖို့ ရှေ့ဆက်တိုးဖို့ရာ ခက်သွားရတော့သည်။ ထို့အပြင် ရက်အနည်းငယ်လောက်စောင့်လိုက်ရသည်မှာ ဘာမှကိစ္စကြီးကြီးမားမားမဟုတ်။ ထို့ကြောင့် သူသာ ရန်ကိုင်အား ဆက်၍ ပြဿနာရှာနေဦးမည်ဆိုပါက သူ့ကိုယ်သူ စိတ်ဓာတ်သေးသိမ်သည့် လူတစ်ဦးပုံစံ ပေါက်သွားစေပေလိမ့်မည်။ ထိုသို့ဖြစ်ရသည့်အခါ သူ့ဂုဏ်သတင်းမှာလည်း ထိခိုက်သွားရနိုင်ပေသည်။ ထို့အပြင် သူမ၏လူ နောက်ကျနေရသည့်ကိစ္စနှင့်ပတ်သက်၍ ဟွာယုလုမှ တောင်းပန်ပြီးသွားခဲ့လေပြီ။ ထို့အတွက်ကြောင့် ဝူခွမ်းရီအား တစ်ဖက်လူအား ဆက်၍ ပြဿနာမရှာတော့ဘဲ နောက်ပြန်ဆုတ်နေသင့်ပေသည်။ သို့တိုင် ယခုကိစ္စနှင့်ပတ်သက်၍ မကျေနပ်သေးသည့်အလား ဝူခွမ်းရီ၏မျက်နှာမှာတော့ သုန်သုန်မှုန်မှုန်ဖြင့် ဖြစ်နေခဲ့သည်။
တစ်ခဏကြာပြီးသည့်နောက် ဝူခွမ်းရီက ပြောလိုက်လေသည်။ “ကဲ… လူစုံပြီဆိုမှတော့ သွားကြတာပေါ့…”
ဟွာယုလုနှင့် ရန်ကိုင်တို့မှာလည်း ဘာမှကန့်ကွက်မနေကြချေ။ အကုန်လုံး ခေါင်းညိတ်သဘောတူလိုက်ကြလေသည်။ ရှင်းရှင်းပြောရလျှင် ယခုမှသာလျှင် ဟွာယုလု သက်ပြင်းချနိုင်ခြင်း ဖြစ်လေသည်။ သူမသည် ရန်ကိုင်နှင့် ဤမျှရင်းနှီးသူတစ်ဦးမဟုတ်။ ထို့အတွက်ကြောင့် ရန်ကိုင် အချိန်မီရောက်မလာသည်ကို မြင်သည့်အခါ ရန်ကိုင်များ မလာတော့ဘူးလားဟု တွေးလျက် သူမစိတ်ထဲ တွေးပူခဲ့ရသည်။ ထို့အတွက်ကြောင့် ယခု ရန်ကိုင်အား မြင်သည့်အခါ သူမစိတ်ထဲ အတော်လေးကိုမှ စိတ်သက်သာရာ ရသွားလေ၏။
“ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါဦး…” ဖော်ရွေပုံပေါက်သည့်လူအိုကြီးက လှမ်းပြောလိုက်လေ၏။
အကုန်လုံး လူအိုကြီးဘက်သို့ လှည့်ကြည့်လာကြလေသည်။
ထိုလူအိုကြီးက ရှင်းပြလိုက်လေသည်။ “နောက်ထပ်လူတစ်ယောက် လာဖို့ ရှိသေးတယ်…”
“နောက်ထပ်လူတစ်ယောက်…” ဝူခွမ်းရီ၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး အစောပိုင်းက မျိုသိပ်ထားရသည့် သူ၏ဒေါသတို့မှာ ပွင့်ထွက်လာကုန်ကြလေသည်။ “ခင်ဗျား ဘာပြောချင်နေတာလဲ ရန်ထိုက်… တစ်ယောက်ကို အကူတစ်ယောက်စီပဲ ခေါ်လာရမယ်လို့ ကျုပ်တို့ သဘောတူထားတယ်လေ… အကူတစ်ယောက်ကလည်း အမြင့်ဆုံးမှ ဧကရာဇ်ဒုတိယအဆင့်ပဲ ရှိရမယ်ဆိုပြီးတော့လေ… အခု ခင်ဗျား တစ်ယောက်ခေါ်လာပြီးသွားပြီလေ… ဘာလဲ… နောက်တစ်ယောက် ထပ်ခေါ်လာသေးတာလား…”
ယခုဆိုလျှင်တော့ ဟွာယုလုသည်ပင်လျှင် မျက်နှာပျက်နေခဲ့လေပြီ။
ရန်ကိုင် နောက်ကျနေသည့်ကိစ္စနှင့် ယှဉ်လိုက်သော် ရန်ထိုက်ဆိုသည့် အသက်ကြီးကြီးလူကြီးသည်သာ ဝူခွမ်းရီပြောခဲ့သလို လုပ်လာမည်ဆိုပါက လူတိုင်း၏ယုံကြည်မှုကို အလွဲသုံးစားလုပ်လိုက်သည်ဟု ပြော၍ရပေသည်။
ရန်ကိုင်သည် ရန်ထိုက်ဘေးနားတွင် ရှိနေသော အမျိုးသမီးအား လှမ်းကြည့်လိုက်ရာ ထိုအမျိုးသမီးသည် ယခင်ကကဲ့သို့ပင် ပြုံးမြဲပြုံးနေကြောင်း တွေ့လိုက်ရသည်။ သူမသည်လည်း နောက်ထပ်လူတစ်ဦး ရောက်လာမည့်အကြောင်း ကြိုသိထားသည့်အလား။
ရန်ထိုက်က အလျင်အမြန် ပြန်ပြောလိုက်၏။ “စိတ်ထိန်းပါဦး ရောင်းရင်းဝူ… ငါတို့သဘောတူညီချက်ကို ငါ ချိုးဖောက်လိုက်တာမဟုတ်ဘူး… ငါ အမျိုးသမီးချန်ကိုပဲ ငါ့ကိုကူညီပေးဖို့ ဖိတ်ခေါ်လိုက်တာ… အခုရောက်လာတဲ့လူက ငါ့ကိုလာကူညီပေးတဲ့လူ မဟုတ်ဘူး…”
ဝူခွမ်းရီမှ သူ့အား အပြစ်မရှိဘဲ အပြစ်တင်နေသည့်အလား ရန်ထိုက်၏ပုံစံမှာ အတော်လေးကိုမှ ကူကယ်ရာမဲ့နေသည့်ပုံစံမျိုး ပေါက်နေခဲ့လေသည်။
ဝူခွမ်းရီ ဒေါသူပုန်ထသွားလေ၏။ “ဒါဆိုရင် ရောင်းရင်းရန် အခုကိစ္စကို ဘယ်လိုရှင်းမလဲ… ရောင်းရင်းရန်သာ ငါတို့ကျေနပ်လောက်မယ့်အဖြေ မပေးဘူးဆိုလို့ရှိရင် ငါ့ဘက်က သဘောတူမယ်ဆိုရင်တောင် နန်းတော်သခင်ဟွာနဲ့ ဒီရောင်းရင်းရန်ကျို့က သဘောတူလောက်မှာမဟုတ်ဘူး…”
ဤရှေးဟောင်းလိုဏ်ဂူကို သူ၊ ရန်ထိုက်နှင့် ဟွာယုလုတို့မှ အတူတကွ ရှာတွေ့ခဲ့ခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ဤရှေးဟောင်းလိုဏ်ဂူသည် သူတို့သုံးဦး မျှပိုင်သည့် အရာတစ်ခုဖြစ်သည်ဟုပင် ပြော၍ရသည်။ ဝူခွမ်းရီနှင့် ဟွာယုလုတို့မှာ ပြောထားသည့်ကတိစကားအတိုင်း တစ်ယောက်လျှင် အကူတစ်ဦးစီသာ ခေါ်လာခဲ့လေသည်။ သို့သော်ငြား ရန်ထိုက်ကမူ သူတို့အား နောက်ထပ်လူတစ်ယောက်ကို ထပ်စောင့်ရန် ပြောလာခဲ့သဖြင့် ဝူခွမ်းရီမှာ ဒေါသူပုန်ထရတော့လေသည်။
ရန်ထိုက်က ခါးသက်သက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့လူရောက်လာလို့ရှိရင် ရောင်းရင်းဝူ နားလည်သွားလိမ့်မယ်… အဲ့အချိန်ကြရင်တော့ သူ့ကို လက်ခံမလား လက်မခံဘူးလားဆိုတာတော့ ရောင်းရင်းဝူနဲ့ နန်းတော်သခင်ဟွာတို့ပဲ ဆုံးဖြတ်ပေါ့… သူ့ကိုလက်မခံဘူးဆိုရင်တောင် ဒီလူအိုကြီး ဘာမှပြောမှာမဟုတ်ဘူး…”
ဝူခွမ်းရီက လှောင်ပြုံးပြုံးလျက် “ရောင်းရင်းရန်ကိုကြည့်ရတာ အခုလာမယ့်လူကို ကျုပ်တို့နဲ့အတူ တကယ်လိုက်စေချင်တယ်နဲ့တူတယ်… ဘာဖြစ်လို့လဲ… အဲ့လူက ကျုပ်တို့အတွက် အရမ်းအရေးပါမှာမို့လို့လား… သူက ဘယ်လိုလူမျိုးမို့လို့လဲ…”
သို့ရာတွင် ရန်ထိုက်ကမူ ဘာမှပြန်မပြောခဲ့ပေ။ ပြုံးမြဲပြုံး၍သာ တိတ်တိတ်လေး နေနေခဲ့လေ၏။
ဤကဲ့သို့ဖြစ်လာပြီ ဖြစ်သည့်အတွက်ကြောင့် ဝူခွမ်းရီမှာ အလွန်ကိုမှ ဒေါသထွက်နေပါသော်ငြား ရန်ထိုက်နှင့် စကားဆက်မများနိုင်တော့ဘဲ စိတ်ကိုထိန်း၍ စောင့်နေရုံသာ တတ်နိုင်ခဲ့လေသည်။
ရန်ထိုက်၏လေသံကိုကြည့်ရသလောက် ရောက်လာမည့်လူကို သူတို့ လုံးဝ လက်ခံနိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့် ရှိနေသည့်ပုံပင်။ ယခုရောက်လာမည့်လူသည် မည်ကဲ့သို့သောလူမျိုး ဖြစ်၍များ ရန်ထိုက် ထိုလူအပေါ် ဤမျှ ယုံကြည်ချက်ရှိနေရသလဲဆိုသည်ကို ဝူခွမ်းရီ သိချင်မိသွားခဲ့လေသည်။
ရန်ကိုင်နှင့် ဟွာယုလုတို့မှာလည်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ယခုတစ်ကြိမ်ခရီးသည် သူတို့ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးနေပြီဖြစ်ကြောင်း နှစ်ဦးစလုံး သိလိုက်ကြလေသည်။ ရှေးဟောင်းလိုဏ်ဂူစံအိမ်အား စူးစမ်းလေ့လာရခြင်း မရှိသေးပါသော်ငြား ပြဿနာမှာ စတက်နေခဲ့လေပြီ။ ဤနေရာတွင် စုစုပေါင်း လူခြောက်ဦးရှိနေပြီး အဖွဲ့မှာတော့ သုံးဖွဲ့ရှိနေခဲ့လေသည်။ လက်ရှိအခြေအနေကို ကြည့်ရသလောက် မည်သည့်အဖွဲ့မှ အတူတကွ ပူးပေါင်းနိုင်လိမ့်မည်မဟုတ်။ ရတနာတစ်ခုခုသာ ပေါ်လာခဲ့မည်ဆိုလျှင် ကျိန်းသေတိုက်ပွဲဖြစ်ပေလိမ့်မည်။
သို့သော်ငြား ဤသည်မှာ သာမန်သာ ဖြစ်လေသည်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း ယခုကဲ့သို့ဖြစ်မည်မှန်း အစောကြီးတည်းက ကြိုတင်မျှော်လင့်ထားပြီးသားပင်။ သို့သော်ငြား ဟွာယုလုမှာတော့ စိုးရိမ်နေလေ၏။
ထပ်ရောက်လာမည့်လူအား စောင့်နေစဉ်အတောအတွင်း ရန်ကိုင်သည် ဟွာယုလုအား အခြားသူများမသိအောင် ထိုလူများ၏နာမည်ကို မေးမြန်းကြည့်လေသည်။
ဝူခွမ်းရီနှင့် ရန်ထိုက်တို့အကြောင်းကိုတော့ ရန်ကိုင်သိနေလေပြီ။ ထိုလူနှစ်ဦးလုံးမှာ ဧကရာဇ်ပထမအဆင့်ပညာရှင်များ ဖြစ်ကြပြီး လွန်ခဲ့သောနှစ်ဝက်ခန့်က ဟွာယုလုနှင့်အတူ ရှေးဟောင်းလိုဏ်ဂူစံအိမ်အား စူးစမ်းလေ့လာခဲ့ကြသူများ ဖြစ်ကြလေသည်။ ထိုလူများအနက် ဝူခွမ်းရီ၏ကျင့်ကြံခြင်းမှာတော့ ရှေးဟောင်းလိုဏ်ဂူစံအိမ်ထဲ အကြီးအကျယ် တိုးတက်လာခဲ့ရသည့်ပုံပင်။ သူ့ကျင့်ကြံခြင်းသည် ဧကရာဇ်ပထမအဆင့်တွင်သာ ရှိနေသေးပါသော်ငြား ဝူခွမ်းရီ၏ အရှိန်အဝါမှာတော့ ဧကရာဇ်ဒုတိယအဆင့်နီးပါးလောက်ကို အားကောင်းနေခဲ့လေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ဝူခွမ်းရီမှာ ဧကရာဇ်ပထမအဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေပြီမှန်း ပြောနိုင်ပေသည်။
ဝူခွမ်းရီခေါ်လာသည့်လူမှာတော့ တစ်ချိန်လုံး ရေငုံနှုတ်ပိတ်နေသည့်လူသာ ဖြစ်လေသည်။ ရန်ကိုင် ဤနေရာသို့ စရောက်လာစဉ်တည်းက ထိုလူစကားတစ်ခွန်းပြောသည်ကို မကြားခဲ့ရ။ ထိုလူသည် အေးစက်စက်မျက်နှာနှင့် မွေးလာပြီး ဤလောကကြီးထဲရှိ မည်သည့်အရာကိုမှ စိတ်မဝင်စားသည့် ပုံစံမျိုးနှင့် ရှိနေလေသည်။ သူ့အား ကြည့်ရသည်မှာ သူ့ဘာသာသူ အေးအေးဆေဆေးနေနေရလျှင် အကုန်အဆင်ပြေနေပြီ ဖြစ်သည့်အလား။ ဝူခွမ်းရီမိတ်ဆက်ပေးရသလောက်တော့ ထိုလူ၏နာမည်ကို ဖန်ကျို့ဟုခေါ်ပေသည်။
ရန်ထိုက်ဘေးနားတွင်ရပ်နေသည့် အမျိုးသမီးမှာတော့ ချန်ပင်းယုဖြစ်ပေသည်။ ဖန်ကျို့နှင့် ချန်ပင်းယုတို့အကြောင်းကိုတော့ ဟွာယုလုမသိချေ။ သို့သော်ငြား ဝူခွမ်းရီနှင့် ရန်ထိုက်တို့အကြောင်းကိုတော့ ဟွာယုလု ကောင်းကောင်းသိပေသည်။
ထိုသို့ဖြင့် ဟွာယုလုမှာ ထိုလူများနှင့်ပတ်သက်၍ သူမ သိထားသည့်အကြောင်းအရာများကို ရန်ကိုင်အား တိုးတိုးတိတ်တိတ်ပြောပြလိုက်လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၀၉)
ဘာသာပြန်သူ_တိမ်တိုက်
တစ်နာရီခန့်ကြာအောင် စောင့်ဆိုင်းနေပြီးသည့်နောက်တွင် အားကောင်းသည့်အရှိန်အဝါတစ်ရပ် သူတို့ဆီသို့ ချဉ်းကပ်လာနေသည်ကို လူခြောက်ဦးစလုံး ခံစားမိလိုက်ကြသည်။ ဝူခွမ်းရီနှင့် ဟွာယုလုတို့မှာ မျက်မှောင်ကျုံ့နေပါသော်ငြား ရန်ထိုက်ကမူ ဝမ်းသာအားရဖြင့် ရှိနေခဲ့သည်။
မကြာမီ ဆံပင်ဖြူဖြူနှင့်လူအိုကြီးတစ်ဦး သူတို့ခြောက်ဦး၏မြင်ကွင်းထဲ ပေါ်လာပြီး သူတို့ခြောက်ဦးစလုံးကို အသာအယာခေါင်းညိတ်ပြလိုက်သည်။
“ရောင်းရင်းကုန်း…” ရန်ထိုက်က ချက်ချင်းပဲ စိတ်အားထက်သန်စွာဖြင့် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။
“စောင့်နေရအောင် လုပ်မိလိုက်တာ အားနာပါတယ်ကွာ ရောင်းရင်းရန်ရေ…” မျိုးရိုးနာမည်ကုန်းနှင့်လူအိုကြီးက ပြုံး၍ ပြန်ပြောလိုက်သည်။ သူ့ကြည့်ရသည်မှာ ရန်ထိုက်နှင့် အတော်လေးကိုမှ ရင်းနှီးသည့်အလား။
“ကိစ္စမရှိပါဘူး… ငါတို့လူစုံတာလည်း ကြာသေးတာမှမဟုတ်တာ…” ရန်ထိုက်က ရယ်သွမ်းသွေး၍ ပြောလိုက်လေသည်။ သူပြောသည်မှာလည်း အမှန်ပင်။ သူတို့အားလုံးမှာ ရန်ကိုင်အား ရက်အတော်ကြာအောင် စောင့်ဆိုင်းနေရခြင်းဖြစ်ပြီး ယခု ရန်ကိုင်ရောက်လာသည့်အခါမှသာ လူစုံသွားခဲ့ခြင်းဖြစ်သည်။
ထို့နောက်တွင် ဝူခွမ်းရီနှင့် အခြားသူများဘက်သို့လှည့်၍ ရန်ထိုက်က ပြောလိုက်လေသည်။ “ဒီရန်စောင့်နေတဲ့လူက ဒီလူပဲ… ရောင်းရင်းဝူ… မင်း ရောင်းရင်းကုန်းကို သိလား…”
ဝူခွမ်းရီ မျက်မှောင်ကျုံ့နေခဲ့လေသည်။ ရန်ထိုက်ပြောသွားသည့်အကြောင်းအရာများကို သေချာစဉ်းစားနေပြီးသည့်နောက် သူ့စိတ်ထဲ တစ်ခုခုအား ခန့်မှန်းမိသွားလေ၏။ “ရောင်းရင်းရဲ့နာမည်က ကုန်းဆိုတော့… ဖြစ်နိုင်တာက… ရောင်းရင်းက ကောင်းကင်မြစ်တောင်ကြားက ကုန်းမိသားစုက လာတာလား…”
ထိုစကားကိုကြားသော် ဟွာယုလု၏မျက်လုံးလေးများ တောက်ပသွားခဲ့ပြီး သူမတို့ရှေ့တွင် ပေါ်လာသည့် မျိုးရိုးနာမည်ကုန်းနှင့်လူအိုကြီးအား သေသေချာချာ စတင်လေ့လာကြည့်တော့လေသည်။
ဤလူအိုကြီးသာ ကုန်းမိသားစုမှ လာသည်ဆိုပါက သူတို့အတွက် အမှန်တကယ်ကို အကူအညီဖြစ်လာပေလိမ့်မည်။
ရန်ထိုက်ကပြုံး၍ “ရောင်းရင်းဝူက တကယ်ကို ဗဟုသုတကြွယ်ဝတာပဲ… ဟုတ်တယ်… ရောင်းရင်းကုန်းက ကောင်းကင်မြစ်တောင်ကြားက ကုန်းမိသားစုက လာတာ…”
ဝူခွမ်းရီက အေးစက်စက်အမူအယာဖြင့် “ကောင်းကင်မြစ်တောင်ကြားက ကုန်းမိသားစုက ဒီလောက်နာမည်ကျော်တာ… ဒီဝူ အခြားအရာတွေကို မသိရင် မသိလိမ့်မယ်… အဲ့နေရာကကုန်းမိသားစုကိုတော့ မသိစရာလား…” သူ့စိတ်ထဲ ရန်ထိုက်၏ ယခင်လုပ်ရပ်များနှင့်ပတ်သက်၍ အတော်လေး ဒေါသထွက်နေမိပေသေးသည်။ ရန်ထိုက်သည် သူတို့၏သဘောတူညီချက်ကို ချိုးဖြတ်သွားသည်ဟု သူ့စိတ်ထဲ ခံစာားနေရသည်။ ထို့အတွက်ကြောင့် အသစ်ရောက်လာသည့်လူအိုကြီးကို ကြည့်၍ မေးလိုက်လေ၏။ “ရောင်းရင်းကို ဘယ်လိုခေါ်ရမလဲ…”
မျိုးရိုးနာမည်ကုန်းနှင့်လူအိုကြီးက ပြုံး၍ “ကုန်းယွဲ့…”
“ကုန်းယွဲ့…” ဝူခွမ်းရီ မျက်မှောင်ကျုံ့သွားခဲ့သည်။ ထို့နောက် ထိတ်လန့်တုန်လှုပ်နေသည့် အမူအယာဖြင့် ချက်ချင်းပဲ တယဉ်တကျေးဖြင့် လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “ဒီတော့ ကုန်းမိသားစုရဲ့ အရင်မိသားစုခေါင်းဆောင်ပေါ့… ဒီဝူ ရိုင်းပျမိသလို ဖြစ်သွားခဲ့ရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်…”
ကုန်းယွဲ့၏နာမည်ကို သူကြားဖူးပေသည်။ ကုန်းယွဲ့သည် မည်ကဲ့သို့သောလူစားမျိုးမှန်းလည်း သူသိသည်။ ထို့အတွက်ကြောင့် တစ်ဖက်လူ မည်သူမည်ဝါမှန်း သိသွားပြီးသည့်နောက်တွင် ကုန်းယွဲ့ရှေ့၌ သွား၍ မမောက်မာရဲတော့ချေ။
ကုန်းယွဲ့က ပြုံးလျက် လက်ဝှေ့ယမ်းကာ ပြောလိုက်လေ၏။ “ငါက ဘာမှလုပ်စရာမရှိလို့ ဒီတိုင်း လျှောက်ပတ်သွားနေတဲ့ လူအိုကြီးတစ်ဦးသာသာပါပဲကွာ… အခုလိုမျိုးတွေ လုပ်နေစရာ မလိုပါဘူး…”
ရန်ထိုက်က ပြန်ပြောလိုက်သည်။ “ဒီကိုမလာခင်တုန်းက ငါ ကောင်းကင်မြစ်တောင်ကြားက ကုန်းမိသားစုဆီ သွားပြီးတော့ ငါတို့ကြုံခဲ့ရတဲ့အစီအရင်နဲ့ပတ်သက်ပြီး သွားမေးကြည့်တယ်လေ… အဲ့မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရောင်းရင်းကုန်း တံခါးပိတ်ကျင့်စဉ်ဝင်နေတာကနေ ထွက်လာတာနဲ့ တိုးရော… ငါပြတဲ့အစီအရင်ကို မြင်လည်းမြင်ရော ရောင်းရင်းကုန်းက တော်တော်လေးစိတ်ဝင်စားသွားပြီး သူကိုယ်တိုင်လိုက်ကြည့်ချင်တယ်လို့ ပြောတယ်… ရောင်းရင်းကုန်းကိုယ်တိုင်က အခုလိုမျိုးတောင်းဆိုလာတာဆိုတော့ ငါကလည်း ငြင်းဖို့အဆင်မပြေဘူးလေ… ဒါကြောင့်ပဲ ဒီနေ့ကိစ္စနဲ့ပတ်သက်ပြီး ဒီလူအိုကြီး မင်းတို့ကို တကယ်တောင်းပန်ပါတယ်ကွာ… ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့ ရောင်းရင်းဝူ…”
ဝူခွမ်းရီကမူ အေးစက်စက်အမူအယာဖြင့်သာ ပြန်ပြောလိုက်သည်။ “မထွက်ရပါဘူး… ရောင်းရင်းရန် အတွေးလွန်နေတာပါ…”
ကုန်းယွဲ့က ဝင်ပြောလိုက်လေသည်။ “ဒီကုန်း မဖိတ်ခေါ်ဘဲနဲ့ ရောက်လာမိလိုက်လို့ မင်းတို့ အပြစ်တင်ချင်တယ်ဆိုလို့ရှိရင် ဒီကုန်းကိုပဲ အပြစ်တင်လိုက်ပါကွာ… ရောင်းရင်းရန်က ဒီကိစ္စနဲ့ ဘာမှမဆိုင်ပါဘူး… ငါကကြည့်ချင်တယ်ပြောလို့ သူလည်း မတတ်သာပဲ ခေါ်လိုက်ရတာ… ရှင်းရှင်းပြောရရင်တော့ ဒီကုန်းက အဲ့အစီအရင်ကိုပဲ စိတ်ဝင်စားတာ… အနီးကပ်ကြည့်ချင်လို့ လာခဲ့တာပေါ့… ဒါပေမယ့် မင်းတို့နဲ့အတူ အဲ့အစီအရင်ကို ဖျက်ဆီးတဲ့နေရာမှာ ဝင်ပါနိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့ကွာ… ဒါပေမယ့် တစ်ယောက်ယောက်က ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်ဘူးဆိုလို့ရှိရင် ဒီကုန်း ချက်ချင်း လှည့်ပြန်သွားလိုက်ပါမယ်…”
ကောင်းကင်မြစ်တောင်ကြားမှ ကုန်းမိသားစုသည် အလွန်တရာကိုမှ အားကောင်းလှသည့် အင်အားစုတစ်ခု မဟုတ်ပါသော်ငြား အတော်လေးကိုမှ အထင်ကြီးဖွယ်ကောင်းလှပေသေးသည်။ ကုန်းမိသားစု နာမည်ကျော်ကြားရခြင်းမှာ အစီအရင်ပညာအပေါ် သူတို့၏ကျွမ်းကျင်မှုကြောင့်သာ ဖြစ်လေသည်။ ကုန်းမိသားစုတစ်ခုလုံးသည် အစီအရင်ပညာကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြသည်။ ကုန်းမိသားစုထဲတွင် အစီအရင်ပညာရှင်ပေါင်းများစွာ ရှိကြသည်။ ထိုအစီအရင်ပညာရှင်များကို တောင်ဘက်နယ်မြေထဲတွင်ရှိနေသော ဂိုဏ်းအသီးသီးမှ ပညာရှင်များက သူတို့ဂိုဏ်းတွင် အစီအရင်များ လာရောက်ခင်းကျင်းပေးရန် ငှားရမ်းလေ့ ရှိကြသည်။
ဟွာယုလုသည်လည်း ယခင်က ကုန်းမိသားစုဆီသို့ သွားကာ အစီအရင်အကြောင်းကို မေးမြန်းချင်ခဲ့လေသည်။ သို့သော်ငြား တကယ်တော့ မသွားဖြစ်ခဲ့ပေ။
လက်ရှိအခြေအနေကို ကြည့်သလောက် ရန်ထိုက်သည်လည်း သူမကဲ့သို့ စဉ်းစားခဲ့သည့်ပုံပင်။ ထို့အပြင် ရန်ထိုက်ကိုကြည့်ရသည်မှာ ကုန်းယွဲ့နှင့် အတော်လေးကိုမှ ရင်းနှီးသည့်ပုံပင်။
ကုန်းမိသားစုသည် အစီအရင်များအပေါ် အလွန်ကိုမှ စိတ်ဝင်စားကြသည်။ အထူးသဖြင့် ထူးဆန်းပြီး ပျောက်ဆုံးသွားပြီဖြစ်သော ရှေးဟောင်းအစီအရင်များပင်။ ယခုကဲ့သို့သော အစီအရင်တစ်ခုအကြောင်းကို ရုတ်တရက်သိလိုက်ရသည့်အခါ ကုန်းယွဲ့ အလွန်ကိုမှ စိတ်ဝင်စားသွားသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။
ယခုမှသာလျှင် ရန်ထိုက် ဘာကြောင့် ထိုစကားများကို ပြောခဲ့သလဲဆိုသည်ကို လူတိုင်း နားလည်သွားကြရတော့သည်။ ကုန်းယွဲ့သာဆိုပါက ယခုတစ်ကြိမ် ထိုနေရာသို့သွားရာတွင် သူတို့အား အကူအညီ ကြီးကြီးမားမား ပေးနိုင်ပေလိမ့်မည်။ တကယ်တော့ ကုန်းယွဲ့သည် ကုန်းမိသားစု၏ ယခင်မိသားစုခေါင်းဆောင်မဟုတ်ပေလော။ သူသည် အစီအရင်ပညာကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ထားလေရာ သူနှင့်ယှဉ်နိုင်သည့်လူဆို၍ အနည်းငယ်လောက်သာရှိကြသည်။ ကုန်းယွဲ့သာ ကူညီပေးမည်ဆိုပါက သူတို့ ယခင်တစ်ကြိမ် မကျော်ဖြတ်နိုင်ခဲ့သည့်အစီအရင်ကို ကျော်ဖြတ်ဖို့ရာ ပြဿနာရှိတော့လိမ့်မည် မဟုတ်ပေ။
အချိန်အတော်ကြာအောင် စဉ်းစားနေပြီးသည့်နောက်တွင် ဝူခွမ်းရီသည် ဟွာယုလုအား လှမ်း၍ ကြည့်လိုက်လေသည်။ ထို့နောက် သူမနှင့် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ဆက်သွယ်ပြောဆိုလိုက်လေသည်။
ဝူခွမ်းရီမှာ သူ့လုပ်ရပ်နှင့်ပတ်သက်၍ ပုန်းလျှိုးကွယ်လျှိုးလုပ်နေခြင်းမရှိဘဲ ပေါ်ပေါ်ထင်ထင်သာ လုပ်နေသည့်အတွက်ကြောင့် သူဘာလုပ်နေသလဲဆိုသည်ကို လူတိုင်းခန့်မှန်းမိကြပေသည်။
တစ်ခဏအကြာ၌ ဝူခွမ်းရီက ပြောလိုက်လေသည်။ “မိသားစုခေါင်းဆောင်ကုန်း ဒီကို အစီအရင်အတွက်ပဲ ရောက်လာတာလားဆိုတာ ကျုပ်သိလို့ရမလား… ကျုပ်တို့ ဘာလို့ ဒီကိုရောက်နေလဲဆိုတာကိုလည်း မိသားစုခေါင်းဆောင်ကုန်း သိလောက်မှာပေါ့… အဲ့ရှေးဟောင်းလိုဏ်ဂူစံအိမ်ထဲမှာသာ အခြားပစ္စည်းတစ်ခုခုကို ရှာတွေ့ခဲ့မယ်ဆိုရင်…”
ကုန်းယွဲ့က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။ “ဒီလူအိုကြီးက အစီအရင်တာအိုကိုပဲ လိုက်စားတာ… ငါ့တစ်ဘဝလုံးမှာ ငါစိတ်ဝင်စားတဲ့အရာဆိုလို့ အစီအရင်တွေပဲရှိတယ်… ငါသေတဲ့အထိ ပြောင်းလဲသွားမှာမဟုတ်ဘူး…”
ထိုအဖြေနှင့်ပင် လုံလောက်နေလေပြီ။ ဤလောကကြီးတွင် မရေမတွက်နိုင်သော တာအိုပေါင်းများစွာ ရှိကြသည်။ ကုန်းယွဲ့သည် အစီအရင်တာအိုကိုသာ လိုက်စားပေသည်။ ထို့အတွက်ကြောင့် အခြားသောပစ္စည်းများ မည်မျှပင် အဖိုးတန်နေစေကာမူ အစီအရင်နှင့်ပတ်သက်ခြင်းမရှိပါက သူ့အနေဖြင့် ထိုအရာများကို စိတ်ဝင်စားလိမ့်မည်မဟုတ်ပေ။
ရန်ထိုက်က အော်ရယ်မောလျက် “ရှင်းရှင်းပြောရလို့ရှိရင် ရောင်းရင်းကုန်းက အဲ့ကအစီအရင်ကိုပဲ စိတ်ဝင်စားတာ… အခြား ဘာကိုမှ စိတ်မဝင်စားဘူး… ဟုတ်တာပေါ့ ဒါပေမယ့်လည်း မင်းတို့အဖွဲ့ထဲမှာ မကျေနပ်တဲ့လူ ရှိလို့ရှိရင်တော့ ရောင်းရင်းကုန်းပြောတဲ့အတိုင်းပဲလေ… သူလှည့်ပြန်သွားမှာပေါ့… မင်းတို့ကို ပြဿနာရှာနေမှာမဟုတ်ပါဘူး… ဒါပေမယ့် အဓိကအချက်က ရောင်းရင်းကုန်းမရှိတော့လို့ရှိရင် ငါတို့ အဲ့ကိုသွားတာနဲ့ အဲ့မှာရှိတဲ့ အစီအရင်ကို ငါတို့ထဲကတစ်ယောက်ယောက်က ကျိန်းသေဖျက်ဆီးနိုင်မှရမယ်… မဟုတ်ရင် ငါတို့အားလုံး လက်ဗလာနဲ့ပြန်ရမှာ…”
သူ၊ ဝူခွမ်းရီနှင့် ဟွာယုလုတို့မှာ ယခုကိစ္စအတွက် နှစ်ဝက်ခန့်ကြာအောင် ပြင်ဆင်နေကြခြင်း ဖြစ်လေသည်။ ယခုကဲ့သို့ ပြင်ဆင်ရာတွင် အားကိုးရလောက်သည့် အကူတစ်ဦးကို ရှာရန်သာလျှင်မဟုတ်ဘဲ ပထမအကြိမ်က သူတို့လမ်းကို တားဆီးပိတ်ပင်ခဲ့သည့် အစီအရင်ကိုပါ ဖျက်ဆီးပစ်နိုင်မည့် လူတစ်ဦးကိုလည်း ရှာလိုခြင်း ဖြစ်လေသည်။
ဟွာယုလုကိုယ်တိုင်သည် ကောင်းကင်မြစ်တောင်ကြားသို့ သွား၍ ကုန်းမိသားစုဆီမှ အကူအညီတောင်းခံရန် စဉ်းစားခဲ့ဖူးသည်။ သို့သော်ငြား ရန်ကိုင်က ထိုကိစ္စကို သူကိုင်တွယ်လိုက်မည်ဟု ပြောလာသည့်အတွက်ကြောင့် ဟွာယုလုလည်း ထိုကိစ္စအား စိတ်ထဲထားမနေတော့ချေ။
ဝူခွမ်းရီဘေးနားတွင်ရှိနေသော အေးစက်စက်မျက်နှာနှင့်လူသည် အစီအရင်ပညာတွင် ကျွမ်းကျင်သည့်လူတစ်ဦး ဖြစ်ရပေလိမ့်မည်။ ထို့အတွက်ကြောင့်သာလျှင် ယခုကဲ့သို့သောကိစ္စမျိုးတွင် ဝူခွမ်းရီမှာ ထိုလူအား လှမ်းကြည့်၍ ထိုလူ၏သဘောထားကို မေးမြန်းနေခြင်းဖြစ်သည်။
ဖန်ကျို့ဟုခေါ်သည့်ထိုလူက အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက် ခေါင်းညိတ်ပြလိုက်လေသည်။
ဝူခွမ်းရီက ခေါင်းညိတ်၍ “ကဲ… ဘယ်သူမှမငြင်းဘူးဆိုမှတော့ မိသားစုခေါင်းဆောင်ကုန်းကို ကျုပ်တို့နဲ့ လိုက်ခွင့်ပေးရတာပေါ့… မိသားစုခေါင်းဆောင်ကုန်း… ဒီတစ်ကြိမ်ခရီးမှာ ခင်ဗျားကို အားကိုးနေမယ်နော်…”
“ရတယ်… ကိစ္စမရှိဘူး… ဒီလူအိုကြီး အတတ်နိုင်ဆုံး ကြိုးစားပေးမယ်…” ကုန်းယွဲ့က သူ့မုတ်ဆိတ်မွေးအား ပြုံးကာ ပွတ်သပ်ရင်းမှ ပြောလိုက်လေသည်။
ထိုစဉ် ရန်ကိုင်က ရှေ့သို့တစ်လှမ်းတိုးရင်း မေးလိုက်လေသည်။ “ရောင်းရင်းက ကုန်းမိသားစုရဲ့ အရင်မိသားစုခေါင်းဆောင်ဆိုတာကို သက်သေပြနိုင်မယ့် အထောက်အထားလေးဘာလေး ရှိလား…”
ရန်ကိုင်မှ ထိုကဲ့သို့ပြောလာသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီး၏အမူအယာများ အနည်းငယ် တောင့်တင်းသွားခဲ့ကြလေသည်။ ဝူခွမ်းရီသည်လည်း လှုပ်နှိုးခံရသည့်အလား အထိတ်တလန့်အမူအယာဖြင့် ကုန်းယွဲ့ဆီသို့ လှမ်းကြည့်လာခဲ့သည်။
ထိုလူသည် ကုန်းယွဲ့ဖြစ်သည်ဟု သူယုံကြည်လိုက်ရခြင်းမှာ ကုန်းယွဲ့အကြောင်းကို ကြားဖူးသလို ကုန်းယွဲ့သည် ကုန်းမိသားစု၏ ယခင်မိသားစုခေါင်းဆောင်ဖြစ်သည်ဆိုသည့်အကြောင်းကိုလည်း သိထားသည့်အတွက်ကြောင့်ပင်။ ဒုတိယတစ်ချက်မှာတော့ ရန်ထိုက်ကိုယ်တိုင်မှ ထောက်ခံပေးနေသည့်အတွက်ကြောင့်ပင်။ ထို့အတွက်ကြောင့် ယခု သူတို့ဆီသို့ ရောက်လာသည့်လူမှာ ကုန်းယွဲ့ဖြစ်သည်ဟု ဝူခွမ်းရီလည်း ယုံကြည်မိသွားခြင်းပင်။
သို့သော်ငြား ယခု ရန်ကိုင်ပြောလိုက်သည့်စကားကို ကြားပြီးသည့်နောက်တွင် ဝူခွမ်းရီ ချက်ချင်း အသိပြန်ဝင်လာပြီး သတိချပ်လိုက်လေသည်။
ရှင်းရှင်းပြောရသော် သူသည် ကုန်းယွဲ့နှင့် တစ်ခါမှမတွေ့ဖူးပေ။ ထို့အတွက်ကြောင့် ကုန်းယွဲ့ မည်သို့မည်ပုံရှိသလဲဆိုသည်ကို သူမသိရ။ လက်ရှိ သူ့ရှေ့တွင် ရှိနေသည့်လူမှာ ကုန်းယွဲ့ ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သို့သော်ငြား ကုန်းယွဲ့မဟုတ်သည်မှာလည်း ဖြစ်နေနိုင်သေးသည်။ ဤလူသည်သာ ကုန်းမိသားစု၏ ယခင်မိသားစုခေါင်းဆောင် ဖြစ်ခဲ့ပါလျှင်မူ သူတို့အနေဖြင့် ဤကုန်းယွဲ့ဆိုသည့်လူအား ယုံကြည်၍ရပေသည်။ သို့သော်ငြား မဟုတ်ခဲ့လျှင်တော့ သူတို့ ကျိန်းသေ သတိထားရပေတော့မည်။
ထိုအချက်ကို စဉ်းစားမိလိုက်သော် ဝူခွမ်းရီသည် ချက်ချင်းပဲ ရန်ထိုက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
ရန်ထိုက်သည် ပြုံးမြဲပြုံးနေသည့် အမူအယာဖြင့် ရန်ကိုင်ဘက်သို့လှည့်၍ “ညီလေးရန်ကျို့က တကယ်ကို နောက်တတ်တာပဲနော်… ဘယ်သူက ရောင်းရင်းကုန်းအယောင်ဆောင်ရဲမှာလဲလို့… ဒီမေးခွန်းက သိပ်ပြီးတော့ မဟုတ်ဘူးလားလို့…”
“ကျုပ်မသေချာတာရှိလို့ရှိရင် မေးကြည့်ရမှာပေါ့ ဟုတ်တယ်မလား…” ရန်ကိုင်က ရန်ထိုက်ဘက်သို့လှည့်၍ ယဲ့ယဲ့လေးပြုံးရင်းမှ ပြောလိုက်လေသည်။
ရန်ထိုက် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ “ကျုပ်တို့ရှေ့မှာရှိနေတဲ့ ရောင်းရင်းကုန်းဆိုတာ ကောင်းကင်မြစ်တောင်ကြားက ကုန်းမိသားစုရဲ့ အရင်မိသားစုခေါင်းဆောင်ဆိုတာကို ဒီရန်ရဲ့နာမည်ကို တိုင်တည်ပြီးတော့ ပြောရဲတယ်…”
ရန်ကိုင်ကမူ ဘာမှပြန်မပြောခဲ့ဘဲ ရန်ထိုက်ကိုသာ ပြုံး၍ ကြည့်နေခဲ့လေသည်။ ရန်ထိုက်ကိုယ်တိုင်သည်လည်း သူ့အနေဖြင့် ဤကဲ့သို့ စကားဖြင့်ကျိန်ဆိုပြောနေ၍ ဘာမှထူးလိမ့်မည်မဟုတ်မှန်း သိသွားခဲ့သည်။ သူသည် ရန်ကိုင်အား တစ်ခါမှမတွေ့ဖူးချေ။ ထိုသို့ဖြစ်လေရာ ရန်ကိုင်သည် ဘာကြောင့်များ သူ့အား ယုံကြည်ရပါမည်နည်း။ ထို့အပြင် ဤကိစ္စနှင့်ပတ်သက်၍ ဝူခွမ်းရီသည်လည်း မယုံသင်္ကာဖြစ်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ခါးသက်သက်အမူအယာဖြင့် “ဒါဆို ငါတို့ဘာလုပ်ကြမလဲ… ကောင်းကင်မြစ်တောင်ကြားကိုသွားပြီးတော့ မေးကြည့်ရမှာလား…”
ထိုသို့လုပ်ဖို့ရာတော့ မဖြစ်နိုင်ပေ။ ကောင်းကင်မြစ်တောင်ကြားသည် ဤနေရာနှင့် အတော်လေးကိုမှ ဝေးကာ ဤနေရာမှ ကောင်းကင်မြစ်တောင်ကြားသို့ သွားလိုပါက အနည်းဆုံး နှစ်လခန့် အချိန်ယူရပေလိမ့်မည်။ မည်သူမျှ ရှေးဟောင်းလိုဏ်ဂူစံအိမ်သို့ သွားမည့်ခရီးကို ဤမျှကြာအောင် နှောင့်နှေးချင်ပါမည်နည်း။
သို့သော်ငြား ရန်ထိုက်လုပ်နေသည့်ပုံစံကိုကြည့်ရင်း ဝူခွမ်း၏စိတ်ထဲ ပို၍မယုံသင်္ကာဖြစ်လာခဲ့ရလေသည်။ သူ့အကြည့်သည် ရန်ထိုက်နှင့် ကုန်းယွဲ့ကြားတွင် ကူးကလန်ခတ် သွားလာနေခဲ့သည်။ သို့သော်ငြား ရန်ထိုက်နှင့်ကုန်းယွဲ့တို့ နှစ်ယောက်စလုံးမှာ ထူးထူးခြားခြားကို တည်ငြိမ်နေသည့်အတွက်ကြောင့် သူ့အနေဖြင့် မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ရပေ။
တစ်ဖက်လူနှစ်ဦးစလုံးမှာ အလွန်ကိုမှ တည်ငြိမ်နေသည့်အတွက်ကြောင့် ဝူခွမ်းရီစိတ်ထဲ ရန်ကျို့များ တစ်ဖက်လူအပေါ် မယုံသင်္ကာဖြစ်လွန်းနေခြင်းပေလောဟုပင် တွေးမိသွားရလေသည်။
ထိုစဉ် ကုန်းယွဲ့က ပြောလိုက်လေသည်။ “ငါ့မှာ ကုန်းမိသားစုရဲ့တံဆိပ်ပြား ရှိပေမယ့် အဲ့တံဆိပ်ပြားကို ထုတ်ပြရင်တောင် ဘာမှ ဒီလောက်အသုံးဝင်မှာမဟုတ်ဘူး… ဒီညီလေးက ငါ့ကို မယုံသင်္ကာဖြစ်နေတယ်ဆိုရင် ငါ့ကိုယ်ငါ သက်သေပြပေးဖို့ ဘယ်လိုလုပ်ရမလဲ မေးကြည့်လို့ရမလား… ဒီညီငယ်လေးမှာ ငါ့ကိုယ်ငါသက်သေပြနိုင်မယ့် နည်းလမ်းလေးဘာလေးများ ရှိမလား…”
ရန်ကိုင်က ပြုံးလျက် “ဒီကိစ္စက အစီအရင်နဲ့ပတ်သက်တာဆိုတော့ အစီအရင်ကိုသုံးပြီးတော့ပဲ စစ်ဆေးကြည့်ကြတာပေါ့… ဒီမှာ အစီအရင်တာအိုကို ကျွမ်းကျင်တဲ့လူ တစ်ယောက်ယောက်လောက် ပါလား…”
ရန်ကိုင်မှ ထိုကဲ့သို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင် ဘာကြံနေသလဲဆိုသည်ကို လူတိုင်း နားလည်သွားကြလေသည်။
ဝူခွမ်းရီသည် ချက်ချင်းပဲ ဖန်ကျို့ဘက်သို့ လှည့်၍ ကြည့်လိုက်သည်။ ဖန်ကျို့သည် တစ်ချိန်လုံး တိတ်ဆိတ်နေပါသော်ငြား ဘာကိုမှမသိသည့် လူတစ်ဦးတော့ မဟုတ်ပေ။ ရန်ကိုင်၏စကားအသွားအလာကို ကြည့်လိုက်ရုံဖြင့် ရန်ကိုင်ဘာကြံနေသလဲဆိုသည်ကို ချက်ချင်းသိသွားခဲ့သည်။ ထို့ကြောင့် စကားတစ်ခွန်းမှပင် ပြောမနေတော့ဘဲ ရှေ့တက်၍ အစီအရင်အလံတိုင်များကိုထုတ်ကာ လက်ကွက်များကို ဖန်တီးလိုက်လေသည်။
အစီအရင်အလံတိုင်များမှာ တစ်ချောင်းချင်းစီ ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ဖန်ကျို့၏ လက်ကွက်လှုပ်ရှားမှုများမှာ အလွန်ကိုမှ လျင်မြန်ချောမွေ့သွက်လက်နေလေရာ သူသည် အစီအရင်ပညာကို အတော်လေးကျွမ်းကျင်ထားမှန်း မြင်လိုက်သည့်မည်သူမဆို ပြောနိုင်ပေသည်။
ကုန်းယွဲ့ကမူ ဖန်ကျို့ဘာကြံနေသည်ကို သိသည့်အလား ပြုံးမြဲပြုံး၍သာ ရပ်နေခဲ့သည်။
ကုန်းယွဲ့မှ လက်ကွက်များကို ထုတ်ဖော်နေသည်နှင့်အမျှ ပတ်ဝန်းကျင်နေရာတစ်ဝိုက်သည် ရုတ်တရက်ဆိုသလို စတင်၍ တွန့်လိမ်လာခဲ့လေသည်။ အစီအရင်အလံတိုင်အားလုံး သက်ဆိုင်ရာနေရာဆီသို့ ရောက်သွားပြီးသည့်နောက်တွင် ကုန်းယွဲ့ရှိနေသည့်နေရာတစ်ဝိုက်မှာ ပြောင်းလဲသွားခဲ့ပြီး ကုန်းယွဲ့သည်လည်း အားလုံး၏မြင်ကွင်းမှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။
အကုန်လုံးမှာ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်ပါသော်ငြား သူတို့ကောင်းကင်စိတ်အာရုံကို ရှေ့ဆက်သွား၍မရအောင် တားဆီးထားသည့် အကာအရံတစ်ခုကို တွေ့ရှိလိုက်ရသည်။ ထိုအကာအရံကိုကျော်လွန်၍ မည်သည့်အရာကိုမှ သူတို့ စူးစမ်း၍မရခဲ့ချေ။
“အို… ဒီတော့ ရောင်းရင်းဖန်ကျို့က အစီအရင်ပညာကိုကျွမ်းကျင်တာပေါ့…” ရန်ထိုက်က ဖန်ကျို့အား အံ့အားသင့်နေသည့် အမူအယာဖြင့် ကြည့်လိုက်လေသည်။
ဖန်ကျို့သည် စကားလုံးတိုင်းကို အလွန်တရာကိုမှ တန်ဖိုးထားသည့်အလား တိုးတိုး တိုးတိုးသာ ပြန်ပြောလိုက်သည်။ “နည်းနည်းပါပဲ…”
ထို့နောက်တွင် လက်နောက်ပစ်လျက် နောက်ပြန်ဆုတ်နေပြီးသည့်နောက် သူ အစီအရင်ခင်းကျင်းထားသည့် နေရာဆီသို့ မျက်လုံးမှေးစင်းကာ စိုက်ကြည့်နေလေ၏။
သူခင်းကျင်းလိုက်သည့်အစီအရင်မှာ ပိတ်လှောင်ခြင်းအစီအရင်တစ်ခုသာ ဖြစ်လေသည်။ ထိုအစီအရင်တွင် မည်သည့်တိုက်ခိုက်ရေးစွမ်းရည်မှ မပါဝင်ပါသော်ငြား လူတစ်ဦးကို အခြားတစ်နေရာသို့ ထွက်သွား၍မရအောင် ချုပ်နှောင်ထားနိုင်ပေသည်။
ထိုအစီအရင်ထဲ ပိတ်မိနေသည့် ကုန်းယွဲ့သည်သာ ကုန်းမိသားစု၏ ယခင်မိသားစုခေါင်းဆောင် ဖြစ်မည်ဆိုပါက ဤအစီအရင်ကို ဖျက်ဆီးပြီး ထွက်ပြေးဖို့ရာ သူ့အတွက် ခက်ခဲနေလိမ့်မည်မဟုတ်ပေ။ သို့သော်ငြား သူသည်သာ အယောင်ဆောင်ဖြစ်နေမည်ဆိုလျှင်တော့ ဤအစီအရင်ကို ဖျက်ဆီး၍ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ချေ။
ဤသည်မှာ ရိုးရှင်းသည့်စမ်းသပ်မှုတစ်ခုသာ ဖြစ်ပေသည်။ ဤနည်းဖြင့် အကုန်လုံးသည် လက်ရှိ သူတို့ရှေ့သို့ ရောက်နေသည်မှာ တကယ့်ကုန်းယွဲ့ဟုတ်မဟုတ် သိနိုင်ပေလိမ့်မည်။ လုံးဝကြီး မသေချာလျှင်ပင် အနည်းဆုံးတော့ သူတို့ရင်ထဲရှိ သံသယများကို ကင်းရှင်းသွားစေနိုင်ပေသည်။
ထို့အတွက်ကြောင့် အကုန်လုံးမှာ ဖန်ကျို့ အစီအရင်ခင်းကျင်းထားသည့် နေရာဆီသို့သာ မမှိတ်မသုန် စိုက်ကြည့်နေကြလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၁၀)
ဘာသာပြန်သူ_တိမ်တိုက်
ထွက်ပေါ်လာသည့်ရလဒ်မှာတော့ လူတိုင်းအား အံ့အားသင့်သွားစေခဲ့လေသည်။ တစ်ချိန်လုံး ထူးမခြားနားဟန်ဖြင့် ရှိနေသော ဖန်ကျို့၏ အမူအယာမှာ ရုတ်တရက်ဆိုသလို အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။
ထိုသို့ဖြစ်ရသည့်အကြောင်းအရင်းမှာ သူ့ဘက်မှ အစီအရင်ကို ခင်းကျင်းပြီး အသက်ဆယ်ရှိုက်စာ မကြာသေးခင်မှာပင် အစီအရင်အလံတိုင်များကို ချထားသည့် ဟင်းလင်းပြင်မှာ ပြန်လည်တွန့်လိမ်လာပြီး မူလပုံစံသို့ ပြန်ပြောင်းသွားသည့်အတွက်ကြောင့်ပင်။ ဟင်းလင်းပြင် မူလပုံစံအတိုင်း ပြန်ဖြစ်သွားပြီးသည့်နောက် လူတိုင်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် ကုန်းယွဲ့လည်း ပြန်ပေါ်လာခဲ့လေသည်။ လက်ရှိအချိန်တွင်တော့ ကုန်းယွဲ့သည် အစီအရင်အလံတိုင်အချို့ကို ကိုင်စွဲထားခဲ့သည်။ ထိုအလံတိုင်များမှာ အခြားမဟုတ် ဖန်ကျို့မှ ဟင်းလင်းပြင်ထဲသို့ ပစ်ထည့်ခဲ့သည့် အစီအရင်အလံတိုင်များသာ ဖြစ်ကြလေသည်။
ဖန်ကျို့၏အစီအရင်ကို ဖျက်ဆီးရန်အတွက် အသက်ဆယ်ရှိုက်စာသာ အချိန်ယူရခဲ့သည်ကို ကြည့်လျှင် အစီအရင်ပညာရပ်များအပေါ် ကုန်းယွဲ့ မည်မျှပင် ကျွမ်းကျင်ထားကြောင်းကို မြင်တွေ့နိုင်ပေသည်။
ထိုနေရာတွင် ပြုံး၍ မတ်တပ်ရပ်နေသော ကုန်းယွဲ့သည် လူတိုင်းအား ကြီးကျယ်ခမ်းနားသည့် ပညာရှင်တစ်ဦး သူတို့ရှေ့တွင် ရပ်နေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့လေသည်။
ကုန်းယွဲ့က ပြောလိုက်သည်။ “ရောင်းရင်းရဲ့အစီအရင်ပညာရပ်က မဆိုးပါဘူး... တကယ်တော့ ဘာအမှားမှမရှိဘူးလို့ ပြောလို့ရတယ်… ဒါပေမယ့် ပြဿနာက သုံးထားတဲ့အစီအရင်အလံတိုင်တွေက နည်းနည်းလေး အကြမ်းထည်ဆန်နေတာပဲ… ဒီတော့ တကယ့်စွမ်းအားကို မထုတ်ဖော်နိုင်ကြဘူး… ရောင်းရင်းသာ ဒီအစီအရင်အလံတိုင်တွေကို နည်းနည်းလောက်ထပ်ပြီး သန့်စင်နိုင်မယ်ဆိုရင် ဒီအစီအရင်ရဲ့စွမ်းအားက တော်တော်လေးတိုးလာလိမ့်မယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် အစီအရင်အလံတိုင်များကို ဖန်ကျို့ဆီသို့ ပြန်ပစ်ပေးလိုက်သည်။
ဖန်ကျို့သည် အစီအရင်အလံတိုင်များကို ဖမ်းယူလိုက်ပြီး ခေါင်းကိုငုံ့လျက် ခဏမျှ စဉ်းစားနေပြီးသည့်နောက် လက်သီးဆုပ်ကာ ကုန်းယွဲ့အား ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
ရန်ထိုက်က ပြောလိုက်သည်။ “ရောင်းရင်းကုန်းက အစီအရင်ပညာတွေမှာ တကယ်ကို တစ်ဖက်ကမ်းခတ် ထူးချွန်တာပဲ… ဒီတစ်ကြိမ်ခရီးမှာ ရောင်းရင်းကုန်းရဲ့အကူအညီကို ရလိုက်တာ ကျုပ်တို့တော့ ကံကောင်းတာပဲ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်ဘက်သို့လှည့်၍ “ညီလေးရန်ကျို့… မင်း ထပ်မေးချင်တဲ့ မေးခွန်းတွေရှိသေးလား… မေးချင်ရင် မေးလို့ရတယ်နော်…”
ရန်ကိုင်က ခေါင်းခါလျက် “မရှိတော့ပါဘူး…”
ရန်ထိုက်က ပြန်ပြောလိုက်သည်။ “ကဲ… အခု ရောင်းရင်းကုန်း ငါတို့နဲ့အတူလိုက်မှာကို ဘယ်သူမှ မငြင်းတော့ပါဘူးနော်… ဟုတ်တယ်မလား…”
ယခုကဲ့သို့ ဖြစ်သွားပြီးသည့်နောက် မည်သူမျှ ငြင်းမနေကြတော့ချေ။ လူတိုင်းမှာ ကုန်းယွဲ့ကဲ့သို့လူတစ်ဦး သူတို့အား ကူညီပေးမည့်အပေါ် ဝမ်းသာမိကြပေသည်။ ရန်ကိုင်၏မေးခွန်းကြောင့်သာလျှင် ကုန်းယွဲ့အပေါ် သံသယဝင်မိသွားခြင်း ဖြစ်သည်။ ယခု ကုန်းယွဲ့မှ သူမည်သူမည်ဝါဖြစ်ကြောင်းကို သက်သေပြပြီးသည့်နောက်တွင် မည်သူမျှ ကုန်းယွဲ့အပေါ် သံသယမရှိတော့ချေ။ ထို့အပြင် သူ့တွင်ရှိနေသည့် ကောင်းကင်မြစ်တောင်ကြား၏ ကုန်းမိသားစုရွှေရောင်တံဆိပ်ပြားကြောင့် လူတိုင်းမှာ ကုန်းယွဲ့အပေါ် လုံးဝသံသယမရှိတော့ချေ။
ဝူခွမ်းရီသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ရန်ကိုင်သည် အလကားသက်သက် ပြဿနာလာရှာသည်ဟု သူ့စိတ်ထဲ တွေးနေခဲ့သည်။ ထို့အတွက်ကြောင့်ပင်လျှင် ကုန်းယွဲ့အပေါ် မလေးမစားလုပ်မိသလို ဖြစ်သွားရခဲ့ခြင်း ဖြစ်လေသည်။
သူသည် မူလကတည်းက ရန်ကိုင်အား ကြည့်မရခဲ့ခြင်း ဖြစ်လေသည်။ ယခုအဖြစ်အပျက်ပါ ထပ်ပေါင်းလိုက်သော် ဝူခွမ်းရီမှာ ရန်ကိုင်အား ပို၍ကြည့်မရတော့ချေ။ သူတို့လုပ်ထားသည့် သဘောတူညီချက်ကြောင့်သာ မဟုတ်ပါက အစောကြီးတည်းက ရန်ကိုင်အား ဤနေရာမှ မောင်းထုတ်ပြီးနေလောက်ပေပြီ။
မည်သူမျှ ကန့်ကွက်မနေတော့သည့်အတွက်ကြောင့် ယခုကိစ္စမှာ ဤမျှနှင့်ပင် အဆုံးသတ်သွားခဲ့လေသည်။ ကုန်းယွဲ့ကဲ့သို့သော အားကောင်းသည့်အကူအညီတစ်ဦးအား ဖိတ်ခေါ်လာသည့်လူ ဖြစ်သည်နှင့်အညီ ရန်ထိုက်မှာ မပြောမဆိုနှင့် အဖွဲ့ကြီး၏ ခေါင်းဆောင်တစ်ဦးလိုလို ဖြစ်လာခဲ့ရလေသည်။ ချက်ချင်းဆိုသလို လူအုပ်ကြီးအား ရှေ့မှ ဦးဆောင်သွားလေသည်။
တောင်ပိုင်းနွံအိုင်သည် အလွန်ကိုမှ ကျယ်ဝန်းလှသည်။ သူတို့တွေ့ဆုံရန် အချိန်းအချက်လုပ်ထားသည့် နေရာမှာ ရှေးဟောင်းလိုဏ်ဂူစံအိမ်နှင့် အတော်လေးကိုမှ ဝေးကွာနေရာ ဤနေရာမှ ရှေးဟောင်းလိုဏ်ဂူစံအိမ်ဆီသို့ သွားလိုပါက အနည်းဆုံး သုံးလေးရက်ခန့် အချိန်ယူရနိုင်ပေသည်။
ဧကရာဇ်အဆင့်ပညာရှင်ခုနှစ်ဦးသည် စတင်၍ ရှေးဟောင်းလိုဏ်ဂူစံအိမ်သို့ အရှိန်အဟုန်တင်ကာ ခရီးနှင်ကြတော့သည်။ လူတိုင်းသည် မည်သူမျှ သူတို့အား လာရောက်မနှောင့်ယှက်ရဲစေရန်အတွက် သူတို့၏အရှိန်အဝါကို တမင်သက်သက် ထုတ်လွှတ်ထားကြသည်။ ကုန်းယွဲ့နှင့်ရန်ထိုက်သည် ရှေ့ဆုံးမှဦးဆောင်သွားနေရင်း စကားတပြောပြောဖြင့် ရယ်ရယ်မောမော ဖြစ်နေကြလေသည်။
ချန်ပင်းယုဟုခေါ်သည့် အမျိုးသမီးမှာတော့ ဝူခွမ်းရီနှင့်ဖန်ကျို့ကြားတွင် ရှိနေခဲ့ပြီး ရန်ကိုင်နှင့် ဟွာယုလုတို့မှာတော့ နောက်ဆုံးတွင် ရှိနေကြလေသည်။
အဖွဲ့တစ်ခုလုံးမှာ ရန်ကိုင်နှင့် ဟွာယုလုအား တမင်သက်သက် ဖယ်ထုတ်ထားသလို ဖြစ်နေလေ၏။ ထို့အတွက်ကြောင့် ဟွာယုလုမှာလည်း အနည်းငယ်စိတ်ပူနေသလို ဖြစ်နေရလေသည်။
သူတို့၏အဖွဲ့ထဲတွင် ရှေ့ဆုံးမှဦးဆောင်ရင်း စကားတပြောပြောလုပ်နေသည့် ရန်ထိုက်နှင့် ကုန်းယွဲ့တို့မှလွဲ၍ အကုန်လုံးမှာ တိတ်ဆိတ်နေကြသည်။
သို့သော်ငြား ရန်ကိုင်မှာတော့ သူ့အတွေးနှင့်သူ ရှိနေခဲ့လေသည်။ ကျန်လူများနောက်သို့ လိုက်ကာ ပျံသန်းနေရင်းမှ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲမှ ရလာသည့် အတွေ့အကြုံများကို သေချာ ပြန်လည်စဉ်းစားသုံးသပ်နေခဲ့လေသည်။ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲမှ ရခဲ့သည့် အချက်အလက်များမှာ သူ့အတွက်တော့ အလွန်ကိုမှ အဖိုးတန်လှသည်။ အထူးသဖြင့် စီနီယာချင်၏အမွေအနှစ်နှင့် မှော်ကျောင်းတော်တွင် ဖတ်ရှုလေ့လာခဲ့ရသည့် အကြောင်းအရာများပင်။
ဟွာယုလုမှာ ရန်ကိုင်အား တစ်ကြိမ်မက စကားပြောရန် ကြိုးစားခဲ့သည်။ သို့သော်ငြား ရန်ကိုင်၏ ခပ်တန်းတန်းအမူအယာကို မြင်သော် ဟွာယုလုလည်း ရန်ကိုင်အား သွား၍ မနှောင့်ယှက်ချင်တော့ပေ။ တကယ်တော့ သူမနှင့် ရန်ကိုင် တွေ့ဖူးသည်မှာ တစ်ကြိမ်နှစ်ကြိမ်လောက်သာ ရှိသေးသည် မဟုတ်ပေလော။ သူတို့နှစ်ဦးမှာ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိကြသူများလည်း မဟုတ်ကြ။
ဤနေရာတွင်ရှိနေသည့် လူခုနှစ်ဦးအနက် သူမသည်သာ ယခုတစ်ကြိမ်ခရီးနှင့်ပတ်သက်၍ အတော်လေးကိုမှ စိတ်ပူနေသည့်လူတစ်ဦး ဖြစ်ပေသည်။ အခြားလူများမှာ နှစ်ယောက်တစ်တွဲ နှစ်ယောက်တစ်တွဲဖြင့် ရှိနေကြပါသော်ငြား သူမနှင့်အတူပါလာသည့် ရန်ကိုင်မှာတော့ သူမအပေါ် ထူးမခြားနားဟန်ဖြင့် ရှိနေလေသည်။ ရတနာတစ်ခုခုအား ရှာတွေ့သွား၍ ပြဿနာတစ်ခုခုသာ တက်လာခဲ့မည်ဆိုလျှင် သူမအနေဖြင့် ရန်ကိုင်အား အားကိုး၍ ရမည်လား။
ဟွာယုလုမှာ ဤနေရာသို့ ထပ်လာမိခဲ့သည့်အပေါ်ပင် နောင်တရချင်မိလာခဲ့လေသည်။ ယခုကဲ့သို့ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် ယခုကဲ့သို့စွန့်စားရမည့်အစား ဤအခွင့်အရေးကိုသာ လက်လွှတ်ခဲ့လိုက်ပေမည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့ပြီး ဟွာယုလုမှာလည်း သူမ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပိုပို၍ မသေမချာ ဖြစ်လာခဲ့ရလေသည်။
တောင်ပိုင်းနွံအိုင်၏ အဆိပ်မြူခိုးများကို ဖြတ်ကျော်ရင်းမှ ဧကရာဇ်အဆင့်ပညာရှင်ခုနှစ်ဦးသည် လေးရက်တိုင်တိုင် ပျံသန်းလာပြီးသည့်နောက်တွင် ရှေ့ဆုံးမှဦးဆောင်သွားနေသည့် ရန်ထိုက်မှာ ရုတ်တရက် ရပ်တန့်လိုက်လေသည်။ ဝူခွမ်းရီ၏မျက်နှာထက်တွင်လည်း မျှော်လင့်ချက်အရိပ်အယောင်တို့ ရစ်သိုင်းလာခဲ့လေ၏။
“ငါတို့ရောက်ပြီလား…” ကုန်းယွဲ့က စိတ်ဝင်တစားဖြင့် မေးလိုက်လေသည်။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပါသော်ငြား ဘာကိုမှ ရှာမတွေ့ခဲ့ချေ။
ရန်ကိုင်သည်လည်း အတွေးရေယာဉ်ကြောထဲမှ ထွက်လာခဲ့ပြီး ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်သည်။ ကုန်းယွဲ့ကဲ့သို့ပင် သူသည်လည်း ပုံမှန်မဟုတ်သည့် မည်သည့်အရာကိုမှ မမြင်တွေ့ခဲ့ရချေ။ သို့သော်ငြား သူတို့ရှေ့တည့်တည့်တွင်တော့ အဆိပ်မြူခိုးတိမ်တိုက်ကြီးတစ်ခု ရှိနေခဲ့လေသည်။
တောင်ပိုင်းနွံအိုင်တစ်ခုလုံးသည် အဆိပ်မြူများဖြင့် ပြည့်နေလေ့ရှိသည်။ ရန်ကိုင်တို့ခုနှစ်ဦးစလုံးမှာ ထိုအဆိပ်မြူခိုးများကိုဖြတ်၍ တောက်လျှောက်သွားလာနေခဲ့ခြင်းဖြစ်သည်။ သို့သော်ငြား သူတို့၏ မြင့်မားလှသော ကျင့်ကြံခြင်းကြောင့် ထိုအဆိပ်မြူခိုးများကို ခုခံနိုင်ခဲ့ကာ အဆိပ်မြူခိုးများမှာ သူတို့အတွက် ပြဿနာတစ်ခု မဟုတ်ခဲ့ပေ။
သို့သော်ငြား လက်ရှိ သူတို့ရှေ့တွင်ရှိနေသည့် အဆိပ်မြူခိုးမှာတော့ သူတို့ ယခင်ကြုံခဲ့ရသည့် အဆိပ်မြူခိုးများနှင့် လုံးဝကို ကွာခြားပေသည်။ ရန်ကိုင်ကိုယ်တိုင်ပင်လျှင် ထိုအဆိပ်မြူခိုးထဲသို့သာ မဆင်မခြင် ပြေးဝင်သွားမည်ဆိုပါက သူ့အတွက် အသက်အန္တရာယ် ရှိသည်ဟူသော ခံစားချက်မျိုးကို သူ့ရှေ့တွင်ရှိနေသော အဆိပ်မြူခိုးဆီမှ ရနေခဲ့ရသည်။
သို့သော်ငြား ကောင်းကင်စိတ်အာရုံဖြန့်ကျက်၍ စစ်ဆေးကြည့်တော့မည်အပြု ဟွာယုလုသည် ရန်ကိုင်ဘေးနားသို့ အလျင်အမြန်ရောက်လာပြီး တိုးတိုးလေးပြောလိုက်လေသည်။ “သတိထား… အဲ့အဆိပ်မြူခိုးက အရမ်းအဆိပ်ပြင်းတယ်…”
သင်းပျံ့သည့်မွေးရနံ့တစ်ခု သူ့နှာခေါင်းဝအား လာရောက်ပွတ်သပ်နေသည်ကို ရန်ကိုင် ခံစားမိလိုက်ရသည်။ ရန်ကိုင်မှ ခေါင်းညိတ်ပြလိုက်သည့်အခိုက် ဟွာယုလုမှာ သူတို့နှစ်ဦးကြား မည်မျှနီးကပ်နေသည်ကို နားလည်သွားပြီးသည့်နောက် ရှက်ရှက်ဖြင့် နောက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်သွားခဲ့လေသည်။
ထိုစဉ် ရှေ့ဆုံးမှဦးဆောင်သွားနေသော ရန်ထိုက်က ပြောလိုက်လေသည်။ “ငါတို့ရောက်ပြီ… ရှေးဟောင်းလိုဏ်ဂူစံအိမ်က အဲ့အဆိပ်မြူခိုးထဲမှာ ရှိနေတာ… ဒါပေမယ့် အဆိပ်မြူခိုးက အရမ်းအားကောင်းလွန်းတယ်… ဧကရာဇ်အဆင့်ပညာရှင်တွေဖြစ်တဲ့ ငါတို့တောင် အဲ့အဆိပ်မြူခိုးကို ခုခံနိုင်လောက်မှာမဟုတ်ဘူး… ဒီတော့ တဇွတ်ထိုးမလုပ်ကြနဲ့…”
ရန်ထိုက်သည် သူပြောသည့်စကားကို သက်သေပြရန်အလို့ငှာ သူ့လက်ကိုမြှောက်၍ ဧကရာဇ်ချီ အမျှင်တစ်မျှင်ကို အဆိပ်မြူခိုးဆီသို့ ပစ်လွှတ်လိုက်လေသည်။
ရန်ထိုက်ပစ်လွှတ်လိုက်သည့် ဧကရာဇ်ချီအမျှင်တန်းသည် အဆိပ်မြူခိုးကို ထိုးဖောက်သွားသည့်နောက်တွင် အဆိပ်မြူခိုးအလယ်၌ မီတာသုံးရာခန့်အလျားရှိသော အပေါက်တစ်ပေါက် ဖြစ်ပေါ်လာခဲ့လေသည်။ ထိုမီတာသုံးရာခန့် အလျားရှိသော အပေါက်၏ အဆုံးနားတွင်တော့ နွံအိုင်ပေါ်ရှိ မြက်ခင်းပြင်ပေါ်တွင် လှဲလျောင်းနေသည့် အနက်ရောင်အရိုးခြောက်တစ်ခု ရှိနေခဲ့လေသည်။ အနက်ရောင်အရိုးခြောက်ကို ကြည့်ရသလောက် ထိုအရိုးခြောက်ပိုင်ရှင် သေသွားသည်မှာ အတော်လေးကိုမှ ကြာနေပြီဖြစ်သည့်ပုံပင်။
“ရှင်းရှင်းပြောရရင်တော့ ဒီလိုဏ်ဂူကို စတွေ့တုန်းက လူလေးယောက်ရှိတယ်… ကျုပ်တို့သုံးယောက်အပြင် ကျုပ်တို့အဖွဲ့မှာ နောက်ထပ် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးလည်း ပါသေးတယ်… ဒါပေမယ့် အခု ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ အဲ့လူက ဟိုမှာ လှဲနေရပြီ…” ရန်ထိုက်သည် အရိုးခြောက်ကိုညွှန်ပြရင်းမှ ပြုံးကာ ပြောလိုက်လေသည်။
ထိုစကားကိုကြားသည့်အခါ ချန်ပင်းယု၏မျက်နှာလေး ဖြူလျော်သွားခဲ့လေ၏။ တစ်ချိန်လုံး မျက်နှာသေဖြင့်သာ ရှိနေတတ်သော ဖန်ကျို့၏ အမူအယာသည်ပင်လျှင် မဆိုစလောက်ကလေး ရှုံ့မဲ့သွားခဲ့လေသည်။
အရိုးခြောက်ပုံစံအရ အရိုးခြောက်သေသွားသည်မှာ ကြာနေပြီဖြစ်သည်ဟု လူတိုင်း ထင်ခဲ့ကြသည်။ ယခု ရန်ထိုက်၏စကားကို ကြားပြီးမှသာလျှင် ထိုလူသေသွားသည်မှာ နှစ်ဝက်ခန့်သာ ရှိသေးမှန်း သိသွားကြရ၏။ သို့သော်ငြား အဆိပ်မြူခိုး၏ အလွန်တရာကိုမှ ပြင်းထန်လှသည့် တိုက်စားမှုကြောင့် အရိုးခြောက်ပုံစံသေသွားသည့်လူမှာ နှစ်ဝက်အတွင်း ယခုကဲ့သို့ပုံစံမျိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။
သူ ဘာကြောင့် သေသွားရသလဲဆိုသည်မှာတော့ အသိသာကြီးပင်။ ရန်ထိုက်ပင် ရှင်းပြနေစရာမလိုခဲ့။
ဧကရာဇ်ဒုတိယအဆင့်သည်ပင်လျှင် ဤအဆိပ်မြူခိုးအား မခုခံနိုင်သည်ကို ကြည့်လျှင် ဤနေရာ မည်မျှ အန္တရာယ်များသလဲ ဆိုသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ ဤလောကကြီးမှာ အလွန်တရာကိုမှ ကျယ်ပြောလွန်းလှသည်။ ထို့အတွက်ကြောင့် ယခုကဲ့သို့သော အလွန်တရာကိုမှ အဆိပ်ပြင်းလှသည့် အဆိပ်မြူခိုးမျိုး ရှိနေသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။ သဘာဝတရားကြီး၏ စွမ်းအားကို မည်သူမျှ လွန်ဆန်နိုင်ခြင်းမရှိ။ လူတစ်ဦးသည် မည်မျှပင် အားကောင်းနေစေကာမူ သဘာဝတရားအား လွန်ဆန်၍မရချေ။
ရန်ထိုက်ပြောလို့ပြီးသွားသည်နှင့်တစ်ပြိုင်နက် ဟောင်းလောင်းပေါက်ဖြစ်သွားသော အဆိပ်မြူခိုးထဲတွင်ရှိနေသည့် အပေါက်ကြီးမှာ သူ့အလိုလို ပြန်ပိတ်လာခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သော် ကုန်းယွဲ့က မျက်မှောင်ကျုံ့၍ ပြောလိုက်လေသည်။ “ပြင်းလိုက်တဲ့အဆိပ်ပါလား… အဲ့မြူခိုးက ငါတို့လမ်းကိုပိတ်နေတာဆိုတော့ မင်းနဲ့အဖွဲ့တွေ အဲ့တုန်းက ရှေးဟောင်းလိုဏ်ဂူစံအိမ်ထဲကို ဘယ်လိုဝင်သွားကြတာလဲ ရောင်းရင်းရန်…”
ရန်ထိုက်က ပြုံး၍ “အကုန်လုံးက တိုက်ဆိုင်သွားတာလို့တော့ ပြောရမယ်… ဒီအဆိပ်မြူခိုးက အရမ်းပြင်းတယ်ဆိုပေမယ့် အဲ့ဒါကို တစ်ခုခုက ချုပ်နှောင်ထားတဲ့ပုံစံမျိုးပဲ… ဥပမာပြောရရင် အဆိပ်ပြင်းတဲ့မြွေတွေ ပေါတဲ့နေရာမှာ အဆိပ်ဖြေတဲ့အပင်တွေ ပေါက်နေတဲ့ပုံစံမျိုးလေ… ကိုယ်တိုင်ကြုံလိုက်ရလို့ရှိရင် ရောင်းရင်းကုန်း နားလည်သွားမှာပါ…”
ရန်ထိုက်သည် သူတို့အား သဲလွန်စပေးသွားခဲ့ပါသော်ငြား များများစားစားတော့ ရှင်းပြမနေခဲ့ပေ။ ထို့အတွက်ကြောင့် ကုန်းယွဲ့သည် ပြုံးသာပြုံးလိုက်ပြီး ဘာမှထပ်ပြောမနေတော့။
“အခုလောလောဆယ် ကျုပ်တို့ အချိန်မီရောက်လာတယ်လို့ ပြောလို့ရတယ်… ဒီတော့ ညကြရင် ဒီထဲကို ဝင်ကြမယ်… အခုလောလောဆယ်တော့ အရင်နားကြတာပေါ့… ရှေးဟောင်းလိုဏ်ဂူစံအိမ်ထဲ ဝင်သွားပြီးရင် ဘယ်လိုအန္တရာယ်မျိုးတွေနဲ့ ကြုံရမယ်ဆိုတာ ဘယ်သူမှ ပြောနိုင်ကြတာမဟုတ်ဘူး… ဒီတော့ ကိုယ့်ကိုယ်ကို အကောင်းဆုံးအခြေအနေမှာ ရှိအောင် ထိန်းထားတာ အကောင်းဆုံးပဲ…”
ရန်ထိုက်၏စကားနှင့်ပတ်သက်၍ မည်သူမျှ ကန့်ကွက်စကားမပြောခဲ့ကြ။ အကုန်လုံးသည် နေရာတစ်ခုစီရှာကာ တင်ပလင်ခွေထိုင် အနားယူလိုက်ကြလေသည်။
ဟွာယုလုသည် ရန်ကိုင်နားတွင်သာ ကပ်နေခဲ့လေသည်။ အနားယူချိန်ဖြစ်သည့်အတွက်ကြောင့် ဆေးလုံးနှစ်လုံးကိုသောက်၍ သူမကိုယ်သူမ အားပြန်ဖြည့်ထားလိုက်သည်။ ဟွာယုလုမှာ ဧကရာဇ်ပထမအဆင့်ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား လေးရက်လုံးလုံး အရှိန်ကုန်တင်ကာ ပျံသန်းလာရသည့်အတွက် သူမ၏ဧကရာဇ်ချီမှာ အနည်းနှင့်အများတော့ ကုန်ဆုံးနေခဲ့ရသည်။ ယခုကဲ့သို့ အဆိပ်များဖြင့် ပြည့်နေသည့် ပတ်ဝန်းကျင်မျိုးတွင် သူမကိုယ်သူမ အကောင်းဆုံးအခြေအနေတွင် ရှိနေအောင် ထိန်းထားသည်မှာ အသင့်တော်ဆုံးသာ ဖြစ်လေသည်။
အခြားသူများသည်လည်း ဟွာယုလုလုပ်သည့်အတိုင်းသာ လုပ်နေကြသည်။
ရန်ကိုင်သည် ရုတ်တရက် မော့ကြည့်၍ ပြောလိုက်လေသည်။ “မိသားစုခေါင်းဆောင်ကုန်း… ခင်ဗျားက အတွေ့အကြုံကြွယ်ဝပြီး ဗဟုသုတရှိတာဆိုတော့ ဒီဂျူနီယာ မေးခွန်းတစ်ခုလောက် မေးလို့ရမလား…”
အခြားတစ်နေရာဆီ ကြည့်နေသော ကုန်းယွဲ့သည် ရန်ကိုင်မှ သူ့အား လှမ်းစကားပြောနေသည်ကိုကြားသော် ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေသည်။ “ငါ့ကိုယ်ငါတော့ ဗဟုသုတကြွယ်ဝတယ်လို့ မပြောရဲဘူး… အခြားသူတွေထက် နည်းနည်းလေး ပိုအသက်ရှင်လာရုံပါပဲ… ညီလေး ဘာသိချင်တာလဲ… ဒီကုန်းသိလို့ရှိရင် ပြန်ဖြေပေးမယ်လေ…”
ရန်ကိုင်က ပြုံးလျက် “ဒီလို မိသားစုခေါင်းဆောင်ကုန်းရဲ့… ကျုပ်မှာ မိတ်ဆွေတစ်ယောက်ရှိတယ်… အဲ့တစ်ယောက်က အချိန်အသီးကို ရထားတာ… ဒါပေမယ့် အချိန်အသီးကို ဘယ်လိုနည်းလမ်းသုံးပြီးစားရင် အဲ့အသီးရဲ့ အာနိသင်အပြည့်အဝကို ရနိုင်မလဲဆိုတာကို မသေချာလို့…”
“အချိန်အသီး…” ရန်ထိုက်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ ရန်ကိုင်အား မီးတောက်မတတ်အမူအယာဖြင့် စိုက်ကြည့်၍ “လူတစ်ယောက်ရဲ့သက်တမ်းကို ဆွဲဆန့်ပေးနိုင်တဲ့ အချိန်အသီးကိုပြောတာလား…”
“ဟုတ်တယ်…” ရန်ကိုင်ခေါင်းညိတ်လိုက်သည်။
ရန်ထိုက်၏မျက်လုံးများ ပို၍ပင် တောက်ပလာခဲ့သည်။ သူသည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးဖြစ်ပြီး ရှည်လျားသည့်သက်တမ်းကို ပိုင်ဆိုင်ထားပါသော်ငြား အချိန်၏တိုက်စားမှုဒဏ်ကိုတော့ ခုခံနိုင်ခြင်းမရှိချေ။ လက်ရှိရန်ထိုက်မှာ အတော်လေးကိုမှ အိုမင်းနေခဲ့လေပြီ။ သူ့တွင် ဆက်နေရန် အချိန်များများစားစား မကျန်ရစ်တော့။ လွန်ခဲ့သည့်နှစ်များအတွင်း ရန်ထိုက်သည် ဧကရာဇ်ဒုတိယအဆင့်သို့ရောက်အောင် ကြိုးပမ်းရမည့်အစား သူ့သက်တမ်းကိုဆွဲဆန့်နိုင်မည့် အရာများကိုသာ လိုက်လံရှာဖွေခဲ့လေသည်။ သူကြိုးစားခဲ့သည်မှာလည်း တကယ်ကို အကျိုးရှိခဲ့သည်ဟု ပြော၍ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ထိုက်၏သက်တမ်းမှာ သိသိသာသာကို ရှည်လျားလာခဲ့ရလေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် သူတတ်စွမ်းသမျှ နည်းလမ်းအားလုံးကိုသုံး၍ သူ့သက်တမ်းကို ဆွဲဆန့်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ပုံမှန်အရာမျိုးသည် သူ့သက်တမ်းအား ထပ်မံရှည်လျားအောင် မဆွဲဆန့်ပေးနိုင်တော့ချေ။ ယခုတစ်ကြိမ် တောင်ပိုင်းနွံအိုင်သို့ စွန့်စားပြီးလာရခြင်းမှာလည်း သူ့သက်တမ်းကို ဆွဲဆန့်ပေးနိုင်မည့် အဖိုးတန်ရတနာတစ်ခုအား တွေ့လို့တွေ့ငြား ရည်ရွယ်ချက်ဖြင့် ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူ၊ ဟွာယုလုနှင့်အခြားသူများမှာ ရှေးဟောင်းလိုဏ်ဂူစံအိမ်တွင် ဆုံစည်းခဲ့ရခြင်းဖြစ်သည်။
ထို့အတွက်ကြောင့် ရန်ကိုင်မှ အချိန်အသီးအကြောင်း ပြောလာသည်ကို ကြားသည့်အခါ ရန်ထိုက် စိတ်လှုပ်ရှားသွားရခြင်း ဖြစ်လေသည်။ သူကိုယ်တိုင်သည်လည်း အချိန်အသီးအကြောင်း ကြားဖူးပြီး အချိန်အသီးသည် သူ့အတွက် အလွန်အကျိုးရှိမှန်း သိသည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏ အချိန်အသီးအကြောင်းကို အလွန်ကိုမှ စိတ်ဝင်စားနေရခြင်းဖြစ်သည်။
“အချိန်အသီးက တကယ်ကို မဆိုးတဲ့အသီးတစ်လုံးပဲ…” ကုန်းယွဲ့က ပြုံးလိုက်သည်။ “ဒါပေမယ့် ညီလေး… မင်းမေးတာ လူမှားနေပြီနဲ့တူတယ်နော်… ငါက အစီအရင်တွေကို အထူးပြုတာလေ… ဆေးပင်တွေနဲ့ပတ်သက်ပြီးတော့ အဲ့လောက်ကျွမ်းတာမှမဟုတ်တာ… ဒီတော့ အချိန်အသီးအကြောင်းကို သိချင်တယ်ဆိုလို့ရှိရင်တော့ ငါ မင်းကို ဘာမှ ပြောပြတတ်မှာမဟုတ်ဘူး… ရှင်းရှင်းပြောရရင် ငါမင်းကို ပေးချင်တဲ့အကြံက ဆေးဝိဇ္ဇာတစ်ဦးကို သွားရှာပြီးတော့ အဲ့အချိန်အသီးကို ဆေးလုံးအဖြစ် ဖော်စပ်ခိုင်းလိုက်ဖို့ပဲ…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်လည်း အဲ့လိုမျိုးတော့ စဉ်းစားတာပဲ… ဒါပေမယ့် အချိန်အသီးကို ဆေးလုံးအဖြစ်ဖော်စပ်ဖို့က ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ယောက်ပဲ လုပ်နိုင်တာလေ… ဒါပေမယ့် ဧကရာဇ်အဆင့်ဆေးပညာရှင်ကို အကူအညီတောင်းဖို့ကြတော့လည်း…”
ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦးဆီမှ အကူအညီရယူရန် မည်မျှခက်ခဲမှန်းကို လူတိုင်းသိကြသည်။ မိမိတွင် လိုအပ်သည့် ဆေးအမယ်များနှင့် သင့်တင့်လျောက်ပတ်သည့် အခကြေးငွေများ ရှိနေမည်ဆိုလျှင်ပင် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး၏ ဝန်ဆောင်မှုကို ရရှိရန်အတွက် နှစ်နှင့်ချီကာ စောင့်ရပေသေးသည်။
ကုန်းယွဲ့က ပြုံးလျက် “ရောင်းရင်းရဲ့မိတ်ဆွေက အရမ်းကြီး အလျင်လိုမနေဘူးမလား…”
“သူက ငယ်ငယ်လေးပဲရှိသေးတယ်… ဒီတော့ အလျင်မလိုဘူး…” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။
“အဲ့ဒါဆို အဆင်ပြေပါတယ်…” ကုန်းယွဲ့ ဘာမှ ထပ်မပြောတော့ချေ။ သူ့ဘာသာသူ အခြားတစ်ဖက်သို့ ပြန်လှည့်သွားပြီး သူတို့လမ်းကို ပိတ်ဆို့နေသည့် အဆိပ်မြူခိုးကြီးကိုသာ လေ့လာကြည့်နေတော့လေသည်။