← Chapters

အခန်း (၂၉၁၁-၂၉၁၅)

Vol. 125 Ch. 2911-2915

အခန်း (၂၉၁၁-၂၉၁၅)

Vol. 125 Ch. 2911-2915

အပိုင်း (၂၉၁၁)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ထိုက်သည် အချိန်မြစ်အသီးအကြောင်းကို အလွန်ကိုမှ စိတ်ဝင်စားပေသည်။ ထို့ကြောင့် ရန်ကိုင်၏ မိတ်ဆွေအကြောင်းကို လှည့်ပတ်ကာ မေးမြန်းကြည့်ရန်အတွက် ကုန်းယွဲ့နားမှခွာကာ ရန်ကိုင်ဆီသို့ လျှောက်လာလေ၏။

ရန်ကိုင်ကမူ အမှန်အတိုင်း ပြောလိမ့်မည် မဟုတ်ချေ။ ခေါင်းစဉ်လေးကို မသိလိုက် မသိဘာသာ ပြောင်းလဲလိုက်ရာ ရန်ထိုက်မှာ စိတ်မဝင်စားတော့ဘဲ စိတ်ပျက်ပျက်ဖြင့်သာ ထွက်သွားရတော့လေ၏။

အကုန်လုံးမှာ ငြိမ်သက်စွာဖြင့် ညအချိန်ရောက်လာမည်ကို စောင့်ဆိုင်းနေကြသည်။

ဟွာယုလုသည် သူမ၏ ကောင်းကင်စိတ်အာရုံဖြင့် မည်သူမှမသိအောင် ရန်ကိုင်အား ဆက်သွယ်လိုက်လေသည် “တစ်ခုခု မှားယွင်းနေလို့လား”

နန်းတော်သခင်မတစ်ပါး ဖြစ်သလို အတန်ကြာအောင် အသက်ရှင်လာသူတစ်ဦးလည်း ဖြစ်သည့်အတွက်ကြောင့် ဟွာလုယုမှာ အတော်လေး အမြင်စူးရှသည်။ ရန်ကိုင်၏ ပုံစံမှတစ်ဆင့် တစ်ခုခု မှားယွင်းနေမှန်း သတိထားမိခဲ့လေသည်။

ရန်ကိုင်သည် ဟန်မပျက်အမူအရာဖြင့် ပြန်၍ ပြောလိုက်၏ “ရှေးဟောင်းလိုက်ဂူထဲကို ဝင်တာနဲ့ ကျုပ်နဲ့ ဆယ်မီတာအတွင်းမှာ ကပ်နေ”

ဟွာယုလု အံ့အားသင့်သွားပြီး ပြန်၍ မေးလိုက်၏ “တကယ်ကြီး ပြဿနာရှိနေတာလား”

ပြဿနာမရှိလျှင် ရန်ကိုင်မှ သူမအား ယခုကဲ့သို့ ပြောစရာအကြောင်းမရှိချေ။ သို့သော်ငြား သူမ မည်သို့ပင် စဉ်းစားစေကာမူ၊ မည်သည့်အရာသည် ပြဿနာမှန်း ဟွာယုလု မတွေးတတ်အောင် ဖြစ်နေခဲ့ရသည်။

ရန်ကိုင်က ပြန်၍ မေးလိုက်၏ “ဟိုးနှစ်တွေတုန်းက ဥတုလေးမျိုးနယ်မြေ ပွင့်သွားတဲ့ အကြောင်း ကြားတယ်မလား”

ဟွာယုလုက ပြန်ပြောလိုက်၏ “အင်း၊ ကြားလိုက်တယ်။ အဲ့ထဲမှာ စီနီယာအစ်ကိုရန် အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ခဲ့တာမလား”

ဥတုလေးမျိုးနယ်မြေသည် သာမန် ကမ္ဘာငယ်လေးတစ်ခုမဟုတ်ဘဲ အချိန်မြစ် မဟာဧကရာဇ်မှ ချန်ရစ်ခဲ့သည့် အမွေအနှစ်နယ်မြေတစ်ခု ဖြစ်သည်။ ဥတုလေးမျိုး နယ်မြေပွင့်တိုင်း တောင်ဘက်နယ်မြေမှ တာအိုသခင်အဆင့် ကျင့်ကြံသူပေါင်းများစွာ ထိုနေရာသို့ သွဦး၍ လေ့ကျင့်ကြလေသည်။

ဥတုလေးမျိုးနယ်မြေ နောက်ဆုံးအကြိမ် ပွင့်သွားသည်မှာ မကြာသေးချေ။ ထိုစဉ်က ရန်ကိုင်သည် ဥတုလေးမျိုးနယ်မြေထဲတွင် အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ခဲ့သည့် အတွက်ကြောင့် သူ့နာမည်သည် တောင်ဘက်နယ်မြေထဲ ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ရသည်။ တစ်ချိန်တည်းတွင် ဥတုလေးမျိုးနယ်မြေထဲမှ ပျောက်နေသည်မှာ ကြာပြီဖြစ်သော နတ်သားရဲ ချုန်းချီ ပေါ်လာသည့် အတွက်ကြောင့် ထိုစဉ်က ပွင့်သွားသည့် ဥတုလေးမျိုးနယ်မြေသည် တောင်ဘက်နယ်မြေကို အတော်လေး ဂယက် ရိုက်သွားစေခဲ့ပေသည်။

နတ်သားရဲချုန်းချီ ပေါ်လာသည့် ကိစ္စအပေါ် မည်သူမှ အေးအေးဆေးဆေး ထိုင်ကြည့်မနေနိုင်ကြချေ။ ချုန်းချီသည် ရက်စက်ကြမ်းကြုတ်မှုကြောင့် နာမည်ကျော်သည့် သားရဲတစ်ကောင် မဟုတ်ပေလော။ ထို့ကြောင့် လူများစွာမှာ ချုန်းချီသည် ဥတုလေးမျိုးနယ်မြေထဲမှ ထွက်လာပြီးနောက် လိုက်ပြဿနာရှာမည်ကို စိုးရိမ်ခဲ့ကြသည်။ သို့သော်ငြား အံ့အားသင့်ဖွယ်ကောင်းသည်မှာ ချုန်းချီသည် ပေါ်လာပြီးသည့် အချိန်မှစ၍ ယခုအချိန်အထိ သဲလွန်စမကျန် ပျောက်ကွယ်နေခြင်းပင်။ ထို့အတွက်ကြောင့် လူတော်တော်များများမှာ ချုန်းချီနှင့် ပက်သက်၍ သိပ်ကာ စိတ်ပူနေခြင်း မရှိတော့ချေ။

ဟွာယုလုသည် ရန်ကိုင် မည်မျှအားကောင်းကြောင်း မြင်တွေ့ခဲ့ရသလို ရန်ကိုင်သည် ရှေးဟောင်းလိုဏ်ဂူစံအိမ်ထဲသို့ သူမကို အဖော်ပြုကာ လိုက်ပေးမည့်လူ ဖြစ်သည့် အတွက်ကြောင့် ရန်ကိုင် အကြောင်းကို လိုက်လံ စုံစမ်းကြည့်ခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင် ဥတုလေးမျိုးနယ်မြေထဲ၌ ရန်ကိုင် ဘာလုပ်ခဲ့သလဲ ဆိုသည်ကို သိခဲ့ရခြင်း ဖြစ်လေသည်။

ဥတုလေးမျိုးနယ်မြေထဲသို့ ရန်ကိုင် ဝင်သွားစဉ်က သူသည် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သေပြီး သူမသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့ပါသော်ငြား လက်ရှိအချိန်တွင်တော့ ရန်ကိုင်သည် သူမနှင့် အဆင့်တူ ကျင့်ကြံသူတစ်ဦး ဖြစ်နေရုံမက သူမပင် အားကိုးနေရသည့်လူတစ်ဦး ဖြစ်နေလေပြီ။

ထိုကဲ့သို့သော ကွာခြားချက်ကြီးကို စဉ်းစားမိလိုက်တိုင်း ဟွာလုယု ဝမ်းသာရမှန်းမသိ၊ ဝမ်းနည်းရမှန်းမသိ ဖြစ်ရသည်။

“အဲ့ဥတုလေးမျိုးနယ်မြေထဲမှာ ကုန်းမိသားစုဝင် တစ်ယောက်နဲ့ ငါတွေ့ခဲ့တယ်။ အဲ့တုန်းက ငါတို့နှစ်ယောက် တစ်ယောက်ကို အချိန်အသီး တစ်လုံးစီ ရခဲ့တယ်” ရန်ကိုင်ကရှင်းပြလိုက်သည်။

ဟွာယုလုက အံ့အားသင့်နေဟန်ဖြင့် “ကောင်းလိုက်တဲ့ကံ”

ရန်ကိုင်က ပြုံးလျက် “အချိန်အသီးက လူ့သက်တမ်းကို ဆွဲဆန့်ပေးနိုင်တယ် ဆိုတာပဲ လူတွေသိကြတာ။ အချိန်အသီးက နှစ်လုံးတွဲ ရှိတယ်ဆိုတာကိုတော့ သိတဲ့လူ အရမ်း ရှားတယ်။ အချိန်အသီး နှစ်လုံးမှာ တစ်လုံးက လူသက်တမ်းကို ဆွဲဆန့်ပေးနိုင်တယ်။ ကျန်တဲ့တစ်လုံးက လူတစ်ယောက်ကို တစ်ခဏလေးအတွင်း အိုသွားစေနိုင်တယ်။ အဲ့အသီးနှစ်လုံးက အာနိသင်သာ ကွဲတာ၊ ပံဒစံကတော့ အတူတူပဲ”

“တကယ်ကြီးလား” ဟွာယုလု အတော်လေး အံ့အားသင့်သွားခဲ့သည်။ သူမသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား ဆေးပညာကို ကျွမ်းကျင်သည့် လူတော့မဟုတ်။ ရန်ကိုင်သည် အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည့် အတွက်ကြောင့် ဆေးပညာကို အဆင့်မြင့်မြင့် ကျွမ်းကျင်ထားသူ တစ်ဦး ဖြစ်ရပေလိမ့်မည်။

အချိန်အသီး အကြောင်းကိုပါ သေချာသိထားသူ တစ်ဦး ဖြစ်သည့်အတွက် သူ့အတွက် အကျိုးရှိမည့် သက်တမ်းကို ဆွဲဆန့်ပေးနိုင်သော အချိန်အသီးကိုသာ ရွေးခဲ့ပေလိမ့်မည်။ သို့သော်ငြား ကုန်းမိသားစုမှ လူမှာတော့ သက်တမ်းတိုစေသည့်အသီးကို ရွေးသွားပေလိမ့်မည်။ ယခုအချိန်လောက်ဆို ထိုလူ ဒုက္ခရောက်နေလောက်၏။

သို့ရာတွင် သေချာစဉ်းစားကြည့်မည်ဆိုပါက ထိုသို့ မဟုတ်လောက်ချေ။ ကုန်းမိသားစုသည် ဆေးပညာအကြောင်း မသိပါသော်ငြား အချိန်အသီးကဲ့သို့သော အဖိုးတန်သည့် အသီးတစ်လုံးကို ဆေးလုံးဖော်စပ်၍သာ သုံးစွဲပေလိမ့်မည်။ အချိန်အသီးကို ဆေးလုံးအဖြစ် ဖော်စပ်နိုင်သူဆို၍ ဧကရာဇ်အဆင့် ဆေးပညာရှင်သာ ရှိလောက်သည်။ ထိုသို့သာဆိုလျှင် ကုန်းမိသားစုသည်လည်း အချိန်အသီးနှင့် ပက်သက်သည့် သတင်းကို ရထားပြီးလောက်ပေပြီ။

သို့ရာတွင် ကုန်းယွဲ့ ပြောသွားသည့် ပုံကို ကြည့်ရလျှင်တော့...

ထိုအချက်ကို စဉ်းစားမိလိုက်သော် ဟွာယုလု ရန်ကိုင် ဘာကို သံသယ ဝင်နေသလဲ ဆိုသည်ကို ချက်ချင်း နားလည်သွားတော့လေသည်။

“အဲ့ဒါက ကျုပ်အထင်သက်သက်ပဲ ရှိသေးတယ်။ မိသားစုခေါင်းဆောင်ဟောင်းက အရင်တလောတုန်းက တံခါးပိတ်ကျင့်စဉ် ဝင်နေတာဆိုတော့ သူ့မိသားစုထဲမှာ ဘာတွေ ဖြစ်သွားလဲဆိုတာကို မသိတာလည်း ဖြစ်လောက်တယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သတိထားနေတာ အကောင်းဆုံးပဲ”

ဟွာယုလု ခေါင်းညိတ်လိုက်၏။ ထို့နောက် အခြားသူများ သူတို့အပေါ် အာရုံစိုက်လာမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ရန်ကိုင်နှင့် ကောင်းကင်စိတ်အာရုံမှ တစ်ဆင့် ဆက်သွယ်နေသည်ကို ရပ်လိုက်လေသည်။

ဟွာလုယုနှင့် စကားပြောရပ်ပြီးနောက်တွင် ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်အား တည်တည်ငြိမ်ငြိမ်ဖြင့် ဝေ့ကြည့်လိုက်သည်။ သူ့အထင်သာ မှန်မည်ဆိုလျှင် ကုန်းမိသားစု၏ ယခင်ခေါင်းဆောင်နှင့် ပက်သက်၍ ကျိန်းသေ တစ်ခုခု ပြဿနာ ရှိနေပေလိမ့်မည်။

ယနေ့ညတွင် လမသာခဲ့ချေ။ လကွယ်နေသည့် ညတစ်ည ဖြစ်သည့်အတွက်ကြောင့် ကောင်းကင်ထက်ရှိ ကြယ်များမှာ ယခင်ထက် ပိုမို တောက်ပနေသယောင် ထင်ရ၏။ သို့ရာတွင် တောင်ပိုင်းနွံ့အိုင်၌ ထိုသို့သော အလှတရားမျိုးကို ခံစား၍ မရနိုင်ချေ။ အကြောင်းမှာ တောင်ပိုင်းနွံအိုင်သည် တစ်နှစ်ပတ်လုံး အဆိပ်မြူခိုးများနှင့် လွှမ်းခြုံနေသည့် အတွက်ကြောင့်ပင်။

ညသန်းခေါင်းအချိန်သို့ ရောက်လာသည့်အခါ... တစ်ခုခုကြောင့် လူတိုင်း အသိဝင်လာကြပြီး အကုန်လုံး မျက်လုံးပြိုင်တူ ဖွင့်လိုက်ကြလေသည်။

ရှူး...

ရန်ထိုက်သည် ပါးစပ်ပေါ်လက်ညိုးတင်၍ အကုန်လုံးအား တိုးတိုးနေရန် သတိပေးလိုက်သည်။ ထို့နောက်တွင် သူ့အရှိန်အဝါကို ရုတ်သိမ်း၌ ကိုယ်ယောင်ပျောက် ပညာရပ်တစ်ခုကို ထုတ်သုံးလိုက်လေသည်။ ဟွာယုလုနှင့် အခြားသူများမှာလည်း ရန်ထိုက် လုပ်သည့်အတိုင်း လိုက်လုပ်ကြလေသည်။

အခြားသူများသည်လည်း သူတို့လုပ်သည့်အတိုင်း လိုက်လုပ်ကြသည်။

နွံအိုင်ထဲရှိရေသည် စတင်၍ ပူစီပေါင်း ပွက်လာခဲ့သည်။ မကြာမီ နွံအိုင်အတွင်းပိုင်းထဲမှ အသက်စွမ်းအင် အရိပ်အယောင်တို့ ထွက်ပေါ်လာလေ၏။ တစ်ခဏအကြာတွင် မီတာအနည်းငယ်ခန့် ရှည်လျားသော မီးကျောင်းလိုလို၊ ပုတ်သင်လိုလို မွန်းစတားသားရဲ တစ်ကောင် ပေါ်လာခဲ့လေသည်။

ထိုကောင်ကြီးတွင် လက်သည်းရှစ်ခုရှိပြီး ၎င်း၏ မျက်လုံးများမှာ ဖားမျက်လုံးကဲ့သို့ ပြူးထွက်နေခဲ့သည်။ ထို့အပြင် ဖွတ်များနှယ် ၎င်း၏လျှာကို တစ်လစ်တစ်လစ် ထုတ်ထားခဲ့သည်။ ၎င်းဆီမှ ထွက်ပေါ်နေသည့် အနံ့မှာလည်း အော့အန်ချင်စရာ ကောင်းလောက်အောင် ဆိုးရွားလှပေသည်။

ရန်ကိုင်တို့ အဖွဲ့ထဲရှိ အမျိုးသမီးနှစ်ဦးမှာတော့ ထိုမွန်းစတားသားရဲကြီးကို မြင်ပြီးနောက် အော့အန်ချင်သလို ဖြစ်သွားခဲ့ပါသော်ငြား ရန်ထိုက်မှာတော့ ထိုသားရဲကြီးအား စားကောင်းသောက်ဖွယ်ရာတစ်ခုကို ကြည့်နေသည့်နှယ် စိတ်ဝင်တစားဖြင့် ကြည့်နေလေ၏။

မကြာမီတွင် ထိုကဲ့သို့သော မွန်းစတားသားရဲများ နွံအိုင်ထဲမှ တစ်ကောင်ပြီးတစ်ကောင် အပေါ်သို့ တက်လာကြလေသည်။ အစပိုင်းတွင် အရေအတွက် နည်းပါသော်ငြား နောက်ပိုင်းတွင် တစ်ရာခန့် ရှိလာတော့၏။ ထို့နောက် နွံ့အိုင်တစ်ခုလုံး ထိုအကောင်များဖြင့် ပြည့်နှက်သွားတော့လေသည်။

ထိုကောင်များသည် မည်သို့သော မွန်းစတားသားရဲများမှန်း မည်သည့် ဧကရာဇ်အဆင့် ပညာရှင်မှ မသိကြ။ သို့ရာတွင် ထိုကောင်များမှ အတော်လေး အားနည်းကြသည်။ ပြင်ပလောကကြီးတွင်ဆိုပါက အဆင့်ငါး၊ အဆင့်ခြောက် မွန်းစတားသားရဲများနှင့်သာ ယှဉ်နိုင်ပေသည်။

ထိုကဲ့သို့သော မွန်းစတားသားရဲ အုပ်ကြီးကို ဤနေရာတွင် ရှိနေသည့် မည်သည့် ဧကရာဇ်အဆင့် ပညာရှင်မဆို လက်ဝါးတစ်ချက်ဖြင့် ဖျက်စီးပစ်နိုင်သည်။ ထို့ကြောင့် ဤမျှ အားနည်းလှသည့် မွန်းစတားသားရဲများ ဤတောင်းပိုင်းနွံအိုင်ထဲ မည်ကဲ့သို့ အသက်ရှင်နေနိုင်ကြလဲဆိုတာကို မည်သူမှ နားမလည်နိုင်ကြချေ။

မွန်းစတားသားရဲများစွာမှာ ကန်ပေါ်သို့ တက်လာကြပါသော်ငြား ကန်အောက်၌ အခြား မွန်းစတားသားရဲများ၏ အရှိန်အဝါများကို ထပ်မံ ခံစားရနေပေသေးသည်။ ကြည့်ရသလောက် ဤမွန်းစတားသားရဲများ၏ အားသာချက်မှာ ၎င်းတို့၏ များပြားလှသော အရေအတွက် ဖြစ်သည့်ပုံပင်။

မွန်းစတားသားရဲများ ကန်ပေါ်သို့ တက်လာရခြင်းမှာတော့ အခြားမဟုတ်၊ အဆိပ်မြူခိုးကြီးကို စားသောက်ရန်သာ ဖြစ်လေသည်။ ကန်ပေါ်သို့ တက်လာပြီးနောက်တွင် မွန်းစတားသားရဲများသည် အဆိပ်မြူခိုးဆီသို့ အပြေးသွားပြီး ၎င်းတို့၏ လျှာကြီးများကိုထုတ်ကာ အဆိပ်မြူခိုးများကို ဆွဲယူ စားသောက်လေ၏။ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးကိုပင် သတ်ပစ်နိုင်သော အဆိပ်မြူခိုးများသည် ထိုမွန်းစတားသားရဲများ၏ ဝမ်းဗိုက်ထဲသို့ လျောလျောရှူရှူ ဝင်သွားခဲ့ကြသည်။

ဤအဆိပ်မြူခိုးသည် အခြားလူများအတွက် အလွန်ကိုမှ အဆိပ်ပြင်းသည့် အဆိပ်တစ်မျိုး ဖြစ်ပါသော်ငြား ဤမွန်းစတားသားရဲများအတွက်မူ အရသာရှိလှသည့် အစားအစာတစ်မျိုး ဖြစ်နေခဲ့လေသည်။

မွန်းစတားသားရဲတစ်ကောင်သည် အဆိပ်မြူခိုး နည်းနည်းလောက်ကိုသာ စားသုံးနိုင်ပြီး အဆိပ်မြူခိုး မရှိတော့သည့်နေရာကို အခြားသော အဆိပ်မြူခိုးများက အစားထို ပြန်ဖြည့်လေသည်။ သို့သော်ငြား မွန်းစတားသားရဲ အရေအတွက်မှာ မရေမတွက်နိုင်အောင်ကို များပြားလွန်းလှသဖြင့် ထိုမွန်းစတားသားရဲပေါင်းများစွာမှာ ဝိုင်းအုံ စားသောက်နေသည့်အခါ အဆိပ်မြူခိုးများ‌ ပျောက်ကွယ်နေသည့်နှုန်းသည် ပြန်ပြည့်နေသည့်နှုန်းထက် ပိုမြန်နေတော့လေသည်။

မွန်းစတားသားရဲများမှ စားသောက်နေသည်နှင့်အမျှ၊ သူတို့ကိုပင်လျှင် ရှေးဆက်တိုးမရအောင် တားဆီးထားသော အဆိပ်မြူခိုး တဖြည်းဖြည်း ကျဲပါးလာသည်ကို ဧကရာဇ်အဆင့် ပညာရှင်များ တွေ့လိုက်ရသည်။ မွန်းစတားသားရဲများ ဖြတ်းသန်သွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသည့် အဆိပ်မြူခိုးများ ပျောက်ကွယ်သွားကား ဟာလာဟင်းလင်းဖြစ်ကာ ကျန်ခဲ့လေသည်။

ဤလောကကြီးမှာ အမှန်တကယ်ကိုမှ ဆန်းကြယ်လှသည်။ လူများစွာ မဖြစ်နိုင်ဘူးဟု ပြောနေသည့် အချို့အရာများသည် တကယ့်တကယ့်တွင်တော့ အမှန်တကယ်ကို ဖြစ်နိုင်ပေသည်။ ယခုကိစ္စကိုလည်း သူတို့ကိုယ်တိုင်သာ မမြင်ခဲ့ရလျှင် ဧကရာဇ် ဒုတိယအဆင့် ရှိသော လူတစ်ဦဂကို သတ်ပစ်နိုင်သည့် အဆိပ်မြူခိုးသည် အဆင့်ငါး၊ အဆင့်ခြောက်လောက်သာ ရှိသေးသော ထိုမွန်းစတားသားရဲများ၏ အစာ ဖြစ်နေသည်ဟူသော အချက်အပေါ် လုံးဝ ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။

ယခုကဲ့သို့ ဖြစ်လာမှသာလျှင် ရှေးဟောင်းလိုဏ်ဂူစံအိမ်မှာ‌ ပေါ်လာလေ့ရှိသည့် အတွက် သူတို့အနေဖြင့် ဤရှေးဟောင်းလိုဏ်ဂူစံအိမ်ကို ဤနေရာ၌ လာတွေ့သည်မှာ တကယ်ကို တိုက်ဆိုင်မှုတစ်ခု ဖြစ်ပေသည်။

တိုက်ဆိုင်သွားသည့် အတွက်ကြောင့်သာမဟုတ်လျှင် ဤရှေးဟောင်းလိုက်ဂူစံအိမ်အား မည်သူမှ မစူးစမ်းမရှာဖွေဘဲ နေလိမ့်မည် မဟုတ်ချေ။ ဤရှေးဟောင်းလိုဏ်ဂူစံအိမ်ကို ရှာတွေ့ဖို့ လွယ်ကူနေမည်ဆိုလျှင် ရှေးဟောင်းလိုဏ်ဂူစံအိမ်ထဲရှိ အဖိုးတန် ရတနာများကို အခြားသူများ ယူသွားလို့ ကုန်လောက်ပေပြီ။

ညအချိန်ဖြစ်သည့်အတွက် ပတ်ဝန်းကျင်မှာ မှောင်မိုက်နေပါသော်ငြား လူတိုင်းမှာ အားကောင်းသည့် ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်သည်နှင့်အညီ ပတ်ဝန်းကျင်ကို သေချာမြင်နိုင်ကြပေသည်။ သူတို့၏ လမ်းကို ပိတ်ကာဆီးထားသော အဆိပ်မြူခိုးများသည် မွန်းစတားသားရဲအုပ်ကြီး၏ စားသုံးမှုကြောင့် တဖြည်းဖြည်း ပါးလျလာနေခဲံသည်။

သို့သော်ငြား ရန်ထိုက်မှာ မလှုပ်ရှားသေးသည့်အတွက်ကြောင့် အခြားသူများလည်း မလုပ်ရှားသေးချေ။ အကုန်လုံးမှာ ငြိမ်သက်စွာ စောင့်နေကြလေ၏။

လေးနာရီခန့်ကြာအောင် စောင့်နေပြီးသည့်နောက်၊ နေ့ထွက်ချိန်သို့ ရောက်လာခါနီး၌၊ ရန်ထိုက်က အော်ပြောလိုက်၏ “သွားကြမယ်”

ကုန်းယွဲ့နှင့် ချန်ပင်းယုတို့မှာ အစောကြီးကတည်းက ပြင်ဆင်ထားကြလေရာ ရန်ထိုက်မှ အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ပြေးထွက်သွားကြလေသည်။ ဝူခွမ်းရီနှင့် ဖန်ကျိုးတို့မှာတော့ သူတို့နောက်မှ ပြေးလိုက်သွားကြ၏။

ရန်ကိုင်နှင့် ဟွာယုလုတို့သာ နောက်ဆုံးတွင် ကျန်ခဲ့ခြင်းပစ်သည်။ ရန်ကိုင်သည် ဟွာယုလုအား အသာရှေ့သို့ တွန်းပို့ပေးလိုက်ကာ သူကိုယ်တိုင်က နောက်ဆုံးမှနေ၍ လိုက်လာခဲ့လေသည်။

လူခုနှစ်ဦး လှုပ်ရှားလိုက်ကြသည်နှင့် တစ်ပြိုင်နက် သူတို့အား မြူခိုးများကို ဝါးမြိုနေသည့် မွန်းစတားသားရဲများ သတိထားမိသွားကြလေသည်။ တစ်ချိန်တည်းတွင် စူးစူးဝါးဝါး ထအော်ကြလေသည်။ ထို့နောက်တွင် မွန်းစတားသားရဲများသည် လေပေါ်သို့ ခုန်တက်၍ ၎င်းတို့၏ လျှာကြီးများဖြင့် ရန်ကိုင်တို့အား အောက်သို့ ဆွဲချရန် ကြိုးစားတော့လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၁၂)

ဘာသာပြန်သူ_တိမ်တိုက်

အဆင့် ငါး၊ ခြောက်လောက်သာ မွန်းစတားသားရဲများသည် ဧကရာဇ်အဆင့် ပညာရှင်များအား အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိဘဲ တိုက်ခိုက်ရန် ကြိုးစားကြ၏။ သို့သော်ငြား ကြီးမားလှသည့် ခွန်အားကွာခြားချက်ကြောင့် မွန်းစတားသားရဲများသာ တဖုန်းဖုန်း၊ တဒိုင်းဒိုင်းနှင့် ပေါက်ကွဲထွက်ကုန်ကြရကာ ပတ်ဝန်းကျင်တစ်ခုလုံး အသားစ၊ အသားန၊ သွေးများဖြင့် ပြည့်နှက်သွားခဲ့ရလေသည်။ သို့တိုင် မွန်းစတားသားရဲများမှာ ကြောက်ရွံ့သွားခြင်းမရှိဘဲ ပိုပို၍ပင် ကြမ်းကြုတ်လာကြလေ၏။

အချိန်တစ်ခုသို့ရောက်သော် မွန်းစတားသားရဲများ၏ အော်သံများသည် ရုတ်တရက် ဆိုသလို ရပ်တန့်သွားခဲ့ပြီး အသံပေါင်းများစွာ စုဝေးထားသည့် တစ်ခုတည်းသော အော်သံအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

ရှေ့မှ ဦးဆောင်သွားနေသည့် ရန်ထိုက်မှာ၊ ထိုအခြင်းအရာကို မြင်လိုက်သော် အော်ဟစ်သတိပေးလိုက်လေသည် “အခု ပြေးနိုင်သမျှ ပြေးပေတော့”

ဟွာယုလုနှင့် ဝူခွမ်းရီတို့မှာလည်း မျက်စိပျက်မျက်နှာပျက် ဖြစ်နေကြသည်။

အခြားလူများမှာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိ ဖြစ်နေစဉ်၊ ထူးဆန်းသည့် မြင်ကွင်းတစ်ရပ် သူတို့ရှေ့၌ ထွက်ပေါ်လာခဲ့လေသည်။

အော်သံပေါင်းများစွာသည် တစ်ခုတည်းသော အသံအဖြစ်သို့ စုဝေးသွားချိန်တွင် မွန်းစတားသားရဲများမှာလည်း တစ်ကောင်နှင့်တစ်ကောင် ပေါင်းစပ်သွားပြီး အကောင်ပေါင်းများစွာမှာ တစ်ကောင်တည်းအဖြစ်သို့ ပေါင်းစပ်သွားခဲ့ကြသည်။ တစ်ချိန်တည်းတွင် အားနည်းလှသည့် ၎င်းတို့၏ အရှိန်အဝါမှာလည်း အဆင့်ရှစ်၊ အဆင့်ကိုး မွန်းစတားသားရဲများ၏ အရှိန်အဝါကို ထုတ်လွှတ်လာကြလေသည်။

ရန်ကိုင်သည် မွန်းစတားသားရဲတစ်ကောင်ကို လက်ဝါးတစ်ချက်ဖြင့် ရှင်းထုတ်ပြီးနောက် အောက်သို့ ငုံ့ကြည့်လိုက်ရာ ပင့်သက်ရှိုက်သွားခဲ့ရသည်။

မွန်းစတားသားရဲများသည် အချင်းချင်း ပေါင်းစပ်၍ ပိုမို အားကောင်းသည့် မွန်းစတားသားရဲတစ်ကောင် အသွင်သို့ ပြောင်းလဲနေကြောင်း တွေ့လိုက်ရသည်။

မကြာမီ မီတောင်ပေါင်းများစွာ ရှည်လျားသော မွန်းစတားသားရဲတစ်ကောင် ရန်ကိုင် မြင်ကွင်းထဲ ပေါ်လာခဲ့လေသည်။ ထိုမွန်းစတားသားရဲ၏ ဦးခေါင်းထက်တွင် ချိုနှစ်ချောင်းရှိပြီး ခန္ဓာကိုယ်တစ်ခုလုံး အကြေးခွံများနှင့် ပြည့်နေကာ လက်သည်း ရှစ်ချောင်းကို ပိုင်ဆိုင်ထားသည်။ ထိုမွန်းစတားသားရဲ၏ ပံစံမှာ ရေနဂါးနှင့် တူပါသော်ငြား တကယ့် ရေနဂါးတစ်ကောင်တော့ မဟုတ်ချေ။ ထို့အပြင်၊ ထိုမွန်းစတားသားရဲသည် ယခင်ကကဲ့သို့ အဆင့်ငါး၊ အဆင့်ခြောက် မွန်းစတားသားရဲ တစ်ကောင် မဟုတ်တော့ဘဲ အဆင့်တစ်ဆယ် မွန်းစတားသားရဲ တစ်ကောင်၏ အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။

ထိုမွန်းစတားသားရဲများထက်ပင် အရွယ်အစား ပိုမို ကြီးမားသော မွန်းစတားသားရဲများဟာလည်း နွံအိုင်ထဲမှ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာနေကြလေသည်။

သူ့ဘေးပတ်ဝန်းကျင်တစ်ခုလုံး အဆင့်ဆယ်နှစ်၊ အဆင့်ဆစ်တစ်၊ အဆင့်တစ်ဆယ် မွန်းစတားသားရဲများဖြင့် ပြည့်နှက်လာနေသည်ကို ရန်ကိုင် မြင်တွေ့နေခဲ့ရသည်။

ရန်ကိုင်တို့ကဲ့သို့ ဧကရာဇ်အဆင့် ပညာရှင်များအတွက် ဘာဆိုဘာမှမဟုတ်သော အဆင့်ငါး၊ အဆင့်ခြောက် မွန်းစတားသားရဲများသည် ပိုမို အားကောင်းသည့် မွန်းစတားသားရဲများ အဖြစ်သို့ ပေါင်းစည်းသွားနိုင်နေကြသည်။ ထိုကောင်များ အသွင်ပြောင်းသည့် နှုန်းမှာလည်း တကယ်ကို ဩချစရာပင်။ ဤကဲ့သို့သော နေရာမျိုးတွင် အသက်ရှင်နေနိုင်သည့် ဤမွန်းစတားသားရဲများအား တကယ်ကို အထင်သေး၍ မရချေ။

တဝုန်းဝုန်း မြည်သံများနှင့်အတူ မွန်းစတားသားရဲများသည် ၎င်းတို့၏ ပိုင်နက်ထဲသို့ ကျူးကျော်လာသူများကို လိုက်လံတိုက်ခိုက်ကြသည်။ အနီးကပ်ဖမ်းမရ၍ လွတ်သွားခဲ့သည်ရှိသော် ရောင်စုံအဆိပ်ဘောလုံးများကို ထွေးထုတ်ကာ တိုက်ခိုက်ကြသည်။

ထိုအဆိပ်ဘောလုံးများမှ အစောပိုင်းက ထိုသတ္တဝါများ စားလိုက်သည့် အဆိပ်မြူခိုးမှ အဆိပ်များဖြစ်ကြောင်း ရန်ကိုင် ပြောနိုင်သည်။ ရန်ကိုင်သည် အဆင့်တစ်ဆယ့်နှစ် မွန်းစတားသားရဲများကို တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်နိုင်ပါသော်ငြား ထိုအဆိပ်ဘောလုံးများကိုတော့ အတော်လေး လန့်မိပေသည်။

အဆိပ်ဘောလုံးများ တိုးဝင်လာနေသည်ကို မြင်သော် ပညာရှင် ခြောက်ဦးစလုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး သူတို့၏ မှော်ရတနာအသီးသီးကို ထုတ်ကာ အလျင်အမြန် ခုခံလိုက်ကြလေသည်။

အခြားသူများနှင့် မတူသည်မှာ ရန်ကိုင်တွင် အကာအကွယ်မှော်ရတနာ မရှိချေ။ နဂါးနက်ပျံချပ်ကာ ရှိနေပါသော်ငြား ရန်ကိုင်သည် ထိုချပ်ကာကို နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးစဉ် သူ့တစ်ကိုယ်လုံး အဝတ်ဗလာ ဖြစ်မသွားရလေအောင် ကာကွယ်လိုသော ရည်ရွယ်ချက်ဖြင့် ဝယ်ထားခြင်းဖြစ်ပြီး အခြားသူများ၏ တိုက်ခိုက်မှုများကို ခုခံရန်အတွက် ဝယ်ထားခြင်းမဟုတ်ချေ။ ထို့ကြောင့် အဆိပ်ဘောလုံးများ သူ့ဆီသို့ တိုးဝင်လာနေသည်ကို မြင်သော် ဧကရာဇ်ချီကို သုံး၍သာ သူ့ကိုယ်သူ ကာကွယ်ထားလိုက်ရလေသည်။

ရန်ကိုင်တို့သည် အတူတကွ ပူးပေါင်း၍ အဆိပ်ဘောလုံးများကို ရှင်းထုတ်ပစ်နေခဲ့သည်။ အချို့သော အဆိပ်ဘောလုံးများသည် ရန်ကိုင်တို့ ရှင်းထုတ်နေသည့် ကြားကပင် အကာအကွယ် မှော်ရတနာများကို လာရောက် ထိမှန်ကြပေသေးသည်။ သို့သော်ငြား အကာအကွယ် မှော်ရတနာကိုတော့ ကျော်လွန်နိုင်ခြင်း မရှိခဲ့ချေ။ သို့တိုင် ထိုအဆိပ်ဘောလုံးများမှာ လူတိုင်းအား အလွန်ကိုမှ ကြောက်ရွံ့နေစေခဲ့လေသည်။

အဆိပ်ဘောလုံးများ၏ တိုက်ခိုက်မှုများကြောင့် ဧကရာဇ်အဆင့် မှော်ရတနာများမှာ ထိခိုက်သွားကြသည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်ကုန်ကြလေသည်။ ရန်ကိုင် ဖန်တီးထားသည့် ဧကရာဇ်ချီအကာအကွယ်မှာလည်း တိုက်စားခံရသည့်အတွက် ရန်ကိုင်မှာ ဧကရာဇ်ချီကို ထပ်မံ ဖြည့်သွင်းကာ အားဖြည့်ပေးလိုက်ရသည်။

ရန်ကိုင်တို့အဖွဲ့မှာ မွန်းစတားသားရဲများနှင့် အချိန်မဖြုန်းလိုသည့်အတွက် တောက်လျှောက်သာ ထွက်ပြေးနေခဲ့ကြသည်။

တောက်လျှောက် ထွက်ပြေးလာပြီးသည့်နောက် အဆုံးတွင် ခြောက်သွေ့သည့် မြေပြင်တစ်ခုသို့ ရောက်လာခဲ့လေသည်။ ထိုနေရာသို့ ရောက်လာပြီးနောက် မည်သည့် အဆိပ်မြူခိုးကိုမှ မတွေ့ရသလို သူတို့နောက်သို့ လိုက်လာနေကြသည့် မွန်းစတား သားရဲများမှာလည်း ရှေ့ဆက်တိုးမလာရဲတော့သည့်အလား နွံအိုင်အစပ်တွင် ရပ်လိုက်ကြလေသည်။

“ဒီနေရာကို ရောက်ပြီဆိုတော့ အားလုံး အဆင်ပြေသွားပြီ” ရန်ထိုက်က စိတ်သက်သာရာ ရသွားဟန်ဖြင့် ရယ်မောလျက် ပြောလိုက်သည်။ ထို့နောက် မွန်းစတားသားရဲများကို လက်ညိုးထိုး၍ “အဲ့ကောင်ကို ဒီနေရာဆီ မလာရဲဘူး။ ဘာလို့လဲဆိုတာကိုတော့ ငါလည်း မသိဘူး”

မွန်းစတားသားရဲများသည် နွံအိုင်အစပ်တွင် တစ်ခဏမျှ တဝဲလည်လည် လုပ်နေပြီးနောက် ပြန်ထွက်သွားကြလေသည်။ တစ်ချိန်တည်းတွင် အားကောင်းလှသည့် မွန်းစတားသားရဲကြီးများသည် အဆင့်ငါး၊ အဆင့်ခြောက် မွန်းစတားသားရဲများ အဖြစ်သို့ ပြန်လည် ကွဲထွက်သွားကြလေသည်။

အန္တရာယ်ဇုံကို ဖြတ်ကျော်လာပြီးနောက်တွင် လူတိုင်းသည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးကြည့်ကြတော့သည်။

သူတို့ ရောက်နေသည့်နေရာမှ တောင်ပိုင်းနွံအိုင်ထဲရှိ အခြားနေရာများကဲ့သို့ သစ်ပင်ချုံနွယ်များဖြင့် ပြည့်နှက်နေခြင်းမရှိဘဲ လွင်တီးခေါင်ပြင် ဖြစ်နေကာ အတော်လေးကိုမှ ထူးဆန်းသည့် နေရာတစ်ခု ဖြစ်နေသည်။ မသိလျှင် ဤကုန်းမြေသည် တောင်ပိုင်းနွံအိုင်ထဲတွင် ရှိနေသည့် ကျွန်းတစ်ကျွန်းနှင့် တူနေပေသေးသည်။

ကုန်းမြေအရွယ်အစားမှာတော့ သိပ်၍ ကြီးမားခြင်းမရှိဘဲ ကျွန်းတစ်ကျွန်းလုံးကို အစောပိုင်းက သူတို့ ကျော်ဖြတ်လာခဲ့သော အဆိပ်မြူခိုးများမှ ဝိုင်းရံထားခဲ့သည်။

ရန်ထိုက်က အလေးအနက် အမူအရာဖြင့် ပြောလိုက်၏ “ရှေးဟောင်းလိုဏ်ဂူစံအိမ်က ဒီမှာ ရှိနေတာ”

ဝူခွမ်းရီကလည်း စိတ်လှုပ်ရှားနေသည့် လေသံဖြင့် “အရင်းတစ်ခေါက်တုန်းက ဟိုအစီအရင်ကြောင့် ရှေ့ဆက်သွားလို့ မရလိုက်ဘူး။ ဒါပေမယ့် အခုတစ်ကြိမ်ကတော့ ငါတို့မှာ မိသားစုခေါင်းဆောင်ကုန်းပါ ပါလာတာဆိုတော့ အဲ့အစီအရင်ကို ဖျက်စီးဖို့ ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး”

ကုန်းယွဲ့က ပြုံးလျက် “ဒီလူအိုကြီး အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်”

“အဲ့ဒါဆို မိသားစုခေါင်းဆောင်ကုန်းကို ဒီဝူ ကြိုပြီး ကျေးဇူးတင်ရတာပေါ့” ဝူခွမ်းရီက လက်သီးဆုပ်၍ ပြောလိုက်လေသည် “ရှေးဟောင်းလိုဏ်ဂူစံအိမ်ကို ဝင်သွားတာနဲ့ မင်းတို့တွေ ဘယ်ပစ္စည်းကိုမှ မဆင်မခြင် လျှောက်မထိကြနဲ့နော်။ အကုန်လုံး မိသားစုခေါင်းကောင်ကုန်း ပြောတဲ့အတိုင်းပဲ လိုက်လုပ်ကြ။ အဲ့ထဲမှာ အကောင်းအတိုင်း ရှိနေသေးတဲ့ အစီအရင်တွေ၊ ထောင်ချောက်တွေ အများကြီးပဲ။ တစ်ချက်မှားသွားတာနဲ့ အသက်ပါသွားနိုင်တယ်”

ထိုသို့ ပြောနေရင်း မသိလိုက်မသိဘာသာနဲ့ ဝူခွမ်းရီ၏ အကြည့်သည် ရန်ကိုင်ဆီသို့ ရောက်လာခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်ကမူ သူပြောသည်ကို မကြားဘဲ အခြားကိစ္စတစ်ခုဆီ အာရုံရောက်နေသည့် အတွက်ကြောင့် ဝူခွမ်းရီ၏ မျက်နှာကြီး မှုန်ကုတ်ကုတ် ဖြစ်သွားခဲ့ရလေသည်။

“ဒီမှာ ရှိနေတဲ့လူတွေ အကုန်လုံးက လူကြီးတွေပဲဆိုတော့ ဘာလုပ်ရမလဲ ပြောနေစရာ လိုမယ်မထင်ဘူး။ ကဲ ဆက်သွားကြတာပေါ့” ထိုသို့ပြောပြီးနောက်တွင် ရန်ထိုက်သည် ရှေ့မှ ဦးဆောင်သွားလေ၏။

သွားသည့် လူပုံစံမှာတော့ ပြောင်းလဲခြင်းမရှိ။ ရန်ထိုက်တို့သည့် ရှေ့ဆုံးမှ သွားနေပြီး ရန်ကိုင်တို့သည် နောက်ဆုံးမှ လိုက်လာကြသည်။

“စီနီယာအစ်ကိုရန်၊ အဖိုးတန် ရတနာတစ်ခုခုတွေ့ရင် ယူသာယူ၊ မယူနိုင်ဘူး ဆိုရင်တော့လည်း အဲ့လောက်ကြီးလည်း စိတ်ဓါတ်မကျနဲ့၊ အတွေ့အကြုံ တစ်ခုလို့ပဲ မှတ်ယူလိုက်” ဟွာယုလုက တိုးတိုးလေး ပြောလိုက်သည်။

“အင်း” ရန်ကိုင်က စိတ်မပါသည့် လေသံမျိုးဖြင့် ပြန်ပြောသည်။ သူ့အာရုံသည် အခြားတစ်နေရာသို့ ရောက်နေသည့်အလား။

ရန်ကိုင်၏ ပုံစံကြောင့် ဟွာယုလု စိတ်ပူသွားခဲ့ရလေသည်။ ယခင်တစ်ခေါက် သူတို့ ကြုံခဲ့ရသည့် အစီအရင်နောက်ကွယ်တွင် မည်သို့သော အန္တရာယ်မျိုး ရှိနေသလဲ ဆိုသည်ကို မည်သူမှ မပြောနိုင်ကြချေ။ အန္တရာယ်တစ်ခုခုသာ ရှိနေခဲ့မည်ဆိုလျှင် ရန်ကိုင်၏ ယခုပုံစံမျိုးဖြင့် သူမတို့ ဒုက္ခတွေ့ရနိုင်ပေသည်။ ဟွာယုလုမှာ ရန်ကိုင်အား သတိပေးလိုက်ချင်ပါသော်ငြား မည်သို့ သတိပေးလို့ပေးရမှန်းမသိ ဖြစ်နေသဖြင့် သူမဘာသာသူမသာ သတိထားနေလိုက်တော့လေသည်။

ရန်ကိုင်မှာ ဤကျွန်းပေါ်သို့ ရောက်ပြီးသည့် အချိန်မှစ၍ စိတ်နှင့်ကိုယ် မကပ် ဖြစ်သွားခဲ့ရသည်။ အကြောင်းမှာ ကျွန်းပေါ်ရှိ တစ်ခုခုသည် သူ့အား ဆက်သွယ်ရန် ကြိုးစားနေသည့်အလား၊ ထူးဆန်းသည့် ခံစားချက်ကို အဆက်မပြတ် ရနေသည့် အတွက်ကြောင့်ပင်။ ထိုထူးဆန်းသည့် ခံစားချက်ကို သေချာလိုက်လံ ရှာဖွေကြည့်လိုက်သည့် အခါတွင်မူ ဘာကိုမှ မတွေ့ရချေ။ ထို့အတွက်ကြောင့် ထိုခံစားချက် မည်သည့်နေရာမှ လာလို့လာနေမှန်း ရန်ကိုင် လုံးဝ မပြောနိုင်ချေ။

ထိုအဖြစ်အပျက်သည် ရန်ကိုင်အား လုံးဝကို ဇဝေဇဝါ ဖြစ်သွားစေခဲ့လေသည်။ ရန်ကိုင်မှ ထိုခံစားချက် မည်သည့်နေရာမှ လာသလဲဆိုသည်ကို အဖြေရှာနေစဉ် ဝူခွမ်းရီနှင့် ဟွာယုလုမှာ သူ့အား စကားပြောရန် ကြိုးစားခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ ထိုနှစ်ဦးအမြင်တွင် စိတ်နှင့်ကိုယ် မကပ်သလို ဖြစ်နေရခြင်းပင်။

ကျွန်းမှာ သိပ်မကြီးလှသည့်အတွက်ကြောင့် ရန်ကိုင်တို့အဖွဲ့မှာ ကျွန်းပေါ်သို့ ရောက်ပြီး မကြာခင်မှာပင် အရွယ်အစား မတူညီသည့် ကျောက်တိုင်များ စီထားသော နေရာဆီသို့ ရောက်လာကြလေသည်။ ကျောက်တိုင်များထက်တွင် ရေညှိများ ပေါက်နေကြပြီး အချိန်တိုက်စားမှုကြောင့် ကျောက်သားများမှာလည်း ပဲ့ကြွေကျနေခဲ့သည်။ ကျောက်တိုင်များကို စီတန်းထားပုံမှာ သေချာလေ့လာကြည့်မည်ဆိုလျှင် ပုံစံတစ်မျိုးဖြင့် ရှိနေကြောင်း တွေ့နိုင်ပေလိမ့်မည်။

သေချာလေ့လာကြည့်ပြီးနောက်တွင် ကျောက်တိုင်များများ ဖြည်းဖြည်းချင်း ရွေ့လျားနေကြသည်ကို ရန်ကိုင်တို့ အဖွဲ့သားများ တွေ့ရှိလိုက်ရသည်။

ရွေ့လျားနေသည့် ကျောက်တိုင်များကိုကြည့်ရင်း ဤကျောက်တုံး တောအုပ်နှင့် ပက်သက်၍ တစ်ခုခု မှားယွင်းနေမှန်း လူတိုင်း သိသွားကြသည်။

ဤနေရာသည် ရှေးခေတ်ကလူများ အသုံးပြုခဲ့သည့် အခြားတစ်နေရာသို့ ဦးတည်နေ‌သော ဝင်ပေါက်တစ်ခု ဖြစ်လောက်ပေသည်။ ဧကရာဇ်အဆင့်သို့ ရောက်နေသည့် ပညာရှင်များပင်လျှင် သေချာ မစစ်ဆေးကြည့်ပါက သတိထားမိလိမ့်မည် မဟုတ်ချေ။

“ငါ့နောက်လိုက်ခဲ့” ရန်ထိုက်သည် ရှေ့ဆုံးမှုနေရင်း အော်ပြောလိုက်သည်။ ထို့နောက် အခြားသူများ ပြန်ပြောမည်ကိုပင် စောင့်မနေတော့ဘဲ ကျောက်တုံးတောအုပ် အလယ် တည့်တည့်သို့ လျှောက်သွားလိုက်လေသည်။

ရန်ထိုက်သည် အားလုံး၏ အကြည့်အောက်မှာပင် မမြင်နိုင်သည့် နံရံတစ်ခုကို ဖြတ်ကျော်သွားသည့်အလား သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

“စိတ်ဝင်စားစရာပဲ” ကုန်းယွဲ့သည် ထိုမြင်ကွင်းကို စိတ်ဝင်တစားဖြင့် ကြည့်ရင်း သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်နေခဲ့သည်။ ထို့နောက်တွင် တစ်ခုခုအား ရှာတွေ့သွားသည့်အလား သူ့မျက်လုံးများ တောက်ပသွားခဲ့လေ၏။ သို့သော်ငြား အခြားလူများအား ဘာမှ ရှင်းပြမနေဘဲ ရန်ထိုက်နောက်သို့ လိုက်သွားလေ၏။

တစ်ခဏကြာပြီးနောက်တွင် ကုန်းယွဲ့လည်း ပျောက်ကွယ်သွားခဲ့လေသည်။

ထို့နောက် ဖန်ကျိုးနှင့် ဝူခွမ်းရီတို့လည်း လိုက်ဝင်သွားလေ၏။

ဟွာယုလု အလှည့်သို့ရောက်သော် ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်၏ “စီနီယာအစ်ကိုရန်၊ သူတို့နောက်ကို လိုက်သွားကြရအောင်”

ရန်ကိုင်က ပြုံးလျက် “ကျုပ်ခင်ဗျားနောက်ကနေ လိုက်လာခဲ့မယ်”

ထိုအခါမှသာ ဟွာယုလု စိတ်အေးသွားနိုင်ခဲ့လေသည်။

သူကိုယ်တိုင် ကျောက်တုံးတောအုပ်အလယ်သို့ လျှောက်သွားသည့်အခါတွင်၊ ဟင်းလင်းပြင်တစ်ခုထဲသို့ ဖြတ်ကျော်လိုက်ရသလို ခံစားလိုက်ရပြီး အခြားတစ်နေရာသို့ ရောက်သွားသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ကြည့်ရသလောက် ကျောက်တုံးတောအုပ်သည် ဟင်းလင်းပြင်အစီအရင်တစ်ခုနှင့် ဆင်တူသည့်ပုံပင်။

ဦးစွာဝင်လာသည့် လူများမှာတော့ ကျောက်လိုဏ်ဂူတစ်ခုထဲတွင် စုဝေးနေကြသည်။ ကျောက်လိုဏ်ဂူမှာ မီတာပေါင်းများစွာ ကျယ်ဝန်းပြီး အနံ့အသက်တော့ သိပ်မကောင်းလှချေ။ ညလင်းကျောက်များကြောင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံး ပိတ်လှောင်နေသည့်တိုင် မှောင်မိုက်နေခြင်းတော့မရှိ။

သို့ရာတွင် နှစ်ပေါင်းများစွာ ကြာသွားသည့်အတွက်ကြောင့် ညလင်းကျောက်များမှာ လင်းနေသေးပါသော်ငြား ယခင်ကလောက် အလင်းရောင်သိပ်မရတော့ဘဲ ငြိမ်းခါနီး ဖယောင်းတိုင်များပမာ ဖြစ်နေကြလေသည်။

ကျောက်လိုဏ်ဂူထဲ ဘာဆိုဘာမှမရှိ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဗလာကျင်းနေခဲ့သည်။

“ဒါ ငါတို့အရင်ရောက်လာတဲ့နေရာမဟုတ်ဘူးဟ” ရန်ထိုက်သည် ခေါင်းကုတ်ရင်းမှ ကသိကအောက် အမူအရာဖြင့် ပြောလိုက်သည်။

ဝူခွမ်းရီနှင့် ဟွာယုလုတို့လည်း ခေါင်းညိတ်လိုက်ကြသည်။ ဤနေရာသည် ယခင်တစ်ကြိမ် သူတို့ ကျောက်တုံးတောအုပ်ကို ဖြတ်လာပြီးနောက် ရောက်လာသည့် နေရာ မဟုတ်ချေ။

ကုန်းယွဲ့က ပြုံးလျက် “ကျောက်တုံးတောအုပ်က ဒီနေရာဆီ ဦးတည်နေတဲ့ ဝင်ပေါက်ကို ထိန်းချုပ်နေတဲ့ အစီအရင်တစ်မျိုးပဲ။ ငါတို့က အဲ့ဒါကို မထိန်းချုပ်နိုင်တော့ ကြုံရာ နေရာဆီ ရောက်လာကြရတာ။ ဒါပေမယ့် ဒီနေရာတစ်ခုလုံးက လိုဏ်ဂူစံအိမ်ထဲမှာပဲ ဆိုတော့ ငါတို့သာ ဆက်သွားကြည့်မယ်ဆို မင်တို့ အရင်တစ်ခါ ရောက်ခဲ့တဲ့နေရာကို ကျိန်းသေ ပြန်ရောက်လိမ့်မယ်”

ထိုစကားကို ကြားသည့်အခါ ရန်ထိုက်၏ မျက်လုံးများ တောက်ပသွားလေ၏ “ရောင်းရင်းကုန်း‌ ပြောတာအမှန်ပဲ။ သွားကြရအောင်”

ထိုသို့ ပြောပြီးနောက်တွင် ရန်ကိုင်သည် ထုံးစံအတိုင်း ရှေ့မှ ဦးဆောင်သွားလေသည်။

ကျောက်လိုဏ်ဂူကို ဖြတ်ကျော်လာပြီးနောက်တွင် ကျဉ်းမြောင်းသည့် လိုဏ်ခေါင်းတစ်ခုဆီသို့ ရောက်လာကြသည်။ လိုဏ်ခေါင်း ဘေးတစ်ဖက်တစ်ချပ်စီတွင်တော့ ညလင်းကျောက်များကို ထွန်းညှိထားသဖြင့် လိုဏ်ခေါင်းမှာ လုံးဝ မှောင်မိုက်နေခြင်းမရှိဘဲ အလင်းရောင် မှိန်မှိန်လေး ရနေခဲ့၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၁၃)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ထိုက်၏လက်ထဲတွင် လူတစ်ဦး၏ မျက်နှာ အရွယ်အစားခန့်ရှိသော ကြေးမုံတစ်ချပ် ပေါ်လာခဲ့သည်။ ထို့နောက်တွင် ရန်ထိုက်မှ လက်ကွက်များကို ဖန်တီး၍ ဧကရာဇ်ချီအချို့ကို ကြေးမုံထဲသို့ ထည့်သွင်းလိုက်ရာ ကြေးမုံသည် တလက်လက်တောက်ပလာပြီး ၎င်းဆီမှ အလင်းရောင်တို့ ဖြာထွက်လာခဲ့လေသည်။

ထိုအလင်းရောင် အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားချိန် အရာရာမှာ ရှင်းလင်းလာခဲ့ရသည်။ ကြေးမုံမှထွက်ပေါ်လာသည့် အလင်းရောင်သည် ပုံရိပ်ယောင်နှင့် အစစ်အမှန်အား ခွဲခြားနိုင်စွမ်း ရှိသည့်ပုံပင်။

ကြေးမုံ၏အကူအညီဖြင့် ရန်ကိုင်တို့သည် ရှေ့သို့ ဆက်၍လျှောက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် ကျောက်တုံးခန်းအချို့နှင့် တွေ့ခဲ့ရပါသော်ငြား ထိုကျောက်တုံးခန်းများထဲ မည်သည့်အဖိုးတန်သည့် အရာမှ ရှိမနေခဲ့ပေ။ မည်သည့်အန္တရာယ်နှင့်မှလည်း ကြုံတွေ့ခဲ့ရခြင်းမရှိ။ လမ်းကြောင်းတစ်လျှောက်လုံးမှာ လုံးဝကို လုံခြုံနေခဲ့သည်။

သို့သော်ငြား ရန်ထိုက်ကိုကြည့်ရသလောက်တော့ လမ်းပျောက်နေသည့်ပုံပင်။ ယခင်တစ်ကြိမ် သူတို့လာခဲ့သောလမ်းကို ပြန်ရှာမတွေ့ခဲ့ပေ။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရှေ့မှဦးဆောင်သွားနေသည့်ရန်ထိုက် ရုတ်တရက် ရပ်သွားခဲ့သည်။ ထိုအချင်းအရာကိုမြင်သော် အခြားသူများလည်း ရပ်တန့်လိုက်ကြလေသည်။

“ဘာဖြစ်လို့လဲ…” ဝူခွမ်းရီက မေးလိုက်သည်။

ရန်ထိုက်က ပြန်ပြောလိုက်၏။ “ဒီမှာ အကာအရံတစ်ခု ရှိနေတယ်… ငါတစ်ချက်ကြည့်ကြည့်လိုက်ဦးမယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လက်ထဲတွင်ရှိနေသော ကြေးမုံဖြင့် အကာအရံရှိနေသည့်နေရာဆီသို့ ချိန်ရွယ်လိုက်ရာ ကြေးမုံဆီမှ ထွက်ပေါ်နေသည့် အလင်းရောင် ဖြတ်သန်းသွားသည့်နောက်တွင် အကာအရံရှိနေသည့်နေရာရှိ ဟင်းလင်းပြင်မှာ စတင်၍ တွန့်လိမ်လာကြောင်း တွေ့လိုက်ရဿည်။ သို့သော်ငြား ကြည်လင်ပြတ်သားနေခြင်းတော့ မရှိသေးပေ။

ရန်ထိုက်မှ ကြေးမုံထဲသို့ ပိုမိုများပြားသော ဧကရာဇ်ချီများကို ထည့်သွင်းလိုက်သည့်အခိုက် သူတို့ရှေ့ရှိအရာရာမှာ ရှင်းလင်းလာခဲ့ရလေသည်။ ရန်ထိုက်မှ အကာအရံတစ်ခု ရှိနေသည်ဟု ပြောသည့်နေရာတွင် အရွယ်အစားအမျိုးမျိုးရှိသော စွမ်းအင်စီးကြောင်းများသည် ရှုပ်ထွေးသည့်လမ်းကြောင်းအတိုင်း လှည့်ပတ်ကာ အကာအရံတစ်ခု ဖြစ်ပေါ်နေသည်ကို လူတိုင်း မြင်တွေ့လိုက်ရလေသည်။

ထိုအကာအရံကို သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ သို့သော်ငြား ကြေးမုံဆီမှ ဖြာထွက်လာနေသည့် အလင်းကြောင့် ထိုအကာအရံကို လူတိုင်း မြင်တွေ့နိုင်ခဲ့ရသည်။

ထိုအကာအရံကို မြင်လိုက်သည့်အခိုက် ဝူခွမ်းရီသည် ချက်ချင်းပဲ ကုန်းယွဲ့ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။

သူတို့လမ်းကို ရှေးဟောင်းအကာအရံတစ်ခုမှ တားဆီးနေသည့်အတွက်ကြောင့် ကုန်းမိသားစု၏ ယခင်မိသားစုခေါင်းဆောင်၏ အကူအညီကို လိုအပ်လာခဲ့လေပြီ။ ဤနေရာတွင် ကုန်းမိသားစု၏ ယခင်မိသားစုခေါင်းဆောင်သည် အကာအရံများအကြောင်းကို အကောင်းဆုံးနားလည်သည့်လူတစ်ဦး ဖြစ်လေသည်။

သို့ရာတွင် ကုန်းယွဲ့မှာ တစ်ချက်ကလေးမှပင် ဝင်ကူညီပေးခြင်းမရှိဘဲ ပြုံး၍သာ ရပ်နေသည့်အတွက်ကြောင့် လူတိုင်းမှာ အံ့အားသင့်သွားခဲ့ရလေသည်။

ဝူခွမ်းရီက မေးတော့မည်အပြု ရန်ထိုက်က ရုတ်တရက်ပြောလိုက်လေသည်။ “ဒီအကာအရံလေးက ဘာမှသိပ်မဟုတ်ဘူး… ရောင်းရင်းကုန်းကိုသွားပြီး အလုပ်ရှုပ်ခိုင်းမနေနဲ့… ငါတို့ဘာသာငါတို့ ဖျက်ဆီးပစ်လိုက်လို့ရတယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် အကာအရံအား သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

ရန်ထိုက်၏ လုပ်ရပ်ကြောင့် အကုန်လုံး အံ့အားသင့်သွားကြပြီး သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရန်အတွက် ဧကရာဇ်ချီကို အလျင်စလို လှည့်ပတ်လိုက်ကြသည်။

တကယ်တော့ ဤအကာအရံသည် မည်ကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသလဲဆိုသည်အား မည်သူမှ မသိကြချေ။ ဤကဲ့သို့သောအစီအရင်မျိုးကို မဆင်မခြင် တိုက်ခိုက်လိုက်ခြင်းသည် အန္တရာယ်များသည့်အကျိုးဆက်များကို ဖြစ်လာစေနိုင်ပေသည်။ ထို့အတွက်ကြောင့် ရန်ထိုက်၏လုပ်ရပ်မှာ အလွန်ကိုမှ စွန့်စားသည်ဟု ပြော၍ရသည်။ သို့သော်ငြား ကုန်းယွဲ့ကိုယ်တိုင်က ဘာမှမပြောဘဲ ရပ်ကြည့်နေသည်ကိုမြင်သော် သူတို့စိတ်ထဲ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ကြလေသည်။

“ဘုန်း” ဟူသော မြည်သံနှင့်အတူ အကာအရံရှိနေသည့်နေရာဆီမှ အလင်းများ တလက်လက်တောက်ပလာခဲ့လေသည်။ ထို့နောက်တွင် ထိုနေရာဆီမှ အရိုးခေါင်းများစွာ ထွက်ပေါ်လာခဲ့လေ၏။ ထိုအရိုးခေါင်းများမှာ လူသားများ၏ အရိုးခေါင်းများမဟုတ်ကြ။ ထို့အစား ထူးဆန်းသည့်မွန်းစတားသားရဲများ၏ အရိုးခေါင်းများသာ ဖြစ်ကြလေသည်။ ထို့အပြင် အလွန်တရာကိုမှ ကြမ်းကြုတ်ခက်ထန်လှသည့် အရှိန်အဝါတို့မှာလည်း အရိုးခေါင်းများဆီမှ ဖြာထွက်နေလေ၏။

အရိုးခေါင်းများသည် ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် ရန်ထိုက်အား ၎င်းတို့၏ပါးစပ်ကျယ်ကြီးများကို ဟလျက် ကိုက်ချလိုက်လေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ထိုက်မှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။ ယခုမှသာလျှင် ဤရှေးဟောင်းအကာအရံ၏ စွမ်းအားကို အထင်သေးမိသွားမှန်း နားလည်သွားခဲ့ရသည်။ သို့ရာတွင် ရန်ထိုက်၏တုံ့ပြန်မှုမှာ နှေးကွေးနေခဲ့ခြင်းမရှိချေ။ သူ့ကိုယ်ထဲရှိ ဧကရာဇ်ချီများ အရူးအမူး လည်ပတ်လာခဲ့ပြီး မန္တန်တစ်ခုကိုရွတ်ဆိုကာ သူ့ရှေ့တည့်တည့်သို့ ချိန်ရွယ်လိုက်လေသည်။

ဧကရာဇ်ချီဖြင့် ဖွဲ့စည်းထားသော ရွှေရောင်စာလုံးတစ်လုံးသည် ရန်ထိုက်၏လက်ချောင်းများမှ ပျံသန်းထွက်လာခဲ့သည်။ အကုန်လုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည့်အတွက်ကြောင့် ထိုရွှေရောင်စာလုံး မည်သို့မည်ပုံ ရှိသလဲဆိုသည်ကို မည်သူမျှ မမြင်လိုက်ကြရချေ။

ရန်ကိုင်တစ်ယောက်သည်သာ ထိတ်လန့်တုန်လှုပ်နေသည့်အမူအယာဖြင့် ရှိနေလေ၏။

ရန်ထိုက်ထုတ်သုံးသွားသည့် ရွှေရောင်စာလုံးသည် တစ်ခဏလေးသာ ပေါ်လာခဲ့ပါသော်ငြား ရန်ကိုင်ကတော့ အနည်းအကျဉ်း မြင်လိုက်ရပေသေးသည်။

ထိုစာလုံးသည် ပုံရိပ်တစ်ထောင်ကမ္ဘာထဲ၌ သူ့ဝိဉာဉ် မှော်ကျောင်းတော်ထဲ လှည့်ပတ်သွားနေစဉ် မြင်ခဲ့ရသည့် ရှေးဟောင်းစကားလုံးတစ်လုံး ဖြစ်ပေသည်။

ရှေးခေတ်လူသားများမှ သူတို့၏စွမ်းအားကို စကားလုံးများအဖြစ်သို့ သိပ်သည်းလိုက်သည့်အခါ အလွန်ကိုမှ အဖျက်စွမ်းအားပြင်းထန်သည့် စကားလုံးများကို ဖန်တီးလာနိုင်ကြလေသည်။ ပုံမှန်အားဖြင့် ထိုစကားလုံးများမှာ မှော်ဆရာများထက်ပင် ပို၍ ရှေးကျသည့်ခေတ်မှ လာသည့်အတွက်ကြောင့် မှော်ကျောင်းတော်ထဲ၌ ရှိနေသည့် မှတ်တမ်းများမှာ လုံးဝပြည့်စုံနေခြင်းတော့ မရှိပေ။

ရန်ထိုက်သည် ရှေးဟောင်းလိုဏ်ဂူထဲတွင် လျှို့ဝှက်ကျင့်စဉ်တစ်မျိုးမျိုးကို ရရှိခဲ့သည်ဟု ဟွာယုလုမှပြောသည်ကို ရန်ကိုင် ရုတ်တရက် ပြန်သတိရသွားခဲ့သည်။ ရန်ထိုက် မည်ကဲ့သို့သော ကျင့်စဉ်မျိုးကို ရသွားသလဲဆိုသည်ကိုတော့ ဟွာယုလုမသိချေ။

ယခု ကြည့်ရသလောက် ဤရွှေရောင်စကားလုံးပညာရပ်သည် ရန်ထိုက် ထိုစဉ်က ရရှိသွားခဲ့သည့် လျှို့ဝှက်ကျင့်စဉ်တစ်မျိုး ဖြစ်သည့်ပုံပင်။

ဤသည်မှာ အလွန်ကိုမှ အားကောင်းသော ကျင့်စဉ်တစ်မျိုး ဖြစ်ပေသည်။ ရန်ထိုက်သည် ဧကရာဇ်ပထမအဆင့်သာ ရှိသေးပါသော်ငြား သူ့လက်ချောင်းဆီမှ ထွက်ပေါ်လာသည့် တိုက်ခိုက်မှုသည် သာမန်ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုနှင့်ပင် ယှဉ်ပြိုင်နိုင်ပေသည်။ ယခုကဲ့သို့ သေရေးရှင်ရေးအခြေအနေနှင့် ကြုံလာရသည့်အခါ ရန်ထိုက်မှာ သူ၏ဝှက်ဖဲများကို ထုတ်သုံးရတော့လေသည်။

လက်ရှိအဖြစ်အပျက်ကို ကြည့်ရသလောက် လိုဏ်ဂူစံအိမ်သည် ရန်ကိုင် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲတွင် ကြုံခဲ့ရသည့် ခေတ်ကာလထက်ပင် ပို၍သက်တမ်းရင့်သည့်ပုံပင်။ ထို့အတွက်ကြောင့် ဤနေရာများတွင် ရှေးဟောင်းမှော်ရတနာများကို တွေ့ရသည်မှာ အထူးအဆန်းတော့မဟုတ်ချေ။

တစ်ချိန်တည်းတွင်လည်း လူတိုင်း လှုပ်ရှားလိုက်ကြလေသည်။ ချက်ချင်းဆိုသလို အမျိုးမျိုးသော ပညာရပ်များနှင့် မှော်ရတနာများ ထွက်ပေါ်လာကြပြီး တိုက်ကွက်မျိုးစုံ ပေါ်ထွက်လာခဲ့ကြရသည်။

ထို့နောက်တွင် လူတိုင်းအား မင်သက်အံ့ဩသွားစေသည့် မြင်ကွင်းတစ်ရပ် ဖြစ်ပေါ်လာခဲ့လေသည်။ အကာအရံဆီမှ ထွက်ပေါ်လာသည့် အရိုးခေါင်းများမှာ အလွန်ကိုမှ ထိတ်လန့်အံ့ဩဖွယ်ကောင်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ပါသော်ငြား တကယ့်တကယ်တွင်တော့ ဘာဆိုဘာမှ မဟုတ်ခဲ့ပေ။ ရန်ထိုက်၏ပညာရပ် ထိုအရိုးခေါင်းများနှင့် သွားထိသည်နှင့်တစ်ပြိုင်နက် အရိုးခေါင်းများမှာ တစ်စစီဖြစ်ကာ ပျောက်ကွယ်သွားကြရသည်။ ထို့နည်းတူစွာပင် အကုန်လုံး၏တိုက်ကွက်များ ထိုအရိုးခေါင်းများကို သွားထိမှန်သည့်အချိန်တွင်လည်း အရိုးခေါင်းများမှာ အနည်းငယ်မျှပင် တောင့်ခံနိုင်ခဲ့ခြင်းမရှိဘဲ ပျက်စီးသွားခဲ့ရသည်။

အရိုးခေါင်းများ ပျက်စီးသွားသည့်နောက်တွင် သူတို့၏လမ်းကို ပိတ်ကာဆီးနေသော အလင်းအကာအရံမှာလည်း ပေါက်ကွဲထွက်သွားခဲ့လေသည်။

“ထင်ထားတဲ့အတိုင်းပဲ… နှစ်တွေကြာသွားတာနဲ့ ဒီအကာအရံရဲ့စွမ်းအားက တကယ်ကို ကျသွားတာပဲ…” ရန်ထိုက်က ရှက်ရှက်ဖြင့် ပြောလိုက်လေသည်။

လူတိုင်းသည် လက်ရှိအခြေအနေကို သေသေချာချာ မြင်လိုက်ရသည်။ အကာအရံ၏စွမ်းအားမှာ နှစ်ပေါင်းများစွာ ကြာသွားပြီးသည့်နောက် အလွန်တရာကိုမှ နိမ့်ကျသွားခဲ့ရသည်။ အကာအရံ အသက်ဝင်လာပြီးသည့်နောက် အကုန်လုံး၏ တိုက်ခိုက်မှုကို ယာယီမျှပင် ထိန်းထားနိုင်ခဲ့ခြင်းမရှိချေ။

“ရောင်းရင်းကုန်း ဒီအချက်ကို အစောကြီးတည်းက ကြိုမြင်ခဲ့တာမလား…” ရန်ထိုက်သည် ကုန်းယွဲ့ဘက်သို့လှည့်၍ ပြောလိုက်လေသည်။ “ရောင်းရင်းကုန်းသာ ကျုပ်ကို သတိပေးခဲ့မယ်ဆိုရင် ဒီရန် အခုလိုမျိုး ရှက်စရာတွေ လုပ်မိမှာမဟုတ်ဘူး…”

ရန်ထိုက်ပုံစံသည် ကုန်းယွဲ့အား အပြစ်တင်နေသည့် ပုံစံမျိုး ပေါက်နေပါသော်ငြား တကယ့်တကယ်တွင်တော့ ကုန်းယွဲ့၏ အရည်အချင်းကို ချီးကျူးနေခြင်း ဖြစ်လေသည်။

ကုန်းယွဲ့ကမူ ပြန်မဖြေခဲ့ဘဲ ပြုံးသာ ပြုံးနေလေ၏။

ထိုအချင်းအရာကိုကြည့်ရင်း ဝူခွမ်းရီ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ရန်ထိုက်၏ အကဲပိုလွန်းသည့် ပုံစံနှင့်ပတ်သက်၍ သူ့စိတ်ထဲ အတော်လေးကိုမှ မကျေမနပ်ဖြစ်ရသည်။ ရန်ထိုက်ကြောင့်ပင်လျှင် သူတို့အကုန်လုံး ကြောက်ကြောက်လန့်လန့် ဖြစ်သွားရခြင်း ဖြစ်လေသည်။ သို့သော်ငြား ဤသည်မှာ အန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်ရလျှင် ဖြစ်လေ့ဖြစ်ထရှိသည့် ပုံစံမျိုးသာ ဖြစ်သည့်အတွက်ကြောင့် ဝူခွမ်းရီအနေဖြင့် ရန်ထိုက်အား သွား၍ အပြစ်တင်နေ၍ မရပေ။

ယခုအဖြစ်အပျက် ပြီးသည့်နောက်တွင် လူတိုင်းမှာ ပို၍ သတိချပ်သွားကြတော့သည်။ ယခု သူတို့ကြုံတွေ့လိုက်ရသည့် အကာအရံသည် အလွန်ကိုမှ ယိုယွင်းနေသည့်အတွက်ကြောင့် အားကောင်းလှသည့်စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့ခြင်း မရှိပါသော်ငြား နောက်ပိုင်း သူတို့ကြုံတွေ့လာရမည့် အစီအရင်များသည် ယခုအစီအရင်ပုံစံအတိုင်းသာ ရှိနေပါမည်ဟု မည်သူကများ အာမခံပေးနိုင်ပါမည်နည်း။

ရှေ့မှဦးဆောင်သွားနေသော ရန်ထိုက်သည်လည်း ယခင်ကကဲ့သို့ မဆင်မခြင် မလှုပ်ရှားရဲတော့ဘဲ မည်သည့်ပြဿနာကိုမဆို ဖြည်းဖြည်းနှင့်မှန်မှန် ကိုင်တွယ်ရမည်မှန်းလည်း သဘောပေါက်သွားခဲ့လေပြီ။

လမ်းတစ်လျှောက်တွင် အကာအရံပေါင်းများစွာနှင့် ထပ်မံကြုံတွေ့ရပေသည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ထိုက်ကချည်း ထိုအကာအရံအား သွားရောက်စမ်းသပ်နေခြင်းမရှိခဲ့။ လူတိုင်းသည် အလှည့်ကျ ကြုံတွေ့ရသည့် အကာအရံများ၏ စွမ်းအားကို စမ်းသပ်ကြရသည်။ ပထမဦးဆုံးသော အကာအရံကဲ့သို့ပင် နောက်ကြုံတွေ့ရသည့် အကာအရံများစွာမှာလည်း အချိန်ကာလ၏တိုက်စားမှုကြောင့် တဖြည်းဖြည်းနှင့် ယိုယွင်းလာခဲ့ရာ လောက်ငှသည့်စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့ကြခြင်း မရှိချေ။

ထိုသို့ဖြစ်သည့်တိုင် ရန်ကိုင်တို့အဖွဲ့မှာတော့ အံ့ဩတကြီး ဖြစ်နေရလေသည်။

အကြောင်းမှာ ထိုအကာအရံများဆီမှ အလွန်ကိုမှ အားကောင်းသည့် စွမ်းအင်အရှိန်အဝါများကို ခံစားရသည့် အတွက်ကြောင့်ပင်။ အချိန်ကာလ၏တိုက်စားမှုကြောင့် ပျက်စီးယိုယွင်းခြင်းသာ မရှိခဲ့ပါလျှင် ထိုအကာအရံများ မည်မျှအားကောင်းမလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ကြချေ။ မည်ကဲ့သို့သော အစီအရင်ပညာရှင်မျိုးကများ ဤကဲ့သို့သောအစီအရင်မျိုးကို ခင်းကျင်းခဲ့သလဲဆိုသည်ကိုလည်း လူတိုင်း မတွေးတတ်ခဲ့ကြပေ။

လေးနာရီခန့် ကြာပြီးသည့်နောက်တွင် ရန်ထိုက်က ဝမ်းသာအားရအမူအယာဖြင့် ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လျက် စိတ်လှုပ်ရှားစွာ ပြောလိုက်လေ၏။ “ငါတို့ လမ်းကြောင်းမှန်ကို ပြန်တွေ့ပြီ…”

ဝူခွမ်းရီနှင့် ဟွာယုလုတို့မှာလည်း ပြုံးကာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

နောက်ဆုံးတွင်တော့ ယခင်တစ်ကြိမ်က သူတို့လာခဲ့သည့် လမ်းကြောင်းကို ပြန်ရှာတွေ့သွားခဲ့လေပြီ။ ဤလမ်းကြောင်းအတိုင်းသာ ဆက်သွားလိုက်မည်ဆိုပါက မည်သည့်အန္တရာယ်နှင့်မှ ကြုံတွေ့ရလိမ့်မည်မဟုတ်ဘဲ ယခင်တစ်ကြိမ်က သူတို့အား ရှေ့ဆက်တိုးသွား၍မရအောင် ပိတ်ထားသည့် အစီအရင်ဆီသို့ ရောက်သွားရပေလိမ့်မည်။

ထိုအစီအရင်နောက်ကွယ်တွင် မည်ကဲ့သို့သောလျှို့ဝှက်ချက်များ တည်ရှိနေသလဲဆိုသည်ကို လူတိုင်း သိချင်နေမိကြလေပြီ။

လမ်းကြောင်းအမှန်ကို ပြန်ရှာတွေ့သွားပါသော်ငြား ရန်ထိုက်မှာ သတိမပျက်ခဲ့။ ကြေးမုံမှော်ရတနာကို အသက်သွင်းထားရင်း ဖြည်းဖြည်းနှင့်မှန်မှန် ရှေ့မှ ဦးဆောင်သွားနေခဲ့လေသည်။

နောက်ထပ် တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့အဖွဲ့သည် မိုင်ပေါင်းများစွာကျယ်ဝန်းသော ကျောက်လိုဏ်ဂူကြီးတစ်ခုဆီသို့ ရောက်လာခဲ့လေသည်။ ရန်ကိုင်တို့အဖွဲ့မှာ ကျဉ်းမြောင်းသည့် လိုဏ်ခေါင်းများကြား လမ်းလျှောက်လာရသည်နှင့်ပတ်သက်၍ အသားကျနေသည့်အတွက်ကြောင့် ယခုကဲ့သို့ အလွန်တရာကိုမှ ကျယ်ဝန်းလှသည့် လိုဏ်ဂူကြီးတစ်ခုဆီသို့ ရောက်လာကြသော် အနည်းငယ် အသားမကျသလို ဖြစ်နေကြသည်။

ယခင်တစ်ခုကဲ့သို့ပင် ဤကျောက်လိုဏ်ဂူကြီးမှာလည်း ဗလာကျင်းနေခဲ့ပြီး မျက်နှာကြက်မှ တွဲလောင်းကျနေသော ကျောက်စက်ပန်းဆွဲများသာ ရှိနေခဲ့သည်။ လိုဏ်ဂူ၏အဆုံးတွင်တော့ အလွန်တရာကိုမှကြီးမားသည့် တံခါးပေါက်ကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုတံခါးပေါက်သည် မီတာပေါင်းများစွာကြီးမားပြီး လိုဏ်ဂူနံရံပေါ်တွင် တည်ရှိနေခြင်း ဖြစ်လေသည်။ လူတိုင်း၏အကြည့်သည် ထိုတံခါးပေါက်ဆီသို့ ရောက်လာခဲ့လေ၏။

ရန်ကိုင်သည် ဤတံခါးကို ဟွာယုလုပြသည့်ပုံမှတစ်ဆင့် မြင်ခဲ့ဖူးပါသော်ငြား ကိုယ်တိုင်မြင်ရခြင်းနှင့် ပုံမှမြင်ရသည့် ခံစားချက်သည် လုံးဝကို မတူပေ။

ယခု ကိုယ်တိုင်မြင်တွေ့လိုက်ရသည့်အခါ တံခါးပေါက်ဆီမှ အလွန်တရာကိုမှ ခြောက်ခြားဖွယ်ရာကောင်းသည့် အရှိန်အဝါတစ်ရပ်ကို ရန်ကိုင်ခံစားမိလိုက်သည်။ တံခါးပေါက်အနောက်ဘက်တွင် မကောင်းသည့်အရာတစ်ခုခု ပုန်းကွယ်နေခဲ့ပြီး ထိုအရာကြီးသည် တံခါးပေါက်မှထွက်၍ သူတို့အား ဝါးမျိုပစ်ချင်နေသည့်အလား။

တံခါးတစ်ခုလုံးမှာ သွေးဖြင့် အရောင်ဆိုးထားသည့်အလား အနီရောင်တောက်နေခဲ့လေသည်။ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာသွားသည့်တိုင် တံခါးချပ်ကြီးသည် အနည်းငယ်မျှပင်လျှင် ယိုယွင်းနေခြင်းမရှိ။ ယခင်ပုံစံအတိုင်း အကောင်းအတိုင်းသာ ရှိနေသေးသယောင် ထင်ရသည်။

အလွန်ကိုမှ ရှုပ်ထွေးလှသည့် အင်းကွက်များကိုတော့ တံခါးပေါ်တွင် ရေးထိုးထားခဲ့လေသည်။

ရန်ကိုင်တို့အဖွဲ့ဝင်ခုနှစ်ဦးသည် ခံစားချက်ကိုယ်စီဖြင့် တံခါးပေါက်ဆီသို့ လှမ်း၍ ကြည့်နေကြသည်။

ရန်ထိုက်မှာတော့ တံခါးပေါက်အား အလွန်တရာကိုမှ စိတ်အားထက်သန်သည့် အမူအယာဖြင့် ကြည့်နေလေသည်။ အကြောင်းအရင်းအချို့ကြောင့် တံခါးပေါက်ကိုကြည့်နေရင်း သူ့နှုတ်ခမ်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်တုန်ရီရီ ဖြစ်‌နေခဲ့သည်။ ဝူခွမ်းရီနှင့် ဟွာယုလုတို့မှာလည်း စိတ်လှုပ်ရှားနေပါသော်ငြား ရန်ထိုက်လောက်တော့ အကဲပိုနေခြင်း မရှိပေ။ နှစ်ဦးစလုံးမှာ တံခါးပေါက်တွင် မည်ကဲ့သို့သော ပစ္စည်းကောင်းများ ရှိနေမလဲဆိုသည်ကို သိချင်ရုံ ဖြစ်မိကြခြင်းသာ ရှိသည်။

ဖန်ကျို့မှာမူ ယခင်အတိုင်း ထူးမခြားနားဟန်ဖြင့်သာ ရှိနေလေ၏။ ကုန်းယွဲ့ကမူ မျက်လုံးမှေးစင်းလျက် တံခါးကို သေသေချာချာ လေ့လာကြည့်နေလေသည်။

နောက်ဆုံးတွင် ချန်ပင်းယုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။ “ဒီအကာအရံက လုံးဝကို ဖျက်ဆီးလို့မရတာလား…”

ဝူခွမ်းရီက ခေါင်းခါလိုက်သည်။ “အရင်တစ်ကြိမ်တုန်းက ငါတို့သုံးယောက် အတူပေါင်းပြီး ဖျက်ဆီးဖို့ ကြိုးစားကြည့်သေးတယ်… ဒါပေမယ့် လှုပ်အောင်တောင် မလုပ်နိုင်ဘူး… အမျိုးသမီးချန် စိတ်ဝင်စားတယ်ဆိုလို့ရှိရင် ကြိုးစားကြည့်လို့ရတယ်လေ…”

ချန်ပင်းယုက ပြန်ပြောလိုက်၏။ “မလိုတော့ပါဘူး…”

သူမသည် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဟွာယုလုနှင့်အခြားသူများထက် ပို၍အားကောင်းပါသော်ငြား ဧကရာဇ်ပထမအဆင့် ပညာရှင်သုံးဦး အတူပူးပေါင်း၍ တိုက်ခိုက်ခဲ့သည့်တိုင် မဖျက်ဆီးနိုင်သည့်အရာကို အချိန်ကုန်ခံပြီး ဖျက်ဆီးရန် မကြိုးစားချင်တော့ပေ။

“ရောင်းရင်းကုန်း… ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားကိုပဲ အကူအညီတောင်းလိုက်တော့မယ်နော်…” ရန်ထိုက်သည် အလေးအနက်အမူအယာဖြင့် ကုန်းယွဲ့ဘက်သို့လှည့်၍ ပြောလိုက်လေသည်။

ကုန်းယွဲ့က ပြုံး၍ ပြန်ပြောလိုက်လေ၏။ “ကျုပ် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်… ကျုပ် ဒါကိုလေ့လာကြည့်နေတုန်း ခင်ဗျားတို့ အနားယူရင် ယူထားပေါ့…”

“ကောင်းပြီ…” ရန်ထိုက်က ခေါင်းညိတ်လိုက်ပြီး အားလုံးဘက်သို့လှည့်၍ “မင်းတို့အားလုံး နားရင်နားထားကြ… နောက်ပိုင်းကြ ငါတို့ ကူဖို့လိုရင်လိုလာမှာ…”

ရန်ကိုင်က ပြုံးလျက် “မိသားစုခေါင်းဆောင်ကုန်း ဒီမှာရှိနေပြီပဲ… ကျုပ်တို့တွေက ဘာလုပ်စရာလိုဦးမှာလဲ…”

ရန်ထိုက်က ပြန်ပြောလိုက်သည်။ “ပြောနိုင်တာမဟုတ်ဘူးလေ… ငါတို့ဝင်ကူဖို့ လိုလာရင်လည်း လိုလာမှာပေါ့…”

“ဟုတ်တယ်နော်…” ရန်ကိုင်သည် ပြုံးသာပြုံးလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။ ထို့အစား ဟွာယုလုဆီတစ်ချက်လှမ်းကြည့်၍ အခြားသောတစ်နေရာဆီသို့ ထွက်သွားလေ၏။ ဟွာယုလုသည်လည်း ရန်ကိုင်နောက်သို့ လိုက်သွားလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၁၄)

ဘာသာပြန်သူ_တိမ်တိုက်

ကျောက်လိုဏ်ဂူကြီးထဲတွင် ကုန်းယွဲ့သည် သွေးတံခါးရှေ့ မတ်တပ်ရပ်ရင်းမှ သွေးတံခါးကို လေ့လာရာတွင် အလုပ်များနေခဲ့သည်။

အခြားသောအဖွဲ့သားများမှာတော့ တင်ပလင်ခွေထိုင်ကာ အနားယူနေကြ၏။ သို့ရာတွင် ရန်ထိုက်တစ်ယောက်မှာတော့ ဂနာမငြိမ် ဖြစ်နေလေသည်။ သွေးတံခါးဆီသို့ လှမ်းကြည့်လိုက် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်လိုက် လုပ်မြဲလုပ်နေလေသည်။ ဝူခွမ်းရီမှ ရန်ထိုက်အား လာထိုင်နေရန် ပြောပါသော်ငြား ရန်ထိုက်ကတော့ ထိုင်မနေခဲ့ပေ။

“စီနီယာအစ်ကိုရန်… ဒီနေရာနဲ့ပတ်သက်ပြီး တစ်ခုခုမူမှန်တာရှိလား…” ဟွာယုလုသည် ရန်ကိုင်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် မေးလိုက်သည်။

ရန်ကိုင်သည် မျက်လုံးပိတ်ထားမြဲ ပိတ်ထားရင်းမှ ပြန်ပြောလိုက်၏။ “စောင့်ကြည့်ပြီးမှ သိရလိမ့်မယ်…”

ယခုအချိန်ထိတော့ ကုန်းယွဲ့ကို မည်သူမည်ဝါဖြစ်သလဲဆိုသည်မှလွဲ၍ အခြားသံသယဝင်လောက်စရာ ဘာကိုမှ မတွေ့ရသေးချေ။ သို့သော်ငြား ကုန်းယွဲ့၏ဇစ်မြစ်နှင့် ပတ်သက်သည်ကပင်လျှင် သူ၏စိတ်အထင်သာ ဖြစ်လေသည်။ သူကိုယ်တိုင်လည်း မသေချာချေ။ ထို့အတွက်ကြောင့် ဟွာယုလုအား သေချာရေရာသည့် အဖြေတစ်ခုကို မပေးနိုင်ခဲ့။

သူစိတ်ထင့်နေသည့်အရာ တကယ်ဖြစ်လာမလား မဖြစ်လာဘူးလား ဆိုသည်မှာတော့ ကုန်းယွဲ့ နောက်ဆက်လုပ်မည့် အရာပေါ်တွင်သာ မူတည်နေပေလိမ့်မည်။

အနားယူနေရင်း ရန်ကိုင်သည် သူ့အသိစိတ်ကို နန်မန်တကျွင်းပေးထားခဲ့သော ကျောက်စိမ်းပြားထဲသို့ ထည့်သွင်းကြည့်လိုက်ကာ အထဲရှိအကြောင်းအရာများကို သေသေချာချာ လေ့လာကြည့်လိုက်လေသည်။

နေ့ဝက်ခန့်ကြာပြီးသည့်နောက်တွင် ကုန်းယွဲ့သည် နောက်သို့ ရုတ်တရက်ဆုတ်၍ သွေးတံခါးကြီးကိုကြည့်ရင်းမှ ပြုံးကာ အော်ပြောလိုက်လေ၏။ “အကုန်လုံး… ခဏလောက်လာခဲ့ပါကြဦး…”

ထိုစကားကိုကြားသည့်အခါ အဖွဲ့သားအားလုံး ကုန်းယွဲ့ဆီသို့ အလျင်အမြန် ပြေးသွားကြသည်။ အထူးသဖြင့် ရန်ထိုက်ပင်။ ကုန်းယွဲ့ဘေးနားသို့ ပျာယီးပျာယာဖြင့် ပြေးလာပြီး‌ မေးလိုက်လေ၏။ “ရောင်းရင်းကုန်း… မင်း အဖြေရှာတွေ့သွားပြီလား…”

ကုန်းယွဲ့က သူ့မုတ်ဆိတ်မွေးကို ပွတ်ရင်းမှ ပြုံးလျက် “နည်းနည်းပါးပါးလောက်ပေါ့…”

“ကောင်းတယ် ကောင်းတယ်… နည်းလမ်းရှာတွေ့သွားရင် အကုန်အဆင်ပြေပြီ…” ရန်ထိုက်၏မျက်နှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာခဲ့သည်။

“ဒါပေမယ့် ဒီအစီအရင်ကို ဖျက်ဆီးချင်တယ်ဆိုရင်တော့ အကုန်လုံးဝိုင်းကူပေးဖို့လိုလိမ့်မယ်…”

ထိုစကားကိုကြားသော် ရန်ကိုင် ရင်တဒုန်းဒုန်း ခုန်သွားခဲ့ပြီး မျက်လုံးမှေးစင်းသွားခဲ့သည်။ သူစိတ်ထင့်နေသည့်အရာမှာ တကယ်ဖြစ်လာတော့မည့်ပုံပင်။

ဝူခွမ်းရီက ပြောလိုက်သည်။ “မိသားစုခေါင်းဆောင်ကုန်း ဘယ်လိုနည်းလမ်းကို သုံးချင်တာလဲ သိလို့ရမလား… ကျုပ်တို့ထဲက အများစုက အစီအရင်နဲ့ပတ်သက်ပြီး ဘာမှသိတာမဟုတ်ဘူး… ရောင်းရင်းဖန်တစ်ယောက်လောက်ပဲ အစီအရင်ပညာအကြောင်းကို သိတာ…”

ကုန်းယွဲ့က ပြုံးလျက် “ခင်ဗျားတို့ အစီအရင်ပညာကို တတ်ထားစရာမလိုဘူး… ကျုပ်နဲ့အတူ ပူးပေါင်းပေးဖို့ပဲလိုတာ… ပြီးတော့ ဒီလူအိုကြီးကို အပြည့်အဝ ယုံကြည်ပေးဖို့လည်း လိုလိမ့်မယ်…”

အကုန်လုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ကုန်းယွဲ့မှ သူ့အပေါ် သူတို့အနေဖြင့် အပြည့်အဝယုံကြည်ပေးရန် လိုသည်ဟု ဘာကြောင့်ပြောလာမှန်း မည်သူမှနားမလည်။ ထို့ကြောင့် ရန်ထိုက်က မေးလိုက်လေသည်။ “ရောင်းရင်းကုန်းကိုသာ မယုံဘူးဆိုရင် အခုလိုမျိုး ရောင်းရင်းကုန်းကို အားကိုးနေပါ့မလား…”

“အဲ့ဒါဆိုရင် ရပြီ…” ကုန်းယွဲ့ကပြုံးလျက် “ကျုပ် ခင်ဗျားတို့အားလုံးကို နည်းစနစ်တစ်ခုစီ သင်ပေးမယ်… ခင်ဗျားတို့လုပ်ရမှာက အဲ့နည်းစနစ်ထဲမှာ ပြောထားတဲ့အတိုင်း လိုက်လုပ်ပေးဖို့ပဲ… အဲ့လိုလုပ်နိုင်ပြီဆိုရင် ဒီလူအိုကြီးနဲ့ အတူပူးပေါင်းပြီးတော့ ဒီအစီအရင်ကို ဖျက်ဆီးပစ်လို့ရပြီ…”

“အဲ့ဒါဆို ဘာကိုစောင့်နေဦးမှာလဲ… ရောင်းရင်းကုန်း ကျုပ်တို့ကို မြန်မြန်သင်ပေးတော့လေ…” ရန်ထိုက်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။

ကုန်းယွဲ့သည် ပြုံးလျက် ကျောက်စိမ်းပြားအချို့ကို ထုတ်ယူလိုက်သည်။ ထို့နောက် ကျောက်စိမ်းပြားပေါ်တွင် အမျိုးမျိုးသော အကြောင်းအရာများကို သူ့ကောင်းကင်စိတ်အာရုံဖြင့် ထည့်သွင်းရေးမှတ်လိုက်ပြီးသည့်နောက် တစ်ယောက်ချင်းစီကို ကျောက်စိမ်းပြားတစ်ပြားစီ ပေးလိုက်လေ၏။

ရန်ကိုင်သည် ကုန်းယွဲ့ပေးလာသည့် ကျောက်စိမ်းပြားထဲရှိအကြောင်းအရာကို ကောင်းကင်စိတ်အာရုံဖြင့် ဖတ်ကြည့်လိုက်ပြီးသည့်နောက် သက်ပြင်းအမောကြီး ချလိုက်လေသည်။

အခြားသူများ ရရှိလိုက်သည့် ကျောက်စိမ်းပြားများထဲတွင် မည်ကဲ့သို့သောအကြောင်းအရာမျိုးကို ရေးထားသလဲဆိုသည်အား ရန်ကိုင်မသိပါသော်ငြား သူ့ကျောက်စိမ်းပြားထဲတွင် ရေးထားသည့် အကြောင်းအရာများနှင့်တော့ တူလိမ့်မည်မဟုတ်ချေ။ ပူးပေါင်းအစီအရင်တစ်ခုကို ဖန်တီးရာ၌ လူတစ်ဦးတစ်ယောက်ချင်းစီသည် မတူကွဲပြားသည့်တာဝန်တစ်ခုကို ယူရသည်။ အလယ်ဗဟိုတွင်ရှိနေသည့်လူမှာတော့ အခြားသူအားလုံး၏ စွမ်းအားကို တစ်စုတစ်ဝေးထဲအဖြစ်သို့ စုဝေးပေးရန် လိုအပ်ပြီး အကုန်လုံးကို ထိန်းချုပ်ထားရပေသည်။ ယခု အလယ်ဗဟိုနေရာကိုယူမည့်လူမှာ ကုန်းယွဲ့သာ ဖြစ်ပေလိမ့်မည်။

အလယ်ဗဟိုရှိနေရာသည် အစီအရင်တစ်ခုလုံး၏ အရေးကြီးဆုံးနေရာလည်း ဖြစ်လေသည်။ အစီအရင်တစ်ခုလုံး၏ ပင်မအူတိုင် ဖြစ်သည့်အတွက်ကြောင့် ကုန်းယွဲ့သည် အစီအရင်သာ အသက်ဝင်လာသည်နှင့်တစ်ပြိုင်နက် အခြားသူများအား အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ပေလိမ့်မည်။ သို့သော်ငြား ဤကဲ့သို့သောအစီအရင်အများစုကို ဧကရာဇ်အဆင့်ပညာရှင်များမှ လက်ခံလေ့မရှိကြချေ။ အကြောင်းမှာ ဤကဲ့သို့အစီအရင်မျိုးတွင် ပင်မအူတိုင်၌ နေနေသည့်လူသည် အခြားသောလူများ၏ အသက်ကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်သည့်အတွက်ကြောင့်ပင်။

ထိုအကြောင်းကြောင့်သာလျှင် သူ့အပေါ် အပြည့်အဝ ယုံကြည်ပေးရန် လိုအပ်သည်ဟု ကုန်းယွဲ့မှ ပြောခဲ့ခြင်းပင် ဖြစ်လေသည်။

သူ့ကိုသာ မယုံကြည်ပါက ဤအစီအရင်ကို အောင်မြင်စွာ အသက်သွင်းနိုင်လိမ့်မည်မဟုတ်ချေ။

ရန်ကိုင်မှာမူ ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများကို သေချာကြည့်မနေခဲ့။ အကြောင်းမှာ ထိုအကြောင်းအရာများကို သူကိုယ်တိုင် အခြားတစ်နေရာတွင် မြင်ဖူးပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့်ပင်။

ကုန်းယွဲ့မှ ကျောက်စိမ်းပြားထဲ ထည့်ရေးပေးလိုက်သည့် အကြောင်းအရာအားလုံးကို နန်မန်တကျွင်းမှ ရန်ကိုင်အား ပြောပြထားပြီးသားပင်။

ထိုနေ့က ရန်ကိုင်သည် ပိရန်ယုချင်းအား ဤရှေးဟောင်းလိုဏ်ဂူစံအိမ်ထဲရှိ အစီအရင်နှင့်ပတ်သက်သည့် အကြောင်းကို ထက်ကောင်းကင်နန်းတော်သို့ ပြန်ယူသွားပြီး နန်မန်တကျွင်းအား အစီအရင်ကိုဖျက်ဆီးပစ်နိုင်မည့် နည်းလမ်းတစ်ခု ရှာဖွေပေးရန် ပြောခဲ့လေသည်။

အစီအရင်ပညာရှင်တစ်ဦးဖြစ်သည်နှင့်အညီ နန်မန်တကျွင်းသည် တစ်လဟူသောအချိန်အတောအတွင်း ဤအစီအရင်အား ဖျက်ဆီးပစ်နိုင်မည့် နည်းလမ်းသုံးခုကို ရှာတွေ့သွားခဲ့သည်။

ထိုနည်းလမ်းသုံးခုအနက် တစ်ခုမှာ ယခု ကုန်းယွဲ့လုပ်ရန် ကြိုးစားနေသည့်အတိုင်း အစီအရင်ကို အခြားသောအစီအရင်တစ်ခုသုံး၍ ဖျက်ဆီးပစ်ရန်ပင်။ သို့သော်ငြား သူတို့သာ ထိုကဲ့သို့ တကယ်ကြီးလုပ်လိုက်မည်ဆိုပါက အခြားသူတစ်ဦး၏ထောင်ချောက်ထဲသို့ ရောက်သွားရပေလိမ့်မည်။ ဤနည်းလမ်းကိုသုံး၍ ဤတံခါးပေါက်ပေါ်ရှိ အစီအရင်ကို ဖျက်ဆီးပစ်ရန်အတွက် အခြားသောအချက်တစ်ခုကိုလည်း လိုအပ်ပေသေးသည်။ ထိုအရာမှာတော့ အလွန်ကိုမှ ရက်စက်လွန်းလှသည့် နည်းလမ်းတစ်ခုဖြစ်ပေ၏။

ရန်ကိုင်သည် နန်မန်တကျွင်း ပြောပြခဲ့သည့် အခြားသောနည်းလမ်းတစ်ခုကိုသုံး၍ ဟွာယုလုတို့နှင့်အတူ အစီအရင်ကိုဖျက်ဆီးရန် စီစဉ်ထားခဲ့ပါသော်ငြား လမ်းတစ်ဝက်တွင် ကုန်းယွဲ့နှင့်လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤကဲ့သို့သောအစီအရင်ပညာရှင်တစ်ဦး သူတို့အဖွဲ့ထဲတွင် ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်အဖို့ သူကိုယ်တိုင်ဝင်ပါနေစရာမလိုတော့။

သို့သော်ငြား ကုန်းယွဲ့၏လုပ်ရပ်သည် ရန်ကိုင်အား သံသယဝင်စေခဲ့လေသည်။ ယခင်က ကုန်းယွဲ့ မည်သူမည်ဝါဖြစ်သလဲဆိုသည်နှင့်ပတ်သက်၍ အနည်းငယ်လေးသာ သံသယရှိခဲ့ပါလျှင်မူ ယခုအချိန်တွင်တော့ ကုန်းယွဲ့နှင့်ပတ်သက်၍ ကျိန်းသေ ပြဿနာတစ်ခုခု ရှိနေသည်ဟု ရန်ကိုင်ယုံကြည်သွားခဲ့လေပြီ။ ရန်ထိုက်နှင့်ပတ်သက်၍လည်း ပြဿနာရှိနေနိုင်လောက်ပေသည်။ နောက်ဆုံးတစ်ယောက်ကိုတော့ ရန်ကိုင်သိပ်မသေချာချေ။

ရန်ကိုင်မှ ခေါင်းမော့၍ ရန်ထိုက်အား လှမ်းကြည့်လိုက်ရာ ရန်ထိုက်သည် ကုန်းယွဲ့ပေးလာသည့်ကျောက်စိမ်းပြားကို သေသေချာချာအာရုံစိုက်၍ ဖတ်နေကြောင်း တွေ့လိုက်ရလေသည်။ သို့သော်ငြား သူ့ကောင်းကင်စိတ်အာရုံမှာတော့ အခြားတစ်နေရာတွင် ရောက်ရှိနေလေ၏။ ကြည့်ရသလောက် အခြားလူတစ်ဦးဦးနှင့် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ဆက်သွယ်နေသည့်ပုံပင်။

ရန်ကိုင် ချက်ချင်းနားလည်သွားတော့လေသည်။

ရန်ကိုင်၏အကြည့်ကို သတိပြုမိသည့်အလား ကုန်းယွဲ့သည် ရန်ကိုင်ဆီသို့ လှမ်းကြည့်လာလျက် ပြုံးကာ မေးလိုက်လေ၏။ “ညီလေးရန် မင်းငါ့ကို မေးချင်တာရှိလို့လား…”

“ရှိတယ်…” ရန်ကိုင်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ ရန်ကိုင်၏အော်သံကြောင့် ဝူခွမ်းရီနှင့်အခြားသူများမှာ မျက်မှောင်ကျုံ့၍ ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာကြသည်။

ကုန်းယွဲ့မှာ အနည်းငယ် အံ့အားသင့်သွားခဲ့ပါသော်ငြား တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်၍မေးလိုက်လေ၏။ “ညီလေးရန် ဘာကိုနားမလည်တာလဲ… မသိတာရှိရင် ပြောကြည့်လေ… ဒီလူအိုကြီး ရှင်းပြပေးမယ်…”

“တစ်ချက်ပဲမသိတာ…” ရန်ကိုင်သည် ကုန်းယွဲ့အား စူးရှသည့်အကြည့်ဖြင့်စိုက်ကြည့်လျက် မျက်လုံးကိုမှေးစင်းကာ မေးလိုက်လေသည်။ “ခင်ဗျားဘယ်သူလဲ…”

ကုန်းယွဲ့မျက်နှာထက်ရှိအပြုံး တောင့်တင်းသွားခဲ့သည်။ အခြားသောဧကရာဇ်အဆင့်ပညာရှင်များမှာလည်း အံ့အားသင့်သွားကုန်ကြလေသည်။

ယာယီမျှ မင်သက်နေပြီးသည့်နောက်တွင် ဟွာယုလုသည် ချက်ချင်းပဲ ရန်ကိုင်ဘေးနားသို့ တိုးကပ်သွားလေ၏။

လိုဏ်ဂူတစ်ခုလုံးသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေခဲ့ပြီး ရန်ကိုင်သည် ကုန်းယွဲ့၏ခေါင်းကို ဖောက်၍ သူ့ခေါင်းထဲ မည်ကဲ့သို့သောအရာများ ရှိနေသလဲဆိုသည်ကို သိချင်နေသည့်အကြည့်မျိုးဖြင့် ကုန်းယွဲ့အား မမှိတ်မသုန် စိုက်ကြည့်နေလေသည်။

“မင်း ဘာပြောချင်နေတာလဲ…” ထိုမေးခွန်းကိုမေးလိုက်သည့်လူမှာတော့ ကုန်းယွဲ့မဟုတ် ဝူခွမ်းရီသာ ဖြစ်လေသည်။ ဝူခွမ်းရီသည် တည့်တိုးဆန်သည့်လူစားမျိုး ဖြစ်သည်ဟု ပြော၍ရသည်။ ထို့အတွက်ကြောင့် မည်သည့်အပိုမေးခွန်းမှ မေးမနေဘဲ သူ့စိတ်ထဲ သိချင်နေသည့်မေးခွန်းကိုသာ တန်းမေးလိုက်လေသည်။

“ကျုပ်မေးချင်တာကို မေးနေပြီလေ…” ရန်ကိုင်က ခပ်ပြတ်ပြတ်သာ ပြန်ပြောလိုက်သည်။

ရန်ကိုင်၏ခပ်ရိုင်းရိုင်းပုံစံကြောင့် ဝူခွမ်းရီ မျက်မှောင်ကျုံ့သွားခဲ့သည်။ သို့သော်ငြား ရန်ကိုင်ပြောလာသည့်စကားနှင့်ပတ်သက်၍ မည်သည့်ပြဿနာမှ ရှိမနေသည့်အတွက်ကြောင့် သူလည်း ဘာမှပြန်မပြောနိုင်ခဲ့ပဲ အံ့အားသင့်နေရုံသာ တတ်နိုင်လေ၏။

“ညီလေး… မင်းနဲ့ငါကြားမှာ ရန်ငြိုးရှိတာလား… ဒါမှမဟုတ် ငါတို့ကုန်းမိသားစုနဲ့မင်းကြားမှာ ရန်ငြိုးရှိတာလား…” ကုန်းယွဲ့သည် ယဲ့ယဲ့လေးပြုံးရင်းမှ ပြန်မေးလိုက်သည်။

“ခင်ဗျားနဲ့ရော ခင်ဗျားရဲ့ ကုန်းမိသားစုနဲ့ရော ကျုပ်ကြားမှာ ဘာရန်ငြိုးရန်စမှမရှိဘူး…” ရန်ကိုင်က ခေါင်းခါလိုက်သည်။

ကုန်းယွဲ့က ပြုံးလျက် “အဲ့ဒါဆိုလို့ရှိရင် ညီလေး မင်း ဘာလို့ ငါဘယ်သူလဲဆိုတာကို ထပ်တလဲလဲ မေးခွန်းထုတ်နေရတာလဲ…”

သူ ဤနေရာသို့ ရောက်လာစဉ်က ရန်ကိုင်သည် သူ့အား မေးခွန်းထုတ်ခဲ့လေသည်။ ထိုစဉ်ကတော့ ဖန်ကျို့သည် ကုန်းယွဲ့မှ အစီအရင်ပညာများအ‌ပေါ် ကျွမ်းကျင်ထားကြောင်းကို ဝင်ရောက်ကူညီကာ သက်သေပြခဲ့သည်။ ထိုသို့ဖြင့် လူတိုင်းမှာ ကုန်းယွဲ့မှာ ကုန်းမိသားစု၏ ယခင်ခေါင်းဆောင်ဖြစ်သည်ဟု ယုံကြည်သွားရတော့သည်။

ယခုတစ်ကြိမ်မှာတော့ ဒုတိယအကြိမ် ဖြစ်ပေသည်။ မည်သူမဆို ယခုကဲ့သို့ ထပ်တလဲလဲ မေးခွန်းထုတ်ခံနေရမည်ဆိုပါက အနည်းနှင့်အများတော့ ဒေါသထွက်လာကြပေလိမ့်မည်။ ကုန်းမိသားစု၏ ယခင်မိသားစုခေါင်းဆောင်လည်းဖြစ် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးလည်းဖြစ်သည့်တိုင် ယခုကဲ့သို့ မေးခွန်းထုတ်ခံရသည့်အပေါ် ဒေါသမထွက်သည်ကိုကြည့်ပါက ကုန်းယွဲ့ မည်မျှသည်းခံနိုင်စွမ်းမြင့်မားကြောင်း မြင်တွေ့နိုင်ပေသည်။ ကုန်းယွဲ့နေရာတွင်သာ စိတ်ဆတ်သည့် အခြားလူတစ်ဦးသာဆိုပါက ရန်ကိုင်အားထား၍ တိုက်ခိုက်နေလောက်ပေပြီ။

“ဒီလူအိုကြီးက လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ကုန်းမိသားစုကနေ မိသားစုခေါင်းဆောင်ရာထူးကနေ ဆင်းပေးခဲ့တဲ့ မိသားစုခေါင်းဆောင်ဟောင်း ကုန်းယွဲ့ပဲ…” ကုန်းယွဲ့က ခါးကိုမတ်၍ အသံကျယ်ကျယ်ဖြင့် ပြန်အော်ပြောလိုက်လေသည်။

“အဲ့လောက်ကြီးလည်း စိတ်ပူမနေပါနဲ့ ညီလေးရန်ကျို့ရယ်… ရောင်းရင်းကုန်းက ကုန်းမိသားစုရဲ့ မိသားစုခေါင်းဆောင်ဖြစ်တယ်ဆိုတာကို ငါ့အသက်နဲ့ ရင်းပြီး အာမခံရဲတယ်…” ထိုစဉ် ရန်ထိုက်က အခြေအနေကို ဝင်ရောက်ဖြန်ဖြေပေးလိုက်လေသည်။ သို့သော်ငြား သူ့ကြည့်ရသလောက် အနည်းငယ် စိတ်ပူနေသည့်ပုံစံမျိုး ပေါက်နေခဲ့သည်။ ပြောပြီးသည့်နောက် ရန်ထိုက်က ထပ်၍ ပြောလိုက်လေသည်။ “အခုချိန်က အဲ့တာတွေကို အာရုံစိုက်နေရမယ့် အချိန်မဟုတ်ဘူး… ဒီတံခါးပေါ်က အစီအရင်ကို ဘယ်လိုဖျက်ဆီးရမလဲဆိုတာကို အရင်အာရုံစိုက်ရမှာ…”

“အခုပြဿနာကိုသာ မဖြေရှင်းခဲ့ရင် ကျုပ်တို့ အတူပူးပေါင်းနိုင်တော့မှာမဟုတ်ဘူး… အဲ့ဒါဆိုရင် ဒီအစီအရင်ကို ဘယ်လိုဖျက်ဆီးနိုင်တော့မှာလဲ…” ရန်ကိုင်က ရန်ထိုက်ဘက်သို့လှည့်၍ ပြန်မေးလိုက်သည်။

“မင်း…” ရန်ထိုက်၏မျက်နှာထက် ဒေါသအရိပ်အယောင်တို့ ထွက်ပေါ်လာတော့လေသည်။

“မောင်လေးရန်ပြောတာ အမှန်ပဲ…” တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ချန်ပင်းယုကလည်း ဝင်ပြောလိုက်လေသည်။

ရန်ထိုက်သည် ချန်ပင်းယုအား အံ့အားသင့်တကြီးဖြင့် ကြည့်လျက် “အမျိုးသမီးချန်… ခင်ဗျားလည်း…”

ချန်ပင်းယုသည် သူခေါ်လာသည့်လူ ဖြစ်ပေသည်။ ရှင်းရှင်းပြောရလျှင် သူတို့နှစ်ဦးမှာ အတော်လေးရင်းနှီး၏။ သို့သော်ငြား ချန်ပင်းယုသည် ယခုကဲ့သို့သောအခြေအနေမျိုးတွင် သူ့ဘက်မှမနေဘဲ ရန်ကိုင်ဘက်မှ နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ချန်ပင်းယုက ပြုံးလျက် “စိတ်ထိန်းပါ ရောင်းရင်းရန်… ဒီလို ဆူးလမ်းအသွယ်သွယ်နဲ့ ပြည့်နေတဲ့ ကျင့်ကြံရေးခရီးမှာ ကျွန်မတို့လို ကျင့်ကြံသူတွေအနေနဲ့ကတော့ အရာရာကို ဂရုစိုက်နေကြရမှာပဲ… ရှင်းရှင်းပြောရရင် ကျွန်မတို့ဘဝတွေက ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရတဲ့ လူတစ်ယောက်ရဲ့ဘဝနဲ့ အတူတူပဲ… နည်းနည်းလေး သတိလက်လွတ်ဖြစ်သွားတာနဲ့ အချိန်မရွေး ဒုက္ခရောက်သွားနိုင်တယ်… ဒီတော့ အရာရာကိုသာ သေချာသတိထားပြီး မကိုင်တွယ်လို့ရှိရင် ကျွန်မတို့ရဲ့ဘဝကြီးကို လက်ပြနှုတ်ဆက်သွားရမှာ… ဒါကြောင့်ပဲ အခုကိစ္စမှာ မောင်လေးရန် ဘာပြောချင်နေသလဲဆိုတာကို ကျွန်မ အရင်ဆုံး နားလည်ချင်တာ…”

ထိုသို့ပြောပြီးသည့်နောက်တွင် ချန်ပင်းယုသည် ရန်ကိုင်ဘက်သို့လှည့်၍ လှမ်းကြည့်လိုက်လေသည်။

သူမ ရန်ထိုက်အား မယုံသည်တော့မဟုတ်ချေ။ သို့သော်ငြား ယခုကိစ္စတွင် ပြဿနာတစ်ခုရှိလာသဖြင့် ထိုပြဿနာ၏အဖြေကို ရအောင် ရှာရပေလိမ့်မည်။ ထိုပြဿနာ၏အဖြေကို ရှာဖို့ရာ အချိန်လှသည်မှလည်း မဟုတ်လေပဲ။

ဝူခွမ်းရီမှာ အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ပြန်ပြောလိုက်လေသည်။ “မင်း ဘာတွေသံသယဝင်နေတာလဲ… ငါတို့ကိုတစ်ချက်ပြောပြ…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်ပြောပြီးသွားပြီလေ…”

ကုန်းယွဲ့က သက်ပြင်းချလျက် “မင်းရဲ့သံသယတွေက အခြေအမြစ်မရှိဘူးလေ…”

ရန်ထိုက်သည် ဟွာယုလုဘက်သို့လှည့်၍ “နန်းတော်သခင်မဟွာ… ဒါ ခင်ဗျားရှာလာတဲ့လူလား… သူ မကူညီချင်ဘူးဆိုရင် ဘာလို့ခေါ်လာသေးလဲ… အခုကြည့်… သူ့ကြောင့် တစ်ဖွဲ့လုံး စိတ်ဝမ်းကွဲကုန်ပြီ… ဒီပုံစံနဲ့ ဒီအစီအရင်ကို ဘယ်လိုလုပ်ပြီး ဖျက်ဆီးနိုင်တော့မှာလဲ…”

ဟွာယုလုက ရှက်ရှက်ဖြင့် တစ်ခဏမျှတုံ့ဆိုင်းနေပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ “ကျွန်မ စီနီယာအစ်ကိုရန်ကို ယုံတယ်…”

ရန်ထိုက်မျက်နှာ သုန်မှုန်သွားခဲ့ပြီး ရန်ကိုင်ဘက်သို့လှည့်၍ အော်ပြောလိုက်လေ၏။ “ကောင်လေး… မင်း မကူညီချင်ဘူးဆိုရင် ထွက်သွားတော့… မင်းလည်း ဧကရာဇ်အဆင့်ပညာရှင်ပဲ… ဒီတော့ အပြန်လမ်းကို မှတ်မိမှာပေါ့ ဟုတ်တယ်မလား… ငါမင်းကို အတင်းခေါ်မထားဘူး…”

ရန်ကိုင်က ပြုံးလျက် “ကျုပ်ထွက်သွားမယ်ဆိုရင် ဒီအစီအရင်ကို ဘယ်လိုလုပ်ပြီး အသက်သွင်းတော့မှာလဲ…”

ရန်ထိုက်က ပြန်ပြောလိုက်သည်။ “ရောင်းရင်းကုန်းရှိနေသရွေ့ အကုန်အဆင်ပြေတယ်… မင်းမရှိလည်း ဘာမှမဖြစ်ဘူး…”

ရန်ထိုက်၏စကားကို ကြားသည့်အခါ ရန်ကိုင်သည် ကုန်းယွဲ့ဘက်သို့လှည့်၍ ပြုံးလျက် “ကဲ… ဒါဆိုရင် ကုန်းမိသားစုရဲ့အရင်မိသားစုခေါင်းဆောင်ကို ကျုပ် မေးပါဦးမယ်… ငါးယောက်တည်းနဲ့ ခြောက်ထောင့်တစ်ထောင့်အစီအရင်ကို ဘယ်လိုအသက်သွင်းချင်နေတာလဲ…”

ထိုစကားကိုကြားသည့်အခါ ကုန်းယွဲ့ ထိတ်လန့်သွားခဲ့သည်။ တစ်ချိန်လုံး စကားတစ်ခွန်းမှပင်မပြောဘဲ ငြိမ်သက်စွာရှိနေသော ဖန်ကျို့သည်လည်း ရန်ကိုင်အား မင်သက်နေသည့်အမူအယာဖြင့် ကြည့်လာခဲ့သည်။

ရန်ထိုက်ကိုယ်တိုင်မှာလည်း ရန်ကိုင်အား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေလေ၏။

ထိုလူများ၏တုံ့ပြန်ပုံကိုကြည့်ရင်း ရန်ကိုင်ပြောလိုက်သည့်စကားမှာ အခြေအမြစ်မရှိသည့် စကားတစ်ခွန်းမဟုတ်မှန်း အခြားလူများ နားလည်သွားကြလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၁၅)

ဘာသာပြန်သူ_တိမ်တိုက်

ကုန်းယွဲ့ခင်းကျင်းရန် ကြံနေသည့် အစီအရင်မှာ ခြောက်ထောင့်တစ်ထောင့်ဖြစ်သည်ကို ရန်ကိုင်မပြောခင်အထိ မည်သူမျှ မသိကြချေ။ ကုန်းယွဲ့ပေးလိုက်သည့်ကျောက်စိမ်းပြားထဲတွင် မိမိလုပ်ရမည့်အပိုင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကိုသာ ရေးသားထားသည့်အတွက်ကြောင့် အခြားသူများလုပ်ရမည့် အကြောင်းအရာများကို မည်သူမျှမသိကြချေ။ ထို့အပြင် လူတိုင်းမှာ မိမိ၏အပိုင်းကိုသာ တာဝန်ယူရမည် ဖြစ်သည့်အတွက်ကြောင့် အစီအရင်မှာ သိပ်၍ ရှုပ်ထွေးခြင်းမရှိ။

ထို့အတွက်ကြောင့် ရန်ကိုင်ရရှိလိုက်သည့် ကျောက်စိမ်းပြားထဲတွင်လည်း ရန်ကိုင်လုပ်ရမည့်အပိုင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကိုသာ ရေးသားထားလိမ့်မည်ဟု လူတိုင်းယုံကြည်ကြလေသည်။

ထိုသို့ဆိုလျှင် မေးစရာမေးခွန်းတစ်ခု ရှိလာခဲ့လေပြီ။ ရန်ကိုင်သည် သူလုပ်ရမည့်အပိုင်းလေးကိုသာ သိရုံဖြင့် ဤအစီအရင်သည် ခြောက်ထောင့်တစ်ထောင့်အစီအရင်ဖြစ်သည်ဟု မည်ကဲ့သို့များ သိသွားရလေသနည်း။ ထို့အပြင် ရန်ကိုင်၏စကားပြောပုံကို ကြည့်ရသလောက် ဤအစီအရင်ကို ခင်းကျင်းရန်အတွက် လူခြောက်ဦးလိုအပ်သည့်ပုံပင်။ တစ်ယောက်တည်းနည်းနေလျှင်ပင် အလုပ်မဖြစ်နိုင်ပေ။

လူတိုင်းသည် ကုန်းယွဲ့ဘက်သို့ လှမ်းကြည့်လိုက်ရာ ကုန်းယွဲ့မှာ အလွန်ကိုမှ အံ့အားသင့်နေဟန်ဖြင့် မျက်မှောင်ကြီးကျုံ့နေကြောင်း တွေ့လိုက်ရလေသည်။

“ရောင်းရင်းရန်လည်း အစီအရင်ပညာကို ကျွမ်းကျင်တာလား…” ဖန်ကျို့သည် ရန်ကိုင်အား စိတ်ဝင်တစားဖြင့် ကြည့်လိုက်လေသည်။ ဤရန်ကျို့ဆိုသည့်ကောင် တကယ်ကို အပုန်းတော်ပါလားဟုလည်း သူ့စိတ်ထဲ တွေးနေခဲ့သည်။ သူကိုယ်တိုင်သည်လည်း အစီအရင်ပညာများကို ကျွမ်းကျင်သူတစ်ဦး ဖြစ်လေသည်။ ကုန်းယွဲ့သည်သာ ဤနေရာတွင် ရှိမနေပါက ဤလူများအနက် အစီအရင်ပညာကို အကျွမ်းကျင်ဆုံးမှာ သူသာ ဖြစ်ပေလိမ့်မည်။ ထို့အတွက်ကြောင့် ဤအစီအရင်ကို ဖျက်ဆီးပစ်ဖို့ရာ လူတိုင်းသည် သူ့အပေါ် အားကိုးရပေလိမ့်မည်။

သို့သော်ငြား သူသည်ပင်လျှင် ခြောက်ထောင့်တစ်ထောင့် အစီအရင်အကြောင်း မသိပေ။ ထိုအစီအရင်သည် အလွန်ကိုမှ ရှားပါးကာ နက်နဲသည့် အစီအရင်တစ်ခု ဖြစ်ပေ၏။ ထို့အတွက်ကြောင့် ရန်ကျို့မှ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤအစီအရင်သည် မည်ကဲ့သို့သောအစီအရင်ဖြစ်သလဲဆိုသည်ကို သိသွားနိုင်သည့်အပေါ် ဖန်ကျို့ အတော်လေးအံ့အားသင့်သွားရခြင်းပင်။

သို့ရာတွင် ရန်ကိုင်က ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “ကျုပ် အစီအရင်အကြောင်း ဘာမှသိတာမဟုတ်ဘူး… ခြောက်ထောင့်တစ်ထောင့်အစီအရင်ကိုပဲ သိထားတာ…”

ရန်ကိုင်ကျွမ်းကျင်သည့်အစီအရင်ဆို၍ တစ်ခုသာရှိပေသည်။ လေဟာနယ်အစီအရင်ပင်။ ထိုလေဟာနယ်အစီအရင်ကို ကျွမ်းကျင်ထားရခြင်းမှာလည်း ယန်ယန်၏ ဂရုတစိုက် သင်ကြားပြသပေးမှုနှင့် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် သူကိုယ်တိုင်ကြောင့် ဖြစ်လေသည်။ ထိုအချက်နှစ်ချက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်အနေဖြင့် အစီအရင်အကြောင်း နလုံးတစ်ကန်းမှ မသိဟုပင် ပြော၍ရသည်။

သို့သော်ငြား ဖန်ကျို့ကမူ ဘာမှပြန်မပြောခဲ့ပေ။ ရန်ကိုင် သူ့ကိုယ်သူ နှိမ့်ချနေခြင်း ဖြစ်သည်ဟုသာ ယူဆထားလိုက်သည်။ ဤကဲ့သို့သော ရှားပါးနက်နဲလှသည့် အစီအရင်တစ်မျိုးကို တစ်ချက်မြင်လိုက်ရုံဖြင့် တန်းပြောနိုင်ခဲ့သည့် ရန်ကိုင်သည် မည်ကဲ့သို့များ အစီအရင်အကြောင်းကို မသိဘဲ နေရပါမည်နည်း။

“ကျုပ်မှန်တယ်မလား အရင်မိသားစုခေါင်းဆောင်ကုန်း…” ရန်ကိုင်သည် ကုန်းယွဲ့ဘက်သို့လှည့်၍ မေးလိုက်လေသည်။

ကုန်းယွဲ့မျက်နှာထက်၌ မည်သည့်အပြုံးမှ ရှိမနေတော့။ သို့သော်ငြား ခေါင်းညိတ်ပြလိုက်သည်။ “မင်းမှန်တယ်… ဒီလူအိုကြီးခင်းကျင်းမယ့်အစီအရင်က ခြောက်ထောင့်တစ်ထောင့်အစီအရင်ပဲ…”

လူတိုင်းမှာ ထိုကဲ့သို့ဖြစ်မည်မှန်း ခန့်မှန်းမိပြီးသည့်တိုင် ကုန်းယွဲ့ကိုယ်တိုင်မှ ဝန်ခံလာသည်ကို ကြားလိုက်ရသည့်အခါ ထိတ်လန့်တုန်လှုပ်မိသွားကြရပေသေးသည်။

“ဒါပေမယ့် အဲ့ဒါ ဒီလူအိုကြီး ဘယ်သူဘယ်ဝါဖြစ်တာနဲ့ ဘာဆိုင်လို့လဲ…” ကုန်းယွဲ့က ပြန်မေးလိုက်သည်။ “ဒီလူအိုကြီးက ဒီလူအိုကြီးပဲလေ… ညီလေး မင်း အထင်မှားနေတာလား…”

ချန်းပင်းယုက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်မောင်လေးရန်… ခြောက်ထောင့်တစ်ထောင့်အစီအရင်က မိသားစုခေါင်းဆောင်ကုန်း ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘာပတ်သက်နေလို့လဲ… ကျွန်မကိုယ်တိုင်က အစီအရင်အကြောင်းတွေကို ဘာမှမသိဘူးဆိုပေမယ့် ဒီကျောက်စိမ်းပြားတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ပုံကိုကြည့်ရတာတော့ ဒီခြောက်ထောင့်တစ်ထောင့်အစီအရင်က အရမ်းကို နက်နဲတဲ့ပုံပဲ… အဲ့လိုအစီအရင်မျိုးကိုတောင် မိသားစုခေါင်းဆောင်ကုန်းက ငါတို့တွေအကုန်လုံး လွယ်လွယ်ကူကူနားလည်သွားအောင် လုပ်ပေးနိုင်တယ်ဆိုတော့ မိသားစုခေါင်းဆောင်ကုန်းရဲ့ အစီအရင်ပညာနဲ့ပတ်သက်ပြီး ဘာမှမေးခွန်းထုတ်နေစရာမလိုဘူး…”

ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ ယာယီမျှတိတ်ဆိတ်နေပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ “ကောင်းပြီလေ… အဲ့ဒါဆိုရင်လည်း မိသားစုခေါင်းဆောင်ကုန်း ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဘာပြဿနာမှ မရှိဘူးလို့ပဲ သဘောထားလိုက်ပေါ့… အဓိကပြဿနာက အဲ့ဒါမဟုတ်သေးဘူး…”

“အဲ့ဒါဆိုဘာလဲ…” ဝူခွမ်းရီက ထပ်မေးလိုက်သည်။ သူ့စိတ်ထဲ သိပ်၍ စိတ်မရှည်ချင် ဖြစ်လာလေပြီ။ သို့သော်ငြား ရန်ကိုင်၏ တည်ကြည်လေးနက်သည့် အမူအယာသည် ယခုကိစ္စမှာ ထင်သလောက်မရိုးရှင်းမှန်း သူ့အား ပြောပြနေခဲ့သည်။ ထို့အတွက်ကြောင့် သူ့လုံခြုံရေးနှင့်ပတ်သက်၍ ရန်ကိုင်ဆီမှ အဖြေကိုသိရန် လိုအပ်ပေသည်။

“ခြောက်ထောင့်တစ်ထောင့်အစီအရင်ကိုယ်တိုင်က ပြဿနာပဲ…” ရန်ကိုင်သည် အခြားသူများကို ပြောပြနေပါသော်ငြား သူ့အကြည့်သည် ကုန်းယွဲ့ဆီသို့သာ တစ်ချိန်လုံးရောက်ရှိနေခဲ့သည်။ “အကုန်လုံး ကျောက်စိမ်းပြားထဲမှာ ဘာတွေရေးထားသလဲဆိုတာကို တွေ့ပြီးသွားပြီဆိုတာ့ ဒီခြောက်ထောင့်တစ်ထောင့် အစီအရင် ဘယ်လိုအလုပ်လုပ်လဲဆိုတာကို နားလည်သွားလောက်ရောပေါ့ ဟုတ်တယ်မလား… အဲ့အစီအရင်နဲ့ပတ်သက်ပြီး ကျုပ် ခင်ဗျားတို့ကို နည်းနည်းလေး ပြောပြပေးမယ်… ဒီအစီအရင်ကို အသက်သွင်းလိုက်ပြီဆိုရင် လူခြောက်ယောက်က အစီအရင်ရဲ့ ထောင့်ခြောက်ခုနေရာမှာ နေနေရမယ်… ခုနှစ်ယောက်မြောက်လူကတော့ အလယ်အူတိုင်နေရာကို တာဝန်ယူရမှာပေါ့… အလယ်အူတိုင်နေရာကို ဘယ်သူတာဝန်ယူမလဲဆိုရင်တော့ အရှင်းသားကြီးပဲလေ… မိသားစုခေါင်းဆောင်ကုန်းကပဲ အဲ့တာဝန်ကိုယူမှာပေါ့… ဒါပေမယ့် ပြဿနာက ဒီအစီအရင်ကို အသက်သွင်းထားတာက ပိုကြာလေကြာလေ အလယ်အူတိုင်မှာရှိတဲ့လူက ကျန်တဲ့ခြောက်နေရာမှာရှိတဲ့လူတွေကို ပိုပြီး ထိန်းချုပ်လာနိုင်လေပဲ… ဒီတော့ အတိုင်းအတာတစ်ခုအထိသာ ရောက်သွားပြီဆိုရင် အဲ့အလယ်အူတိုင်မှာ ရှိနေတဲ့လူက ကျန်တဲ့လူခြောက်ယောက်စလုံးကို အပြည့်အဝ ထိန်းချုပ်သွားနိုင်လိမ့်မယ်… ကျန်တဲ့နေရာခြောက်ခုမှာ ရှိနေတဲ့လူတွေ ဘယ်လောက်ပဲအားကောင်းနေပါ‌စေ အလယ်အူတိုင်မှာ ရှိနေတဲ့လူရဲ့ လက်ကနေ ဘယ်လိုမှ လွတ်နိုင်တော့မှာမဟုတ်ဘူး…”

ရန်ကိုင်မှ ထိုကဲ့သို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူတိုင်း၏အမူအယာ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပြီး ကုန်းယွဲ့ဘက်သို့ လှမ်း၍ကြည့်လိုက်ကြလေသည်။

ရန်ကိုင်ပြောသည်သာ အမှန်ဖြစ်မည်ဆိုပါက ကုန်းယွဲ့၏နည်းလမ်းမှာ အမှန်တကယ်ကို မေးခွန်းထုတ်စရာ ဖြစ်သွားပေလိမ့်မည်။ ခြောက်ထောင့်တစ်ထောင့်အစီအရင်ကို အတန်ကြာအောင် အသက်သွင်းပြီးသည့်နောက်တွင် ကုန်းယွဲ့သည် လူတိုင်း၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်သွားနိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်ရပ်မျိုး မည်သူမျှ လက်မခံနိုင်ချေ။

လူတိုင်းမှ သူ့အား စူးရဲစွာ စိုက်ကြည့်နေပါသော်ငြား ကုန်းယွဲ့ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်သည်။ “အဲ့ဒါကြောင့်ပဲ လူတိုင်း ငါ့ကို အပြည့်အဝယုံကြည်ပေးရမယ်လို့ ငါပြောခဲ့တာ… အဲ့ဒါမှပဲ ငါတို့အားလုံးရဲ့ခွန်အားကို စုပေါင်းပြီးတော့ ဒီအစီအရင်ကို ဖျက်ဆီးပစ်နိုင်လိမ့်မယ်…”

ရန်ကိုင်က ထပ်ပြောလိုက်သည်။ “နံရံပေါ်က အစီအရင်ကို ဖျက်ဆီးပစ်မှာ ခြောက်ထောင့်တစ်ထောင့်အစီအရင်မဟုတ်ဘူး… အခြားတစ်ခုက ဖျက်ဆီးပစ်မှာ… မိသားစုခေါင်းဆောင်ကုန်း ခင်ဗျား ကျုပ်တို့အားလုံးကို စတေးပစ်ချင်နေတာမလား…”

“စတေးပစ်မှာ…” ဝူခွမ်းရီ အံ့အားသင့်တကြီး ထခုန်လိုက်လေသည်။ သူ့ခမျာ ရန်ကိုင်ပြောသည်ကို ကြားပြီးရုံပင်ရှိသေး ချွေးအေးများ သူ့ကျောပြင်တစ်ခုလုံး စိုရွှဲလာခဲ့ရလေ၏။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ရောင်းရင်းဝူမသိလို့… ဒီနံရံပေါ်က အစီအရင်ကို ဖျက်ဆီးဖို့က ခက်တယ်ထင်ရပေမယ့် အရမ်းလွယ်တဲ့နည်းလမ်းတစ်ခုရှိတယ်… အဲ့ဒါကတော့ အဲ့အစီအရင်ထဲကို လုံလောက်တဲ့သွေးတွေ ထည့်ပေးလိုက်ဖို့ပဲ… ခင်ဗျားတို့အရင်တစ်ကြိမ်လာတုန်းက ဒီနည်းလမ်းကို မစမ်းကြည့်ခဲ့ဖူးဘူးမလား…”

“သွေးထည့်ပေးတာ…” ဝူခွမ်းရီ၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး တုန်တုန်ရီရီဖြင့် ပြန်မေးလိုက်လေ၏။ “သွေးဘယ်လောက်လိုတာလဲ..”

“အဲ့ဒါကတော့ မပြောတတ်ဘူး… ကျုပ်တို့အားလုံးရဲ့ကိုယ်ထဲမှာရှိနေတဲ့ သွေးတွေကို ခမ်းခြောက်အောင် စုပ်ပြီးသွားရင်တော့ လုံလောက်ရင်လုံလောက်မှာပေါ့…” ရန်ကိုင်သည် သူနှင့် ဘာမှမဆိုင်သည့်ကိစ္စတစ်ခုအကြောင်းကို ပြောနေသည့်အလား ပုခုံးတွန့်၍ ပြောပြလိုက်လေသည်။

ဤအစီအရင်ကို ဖျက်ဆီးဖို့ရာ စတေးသည့်နည်းလမ်းတစ်ခုတည်းသာ ရှိခြင်းမဟုတ်ပါသော်ငြား ဤနည်းလမ်းသည် အရိုးရှင်းနှင့် အလွယ်ကူဆုံးဖြစ်ပေသည်။ မည်သည့်သွေးနှင့်မဆို ဤအစီအရင်ကို ဖျက်ဆီး၍ရပေသည်။ သွေးပိုင်ရှင် ပို၍အားကောင်းလေ… ပို၍အကျိုးအာနိသင် ရှိလေပင်။ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ၏ သွေးကိုသာ အစီအရင်ထဲသို့ ထည့်သွင်းလိုက်မည်ဆိုပါက ဤအစီအရင်သည် သူ့အလိုလို ပျက်ပျယ်သွားရပေလိမ့်မည်။

ဝူခွမ်းရီသည် ကုန်းယွဲ့ဘက်သို့လှည့်၍ မယုံကြည်နိုင်ဟန်ဖြင့် “မိသားစုခေါင်းဆောင်ကုန်း… သူပြောတာအမှန်ပဲလား…”

ဖန်ကျို့နှင့် ချန်ပင်းယုတို့မှာလည်း ကုန်းယွဲ့အား မေးခွန်းထုတ်လိုသည့်အကြည့်ဖြင့် ကြည့်နေကြလေသည်။ ဟွာယုလုကမူ ရန်ကိုင်ဘေးနားတွင်သာ ရပ်နေလေ၏။ သူမ ရန်ကိုင်ကို အမှန်တကယ် ယုံကြည်ပေသည်။ ရန်ကိုင် မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို သိထားသည့် တစ်ဦးတည်းသောလူမှာလည်း သူမသာ ဖြစ်လေသည်။ နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်သည့်အလျောက် ရန်ကိုင်သည် တောင်ဘက်နယ်မြေထဲတွင် ရှိနေသော အခြားသူများကို အကြောင်းအရင်းမရှိ ဒုက္ခပေးလိမ့်မည်ဟု သူမ မယုံပေ။ သူမအနေဖြင့် ရန်ကိုင်ကို ယုံကြည်နေခြင်းတော့မဟုတ်။ သို့သော်ငြား ရန်ကိုင်သည် နေမင်းပြာကျောင်းတော်ကို ကိုယ်စားပြုနေသည့်အတွက်ကြောင့် သူ့အား ယုံကြည်လိုက်ခြင်းသာ ဖြစ်လေသည်။

ယခုမှသာလျှင် ရန်ကိုင်သည် ကုန်းယွဲ့ မည်သူမည်ဝါဖြစ်သလဲဆိုသည်နှင့်ပတ်သက်၍ ဘာကြောင့် မေးခွန်းထုတ်ခဲ့ရသလဲဆိုသည်ကို လူတိုင်း နားလည်သွားကြရတော့သည်။

ကုန်းယွဲ့သည်သာ ကုန်းမိသားစု၏ ယခင်မိသားစုခေါင်းဆောင်ဖြစ်ခဲ့ပါလျှင်မူ သူတို့အပေါ် ယခုကဲ့သို့ လုပ်စရာအကြောင်းမရှိချေ။ သူသာ ထိုကဲ့သို့လုပ်လိုက်မည်ဆိုပါက ကောင်းကင်မြစ်တောင်ကြားမှ ကုန်းမိသားစု၏ ဂုဏ်သတင်းကို ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

ရန်ကျို့မှ ခြောက်ထောင့်တစ်ထောင့်အစီအရင်အကြောင်းအား သိနေသည့်အပေါ် သူတို့စိတ်ထဲ ကြိတ်၍ စိတ်သက်သာရာ ရနေမိလေသည်။ ထိုသို့သာမဟုတ်ပါက သူတို့အားလုံး ကုန်းယွဲ့၏ထောင်ချောက်ထဲသို့ ရောက်သွားရပေလိမ့်မည်။ သို့သော်ငြား သေချာပြန်စဉ်းစားကြည့်လိုက်သော် ရန်ကျို့သည် ဤအစီအရင်ကို ဖျက်ဆီးပစ်နိုင်မည့် သွေးစတေးသည့်နည်းလမ်းကို မည်ကဲ့သို့များ သိနေရသလဲဟု တွေးမိသွားရပြန်လေသည်။ ရန်ကျို့သည် အစီအရင်အကြောင်း ဘာဆိုဘာမှမသိဟု ပြောခဲ့သည်။ သို့သော်ငြား ဤအစီအရင်သည် ခြောက်ထောင့်တစ်ထောင့်အစီအရင်ဖြစ်သလို ကုန်းယွဲ့အသုံးပြုသည့်နည်းလမ်းမှာ ခြောက်ထောင့်တစ်ထောင့်အစီအရင်မဟုတ်ဘဲ သွေးစတေးသည့်နည်းလမ်းသာ ဖြစ်ကြောင်းကိုလည်း ထုတ်ပြောပြခဲ့သည်။

“ဒီတော့ ညီလေးရန်က ငါနဲ့ တစ်လမ်းတည်းပဲကိုး… မလေးစားသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်…” ကုန်းယွဲ့က လှောင်ပြုံးပြုံးလျက် ရန်ကိုင်အား လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးထဲ အံ့အားသင့်နေသည့် အရိပ်အယောင်တို့ ရှိနေခဲ့ပါသော်ငြား ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်တော့ မပြချေ။

ကုန်းယွဲ့၏အမူအယာကို မြင်လိုက်သည့်အခိုက် ရန်ကိုင်စိတ်ထဲ မကောင်းသည့်ခံစားချက်တို့ ရလာခဲ့လေသည်။

“မိသားစုခေါင်းဆောင်ကုန်း… သူပြောတာအမှန်ပဲလား…” ဝူခွမ်းရီက မျက်လုံးပြူးလျက် “ခင်ဗျား ကျုပ်တို့ကို စတေးပစ်ပြီးတော့ ဒီအစီအရင်ကို ဖျက်ဆီးချင်နေတာလား…”

ကုန်းယွဲ့က ပြုံးလျက် “ဟုတ်တယ်…”

ကုန်းယွဲ့မှ ထိုကဲ့သို့ ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်ထဲဆီမှ အသံတစ်သံ ထွက်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ သူ့လက်ထဲတွင် ကိုင်ထားသည့် ကျောက်စိမ်းပြားကို ချက်ချင်းလွှင့်ပစ်၍ အခြားသူများကို သတိပေးတော့မည်အပြု သူနောက်ကျသွားခဲ့မှန်း တွေ့လိုက်ရလေသည်။

အက်ကွဲသံနှင့်အတူ လူတိုင်း၏လက်ထဲတွင် ရှိနေသော ကျောက်စိမ်းပြားများ ပေါက်ကွဲထွက်သွားခဲ့ပြီး ထိုကျောက်စိမ်းပြားတစ်ခုချင်းစီသည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ လူတစ်ယောက်ချင်းစီကို ရစ်ပတ်လိုက်လေသည်။

ဤနေရာရှိလူတိုင်းမှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသည့်အတွက်ကြောင့် သူတို့၏တုံ့ပြန်နှုန်းမှာ နှေးကွေးသည်ဟု ပြော၍မရချေ။ လူတိုင်းသည် ကျောက်စိမ်းပြားပေါက်ကွဲထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျောက်စိမ်းပြား ပေါက်ကွဲထွက်ရာမှ ထွက်ပေါ်လာသည့်အလင်းတန်းကို တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်ပါသော်ငြား ကံမကောင်းစွာဖြင့် ကုန်းယွဲ့မှာ သူတို့ထက် ပိုမြန်နေခဲ့သည်။

လူတိုင်း လှုပ်ရှားရန်ကြံနေသည်နှင့်တစ်ပြိုင်နက် ကုန်းယွဲ့သည် သူ့လက်ကိုမြှောက်၍ အနက်ရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်လေသည်။ ကုန်းယွဲ့၏ပစ်မှတ်မှာ လူတိုင်းဖြစ်ပါသော်ငြား သူအဓိက ချိန်ရွယ်ထားသည့်လူမှာ ရန်ကိုင်သာ ဖြစ်လေသည်။

ရန်ကိုင်မှာ နောက်သို့ဆုတ်ရန် အမြန်ကြိုးစားလိုက်ပါသော်ငြား သူပိုဆုတ်လေဆုတ်လေ အနက်ရောင်အလင်းတန်းမှာ သူနှင့် ပိုမိုနီးကပ်လာနေကြောင်း တွေ့လိုက်ရသည်။ အလစ်အငိုက်မိသွားသည့်အတွက်ကြောင့် အနက်ရောင်အလင်းတန်း၏ ထိမှန်ခြင်း ခံလိုက်ရပြီး သူ့မြင်ကွင်းတစ်ခုလုံး မှောင်မိုက်သွားခဲ့ကာ သူ့ပတ်ဝန်းကျင်ရှုခင်းတစ်ခုလုံးမှာလည်း ပြောင်းလဲသွားခဲ့ရလေသည်။

ရန်ကိုင် အသိပြန်ဝင်လာချိန်တွင်တော့ သူ့ဘေးပတ်ပတ်လည်အနှံ့ အဆုံးမရှိအောင် ကျယ်ပြောလှသည့် သမုဒ္ဒရာကြီးဖြင့် ပြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ပူပြင်းလှသည့်နေမှာတော့ အထက်စီးမှ အောက်သို့ ဖြာကျနေခဲ့လေသည်။

လက်ရှိရန်ကိုင်သည် သမုဒ္ဒရာကျယ်ကြီးပေါ်သို့ ရောက်နေခဲ့လေသည်။ ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်မှာ အရပ်မျက်နှာကိုပင် မခွဲခြားနိုင်တော့အောင် ဖြစ်သွားခဲ့ရသည်။ သူမြင်နေရသည့်အရာဆို၍ ကျယ်ပြောလှသည့် ကောင်းကင်ပြင်ကြီးနှင့် ပင်လယ်ကျယ်ကြီးသာ ဖြစ်လေသည်။

“အစီအရင်ပြားလား…” ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။

လက်ရှိ သူကြုံနေရသည့်အရာမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်လေသည်။ ထိုအချက်နှင့်ပတ်သက်၍ ရန်ကိုင် လုံးဝကို သေချာပေသည်။ ဤမျှအသက်ဝင်လှသည့် ပုံရိပ်ယောင်တစ်ခုကို ဖန်တီးဖို့ရာ ကုန်းယွဲ့သည်ပင်လျှင် ဤကဲ့သို့သော အရာမျိုးကို တစ်ခဏလေးအတွင်း မဖန်တီးနိုင်ချေ။ ထို့အတွက်ကြောင့် ရှင်းပြချက်တစ်ခုသာ ရှိတော့လေသည်။ ကုန်းယွဲ့သုံးလိုက်သည်မှာ အစီအရင်ပြားတစ်ခု ဖြစ်နေသည့်အတွက်ကြောင့်ပင်။

အစီအရင်ပြားထဲတွင် အစီအရင်ကို အသက်သွင်းပြီးသား ဖြစ်သည့်အတွက်ကြောင့် ကုန်းယွဲ့အနေဖြင့် ထိုအရာကို အသုံးပြုလိုပါက အသက်သွင်းရုံသာ လိုအပ်ပေသည်။ အစီအရင်ပြားများသည် သုံးရလွယ်ကူ အဆင်ပြေပြီး အချိန်လည်းမကုန်ချေ။ အားနည်းချက်ဆို၍ အစီအရင်ပြား၏စွမ်းအားမှာ တကယ့်အစီအရင်အောက် အတော်လေးကို နိမ့်ကျခြင်းပင်။

သို့သော်ငြား ကုန်းယွဲ့ထုတ်သုံးလိုက်သည့်အစီအရင်ပြားမှာ အတော်လေးကိုမှ အဆင့်မြင့်ရပေလိမ့်မည်။ ယခုကဲ့သို့သော အစီအရင်မျိုးသည် ရန်ကိုင်ကိုပင်လျှင် အတန်ကြာအောင် ပိတ်လှောင်ထားနိုင်ပေသည်။ အထူးသဖြင့် သူ့ဝိဉာဉ် အပြည့်အဝ ပြန်မကောင်းသေးသည့် အချိန်မျိုးတွင်ပင်။

သို့သော်ငြား အချိန်သာရမည်ဆိုပါက သူ့အနေဖြင့် ဤပုံရိပ်ယောင်အစီအရင်၏ အားနည်းချက်ကို ရှာဖွေနိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေပေသည်။

ကုန်းယွဲ့မှ သူတို့အား ပေးလာသည့် ခြောက်ထောင့်တစ်ထောင့်အစီအရင်အကြောင်း ရေးထိုးထားသည့် ကျောက်စိမ်းပြားများမှာ အစီအရင်ပြားများ ဖြစ်နေခဲ့သည်။ ခွေးအိုကြီးဆိုသည့်အတိုင်း ကုန်းယွဲ့သည် အမှန်တကယ်ကို ဉာဏ်နီဉာဏ်နက်များပေသည်။ သူ၏လှည့်ကွက်ကို ရန်ကိုင်သည်ပင်လျှင် မမြင်နိုင်ခဲ့ပေ။

ရန်ကိုင်သည် ထိုအချက်ကို အားလုံးထက်စော၍ ရှာတွေ့သွားခဲ့သည့်အတွက်ကြောင့် ကျောက်စိမ်းပြားကို လွှင့်ပစ်ခဲ့ပါသော်ငြား ယခုကဲ့သို့ ပိတ်လှောင်ခံရသည့်ဘေးမှ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိချေ။

ယခုဆိုလျှင် ဟွာယုလုနှင့်အခြားသူများသည် ကုန်းယွဲ့၏အစီအရင်ထဲသို့ ရောက်သွားခဲ့ရလေသည်။ အစီအရင်ပညာရှင်တစ်ဦးလည်း ဖြစ်သလို ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးလည်း ဖြစ်သည့်အတွက်ကြောင့် ကုန်းယွဲ့သည် ထိုအစီအရင်များထဲ ဧကရာဇ်တတိယအဆင့်နှင့်ပင် ယှဉ်ပြိုင်နိုင်သော စွမ်းအားကို ကျိန်းသေ ထုတ်ဖော်နိုင်ပေလိမ့်မည်။

တစ်နည်းဆိုရသော် ဟွာယုလုနှင့် အခြားသူများ အတူပူးပေါင်း၍ တိုက်ခိုက်မည်ဆိုလျှင်ပင် ကုန်းယွဲ့ကို အနိုင်ယူနိုင်လောက်လိမ့်မည်မဟုတ်ချေ။

ရန်ကိုင်အနေဖြင့် ထိုလူများကို မြန်မြန်သွားကူပေးရပေလိမ့်မည်။ သို့သော်ငြား သူ့တွင် ထိုကဲ့သို့ကူညီနိုင်မည့် အခွင့်အရေးမရတော့ချေ။

ရုတ်တရက်ဆိုသလို ပင်လယ်ပြင်ထက် လူတစ်ဦးပေါ်လာခဲ့လေသည်။ ရန်ထိုက်သည် ပင်လယ်ပြင်ထက်တွင် ဆန်းကြယ်စွာ ပေါ်လာပြီး ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေခဲ့သည်။ ယခင်က ဖော်ရွေလှသည့် ရန်ထိုက်ကို မည်သည့်နေရာတွင်မှ မတွေ့ရတော့။ လက်ရှိအချိန်တွင် ရန်ထိုက်မှာ ရန်ကိုင်အား ကမ္ဘာမကြေရန်သူတစ်ဦးကို ကြည့်နေသည့်အမျိုးဖြင့် စိုက်ကြည့်နေခဲ့လေသည်။

“ထင်ထားတဲ့အတိုင်းပဲ ခင်ဗျားလည်း အပေါင်းအပါပဲကို…” ရန်ထိုက်ပေါ်လာသည်ကိုမြင်သည့်အခါ ရန်ကိုင်လည်း အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း ဤပုံရိပ်ယောင်အစီအရင်မှ လွတ်မြောက်နိုင်မည့်နည်းလမ်းကို တိုးတိုးတိတ်တိတ်နှင့် စတင်ရှာဖွေတော့သည်။

ရန်ထိုက်သည် ကုန်းယွဲ့အား ဖိတ်ခေါ်ခဲ့သူတစ်ဦး ဖြစ်ပေသည်။ ကုန်းယွဲ့သည် သံသယဝင်စရာ ကောင်းသည့်လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ထိုက်သည်လည်း သံသယဝင်စရာ ကောင်းလှပေသည်။ ထို့အတွက်ကြောင့် ရန်ထိုက်မှ ပုံရိပ်ယောင်အစီအရင်ထဲသို့ ဝင်လာသည်ကို မြင်သည့်အခါ သူထင်သည်မှာ မှန်ကန်နေကြောင်း ရန်ကိုင်သိသွားရတော့သည်။

“အပေါင်းအပါ…” ရန်ထိုက်က လှောင်ပြုံးပြုံးလျက် “မင်းဘာသာမင်း ထင်ချင်သလိုထင်… အစကတော့ ဖန်ကျိုးကို သတိထားနေခဲ့တာ… ဒါပေမယ့် ငါ့အစီအစဉ်တစ်ခုလုံးကို ဖျက်ဆီးမယ့်လူက သူမဟုတ်ဘဲ မင်းဖြစ်နေမယ်လို့ မထင်ထားဘူး… ငါမင်းကို တကယ်အထင်သေးမိသွားတာပဲ…”

ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “ဒီတော့ အဲ့ကုန်းယွဲ့က ကုန်းမိသားစုရဲ့ အရင်မိသားစုခေါင်းဆောင်ပဲပေါ့…”

ယခင်က ရန်ကိုင်သည် ကုန်းယွဲ့၏ဇစ်မြစ်နှင့်ပတ်သက်၍ သံသယဝင်ခဲ့လေသည်။ သို့သော်ငြား ဤပုံရိပ်ယောင်အစီအရင်ထဲသို့ ဝင်ရောက်လာပြီးသည့်နောက် သူ့အထင် မှားယွင်းနေခဲ့မှန်း နားလည်သွားခဲ့ရသည်။ လက်ရှိ သူတို့နှင့်အတူပါလာသည့် ကုန်းယွဲ့သည် ကုန်းမိသားစု၏ ယခင်မိသားစုခေါင်းဆောင် ဖြစ်သည်ဆိုသည်မှာ အမှန်ဖြစ်လောက်သည်။ ထို့ကြောင့်သာလျှင် သူ့၌ ဤကဲ့သို့သော အဆင့်မြင့်အစီအရင်ပြားများစွာ ရှိနေရခြင်းဖြစ်သလို သူကိုယ်တိုင်သည်လည်း အစီအရင်ပညာကို ကျွမ်းကျင်ထားရခြင်းဖြစ်လေသည်။

All Chapters