← Chapters

အခန်း (၂၉၁၆-၂၉၂၀)

Vol. 125 Ch. 2916-2920

အခန်း (၂၉၁၆-၂၉၂၀)

Vol. 125 Ch. 2916-2920

အပိုင်း (၂၉၁၆)

ဘာသာပြန်သူ_တိမ်တိုက်

ကုန်းမိသားစု၏ ယခင်မိသားစုခေါင်းဆောင်သည် ရှေးဟောင်းလိုဏ်ဂူစံအိမ်တစ်ခုလေးအတွက်နှင့် မိသားစုတစ်ခုလုံး၏ ဂုဏ်သတင်း ပျက်စီးရမည်ကိုပင်လျှင် ဂရုမစိုက်ဘဲနေသည်အထိ လောဘကြီးလွန်းလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။

“ရောင်းရင်းကုန်းက ရောင်းရင်းကုန်းပဲ… မင်း ဘာလို့ သူ့ကို သံသယဝင်နေမှန်း ငါတကယ်ကို နားမလည်နိုင်ဘူး…” ရန်ထိုက်သည် ရန်ကိုင်အား လှောင်ပြုံးပြုံးကာ စိုက်ကြည့်ရင်းမှ ပြောလိုက်သည်။

ရန်ကိုင်က သက်ပြင်းချလျက် “ဘာပဲဖြစ်ဖြစ် မင်းနဲ့ကုန်းယွဲ့က တစ်လှေတည်းစီးနေတဲ့လူတွေပဲ… အဲ့အချက်နဲ့ပတ်သက်ပြီးတော့ ငါမှားမသွားဘူး…”

သို့သော်ငြား ရန်ကိုင် နောက်ထပ်အမှားတစ်ခု ထပ်လုပ်လိုက်မိလေသည်။ သူထင်ထားသည်မှာ ဖန်ကျို့သည်လည်း ကုန်းယွဲ့၏ အပေါင်းအပါ ဖြစ်လိမ့်မည်ဟူ၍ပင်။ အကြောင်းမှာ ဖန်ကျို့သည် ကုန်းယွဲ့မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြရာတွင် သူဖန်တီးလိုက်သည့်အစီအရင်သည် ကုန်းယွဲ့၏ လျင်မြန်စွာ ဖျက်ဆီးခြင်း ခံလိုက်ရသည့်အတွက်ကြောင့်ပင်။ ထို့ကြောင့်သာ ကုန်းယွဲ့မှာ ကုန်းယွဲ့ဖြစ်ကြောင်း လူတိုင်း ယုံကြည်သွားကြခြင်း ဖြစ်လေသည်။

ထိုစဉ်က ဖန်ကျို့ဟန်ဆောင်နေခြင်းသာ ဖြစ်လိမ့်မည်ဟု ရန်ကိုင် ထင်ခဲ့လေသည်။ ထို့အတွက်ကြောင့် ဖန်ကျို့ကိုလည်း သံသယဝင်မိသည်။ သို့သော်ငြား ယခုအချိန်တွင်တော့ ကုန်းယွဲ့သည် တကယ့်ကုန်းယွဲ့ဖြစ်ပြီး ဖန်ကျို့အား အစီအရင်ပိုင်းနှင့်ပတ်သက်လျှင် အပြတ်အသတ် အနိုင်ယူနိုင်သည့်လူတစ်ဦးမှန်း ရန်ကိုင် နားလည်သွားရတော့သည်။

“မင်း ဒီအစီအရင်ရဲ့ အားနည်းချက်ကို ရှာနေတာလား…” ရန်ထိုက်မှာ အချိန်အတန်ကြာအောင် အသက်ရှင်လာသည့် ဧကရာဇ်ပထမအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် ရန်ကိုင် ဘာလုပ်ရန်ကြံနေသလဲဆိုသည်ကို မသိဘဲမနေချေ။ သို့သော်ငြား ရန်ကိုင် အစီအရင်၏ဟာကွက်အား လိုက်ရှာနေသည့်အပေါ် အနည်းငယ်မျှပင် စိတ်ပူခြင်းမရှိသလို ကြောက်ရွံ့သည့်အရိပ်အယောင်လည်း မပြချေ။ ထို့အစား လှောင်ပြုံးပြုံး၍သာ ပြန်ပြောလိုက်သည်။ “အဲ့ဒါဆိုရင်တော့ မင်းသေချာရှာထားနော်… ဘာဖြစ်လို့လဲဆိုတော့ ရောင်းရင်းကုန်းရဲ့ အစီအရင်တွေမှာ အားနည်းချက်ဆိုတာ ဒီလောက်ရှိတာမဟုတ်ဘူး…”

ရန်ကိုင်သည် ရုတ်တရက်ဆိုသလို ရန်ထိုက်ဘက်သို့လှည့်၍ ရေရွတ်လိုက်လေ၏။ “အဲ့လိုကိုး…”

ရန်ထိုက်က အော်ရယ်မောလျက် “အခု မင်းသိသွားပြီပေါ့…”

ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားစကားကြောင့်ပဲ သိသွားရတာ… ခင်ဗျားက ဒီအစီအရင်ရဲ့ အူတိုင်ပဲ…”

ရန်ထိုက်က ခေါင်းညိတ်လျက် “ဟုတ်တယ်… ငါက ဒီအစီအရင်ရဲ့ အူတိုင်ပဲ… ဒီတော့ မင်းသာ ဒီအစီအရင်ကို ဖျက်ဆီးချင်တယ်ဆိုရင် လွယ်လွယ်လေးပဲ… ငါ့ကိုသတ်လိုက်…”

ရန်ထိုက်သည် သားကောင်ကို ဆော့ကစားနေသည့် မြေခွေးအိုကြီးတစ်ကောင်ပမာ ပြုံးဖြီးရင်းမှ “ဒါပေမယ့် မင်းမှာ ငါ့ကို အဲ့လိုသတ်နိုင်တဲ့ အရည်အချင်း ရှိလို့လား…”

သူ ရန်ကိုင်ကို အထင်သေးနေခြင်းမဟုတ်။ သူတို့နှစ်ဦးသည် အဆင့်တူကျင့်ကြံသူများ ဖြစ်ကြပါသော်ငြား အဆိပ်မြူခိုးများကို ထိုးဖောက်ရန် ကြိုးစားနေစဉ်အတောအတွင်း ရန်ကိုင်၏တိုက်ကွက်များကို မြင်တွေ့ခဲ့ရပေသည်။ ရန်ကိုင်၏ တိုက်ခိုက်မှုများမှာ အားနည်းလှသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် သူ့အား ရင်ဆိုင်ရန် ခက်ပေလိမ့်မည်။ ထို့အပြင် ရန်ကိုင်၏အရှိန်အဝါမှာလည်း မတည်မငြိမ် ဖြစ်နေလေရာ ရန်ကိုင် ဒဏ်ရာရထားသည်မှာ သိသာလှပေသည်။ ပိုဆိုးသည်မှာ ရန်ထိုက်သည် ဤအစီအရင်၏ အူတိုင် ဖြစ်နေခြင်းပင်။ ထို့အတွက်ကြောင့် လက်ရှိ သူထုတ်သုံးနိုင်သည့်စွမ်းအားမှာ မူလရန်ထိုက် ထုတ်သုံးနိုင်သည့်စွမ်းအားထက်ကို အများကြီး သာလွန်ပေသည်။

ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်အား အနည်းငယ်မျှပင် ကြောက်ရွံ့မနေခြင်းဖြစ်သည်။ သူသည် အစီအရင်၏ အူတိုင် ဖြစ်သည့်အကြောင်းကို ရန်ကိုင်သိသွားမည်ဆိုလျှင်ပင် ဤအစီအရင်ကို ဖျက်ဆီးနိုင်လိမ့်မည်မဟုတ်ပေ။

“ဘာလို့လဲ…” ရန်ကိုင် မျက်မှောင်ကျုံ့နေခဲ့သည်။

“ဘာကို ဘာလို့လဲလဲ…” ရန်ထိုက်မှာ ရန်ကိုင်မည်သို့ပင် ကြိုးစားနေစေကာမူ သူ့အား နိုင်လိမ့်မည်မဟုတ်မှန်း သိနေသည့်အတွက်ကြောင့် တိုက်ခိုက်ရန် အလျင်မလိုသေးချေ။

“အဲ့သွေးတံခါးရဲ့နောက်မှာ ဘာတွေရှိနေလဲဆိုတာကို ဘယ်သူမှ သိကြတာမဟုတ်ဘူး… ရတနာဖြစ်ချင်ဖြစ်လိမ့်မယ်… ဒါမှမဟုတ် သေမင်းထောင်ချောက်လည်း ဖြစ်ရင်ဖြစ်နေနိုင်တာပဲ… အဲ့နောက်မှာ ဘာရှိနေလဲဆိုတာကို ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး… အဲ့လိုအရာမျိုးအတွက် ခင်ဗျား ဘာဖြစ်လို့ အခြားသူတွေကို သတ်ဖို့အထိ လုပ်နေရတာလဲ…”

ရန်ထိုက်က အော်ရယ်မောလျက် ခေါင်းခါရင်း “မင်း ဘာမှနားမလည်သေးပါဘူး… ဘာမှနားမလည်သေးဘူး…”

“အဲ့ဒါကြောင့်ပဲ ခင်ဗျားကို သေချာအောင် မေးကြည့်နေတာလေ…”

ရန်ထိုက်က မျက်မှောင်ကျုံ့ရင်းမှ ရေရွတ်လိုက်လေသည်။ “အဲ့မှာ အရမ်းအရေးကြီးတဲ့ဟာတစ်ခု ရှိတယ်… အရမ်းအရမ်းကို အရေးကြီးတဲ့ဟာ… အဲ့ဒါကို ငါရမှဖြစ်မယ်…”

ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ “အထဲမှာဘာရှိလဲ ခင်ဗျားသိတယ်ပေါ့… ခင်ဗျား ဘယ်လိုလုပ်ပြီး သိနေရတာလဲ…”

သွေးတံခါးပေါ်တွင် သူတို့အားလုံးပင် ချိုးဖြတ်၍မရသည့် အစီအရင်တစ်ခု ရှိနေခဲ့လေသည်။ ထိုအစီအရင်ကြောင့်သာလျှင် ရန်ထိုက်၊ ဝူခွမ်းရီနှင့် ဟွာယုလုတို့မှာ ဤနေရာတွင် ရပ်တန့်သွားခဲ့ရပြီး အခြားအကူများကို သွားရှာရန် သဘောတူညီချက် လုပ်ခဲ့ကြခြင်းပင်။ ထိုအစီအရင်မှာ ပျက်စီးခြင်းမရှိသေးလေရာ အထဲတွင် ဘာရှိနေသလဲဆိုသည်ကို မည်သူမျှ သိရလိမ့်မည် မဟုတ်ချေ။

ဧကရာဇ်အဆင့် လေးငါးယောက်ကို သတ်ဖြတ်ခြင်းသည် မည်သူမျှ ဘာအကျိုးမျှ မရှိဘဲ လုပ်လိမ့်မည်အရာမျိုး မဟုတ်ချေ။ သို့သော်ငြား ရန်ထိုက်ကမူ ထိုကဲ့သို့လုပ်ရုံမက ကုန်းယွဲ့ကိုပင်လျှင် သူ့အား ကူညီပေးရန် သွားရောက်ဖိတ်ခေါ်ခဲ့ပေသည်။

ရန်ထိုက်ရေရွတ်ပြောဆိုနေသည်ကို ကြည့်ရသလောက် ရန်ထိုက်သည် သွေးရောင်ဂိတ်တံခါးပေါက်၏ နောက်ကွယ်တွင် မည်သို့သောအရာများ ရှိနေသလဲဆိုသည်ကို သိထားသည့်ပုံပင်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ အတော်လေးကိုမှ အံ့အားသင့်သွားရတော့လေသည်။ ပိုဆိုးသည်မှာ ရန်ထိုက်ကိုကြည့်ရသည်မှာ စိတ်အခြေအနေမှန်သည့်ပုံမပေါ်။ မသိလျှင် လက်ရှိရန်ထိုက်သည် အရူးတစ်ပိုင်း ဖြစ်နေသည့်အလား။ သူ့တွင် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ရှိသင့်ရှိထိုက်သည့်ဟန်ပန်မျိုးကို လုံးဝအရှင်း မတွေ့ရချေ။

ရန်ကိုင် သူ့စိတ်စွမ်းအင်ကို မသိမသာလေး လှည့်ပတ်ရင်းမှ သူ့ဘယ်ဘက်မျက်လုံးသည် ရုတ်တရက် ရွှေရောင်အလင်း တောက်ပသွားခဲ့လေသည်။ ထို့နောက် သူ့လေသံထဲ စိတ်စွမ်းအင်ကိုပါ ထည့်သွင်း၍ အော်ပြောလိုက်လေသည်။ “အဲ့မှာဘာရှိနေတာလဲ… ငါ့ကိုပြောပြစမ်း…”

“အဲ့မှာလား… အဲ့မှာက…” ရန်ထိုက်သည် ရန်ကိုင်မေးသည့်မေးခွန်းကို ပြန်ဖြေတော့မည်လုပ်လိုက်သည်။ သို့သော်ငြား ထိုကဲ့သို့‌ ပြောပြီးပြီးချင်းမှာပင် သူ့မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်မှာ တစ်ချက်ငြီးတွားမိလိုက်ပြီး သူ့မျက်နှာတစ်ပြင်လုံးဟာလည်း သွေးဆုတ်ဖြူလျော်သွားခဲ့သည်။

မူလကတည်းက သူ့ဝိဉာဉ်မှာ ဒဏ်ရာရထားပြီးသားဖြစ်လေသည်။ ယခု စိတ်စွမ်းအင်ကို အတင်းအကြပ်လှည့်ပတ်၍ တစ်ဖက်လူအား စေခိုင်းထိန်းချုပ်ရန် ကြိုးစားလိုက်ရာတွင် ရန်ထိုက်မှ ပြန်လည်ခုခံလာခဲ့သော် ရန်ကိုင်မှာ တန်ပြန်ဘေးထွက်ဆိုးကျိုးကို ခံစားရတော့လေ၏။

“မင်းငါ့ကို ထိန်းချုပ်ရဲတယ်လား…” ရန်ထိုက်၏မျက်နှာ ဒေါသကြောင့် ရှုံ့မဲ့သွားခဲ့လေသည်။ ရန်ကိုင်နှင့် ဆက်လက်၍ လေကုန်ရန် စဉ်းစားမနေတော့ဘဲ ချက်ချင်းပဲ သူ့လက်ကို မြှောက်လိုက်ရာ သူ့နောက်ဘက်တွင်ရှိနေသော ပင်လယ်ရေသည် ကောင်းကင်ပေါ်သို့ မြောက်တက်လာပြီး ရေနဂါးအသွင်သို့ ပြောင်းလဲသွားကာ ရန်ကိုင်ဆီသို့ တဟုန်ထိုး တိုးဝင်သွားလေသည်။

ရန်ကိုင်၏နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေသည်။ ဤအရာအားလုံးသည် အစီအရင်မှ ဖန်တီးထားသည့် အရာများမှန်းသာ သိသည့်တိုင် ရေနဂါးကို ထိပ်တိုက်မရင်ဆိုင်ရဲချေ။ လက်ရှိအချိန်တွင် သူသည် အထွဋ်အထိပ်အခြေအနေတွင် ရှိနေသည့် ရန်ကိုင်မဟုတ်။ အနည်းငယ်မျှသော သတိလက်လွတ်မှုလေးသည် သူ့အား ဆိုးဆိုးရွားရွားကို ဒဏ်ရာရသွားစေနိုင်ပေသည်။ ထို့အတွက်ကြောင့် ထိုရေနဂါး သူ့ဆီသို့ တိုးဝင်လာနေသည်ကိုမြင်သော် ရန်ကိုင်စိတ်ထဲ ပထမဦးဆုံး စဉ်းစားမိလိုက်သည်မှာ ရှောင်တိမ်းဖို့ရာပင်။

ရန်ကိုင်၏ခန္ဓာကိုယ်သည် လှစ်ခနဲဆိုသလို အခြားတစ်နေရာသို့ ရောက်ရှိသွားခဲ့သည်။ သို့သော်ငြား ဟန်ချက်မထိန်းနိုင်သေးခင်မှာပင် သူ့အောက်ဘက်ရှိရေပြင်သည် ရုတ်တရက်ဆိုသလို လည်ပတ်လာခဲ့ပြီး ဝဲကတော့တစ်ခုအသွင်သို့ ပြောင်းလဲသွားကာ ထိုဝဲကတော့ထဲမှာ နောက်ထပ်ရေနဂါးတစ်ကောင် ထွက်ပေါ်လာခဲ့လေသည်။

ရန်ထိုက်က လှောင်ပြုံးပြုံးလျက် “ကောင်လေး… မတိုက်ခိုက်ဘဲနဲ့ အရှုံးပေးလိုက်စမ်းပါကွာ… မင်း ငါ့ပြိုင်ဘက်မဟုတ်ဘူးကွ…”

ဤအစီအရင်၏အကူအညီ မပါဘဲနှင့်ပင် ရန်ထိုက်သည် ရန်ကိုင်အား အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိပေသည်။ အနည်းငယ်လေး ပိုကြိုးစားရရုံသာ ရှိပေမည်။ သို့သော်ငြား လက်ရှိသူသည် အစီအရင်၏အူတိုင် ဖြစ်နေရာ အစီအရင်၏စွမ်းအားကိုပါ အသုံးချနေနိုင်သော် ရန်ကိုင်အနေဖြင့် သူ၏ပြိုင်ဘက် မည်သို့များ ဖြစ်နိုင်ပါတော့မည်နည်း။

နဂါးနှစ်ကောင်ကိုထိန်းချုပ်၍ ရန်ကိုင်အား လိုက်လံတိုက်ခိုက်ခိုင်းနေပြီး တစ်ချိန်တည်းတွင် ရန်ထိုက်၏ပါးစပ်မှာလည်း အနားမနေခဲ့ပေ။ “သွေးစတေးမှု လုပ်ရမယ်ဆိုရင်တောင် မင်းတို့ အသက်အန္တရာယ်ရှိမှာမဟုတ်ဘူး… မင်းတို့ရဲ့သွေးကို သုံးပြီးတော့ အစီအရင်ကို ဖျက်ဆီးပစ်ချင်ရုံပဲ… မင်းတို့အသက်ကို ယူချင်တာမှမဟုတ်တာ… ဒါပေမယ့် မင်းက ငါ့အစီအစဉ်ကို ဖျက်ဆီးလိုက်တယ်ဆိုမှတော့ ငါမင်းကို မိပြီဆိုတာနဲ့ ဟဲ ဟဲ ဟဲ…”

ရန်ကိုင်သည် ရန်ထိုက်၏စကားကို ပြန်လည်ခွန်းတုံ့ပြန်ပြောမနေခဲ့ဘဲ ရေနဂါးနှစ်ကောင်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်းမှ ရန်ထိုက်ဆီသို့ တဖြည်းဖြည်း ချည်းကပ်လာခဲ့လေသည်။

“မင်းက လွယ်လွယ်နဲ့ အညံ့မခံချင်မှတော့ ငါကလည်း မင်းကို ကောင်းကောင်း သင်ခန်းစာ ပေးရတော့တာပေါ့ကွာ…” ချက်ချင်းပဲ ရန်ထိုက်သည် သူ့လက်ကိုမြှောက်လိုက်ရာ နောက်ထပ်ရေနဂါးနှစ်ကောင် ပင်လယ်ထဲမှ ခုန်ထွက်လာခဲ့ပြီး ရန်ကိုင်နောက်သို့ ပြေးလိုက်လေသည်။

ရန်ကိုင်၏အခြေအနေမှာ တဖြည်းဖြည်း ဆိုးသထက် ဆိုးလာခဲ့လေသည်။ သူ့အခြေအနေမှာ လှိုင်းထန်နေသည့် ပင်လယ်ထဲသို့ ရောက်နေသည့် လှေငယ်လေးတစ်စင်းပမာ ဖြစ်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်သည် မည်သို့သော အန္တရာယ်မျိုးနှင့် ကြုံနေရစဉ်ကမူ အန္တရာယ်ကြုံရခါနီးဖြစ်သွားတိုင်း နဂါးများ၏တိုက်ခိုက်မှုများကို အောင်မြင်စွာ ရှောင်တိမ်းသွားနိုင်ခဲ့သဖြင့် ရန်ထိုက်မှာ ကြိတ်မနိုင်ခဲမရ ဖြစ်နေတော့လေသည်။

လက်ရှိရန်ထိုက်သည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးနှင့် လုံးလုံးမျှမတူတော့ချေ။ သွေးရောင်ဂိတ်တံခါးပေါက်ကြီးကို မြင်ပြီးသည့်အချိန်မှစ၍ ရန်ထိုက်နှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေကြောင်း ရန်ကိုင် သတိထားမိလိုက်သည်။ ပုံမှန်အားဖြင့် တည်တည်ငြိမ်ငြိမ်ရှိတတ်သော ရန်ထိုက်သည် သွေးရောင်တံခါးပေါက်ကို မြင်ပြီးသည့်နောက် အလွန်ကိုမှ စိတ်စောလာခဲ့လေသည်။ ထို့အပြင် သူ့စိတ်ခံစားချက်မှာလည်း တည်ငြိမ်ခြင်းမရှိတော့။ ယခု ရန်ကိုင်နှင့် တိုက်ခိုက်နေရသည့်အခါမျိုးတွင် ပို၍ဆိုးသွားတော့သည်။ သူ့စိတ်ခံစားချက်မှာ အနည်းငယ်မျှပင် တည်ငြိမ်ခြင်းမရှိတော့ချေ။

ရေနဂါးလေးကောင်မှ ခြောက်ကောင်၊ ခြောက်ကောင်မှ ရှစ်ကောင်၊ ရှစ်ကောင်မှ ဆယ်ကောင်အထိ ဖြစ်လာခဲ့လေသည်။

ရေနဂါးအရေအတွက် ဆယ့်ငါးကောင်သို့ ရောက်ရှိလာချိန်တွင် ရန်ထိုက်၏အဝတ်စများမှာ လေမတိုက်ပဲနှင့်ပင် တလူလူ လွင့်ပျံနေခဲ့လေပြီ။ သူ့ဆီမှ ဖြာထွက်နေသည့် ဧကရာဇ်ချီတို့မှာလည်း တဟုန်းဟုန်းကို ဖြစ်နေလေ၏။ မျက်လုံးများမှာ သွေးရောင်ရဲနေခဲ့ပြီး ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် မမှိတ်မသုန်ကို စိုက်ကြည့်နေတော့လေသည်။ လက်ရှိအချိန်တွင် ရန်ထိုက်မှာ အချိန်မရွေးပေါက်ကွဲတော့မည့် မီးတောင်ရှင်တစ်လုံးနှယ် ဖြစ်နေတော့လေသည်။

ယခုကဲ့သို့အချိန်မျိုးတွင် ရန်ထိုက်အနေဖြင့် ဒေါသမထွက်ဘဲနှင့်လည်း နေနိုင်တော့လိမ့်မည်မဟုတ်ချေ။ မူလကတော့ သူထင်ထားခဲ့သည်မှာ သူ့ခွန်အားနှင့်တကွ အစီအရင်၏အကူအညီကိုပါ ရရှိထားသည့်အတွက်ကြောင့် ရန်ကိုင်ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟူ၍ပင်။ သို့သော်ငြား လက်တွေ့မှာတော့ သူထင်ထားသည်နှင့် တက်တက်စင်အောင်ကို လွဲချော်နေခဲ့သည်။ ရန်ကိုင်သည် မည်သို့သော အန္တရာယ်များသည့် အခြေအနေနှင့် ကြုံခဲ့ရစေကာမူ ထိုအန္တရာယ်များသည့်အခြေအနေများထဲမှ ပွတ်ကာသီကာလေး လွတ်မြောက်အောင် တိမ်းရှောင်သွားနိုင်ခဲ့သည်။ သူ့မျှော်လင့်ချက်နှင့် လက်တွေ့မှာ လုံးဝကိုကွာခြားနေသည့်အတွက်ကြောင့် ရန်ထိုက်မှာ လက်တွေ့အမှန်တရားကို လက်မခံနိုင်ဖြစ်ကာ သူ့ဒေါသများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာရတော့လေသည်။

နောက်ဆုံး ဆက်၍သည်းမခံနိုင်တော့သည့်အဆုံးတွင် ရေနဂါးဆယ့်ငါးကောင်လုံးကို ဆင့်ခေါ်ပစ်လိုက်လေသည်။

လက်ရှိအချိန်တွင် ရန်ထိုက်မှာ ရေနဂါးများကို ထိန်းချုပ်၍ ရန်ကိုင်အား လိုက်လံဖမ်းဆီးစေခဲ့ကာ နောက်ဆုံးတွင်တော့ ရန်ကိုင်အား ပင်လယ်ထဲရှိ တစ်နေရာရာတွင် ဖမ်းမိသွားခဲ့လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်၏ဘေးပတ်ပတ်လည်အနှံ့ ရေနဂါးများဖြင့် ပြည့်နေပြီး ရန်ကိုင်ကိုယ်တိုင်မှာလည်း မည်သည့်နေရာသို့မှ ထွက်မပြေးတော့နိုင် ဖြစ်နေခဲ့သည်။

ရန်ထိုက်က လှောင်ပြုံးပြုံးလျက် “ကောင်လေး… မင်းနည်းနည်းပါးပါးအသုံးဝင်သေးတာကို ကျေးဇူးတင်သင့်တယ်… အခုလောလောဆယ်တော့ ငါမင်းကို မသတ်သေးဘူး… ဒါပေမယ့် ဒီကိစ္စပြီးသွားတာနဲ့ သေတာထက်ဆိုးတာ ဘာလဲဆိုတာကို မင်းသိသွားစေရမယ်…”

ရန်ကိုင်သည် ပင်လယ်ပြင်ထက်တွင်ရပ်နေရင်း သူ့ဆီသို့ တိုးဝင်လာနေသည့် ရေနဂါးဆယ့်ငါးကောင်ကို ကြည့်နေခဲ့လေသည်။ လက်ရှိရန်ကိုင်မှာ သူ့ကံတရားကို လက်ခံလိုက်သည့်အလား ထွက်ပြေးတိမ်းရှောင်ရန် မကြိုးစားတော့ချေ။ သို့သော်ငြား သေချာကြည့်ကြည့်မည်ဆိုပါက သူ့မျက်နှာထက် မည်သည့် ထိတ်လန့်တုန်လှုပ်နေသည့်အရိပ်အယောင်မှ မရှိကြောင်း မြင်တွေ့နိုင်ပေသည်။

ရေနဂါးဆယ့်ငါးကောင်၏ တိုက်ခိုက်မှုသည် ရန်ကိုင်ဆီသို့ ရောက်ရှိလာခဲ့လေသည်။ သို့သော်ငြား ထိုအခိုက်အတန့်မှာပင် တစ်ခုခုဖြစ်သွားခဲ့လေသည်။

ရန်ကိုင်ဆီသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုးဝင်လာနေသော ရေနဂါးဆယ့်ငါးကောင်မှာ ရုတ်တရက် တစ်ခုခု၏ ဆွဲညှစ်ခြင်း ခံလိုက်ရသည့်အလား မြွေတစ်ကောင်ပမာ တွန့်လိမ့်လာခဲ့ပြီး ရေစက်များအဖြစ်သို့ပြောင်းကာ ကောင်းကင်ပေါ်မှ ပင်လယ်ထဲသို့ ပြန်လည်ကျဆင်းသွားခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ထိုက်မှာ ကြောင်သွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ထအော်လေ၏။ “မင်း ဘာလုပ်လိုက်တာလဲ…”

ရန်ကိုင်သည် သူပင်မသိလိုက်ဘဲ အစီအရင်အပေါ် သူ၏ထိန်းချုပ်မှုကို ဖျက်ဆီးလိုက်သည်ဟု ရန်ထိုက်ထင်သွားခြင်းပေ။ သို့သော်ငြား သူသည် အစီအရင်၏အူတိုင်ဖြစ်ပေသည်။ ထိုသို့ဖြစ်လေရာ သူပင်မသိလိုက်ဘဲ ရန်ကိုင်သည် အစီအရင်ပေါ် သူ၏ထိန်းချုပ်မှုကို မည်ကဲ့သို့များ ဖျက်ဆီးနိုင်ရလေသနည်း။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ကျုပ်က အစီအရင်တွေကို မကျွမ်းကျင်ပေမယ့် တစ်ချက်တော့သိတယ်… အဲ့ဒါကတော့ မနိုင်တဲ့ဝန်ကို ထမ်းလွန်းလို့ရှိရင် တစ်ခါတစ်လေကျ ဝန်ပိပြီး သေရတတ်တယ်ဆိုတာပဲ… အထူးသဖြင့် ခင်ဗျားလိုလူအိုကြီးတစ်ယောက် ရေနဂါးဆယ့်ငါးကောင်လုံးကို ထိန်းချုပ်နေတဲ့အချိန်မျိုးပေါ့…”

ရန်ကိုင်၏စကားသည် ရန်ထိုက်၏အမူအယာကို ပို၍ပင် သုန်မှုန်သွားစေခဲ့လေသည်။

သို့သော်ငြား ရန်ကိုင်ပြောသည်မှာလည်း မှန်ပေသည်။ ရေနဂါးဆယ့်ငါးကောင် ပျောက်ကွယ်သွားရခြင်းမှာ ရန်ကိုင်ကြောင့်မဟုတ်။ ထို့အစား ရန်ထိုက်မှာ သူ့အကန့်အသတ်သို့ ရောက်ရှိသွားသည့်အတွက်ကြောင့် ပုံရိပ်ယောင်အစီအရင်မှာ သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် သူပင်မသိလိုက်ဘဲ ရေနဂါးဆယ့်ငါးကောင်မှာ သူ့အလိုလို ပျက်စီးသွားရခြင်းပင်ဖြစ်သည်။

ရန်ထိုက်မှာ အစီအရင်ကို အလျင်အမြန် ပြန်ထိန်းချုပ်ရန် ကြိုးစား၍ ယခုတစ်ကြိမ်တွင်တော့ သေသေချာချာ ဂရုစိုက်ရတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။ ရန်ကိုင်နှင့် အတန်ကြာအောင် တိုက်ခိုက်ထားပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အကြောင်းကို အနည်းနှင့်အများတော့ သိလာလေပြီ။ ထိုကောင်လေးသည် သူ့ထက်ပိုမြန်သည်ဆိုလျှင်ပင် ထိုကောင်လေးနှင့်ပတ်သက်၍ ကြောက်နေစရာ ဘာမှမလိုချေ။

သို့သော်ငြား ရန်ကိုင်ကမူ ရန်ထိုက်အား အခွင့်အရေးပေးဦးပါမည်လော။

ရန်ကိုင်အနေဖြင့် တစ်ချိန်လုံး တိမ်းရှောင်ပတ်ပြေးနေရခြင်းမှာ ယခုအခွင့်အရေးအတွက် စောင့်ဆိုင်းနေခဲ့ခြင်းသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အား မည်ကဲ့သို့များ အခွင့်အရေးပေးနိုင်ပါမည်နည်း။

ရန်ကိုင်သည် လက်ကွက်တစ်ခုကို အလျင်အမြန် ထုတ်ဖော်လိုက်ရာ ထူးဆန်းသည့်အရှိန်အဝါတစ်ရပ် သူ့ခန္ဓာကိုယ်ဆီမှ ဖြာထွက်လာခဲ့လေသည်။ ထိုအရှိန်အဝါ ပြန့်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ့အတွေးများအားလုံး နှေးကျသွားသလို ရန်ထိုက်ခံစားလိုက်ရသည်။ အချိန်စီးဆင်းမှုသည် ရပ်တန့်ခံလိုက်ရသည့်အလား သူ့ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံး ရပ်တန့်သွားခဲ့လေသည်။

သူအသိပြန်ဝင်ချိန်တွင် ရန်ကိုင်၏ရေရွတ်သံကို ကြားလိုက်ရလေသည်။

“အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်…”

ချိတ်စည်းတစ်ခုသည် သူ့တည့်တည့်သို့ ပျံသန်းလာနေခဲ့လေပြီ။ ရန်ထိုက် မိန်းမောနေရာမှ နိုးလာချိန်တွင်တော့ ချိတ်စည်းမှာ သူ့ဆီသို့ ရောက်နေခဲ့လေပြီ။ ထိုအချိန်အတောအတွင်း ရန်ကိုင်မှ ချိတ်စည်းအား သူ့ဆီသို့ ပစ်လွှတ်လိုက်သည်ကို ရန်ထိုက် လုံးဝ မြင်တွေ့ခဲ့ရခြင်း မရှိပေ။ မသိလျှင် ရန်ကိုင်မှ ချိတ်စည်းအား ပစ်လွှတ်လိုက်သည့်မြင်ကွင်းကို သူ့မှတ်ဉာဏ်ထဲမှ တစ်စုံတစ်ဦးမှ ဖျောက်ဖျက်သွားသည့်အလား။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၁၇)

ဘာသာပြန်သူ_တိမ်တိုက်

စည်းတံဆိပ်၏ ထိမှန်ခြင်း ခံလိုက်ရသည့်နောက်တွင် ရန်ထိုက်သည် လေထဲကျွမ်းပစ်ကာ ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့ရသည်။

တစ်ဖက်သားအပေါ် အထင်သေးမှုနှင့် သတိလစ်ဟင်းမှုကြောင့် ရန်ထိုက်မှာ တန်ကြေးကြီးကြီး ပေးဆပ်လိုက်ရလေသည်။

အချိန်နိယာမစွမ်းအားတို့ သူ့ခန္ဓာကိုယ်အား တိုက်စားလာခဲ့ရာ သက်တမ်း အနည်းငယ်သာ ကျန်ရစ်တော့သော သူ့ခန္ဓာကိုယ်ကြီးမှာ စတင်၍ အရည်ပျော်လာသဖြင့် ရန်ထိုက်မှာ ထိတ်ထိတ်ပျာပျာကို ဖြစ်သွားရတော့လေသည်။ လက်ရှိ အခြေအနေနှင့် ပက်သက်၍ သူ့အနေဖြင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေလေ၏။

ထိုအခိုက်အတန့်မှာပင် ရန်ကိုင်သည် ရန်ထိုက်ရှေ့သို့ ရောက်လာခဲ့လေသည်။ ပင်လယ်ထဲတွင် ဖြစ်လင့်ကစား ရန်ကိုင်သည် လျင်မြန်သွက်လက်စွာ လှုပ်ရှားနေနိုင်၏။ ရန်ထိုက်ရှေ့သို့ ရောက်သည်နှင့် ရန်ထိုက်၏ ရင်ဘတ်တည့်တည့်သို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေ၏။ ရန်ကိုင်၏ လက်ဝါးချက်မှာ အားပြင်းခြင်း မရှိသော်ငြား ထိုလက်ဝါးချက်သည် လက်ရှိရန်ထိုက် ခုခံနိုင်သည့် တိုက်ကွက်မျိုး မဟုတ်သည့်အတွက် ရန်ထိုက်မှာ ခန္ဓာကိုယ် တစ်ခုလုံး‌ ပေါက်ကွဲထွက်ကာ သေဆုံးသွားရလေသည်။

ရန်ကိုင်မှာတော့ ရန်ထိုက်အား သတ်ပစ်လိုက်နိုင်သည့်အပေါ် အနည်းငယ်မျှပင် ပျော်ရွှင်နေခြင်းမရှိဘဲ အခြားတစ်ဖက်သို့သာ လှည့်ကြည့်လိုက်သည်။

ထိုနေရာတွင် ဧရာမငါးကြီးတစ်ကောင်သည် အလွန်လျင်မြန်သည့်နှုန်းဖြင့် ကူးခတ်သွားလာနေပြီး မျက်တောင်တစ်ခတ်အတွင်း မိုင်ပေါင်းများစွာအကွာသို့ ရောက်သွားခဲ့လေသည်။

ထိုငါးကြီးမှာ အခြားမဟုတ်၊ ရန်ထိုက်သာ ဖြစ်လေသည်။ အစောပိုင်းက ရန်ထိုက်သည် ပုံရိပ်ယောင်အစီအရင်၏ အကူအညီဖြင့် သူ့ကိုယ်သူ ရန်ကိုင်၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည့် ပုံစံမျိုး ဖန်တီးလိုက်ပြီး သူကိုယ်တိုင်ကမူ ငါးအသွင် ပြောင်း၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

ဆယ်မိုင်ခန့်အကွာသို့ရောက်သော် ရန်ထိုက်သည် ငါးပုံစံမှ မူလလူပုံစံသို့ပြန်ပြောင်းလိုက်လေ၏။ ယခုအချိန်တွင်တော့ ရန်ထိုက်မှာ ဤနေရာ၌ စပေါ်လာစဉ်ကကဲ့သို့ ယုံကြည်ချက်ရှိသည့် ပုံစံမျိုး ပေါက်မနေတော့ဘဲ ခွေးလေးခွေးလွင့် တစ်ကောင်နှယ် စုတ်စုတ်ပြတ်ပြတ် ဖြစ်နေခဲ့လေသည်။ ရင်ဘတ်တစ်ခုလုံး သွေးများ စွန်းထင်းနေခဲ့ပြီး မကြာခဏဆိုသလို သွေးထိုးအန်နေခဲ့ရသည်။ လက်ရှိရန်ထိုက်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနှင့်ပင် မတူတော့ဘဲ အချိန်မရွေး သေသွားနိုင်သည့် နာတာရှည် ရောဂါသည် တစ်ဦးနှင့်ပင် တူနေတော့သည်။

အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တရိရိနှင့် တိုက်စားနေခဲ့သည်။ သူမည်သို့ပင် ကြိုးစားနေစေကာမူ ထိုတိုက်စားခြင်းစွမ်းအင်ကို ဖယ်ထုတ်၍ မရသည့်အတွက်ကြောင့် ရန်ထိုက်မှာ စတင်၍ ထိတ်လန့်လာ၏။

ရန်ကိုင်သည်လည်း ရေထဲမှ ခုန်ထွက်လာပြီး အသက်ယဲ့ယဲ့လေး ရှူသွင်းရင်း ရန်ထိုက်အား လှမ်း၍ ကြည့်လိုက်သည်။

ရန်ထိုက်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သော်ငြား ရန်ကိုင်လည်း အခြေအနေ ကောင်းသည်တော့မဟုတ်။ ပုံမှန်အားဖြင့် ရန်ထိုက်ကဲ့သို့သော လူမျိုးကို အလွယ်တကူ အနိုင်ယူပစ်နိုင်ပါသော်ငြား သူ့လက်ရှိ အခြေအနေအရ ထိုသို့ မလုပ်နိုင်ခဲ့ချေ။

“ငါ့လခွမ်းပဲ” ရန်ထိုက်မှာ ရန်ကိုင်အား မုန်းတီးစွာ စိုက်ကြည့်ရင်းမှ ရေရွတ်လိုက်သည်။

ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်း၍ လဓါးသွားပေါင်းများစွာကို ရန်ထိုက်ဆီသို့ ပစ်လွှတ်လိုက်၏။

အပြင်ဘက်တွင် မည်သို့ ဖြစ်နေသလဲ ဆိုသည်ကို သူမသိပါသော်ငြား သူသာ ဆက်ပြီး အချိန်ဆွဲနေပါက အပြင်ဘက်ရှိ အခြေအနေ ပိုဆိုလာလိမ့်မည်မှန်းတော့ သိနေခဲ့သည်။ ရှရှန်းသည် ဟွာယုလုကို သူ့လက်ထဲသို့ အပ်ခဲ့သဖြင့် ရန်ကိုင်သည် ဟွာယုလုကို ကျိန်းသေ လုံလုံခြုံခြုံနှင့် ပြန်ခေါ်သွားရပေလိမ့်မည်။

အခြားသူများ သေသေရှင်ရှင်၊ ရန်ကိုင် ဂရုစိုက်လိမ့်မည် မဟုတ်ပါသော်ငြား ဟွာယုလုတော့ တစ်ခုခု ဖြစ်သွား၍ မဖြစ်ချေ။

သူ့တွင် ပြန်လည် တိုက်ခိုက်နိုင်မည့် အခွင့်အရေး ရလာပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ရလာသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်၍ ရန်ထိုက်အား တရစပ် ဖိအားပေးကာ တိုက်ခိုက်တော့လေသည်။

လဓါးသွားများ သူ့ဆီသို့ တိုးဝင်လာနေသည်ကို မြင်သည့်အခါ ရန်ထိုက်၍ ဆက်၍ ရပ်မနေနိုင်တော့ချေ။ လဓါးသွားများထဲ ပါဝင်သည့် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို သူခံစားမိနေသည်။ ထို့ကြောင့် ချက်ချင်းပဲ ထွက်ပြေးတော့လေသည်။ ရန်ထိုက်၏ ခန္ဓာကိုယ်သည် ရေအဖြစ်သို့ အရည်ပျော်ကျသွားခဲ့ပြီး လဓါးသွားများသည် ရန်ထိုက်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့လေသည်။ သို့သော် ရန်ထိုက်အား ဆိုးဆိုးရွားရွား ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။

ရန်ထိုက်သည် အစီအရင်၏ စွမ်းအားကို ငှားသုံးနေခြင်း ဖြစ်သည်။ ပင်လယ်ရေသည် စတင်၍ လှိုင်းထန်လာပြီး မီတာသုံးထောင်ခန့် အမြင့်ရှိသည့် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် လှိုင်းလုံးကြီးသည် ရန်ထိုက်နှင့် ရုပ်ချင်းဆင်တူသော ရေဘီလူကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ရန်ကိုင်နှင့် ရေဘီလူကြီးသည် ဆင်နှင့်ပုရွတ်ဆိတ်ပမာ အလွန်ကိုမှ အရွယ်အစား ကွာခြားလွန်းလှပေသည်။

တစ်ခဏအကြာတွင် ရန်ကိုင်သည် ရေဘီလူးကြီးရှေ့သို့ ရောက်လာပြီး အန္တဓါးကို ဝှေ့ရမ်း၍ ရေဘီလူးကြီးဆီးသို့ ဓါးလှိုင်းများ ပစ်လွှတ်လိုက်လေသည်။ ဓါးလှိုင်းများကြောင့် ရေဘီလူးကြီး၏ ခန္ဓာကိုယ်ထက် အပေါက်အပေါက်များ ဖြစ်ပေါ်လာခဲ့ရသည်။ သို့ရာတွင် တစ်ခဏလေးအတွင်း ထိုအပေါက်များမှာ သူ့ဘာသာ ပြန်ပိတ်သွားကုန်ကြလေသည်။

ရေဘီလူးကြီးအသွင်သို့ ပြောင်းလဲသွားသော ရန်ထိုက်သည် အော်ဟစ်မြည်ကြွေးရင်း ပင်လယ်ရေကို ထိန်းချုပ်၍ ရန်ကိုင်အား တိုက်ခိုက်ရန် ကြိုးစားလိုက်လေသည်။

ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို သုံး၍ တောင်နဲ့မြစ်ခေါင်းလောင်းဖြင့် ဤကိစ္စတစ်ခုလုံးကို အပြီးသတ်ပစ်ရန် စဉ်းစားလိုက်သည်။ သို့သော်ငြား သူ့ဒဏ်ရာများသည် သူ့အား ထိုသို့လုပ်ခွင့် မပေးခဲ့ချေ။ လက်ရှိအချိန်တွင် ရန်ကိုင်သည် သူ့ခွန်အား တစ်ဝက်လောက်ကိုပင် ထုတ်မသုံးနိုင်ပေ။

ရန်ထိုက်သည် တဖြည်းဖြည်း အသာရလာပြီး ရန်ကိုင်အား ပြန်မတိုက်နိုင်သည် အထိ ဖိအားပေးလာနိုင်ခဲ့သည်။

ရေဘီလူးကြီးက အော်ပြောလိုက်သည် “ငါမင်းကို တစ်စစီဖြစ်အောင် လုပ်ပစ်မယ်”

သူ၏ မူရင်းရည်ရွယ်ချက်မှာ ရန်ကိုင်၏သွေးကိုယူ၍ သွေးစတေးပြုလုပ်ရန် ဆိုသည်ကိုပင် ရန်ထိုက် မေ့လျော့နေခဲ့ပြီး လက်ရှိအချိန်တွင် သူ့စိတ်ထဲ ရန်ကိုင်အား တစ်စစီဖြစ်အောင် လုပ်ပစ်ချင်သည့် အတွေးများသာ ရှိတော့လေသည်။

ထိုစဉ် ရေဘီလူကြီးဆီမှ အနက်ရောင်ချီအမျှင်တန်းများ ထွက်ပေါ်လာခဲ့၏။

အနက်ရောင်ချီကို မြင်လိုက်သော် ရန်ကိုင်၏ ခန္ဓာကိုယ် တုန်ရီသွားပြီး ထအော်လေသည် “နတ်ဆိုးချီတွေ”

ရန်ကိုင် လုံးဝကို မှင်တက်နေတော့သည်။

နတ်ဆိုးချီများသည် ရန်ထိုက်၏ ခန္ဓာကိုယ်မှ ထွက်လာနေခဲ့သည်။ ထိုနတ်ဆိုးချီသည် သိပ်သည်းသန့်စင်ခြင်း မရှိပါသော်ငြား နတ်ဆိုးချီ ဖြစ်သည်မှာတော့ လုံးဝ သေချာပေသည်။ ပုံရိပ်တစ်ထောင်အိမ်မက်ကမ္ဘာထဲတွင် နတ်ဆိုးများနှင့် နှစ်နှစ်ခန့်ကြာအောင် တိုက်ခိုက်ခဲ့ရသည့်အတွက်ကြောင့် နတ်ဆိုးချီကို ရန်ကိုင် သေသေချာချာ မှတ်မိနေသည်။

(ရန်ထိုက်ရဲ့ ခန္ဓာကိုယ်ထဲကနေ နတ်ဆိုးချီတွေ ဘယ်လိုလုပ်ပြီး ထွက်လာရတာလဲ) ရန်ကိုင် လုံးဝ နားမလည်နိုင်ခဲ့ချေ။

ယခင်က နတ်ဆိုးများသည် ဤနယ်မြေကို တစ်ကြိမ်မက ကျူးကျော်ခဲ့သော်ငြား ပြန်၍သာ မောင်းထုတ်ခံခဲ့ရသည်။ ကမ္ဘာလမ်းကြောင်းမှာလည်း ချိတ်ပိတ်ခြင်း ခံလိုက်ရသည့် အတွက်ကြောင့် သာမန်လူများမှာ နတ်ဆိုးချီနှင့် မထိတွေ့နိုင်တော့ချေ။

သို့သော်ငြား သေချာပြန်စဉ်းစားကြည့်လိုက်သည့်နောက် သူကြုံခဲ့ရသည့် နတ်ဆိုးချီများသည် ရန်ထိုက်၏ ခန္ဓာကိုယ်ထဲမှ ဖြာထွက်နေသည့် နတ်ဆိုးချီများထက် အများကြီး ပိုသန့်စင်ကြောင်း သိသွားခဲ့ရသည်။

အကြောင်းအရင်း တစ်ခုခုကြောင့် ရန်ထိုက်၏ ကိုယ်ထဲ နတ်ဆိုးချီများ ထွက်ပေါ်လာရခြင်း ဖြစ်လောက်သည်။

အမျိုးမျိုးသော အတွေးများ ရန်ကိုင်၏ စိတ်ထဲ ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက် သူ့ခေါင်းထဲ အကြောင်းအရာတစ်ခု ပေါ်လာခဲ့လေသည် (အဲ့ပညာရပ်ကြောင့်များလား)

ရန်ထိုက်သည် ရှေးဟောင်းလိုဏ်ဂူစံအိမ်ထဲသို့ ဝင်ရောက်လာပြီးနောက်တွင် ပညာရပ်တစ်ခုကို ရခဲ့သည်ဟု ဟွာယုလုမှ ပြောခဲ့သည်။

ဤနေရာသို့ လာနေစဉ်က ရန်ကိုင်သည် ကံကောင်ပြီး ရန်ထိုက် ရရှိခဲ့သည့် ပညာရပ်ကို မြင်တွေ့ခဲ့ရပေသည်။ ထိုပညာရပ်သည် ရန်ထိုက်၏ စွမ်းအားကို ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားသည့် စကားလုံးတစ်လုံး အသွင်သို့ ပြောင်းလဲပေးနိုင်၏။ ပုံရိပ်တစ်ထောင်အိမ်မက်ကမ္ဘာထဲ၌ နှစ်နှစ်ကြာအောင် နေခဲ့သည့်တိုင် ထိုစကားလုံးအကြောင်းကို ရန်ကိုင် သေချာမသိချေ။ ထိုစကားလုံကို မှော်ကျောင်းတော်ထဲတွင်သာ တစ်ခါ မြင်ခဲ့ရပြီး မှော်ကျောင်းတော်တွင် ထိုစကားလုံးနှင့် ပက်သက်သည့် မှတ်တမ်းမှတ်ရာ ပြည့်ပြည့်စုံစုံ မရှိချေ။

သို့သော်ငြား လက်ရှိ အခြေအနေကို ကြည့်ရသလောက် ထိုစကားလုံးသည် လူသားစကားလုံး မဟုတ်ဘဲ နတ်ဆိုးစကားလုံး ဖြစ်နေသည့်ပုံပင်။

ထိုစကားလုံး မှော်ကျောင်းတော်ထဲ ရှိနေရခြင်းမှာ နောင်လာနောင်သားများအား ထိုကဲ့သို့သော စကားလုံးများကို သတိထားရန် သတိပေးလိုသည့် အတွက်ကြောင့် ဖြစ်ရပေလိမ့်မည်။

ရန်ထိုက်သည် မသိလိုက် မသိဘာသာနှင့် ထိုစကားလုံး၏ အနှစ်သာရကို တတ်မြောက်သွားခဲ့ပြီး သူ့ကိုယ်ထဲ နတ်ဆိုးချီအချို့ ဖြစ်ပေါ်လာရသည်။ ရန်ကိုင်နှင့် သူသေကိုယ်သေ တိုက်ခိုက်နေသည့်အခါတွင် နတ်ဆိုးချီတို့သည် ရန်ထိုက်၏ ခန္ဓာကိုယ်ထဲမှ အလိုလို ထွက်ပေါ်လာတော့လေသည်။

ထိုအရာအားလုံးမှာ ရန်ကိုင်၏ ခန့်မှန်းချက်သက်သက်သာ ဖြစ်ပါသော်ငြား ရန်ကိုင်တွင် လက်ရှိအခြေအနေအတွက် ထို့ထက် ပိုကောင်းသည့် အဖြေ ရှိမနေတော့ချေ။ သူထင်သည့်အတိုင်းသာ တကယ်ဖြစ်နေမည်ဆိုပါက ရန်ထိုက် ဘာကြောင့် ယခုကဲ့သို့ ထူးထူးဆန်းဆန်း ပြုမူနေရသလဲဆိုသည်မှာ ယုတ္တိရှိသွားခဲ့လေပြီ။ ဧကရာဇ်အဆင့် ပညာရှင် တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ထိုက်သည် အတော်လေးကိုမှ စိတ်စွမ်းအား ကောင်းမွန်ပေသည်။ ထို့ကြောင့် သူ့တွင် အချို့သော သာမန်ကိစ္စရပ်များအပေါ် လွန်လွန်ကြူးကြူး တုန့်ပြန်သည့် အပြုအမူမျိုး မရှိသင့်ချေ။ သို့သော်ငြား ရန်ထိုက်၏ ကိုယ်ထဲတွင် နတ်ဆိုးချီများ ရှိနေမည်ဆိုပါက သူ့အနေဖြင့် ကျိန်းသေ ယခုကဲ့သို့ ဖြစ်နိုင်ပေသည်။

ထပ်၍ စဉ်းစားကြည့်လိုက်သည့်အခါတွင်၊ နတ်ဆိုးစကားလုံးမှ ဖြစ်ပေါ်လာသည့် နတ်ဆိုးဝိဥာဉ်သည် သွေးတံခါးနှင့်ပက်သက်သော လျှို့ဝှက်ချက်များကို ရန်ထိုက်အား ပြောပြခဲ့ခြင်း ဖြစ်ရလိမ့်မည်ဟု ရန်ကိုင် ခန့်မှန်းမိသွားလေ၏။

ထိုသို့သာ ဖြစ်မည်ဆိုလျှင်တော့ သွေးတံခါးထဲတွင် ချိပ်ပိတ်ခံထားရသည့် အရာသည် နတ်ဆိုးမျိုးနွယ်နှင့် ကျိန်းသေ ပက်သက်နေရပေလိမ့်မည်။

“ရန်ထိုက်၊ နတ်ဆိုးကောင်” ရန်ကိုင်က အော်ပြောလိုက်လေသည်။

ရန်ထိုက်ကမူ ရန်ကိုင်၏စကားကို လျစ်လျူရှုထားပြီး ရန်ကိုက်ကိုသာ ဖိအားပေး၍ တိုက်ခိုက်နေခဲ့သည်။

“အဲ့တံခါးနောက်မှာ နတ်ဆိုးတွေကို ချိပ်ပိတ်ထားတာလား” ရန်ကိုင်က ဆက်၍ အော်ပြောလိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ သူ့အသံထဲ စိတ်စွမ်းအင်ကို ထည့်ပေါင်း၍ ရန်ကိုင်၏ ဝိဥာဉ်တည့်တည့်သို့ရောက်အောင် ပို့လွှတ်လိုက်လေသည်။

အချို့သော ရှေးဟောင်းနတ်ဆိုးများမှာ အလွန်ကိုမှ သက်ရခက်လှသည်။ ဥပမာ ရန်ကိုင် ကြုံခဲ့ရသည့် မျက်လုံးတစ်လုံး ရှေးဟောင်းနတ်ဆိုးပင်။ ရှေးခေတ်အခါက ပညာရှင်များသည်ပင်လျှင် ထိုနတ်ဆိုး၏ ခန္ဓာကိုယ်ကို အပြီးတိုင် မဖျက်စီးပစ်နိုင်၍ ၎င်း၏ မျက်လုံးကို မေပယ်မြို့ အပြင်ဘက်တွင် ချိပ်ပိတ်ပစ်ခဲ့ရသည်။ သွေးတံခါးထဲ ချိပ်ပိတ်ထားသည့် နတ်ဆိုးသည်သာ ထိုကဲ့သို့သော နတ်ဆိုးမျိုး ဖြစ်ပါက၊ ထိုနတ်ဆိုးအား လုံးဝ လွတ်သွားစေ၍ မဖြစ်ချေ။

ယခုတစ်ကြိမ်တွင်တော့ ရေဘီလူကြီး၏ လှုပ်ရှားမှုများ ယာယီ ရပ်တန့်သွားခဲ့ရလေသည်။ ထို့နောက် ဒေါမာန်တကြီးဖြင့် ထအော်လေ၏ “မင်းဘယ်လိုသိတာလဲ၊ မင်းဘယ်လိုလုပ်ပြီး အဲ့အကြောင်းကို သိနေရတာလဲ”

ပြော၍မဖြစ်သည့် လျှို့ဝှက်ချက်အချို့ ပေါက်ကြားသွားသည့်အလား ရန်ထိုက်မှာ စတင်၍ ဒေါသထွက်လာခဲ့သည်။ ထိုစကားကို ကြာပြီးနောက် ရန်ကိုင် ရင်ထိတ်သွားလေ၏။

ရေဘီလူးကြီးသည် ၎င်း၏ လက်ဝါးကြီးဖြင့် ရန်ကိုင်အား ရိုက်ချလိုက်လေ၏။

ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်သည် ရေဘီလူးကြီး၏ လက်ဝါးချက်ကို ရှောင်တိမ်းမနေတော့ချေ။ အသက်ကို ပြင်းပြင်းရှူသွင်း၍ မျက်လုံးကို ပိတ်လိုက်၏။ သူ့မျက်လုံး ပြန်ဖွင့်လာချိန် ရန်ကိုင်ဆီမှ ထွက်ပေါ်လာသည့် အရှိန်အဝါသည် ယခင်နှင့်မတူ လုံးဝ ကွဲပြားနေတော့လေ၏။

လက်ရှိအချိန်တွင် ရန်ကိုင်သည် မှော်စွမ်းအားကို အသက်သွင်းထားခြင်း ဖြစ်လေသည်။

ပုံရိပ်တစ်ထောင်အိမ်မက်ကမ္ဘာထဲမှ ထွက်လာပြီးနောက်တွင် ရန်ကိုင်သည် ယနေ့ခေတ်တွင် မှော်စွမ်းအားကို သုံး၍ ရသေးသလား စမ်းကြည့်ခဲ့လေသည်။

ထွက်ပေါ်လာသည့် ရလဒ်သည် ရန်ကိုင်အား အမှန်တကယ်ကို အံ့အားသင့်သွားစေခဲ့သည်။ အပြင်သို့ ပြန်ရောက်လာပြီးနောက်တွင် သူ့စွမ်းအားကို မှော်စွမ်းအားနှင့် ဧကရာဇ်ချီကြား လွတ်လွတ်လပ်လပ် ကူးပြောင်းနိုင်ကြောင်း တွေ့လိုက်ရသည်။ စွမ်းအားနှစ်မျိုးသည် တစ်ခုနှင့်တစ်ခု ပဋိပက္ခဖြစ်ခြင်းမရှိဘဲ ရန်ကိုင်ကိုယ်ထဲ တူယှဉ်တွဲရှိနေကြသည်။ သို့သော် မှော်စွမ်းအားမှာ ဧကရာဇ်ချီထက် အနည်းငယ် ပိုအားနည်းပြီး ဤနေရာ၌ မှော်ပညာရပ်များကို ထုတ်သုံးဖို့ရာ အိမ်မက်ကမ္ဘာထဲနှင့်စာလျှင် ပို၍ အားစိုက်ရသည်။

ထို့အပြင် ရန်ကိုင် ထပ်ရှာတွေ့သွားသည်မှာ သူထုတ်သုံးလိုက်သည့် မှော်ပညာရပ်များသည် အိမ်မက်ကမ္ဘာထဲတွင် ထုတ်သုံးစဉ်ကထက် နှစ်ဆယ် ရာခိုင်နှုန်းခန့် ပိုအားနည်းနေခြင်းပင်။ ထိုသို့ ဖြစ်ရခြင်းမှာ လောကနိယာမများ ကွဲပြားသွားသည့် အတွက်ကြောင့် ဖြစ်ရလိမ့်မည်ဟု ရန်ကိုင် တွေးမိသည်။

ရှေးဟောင်းလူရိုင်းမျိုးနွယ်များသည် ထိုခေတ်အခါက လောကနိယာမများကြောင့် မှော်ပညာရပ်များကိုသာ ကျင့်ကြံနိုင်ခဲ့သည်။ ထို့နောက် လောကနိယာမများမှာ နည်းနည်း၊ နည်းနည်းနှင့် ပြောင်းလဲလာခဲ့လေ၏။ ထိုသို့ဖြင့် ခေတ်တစ်ခေတ်ချင်း၏ လူသားများ ကျင့်ကြံပုံသည်လည်း ကွဲပြားသွားခဲ့ရသည်။

ရန်ကိုင်သည် ရှေးခေတ်က လူများ အသုံးပြုခဲ့သည့် မှော်ပညာရပ်ကို ယနေ့ခေတ်တွင် ထုတ်သုံးနေသည့် အတွက်ကြောင့် ထင်သလောက် အကျိုးသက်ရောက်မှု မရှိသည်မှာ သဘာဝသာ ဖြစ်ပေသည်။

မှော်မန္တန်ကို ရွတ်ဆိတ်ရင်းမှ လက်ကွက်ကို ထုတ်ဖော်နေလိုက်ရာ မကြာမီ ရန်ကိုင်ဆီ၏ လက်နှစ်ဖက်ဆီမှ အရောင်တလက်လက် တောက်ပလာခဲ့လေသည်။ ထို့နောက်တွင် ထိုအလင်းရောင်သည် ဘုန်းဟူသော အသံနှင့်အတူ အဘက်ဘက်သို့ ပျံ့ထွက်သွားခဲ့လေသည်။

“နတ်ဆိုးဖိနှိပ်ခြင်း” ထိုအသံနှင့်အတူ အလင်းရောင်သည် ရေဘီလူးကြီး၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားခဲ့လေသည်။

အလင်းရောင်သည် ရေဘီလူးအပေါ် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိသယောင် ထင်ရပါသော်ငြား အလင်းရောင်၏ ထိမှန်ခြင်း ခံလိုက်ရပြီးနောက်တွင် ရေဘီလူကြီး၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ရေဘီလူကြီး၏ ပါးစပ်ဖျားဆီမှ အော်ငြီးသံတို့ ထွက်ပေါ်လာခဲ့လေ၏။

ရေဘီလူးကြီး၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် နတ်ဆိုးချီတို့သည်လည်း နေလာနှင်းပျောက်သည့်အလား အရည်ပျော်ကျကုန်လေသည်။

အိမ်မက်ကမ္ဘာထဲ၌ ရန်ကိုင် ကြုံခဲ့ရသည့် နှစ်နှစ်တာ စစ်ပွဲအတွင်း လူရိုင်းမျိုးနွယ်သည် နတ်ဆိုးမျိုးနွယ်များအား တန်ပြန်တိုက်ခိုက်နိုင်သည့် ပညာရပ် ပေါင်းစုံကို တီထွင်ဖန်တီးခဲ့ကြလေသည်။ နတ်ဆိုးဖိနှိပ်ခြင်း ပညာရပ်သည် စစ်ပွဲ ကာလအတွင်း ဖန်တီးခဲ့သည် ပညာရပ်တစ်ခု ဖြစ်ပေသည်။

ရန်ကိုင်တွင် နတ်ဆိုးဖိနှိပ်ခြင်းကဲ့သို့သော အလားတူ ပညာရပ်များစွာ ထပ်ရှိနေပေသေးသည်။

နတ်ဆိုးဖိနှိပ်ခြင်း ပညာရပ်ကို ထုတ်သုံးပြီးနောက်တွင် ရန်ကိုင် မှော်မန္တန်ကို ထပ်မံ ရွတ်ဆိုလိုက်၏။ နောက်ထပ် အလင်းရောင်တစ်ခု ထပ်မံ ထွက်ပေါ်လာပြီး ရေဘီလူကြီး၏ လွှမ်းခြုံသွားခဲ့ရာ ရန်ထိုက်၏ အော်သံတို့မှာလည်း အဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၁၈)

ဘာသာပြန်သူ_တိမ်တိုက်

ခုနှစ်ခုမြောက် မှော်ပညာရပ်ကို ထုတ်သုံးပြီးချိန်တွင်တော့ ရေဘီလူးကြီး ပေါက်ကွဲထွက်သွားခဲ့လေသည်။ ရန်ထိုက်၏အော်ဟစ်သံများမှာလည်း ရပ်တန့်သွားခဲ့ပြီး လှိုင်းထန်နေသော ပင်လယ်ပြင်မှာ တစ်ဖန်ပြန်လည်ငြိမ်သက်သွားခဲ့သည်။

ရန်ကိုင်၏အမူအယာ လေးနက်သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကိုဖြန့်ကျက်၍ ရန်ထိုက်အား လိုက်လံရှာဖွေကြည့်လေသည်။

သို့သော်ငြား ဘာကိုမှ ရှာမတွေ့ခဲ့ချေ။ ဤပုံရိပ်ယောင်အစီအရင်ထဲရှိ ရန်ထိုက်၏အရှိန်အဝါသည် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။ တစ်ခဏကြာပြီးသည့်နောက် အစီအရင်၏အူတိုင်ဖြစ်သော ရန်ထိုက်မှာ အစီအရင်ထဲတွင် ရှိမနေတော့ကြောင်း ရန်ကိုင်တွေ့ရှိသွားရတော့လေသည်။

အမှန်တရားမှာလည်း ရန်ကိုင်တွေ့ရှိခဲ့သည့်အတိုင်းပင်။ လက်ရှိအချိန်တွင် အပြင်ဘက်၌ အပြာရောင်တိမ်တိုက်တစ်ခု ပေါ်လာခဲ့ပြီး ထိုတိမ်တိုက်ဆီမှ လူတစ်ဦး ရုတ်တရက်ပေါ်လာခဲ့လေသည်။ ထိုလူမှာ အခြားမဟုတ် ရန်ထိုက်သာ ဖြစ်လေသည်။ လက်ရှိအချိန်တွင် ရန်ထိုက်၏ပုံစံမှာ အတော်လေးကိုမှ ဆိုးရွားနေခဲ့ပြီး အဆက်မပြတ်ကို သွေးအန်နေခဲ့လေသည်။ သွေးများမှာလည်း သူ့ကိုယ်အနှံ့ရှိ ဒဏ်ရာများဆီမှ တရဟော စီးကျနေလေ၏။

“ရောင်းရင်းရန်… မင်း ဘယ်လိုလုပ်ပြီး…” မလှမ်းမကမ်းတွင်ရှိနေသော ခြောက်ထောင့်တစ်ထောင့်အစီအရင်ကို ထိန်းချုပ်နေသည့် ကုန်းယွဲ့မှာ ရုတ်တရက်ပေါ်လာသည့်ရန်ထိုက်နှင့် သူ၏ ဆိုးဆိုးရွားရွားပုံစံကိုကြည့်ရင်း အလွန်ကိုမှ ထိတ်လန့်သွားခဲ့ရာ သူထိန်းချုပ်နေသည့်အစီအရင်အား ရပ်တန့်လုမတတ်ပင် ဖြစ်သွားခဲ့လေသည်။ လက်ရှိအချိန်တွင် ခြောက်ထောင့်တစ်ထောင့်အစီအရင်ကို ခင်းကျင်းပြီးသွားခဲ့လေပြီ။ ဟွာယုလု၊ ဖန်ကျို့၊ ဝူခွမ်းရီနှင့် ချန်ပင်းယုတို့မှာတော့ ထောင့်တစ်နေရာစီတွင် ရှိနေခဲ့ပြီး ဖြူဖတ်ဖြူလျော်မျက်နှာများဖြင့် လေထဲတွင် ဝဲနေကြလေသည်။ ထို့အပြင် သူတို့၏ခန္ဓာကိုယ်ပေါ်၌ ရှရာလေးတစ်ခုစီ ရှိနေခဲ့ပြီး ထိုရှရာဆီမှ သွေးများ အဆက်မပြတ် စီးထွက်နေခဲ့ကာ ကုန်းယွဲ့၏ထိန်းချုပ်မှုအတိုင်း သွေးများသည် သွေးတံခါးပေါက်ဆီသို့ စီးဝင်နေကြလေ၏။ သွေးရောင်တံခါးပေါက်ကြီးမှာတော့ အဆုံးမဲ့တွင်းနက်တစ်ခုဖြစ်သို့ ပြောင်းလဲသွားသည့်အလား စီးဝင်လာသမျှသွေးများကို တစ်စက်မကျန်အောင် စုပ်ယူပစ်နေခဲ့သည်။ သွေးများ စီးဝင်လာသည့်အလျောက် သွေးရောင်တံခါးပေါက်ဆီမှ ထူးဆန်းသည့်အရောင်အဝါတို့ စတင်၍ ထွက်ပေါ်လာခဲ့လေသည်။

ကုန်းယွဲ့သည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။ ထို့‌ကြောင့် သူ့ခွန်အားမှာ မဆိုးလှချေ။ ထို့အပြင် သူ့ပြိုင်ဘက်များမှာ အလစ်အငိုက်မိကာ တိုက်ခိုက်ခံလိုက်ရပြီး အစီအရင်ပြားများကပါ ကုန်းယွဲ့အား ကူညီပေးနေသည့်အခါတွင် ဟွာယုလုနှင့် အခြားသူများမှာ ကုန်းယွဲ့၏ပြိုင်ဘက် လုံးဝမဖြစ်နိုင်တော့ချေ။ ရန်ကိုင်နှင့်ရန်ထိုက်တို့ တိုက်ခိုက်နေစဉ်အတောအတွင်း အခြားသူများမှာ ကုန်းယွဲ့အား အနည်းငယ်မျှပင် ခုခံနိုင်ခဲ့ခြင်းမရှိဘဲ ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရတော့လေသည်။

ရန်ထိုက်အနေဖြင့် ရန်ကျို့အား အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ကုန်းယွဲ့ထင်ခဲ့လေသည်။ သို့သော်ငြား ရန်ထိုက် ပုံပျက်ပန်းပျက်အမူအယာဖြင့် ပေါ်လာသည်ကို မြင်သည့်အခါမှသာလျှင် သူ့အထင်မှားယွင်းနေခဲ့မှန်း နားလည်သွားခဲ့ရသည်။

(အဲ့ရန်ကျို့က ပုံရိပ်ယောင်အစီအရင်ထဲမှာ ရန်ထိုက်ကို တကယ်ကြီး အနိုင်ယူလိုက်တာလား…)

“အခြေအနေဘယ်လိုလဲ…” ရန်ထိုက်သည် ကုန်းယွဲ့အံ့အားသင့်နေသည်ကို ဂရုမစိုက်ဘဲ လေသံမာမာဖြင့် မေးလိုက်လေသည်။ သူ့အမူအယာမှာလည်း ယခင်ကကဲ့သို့ အနည်းငယ်မျှပင် ဖော်ရွေနေခြင်းမရှိ။ လက်ရှိအချိန်တွင် ရန်ထိုက်မှာ အလွန်ကိုမှ စိတ်စောနေခဲ့လေသည်။ ကုန်းယွဲ့ကိုလည်း အဆင့်တူလူတစ်ဦးအား စကားပြောနေသလို မဆက်ဆံတော့ဘဲ လက်အောက်ငယ်သားတစ်ဦးကို အမိန့်ပေးသည့်ပုံစံမျိုးဖြင့် မေးမြန်းလိုက်လေသည်။

ကုန်းယွဲ့က မျက်မှောင်ကျုံ့လျက် “ငါ့ဘက်က အဆင်ပြေပါတယ်… ဒါပေမယ့် လူနှစ်ယောက်နည်းသွားတော့ အစီအရင်ကိုဖျက်ဆီးတဲ့နှုန်းကလည်း နှေးသွားတယ်… အနည်းဆုံး တစ်နာရီလောက်တော့ ကြာဦးမယ်…”

ထိုစကားကိုကြားသည့်အခါ အဖမ်းခံထားရသည့် ဟွာယုလုနှင့် အခြားသူများ၏မျက်နှာ ဖြူလျော်သွားခဲ့ကြလေသည်။

သွေးစတေးခြင်းကိုသုံး၍ အစီအရင်အား ဖျက်ဆီးသည်မှာ ထင်သလောက်ရိုးရှင်းခြင်းမရှိပေ။ သူတို့၏သွေးများ တစ်ကြိမ်ထုတ်ယူခြင်း ခံလိုက်ရတိုင်း သူတို့၏အတွင်းသားများမှာ အလွန်ကိုမှ နာကျင်ရသည်။ သူတို့အနေဖြင့် မအော်ဟစ်နိုင်ကြရခြင်းမှာ အစီအရင်၏ ထိန်းချုပ်မှုကြောင့်သာ ဖြစ်ပေသည်။

ထို့အတွက်ကြောင့် သူတို့အနေဖြင့် နောက်ထပ်တစ်နာရီခန့်တိုင်တိုင် ယခုကဲ့သို့ ဆက်လက်ခံစားနေရဦးမည်ဖြစ်ကြောင်း ကြားသိလိုက်ရသည့်အခါတွင် ဖမ်းဆီးထားခံရသည့်လူလေးဦးလုံး ကြောက်လန့်တုန်လှုပ်သွားကုန်ကြလေသည်။

“တစ်နာရီက အရမ်းကြာလွန်းတယ်…” ထိုသို့အော်ပြောလိုက်ပြီးသည့်နောက်တွင် ရန်ထိုက်သည် အပြာရောင်တိမ်တိုက်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။ ရန်ကျို့သည် ထိုမြူခိုးထုထဲ ပိတ်မိနေပါသော်ငြား ရန်ထိုက်မှာတော့ ရန်ကျို့နှင့် နောက်တစ်ကြိမ် သွားမတိုက်ခိုက်ရဲတော့ချေ။

ရှင်းရှင်းပြောရသော် ရန်ကျို့၏စွမ်းဆောင်ရည်သည် ရန်ထိုက်အား အမှန်တကယ်ကို အံ့အားသင့်သွားစေခဲ့လေသည်။ သို့သော်ငြား ရန်ကျို့နှင့်ပတ်သက်၍ ရန်ထိုက်မှာ အရမ်းကြီးစိတ်ပူခြင်းမရှိခဲ့ပေ။ ရန်ကျို့မှ ထိုထူးဆန်းသည့်ပညာရပ်များကို ထုတ်သုံးလာသည့်အခါမှသာလျှင် ရန်ထိုက် အမှန်တကယ်ကို ကြောက်ရွံ့သွားရခြင်းပင်။ မသိလျှင် သူ၏မွေးရာပါသဘာဝရန်သူတစ်ပါးကို တွေ့လိုက်ရသည့်အလား။

“ငါ့သွေးကိုသုံးလိုက်…” ရန်ထိုက်သည် ချက်ချင်းပဲ အစီအရင်၏ ထောင့်တစ်နေရာတွင် သွားရပ်နေလိုက်လေသည်။ ထို့နောက် သူ့လက်ချောင်းကို ဓါးသဖွယ်အသုံးချ၍ သူ့လက်ကောက်ဝတ်နေရာကို ဖြတ်ချပစ်လိုက်သည်။ ချက်ချင်းဆိုသလို ထိုဒဏ်ရာဆီမှ သွေးများ တရဟော စီးကျလာလေ၏။

“ရောင်းရင်းရန်… မင်း…” ကုန်းယွဲ့သည် ရန်ထိုက်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။ လက်ရှိရန်ထိုက်ကို ကြည့်ရသည်မှာ စိတ်အခြေအနေမမှန်တော့ဟု သူ့စိတ်ထဲ ခံစားနေရသည်။

ဤသည်မှာ သူတို့စီစဉ်ထားသည့်ပုံစံမျိုး မဟုတ်ပေ။ ရန်ထိုက်သည် ခြောက်ထောင့်တစ်ထောင့်အစီအရင်ထဲတွင် ပါဝင်ပါသော်ငြား သွေးစတေးခြင်းအတွက် အရေးကြီးဆုံးအချက်မှာ အခြားသူများဆီမှ သွေးများကို စုပ်ယူရန်သာ ဖြစ်လေသည်။ သူတို့သည်သာ ကျန်ငါးဦးဆီမှ သွေးများကို စုပ်ယူနိုင်သရွေ့ ဤအစီအရင်ကို ဖျက်ဆီးနိုင်ပေလိမ့်မည်။

သို့သော်ငြား လက်တွေ့မှာတော့ ထင်ထားသလို ဖြစ်မလာခဲ့‌ချေ။ ပထမဦးစွာ ရန်ကျို့သည် သူတို့၏အစီအစဉ်ကို ဖောက်မြင်သွားသည့်အတွက်ကြောင့် မတော်တဆအချို့ ဖြစ်ခဲ့ရသည်။ ယခုဆိုလျှင် မူလစီစဉ်ထားသည့် လူငါးဦးကိုပင် မစုဆောင်းနိုင်တော့ဘဲ လူလေးဦးဖြင့်သာ အစီအရင်ကို ဆက်လက်လုပ်ဆောင်နေရလေသည်။ သို့သော်ငြား ယခုကဲ့သို့အချိန်မျိုးတွင် ရန်ထိုက်သည် နှမြောတွန့်တိုနေခြင်းမရှိဘဲ သူ့သွေးကိုသုံး၍ အစီအရင်ကိုဖျက်ဆီးရန် ကြိုးစားလာခဲ့သည်။ ကြည့်ရသလောက် သူသေရမည်ဆိုလျှင်ပင် ဤအစီအရင်အား မရရအောင် ဖျက်ဆီးပစ်မည့်ပုံစံမျိုးပင်။

“မင်း ဘာတွေကြောင်ကြည့်နေတာလဲ… မြန်မြန်လုပ်…” ကုန်းယွဲ့တုံ့ဆိုင်းနေသည်ကိုမြင်သော် ရန်ထိုက်က အလျင်စလို တိုက်တွန်းနှိုးဆော်လိုက်လေသည်။ သူ့လေသံမှာလည်း ပို၍ခက်ထန်လာလေ၏။

ကုန်းယွဲ့ မျက်မှောင်ကျုံ့သွားလေသည်။ “ရောင်းရင်းရန်… ဒီတံခါးနောက်မှာ မင်းပြောတဲ့ဟာ တကယ်ကြီး ရှိနေတာလား…”

ယခုကဲ့သို့ ဖြစ်လာချိန်တွင်တော့ ကုန်းယွဲ့မှာ ပြန်ဆုတ်လျှင်ကောင်းမလား ဆိုသည်ကိုပင် စတင်စဉ်းစားလာတော့လေသည်။ အထူးသဖြင့် ရန်ထိုက်၏ပုံစံကြောင့်ပင်။

ရန်ထိုက်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “အဲ့စကားလုံး ဘယ်လောက်တောင်နက်နဲဆန်းကြယ်မှန်း မင်းသိတယ်… အဲ့စကားလုံး ဘယ်လောက်တောင်အားကောင်းလဲဆိုတာကိုလည်း မင်းသိတယ်… ဒီစကားနောက်မှာ အဲ့လိုစကားလုံးတွေ အများကြီးပဲ… သိုင်းတာအိုရဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်တွေက ဒီတံခါးနောက်မှာ ရှိနေတာ… ငါတို့သာ ဒီချိတ်စည်းကို ဖျက်ဆီးပစ်လိုက်နိုင်သရွေ့ မင်းအနေနဲ့ ဧကရာဇ်တတိယအဆင့်ကိုရောက်ဖို့က ဘာမှမခက်ဘူး… အဲ့အချိန်ကြလို့ရှိရင် ဘယ်သူက မင်းရဲ့ကုန်းမိသားစုကို အထင်သေးရဲဦးမှာလဲ… မင်းရဲ့ကုန်းမိသားစု ဂုဏ်သတင်းပျက်ရအောင်လည်း ဒီမှာရှိနေတဲ့လူတွေအကုန်လုံးသာ သေသွားမယ်ဆိုရင် အခု ဒီမှာဖြစ်သွားတဲ့ကိစ္စတွေကို ဘယ်သူက သိဦးမှာလဲ… ငါက မင်းဘက်မှာရှိပြီးသား… ဒီတော့ ဒီနေ့ ဘာတွေဖြစ်သွားတယ်ဆိုတာကို ထုတ်ပြောမှာမဟုတ်ဘူး…”

ကုန်းယွဲ့၏အမူအယာ အမျိုးမျိုးပြောင်းလဲနေပြီးသည့်နောက် အဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်လေသည်။ “ကောင်းပြီလေ…”

သူ့အနေဖြင့် ရန်ထိုက်နှင့် အတူပူးပေါင်းရန် သဘောတူခဲ့ရခြင်းမှာ ရန်ထိုက်၏ ရှေးဟောင်းစကားလုံး၏စွမ်းအားကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် အတွက်ကြောင့်ပင်။ ဧကရာဇ်ပထမအဆင့်သာလျှင် ဖြစ်လင့်ကစား ရန်ထိုက်သည် ဧကရာဇ်ဒုတိယအဆင့်နှင့်ညီမျှသော စွမ်းအားကို ထုတ်ဖော်နိုင်လေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ထိုစကားလုံး မည်မျှအံ့အားသင့်ဖွယ်ကောင်းကြောင်းကို သိမြင်နိုင်ပေသည်။

ကုန်းမိသားစုသည် အင်အားစုငယ်လေးတစ်ခု မဟုတ်ပါသော်ငြား ကုန်းမိသားစုတွင် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ရှိမနေခဲ့။ ထို့အတွက်ကြောင့် တောင်ဘက်နယ်မြေထဲရှိ သူတို့၏အဆင့်အတန်းမှာ ထင်ထားသလောက် မြင့်မားခြင်းမရှိဟု ပြော၍ရပေသည်။ ကုန်းမိသားစုဟု ပြောလိုက်သည့်အခါတိုင်း မည်သူမဆို အစီအရင်အကြောင်းကိုသာ စဉ်းစားမိကြပေလိမ့်မည်။ သို့သော်ငြား ကုန်းမိသားစုသည် မြင့်မားသည့်စွမ်းအားကို မည်မျှလိုချင်တပ်မက်နေမှန်းတော့ မည်သူမျှမသိကြချေ။ အထူးသဖြင့် ကုန်းယွဲ့ပင်။ ကုန်းယွဲ့ကိုယ်၌သည် ကုန်းမိသားစုအား အဆင့်တစ်ခုထိသို့ရောက်အောင် တွန်းပို့ချင်ပါသော်ငြား သူ့ကျင့်ကြံခြင်းမှာ ဧကရာဇ်ဒုတိယအဆင့်တွင်သာ တစ်ဆို့နေခဲ့ရလေသည်။

ထိုကဲ့သို့သောအခြေအနေမျိုးတွင် ဤအစီအရင်ကိုသာ ဖျက်ဆီးလိုက်နိုင်မည်ဆိုပါက ကုန်းယွဲ့အနေဖြင့် ဧကရာဇ်တတိယအဆင့်သို့ ကျိန်းသေရောက်ရှိလာနိုင်မည်ဟု ရန်ထိုက်က သူ့အား ပြောခဲ့သည်။

ထို့အတွက်ကြောင့် ကုန်းယွဲ့မှာလည်း စိတ်ဝင်စားသွားခဲ့ပြီး ရန်ထိုက်နှင့်ပူးပေါင်းရန် သဘောတူခဲ့လေ၏။

ရန်ထိုက်ပြောခဲ့သလိုပင် သွေးစတေးခြင်းပြီးသွားသည့်နောက် ဤနေရာတွင်ရှိနေသည့်လူအားလုံး သေသွားကြရမည်ဖြစ်လေရာ မည်သူကများ ကုန်းမိသားစု၏ ယခင်မိသားစုခေါင်းဆောင်သည် ယခုကဲ့သို့သော ယုတ်ညံ့သည့် လုပ်ရပ်မျိုးကို လုပ်ခဲ့သည့်အကြောင်း သိပါဦးမည်နည်း။ ထို့အတွက်ကြောင့် ကုန်းမိသားစု၏ဂုဏ်သတင်းသည်လည်း ပျက်စီးရလိမ့်မည်မဟုတ်ချေ။

ရန်ထိုက်၏တိုက်တွန်းနှိုးဆော်မှုကြောင့် ကုန်းယွဲ့၏လက်ကွက်များ ပြောင်းလဲသွားခဲ့ရလေသည်။ ရန်ထိုက် တစ်ချက်အော်ငြီးလိုက်ပြီးသည့်နောက်တွင် သူ့လက်ကောက်ဝတ်ရှိဒဏ်ရာမှ သွေးများ ရေပန်းသဖွယ် တရဟော စီးကျလာခဲ့လေသည်။

အစီအရင်ကို မြန်မြန်ချိုးဖြတ်နိုင်စေရန်အတွက် ကုန်းယွဲ့သည် အခြားသူများဆီမှ သွေးများကိုလည်း ပိုမိုမြန်ဆန်သည့်နှုန်းဖြင့် ထုတ်ယူလိုက်လေသည်။ ထို့အတွက်ကြောင့် ဟွာယုလုနှင့် အခြားသူများမှာ အလွန်တရာကိုမှ နာကျင်လာရတော့လေသည်။

သွေးများ စီးဝင်လာနေသည်နှင့်အမျှ သွေးရောင်ဂိတ်တံခါးပေါ်ရှိ အစီအရင်မှာလည်း ပိုပို၍ တောက်ပလာခဲ့လေသည်။

ရန်ထိုက်မှာ သွေးများစွာကို ဆုံးရှုံးရထားပါသော်ငြား အနည်းငယ်မျှပင်လျှင် သက်တောင့်သက်သာမဖြစ်သလို မခံစားရ။ ထို့အစား အလွန်ကိုမှ စိတ်လှုပ်ရှားနေသည့် အမူအယာဖြင့်သာ သွေးတံခါးကြီးကို မမှိတ်မသုန် စိုက်ကြည့်နေလေသည်။

ထိုအခိုက်အတန့်မှာပင် အပြာရောင်မြူခိုးများဆီမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်သည် လေထဲ ဗြုန်းစားကြီး ပေါ်လာခဲ့လေသည်။

ရန်ထိုက်သည် အစီအရင်ထဲတွင် ရှိမနေတော့သလို ကုန်းယွဲ့သည်လည်း အခြားကိစ္စများအပေါ် အာရုံစိုက်နေရသည့်အတွက်ကြောင့် ထိန်းချုပ်သူမရှိတော့သည့် အစီအရင်ပြားမှ ဖန်တီးထားသော ပုံရိပ်ယောင်အစီအရင်သည် ရန်ကိုင်၏တိုက်ခိုက်မှုများကို ခုခံနိုင်ခြင်း မရှိတော့ချေ။ ထို့အတွက်ကြောင့် ရန်ထိုက်ထွက်ပြေးသွားပြီး တစ်ခဏအတွင်းမှာပင် ရန်ကိုင်သည် ပုံရိပ်ယောင်အစီအရင်ထဲမှ လွတ်မြောက်လာနိုင်ခဲ့လေသည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ပြီးသည့်နောက် လက်ရှိအခြေအနေကို ရန်ကိုင် နားလည်သွားခဲ့လေသည်။

ရန်ထိုက်၏ ထိတ်လန့်တုန်လှုပ်ကြောက်ရွံ့နေသည့် အကြည့်အောက်တွင် ရန်ကိုင်သည် အနန္တဓါးကိုဝှေ့ယမ်း၍ ကုန်းယွဲ့တည့်တည့်ဆီသို့ ခုတ်ချလိုက်လေသည်။

ကုန်းယွဲ့သည် ခြောက်ထောင့်တစ်ထောင့်အစီအရင်ကို ထိန်းချုပ်နေသည့်လူဖြစ်သည်။ ထို့ကြောင့် ထိုအစီအရင်ကိုသာ တားဆီးလိုပါက ကုန်းယွဲ့ကို တိုက်ခိုက်ရုံသာ ရှိပေလိမ့်မည်။

ကုန်းယွဲ့မှာတော့ ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ အနည်းငယ်မျှပင် အံ့အားသင့်နေခြင်းမရှိ။ ထို့အစား ရန်ကိုင် ပုံရိပ်ယောင်အစီအရင်ထဲမှ လွတ်မြောက်လာပြီးတည်းက ယခုကဲ့သို့ဖြစ်မည်မှန်းကို ကြိုသိထားသည့်အလား ရန်ကိုင်မှ တိုက်ခိုက်လိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်ဆီသို့ နောက်ထပ်အစီအရင်ပြားတစ်ခု ပစ်လွှတ်လိုက်လေသည်။

ကုန်းမိသားစု၏ ယခင်မိသားစုခေါင်းဆောင်တစ်ဦးဖြစ်သလို အစီအရင်ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးလည်း ဖြစ်သည့်အလျောက် ကုန်းယွဲ့ကိုယ်ပေါ်တွင် အခြားသောပစ္စည်းများ များများစားစား ရှိလိမ့်မည်မဟုတ်ပါသော်ငြား အစီအရင်ပြားများမှာတော့ များစွာ ရှိနေခဲ့လေသည်။ အစီအရင်များအနက် သတ်ဖြတ်ခြင်းအစီအရင်များ၊ ပုံရိပ်ယောင်အစီအရင်များ၊ ချုပ်နှောင်အစီအရင်များ များစွာပါဝင်နေပေသည်။

ရန်ကိုင်မှာ အစီအရင်ပြားကို အချိန်မီရှောင်တိမ်းလိုက်နိုင်ခြင်း မရှိလေရာ အစီအရင်တစ်ခုထဲမှ လွတ်မြောက်လာပြီးပြီးခြင်းမှာပင် အခြားသောအစီအရင်တစ်ခုထဲသို့ ထပ်မံရောက်ရှိသွားခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ထိုက်မှာ ဝမ်းသာအားရဖြင့် အော်ရယ်မောတော့လေသည်။ ဟွာယုလုနှင့် အခြားသူများ၏ မျက်နှာများမှာတော့ ပို၍ကို ဖြူလျော်ကုန်ကြလေသည်။

လက်ရှိအချိန်တွင် သူတို့၌ အခြားသောမျှော်လင့်ချက် မရှိတော့ချေ။ ခြောက်ထောင့်တစ်ထောင့်အစီအရင်၏ ထိန်းချုပ်ခြင်း ခံထားရသည့်အတွက်ကြောင့် သူတို့၏ခွန်အားကို ထုတ်မသုံးနိုင်သလို ကုန်းယွဲ့၏ထိန်းချုပ်မှုအောက်မှလည်း လွတ်မြောက်နိုင်ခြင်းမရှိပေ။ ထို့အတွက်ကြောင့် သူတို့ဘာသာသူတို့ ဤအစီအရင်ကို လုံးဝဖျက်ဆီးနိုင်လိမ့်မည်မဟုတ်။

သူတို့၏မျှော်လင့်ချက်မှာတော့ ရန်ကိုင်သာ ရှိပေသည်။ သို့သော်ငြား မျှော်လင့်ချက်ရေးတေးတေးလေးကို မြင်တွေ့ရပြီးပြီးချင်းမှာပင် ရန်ကိုင်မှာ အခြားအစီအရင်တစ်ခုထဲသို့ ထပ်မံရောက်ရှိသွားခဲ့ရသည်။ မျှော်လင့်ချက်လေးအချို့ ရုတ်တရက် ထွက်ပေါ်လာခဲ့ပါသော်ငြား တမုဟုတ်ချည်း ကျိုးကြေသွားခဲ့ရသည်။

“မင်း သူ့ကို ဘယ်လောက်ကြာအောင် ထိန်းထားနိုင်လဲ…” ရန်ထိုက်က ကုန်းယွဲ့အား မေးလိုက်သည်။

ကုန်းယွဲ့က မျက်မှောင်ကျုံ့လျက် “အသက်သုံးဆယ်ရှိုက်စာ…”

ထိုအချက်နှင့်ပတ်သက်၍ ရန်ထိုက်မှာ သိပ်၍ကျေနပ်သည့်ပုံမပေါ်။ သို့သော်ငြား သူတတ်နိုင်သည့်အရာဆို၍ ဘာမှရှိမနေမှန်းလည်း သိနေခဲ့သည်။ ကုန်းယွဲ့သည်သာ ထိုအစီအရင်ပြားများကို ကိုယ်တိုင်ကိုယ်ကျ ထိန်းချုပ်နိုင်မည်ဆိုပါက ရန်ကျို့အား အချိန်အတန်ကြာအောင် ဖမ်းဆီးထားနိုင်လိမ့်မည် ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင် ကုန်းယွဲ့သည် ခြောက်ထောင့်တစ်ထောင့်အစီအရင်ပေါ် အပြည့်အဝ အာရုံစိုက်ထားရသည့်အတွက်ကြောင့် ထိုအစီအရင်များပြားကို ထိန်းချုပ်နိုင်ခြင်းမရှိချေ။ ထို့အတွက်ကြောင့် အစီအရင်ပြားသက်သက်၏စွမ်းအားနှင့် ရန်ကျို့အား အသက်သုံးဆယ်ရှိုက်စာ ထိန်းချုပ်ထားနိုင်ခြင်းသည် သူ့အကန့်အသတ် ဖြစ်နေလေပြီ။

အသက်ဆယ်ရှိုက်စာ ကြာပြီးသည့်နောက်တွင် အစီအရင်ပြား ပျက်စီးသွားခဲ့ပြီး ရန်ကိုင်ပြန်ပေါ်လာခဲ့သည်။

“ဘယ်လို…” ကုန်းယွဲ့ ထိတ်လန့်သွားတော့လေသည်။

ဤအစီအရင်ပြားသည် ရန်ကိုင်အား အသက်သုံးဆယ်ရှိုက်စာ ထိန်းထားနိုင်လိမ့်မည်ဟု ပြောခဲ့ပါသော်ငြား အသက်ဆယ်ရှိုက်စာအတွင်း ရန်ကိုင်သည် အစီအရင်ပြားကို ဖောက်ထွက်၍ အပြင်သို့ ပြန်ထွက်လာခဲ့လေသည်။ ထိုသို့ဖြစ်လေရာ ဤရန်ကျို့ဆိုသည့်လူသည် မည်မျှပင် အားကောင်းနေလေသနည်း။

“သူပြန်လာပြီ…” ရန်ထိုက်သည် ကုန်းယွဲ့အား နောက်ထပ်အစီအရင်ပြားတစ်ခု ထပ်မံပစ်လွှတ်ရန် လှမ်းသတိပေးလိုက်လေသည်။

တစ်ကြိမ်ခံထားရပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ယခုအကြိမ်တွင် ရန်ကိုင်သည် ယခင်ကထက်ပို၍ သတိထားခဲ့သည်။ ပေါ်လာပြီးပြီးချင်းမှာပင် ကုန်းယွဲ့ဆီမှ ခပ်လှမ်းလှမ်းသို့ ဆုတ်သွားပြီး အော်ပြောလိုက်လေသည်။ “မိသားစုခေါင်းဆောင်ကုန်း… ခင်ဗျား ဒါကို လုပ်ချင်လို့ပဲဖြစ်ဖြစ် ဟိုကောင်လိမ်ထားလို့ပဲဖြစ်ဖြစ် လုပ်နေရတာကို ကျုပ် ဂရုမစိုက်ဘူး… ဒါပေမယ့် ခင်ဗျား တစ်ခုသိထားဖို့တော့ လိုတယ်… အခုလောလောဆယ် ရန်ထိုက်က နတ်ဆိုးချီထိန်းချုပ်တာ ခံထားရတာ… ခင်ဗျားရဲ့လုပ်ရပ်တွေက နတ်ဆိုးကို အားပေးအားမြှောက်လုပ်နေတာနဲ့ အတူတူပဲ… ဒီနေ့အကြောင်းသာ သတင်းပျံ့သွားမယ်ဆိုလို့ရှိရင် ခင်ဗျားရဲ့ကုန်းမိသားစုဂုဏ်သတင်း လုံးဝပျက်စီးသွားရမှာနော်… အခုလောလောဆယ် ရပ်လိုက်မယ်ဆိုရင်တော့ သိပ်ပြီးနောက်မကျသေးဘူး…”

“ခွေးကောင်လေး… မင်းဘာတွေလျှောက်ပြောနေတာလဲ… ငါဘယ်တုန်းက နတ်ဆိုးဖြစ်သွားလို့လဲ…” ရန်ထိုက်က ပြန်အော်ပြောလိုက်သည်။ ရန်ကိုင်၏စကားအပေါ် ကုန်းယွဲ့စိတ်ယိုင်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် အလျင်စလို တိုက်တွန်းလိုက်လေသည်။ “ရောင်းရင်းကုန်း… သူပြောတာတွေကို နားထောင်မနေနဲ့… အခု အရေးကြီးဆုံးက ဒီကောင့်ကို ရှင်းပစ်ဖို့ပဲ…”

ရုတ်တရက်ဆိုသလို ရန်ကိုင်၏ခန္ဓာကိုယ် ပျောက်ကွယ်သွားခဲ့ပြီး သူ့အသံသည် ဘက်ပေါင်းစုံဆီမှ ထွက်ပေါ်လာခဲ့လေသည်။ “အဲ့သွေးတံခါးရဲ့နောက်ဘက်မှာ ရှေးဟောင်းနတ်ဆိုးတွေကို ချိတ်ပိတ်ထားတယ်… ရန်ထိုက်က အဲ့ကောင်တွေကို လွှတ်ပေးဖို့လုပ်နေတာ… နတ်ဆိုးမျိုးနွယ်စု ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာကို ခင်ဗျားသိမှာမဟုတ်ဘူး… ဒါပေမယ့် သိချင်မှာလည်းမဟုတ်ဘူး… ကုန်းယွဲ့… ခင်ဗျား ဒီအပြစ်သားကောင်ရဲ့ အပေါင်းအပါ လုပ်ချင်နေတာ သေချာတာလား…”

“ဒီရှေးဟောင်းလိုဏ်ဂူ တည်ရှိလာတာ အနည်းဆုံး နှစ်ပေါင်းသောင်းနဲ့ချီနေပြီ… ဒီထဲမှာ ဘယ်လိုလုပ်ပြီး နတ်ဆိုးတွေကို ချိတ်ပိတ်ထားနိုင်မှာလဲ… ဒီကောင် လျှောက်လိမ်နေတာ… ပြီးတော့ နတ်ဆိုးတွေရှိမယ်ဆိုရင်တောင် အဲ့နတ်ဆိုးတွေ သေတာ ကြာနေလောက်ပြီ… ရောင်းရင်းကုန်း… သိုင်းတာအိုရဲ့ တကယ့်လျှို့ဝှက်ချက်က ဒီတံခါးနောက်မှာ ရှိနေတာနော်… အဲ့ကောင်ပြောတာတွေကို ယုံမနေနဲ့… တံခါးကိုသာဖွင့်လိုက်… အဲ့ဒါဆို အထဲမှာရှိတဲ့ အကျိုးအမြတ်တွေကို မင်းနဲ့ငါ ဝေခွဲယူလို့ရတယ်…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၁၉)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်နှင့် ရန်ထိုက်၏ စကားနိုင်လုသံသည် သူ့နားနား ယင်ကောင် တဝီဝီ မြည်နေသလို ကုန်းယွဲ့မှာ အလွန်ကိုမှ နားညီးနေခဲ့လေသည်။

ကုန်းယွဲ့သည် သူ့လက်ကိုမြှောက်၍ အစီအရင်ပြားများစွာကို သူ့ပတ်ပတ်လည်အနှံ့ ဖြန့်ကျဲချလိုက်သည်။ သို့မှသာလျှင် ရန်ကိုင် မည်သည့်ဘက်မှ တိုက်ခိုက်နေပါစေ၊ သူ့အား ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

“ကောင်းတယ်” ရန်ထိုက်က ရယ်မောရင်းမှ အော်ပြောလိုက်သည် “မင်းမှာ အရည်အချင်း နည်းနည်းပါးပါးရှိတာ ငါလက်ခံတယ်။ ဒါပေမယ့် အဲ့လောက်ပဲ။ မင်းအသက်ရှင်ချင်တယ်ဆို အခု ထွက်ပြေးလို့ နောက်မကျသေးဘူး။ မဟုတ်ရင်တော့ ထွက်ပြေးဖို့ နောက်ကျသွားလိမ့်မယ်”

ရန်ကိုင် ထုတ်သုံးသွားသည့် ပညာရပ်များမှာ သူ့အား အထူးတလည် ဖိနှိပ်နိုင်သဖြင့် ရန်ထိုက်မှာ ထိုပညာရပ်များကို အမှန်တကယ် လန့်နေမိသည်။ ထို့ကြောင့် ရန်ကိုင်အား ဤနေရာမှ မြန်မြန် ထွက်သွားစေချင်နေမိ၏။ ရန်ကိုင် ထွက်ပြေးသွားပြီးနောက် ဤနေရာအကြောင်း ထုတ်ပြောမလား ဆိုသည်မှာတော့ သူ့ကိစ္စမဟုတ်ချေ။

သူ့ရည်ရွယ်ချက်မှာ ဤတံခါးကို ဖွင့်ရန်သာ ဖြစ်လေသည်။

ဤနေရာတွင် သူအပါအဝင် လူငါးဦး ရှိနေသဖြင့် သွေးစတေးခြင်းအတွက် လုံလောက်ပြီဟု ပြော၍ရသည်။ သူ့အဖို့ ဤနှုန်းအရဆိုလျှင်၊ သွေးတံခါးပေါ်ရှိ အစီအရင်ကို ဖျက်စီးနိုင်ဖို့ရာ သိပ်မလိုတော့ချေ။

သို့သော်ငြား ရန်ထိုက်၏ စကားကို ကြားပြီးနောက် ကုန်းယွဲ့ မျက်နှာပျက်သွားလေ၏။ သူနှင့် ရန်ထိုက်သည် အတူပူးပေါင်း၍ အကုန်လုံးကို အကွက်ချ ကြံစည်ခဲ့ပါသော်ငြား သူအနေဖြင့် ထိုကဲ့သို့ လုပ်ရခြင်းမှာ ကုန်းမိသားစုအတွက် ဖြစ်လေသည်။ ရှင်းရှင်းပြောရလျှင် ဤနေရာရှိလူများအနက် မည်သူမှ အသက်ရှင်ကျန်ရစ်၍ မဖြစ်ချေ။ သွေးတံခါးကို ဖွင့်ပြီးနောက်တွင် ကုန်းယွဲ့သည် ရန်ထိုက်ကိုပင် သတ်ပစ်ရန် စဉ်းစားထားခဲ့လေရာ ရန်ကိုင်အား မည်သို့များ ထွက်သွားခွင့် ပေးနိုင်ပါမည်နည်း။

ရန်ထိုက်၏ စကားကြောင်း ကုန်းယွဲ့သည် ရန်ကိုင်ဘက်သို့ လှည့်၍ မေးလိုက်၏ “ညီလေး၊ ဒီတံခါးနောက်မှာ နတ်ဆိုးတွေကို ချိပ်ပိတ်ထားတယ်လို့ မင်းပြောတယ်နော်။ မင်းမှာ ဘာသက်သေရှိလဲ။ ရန်ထိုက် ပြောတာတော့ ဒီတံခါးနောက်မှာ သိုင်းတာအိုရဲ့ အဆုံးစွန်ဆုံးသော လျှို့ဝှက်ချက်တွေ ရှိနေတာတဲ့”

ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့၍ ပြန်ပြောလိုက် “သူပြောတာကို ခင်ဗျား တကယ်ကြီး ယုံတာလား။ အဲ့ဒါဆိုရင်တော့ ခင်ဗျားလောက်တုံးတဲ့လူ မရှိတော့ဘူး”

ကုန်းယွဲ့က လေသံမြှင့်၍ ထပ်မေးလိုက်လေသည် “ရန်ထိုက် ပြတဲ့ စကားလုံးကို ငါသေချာလေ့လာကြည့်ပြီးသွားပြီ။ အဲ့စကားလုံးက ရန်ထိုက် မလိမ်ဘူးလို့ ငါ့ကို ပြောတယ်”

“ခင်ဗျား မြင်လိုက်ရတာက နတ်ဆိုးစကားလုံးပဲ။ အဲ့ဒါကြောင့်ပဲ ရန်ထိုက် အမှန်ပြောနေတာလို့ ခင်ဗျားကို လိမ်လိုက်တာ”

“ဘယ်လို” ကုန်းယွဲ့၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည် “နတ်ဆိုး စကားလုံးလား”

ကုန်းယွဲ့ ထိတ်လန့်နေစဉ် သူ့အစီအရင်များထဲ အက်ရာတစ်ခု ပေါ်လာလေ၏။

ထိုခိုက်အတန့်မှာပင် ရန်ကိုင် ရုတ်တရက် ပြန်ပေါ်လာခဲ့လေသည်။ သူမည်ကဲ့သို့ ပေါ်လာသလဲ မည်သူမှမသိရ၊ သို့သော် ရန်ကိုင် ပေါ်လာသည့် အချိန်တွင် ကုန်းယွဲ့ ရှေ့သို့ ရောက်နေခဲ့လေပြီ။

ရုတ်ချည်းဆိုသလို ကုန်းယွဲ့မျက်နှာထက်ရှိ ထိတ်လန့်ရိပ်တို့ ပျောက်ကွယ်သွားပြီး ဥာဏ်နီဥာဏ်နက်များသည့် အရိပ်အယောင်တို့ သူ့မျက်လုံးထဲ ပေါ်လာလေ၏။ အစောပိုင်းက ကုန်းယွဲ့ လုပ်ပြသွားသည့် အရာအားလုံးမှာ ရန်ကိုင်အား ယခုကဲ့သို့ လုပ်ဆောင် မျှားခေါ်နေသည့် ငါးစာ တစ်ခုသာ ဖြစ်လေသည်။

ရန်ကိုင်လည်း သူ့ချထားသည့် ငါးစာကို တကယ် လာဟပ်ပေသည်။ ကုန်းယွဲ့သည် အေးစက်စက် အမူအရာဖြင့်ပြုံးလျက် ရန်ကိုင် အစီအရင်တစ်ခုထဲသို့ ဆွဲထည့်နိုင်ဖို့ရာ သူ့ပတ်လည်တွင် ရှိနေသော အစီအရင်အားလုံးကို အသက်သွင်းရန် ပြင်လိုက်လေ၏။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်အား လုံးဝ အထင်မသေးတော့ချေ။ ရန်ကိုင်ကို အရင် ရှင်းပစ်ပြီးမှ အခြားသူများကို ရှင်းပစ်ရန် စဉ်းစားထားခဲ့သည်။

သို့သော် ထိုအခိုက်အတန့်တွင် ရန်ကိုင်၏ လက်ထဲ ခေါင်းလောင်းလေးတစ်လုံး ပေါ်လာပြီး ထိုခေါင်းလောင်းလေးသည် လည်ပတ်ရင်းမှ တဖြည်းဖြည်းနှင့် အရွယ်အစား ကြီးမားလာခဲ့လေသည်။

ရှေးကျသည့် အရှိန်အဝါတစ်ရပ် ပျံ့လွင့်လာခဲ့ပြီး ရန်ကိုင်မှာလည်း အချိန်မရွေး လဲပြိုကျတော့မည့်အလား တုန်တုန်ရီရီ ဖြစ်လာခဲ့လေသည်။ သို့သော်ငြား ခေါင်းလောင်းအား သေသေချာချာကို ကိုင်ထားခဲ့လေ၏။

ဒေါင်...

ခေါင်းလောင်းသံ ထွက်ပေါ်လာချိန် လူတိုင်း၏ နာစည်များ တုန်ခါသွားရ၏။ ကုန်းယွဲ့မှ သူ့ပတ်လည်တွင် ဖြန့်ကျဲထားသည့် အစီအရင်အားလုံးမှာလည်း အသက်ဝင်မလာနိုင်သေးခင်မှာပင် ခေါင်းလောင်းသံကြောင့် တစ်စစီ ပျက်စီးသွားခဲ့ရလေသည်။

ထိုမျှသာလျှင် မဟုတ်သေးဘဲ၊ တောင်းနဲ့မြစ်ခေါင်းလောင်း၏ အသံလှိုင်းဒဏ်ကို အနီးကပ် ခံစားလိုက်ရသည့်အတွက်ကြောင့် ကုန်းယွဲ့မှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား သူ့စိတ်အစုံမှာ ယာယီမျှ ဗလာကျင်းသွားခဲ့ရသည်။ သူ့ရင်ဘတ်မှာလည်း ချိုင့်ဝင်သွားပြီး ကျောပြင်မှာလည်း မို့တက်လာခဲ့ရကာ သူ့တစ်ကိုယ်လုံးသည် ကြိုးပြတ်သွားသည့် စွန်တစ်စင်းပမာ အနီးနားရှိ နံရအား သွားဆောင့်လေ၏။

ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ကုန်းယွဲ့မှာ ယခုကဲ့သို့ မရှုမလှ မခံရသင့်ချေ။ သို့သော်ငြား ရန်ကိုင် သူ့ဟာကွက်ထဲ ဝင်လာပြီး အထင်ရောက်လျက် သတိလက်လွတ် ဖြစ်သွားသဖြင့် တောင်နဲ့မြစ်ခေါင်းလောင်း၏ တိုက်ကွက်ကို မည်သို့မှ မခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။

ခေါင်းလောင်းသံသည် ကုန်းယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဒလှိမ့်စက်ဖြင့် ကြိတ်သွားသည့်ပမာ အဆက်မပြတ် ရိုက်နှက်သွားခဲ့ရာ ကုန်းယွဲ့မှာ အသက်ပင် မရှူနိုင် ဖြစ်သွားခဲ့ရသည်။

ထိန်းချုပ်သူ မရှိတော့သည့်အတွက်ကြောင့် ခြောက်‌ထောင့်တစ်ထောင့် အစီအရင်လည်း ပျက်စီးသွားခဲ့ရလေရာ လေထဲတွင် ဝဲနေသည့် ဟွာယုလုတို့အားလုံး အလန့်တကြား အော်ဟစ်ရင်း အောက်သို့ ပြုတ်ကျလာခဲ့ရလေသည်။ အကုန်လုံးမှာ ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြပါသော်ငြား အောက်သို့ ပြုတ်ကျလာပြီးနောက်တွင် ပြန်ထမလာနိုင်တော့ချေ။

တောင်နဲ့မြစ်ခေါင်းလောင်း၏ စွမ်းအားကို ကုန်းယွဲ့မှ အများဆုံး ခါးစည်း ခံခဲ့ရပါသော်ငြား လက်ကျန် စွမ်းအင်များမှာတော့ ဟွာယုလုတို့အား သွားရောက် ထိမှန်ပေသေးသည်။ မူလကတည်းက သွေးများစွာ ဆုံးရှုံးထားခဲ့ရလေသလို တစ်ချိန်ကုန် ကုန်းယွဲ့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အတွက်ကြောင့် ခေါင်းလောင်းသံပါ ထပ်ခံလိုက်ရသော် အကုန်လုံးမှာ အလွန်ကိုမှ အားနည်းပျော့ခွေသွားကုန်ကြလေသည်။ လက်ရှိအချိန်တွင် ထိုလူများမှာ သူတို့ခွန်အား၏ ဆယ်ပုံတစ်ပုံကိုပင် ထုတ်သုံးနိုင်ခြင်း မရှိတော့ချေ။

သူတို့အားလုံးအနက် အဆင်ပြေပြေရှိနေသည့်လူဆို၍ ရန်ထိုက် တစ်ဦးသာ ရှိသည်။ ရန်ထိုက်သည် ခြောက်ထောင့်တစ်ထောင့် အစီအရင်ထဲသို့ နောက်ကျမှ ဝင်သွားခဲ့သည့် အတွက်ကြောင့် သူ့သွေးများကို ဆုံးရှုံးထားခဲ့ရပါသော်ငြား ကျန်သုံးဦးထက်တော့ အများကြီး သာပေသေးသည်။ ထို့ကြောင့် အနည်းငယ် ဒယီးဒယိုင် ဖြစ်နေပြီးနောက် ပြန်ထလာနိုင်ခဲ့သည်။

သို့သော်ငြား ယခင်က အဆင်ပြေပြေနှင့် ရှိနေသည့် သူ့အစီအစဉ်မှာ ရုတ်တရက်ကြီး ပျက်စီးသွားရသည့်အတွက်ကြောင့် ရန်ထိုက်မှာ စိတ်လွတ်သွားသည့် အလား ယာယီမျှ ငေးကြောင်ကြောင် ဖြစ်နေ၏။ နောက်ဆုံးကျမှ အသိပြန်ဝင်လာပြီး ရန်ကိုင်အား မုန်းတီးခါးသီးစွာ စိုက်ကြည့်ရင်း အံကို တင်းတင်းကြိတ်၍ အော်ပြောလိုက်လေသည် “ဘာလို့လဲ၊ ဘာလို့လဲ၊ ဘာလို့လဲ...”

သတ်ဖြတ်လိုစိတ်တို့သည် ရန်ထိုက်ဆီမှ ဘေးပတ်ပတ်လည်အနှံ့ ပျံ့နှံ့လာခဲ့လေသည်။

ရန်ကိုင်လည်း ဒယီးဒယိုင် ဖြစ်နေခဲ့သည်။ တောင်နဲ့မြစ်ခေါင်းလောင်းကို ထုတ်သုံးဖို့ရာ ရှိရှိသမျှစွမ်းအင် အားလုံးကို ထုတ်သုံးလိုက်ရသည့်အတွက်ကြောင့် လက်ရှိ ရန်ကိုင်သည် မီးစာကုန်ရေခမ်း ဖြစ်နေခဲ့ရလေပြီ။ သို့သော်ငြား ရန်ထိုက်မှ သူ့အား ကောင်းကင်စိတ်အာရုံဖြင့် ချိန်ရွယ်၍ တိုက်ခိုက်ရန် ကြိုးစားလာနေသည်ကို မြင်သော် ရန်ကိုင်လည်း အေးအေးဆေးဆေး ရပ်မနေနိုင်တော့ဘဲ မရှိမယ့်ရှိမယ့် မှော်စွမ်းအား အားလုံးကို ထုတ်သုံး၍ မှော်မန္တန်တစ်ခုကို စတင် ရွတ်ဆိုတော့လေ၏။

ရန်ကိုင်မှ မှော်မန္တန်အား ရွတ်ဆိုနေသည်ကို မြင်သော် ဒေါသထွက်နေသည့် ရန်ထိုက်၊ ရေအေးဖြင့် လောင်းချခံလိုက်ရသည့်အလား ရုတ်ချည်း ထိတ်လန့်သွား၏။ ရန်ကိုင်၏ မှော်ပညာရပ်များကို တစ်ကြိမ် မြည်းစမ်းဖူးထားသဖြင့် ထိုမှော်ပညာရပ်များကို နောက်တစ်ကြိမ် ထပ်မြည်းစမ်းဖို့ရာ ရန်ထိုက် အလွန်ကို လန့်နေပေသည်။ ထိုအရာများသည် သူ၏ သဘောဝ ရန်သူများအလား၊ မှော်မန္တန်များ ရွတ်သံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ထိုက်မှာ အလိုလို ကြောက်လာတော့၏။

ကြောက်ကြောက်လန့်လန့်နှင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီးသည့် အခါမှသာ သူ့စိတ်ထဲ လုံခြုံသွားသလို ခံစားလိုက်ရတော့သည်။

ရန်ကိုင်လည်း မှော်မန္တန် ရွတ်ဆိုနေခြင်းကို ရပ်လိုက်လေသည်။ လက်ရှိသူသည် မီးစာကုန်ရေခမ်းဘဝသို့ ရောက်နေလေပြီ။ ထို့ကြောင့် ရန်ထိုက်သာ မတိုက်ခိုက်လာပါက သူကလည်း ဦးအောင် တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။

လက်ရှိအခြေအနေမှာ ရန်ကိုင်အတွက် ခေါင်းကိုက်စရာ ဖြစ်နေခဲ့၏။ အကုန်လုံးမှာ ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြပါသော်ငြား အမျိုးမျိုးသော အလှည့်အပြောင်းများကြောင့် အကုန်လုံးမှာ အလွန်ကိုမှ အားနည်းနေကြသည်။ အကုန်လုံးအနက် ရန်ထိုက်၏ အခြေအနေမှာ အကောင်းဆုံး ဖြစ်ပေသည်။ ထို့ကြောင့် ရန်ထိုက်သည်သာ သူ့အား မရရအောင် သတ်ရန် ကြိုးစားလာခဲ့မည်ဆိုလျှင် ရန်ကိုင် အနေဖြင့် ဟွာယုလုကို ခေါ်၍ လောကဓါတ်လုံးထဲ ပြေးပုန်းရုံသာ ရှိတော့မည်။ ကျန်လူများ သေသေရှင်ရှင် သူ့အနေဖြင့် ဂရုစိုက်နေနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်ငြား ရန်ထိုက်မှာ ရန်ကိုင်၏ မှော်မန္တန်များကို အလွန်ကိုမှ ကြောက်နေသည့် အတွက်ကြောင့် ရန်ကိုင်အား တိုက်ခိုက်လာရဲခြင်း မရှိခဲ့။

ရုတ်တရက် လိုဏ်ဂူထဲရှိ ကြက်သွေးရောင်အလင်းတို့မှာ တဖြည်းဖြည်း မှိန်ကျသွားခဲ့လေသည်။ ထိုအဖြစ်အပျက်သည် ရန်ထိုက်၏ အာရုံကို ဆွဲဆောင်သွားခဲ့ပြီး သွေးတံခါးဆီသို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ယူကျုံးမရဖြစ်စွာ ထအော်တော့လေသည် “မဖြစ်ရဘူး။ အဲ့လို မဖြစ်ရဘူး”

ယခင်က၊ သွေးများ တရစပ် ထောက်ပံ့ပေးနေသည့် အတွက်ကြောင့် သွေးတံခါး၏ သွေးရောင်မှာ အချိန်နှင့်အမျှ တောက်ပလာနေခဲ့ရသည်။ သို့သော်ငြား ရန်ကိုင်ကြောင့် ခြောက်ထောင့်တစ်ထောင့် အစီအရင် ပျက်စီးသွားချိန်၊ သွေးထောက်ပံ့မှု မရှိတော့သည့် အတွက်ကြောင့် သွေးတံခါး၏ အရောင်မှာ တဖြည်းဖြည်း ပြန်မှိန်ကျသွားခဲ့လေသည်။ ပျက်စီးမည့် အရိပ်အယောင် ပြနေသည့် အစီအရင်မှာလည်း တစ်ဖန်ပြန်လည် တည်ငြိမ်သွားတော့လေ၏။

ရန်ထိုက်သည် အရူးတစ်ပိုင်းဖြစ်နေသည့်နှယ် ထအော်တော့လေသည်။ ထိုသို့ အော်ဟစ်နေရင်းမှ လိုဏ်ဂူထဲတွင် ရှိနေသော လူများအနက် တစ်ဦးကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် ထိုလူဆီသို့ သူ့လက်ကို လှမ်းလိုက်၏။

“ရန်ထိုက်၊ မင်းလုပ်ရဲလား” ဝူခွမ်းရီသည် ဒေါမာန်တကြီး ထအော်လေသည်။ သို့သော် သူ့လက်ရှိခွန်အားဖြင့် ရန်ထိုက်ကို မည်သို့များ ခုခံနိုင်ပါမည်နည်း။ ရန်ထိုက်ဆွဲရာသို့ ကြက်ပေါက်လေးတစ်ကောင်နှယ် ပါသွားတော့လေသည်။

လူတိုင်း၏ အကြည့်အောက်တွင် ရန်ထိုက်သည် ဝူခွမ်းရီအား ကြိမ်ဖန်များစွာ ထိုးကြိတ်ပြီးနောက် သွေးတံခါးဆီသို့ လှမ်းပစ်လိုက်လေသည်။

ဝူခွမ်းရီမှာ နာကျင်စွာ အော်ဟစ်နေပါသော်ငြား သူ့အော်သံသည် ရုတ်တရက် ပြတ်တောက်သွားခဲ့လေသည်။

သွေးတံခါးနှင့် သွားဆောင့်သည့်အခိုက်၊ ရန်ထိုက်၏ ထိုးနှက်ချက်များကြောင့်လား မသိရာ၊ ဝူခွမ်းရီ တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။ သူ့ခန္ဓာကိုယ် ပေါက်ကွဲရာမှာ ထွက်ပေါ်လာသည့် သွေးမြူများကြောင့် သွေးရောင်တံခါးတစ်ခုလုံး သွေးများဖြင့် ပေကျံသွားရသည်။ မှိန်ကျသွားသည့် သွေးတံခါး၏ အရောင်မှာလည်း တစ်ဖန်ပြန်လည် တောက်ပလာခဲ့လေသည်။

ထိုအခြင်းအရာကိုမြင်သော် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြလေ၏။ ဝူခွမ်းရီ သေသွားသည်ကိုကြည့်ရင်း လူတိုင်း ခြေဖျားလက်ဖျားများ အေးစက်သွားကြသည်။ ရန်ထိုက် နောက်ဘာဆက်လုပ်မလဲ ဆိုသည်ကို မည်သူမှ မသိကြချေ။

“မလုံလောက်သေးဘူး။ မလုံလောက်သေးဘူး။ ဒီလောက်က လုံလောက်ဖို့ အများကြီး လိုသေးတယ်” သို့သော်ငြား ရန်ထွက်မှာ ရူးသွားသည့်အလား၊ ဝူခွမ်းရီကို သတ်ပစ်ပြီးသည့်တိုင် မကျေနပ်နိုင်သေးဘူး၊ ထိုစကားများကို အဆက်မပြတ် ရေရွတ်ရင်း လိုဏ်ဂူထဲရှိ အခြားလူများကို ဝေ့ကြည့်လိုက်လေသည်။

တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်ဆီမှ နတ်ဆိုးချီတို့ ထွက်ပေါ်လာလေ၏။

ရန်ထိုက် သူတို့ဘက်သို့ လှည့်လာမည် စိုးသည့်အတွက်ကြောင့် ကျန်လူများမှာ ရန်ထိုက်ဆီမှ အကြည့်လွှဲဖယ်လိုက်ကြလေသည်။ ရန်ကိုင်ကမူ ရန်ထိုက်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း လှမ်းအော်ပြောလိုက် “လက်လျှော့လိုက်တော့၊ ခင်ဗျားအစီအစဉ် ပျက်စီးသွားပြီ။ ဒီချိပ်စည်းကို ခင်ဗျားဖျက်စီးနိုင်တော့မှာ မဟုတ်ဘူး။ ခင်ဗျားကိုယ်တိုင်လည်း နတ်ဆိုးတစ်ကောင် ဖြစ်နေပြီ။ ခင်ဗျားလိုလူမျိုး သေသွားရလည်း ဘားမှ ဝမ်းနည်းနေစရာမရှိဘူး”

ရန်ကိုင်ကြောင့် ဒဏ်ရာရသွားသည့် ကုန်းယွဲ့သည် ရန်ထိုက်၏ ခန္ဓာကိုယ်ထဲမှ ထွက်လာသည့် နတ်ဆိုးချီအား မှင်တက်နေသည့် အမူအရာဖြင့် ကြည့်နေခဲ့သည်။ ထို့နောက် ရန်ထိုက်ကို လက်ညိုးထိုးလျက် ကတုန်ကရင်ဖြင့် “မင်း၊မင်း...”

ယခုမှသာ တကယ့်အမှန်တရားကို ကုန်းယွဲ့ သိရတော့သည်။ ရန်ထိုက်၏ ခန္ဓာကိုယ်ထဲမှ နတ်ဆိုးချီတို့ ထွက်လာနေခဲ့ရာ သူ့အနေဖြင့် ရန်ထိုက် နတ်ဆိုး တစ်ကောင် ဖြစ်နေပြီ ဟူသောအချက်ကို ကုန်းယွဲ့ မည်သို့များ နားမလည်ဘဲ နေပါတော့မည်နည်း။

ယခုမှသာ ရန်ကိုင် ပြောသည့်စကားကို ယုံကြည်သွားတော့လေသည်။ ရန်ထိုက်သည် တကယ်ကြီး နတ်ဆိုးဖြစ်သွားလေပြီ။ ထို့ကြောင့် ရန်ထိုက်သူ့အား ပေးခဲ့သည့် ကတိစကားအားလုံး အားလုံးမှာ စကားသက်သက်သာ ဖြစ်သွားချေပြီ။

ထိုအချက်ကို စဉ်းစားမိလိုက်သည့်အခိုက် ကုန်းယွဲ့ အလွန်ကိုမှ စိတ်ဓါတ်ကျသွားရတော့သည်။ သူ့မိသားစု တိုးတက်နိုင်ရေးအတွက် ရန်ထိုက်၏ လူယုတ်မာ အကြံအစည်ထဲ အားတက်သရောဖြင့် ပါဝင်ခဲ့ပါသော်ငြား သူအလွန်ကိုမှ ယုံကြည်နေသည့် အစီအစဉ်သည် အလိမ်အညာတစ်ခု ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ ရန်ထိုက် ဤနေရာ၌ဘာလုပ်ချင်နေလဲ သူမသိသော်ငြား လက်ရှိ အဖြစ်အပျက်ပြီးနောက်တွင် သွေးတံခါးနောက်တွင် ရန်ထိုက် ကတိပေးထားခဲ့သော သိုင်းတာအို၏ အဆုံးစွန်သော လျှို့ဝှက်ချက်များ ရှိမနေကြောင်း ကုန်းယွဲ့ နားလည်သွားခဲ့လေပြီ။

“လက်လျှော့ရဖို့ ဟုတ်လား” ရန်ထိုက်ကမူ ကုန်းယွဲ့အား သတိမထားမိဟန်ဖြင့် သွေးရူးသွေးတန်း ပြန်အော်ပြောလိုက်လေသည် “ငါ့တာဝန်က မပြီးသေးဘူးကွ။ ဘယ်လိုလုပ်ပြီး လက်လျှော့နိုင်မှာလဲ”

ရန်ထိုက်၏ စကားမှတစ်ဆင့် သဲလွန်စအချို့ကို ရန်ကိုင် ရသွားခဲ့လေသည် “တာဝန်၊ ခင်ဗျားရဲ့ တာဝန်က ဒီချိပ်စည်းကို ဖျက်စီးဖို့မလား။ အဲ့တာဝန်ကို တံခါးနောက်ကောင်တွေ ပေးထားတာလား။ ဒီတော့ ခင်ဗျားက အဲ့တံခါးနောက်က ကောင်တွေနဲ့ ဆက်သွယ်နိုင်တယ်ပေါ့”

ရန်ထိုက်မှာ သူစကားကျွံသွားပြီမှန်း သိလိုက်သည့်နောက် သူ့ပါးစပ်ကို အမြန် ပြန်ပိတ်လိုက်လေသည်။ ထို့နောက် လိုဏ်ဂူထဲရှိ လူအားလုံးကို ဝေ့ကြည့်လျက် ပြစ်တင်ပြောဆိုလိုက်လေသည် “အမှိုက်ကောင်တွေ၊ ဘာမှ အသုံးမကျတဲ့ကောင်တွေ။ မင်းတို့ သွေးတွေအကုန်လုံးကို စတေးပစ်ရင်တောင် လုံလောက်ဦးမှာမဟုတ်ဘူး”

ရန်ထိုက်မှာ လုံးဝကို ရူးသွပ်သွားခဲ့လေပြီ။ ထို့နောက်တွင် လောကြီးတစ်ခုလုံးကို ပွေ့ဖက်ရန် ကြိုးစားနေသည့်အလား သူ့လက်နှစ်ဖက်ကို ဖြန့်ချလိုက်သည်။ ပထမဆုံး အကြိမ်အဖြစ် သူ့ခန္ဓာကိုယ်ဆီမှ ဖြာထွက်လာနေသည့် နတ်ဆိုးချီတို့မှာ စတင်၍ သိပ်သည်းလာတော့လေသည် “မင်းတို့ရဲ့ ခွေးမျက်လုံးတွေကို ဖွင့်ပြီး သေချာကြည့်ထား။ ခေတ်သစ်တစ်ခုလာတော့မှာ။ အခုလာတော့မယ် အရာနဲ့ယှဉ်လိုက်ရင် မင်တို့အားလုံးက ပုရွတ်ဆိတ်သာသာတွေပဲ”

ထိုကဲ့သို့ သွေးရူးသွေးတန်း အော်ဟစ်လိုက်ပြီးနောက်တွင် ရန်ထိုက်သည် ရူးသွပ်စွာ အော်ရယ်မောရင်း သွေးတံခါးဆီသို့ ပြေးဝင်သွားလေသည်။

ရန်ကိုင်နှင့် အခြားသူများမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း မျက်လုံး အပြူးသား ဖြစ်နေကြလေသည်။ အဖြစ်အပျက်များသည် ယခုကဲ့သို့ တဆစ်ချိုး ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြချေ။ ကြည့်ရသလောက် ရန်ထိုက်သည် အခြားသူများကို စတေးပစ်၍ အသုံးဝင်လိမ့်မည် မဟုတ်မှန်း သိလိုက်သည့်နောက်၊ သူ့ကိုယ်သူ စတေးပစ်ရန် ကြိုးစားနေသည့်ပုံပင်။

မည်သူမှ သူ့အား သွားမတားခဲ့ချေ။ ရန်ထိုက်သည် ယနေ့ အစီအစဉ်တစ်ခုလုံးကို အကွက်ချ ကြံစည်ခဲ့သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူသေသည့် ကိစ္စနှင့် ပက်သက်၍ ဘာမှသနားနေစရာမလို။ ထို့အပြင် ရန်ထိုက်သည် ဝူခွမ်းရီကို စတေးခဲ့သည်။ သို့တိုင် ဘာမှထူးမလာခဲ့ချေ။ ထို့အတွက်ကြောင့် ရန်ထိုက်ကိုယ်တိုင် သူ့ကိုယ်သူ စတေးပစ်မည် ဆိုလျှင်ပင် ဘာမှထူးလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် အကုန်လုံးမှာ ရန်ထိုက် သွေးတံခါးဆီသို့ ပြေးသွားနေသည်ကိုသာ အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်နေလေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၂၀)

ဘာသာပြန်သူ_တိမ်တိုက်

အကုန်လုံး၏အကြည့်အောက်တွင် ရန်ထိုက်၏ခန္ဓာကိုယ်ကြီးသည် သွေးတံခါးဆီသို့ ပြေးဝင်ဆောင့်လေသည်။

တံခါးအား ပြေးဝင်ဆောင့်ရာတွင် ရန်ထိုက်သည် သူ့ကိုယ်သူ အနည်းငယ်မျှပင် ကာကွယ်ထားခြင်း မရှိသည့်အတွက်ကြောင့် တံခါးနှင့် ရိုက်မိသည့်အခိုက် သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့လေသည်။

သို့သော်ငြား ရန်ထိုက်၏ခန္ဓာကိုယ် ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် အသားစများ၊ သွေးများသည် တံခါးပေါ်သို့ ပြန့်ကျဲထွက်သွားခဲ့ခြင်းမရှိ။ ထို့အစား ကိုယ်ပိုင်အသက်ကို ပိုင်ဆိုင်ထားသည့်အလား ရွစိရွစိဖြင့် တဖြည်းဖြည်း ပြန်လည်ပေါင်းစည်းသွားခဲ့လေသည်။

ရန်ထိုက်သေသွားပြီဟု အထင်ရောက်လျက် စိတ်သက်သာရာ ရနေကြသော လူများမှာ နောက်တစ်ဖန် ရင်တဒုန်းဒုန်း ခုန်သွားကြရလေသည်။ ဘာတွေဖြစ်နေသလဲဆိုသည်ကို မသိကြပါသော်ငြား သူတို့ရင်ထဲတွင်တော့ မကောင်းသည့်ခံစားချက်တို့ ရနေလေသည်။ ရန်ကိုင်ကမူ အခြားသူများထက်ပို၍ အာရုံခံစားနိုင်စွမ်း မြင့်မားသည့်အတွက်ကြောင့် ရန်ထိုက်၏ခန္ဓာကိုယ် ပေါက်ကွဲရာမှ ထွက်ပေါ်လာသော သွေးမြူများကြားဝယ် နတ်ဆိုးစွမ်းအင်အချို့ ကိန်းအောင်းနေသည်ကို သတိထားမိလိုက်လေသည်။

မျက်တောင်တစ်ခတ်အတွင်း ရန်ထိုက်၏ခန္ဓာကိုယ် ပေါက်ကွဲရာမှ ထွက်ပေါ်လာသော သွေးမြူများသည် စကားလုံးတစ်လုံးအဖြစ်သို့ စုဝေးသွားခဲ့လေသည်။

“ဒါက…” ကုန်းယွဲ့၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“နတ်ဆိုးစကားလုံး…” ရန်ကိုင်က အံတင်းတင်းကြိတ်၍ အော်ပြောလိုက်လေသည်။

ရန်ထိုက်၏ ပေါက်ကွဲသွားသော ခန္ဓာကိုယ်မှ သွေးမြူများ စုဝေးသွားသည့် စကားလုံးပုံစံသည် အခြားစကားလုံးမဟုတ်။ ရန်ထိုက်မှ ရှေးဟောင်းလိုဏ်ဂူထဲမှ ရရှိလာသည့် ကျင့်စဉ်ကို ထုတ်သုံးစဉ် ထွက်ပေါ်လာသည့် နတ်ဆိုးစကားလုံးသာ ဖြစ်လေသည်။ ထိုနတ်ဆိုးစကားလုံးသည် ဖြစ်ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် သွေးရောင်တံခါးပေါက်အား ပြေးဝင်ဆောင့်လေသည်။

ရန်ထိုက်၏ အသက်စွမ်းအင်အဆီအနှစ်မှ ဖြစ်ပေါ်လာသော နတ်ဆိုးစကားလုံး မည်မျှအားကောင်းသလဲဆိုသည်ကို မည်သူမျှ မသိကြပါသော်ငြား ရန်ထိုက်သည် ယခုကဲ့သို့ဖြစ်အောင် လုပ်ခဲ့သည့်အတွက်ကြောင့် ဤသွေးစကားလုံးသည် တံခါးပေါက်ကို ပွင့်လာအောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့်ရှိသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

တံခါးပေါက်ဆီမှ အလင်းရောင်တို့ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။ အလင်းရောင်မှာ တောက်ပလွန်းလှသဖြင့် လူတိုင်းမှာ မျက်စိကိုပင်လျှင် မနည်းဖွင့်ထားရသည်။ အလင်းရောင်တို့ ပေါက်ကွဲလာစဉ်အတောအတွင်း တံခါးပေါက်ဆီမှ ကျွီ ခနဲဆိုသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

လူတိုင်း ရင်တုန်ပန်းတုန် ဖြစ်သွားခဲ့ကြလေသည်။ တစ်ချိန်တည်းတွင် ထိုအသံကို ကြားလိုက်ရပြီးသည့်နောက် အကုန်လုံး၏မျက်နှာ ဖြူလျော်သွားခဲ့လေ၏။

သွေးရောင်တံခါးပေါက်မှာ ပွင့်လာခဲ့ရလေပြီ။

ရန်ထိုက်၏ သွေးစတေးကာ သွေးရောင်တံခါးပေါ်ရှိ အစီအရင်ကို ဖျက်ဆီးမည့်အကြံအစည်သည် ရန်ကိုင်ကြောင့် ပျက်စီးသွားခဲ့ရပါသော်ငြား နောက်ဆုံးတွင် ရန်ထိုက်သည် သူ့ကိုယ်သူစတေး၍ သွေးရောင်တံခါးပေါက်ကို မရရအောင် ဖွင့်ခဲ့လေသည်။

ရန်ကိုင်သည် သွေးရောင်တံခါးပေါက်ကို သေသေချာချာ စိုက်ကြည့်နေခဲ့သည်။ သွေးရောင်တံခါးပေါက်မှာ သူထင်ထားသည့်အတိုင်း အမှန်တကယ်ကို ပွင့်သွားခဲ့သည်။ သို့သော်ငြား ပွင့်သွားသည်ဟု ပြောသည်ထက်စာလျှင် အနည်းငယ်လေး ဟသွားသည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။ သွေးရောင်တံခါးပေါ်ရှိ အစီအရင်သည် အသက်ဝင်နေဆဲဖြစ်ကာ သွေးတံခါးကို အပြည့်အဝကို ပွင့်မလာအောင် အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့လေသည်။

တစ်ချိန်တည်းမှာပင် ထိုဟနေသော တံခါးပေါက်ကြားမှ တစ်ခုခုပျံထွက်လာသည်ကို ရန်ကိုင် သတိထားမိလိုက်သည်။

အလင်းရောင်တို့ ပျောက်ကွယ်သွားခဲ့ချိန် သွေးရောင်တံခါးကြီး ပြန်ပိတ်သွားခဲ့လေသည်။

လူတိုင်းမှာ အထိတ်တလန့်ဖြင့် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြလေ၏။

သို့သော်ငြား မကြာမီတွင် တစ်စုံတစ်ဦးသည် တစ်ခုခုမှားယွင်းနေမှန်း သတိထားမိသွားခဲ့လေသည်။

“အဲ့ဒါ… အဲ့ဒါဘာကြီးလဲ…” ချန်ပင်းယုသည် တုန်တုန်ရီရီဖြင့် တံခါးပေါက်တွင်ရှိနေသော အရာကို လက်ညှိုးထိုး၍ ပြောလိုက်လေသည်။

ကျန်အဖွဲ့သားများမှာ ချန်ပင်းယုလက်ညှိုးနေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ကြကာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ကြရသည်။

ထိုနေရာတွင် ပဲစေ့အရွယ်ခန့်သာရှိသည့် အနက်ရောင်အစက်ကလေးတစ်စက် ဝဲနေခဲ့လေသည်။ ထိုအနက်ရောင်အစက်ကလေးမှာ အလွန်ကိုမှ သေးငယ်လှကာ မည်သည့်ထူးဆန်းသည့်အရှိန်အဝါကိုမှလည်း ထုတ်လွှတ်ထားခြင်းမရှိ။ ထို့အတွက်ကြောင့် စစချင်းတွင် မည်သူမျှ ထိုအရာကို သတိထားမိခဲ့ခြင်း မရှိချေ။ ထို့အပြင် ဤလိုဏ်ဂူထဲရှိအလင်းရောင်မှာ ကောင်းမွန်လှခြင်းမရှိသည့်အတွက်ကြောင့် ထိုအနက်ရောင်အစက်ကလေးကို မမြင်မိသည်မှာ သဘာဝသာ ဖြစ်လေသည်။ ချန်ပင်းယုသည်ပင်လျှင် ထိုအနက်ရောင်အစက်ကလေးကို မတော်တဆ သွားတွေ့ခဲ့ခြင်း ဖြစ်လေ၏။

အနက်ရောင်အစက်ကလေးသည် အသက်ရှိသည့်ပုံမပေါ်။ အနည်းငယ်မျှပင် လှုပ်လှုပ်ရှားရှားမရှိဘဲ သွေးတံခါးပေါက်ရှေ့တွင်သာ ငြိမ်သက်စွာ ဝဲနေခဲ့လေသည်။

သို့ရာတွင် ရန်ကိုင်မှ ထိုအနက်ရောင်အစက်ကလေးကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခိုက် သူ့မျက်နှာအမူအယာ ပြောင်းလဲသွားခဲ့ပြီး အားလုံးကို အော်ဟစ်သတိပေးလိုက်လေသည်။ “အဲ့ဒါ နတ်ဆိုးစိတ်ဝိဉာဉ်ပဲ… အကုန်လုံး ကိုယ့်စိတ်ကိုယ် ကာကွယ်ထားကြ… အဲ့ကောင်ကို ခင်ဗျားတို့ရဲ့အသိစိတ်ထဲ ဝင်မလာစေနဲ့… မဟုတ်ရင်တော့ ခင်ဗျားတို့ နတ်ဆိုးဖြစ်သွားရလိမ့်မယ်…”

ရန်ကိုင်၏စကားကိုကြားသော် အဖွဲ့သားများ၏အမူအယာ ပြောင်းလဲသွားကုန်ကြလေသည်။ ရန်ကိုင်သည် ယခုလေးတင် သူတို့အား သေမင်းတံခါးမှ ကယ်ထားခဲ့သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဘာတွေဖြစ်နေသလဲ ရန်ကိုင်ပြောသွားသည့်အကြောင်းအရာအားလုံးကို နားမလည်ပါသော်ငြား ရန်ကိုင်ပြောသည့်အတိုင်း‌တော့ လုပ်လိုက်ပေသေးသည်။ လူတိုင်းသည် မိမိ၏အသိစိတ်ပင်လယ်ကို တတ်နိုင်သမျှ သတိချပ်ကာ ကာကွယ်ထားလိုက်ကြလေသည်။

“ရောင်းရင်းရန်… ဒီစိတ်ဝိဉာဉ်ကလေ ငါတို့သိတဲ့နတ်ဆိုးစိတ်ဝိဉာဉ်မျိုးလား…” ဖန်ကျို့က မေးလိုက်လေသည်။

သူပြောသည့် နတ်ဆိုးစိတ်ဝိဉာဉ်မှာ ကျင့်ကြံနေစဉ်အတောအတွင်း ကျင့်ကြံသူတစ်ဦး၏စိတ်ထဲတွင် ပေါ်လာလေ့ရှိသည့် စိတ်ရှုပ်စရာအတွေးများသာ ဖြစ်လေသည်။ ထိုအတွေးများမှာ ဥပမာပြောရသော် လောဘ၊ ရူးသွပ်မှု၊ မနာလို၊ အမုန်းတရားတို့ ဖြစ်ကြသည်။ ထိုအရာများသည် နတ်ဆိုးစိတ်ဝိဉာဉ်များ ဖြစ်ကြလေသည်။ ထိုအရာများကြောင့်ပင်လျှင် ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံခြင်းမှာ သွေဖည်သွားရနိုင်လေ၏။

ရန်ကိုင်ကမူ ခေါင်းခါပြလိုက်သည်။ အနက်ရောင်အစက်ကလေးဆီသို့ ပြန်လှည့်ကြည့်၍ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲတွင် ကြုံခဲ့ရသည့်အရာများကို ပြန်စဉ်းစားမိလိုက်သော် ပြောလိုက်လေသည်။ “ဒီလောကကြီးမှာ နတ်ဆိုးနယ်မြေလို့ခေါ်တဲ့ အခြားကမ္ဘာတစ်ခုရှိတယ်… အဲ့နတ်ဆိုးနယ်မြေကသက်ရှိတွေအကုန်လုံးကို နတ်ဆိုးမျိုးနွယ်စုလို့ခေါ်တယ်… အဲ့နတ်ဆိုးမျိုးနွယ်စုတွေ ဒီကြယ်တာရာအစုအဝေးကို တစ်ကြိမ်မက ကျူးကျော်ခဲ့ဖူးတယ်… ဒါပေမယ့် အဲ့ခေတ်ကစစ်သည်တော်တွေကြောင့် နတ်ဆိုးမျိုးနွယ်စုကပညာရှင်တွေ ပြန်လည်ဆုတ်ခွာသွားရတာ… ဒါပေမယ့် နတ်ဆိုးမျိုးနွယ်စုက ရှင်းရှင်းပြောရရင် အခြားမျိုးနွယ်တွေထက် ပိုပြီးတော့အသက်ပြင်းတယ်… သတ်ရလည်း အရမ်းခက်တယ်… ရှေးခေတ်ကစစ်သည်တော်တွေတောင် နတ်ဆိုးတွေကို အပြည့်အဝ မသတ်ပစ်နိုင်ဘူး… ဒီတော့ နောက်ဆုံး သူတို့ကို ချိတ်ပိတ်ပစ်ရုံပဲ တတ်နိုင်တယ်… သွေးရောင်တံခါးပေါက်ထဲမှာ ဘာတွေကိုချိတ်ပိတ်ထားလဲတော့ ကျုပ်မသိဘူး… ဒါပေမယ့် ဒီထဲကနေ နတ်ဆိုးစိတ်ဝိဉာဉ် ထွက်လာတယ်ဆိုတော့ အဲ့ထဲမှာ နတ်ဆိုးတွေကို ချိတ်ပိတ်ထားတာပဲ ဖြစ်ရလိမ့်မယ်… အခု ကျုပ်ပြောနေတဲ့ နတ်ဆိုးစိတ်ဝိဉာဉ်ဆိုတာ အဲ့နတ်ဆိုးမျိုးနွယ်တွေက ပညာရှင်တွေရဲ့ ဝိဉာဉ်တွေကိုပြောတာ…”

သွေးတံခါးပေါက်ထဲမှ ထွက်ပေါ်လာသည့် သူတို့မြင်လိုက်ရသောအရာမှာ အနက်ရောင်အလင်းစက်ကလေးဖြစ်ပေသည်။

ရန်ကိုင်ပြောသည်ကို ကြားလိုက်သည့်အခိုက် လူတိုင်း မင်သက်သွားကုန်ကြလေသည်။ ဤသည်မှာ သူတို့အတွက် နတ်ဆိုးနယ်မြေအား ပထမဦးဆုံးအကြိမ် ကြားဖူးခြင်းဖြစ်လေသည်။ ဤလူများသည် ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသည့်အတွက်ကြောင့် အတွေ့အကြုံဗဟုသုတ ကြွယ်ဝလှကာ ဤလောကထဲရှိ အရာတော်တော်များများကို သိပေသည်။ သို့သော်ငြား နတ်ဆိုးနယ်မြေအကြောင်းကိုတော့ သူတို့အနေဖြင့် တစ်ခါမှပင် ကြားဖူးခဲ့ခြင်းမရှိချေ။

နတ်ဆိုးမျိုးနွယ်အကြောင်းကိုတော့ ရှေးခေတ်မှတ်တမ်းများထဲတွင် တစ်ခါတစ်လေ မြင်ခဲ့ရဖူးပါသော်ငြား ထိုနတ်ဆိုးမျိုးနွယ်အကြောင်းကို အသေးစိတ်ရေးသားထားသည့် မည်သည့်စာအုပ်ကိုမှတော့ သူတို့မတွေ့ခဲ့ရဖူးချေ။

“ဒီတော့ ရောင်းရင်းရန်ပြောချင်တာက ဒီတံခါးပေါက်နောက်မှာ နတ်ဆိုးတွေကို ချိတ်ပိတ်ထားတယ်ပေါ့…” ဖန်ကျို့က မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။

“အခုအခြေအနေကိုကြည့်ရတာတော့ ဟုတ်တယ်…”

ချန်ပင်းယုက မေးလိုက်လေသည်။ “ဒီရှေးဟောင်းလိုဏ်ဂူစံအိမ် တည်ရှိလာတာ နှစ်ပေါင်းနည်းတော့တာမဟုတ်ဘူး… အဲ့သွေးတံခါးနောက်မှာ နတ်ဆိုးမျိုးနွယ်က ပညာရှင်တစ်ယောက်ကို ချိတ်ပိတ်ထားမယ်ဆိုလို့ရှိရင်တောင် အခုချိန်ထိ သူ အသက်ရှင်နိုင်စရာအကြောင်းတော့ ရှိမှာမဟုတ်ဘူး…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အဲ့ဒါကြောင့်ပဲ နတ်ဆိုးစိတ်ဝိဉာဉ်ပဲ ပေါ်လာတာလေ… အဲ့ထဲမှာ ချိတ်ပိတ်ထားခံရတဲ့ နတ်ဆိုးတွေက သေရင်သေသွားလောက်ပြီ… ဒါပေမယ့် သူတို့ရဲ့ဝိဉာဉ်တွေကတော့ ရှိနေတုန်းပဲ…”

“ဒီတိုင်း ဝိဉာဉ်လေးပဲဟာကို… ဒီလောက်ကြီး…” ချန်ပင်းယုက ပြုံးလျက် ပြောလိုက်လေသည်။ ရန်ကိုင် အပိုလုပ်လွန်းနေသည်ဟု သူမစိတ်ထဲ ခံစားနေရသည်။ ဤတံခါးပေါက်နောက်တွင် ချိတ်ပိတ်ထားသည်မှာ နတ်ဆိုးတစ်ကောင် ဟုတ်ဟုတ်မဟုတ်ဟုတ် အချိန်အလွန်ကြာသွားပြီးသည့်နောက်တွင် ဤဝိဉာဉ်သည် ၎င်း၏ခွန်အားများများစားစားကို ထုတ်သုံးနိုင်တော့လိမ့်မည်မဟုတ်ချေ။

“ခင်ဗျားဘာသိလို့လဲ…” ရန်ကိုင်က ဒေါမာန်တကြီးဖြင့် ထအော်လေသည်။

ချန်ပင်းယု ရှက်ရှက်ဖြင့် ပါးစပ်ပိတ်နေလိုက်တော့သည်။ သူမ၏ကျင့်ကြံခြင်းမှာ ရန်ကိုင်ထက် ပိုမြင့်မားပေသည်။ ထို့အတွက်‌ကြောင့် ရန်ကိုင်မှ သူမအသက်အား ကယ်ထားသည့်အတွက်ကြောင့်သာမဟုတ်လျှင် ရန်ကိုင် သူမအား ယခုကဲ့သို့ပြောလာပါက သူမလည်း ချက်ချင်း ခွန်းတုံ့ပြန် ပြောမိပေလိမ့်မည်။ သို့တိုင် ယခုကဲ့သို့ ဆူငေါက်ခံရသည့်အပေါ် ချန်ပင်းယုစိတ်ထဲ သိပ်၍တော့မကျေနပ်ပေ။

ရန်ကိုင်သည် အသက်ပြင်းပြင်းရှူ၍ စိတ်ကို တည်ငြိမ်အောင် ထားပြီးသည့်နောက် ဆက်ပြောလိုက်သည်။ “နတ်ဆိုးစိတ်ဝိဉာဉ် ရှိနေသေးသရွေ့ လုံးဝ သတိလက်လွတ်မနေနဲ့… မဟုတ်ရင်တော့… ဟမ်….”

ထိုသို့ပြောနေရင်းမှ တစ်ချိန်လုံး မလှုပ်ရှားဘဲ ငြိမ်သက်စွာဝဲနေသော အနက်ရောင်အလင်းသည် သူ့တည့်တည့်သို့ ပျံသန်းလာနေကြောင်းကို ရန်ကိုင် တွေ့ရှိလိုက်ရလေသည်။

ထိုနတ်ဆိုးစိတ်ဝိဉာဉ် သူ့တည့်တည့်သို့ ပျံသန်းလာသည်နှင့်တစ်ပြိုင်နက် သူ့ညာဘက်မျက်လုံးဆီမှ မီးလောင်သလိုခံစားချက်တစ်မျိုးကို ရန်ကိုင်ရရှိလိုက်လေသည်။

နတ်ဆိုးစိတ်ဝိဉာဉ် သူ့တည့်တည့်သို့ ပြေးလာသည်မှာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘဲ သူ့ညာဘက်မျက်လုံးကြောင့်သာဖြစ်မှန်း ရန်ကိုင်နားလည်သွားရတော့လေ၏။

ရန်ကိုင်၏ညာဘက်မျက်လုံးသည် ရှေးဟောင်းနတ်ဆိုး၏ အနက်ရောင်မျက်လုံးနှင့် ပေါင်းစပ်ထားသည်။ ထို့ကြောင့် ရန်ကိုင်တွင် ရှေးဟောင်းနတ်ဆိုး၏အရှိန်အဝါ ရှိနေပေသည်။ ဤနတ်ဆိုးဝိဉာဉ်သည် နတ်ဆိုးမျိုးနွယ်မှ ပညာရှင်တစ်ဦး၏ ဝိဉာဉ်ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အား ရွေးချယ်လိုက်သည်မှာ သဘာဝသာဖြစ်လေသည်။

ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် မှော်ပညာရပ်တစ်ခုကိုရွတ်ဆိုကာ သူ့ဆီသို့ ပြေးဝင်လာနေသော နတ်ဆိုးဝိဉာဉ်တည့်တည့်သို့ သူ့လက်ကို ချိန်ရွယ်လိုက်လေသည်။

ရန်ကိုင်၏လက်ဆီမှ အလင်းရောင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ကိုင်ဆီသို့ ပြေးဝင်လာနေသော နတ်ဆိုးဝိဉာဉ်ကို သွားရောက်ထိမှန်လေသည်။ ချက်ချင်းဆိုသလို ပဲစေ့အရွယ်လောက်သာရှိသော နတ်ဆိုးဝိဉာဉ်လေးမှာ မုန်တိုင်းကြားရောက်သွားသည့် သစ်ရွက်ပမာ လွင့်စင်ထွက်သွားခဲ့ရလေသည်။

လက်ရှိ ရန်ကိုင်၏အခြေအနေသည် မီးစာကုန်နေသည့် မီးတိုင်ပမာ ဖြစ်နေခဲ့လေသည်။ ထို့အတွက်ကြောင့် လက်ရှိအချိန်၌ သူထုတ်သုံးနိုင်သည့်စွမ်းအားမှာ များများစားစားတော့မဟုတ်လှ။ သို့သော်ငြား နတ်ဆိုးစိတ်ဝိဉာဉ်မှာလည်း သွေးတံခါးနောက်တွင် နှစ်ပေါင်းမရေမတွက်နိုင်ကြာအောင် ချိတ်ပိတ်ထားခြင်းခံရသည့်အတွက်ကြောင့် ၎င်းမှ ထုတ်သုံးနိုင်သည့် ခွန်အားမှာလည်း အတော်လေးကိုမှ အားနည်းနေခဲ့လေသည်။

ရန်ကိုင်သည် လွယ်ကူသည့်ပစ်မှတ်မဟုတ်မှန်း သိလိုက်သော် အနက်ရောင်အလင်းစက်လေးမှာ ပစ်မှတ်ကို ပြောင်းလိုက်တော့လေသည်။ သူ၏ပစ်မှတ်အသစ်မှာတော့ ကုန်းယွဲ့သာ ဖြစ်လေသည်။

လက်ရှိအချိန်တွင် ကုန်းယွဲ့မှာ ငေးကြောင်ကြောင်ဖြင့် ရှိနေလေသည်။ ရန်ထိုက်၏လှည့်စားခြင်းခံရပြီး ရန်ထိုက်နှင့်အတူပူးပေါင်းကာ တောင်ဘက်နယ်မြေထဲမှ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ သို့သော်ငြား ယခုအချိန်တွင် ရန်ထိုက်သည် သူ့ကိုယ်သူစတေး၍ သွေးတံခါးကို ရအောင် ဖွင့်သွားခဲ့လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် သွေးတံခါးထဲမှ နတ်ဆိုးစိတ်ဝိဉာဉ်လေးတစ်ကောင် ထွက်ပေါ်လာခဲ့ရသည်။ ထိုအချက်ကိုကြည့်ပါက ရန်ကိုင်ပြောခဲ့သည့်စကားများမှာ အမှန်ဖြစ်ကြောင်း မည်သူမဆို သိနိုင်ပေလိမ့်မည်။

သွေးတံခါးနောက်တွင် သိုင်းတာအို၏ လျှို့ဝှက်ချက်များ ရှိနေသည်ဟု ရန်ထိုက် ပြောခဲ့သည့်စကားအားလုံးမှာ အလိမ်အညာသက်သက်သာ ဖြစ်လေသည်။

ရန်ထိုက်သည် သွေးတံခါးနောက်ကွယ်တွင် တည်ရှိနေသော နတ်ဆိုးစိတ်ဝိဉာဉ်များကို လွှတ်ပေးလိုခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် အစီအရင်ပညာကို ကျွမ်းကျင်သော ကုန်းယွဲ့အား သွားရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ကုန်းယွဲ့သည် ကုန်းမိသားစု၏ ယခင်မိသားစုခေါင်းဆောင်ဖြစ်ကာ သူ၏လုပ်ရပ်တိုင်းသည် ကုန်းမိသားစုအပေါ် သက်ရောက်မှုရှိပေသည်။ ယနေ့တွင်တော့ သူ့လုပ်ရပ်ကြောင့် ကုန်းမိသားစု၏ဂုဏ်သတင်းမှာ ကုန်းကောက်စရာမရှိအောင် ဖျက်ဆီးခံလိုက်ရလေပြီ။

ထိုအချက်ကိုနားလည်လိုက်သည့်နောက်တွင် ကုန်းယွဲ့မှာ လုံးဝကို စိတ်ဓာတ်ကျသွားတော့လေသည်။ ရန်ကိုင်နှင့်အခြားသူများ နတ်ဆိုးစိတ်ဝိဉာဉ်အကြောင်း ပြောနေစဉ်တွင်ပင် ကုန်းယွဲ့မှာ အသိ သေချာပြန်ဝင်မလာနိုင်သေး။

နတ်ဆိုးစိတ်ဝိဉာဉ် သူ့တည်တည့်ဆီသို့ ပျံသန်းလာသည့်အခါမှသာ ကုန်းယွဲ့ အသိပြန်ဝင်လာခဲ့ခြင်း ဖြစ်လေသည်။ ချက်ချင်းပဲ သူ့လက်ကိုမြှောက်၍ သူ့ဆီသို့ ပြေးဝင်လာနေသော နတ်ဆိုးစိတ်ဝိဉာဉ်ဆီ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ကုန်းယွဲ့သည် အစီအရင်ပညာရှင်တစ်ဦးသာ ဖြစ်ပါသော်ငြား သူ၏ကျင့်ကြံခြင်းမှာ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေပေသေးသည်။ ထို့အတွက်ကြောင့် သူ့လက်ဝါးချက်သည် အလွန်တရာကိုမှ အားကောင်းခြင်းမရှိသည့်တိုင် အတော်လေးအားကောင်းသည်ဟု ပြော၍ရသည်။ အနည်းဆုံးတော့ ကုန်းယွဲ့၏လက်ဝါးချက်မှာ ရန်ကိုင်ထုတ်သုံးလိုက်သည့် မှော်ပညာရပ်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းပေသည်။

ပုံမှန်အားဖြင့် ထိုကဲ့သို့သော လက်ဝါးချက်မျိုးသည် ရန်ကိုင်၏မှော်ပညာရပ်‌ကြောင့် လွင့်စင်ထွက်သွားခဲ့ရသော နတ်ဆိုးဝိဉာဉ်လောက်ကို မောင်းထုတ်နိုင်ရုံတင်မဟုတ် သတ်ပါသတ်ပစ်နိုင်ပေသည်။ သို့သော်ငြား တကယ့်တကယ်တွင်တော့ နတ်ဆိုးစိတ်ဝိဉာဉ်သည် ကုန်းယွဲ့၏လက်ဝါးချက်ကို လွယ်လင့်တကူ ဖောက်ထွက်သွားခဲ့လေသည်။ အနည်းငယ်မျှပင်လျှင် ထိခိုက်ဒဏ်ရာ ရသွားခဲ့ခြင်းမရှိ။

“သတိထား…” ရန်ကိုင်က လှမ်းအော်ပြောလိုက်လေသည်။ ယခုကဲ့သို့ဖြစ်ရခြင်းမှာ ကုန်းယွဲ့၏အပြစ် တစ်စိတ်တစ်ပိုင်း ပါဝင်ပါသော်ငြား ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲတွင် ကြုံခဲ့ရသည်များကို ပြန်စဉ်းစားမိလိုက်သည့်နောက် ကုန်းယွဲ့ နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားမည်ကို ရန်ကိုင်မလိုလားချေ။ ထို့ကြောင့်ပင် လှမ်း၍ သတိပေးလိုက်ခြင်း ဖြစ်လေသည်။

ကုန်းယွဲ့သည်လည်း လက်ရှိအခြေအနေအပေါ် ပြန်အာရုံစိုက်ရင်း သူတတ်စွမ်းသမျှပညာရပ်များကို ထုတ်သုံးတော့လေသည်။ ကုန်းယွဲ့မှာ တောင်နဲ့မြစ်ခေါင်းလောင်းကြောင့် ဒဏ်ရာရထားပါသော်ငြား ယခုကဲ့သို့အခြေအနေမျိုးတွင်တော့ သူ့ကိုယ်ထဲတွင် ကိန်းအောင်းတည်ရှိနေသော စွမ်းအင်မှန်သမျှကို ထုတ်သုံးလာနိုင်ခဲ့လေသည်။ ချက်ချင်းပဲ သူ့ကိုယ်ပတ်လည်၌ အကာအကွယ်အလွှာပေါင်းများစွာကို ဖန်တီးလိုက်လေသည်။

သို့ရာတွင် နတ်ဆိုးစိတ်ဝိဉာဉ်မှာ ထိုအကာအကွယ်များကို မရှိသည့်အလား လွယ်လင့်တကူ ဖောက်ထွက်လာခဲ့လေသည်။ ထို့နောက်တွင် ကုန်းယွဲ့၏စိတ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လူတိုင်းမှာ မင်သက်နေကုန်ကြလေသည်။

နတ်ဆိုးစိတ်ဝိဉာဉ် သူ့ကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ကုန်းယွဲ့၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ထို့နောက် နှိပ်စက်ခံနေရသည့်အလား ထအော်တော့လေသည်။

ရန်ကိုင်ကိုယ်တိုင်မှာလည်း မင်သက်နေခဲ့လေ၏။ သူမည်သို့ပင် စဉ်းစားနေစေကာမူ ဘာကြောင့် ယခုကဲ့သို့ဖြစ်သွားရမှန်း လုံးဝနားမလည်နိုင်ခဲ့‌ချေ။ ကုန်းယွဲ့ သူ့ကိုယ်သူကာကွယ်ထားသည်ကို သူတွေ့ခဲ့ရပေသည်။ ရှင်းရှင်းပြောရသော် ကုန်းယွဲ့၏အကာအကွယ်သည် နတ်ဆိုးစိတ်ဝိဉာဉ် ဖောက်ဝင်မလာနိုင်လောက်အောင်ကို အားကောင်းပေသည်။ သို့သော်ငြား တကယ့်တကယ်တွင်မူ ထိုသို့မဟုတ်ခဲ့ပေ။

(တစ်ခုခုမဟုတ်သလိုပဲ…)

ရန်ကိုင်စိတ်ထဲ ဇဝေဇဝါဖြစ်နေစဉ်မှာပင် ကုန်းယွဲ့သည် ရုတ်တရက် ထအော်လိုက်ပြီး သူ့ခန္ဓာကိုယ်ဆီမှ အားကောင်းလှသည့် အရှိန်အဝါတစ်ရပ် ဖြာထွက်လာခဲ့လေသည်။ သူ့ဆံပင်နှင့် မုတ်ဆိတ်မွေးများမှာလည်း လေမတိုက်ပဲနှင့် တလူလူလွင့်ပျံလာနေခဲ့၏။

လူတိုင်း၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး အကုန်လုံးမှာ ကုန်းယွဲ့အား စိုးရိမ်တကြီးဖြင့် ကြည့်လိုက်ကြလေသည်။

လက်ရှိအချိန်တွင် လူတိုင်းမှာ အလွန်တရာကိုမှ အားနည်းနေကြသည်။ ထို့အတွက်ကြောင့် ကုန်းယွဲ့သာ ထသောင်းကျန်းမည်ဆိုပါက အကုန်လုံး ပြဿနာတက်ကြရပေလိမ့်မည်။

ချန်ပင်းယုက ကတုန်ကယင်လေသံဖြင့် မေးလိုက်သည်။ “ရောင်းရင်းရန်… သူ… သူ…”

“သူ့စိတ်ထဲကို နတ်ဆိုးစိတ်ဝိဉာဉ်က ဝင်သွားတာဆိုတော့ အခုလောလောဆယ် သူ နတ်ဆိုးဖြစ်နေပြီလို့ ပြောလို့ရတယ်…” ရန်ကိုင်က အံကြိတ်၍ အော်ပြောလိုက်သည်။

All Chapters