← Chapters

စုရွှမ်၏ တိုက်ခိုက်မှု၊ ရှေးဟောင်းခေါင်းလောင်းကြီး တစစီ ကြေမွသွားခြင်း

Vol. 8 Ch. 97

စုရွှမ်၏ တိုက်ခိုက်မှု၊ ရှေးဟောင်းခေါင်းလောင်းကြီး တစစီ ကြေမွသွားခြင်း

Vol. 8 Ch. 97

မကြာမီအချိန်အတွင်းမှာပင် ထိုနေရာ၌ ရှိနေကြသော ကျင့်ကြံသူများမှာ အဆင့်ချိုးဖျက်နိုင်ခဲ့ကြသည်။

အဆင့်ချိုးဖျက်ပြီးနောက် ကျင့်ကြံသူအများစုသည် စုရွှမ်နှင့် လမ့်ရိုလီတို့ နှစ်ယောက်ကို ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များတွင် ယခင်နှင့်မတူဘဲ လေးစားမှုများ ပါဝင်‌နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် စုရွှမ်နှင့် လမ့်ရိုလီတို့ကြောင့်သာ သူတို့အနေဖြင့် ဤကဲ့သို့ အဆင့်တက်နိုင်မည့် အခွင့်အရေးမျိုးကို ခံစားခွင့် ရရှိခဲ့သည်။

ကောင်းကင်လှေကားထစ် (၉၉)ထပ်သို့ ရောက်ရှိလာခဲ့သော စုရွှမ်နှင့် လမ့်ရိုလီတို့သည် နက်ရှိုင်းသိမ်မွေ့သော တာအိုအနှစ်သာရကို ခံစားမိလိုက်သည်။

ထိုတစ်ခဏ၌ သူတို့နှစ်ယောက်စလုံးသည် စွမ်းအင်ပင်လယ်ပြင်ကြီး အလယ်တွင် ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ကြရသည်။ ဝင်လေ၊ ထွက်လေ ရှူရှိုက်လိုက်တိုင်း အဆုံးမရှိသော စွမ်းအင်များက သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာကြသည်။

နောက်ဆုံးတွင်...

ဘုန်း...!

သူတို့နှစ်ယောက်စလုံး အဆင့်ချိုးဖျက်သွားကြသည်။

ထိုကဲ့သို့ လှုပ်ရှားမှုကြီး ဖြစ်ပေါ်ခဲ့သည့်အတွက် စာသင်ကျောင်း အပြင်ဘက်၌ ရောက်နေကြသော ကောင်းကင်ပါရမီရှင်များမှာ အတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သိလိုစိတ် ပြင်းပြလာပြီး အထဲသို့ ဝင်ရောက်ကြည့်ရှုရန် စိတ်လောနေကြသည်။

သို့သော်လည်း စာသင်ကျောင်း အတွင်း၌ လူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သောကြောင့် သူတို့အနေဖြင့် ဝင်ရောက်၍ မရနိုင်တော့ချေ။

စာသင်ကျောင်း အတွင်း၌ဖြစ်စေ ၊ ကောင်းကင်ပေါ်တွင် ဖြစ်စေ၊ မြေကြီးပေါ်တွင် ဖြစ်စေ နေရာလပ်မကျန်အောင် လူများဖြင့် ပြည့်ကျပ်နေပြီး လူပင်လယ်ကြီး ဖြစ်နေသည်ဟုပင် တင်စားရလောက်သည်။

အတန်ကြာသောအခါမှသာ ထိုကြီးမားလှသော တာအိုအနှစ်သာရကြီးမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့၏။

လူတိုင်း၏ အကြည့်များက စုရွှမ်နှင့် လမ့်ရိုလီတို့အပေါ်တွင် ကျရောက်လာသည်။ သူတို့နှစ်ယောက်စလုံးသည် မည်သည့် ခံစားချက်မျှ မပါရှိသော မျက်နှာထားဖြင့် ကောင်းကင်လှေကားထစ်၏ ထိပ်ဆုံးမှ ခုန်ဆင်းလိုက်ကြသည်။

နောက်တစ်စက္ကန့်တွင် သူတို့နှစ်ယောက်စလုံးသည် မြေပြင်ပေါ်သို့ တည်ငြိမ်စွာပင် ခြေချလိုက်နိုင်၏။

ထို့နောက် သူတို့နှစ်ယောက်သည် ဒုတိယအဆင့် စစ်ဆေးမှုဖြစ်သော “ရှေးဟောင်းခေါင်းလောင်းတီးခြင်း” ရှိရာသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားကြသည်။

“အဲဒီနှစ်ယောက် ခေါင်းလောင်း စတီးတော့မယ်... ဘယ်နှစ်ချက် မြည်မလဲ မသိဘူး...”

“သူတို့နှစ်ယောက်ရဲ့ ပါရမီက ယုံမှားသံသယ ဝင်စရာ မလိုသလို စွမ်းအားကလည်း ကြောက်ခမန်းလိလိပဲ... မဟုတ်ရင် ကောင်းကင်လှေကားထစ် ထိပ်ဆုံးထိ တက်နိုင်မှာ မဟုတ်ဘူး... ဒါကြောင့် သူတို့နှစ်ယောက် အနည်းဆုံးတော့ ခြောက်ချက်လောက် အသံမြည်အောင် တီးနိုင်မယ်လို့ ငါထင်တယ်...”

“ဟားဟား... ခြောက်ချက်တဲ့လား... ငါ့အမြင် ပြောရရင် သူတို့ အနည်းဆုံး ခုနစ်ချက်လောက် မြည်အောင် တီးနိုင်လိမ့်မယ်...”

“ဒီနှစ်ယောက်က တော်တော်လေး ကြောက်ဖို့ကောင်းတာပဲ... အရင်တုန်းက ဘာလို့ ဒီလို ပါရမီရှင်မျိုး မပေါ်ခဲ့တာလဲ... ငါနဲ့ မိစ္ဆာနန်းတော်က ကောင်တောင် ခြောက်ချက်ပဲ တီးနိုင်တာ... ဒါပေမဲ့ ဒီကောင်တွေကျတော့... ခြောက်ချက်ဆိုတာ သူတို့ရဲ့ အကန့်အသတ် မဟုတ်လောက်ဘူးလို့ ခံစားနေရတယ်...”

ကောင်းကင်ပါရမီရှင် အဆင့်သတ်မှတ်ချက်တွင် ပထမချိတ်ထားသော လင်ထျန်းသည် ယခင်က စုရွှမ်နှင့် လမ့်ရိုလီတို့၏ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ပြီး ဖြစ်သဖြင့် ယခုအချိန်၌ သူ၏ စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေ၏။ သက်ပြင်းချချင်စိတ်များ ရှိနေသကဲ့သို့... မနာလိုဝန်တိုစိတ်များလည်း ဖြစ်ပေါ်နေသည်။

“ရွှေခေတ် ဆိုတာ ဒါမျိုးကိုး... ဒီလို ပါရမီရှင်မျိုးတွေတောင် ပေါ်လာခဲ့ပြီပဲ... အရာအားလုံးက စိတ်ဝင်စားဖို့ ကောင်းလာပြီ... ငါ တတိယအဆင့် ပြိုင်ပွဲကို အရမ်းမျှော်လင့်နေပြီ... အဲ့ကြရင် ငါတို့တွေ သေချာပေါက် တိုက်ခိုက်ကြတာပေါ့...”

မိစ္ဆာသားတော်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် မိစ္ဆာအငွေ့အသက်များ ရစ်ပတ်နေပြီး ၊ သူသည် အားကြိိုးမာန်တတ် ပြောဆိုလိုက်သည်။

“သူတို့နှစ်ယောက်က ဒုတိယအဆင့်ကို စတော့မှာလား... ငါ မယုံဘူး... ကောင်းကင်လှေကားထစ် တက်တုန်းက ငါ သူတို့နှစ်ယောက်ကို မနိုင်ခဲ့ပေမယ့် ရှေးဟောင်းခေါင်းလောင်းတီးတဲ့ နေရာမှာတော့ ငါ မရှုံးနိုင်ဘူး... အမတနန်းတော်ရဲ့ မှော်စွမ်းအား ဆိုတာ အလကား ပြောထားတာ မဟုတ်ဘူး...”

စုရွှမ်တို့သည် ဒုတိယအဆင့် စစ်ဆေးမှုဆီသို့ သွားနေသည်ကို မြင်လိုက်ရသည်နှင့် အမတနန်းတော် ဆက်ခံသူသည် ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး ၊ သူသည် ဒုတိယအဆင့် စစ်ဆေးမှု ပြုလုပ်မည့် နေရာသို့ တမဟုတ်ချင်း ရောက်ရှိသွားသည်။

ထိုတစ်ခဏ၌ လူအားလုံး၏ အကြည့်များက သူတို့သုံးယောက်အပေါ်သို့ တဖန်ပြန်လည် ကျရောက်သွားပြန်၏။

အမတနန်းတော် ဆက်ခံသူက မည်သူ့ကိုမျှ အလျှော့မပေးဘဲ ပထမဆုံး စတင်ရန် ရွေးချယ်လိုက်သည်ကို တွေ့လိုက်ရသည်။

သူ့လက်ဖဝါးပေါ်တွင် မှော်စွမ်းအားများကို စုစည်းလိုက်ပြီးနောက် ၊ မျက်ခုံးတချက်ပင့်ကာ သူ့လက်ဝါးဖြင့် ချက်ချင်း ရိုက်ချလိုက်သည်။

ရုတ်ခြည်းပင် လေထုထဲ၌ မှော်သင်္ကေတများ ယှက်နွယ်သွားပြီး မှော်စွမ်းအားများ လှိုင်းထသွားကာ ကမ္ဘာမြေကိုပင် ပြောင်းပြန်လှန်ပစ်တော့မည့် အရှိန်အဝါများ ထွက်ပေါ်လာ၏။

ဤသည်မှာ အမတနန်းတော် ဆက်ခံသူ၏ စွမ်းအားပင် ဖြစ်သည်။

သူ၏ စွမ်းအားသည် ကောင်းကင်ပါရမီရှင် အဆင့်တစ်နေရာမှ လင်ထျန်းထက်ပင် များစွာ သာလွန်နေသေးသည်။

“ အမတနန်းတော် ဆက်ခံသူ ဆိုတဲ့အတိုင်း နာမည်နဲ့ လိုက်ဖက်ပါပေတယ်... ဆက်ခံသူ တစ်ယောက်တည်း ရှိပေမယ့် တစ်ခေတ်လုံးကို လွှမ်းမိုးနိုင်စွမ်း ရှိတာပဲ...”

လူတစ်ယောက်က ချီးကျူးလိုက်သည်။

အမတနန်းတော်၏ ဇာစ်မြစ်မှာ လျှို့ဝှက်နက်နဲလှပြီး ၊ ဆက်ခံသူမှာလည်း သာမန်မဟုတ်ပေ။

ဒုန်း... ဒုန်း... ဒုန်း...။

ထိုအချိန်၌ အမတနန်းတော် ဆက်ခံသူသည် သူ၏ လက်ဝါးဖြင့် ဆက်တိုက် ရိုက်ထုလိုက်သည်။

ရှေးဟောင်းခေါင်းလောင်းကြီးမှာ အဆက်မပြတ် မြည်ဟိန်းလာပြီး ကမ္ဘာမြေကြီး တုန်လှုပ်မတတ် ကျယ်လောင်သော အသံများ ထွက်ပေါ်လာကာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားသည်။

ရှစ်ချက်တိတိ မြည်ပြီးမှသာ အသံတိတ်သွားတော့၏။

ရှစ်ချက်...။

ဤအရေအတွက်သည် လူတိုင်းကို ကြက်သီးထသွားစေသည်။

ယခင်က လင်ထျန်းနှင့် မိစ္ဆာသားတော်တို့ စွမ်းဆောင်ခဲ့သည်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းနေပြီး ၊ ရှေးယခင်က အမြင့်ဆုံး စံချိန်တင်ခဲ့သူနှင့် တန်းတူ ဖြစ်နေ၏။

အမ်...။

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ အေးစက်သော လေများကို ရှူရှိုက်မိလိုက်သကဲ့သို့ ဖြစ်သွားကြသည်။

၈ ချက်တဲ့လား!?

ဤသည်မှာ သူတို့၏ အိပ်မက်ထဲမှာပင် ထည့်မမက်ရဲသော အရာတစ်ခုပင် ဖြစ်သည်။

အမတနန်းတော်၏ ဆက်ခံသူသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းပေသည်။

“ ၈ ချက်တောင်လား... လွန်ခဲ့တဲ့ နှစ်သောင်းချီက ပုဂ္ဂိုလ်နဲ့ တူညီနေတယ်... အမတနန်းတော် ဆက်ခံသူ ဆိုတဲ့အတိုင်း တကယ်ပဲ အံ့မခန်းပါလား... အခုလို ရွှေခေတ် ရောက်လာပြီ ဆိုတော့ သူက မဟာဧကရာဇ် ဖြစ်လာဖို့ သေချာသလောက် ရှိနေပြီ... အမတ တစ်ယောက် ဖြစ်လာနိုင်ချေရှိတယ်.. အဲဒီအချိန်ကျရင် သူက အမတ ရှေးဟောင်းကမ္ဘာကို သွားပြီး တိုက်ခိုက်ရင်းနဲ့ ငါတို့ တာအိုရွှမ်နယ်မြေရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်တော့မယ်...”

နတ်ဘုရားကျောင်းတော် ကျောင်းအုပ်ကြီး ချီဖုန်း၏ မျက်လုံးများထဲတွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး ဝမ်းသာပီတိ ဖြစ်နေသည်။

ဤကဲ့သို့ ထူးချွန်ပြောင်မြောက်သော ပါရမီရှင်မျိုး မပေါ်ထွက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။

“ ၈ ချက်လား... မဆိုးပါဘူး...”

အမတနန်းတော် ဆက်ခံသူ၏ မျက်နှာပေါ်တွင် ကျေနပ်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက် သူသည် စုရွှမ်နှင့် လမ့်ရိုလီတို့ ရှိရာသို့ လှမ်းကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အဓိပ္ပာယ်ဖော်ရခက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မျှော်လင့်နေသကဲ့သို့...တစ်ဖန် စိန်ခေါ်နေသကဲ့သို့... တစ်ဖန် အထင်သေးနေသကဲ့သို့...။

သို့သော်လည်း စုရွှမ်နှင့် လမ့်ရိုလီတို့သည် အစမှအဆုံး သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ လုံးဝ လျစ်လျူရှုထားကြသည်။

အမတနန်းတော်၏ ဆက်ခံသူအပြီးတွင် ၊ စုရွှမ်နှင့် လမ့်ရိုလီတို့၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။

“ရိုလီ... မင်း အရင် စမ်းကြည့်မလား...”

စုရွှမ်က လမ့်ရိုလီကို ကြည့်ပြီး နူးညံ့စွာ မေးလိုက်သည်။

“ ကောင်းပြီလေ...”

လမ့်ရိုလီက ခေါင်းညိတ်လိုက်၏။

သူမ၏ နူးညံ့အိစက်သော လက်သီးပေါ်တွင် နတ်မီးလျှံများ တောက်လောင်လာပြီး လက်သီးဖြင့် ထိုးချလိုက်ရာ ရှေးဟောင်းခေါင်းလောင်းကြီးပေါ်တွင် ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားသည်။

အယ်...!!

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ တုန်လှုပ်ခြောက်ခြားသွားကြပြီး ပါးစပ်အဟောင်းသား ဖြစ်ကာ လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြ၏။

တခြား ကျင့်ကြံသူများက ခေါင်းလောင်း အသံမြည်အောင် တီးကြသော်လည်း... ဒီအမျိုးသမီးကတော့...

ခေါင်းလောင်းကြီးကို ဖျက်ဆီးပစ်ဖို့ ကြံစည်နေတာ မဟုတ်လား!?

“ဟမ်... ဒီလိုလုပ်လို့ ရတာလား... အဲဒီအမျိုးသမီးက ဘယ်ကလဲ... ဘာလို့ ဒီလောက် ကြောက်ဖို့ကောင်းနေရတာလဲ...”

ဤတစ်ကြိမ်တွင်မူ ၊ အမတနန်းတော် ဆက်ခံသူမှာ တည်ငြိမ်စွာဖြင့် မပြုမှုနိုင်တော့ချေ။

ပထမအဆင့် ကောင်းကင်လှေကားထစ် တက်ရာတွင် သူသည် ထိုနှစ်ယောက်ကို ရှုံးနိမ့်ခဲ့သည်။

ဒီအဆင့်မှာရော... ထပ်ရှုံးရဦးမှာလား...

“ဒီ ရှေးဟောင်းခေါင်းလောင်းကြီးကို ချိုင့်ဝင်သွားအောင် ထိုးနိုင်တယ် ဆိုတော့ ဒီမိန်းကလေးရဲ့ နည်းစနစ်က တော်တော်လေး ကြောက်ဖို့ကောင်းပုံပဲ...”

ချီဖုန်း၏ မျက်လုံးများထဲတွင် ရွှေရောင်အလင်းများဖြင့် တောက်ပနေပြီး အတိုင်းထက်အလွန် ဝမ်းသာပီတိ ဖြစ်နေသည်။

ဒါမှသာလျှင် စစ်မှန်သော ကောင်းကင်ပါရမီရှင် ဖြစ်ပေသည်။

ဒုန်း... ဒုန်း... ဒုန်း...။

ထို့နောက် လမ့်ရိုလီက ဆက်လက်၍ ခေါင်းလောင်းကို ထိုးနှက်လိုက်သည်။

နောက်ဆုံးတွင် ကိုးချက်တိတိ အသံမြည်သွားသည်။

ဤသည်မှာ အမြင့်ဆုံး ကန့်သတ်ချက်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

“သောက်ကျိုးနည်း... ကိုး... ကိုးချက်တဲ့လား... ဒီအမျိုးသမီးက ကောင်းကင်ဘုံကို အာခံချင်နေတာလား... အမတ ဝင်စားတာများလား... အရမ်းကြီး မကြမ်းလွန်းဘူးလား...”

“ငါ့နှယ်... ဒါ တကယ်ရော ဟုတ်ရဲ့လား... အိမ်မက်မက်နေတာ မဟုတ်ဘူးမလား... ဘာလို့ ဒီလောက်တောင် ဖြစ်နိုင်ချေ မရှိတာတွေ ဖြစ်နေရတာလဲ... ငါ တက်တုန်းက အားကုန်သုံးပြီး တီးတာတောင် နှစ်ချက်ပဲ မြည်တာ...”

“ကိုးချက်... အရင်တုန်းက စံချိန်တင်ထားတဲ့ ပုဂ္ဂိုလ်ကိုတောင် ကျော်တက်သွားပြီ... ပါရမီအရမ်းကောင်းလွန်းတယ်... အနှိုင်းမဲ့ အလှပဂေးလေးပဲ... အရည်အချင်းက ပြိုင်ဘက်ကင်းတယ်... ဒီအမျိုးသမီးက တစ်ခေတ်လုံးကို လွှမ်းမိုးသွားတော့မယ် ထင်တယ်...”

ထိုအချိန်၌ ကျောင်းအုပ်ကြီး ချီဖုန်း၏ ဦးနှောက်ပင်လျှင် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပေ။

“ငါ့လခွမ်း... ကိုးချက်... ဒီအမျိုးသမီးက ဒီလောက်ထိ ချဲ့ကားလွန်းနေပြီ...”

အမတနန်းတော် ဆက်ခံသူမှာ သူ့ခေါင်းတစ်ခုလုံး ဝီခေါ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကြီးမားသော တူကြီးတစ်လက်ဖြင့် ထုနှက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

အတန်ကြာသည်အထိ လူအများမှာ သတိပြန်မဝင်နိုင်ကြဘဲ နက်ရှိုင်းစွာဖြင့် တုန်လှုပ်ခြောက်ခြားနေကြ၏။

လူတစ်ယောက်နှင့် တစ်ယောက်ကြား ကွာခြားချက်က တကယ်ပဲ ဒီလောက်တောင် ကြီးမားနေရတာလား...

လမ့်ရိုလီ ခေါင်းလောင်းတီးပြီးနောက် စုရွှမ်၏ အလှည့်သို့ ရောက်ရှိလာသည်။

စုရွှမ်သည် စင်မြင့်ပေါ်သို့ တက်လိုက်သည်နှင့် သူ၏အရှိန်အဝါသည် အမြင့်ဆုံးသို့ ရောက်ရှိလာပြီး ၊ မရေမတွက်နိုင်သော အကြည့်များက သူ့ထံသို့ စုပြုံကျရောက်လာကာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြ၏။

သူသည် မဟာဧကရာဇ် ပုံရိပ်ယောင် လေးခုကို ထုတ်ဖော်ပြသနိုင်ခဲ့သော ကြမ်းတမ်းသည့် ပုဂ္ဂိုလ် ဖြစ်သည်။

သူ့စွမ်းဆောင်ရည်က ဘယ်လိုများ ဖြစ်နေမလဲ...

နောက်တစ်စက္ကန့်တွင်...

ဘုန်း...!

ကောင်းကင်နှင့် မြေကြီးကြားတွင် နှိုင်းယှဉ်စရာမရှိ လောက်အောင် ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

ဂြိုဟ်ငယ်နှစ်လုံး အချင်းချင်း ဝင်တိုက်မိသွားသကဲ့သို့ပင်။

ဟေ...

ဒါ ဘာဖြစ်သွားတာလဲ...

တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်သဖြင့် ချီဖုန်းသည် ခေါင်းမော့ကြည့်လိုက်သည်။

နောက်တစ်စက္ကန့်၌ သူ၏ မျက်နှာထားမှာ ချက်ချင်း အေးခဲသွားပြီး ဦးနှောက်တစ်ခုလုံး ဗလာဟင်းလင်း ဖြစ်သွားကာ တွေးခေါ်နိုင်စွမ်းများ ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရ၏။

ချီဖုန်းသည်ပင် ဤကဲ့သို့ ဖြစ်နေလျှင် အခြား ကျင့်ကြံသူများမှာမူ ဆိုဖွယ်ရာ မရှိတော့ပေ။ အားလုံးမှာ လွန်စွာ ထိတ်လန့်သွားသဖြင့် ခေါင်းနားပန်းကြီးသွားကြပြီး ၊ သူတို့၏ လောကအမြင်များ ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ကြရသည်။

ဘာကြောင့် ဒီလို ဖြစ်သွားရတာလဲ...

သေချာပေါက် စုရွှမ်ကြောင့်ပင် ဖြစ်သည်။

ရှေးဟောင်းခေါင်းလောင်းကြီး၏ ရှေ့တွင် လောကီအရာများနှင့် ကင်းကွာကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြူစင်သန့်ရှင်းသော အရှိန်အဝါရှိသည့် ဝတ်ရုံဖြူနှင့် လူငယ်လေးသည် ထင်းရှူးပင်ကြီးအလား မားမားမတ်မတ် ရပ်နေသည်။

သူ့ရှေ့တွင်မူ ရှေးဟောင်းခေါင်းလောင်းကြီးမှာ ကြေမွပျက်စီးနေပြီး နေရာတစ်ခုလုံး ရှုပ်ပွနေသည်။

မှန်၏။ နတ်ဘုရား ကျောင်းတော်၏ ဒုတိယအဆင့် စစ်ဆေးမှုတွင် အသုံးပြုသော ရှေးဟောင်းခေါင်းလောင်းကြီးမှာ စုရွှမ်၏ လက်ချက်ဖြင့် တစစီ ကြေမွပျက်စီးသွားခဲ့လေပြီ။

All Chapters