← Chapters

ရေနဂါးကို သတ်ဖြတ်ခြင်း

Vol. 8 Ch. 98

ရေနဂါးကို သတ်ဖြတ်ခြင်း

Vol. 8 Ch. 98

ထိုအခိုက်၌ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး အလွန်အမင်း တုန်လှုပ်ခြောက်ခြားကာ မယုံနိုင်သော အမူအရာများ ဖြစ်ပေါ်နေသည်။

သူတို့အတွက် ရှေးဟောင်းခေါင်းလောင်း မြည်အောင် တီးနိုင်ရန်မှာ မိုးပေါ်တက်သည်ထက် ခက်ခဲနေချိန်တွင် ၊ စုရွှမ်သည် လက်သီးတစ်ချက်တည်းဖြင့် ခေါင်းလောင်းကို တစစီ ကြေမွသွားအောင် ဖျက်ဆီးပစ်ခဲ့သည်။

“ဒီရှေးဟောင်းခေါင်းလောင်းမှာ ဆန်းကြယ်တဲ့ အစီအရင်တွေ ပါဝင်နေတယ်… ဖျက်ဆီးချင်ရင် အနည်းဆုံး သူတော်စင်အဆင့် ရှိမှ ရမှာ… စုရွှမ်ဆိုတဲ့ ကောင်လေးက တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တာလား… ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… သူက သူတော်စင်အဆင့်ရှိတဲ့ တိုက်ခိုက်စွမ်းရည်တွေကို ပိုင်ဆိုင်ထားတာများလား…”

ချီဖုန်းမှာ လုံးဝ တုန်လှုပ်သွားသည်။

နှစ်ပေါင်းသောင်းချီ သမိုင်းကြောင်းတစ်လျှောက်တွင် ရှေးဟောင်းခေါင်းလောင်းကြီး တစစီ ကြေမွသွားသည့် အဖြစ်မျိုး တခါမျှ မဖြစ်ဖူးခဲ့ချေ။

ယခုမူ သူ့မျက်စိရှေ့မှောက်တွင် အမှန်တကယ်ပင် ဖြစ်ပျက်သွားခဲ့သည်။

“အယ်…”

မြေပြင်ပေါ်တွင် အပိုင်းပိုင်းအစစ ဖြစ်နေသော ခေါင်းလောင်းကို ကြည့်ရင်း ၊ စုရွှမ်မျက်နှာ၏ မည်းမှောင်သွားသည်။

ဒီခေါင်းလောင်းကို မဖျက်ဆီးနိုင်ဘူးလို့ ပြောထားတာ မဟုတ်ဘူးလား…

ငါ လုပ်လိုက်တာနဲ့ ဘာလို့ ကွဲသွားရတာလဲ…

ဒါ… ငါ့အပြစ်တော့ မဟုတ်လောက်ဘူးမလား…

စုရွှမ်သည် ခေါင်းကုတ်လိုက်ပြီး ရှက်ရွံ့အားနာစွာဖြင့် ချီဖုန်းကို လှမ်းကြည့်ကာ ပြောလိုက်၏။

“ကျောင်းအုပ်ကြီး… ကျွန်တော် တမင်လုပ်လိုက်တာ မဟုတ်ပါဘူး…”

စုရွှမ်၏ အသံထွက်ပေါ်လာမှသာ ထိုနေရာရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ သတိပြန်ဝင်လာကြသည်။

ထို့နောက် ရေလှိုင်းကြီး ရိုက်ခတ်သွားသကဲ့သို့ အာမေဋိတ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

“သောက်ကျိုးနည်း… ဒီကောင်က ခေါင်းလောင်းကြီးကို တကယ်ပဲ ဖျက်ဆီးပစ်လိုက်တာလား…”

“အမလေး… ငါ အိမ်မက်မက်နေတာ မဟုတ်ပါဘူးနော်…”

“ကိုးချက်မြည်အောင် တီးနိုင်ရုံနဲ့တင် ပြိုင်ဘက်ကင်း ပါရမီရှင်၊ ရှေးယခင်က မရှိခဲ့ဖူးတဲ့ ဖြစ်တည်မှုလို့ သတ်မှတ်လို့ရနေပြီ… ဒါပေမဲ့ ခေါင်းလောင်းကြီးကိုပါ တစစီ ဖြစ်အောင် ဖျက်ဆီးပစ်နိုင်တဲ့သူ ရှိလိမ့်မယ်လို့ ထင်မထားမိဘူး…”

ထိုနေရာရှိ ကျင့်ကြံသူအားလုံး အံ့အားသင့်သွားကြပြီး အမတ နန်းတော် ဆက်ခံသူ၊ လင်ထျန်း၊ မိစ္ဆာသားတော် စသည့် ထိပ်သီး ပါရမီရှင်များပင် ပါးစပ်အဟောင်းသား ဖြစ်ကာ ဆွံ့အသွားကြသည်။

“စုရွှမ်က သိပ်စွမ်းတာပဲ… သူ့စွမ်းအားက ပိုတိုးတက်လာပြန်ပြီ… ငါ့ရှေ့ကနေ ဦးဆောင်နေပြန်တယ်… သူ့ကို ဖိနှိပ်ဖို့ဆိုတာ အဝေးကြီး လိုသေးတာပဲ…”

စုရွှမ်သည် လက်သီးတစ်ချက်တည်းဖြင့် ခေါင်းလောင်းအား ဖျက်ဆီးပစ်လိုက်သည်ကို မြင်လိုက်ရချိန်တွင် လမ့်ရိုလီသညိ မျက်မှောင်ကြုတ်လိုက်ပြီး သက်ပြင်းတစ်ချက် ရှိုက်ကာ တီးတိုး ရေရွတ်လိုက်၏။

…..

“ဘာ… ဘယ်သူက ငါတို့ကျောင်းက ခေါင်းလောင်းကို ဖျက်ဆီးလိုက်တာလဲ… ဒါ ရာဇဝတ်မှုကြီးပဲ…”

ရုတ်တရက် ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

စာသင်ကျောင်း အပြင်ဘက်မှ သန်မာထွားကျိုင်းသော လူတစ်ယောက် လျှောက်လှမ်းလာ၏။

ထိုသူသည် အနက်နှင့်အဖြူ ရောယှက်နေသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြည့်ကောင်းသော ပုံပန်းသဏ္ဌာန် ရှိသည်။

သူ၏ မျက်လုံးများမှာ တစ်ဖက်က အမည်းရောင် တစ်ဖက်က အဖြူရောင် ဖြစ်နေပြီး ၊ သူ၏ ခန္ဓာကိုယ် ဘေးပတ်ပတ်လည်တွင် မှော်သင်္ကေတများ ယှက်နွယ်နေကာ တာအိုအနှစ်သာရများ စီးဆင်းနေသဖြင့် အလွန်ပင် ထူးခြားဆန်းကြယ်နေသည်။

သူသည် နတ်ဘုရားကျောင်းဆောင်၏ လက်ရှိမျိုးဆက်တွင် အထူးချွန်ဆုံး တပည့်၊ ကျောက်ဟန်ပင် ဖြစ်သည်။

ယခုအချိန်၌ ကျောက်ဟန်သည် အလွန်အမင်း ဒေါသထွက်နေပုံရသည်။

သူသည် စာသင်ကျောင်း အတွင်းမှ အခြေအနေများကို လာရောက်ကြည့်ရှုခြင်း ဖြစ်သော်လည်း ၊ သို့သော် ဒုတိယအဆင့် စစ်ဆေးမှုတွင် အသုံးပြုသော ရှေးဟောင်းခေါင်းလောင်းကြီးကို တစ်စုံတစ်ယောက်က ဖျက်ဆီးပစ်လိုက်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ကျောင်းတော်၏ အထူးချွန်ဆုံး တပည့်တစ်ယောက် အနေဖြင့် ဤကိစ္စကို သူ သည်းမခံနိုင်ချေ။ ထို့ကြောင့် တရားခံကို လက်ညှိုးထိုး အပြစ်တင်ရန် ချက်ချင်း ထွက်လာခဲ့ခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူအများက နှုတ်ဆိတ်နေကြသော်လည်း မျက်နှာထားများက တစ်မျိုးဖြစ်နေ၏။

ခေါင်းလောင်းကြီးကို ဖျက်ဆီးနိုင်သည်မှာ တစ်နည်းအားဖြင့် စွမ်းအားကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ဤအရာကို မည်သို့ အပြစ်တင်လို့ ရမည်နည်း။

ဒါ နည်းနည်းတော့ မတရားလွန်းဘူး မဟုတ်လား…

“စုရွှမ်… မင်းကို ငါ ယုံတယ်… ငါ မင်းကို အပြစ်မတင်ပါဘူး…”

ကျောင်းအုပ်ကြီး ချီဖုန်းသည် စုရွှမ်ကို ကြည့်၍ ပြုံးလိုက်၏။

“ငါတို့ ကျောင်းတော်မှာ အများကြီး ရှိပါသေးတယ်… တစ်ခုကွဲသွားလည်း နောက်တစ်ခု ရှိသေးတာပဲ…”

ခေါင်းလောင်းကြီးကို ဖျက်ဆီးလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ချီဖုန်းသည် စုရွှမ်ကို အပြစ်တင်လိုစိတ် မရှိသည့်အပြင် ၊ သူ၏ လေသံမှာ အလွန်ပင် နူးညံ့သိမ်မွေ့နေပြီး လူကြီးတစ်ယောက်က လူငယ်တစ်ယောက်ကို ကြင်နာစွာ ပြောဆိုနေသကဲ့သို့ ဖြစ်နေသည်။

အမ်….

ကျောက်ဟန်မှာ ကြောင်အမ်းသွားသည်။

ဒါ ဘယ်လိုဖြစ်တာလဲ…

ခေါင်းလောင်းကြီးကို ဖျက်ဆီးလိုက်တာ ဒီကောင်လေးလား…

ဒီလောက် ငယ်ငယ်လေးနဲ့…

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…

အဘိုးကြီး တစ်ယောက်ယောက်ရဲ့ လက်ချက်လို့ ထင်နေခဲ့တာလေ…

“ကျောင်းအုပ်ကြီး… တကယ်ပဲ သူ ဖျက်ဆီးလိုက်တာလား…”

ကျောက်ဟန်က မေးခွန်းထုတ်လိုက်သည်။

သူသည်ပင် ခုနစ်ချက်သာ တီးနိုင်ခဲ့သည်။ သို့ဆိုလျှင်တောင် ၊ သူသည် ဤစာသင်ကျောင်းတွင် နံပါတ်တစ် အဖြစ် သတ်မှတ်ခံထားရသည်။

ဒါပေမဲ့ ဒီကောင်လေးက ခေါင်းလောင်းကြီးကို တစစီ ဖြစ်အောင် ဖျက်ဆီးလိုက်တယ် ဆိုတာ…ဒါ လုံးဝမှ

မဖြစ်နိုင်ဘူး…

ကျောက်ဟန်မှာ အတော်လေး ယုံရခက်နေသည်။

“ဟုတ်တယ်… သူပဲ…”

သို့သော် နောက်တစ်စက္ကန့်၌ ကျောက်ဟန်သည် လုံးဝ မှင်သက်သွားသည်။

ဘုန်း…!

ကျောင်းအုပ်ကြီး၏ စကားသည် ကျောက်ဟန်၏ ဦးနှောက်ထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားပြီး သူ့ကို ကြောင်အမ်းသွားစေသည်။

ခေါင်းလောင်းကြီးကို တစစီ ဖြစ်သွားအောင် ဖျက်ဆီးလိုက်တယ်တဲ့လား…

ဒီကောင်လေး… ဘယ်လောက်တောင် စွမ်းအားကြီးမားလိုက်သလဲ….

“ကျောက်ဟန်… မင်းကိစ္စ မင်းသွားလုပ်… ဒီကိစ္စမှာ ဝင်မပါနဲ့တော့…”

ချီဖုန်းသည် ကျောက်ဟန်ကို ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

ချီဖုန်းသည် စာသင်ကျောင်း၏ ကျောင်းအုပ်တစ်ဦး ဖြစ်သော်လည်း ကျောင်းသားများကို မျက်ကန်းတစ္ဆေ ကာကွယ်ပေးတတ်သူ မဟုတ်ပေ။သူသည် ပါရမီရှင်များကို ပို၍ တန်ဖိုးထားသည်။

“ဟုတ်… ဟုတ်ကဲ့…”

ကျောက်ဟန်သည် ခေါင်းညိတ်လိုက်ပြီး စိတ်နဲ့လူနဲ့ မကပ်တော့သကဲ့သို့ ထွက်ခွာသွားတော့၏။

…..

ထို့နောက် တတိယအဆင့် စတင်လေသည်။

တတိယအဆင့်နှင့် ပတ်သက်၍ လူအများ၏ မျှော်လင့်ချက်မှာ သိပ်မမြင့်မားလှချေ။

အဘယ်ကြောင့်ဆိုသော် တတိယအဆင့်သည် စွမ်းအားကြီးမားသော ကောင်းကင်ပါရမီရှင်များ အတွက် ဟန်ပြသက်သက်သာ ဖြစ်ပြီး အလွယ်တကူ ဖြတ်ကျော်နိုင်သောကြောင့် ဖြစ်သည်။

အမတ နန်းတော် ဆက်ခံသူက ပထမဆုံး စတင်ပြန်သည်။သူသည် လေထဲသို့ ခုန်တက်လိုက်ပြီး တံခါးပေါက်ကို ဖြတ်ကျော်ရန် ဟန်ပြင်လိုက်စဉ်…

ရေနဂါး အကောင်အနည်းငယ်သည် ရုတ်တရက် ခုန်ထွက်လာပြီး သွေးရောင်ပါးစပ်ကြီးများကို ဖွင့်ဟကာ အမတ နန်းတော် ဆက်ခံသူကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ကိုက်ခဲရန် ပြင်ဆင်လိုက်ကြသည်။

အမတ နန်းတော် ဆက်ခံသူသည် လက်သီးချက်အနည်းငယ်ဖြင့် ထိုးနှက်လိုက်ရာ ရေနဂါးများသည် ချက်ချင်း လွင့်ထွက်သွားပြီး သူသည် နဂါးတံခါးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။

လမ့်ရိုလီသည်လည်း ရေနဂါးများကို အလွယ်တကူပင် ဖိနှိပ်လိုက်ပြီး နဂါးတံခါးကို ကျော်ဖြတ်သွား၏။

မကြာမီ လူအများ မျှော်လင့်စောင့်စားနေသော စုရွှမ်၏ အလှည့်သို့ ရောက်ရှိလာသည်။

“နဂါးတံခါးကို ခုန်ကျော်ရမယ်… နာမည်ကတော့ မဆိုးဘူး… ဒါပေမဲ့ သိပ်ခက်မယ့်ပုံ မပေါ်ဘူး…”

စုရွှမ်က မည်သည့် ခံစားချက်မှ မပါသော မျက်နှာထားဖြင့် ပြောလိုက်သည်။

ထို့နောက် သူ၏ ဝတ်ရုံလက်စကို ဝှေ့ယမ်းကာ လေထဲသို့ ခုန်တက်လိုက်ပြီး တံခါးပေါက်ဆီသို့ သွားရောက်ရန် ဟန်ပြင်လိုက်သည်။

ထိုစဉ် ရေနဂါးများသည် အောက်ကနေ ခုန်ထွက်လာပြီး ကောင်းကင်တုန်ခါမတတ် ဟိန်းဟောက်ကာ စုရွှမ်ကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ရန် ကြိုးစားခဲ့ကြသည်။

လူအများ၏ အကြည့်အောက်တွင် စုရွှမ်သည် တည်ငြိမ်အေးဆေးစွာဖြင့် ရှိနေသည်။

သူသည် ညာလက်သီးကို ဆုပ်လိုက်ရာ တစ်မုဟုတ်ချင်း အလင်းတန်းများ ဖြာထွက်လာသည်။

“မဖြစ်ဘူး… ဒီကောင် ငါ့ရေနဂါးတွေကို သတ်တော့မယ်…”

ထိုအချိန်ကျမှ ချီဖုန်းတစ်ယောက် သတိပြန်ဝင်လာသည်။

သူသည် စုရွှမ်အား တတိယအဆင့်သို့ ဝင်ရောက်ခွင့်မပြုခဲ့သင့်ပေ။

စုရွှမ်၏ ယခင်စွမ်းဆောင်ရည်များကို ကြည့်လျှင်ဖြင့် ၊ သူ၏ လက်သီးတစ်ချက်အောက်တွင် ရေနဂါးများမှာ အသက်ရှင်လမ်း မရှိနိုင်တော့ပေ။

သို့သော် ယခုအချိန်တွင်မူ နောက်ကျသွားခဲ့လေပြီ။

စုရွှမ်သည် လက်သီးဖြင့် ထိုးနှက်လိုက်ပြီး ဖြစ်သည်။

ကမ္ဘာပျက်မတတ် လက်သီးအလင်းများဖြင့် ဝင်းလက် တောက်ပသွားပြီး ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေသည်။

ဘုန်း…!

အလွန်ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

ယခင်က မကြားဖူးလောက်အောင် ကျယ်လောင်လှသော အသံတစ်သံဖြစ်ပေသည်။ လူတိုင်း တစ်စုံတစ်ခု မှားယွင်းသွားပြီ ဖြစ်ကြောင်း သတိပြုမိခဲ့ကြသည်။

လက်သီးအလင်းရောင် ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် ရေနဂါးများလည်း ပျောက်ကွယ်သွားခဲ့ချေပြီ။

နက်ရှိုင်းသော ရေကန်ထဲတွင် သွေးရောင်များဖြင့် ဖုံးလွှမ်းသွားလေတော့၏။

အမ်…

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ အေးစက်သော လေများကို ရှူရှိုက်မိလိုက်ကြသည်။

ဒီစုရွှမ် ရေနဂါးတွေကို… သတ်ပစ်လိုက်ပြီ…

All Chapters