← Chapters

လောကီလူသားဘဝတွင် စိတ်နှလုံးကို သန့်စင်ခြင်း (၁)

Vol. 8 Ch. 99

လောကီလူသားဘဝတွင် စိတ်နှလုံးကို သန့်စင်ခြင်း (၁)

Vol. 8 Ch. 99

“ကျွတ်… ငါ့နှယ်… ဒီကောင်လေး စွမ်းအားကြီးလွန်းတာ မေ့သွားတယ်… ငါ့ရေနဂါးကို သတ်ပစ်ပြန်ပြီ…”

ချီဖုန်းသည် သူ့နဖူးသူ ရိုက်လိုက်ပြီး အတော်လေး စိတ်ပျက်သွားသည်။

ထိုအချိန်တွင် စုရွှမ်သည်လည်း နဂါးတံခါးကို ခုန်ကျော်သွားခဲ့ပြီ ဖြစ်သည်။

အယ်…

စုရွှမ်သည် ချီဖုန်းရှိရာသို့ လှမ်းကြည့်လိုက်ရာ၊ တဖက်လူ၏ မျက်နှာထား မကောင်းသည်ကို တွေ့လိုက်ရသဖြင့် သူသည် အားစိုက်ထုတ်မှု လွန်ကဲသွားပြန်ပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ဒါပေမဲ့ ဒါကလည်း သူ့အပြစ်မှ မဟုတ်တာ…သာမန် လက်သီးတစ်ချက်လောက်ပဲ ထိုးလိုက်တာကို…

ဒီရေနဂါးက ဒီလောက်ထိ အားနည်းလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ… တစ်ချက်တည်းနဲ့ သေသွားတယ်…

“ကျောင်းအုပ်ကြီး… ကျွန်တော် တမင်လုပ်တာ မဟုတ်ဘူး ဆိုတာ ယုံမလားဟင်…”

ချီဖုန်း “……”

အခြား ကျင့်ကြံသူများ “……”

နောက်ဆုံးတွင် ချီဖုန်းသည် စုရွှမ်ကို အပြစ်တင်ခြင်းမရှိခဲ့ပေ။

သူ့အနေဖြင့် ရေနဂါးအသစ် လဲလိုက်ရုံသာ ရှိသည်။ စုရွှမ်နှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ခြင်းသည် ပို၍ အရေးကြီးသည် မဟုတ်လော။

ထို့နောက် ပထမအကျော့ကို ဆက်လက် ကျင်းပခဲ့ပြီး ၊ ကျန်ရှိနေသော ပါရမီရှင်များကလည်း စစ်ဆေးမှုကို ဆက်လက် ခံယူခဲ့ကြသည်။

ဤအဆင့်မှာ အချိန်ကြာမြင့်မည် ဖြစ်ပြီး အနည်းဆုံး နှစ်ရက်ခန့် ကြာမြင့်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် တာအိုရွှမ်နယ်မြေ တစ်ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သော ကျင့်ကြံသူပေါင်း တစ်သန်းခန့် ရှိသောကြောင့် ဖြစ်သည်။

ထိုပမာဏအားလုံး ရောက်မလာနိုင်လျှင်တောင် သိန်းဂဏန်းအနည်းငယ်တော့ သေချာပေါက် ရှိပေသည်။

ယခုအခါ စုရွှမ်အပါအဝင် ပထမအဆင့်ကို အောင်မြင်ပြီးဖြစ်သော ကျင့်ကြံသူအပေါင်းမှာ လွတ်လပ်ခွင့်ရရှိသွားပြီး မည်သည့် ကန့်သတ်ချက်မှမရှိဘဲ နတ်ဘုရားကျောင်းတော်မှ ထွက်ခွာကာ အလယ်ပိုင်းဒေသအနှံ့ လှည့်လည်သွားလာနိုင်ပြီ ဖြစ်သည်။

ပါရမီရှင်တိုက်ပွဲကြီး ဒုတိယအဆင့် စတင်သည်နှင့် တံဆိပ်ပြားသည် အလိုအလျောက် ပို့ဆောင်ရေး တံခါးပေါက်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ထိုအခါ ကျင့်ကြံသူများသည် ထိုထဲသို့ ဝင်ရောက်လိုက်သည်နှင့် နတ်ဘုရားကျောင်းတော်သို့ ပြန်လည် ပို့ဆောင်ခံရမည် ဖြစ်သည်။

သို့သော် ကျင့်ကြံသူအများစုမှာ နတ်ဘုရားကျောင်းတော်မှ သူတို့အတွက် ပြင်ဆင်ပေးထားသော နေရာများတွင်သာ ကျန်ရှိနေရန် ရွေးချယ်ခဲ့ပြီး ၊ စိတ်တည်ငြိမ်စွာ ကျင့်ကြံခြင်းဖြင့် နောက်လာမည့် ပါရမီရှင်တိုက်ပွဲကြီး၏ ဒုတိယအဆင့်နှင့် တတိယအဆင့်ကို ကြိုဆိုရန် ပြင်ဆင်နေကြသည်။

နတ်ဘုရားကျောင်းတော် အပြင်ဘက်၊ ရှေးဟောင်းဆန်သော အဆောင်တစ်ခု။

စုရွှမ်နှင့် လမ့်ရိုလီတို့သည် အဆောင်ထဲတွင် ထိုင်နေကြပြီး အေးဆေးစွာ လက်ဖက်ရည်ကြမ်းကို မြည်းစမ်းရင်း အောက်မှ စင်မြင့်ပေါ်မှ ဇာတ်လမ်းပြောသူတစ်ဦး၏ စကားသံများကို နားထောင်နေကြသည်။

“ရိုလီ… ပါရမီရှင်တိုက်ပွဲကြီး ဒုတိယအဆင့် စဖို့ဆိုရင် အနည်းဆုံး နှစ်ရက်လောက်တော့ စောင့်ရဦးမယ်… ဒီနှစ်ရက်အတွင်းမှာ မင်း ဘာအစီအစဉ်ရှိလဲ…”

စုရွှမ်သည် လမ့်ရိုလီကို ကြည့်၍ တိုးတိုးလေး မေးလိုက်သည်။

“အစီအစဉ်…” လမ့်ရိုလီသည် အနည်းငယ် ကြောင်အမ်းသွားပြီး ၊ သူမ၏အသံမှာ အေးစက်နေသည်။

“ကျင့်ကြံမှာပေါ့… တခြား ဘာအစီအစဉ်ရှိဦးမှာလဲ…”

ယခင်ဘဝက သူမ၏ ဘဝတွင် ကျင့်ကြံခြင်းဟူသော အရာတစ်ခုတည်းသာ ရှိခဲ့သည်။

ဤဘဝတွင်မူ ၊ ယခင်ဘဝက အမြင့်သို့ အလျင်အမြန် ပြန်ရောက်ရန်နှင့် စုရွှမ်ကို ချုပ်နှောင်ရန်အတွက် သူမအနေဖြင့် အချိန်နှင့် ခွန်အားအားလုံးကို ကျင့်ကြံခြင်းအပေါ်တွင်သာ ပို၍ အာရုံစိုက်ရမည် ဖြစ်သည်။

“ဘဝဆိုတာ ကျင့်ကြံခြင်းတစ်ခုတည်းမှ မဟုတ်ဘူး… ငါတို့ ကျင့်ကြံတဲ့အချိန်ကလွဲရင် ဘဝကိုလည်း ကောင်းကောင်းခံစားကြည့်သင့်တယ်လေ…”

စုရွှမ်သည် မျက်တောင်မခတ်ဘဲ လမ့်ရိုလီကို စိုက်ကြည့်ကာ ဆိုလိုက်သည်။

“ စွမ်းအားကြီးမားတဲ့ သူတွေမှသာ ဘဝရှိနိုင်တယ်… အားနည်းတဲ့သူတွေက အသက်ရှင်ဖို့ပဲ စဉ်းစားရတယ်…”

လမ့်ရိုလီက ပြန်ဖြေလိုက်သည်။

အင်း…

စုရွှမ်မှာ တိတ်ဆိတ်သွားသည်၊ လမ့်ရိုလီ ပြောသည်မှာ… ယုတ္တိရှိသကဲ့သို့ပင်။

သို့သော်…

သူသည် အခြားကမ္ဘာမှ ကူးပြောင်းလာသူ ဖြစ်ရာ ၊ စကားအပိုအလို ပြောသည့်ဘက်တွင် လမ့်ရိုလီအနေဖြင့် သူ့ကို မည်သို့ ယှဉ်နိုင်မည်နည်း။

“ရိုလီ… မင်းပြောတာ မှန်နိုင်တယ်… ဒါပေမဲ့ ငါတို့ ဘဝကို ခံစားတာကလည်း ကျင့်ကြံခြင်းတစ်မျိုးပဲ မဟုတ်လား…”

စုရွှမ်က လမ့်ရိုလီကို ကြည့်လိုက်သည်။

“ကျင့်ကြံတယ်ဆိုတာ ကျင့်ကြံမှုအဆင့်မှာပဲ မဟုတ်ဘူး… စိတ်နှလုံးမှာလည်း ကျင့်ကြံရတယ်… ဘဝကို ခံစား… လောကီလူသား ဘဝကို တွေ့ကြုံခံစားခြင်းက ငါတို့ ကိုယ်တိုင်ရဲ့ စိတ်နှလုံးသားကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်စေနိုင်မှာလည်း ဖြစ်နိုင်တာပဲ”

“ဒါကို ‘လောကီလူသား ဘဝတွင် စိတ်နှလုံးကို သန့်စင်ခြင်း’ လို့ ခေါ်တယ်…”

စုရွှမ်က လေးနက်တည်ကြည်စွာဖြင့် လမ့်ရိုလီကို ဆိုလိုက်သည်။

“လောကီလူသား ဘဝတွင် စိတ်နှလုံးကို သန့်စင်ခြင်း…”

လမ့်ရိုလီမှာ ရုတ်တရက် ကြောင်အမ်းသွားသည်။ သူမ၏ မျက်ဝန်းထဲတွင် အလင်းတစ်ချက် တောက်ပသွားပြီး စုရွှမ်ကို စူးစိုက်ကြည့်နေသည်။ သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် နားလည်ရခက်စွာဖြင့် ထူးဆန်းနေသည်။

“ ရှင်က လောကီလူသား ဘဝတွင် စိတ်နှလုံးကို သန့်စင်ခြင်းကို နားလည်တယ်တဲ့လား…”

All Chapters