ကျိမိသားစုမှ လူ ရောက်လာသည် (၁)
Vol. 8 Ch. 101
“သကြားလုံးချောင်း… တစ်ကျပ် တစ်ချောင်းနဲ့ ရမယ်နော် သကြားလုံးချောင်း… လာကြည့်ကြပါ… လာကြည့်ကြပါ… မချိုရင် ပိုက်ဆံမယူပါဘူး…”
“သကြားရုပ်… သကြားရုပ်… ဘယ်လိုပုံစံမျိုးမဆို သကြားရုပ်တွေ ရှိတယ်… လာပါ… လာပါ…”
“နေဝင်ချိန်ပန်း… နေဝင်ချိန်ပန်း… ထာဝရ နုပျိုစေပြီး မပြောင်းလဲတဲ့ ရုပ်ရည်နဲ့ အလှဆုံးအရွယ်ကို ထိန်းသိမ်းထားပါ…”
…
စည်ကားပြီး ဆူညံသော လမ်းမကြီးပေါ်တွင် အမျိုးမျိုးသော အော်ဟစ်ရောင်းချသံများ ရှိနေသည်။
အလယ်ပိုင်းဒေသ၏ အလယ်ဗဟို၊ ဤသို့ စည်ကားသော နေရာတွင် ဤမျှ ထူထပ်သော မြို့ပြအငွေ့အသက် ရှိနေလိမ့်မည်ဟု စုရွှမ်ပင်လျှင် ထင်မှတ်မထားခဲ့ပေ။
တစ်ချက်ပြီးတစ်ချက်သော ဤအော်ဟစ်ရောင်းချသံများကို နားထောင်ရင်း အမျိုးမျိုးသော မုန့်ပဲသရေစာများမှ ပျံ့လွင့်လာသော ရနံ့များကို ရှူရှိုက်ရင်း စုရွှမ်၏ စိတ်နှလုံးမှာပင် တစ်ချက် လှုပ်ရှားသွားသည်။
ဤသို့သော ပတ်ဝန်းကျင်မှာ ယခင်ဘဝနှင့် တူလှသည်။
လမ့်ရိုလီမှာလည်း အလားတူပင်။
ဤသို့သော ပတ်ဝန်းကျင်တွင် လမ့်ရိုလီ၏ စိတ်ထဲတွင်လည်း အနည်းငယ် လှုပ်ရှားသွားပြီး ခံစားချက်များစွာ ဖြစ်ပေါ်လာသည်။
ယခင်ဘဝက သူမသည် ငယ်ရွယ်စဉ်ကတည်းက ဤသို့သော ပတ်ဝန်းကျင်တွင် နေထိုင်ခဲ့သည်။
သို့သော် ထိုအချိန်က သူမသည် ယခုထက် များစွာ ဆင်းရဲနုံချာခဲ့သည်။
ထိုအချိန်က သူမသည် စားချင်စိတ်ကြောင့် သကြားလုံးချောင်း တစ်ချောင်းကို ခိုးယူခဲ့သဖြင့် ပိုင်ရှင်၏ လိုက်လံရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ ဤမျှ ဆိုးရွားသည့် မြင်ကွင်းကို သူမသည် ယခုထိတိုင် မှတ်မိနေသေးသည်။
“ကဲ… ရိုလီ… မင်း လိုချင်လား…”
လမ့်ရိုလီ၏ စိတ်ထဲတွင် အနည်းငယ် စိတ်မကောင်းဖြစ်နေစဉ် အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
လမ့်ရိုလီသည် ကြောင်အမ်းသွားပြီး စုရွှမ်ထံသို့ လှည့်ကြည့်လိုက်ရာ ၊ တစ်ဖက်လူသည် သကြားလုံးချောင်းတစ်ချောင်းကို ကိုင်ဆောင်၍ သူမထံသို့ ပေးနေသည်ကို တွေ့လိုက်ရသည်။
တစ်ခဏအတွင်းမှာပင် လမ့်ရိုလီမှာ ကြောင်အမ်းသွားပြီး မျက်ဝန်းများ နီရဲလာကာ အတန်ကြာအောင် ငေးမောနေမိသည်။
ဤအခိုက်အတန့်တွင် လမ့်ရိုလီမှာ စုရွှမ်၏ ကိုယ်ခန္ဓာပတ်လည်တွင် လွှမ်းခြုံထားသော ဖျော့တော့သော အလင်းတန်းများကိုပင် မြင်ယောင်သွားသည်။
“မကြိုက်ဘူးလား…”
စုရွှမ်သည် ခေါင်းခါယမ်း၍ ညင်သာစွာ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
သို့သော် ဤအတွက် သူ နားလည်ပေးနိုင်သည်။
မည်သို့ပင်ဆိုစေ လမ့်ရိုလီ၏ နောက်ခံမှာ သာမန်မဟုတ်သည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ သူမသည် မသေမျိူးအမတ တစ်ပါး ပြန်လည်ဝင်စားသူ ဖြစ်နိုင်ကာ ဤသို့သော မြို့ပြထဲမှ ပစ္စည်းများကို မကြိုက်နှစ်သည်မှာ သဘာဝကျပေသည်။
သက်ပြင်းရှိုက်ပြီးနောက် စုရွှမ်သည် သကြားလုံးချောင်းကို သူ၏ ပါးစပ်ထဲသို့ ထည့်ရန် ပြင်ဆင်လိုက်သည်။
“လိုချင်တယ်… ဘယ်သူက ငါ မလိုချင်ဘူးလို့ ပြောလို့လဲ…”
ထိုအချိန်တွင် လမ့်ရိုလီသည် သကြားလုံးချောင်းကို တစ်ချက်တည်းဖြင့် ဆွဲယူလိုက်သည်။
စုရွှမ်မှာ အနည်းငယ် ကြောင်အမ်းသွားသည်။
ထင်ရသည်မှာ လမ့်ရိုလီမှာလည်း လူ့လောကရဲ့ အငွေ့အသက်ကို လုံးဝ မမှီဝဲသော နတ်သမီးတစ်ပါး မဟုတ်ချေ…
“ဒီလိုမှပေါ့… တကယ်ပဲ လူ့လောကရဲ့ အငွေ့အသက်ကို မမှီဝဲဘူးဆိုရင် ဘယ်လောက် ပျင်းစရာကောင်းလိုက်မလဲ…” စုရွှမ်က စိတ်ထဲတွင် ရေရွတ်လိုက်သည်။
လက်ထဲမှ သကြားလုံးချောင်းကို စိုက်ကြည့်ရင်း လမ့်ရိုလီမှာ အနည်းငယ် ငေးမောနေမိသည်။
ငယ်စဉ်က လက်လှမ်းမမီနိုင်ခဲ့သော အရာမှာ ယခုအခါတွင်မူ လွယ်ကူစွာ ရရှိနိုင်ပြီး ထို့အပြင် လက်ဆောင်အဖြစ် ရရှိခဲ့သည်။
တစ်ခဏအတွင်းမှာပင် လမ့်ရိုလီ၏ စိတ်ထဲတွင် နားလည်ရခက်သော ခံစားချက်များ ပေါ်ပေါက်လာသည် ။ စိတ်မကောင်းဖြစ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ နှမြောတသဖြစ်ခြင်း…စသော
ခံစားချက်များစွာ ရောထွေးလျက် ရှိသည်။
သကြားလုံးကို ညင်သာစွာ တစ်ကိုက် ကိုက်လိုက်သည် ။ ထင်ထားသည့်အတိုင်း ချိုမြိန်လွန်းသည်။
စုရွှမ်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ သူသည် အခြားပစ္စည်းများကို ကြည့်ရှုနေသည်။
ဤအခိုက်အတန့်တွင် လမ့်ရိုလီသည် စုရွှမ်မှာ ထိုမျှ မုန်းစရာကောင်းသော ကောင်လေးတစ်ယောက် မဟုတ်ကြောင်း ခံစားလိုက်ရသည်။
“သကြားရုပ်… လိုချင်လား…”
ရုတ်တရက် စုရွှမ်၏ အသံမှာ လမ့်ရိုလီ၏ နားထဲသို့ ထပ်မံ ထွက်ပေါ်လာသည်။
“လို… လိုချင်တယ်…” လမ့်ရိုလီမှာ ရုတ်တရက် သတိပြန်ဝင်လာသည်။
“သူဌေး… ကျွန်တော့်မိန်းမပုံစံအတိုင်း သကြားရုပ်တစ်ခု ဆွဲပေးလို့ရမလား…”
စုရွှမ်က ဆိုင်ပိုင်ရှင်ကို ဆိုလိုက်သည်။
“ဟားဟားဟား… ကောင်လေး… သိပ်ရတာပေါ့…”
ပိုင်ရှင်သည် လမ့်ရိုလီကို တချက် ကြည့်လိုက်ရာ ၊ သူ၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပသွားပြီး စုရွှမ်ကို ထပ်မံ ဆိုလိုက်သည်။
“ကောင်လေး… မင်း ကံကောင်းတယ်… မင်း မိန်းမက နတ်သမီးတစ်ပါးလိုပဲ…”
လမ့်ရိုလီ၏ မျက်နှာပြင်တစ်ခုလုံးသည် ချက်ချင်းဆိုသလို နီမြန်းသွားသည်။
စုရွှမ်သည် ခပ်ဖွဖွ ပြုံးလိုက်သည်။
“ ဒါပေါ့… ကျွန်တော့်ကံက ကောင်းတယ်လေ…”
ဤသို့သော စကားများသည် နှစ်သက်စရာမကောင်းချေ။
သို့သော် လမ့်ရိုလီ၏ စိတ်နှလုံးသားကို ရိုက်ခတ်သွားခဲ့သည်။
စုရွှမ်သည် သူမကို လက်ထပ်ရသည်မှာ သူ့ကိုယ်သူ ကံကောင်းသည်ဟု ယူဆထားလေသလော။
လမ့်ရိုလီသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ဒါပေါ့…မှန်တာပေါ့..
သူမသည် အမတနယ်မြေ၏ ဧကရီတစ်ပါး ဖြစ်သည်။
အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသည့်နေ့တွင် သူမသည် စုရွှမ်ကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
ဤသည်မှာ စုရွှမ်အတွက် မည်သို့ ကံမကောင်းဘဲ နေမည်နည်း။
မကြာမီပင် ဆိုင်ပိုင်ရှင်သည် သကြားရုပ်ကို လမ့်ရိုလီထံသို့ ပေးအပ်လိုက်သည်။