ပါရမီရှင်တိုက်ပွဲကြီး ဒုတိယအဆင့်၊ မိစ္ဆာမျိုးနွယ်ကို သတ်ဖြတ်ခြင်း (၁)
Vol. 8 Ch. 103
ဘုန်း…!
ထိုအမျိုးသားသည် ဦးရေပြား ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ၊ သေဆုံးခြင်း၏ အငွေ့အသက်တစ်ခုသည် သူ့ကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။
ရရှိထားသော သတင်းအရ ၊ စုရွှမ်၏ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာသည် အပြည့်အဝ မနိုးထသေးပေ။
အဘယ်ကြောင့် အဆုံးစွန် သတ်ဖြတ်ခြင်းဖြစ်သော မျက်လုံးနှစ်သွယ်ကို ပိုင်ဆိုင်ထားသနည်း။
ဝှစ် ။
အမျိုးသား၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး ၊ အရိပ်တစ်ခုကို ချန်ထားခဲ့ကာ တုံ့ဆိုင်းခြင်းမရှိ ထွက်ပြေးတော့သည်။
စုရွှမ်သည် မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ ထွက်ပြေးသွားသော ထိုအမျိုးသားကို မျက်တောင်ပင်မခတ် ကြည့်နေလိုက်သည်။
ထိုအမျိုးသားသည် လေဟာနယ်ထဲသို့ ဝင်ရောက်တော့မည့် အခိုက်တွင်
ဘုန်း…။
လောကကြီးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသော အလင်းတန်းတစ်ခုသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံသွားသည်။
ထိုအမျိုးသားမှာ သူ၏ ခန္ဓာကိုယ်သည် ထိုးဖောက်ခံလိုက်ရသည်ကို ခံစားလိုက်ရပြီး ၊ မျက်လုံးသူငယ်အိမ်များ မှောင်မိုက်သွားကာ ဘုန်းခနဲ လဲကျသွားသည်။
၎င်း၏ အသက်စွမ်းအင်မှာ လုံးဝ ကင်းစင်သွားခဲ့ချေပြီ။
ထို့နောက် မှောင်မိုက်သော မီးလျှံတစ်ခုသည် သူ၏ ကိုယ်ပေါ်တွင် တောက်လောင်လာပြီး တစ်ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ကို ပြာအဖြစ်သို့ လောင်ကျွမ်းသွားခဲ့သည်။
ဤသည်မှာ မျက်လုံးနှစ်လွှာ၏ စွမ်းအားပင် ဖြစ်သည်။
“စုရွှမ်… ရှင်မှာ… မျက်လုံးနှစ်သွယ်တောင် ရှိသေးတာလား “
လမ့်ရိုလီမှာ အံ့အားသင့်သွားသည်။ သူမပင်လျှင် ဤအခိုက်အတန့်တွင် မယုံကြည်နိုင်ဖြစ်လို့ နေသည်။
အဓိပတိရိုး၊ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ၊ မျက်လုံးနှစ်သွယ်…
အစွမ်းထက်ဆုံး ခန္ဓာကိုယ်သုံးမျိုးသည် တစ်ကိုယ်တည်းတွင် ရှိနေသည်။
စုရွှမ်သည် လျို့ဝှက်ချက် မည်မျှ ဖုံးကွယ်ထားခဲ့သနည်း။
စုရွှမ်သည် ပြုံးရယ်လိုက်သည်။
“ရိုလီ… မင်းရဲ့ ယောက်ျားအနေနဲ့ ခုလိုသန်မာတာက ယုတ္တိရှိတယ်မဟုတ်လား…”
လမ့်ရိုလီမှာ စကားမဲ့သွားသည်။
ယုတ္တိရှိမရှိ လမ့်ရိုလီ မသိ၊ သူမ သိသည်မှာ…
စုရွှမ်သည် အမှန်တကယ်ပင် ဖောက်ပြန်ကွဲလွဲသူ တစ်ယောက် ဖြစ်ပေသည်။
ဤသို့သော အရည်အချင်းမျိုးကို လောကသုံးထောင် မဆိုထားနှင့်၊ အမတနယ်မြေတွင်ပင် သူမ မမြင်ဖူးချေ။
“အရှင်မြတ်အဆင့် နှောင်းပိုင်းကိုတောင် လွယ်လွယ်နဲ့ သတ်ဖြတ်နိုင်တယ်… စုရွှမ်ရဲ့ ခွန်အားက အရမ်းကြီးလွန်းတယ်… သူ့ကို ဖိနှိမ်ချင်တယ်ဆိုရင် ခုလက်ရှိခွန်အားနဲ့ မလုံလောက်သေးဘူးပဲ…”
လမ့်ရိုလီသည် တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမသည် အမြဲတမ်းလိုလို စုရွှမ်ကို ချုပ်နှောင်ရန် ကြံစည်သော်လည်း မဖြစ်နိုင်ကြောင်းကိုသာ တွေ့ရှိခဲ့ရသည်။
“ကျိမိသားစု ဟုတ်လား… ပါရမီရှင်တိုက်ပွဲကြီးအပြီးမှာ တည်ရှိနေစရာ မလိုတော့ဘူး…”
စုရွှမ်၏ မျက်ဝန်းထဲတွင် ကြမ်းတမ်းသောအမူအရာတစ်ချက် ပြေးဖြတ်သွားသည်။
…
နတ်ဘုရားကျောင်းတော်သို့ ပြန်ရောက်သောအခါ ယခင်က အတိုင်းပင် စည်ကားနေပြီး လူပင်လယ်ကြီးဖြစ်နေကာ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ပထမအဆင့် စစ်ဆေးမှုကို ဝင်ရောက်ရန် စောင့်ဆိုင်းနေကြသည်။
လမ့်ရိုလီနှင့် နှုတ်ဆက်ပြီးနောက် ကျောင်းတော်မှ ပြင်ဆင်ပေးထားသော အခန်းသို့ ပြန်ရောက်လာချိန်တွင် စုရွှမ်သည် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
ထို့နောက် သူသည် အမတနတ်ဆေး ၃ လုံး ကို ထုတ်ယူ၍ တိုက်ရိုက် မျိုချလိုက်သည်။
မည်သို့ပင်ဆိုစေ စုရွှမ်သည် ယခုအခါ၌ အမတနတ်ဆေး ၁၀ လုံး ကို ပိုင်ဆိုင်ထားသော ယောက်ျားတစ်ယောက်ဖြစ်ရာ ဇိမ်ခံနိုင်သည်မှာ သဘာဝပင်။
မကြာမီပင်
[ပိုင်ရှင်က အမတနတ်ဆေးကို သောက်သုံးလိုက်သည့်အတွက် ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ နိုးထမှုတိုးတက်နှုန်း +၉%]
ဘုန်း…!
ပတ်ဝန်းကျင်တွင် ကြီးမားသော တုန်ခါမှုတစ်ခု ဖြစ်သွားခဲ့သည်။
စုရွှမ်၏ ကျင့်ကြံအဆင့်မှာ ဘုရင်အဆင့် ၉ သို့တခါတည်း ရောက်ရှိသွားတော့သည်။
အရှင်မြတ်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ဤသည်မှာ စုရွှမ်သည် တမင်တကာ ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက စုရွှမ်သည် အရှင်မြတ်အဆင့်သို့ တိုက်ရိုက် တက်လှမ်းသွားမည် ဖြစ်သည်။
“အဆင့်တက်တာ အရမ်းမြန်တာက ကောင်းတဲ့အရာ မဟုတ်ဘူး… ခဏ ဖိနှိပ်ထားလိုက်ဦးမယ်… ဘုရင်အဆင့်ကို လုံးဝ ခိုင်မာအောင် လုပ်ပြီးမှ တက်လှမ်းမယ်…”
တိတ်ဆိတ်သော အခန်းထဲတွင် စုရွှမ်သည် တိုးတိုးလေး ရေရွတ်လိုက်သည်။
စိတ်ကူးတစ်ချက်ဖြင့် စနစ်မျက်နှာပြင်သည် သူ၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့သည်။