← Chapters

စုရွှမ်၏ စွမ်းအားပြသမှု၊ ပရိသတ်ကို တုန်လှုပ်စေခြင်း (၁)

Vol. 8 Ch. 105

စုရွှမ်၏ စွမ်းအားပြသမှု၊ ပရိသတ်ကို တုန်လှုပ်စေခြင်း (၁)

Vol. 8 Ch. 105

ချီဖုန်း၏ အသံသည် တစ်ဖန် ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဆူညံသံများမှာ လျော့ကျသွားသည်။

သေချာ စဉ်းစားကြည့်လျှင်ဖြင့် ၊ ချီဖုန်း၏ စကားများသည် ယုတ္တိရှိ‌ပေသည်။

ဤတစ်ကြိမ် ပါရမီရှင်တိုက်ပွဲကြီးသည် အမတရှေးဟောင်းကမ္ဘာသို့ ဝင်ရောက်နိုင်ရန်အတွက် လောကသုံးထောင်ရှိ ထိပ်တန်းကောင်းကင်ပါရမီရှင်များထဲမှ အရည်အချင်းရှိသူများကို ရွေးချယ်ခြင်း ဖြစ်သည်။

အကယ်၍ ရွေးချယ်မှုစံနှုန်းမှာ အလွန်နိမ့်ပါးနေပါက ၊ လူတိုင်း သွားနိုင်ပေတော့မည် မဟုတ်လော။

မိမိ၏ခွန်အားမှာ လုံလောက်ခြင်းမရှိဘဲ အမတရှေးဟောင်းကမ္ဘာထဲသို့ ဝင်ရောက်သွားပါက ၊ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နင်းချေခံရပြီး သေဆုံးရမည်မှာ ဧကန်မလွဲပင်။

ထို့ကြောင့် ရွေးချယ်မှုစံနှုန်း တင်းကျပ်ခြင်းမှာ ဆိုးရွားသော ကိစ္စတစ်ခု မဟုတ်ချေ။

ထို့အပြင် ချီဖုန်း၏စကားအတိုင်း ၊ မကစားနိုင်လျှင် မကစားနှင့်။

“ငါ ပါရမီရှင်တိုက်ပွဲကြီးရဲ့ ဒုတိယအဆင့်ကို ဝင်ပြိုင်မယ်…”

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ၊ ကျင့်ကြံသူတစ်ဦးက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

၎င်း၏ အသံထွက်ပေါ်လာမှုနှင့်အတူ ၊ အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ၎င်းတို့၏ သဘောထားကို ထုတ်ဖော်လာကြသည်။

“ငါလည်း ဝင်ပြိုင်မယ်…”

“ငါလည်းပဲ…”

“သေသွားတော့လည်း ဘာဖြစ်လဲ… အဓိပ္ပာယ်မဲ့စွာ အသက်ရှင်နေရတာထက် ပိုကောင်းတယ်…”

နောက်ဆုံးတွင် ကျင့်ကြံသူတစ်သိန်းအနက် ထွက်ခွာရန် ရွေးချယ်သူမှာ လူတစ်ရာပင် မပြည့်ချေ။

ကျန်သူများမှာမူ ပါရမီရှင်တိုက်ပွဲကြီး၏ ဒုတိယအဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

“ လျို့ဝှက်နယ်မြေက တစ်ရက်ပဲ ကြာမယ်… တစ်ရက်ကြာပြီးလို့ လျို့ဝှက်နယ်မြေ ပြိုကျလာရင် မင်းတို့ ထွက်လာကြ… အမှတ်အလိုက် အဆင့်ခွဲမယ်…”

“ လျို့ဝှက်နယ်မြေ ပွင့်ပြီ… လူကြီးမင်းတို့… ကြွပါ…”

ချီဖုန်း၏ အသံသည် တစ်ဖန် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ဘုံသံစဉ်ကဲ့သို့ ပြင်းထန်လှ‌ပေသည်။

တစ်ခဏအတွင်းမှာပင် ၊ ကျင့်ကြံသူအပေါင်းသည် စိတ်အားထက်သန်လာကြပြီး သက်တံရောင်ခြည်များအဖြစ်သို့ ပြောင်းလဲကာ လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားကြသည်။

“ဟားဟားဟား… မိစ္ဆာမျိုးနွယ်ကို သတ်ဖြတ်ခြင်း… ကောင်းတယ်… ကောင်းတာပေါ့… အကျောဆန့်ဖို့ ကွက်တိပဲ…”

မိစ္ဆာနတ်ဘုရားသားတော်မှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သည်။

မိစ္ဆာနတ်ဘုရားသားတော်၏ အမည်တွင် “မိစ္ဆာ” ဟူသော စကားလုံး ပါဝင်သော်လည်း သူသည် မိစ္ဆာမျိုးနွယ်မဟုတ်ဘဲ လုပ်ရပ်များမှာ မိစ္ဆာနှင့်တူခြင်းမျှသာ ဖြစ်သည်။

“ကောင်းကောင်းကြီး သတ်ဖြတ်ပစ်ရမယ်…”

လင်းထျန်းသည်လည်း ဟစ်ကြွေးရင်းဖြင့် မိစ္ဆာနတ်ဘုရားသားတော်၏ ခြေရာအတိုင်း လိုက်ပါသွားခဲ့သည်။

မကြာမီပင် ကျင့်ကြံသူအားလုံးတို့သည် တစ်ယောက်ပြီးတစ်ယောက် လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားကြသည်။ ထိုလျို့ဝှက်နယ်မြေထဲတွင် သူတို့၏ လက်စွမ်းကို ပြသလိုကြသည်။

ဤမြင်ကွင်းကို မြင်သည်နှင့် စုရွှမ်နှင့် လမ့်ရိုလီတို့မှာလည်း ကိုယ်တစ်ချက် လှုပ်ရှားကာ ထိုထဲသို့ ဝင်ရောက်သွားကြသည်။

ထိုအချိန်၌ ချီဖုန်းသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

တစ်ခုလုံးသော ရုပ်ပုံမှာ မျက်နှာပြင်ငယ် တစ်ထောင်ကျော်အဖြစ်သို့ ပိုင်းခြားသွားသည်။ ၎င်းတို့သည် မတူညီသော မြင်ကွင်းများကို ကိုယ်စားပြုပြီး မတူညီသော ကောင်းကင်ပါရမီရှင်များကို မြင်တွေ့နိုင်သည်။

“ကျောင်းအုပ်ကြီး… ခင်ဗျားက အဲဒီကောင်လေးကို အရမ်းအာရုံစိုက်နေပုံပဲ… သူက ဘယ်သူလဲ…”

ဘေးမှ ဆရာတစ်ဦးက သိလိုစိတ်ဖြင့် မေးလိုက်သည်။

ချီဖုန်းသည် ခပ်ဖွဖွ ပြုံးလိုက်ပြီး ၊ ရုပ်ပုံထဲမှ အဖြူရောင်ဝတ်စုံဖြင့် လူငယ်ကို စိုက်ကြည့်နေသည်။

“ဒီကောင်လေး… သာမန်မဟုတ်ဘူး…”

…

လျို့ဝှက်ကမ္ဘာထဲတွင်။

၎င်းမှာ ကျယ်ပြောပြီး အဆုံးမရှိသော မှောင်မိုက်သည့် နေရာတစ်ခုဖြစ်ကာ မရေမတွက်နိုင်သော တောင်တန်းများကို မြင်တွေ့နိုင်သည်။

တစ်ခါတစ်ရံတွင် လေထဲတွင် ဖြတ်သန်းသွားလာနေသည့် အလင်းတန်းများကို မြင်တွေ့နိုင်သည်။

ယခုအခါတွင်မူ ဤနေရာ၌ ကျင့်ကြံသူတစ်သိန်း စုဝေးနေကြသည်။

လူတိုင်း၏ မျက်နှာအမူအရာသည် လေးနက်တည်ကြည်နေပြီး အဝေးတစ်နေရာရှိ မိုးကုတ်စက်ဝိုင်းကို စူးစိုက်ကြည့်နေကြသည်။

ထိုနေရာတွင် မည်းနက်သော အစုအဝေးတစ်ခုမှာ ထူထပ်စွာဖြင့် ရှိနေပြီး၊ မိစ္ဆာမျိုးနွယ်သက်ရှိများသည် ဤဘက်သို့ လာရောက်နေခြင်း ဖြစ်ပေသည်။

မိစ္ဆာမျိုးနွယ်သက်ရှိများမှာ သွေးဆာကြပြီး သတ်ဖြတ်ခြင်းကို နှစ်သက်ကြသည်။ ယခုအခါတွင် ဤမျှများပြားသော သက်ရှိများ၏ အငွေ့အသက်ကို အနံ့ခံမိသဖြင့် အရူးအမူးဖြစ်ကာ မျက်ဝန်းများမှာပင် နီရဲသွားကြသည်။

မှောင်မိုက်သော နေရာတွင် မရေမတွက်နိုင်သော မိစ္ဆာမျိုးနွယ်သက်ရှိများဖြင့် ပြည့်နှက်နေပြီး ၊ မိစ္ဆာချီများမှာ ကောင်းကင်သို့ ထိုးတက်နေသည်။

သူတို့၏ နီရဲသော မျက်ဝန်းတစ်စုံမှာမူ၊ သွေးလမင်းများကဲ့သို့ ညကောင်းကင်တွင် ချိတ်ဆွဲထားပြီး ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော ဖိအားပေးသည့်အငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။

ကောင်းကင်ယံမှာ မှောင်မိုက်နေပြီး ၊ ထူထဲသော အခိုးအငွေ့များစွာ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

ဘုန်း…!

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ တိုက်ပွဲကြီးမှာ စတင်ခဲ့‌ချေပြီ။

တစ်ခဏအတွင်းမှာပင် ကျင့်ကြံသူအားလုံးသည် အမျိုးမျိုးသော သိုင်းပညာများ၊ ရတနာကျမ်းများဖြင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြသည်။

ချက်ချင်းပင် မှော်သင်္ကေတများ ရောယှက်ကာ တန်ခိုးစွမ်းအင်များသည် ပရမ်းပတာဖြစ်လို့‌ နေသည်။

တောက်ပသော ရောင်စုံ အလင်းတန်းများသည် မှောင်မိုက်သော နေရာတစ်ခုလုံးကို လင်းထိန်သွားစေပြီး၊ မိုးကောင်းကင်သည်ပင် လင်းထိန်သွားသကဲ့သို့ ရှိနေ၏။

ကျင့်ကြံသူတစ်သိန်းမှာ မရေမတွက်နိုင်သော မိစ္ဆာမျိုးနွယ်သက်ရှိများကို တိုက်ခိုက်နေကြသည်။

ဤသို့သော မြင်ကွင်းမှာ ခမ်းနားသည်ဟု ဆိုနိုင်လောက်အောင်ပင်။

မိစ္ဆာမျိုးနွယ်သက်ရှိများ၏ ကျင့်ကြံမှုအဆင့်မှာ အများစုမှာ ဘုရင်အဆင့်တွင် ရှိပြီး ဘုရင်အဆင့်အောက် ဖြစ်တည်မှုမှာ အလွန်ရှားပါးသည်။

All Chapters