စုရွှမ်၏ စွမ်းအားပြသမှု၊ ပရိသတ်ကို တုန်လှုပ်စေခြင်း (၂)
Vol. 8 Ch. 106
ထို့ကြောင့် ခွန်အားနည်းပါးသော ကျင့်ကြံသူများအဖို့ ဤတိုက်ပွဲသည် ပြင်းထန်သည်ဟု ဆိုရမည်။
ယခုအခါတွင် မလှမ်းမကမ်း၌ ကျင့်ကြံသူအချို့မှာ မိစ္ဆာမျိုးနွယ်၏ လက်ချက်ဖြင့် တိုက်ရိုက် စုတ်ဖြဲခံရပြီး သွေးမြူအဖြစ်သို့ ပြောင်းလဲကာ လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားကြသည်။
ဤမြင်ကွင်းသည် အလွန်ကို ကြမ်းတမ်းလှပေသည်။
ထိပ်တန်း ကောင်းကင်ပါရမီရှင်များ အတွက်မူ ၊ ဤသည်မှာ သတ်ဖြတ်ခြင်းကစားပွဲတစ်ခုမျှသာ ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ဥပမာအားဖြင့် မိစ္ဆာနတ်ဘုရားသားတော်၊ လင်းထျန်း၊ အမတနန်းတော်၏ ဆက်ခံသူကဲ့သို့သော သူများပင်။
သူတို့အားလုံးမှာ ဘုရင်အဆင့်ဖြစ်ကြပြီး အမျိုးမျိုးသော ခန္ဓာကိုယ်များ၊ သိုင်းပညာများ၏ အကူအညီများဖြင့် ဘုရင်အဆင့်အလယ်အလတ်ရှိသော မိစ္ဆာမျိုးနွယ်များကို လွယ်ကူစွာ ချေမှုန်းနိုင်ကြသည်။
ဘုရင်အဆင့်နှောင်းပိုင်း မိစ္ဆာမျိုးနွယ်ကို ရင်ဆိုင်လျှင်ပင် ၊ မည်သည့် ထိခိုက်မှုမှ မရှိဘဲ ဆုတ်ခွာနိုင်သည်။
“ဟားဟား… မိစ္ဆာမျိုးနွယ်သက်ရှိတွေက ဒီလောက်ပဲလား… သတ်လို့ မလုံလောက်ဘူး…”
မိစ္ဆာနတ်ဘုရားသားတော်၏ မျက်ဝန်းများတွင် မိစ္ဆာအလင်းတန်းများဖြင့် တောက်ပနေပြီး၊ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဒီအဆင့်လောက်နဲ့ .. အားရအောင် သတ်ပစ်မယ်…”
လင်းထျန်း၏ ယုံကြည်မှုအပြည့်ရှိသော အသံသည် ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားသည်။
“ငါ ပထမနေရာကို ရအောင် ယူရမယ်… ပထမနေရာက ငါ့အတွက်ပဲ ဖြစ်ရမယ်…”
အမတနန်းတော်၏ ဆက်ခံသူမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် ပထမအဆင့်တွင် စုရွှမ်နှင့် လမ့်ရိုလီတို့နှစ်ဦး၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး သူ၏ မကျေနပ်မှုကို ထုတ်ဖော်လိုပုံရပေသည်။
နတ်ဘုရားကျောင်းတော်၏ မျိုးဆက်သစ်ဖြစ်သော ပထမအဆင့်ရှိ ကျောက်ဟုန်သည်လည်း ထိုနည်းတူစွာပင်။ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် နတ်အလင်းများဖြင့် တောက်ပနေပြီး တစ်ချက်တစ်ချက် တိုက်ခိုက်လိုက်တိုင်း မရေမတွက်နိုင်သော မိစ္ဆာမျိုးနွယ်များကို ချေမှုန်းနိုင်ခဲ့သည်။
နတ်ဘုရား ကျောင်းတော်၏ ပထမအဆင့်ရှိ မျိုးဆက်သစ် အဖြစ် သူသည် နတ်ဘုရားကျောင်းတော်အတွက် ဂုဏ်ဆောင်လိုသည်မှာ သဘာဝ ကျပေသည်။
အလယ်ပိုင်းဒေသ ကောင်းကင်ပါရမီရှင်စာရင်း၏ တတိယအဆင့်တွင် ရှိသော်လည်း သူသည် မည်သူ့ထက်မျှ အားမနည်းကြောင်းကို သက်သေပြလိုခဲ့သည်။
လူတိုင်းက မိမိတို့၏ မိစ္ဆာမျိုးနွယ် သတ်ဖြတ်နှုန်းမှာ လျင်မြန်သည်ဟု ထင်မှတ်နေစဉ် ၊ ပုံရိပ်တစ်ခုသည် မိစ္ဆာမျိုးနွယ်အုပ်စုထဲသို့ တိုးဝင်သွားခဲ့သည်။
“အဲဒီပုံရိပ်က ဘယ်သူလဲ… ဒီလောက် ရဲရင့်တာ… မိစ္ဆာမျိုးနွယ်အုပ်စုထဲကို တန်းပြီး တိုးဝင်သွားတယ်… အတော်လေးကို ယုံကြည်မှုရှိတာပဲ…”
“အဲဒီပုံရိပ်က သာမန်မဟုတ်ဘူးထင်တယ်…”
“ခဏနေဦး… သူ့နောက်မှာ… မဟာဧကရာဇ် ပုံရိပ်ယောင် ငါးမျိုး…”
ဟွမ်သွမ့်ကြာပန်းစိမ်း၊ ပင်လယ်ပြင်ထက် လမင်းထွက်ပေါ်ခြင်း၊ အမတဘုရင် ကောင်းကင်ဘုံကိုးထပ်မှ ဆင်းသက်ခြင်း၊ ယင်ယန် သေခြင်းရှင်ခြင်း ပုံရိပ်ယောင်၊ ကြယ်တာရာများ ကောင်းကင်ဘုံကိုးထပ်ကို တောက်ပစေခြင်း….
ဟွမ်သွမ့်ချီများက ၎င်း၏ ဘေးပတ်ပတ်လည်တွင် လွှမ်းခြုံနေသည်မှာ မဟာတာအို၏ သားတော်တစ်ပါးနှင့်ပင် တူပေသည်။
မှန်၏။
မိစ္ဆာမျိုးနွယ်အုပ်စုထဲသို့ တိုးဝင်သွားသော ထိုပုံရိပ်မှာ စုရွှမ်ပင် ဖြစ်သည်။
စုရွှမ်သည် အပြင်ဘက်တွင် သတ်ဖြတ်နေခြင်းမှာ အချိန်ဖင့်ကြောင်း တွေ့ရှိခဲ့သည်။
ထို့ကြောင့် သူသည် မိစ္ဆာမျိုးနွယ်များ၏ အလယ်ဗဟိုသို့ တိုက်ရိုက် တိုးဝင်သွားပြီး သတ်ဖြတ်မှုနှုန်းကို အရှိန်မြှင့်တင်လိုခဲ့သည်။
“ အဲ့တာ စုရွှမ်ပဲ… မဟာဧကရာဇ် ပုံရိပ်ယောင် လေးမျိုးကို ကျင့်ကြံထားပြီး ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ ပိုင်ဆိုင်ထားတဲ့ ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင်… သူက နတ်ဘုရား ကျောင်းတော်ရဲ့ စမ်းသပ်မှု သုံးခုမှာလည်း အလွန် ခမ်းနားတဲ့ စွမ်းဆောင်ရည်ကို ရရှိခဲ့တယ်… ကောင်းကင်တက်လှေကားရဲ့ ထိပ်ဆုံးထိ တက်လှမ်းခဲ့ပြီး… ရှေးဟောင်းခေါင်းလောင်းကြီးကိုတောင် ကြေမွအောင် ထိုးနှက်ပစ်ခဲ့တယ်… မြွေနဂါးတွေကို သူ့ရဲ့ လက်တစ်ဖက်နဲ့တင် သတ်ဖြတ်ပစ်ခဲ့တာ… တကယ်ကို ကြောက်စရာကောင်းလွန်းတယ်…”
“စုရွှမ် ? ဒါဆိုရင်တော့ အဓိပ္ပာယ်ရှိသွားပြီ… သူက အရမ်းကို ထူးခြားလွန်းတယ်… မျိုးဆက်သစ်လူငယ်တွေထဲမှာ ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး…”
ထိုနေ့က စုရွှမ်၏ အစွမ်းသတ္တိကို မြင်တွေ့ခဲ့ပြီးနောက်တွင် ကျင့်ကြံသူ တော်တော်များများက စုရွှမ်ကို ချီးကျူးထောက်ခံလာကြပြီး ‘စု အားပေးသူများ ‘ အဖွဲ့ဟူ၍ ဖြစ်လာခဲ့သည်။
“ထပ်ပြီး အဲဒီကောင်ပဲ… ဒီကောင် ထပ်ပြီး နာမည်ကြီးအောင် လုပ်ပြန်ပြီ…”
လင်းထျန်း၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။
“ကောင်းတယ် ကောင်းတယ်… စုရွှမ် ဒီလူ ရှိနေမှ ဒီပါရမီရှင်တိုက်ပွဲကြီးရဲ့ အဆင့်သုံးဆင့်လုံးက ပျင်းစရာမကောင်းမှာ ….. သူက ပထမနေရာကို လိုချင်တယ်ဆိုရင်တော့ ဒါဆို ငါနဲ့ တွေ့ရမှာပဲ …”
မိစ္ဆာနတ်ဘုရားသားတော်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ပထမအဆင့်မှာ ငါ သူ့ကို ရှုံးခဲ့တယ်… ဒုတိယအဆင့်မှာတော့ ထပ်ရှုံးလို့ မဖြစ်တော့ဘူး…”
အမတနန်းတော်၏ ဆက်ခံသူက တိုးတိုးလေး ရေရွတ်လိုက်သည်။
လူတိုင်းက စုရွှမ်၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြပြီး ၊ နောက်တစ်စက္ကန့်တွင်မူ အားလုံး ကြောင်အမ်းသွားကြသည်။
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော စုရွှမ်သည် လေဟာနယ်ထဲတွင် လက်နောက်ပစ်၍ ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ၊ ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်နိုင်သော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းသည် ဟင်းလင်းပြင်အလွှာကို စုတ်ဖြဲပစ်ကာ မိုးမြေတစ်ခွင်လုံးကို လွှမ်းခြုံသွားပြီး မရေမတွက်နိုင်သော မိစ္ဆာမျိုးနွယ်များကို သတ်ဖြတ်ပစ်လိုက်သည်။
“ဒါက… မျက်လုံးနှစ်လွှာ… စုရွှမ်က ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရုံသာမက… မျက်လုံးနှစ်သွယ်ပိုင်ရှင်လည်း ဖြစ်နေတယ်…”
“ဘာ… မျက်လုံးနှစ်သွယ်ပိုင်ရှင်… အဲဒီ ‘မျက်လုံးနှစ်လွှာက ကောင်းကင်နှင့်မြေကြီးကို ဖွင့်လှစ်ပြီး လူ့လောကမှာ ရှေးခတ်ကတည်းက ‘အတုမရှိ ‘ ဆိုတဲ့ မျက်လုံးနှစ်သွယ်လား…”
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မျက်လုံးများ ပြူးကျယ်လျက် မယုံနိုင်သော အမူအရာများဖြင့် ရှိနေကြသည်။
မျက်လုံးနှစ်သွယ်… ဤကဲ့သို့ ခန္ဓာကိုယ်မျိုးသည် ခေတ်ကာလပေါင်းများစွာအတွင်း တစ်ယောက်ပေါ်ထွက်လာရန်ပင် ခက်ခဲသည်။
တာအိုရွှမ်ကမ္ဘာတွင်မူ တစ်ခါမျှ မပေါ်ထွက်ခဲ့ဖူးချေ။
မျက်လုံးနှစ်လွှာနှင့် ပတ်သက်သည့် မှတ်တမ်းများမှာ အခြားကမ္ဘာများမှ ပျံ့နှံ့လာခြင်း ဖြစ်သည်။
မှတ်တမ်းတွင် မျက်လုံးနှစ်သွယ်မှာ ပြိုင်ဘက်ကင်းသော ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။
မျက်လုံးနှစ်သွယ်ပိုင်ရှင်သည် မွေးရာပါ ရှုံးနိမ့်ခြင်းမရှိ အရာအားလုံးကို လွှမ်းမိုးနိုင်ကာ အထွတ်အထိပ်သို့ ရောက်ရှိနိုင်သည်။
သို့သော် စုရွှမ်သည် မျက်လုံးနှစ်သွယ်တစ်ခုတည်းကိုသာ ပိုင်ဆိုင်ထားခြင်း မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် ၊ သူသည် ခန္ဓာသုံးထောင်အနက် ပထမအဆင့် ဖြစ်သည့် ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ၏ ပိုင်ရှင်လည်း ဖြစ်ပေသည်။
ထို့အပြင် ကောလဟာလသတင်းများအရ၊ သူ့သည် အဓိပတိရိုးကိုလည်း ပိုင်ဆိုင်ထားသည်ဟု ဆိုကြသည်။
သူသည် အစွမ်းထက်ဆုံး ခန္ဓာကိုယ်သုံးမျိုး ပေါင်းစပ်ထားသည်။
အမ်..
ဤအချက်ကို စဉ်းစားမိသည်နှင့် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ အသက်ရှူမှားလောက်အောင် ဖြစ်သွားကြပြီး ၊ စုရွှမ်၏ ကြောက်မက်ဖွယ်ကောင်းသော အရည်အချင်းကြောင့် အံ့အားသင့်သွားကြသည်။
ဤကဲ့သို့သော အရည်အချင်းရှိသူ တစ်ယောက်၏ ရှေ့မှောက်တွင် မိမိတို့သည် ထိုသူနှင့်ယှဉ်ပြိုင်ရန်ပင် အရည်အချင်း ရှိလေသလားဟု မေးခွန်းထုတ်နေမိသည်။