ဒုတိယအဆင့်၊ ကောင်းကင်ပါရမီရှင်များ၏ ယှဉ်ပြိုင်မှု
Vol. 8 Ch. 107
“မိုးကြိုးဧကရာဇ် ရတနာကျမ်း...”
“နတ်ဆင် အကျဉ်းထောင်နှိမ်နင်းခြင်း...”
“ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်...”
ကျင့်ကြံသူအားလုံး အံ့အားသင့်နေစဉ်မှာပင် ၊ စုရွှမ်သည် သိုင်းပညာ ရတနာကျမ်းများစွာကို အသုံးပြုလိုက်သည်။ တောက်ပသော အလင်းတန်းများသည် လေဟာနယ်ကို စုတ်ဖြဲလျက် လောကတစ်ခွင်ကို လင်းထိန်သွားစေသည်။ ဤမြင်ကွင်းသည် အတော်လေး ကြောက်မက်ဖွယ်ရာ ကောင်းပေသည်။
လေဟာနယ်ထဲတွင် သွေးမိုးများ အဆက်မပြတ် ရွာသွန်းနေသည်မှာ အဆုံးမရှိသကဲ့သို့ ထင်ရသည်။
အမ်...
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်သည်နှင့် အသက်ခပ်ပြင်းပြင်း ရှူသွင်းလိုက်ကြသည်။
ကြောက်စရာကောင်းတယ်... တကယ်ကို ကြောက်စရာကောင်းလွန်းတယ်!!
စုရွှမ် အသုံးပြုလိုက်သော သိုင်းပညာများသည် အလွန် တုန်လှုပ်ဖွယ်ကောင်းလှသည်။
သူတို့၏ ဦးနှောက်ထဲတွင် အယူအဆတစ်ခု ပေါ်ပေါက်လာသည်။
အကယ်၍ ဤသိုင်းပညာများကို သူတို့ရင်ဆိုင်ရပါက မည်သို့ဖြစ်လာလိမ့်မည်နည်း။
ရလဒ်အနေဖြင့် စုရွှမ် အသုံးပြုသော မည်သည့်သိုင်းပညာမဆို သူတို့ကို လွယ်ကူစွာ သတ်ဖြတ်နိုင်ပေလိမ့်မည်။
ဤအခိုက်အတန့်တွင်၊ လူတိုင်းသည် မိစ္ဆာမျိုးနွယ်အုပ်စုအလယ်တွင် ရပ်နေသော ထိုလူငယ်မှာ အမှန်တကယ်ပင် ပြိုင်ဘက်ကင်းသော ကောင်းကင်ပါရမီရှင်တစ်ဦးဖြစ်ပြီး မည်သူမျှ သူ့ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်းကို သဘောပေါက်သွားကြသည်။
“အရမ်းအားကောင်းတာပဲ... စုရွှမ်ဆိုတဲ့ ဒီလူငယ်က နတ်ဘုရားတောင်တစ်လုံးလိုပဲ... သူ့ကို ကျော်ဖြတ်ဖို့ဆိုတာ ခက်ခဲလွန်းတယ်...”
“အရမ်း ကြောက်စရာကောင်းတာပဲ... ငါ ဒီနှစ်တွေအတွင်းမှာ ဒီလောက် အားကောင်းတဲ့ ကောင်းကင်ပါရမီရှင်မျိုး တစ်ခါမှ မမြင်ဖူးဘူး... ငါ့ကို စိတ်ပျက်အားငယ်စေတဲ့ ခံစားချက် ဖြစ်ပေါ်လာစေတယ်... သူနဲ့ ယှဉ်ပြိုင်ဖို့တောင် ကြောက်ရွံ့မိတယ်...”
ကျင့်ကြံသူများစွာသည် အိပ်မက်မက်နေသည့်အလား တိုးတိုးလေး ရေရွတ်လိုက်ကြသည်။ သူတို့သည် အမှန်တကယ်ပင် တုန်လှုပ်ခြောက်ခြားနေကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
“မဖြစ်ဘူး... သူ့ကို မယှဉ်နိုင်ရင်တောင် အစွမ်းကုန် ကြိုးစားရမယ်... ဒီအတိုင်း ကြည့်နေလို့ မဖြစ်ဘူး... မဟုတ်ရင် ဒီကောင်က မိစ္ဆာမျိုးနွယ်တွေအားလုံးကို အကုန် သတ်ပစ်တော့မှာပဲ...”
“သတ်... မြန်မြန်သတ်ကြ... မဟုတ်ရင် ငါတို့ သတ်စရာ မိစ္ဆာမျိုးနွယ်တွေ ရှိတော့မှာ မဟုတ်ဘူး...”
ကျင့်ကြံသူတစ်ဦးမှာ သတိပြန်ဝင်လာပြီး ဤပြဿနာကို သဘောပေါက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဤအော်ဟစ်သံကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ချက်ချင်းပင် သတိပြန်ကပ်လာကြပြီး ၊ သူတို့၏ ကိုယ်ပေါ်တွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ တောက်လောင်လာသည်။
နောက်အခိုက်အတန့်တွင် ၎င်းတို့သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ရှေ့သို့ တိုးဝင်သွားပြီး စုရွှမ်နှင့် ကျန်ရှိသော မိစ္ဆာမျိုးနွယ်များကို လုယက်တိုက်ခိုက်လေတော့သည်။
“စုရွှမ်ဒီကောင်က တကယ်ပဲ ပြင်းထန်တာပဲ... သူက ပထမ ဆိုရင် ... ဒါဆို ငါက ဒုတိယ ဖြစ်ရမယ်...”
လမ့်ရိုလီသည်လည်း အလားတူပင် စုရွှမ်၏ အမျိုးမျိုးသော သိုင်းပညာများကြောင့် အံ့အားသင့်ခဲ့ရသည်။ သတိပြန်ဝင်လာမှသာ သူမ၏ သိုင်းပညာများကို စတင် အသုံးပြု၍ မိစ္ဆာမျိုးနွယ်အုပ်စုထဲသို့ ဝင်ရောက် သတ်ဖြတ်ခဲ့လေသည်။
သူမ၏ ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်သည်နှင့် အဆုံးမရှိသော နတ်မီးလျှံများသည် ကောင်းကင်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားသည်။
နောက်တစ်ကြိမ် ထပ်မံ၍ ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော နတ်မီးလျှံများသည် နတ်ဖီးနစ်ငှက်များအဖြစ်သို့ ပြောင်းလဲသွားကြပြီး မိုးမြေတစ်ခွင်တွင် ပျံသန်းလို့နေသည်။
နတ်ဖီးနစ်ငှက်များသည် ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး မိစ္ဆာမျိုးနွယ်အုပ်စုတစ်စုလုံးကို ချေမှုန်းပစ်ခဲ့သည်။ ဘုရင်နှောင်းပိုင်း အဆင့်ရှိ မိစ္ဆာမျိုးနွယ်များသည်လည်း လွတ်လမ်းမရှိခဲ့ပေ။
လမ့်ရိုလီသည် ဤသို့ အားကောင်းသော တိုက်ခိုက်ရေးနည်းလမ်းများဖြင့် သူမ၏ ပတ်ဝန်းကျင်ရှိ မိစ္ဆာမျိုးနွယ်များကို သတ်ဖြတ်နေသဖြင့် ကျင့်ကြံသူများမှာ အနည်းငယ် တုန်လှုပ်ခြောက်ခြားသွားကြသည်။
မပြောလည်း သိနိုင်သည်။ သူမသည် ပြိုင်ဘက်ကင်းသော ကောင်းကင်ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။
“စုရွှမ်တစ်ယောက်တည်း အားကောင်းရုံတင်မကဘူး .. စုရွှမ်ရဲ့ မိန်းမကလည်း ဒီလောက်ထိ အားကောင်းတယ်... ငါတော့ သည်းမခံနိုင်တော့ဘူး... သတ်ကြဟေ့...”
အမတနန်းတော်၏ ဆက်ခံသူမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း ၊ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် နတ်အလင်းများဖြင့် တောက်ပလာသည်။ သူသည်လည်း တိုက်ခိုက်ရေးအတတ် မျိုးစုံကို ထုတ်သုံးကာ စုရွှမ်၊ လမ့်ရိုလီတို့နှင့်အတူ အရှုံးမခံ ယှဉ်ပြိုင်တိုက်ခိုက်လေသည်။
“စုရွှမ်က အားကောင်းတာမှန်ပေမဲ့ ငါလည်း မရှုံးဘူးကွ !’
မိစ္ဆာနတ်ဘုရားသားတော်သည်လည်း အော်ဟစ်ပြောဆိုလိုက်သည်။
“သေစမ်း... ဒီကောင်ကို နာမည်ကြီးအောင် လုပ်ခွင့်ပေးလို့ မဖြစ်ဘူး...”
လင်းထျန်းသည်လည်း တိတ်တဆိတ် တွေးလိုက်သည်။
“ပါရမီရှင်တိုက်ပွဲကြီးက ငါ့နတ်ဘုရားကျောင်းတော်မှာ ကျင်းပတာ... နတ်ဘုရားကျောင်းတော်က ထိပ်ဆုံးနေရာကို ရယူနိုင်ရမယ်...”
နတ်ဘုရားကျောင်းတော်ရှိ ကျောက်ဟုန်၏ မျက်လုံးများသည် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေသည်။
တိုက်ပွဲကြီးခေတ်တွင် ကောင်းကင်ပါရမီရှင်များစွာ ပေါ်ထွက်လာကြသည်။ ၎င်းတို့အားလုံးသညမ ကြယ်စင်များကဲ့သို့ တောက်ပကြပြီး ၊ မည်သူမဆို ပထမနေရာကို ယှဉ်ပြိုင်လိုကြသည်။
လျို့ဝှက်နယ်မြေထဲတွင် မူလက မှောင်မိုက်နေခဲ့သော ပတ်ဝန်းကျင်တစ်ခုလုံးသည် တစ်ခဏအတွင်းမှာပင် အမျိုးမျိုးသော အလင်းတန်းများဖြင့် လင်းထိန်နေကာ နေ့ခင်းဘက်သဖွယ် ဖြစ်နေသည်။
ကျယ်ပြောပြီး အဆုံးမရှိသော နေရာထဲတွင် တန်ခိုးစွမ်းအင်များဖြင့် ပရမ်းပတာဖြစ်နေပြီး ၊ မှော်သင်္ကေတများ ရောယှက်နေကာ မိုးမြေတစ်ခွင်ကို တုန်လှုပ်စေသော ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲ၏ သက်ရောက်မှုသည် ကောင်းကင်နှင့်မြေကြီးရှိ အရာအားလုံးကို လွှမ်းခြုံသွားပြီး ၊ လျို့ဝှက်နယ်မြေထဲတွင် တည်ရှိနေသော တောင်ထွတ်များကိုပင် တိုက်ရိုက် ကြေမွသွားစေသည်။
လျို့ဝှက်နယ်မြေအပြင်ဘက်။
“စုရွှမ်က အရမ်းအားကောင်းတယ်... ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ... မျက်လုံးနှစ်သွယ်... အဓိပတိရိုး... မဟာဧကရာဇ် ပုံရိပ်ယောင် ငါးမျိုးကို ကျင့်ကြံထားတယ်...”
“ဒီလို ကောင်းကင်ပါရမီရှင်မျိုး အရင်က တခါမှ မရှိဖူးဘူး ... တာအိုရွှမ်ကမ္ဘာမှာ တစ်ခါမှ မထွက်ပေါ်ခဲ့ဖူးဘူး... သူက အမတရှေးဟောင်းကမ္ဘာမှာ တာအိုရွှမ်ကမ္ဘာအတွက် ဂုဏ်သတင်း ရယူပေးနိုင်လောက်တယ်...”
နတ်ဘုရားကျောင်းတော်ရှိ ကျောင်းအုပ်ကြီး ချီဖုန်း၏ မျက်ဝန်းထဲတွင် ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး အနည်းငယ် စိတ်လှုပ်ရှားနေသည်။
အများအားဖြင့် သူသည် စုရွှမ်ရှိရာ မျက်နှာပြင်ကိုသာ စိုက်ကြည့်နေပြီး ဆက်တိုက် ချီးကျူးနေခဲ့သည်။
ချီဖုန်းသည် စုရွှမ်အပေါ်တွင် အထင်ကြီးမိသလို တစ်ချိန်တည်းမှာပင် နှမြောတသဖြစ်နေမိသည်။ အလယ်ပိုင်းဒေသတွင် ဤကဲ့သို့သော ကောင်းကင်ပါရမီရှင်မျိုး အဘယ့်ကြောင့် မမွေးဖွားခဲ့သနည်း။ နတ်ဘုရားကျောင်းတော်သို့ ဝင်ရောက်ကာ အဘယ့်ကြောင့် သူ၏တပည့်ရင်း တစ်ယောက် မဖြစ်ခဲ့ရသနည်း။
“ဒီလိုဆိုရင်တော့ ပါရမီရှင်တိုက်ပွဲကြီးရဲ့ ပထမနေရာက သေချာသွားပြီ.. စုရွှမ်ဒီကောင်လေးပဲ ဖြစ်ရမယ်... သူက အရမ်းကို အံ့ဩဖို့ကောင်းတယ် “
ချီဖုန်းသည် တိုးတိုးလေး ရေရွတ်လိုက်သည်။
လျို့ဝှက်ကမ္ဘာထဲတွင် ကျင့်ကြံသူအားလုံး၏ အစွမ်းကုန်တိုက်ခိုက်မှုနှင့်အတူ မိစ္ဆာမျိုးနွယ်သက်ရှိများ၏ အရေအတွက်မှာလည်း လျင်မြန်စွာ လျော့ကျလာခဲ့သည်။
ဤတိုက်ပွဲတွင် ဦးဆောင်နေသူမှာ လမ့်ရိုလီ၊ အမတနန်းတော်၏ ဆက်ခံသူ၊ မိစ္ဆာနတ်ဘုရားသားတော်၊ လင်းထျန်းနှင့် ကျောက်ဟုန်တို့ပင် ဖြစ်သည်။
စည်းမျဉ်းအရ ၊ ကျင့်ကြံမှုအဆင့်မြင့်မားသော မိစ္ဆာမျိုးနွယ်ကို သတ်ဖြတ်နိုင်ခဲ့ပါက ပို၍မြင့်မားသော အမှတ်များကို ရရှိနိုင်သည်။
ဘုရင်အဆင့်နှောင်းပိုင်းအထက် မိစ္ဆာမျိုးနွယ်သက်ရှိများမှာမူ ၊ သာမန်ကောင်းကင်ပါရမီရှင်များ ယှဉ်ပြိုင်နိုင်သောအရာ မဟုတ်ချေ။
အတင်းအကျပ် သတ်ဖြတ်လိုပါက အသက်ကိုပင် ဆုံးရှုံးရနိုင်ခြေ ရှိသည်။
ဤအထဲတွင်မူ ၊ လမ့်ရိုလီသည် လွယ်ကူစွာဖြင့် သတ်ဖြတ်နိုင်သည်။
အကြောင်းမှာ သူမ၏ နတ်မီးလျှံ စွမ်းအားသည် အလွန်တရာမျှ အင်အားကြီးမားသောကြောင့် ဖြစ်သည်။
ဘုရင်အဆင့်နှောင်းပိုင်း မိစ္ဆာမျိုးနွယ်ပင်လျှင် ထိုအရာကို ခံနိုင်ရည်မရှိဘဲ ပြာအဖြစ်သို့ လောင်ကျွမ်းသွားခဲ့သည်။
အမတနန်းတော်၏ ဆက်ခံသူ၊ မိစ္ဆာနတ်ဘုရားသားတော်၊ လင်းထျန်းကဲ့သို့သော ပါရမီရှင်များသည်လည်း အားမနည်းကြပေ။ သူတို့သည် ဘုရင်အဆင့်အလယ်ရှိ မိစ္ဆာမျိုးနွယ်များကိုပင် သတ်ဖြတ်နိုင်ကြသည်။
သို့သော် ဘုရင်အဆင့်နှောင်းပိုင်းကို ရင်ဆိုင်ရာတွင် အနည်းငယ် ခက်ခဲနိုင်ပြီး နည်းလမ်းများကို အစွမ်းကုန်ထုတ်သုံးမှသာလျှင် အနိုင်ယူသတ်ဖြတ်နိုင်မည် ဖြစ်သည်။
စုရွှမ်မှာမူ ၊ ပထမနေရာဖြင့် ဦးဆောင်နေသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိချေ။
မည်သို့သော ကျင့်ကြံမှုအဆင့်ဖြစ်စေ စုရွှမ်၏ ရှေ့တွင် ရလဒ်တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ချေမှုန်းခံရခြင်းပင်ဖြစ်ပြီး ခုခံနိုင်စွမ်း တစ်စုံတစ်ရာမျှ မရှိချေ။
စုရွှမ်သည် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရပြီး ၊ သူ၏ သတ်ဖြတ်မှုသည် ဘယ်သောအခါမှ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။
နေ့တစ်ဝက်အချိန် ကုန်ဆုံးသွားပြီးနောက်၊ မိစ္ဆာမျိုးနွယ်သက်ရှိများမှာ များများစားစား မကျန်တော့ချေ။
ပါရမီရှင်တိုက်ပွဲကြီး ဒုတိယအဆင့်၏ အဆင့်သတ်မှတ်ချက်မှာလည်း အကြမ်းဖျင်းအားဖြင့် သတ်မှတ်ပြီး ဖြစ်သည်။
စုရွှမ် ပထမ၊ လမ့်ရိုလီ ဒုတိယ၊ အမတနန်းတော်၏ ဆက်ခံသူ တတိယ၊ မိစ္ဆာနတ်ဘုရားသားတော် စတုတ္ထ၊ လင်းထျန်း ပဉ္စမ၊ မိုးပြာနဂါးဘုရင် ဆဋ္ဌမ၊ ကျောက်ဟုန် သတ္တမ၊ နေမင်းမြင့်မြတ်သားတော် အဋ္ဌမ၊ လမင်းမြင့်မြတ်သတို့သမီး နဝမ၊ နောက်တွင်မူ အခြားသော ကောင်းကင်ပါရမီရှင်များ ဖြစ်ကြသည်။
“သေစမ်း... နောက်ဆုံးတော့ အဲဒီနှစ်ယောက်နဲ့ ယှဉ်ပြိုင်လို့ မရနိုင်ဘူးလား...”
အမတနန်းတော် ဆက်ခံသူ၏ မျက်နှာမှာ ကြည့်ရဆိုးနေသည်။
သူသည် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ၊ စုရွှမ်နှင့် လမ့်ရိုလီတို့နှင့် နှိုင်းယှဉ်လျှင် အလွန် ကြီးမားသော ကွာခြားမှု ရှိနေသေးသည်။
အမတနန်းတော်၏ ဆက်ခံသူသည် စုရွှမ်နှင့် လမ့်ရိုလီတို့ရှိရာဘက်သို့ ကြည့်ရင်း နက်ရှိုင်းစွာ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
ဤအခိုက်အတန့်တွင် ၊ သူကဲ့သို့သော တောက်ပသူပင်လျှင် အားပျက်သွားသော ခံစားချက်ကို မလွဲမသွေ ခံစားရသည်။
“ထိပ်ဆုံးသုံးယောက်ထဲတောင် ဝင်လို့မရဘူးလား... အဲဒီသုံးယောက်က အရမ်းအားကောင်းတာပဲ...”
မိစ္ဆာနတ်ဘုရားသားတော်၏ အရှိန်အဝါသည်လည်း အတော်လေး လျော့ကျသွားသည်။
မူလက သူသည် ပထမနေရာကို ယှဉ်ပြိုင်လိုခဲ့သော်လည်း ၊ ထိပ်ဆုံးသုံးယောက်ထဲပင် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။
“ငါက အလယ်ပိုင်းဒေသရဲ့ ကောင်းကင်ပါရမီရှင်စာရင်းမှာ ပထမအဆင့်လေ...ခုတော့ ပဉ္စမအဆင့်တဲ့လား ဒါ သဘာဝမကျဘူး...”
လင်းထျန်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ၊ အားပျက်ရင်းဖြင့် ဒေါသထွက်နေသည်။
“အိုင်း... အရမ်းခက်တာပဲ... ငါက နတ်ဘုရားကျောင်းတော်ရဲ့ မျိုးဆက်သစ်တွေထဲမှာ ပထမပဲ... ကျောင်းတော်တစ်ခုလုံးမှာ ပြိုင်ဘက်တစ်ယောက်မှ မရှိခဲ့ဘူး... အားလုံးကို ချေမှုန်းနိုင်ခဲ့တယ်... တာအိုရွှမ်ကမ္ဘာထဲမှာ ဒီလောက် အားကောင်းတဲ့ ကောင်းကင်ပါရမီရှင်တွေ အများကြီး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”
ကျောက်ဟုန်သည်လည်း စိတ်ဓာတ်ကျနေကာ သူ့ဘဝသူ ပြန်မေးခွန်းထုတ်နေမိသည်။
…