← Chapters

တတိယအဆင့်၊ ဇာတ်လမ်းစတင်ခြင်း (၁)

Vol. 8 Ch. 108

တတိယအဆင့်၊ ဇာတ်လမ်းစတင်ခြင်း (၁)

Vol. 8 Ch. 108

မကြာမီပင် လျို့ဝှက်နယ်မြေထဲမှ မိစ္ဆာမျိုးနွယ်များကို လုံးဝ ရှင်းလင်းပစ်နိုင်ခဲ့ပြီး ၊ တစ်ယောက်မျှ မကျန်တော့ချေ။

ယခုအခါတွင်မူ လျို့ဝှက်‌နယ်မြေ ပိတ်ရန် နာရီဝက်ခန့်သာ ကျန်ရှိတော့သည်။

ဤသည်မှာ ချီဖုန်း၏ မျှော်လင့်ချက်ကို လုံးဝ ကျော်လွန်သွားခဲ့သည်။

ဤမျှ များပြားသော မိစ္ဆာမျိုးနွယ်သက်ရှိများ။

မူလက ချီဖုန်းသည် ကောင်းကင်ပါရမီရှင်များအနေဖြင့် မည်မျှပင် အားကောင်းစေကာမူ ၊ မိစ္ဆာမျိုးနွယ် အားလုံးကို သတ်ဖြတ်ရန် အနည်းဆုံး တစ်ရက်ကြာလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် သူ ထင်မှတ်မထားခဲ့သည်မှာ စုရွှမ်၏ ပေါ်ထွက်လာမှုသည် သူ၏ မျှော်လင့်ချက်ကို ချိုးဖျက်သွားခဲ့သည်။ စုရွှမ်သည် အရှိန်အဟုန် ပြင်းထန်စွာဖြင့် မိစ္ဆာမျိုးနွယ် သက်ရှိများစွာကို ချေမှုန်းပစ်ခဲ့သည်။

“ရိုလီ... ငါ တော်တယ်မလား...”

စုရွှမ်သည် လမ့်ရိုလီ၏ ဘေးတွင် ပေါ်ထွက်လာပြီး ပြုံး၍ ဆိုလိုက်သည်။

လမ့်ရိုလီ၏ မျက်နှာမှာ မည်းမှောင်သွားပြီး ၊ သူမသည် ပြန်လည်မတုံ့ပြန်ခဲ့ပေ။

သို့သော် သူမ၏ စိတ်ထဲတွင်မူ ၊ စုရွှမ်သည် အမှန်တကယ်ပင် တော်သည်ဟု ဝန်ခံရပေမည်။

ယခုအခါတွင် ကျင့်ကြံသူများသည် တင်ပျဉ်ခွေ ထိုင်ချလိုက်ကြပြီး ဝိညာဉ်စွမ်းအင်ကို လည်ပတ်စေခြင်းဖြင့် အခြေအနေကို ပြန်လည်ကောင်းမွန်စေရန် ထိန်းညှိလိုက်ကြသည် ။ သူတို့အားလုံးသည် နောက်လာမည့် ပါရမီရှင်တိုက်ပွဲကြီး တတိယအဆင့်အတွက် အသင့်ပြင်ထားကြသည်။

ကျင့်ကြံသူအချို့မှာမူ ၊ စုရွှမ်ရှိရာဘက်သို့ စိုက်ကြည့်နေကြသည်။

ဤကဲ့သို့သော ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင်တစ်ဦးကို သူတို့သည် အတော်လေး စိတ်ဝင်စားနေကြပြီး ၊ တဖက်လူသည် မည်သို့သော ဖြစ်တည်မှုမျိုးဖြစ်သည်ကို စူးစမ်းလိုကြသည်။

တစ်နာရီခွဲကြာပြီးနောက် ရှေးဟောင်း လျို့ဝှက်နယ်မြေထဲတွင် အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူများသည် သက်တံရောင်ခြည်များအဖြစ်သို့ ပြောင်းလဲကာ တစ်ယောက်ပြီးတစ်ယောက် လျို့ဝှက်နယ်မြေထဲမှ ထွက်ခွာလာကြသည်။

အပြင်ဘက်မှ လေကို ရှူရှိုက်ရင်း ကျင့်ကြံသူတို့သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ကြသည်။

နောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီ!

ဤတစ်ကြိမ် လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရာတွင် အသက်ရှင်လျက် ထွက်လာနိုင်သူမှာ ခုနစ်သောင်းနီးပါး ရှိသည်။

ဤသည်မှာ ကြီးမားသော ကိန်းဂဏန်းတစ်ခု ဖြစ်ပေသည်။

ဤရလဒ်သည် ချီဖုန်း မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။

ဤသည်မှာလည်း စုရွှမ်ကြောင့်ပင် ဖြစ်သည်။

စုရွှမ်၏ ခွန်အားသည် အလွန်ကြီးမားပေသည်။ သူသည် မိစ္ဆာမျိုးနွယ်အုပ်စုထဲသို့ တိုးဝင်ကာ မိစ္ဆာမျိုးနွယ် အများအပြားကို သတ်ဖြတ်ခဲ့သောကြောင့် ထိုထဲတွင် သေဆုံးသွားသော ကျင့်ကြံသူများမှာ အများကြီး မဟုတ်ခဲ့ပေ။

နတ်ဘုရားကျောင်းတော်၏ လေဟာနယ်ထဲတွင် ချီဖုန်း၏ မျက်နှာအမူအရာသည် လွန်စွာ လေးနက်လျက် ရှိနေပြီး ၊ နေရာတွင် ရှိနေကြသော ကျင့်ကြံသူများကို တချက်ဝှေ့ယမ်းကြည့်ရှူကာ ဖြည်းညင်းစွာ ဆိုလိုက်သည်။

“ မင်းတို့ လျို့ဝှက်နယ်မြေထဲကနေ ထွက်လာတာနဲ့ ပါရမီရှင်တိုက်ပွဲကြီးရဲ့ ဒုတိယအဆင့်က... ပြီးဆုံးသွားပြီ...”

“ မင်းတို့ရဲ့ စွမ်းဆောင်ရည်အရ ထိပ်ဆုံးတစ်သောင်းသာလျှင် တတိယအဆင့်ကို ဝင်ရောက်နိုင်တယ် ၊ ကျန်တဲ့သူတွေကတော့ ထွက်ခွာသွားနိုင်ပြီ...”

စကားသံဆုံးသည်နှင့် ၊ ချီဖုန်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

လေဟာနယ်ထဲတွင် ကြီးမားသော မျက်နှာပြင်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုမျက်နှာပြင်‌အပေါ်တွင် ထိပ်ဆုံးအဆင့်မှ အောက်အဆင့်သို့ လူတစ်ယောက်ချင်းစီ၏ အမည်များကို ရေးသားထားသည်။

ကြီးမားသော မျက်နှာပြင်သည် ဖျော့တော့သော ရွှေရောင်အလင်းများကို ထုတ်လွှတ်နေပြီး ၊ ယင်းအပေါ်၌ ရေးသားထားသော အမည်များ ရှိနေသည်။

ပထမနေရာ: စုရွှမ်

ဒုတိယနေရာ: လမ့်ရိုလီ

တတိယနေရာ: အမတနန်းတော်၏ ဆက်ခံသူ

စတုတ္ထနေရာ: မိစ္ဆာနတ်ဘုရားသားတော်

ပဉ္စမနေရာ: လင်းထျန်း

ဆဋ္ဌမနေရာ: မိုးပြာနဂါးဘုရင်

သတ္တမနေရာ: ကျောက်ဟုန်

အဋ္ဌမနေရာ: နေမင်းမြင့်မြတ်သားတော်

နဝမနေရာ: လမင်းမြင့်မြတ်သမီးတော်

…

ကြီးမားသော မျက်နှာပြင်ပေါ်မှ အမည်များကို ကြည့်၍ လူအချို့မှာ ပျော်ရွှင်နေကြပြီး ၊ လူချို့မှာ ဝမ်းနည်းနေကြသည်။

အချို့မှာမူ ၊ ထိပ်ဆုံးတစ်သောင်းထဲတွင် ဝင်ရောက်ကာ ပါရမီရှင်တိုက်ပွဲကြီး၏ တတိယအဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့်အတွက် ဝမ်းမြောက်နေကြပြီး၊ အချို့က မိမိတို့၏ အမည်နာမည်များ ပါမလာသည့်အတွက် စိတ်ဓာတ်ကျနေကြသည်။

“ဟားဟားဟား... ငါ့ကံက ဒီလောက်ကောင်းလိမ့်မယ်လို့ မထင်ခဲ့ဘူး... ထိပ်ဆုံးတစ်သောင်းထဲ ဝင်သွားပြီ... ပါရမီရှင်တိုက်ပွဲကြီး တတိယအဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ထိပ်တန်းကောင်းကင်ပါရမီရှင်တွေနဲ့ တစ်တန်းတည်း ယှဉ်ပြိုင်ခွင့်ရသွားပြီ...”

“ အိုင်းယား.. ပါမလာဘူးပဲ ထားပါတော့လေ...... ပြန်တာပဲကောင်းတယ်”

“နှမြောစရာပဲ... ဒီမှာတင် ရပ်တန့်သွားပြီ... နောက်ကွယ်က မြင်ကွင်းတွေကို မမြင်နိုင်တော့ဘူး...”

“…”

မည်သို့ပင်ဖြစ်စေ တိုက်ပွဲကြီး၏ ဒုတိယအဆင့်မှာ လုံးဝ ဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။

လူတိုင်း စိတ်လှုပ်ရှားနေစဉ် ချီဖုန်း၏ အသံသည် ပတ်ဝန်းကျင်၌ ထပ်မံ ထွက်ပေါ်လာခဲ့သည်။

“ပါရမီရှင်တိုက်ပွဲကြီး ဒုတိယအဆင့် ပြီးဆုံးသွားပြီ... မနက်ဖြန်မှာ ပါရမီရှင်တိုက်ပွဲကြီး တတိယအဆင့် ဖြစ်တယ်... စည်းမျဉ်းကိုတော့ အများကြီး ပြောစရာမလိုတော့ဘူး... အဲဒါကတော့... ယှဉ်ပြိုင်မှုကနေတဆင့် ထိပ်ဆုံးအယောက်တစ်ရာပဲ ရွေးချယ်ခံရပြီး အမတရှေးဟောင်းကမ္ဘာကို ဝင်ရောက်ခွင့် ရရှိမှာပဲ ဖြစ်တယ်...”

ချီဖုန်း၏ ကျယ်လောင်‌သော ပြောဆိုသံသည် ပတ်ဝန်းကျင်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားပြီး၊ တတိယအဆင့်သို့ ဝင်ရောက်နိုင်သော ကျင့်ကြံသူတစ်သောင်းလုံးမှာ စိတ်လှုပ်ရှားလာကြသည်။ သူတို့ တစ်ယောက်ချင်းစီတိုင်းသည် သွေးကြောထဲသို့ ဆေးထိုးခံလိုက်ရသကဲ့သို့ပင် တိုက်ခိုက်လိုစိတ်များ ပွက်ပွက်‌ဆူလာကြသည်။

ထိပ်ဆုံး အယောင်တစ်ရာထဲသို့ ဝင်ရောက်နိုင်ပါက ၊ သူတို့သည် အမတရှေးဟောင်းကမ္ဘာသို့ ဝင်ရောက်နိုင်ပေမည်။

All Chapters