တတိယအဆင့်၊ စင်မြင့်ပြိုင်ပွဲ၊ စတင်ပြီ
Vol. 8 Ch. 110
ထိုအချိန်၌ပင် နတ်ဘုရားကျောင်းတော်မှ ကျောင်းအုပ်ကြီး ချီဖုန်းသည် ဖြည်းညင်းစွာ ဆိုလိုက်သည်။
“လူကြီးမင်းတို့... ပါရမီရှင်တိုက်ပွဲကြီး တတိယအဆင့်ကို ဝင်ရောက်နိုင်တယ်ဆိုတာနဲ့ သင်တို့အားလုံးက ငါတို့ တာအိုရွှမ်ကမ္ဘာရဲ့ အထွတ်အထိပ် ကောင်းကင်ပါရမီရှင်တွေပဲ... ဒါပေမဲ့ အမတရှေးဟောင်းကမ္ဘာကို ဝင်ရောက်ပြီး တခြားကမ္ဘာတွေက ကောင်းကင်ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်ဖို့ကတော့ အဝေးကြီး လိုသေးတယ်...”
“ဒါကြောင့် ဒီပါရမီရှင်တိုက်ပွဲကြီးရဲ့ တတိယအဆင့်က အကောင်းဆုံးထဲက အကောင်းဆုံးကို ရွေးချယ်တာပဲ... တာအိုရွှမ်ကမ္ဘာကို ကိုယ်စားပြုပြီး အမတရှေးဟောင်းကမ္ဘာကို သွားရောက်ကာ ကောင်းကင်ပါရမီရှင်ကြီးတွေနဲ့ ယှဉ်ပြိုင်ဖို့ အယောက် တစ်ရာကို ရွေးချယ်မယ်....”
“အမတရှေးဟောင်းကမ္ဘာ... မင်းတို့လည်း ကြားဖူးလောက်မှာပါ... အထဲမှာ ကံကြမ္မာအခွင့်အလမ်းတွေ မရေမတွက်နိုင်အောင် ရှိတယ်... ဒီအခွင့်အရေးကို ဖမ်းဆုပ်နိုင်မလားဆိုတာတော့ သင်တို့ရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်...”
“တတိယအဆင့်ရဲ့ စည်းမျဉ်းကတော့ စင်မြင့်ပြိုင်ပွဲပဲ...”
“ခဏနေရင် မင်းတို့ က လျို့ဝှက်နယ်မြေထဲကို ဝင်ရောက်ရမှာဖြစ်ပြီး အထဲမှာ စင်မြင့် တစ်ရာ ရှိတယ်... သင်တို့အချင်းချင်း ယှဉ်ပြိုင်နိုင်တယ်... တစ်နာရီခွဲကြာပြီးရင် စင်မြင့်ပေါ်မှာ ကျန်ရှိနေတဲ့ ကောင်းကင်ပါရမီရှင်တွေက ထိပ်ဆုံး အယောက်တစ်ရာပဲ... သူတို့ဟာ တာအိုရွှမ်ကမ္ဘာကို ကိုယ်စားပြုပြီး အမတရှေးဟောင်းကမ္ဘာကို သွားရောက်မယ့် ကောင်းကင်ပါရမီရှင်တွေပဲ...”
“ထိပ်ဆုံး အယောက်တစ်ရာရဲ့ အဆင့်သတ်မှတ်ချက်ကိုတော့ လူစုံတက်စုံ ယှဉ်ပြိုင်ရမှာဖြစ်ပြီး သင်တို့ရဲ့ စင်မြင့်ပြိုင်ပွဲရဲ့ စွမ်းဆောင်ရည်အလိုက် အဆင့်သတ်မှတ်မယ်.. အနိုင်များရင် အဆင့်က မြင့်မယ်... ရှုံးပွဲများရင် အဆင့်က ကျသွားမှာပဲ...”
“ဒါက နားလည်ရ လွယ်ပါတယ်... မင်းတို့... နားလည်ကြရဲ့လား...”
ချီဖုန်း၏ အသံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွားကာ လေဟာနယ်ကိုပင် တုန်ခါသွားစေသည်။
တစ်ချိန်တည်းမှာပင် ချီဖုန်း၏ စကားများမှာလည်း မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်ခံစားမှုကို လှုံ့ဆော်ခဲ့သည်။
“ကျောင်းအုပ်ကြီး... ကျွန်တော်တို့ နားလည်ပါပြီ...”
“စလိုက်ကြရအောင်... ကျွန်တော် မစောင့်နိုင်တော့ဘူး...”
“ကျွန်တော် ထိပ်ဆုံး အယောက်တစ်ရာထဲကို မဖြစ်မနေ ဝင်ရမယ်...”
အောက်မှ ကျင့်ကြံသူများသည် ချီဖုန်းကို ကျယ်လောင်စွာ ပြန်ဖြေကြပြီး၊ တစ်ချိန်တည်းမှာပင် သူတို့ကိုယ်သူတို့ အားပေးလိုက်ကြသည်။
“ကောင်းပြီ... လူကြီးမင်းတို့... မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို မျှော်လင့်နေပါတယ်...”
စကားသံဆုံးသည်နှင့် ချီဖုန်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
လျို့ဝှက်နယ်မြေသည် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
လျို့ဝှက်နယ်မြေသည် ထပ်မံ၍ ပေါ်ထွက်လာသည်ကို မြင်သည်နှင့် တတိယအဆင့်သို့ ဝင်ရောက်နိုင်ခဲ့သော ကျင့်ကြံသူတစ်သောင်းသည် သက်တံရောင်ခြည်များ အဖြစ်သို့ ပြောင်းလဲကာ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြသည်။ သူတို့သည် ပွဲအစကတည်းက သူတို့၏ စင်မြင့်ကို ယှဉ်ပြိုင်လုယက်ရန် စိတ်အားထက်သန်နေကြသည်။
“စင်မြင့်တိုက်ပွဲ... ဒါက တကယ့်ယောက်ျားတွေရဲ့ ယှဉ်ပြိုင်မှုပဲ... ငါကလွဲရင် ဘယ်သူရှိသေးလဲ...”
မိစ္ဆာနတ်ဘုရားသားတော်သည် သူ၏ ကိုယ်ခန္ဓာတစ်ခုလုံး ထူထဲသော မိစ္ဆာချီများဖြင့် လွှမ်းခြုံထားပြီး ကျယ်လောင်စွာ ရယ်မောလျက် လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သည်။
“တိုက်ပွဲကြီးတစ်ပွဲ ကောင်းကောင်း ဆင်နွှဲရမယ်...”
ကျောက်ဟုန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“အရင်ဆုံး ထိပ်ဆုံး အယောက်တစ်ရာထဲ ဝင်ပြီးမှ အဆင့်ကို ယှဉ်ပြိုင်မယ်...”
လင်းထျန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
“တိုက်ပွဲကြီးခေတ်မှာ ကြယ်တွေ တောက်ပနေပေမဲ့ ငါ့ရှေ့မှာတော့ မင်းတို့အားလုံး မှောင်မိုက်သွားစေရမယ်...”
အမတနန်းတော် ဆက်ခံသူ၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် နတ်အလင်းတန်းများဖြင့် ထိန်လင်းတောက်ပနေသည်။
ကျင့်ကြံသူများသည် လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားသည်ကို မြင်သည်နှင့် ၊ စုရွှမ်နှင့် လမ့်ရိုလီတို့သည် တစ်ယောက်ကို တစ်ယောက် တစ်ချက်ကြည့်လိုက်ကြပြီး ထိုထဲသို့ ဝင်ရောက်သွားကြသည်။
သူတို့နှစ်ဦးသည် အတော်လေး တည်ငြိမ်နေကြပြီး အခြား ကောင်းကင်ပါရမီရှင်များကဲ့သို့ စိတ်လှုပ်ရှားခြင်း မရှိချေ။
မည်သို့ပင်ဆိုစေကာမူ၊ သူတို့နှစ်ဦး၏ ခွန်အားသည် ဤပါရမီရှင်တိုက်ပွဲကြီး၏ တတိယအဆင့်ကို အောင်မြင်နိုင်ပြီး အမတရှေးဟောင်းကမ္ဘာသို့ ဝင်ရောက်ခွင့်ရရန်မှာ ထမင်းစားရေသောက်ကဲ့သို့ပင် ရိုးရှင်းလှသည်။
ဤတစ်ခေါက် လျို့ဝှက်နယ်မြေသည် ကျယ်ပြောပြီး အဆုံးမရှိသော နေရာတစ်ခု ဖြစ်သည်။
လေဟာနယ်ထဲတွင် ကြီးမားသော စင်မြင့် တစ်ရာသည် မားမားမတ်မတ် ရပ်တည်နေပြီး ဝင်းလက်တောက်ပနေသည့် မြင်ကွင်းမှာ အလွန်ကို ခမ်းနားလှသည်။
ဤစင်မြင့် တစ်ရာသည် ကျင့်ကြံသူတစ်သောင်း ယှဉ်ပြိုင်လုယက်ရမည့် အရာပင် ဖြစ်သည်။
တစ်နာရီခွဲကြာပြီးနောက် စင်ပေါ်တွင် ကျန်ရှိနေသူများသည် ထိပ်ဆုံးအယောက် တစ်ရာထဲသို့ ပါဝင်ခွင့်ရကာ အမတရှေးဟောင်းကမ္ဘာသို့ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်သည်။
ကျင့်ကြံသူတစ်သောင်း ဝင်ရောက်လာသည်နှင့်အမျှ လျို့ဝှက်နယ်မြေ၏ ပတ်ဝန်းကျင်သည် ယမ်းငွေ့များဖြင့် ပြည့်နှက်နေသည်။
နောက်တစ်စက္ကန့်တွင် ကမ္ဘာကြီးကို တုန်လှုပ်သွားစေမည့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာတော့မည်အလား...
မည်သည့်အပိုစကားမျှ မပြောတော့ဘဲ ကျင့်ကြံသူများသည် စင်မြင့်ထက်သို့ တိုက်ရိုက် တတ်လှမ်းသွားကြသည်။
စင်မြင့်သည် အယောက် တစ်ရာသာ ရှိသဖြင့် ယှဉ်ပြိုင်မှုသည် အလွန်တရာမျှ ပြင်းထန်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
“နောက်ဆုံးအဆင့်က အောင်ပွဲအရေအတွက်အလိုက် သတ်မှတ်တာဆိုတော့ အချိန်ဖြုန်းလို့ မဖြစ်တော့ဘူး... ကြည့်ရတာ ငါ အရင်ဆုံး စင်မြင့်တစ်ခုကို သိမ်းပိုက်ပြီး အောင်ပွဲတွေ စုဆောင်းထားသင့်တယ်...”
မိစ္ဆာနတ်ဘုရားသားတော်သည် တိုးတိုးလေး ရေရွတ်လိုက်သည်။
ထို့နောက် သူသည် မိစ္ဆာချီအစုအဝေးတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အနီးဆုံး စင်မြင့်တစ်ခုသို့ ပျံသန်းသွားခဲ့သည်။
အမတနန်းတော်၏ ဆက်ခံသူ၊ လင်းထျန်း၊ ကျောက်ဟုန်၊ မိုးပြာနဂါးဘုရင်တို့သည်လည်း အလားတူ လှုပ်ရှားခဲ့သည်။ သူတို့သည် စင်မြင့်တစ်ခုကို ရွေးချယ်ပြီး အစောပိုင်း အားသာချက်ကို ရယူကာ အခြားကောင်းကင်ပါရမီရှင်များ လာရောက်ယှဉ်ပြိုင်သည်ကို စောင့်ဆိုင်းနေကြသည်။
“ရိုလီ... မင်း သတိထား... ဒဏ်ရာမရစေနဲ့နော်...”
စုရွှမ်သည် လမ့်ရိုလီကို ကြည့်ကာ တိုးတိုးလေး သတိပေးလိုက်သည်။
“တာအိုရွှမ်ကမ္ဘာထဲမှာ... မျိုးဆက်သစ်လူငယ်တွေ... ဘယ်သူကမှ ငါ့ကို မထိခိုက်နိုင်ဘူး...”
လမ့်ရိုလီသည် တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
ထို့နောက် သူမ၏ အရိပ်သည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ထပ်မံကြည့်လိုက်လျှင်ဖြင့် ၊ သူမသည် စင်မြင့်တစ်ခုထက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
စုရွှမ်သည် ခေါင်းခါယမ်း၍ ပြုံးလိုက်သည်။
လမ့်ရိုလီ၏ ယုံကြည်ချက်ပြင်းထန်မှုသည် သူနှင့် တူလှသည်။
သူ့မိန်းမဆိုတဲ့အတိုင်းပဲ....
နောက်တစ်စက္ကန့်တွင် စုရွှမ်သည်လည်း စင်မြင့်တစ်ခုထက်သို့ ရောက်ရှိသွားသည်။
ဘုန်း... ဘုန်း... ဘုန်း...
တိုက်ပွဲသည် ချက်ချင်းပင် စတင်ခဲ့သည်။ လျို့ဝှက်နယ်မြေထဲတွင် မှော်သင်္ကေတများ ရောယှက်ကာ တန်ခိုးစွမ်းအင်များက ပရမ်းပတာဖြစ်နေပြီး လေဟာနယ်သည်ပင် အဆက်မပြတ် စုတ်ပြဲထွက်သွားသည်။
တစ်ခဏအတွင်းမှာပင် ကောင်းကင်နှင့်မြေကြီးမှာ အရောင်ပြောင်းသွားပြီး နေနှင့်လမှာ အလင်းရောင် ကွယ်ပျောက်သွားသည်။
လူတစ်သောင်းလုံးသည် တာအိုရွှမ်ကမ္ဘာတွင် အထွတ်အထိပ် ကောင်းကင်ပါရမီရှင်များဖြစ်ကြပြီး အမျိုးမျိုးသော သိုင်းပညာများ၊ ရတနာကျမ်းများကို တတ်မြောက်ထားသဖြင့် ဖြစ်ပေါ်လာသော တိုက်ပွဲမြင်ကွင်းမှာ အတော်လေး ကြီးကျယ်ခမ်းနားသည်။
ဤသည်မှာ အလွန် ခမ်းနားသော တိုက်ပွဲကြီးတစ်ခု ဖြစ်သည်။
လျို့ဝှက်နယ်မြေ အပြင်ဘက်တွင် မျက်နှာပြင် တစ်ရာသည် လေဟာနယ်ထဲတွင် ပေါ်ထွက်လာပြီး ၊ ၎င်းတို့သည် စင်မြင့် တစ်ရာကို ကိုယ်စားပြုသည်။
ယခုအခါတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မျက်နှာပြင်ပေါ်မှ မြင်ကွင်းများကို စူးစိုက်ကြည့်နေကြပြီး အချို့မှာ သူတို့၏ အဖွဲ့အစည်းမှ ကောင်းကင်ပါရမီရှင်အတွက် အော်ဟစ်အားပေးကြပြီး အချို့မှာမူ သူတို့ သဘောကျသော မြင်းနက်ကို အာရုံစိုက်နေကြသည်။
“ရွှေခေတ် ဆိုတဲ့အတိုင်း... မိစ္ဆာနတ်ဘုရားသားတော်... အမတနန်းတော်ရဲ့ ဆက်ခံသူ... လင်းထျန်း... ကျောက်ဟုန်... ပြီးတော့ စုရွှမ်... အဲဒီမိန်းကလေး ... ဒီခေတ်ရဲ့ ကြယ်တွေက အရမ်း တောက်ပလွန်းတယ်..”
အဖွဲ့အစည်းကြီးတစ်ခုမှ အကြီးအကဲတစ်ဦးက ချီးကျူးလိုက်သည်။
ကောင်းကင်ပါရမီရှင်များထဲမှာ တချို့မှာ ဆုတ်ယုတ်နေသောခေတ်တွင် အသန်မာဆုံးဖြစ်တည်မူများဖြစ်ပြီး တာအိုကိုသက်သေပြနိုင်သူများဖြစ်ကြသည်။
ဤခတ်ဤခါတွင် ထိုမျှတောက်ပခြင်းမရှိတော့ချေ။
“ဒီလူနည်းစုက တကယ်ပဲ အားကောင်းတယ်... မျိုးဆက်သစ်လူငယ်တွေထဲမှာ အထွတ်အထိပ် ကောင်းကင်ပါရမီရှင်တွေပဲ... တခြားကျင့်ကြံသူတွေထက် အများကြီး သာလွန်တယ်...”
ကြီးမြတ်သော ပုဂ္ဂိုလ်များစွာသည် တာအိုရွှမ်ကမ္ဘာမှ ကောင်းကင်ပါရမီရှင်များ၏ ထူးချွန်မှုထက်မြက်မှုကြောင့် ဝမ်းမြောက်နေကြသည်။
ကောင်းကင်ပါရမီရှင်တို့သည် တာအိုရွှမ်ကမ္ဘာ၏ အနာဂတ် ဖြစ်သည်။
ကောင်းကင်ပါရမီရှင်များသည် ပို၍ သန်မာကြလေလေ တာအိုရွှမ်ကမ္ဘာ၏ အနာဂတ်မှာလည်း ပို၍ ခမ်းနားလေလေ ဖြစ်သည်။
“အရင်တစ်ဆင့်မှာ စုရွှမ်က အရမ်းအားကောင်းလွန်းလို့ ဒီတစ်ဆင့်မှာ ဘယ်သူမှ သူ့ကို စိန်ခေါ်ဝံ့မှာ မဟုတ်ဘူး... ဒီအတိုင်းသာဆိုရင် စုရွှမ်က ပထမ မရနိုင်တော့ဘူး...”
ချီဖုန်းသည် တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် စုရွှမ်ကိုသာ အမြဲတမ်း အာရုံစိုက်နေခဲ့သည်။
စုရွှမ်အတွက်ဖြင့် ၊ သူ့ကျောင်းတော်မှ ကျောက်ဟုန်ကို တစ်ချက်လေးမှ လှည့်မကြည့်ခဲ့ချေ။
သူ၏ ကြည့်ရှုမှုအောက်တွင် စုရွှမ်ရှိရာ စင်မြင့်သည် နာရီဝက်ကြာသည်အထိ စိန်ခေါ်သူ တစ်ဦးမျှ တက်မလာခဲ့ချေ။
စုရွှမ်သည် လွန်စွာ အားကောင်းလွန်းသဖြင့် မရေမတွက်နိုင်သော ကောင်းကင်ပါရမီရှင်များအနေဖြင့် စိန်မခေါ်ဝံ့ကြပေ။
လျို့ဝှက်နယ်မြေထဲတွင် အချိန်အတော်ကြာသည့်အထိ စိန်ခေါ်သူမရှိသဖြင့် စုရွှမ်ကိုယ်တိုင်လည်း ဤပြဿနာကို သဘောပေါက်သွားသည်။
ဘေးမှ စင်မြင့်ကို ကြည့်လိုက်ရာ ထိုနေရာတွင် ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်ပွားနေသည်။
သူ၏ စင်မြင့်ကို ပြန်ကြည့်လိုက်ရာ တိတ်ဆိတ်ငြိမ်သက်နေသည်။
စုရွှမ်တစ်ယောက် မျက်မှောင်ကြုတ်သွားသည်။
ဒီကောင်တွေ သူ့ကို ဒီလောက်တောင် ကြောက်နေတာလား?
သူကို မိစ္ဆာကောင်လို့များ သတ်မှတ်ထားသလား!?
ထို့နောက် စုရွှမ်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
“မင်းတို့ ငါ့ကို မရှာရင် ငါက မင်းတို့ကို လာရှာရုံပေါ့...”