စုရွှမ် လင်းထျန်းကို တိုက်ခိုက်ခြင်း (၁)
Vol. 8 Ch. 111
စုရွှမ်၏ မျက်နှာထက်တွင် လှောင်ပြောင်သော အမူအရာတစ်ခု ပေါ်ထွက်လာပြီး နောက်တစ်ခဏတွင် စုရွှမ်သည် စင်မြင့်ပေါ်မှ ပျောက်ကွယ်သွားသည်။
“စုရွှမ် စင်မြင့်ပေါ်က ဆင်းသွားပြီ... သူ သွားပြီး စိန်ခေါ်တော့မှာပဲ...”
ကျင့်ကြံသူတစ်ဦးသည် စုရွှမ်၏ လှုပ်ရှားမှုကို သတိပြုမိပြီး အံ့အားသင့်စွာ ချီးကျူးလိုက်သည်။
သူတို့၏ အမြင်တွင် စုရွှမ်သည် မိစ္ဆာကောင်တစ်ကောင် ဖြစ်သည်။
မနေ့က စုရွှမ်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို မြင်တွေ့ပြီးနောက် ယနေ့တွင် မည်သူမျှ သူ့ကို ရန်သူအဖြစ် မသတ်မှတ်ဝံ့တော့ချေ။
စုရွှမ်၏ ခွန်အားသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး လက်တစ်ဖက်ဖြင့်ပင် သူတို့ကို တိုက်ရိုက် သတ်ဖြတ်ပစ်နိုင်သည်။
ယခုအခါတွင် စုရွှမ်ကို အာရုံစိုက်နေသော အပြင်ဘက်မှ ကျင့်ကြံသူများမှာလည်း စိတ်လှုပ်ရှားလာကြသည်။
စုရွှမ်သည် နောက်ဆုံးတွင် တိုက်ခိုက်ပေတော့မည်။
တစ်ခဏအတွင်းမှာပင် စုရွှမ်သည် စင်မြင့်တစ်ခုထက်သို့ ရောက်ရှိသွားသည်။
ဤစင်မြင့်ပေါ်တွင် ရှိနေသူမှာ ခေါင်းတုံးနှင့် ဘုန်းကြီးတစ်ပါးဖြစ်ပြီး ၊ ၎င်းသည် အနောက်ဘက် ကောင်းကင်ဘုံငယ်မှ လာသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
“အနောက်ဘက် ကောင်းကင်ဘုံငယ်ရဲ့ အမွေအနှစ်ကို ငါ့စုမိသားစုက တစ်ဝက်မက ချေမှုန်းပစ်ခဲ့တာ မဟုတ်လား... ဒီဘုန်းကြီးတွေက အနောက်ပိုင်းနယ်မြေမှာ ကောင်းကောင်း သုတ္တန်ရွတ်မနေဘဲ ပါရမီရှင်တိုက်ပွဲကြီးကို လာတက်တဲ့ကောင်တွေ ရှိနေသေးတာလား..”
စုရွှမ်သည် တိုးတိုးလေး ရေရွတ်လိုက်သည်။
“မင်း... စုရွှမ်...”
ရုတ်တရက် စင်မြင့်ပေါ်သို့ ရောက်ရှိလာသော ပုံရိပ်ကို မြင်သည်နှင့် အနောက်ဘက် ကောင်းကင်ဘုံငယ်မှ ထိုဘုန်းကြီးမှာ ချက်ချင်းလက်ငင်း ထိတ်လန့်သွားသည်။
စုရွှမ်သည် သူတို့၏ ဗုဒ္ဓသားတော်ကို သတ်ဖြတ်ခဲ့သောသူ ဖြစ်သည်။
သူ၏ နောက်ကွယ်မှ စုမိသားစုမှာမူ ၊ အနောက်ဘက် ကောင်းကင်ဘုံငယ်၏ အမွေအနှစ်ကို တစ်ဝက်မက ချေမှုန်းပစ်ခဲ့သည်။
တွက်ကြည့်လျှင် စုရွှမ်သည် အနောက်ဘက် ကောင်းကင်ဘုံငယ်၏ ရန်သူကြီး ဖြစ်ပေသည်။
သို့သော် ယခုအခါတွင် ရန်သူသည် မျက်စိရှေ့တွင် ရှိနေသော်လည်း ၊ ထိုဘုန်းကြီးမှာမူ တိုက်ခိုက်လိုစိတ် တစ်စုံတစ်ရာမျှ မဖြစ်ပေါ်ချေ။
အကြောင်းမှာ ထိုနေရာတွင် ရပ်နေရုံမျှဖြင့်၊
စုရွှမ်သည် သူ့ကို တောင်ကြီးတစ်လုံးကဲ့သို့သော ဖိနှိပ်မှုကို ပေးစွမ်းနိုင်သည်။
သူ့ကို အသက်ရှူမရနိုင်လောက်အောင် ဖြစ်စေသည်။
ဤသို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားမျိုးဖြင့် သူသည် မည်သို့ တိုက်ခိုက်နိုင်မည်နည်း။
“စု... စုရွှမ်... ငါ... ငါ့ဘာသာငါ ဆင်းသွားမယ်...”
ထိုဘုန်းကြီး၏ စကားမဆုံးမီမှာပင် ၊ တောက်ပသော ကပ်ဘေးအလင်းတန်းတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို ချက်ချင်းလက်ငင်း ပြာအဖြစ်သို့ ပြောင်းလဲသွားစေသည်။
ထို့နောက် စုရွှမ်သည် နောက်ထပ် စင်မြင့်သို့ ထွက်ခွာသွားသည်။
“ အိုင်း... စုရွှမ်ဆိုတဲ့အတိုင်း သူ့ရဲ့ ခွန်အားက အရမ်းကြောက်စရာကောင်းတာပဲ... တိုက်ခိုက်တာလည်း ဒီလောက် ပြတ်သားတယ်...”
စောနက မြင်ကွင်းကို မြင်လိုက်ရသော ကျင့်ကြံသူများမှာ မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားကြပြီး တိုးတိုးလေး ရေရွတ်လိုက်ကြသည်။
“စုရွှမ်... ငါ့ဘာသာငါ ဆင်းသွားမယ်... မတိုက်ခိုက်ပါနဲ့လား...”
ဘုန်း...!
တစ်ချက်တည်းဖြင့် ပေါက်ကွဲသွားသည်။
“စုရွှမ်... မလုပ်နဲ့... မလုပ်နဲ့... ငါ အရှုံးပေးပါတယ်...”
ဘုန်း...!
မိုးကြိုးဧကရာဇ် ရတနာကျမ်းဖြင့် တိုက်ရိုက် သတ်ဖြတ်လိုက်သည်။
“ငါ့ကို လွှတ်ပေးလို့မရဘူးလား...”
ဝှစ်...!
အဆုံးမရှိသော ဓားအလင်းတန်းတစ်ခု တောက်ပသွားပြီး ချက်ချင်းဆိုသလို အသက်စွမ်းအင် ကင်းမဲ့သွားချေပြီ။
…
လျို့ဝှက်နယ်မြေထဲတွင် စုရွှမ်သည် တွေ့သမျှကို အနည်းငယ်မျှ ညှာတာခြင်း မရှိ သတ်ဖြတ်နေသည်။
လူတိုင်း၏ အမြင်တွင် စုရွှမ်သည် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ မည်သူမှ သူ့ကို မတားဆီးနိုင်ချေ။
ကျင့်ကြံသူများသည် စင်မြင့်ကိုလုယူရန် ရယူလိုစိတ်ပင် မရှိတော့ဘဲ သူတို့၏ အာရုံစူးစိုက်မှုသည် စုရွှမ်အပေါ်သို့ ကျရောက်သွားသည်။
“စုရွှမ်ဒီကောင်... သူ လာနေပြီ... သေစမ်း... ငါ ဆင်းသွားသင့်လား...”
စင်မြင့်တစ်ခုပေါ်တွင် လင်းထျန်း၏ မျက်နှာမှာ အလွန် ကြည့်ရဆိုးနေသည်။
အလယ်ပိုင်းဒေသ ကောင်းကင်ပါရမီရှင်စာရင်း၏ ပထမဖြစ်သော သူသည် ယခုအခါ၌ စုရွှမ်အပေါ် ဖော်ပြရခက်သော ကြောက်ရွံ့စိတ်တစ်ခု ဖြစ်ပေါ်နေသည်။
ဤကြောက်ရွံ့စိတ်သည် သူ၏စိတ်နှလုံးထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ စုရွှမ်သည် သူ့ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်ကို ကြည့်ရင်း လင်းထျန်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်လာသည်။
“ ပွဲကောင်းကြီးတစ်ခု ကြည့်ရတော့မယ်... အလယ်ပိုင်းဒေသ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ပထမအဆင့်.. သူ ဘယ်လို ရင်ဆိုင်မလဲ မသိဘူး...”
မိစ္ဆာနတ်ဘုရားသားတော်သည် စုရွှမ်ရှိရာဘက်သို့ ကြည့်ရင်း၊ သူ၏မျက်နှာထက်တွင် သူတစ်ပါးဒုက္ခရောက်သည်ကို ဝမ်းသာနေသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“သေစမ်း... တိုက်ချင်ရင် တိုက်လိုက်... ငါ ကြောက်စရာ ဘာရှိလဲ... ငါ လင်းထျန်းက အလယ်ပိုင်းဒေသ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ပထမ... ဘယ်လိုလုပ် အရှုံးပေးနိုင်မှာလဲ...”
လင်းထျန်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ၊ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးမှ အရှိန်အဝါကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။
အမှန်ပင် ဘုရင်အဆင့်အလယ် ရှိပေသည်။
တစ်ခဏအတွင်းမှာပင် ၊ သူ၏ ခန္ဓာကိုယ်နောက်ကွယ်တွင် ကြီးမားပြီး တောက်ပသော တောင်ပံတစ်စုံ ပေါ်ထွက်လာခဲ့သည်။
ဤသည်မှာ ယွီဟွာမင်းဆက်၏ အမွေအနှစ်ဖြစ်ပြီး ၊ အချိန်တိုအတွင်း နတ်ဘုရားငှက် ချုံမင်၏ အတောင်ပံကို ရရှိနိုင်သည်။
အရှိန်ကို ကြီးမားစွာ တိုးမြှင့်ပေးနိုင်ရုံသာမက ကာကွယ်ရေးနှင့် ခွန်အားကိုလည်း တိုးမြှင့်ပေးနိုင်ပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းတစ်ခု ဖြစ်သည်။
ယခုအခါတွင် လျို့ဝှက်နယ်မြေထဲတွင် ဖြစ်စေ၊ လျို့ဝှက်နယ်မြေ၏ ပြင်ပလောထဲတွင် ဖြစ်စေ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အကြည့်များသည် စုရွှမ်နှင့် လင်းထျန်းတို့၏ တိုက်ပွဲဆီသို့ စုပုံရောက်ရှိနေသည်။
ဤသည်မှာ စစ်မှန်သော ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင်နှစ်ဦးဖြစ်ပြီး ၊ တစ်ဦးမှာ အလယ်ပိုင်းဒေသ ကောင်းကင်ပါရမီရှင်စာရင်း၏ ပထမဖြစ်ကာ ၊ တစ်ဦးမှာမူ အများက အသိအမှတ်ပြုထားသော အသန်မာဆုံး မြင်းနက် ဖြစ်သည်။
ဤနှစ်ဦး ယှဉ်ပြိုင်လျှင် မည်သူ အောင်ပွဲခံမည်နည်း။
ဤအခိုက်အတန့်တွင် လျို့ဝှက်နယ်မြေထဲမှ ပတ်ဝန်းကျင်မှာ အေးခဲသွားသကဲ့သို့ ရှိနေ၏။