← Chapters

အဆင့်သတ်မှတ်ချက် ကြေညာခြင်း။ စုရွှမ် ထိပ်ဆုံးသို့ ရောက်ရှိခြင်း။ အဆင့်ကွာခြားစွာ ချေမှုန်းခြင်း။

Vol. 8 Ch. 114

အဆင့်သတ်မှတ်ချက် ကြေညာခြင်း။ စုရွှမ် ထိပ်ဆုံးသို့ ရောက်ရှိခြင်း။ အဆင့်ကွာခြားစွာ ချေမှုန်းခြင်း။

Vol. 8 Ch. 114

ဤတစ်ကြိမ် ပါရမီရှင်တိုက်ပွဲကြီး၏ တတိယအဆင့်တွင် လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့သော ကျင့်ကြံသူမှာ ကိုးထောင်ကျော် ရှိသည်။

သို့သော် အသက်ရှင်လျက် ထွက်လာနိုင်သူမှာ ငါးထောင်နီးပါးသာ ရှိပြီး ၊ ထက်ဝက်နီးပါးမှာ လျို့ဝှက်နယ်မြေထဲတွင် သေဆုံးသွားခဲ့ကြသည်။

ထိုအရာကိုကြည့်ခြင်းအားဖြင့် ဤပြိုင်ပွဲ၏ ကြမ်းတမ်းမှုကို သိရှိနိုင်ပေသည်။

ထို့ကြောင့် အဖွဲ့အစည်းအချို့မှာ သူတို့၏ ကောင်းကင်ပါရမီရှင်များ အသက်ရှင်လျက် ထွက်လာသည်ကို မြင်သည်နှင့် ၊ ထိပ်ဆုံး အယောက်တစ်ရာထဲတွင် မပါဝင်နိုင်ခဲ့သော်လည်း အလွန် ပျော်ရွှင်နေကြသည်။

အနည်းဆုံးတော့ သူတို့၏ ကောင်းကင်ပါရမီရှင်သည် မသေဆုံးသေးဘဲ အမွေအနှစ်အဖြစ် ကျန်ရှိနေသေးသည်။

“နောက်ဆုံးတော့ ပြီးသွားပြီ… နောက်ဆုံးတော့ ထိပ်ဆုံး အယောက်တစ်ရာထဲ ဝင်သွားခဲ့ပြီပဲ… ပျော်စရာကြီး…”

“အာ… နည်းနည်းလေးပဲ လိုတော့တာ… နည်းနည်းလေးပဲ… “

“ဒီတစ်ခေါက် အဆင့်သတ်မှတ်ချက်က ဘယ်လိုဖြစ်မလဲ မသိဘူး…”

“အာ… သွားပြီ… ထိပ်ဆုံး အယောက်တစ်ရာထဲတောင် မဝင်ဘူး… ဝက်မွေးဖို့ပဲ ပြန်တော့မယ်…”

နောက်ဆုံးရလဒ်နှင့် ပတ်သတ်၍ ကောင်းကင်ပါရမီရှင်များသည် ခံစားချက်အမျိုးမျိုး ရှိကြပြီး ၊ အချို့မှာ ပျော်ရွှင်ကြပြီး အချို့မှာ ဝမ်းနည်းနေကြသည်။

သို့သော် အများစုမှာမူ စိတ်အေးလက်အေးဖြစ်သွားကြသည်။

လျို့ဝှက်နယ်မြေထဲတွင် အလွန် အန္တရာယ်များလှသည်။

အထူးသဖြင့် စုရွှမ်ကဲ့သို့သော မဟာမိစ္ဆာကြီး တစ်ပါး ရှိနေပြီး ၊ ၎င်းသည် လူကို တွေ့သည်နှင့် တိုက်ရိုက် သတ်ဖြတ်ပစ်တတ်သည်။

လေဟာနယ်ထဲမှ ထိုအဖြူရောင်ဝတ်စုံနှင့် ပုံရိပ်ကို ကြည့်ရင်း မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကျိန်ဆိုလိုက်ကြသည်။

ဒီဘဝမှာတော့…. ငါ အဲဒီကောင်ကို ထပ်မတွေ့ချင်တော့ဘူး!

“ရိုလီ… မင်း ဘယ်အဆင့်လောက် ရမလဲ…”

စုရွှမ်သည် လမ့်ရိုလီကို ကြည့်၍ တိုးတိုးလေး မေးလိုက်သည်။

လျို့ဝှက်နယ်မြေထဲတွင် စုရွှမ်သည် အမြဲတမ်း စင်မြင့်ထက်တွင် တိုက်ခိုက်နေခဲ့သဖြင့် လမ့်ရိုလီကို သိပ်အာရုံမစိုက်နိုင်ခဲ့ချေ။

သို့သော် လမ့်ရိုလီ၏ ခွန်အားဖြင့် ထိပ်ဆုံး အယောက်တစ်ရာထဲ ဝင်ရောက်ရန်မှာ လွယ်ကူသော ကိစ္စဖြစ်ပြီး စိုးရိမ်စရာ မလိုချေ။

“ပထမကို ရှင်က ယူထားမှတော့ ကျွန်မက ဒုတိယပေါ့…”

လမ့်ရိုလီသည် နှုတ်ခမ်းထောင့်များသည် ညင်သာစွာ ကွေးညွှတ်သွားပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။

စုရွှမ်သည် သူမ၏ လေသံထဲမှ မာနကြီးသည့်အငွေ့အသက်ကို ကြားလိုက်ရသည်။

“မဆိုးပါဘူး… ငါနဲ့တော့ အနည်းငယ် ကွာသေးပေမဲ့ နောက်တစ်ခါ ကြိုးစားဦးပေါ့… မိန်းမ…”

စုရွှမ်သည် မျက်မှောင်ကြုတ်၍ လှောင်ပြောင်စွာ ဆိုလိုက်သည်။

လမ့်ရိုလီသည် စုရွှမ်ကို မျက်စောင်း တစ်ချက် ထိုးလိုက်ပြီး ၊ စုရွှမ်ကို ထပ်မံ၍ အာရုံမစိုက်တော့ချေ။

တစ်ချိန်တည်းမှာပင် လမ့်ရိုလီ၏ စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။

အမတရှေးဟောင်း လျှို့ဝှက်နယ်မြေထဲတွင် သူမသည် စုရွှမ်ကို ချုပ်နှောင်ရန် နည်းလမ်းတစ်ခုကို မဖြစ်မနေ ရှာဖွေမည်ဖြစ်သည်။

“လူကြီးမင်းတို့… ပါရမီရှင်တိုက်ပွဲကြီး ပြီးဆုံးသွားပြီ… ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကိုလည်း နားလည်သွားကြလောက်ပြီ… တာအိုရွှမ်ကမ္ဘာက မျိုးဆက်သစ် လူငယ်တွေကြားထဲ ကိုယ့်ရဲ့ နေရာကိုလည်း သိလောက်ပြီး ဖြစ်မှာပါ…”

နတ်ဘုရားကျောင်းတော်၏ ကျောင်းအုပ်ကြီး ချီဖုန်းသည် စကားအနည်းငယ် ပြောခဲ့ပြီး၊ ယင်းက ကျင့်ကြံသူများ၏ ဆွေးနွေးမှုစကားဝိုင်းကို ပို၍ ပြင်းထန်သွားစေသည်။

ထိုစဉ် ချီဖုန်းထံမှ နောက်ဆုံးစကားတစ်ခွန်း ထွက်ပေါ်လာခဲ့သည်။

“အခု… အဆင့်သတ်မှတ်ချက်ကို ကြေညာမယ်…”

ဘုန်း…

တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။

လူတိုင်းသည် ချီဖုန်းကို စူးစိုက်ကြည့်နေကြပြီး မည်သည့်အသံမျှ မထွက်ပေါ်တော့ချေ။

အဆင့်သတ်မှတ်ချက်ကို ကြေညာခြင်းမှာ ပါရမီရှင်တိုက်ပွဲကြီး တတိယအဆင့်၏ ထိပ်ဆုံး အယောက်တစ်ရာ ရွှေစာရင်းကို ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။

အဆင့်သတ်မှတ်ချက်ကို ကြေညာမည်ဟူသော စကားလုံးနှစ်လုံးကို ကြားသည်နှင့် လူတိုင်း လေးနက်တည်ကြည်သွားကြသည်။

ထိပ်ဆုံး အယောက်တစ်ရာထဲ ဝင်ရောက်ခဲ့သော ကောင်းကင်ပါရမီရှင်များအတွက်မူ ၊ သူတို့၏ အဆင့်ကို သိရှိလိုကြသည်။

ထိပ်ဆုံးတစ်ရာထဲ မဝင်ခဲ့သော ကောင်းကင်ပါရမီရှင်များအတွက်မူ ၊ သူတို့ကို မည်သည့်ကောင်များက တွန်းချသွားသည်ကို ကြည့်ရှုလိုကြသည်။

ဤအခိုက်အတန့်တွင် အဖွဲ့အစည်းကြီးများမှ ကျင့်ကြံသူများကလည်း ချီဖုန်းကို စူးစိုက်ကြည့်နေကြပြီး ရွှေစာရင်း၏ အဆင့်သတ်မှတ်ချက်ကို စောင့်မျှော်နေကြသည်။

မည်သို့ပင်ဖြစ်စေ ၊ ဤရွှေစာရင်းမှ တဆင့် တာအိုရွှမ်ကမ္ဘာ၏ အဖွဲ့အစည်းကြီးများမှ ကောင်းကင်ပါရမီရှင်များ၏ ထူးချွန်မှုအတိုင်းအတာကို မြင်တွေ့နိုင်သည်။

တစ်နည်းအားဖြင့်ဆိုရသော် ၊ အဖွဲ့အစည်းကြီးများ၏ အနာဂတ်ကို မြင်တွေ့နိုင်သည်။

ချီဖုန်း၏ မျက်နှာအမူအရာသည် လေးနက်တည်ကြည်နေပြီး ၊ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် ကြီးမားသော ရွှေစာရင်းတစ်ခုသည် လေဟာနယ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။

ရွှေစာရင်းသည် စူးရှတောက်ပသော ရွှေအလင်းများကို ထုတ်လွှတ်နေပြီး လူကို မျက်စိကျိန်းစေသည်။

စာရင်းတွေ ရေးထိုးထားသော နာမည်တစ်လုံးချင်းစီသည် ထိုမျှ တောက်ပသည်ကို ကိုယ်စားပြုနေသကဲ့သို့ပင်။

တစ်ခဏအတွင်းမှာပင် ကျင့်ကြံသူများသည် တောက်ပသော မျက်ဝန်းများဖြင့် ရွှေစာရင်းကို ကြည့်လိုက်ကြသည်။

ပထမနေရာ: စုရွှမ်၊ အောင်ပွဲ: ၅၆၄၁

ဒုတိယနေရာ: လမ့်ရိုလီ၊ အောင်ပွဲ: ၃၆၄၂

တတိယနေရာ: အမတနန်းတော်၏ ဆက်ခံသူ၊ အောင်ပွဲ: ၂၅၀၀

စတုတ္ထနေရာ: မိစ္ဆာနတ်ဘုရားသားတော်၊ အောင်ပွဲ: ၁၆၇၃

ပဉ္စမနေရာ: လင်းထျန်း၊ အောင်ပွဲ: ၁၂၀၂

ဆဋ္ဌမနေရာ: မိုးပြာနဂါးဘုရင်၊ အောင်ပွဲ: ၉၉၉

သတ္တမနေရာ: ကျောက်ဟုန်၊ အောင်ပွဲ: ၈၇၆

အဋ္ဌမနေရာ: နေမင်းမြင့်မြတ်သားတော်၊ အောင်ပွဲ: ၇၀၂

နဝမနေရာ: လမင်းမြင့်မြတ်သမီးတော် ၊ အောင်ပွဲ: ၆၈၅

…

ရွှေစာရင်း ထုတ်ပြန်အပြီးတွင် ပတ်ဝန်းကျင်တစ်ခုလုံး၌ ပြင်းထန်သော ဆွေးနွေးသံများက ဒီရေအလား လွှမ်းခြုံသွားသည်။

“သေစမ်း… ပထမနေရာက စုရွှမ်… အောင်ပွဲက ၅၀၀၀ င်ကျော်အထိ ရှိတယ်… ဒါက တတိယအဆင့်ကို ဝင်လာတဲ့ ကောင်းကင်ပါရမီရှင်တွေရဲ့ ထက်ဝက်လောက်ကို တိုက်ခိုက်ခဲ့တာပဲ…”

“အရမ်းကို အံ့ဩစရာပဲ… သူ ဘယ်လိုတောင် လုပ်လိုက်ပါလိမ့်…”

“ ငါ မှတ်မိသလောက် အရင်က ပါရမီရှင်တိုက်ပွဲကြီး တတိယအဆင့်ရဲ့ ပထမနေရာရဲ့ အောင်ပွဲက အများဆုံး ၃၀၀၀ ပဲ ရှိခဲ့တာ…”

“ အိုင်း… ဒီခေတ်က တိုက်ပွဲကြီးခေတ်လေ… ယခင်ခေတ်တွေထက် အများကြီးသာလွန်တဲ့ ကောင်းကင်ပါရမီရှင်တွေ ရှိတာကလည်း ပုံမှန်ပဲ… ပြီးတော့ စုရွှမ်ရဲ့ စွမ်းဆောင်ရည်ကို ငါတို့ မမြင်ခဲ့ရတာမှ မဟုတ်တာ… အရာအားလုံးကို ချေမှုန်းတယ်… ဘယ်သူမှ သူ့ကို ယှဉ်ပြိုင်ဝံ့တာ မဟုတ်ဘူး… သူ့ကို မြင်တာနဲ့ အားလုံးက စင်မြင့်ပေါ်ကနေ ဆင်းသွားကြတာ… သူ့အောင်ပွဲက မမြင့်ဘဲ နေပါ့မလား…”

“တိုက်ပွဲကြီးခေတ် ဆိုတဲ့အတိုင်း… ယခင်ခေတ်တွေထက် အများကြီး သာလွန်တာပဲ…”

“ဟားဟားဟား… ကိုယ့်နာမည်ကို ရွှေစာရင်းပေါ်မှာ တွေ့ရတာ တကယ်ကို မကြုံစဖူး ပျော်ရွှင်မှုပဲ…”

“ အိုင်း … နှမြောစရာပဲ… နည်းနည်းလေးပဲ လိုတော့တာ… ရွှေစာရင်းထဲ ဝင်နိုင်တော့မှာကို… ငါ့နာမည်လည်း အပေါ်မှာ တောက်ပနေသင့်တာ…”

“…”

ရွှေစာရင်းနှင့် ပတ်သက်သည့် ဆွေးနွေးမှုများမှာ အမျိုးမျိုးရှိနေခဲ့သည်။

တတိယအဆင့်သို့ မဝင်ရောက်နိုင်ခဲ့သော ကျင့်ကြံသူများသည် ထိပ်ဆုံးအဆင့်အချို့၏ ကြောက်မက်ဖွယ်ကောင်းမှုကြောင့် အံ့အားသင့်နေကြသည်။

အထူးသဖြင့် စုရွှမ်၏ အမှတ်စာရင်းမှာ စိတ်ကူး၍ပင် မရနိုင်ချေ။

“ပါရမီရှင်တိုက်ပွဲကြီး ပထမအဆင့်ကတည်းက ငါ နောက်ကျခဲ့တယ်… ဒုတိယအဆင့်… တတိယအဆင့်လည်း အတူတူပဲ… ဟမ်… စုရွှမ်ကို ရှုံးတာကိုတော့ ထားလိုက်ပါတော့… ဘာလို့ အဲဒီမိန်းကလေးက ငါ့ရှေ့မှာ ရှိနေရတာလဲ…”

အမတနန်းတော်၏ ဆက်ခံသူမှာ မှုန်ကုတ်ကုတ်ဖြစ်နေပြီး ၊ သူသည် စုရွှမ်နှင့် လမ့်ရိုလီတို့ရှိရာဘက်သို့ မကျေနပ်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

“အိုင်း… စတုတ္ထနေရာက မဆိုးပေမဲ့ စုရွှမ်ရဲ့ တစ်ကွက်တည်းနဲ့ ချေမှုန်းခံလိုက်ရတာကတော့ ငါ့ကို အတော်လေး မျက်နှာပျက်စေတယ်…”

မိစ္ဆာနတ်ဘုရားသားတော်သည် တိုးတိုးလေး ရေရွတ်လိုက်သည်။

စုရွှမ်နှင့် မယှဉ်ပြိုင်မီတွင် မိစ္ဆာနတ်ဘုရားသားတော်သည် သူနှင့် စုရွှမ်ကြားက ကွာခြားမှုမှာ ထိုမျှလောက် ကြီးမားမည်မဟုတ်ဟု ထင်မှတ်ခဲ့သည်။

သို့သော် စုရွှမ်နှင့် ယှဉ်ပြိုင်အပြီးတွင် ၊ သူတို့နှစ်ဦးကြားက ကွာခြားမှုမှာ ကောင်းကင်ဘုံကဲ့သို့ပင် ကျော်ဖြတ်ရန်မဖြစ်နိုင်ကြောင်းကို သိရှိသွားသည်။

သို့သော် ယင်းကြောင့် မိစ္ဆာနတ်ဘုရားသားတော်သည် စိတ်ဓာတ်ကျမသွားပေ။

သူ တွေးနေသည်မှာ လက်ရှိတွင် သူသည် စုရွှမ်ကို မယှဉ်နိုင်လျှင်တောင် အရေးမကြီးချေ။

အမတရှေးဟောင်းကမ္ဘာထဲသို့ ရောက်ရှိသွားချိန်တွင် မည်သူ အောင်နိုင်မည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။

“သေစမ်း… စုရွှမ် ဘယ်လိုလုပ်ပြီး ဒီလောက် အားကောင်းရတာလဲ… ငါတော့ မယုံဘူး… အမတရှေးဟောင်းကမ္ဘာကို ရောက်တဲ့အခါ ငါ ကြီးမားတဲ့ ကံကြမ္မာအခွင့်အလမ်းကို ရအောင်ယူပြီး စုရွှမ်ကို ချုပ်နှောင်ပြမယ်…”

လင်းထျန်း၏ မျက်နှာမှာ မည်းမှောင်နေပြီး၊ သူ၏ မျက်ဝန်းထဲတွင် ကြမ်းတမ်းသောအမူအရာတစ်ချက် ဝင်းလက်သွားကာ တိုးတိုးလေး ဆိုလိုက်သည်။

သူသည် ပဉ္စမနေရာကို ရရှိခဲ့သော်လည်း မကျေမနပ် ဖြစ်နေသည်။

သူ လိုချင်သည်မှာ ပထမ‌နေရာပင် ဖြစ်သည်။

“ အိုင်း… ကျောင်းအုပ်ကြီးကို စိတ်ပျက်စေမိပြီ… ပါရမီရှင်တိုက်ပွဲကြီးက ငါ့နတ်ဘုရား ကျောင်းတော်မှာ ကျင်းပတာဆိုပေမယ့်… ငါက သတ္တမနေရာပဲ ရခဲ့တယ်…”

ကျောက်ဟုန်သည်လည်း အလားတူ မကျေမနပ်ဖြစ်နေပြီး သူ၏ အဆင့်မှာ ဤမျှသာ မဟုတ်ဟု ထင်မှတ်နေသည်။

မည်သို့ပင်ဖြစ်စေ ပါရမီရှင်တိုက်ပွဲကြီးမှာ ဤတွင် ဇာတ်သိမ်းသွားပြီ ဖြစ်သည်။

အမတရှေးဟောင်းကမ္ဘာသို့ ဝင်ရောက်မည့်သူများလည်း သတ်မှတ်ပြီးဖြစ်နေသည်။

“ရွှေစာရင်းပေါ်က လူကြီးမင်းတို့… ထွက်လာကြပါ…”

ချီဖုန်းသည် ကျယ်လောင်စွာ ဆိုလိုက်သည်။

သူသည် ဤတာအိုရွှမ်ကမ္ဘာထဲမှ အထွတ်အထိပ် ကောင်းကင်ပါရမီရှင် အယောက် တစ်ရာကို တွေ့ချင်နေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ၊ လူအယောက် တစ်ရာသည် ခမ်းနားထည်ဝါစွာ ပေါ်ထွက်လာကြသည်။

…

All Chapters