အခန်း (၃၁)
Vol. 4 Ch. 31
“အကြီးကဲလီ ဘာကိစ္စနဲ့ရောက်လာတာလဲ မေးခွင့်ရှိမလား”
ကျန်းရင်ရင်က လီဖူယွဲ့ဆီ လက်ဖက်ရည်တခွက်ကမ်းပေးရင်း လာရင်းကိစ္စအား မသိဟန်ဖြင့် မေးသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဂိုဏ်းအပြင်ထွက်ရင်း ကျင်းစီရင်စုကအခြနေကို စုံစမ်းကြည့်တော့ မင်းတို့အိမ်တော်နှစ်ခုကြား ပြဿနာကိုသိလိုက်ရတယ်လေ နောက်ပြီး မင်းကိုယ်တိုင်ကလည်း အကဲဖြတ်ပွဲပြီးတာနဲ့ အလျင်စလိုဖြစ်နေတော့ ဒါ ဖန်းအိမ်တော်နဲ့ပက်သက်မယ်ဆိုတာ ငါသိလိုက်တယ်”
ထိုမျှလောက်ဆိုရင်ဖြင့် ကျန်းရင်ရင်နားလည်သွားလေပြီ။ လီဖူယွဲ့က ကျန်းရင်ရင်ကို တပည့်အဖြစ်ခေါ်ချင်နေသည်က တကြောင်း ကျန်းရင်ရင်နောက်ကွယ်မှ စိတ်ဝင်စရားဖုံးကွယ်ထားမှုကို သိလိုသည့်အတွက် သူမက တိတ်တဆိတ်နောက်ယာင်ခံကာ လိုအပ်တဲ့အချိန်မှာတော့ ကျန်းအိမ်တော်ဘက်မှ ရပ်တည်ပေးလိုက်ခြင်း ဖြစ်သည်။
ကျန်းရင်ရင်က အနည်းငယ်စိတ်ရှုပ်ထွေးနေဟန်ဖြင့် ကျန်းဝမ်လီအား လှည့်ကြည့်သည်။ နှစ်ပေါင်းများစွာ ရှင်သန်လာသည့် ကျန်းဝမ်လီအဖို့ မြေးဖြစ်သူရဲ့ ကြမ်းတမ်းတဲ့ တိုးတက်မှုအား ဖုံးကွယ်ထားရန်ခက်ခဲသည်ကိုလည်း နားလာ်ထားပြီ ဖြစ်သည်။
“မိန်းကလေးလီ အခုကိစ္စက ကျန်းအိမ်တော်အနာဂတ်နဲ့ ပက်သက်ပါတယ် နားလည်မယ်လို့ ဒီလူအိုကြီး မျှော်လင့်တယ်”
ကျန်းဝမ်လီရဲ့စကားအား နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။ လီဖူယွဲ့အနေဖြင့် မကြာမီဖြစ်ပေါ်လာမည့် သားရဲကပ်ဘေးအား ရင်ဆိုင်ရာ၌ လူသားလောကတွက် အကူညီဖြစ်စေမည့် မည်သည့်အခွင့်လမ်းကိုမဆို ဖမ်းဆုပ်ထားမည့်သူဖြစ်သည်။ ကျန်းအိမ်တော်လို သေးငယ်သည့်မိသားစုလေးက မည်သို့သော ကံကောင်းမှုမျိုးနဲ့ ကြုံနေရသနည်း။
“ကောင်းပြီ ကျုပ်အနည်းငယ် ပြောပြပေးနိုင်ပါတယ်”
အဆုံးမှာတော့ ရေရှည်ကိုကြည့်၍ တေးသံသာဂိုဏ်းနဲ့ ယန်ချန့်ကြား ဆက်နွယ်မှုကို ပေးလုပ်လိုက်ခြင်းက သားရဲကပ်ဘေးသာမက ကျန်းအိမ်တော်ကိုလည်း တိုးတက်စေမည်ဟု သူတွေးလိုက်သည်။
“အဖြစ်ကတော့ ဒီလိုပါ”
ကျန်းအိမ်တော်ခန်းမတခုလုံး တိတ်ဆိတ်သွားကာ ကျန်းဝမ်လီအကြောင်းစုံ ရှင်းပြနေသည့်တောက်လျှောက်မှာလဲ လီဖူယွဲ့တယောက် တောက်ပသည့် မျက်လုံးအစုံဖြင့် စိတ်ဝင်တစား နားထောင်နေလေသည်။
ကျန်းရင်ရင် ကျန်းဝမ်လီ ကျန်းထန်တို့ကမူ လီဖူယွဲ့ခြေနေကို စောင့်ကြည့်နေကာ တေးသံသာဂိုဏ်းအနေဖြင့် ယန်ချန့်အပေါ် မကောင်းကြံနေသည်တော့ မဟုတ်တန်ရာဟု တွေးနေမိသည်။
အချိန်တချို့ ကုန်ဆုံးပြီးချိန်မှာတော့ ခန်းမကျယ်ထဲ၌ လီဖူယွဲ့၏ သက်ပြင်းချသံတခုသာ ထွက်ပေါ်လာသည်။
“ဒါဆို ပြိုင်ပွဲနေ့က ရှင်နဲ့အတူရှိနေတဲ့ လူငယ်လေးပေါ့”
လီဖူယွဲ့ရဲ့အမေးကို ကျန်းထန်က ပြန်ဖြေသည်။
“ဟုတ်ပါတယ် အကြီးကဲလီ”
လီဖူယွဲ့တယောက် အတန်ကြာ တိတ်ဆိတ်သွားပြီး သူမ မည်သည့်အရာကို တွေးနေမှန်း မည်သူမှ မသိကြချေ။ အတန်ကြာမှ…
“ကျမ သခင်လေးယန်နဲ့ တွေ့လို့ရနိုင်မလား”
ကျန်းဝမ်လီတို့ အချင်းချင်း ပြန်ကြည့်ကာ တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ စိတ်ထဲမှာတော့ လီဖူယွဲ့ကြောင့် ယန်ချန်စိတ်အနှောင့်ယှက် မဖြစ်လောက်ဟုသာ ယူဆထားလိုက်ကြသည်။
ကျင်းစီရင်စုက ရက်အနည်းငယ်အတွင်း ကျန်းအိမ်တော်ရဲ့ အပြည့်အဝချုပ်ကိုင်မှုအောက် တည်ငြိမ်သွားကာ ဓားတထောင်ဂိုဏ်းကလည်း မည်သည့်ပြဿနာမှ လာရောက်ရှာဖွေခြင်း မရှိခဲ့ပေ။
ကျန်းအိမ်တော်က ဖန်းအိမ်တော်ရှိ ဖန်းမိသားစုဝင်များကို ကျင်းစီရင်စုမှ မောင်းထုတ်ခဲ့ပြီး ဖန်းအိမ်တော်ရဲ့ လုပ်ငန်းအများစုကိုတော့ သိသာစွာပဲ ကျန်းအိမ်တော်က လက်ဝါးကြီးအုပ်လိုက်တော့သည်။ ထိုအပြောင်းအလဲက ပုရွတ်ဆိတ်နှစ်ကောင် အာဏာလုခြင်းထက် မပိုပေ။
အခြားမည်သည့်အဖွဲ့စည်းကမှ ဝင်ရောက်လာခြင်းမရှိပဲ ကျင်းစီရင်စုရဲ့ ငြိမ်းချမ်းတဲ့နေ့ရက်များက လျင်မြန်စွာရောက်ရှိလာကာ တနေ့မှာတော့ ကျန်းဝမ်လီဦးဆောင်ပြီး လီဖူယွဲ့ ကျန်းရင်ရင် ကျန်းယန် ကျန်းထန်တို့ ယန်ချန်ရှိရာ တောစပ်ရွာငယ်လေးအား ထွက်လာကြတော့သည်။
“အစ်မရှု ကျတော်တို့အပြင်မထွက်တာ ကြာပြီနော် ကျင်းစီရင်စု အခြေနေ ဘယ်လိုများဖြစ်နေမလဲမသိဘူး”
ယန်ချန့်စကားကိုရှုယင်က
“အပြောင်းအလဲ မရှိလောက်ပါဘူး ဒါပေမယ့် ဒီရက်ပိုင်း ရွာငယ်တွေထဲ လူအချို့ပြန်ဝင်လာတာကိုတော့ သတိထားမိတယ် မကြာခင် ပြန်စည်ကားတော့မယ် ထင်တယ်”
ယန်ချန့်က ထိုစကားကိုကြားလျင် တေးသံသာဂိုဏ်း၏ အတွင်းစည်းအကဲဖြတ်ပွဲတုန်းက ကြားသိခဲ့ရသည့် ဒုတိယအကြိမ် သားရဲကပ်ဘေးအကြောင်းအား သတိရမိသွားကာ ခေါင်းယမ်းလိုက်သည်။
“မကြာခင်မှာ ပထမတကြိမ်ထက် ပိုဆိုးတဲ့ သားရဲကပ်ဘေးတခု ဖြစ်လာနိုင်တယ်အစ်မရှု ဒီလူတွေ ရွာတွေထဲ ပြန်ဝင်လာတာက အန္တရာယ်များလွန်းတယ်”
ရှုယင်တယောက် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။
“တေးသံသာဂိုဏ်းက ရွာငယ်တွေကို ကာကွယ်ပေးနိုင်လောက်လား ဒါမှမဟုတ် ကျမတို့ ခရိုင်ကြီးတခုခုစီ ပြောင်းရင်ကော”
သူမပုံစံက အလွန်ထိတ်လန့်နေပြီး ရံဖန်ရံခါ၌ ယန်ပိုင်နဲ့အတူ ဆော့ကစားနေသည့် ယင်ယင့်ကိုကြည့်ကာ သက်ပြင်းတချချ ဖြစ်နေသေးသည်။
“အဲ့လောက်မစိုးရိမ်ရသေးပါဘူး သူတို့အထင်နဲ့ တွက်ဆရုံပဲ ရှိသေးတာပါ ဒါပေမယ့် ကျတော်တို့က တောစပ်နဲ့နီးတော့ ခရိုင်ကြီးကလူတွေထက် ပိုသတိထားရလိမ့်မယ် ကံမကောင်းတာက ဒီရွာတခုလုံးမှာ ကျတော်တို့ပဲရှိတာဆိုးတယ် မဟုတ်ရင် ရွာကာကွယ်ရေးအဖွဲ့တခု ကျန်းအိမ်တော်ကို အကူညီတောင်းလို့ရနိုင်တယ်လေ”
ယန်ချန်က သူတယောက်တည်း သားရဲကပ်ဘေးအား ရင်ဆိုင်နိုင်မည်ဟု မယုံချေ။ သို့သော်လည်း ကျန်းအိမ်တော်အား အကူညီတောင်းပြန်လျင်လည်း ထိုအိမ်တော်က ကူညီမည်မှာ သျောသည်အရာ မဟုတ်ဟု သူထင်သည်။ သူတတ်နိုင်တာက လက်ရှိရွာငယ်ပတ်ပတ်လည်နေရာအများပြားကို စစ်ဆေးပြီး ခြံစည်းရိုးတခု တဖြေးဖြေး တည်ဆောက်ခြင်း ဖြစ်သည်။ ထို့အပြင် ရှုယင်တို့သားအမိလုံခြုံစေရန် မြေအောက်ခန်းတခုလည်း တည်ဆောက်ရမည်။
“ခရိုင်ကြီးတွေမှာရှိတဲ့ ကျင့်ကြံသူတွေက သားရဲတွေထက် ပိုကြောက်ဖို့ကောင်းတယ် ကျတော်တို့ ရွာငယ်လေးကနေ နောက်ဆုံးအခြေနေမရောက်မချင်း မထွက်ခွာသင့်ဘူး”
ယန်ချန်က လက်ရှိရွာငယ်လေးကို ခင်တွယ်နေပြီး သူ့ခြေသူ့လက် စိုက်ပျိုးထားသည့် သီးပင်စားပင်နဲ့ ဆေးဝါးပင်များ မွေးမြူရေးလုပ်ငန်းများကိုလည်း နောက်တကြိမ် အစကပြန်မလုပ်ချင်တော့ပေ။ သူ့မှာသာ အစွမ်းရှိပါက ရွာငယ်လေးကို ကျင့်ကြံသူများအကူညီနဲ့ ကာကွယ်မည်ဖြစ်ပြီး တဖက်တွင် အနီးနားရှိ ရွာများပါမကျန် လူများပြန်လည်စည်ကား လာစေလိုသည်။
ငါက နှစ်တရာသေမျိုးဘဝနေရမှာ မြို့ပေါ်မှာ အခြေချဖို့ ဒီတသက်မတွေးတော့ဘူး။
ရှုယင်တယောက် ယန်ချန့်ဆုံးဖြတ်ချက်အား ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြကာ ခြံဝန်းထဲ ထွက်ခွာသွားချိန် အပြင်ဘက်မှ အသံတခုကြားလိုက်ရသည်။
လီဖူယွဲ့တယောက် သူမရဲ့ပျံသန်းရေးယဥ်ကိုထုတ်၍ ကျန်းဝမ်လီတို့အား လိုက်ပါစေကာ ယန်ချန်နေထိုင်သည့် ရွာငယ်အစပ်အရောက်မှာတော့ မြေပြင်ပေါ်ဆင်းသက်လိုက်သည်။
“ကျမတို့ ရွာထဲကိုလမ်းလျှောက်ဝင်မယ် ဒါက သခင်လေးယန်ကိုလည်း လေးစားမှုပြုရာ ရောက်တယ်”
လီဖူယွဲ့စကားကို ကျန်သူများက ထောက်ခံကြသည်။ လီဖူယွဲ့က လူသူကင်းရှင်းနေသည့် ရွာငယ်လေးအားကြည့်ကာ တစုံတရာတွေးနေပြီး တဆက်တည်း သားရဲကပ်ဘေးဖြစ်ပွားပါက တောစပ်ရှိရွာငယ်များ အရင်ဆုံးထိခိုက်မည်ကို တွေးမိသွားသည်။ သို့သော်လည်း ယန်ချန့်ရှိနေသရွေ့ မည်သည်အရာဖြစ်ပျက်မည်နည်း။
လီဖူယဲဲတို့ နာရီဝက်ခန့်လျှောက်လာပြီးချိန်မှာတော့ ယန်ချန်ရဲ့ခြံဝန်းကျယ်အား မြင်လိုက်ရသည်။ “ဟိုကခြံဝန်းပဲ အကြီးကဲလီ”
ကျန်းရင်ရင်က ညွှန်ပြလိုက်ပြီး ကျန်းဝမ်လီက ဦးဆောင်၍ ခြံဝန်းတံခါးအား အသာပုတ်ကာ အိမ်ထဲ အသံပြုကြည့်သည်။
“သခင်လေးယန် သခင်လေးယန်ရှိလား”
ကျန်းဝမ်လီ လီဖူယွဲ့ ကျန်းရင်ရင်တို့အားလုံး ခြံဝန်းထဲအား စိတ်ဝိဉာဥ်အာရုံဖြင့် စစ်ဆေးကြည့်သော်လည်း သူတို့ရဲ့စိတ်ဝိဉာဥ်အာရုံကို တစုံတရာက ပိတ်ဆို့ထားသည်အလား မည်သည့်အရာမှ မမြင်ရချေ။
လီဖူယွဲ့တယောက် ထိတ်လန့်သွားသည်။ စိတ်ဝိဉာဥ်အာရုံကိုတောင် ပိတ်ဆို့ထားတယ်လား။ သိထားရသည်မှာ ထိုအခြေနေကိုပြုလုပ်ရန် တဖက်သူက မိမိထက် စိတ်ဝိဉာဥ်စွမ်းအား ပိုကောင်းရန်လိုပြီး အခြားနည်းတခုကတော့ အာရုံကိုပိတ်ဆို့နိုင်တဲ့ အစီရင်ခင်းကျင်းထားရမည် ဖြစ်သည်။ လီဖူယွဲ့ စစ်ဆေးကြည့်ရသလောက် မည်သည့်အစီရင်လက္ခဏမှ မတွေ့ရပေ။ ထို့သို့ဆိုလျှင်….။
မကြာမီ ခြံဝန်းတံခါး ညင်သာစွာပွင့်သွားပြီးနောက် တည်ငြိမ်အေးချမ်းတဲ့ လူငယ်တယောက် ထွက်ပေါ်လာသည်။
“သြော် အဖိုးလီတို့ပဲ ဝင်ခဲ့ဗျာ ကျတော်တောင် ဒီရက်ထဲ ကျင်းစီရင်စုဆီ သွားမလို့တွေးနေတာ”
ယန်ချန်က ပြုံးရင်း လမ်းပေါက်ဖယ်ပေးကာ ကျန်းဝမ်လီတို့အား ဝင်စေပြီး အိမ်ထဲအား ဦးဆောင် ခေါ်သွားတော့သည်။
-ဒီနေရာက ချီဓာတ်စွမ်းအင် သိသိသာသာ ပြည့်နှက်နေတာပဲ ဒါက ဂိုဏ်းချုပ်စုရဲ့တောင်ကုန်းထက် ဆယ်ဆလောက်သာတယ် မဟုတ်ဘူး အဆတရာ သာတယ်။
-နောက်ပြီး အဆင့်မြင့်နဲ့ စိတ်ဝိဉာဥ်အဆင့် ပြီးတော့ သူတော်စင်အဆင့် ဆေးပင်
လီဖူယွဲ့၏အကြည့်က ယင်ယင်နဲ့ဆော့ကစားနေသည့် ယန်ပိုင်ထံ အကြည့်ရောက်သွားကာ အမှတ်မထင်ယန်ပိုက်ကလည်း သူမဘက်လှည့်ကြည့်လာတာနဲ့ ဆုံလေသည်။
-သားရဲဧကရာဇ်အဆင့်လား ဒါက အတိဒုက္ခအထွဋ်အထိပ်နဲ့ညီနေပြီ ဒီလိုသားရဲကို အိမ်မွေးတိရိစ္ဆာန် လုပ်ထားတယ်တဲ့လား ကြောက်စရာကောင်းလိုက်တာ
လီဖူယွဲ့တယောက် တုန်လှုပ်နေပြီး ကျန်းဝမ်လီတို့မြေးအဖိုးကမူ ပထမတကြိမ် ကြုံဖူးပြီဖြစ်၍ မထူးခြားတော့ပေ။ ကျန်းထန်က ယန်ချန်နဲ့စကားစမြည်းပြောနေလေသည်။
“ထိုင်ကြပါ အိမ်က ကျဥ်းတော့ အားနာရပါတယ်”
ယန်ချန်က ကျန်းဝမ်လီတို့အား ထိုင်စေပြီးနောက် ရှုယင်အား လက်ဖက်ရည်အိုး စီစဥ်စေသည်။
“မဟုတ်တာပဲ သခင်လေးယန် ကျမတို့က ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာရလို့ အားနာနေတာပါ ဒါနဲ့ စကားမစပ် မိတ်ဆက်ပေးပါရစေ ဒါက တေးသံဂိုဏ်း ကြိုးကြာတောင်ထွဋ်သခင် အကြီးကဲလီပါ”
ကျန်းရင်ရင်က လီဖူယွဲ့အား မိတ်ဆက်ပေးပြီး ယန်ချန့်အမူရာ အပြောင်းလဲအား စောင့်ကြည့်နေလေသည်။
“အိုး အကြီးကဲလီပဲ အကဲဖြတ်ပွဲမှာတုန်းက တွေ့လိုက်တယ် ခင်ဗျားလို ထိပ်တန်းကျင့်ကြံသူတယောက် လာရောက်လည်ပတ်တာ ဂုဏ်ယူပါတယ်ဗျာ”
ယန်ချန်က ချက်ချင်းပဲ အားတက်သရော နှုတ်ဆက်ကာ စိတ်ထဲမှာတော့ တေးသူံာဂိုဏ်းမှ အကြီးကဲလီ၏ ပေါင်ကိုမည်သည့်နည်းဖြင့် ဖက်ရန် တွေးနေတော့သည်။
“ကျမကလည်း သခင်လေးယန်နဲ့ တွေ့ရတာဝမ်းသာပါတယ်ရှင်”
လီဖူယွဲ့က အပြုံးနုနုလေးဖြင့် ပြန်လည်တုန့်ပြန်ရင်း အိမ်အတွင်းပိုင်းအားလည်း မသိမသာ စစ်ဆေးနေလေသည်။ မကြာမီ ရှုယင်က လက်ဖက်ရည်အိုး လာရောက်ပို့ဆောင်ပြီးချိန်မှာတော့ လာရင်းကိစ္စအား မေးမြန်းတော့သည်။
“အဖိုးလီတို့ ဘာကိစ္စနဲ့ ရောက်လာကြတာလဲ ကျင်းစီရင်စုကကော ဘယ်လိုအခြေနေလဲ”
ယန်ချန့်အမေးကို ကျန်းဝမ်လီက
“မကြာသေးမီကပဲ ဖန်းအိမ်တော်ကို ဖယ်ရှားလိုက်ပါပြီ အခုကျန်းအိမ်တော်ကပဲ ကျင်းစီရင်စုကို စီမံနေတာပါ လာရင်းကိစ္စကတော့ ဒီကအကြီးကလီက ပြောပြ ပါလိမ့်မယ်”
ကျန်းဝမ်လီရဲ့စကားကိုကြားလျင် စကားဝိုင်း၌ တိတ်ဆိတ်နေသည့် ရှုယင်တယောက် တုန်ရင်သွားသည်။
“ဖန်းအိမ်တော် မရှိတော့ဘူးလား”
သူမက ဖန်းအိမ်တော်ကို မုန်းတီးသော်လည်း ယောက်ျားဖြစ်သူရဲ့ မိသားစုဖြစ်နေသည့်အတွက် အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိသေးသည်။
………………………………………………