အခန်း (၃၃)
Vol. 4 Ch. 33
တနေ့တာကုန်သွားလေပြီ။
နောက်တနေ့မနက်မှာတော့ ယန်ချန်ရဲ့ ရိုးစင်းတဲ့ဘဝ ဖြတ်သန်းမှုတခု ပြန်လည်ရောက်ရှိလာကာ တနေ့တာအချိန်အများစုအား ဆေးဖော်စပ်ခြင်း အဆောင်များပြုလုပ်ခြင်းတို့တွင် ကုန်ဆုံးနေခဲ့သည်။
တဖက်တွင် ရှုယင်ရဲတောင်းဆိုချက်အရ ကိုယ်ခံပညာအနည်းငယ်ကိုလည်း စတင်သင်ကြားပေးနေပြန်သည်။ စနစ်၏ ကိုယ်ခံပညာဆိုသည်ကား ရိုးစင်းသော်လည်း အလွန်ထိရောက်သည့် တိုက်ခိုက်ရေးပညာရပ်များဖြစ်ပြီး အခြေခံလက်နက်မဲ့ တိုက်ခိုက်ခြင်း ဓားရေး လှံရေး လေးမြှားမှစ တိုက်ခိုက်ရေးပညာရပ်များ အားလုံးက ထိပ်တန်းအဆင့်အရည်သွေးများရှိသည်ဟု ယန်ချန်ထင်သည်။ သို့သော်လည်း ထိုမျှသာဖြစ်သည်။ ကျင့်ကြံသူတယောက်တော့ ဖြစ်မလာနိုင်ပေ။
“ဘယ်ဘက်လက်ကို အကာကွယ်အနေနဲ့ မျက်နှာရှေ့ ဆန့်ကွေးထား ညာဘက်လက်က ရေပြင်ညီတဖြောင့်တည်း ရှေ့ကိုဆန့်ထားလိုက်”
ယန်ချန်တယောက် လက်နက်မဲ့တိုက်ခိုက်ခြင်း ခုခံခြင်း နည်းလမ်းများအား သင်ကြားပေးနေခြင်း ဖြစ်သည်။ ရှုယင်ရဲ့ ဖြူနုသည့်မျက်နှာလေးက အနည်းငယ်နီရဲနေသော်လည်း သူမက ခေါင်းမာပြီး ဇွဲကြီးလွန်းသည်ဟု ယန်ချနိထင်သည်။ နာရီပေါင်းများစွာ အပင်ပန်းခံနိုင်တဲ့သတ္တိက ယန်ချန့်ထက်ပင် သာလွန်သေးသည်။
“မျက်လုံးတွေက ရှေ့တည့်တည့်ကို ကြည့်ထားဖို့လိုမယ် ပြီးတော့ ရန်သူနဲ့ကိုယ့်ကြားမှာ အနည်းဆုံးသုံးပေ ခြားထားဖို့လည်း မမေ့နဲ့”
ရှုယင် ခေါင်းညိတ်ပြကာ ယန်ချန်သင်ကြားပေးသည့် ကိုယ်ဟန်အနေထားအား တည်ငြိမ်အောင်ကြိုးစားသည်။ သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးက နေရောင်အောက် ထင်းခနဲ ဖြစ်နေပြီး အမည်မသိ စွဲဆောင်မှုတခု ထုတ်လွှတ်နေကာ ယန်ချန်လည်း အမှတ်မဲ့ဖြင့် အကြိမ်ချို့ ငေးကြည့်လုနီးပါး ဖြစ်သွားသည်ကို ကျိတ်၍ ဝန်ခံနေရသည်။
ခန္ဓာကိုယ်နဲ့ကပ်လျက် လေ့ကျင့်ရေးဝတ်စုံကြောင့်လည်း ရှုယင်ရဲ့အလှတရားက ထင်ပေါ်နေခြင်းဖြစ်သည်။
“တံတောင်ကို အပြင်ဘတ်မထုတ်နဲ့”
ယန်ချန့်ရဲ့လက်က ရှုယင်၏ ဘယ်ဘက်တံတောင်ဆစ်အား အသာကိုင်၍ အတွင်းဘက်သို့ အနည်းငယ်ဖိတွန်းလိုက်လျင် ရှုယင်တယောက် ဆတ်ခနဲတုန်ယင်သွားကာ ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားလေသည်။
-ငါ ဘာဖြစ်သွားတာလဲ
သူမနှလုံးခုန်နှုန်းများ သိသာစွာမြန်ဆန်လာပြီး အသားချင်းထိခတ်မှုနဲ့အတူ နောက်ကျောဘက်မှ ယန်ချန့်ရဲ့အသက်ရှုငွေ့က သူမလည်ဂုတ်နဲ့ နားရွက်အဖျားတို့ကို ပွတ်သပ်သွားသည်။ ယန်ချန်ကတော့ ထိုအခြေနေကို သတိမထားမိပေ။
“မှန်တယ် ဒီကိုယ်ဟန်အနေထားပဲ ဘယ်ခြေရှေ့ ညာခြေအနောက် ညာခြေအရှေ့ ဘယ်ခြေအနောက် အပြန်အလှန် ပြောင်းပေးနေရမယ်”
ရက်အနည်းငယ်အတွင်း လက်နက်မဲ့တိုက်ခိုက်ခြင်း အခြေခံများကို ကျွမ်းကျင်လာရန် အားစိုက်သင်ကြားပေးနေပြီး ထိုမှတဆင့် သူမရွေးချယ်ထားသည့် ဓားရေးအခြေခံများကို နောက်တဆင့်အဖြစ် ဆက်လက်သင်ကြားပေးမည် ဖြစ်သည်။ အဆုံးမှာတော့ ဤလောကသည် ခွန်အားသာအရာရာဟု ဆိုနိုင်သည့် လောကဖြစ်၍ သေမျိုးဖြစ်စေ ကျင့်ကြံသူဖြစ်စေ လုံလောက်သည့်ခွန်အားမရှိထားပါက ရှင်သန်ရန် ခက်ခဲမည်သာ ဖြစ်သည်။
အချိန်များ တဖြေးဖြေးကုန်ဆုံးသွားကာ နေ့တဝက်ကြာပြီးနောက် ရှုယင်လည်း အနားယူကာ နေ့လည်စာပြင်ဆင်ရန် မီးဖိုခန်းထဲသို့ ထွက်သွားတော့သည်။ နောက်ပိုင်းရက်များ၌ ရှုယင်ရဲ့လက်ရာက သိသာစွာတိုးတက်လာပြီး ယန်ချန့်ကိုပင် မှီလုနီးပါး ဖြစ်လာသောကြောင့် ယန်ချန်တယောက် မီးဖိုချောင်ဝင်စရာမလိုတော့ပေ။ အထူးအခြေနေမဟုတ်ပါက ယန်ချန်ချက်ပြုတ်မည် မဟုတ်တော့။
“ယန်ပိုင် ခဏလာဦး”
ခြံဝင်းထဲ ယင်ယင်နဲ့အတူ ပြေးလွှားနေသည့် ယန်ပိုင့်အား ခေါ်လိုက်သည်။ ယန်ချန့်အသံကိုကြားလျင် ယန်ပိုင်လည်း ဝဖိုင့်နေတဲ့ ခန္ဓာကိုယ်ကြီးနဲ့မလိုက် သွက်လက်စွာ ပြေးလာသည်။
“အနီးနားရွာတွေနဲ့ တောစပ်နေရာအချို့ကို စစ်ဆေးကြည့်လိုက် ဒီရက်ပိုင်းငါ့စိတ်ထဲ နေလို့မကောင်းဘူး သားရဲအသံချို့ ကြားနေရတယ်”
ယန်ချန်စကားကိုကြားလျင် ယန်ပိုင်က ခေါင်းညိတ်ပြကာ ခြံဝန်းထဲမှ ပြေးထွက်သွားတော့သည်။ ယန်ချန်ဆီရောက်လာသည်မှ ယနေ့က ပထမဆုံး ခြံဝန်းအပြင် ထွက်ခွင့်ရခြင်း ဖြစ်သည်။
-အင်း ကျင့်ကြံရေးလောကက သားရဲတွေက တကယ်ထူးခြားတယ် လူသားစကားကိုတောင် နားလည်နေကြပါလား
ယန်ချန်လည်း ယင်ယင်ကိုချီမကာ နေ့လည်စာစားရန် အိမ်ထဲ ပြန်ဝင်သွားတော့သည်။
တေးသံသာဂိုဏ်း ဂိုဏ်းချုပ်နေထိုင်ရာတောင်ထွဋ်၌ ဂိုဏ်းချုပ်စုလဲ့ လီဖူယွဲ့အပြင် ဂိုဏ်းရဲ့ထိပ်တန်းအကြီးကဲများ တောင်ထွဋ်သခင်များ စုဝေးနေကြသည်။
“ဖူယွဲ့ နင်ပြောတာသေချာလား”
အကြီးကဲတဦးက မယုံနိုင်ဟန်ဖြင့်မေးသည်။ လီဖူယွဲ့က
“အမှန်ပဲ ကျန်းရင်ရင်ကို ရှင်တို့သိမှာပါ သူမရဲ့ပြောင်းလဲမှုကိုလည်း သတိထားမိကြမယ်လို့ ကျမထင်တယ် ပြီးတော့ သူ့နောက်ကွယ်က လူကို ကျမကိုယ်တိုင် တွေ့ခဲ့ရတယ် အဲ့ဒီလူက…”
လီဖူယွဲ့တယောက် ယန်ချန်နဲ့ဆုံတွေ့ခဲ့သည့် အခြေနေများ ရှင်းပြနေခဲ့ပြီး ထိုအထဲ၌ သားရဲဧကရာဇ်အား ကလေးတဦးနဲ့ ဆေ့ကစားစေခြင်း သူတော်စင်အဆင့် ဆေးပင်များအကြောင်း ပြီးနောက် သူမရဲ့စိတ်အာရုံကိုတောင် အစီရင်မပါပဲ ပိတ်ဆို့ထားနိုင်သည့် ယန်ချန်ရဲ့စိတ်စွမ်းအင်အပြင် ယန်ချန်ကိုယ်တိုင်တွင်လည်း မည်သည့်အရှိန်ဝါမှမရှိပဲ သူမကို ကြောက်မက်ဖွယ်ရာ ဖိအားတခုပေးစွမ်းနိုင်ကာ ထိုဖိအား ဂိုဏ်းချုပ်စုထက်ပင် အဆများစွာ သာလွန်ကြောင်း ပြောပြနေခဲ့သည်။
လီဖူယွဲ့၏ စကားအဆုံး၌ အကုန်လုံးက မှင်သက်နေကြပြီး ဂိုဏ်းချုပ်စုလဲ့ကိုယ်တိုင်ပင် အတန်ကြာတိတ်ဆိတ်နေခဲ့သည်။ ထိပ်တန်းအကြီးကဲများဆိုသည်ကား ကျင့်ကြံရေးလောက၏ အထွေထွေအကြောင်းရာများကို သိထားပြီး ထျန်းဟွမ်လောကရှိ မည်သည့်အင်အားစုတွင်မဆို မဟာယနထက်မြင့်သည့် ကျင့်ကြံသူမရှိသည်ကိုလည်း သိထားကြသည်။
သူတော်စင်အဆင့် ကျင့်ကြံသူမပေါ်ထွက်တော့သည်မှာ မည်မျှကြာပြီနည်း။ ထို့အပြင် အင်မော်တယ်လမ်းကြောင်း ပြတ်တောက်သွားပြီးနောက် အင်မော်တယ်ဘုံတံခါး ပိတ်ဆို့သွားပြီး ထျန်းဟွမ်လောကကြီး၏ ချီဓာတ်များလျော့ကျလာခြင်းကလည်း ကျင့်ကြံရေးလောကကို အထိုက်အလျောက် ထိခိုက်စေခဲ့ကာ မဟာယနာအဆင့်ကိုပင် ယခုခေတ်၌ တက်ရောက်ရန် မလွယ်တော့ပေ။
လီဖူယွဲ့က အကုန်လုံးရဲ့အခြေနေကို အသာကြည့်နေပြီးနောက် ယန်ချန့်ထုတ်ပေးလိုက်သည့် ဆေးရည်ပုလင်းအချို့အား ဂိုဏ်းချုပ်စုထံ ကမ်းပေးလိုက်သည်။
“ဂိုဏ်းချုပ်စု ဒါက သခင်လေးယန်ရဲ့ ခန္ဓာကိုယ်အားဖြည့်ဆေးရည်ပါ အခြေခံဆေးရည်တမျိုးဖြစ်ပေမယ့် ဒီဆေးရည်က ကျမတို့အတွက် ထိရောက်မှုရှိလိမ့်မယ်လို့ ကျမယုံကြည်တယ်”
စုလဲ့က လီဖူယွဲ့ကမ်းပေးသည့် ဆေးရည်ပုလင်းအား အသာယူကာ အနံ့ခံကြည့်သည်။ မွှေးပျံ့သည့်အနံ့တခုရလိုက်ပြီး စက္ကန့်ပိုင်းအတွင်း သူမရဲ့ချီဓာတ် တုန်ခါသွားကာ အနည်းငယ်ဆူပွက်လာသည်ဟုပင် ခံစားလိုက်ရသည်။
-ဒီဆေးရည်က ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ကို အားဖြည့်စေရုံလောက် မရိုးရှင်းနိုင်ဘူး
စုလဲ့ တုန်လှုပ်သွားသည်။ သေမျိုးဆေးဆရာတဦးရဲ့ သာမန်ဆေးရည်တခု… ထိုအရာက ထိပ်တန်းကျင့်ကြံသူများကို တုန်လှုပ်စေခြင်း။ ထိုသူကား သေမျိုးတယောက်မဖြစ်နိုင်တော့။ လီဖူယွဲ့ဆိုသလိုပင် သေမျိုးလောကထဲရောက်နေသည့် အင်မော်တယ်တပါးသာ ဖြစ်ချေမည်။
………………………………………………..