အခန်း (၃၄)
Vol. 4 Ch. 34
စုလဲ့ လက်ထဲရှိ ဆေးရည်ပုလင်းအားဆုပ်ကိုင်၍ အလေးအနက် စဥ်းစားနေသည်။
ဆေးရည်က ကျင့်ကြံရေးလောကတခုလုံး ဗြောင်းဆန်သွားစေနိုင်ပြီး သူမတို့ဆီ၌ ဆေးရည်ရှိသည်ကိုသာ အပြင်လူများသိသွားကြပါက မဆုံးနိုင်တဲ့ တိုက်ခိုက်မှုများကို ရင်ဆိုင်ရမည်မှာ မလွဲဧကန်ပင်။
စုလဲ့ သက်ပြင်းချ၍ ဆုံးဖြတ်ချက်ချလိုက်သည်။ ဆေးရည်အား သားရဲကပ်ဘေးအတွက် ထိရောက်စွာ အသုံးချမည်ဖြစ်ပြီး ကပ်ဘေးအတွက် ပူးပေါင်းခဲ့ကြသည့် အင်အားစုများကို ခွဲဝေပေးမည် ဖြစ်သည်။ သို့သော်လည်း တခုရှိသည်က မည်သို့ခွဲဝေမည်နည်း။ ထိပ်တန်းအဆင့်ရှိသူများကိုသာ စုစည်းပြီး မျှဝေမည် ဖြစ်သည်။
“ဖူယွဲ့ ဒီတခေါက် နင်က ဂိုဏ်းကိုတကယ်အကျိုးဆောင်ခဲ့တယ် ပြီးခဲ့တဲ့အကြိမ်တုန်းက ငါတို့စုစည်းပြီး ဆွေးနွေးမှုကနေ သားရဲကပ်ဘေးတွေရဲ့နောက်မှာ သွေးမိစ္ဆာဂိုဏ်းရှိနေတယ်လို့ ဧကရာဇ်ရဲ့ တော်ဝင်အကြီးကဲတွေက ဆုံးဖြတ်ထားတယ် ဒီတော့ ငါတို့ရင်ဆိုင်ရမှာက ဒီတကြိမ်မှာ ပိုပြီးကြမ်းတမ်းလာနိုင်တယ် အခု ဒီဆေးရည်ကို ငါသိမ်းထားမယ် ချက်ချင်းပဲ ဂိုဏ်းကိုကြေငြာချက်ထုတ်လိုက် နောက်၄လအတွင်း ဂိုဏ်းပေါင်းစုံပြိုင်ပွဲလုပ်မယ် ဆုလာဒ်ကတော့”
စုလဲ့ရဲ့ရည်ရွယ်ချက်ကို သဘောပေါက်သည့် ရှုယင်က ခေါင်းညိတ်ပြလိုက်သည်။
“ကျမနားလည်ပါပြီ ဂိုဏ်းချုပ် အကြီးကဲတွေနဲ့ တိုင်ပင်ပြီး စီစဥ်လိုက်ပါမယ်”
“ကောင်းတယ် ငါလည်း အချို့အင်အားစုတွေနဲ့ တွေ့ဖို့ရှိတယ် ကိစ္စတွေကို မနှောင့်နှေးစေနဲ့”
စုလဲ့နှင့် လီဖူယွဲ့တို့ အပြန်အလှန်ပြောနေစဥ် အခြားသူများကတော့ တုန်လှုပ်နေမှုမှ မလွတ်မြောက်သေးချေ။
“မင်းသွားလို့ရပြီ ကျန်တဲ့အကြီးကဲတွေ နေခဲ့ကြပါ”
လီဖူယွဲ့တယောက် အရိုအသေပေး၍ လျင်မြန်စွာထွက်ခွာသွားသည်။ ဂိုဏ်းချုပ်ရဲ့ စကားအရ ဆေးရည်ရဲ့အကျိုးအာနိသင်က စမ်းသပ်ရန်ပင် မလိုတော့ချေ။ ကျန်းအိမ်တော်က အဘယ့်ကြောင့် ထိုမျှကံကောင်းနေရသနည်း။
တောတွင်းတနေရာ…
ယန်ချန်ရဲ့တရားဝင် ခွင့်ပြုချက်ဖြင့် ထွက်ခွာလာသည့် ယန်ပိုင်တယောက် တောတွင်းတနေရာကို ရောက်ရှိလာသည်။
“ကောင်လေးတို့ ဘိုးဘိုးပိုင်လာပြီ”
ယန်ပိုင်ရဲ့ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက လှုပ်လီလှုပ်လဲ့ ဖြင့်ရွေ့လျားနေကာ မျက်လုံးများကလည်း ပတ်ဝန်းကျင်ကို အဆက်မပြတ် အကဲခတ်နေလေသည်။
-သခင်လေးက တခုခုကို အာရုံခံမိနေလို့များ ငါ့ကိုစစ်ဆေးခိုင်းတာလား ငါ့အထင် ထူးခြားတာ ဘာမှမတွေ့ပါဘူး
ယန်ပိုင်ရဲ့အရှိန်ဝါကို ဖုံးကွယ်၍ သာမန်ဝက်ဝံတကောင်ကဲ့သို့ သွားလာနေခြင်းဖြစ်ကာ တောထဲရှိသားရဲများသာ တခုခုထူးခြားနေပါက အလျင်မြန်သိရနိုင်သော်လည်း နေ့တဝက်ကျိုးသည်အထိ ထူးခြားမှုမရှိသေးပေ။
-ငါပဲ အထင်မှားတာလား တောတခုလုံး ပုံမှန်ထက် ပိုတိတ်ဆိတ်နေတယ် ဘယ်ရောက်ကုန်တာလဲ
ယန်ပိုင်ရဲ့ မျက်လုံးများ ဟိုဒီဝေ့ဝဲနေစဥ်မှာပင် သားကောင်ရိပ် အချို့ ပတ်ပတ်လည်မှ ထွက်ပေါ်လာသည်။
“ဂီး…အူးး…ဝူးးး”
ကောင်းကင်ဝံပုလွေ မျိုးနွယ်ခွဲ ဖြစ်တဲ့ ဝံပုလွေ ၆ကောင်….။
ထိုပမာဏက သာမန်သားရဲများသာမက မိစ္ဆါသွေးနိုးထ သည့် သားရဲများကိုပင် ထိတ်လန့်စေသည့် အစုအဖွဲ့ဖြစ်သည်။ ယန်ပိုင့်အတွက်တော့ အသေးအမွှားဖြစ်သည်။ ဝံပုလွေများရဲ့အားသာချက်က လျင်မြန်မှုနဲ့ ပေါင်းစည်းနိုင်စွမ်းဖြစ်ကာ အုပ်စုလိုက်တိုက်ခိုက်ရာ၌ ကြောက်မက်ဖွယ်ကောင်းသည်ဟု အမည်ကြီးသည်။
“ဝက်ဝံပေါက်လေးပဲ ဘယ်ကနေ မျက်စိလည်လာတာလဲ”
ဝံပုလွေအဖွဲ့ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသည့် ဝံပုလွေက ရန်စလာသည်။ သေချာသည်က သူတို့ ယန်ပိုင့်ကိုအမဲလိုက်ကြမည် ဖြစ်သည်။
“အစ်ကိုကြီး ကျတော်တို့ဒီနေ့ တကယ်ကံကောင်းတာပဲ ကင်းလှည့်ရင်း မတော်တဆ အစာကြီးတခုတွေ့လိုက်ပြီ”
ကျန်ဝံပုလွေများကလည်း အားတက်သရော ထောက်ခံကာ ယန်ပိုင့်ကို ဝါးမြိုချင်နေသည့် မျက်လုံးရဲများဖြင့် စိုက်ကြည့်ကြသည်။
“မင်းတို့က ငါ့ကိုအမဲလိုက်ချင်တာလား”
ယန်ပိုင်က ကြီးမားသည့် လက်ကြီးနှစ်ဖက်အား ကျောဘက်၌ မသိမသာချိတ်၍ ရံဖန်ရံခါ ယန်ချန်ခြံဝင်းအတွင်း လမ်းလျှောက်တိုင်း ပြုလုပ်သည့်ဟန်ပန်ကို တုပလေသည်။
“ကောင်လေး မင်းမကြောက်ဘူးလား”
“ကြောက်ရမယ်.. ငါက… မင်းတို့ကိုပေါ့.. ဟုတ်လား”
ယန်ပိုင်ရဲ့ အမူအရာက မထေ့မဲ့မြင်ဟန် အပြည့်ရှိပြီး အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိသည်ကိုတွေ့လျင် ဝံပုလွေခေါင်းဆောင်လည်း ဒေါသထွက်သွားသည်။
“မင်းက သာမန်ဝက်ဝံလေးပဲ ဒါတောင်ငါတို့လို ကောင်းကင်ဝံပုလွေအဖဲဲရှေ့မှာ မောက်မာရဲတယ်ပေါ့”
ဟမ့် ဘာကိုကောင်းကင်ဝံပုလွေလည်း မျိုးနွယ်ခွဲလေးတခုကများ။
ယန်ပိုင်က ဘယ်ဘက်လက်ဖြင့် နားကလော်ဟန်ပြုလုပ်လိုက်သည်။ အနှီခွေးလိုလို ဝံပုလွေလိုလို မျိုးစပ်သတ္တဝါများအား သူအရေးပင်မစိုက်။ အသုံးချရန် နေရာရှိနေသည့်အတွက်သာ ဆက်နေနေခြင်းဖြစ်သည်။
ဝံပုလွေခေါင်းဆောင်နဲ့ ကျန်ဝံပုလွေများ ပေါက်ကွဲသွားကြတော့သည်။ သာမန်ဝက်ဝံလေးက စော်ကားနေခြင်းကို သူတို့သည်းမခံနိုင်ကြတော့ချေ။
“မင်းရဲ့အချိုးတွေကို ငါပြင်ပေးမယ်ကောင်လေး”
ဝံပုလွေခေါင်းဆောင်က လျှပ်တပြတ် ခုန်အုပ်လာသည်။ ထို့အတူ ကျန်ဝံပုလွေ၅ကောင်ကလည်း ပတ်ပတ်လည်မှ တိုက်ပွဲဝင်ရန် ချောင်းမြောင်းနေပြီး ခေါင်းဆောင်ကစတင်ခုန်အုပ်လိုက်သည်နှင့် ဘေးပတ်ပတ်လည်မှ ယန်ပိုင်ရဲ့ ကြီးမားသည့် ခန္ဓာကိုယ်ကြီးအား ဝင်ရောက်ကိုက်ခဲရန် ကြိုးစားတော့သည်။
“အရမ်းလောလွန်းတယ် သခင်လေးရဲ့ဟန်ပန်တွေအကုန် ငါမစမ်းကြည့်ရသေးဘူးလေ”
ယန်ပိုင်က တည်ငြိမ်စွာပဲ ဝံပုလွေခေါင်းဆောင်ရဲ့ ခုန်အုပ်မှုအား ပွတ်ကာသီကာ ရှောင်တိမ်းလိုက်ပြီး ဘေးနှစ်ဖက်မှ တိုးဝင်လာသည့် နှစ်ကောင်ကိုတော့ လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်။
မင်းတို့ကိုမိပြီ ဟဲဟဲ..။
ဝံပုလွေနှစ်ကောင်က ထိတ်ခနဲဖြစ်ကာ ရှောင်တိမ်းရန်ကြိုးစားသော်လည်း မမီတော့ချေ။ လက်ကြီးနှစ်ဖက်က တင်းကျပ်စွာဆုပ်ကိုင်ပြီး ဝံပုလွေနှစ်ကောင်ရဲ့ ခန္ဓာကိုယ်နှစ်ခုအား အချင်းချင်း ရိုက်ချလိုက်တော့သည်။
“ဖြောင်း”
“အူးး”
ရိုက်ချက်ကပြင်းသည်။ အားပါသည်။ ယန်ပိုင့်အတွက် အပြင်ခွန်အားသက်သက်သာ သုံးခဲ့ပြီး မည်သည့်အတွင်းချီဓာတ်မှ မပါပေ။ သို့သော်လည်း ထိုမျှလောက်ကပင် ဝံပုလွေနှစ်ကောင်အတွက် ကမ္ဘာပျက်ရန် လုံလောက်နေချေပြီ။
ဝံပုလွေနှစ်ကောင်ခမျာ တိုးညင်းတဲ့အော်သံတခုနဲ့အတူ မြေပြင်ပေါ်ပြုတ်ကျသွားချိန် ယန်ပိုင်ရဲ့ ညာဘက်ခြေထောက်က ဝံပုလွေတကောင်ရဲ့ ဦးခေါင်းအား ထိထိမိမိ ကန်မိသွားပြန်သည်။
-မိုက်တယ်ဟ…
ယန်ပိုင်တက်ကြွသွားသည်။ အဆိုပါတိုက်ခိုက်ရေးနည်းစနစ်များက ယန်ချန်လေ့ကျင့်ချိန် ခိုး၍သင်ထားခြင်းဖြစ်ပြီး ခွန်အားတိုက်ပွဲ၌ အသုံးဝင်လာလေပြီ။
ခန္ဓာကိုယ်ကြီးအား တချက်ခုန်ကာ နေရာပြောင်းလိုက်သည်။ မူလက ပစ်မှတ်လွဲသွားသည့် ဝံပုလွေခေါင်းဆောင်မှာ ချက်ချင်းပြန်လှည့်လာပြီး ယန်ပိုင်ရဲ့ လည်မြိုအား ကိုက်ခဲရန်ကြိုးစားသည်။
“ကောင်လေး မင်းနုသေးတယ် ကြိုးစားဦး”
-ဒီကောင် ယန်ချန့်ဆီက စကားလုံးတွေကအစ သင်ထားတာနော် 😁
ကြီးမားသည့် ခြေထောက်တဖက်က မြေပြင်ကို ပေါက်ချလိုက်သည်။ မြေသားများ ဖွာခနဲ ဖြစ်သွားချိန်မှာပဲ ဝံပုလွေနှစ်ကောင်အနား တိုးကပ်သွားကာ ခေါင်းဆောင်ရဲ့ တိုက်ခိုက်မှုအား အချဥ်းနှီးဖြစ်သွားစေသည်။
မဟုတ်ဘူး…
ဖြူဖွေးသည့် လက်သီးကြီးနှစ်လုံး.. ။
ထိုအရာက ဝံပုလွေနှစ်ကောင်ရဲ့အမြင်၌ ကြောက်မက်ဖွယ်ရာ အရာကြီးတခုတိုးဝင်လာသည်နှင့်တူညီကာ ရှောင်တိမ်းရန်ပင် အခွင့်ရေးမရလိုက်ပေ။
ဝုန်း….
-ဟုတ်ပြီ မင်းနဲ့ နောက်တကောင်ပဲကျန်တယ်
“ကောင်လေးတို့ မြန်မြန်လာ ငါ့အချိန်တွေကို ဖြုန်းဖို့မစဥ်းစားလေနဲ့”
ယန်ပိုင်က အနည်းငယ်အမူအရာပျက်နေသည့် ဝံပုလွေခေါင်းဆောင်နဲ့ ကျန်ဝံပုလွေအား လက်တချောင်းဖြင့် အသာကွေးညွှတ်ကာ ခေါ်လိုက်သည်။
မြေပေါ်၌ ဝံပုလွေလေးကောင်က မှောက်နေပြီး လက်သီးချက် ခြေကန်ချက်နဲ့ ရိုက်ချက်များက ဝံပုလွေများကို ငြိမ်းချမ်းသွားစေလေပြီ။
“မင်း..မင်းကသာမန်ဝက်ဝံမဟုတ်ဘူး”
ဝံပုလွေခေါင်းဆောင်က အထိတ်တလန့်ဖြင့် အနောက်သို့တဖြေးဖြေးဆုတ်ခွာကာ ထွက်ပြေးရန် တွေးနေသည်။ ဟုတ်ပေသည် အနှီဝက်ဝံပေါက်က သန်မာလွန်းနေသည်။
“ငါက သာမန်ဝက်ဝံပါလို့ ပြောမိလို့လား”
ယန်ပိုင်က ထိုသို့တုန့်ပြန်ပြီးသည်နှင့် ချက်ချင်းပဲ အရိပ်တခုလှုပ်ရှားသွားသကဲ့သို့ ဝံပုလွေနှစ်ကောင်အား တိုက်ခိုက်တော့သည်။
မလုပ်ပါနဲ့ မလုပ်…
ဝုန်း..
သစ်ပင်အချို့ ကျိုးကြေသွားခြင်း။
မြေပြင်၌ စွတ်ကြောင်းနှစ်ခု ဖြစ်သွားခြင်း။
ယန်ပိုင်က ကျောကိုမတ်၍ သူ့ခန္ဓာကိုယ်အား ဖုန်မှုန့်များကပ်နေသည့်နှယ် လက်နှစ်ဖက်ဖြင့် ခါယမ်းနေသည်။
“ပေျာ်ရမယ်ထင်တာ ပျင်းစရာကြီး”
ခပ်ဝေးဝေးမှာတော့ ဝံပုလွေခေါင်းဆောင်က လဲလျောင်းနေပြီး မျက်လုံးများက အပြည့်ပင် မပွင့်ဟတော့။ ခန္ဓာကိုယ်ကလည်း တဆတ်ဆတ်တုန်ယင်နေသေးသည်။
“သြော်.. မသေသေးဘူးလား ကောင်းတယ် ငါသိချင်တာ မေးလို့ရပြီ”
ယန်ပိုင် အနားတိုးကပ်သွားသည်။ လဲလျောင်းနေရသည့် ဝံပုလွေခေါင်းဆောင်ခမျာ ယန်ပိုင်တိုးကပ်လာသည်ကိုမြင်လျင် ထိတ်လန့်သွားကာ မတ်တပ်ထရပ်ရန် ကြိုးစားသော်လည်း မထနိုင်ချေ။
“ငါ့ ငါ့ကိုမသတ်ပါနဲ့ မင်းဘာသိချင်လဲ ငါ ငါပြော ပြောပြပါ့မယ်”
ယန်ပိုင်က အနည်းငယ်တွေးကြည့်သည်။ သူဘာမေးရမလဲ။ သူကကော ဘာသိချင်တာလဲ။
-ဟုတ်ပြီ တောထဲသားရဲတွေ ဘာလို့ငြိမ်သက်နေတာလဲ ငါအဲ့အကြောင်းမေးရမယ်။
“မှန်မှန်ဖြေစမ်း မင်းတို့တောထဲက အလေနတောကောင်တွေ ဘာလုပ်ဖို့ကြိုးစားနေတာလဲ”
(ကောင်လေး မင်းကိုယ်တိုင်ကလည်း တောတွင်းသားရဲနော်)
ယန်ပိုင့်မေးခွန်းကိုကြားလျင် ဝံပုလွေခေါင်းဆောင်က သူ့အသက်အတွက် အာမခံနိုင်သည့် လမ်းစကိုမြင်လိုက်သောကြောင့် အားတက်သွားသည်။
“ဖြေ ဖြေပါ့မယ် တောထဲသားရဲတွေအကုန်လုံး ကျောက်ဂူကြီးတခုမှာ စုရုံးနေကြတာပါ”
ကျောက်ဂူကြီးတခု စုရုံးတယ်ဟုတ်လား။
“ဘာအတွက်စုရုံးနေတာလဲ ငါ့ကိုသတင်းချန်ထားမယ် မထင်နဲ့”
ယန်ပိုင်က ခြောက်လှန့်ဟန်ဖြင့် ကြီးမားသည့် လက်ကြီးအား မြှောက်လိုက်သည်။
“မူ မူလတောအုပ်က သားရဲဧကရာဇ်ဖြစ်တဲ့ ကျားသစ်ကြီးက စုခိုင်းတာပါ”
ဝံပုလွေခေါင်းဆောင်ခမျာ လက်ကြီးအားကြည့်၍ အသံများပင်တုန်နေချေပြီ။
“မူလတောအုပ် သားရဲဧကရာဇ်အဆင့် ကျားသစ်ကြီး”
ယန်ပိုင်အနည်းငယ် စဥ်းစားသွားသည်။ ဒီတိုင်းသာဆိုလျင် သူ့သခင်လေးခန့်မှန်းသည်က မှန်လောက်မည်ဟုလည်း တွေးလိုက်သည်။
“အဲ့ဒါဘယ်နေရာလဲ ငါ့ကိုလမ်းပြ မဟုတ်တာတခုခု လုပ်မယ်ကြံလို့ကတော့”
ကြီးမားသည့်လက်ကြီးအား ထပ်မြှောက်ပြန်သည်။
(ခြိမ်းခြောက်ရတာ အရမ်းအရသာရှိတယ်)
“မလုပ် မလုပ်ရဲပါဘူး သခင်ဝက်ဝံကြီး”
မကြာခင်မှာတော့ ယန်ပိုင်ရဲ့ဆုပ်ကိုင်မှုအောက်၌ ဝံပုလွေခေါင်းဆောင်ခမျာ ကျောက်ဂူကြီးရှိရာ နေရာအားလမ်းပြရတော့သည်။
-ငါကိုက ကံဆိုးလွန်းတာပါကွာ..
………………………………………………..